Monday, November 23, 2009

23 Nov ဒိုင်ယာရီ

http://ifile.it/lnhmfda

Nov23Diary_yeyintnge

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်)၏ ရွှေဂုံတိုင် ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် သ၀ဏ်လွှာ

UWinTin&UAyeTarAung Speech for Symposium

စုန်လိုက်ဒဿန၏ အန္တာရယ် …



The voice 6-2, November 16.22, 2009 မှာပါတဲ့ ဆရာမောင်စူးစမ်းရဲ့  ဆောင်းပါးတို လေးကိုဖတ်ရပါတယ်၊ ဆရာ့ကိုစိတ်ဝင်စားသူတယောက်လည်း ဖြစ်နေလို့ပါ၊ မ.ဆ.လ ခေတ်မှာ ဘောဂဗေဒ ဘာသာရပ်ကို စပြီးသင်ယူခဲ့စဉ်ကပင် ဆရာမောင်စူးစမ်း ဆိုတဲ့ အမည်နဲ့ ရင်းနှီးပြီး သားဖြစ်ခဲ့ပါတယ်၊ အစွန်းထွက်တန်ဘိုးတို့၊ ကုန်ထုတ်စွမ်းအား ကုန်ထုတ်ဆက် ဆံရေး ဆိုတဲ့ ဝေဟာရတွေကို ကြားလိုက်ရင်ပဲ မောင်စူးစမ်းဆိုတဲ့ အမည်နာမကို ပြေးပြီး မြင်မိပါတော့တယ်။ ဆရာသည် ဆိုရှယ်လစ်ဘောဂဗေဒဘာသာရပ်မှာတော့ ပါရဂူတဦးပါပဲ၊ ဒါကြောင့်လည်း မ.ဆ.လ ခေတ်တခေတ်လုံးဆရာရဲ့ စာတွေ ဆရာ့ ရဲ့ ဆိုရှယ်လစ်စီးပွါးရေး သဘောတရားတွေကို ကျောင်း သားတွေ လေ့လာမှတ်သားခဲ့ကြရပါတယ်။
ဆရာသည် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုလ်ကော်မတီတဦး ဖြစ်ခဲ့ဘူးတယ်လို့ လည်းသိခဲ့ရပါတယ်၊ ဗ.က.ပ ရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ သဘောထားကွဲလွဲလို့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ အမြင်မကြည်လင်လို့လား ဆိုတာတော့ မသိပါ။ ဗ.က.ပ က ထွက်ပြီး မ.ဆ.လ ကို ကူးပြောင်း လိုက်တာကိုတော့ သိပါတယ်၊ ဒါကြောင့် ဗ.က.ပ ၊ မ.ဆ.လ တို့နဲ့ ပါတ်သတ်ပြီး သဘောတရားရော လက်တွေ့ပါ ကျွမ်းကျင်နေပြီဖြစ်တဲ့ ဝါရင့် ဆရာ ကြီး ဖြစ်လို့လည်း လေးစားမိပါ တယ်။


ဒီဘက်ခေတ်ရောက်တော့လည်း ဆရာသည် နိုင်ငံရေးကို အစွဲအလမ်းကြီးတဲ့ နိုင်ငံရေး သမားကြီးတယောက်ဖြစ်နေသလား တော့ မပြောတက်ပါ၊ အင်အယ်ဒီမှာ လူကြီးတယောက် ဖြစ်နေ တာကိုလည်း တွေ့ရပြန်ပါတယ်၊ အခု ဆရာသည် အင်အယ်ဒီနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိမရှိဆို တာ မသိပါ၊ န.အ.ဖ စစ်အစိုးရလက်ထက်မှာ တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ဂျာနယ် တွေ ထဲမှာတော့ ဆရာ့စာတွေကို ဆက်လက်ပြီးတွေ့နေရပြန်ပါပြီ၊ ကမ္ဘာ့စီးပွါးရေး ပြောင်းလဲဖြစ်ပေါ်မှု့ တွေနဲ့ ပါတ်သက်ပြီး အတွေးအခေါ်ရှု့ဒေါင့်၊ ဘောဂဗေဒရှု့ဒေါင့်တို့မှ ဆရာ့ရေးသားတင်ပြချက် တွေကိုလည်း ယနေ့ အထိ ကျနော်တို့ တန်ဖိုးထား လေ့လာနေရတုံးပါ၊ ဆရာ့ကို ဆိုရှယ်လစ် စီးပွါးရေး ဘောဂဗေဒပညာရှင်ကြီးတဦး အနေနဲ့ လေးစားလျှက်ပါ၊ ဒါပေမယ့် ကျနော့်လို သာမန်စာ ဖတ်တတ်သူတဦးအနေနဲ့ ဆရာ့စာရေးပုံရေးနည်းတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့၊ မြန်မာမှု့ပြု ထားတဲ့ ဝေါဟာရတွေက ခက် လွန်း နက်လွန်းလို့ နားမလည်တာတွေများတဲ့ အတွက် ကိုယ့်ရဲ့ ညံ့ဖျင်းမှုကိုပဲ အပြစ်တင်မိနေပါ တော့ တယ်၊ ဆရာသည် မြန်မာစာရေးတဲ့ နေရာမှာ ဆရာတော် သျှင်ဥက္ကဌ ကဲ့သို့ပင် ပညာရှင်ပီပီသသ နက်ရှိုင်းစွာရေးနှိုင်တဲ့အတွက် လေးစားရပါသေးတယ်၊ နားမလည်တာကတော့ စာဖတ်သူတွေရဲ့ ညံ့ဖျင်းမှုပါပဲ။
ဆရာရဲ့ နိုင်ငံရေးသမားခံယူမှု့ မခံယူမှု့နဲ့ ပါတ်သတ်ပြီး ဆရာ့စာကိုလည်း ဖတ်မိဘူးပါတယ်၊ဒါက ဆရာ့အပိုင်းပါ၊ သို့သော် ဆရာ ရေးတဲ့ ဒီမိုကရေစီ သည် အထက်ကလာမည် ဆိုတာမျိုး၊ ရွေးကောက်ပွဲနှင့် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတွေ ကိုဖတ်ရပြန်တော့လည်း ဆရာ သည် နိုင်ငံ ရေးနယ်ထဲမှ နိမိတ်ပုံဆောင် ဆရာကြီးတဦးဖြစ်နေပါသေးလားလို့ နားလည်မိပြန်ပါ တယ်။ ဒီမိုကရေစီသည် အထက်ကပဲလာမည်လို့ ဆရာရေး တုံးက လည်း ကျနော်က ဒီမိုကရေစီ သည် ဒီမိုကရေစီရှိတဲ့ နေရာ ကပဲလာနှိုင်တယ်လို့ ပြန်ပြီးရေးခဲ့ဘူးပါတယ်။ အခုလည်း ရွေးကောက် ပွဲနှင့် မဟာဗျူဟာ မြောက်ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတမ်း ကို ဖတ်ရပြန်ပါပြီ၊ အဲဒီ့အထဲက နိုင်ငံရေးနှင့် ဒီပလိုမေစီ ”ခေါင်းတွဲနှင့်နောက်တွဲ” ဆိုတာတွေကို ကြိုက်ပါတယ်၊ ဘဝင်မကျတာ က ”မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီ၊ ပေါ် မည့် မြန်မာ့ နိုင်ငံရေး ပုံသဏ္ဍန်သည် (လမ်းညွန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍဖြစ် တည် လာ မည်” ဆိုသည့် ဆရာ့ဟောကိန်းဖြစ်ပါတယ်။
ဆရာမောင်စူးစမ်းက မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီလို့ဆိုလိုက် တော့ ကျနော်လည်း ဘယ်လိုနားလည် ရမှန်းမသိတော့ပါဘူး။ ကမ္ဘာကြီးမှာ မည်သည့် လူ့အဖွဲ့အစည်းမှာ မဆို အိုင်ဒီအိုလိုဂျီကဏ္ဍ ကုန်ဆုံးတယ်လို့ ရှိဘူးပါသလား၊ ဆရာပြောသလိုဆိုရင် ဗမာပြည်မှာတွေးခေါ်ပညာရှင်တွေ မပေါ် ပေါက်နှိုင်တော့ဘူးလား၊ မိမိကိုယ်စားပြုနေတဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းရေး အတွက် တွေးခေါ်မျှော်မြင်စဉ်း စားဖို့ မလိုအပ်တော့ဘူးလား၊ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ် ခွင့်နဲ့ လွတ်လပ်စွာ ဖေါ်ထုတ် ခွင့်ဆိုတာ မရှိရတော့ဘူးလား၊ ကမ္ဘာ့ဒဿန ပညာသမိုင်းမှာ ဆော့ခရစ်တီး၊ ပလေတို၊ အရစ္စတိုတယ်၊ ဟေဂယ် တို့မှအစ ဒါဝင်၊ ဖေါရီးယား၊ စိန့်ဆိုင် မွန်၊ ကား(လ်)မာ့က်(စ်)၊ နစ်ရှေးတို့အပါအဝင် ယ္ခုခေတ်အော်စကာ အီကာစိုတို့အထိ လွတ်လပ်စွာ ပေါ်ထွန်း လာခဲ့ကြတဲ့ အိုင်ဒီ လို ဂျစ်ကြီး တွေပင် မဟုတ်ပါလား၊ ဆရာ့အပြောအရဆိုရင် အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ အိုင်ဒီအိုလိုဂျီကဏ္ဍသည် န.အ.ဖ က စိတ်တိုင်းကျရွေးကောက်ပွဲမှ ဖြစ်ပေါ်လာ မည့် (တပ်မတော်နှင့် လွှတ်တော်)ကသာ ပေါ်ပေါက်လာရမည်၊ အခြားမည်သည့် နေရာကမှ ဖြစ်ထွန်းခွင့် မရှိလို့ဖြစ် နေပါရော့လား၊ ဆရာက ဦးနှောက် မဲ့ မြန်မာ့လူ့အဖွဲ့အစည်း အဖြစ်ပုံဖေါ်ချင် ဟန် ရှိနေ ပါပေါ့လား။


မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သမိုင်းကဏ္ဍလည်းကုန်ဆုံးပြီလို့ ဆရာကဆိုပြန်ပါတယ်၊ ဘယ်သမိုင်းကဏ္ဍကို ဆရာကဆို လို တာလဲ၊ ကွန်မြူနစ်သမိုင်း နိဂုံးချုပ်ချိန်ဆိုတာ နဲ့တော့ ရောပြီး မပြောသင့်ပါဘူး၊ လူ့သမိုင်းကဏ္ဍဆိုတာ လူတွေနဲ့မကိုက်ညီ တော့လို့ ချုပ်ဆုံးမှု့တွေရှိကြပေမယ့် လူတွေနဲ့ ကိုက် ညီမယ့် သမိုင်းကဏ္ဍသစ်တွေက ပေါ်လာရစမြဲပါ၊ အဟောင်းအဟောင်း တွေကို ပြုပြင်ရင်း အသစ်အသစ်တွေကို ဖန်တီးနေကြတဲ့ ဖြစ်စဉ်သည်ပင်လျှင် သမိုင်းမဟုတ်ပါလား။ မြန်မာနိုင်ငံမှာလည်း မြန်မာ့လူအဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် သမိုင်းကိုမြန်မာတွေ ဖန်တီးနေကြမှာပါ၊ စစ်တပ်ကဦးစီးထားတဲ့ လွှတ်တော်ကသာ မြန်မာ့သမိုင်းကို ဖန်တီးခွင့်ရှိတယ် လို့တော့ မြန်မာ့ သမိုင်းကို စစ်တပ်ထံ ”ဝ” ကွက်မအပ်သင့်ပါဘူး။
နောက်တချက်က မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍလည်း ကုန်ဆုံးသွားပြီလား၊ခေတ်ဟောင်းက အယူအဆအတိုင်း နိုင်သူက သမိုင်းဝင်၊ရှုံးသူက သမိုင်း ကျဉ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး၊ လူ့သမိုင်းမှာရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လူသားအကျိုး အတွက် အမှန်တရားဘက်မှ ရပ်တန့် ခဲ့သူတွေရဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမည် မဟုတ်ပါဘူး၊ တို့တောင်းတဲ့ ကာလလေး တခုကို ကြည့်ပြီး မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍသည် ကုန် ဆုံးသွားပြီ ဆိုတဲ့ ကောက်ချက် ကတော့ ရိုင်းလွန်း တယ်လို့ ထင်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီ ခေါင်းဆောင်ကြီးများရဲ့ ကဏ္ဍသည် အကြောင်းမမည် အရာမ ရောက် ဘဲ ရပ်တန်းက ရပ်သွားပြီ၊ စစ်တပ်က ဖန်တီးမယ့် လမ်းစဉ်အတိုင်းလိုက်ဖို့သာ ဖြစ်တော့သည်လို့ ဆရာက မှတ်ချက်ချ လိုက်တာပဲ၊ ခေါင်းဆောင် ဆိုတာ လည်း လူတွေပါပဲ၊ လူတွေ့သည် ကိုယ့်သမိုင်းကို ကိုယ်ရေး နေကြတာပါ၊ အတွေးအခေါ်၊ အယူ အဆ၊ လမ်းစဉ်တွေ နဲ့ အတူ သမိုင်းမှတ်ချက်တွေ အပေးခံ နေကြရတာပါ။ အခန်းကဏ္ဍသည် ပြီးဆုံးသွားသည်ဟု မရှိ ခဲ့ပါဘူး။
ဆရာမောင်စူးစမ်းသည်ပင်လျှင် ဗ.က.ပ ဗဟိုလ်ကော်မီတီအခန်းကဏ္ဍမှ မ.ဆ.လ ပါတီကို အလုပ်အကျွေးပြုခဲ့သူ ဖြစ်ခဲ့တယ်၊ ပြီးတော့ အင်အယ်ဒီ ဗဟိုလ်မှာ ဆရာ့ကိုတွေ့ရပြန်တယ်၊ ဟောအခု န.အ.ဖ ခေတ် စာရေးဆရာကြီး ဖြစ်နေပြန်ပါတယ်၊ ဆရာ့ကဏ္ဍတွေက အပြောင်းအလဲ တွေပဲမဟုတ် ပါလား ပြီးဆုံးသွားးခြင်း၊ ကုန်ဆုံးသွားခြင်းမျိုးတော့ ဆရာ မသေမခြင်း မဖြစ်တန်ရာပါ ဘူး၊ ထို့နည်းအတူပဲပေါ့ မဟာခေါင်းဆောင်ကြီးတွေရဲ့ ကဏ္ဍ သည် သူတို့လှုပ်ရှားနေသ၍ ပြီးဆုံး မသွားပါဘူး။
ပေါ်မည့်မြန်မာ့နိုင်ငံရေး ပုံသဏ္ဍာန်သည် (တပ်မတော်နှင့်လွှတ်တော်) တို့က အဆုံးအဖြတ် ပေးသော ကဏ္ဍဖြစ်တည်လာ မည်လို့ ဆရာကဟောကိန်း ထုတ်လိုက်တယ်၊ ဒါတွေကတော့ ဆရာပြောမှချည်းမဟုတ်ပါဘူး၊
အရပ်ထဲမှာလည်းပြောနေကြတာပါပဲ၊ ပြည်တွင်းရောပြည်ပမှာပါ အတိုက်အခံတွေရဲ့ လှုပ်ရှားမှု့တွေက န.အ.ဖ ကိုထိထိရောက် ရောက် မသက်ရောက်ခဲ့သေးဘူး ဆိုတာ လူတိုင်းသိနေကြတာပါပဲ၊ ၉၀ ခုနှစ်က တရားဝင်ရွေးကောက်ပွဲ (ကမ္ဘာကလည်း အသိ အမှတ်ပြု) မှာ တရားဝင်အနိုင်ရရှိခဲ့တဲ့ အင်အယ်ဒီပါတီကို အာဏာမလွှဲ၊ အသိမအမှတ်တောင် မပြုပဲ နှိပ်ကွတ်နေခဲ့တာ ဘယ် သူ က ဘာများတက်နှိုင်ကြလို့လဲ၊ ပြည်တွင်းကလည်း မတက်နှိုင် ပြည်ပကလည်း မကူညီနဲ့ ရေစုံမျောခဲ့ရတဲ့အခြေအနေကို အတိုက်အခံတွေဘက်က လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ န.အ.ဖ ကခင်းတဲ့လမ်းကို လျှောက်ဖို့မှ အပ အခြားမရှိဘူးဆိုတဲ့ အဖြေကို ဆိုက်နေပြီဆိုတာကတော့ လူတိုင်း တွေ့မြင်နေရတဲ့ အချက်ပါ၊ ဆရာကဟောကိန်းထုတ်မှ မဟုတ်ပါ ဘူး။ မြန်မာ့အခြေအနေသည် အင်ဒိုနီးရှားတို့လို ထိုင်းတို့လို စစ်အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့ တဖြည်းဖြည်းပြောင်း သွားအောင် ပင် မနည်းလုပ်ယူကြရအုံးမှာပါ။


မြန်မာ့အရေးနဲ့ အမြဲလိုလိုပတ်သက်နေသည့် အမေရိကန်ပင်လျှင် နှစ်ပေါင်းနှစ်ဆယ် လောက် ဆက်စပ်ခဲ့အပြီးမှာ စစ်အစိုးရ ကိုပဲ ပြန်လည်အာရုံကျ လာတယ်ဆိုတာ သိသာပါတယ်၊ စစ်အေးတိုက်ပွဲက ကမ္ဘာမှာပြီးသွားတယ်ဆိုပေမယ့် မြန်မာပြည်မှာက မပြီးသေးပါ၊ ဘယ်တော့မှ ပြီးမလဲဆိုတာလည်း မသိနှိုင်သေးပါ၊ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ သူနဲ့ အကျိုးတူ ရပ်တည်မယ့် အစိုးရမျိုးဖြစ်စေချင်မှာပဲ ဆိုတာလည်း ထည့်တွက်ကြရမှာပါ၊ အကျိုးဆက်တွေ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း လျှောလျှောလျူလျူ ဖြစ်သွား နှိုင်ပါတယ်၊ ဆရာပြောတဲ့ စစ်အစိုးရဦးစီး တဲ့ လွှတ်တော်သည်လည်း ရုပ်ပြောင်းပွိုင့်တခုဖြစ်မယ် ဆိုတာ သေချာသလောက်ရှိနေပါတယ်။
သို့သော် ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာအောင် တွေးခေါ်မှု့သဘောတရားတွေက ဦးဆောင်နေခဲ့ပါတယ်၊ အဲဒီအတွေး အခေါ်တွေသည် အမြဲ ထာ ဝရ တရားသေကျ မနေနှိုင်ပါဘူး၊ အတွေးအခေါ်အသစ်တွေ ရှိနေကြပြီ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက် လာကြဦးမည်ဆိုတာ ဓမ္မတာပါ၊ ဆရာပြောသလို အိုင်ဒီအိုလိုဂျီသည် ဘယ်တော့မှမပြီးဆုံးပါ။ မျိုးဆက်သစ်တို့ရဲ့ အိုင်ဒီအိုလိုဂျီ လမ်းသစ် တွေကို ဖေါက်ကြဖို့ တိုက်တွန်းသင့်ပါတယ်၊ လမ်းညွှန်သင့်ပါတယ်၊ ဖြစ်တည်မှု့ရေစီး ကြောင်း အတိုင်း စုန်လိုက်ခိုင်း ပြီး ရေမနစ်အောင် ရေကူးနေကြဖို့ ပြောနိုင်တာလောက်တော့ လူတိုင်းပေါ့လို့ ပြောကြားရင်း။…။
ကျေးဇူးတင်ပါတယ် ဆရာမောင်စူးစမ်းခင်ဗျား။…။
ဦးဖိုးသာအောင်--၂၃၊ ၁၁၊ ၀၉။

http://www.hittai.org/main.htm


တိုင်းရင်းသားပြည်သူများ အလိုလားအပ်ဆုံးဖြစ်ပြီး နအဖစစ်အုပ်စု ဆောင်ရွက်ရန် အခက်အခဲဆုံး ဖြစ်နေသော အမျိုးသား ပြန်လည်သင့်မြတ်ရေး




စနေနေ့၊ 21 နိုဝင်ဘာလ 2009
သျှမ်းသံတော်ဆင့်

.“မိမိတို့ အာဏာလိုချင်မက်မော၍ မဟုတ် မလွဲသာမရှောင်သာ၍ အာဏာသိမ်းခဲ့ရပါသည် မကြာခင် စစ်တန်းလျားသို့ ပြန်ပါမည် ” ဆိုသော သမိုင်းဝင်စကားကို ၁၉၈၈ ခုနှစ်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကော်စီ) ဥက္ကဌစစ်အာဏာ သိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ကမ္ဘာသိ ပြောကြားခဲ့သည်။

ထိုအခြင်းအရာသည် န၀တ စစ်ဗိုလ်ချုပ်ကြီးများ အုပ်စိုးလာသော နှစ် ၂၀ ကျော် ကာလတစ်လျှောက် ၎င်း တို့ ကိုယ်တိုင် ပြောခဲ့သော ကတိစကားပေါင်းများစွာကို အကြိမ်ကြိမ်ချိုးဖေါက်ပြခဲ့သည့်အထဲမှ ထင်ရှားသောသာရက တစ်ခုမျှသာ ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အနိုင်ရပါတီအား အာဏာ လွဲ မပေးခဲ့သည့်အပြင် ဒီမိုကရေစီအရေးကြိုးပမ်းသူများအား လူမဆန်စွာ နှိပ်ကွပ်လာခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းမှ ကျောခိုင်းလာခဲ့သည့် ခြေလှမ်းအစအဖြစ် တွေ့မြင်နိုင်မည်ဖြစ်သည်။

၎င်းအပြင် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်နေပြီး ကရင် ကရင်နီ သျှမ်းစသည့် တိုင်းရင်းသား နယ်မြေများ အတွင်းရှိ လူမျိုးစု လက်နက်ကိုင် သူပုန်များအား နအဖစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိရာအပြစ်မဲ့ ပြည်သူများ၏ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှု များ တိုင်းရင်းသူများအား မုဒိန်းကျင့်မှုများ အပါ အ၀င် အခြားသော စစ်ရာဇ၀တ်မှု များစွာကို ကျူးလွန်လျှက်ရှိသဖြင့် တိုင်းရင်းသားအရပ်သား စစ်ဘေးဒုက္ခ သည် သိန်းနှင့်ချီ၍ အိုးအိမ်မဲ့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များက န၀တ နအဖ စစ်အုပ်စု အဆက်ဆက်မှ အာဏာတည်မြဲရေး ကြိုး ပမ်းရာတွင် တိုင်းရင်းသားများနှင့် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးရန် မလိုလားကြောင်းပြသသည့် လက္ခဏာ ရပ် ဖြစ်သည်။

အခြား တဘက်တွင်လည်း ရဟန်းသံဃာတော်များ လူနည်းစုတိုင်းရင်းသားခေါင်းဆောင်များ ဒီမိုကရေစီအခွင့် အရေး ရုန်းကန်ကြိုးပမ်းနေသူများ အမျိုးသမီးများစွာတို့သည် အကျဉ်းထောင်များ အတွင်း၌ နှစ်ရှည်ထောင် သွင်းအကျဉ်းချ ခြင်းကို ခံနေကြရသည်။

နောက်ဆုံးရရှိသည့် စာရင်းများအရပင် အောက်တိုဘာလအတွင်း၌ နိုင်ငံရေးလှုပ်ရှားသူ ၈၁ ဦးထက်မနည်းကိုဖမ်းဆီး ထားပြီး အကျဉ်းထောင်များတွင်လည်း နိုင်ငံရေးအကျဉ်းသားဦးရည် ၂၁၀၀ ကျော်ကို ထောင်သွင်းအကျဉ်းချထားဆဲ ဖြစ်ကြောင်း အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က စာရင်းထုတ်ပြန် ထားသည်။

နအဖစစ်အုပ်စုအား လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲဖြစ်သော ALP , CNF , KNPP, KNU ,SSA ပါဝင်သည့် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် စစ်ရေးမဟာမိတ်အဖွဲ့က တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်နေမှု ကိုတုန့်ပြန် သည့်အနေဖြင့် ကြေငြာချက်ထုတ်ပြန်ရာတွင် လူမျိုးစုများအပေါ် အကြမ်းဖက်တိုက်ခိုက်စစ်ဆင် မှုများအားအမြန်ဆုံး ရပ်ပေးရန် ၊ တပြည်လုံးအပစ်အခတ်ရပ်ဆဲရေး ကြေငြာပေးရန်၊ အနှစ်သာရ ရှိသည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီး နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ ကို တောင်းဆိုခဲ့ကြသည်။

တိုင်းရင်းသားပြည်သူများက နိုင်ငံရေးပြသနာများ အားတွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ယုံကြည်ထားကြသည့်အလျှောက် နအဖစစ်အုပ်စုအား အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် တစိုက်မတ်မတ်တောင်းဆိုနေဆဲလည်း ဖြစ်သည်။

၁၉၉၈ ခုနှစ်က အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးအဖြေရှာလိုကြောင်း ပန်ကြားစာတစ်စောင်ကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ကရက် စသည့် တိုင်းရင်းသားပါတီ ၄ ခုက နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံတိုက်ရိုက် လိပ်မူ ၍ပေးပို့ခဲ့ကြသည်။

ပန်ကြားစာ အနှစ်ချုပ်ကတော့ -“တပ်မတော်သည် နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် နိုင်ငံရေးပါတီ များ ဖွဲ့စည်းခွင့်ပေးခြင်း တရားမျှတပြီးလွပ်လပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေး ခြင်း တို့သည် ဒီမိုကရေစီအရေးရှေးရှူသော ကောင်းမြတ်သည့် ဆောင်ရွက်မှုဖြစ်ကြောင်း သို့သော်ရွေးကောက် ပွဲရလဒ် အား အကောင်အထည်မဖေါ်ပေးခြင်းသည် မြန်မာ့သမိုင်းတွင် အမဲစက်ဖြစ်နေပါကြောင်း”

“လက်ရှိဖြစ်ပေါ်နေသော အကြပ်အတည်းများဖြစ်သည့် နိုင်ငံရေး စီးပွားရေး လူမှုရေးနှင့် တိုင်းရင်းသားလူမျိုး များ အရေးများမှ လွပ်မြောက်ရေးအတွက် ဖြေရှင်းနိုင်သော နည်းလမ်းမှာ တပ်မတော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအမျိုး သားပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံရေးအရအဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင် မည် ဟု အလေးအနက် ယုံကြည်ကြောင်း” ရေးသားတင်ပြထားသည်။

သို့သော်လည်း နအဖစစ်အုပ်စုက အဆင့် ၇ ဆင့်ပါဝင်သည့် နိုင်ငံရေးလမ်းပြမြေပုံကိုသာ နိုင်ငံတော်ရှေ့ဆက် သွားရမည့် လမ်းစဉ်အဖြစ် ဆုပ်ကိုင်ထားကာ ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်သူမှန်သမျှအား လူမ ဆန်စွာနှိပ်ကွပ်ပြခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်ကို မထေမဲ့မြင် ပြုလုပ်လျှက်ရှိသည်။

ယနေ့ဆိုလျှင် နအဖစစ်အုပ်စုက တကမ္ဘာလုံး၏ လိုလားတောင်းဆိုမှုများကို မျက်ကွယ်ပြုကာ ၎င်းတို့စိတ်ကြိုက် အာဏာယူနိုင်မည့် ၂၀၀ဂ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်စေမည့် ဒီမိုကရေစီအမည်ခံ စစ်အုပ်ချုပ်ရေး စနစ်အား အသက်သွင်းလုဆဲဆဲ ကာလသို့ ချဉ်းကပ်ရောက်ရှိလာလေပြီ။

မြန်မာနိုင်ငံရေးပြဿနာများအား နအဖတဘက်သတ်ရေးစွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက မဖြေရှင်းနိုင် ကြောင်း လက်ရှိအခြေအနေများက ပြသနေသောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေး ကြရန်တောင်းဆိုသံ များ က တစထက်တစ ကျယ်လောင်လာသည်။

အထက်ပါ အခြေအနေများသည် မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်မှ အတိတ်နှင့် မျက်မှောက်ကာလတို့ကို ထင်ဟပ် လျှက်ရှိကာ ယခုရောက်ရှိနေသည့် လိပ်ခဲတည်းလည်းအခြေအနေတွင် အနာဂါတ်ကိုပုံဖေါ်ရန်လည်း အကြပ် အတည်းများနှင့်ရင်ဆိုင် နေရဆဲဖြစ်သည်။

နအဖစစ်အုပ်စုဘက်တွင်လည်း တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအား မထေမဲ့မြင်ပြု သူများ လူ့အခွင့်အရေးချိုးဖေါက်သော စစ်ရာဇ၀တ်ကောင်များအဖြစ် စွပ်စွဲခံနေရသည့် သမိုင်းအမဲ စက်ကြီး စွန်းထင်းပေကျံ လျှက်ရှိကာ ၄င်းတို့၏ လူမဆန်စွာ နှိပ်ကွပ်မှုများအောက်တွင် တိုင်းရင်းသားပြည်သူ အများစု မှာလည်း လူမှု့ဆင်းရဲ ဒုက္ခမျိုးစုံကို ခါးစီးခံနေကြရသည်။

လတ်တလော ထူးခြားမှုတစ်ခုအပေါ်အချို့သော လေ့လာသူများက မျှော်လင့်ချက်တစ်ခုအဖြစ် ပြောဆိုနေ ကြသည်။

နအဖစစ်အုပ်စုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရေး ရှေ့တန်းတင်သော အမေရိကန်ပြည်ထောင်စု၏ သဘောထားကို တစ်လျှောက်လုံး ဆန့်ကျင်လာခဲ့သော်လည်း မစ္စတာအိုဘားမား အမေရိကန်သမ္မတဖြစ်လာ ပြီး နောက်ပိုင်း ပြောင်းလဲလာသော ပေါ်လစီအသစ်ကြောင့် နှစ်ပေါင်းများစွာ အဆက်အသွယ် ဖြတ်ထားသည့် အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံ အဆက်အသွယ်ပြန်လုပ်လာခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်းကပင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော အမေရိကန်အဆင့်မြင့်သံသမန်အဖွဲ့ မြန်မာ နိုင်ငံ သို့လာရောက်ခဲ့ရာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားကိုယ်စား လှယ်များ စစ်ကောင်စီဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နှင့် တွေ့ဆုံသွားခဲ့သည်။

ယခုလိုတွေ့ဆုံမှုချိန်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ပြောဆိုသံများလည်း ရေပန်းစားလာပြန်ပြီဟု ဆို
ရမလိုဖြစ်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုမှ မြန်မာ့နိုင်ငံရေးဇတ်ခုံတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပတ်သက်လာသောအခါ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက်အဖြစ် ပြောဆိုလာခြင်းဖြစ်သော်လည်း ဆန့်ကျင်ဘက် အရ နောက်ထပ် မေးခွန်းတစ်ခုမေးရန်လည်း လိုအပ်မည်ဖြစ်သည်။

နအဖစစ်အုပ်စုက ၎င်းတို့ ဆုပ်ကိုင်ထားသည့် စစ်ဗိုလ်တမတ်သားပါဝင်သည့် စိတ်ကြိုက်ရေးဆွဲထားသော၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအတိုင်း လာမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမည်ဟု ကမ္ဘာသိကြေငြာထား သည့်အပြင် နအဖ ၀န်ကြီးများနှင့် ၎င်းတို့နှင့်နီးစပ်သူများက ရွေးကောက်ပွဲအတွက် ခြေပုန်းခုတ်ပြင်ဆင်မှုများ ပင်လုပ်ဆောင်နေ ကြောင်း စောင့်ကြည့်လေ့လာ သူများက ပြောနေကြသဖြင့် တိုင်းရင်းသားပြည်သူများ လိုလား နေသောအမျိုးသား ပြန်လည်သင့်မြတ်ရေးသည် မျှော်လင့်စရာများရှိအုံးမလား ဆိုသောမေးခွန်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးမူကို ဆုပ်ကိုင်ထားသော ရခိုင်ဒီမိုကရေစီအဖွဲ့မှ ဦးအေးသာအောင်က အမေရိကန်အဆင့် မြင့် သံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု့ အပေါ် သူ့အမြင်ကို ခေတ်ပြိုင်သတင်းဌာနသို့ပြောကြားရာတွင်

“ဖွဲ့စည်းပုံကိုသာ မပြင်ဘူးဆိုရင် ရွေးကောက်ပွဲကိုမ၀င်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲကိုဆုပ်ကိုင်ပြီး တော့ပဲတိုင်းရင်းသား ပါတီတွေအနေ နဲ့ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးတွေအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် ဆက်လက် တိုက်ပွဲဝင်ကြဖို့သဘောထား ရှိပါတယ် ” ပြောဆိုသွားသည်။

နအဖစစ်အုပ်စုက အတိုက်အခံဒီမိုကရေစီ အင်အားစုများနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ အကြပ် အတည်းမှ ယာယီလွတ်မြောက်ရာ ထွက်ပေါက်အဖြစ် ပြုလုပ်ခဲ့သော ဟန်ပြ တွေ့ဆုံပွဲသာဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ပြုလုပ်ခဲ့သည့် ယုံကြည်မှုတည်ဆောက်ရေးကာလ မှာလည်း ဒီပဲရင်းအကြမ်းဖက်လုပ်ကြံ တိုက်ခိုက်မှု့ကြောင့် ပျက်စီးသွားခဲ့ကာ ရွှေဝါရောင်တော်လှန်ရေးအပြီး စစ် ကောင်စီ၏ ဆက်ဆံရေးကိုယ်စားလှယ် ဦးအောင်ကြည်နှင့် ဆွေးနွေးပွဲများမှာလည်း အရာမထင်ပဲရှိ နေခဲ့သည်။

ခေါင်းမာနေသောစစ်အုပ်စု အတွက် တိုင်းရင်းသားလက်နက်ကိုင် ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ထောင်သွင်းအကျဉ်းချနေခြင်းများ နည်းပေါင်းစုံဖြင့် လူ့အခွင့်အရေး ချိုးဖေါက်မှု များ ဆက်တိုက်ကျူးလွန်လေလေ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခက်ခဲလေလေ ဖြစ်နေအုံး မည်မှာ သေချာသည်။

ထိုအခါ ယခု တွေ့ဆုံဆွေးနွေးမှုများမှာ ၂၀၁၀ ရွေးကောက်ပွဲအား အမေရိကန်အသိအမှတ်ပြုခံရရေးအတွက်ဟန်ပြမျှ သာပြုလုပ်နေခြင်းဟု ထင်မြင်ကြမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ မျှော်လင့်ချက်မှာ သဲထဲရေသွန်ဖြစ် သွားပေမည်။

တိုင်းရင်းသားအားလုံးနှင့် ဒီမိုကရေစီအင်အားစုများက ခိုင်မာစုစည်းသော ဘုံရပ်တည်ချက် တစ်ခုပေါ်တွင်ကျော ခြင်းကပ်ရပ်တည်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်သည်။

http://www.mongloi.org/burmese/2008-08-03-15-59-20/98-2008-08-03-15-56-21/588-2009-11-21-06-00-56.html


ပြည်တင်းလျှင် မင်းမခံနိုင် မကြောက်တရားဖြင့် ၂၀၀၈ ကို ဖျက်သိမ်းပစ်ကြမယ်




တနင်္လာနေ့၊ 23 နိုဝင်ဘာလ 2009
မင်းဆွေ(ပေါက်) .


နိုင်ငံရေးဆိုတာဟာ အလွန်ကျယ်ပြန့် နက်ရှိုင်းလွန်းလှပါတယ်။ အရိုးရှင်းဆုံးပြောနိုင်တာကတော့ မိမိမွေးဖွားကြီးပြင်း နေထိုင်ရတဲ့ တိုင်းပြည်နိုင်ငံ တခုရဲ့ အရေးကိစ္စအားလုံးပါပဲ။ နိုင်ငံတည်ဆောက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက် ရင်ဘောင် တန်းနိုင်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ တည်တံ့ခိုင်မြဲရေး အစရှိသဖြင့် တိုင်းပြည်နိုင်ငံတခုရဲ့ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူမှုအရေးအရာကိစ္စ အားလုံးပါပဲ။ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အစရှိတဲ့ လူနဲ့လူ့ပတ်ဝန်းကျင် ဆက်ဆံရေး၊ ကုန်လုပ်ဆက်ဆံရေး စတာတွေအားလုံးဟာ တိုင်းပြည် နိုင်ငံတခုရဲ့ နိုင်ငံရေးတွေပါပဲ။ အင်မတန်မှကို ကျယ်ပြန့်လွန်း အားကြီးလှပါတယ်။ ဒါကြောင့်ပဲကျနော်တို့ အားလုံးဟာ ဘ၀အရကို နိုင်ငံရေး သတ္တ၀ါတွေ ဖြစ်မှန်းမသိ ဖြစ်နေတာပါ။

ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးဆိုတာ နေ့တဓူဝ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လူမှုရေးရာ ကိစ္စအ၀၀ ဖြစ်တယ်လို့ မိန့်ဆိုခဲ့ဘူးတာကို သတိရ မိပါတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်လို့ အဆိုစကားလည်း ရှိပါတယ်။ ဘယ်ကလောက် နက်ရှိုင်း ရှုပ်ထွေး ကျယ်ပြောလဲ ဆိုတာကို ခိုင်းနှိုင်းတင်စားပြောဆိုကြတာပါ။ ဘယ် လောက် ပဲ နက်ရှိုင်း ရှုပ်ထွေး ကျယ်ပြောပါစေ၊ ကိုယ့်နိုင်ငံ ကိုယ့်အရေးဆိုတော့ လူတိုင်း အားလုံးမှာခေတ်ကြီးက ပေးလာတဲ့ သမိုင်းတာဝန်ကို လုပ်ဆောင်ကြဖို့ဟာ ဖွားဘက်တော်အနေနဲ့ ပါလာပြီးသားပါ။

အမှန်တရားအတွက၊် တရားမျှတမှုအတွက်၊ ကိုယ်ကျင့်သိက္ခာပိုင်းအတွက် လူတိုင်းအားလုံးမှာ တာဝန်ရှိကြပါတယ်။ မမှန်တာ မတရားတာတွေ အတွက် ရင်ဆိုင်အံတုရဲတာဟာ မွေးရာပါ တာဝန်ဝတ္တရားတခုကို လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ သတ္တိကို ပျိုးထောင်မွေးမြူခြင်းလည်းပဲ မည်ပါ တယ်။ ဒီကနေမှ အလေ့အကျင့်အဖြစ် ရောက်ရှိသွားပြီး သတ္တိစိတ် ဖြစ်ပေါ်လာတာပါ။ ထပ်ခါထပ်ခါ အပြန်ပြန် လေ့ကျင့်တည်ဆောက်ခြင်းကနေ သတ္တိစိတ်ကိုမွေးမြူကြ ရမှာပါ။ အဲဒီကမှ ဆက်ကာဆက်ကာ အဆင့်ဆင့်ကနေ မကြောက်တရား ဖြစ်ပေါ်လာမှာပါ။

အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မကြောက်တရားရှိခြင်း ဖြစ်ပေါ်လာခြင်းဟာ မိမိတို့ရောက်ချင်တဲ့၊ သွားချင်တဲ့ပန်းတိုင်ကို ဆွဲခေါ် တွန်းတင်ပေးသွားမဲ့ စွမ်းအင်တမျိုး ရရှိလာတာပါပဲ။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှကိုဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မိမိကိုယ်တိုင်ကကို မကြောက်တရားကို လေ့ကျင့်ပျိုးထောင်တည်ဆောက် သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒ၊ အာသီသရှိဖို့က အဓိက အခရာကျပါတယ်။ ကိုယ့်ဟာကို လုပ်ယူရမှာသာ ဖြစ်ပါတယ်။ ကိုယ့်ဟာကို သံဓိဌာန်ချ ပိုင်းဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။ အကြိမ်ကြိမ်လေ့ကျင့်တည်ဆောက်ယူခြင်းကသာ အကြောက် တရားစိတ်ကို အောင်မြင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ခိုင်ခံ့တည်ကြည်မှုကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ အစဉ်အမြဲ ဓါးလို သွေးနေဖို့ ဖြစ်ပါတယ်။ ဒါမှသာ လိုအပ်လာရင် အဆင်သင့် ထက်ရှချွန်မြနေမှာ ဖြစ်ပါတယ်။

ဘာလို့ဒါကို ဆွေးနွေးတင်ပြနေရတာလဲဆိုရင်တော့ ကျနော်အပါအ၀င် အားလုံးသော သက်ရှိသတ္တ၀ါမှန်သမျှဟာ မွေးလာကတည်းက အကြောက် တရားဆိုတဲ့စိတ်ကို သဘာဝတရားကြီးက လက်ဆောင်အဖြစ် ထည့်ပေးလိုက်လို့ပါ။ ကြောက်စရာရှိရင် ကြောက်ဖို့ကို မိခင်သဘာဝတရားကြီးက သင်ပေးလိုက်တာပါ။ ဒါပေမဲ့ အဲဒီလက်ဆောင်ကို တလွဲဆံပင်ကောင်း အသုံးချဖို့ ထည့်ပေးလိုက်တာ မဟုတ်ပါဘူး။ လူတဦးကဖြစ်ဖြစ်၊ လူအုပ်စု တစုကဖြစ်ဖြစ် လူအများစုကြီးကို မတော်မတရား အနိုင်ကျင့်ဗိုလ်ကျ ရမ်းကားနေတယ်ဆိုရင်တော့ ဘယ်သူကမှ လက်ခံလိမ့်မယ် မဟုတ်ပါဘူး။ မိမိမှာ ခွန်အားစွမ်းအားရှိသမျှနဲ့ ဒီိလို မတော်မတရားလုပ်နေတာကို ပြန်လည်ကာကွယ် တွန်းလှန်ဖို့ လိုပါလိမ့်မယ်။ ခေါင်းငုံ့မခံဖို့ လိုပါလိမ့်မယ်။ ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓါတ်မျိုး၊ သတ္တိမျိုးကိုလည်း မွေးမြူရပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို “ ကိုယ့်ကို မထိသေးလို့ရှိရင် ဘာသိဘာသာနေမယ်၊ ကိုယ် ၀ိုင်းပြီးကူညီလိုက်လို့ ကိုယ့်ဘက် လှည့်လာမယ်ဆိုတဲ့ စိတ်ထားမျိုးမထားပါနဲ့။ လူများရဲ့ အခွင့်အရေးတွေကိုကိုယ်က ကြည့်နေရင် တနေ့ကျရင် ကိုယ်ဘက် လှည့်လာမှာပဲ။ ကိုယ့် အလှည့်ကျရင် ကိုယ့်လိုပဲ ဘယ်သူမှဝိုင်းပြီး ကူပေးမှာ မဟုတ်ပါဘူး။ ကူမဲ့သူ ရှိမှာမဟုတ်ပါဘူး ”

“ သတ္တိရှိရှိနဲ့ လုပ်သင့်တာကို လုပ်ကြပါ။ ကြောက်နေမယ်ဆိုရင် တသက်လုံး ကြောက်နေကြရမှာပါ။အကြောက်တရား အောက်မှာ မပိနေပါစေနဲ့။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက် ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ် ” ဆိုတာမျိုးပေါ့။ အခြေအနေအရကြောက်ပေး နေရသေးတယ်ဆိုရင်လည်းပဲ ကျနော်တို့တွေဟာ မျက်စိပိတ်ပြီးမကြောက်ဘဲ မျက်စိဖွင့်ပြီး ကြောက်ကြဖို့ ဖြစ်ပါတယ်။ သဘာဝတရားက ပေးလာတဲ့ အကြောက်တရားကို မှန်ကန်စွာ ကိုင်တွယ်အသုံးချတတ်/နိုင်ဖို့ ဖြစ်ပါတယ်။

မိမိတို့ အယောက်စီတိုင်းမှာ မူပိုင်ပါဝါ စွမ်းအားတွေရှိကြပါတယ်။ ပါဝါရှိပုံချင်းသာ ကွဲပြားကြတာပါ။ ဥပမာပေးပြောရရင် လူတယောက်ဟာ အမျိုး သားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပန်းချီဆွဲတတ်တယ် ဆိုကြပါစို့။ ဒါဆိုရင် အဲဒီပန်းချီဆွဲတတ် တာကိုက သူ့ရဲ့ပါဝါစွမ်းအားပါပဲ။ ဘာဖြစ်ဆို ကိုယ်မှ ပန်းချီမဆွဲတတ်ပဲကိုး။ ဒီလိုပဲ တခြားသူတွေက ကိုယ်မတတ်တာကို လုပ်တတ်တယ်၊ ကိုယ်က သူတို့မလုပ်တတ်တာ မလုပ်နိုင်တာကို လုပ်တတ် တယ်။ ပါဝါစွမ်းအားချင်းသာမတူညီကြ တာပါ။ လူတဦးချင်းစီတိုင်းမှာ ကိုယ်ပိုင်စွမ်းအင်တွေ ရှိပါတယ်။ အဲဒီဟာကိုလည်း ဘယ်သူကမှ အတင်း အကျပ် ယူဆောင်သွားလို့ မရပါဘူး။ ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ မိမိဆီမှာသာ မူပိုင်အဖြစ် ကျန်ရှိနေတာပါ။

အဲဒီ ကိုယ်ပိုင်စွမ်းအားတွေကို အပြန်အလှန် သင်ယူလေ့လာသွားကြရင် ကျနော်တို့ တဦးချင်းစီတိုင်းမှာ ပါဝါတွေ တိုးများလာမှာပေါ့။ အပြန်အလှန် လည်း သင်ယူလေ့လာ ဖလှယ်သင့်ပါတယ်။ ဒါဆိုရင် ကျနော်အပေါ်မှာ ပြောခဲ့သလို တရားလက်လွတ် ထင်ရာစိုင်း ရုပ်ဝတ္ထုအင်အားအရ အနိုင်ကျင့် ရမ်းကား ဗိုလ်ကျနေတဲ့သူတွေကို ပြန်လည်ရင်ဆိုင် အံတုနိုင်တဲ့ ကိုယ်ပိုင်စွမ်းအားတွေ မိမိတို့ဆီမှာ အရင်ကထက် ပိုရှိနေမှာသေချာတာပေါ့။ နှလုံးရည်နဲ့မိမိဦးနှောက် ကိုသုံးပြီး လိမ်မာပါးနပ်စွာ ခေါင်းငုံ့မခံခြင်းဟာ နိုင်ငံရေးအံတုဖီဆန်လိုက်တာပါပဲ။ အဲဒါ မကြောက်တရားပါပဲ။

အမှန်တရား၊ တရားမျှတမှု၊ တန်းတူညီမျှမှု အစရှိတဲ့ လူသားအားလုံးရဲ့ အရေးအရာကိစ္စတွေကိုမျက်ကွယ်ပြု လစ်လျူရူပြီး မိမိတို့ လက်တဆုပ်စာ တအုပ်စုအတွက် ရုပ်ဝတ္ထုအင်အား အရင်းအမြစ်တွေကို တရားလက်လွတ် အသုံးပြုပြီး စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းလုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ အားလုံးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ စကြာဝဋာ ကမ္ဘာလောကကြီးရဲ့ ငြိမ်းအေးချမ်းမြေ့မှု၊ နက်ရှိုင်းတည်ငြိမ်မှု၊ တောတောင်ရေမြေ ဖြစ်တည်နေမှု၊ မြစ်ချောင်း အင်းအိုင် စိမ့်စမ်းတွေရဲ့ အေးမြသာယာစွာနဲ့ ဆွတ်ပျံ့ဖွယ်ရာ စီးဆင်းနေမှုတွေ အစရှိတဲ့ သဘာဝ အလှတရားတွေဟာ ပျက်စီးဆိတ် သုဉ်း ပျောက်ကွယ်သွားမှာဖြစ်လို့ လောကနီတိ သဘာဝတရားအရကို မိမိတို့ တတ်နိုင်သလောက် ဖြစ်နိုင်တဲ့အနေအထားကနေ တားဆီးကာကွယ် သွားရမှာပါ။

သက်ဆိုင်ရာ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေကလည်း သဘာဝတရားကြီးကို ကာကွယ်စောင့်ရှောက်ကြဖို့ ဆုံးမသင်ကြားပေးခဲ့ပါတယ်။ တရားတော်တွေကို ပြဌာန်းပေးထားခဲ့တဲ့ တရားရှင်သူတော်စင်တွေရဲ့ဆုံးမသြ၀ါဒတွေနဲ့ လည်း အင်မတန်မှ ကိုက်ညီဆီလျော်လှပါတယ်။ အဲဒါ ကြောင့်မို့ ကျနော်တို့ လူမျိုးစုံပြည်သူတရပ်လုံးကကြောက်ရွံ့ မှုကို ကင်းဝေးလျော့ပါးစေတဲ့ ဓမ္မတရားတော်နဲ့အညီ အဓမ္မ၀ါဒီ လူဆိုးလူညစ် လူမိုက် တွေကို မကြောက်ခြင်းတရား ဓမ္မခွန်အားစွမ်းပကားနဲ့ မောင်းထုတ်သုတ်သင်ပစ်ကြဖို့ဟာ မွန်မြတ်သန့်စင်တဲ့ အထူးတာဝန်တရပ်အဖြစ် ရောက်ရှိ လာပါတယ်။

ကျနော်တို့တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း မကြောက်တရားနဲ့ ပတ်သက်လို့ ပြောဘူးပါတယ်။ အဲဒါကတော့ “ မမှန်တာလုပ်ဖို့ကို ကြောက်ရမယ်၊ မတရားတာလုပ်ဖို့ကို ကြောက်ရမယ်” ဒီ(၂ခုက လွဲရင် လောကမှာ ကြောက်စရာ ဘာမှမရှိဘူး ”လို့ သွန်သင် မှာကြားဘူးပါတယ်။ ပြောချင်တာက့ မှန်တဲ့ကိစ္စ၊ တရားတဲ့ကိစ္စ မှန်သမျှအားလုံးကို ကြောက်စရာကို မလိုဘူး၊ ရဲရဲသာလုပ်ကြ လို့ဆိုတာပဲ မဟုတ် ဘူးလား။

ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်ရင် မကြောက်တရားဟာ ပရဟိတလုပ်ငန်းဖြစ်ပြီး ကြောက်ရွံ့ခြင်းကတော့အတ္တဟိတ လုပ်ငန်းလို့ ပြောနိုင်မယ်ထင်ပါ တယ်။ ပရဟိတလုပ်ငန်းဟာ မိမိအတွက်မဟုတ်ဘဲ အများသောလူအစုအဝေးကြီး အတွက် အကျိုးတရား ဖြစ်ထွန်းပေါ်ပေါက် ခံစားစေဖို့ ရင်းနှီး ပေးဆပ်ခြင်းဖြစ်ပြီး အတ္တဟိတလုပ်ငန်းကတော့ ပရဟိတလုပ်ငန်းနဲ့ ဆန့်ကျင်ဘက်သဘောမှာ ရှိပါတယ်။ တနည်း မိမိကိုယ်ကို၊ မိမိနဲ့ပတ်သက် ဆက်နွယ်တဲ့ အသိုက်အ၀န်းကိုသာ ဦးစားပေး အရာထားခြင်းဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ကျနော်တို့နိုင်ငံဟာ လက်တဆုပ်စာ စစ်ဝါဒီတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ပေးခဲ့တဲ့ မျိုးချစ် ပြည်ချစ် တပ်မတော်ကြီးကို ခုတုံးလုပ်အသုံးချပြီး စစ်အာဏာရှင်စနစ်ကိုဆက်လက် အသက်သွင်းဖို့ လုံးပမ်းအားထုတ်နေပါတယ်။ အဲလို စစ် ပဒေသရာဇ်စနစ်ကိုအသက်ဝင်စေတဲ့ နည်းလမ်းအနေနဲ့ ၂၀၁၀ရွေးကောက်ပွဲ ဆိုတာဟာကြီးကို မကြာခင် ကျင်းပပြုလုပ်မယ်လို့ ကြေညာထုတ်လွှင့် ထားပါတယ်။နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေလို့ သိကြတဲ့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေ အတည်ပြုရေးကိုဒီတရား မ၀င်တဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ အသက်သွင်းဖို့ပါ။ ဒါဆိုရင် သူတို့ဟာ ဥပဒေကြောင်းအရ တရားဝင်မှု (legitimacy) ဖြစ်သွားပြီဆိုပြီး ဗိုလ်ချုပ်မှူးကြီးက ရာသက်ပန် ဘုရင်မင်းမြတ်ကြီး လုပ်သွားနိုင်တော့မယ်လို့ သူတို့စစ်ရေပေါ်ဆီ တအုပ်စုရဲ့ စိတ်ကူးယဉ် အထင်ရောက်နေတာ ဖြစ်ပါလိမ့်မယ်။ တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှားသလိုမျိုး ဖြစ်မှာကို မသိရင်တော့ ကိုယ့်ရှုးကိုယ်ပတ် ဖြစ်ဖို့သာ ရှိပါတယ်။

၁၉၉၀ရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ် တိုင်းရင်းသားလူမျိုးစုတွေရဲ့ အသိ အမှတ်ပြု ထောက်ခံမှုကိုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ အခြားသော လူမျိုးစုခေါင်းဆောင်တွေ မပါဘဲနဲ့ ဒီ၂၀၁၀ရွေးကောက်ပွဲကို ဘယ်သူမှ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ တိုက်တွန်းတောင်းဆိုချက်နဲ့လည်း မကိုက်ညီတဲ့အတွက် လက်ခံအသိအမှတ်ပြုလိမ့်မယ် မထင်ပါဘူး။

အဲဒီမှာ ကျနော်တို့က ဘာလုပ်ရမှာလဲလို့ပြောရင် မကြောက်တရားကို မွေးမြူကြဖို့၊ ကိုင်စွဲကြဖို့ ဖြစ်ပါတယ်။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အသက် (၆၄)နှစ်ပြည့်တဲ့ မွေးနေ့အခါသမယမှာ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာကြီးဦးဝင်းတင်က စာလေးတစောင် ဂုဏ်ပြုရေးဖွဲ့ထား ပါတယ်။ ဘာလဲဆိုတော့ ဆရာကြီး ဦးဝင်းတင် ပြောတာက....
“ ဒေါ်စုရဲ့စိတ်ဓါတ် အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံးကနေ ရှိတဲ့ တရားပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလိုဒီလို မဟုတ်ဘူး။ ရင်ထဲအသဲထဲမှာ စွဲပြီးတော့ ဦးနှောက်ထဲမှာ စွဲသွား အောင်ရှိစေတဲ့၊ ရသ သဘောဆောင်တဲ့၊ အလင်္ကာ သဘောဆောင်တဲ့ တေးကဗျာတပုဒ်ပဲ။ ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျနော်တို့ လူတိုင်းရဲ့ရင်ထဲ အသဲထဲမှာ စွဲသွားစေတဲ့ တရားမျိုးကို သူကပြောတာ။ နိုင်ငံရေးဆောင်ပုဒ်ကို ပြောတာမဟုတ်ဘူး။ မကြောက်တရားဟာ။ မကြောက်တရား ဟာ ဒေါ်စုရဲ့ တကယ့် အရေးအကြီးဆုံးဘ၀ လောကအမြင်ပါပဲ။ သို့မဟုတ်ရင်လည်း ဘ၀ဒသနပါပဲလို့ ကျနော်ပြောချင်တယ်။

မကြောက်တရားကို ဖော်ထုတ်ကြပါ။ ကျနော်တို့ နိုင်ငံရေးအတွက်တင် ပြောတာမဟုတ်ပါဘူး။ လူ့ဘ၀တခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျနော်တို့တွေဟာ အားနာတယ်ဆိုတဲ့စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့သွားတယ်။ အဲဒီတော့ ကျနော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန်လုံးကို။

ကျနော်တို့ ပြောပြောနေတဲ့စကားရှိပါတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊စိတ်ရှည်ရ မယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျနော်တို့ရဲ့ သည်းခံခြင်းတရားတွေပဲ။ ဒါ ဒီမိုကရေစီပါရမီ ဖြည့်တာပဲ။ သို့သော် ခေါင်းငုံတော့ မခံဘူး။ အဲဒါက ဘာလည်းဆိုတော့ “ မကြောက်တရား ” ပါပဲ။ ဒီတော့ ကျနော်တို့ ဒီမိုကရေစီကျင့်သုံးတဲ့နေရာမှာပဲ တဖက်ကနေပြီးတော့ ကျနော်တို့ လိုအပ်တဲ့ စွမ်းရည်တခု လက်နက်တခုက ဘာလဲ ဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။ အဲဒီနှစ်ခုစလုံးကို ပေါင်းစည်းလိုက်ရင် ခုနကလို ဒီမိုကရေစီခန္တီတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာတွေပဲ ဖြစ်လာပါလိမ့်မယ် ” လို့ မွေးနေ့ဂုဏ်ပြုမှာ ရေးဖွဲ့ထားတာပါ။ အဲဒါကြောင့်မို့ ကျနော်တို့တွေဟာ မကြောက်တရားကို လေ့ကျင့် တည်ဆောက် မွေးမြူကြပါ။ ကိုင်စွဲကြရ မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မကြောက်တရား ဖြစ်ပေါ်လာစေဖို့် လှုံ့ဆော်စည်းရုံးရေးလုပ်ငန်းတွေအတွက် နိုင်ငံရေးပါတီတွေမှာ အဓိက တာဝန်ရှိတယ်လို့ ထင်ပါ တယ်။ နိုင်ငံရေးပါတီတရပ်ရဲ့ မရှိမဖြစ်လို့ ပြောရမဲ့ လုပ်ငန်းစဉ်တွေထဲမှာလူထုစည်းရုံးရေး လုပ်ငန်းဟာ အခရာအကျဆုံးလို့ ယူဆပါတယ်။ လူထုဆီ သွား၊ လူထုနဲ့ထိတွေ့၊ လူထုနဲ့စကားပြော။ ဒါမှသာ လူထုရဲ့အသံ၊ လူထုရဲ့မျှော်လင့်ချက် ဆန္ဒတွေဟာ ဘာလဲဆိုတာကို အမှန်တကယ် သိနိုင်မှာပါ။ တနည်း လူထုကြားထဲ တသားတည်းကျ ဖြစ်နိုင်အောင် လူထုဘက်ကို ဗဟိုပြုကြဖို့ ဖြစ်ပါတယ်။ လူထုဘက်ကို မျက်နှာမူကြဖို့ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့မှာ မေးခွန်း ရှိလာပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေ ဘာတွေ လုပ်ကိုင်ဆောင်ရွက်လှုပ်ရှား နေကြပါသလဲ။ လူထုရဲ့အသံ နဲ့ကော ဘယ်လောက်နီးစပ်နေပါပြီလဲ။ လူထုနဲ့များ ပိုအလှမ်းကွာဝေး သွားသလား။ လူထုရဲ့တောင်းဆိုမှုတွေအပေါ်မှာကော ဘယ်လောက်ဖြည့် ဆည်း ပေးနေနိုင်ပါပြီလဲ စတဲ့ စတဲ့ vision တွေကို နိဂုံးချုပ် ပြန်လည်သုံးသပ်ဆန်းစစ်ဖို့နဲ့ မိမိဟာ လူထုနဲ့ပိုလို့ အလှမ်းကွာဝေးသွားတယ် ဆိုရင် တော့ သေချာတယ်၊ မိမိတို့ရဲ့ ပေါ်လစီမူဝါဒတွေကို အမှားအမှန် ရဲဝံ့စွာ စိစစ်ရမဲ့အချိန်၊ ကေဒါပိုင်းရွေးချယ်ရေးဘက်ကို ဦးလှည့်ရမဲ့အချိန်ပဲလို့ ယူဆပါတယ်။

စစ်အာဏာရှင်စနစ်အောက်က လူမျိုးစုံပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ၂၀၁၀မတိုင်မီ လူထုတိုက်ပွဲစဉ်တွေ ဖော်ဆောင်နိုင် ရေးအတွက် စနစ်တကျ စီမံချက်ရှိရှိ မဟာဗျူဟာမြောက် ရေးဆွဲထားတဲ့ တိုက်ပွဲစီမံချက်တွေနဲ့ ရဲရင့်ပြတ်သားစွာ ပိုင်းဖြတ်ချက်ရှိရှိ ညီညွတ် စည်းလုံးမှုအစွမ်းဖြင့် ၂၀၀၈အခြေခံဥပဒေ တိုက်ဖျက်ပစ်ရေးကို အလျင်အမြန် ဖော်ဆောင်သွားဖို့ဟာ ယနေ့ကာလ လက်ငင်းလိုအပ်ချက် ဖြစ်ပါတယ်။

သမိုင်းခေတ်အဆက်ဆက်တိုင်းမှာ လူထုမပါဘဲ ခေတ်စနစ်ကို ပြောင်းလဲနိုင်ခဲ့တဲ့ သာဓက မရှိပါဘူး။ ရှိခဲ့တယ်ဆိုရင်လည်း တာရှည်ခံမဲ့ အောင်ပွဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး၊ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုကသာ အရာရာကို အဆုံးအဖြတ်ပေးခဲ့တာပါ။ ပြည်သူ့စွမ်းပကားနဲ့သာလျှင် အရာရာကို ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

http://www.mongloi.org/burmese/2008-08-03-15-59-20/98-2008-08-03-15-56-21/590-2009-11-23-09-49-35.html



ခေတ်အပြောင်းအလဲကို စစ်တပ်က ဖန်တီးမှာတဲ့လား




ဇင်လင်း
၂၃ နိုဝင်ဘာ ၂၀၀၉

ယခုတလော ပြည်တွင်းစာနယ်ဇင်းများတွင် ‘၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ’ နှင့် ‘၂၀၁၀ ရွေးကောက်ပွဲ’ ကို တဲ့တိုးတမျိုး၊ သွယ်ဝိုက်၍တဖုံ နည်းမျိုးစုံဖြင့် ၀ါဒဖြန့်ကြေညာနေကြသည်။ ထိုသို့ကြေညာမောင်းခတ်ရာ၌ ပုဂ္ဂလိကဂျာနယ်တချို့အား အဓိက ၀ါဒဖြန့်ချိရေးကိရိယာအဖြစ် အသုံးချလျက်ရှိသည်။ ယင်းဂျာနယ်များတွင် ပင်တိုင်ကလောင်များအဖြစ် နေရာပေးခြင်းခံရသူများကို သတိထားအကဲခတ်မိသည်။ ကလောင်အများစုမှာ ပြည်သူလူထုအရေးထက်၊ မိမိတကိုယ်စာအရေးကိုသာ အလေးထားသည့် ကလောင်များ ဖြစ်ပေသည်။ ထိုထိုသော ကလောင်များအနက် ‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ’ ဟု တစိုက်မတ်မတ် ၀ါဒဖြန့်နေသည့် ကလောင်မှာ အဆိုးဆုံးဟု ဆိုရပေမည်။ သူ့အဆိုအရ ‘ရွေးကောက်ပွဲမှန်လျှင် ပြည့်စုံသည် မပြည့်စုံသည်ကို မကြည့်ဘဲ၊ ကောင်းသည်ဟု မြင်နိုင်ရမည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲသည် ပြည်သူအများ၏ ရွေးချယ်မှု (Public Choice) ကို တစုံတရာ ဖန်တီးပေးသောကြောင့်ဖြစ်သည်’ ဟု ထိုဆရာက ဆိုလေသည်။ ထို ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ ဆိုလိုသည့် (Public Choice) ဆိုသည်မှာ နာဂစ်လွန် ပြည်သူ့ဆန္ဒခံယူပွဲ (Referendum) လို ဖြစ်စဉ်မျိုးကို ရည်ညွှန်းပုံရပေသည်။ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား မဆန်းစစ်ဘဲ ‘ကောင်းသည်ဟု မြင်နိုင်ရမည်’ ဆိုသော ထိုကလောင်၏အမြင်မှာ နှောင်ကြိုးမှ ကင်းပါရဲ့လားဟု ထင်စရာပင်ဖြစ်သည်။

ယခင်နှစ်က အမည်မဖော်ဘဲ ထွက်ပေါ်ခဲ့ဖူးသည့် “မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အထွေထွေ သုံးသပ်ချက်များ” ဆိုသော စာတမ်းပါ အယူအဆနှင့် ယခု ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ တို့နှစ်ဦး၏ ၀ါဒဖြန့်ပုံ အခြေခံသဘောအယူချင်း တူညီနေသည်ကိုလည်း သတိပြုမိသည်။ အမည်မဖော် ကလောင်ရှင်က “လက်ရှိအခြေအနေနဲ့ Road Map” ဟူသည့် ခေါင်းစဉ်ငယ်အောက်တွင် ‘စစ်တပ်ရဲ့ အမြင့်ဆုံးရည်မှန်းချက် - လုံးဝ အာဏာမလွှဲရန်၊ အနိမ့်ဆုံး ရည်မှန်းချက် - စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန်။ ဒီမိုကရေစီဘက်က အမြင့်ဆုံး ရည်မှန်းချက်ဟာ စစ်တပ်ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ … … ‘အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လျှင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ဒီမိုကရက်တစ်အင်အားစုများအတွက် တရားဝင်လမ်းကြောင်းတခု ပွင့်လာနိုင်သည်။ ဤလမ်းကြောင်းကို Transitional period တခုအဖြစ် သဘောထားပြီး ဆက်လက်လှုပ်ရှားကြရမည် ဖြစ်ပါသည်’ ဟုလည်း ထို ‘အမည်မဖော် စာရေးဆရာ’ က ၀ါဒဖြန့်ချိခဲ့သည်။

ထိုအချက်နှင့် အလားတူပင် ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ က ယခုကဲ့သို့ ဆိုပြန်သည်။ “ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ ဟူသော သုံးသပ်ချက်သည် အခြားရွေးချယ်စရာတို့ကို အကုန်စွန့်လွှတ်ပစ်သည့် သဘောဆောင်သည်။ ဥပမာ - ပြည်ပက ၀င်ရောက်စွက်ဖက်ခြင်းကို အားကိုးခြင်း၊ လူထုလှုပ်ရှားမှု (လမ်းပေါ်နိုင်ငံရေး) ကို မျှော်လင့်ခြင်း၊ အာဏာရအဖွဲ့အတွင်း ပဋိပက္ခကို မျှော်လင့်ခြင်း စသည်တို့ကို စွန့်ပစ်သည်။ ဤသို့စွန့်လွှတ်ပြီး ရွေးကောက်ပွဲအပေါ်သာ တခုတည်း ဖိုးကပ်စ်လုပ်သည်။ ဤနည်းသည် မဟာဗျူဟာမြောက်ရှုထောင့်ဖြင့် ရှုမြင်သောနည်းဖြစ်သည်။” ထိုဆရာက ဆက်လက်၍ ‘မြန်မာ့နိုင်ငံရေးတွင် အားအနည်းဆုံးအပိုင်းမှာ နိုင်ငံရေးသမားများ ရေရှည်မဟာဗျူဟာမြောက် အမြင်မရှိဘဲ၊ နည်းဗျူဟာအမြင်ဖြင့် ပေါ်ပင်လိုက်ခြင်းဖြစ်သည်’ ဟု ဝေဖန်လိုက်သေးသည်။ ထိုဆရာတို့အလိုအရ ၂၀၁၀ ရွေးကောက်ပွဲသာ အကောင်းဆုံး နိုင်ငံရေးပုံသဏ္ဍာန်ဖြစ်၍ ရွေးချယ်စရာ အခြားနည်းများ မရှိဟုဖြစ်သည်။ ထိုဆရာများ၏ စဉ်းစားပုံမှာ အတ္တနောမတိ လွန်ကဲလွန်းလှပေသည်။

လက်ငင်း မြန်မာ့နိုင်ငံရေးပြဿနာမှာ ရွေးကောက်ပွဲမဟုတ်။ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ကိစ္စဖြစ်သည်။ ဒီမိုကရေစီ ဗိမာန်တည်ဆောက်ရန် စစ်အာဏာရှင်ဗိသုကာအား အလုပ်အပ်သကဲ့သို့ ဖြစ်နေသဖြင့် အဆောက်အဦ ပန္နက်မချမီ ပြန်လည်စိစစ်ကြဖို့ဖြစ်သည်။ ထိုဆရာတို့၏ ၀ါဒဖြန့်ချိချက်သည် စစ်အစိုးရလက်ဝေခံ တတိယလမ်းကြောင်း ရှာဖွေသူများဆိုသည့် “တတိယနိုင်ငံရေးအုပ်စု” ကို အားပေးထောက်ခံနေသကဲ့သို့ ဖြစ်သည်။ “တတိယအုပ်စု” က ‘၂၀၁၀ ရွေးကောက်ပွဲ’ အား ဒီမိုကရေစီလမ်းပွင့်ရေးအတွက် တံခါးတချပ်ဟူ၍ အဓိပ္ပာယ်ဖွင့်ကြသည်။ ‘တကျပ်ဖိုး မရနိုင်ပေမယ့် ငါးမူးဖိုးတော့ ရနိုင်တယ်’ ဟု ဆိုကြသည်။ ကျန်ငါးမူးဖိုးကို နောင်ပေါ်လာမည့် ပါလီမန်ထဲတွင် ချဲ့ထွင်ယူရမည်ဟုဆိုသည်။ ၂၀၁၀ ပါလီမန်ကတဆင့် စစ်အုပ်စု၏ အတွင်းစည်းထဲသို့ လမ်းဖောက်ဝင်ရမည်။ တဖြည်းဖြည်း စစ်ဗိုလ်တွေထဲက Moderate ဖြစ်သူ၊ ပျော့ပျောင်းသူများအား စည်းရုံးရင်း ဒီမိုကရေစီအခွင့်အရေးများကို ချဲ့ထွင်ယူရမည်ဟု လေထဲတိုက်အိမ်ဆောက်နေကြလေသည်။

“တတိယအုပ်စု” “တတိယလမ်းကြောင်း” ဆိုသည့် အမြင်သဘောထား ဖြစ်ပေါ်နေသည်မှာကြာပြီ။ နအဖ၏ အမျိုးသားညီလာခံ စတင်သည့် ၁၉၉၃ တွင် ထိုအယူအဆကို စတင်ဝါဒဖြန့်ချိခဲ့သည်ဟု အကြမ်းဖျင်းပြောနိုင်သည်။ ၁၉၉၃ ဇန်န၀ါရီလ (၉) ရက်နေ့တွင် အမျိုးသားညီလာခံ စမည်ဟု ကြေညာလိုက်သောအခါ အမျိုးသားညီလာခံ တက်သင့် မတက်သင့်ဆိုသည့် နိုင်ငံရေးအချေအတင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာသည်။ ပြဿနာ၏ သော့ချက်မှာ ‘အနာဂတ်နိုင်ငံတော် အမျိုးသားဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ကို အစဉ်သဖြင့် ပါဝင်ခွင့်ပြုရေး’ ဆိုသော အချက်ဖြစ်သည်။ ဤသည်မှာ ‘နအဖ’ ရေးဆွဲချမှတ်လိုက်သည့် ညီလာခံဦးတည်ချက် အခြေခံမူ (၆) ချက်ထဲက နံပါတ် (၆) အချက်ဖြစ်သည်။ ညီလာခံဦးတည်ချက် နံပါတ် (၆) အချက် ပိုမိုခိုင်မာတောင့်တင်းစေရန် အခြေခံမူ (၁၀၄) ချက်ကိုလည်း ထပ်ဆင့်ဘောင်ချ လိုက်သေးသည်။ ယင်းမူဘောင်ထဲက ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ စစ်တပ်က လွှတ်တော်နှင့် အုပ်ချုပ်ရေးအဆင့်တိုင်းတွင် လေးပုံတပုံ နေရာယူထားသော်လည်း လက်ရှိ စစ်အာဏာရှင်စနစ်ထက်တော့ သာနိုင်သေးသည်ဆိုသော အမြင်သဘောထားရှိသူများသည် “တတိယအုပ်စု” ၀င်များဖြစ်သည်။

‘ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်းသည် ဖွဲ့စည်းပုံ လုံးဝမရှိခြင်းထက် ကောင်းသည်’ ဟု ထိုတတိယအုပ်စုဝင် နိုင်ငံရေးသုခမိန်တို့က နည်းမျိုးစုံဖြင့် ၀ါဒဖြန့်ကြသည်။ အဖြစ်မှန်မှာ နအဖ၏ အမျိုးသားညီလာခံ (၁၅) နှစ်ကြာ ကျင်းပပြီးနောက် ထွက်ပေါ်လာသော ဖွဲ့စည်းပုံရလဒ်သည် စစ်တပ်သြဇာခံ မြန်မာနိုင်ငံထူထောင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေး တောင်းဆိုသည့် မြန်မာတိုင်းရင်းသားများအား မြန်မာပြည်နိုင်ငံရေးမှ ထာဝရ ဖယ်ထုတ်ရေးဖြစ်နေသည်။

ဤနေရာ၌ အလျဉ်းသင့်သဖြင့် ၂၀၀၇ ခုနှစ် မတ်လက လုပ်သွားသည့် “တတိယအုပ်စု” ၏ သတင်းစာရှင်းလင်းပွဲ (၁/၂၀၀၇) အကြောင်း ပြောလိုသည်။ နိုင်ငံရေးအင်အားစုဟု ‘နအဖ’ က အသိအမှတ်ပြုထားသော အစုအဖွဲ့ (၇) ဖွဲ့ ပူးပေါင်းထားသည့် “အမျိုးသားနိုင်ငံရေးအင်အားစုများ ပူးတွဲလုပ်ငန်းကော်မတီ” ၏ သတင်းစာရှင်းလင်းပွဲဖြစ်သည်။ ထို (၇) ဖွဲ့တွင် ပါဝင်သူတို့က သူတို့ကိုယ်သူတို့ တတိယနိုင်ငံရေးအင်အားစုဟု ကြွေးကြော်ထားသည်။ သူတို့က NLD အား နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် မလုပ်နိုင်ဟု ဝေဖန်တိုက်ခိုက်သည်။ အပြောင်းအလဲတခုဖြစ်ပေါ်ရန် လက်တွေ့ကျသော နည်းလမ်းမှာ ‘စစ်အစိုးရနှင့် လက်တွဲခြင်း’ သာ ဖြစ်သည်ဟု “အမျိုးသားနိုင်ငံရေးအင်အားစု” က ဆိုသည်။ မည်သို့ဆိုစေ လူထုကမူ ‘စစ်အစိုးရနှင့် လက်တွဲခြင်း’ လား၊ ‘စစ်အစိုးရထံ တပည့်ခံခြင်း’ လား ဆိုသည်ကို ခွဲခြားတတ်ပါသည်။

ထိုအင်အားစုတွင် မည်သူတို့ ပါဝင်ကြသနည်း ဆိုသည်ကို ဆန်းစစ်သင့်၏။ “အမျိုးသားနိုင်ငံရေးအင်အားစု” တွင် ထင်ရှားသူများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (တသီးပုဂ္ဂလ) အဖွဲ့ဝင် (၆) ဦးဖြစ်သည့် ဦးကြည်ဝင်း (မင်္ဂလာဒုံ - ၁)၊ ဦးတင်ထွန်းမောင်(မင်္ဂလာဒုံ - ၂)၊ ဦးမြလှိုင် (တွံတေး - ၂) ၊ ဦးတင်ဝင်း (ကျိုက်လတ် - ၂) ဦးသိန်းကြည်( တောင်တွင်းကြီး - ၁) ဦးလှစိုး (မင်းဘူး - ၂) တို့ဖြစ်သည်။ သူတို့ (၆) ဦးသည် NLD ကို အမှီပြု၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ကြသည်ကို မေ့လျော့နေပုံရသည်။

နောက်တဦးက ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့က ကိုအေးလွင်။ ယခု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆိုသော ကိုအေးလွင်။ ဤ နိုဝင်ဘာ (၁၆) ရက်နေ့ကပင် ကိုအေးလွင်နှင့် အပါင်းပါတစု ရန်ကုန်မြို့၊ စမ်းချောင်း၊ ဦးညိုလမ်းတွင် ‘စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲလုပ်လိုက်သေးသည်။ ဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်တိုက်ခိုက်သွားခဲ့သည်။ အေးလွင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေနဲ့ ပဲခူးတိုင်း၊ သဲကုန်းမဲဆန္ဒနယ် (၁) ကနေ ၀င်ပြိုင်ဖူးသူ၊ လူထုထောက်ခံမှု မရရှိခဲ့ဘဲ အရေးနိမ့်ခဲ့သူဖြစ်သည်။

နောက် ၀ံသာနု NLD အမည်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ခြေစုံကန်သွားသူ မန္တလေးအနောက်တောင် မဲဆန္ဒနယ်
(၁) အမတ် ဒေါက်တာစိုးလင်း။ ထို့အပြင် အလံနီဟောင်းများဖြစ်သည့် ဦးလှမြင့်၊ ဦးထွန်းအောင်ကျော်၊ ဦးလှသိန်း၊ ဦးကျော်မြင့်၊ ဦးအုန်းလွင်၊ အစရှိသူများမှာလည်း “အမျိုးသားနိုင်ငံရေးအင်အားစု” အဖွဲ့ဝင်များဖြစ်သည်။ ဦးထွန်းအောင်ကျော်က (အောင်မိုးစံ၊ အောင်ဇေမင်း၊ ခင်ဝင်းစံ) ကလောင်အမည်များဖြင့် နအဖသတင်းစာတွင် ၀ါဒဖြန့်ဆောင်းပါးများ ရေးသည်။ ဦးကျော်မြင့်က (ကျော်မြင့်နိုင်၊ မောင်အညတရ)၊ ဦးလှမြင့်က (မောင်မျိုးမြတ်၊ မောင်မြင့်မြတ်) ကလောင်အမည် ကိုယ်စီဖြင့် ၀ါဒဖြန့်ဆောင်းပါးများရေးသည်။ စစ်အုပ်စုကို မြှောက်ပင့်၊ NLD အား အပုတ်ချသော ဆောင်းပါးမျိုးကို စစ်အုပ်စုပိုင် သတင်းစာတွင် ရေးခွင့်ရသူများဖြစ်သည်။

“အမျိုးသားနိုင်ငံရေးအင်အားစု” သတင်းစာရှင်းပွဲ (၁/၂၀၀၇) တွင် အထူးကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့သေးသည်။ ကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အတွက် တပ်မတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရေး စသည်တို့ကို အလေးတင်း ဖော်ပြထားသည်။ ထို (၇) ဖွဲ့ ပူးတွဲလုပ်ငန်းကော်မတီကို ‘နအဖ’ က ဘာကြောင့် သတင်းစာရှင်းပွဲ လုပ်ခွင့်ပေးခဲ့သနည်း။ အလွယ်ဆုံးပြောရလျှင် ‘နအဖ’ က ယင်းအဖွဲ့တွင် ပါဝင်သူများကို အထပ်ထပ် အဖန်ဖန် စစ်ဆေးပြီးသားဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ‘နအဖ’ မူဝါဒလမ်းစဉ်များအား အကောင်အထည်ဖော်ရာ၌ မုချအသုံးတည့်သူများဖြစ်၍လည်းကောင်း၊ ‘နအဖ’ ရေးသော ဇာတ်ညွှန်းအတိုင်း ‘က’ နိုင်သူများဖြစ်၍လည်းကောင်း သတင်းစာရှင်းပွဲ လုပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အမှန်ဆိုလျှင် “တတိယအုပ်စု” ဆိုသည့် အမည်နာမသဘောသည် NLD အား မထောက်ခံရုံဖြင့်မပြီး၊ စစ်တပ်လက်ပါးစေလည်း မဖြစ်သင့်ချေ။ သို့သော် “တတိယအုပ်စု” ၏ နိုင်ငံရေးကြွေးကြော်သံမှာ ‘စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး’၊ ‘နအဖ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခံရေး’ နှင့် ‘၂၀၁၀ ရွေးကောက်ပွဲသာ အကောင်းဆုံး နိုင်ငံရေးပုံသဏ္ဌာန်’ စသဖြင့် စစ်အာဏာတည်မြဲရေးကို ကျားကန်ပေးနေကြောင်း ထင်ရှားနေသည်။ ထို့ကြောင့် တတိယအုပ်စု၏ လက်ငင်းနိုင်ငံရေး လမ်းစဉ်မှာ ‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိ’ ဟူသည့် သဘောထားအတိုင်း၊ စစ်အာဏာရှင်အလိုကျ လျှောက်လှမ်းနေကြောင်း တွေ့ရသည်။ လူထု၏အမြင်တွင်မူ ထိုလူစုသည် နိုင်ငံရေးလုပ်စားနေသူများဖြစ်သည်။ NLD ဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်ပြကာ နအဖထံမှ ‘လုပ်ကွက်နှင့် လိုင်စင်များ’ ရယူရောင်းစားနေကြ၍ဖြစ်သည်။

‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ’ ဟု ၀ါဒဖြန့်နေသည့် ကလောင်ရှင်သည်လည်း NLD ၏ နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ် ဝေဖန်နေသူပင်ဖြစ်သည်။ ၂၀၁၀ နီးလာလေ ကလောင်သွက်လာလေ ဖြစ်သည်။ သူ့ဆောင်းပါးတနေရာ၌ ‘မြန်မာ့နိုင်ငံရေးတွင် အားအနည်းဆုံးအပိုင်းမှာ နိုင်ငံရေးသမားများ ရေရှည်မဟာဗျူဟာမြောက် အမြင်မရှိဘဲ နည်းဗျူဟာ အမြင်ဖြင့် ပေါ်ပင်လိုက်ခြင်းဖြစ်သည်’ ဟူသော ဝေဖန်ချက်မှာ NLD ခေါင်းဆောင်ပိုင်းအား ဝေဖန်လိုက်ခြင်းဖြစ်သည်။ ဝေဖန်မည့်သာ ဝေဖန်သည် သူကိုယ်တိုင်လည်း တချိန်က NLD ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးပေသည်။ NLD ၏ အားနည်းချက် အားသာချက်နှင့်တကွ ခက်ခဲကျပ်တည်းစွာ ရုန်းကန်ရပ်တည်နေရသည်ကိုလည်း သူ မသိဟုတော့ ပြော၍မရနိုင်ပေ။ ယခု နိုဝင်ဘာ တတိယအပတ်ထုတ် Voice ဂျာနယ်တွင် ဝေဖန်လိုက်သည့် သူ့ဝေဖန်ချက် (ရွေးကောက်ပွဲ - မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်) မှာ NLD ၏ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ရည်ရွယ်ကြောင်း ထင်ရှားလှသည်။

‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရှိသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် တနည်းနည်းဖြင့် အသိအမှတ်ပြုရေးကို လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားကြောင်း၊ သို့သော် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

Voice ဂျာနယ်တွင် ဝေဖန်လိုက်သည့် သူ့ဝေဖန်ချက်မှာ NLD သည် ဈေးမဆစ်တတ်ဘဲ ဈေးဆစ်နေသည်ဟု ဆိုလိုရိပ်ရှိပေသည်။ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အား နိုင်ငံရေးဈေးဆစ်မှုဟု ဆိုလိုက်ခြင်းပင်။ ဒီပလိုမေစီနည်းအရ ဈေးဆစ်လျှင် တန်ဖိုး Value နှင့် ပကတိသရုပ်မှန်အခြေအနေ Reality ချိန်ဆလျက် ရောင်းနိုင်မည့်ဈေးကိုသာ ဆစ်သင့်သည်ဟုဆိုသည်။ နိုင်ငံရေးဈေးဆစ်မှုတွင် နည်းဗျူဟာအမြင် Tactical Insight ကိုသာ အသုံးပြုရန်မဟုတ်ဘဲ၊ ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ Strategic Inflection Point ကိုလည်း ထည့်စဉ်းစားရမည်ဟု ဆိုပေသည်။ သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ၂၀၁၀ ရွေးကောက်ပွဲသည်လည်းကောင်း၊ ရွေးကောက်ပွဲအပြီးတွင် ပေါ်လာမည့် လွှတ်တော်သည်လည်းကောင်း၊ ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ တနည်းအားဖြင့် ‘ခေတ်အပြောင်းအလဲပွိုင့်’ ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်ရာတွင် ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ ‘ခေတ်အပြောင်းအလဲပွိုင့်’ ကို မထိခိုက်ရဟုဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဈေးဆစ်ခြင်းသည် အမြော်အမြင်နည်းခြင်း၊ အင်အားကို မချိန်ဆတတ်ခြင်း၊ စိတ်ကူးယဉ်ခြင်းဟု ဝေဖန်ထားသည်။

‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စသည် ပြည်သူလူထု၏ဆန္ဒကို NLD က မီးမောင်းထိုးပြခြင်းဖြစ်သည်။ စိတ်ကူးယဉ်ခြင်း အလျဉ်းမပါ။ မြော်မြင်ချိန်ဆ၍ ပြောသော စကားဖြစ်သည်။ လူထုထောက်ခံမှုရှိ၍ ပြောရဲသော စကားလည်းဖြစ်သည်။ စင်စစ် လူထုဆန္ဒကို ပစ်ပယ်လျက် လူထုအင်အားကို မချိန်ဆတတ်သူများမှာ စစ်ခေါင်းဆောင်များနှင့် သူတို့နောက်လိုက် နိုင်ငံရေးအချောင်လမ်းရှာသူများသာဖြစ်သည်။ လူထုထောက်ခံမှု မရှိမှန်းသိလျက်နှင့် နိုင်ငံရေးမီးရှူးမီးပန်းလွှတ်ကာ တတိယအချောင်လမ်း ရှာနေသူများကိုသာ စိတ်ကူးယဉ်သမားများဟု ကင်ပွန်းတတ်သင့်ပေသည်။

ဝေဖန်ရေးဆရာ၏ ပို၍အစွန်းရောက်သည့် အမြင်မှာ ‘မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်ကဏ္ဍသည် ကုန်ဆုံးပြီ။ ပေါ်မည့် မြန်မာ့နိုင်ငံရေးပုံသဏ္ဌာန် (လမ်းညွှန်ဒီမိုကရေစီ) တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍအဖြစ် ဖြစ်တည်လာမည်’ ဟု ဆိုလိုက်ခြင်းဖြစ်သည်။ အဓိကပြောလိုသည်က ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ကုန်ဆုံးပြီ၊ စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်က မြန်မာ့နိုင်ငံရေးအနာဂတ်ကို ဦးဆောင်မည်ဟု ဆိုလိုပေသည်။ စစ်ဗိုလ်ချုပ်များကိုယ်တိုင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ကုန်ဆုံးပြီဟု မပြောရဲပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ပင် အသည်းအသန် စဉ်းစားနေကြရပါပြီ။ ထို့ကြောင့် အစွန်းရောက် ဝေဖန်ချက် ဖြစ်ပေသည်။

ယနေ့ပြည်သူလူထု အဓိကတောင်းဆိုနေသည်မှာ (လမ်းညွှန်ဒီမိုကရေစီ) မဟုတ်။ ‘လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး’ အနှစ်သာရပါသည့် ဒီမိုကရေစီကို တောင်းဆိုနေခြင်းဖြစ်သည်။ မိမိသမိုင်းအတွေ့အကြုံ၊ နိုင်ငံတကာ သမိုင်းအတွေ့အကြုံများ အရ စစ်တပ်ဦးဆောင်လွှတ်တော် အမျိုးအစားကို လူထုက လုံးဝလိုလားသည်မဟုတ်။ လူထုစိတ်ကြိုက်ရွေးချယ်ထားသည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်စစ်စစ် အမျိုးအစားကို လူထုက လိုလားတောင်းဆိုနေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကင်ဂျုံအီလို၊ ဗိုလ်သန်းရွှေလို၊ မဟာခေါင်းဆောင်မျိုးမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုတိုက်ပွဲအတွင်းမှ ရွေးချယ်ထားသော ခေါင်းဆောင်အမျိုးအစားဖြစ်သည်။ ထို့ကြောင့်လည်း ပြည်တွင်းပြည်ပ နှစ်ဌာနစလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြခြင်းဖြစ်သည်။ လူထုခေါင်းဆောင်နှင့် လူထုကသာ အနာဂတ်မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်က မြန်မာ့နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မည်မဟုတ်။ ခေတ်အပြောင်းအလဲကို စစ်တပ်နှင့် သူ့လက်ပါးစေများက ဖန်တီးနိုင်ရိုးလည်းမရှိ။ ခေတ်အပြောင်းအလဲကို ဧကန်ဖန်တီးနိုင်သူမှာ ပြည်သူလူထုနှင့် လူထုခေါင်းဆောင်သာဖြစ်သည်ကို ထို Voice ဂျာနယ် ဆောင်းပါးဆရာသည် သိလျက်နှင့် မသိဟန်ဆောင်နေခြင်းပေလော …..။



http://www.khitpyaing.org/articles/Nov09/231109.php

အိုဘားမား အာရှမှ လက်ဗလာဖြင့်ပြန်ရ သို့သော် မြန်မာနိုင်ငံအတွက်မူ မျှော်လင့်ချက်တိုးပွါးလာ



လာရီဂျေဂင်
တနင်္လာနေ့၊ နိုဝင်ဘာလ 23 ရက် 2009 ခုနှစ် 11 နာရီ 42 မိနစ်


ဘန်ကောက် (မဇ္ဈိမ)။ ။ အိမ်ဖြူတော် ရင်ဆိုင်ကြုံတွေ့နေရသော အဓိက ပြဿနာကြီးများ အားလုံးကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိဘဲ သမ္မတအိုဘားမား အာရှခရီးစဉ်မှ လက်ဗလာသက်သက်ဖြင့် ပြန်သွားရပြီဖြစ်သည်။ မြန်မာနှင့် မြောက်ကိုရီးယားလို လက်ဝင်လှသော ပြဿနာများ ရှိနေသည့်နိုင်ငံများအတွက်မူ အနည်းအကျဉ်း လုပ်ဆောင်နိုင်ခဲ့သည်။ နှစ်နိုင်ငံ အကျိုးတူကိစ္စများ ရှိနေသည့် တရုတ်၊ ဂျပန် နှင့် တောင်ကိုးရီးယားနိုင်ငံတို့နှင့်လည်း အနည်းငယ်တော့ တိုးတက်လာခဲ့သည်။ သို့သော် အနိမ့်ဆုံးအားဖြင့်တော့ အမေရိကန်၏အာရှတိုက်အပေါ် ချဉ်းကပ်မှုမှာ ပြောင်းလဲလာခဲ့ပြီဆိုသည်ကိုတော့ အာရှခေါင်းဆောင်များကို တေ့တေ့ဆိုင်ဆိုင်ပြောနိုင်ခဲ့ပြီ ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ သတမဘုရ်ုလက်ထက် ၈ နှစ်ကြာချီတုံချတုံဖြစ်ခဲ့ရာမှ ယခုအခါ အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန်အစိုးရသစ်က ပြန်လည်ဆက်ဆံလိုသည်ဟု ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။ ဤလမ်းကြောင်းသစ်အတွက် အရေးပါထင်ရှားသောသာဓကတရပ်မှာ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က စင်္ကာပူတွင်ကျင်းပခဲ့သော ပထမဆုံး အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေးပင်ဖြစ်သည်။ ဤအပြောင်းအလဲများထဲမှ အရေးပါဆုံး အပြောင်းအလဲမှာ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မူဝါဒ အပြောင်းအလဲပင်ဖြစ်သည်။ ပိုင်းခြားစိတ်ဖြာ သုံးသပ်သူများနှင့် တက်ကြွလှုပ်ရှားသူများအကြား ပေါ်ပေါက်နေသည့်မေးခွန်းမှာ ဤ မူဝါဒသစ်က အခိုင်အမာ ရလဒ်တခု ထွက်ပေါ်လာမည်လော၊ သို့တည်းမဟုတ် ယခင့်ယခင် အစိုးရနှင့် ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသည့် နိုင်ငံရေးသမားများ၊ ပါတီများအကြား ကြားဝင် ဖျန်ဖြေပေးရန် ကြိုးပမ်းခဲ့သည့် နိုင်ငံတကာ၏ ကြိုးပမ်းမှုများလို မအောင်မမြင် ဖြစ်ဦးမည်လားဟူသော မေးခွန်းပင် ဖြစ်သည်။

ယခင်အစိုးရများ မလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီးများနှင့် တိုက်ရိုက်စကားပြောခြင်းကို မကြာသေးခင်လများက စတင်၍ အမေရိကန်နိုင်ငံက စတင်ပြုလုပ်ခဲ့သည်။ အမေရိကန် သံတမန်များနှင့် ဝန်ကြီးချုပ် သိန်းစိန်အပါအဝင် မြန်မာအစိုးရ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှု အများအပြားကို မြန်မာနိုင်ငံ၊ နယူးယောက်နှင့် အခြားနေရာ အနှံ့အပြားတွင် ပြုလုပ်ခဲ့သည်။ ထိုအထဲမှ အရေးအကြီးဆုံး တွေ့ဆုံဆွေးနွေးမှုမှာ နိုဝင်ဘာလဆန်းက လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ် (Kurt Campbell) မြန်မာနိုင်ငံ သွားရောက်လည်ပတ်စဉ်အတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများပင် ဖြစ်သည်။

ယခုနှစ် မကုန်မီတွင် သူနောက်တခေါက် ထပ်သွားလိမ့်ဦးမည်ဟု အများက မျှော်လင့်စောင့်စား နေကြသည်။ သူက ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် သူ မကြာမီ မြန်မာနိုင်ငံသို့ နောက်တခေါက် ပြန်လာဦးမည့်အကြောင်း ပြောကြားခဲ့သည်။ သို့သော် နောက်တခေါက် ပြန်လာဦးမည့် အရိပ်အယောင်များကိုမူ ယခုထိမမြင်ရသေးပါ။

ရန်ကုန်ရှိ အနောက်တိုင်း သံတမန်များကလည်း ဤသို့ မကြာခင် လာရောက်မည်ဆိုသည့် ကိစ္စအပေါ် သံသယ ရှိနေကြသည်။ အဓိကပြဿနာမှာ ယခုကဲ့သို့ ဝါရှင်တန်နှင့် ပြန်ပေါင်းထုပ်မည့်အပေါ် မြန်မာစစ်တပ် အကြီးအကဲ သန်းရွှေက ဟက်ဟက်ပက်ပက် မရှိလှခြင်းပင် ဖြစ်သည်။

`အခုတော့ ဘောလုံးက မြန်မာကွင်းထဲမှာ လုံးလုံးရောက်နေတာပဲ။ အိုဘားမားကတော့ လက်ကမ်းလိုက်တာပဲ။ ဒါပေမဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မသိဘူး၊ လက်ပြန်ကမ်းမလား၊ လက်သီးဆုပ်ထားမလားမသိဘူး´ ဟု သြစတြေးလျနိုင်ငံ မက်ကွဲယားတက္ကသိုလ်မှ မြန်မာ့ အရေးကျွမ်းကျင်သူ ရှောင်တားနဲလ် (Sean Turnell) က မဇ္ဈိမကို ပြောသည်။

အမေရိကန်၏ ရပ်တည်ချက်မှာ ရှင်းလင်းလှသည်။ ယခင်အမေရိကန်မူဝါဒက စစ်အစိုးရကို ပိတ်ဆို့ ဒဏ်ခတ်မှုများလုပ်ပြီး ဝိုင်းကျဉ်ထားရေးသာ ဖြစ်သည်။ ဤမူဝါဒမှာ စိတ်ပျက်စရာ ကောင်းလောက်အောင်ပင် မအောင်မမြင် ဖြစ်ခဲ့ရသည်။ ယခုအချိန်မှာ ချဉ်းကပ်မှုအသစ် ပြုလုပ်ရမည့်အချိန် ဖြစ်သည်။

ပိတ်ဆို့ဒဏ်ခတ်မှုများကို ဆက်လက်ထားရှိသည့် တချိန်ထဲမှာပင် မြန်မာစစ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုကို အတူပြုလုပ်မည့် အမေရိကန် မူဝါဒသစ်ကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ယခုနှစ်ဆန်းကပင် ရဲရဲရင့်ရင့်ပင် ကြေငြာခဲ့သည်။

အမေရိကန်သည် စစ်အစိုးရ၏ ဝါရှင်တန်နှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်အပေါ် ခန့်မှန်းယူဆချက် လွဲခဲ့ပုံရကြောင်း အကဲခတ်အချို့က ယုံကြည်နေကြသည်။ အချို့ကလည်း ဗိုလ်ချုပ်ကြီးများနှင့် အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးအပေါ်တွင် စိတ်စွဲနေလွန်းသည်ဟု ယူဆကြသည်။ ယခုတိမ်မြုပ်နေသော တကယ့်ပြဿနာမှာ သူတို့၏ အဆုံးသတ်ရွှေ့ကွက်အပေါ် ဝါရှင်တန်က ဘယ်လိုမြင်သလဲ ဆိုသည့်အချက်ပင် ဖြစ်သည်။

`အမေရိကန်က ဆုံးဖြတ်ရမှာ သူတို့အခုလို ကြားဝင်ဆောင်ရွက်ပေးတာဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလား၊ ဒါမှမဟုတ် လူအများစုကြီးရဲ့ အခြေအနေတွေ တိုးတက်လာရေး အတွက် ကူညီ ဆောင်ရွက်ဘို့လား ဆိုတာဖြစ်ပါတယ်´ ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့မှ အကြီးတန်း အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

`တိုင်းပြည်တွင်းက သန်း ၅ဝ ကျော်တဲ့ ပြည်သူတွေကလဲ သူတို့ဘဝတွေ တိုးတက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပန်း ဆောင်ရွက်မှုတွေကို ရထိုက်ပါတယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။ ဒီအတွက်လဲလုပ် ဆောင်မယ်လို့ ကျနော်တို့သံန္နိဌာန် ချထားပါတယ်´ ဟု လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကင်းဘဲလ်နှင့် အတူ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် အာဆီယံ သံအမတ်ကြီးဖြစ်သူ စကော့မာဆီယယ် (Scot Marciel) က ခရီးစဉ်မှ ပြန်လာအပြီးတွင် ဘန်ကောက်၌ မဇ္ဈိမကို ပြောသည်။

`တွေ့ဆုံဆွေးနွေးရေးဆိုတာ လမ်းဆုံးမဟုတ်ဘူး။ သူကနေ အခိုင်အမာ ရလဒ်တခု ထွက်လာရမယ်´ ဟု သူက အသားပေး ပြောသွားသည်။

ယင်းသည်ပင် ယခင်စစ်အစိုးရနှင့် ဆက်ဆံရေး ကြိုးပမ်းမှုများ ပျက်ပြားသွားခဲ့ရသည့် အကြောင်းဖြစ်သည်။ ဤကြိုးပမ်းချက်များတွင် မကြာခဏပင် သူတို့၏ အဓိကရည်ရွယ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဖြစ်နေသည်။ တချိန်တည်းတွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး ဟူ၍လည်း ပါးစပ်ဖျားလေးမျှဖြင့်တော့ ပြောပါသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ရာဇာလီအစ်စမိုင်းက နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၂၀၀၂ ခုနှစ်က လွတ်မြောက်လာရေးအတွက် သူ၏ ကန့်လန့်ကာ နောက်ကွယ်မှ ကြိုးပမ်းမှုကို သူ့လုပ်ငန်းတာဝန်၏ အထွတ်အထိပ် မဟာအောင်မြင်မှုကြီးဟု ထင်နေခြင်း ဖြစ်သည်။

အမေရိကန်ကလည်း ဤအမြင်ကိုသာ ဆက်လက် ကိုင်စွဲထားဦးမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးများအကြား တွေ့ဆုံဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် သူတို့၏ကြိုးပမ်းမှုများမှာ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုလုံးလုံး ကုလသမဂ္ဂ ဦးဆောင်ကြိုးပမ်းခဲ့သည့် များပြားလှသော ကြိုးပမ်းမှုများထက် ပိုကောင်းလာစရာ မရှိဘဲ အတူတူနဲ့ အနူနူသာ ဖြစ်နေမည် ဖြစ်သည်။

`နှစ်ဘက်စလုံးက လုံးဝကို တခြားစီ ဖြစ်နေတာ။ နှစ်ဘက်ကြား အပြန်အလှန် မယုံသင်္ကာ ဖြစ်နေတာကလည်း သိပ်ကြီးတယ်´ ဟု `ပျောက်ဆုံးသွားသော ခြေရာများရဲ့ မြစ်တစင်း´ စာအုပ်ရေးသားသူနှင့် ကုလသမဂ္ဂ အရာရှိတဦးဖြစ်သူ ဦးသန့်မြင့်ဦးက ပြောသည်။

`အကောင်းဆုံးကတော့ ဒီအဆင့်မှာ ယုံကြည်မှု တည်ဆောက်ကြဘို့ပါပဲ။ စစ်အစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးလို အခက်ခဲဆုံးပြဿနာကြီးတွေမှာ ထိုးဖောက် အောင်မြင်မှုတခုခုရဘို့ရည်ရွယ်လုပ်တယ်ဆိုရင်တော့ ဝမ်းနည်းပါတယ်ဗျာ၊ အကြီးအကျယ် စိတ်ပျက်စရာနဲ့ပဲတွေ့မှာ´ ဟု သူက မဇ္ဈိမ ကိုပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရေရှည်အတွက် စဉ်းစားပြီး ချဉ်းကပ်ဆောင်ရွက်သင့်သည်၊ သာမန် မြန်မာပြည်သူများအတွက် တကယ်တမ်း တိုးတက်မှုရှိလာရေးကိုသာ စိတ်ဝင်တစား ဆောင်ရွက်သင့်သည်ဟု သူက ယုံကြည်သည်။ သို့သော်အချိန်က များများမကျန်တော့ပါ။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲများက နောက်နှစ်တွင် ကျင်းပတော့မည် ဖြစ်သည်။ အတုအယောင် ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရန်ကိစ္စမှာ ထည့်တွက်စရာပင်မလို။ အမေရိကန်ကို စစ်အစိုးရခေါင်းဆောင်များ နှစ်သိမ့်ချွေးသိပ်လာစေရေးအတွက် ထူးထူးခြားခြား မက်လုံးမရှိလျှင် လာမည့်လများအတွင်း ဖြစ်ပျက်လာမည့်ကိစ္စများအပေါ် သြဇာသက်ရောက်မှုရှိရန်မှာ သိပ်နောက်ကျသွားမည် ဖြစ်သည်။

`အမေရိကန် ကျေနပ်အောင် မလုပ်ချင်ရင် သန်းရွှေအတွက် သူ့ဘက်က ဘာမှလျှော့ပေးစရာ မလိုဘူးလို့ထင်မှာပဲ´ ဟု ထိုင်းနှင့်ဗီယက်နမ်တို့တွင် ဗြိတိသျှ သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူတဦးဖြစ်သည့် ဒဲရက်တုံကင်က ပြောသည်။ `အခုရွေးကောက်ပွဲတွေ ကျင်းပဘို့ ၆ လ လောက်ပဲ လိုတော့တယ်´ ဟု လည်း သူက သတိပေး ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အကြောင်းရော၊ နိုင်ငံရေး အကျဉ်းသားများ အကြောင်းပါ လုံးဝဖော်ပြ ထားခြင်းမရှိသည့် လွန်ခဲ့သောအပတ်က ထုတ်ပြန်ခဲ့သည့် အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေး ပူးတွဲထုတ်ပြန်ကြေငြာချက်မှာ ယခုအမေရိကန် ပရိယာယ်သစ်နှင့်အတူ ထွက်ပေါ်လာသည့် တညီတညွတ်တည်းသော နိုင်ငံတကာ သဘောတူညီချက် တရပ်ပင် ဖြစ်သည်။

ဤကြေငြာချက်တွင် အဓိကအချက်နှစ်ချက်ကိုသာ ဖော်ပြထားသည်။ ၂၀၁၀ ရွေးကောက်ပွဲ များကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်အောင် လွတ်လပ်မျှတ၍ အားလုံးပါဝင်နိုင်ပြီး ထင်သာမြင်သာရှိသည့် ပုံစံဖြင့် ကျင်းပပေးရေး ဖြစ်သည်။ နောက်တချက်မှာ အားလုံးပါဝင်နိုင်သည့် နိုင်ငံရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းလာရေးအတွက် ကာယကံရှင်အားလုံးနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် အစပြုရေးအပါအဝင် အများ လက်ခံနိုင်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် စစ်အစိုးရကို တိုက်တွန်းခြင်း ဖြစ်သည်။

အခုတော့ အာဆီယံခေါင်းဆောင်အားလုံးနှင့် ဝါရှင်တန်တို့ တပုဒ်တည်းသော ဓမ္မတေးကို သီဆိုနေကြပြီ ဖြစ်သည်။ (လောလောဆယ် အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားသော) ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိစစ်ဖိချာချီဝ (Abhisit Vejjajiva) က ရွေးကောက်ပွဲများကို အများလက်ခံနိုင်အောင် ပြုလုပ်ပါရန် စစ်အစိုးရခေါင်းဆောင်များကို ကြိမ်ဖန်များစွာ အကြံပေးခဲ့သည်။

တရုတ်နိုင်ငံကလည်း ဤချဉ်းကပ်မှုကို လက်ခံသည်။ `တရုတ်နိုင်ငံသည် အစိုးရနှင့်အတိုက်အခံများအကြား ဆွေးနွေးတိုင်ပင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေး တည်ဆောက်ခြင်းဟူသော မူကိုတရုတ်နိုင်ငံက စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါသည်´ တရုတ်မဟာဗျူဟာ လေ့လာရေး ဌာနကြီးမှ တရုတ်ပညာရှင်နှင့် မြန်မာ့အရေးလေ့လာနေသူ ဒေါက်တာလီရွှယ်ချန်း (Dr. Li Xuecheng) က ပြောသည်။ `တရုတ်နိုင်ငံက ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အတိုက်အခံ နိုင်ငံရေးပါတီများ အပါအဝင် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနှင့် အတူတကွ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိပါသည်´ ဟုလည်း လီက မဇ္ဈိမ ကိုပြောသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာမှ အထီးကျန်လုပ်ထားခြင်းကို လျှော့ပေးလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်သည့် ရွေးကောက်ပွဲများမှာ မြန်မာနိုင်ငံအတွက် မရှိမဖြစ် အရေးပါသည်ဟု ယေဘူယျ သဘောတူညီကြပြီး ဖြစ်သည်ဟု ထင်မှတ်ရသော်လည်း တကယ်တမ်း လက်တွေ့ဘာကို ဆိုလိုသည်ဟူသည့် အတိအကျအချက်မူ မရှိသေးပါ။ `လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ အိုဘားမား အစိုးရက ထုတ်ပြောဖို့လိုပါသေးတယ်´ ဟု မြန်မာနိုင်ငံအကြောင်း စာအုပ်အများအပြားနှင့် ဆောင်းပါး အများအပြား ရေးသားခဲ့သူ ဒေးဗစ်စတိန်းဘတ် (David Steinberg) က မဇ္ဈိမကို ပြောသည်။ သူသည်ဝါရှင်တန် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပါမောက္ခတဦးလည်း ဖြစ်သည်။

`ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ မဲဆွယ် လှုပ်ရှားခွင့်တွေကို ဆိုလိုတာလား၊ ဒီချုပ် ရွေးကောက်ပွဲ ဝင်ခွင့်ရတာကို ဆိုလိုတာလား၊ မျှတတဲ့ မဲဆွယ်ခွင့်၊ မဲဆွယ်လှုပ်ရှားတဲ့အခါ သုံးတဲ့စာရွက်စာတန်းတွေ လွတ်လွတ်လပ်လပ် ပုံနှိပ်ဖြန့်ချီခွင့် ရတာကို ဆိုလိုတာလား။ ကံဆိုးတာက အဲဒီဟာတွေအားလုံး လိုသလို အဓိပ္ပါယ်ဖွင့်နိုင်နေတာဘဲ။ ဘာမှမရေရာသေးဘူး´ ဟု သူက ပြောသည်။

သူမအကျဉ်းမှ လွတ်မြောက်လာရေးသည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် စစ်အစိုးရကြား တကယ်စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေးလောက် အရေးမပါပါ ဟု ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာ ပြောကြားခဲ့သည်။ အမေရိကန်ကလည်း ယခုဤချဉ်းကပ်ပုံအတိုင်း ဆောင်ရွက်နေတာ ဖြစ်နိုင်ပါသည်။ သို့သော် စကားလုံးများ သက်သက်ဖြင့်တော့ မလုံလောက် သေးပါ။

`ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့လက်ထဲ ဘာရှိတယ်ဆိုတာ ဘယ်တော့မှ ပြမှာမဟုတ်ဘူး။ သူဘာဖြစ်စေချင်တယ် ဆိုတာလဲ ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ဘူး။ သူမဘက်က ဘာဖြစ်စေချင်တယ်ဆိုတာက အနာဂါတ်အတွက် ဗိုလ်ချုပ်မှူးကြီးရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေကို သွားမထိခိုက်စေအောင် စဉ်းစားဘို့ဟာ ဒေါ်စုပေါ်ပဲမူတည်တယ်´ ဟု အကြီးတန်း မြန်မာပညာရှင်တဦးကပြောသည်။

သူမဘက်ကတော့ တကိုယ်တော် ဧကစာကျင့်နေသူ ဗိုလ်ချုပ်ကြီးများ သူမနှင့် တိုက်ရိုက် စကားပြောလာအောင် ဒေါ်စုကြည်က အပျော့ဆွဲနှင့် ကြိုးပမ်းနေဆဲ ဖြစ်သည်။ သူမ ဦးသန်းရွှေထံ နောက်ဆုံးပို့လိုက်သောစာကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သူမဘက်က ကူညီနိုင်သည်များကို ဆွေးနွေးလမ်းစရှာရန် ရိုးရိုးသားသား ကမ်းလှမ်းလိုက်ခြင်းသာ ဖြစ်သည်။

`ဒါသူမဘက်က ပြောင်းလဲလာပြီဆိုတာကို ပြတာ။ င့ါဘက်က မှန်တယ်ဆိုတာမျိုး တသမတ် တည်းသဘောမထားဘဲ အပေးအယူ အလျော့အတင်းလုပ်ဘို့ အသင့်ရှိပါတယ်ဆိုတာကို ပြလိုက်တာဘဲ´ ဟု ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိ ‘Perfect Hostage’ ကိုရေးသားခဲ့သူ ဗြိတိသျှလူမျိုး စာရေးဆရာ ဂျပ်စတင်ဝင်းတဲလ် (Justin Wintle) က ပြောသည်။

`အမေရိကန်မူဝါဒ အပြောင်းအလဲကြောင့် ပေါ်ထွက်လာတဲ့ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်မှာ ပေါ်ပေါက်လာမဲ့ ဖြစ်ရပ်တွေထဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်ရပ်ဘဲ ဖြစ်ပါလိမ့်မယ်´ ဟု သူက ဆက်လက်ပြောဆိုသည်။

သို့သော် အခြားသူများကမူ ဒီလောက်မျှော်လင့်ချက်မထားပါ။ `ဒေါ်စုစာက သန်းရွှေကို ချွေးသိပ်နိုင်မဲ့ အလားအလာမရှိပါဘူး။ သန်းရွှေက အာဏာအားလုံးကို ထိန်းချုပ်ထားပြီး၊ အင်အားအပြည့်နဲ့လှုပ်ရှားနေတဲ့အချိန်၊ အင်အားချည့်နဲ့နေတာ မဟုတ်တဲ့အချိန်မှာ ကျမတို့တန်းတူညီမျှ အဆင့်နဲ့ပြောမယ်လို့ သွားပြောတာဘဲ´ ဟု ဒဲရက်တုံကင် (Derek Tonkin) က သတိပေးသည်။

ပြည်တွင်းမှ လေ့လာသုံးသပ်သူ အများကမူ ဒေါ်စုကြည်က ဦးသန်းရွှေ စိုးရိမ်နေသည့်အချက်များကို ဖြေဖျောက်ပေးနိုင်မည့် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တစုံတရာကို ကမ်းလှမ်းနိုင်ခြင်း မရှိလျှင် ဤလုပ်ငန်းစဉ်မှာလည်း ရပ်တန့်သွားမည်သာ ဖြစ်သည်ဟု စိုးရိမ်နေကြသည်။ ဦးသန်းရွှေ စိုးရိမ်နေသည့် အချက်မှာ လာမည့်ရွေးကောက်ပွဲများကို နှောင့်ယှက်မည်လားဆိုသည့် အချက်ဖြစ်သည်။

အချို့ကလည်း သူမဘက်က စိတ်စေတနာကောင်းထားသည်ကို ပြသည့်အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နှုတ်ထွက်ပေးသင့်သည်ဟု ပြောဆိုကြသည်။ ယင်းမှာ တောင်အာဖရိကတွင် နယ်လ်ဆင်မင်ဒဲလား နှင့် အရှေ့တီမောတွင် ဇာနာဂူဆာမို (Xanna Gusmao) တို့ လုပ်ခဲ့ပုံမျိုး ဖြစ်သည်။

သို့သော် အခြားနည်းလမ်းတခုလဲ ရှိပါသေးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က အထွေထွေ ရွေးကောက်ပွဲများအပြီး ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌဖြစ်ကာ လုပ်ကြံခံလိုက်ရသော ဝန်ကြီးချုပ်၏ အီတလီဖွား ဇနီးက ဝန်ကြီးချုပ် ရာထူးကို ငြင်းလိုက်သည့် ဆိုနီယာဂန္ဓီ ရောဂါလက္ခဏာစုလဲ ရှိပါသေးသည်။ ဟိန္ဒူအခြေခံဝါဒီ ဘီဂျေပီ ပါတီက ဆန့်ကျင် ကန့်ကွက်နေမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှည်လျားခါးသီးသည့်အငြင်းအခုံကိုရှောင်လွှဲနိုင်ရန် ထိုသို့ ပြုလုပ်လိုက်ရခြင်း ဖြစ်သည်။ သို့သော် ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိနေပြီး ကန့်လန့်ကာနောက်ကွယ်မှ အလွန် အာဏာရှိသောနေရာကို ရယူထားခဲ့သည်။ နောက်ပိုင်းတွင် လွှတ်တော်၌ ရာထူးမယူသည့် လွှတ်တော်အမတ်တဦး ဖြစ်လာခဲ့သည်။

ယင်းသည် ဒေါ်အောင်ဆန်းစုကြည် ယခုအခါ ရွေးချယ်နိုင်သည့် ရွေးလမ်းတခု ဖြစ်သည်။ သူမက ရွေးကောက်ပွဲတွင်လည်း ဝင်မပြိုင်ပါ၊ နိုင်ငံရေး ရာထူးအတွက်လည်း ထည့်မစဉ်းစားပါ ဟု ဗိုလ်ချုပ်မှူးကြီး စိတ်ချစေအောင် ပြောနိုင်ပါသည်။ အရပ်သား အစိုးရသို့ အသွင်ကူးပြောင်းရေးတွင် သူမက ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ သူမကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲတွင်ဝင်ပြိုင် ခွင့်ပေးမည် မဟုတ်သည်မှာ သံသယဖြစ်စရာဟူ၍ သိပ်မရှိပါ။ မဲဆွယ်လှုပ်ရှားမှုတွင် ပါဝင်ခွင့်ကိုပင် ပေးမည့်ပုံမရှိပါ။

`ကျနော်ပြောမယ်။ သူမကို ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်လှုပ်ရှားခွင့် ပေးမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမှာမဟုတ်ဘူး။ ပါလီမန်အစည်းအဝေး စတဲ့အချိန်အထိ ဒီဖွဲ့စည်းပုံထဲက ဘယ်ပုဒ်မ ဘယ်ပြဌာန်းချက်ကိုမှလဲ ပြင်ပေးမှာ မဟုတ်ဘူး´ ဟု စတိန်းဘတ်က မဇ္ဈိမကို ပြောသည်။

လာမည့်အပတ် နေပြည်တော်၌ ပြုလုပ်မည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ၏ လေးလပတ် အစည်းအဝေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) တို့၏ ညီလာခံများပြီးလျှင် ဘာဖြစ်မည်ဆိုသည့်ကိစ္စမှာ နဲနဲသဲကွဲလာစရာ ရှိပါသည်။ ရွေးကောက်ပွဲ ဥပဒေကလဲ လာမည့် ရက်သတ္တပတ်များအတွင်း ပေါ်ထွက်လာဖွယ် ရှိနေသည်။ ကြားဖြတ်ဝန်ကြီးအဖွဲ့ ကိုလည်း ယခုနှစ် မကုန်ခင် ကြေငြာလိမ့်မည် ဟု မြန်မာအစိုးရ၏ သတင်းရပ်ကွက်များက ပြောကြသည်။

ဤအတောအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းက အထူးသဖြင့် အာရှခေါင်းဆောင်များက မည်သည့် အရိပ်လက္ခဏာများ ထွက်ပေါ်လာမည်ဆိုသည်ကို စောင့်ကြည့်ကြမည်။ ထိုအရိပ် လက္ခဏာများရှိသည်ဆိုလျှင် အတိုက်အခံဘက်က ထိုလုပ်ငန်းစဉ်များအတွင်း ပါဝင်လာလိမ့်မည်။ အနိမ့်ဆုံးအားဖြင့်တော့ သူမ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နောက်ဆုံးရေးလိုက်သည့် စာထဲတွင်ပါသည့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးခြင်းမျိုး ဖြစ်လိမ့်မည်။ သို့သော်ထင်ရှားသော လက္ခဏာမှာမူ အမေရိကန်နှင့် အာဆီယံနိုင်ငံများက အဓိကလိုချင်နေသည့် အချက်များထဲက အရေးတယူ ဆောင်ရွက်ပေးမည့် ကိစ္စမှာ သူမနှင့် ဦးသန်းရွှေတို့အကြား တွေ့ဆုံဆွေးနွေးမှုပင် ဖြစ်သည်။

`အခုတော့ ဘောလုံးက သန်းရွှေကွင်းထဲမှာပါ´ ဟု စီးပွါးရေးပညာရှင်နှင့် မြန်မာ့အရေး ကျွမ်းကျင်သူ သြစတြေးလျနိုင်ငံ မက်ကွဲယားတက္ကသိုလ် (Macquarie University) မှ ရှောင် တားနဲလ် (Sean Turnell) က ပြောသည်။ `ဒါပေမဲ့ ဒီလအစောပိုင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာတုံးက သူထွက်မတွေ့ဘဲ ရှောင်နေတာက အတော်ဆိုးတယ်´ ဟု သူက ပြောသည်။

`သူက သူ့အောက်ဆွဲတွေ အများကြီးသုံးပြီး ဒီဇာတ်ကို ကခိုင်းထားတာ။ သူ့အာဏာ ခိုင်ခန့်ရေး၊ သူ့အမွေနဲ့ သူ့မိသားစု လုံခြုံရေး ကလွဲပြီး ဘာမှမလုပ်ရဖို့ဘဲ သူက မျှော်လင့်ချက်ထားပြီး လုပ်နေတာ´ ဟု တားနဲလ် က မဇ္ဈိမကို ပြောသည်။

`ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သူ ဘာမှလုပ်ချင်စိတ်မရှိဘူးလို့ ကျနော်ထင်တယ်။ ဒါပေမဲ့ သူ့အတွက် အချိန်ဆွဲလို့ရတဲ့ဟာ ဆိုရင်တော့လုပ်ဖို့ ပြင်ထားမှာပဲ´ ဟုလည်း သူက ဆက်လက်ပြောဆိုသည်။

( မဇ္ဈိမသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် နိုဝင်ဘာ ၂ဝ ရက်နေ့ထုတ် Larry Jagan ၏ သုံးသပ်ချက် ဆောင်းပါးဖြစ်သော Obama leaves Asia empty-handed but raises hopes ကို ဘာသာပြန်သည်။)

http://www.mizzimaburmese.com/edop/songpa/4247-2009-11-23-05-37-27.html

Voice of Burma Issue No.737, November 22,2009

http://ifile.it/5ep4z31
VOB737KK