Tuesday, December 22, 2009

22 DEC ဒိုင်ယာရီ

http://ifile.it/2gzqdsm
22 Dec 2009 Diary

အဆုံးသတ်မှာ


ခင်မမမျိုး
Tuesday, December 22, 2009

(၁)

အချိန်ကာ
(၁၉၉၅) ခုနှစ်၊ သြဂုတ်လ။
နေရာကား - နယ်မြို့လေးတမြို့မှ အထက ကျောင်းတော်တခု။
“မျိုးဇော်နိုင်၊ နေမင်း၊ ထက်ထက်အောင်။ အတန်းရှေ့ထွက်ခဲ့စမ်း”
ဆူညံနေသောအတန်းသည် ဆရာမဒေါ်ခင်လှဝေ အသံကြောင့် ငြိမ်သက်တိတ်ဆိတ်သွားသည်။ ဆရာမ ဝင်လာတာ သတိမထားမိပဲ အတန်းနောက်တွင် မုန့်စားနေသူများကလဲ မုန့်ထုပ်များကို လွယ်အိတ်ထဲ မသိမသာ ထိုးထည့်လိုက်ကြသည်။ ပထဝီအချိန်မှ သမိုင်း အချိန် အကူးအပြောင်းတွင် သမိုင်းဆရာမ မလာသေးတာကြောင့် ကျောင်းသားသဘာဝ တွတ်တွတ်ထိုး စကားများနေကြသဖြင့် အတန်းပိုင်ဆရာမ ဝင်လာတာကို သတိမထားလိုက်မိကြ။ ဆရာမအသံထွက်လာမှ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြရသည်။ ထက်ထက် အောင် တယောက်လဲ သူမနာမည်ခေါ်လိုက်သံဖြစ်တာကြောင့် ရုတ်တရက် လန့်သွားရသည်။ မျိုးဇော်နိုင်နှင့် နေမင်းကို လှည့်ကြည့် မိသည်။ သူမကို လှမ်းကြည့်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ ဆရာမကို မသိမသာ ခိုးကြည့်လိုက်တော့ ဒေါသများပြည့်လျှံ နေသော မျက်နှာကို တွေ့လိုက်ရသည်။ ဆရာမဒေါသ ဖြစ်လောက်အောင် ဘာတွေများ လုပ်ခဲ့မိသလဲလို့ ပြန်စဉ်းစား ကြည့်မိသည်။ စဉ်းစားလို့မရ။

“ထွက်ခဲ့လို့ ပြောနေတယ်လေ”
ဆရာမရဲ့ အမိန့်သံကို ထပ်ကြားရပြန်သည်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်မို့ ခေါင်းငုံ့လက်ပိုက်ရင်း သူမ အတန်းရှေ့ထွက်သွား လိုက်သည်။ သူမတို့ကျောင်းတွင် ဆရာမဒေါ်ခင်လှဝေ၏ အာဏာစက်ကား ကြီးမားလှသည်။ ဆယ်တန်း ဆရာမပေမယ့် ဆယ်တန်း မရောက်ခင်ကတည်းက ဆရာမနာမည်ကို ကြားဖူးထားကြပြီးသား။ ဆရာမအတန်းသို့ ရောက်မှာကို ကျောင်းသားတိုင်း ကြောက်ကြ သည်။ သို့ပေမယ့် သူမဆယ်တန်းရောက်တော့ ဒေါ်ခင်လှဝေက သူမရဲ့ အတန်းပိုင် ဆရာမဖြစ်လာ ခဲ့သည်။ အသင်အပြကောင်းပေ မယ့် စည်းကမ်းကြီးလွန်းတာကြောင့် သူမစာသင်ချိန်တွင် မည်သူမျှ မလှုပ်ရဲကြ။ ဆရာမကို ရိုသေလေးစားပေမယ့် ဆရာမမျက်နှာက လိုအပ်တာထက် ပိုတင်းနေတတ်တာ၊ ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမ တတ်တာကိုတော့ သူမစိတ်ထဲဘဝင်မ ကျလှ။

“ကိုယ့်အပြစ် ကိုယ်သိကြလား”
“ခင်ဗျာ-----”
“ရှင်”
မျိုးဇော်နိုင်နှင့် သူမအသံတို့က တပြိုင်နက်ထွက်သွားသည်။ နေမင်းမျက်နှာကလဲ ဆီးရွက်လောက် ငယ်သလို ဖြစ်သွားသည်။
“မင်းတို့ ဖွံ့ဖြိုးရေးအချိန်မှာ ဘာလုပ်နေကြလဲ”

ဆရာမပြောလိုက်တော့မှ နံနက်က ဖွံ့ဖြိုးရေးအချိန်ကို ပြန်သတိရသွားသည်။ သူမတို့ကျောင်းတွင် ဗုဒ္ဓဟူးနေ့နံနက်တိုင်း ဖွံ့ဖြိုးရေး အချိန်ဆိုတာ ရှိသည်။ စိုက်ပျိုးရေး၊ ဂီတ၊ အိမ်တွင်းမှု ဆိုပြီး ကြိုက်ရာရွေးလို့ရသည်။ သူမကတော့ ဂီတဆိုတာမှာလဲ အဖြစ်မရှိ၊ အိမ်တွင်းမှုဆိုတာကလဲ ဝါသနာမပါသည်မို့ တခုပဲကျန်သည့် စိုက်ပျိုးရေးကိုပဲ ရွေးဖြစ်တော့သည်။ သို့ပေမယ့်လဲ စိုက်ပျိုးရေးသာ ဆိုရသည်။ သူမတို့ တကယ်လုပ်ရသည်က အမှိုက်တောင်းလေးတွေ နှစ်ယောက်တတွဲကိုင်ပြီး ကျောင်းဘောလုံးကွင်းထဲတွင် အမှိုက် လိုက်ကောက်ရခြင်းဖြစ်သည်။ အမှိုက်ကောက်ပြီးလျှင် မြက်နုတ်ကြရသည်။ ဂီတယူထားသူများမှာလဲ သိပ်တော့ မထူးလှ။ ပထမ လေးပတ် လောက်တော့ ပတ္တလားတီးဆရာတယောက် ရောက်လာပြီး မဟာဂီတအဆိုကို သင်ပေးသည်တဲ့။ နောက်တော့ ဆိုက ရေးတီး ပြိုင်ပွဲဆိုလား၊ ဘာဆိုလား ရှိ၍ ရောက်မလာပြန်တော့။ ဒီတော့ ဂီတယူထားသူများက စည်းနဲ့ ဝါးလေးတွေ ကိုင်ပြီး ဂီတခန်းထဲ တွင် စကားများကြလေသည်။ အိမ်တွင်းမှုခန်းမှာကလဲ ထိုနည်းလည်းကောင်း။

ဆယ်တန်းနှစ်လို စာကျက်ဖို့ အချိန်ရှားပါးသည့် နှစ်မှာ ဘာမှလဲ ထိထိရောက်ရောက်မရှိပဲ ကျောင်းသားတွေရဲ့ လေးဆယ့်ငါး မိနစ်တာ အချိန်ကို ဖြုန်းပစ်နေသည်၊ ဒီလိုအချိန်မျိုး ဘာကြောင့် ရှိနေရလဲ သူမ မသိ။ သူမအမေကို မကျေမနပ်နဲ့ ရင်ဖွင့်တော့ ပညာရေး စနစ်ထဲမှာ ဒီလိုဖွံ့ဖြိုးရေးအချိန်ပါရမယ်လို့ ထည့်ထားလို့ နေမှာပေါ့ဟုသာ ဆိုလေသည်။ “အဲလိုပါရင်လဲ တကယ်ထိရောက် အောင် ဘာကြောင့် မလုပ်ပဲ ဟန်ပြအခွံ့ကြီး ဖြစ်နေရတာလဲ” လို့ သူမပြန်မေးတာကိုကျတော့ မေမေက ဘာမှပြန်မဖြေခဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုအလဟဿ အချိန်ဖြုန်းမှုကြီးကို သူမစိတ်ညစ်လှပါသည်။

“ဖွံ့ဖြိုးရေး အချိန်မှာ ဘာလို့ စာကျက်နေကြလဲ။ မင်းတို့ကို သူ့အချိန်နဲ့သူ စာလုပ်ဖို့ ပြောထားတယ်မဟုတ်လား။ သမိုင်းအချိန်မှာ ပထ၀ီစာအုပ်တွေ စားပွဲပေါ် မမြင်ချင်ဘူး။ အီကို အချိန်မှာ သင်္ချာတွက်နေတာ မလိုချင်ဘူးလို့ ငါပြောထားတယ်မလား” “ဟုတ်ကဲ့ ဆရာမ”

နေမင်းအသံ တိုးတိုးလေးက ထွက်ပေါ်လာသည်။ သူမကတော့ ဘာမှမပြောမိ။ သက်ဆိုင်ရာ ဘာသာရပ်အချိန်မှာ သူ့အကန့်နဲ့သူ စိတ်ဝင်စားတတ်အောင် သူမကိုယ်သူမ လေ့ကျင့်ခဲ့ပြီးသား။ ဒီလောက်အထိ စည်းကမ်းမဲ့သူ မဟုတ်။ သို့ပေမယ့် စိုက်ပျိုးရေးချိန် ဆိုပြီး မြက်နှုတ်ခိုင်းထားလို့ နှုတ်စရာ မလိုတော့တဲ့ မြက်ဘေးမှာ ဟန်ပြထိုင်ပြီး စကားထိုင်များနေကြချိန်ကို အလဟဿ မဖြစ်စေချင်တာ ကြောင့် မှတ်စုစာအုပ်ထုတ်ပြီး စာကျက်လိုက်မိတာဖြစ်သည်။ အနီးက စာကြမ်းပိုး နေမင်းက တွေ့သွားပြီး သူမနဲ့တူတူ စာလာကျက် လေသည်။ မျိုးဇော်နိုင်ကတော့ ဘာရယ်မဟုတ်။ စာရွတ်သံကြားရလျှင် သူ့အတွက် ပိုအကျိုးရှိတယ်ပြောပြီး သူမတို့နား ရောက်လာခဲ့ တာဖြစ်သည်။

“မင်းတို့မှာ အပြစ်ရှိလား၊ မရှိဘူးလား”
“ရှိပါတယ်ဆရာမ”
“ရှိပါတယ်”

နေမင်းအသံနှင့် မျိုးဇော်နိုင်အသံတို့က ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။ သူမ ဘာမှ ပြန်မပြောမိ။ ဆရာမအကြည့်က သူမဆီသို့ ရောက်လာသည်။

“ထက်ထက်အောင်၊ ဆရာမမေးနေတယ်လေ” “မရှိပါဘူး ဆရာမ” “ဘာ”

ဆရာမအော်သံကြောင့် သူမ ဆတ်ခနဲဖြစ်သွားသည်။ ပြောလိုက်မိတာ မှားသွားပြီလားလို့ တွေးလိုက်မိသည်။ သို့ပေမယ့် သူမ မမှားပါ။ ဒါကို စိတ်ထဲက အလိုလိုသိနေသည်။ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟန်ရေးပြပြီး စကားများ အချိန်ဖြုန်းနေရမယ့်အစား စာကျက်မိတဲ့ ကျောင်းသူတယောက်မှာ အပြစ်ရှိရသတဲ့လား။ မဖြစ်နိုင်ပါ။

စားပွဲပေါ်က ကြိမ်လုံးကို ဆရာမဆွဲယူလိုက်တာ တွေ့ရသည်။ “ဖြန်း - ဖြန်း” စားပွဲကို ရိုက်လိုက်သော ကြိမ်လုံးသံက ထွက်ပေါ်လာ သည်။

“ကဲ - တတန်းလုံးကို ဆရာမ မေးမယ်။ ထက်ထက်အောင်မှာ အပြစ်ရှိသလား၊ မရှိဘူးလား”

တတန်းလုံး တိတ်နေသည်။ ဘာသံမှ မကြားရ။ ဆရာမကို တလှည့်၊ သူမကို တလှည့် ကြည့်နေကြသည်။

“ဖြေကြလေ။ မင်းတို့မှာ ပါးစပ် မပါဘူးလား။ အပြစ်မရှိဘူးလို့ ထင်တဲ့လူတွေ လက်ထောင်စမ်း”

ဟိုတစ၊ ဒီတစ လက်များထောင်လာတာ တွေ့ရသည်။ လက်ထောင်သူတွေထဲမှာ မီမီကို တွေ့လိုက်ရတော့ သူမ ဝမ်းသာသွား လေသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း။ သူမကို ပြင်ပစာဖတ်ဝိုင်းတခုကို ခေါ်သွားပေးခဲ့တဲ့ သူငယ်ချင်း။ စာအရမ်းဖတ်ပြီး၊ အဖိုးတန်စကားလုံးတွေပဲ ရွေးပြောတတ်လို့ ငယ်ပေါင်း သူငယ်ချင်းတွေပေမယ့် အချင်းချင်းကတောင် ပြန်လေးစားရသူ။ ပြီးတော့ ဒီအတန်းရဲ့ အတန်းခေါင်းဆောင်။

“အဲဒီလက်ထောင်တဲ့ လူတွေပါ မတ်တပ်ရပ်စမ်း။ မင်းတို့က ငါ့ကို အာခံတယ်ပေါ့လေ”

ဆရာမ အပြောကြောင့် တချို့က လက်များ ကပျာကယာ ပြန်ချပြီး မသိချင်ယောင် ဆောင်နေကြလေသည်။ တချို့ကတော့ မတ်တပ် ထရပ်လိုက်ကြသည်။ ဆရာမကို သူမ မကျေမနပ်နှင့် လှမ်းကြည့်လိုက်မိသည်။ ဘာလုပ်တာလဲ စဉ်းစားလို့ မရ။ ရွေးချယ် ခိုင်းပြီးမှ ကိုယ့်ဘက်ကို မထောက်ခံသူတွေကို အပြစ်ပေးတာ တရားမျှတမှု ရှိပါရဲ့လား။

“ကဲ ဒီလောက်တောင် ဖြစ်လှတာ။ အာခံချင်ဦး”
ဆရာမရဲ့ ကြိမ်ချက်များက အနီးဆုံး မျိုးဇော်နိုင်ကိုယ်ပေါ်သို့ အရင်ကျသည်။ ပြီးတော့ နေမင်း။ ပြီးတော့ သူမ။ မျိုးဇော်နိုင်နဲ့ နေမင်းတို့ ဆီမှာ သုံးလေးချက်ပေမယ့် သူမဆီကျတော့ ဆယ်ချက်ထက် မကတော့။ နာကျင်မှုကြောင့် သူမအံကို တင်းတင်းကြိတ်ထားလိုက်မိ သည်။ ခန္ဓာကိုယ်ပေါ်သို့ ကြိမ်တချက် ကျလာတိုင်း မျက်ရည်များ ဝဲတက် သွားရသည်။ ငိုချင်ပေမယ့် သူမ အောင့်ထားလိုက်သည်။ “မငိုနဲ့ ထက်ထက်အောင်။ မျက်ရည်မကျမိစေနဲ့”
ကိုယ့်ကိုကိုယ် ပြန်အားပေး လိုက်သည်။ ဆရာမက အားရအောင်ရိုက်ပြီးမှ ကြိမ်ကို ပစ်ချလိုက်လေသည်။

“ကိုယ့်နေရာကိုယ် ပြန်ကြစမ်း။ အတန်းချိန်ပြီးတဲ့ အထိ မတ်တပ်ရပ်နေ။ အခုရပ်နေတဲ့ လူတွေလဲ မထိုင်နဲ့။ တချိန်လုံး မတ်တပ်ရပ်ရ မယ်။ မင်းတို့သမိုင်း ဆရာမ ဒီနေ့မလာဘူး။ အီကို သင်မယ်။ ကျန်တဲ့လူတွေ စာအုပ်ထုတ်”

တုတ်တုတ်မျှ မလှုပ်ရဲပဲ ထိုင်နေသူများ၏ စာအုပ်ထုတ်၊ စာရွက်လှန်လှောသံများ ထွက်ပေါ်လာသည်။


(၂)

“ငါ ဒီကိစ္စကို မကျေနပ်ဘူးဟာ”
မီးမီးစကားကြောင့် သူမတို့ အကြည့်က မီမီဆီ ရောက်သွားသည်။ ကျောင်းအားရက်မို့သူမနှင့် နေမင်းတို့ မီမီးအိမ်မှာစုပြီး စာကျက်နေ ကြတာဖြစ်သည်။

“ဘာကို ပြောတာလဲ”
နေမင်းက စကားစသည်။ “နင်တို့ အရိုက်ခံရတဲ့ ကိစ္စကို”
“ထားလိုက်ပါတော့ဟာ။ ပြန်ပြောမနေနဲ့တော့”
“ပြောရမယ် နေမင်းရဲ့။ နင်တို့က ဒီလောက်မှ မခံရတာ။ ပြောအားရှိမှာပေါ့။ ထက်ထက်ကျတော့ တကိုယ်လုံး အရှိုးချင်းထပ်သွားတာ”

နေမင်းက သူမဆီသို့ လှည့်ကြည့်သည်။
“ထက်ထက်။ နင်နာနေသေးလားဟင်။ ဆေးလူးလိုက်ဦးနော်”
“ရပါတယ်ဟာ။ ငါ ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပေါ်က အနာထက် စိတ်ထဲက အနာက ပိုဆိုးတယ်ဟ။ ငါ့မှာ အပြစ်တကယ်ရှိရင် ဆရာမဘယ် လောက် ရိုက်ရိုက်ဟာ။ ခုဟာကျတော့ အပြစ်မရှိပဲ ခံရတာ”
“ဟဲ့။ နင်အခုထိ မမှတ်သေးဘူးလား။ နင်အဲလို သွားငြင်းလို့ ခံရတာလေ”
“သူက အမှန်ပြောတာပဲ။ ငြင်းတာမှ မဟုတ်တာ“ နေမင်းအပြောကို မီမီက ဝင်ချေပလေသည်။

“မှန်တာတွေ၊ မမှန်တာတွေတော့ ငါ မသိဘူးဟာ။ ဒါပေမယ့် ဆရာမက ကျောင်းခန်းထဲမှာ ငါတို့ကို ရိုက်ပိုင်ခွင့် အာဏာရှိတယ်လေ။ သူရိုက်မှာမို့ အပြစ်ရှိလားမေးရင် ရှိတယ်ပြောပြော၊ မရှိဘူးပြောပြော အရိုက်ခံရမှာပဲ။ ဒီတော့ မရှိဘူးပြောပြီး အသေဆော်ခံရမှာ ထက်စာရင် ရှိတယ်ပြောလိုက်တာက ပိုမသက်သာဘူးလား”

နေမင်းက ဘောပင်လေးကို ဆော့ရင်း ပြောသည်။ မီမီကတော့ နေမင်းစကားကို နားထောင်ရင်း ပြတင်းပေါက် အပြင်သို့ ငေးနေသည်။ အမှန်တရားအတွက် ဖြစ်ချင်ရာဖြစ် ရင်ဆိုင်လိုစိတ်ရှိသော သူမနှင့် မှန်သည်ဖြစ်ဖြစ်၊ မှားသည်ဖြစ်ဖြစ် အခွင့်အာဏာရှိသူလုပ်လျှင် ခေါင်းငုံ့ခံပြီး သက်သာရာရှာလိုစိတ်ရှိသော နေမင်းတို့ရဲ့ မတူညီသော စိတ်အခြေခံကို သတိထားမိတာမို့ သူမ ဆက်ပြောချင်စိတ် မရှိတော့။

စကားဖြတ်လိုဇောနှင့် မီမီငေးနေသည့် ပြတင်းပေါက်ဘက် လိုက်ကြည့်လိုက်မိသည်။ တဘက်ခြံထဲမှာ ကလေးလေးတယောက် ထိုင် ငိုနေတာ တွေ့ရသည်။

“အင်း ဒီနေ့လဲ ဖိုးသားလေး အရိုက်ခံထားရပြန်ပြီထင်တယ်”
မီမီက တိုးတိုးလေး ရေရွတ်သည်။
“အဲဒီကလေးလေးက အမြဲအရိုက်ခံနေရလို့လား”
တခါတလေမှာ ဒီကလေးလေး ငိုနေတတ်တာ တွေ့ဖူးပေမယ့် တခါမှ မီမီကို မေးမကြည့်မိခဲ့။

“ငါလေ။ အဲဒီကလေးလေးကို သိပ်သနားတာပဲ။ ကျွဲနှစ်ကောင်ခတ်တဲ့အကြားမှာ မြေစာပင်ဖြစ်နေတာ”
“ဟင်- ဘယ်လို”
“လူကြီးချင်း ပေးစားလို့ ယူထားကြရတာတဲ့ဟာ။ ငါကြားတာတော့။ အဆက်ဟောင်းတွေနဲ့လဲ ပြန်ဆက်နေကြတယ်တဲ့။ ကွာချင်နေ ကြတာကိုးလဲ ကလေးလေးအကြောင်းပြပြီး နှစ်ဘက်မိဘက ခွင့်မပြုဖူးတဲ့”

“ဒုက္ခပါပဲဟာ”
“တကယ်ဒုက္ခရောက်တာက ဖိုးသားလေးဟ။ ဘာမှ မသိရှာပဲ မိဘနှစ်ယောက်စလုံးက အရှုပ်ထုတ်လေးလို့မြင်နေတာကို ခံနေရရှာ တယ်။ နေ့တိုင်း အော်ဟစ်ရိုက်နှက်ခံနေရတဲ့ ကလေးလေးတယောက်ဟာ တနေ့ကျရင် လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ။ ကြောက် စိတ်တွေ၊ မယုံကြည်စိတ်တွေ”

“ငါတို့လဲ ဘာထူးလို့လဲဟာ။ အမှန်တရားကို မရင်ဆိုင်ရဲအောင် ကြောက်စိတ်တွေနဲ့သင်းကွပ်ခံ နေကြရတာပဲ”
သူမ မှတ်ချက်ပေးလိုက်တော့ မီမီက ဆတ်ခနဲ လှည့်ကြည့်လေသည်။

“ဟဲ့ - ဟိုနှစ်ကောင်။ နင်တို့တွေ စာကျက်ကြဦးမှာလား”
သင်္ချာတွက်နေသော နေမင်းက သူမတို့ကို လှမ်းအော်သည်။
“နေဦးဟာ။ ငါတို့ စကားအကောင်း ပြောမလို့”
မီမီက လှမ်းပက်သည်။
“အေး၊ အေး။ ပြောကြ၊ ပြောကြ။ နင်တို့ မိန်းခလေးတွေနဲ့ စာကျက်ရတာလေ အရှုးမ လင်လုပ်ရတာကျနေတာပဲ။ တော်ပြီ။ ခြံထဲမှာ ငါဘိုင်အိုသွားကျက်ဦးမယ်”

နေမင်းက ပြောပြောဆိုဆိုနှင့် စာအုပ်လဲယူ၊ ပြေးလဲ ပြေးလေသည်။ သူမပြေးလို့မရ။ သူမပြေးလျှင် သူလှမ်းစသွားသော စကားလုံးများ အတွက် မီမီကွန်ပါဘူး လက်သံနှင့် တွေ့သွားပေလိမ့်မည်။

“နင်ဘာဖြစ်နေတာလဲ မီမီ။ နေမင်းက ဒီလိုပါပဲဟာ”
နေမင်းနှင့် ရန်ဖြစ်နေကျ မီမီမျက်နှာလေးက တည်နေတာမို့ သူမလှမ်းမေးလိုက်မိသည်။

“ငါတို့တွေက ဒီလိုပဲ ခေါင်းငုံ့ခံနေကြရတော့မှာလား”
“ဟေ”
သူမ မီမီကို လှမ်းကြည့်လိုက်မိသည်။

“ငါအရိုက်ခံထားရတာကို နင်စိတ်မကောင်း ဖြစ်နေတာမဟုတ်လား မီမီရယ်။ ထားလိုက်ပါတော့ဟာ။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို ပြောထွက်သွားလို့ အနာခံလိုက်ရတာပဲ။ ဆရာမကို စိတ်ဆိုးမိပေမယ့် ငါ့ကိုယ်ငါ တော့ ကျေနပ်တယ်”

“ငါက နင်ပြောတဲ့ ကြောက်စိတ်နဲ့ သင်းကွပ်ခံရတာကို ပြောနေတာပါ။ ခုဆို ငါတို့အတန်းထဲမှာ ဘာအပြစ်မှ မရှိတဲ့ လူတွေလဲ အ ရိုက်ခံလိုက်ရတယ်၊ အပြစ်မရှိတဲ့ လူတွေဘက်က ရပ်တည်မိသူတွေလဲ စာသင်ချိန် တချိန်လုံး မတ်တပ်ရပ်ပြီး ပြစ်ဒဏ်ခံ လိုက်ရတယ်။ ငါတို့ရဲ့ စိတ်တွေထဲမှာ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် ငါတို့ထက် ပိုပြီး အာဏာရှိသူက လုပ်ရင် လုပ်သမျှခံ၊ ပြန်မပြောနဲ့၊ အာမခံနဲ့ ပြန်ပြောရင် ပြစ်ဒဏ်ဆိုတဲ့ စိတ်ကြီးက အမြစ်တွယ်သွားပြီ။ ကျောင်းပြီးတဲ့အခါ ငါတို့တွေက ဒီစိတ်ကြီးတွေကိုပဲ ဖက်တွယ်ပြီး ဘဝ ပင်လယ်ကြီးထဲကို ရောက်သွားကြရမှာလား”

“အေးဟာ။ နင်ပြောတာကို ငါလက်ခံတယ်။ ငါအမှန်ကို ပြောမိလို့ အရိုက်ခံရတယ်။ ဒါကို ငါက ခေါင်းငုံ့ခံပြီး ငြိမ်နေလိုက်ရင် ကျန်တဲ့ လူတွေက အမှန်တရားကို ရင်ဆိုင်ဖို့ဆိုတာ ကြောက်စရာကြီးပါလား ဆိုတဲ့ အသိနဲ့ပဲ ကျန်ခဲ့မှာပေါ့နော်”
“ဟုတ်တယ်ဟ။ အဲဒါကို ငါတွေးမိနေတာ။ နင်လုပ်ခဲ့တာ အမှန်တရားဆိုတာ နင်တကယ်လက်ခံတယ် မဟုတ်လားဟင်”
“ဟဲ့။ ငါ ဘယ်နှစ်ခါ ပြောရမလဲ”
“ဒါဆို အဲဒီအမှန်တရားအတွက် ငါတို့ ရှေ့ဆက်တိုးကြရအောင်လေ”
“နင်ဘာတွေပြောနေတာလဲ”
“တကယ်လို့များ ငါတို့ တခန်းလုံးနဲ့ တခြားဆယ်တန်း အခန်းတွေအားလုံးကသာ ဖွံ့ဖြိုးရေးဆိုတဲ့ အချိန်တွေကို ကန့်ကွက်ကြရင်”

မီမီစကားကြောင့် သူမအံသြသွားသည်။ သူမဆီမှာ အပြစ်ရှိမရှိ တတန်းလုံးကို ဆရာမမေးစဉ်က အပြစ်မရှိလို့ ထောင်ခဲ့သော လက် ညှိုးတွေ မတ်တပ်ရပ်ခိုင်းစဉ်မှာ မသိမသာ ပြန်ရုတ်သွားတာကို ပြေးမြင်လိုက်မိသည်။

“ငါတို့တခန်းလုံးတောင် မညီနိုင်တာဟယ်။ ဆယ်တန်း အခန်းတွေအားလုံး ညီလာအောင် ဘယ်လိုလုပ်လို့ ရမှာတဲ့လဲ။ ဆရာမ မေး တုန်းက ထောင်ခဲ့တဲ့ လက်ညှိုတွေ မတ်တပ်လဲရပ်ခိုင်းရော ပြန်ရုတ်သွားတာ မတွေ့ဖူးလား”
“နင်က ညီညွတ်ရေးဆိုတာကို အပြစ်ဒဏ်တွေ ခံနေရချိန်မှာ ညီတူညာတူ ပေါ်ထွက်လာတာလို့ ထင်နေတာလား”
“မဟုတ်ဘူးလား”
“ပြစ်ဒဏ်တွေ အပေးမခံရတော့တဲ့ အခြေအနေ ဖြစ်လာအောင် ဖန်တီးပေးရမှာ။ ငါ့အထင်တော့ လူတွေအားလုံးက ညီလာရင် ပြစ် ဒဏ်ပေးမယ့် သူတွေက နောက်ဆုတ်သွားမှာပဲလို့ မြင်တယ် သူငယ်ချင်း။ ငါ့ဦးလေးက ပြောဖူးတယ်။ လူတသန်းကို လူတထောင်က မလှုပ်နဲ့၊ ထောင်ချမယ်လို့ ခြိမ်းချောက်တဲ့အခါ လူတယောက်ချင်းစီ လှုပ်ရင်တော့ တယောက်ချင်းစီ ထောင်ထဲရောက်သွားမှာပဲတဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်တဲ့အခါ လူတသန်းလုံးကို ချစရာ ထောင်မရှိတော့တဲ့အတွက် ခြိမ်းချောက်တဲ့ လူတထောင်ပဲ ထောင်ထဲ ဝင်ထိုင်နေဖို့ ရှိတော့မယ်တဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်လာမယ့် အခြေအနေကို ဖန်တီးပေးဖို့ တယောက်ချင်းစီကတော့ ကနဦး စပြီး လှုပ်ရဦးမှာပဲတဲ့”

“ဟဲ့။ နင်ငါ့ကို နိုင်ငံရေး ပြောနေတာလား”
“မဟုတ်ပါဘူးဟာ။ ငါက သူပြောတာ ပြန်ပြောပြတာပါ။ အဲဒီသဘောတရားကို ငါစဉ်းစား ကြည့်မိတယ်။ အခုလဲ ငါတို့တွေရဲ့ အချိန်ကို အလဟဿဖြစ်စေတဲ့ ဖွံ့ဖြိုးရေးအချိန်ကို ဆန့်ကျင်ကြည့်ကြမယ်လေ။ တဖြည်းဖြည်းနဲ့ ဒီသတင်းက တခြားအခန်းတွေဆီ ပျံ့သွားမှာပဲ မဟုတ်ဘူးလား”

“အဲလိုလုပ်တဲ့ လူတွေကို ငါ့လိုပဲ ဆရာမက အသေဆော်လိမ့်မယ်”
“ထက်ထက်ရယ်။ လောကကြီးမှာ တခုခုမပေးဆပ်ပဲ ရလာတဲ့ အရာ ဆိုတာ ရှိဘူးလို့လားဟယ်“


(၃)

ဒီလိုနှင့် တနင်္လာနေ့မှာ ကျောင်းဖွင့်တော့ မီမီရဲ့ စည်းရုံးရေး အလုပ်တွေ စလာပါတော့သည်။ တချို့က မီမီစကားကိုကြားပြီး မျက်လုံး ပြူးကြသည်။ တချို့က ထောက်ခံသည်။ တချို့က ကိုယ်တိုင်ပါမယ်လို့ပြောကြသည်။ မျိုးဇော်နိုင်ကတဆင့် ယောင်္ကျားလေး တော် တော်များများလဲ ပါလာသည်။ နေမင်းကတော့ သူမပါနိုင်လို့ငြင်းသည်။ သို့ပေမယ့် ပါလာမယ့် သူတွေကိုတော့ ဒါတွေ ဖြစ်လာခဲ့တဲ့ သုံးယောက်အရိုက်ခံရမှုမှာ သူပါခဲ့တာကို ဂုဏ်ယူတယ်လို့ဆိုသည်။

ဗုဒ္ဓဟူးနေ့ရောက်တော့ မျိုးဇော်နိုင်ဦးဆောင်တဲ့ သုံးယောက်က ဖွံ့ဖြိုးရေးအချိန်မှာ မသွားနိုင်ဘူးလို့ ငြင်းသည်။ ဆရာမ ဒေါသထွက်ပြီး ရုံးခန်းပို့မယ်၊ ဘာမယ် ခြိမ်းချောက်သည်။ ကြိမ်ဒဏ်ငါးချက်စီပေးပြီး တခြားသူတွေ သွားနေချိန်မှာ သူတို့က အတန်းထဲမှာ မတ်တပ်ရပ် နေခဲ့ရသည်။ သူမတို့ရဲ့ ပွဲဦးထွက်တိုက်ပွဲ။

ဒီလိုနှင့် တလှည့်စီ လူလဲဆန့်ကျင်လိုက်၊ စည်းရုံရေးဆင်းလိုက်နှင့် အချိန်တွေကြာလာသည်။

တပတ်၊ နှစ်ပတ်၊ သုံးပတ်ကနေ ငါးပတ်လောက်ရောက်တော့ တခြားအခန်းတွေကပါ သိနေကြပြီ။ ဆယ်တန်း ဘီ၊ ဆယ်တန်း စီ၊ ဆယ်တန်း ဒီ တို့မှာလဲ သူမတို့လုပ်နည်းအတိုင်း လိုက်လုပ်သူတွေ ရှိလာကြပြီ။ မီမီကတော့ စိတ်ရှည်လက်ရှည်နဲ့ စည်းရုံးဟောပြော နေဆဲ။ မျိုးဇော်နိုင်တို့ အင်အားတွေကလဲ တောင့်လာသည်။ ကနဦးအစမှာ ဆရာမကို မကျေနပ်တာကြောင့် လုပ်ဖြစ်သွားခဲ့ပေမယ့် ကြာလာတော့ အဓိကမှာ ဆရာမရဲ့ မတရားတဲ့ အာဏာစက်ကို ဖယ်ရှားဖို့နဲ့ ဖွံ့ဖြိုးရေးအချိန်တွေမှာ ကျောင်းသားတွေအတွက် တ ကယ်အကျိုးဖြစ်ထွန်းစေမယ့် အလုပ်တွေ လုပ်နိုင်ဖို့ဖြစ်ကြောင်း သူမနားလည်လာတော့သည်။

သူမတို့ လုပ်နေကြတဲ့ အလုပ်လေးတွေက အရှိန်ရလာသလို တဘက်မှာလဲ အခက်အခဲတွေ တွေ့လာရသည်။ ဆရာမက ဗုဒ္ဓဟူးနေ့ ပွဲတွေမှာ ပါသူတွေကို ရိုက်နှက်အပြစ်ပေးရုံမက တခြားစာသင်ချိန်များတွင်လဲ သူမတို့ အုပ်စုတွေကို အပြစ်မရှိ အပြစ်ရှာတော့သည်။ စာမေးရင်း “၏သည်မလွဲ” မရလို့ဆိုကာ သူမလက်ဝါးပေါ်သို့ ကျရောက်လာခဲ့သော ကြိမ်ချက်တွေ မည်မျှ ရှိခဲ့ပြီ မသိ။ အိမ်က လူကြီး တွေ သိသွားပြီး ဆရာမကို အကျိုးအကြောင်း သွားပြောဖို့ ကြိုးပမ်းကြသည်။ သို့ပေမယ့် ဆရာမက လက်မခံ။ သူမက သူ့အာဏာကို ဖီဆန်တယ်၊ သူ့ကို အာခံနေတယ်။ ဒါကြောင့် ဦးချိုးပြီး ဆုံးမနေတာပါ လို့သာ ဆိုသည်။ သူမတို့ ဘာကို လိုချင်နေတာလဲ၊ ဘာကို ဖြစ် ချင်နေတာလဲ ဆိုတာ သိအောင် ဆရာမဘက်က လုံးဝ မကြိုးစားတော့။

ဒီကြားထဲ ဇင်မာတို့အုပ်စုက သူမတို့တွေကို အမြင်တမျိုးနှင့် မြင်လာပြန်သည်။ သူမတို့ လုပ်နည်းလုပ်ဟန်တွေက ကျောင်းသားတွေကို အရိုက်ခံရအောင် လုပ်နေတာပဲရှိပြီး အောင်မြင်ဖို့ လမ်းလဲမရှိ၊ လုပ်နေသူတွေမှာကလဲ စိတ်ပျက်စရာကောင်းတဲ့ လူတွေကပါတယ်လို့ တီးတိုးဆိုနေကြသည်။ စည်းရုံပြောဆိုတဲ့ မီမီကို မြင်ရင်လဲရှောင်ထွက်သွားကြသည်။

ဇင်မာနှင့် သူမကတော့ အိမ်နီးချင်းဖြစ်တာမို့ ဘာပဲဖြစ်ဖြစ် ဇင်မာတို့ ဘယ်လိုတွေးနေတာလဲ သိရအောင် သူမ ဇင်မာဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်မိသည်။

“ထက်ထက်လာလေ”
ဇင်မာအိမ်ကို သွားတော့ ဇင်မာက ဝမ်းသာအားရ ကြိုဆိုပါသည်။

“နင်ငါ့ကို လာစည်းရုံးတာလား”

ဇင်မာက ရီပြီး ပြောပေမယ့် ဒီစကားထဲမှာ တခြားအဓိပ္ပာယ်တွေလဲ ဆောင်နေတယ်ဆိုတာ သူမရိပ်မိလိုက်သည်။ သူမစိတ်မကောင်း။ သူမတို့တွေက တတန်းတည်းသားချင်းတွေ။ ဆရာမနဲ့ ပြဿနာတက်တုန်းက လက်ညှိုးထောင်ခဲ့သူတွေထဲမှာ ဇင်မာလဲပါတာ သူမ မှတ်မိလိုက်သည်။

“ဟင့်အင်း။ ငါက နင့်ဆီကို သူငယ်ချင်းအနေနဲ့ အလည်လာတာပါ”
“နင်လုပ်တာတွေထဲမှာ မပါတဲ့ ငါ့ကို နင်က သူငယ်ချင်းလို့ တကယ်သတ်မှတ်လို့လား”
“သတ်မှတ်လို့ လာလည်တာပေါ့ဟ။ သူငယ်ချင်းတိုင်း အလုပ်တူတူလုပ်ရမယ်လို့ ဘယ်သူက ပြောလို့လဲ။ အလုပ်တူတူလုပ်တဲ့ လူ တိုင်းပဲ သူငယ်ချင်းဖြစ်မယ်လို့လဲ ဘယ်သူက ပြောလို့လဲ”

ဇင်မာ မျက်မှောင်လေးကြုတ်ပြီး တွေးနေတာ တွေ့ရသည်။
“ဟဲ့၊ ငါ့ကို ဘာကျွေးမှာလဲ”

“နင်ထိုင်ဦးနော်။ ငါတို့အိမ်မှာ ဒီနေ့ ရေစိမ်ခေါက်ဆွဲလုပ်စားတယ်ဟ။ နင့်အတွက် ငါသွားပြင်လိုက်ဦးမယ်” အိမ်နောက်ထဲ ဝင်သွားသော ဇင်မာကို ကြည့်ရင်း သူမသက်ပြင်း ချလိုက်မိသည်။ ဇင်မာက ဆရာမရဲ့ အာဏာစက်ကို ကြိုက်နှစ်သက်နေသူ မဟုတ်မှန်း သူမ စိတ်ထဲက အလိုလို သိနေသည်။ သို့ပေမယ့်လဲ သူမတို့ ဆန့်ကျင်ရေးအုပ်စုများနဲ့လဲ နီးကပ်မလာခဲ့။ ဘာတွေကများ စည်းခြားနေသလဲ။ သူမ စဉ်းစား အဖြေထုတ်နေမိသည်။

သူမ အချိန်ကြာကြာ အဖြေမထုတ်လိုက်ရပါ။ ရေစိမ်ခေါက်ဆွဲစားရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သူမတို့ကို ဇင်မာတို့ မကျေနပ်နေသည့် ကိစ္စများကို မသိမသာ ဖော်ထုတ်ယူရင်း သူမလိုချင်သည့် အဖြေက ထွက်သွားခဲ့ပါတော့သည်။

“ငါတို့နေမင်းကို မကြိုက်ဘူးဟာ။ သူက ငါတို့ရှေ့ဆိုရင် ဒီကိစ္စတွေက သူကစလို့ဖြစ်လာတာပါ၊ သူကခေါင်းဆောင်ပါဆိုပြီ ထောင် ထောင် လုပ်တယ်။ ဆရာကြီးလုပ်တယ်။ ဆရာမရှေ့ ဆိုရင်ကျတော့ အမြီးကုပ်နေတာပဲ”

“မျိုးဇော်နိုင်တို့ကျတော့လဲ တမျိုး။ သူတို့ အနာခံပြီး ပါနေတာ ငါတို့မြင်နေတာပဲ။ ဒါပေမယ့် သူတို့က ငါတို့ကို မြင်ရင် မပါရကောင်းလား ဆိုပြီး ရန်လုပ်တယ်။ ငါတို့အတွက် သူတို့ အနာခံလုပ်နေရတာဆိုပြီး မပါတာကို အပြစ်တင်တယ်။ ဆရာမရဲ့ ဘက်တော်သားတွေလို့ စွပ်စွဲတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ငါတို့ မပါဖြစ်ခဲ့ဘူးဟာ။ ငါဝန်ခံတယ်။ နင့်တုန်းက ငါလက်ထောင်ပြီးမှ ဆရာမက အပြစ်ပေးတော့ ငါကြောက်ပြီး မသိချင်ယောင် ဆောင်လိုက်ရတယ်။ ငါစက်ဘီးမှောက်တုန်းက ခြေထောက်ကျိုးထားဖူးတယ်ဟ။ ငါ့ခြေထောက်က ကြာကြာရပ်လို့ မရဘူး။ ဒါကြောင့် ငါလက်ပြန်ချလိုက်တာ။ ဒါပေမယ့်ဟာ ဆရာမ မတရားဘူးဆိုတာ ငါတို့ သိနေတာ ပဲ။ သိနေပြီး မပါဖြစ်ခဲ့တာကတော့ ငါတို့အားနည်းချက်။ ဒါကိုပဲ လာထုတ်ဖော်ပြီး အပြစ်တင်နေတော့ ငါတို့လဲ စိတ်တိုတာပေါ့။ ဒါနဲ့ နင်တို့ကို ရှောင်နေတာ”

“မီမီကိုလဲ ငါတို့ မကြိုက်ဘူး။ အလကား ငကြောက်မ။ သူက လူတွေကို လိုက်စည်းရုံးလိုက်၊ နင့်ကို မြှေက်ပေးလိုက်နဲ့။ သူကိုယ်တိုင် သတ္တိရှိရင် ဘာလို့ ရှေ့က ဝင်မပါလဲ။ တကယ်ဖြစ်လာတော့ နင်ပဲခံနေရတာ။ ငါတို့အတန်းသားတွေပဲ ခံနေရတာ။ ဗုဒ္ဓဟူးနေ့ ရောက်တိုင်း ရိုက်ပွဲကြီးဖြစ်နေတာကို ငါတို့လဲ စိတ်ချမ်းသာနေမယ်လို့ နင်ထင်လို့လား”

ဒီစကားလေးတွေထဲမှာ ဇင်မာတို့အုပ်စုနဲ့ သူမတို့ စည်းခြားနေတဲ့ အကြောင်းလေးတွေကို သူမ ရှာတွေ့သွားခဲ့ပါသည်။

ဇင်မာပြောနေတဲ့ အကြောင်းများကို သေချာနားထောင်ပြီးမှ သူမစကားစရသည်။ တဘက်က ဘာကို ဆိုလိုမှန်းမသိပဲ ဘတပြန်၊ ကျားတပြန် ပြောပြီး ရှင်းလို့ရသည့် ကိစ္စမျိုးမဟုတ်မှန်း သူမနားလည် သိရှိနေခဲ့သည်။

“နေမင်းက ထဲထဲဝင်ဝင်လုပ်နေသူ မဟုတ်ပါဘူး ဇင်မာ။ ပြဿနာဖြစ်စတုန်းက သူလဲ ပါတယ်ဆိုတော့ သူကလဲ အဲလိုပြောချင် မှာပေါ့ဟာ။ ငါတို့ ရပ်ကွက်ထဲမှာ အရပ်အငြိမ့်ပွဲကဖူးတာကို အကြောင်းပြုပြီး မင်းသမီးလို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စု ပေါင်းလမ်းဖောက်တုန်းက ဥက္ကဋ္ဌ လုပ်လိုက်ရတာနဲ့ပဲ ထာဝရ ရပ်ကွက်ခေါင်းဆောင်လို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စီကနဲ ဆိုရင် ပါလိုက်ပြီး တကယ်လုပ်ရမယ်ဆိုရင် ဘယ်ရောက်သွားမှန်း မသိတဲ့ လူတွေ အများကြီးပဲလေ။ နင်တွေ့ဖူးတယ် မဟုတ်ဘူးလား။ ဒါတွေက လူ့သဘာဝပဲ ဥစ္စာ။ ဒီလူတွေကိုကြည့်ပြီး စိတ်ပျက်နေတာထက်စာရင် လျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတာ လုပ်လိုက်တာက ပိုထိရောက်မယ်လို့ ငါထင်တယ်။ သူ့ဘာသာသူ ဘယ်လောက်ခေါင်းဆောင်လို့ အော်နေနေ၊ လူတွေက သူ့ကို ခေါင်းဆောင်လို့ အသိ အမှတ်ပြုတာမှ မဟုတ်တာ။ တကယ်ကလဲ ဘာမှမလုပ်၊ ဘယ်သူကမှလဲ အသိအမှတ်မပြုပဲ ခေါင်းဆောင်လို့ ထိုင်အော်နေတဲ့လူကို စိတ်ပျက်ဖို့ စာရင်းထဲတောင် ထည့်ဖို့ လိုအပ်လို့လား”

“မျိုးဇော်နိုင်နဲ့ ပတ်သက်လို့ကတော့ ကျောင်းဘောလုံးပွဲ ဥပမာကိုပဲ ပေးရမလား မသိဘူးဟာ။ မနှစ်တုန်းကလေ ငါတို့နဲ့ ထ (၁) နဲ့ ဘောလုံးပွဲတုန်းက နင်လဲပါတယ်မလား။ ငါတို့တွေ မင်းဟိန်းတို့ကို သွားအားပေးကြတာလေ။ ငါတို့ကလဲ မင်းဟိန်းတို့ကို နိုင်စေချင်၊ မင်းဟိန်းတို့ကလဲ မနိုင်နိုင်၊ ဟိုဘက်အသင်းကလဲ လက်ရည်ကသာနေတော့ စိတ်တွေတို၊ နောက်ဆုံးကျတော့ ကက်ပတိန်လုပ်တဲ့ မင်းဟိန်းနဲ့ ငါတို့အတန်းထဲက ရဲထွဋ္ဋ်တို့ ထထိုးကြလို့ ငါတို့ ဝင်ဆွဲရသေးတယ်နော်။ မင်းဟိန်းက ပြောတယ်လေ။ မင်းလာကန် ကြည့်ပါလားကွလို့။ ရဲထွဋ္ဋ်က ပြောတယ်လေ။ ငါက အားပေးနေတာ။ မင်းတို့ကို အသုံးကျမယ်ထင်လို့ဆိုပြီး။ ဒါကြောင့် ထထိုးတာ မလား။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး တူနေတာတခုက ငါတို့ဘောလုံးအသင်းကို နိုင်စေချင်တာ တခုပဲ မဟုတ်ဘူးလား။ ဘေးက ကြည့်နေသူကလဲ ကိုယ့်လူတွေကို နိုင်စေချင်ပြီး အားမလိုအားမရဖြစ်တယ်။ အပြစ်တင်တယ်။ ချွေးတွေနစ်ပြီး ကွင်းထဲမှာ ကန်နေရတဲ့ လူကလဲ ဒီလောက်ကြိုးစားပေးနေတာတောင် အပြစ်တင်နေတော့ ဒေါသထွက်တယ်။ အဲဒီကနေ အချင်းချင်း ပြန်ချကုန်ကြတာ။ နင်မှတ်မိတယ် မဟုတ်လား။ အခုလဲ ဒီလိုပါပဲဟာ။ မျိုးဇော်နိုင်တို့က အနာခံပြီး လုပ်နေကြတာ။ လုပ်နေရင်း ကြာလာပေမယ့် ဆရာမကလဲ မလျှော့။ ခံရတာကလဲ များလာနဲ့ “ငါတို့ပဲ လုပ်နေရတယ်၊ ငါတို့ပဲ နာနေရတယ်” ဆိုတဲ့ စိတ်တွေ ဝင်လာတယ်။ အဲဒီမှာ ကိုယ့်လို မလုပ်တဲ့ လူတွေကို အပြစ်တင်မိတော့တာပဲ။ နင်တို့ကလဲ ဆရာမ မတရားလုပ်တာကို မတရားဘူးဆိုတာ စိတ်ထဲက သိနေတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ခဲ့မိတာကိုလဲ စိတ်ထဲမှာ မသိမသာ guilty ဖြစ်နေတယ်။ ငါ့အမြင်ပြောရရင် အဲဒီစိတ်ဝင်နေတော့ ဘာကြောင့် မလုပ်တာလဲဆိုတာကို သူများတွေကို ပြောဖို့၊ နင်တို့ကိုယ်တိုင်လဲ ငါတို့ မလုပ်ခဲ့တာ မှန်တယ် ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ပြောဖို့ လက်ညှိုးထိုး ပုံချစရာတွေ လိုနေတယ်။ အဲဒီမှာတင် နင်တို့အုပ်စုနဲ့ မျိုးဇော်နိုင်တို့နဲ့စငြိကုန်ကြတာ။ သူတို့ကလဲ နင်တို့မလုပ်တာကို အပြစ်လုပ်ပြီး ပြောတယ်၊ နင်တို့ကလဲ သူတို့လုပ်နေတဲ့လူတွေ အသုံးမကျလို့ မပါတာလို့ ပြောမှာပဲ။ ငါတော့ အဲလိုပဲ မြင်တယ်”

“မီမီကိုတော့ နင်တို့က အထင်လွဲနေတာပါ။ ဇာတ်ကရင်တောင် ဇာတ်ညွှန်းရေးတဲ့ လူ လိုတယ်မဟုတ်လား။ စင်နောက်မှာ ကြိုးဆွဲတဲ့ လူတွေ၊ ဇာတ်ဝင်ခန်းတွေအတွက် အဝတ်အစားတွေ ပြင်ပေးမယ့်လူတွေ၊ မင်းသားမင်းသမီးကို မိတ်ကပ်လိမ်းပေးမယ့်လူတွေ လို တယ်လေ။ အားလုံး စင်ပေါ်ကို တပြိုင်တည်း တက်ကလို့မှ မရတာ။ အခုငါတို့အတန်းထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ တခြားအခန်းတွေ ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေက မီမီရဲ့ အတွေးအခေါ်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေကနေ ထွက်နေတာ။ ဒါကိုလဲ ငါတို့ထဲမှာ သူပဲ လုပ် နိုင်တယ်။ ရှေ့ထွက်မင်းသမီး၊ ခေါင်းဆောင် မင်းသမီးတွေ ဘယ်လောက် အကကောင်းကောင်း ဒီဇာတ်ကိုကမယ့် ဇာတ်ညွှန်းမရှိရင် ကကွက်တွေ ဘယ်ကြည့်ကောင်းပါ့မလဲဟာ။ ရှေ့မထွက်တိုင်း ကြောက်လို့ မဟုတ်ဘူး။ သူက နောက်မှာနေဖို့ လိုအပ်လို့ နေနေ တာပါဟယ်”


(၄)

“ကဲ။ ကလန်ကဆန် လုပ်မယ့် လူတွေ ရှိသေးလား။ လုပ်ရဲတဲ့ လူတွေ နေခဲ့။ ကျန်တဲ့ လူတွေ နှစ်ယောက်တတွဲ ကိုယ်သွားရမယ့် နေရာ ဆီ သွားကြ”

ဗုဒ္ဓဟူးနေ့ ဖွံ့ဖြိုးရေးအချိန်က နံနက် အီကိုချိန် အပြီးမှာမို့ စာသင်ချိန်ပြီးတာနဲ့ဆရာမက ဒီလိုပြောနေကြ။ သြဂုတ်လကတည်းက စခဲ့ သော သူမတို့ အာဏာဖီဆန်ပွဲလေးသည် အလှည့်ကျစနစ်နဲ့ စဉ်ဆက်မပြတ် ရှိနေဆဲ။ တခြားအခန်းမှ ကျောင်းသားများနဲ့ သူမတို့ အခန်းမှ ကျောင်းသားများ စုစည်းပြီး ဆရာမကြီးဆီ တောင်းဆိုစာကလဲ ပို့ထားပြီးသားမို့ ဒီတပတ်ပွဲကတော့ ပိုကြီးကျယ်မည်ဟု ယူ ဆထားကြသည်။ မီမီကတော့ ပွဲကြီးဖြစ်လာတော့မည်ဟု ခန့်မှန်းထားသည်။

တမိနစ်၊ နှစ်မိနစ်။ သူမတို့ စောင့်နေကြသည်။ အံ့သြဖွယ်ကောင်းအောင်ပင် မည်သူမျှ မလှုပ်ကြ။ နေမင်းက မျက်လုံးအပြူးသားနှင့် တတန်းလုံးကို လှည့်ပတ်ကြည့်နေသည်။ သူမ ရင်ထဲတွင်လဲ တဒိတ်ဒိတ်နှင့် ခုန်နေသည်။ မီမီကို လှမ်းကြည့်လိုက်တော့ ၀မ်းသာအားရ ပြုံးပြတာ တွေ့ရသည်။

“သွားကြလေ။ ဘာလုပ်နေကြတာလဲ”
ဆရာမရဲ့ စိတ်မရှည်သော အသံက ထပ်ထွက်လာသည်။

ဘယ်သူမှ မလှုပ်ကြ။ ခေါင်းငုံ့ရင်း ထိုင်ခုံများမှာ ထိုင်နေကြဆဲ။
“ဘာလဲ။ မင်းတို့က ငါ့ကို အာခံနေကြတာလား”

ဆရာမက ကြိမ်လုံးကို ဆွဲသည်။ မည်သူမျှ မလှုပ်ကြ။ စားပွဲပေါ်သို့ရိုက်ချလိုက်သော ကြိမ်လုံးသံ တဖြန်းဖြန်းကသာ ဆက်တိုက်ထွက် လာသည်။

“ဇင်မာကျော်တို့ ဂီတတွေ၊ သွားကြတော့လေ။ ဂီတခန်းကို”

ဆရာမက နာမည်ခေါ်ပြီးပြောလာပြီး။ ဇင်မာ မတ်တပ်ရပ်လိုက်တာ တွေ့ရသည်။ သူများ အတန်းထဲက ထွက်သွားလေမလား။ စိုးရိမ် စိတ်နှင့် သူမ ဇင်မာကို လှမ်းကြည့်လိုက်မိသည်။ ဒါပေမယ့် ဇင်မာက အတန်းထဲက ထွက်မသွား။ လှုပ်ရှားမှုအစား စကားသံကသာ ထွက်ပေါ်လာသည်။

“ဆရာမ။ ဂီတခန်းမှာ တကယ်ဂီတသင်ရင် သမီးသွားမှာပါ။ အခုကတော့ ဆရာလဲ မရှိပဲ အမည်ခံပဲဖြစ်နေတယ်။ စည်း၊ ဝါးတွေ ကိုင်ပြီး စကားသွားများနေရသလို ဖြစ်နေတယ်။ အချိန်တွေ အလကားကုန်တာကြောင့် သမီးမသွားချင်တော့ဘူး။ သမီးကို ဆရာမကြိုက်တဲ့ အပြစ်ပေးပါ” တဲ့။

ဆရာမ ကြိမ်လုံးဆွဲပြီး ဇင်မာကျော်နား သွားတော့မည်လားလို့ သူမ ထင်လိုက်သည်။ ဆရာမက မသွားသေး။

“သန့်ဇော်။ မင်းတို့ စိုက်ပျိုးရေးအဖွဲ့တွေ သွားတော့လေ”
သန့်ဇော် လက်ပိုက်ပြီး မတ်တပ်ထရပ်သည်။ ကျွန်တော်လည်း ဇင်မာကျော် လိုပါပဲ ဆရာမ။ အချိန်တွေ အလဟဿ မဖြစ်ချင်ဘူး”

ဆရာမက သန့်ဇော် ဆီမှ အကြည့်ကို ဖယ်ရှားပြီး သင်းသင်းမာကို လှမ်းကြည့်သည်။ ဆရာမ မခေါ်သေးခင်မှာပင် သင်းသင်းမာ မတ် တပ်ထရပ်လိုက်တာ တွေ့ရသည်။ သင်းသင်းမာဆိုတာက အတန်းထဲမှာ ဆရာမရဲ့ အချစ်ဆုံးတပည့်။ သင်းသင်းမာ အမေနဲ့ ဆရာမ တို့က မိတ်ဆွေသူငယ်ချင်းတွေ။ လပတ်စာမေးပွဲတိုင်းမှာ ပထမအမြဲရနေပြီး စာကလွဲရင် ဘာကိုမှ စိတ်ဝင်စားမယ်လို့ မထင်ရလောက် အောင် အေးအေးဆေးဆေးလေး နေတတ်သူ။

“သမီးတို့ အိမ်တွင်းမှုတွေလဲ အဲလိုပဲ မြင်တယ်ဆရာမ။ အချိန်တွေ မကုန်ချင်တော့ဘူး။ ဆရာမကို အာခံတာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို တင်ပြနေတာပါ”

သင်းသင်းမာရဲ့ စကားအဆုံးမှာ ဆရာမ ငိုင်သွားတာ တွေ့ရသည်။ ပြီးတော့ ဆတ်ခနဲ ထရပ်သည်။ တတန်းလုံးကိုများ ပွဲကြမ်းတော့ မည်လား။ သူငယ်ချင်းများအားလုံးကို သူမလိုက်ကြည့်မိသည်။ မတ်တပ်ရပ်နေသော ဇင်မာ၊ သန့်ဇော်နဲ့ သင်းသင်းမာတို့က သူမကို လှမ်းပြုံးပြသည်။ တယောက်ကို တယောက် အားပေးသော အပြုံးများ။ ဘာပဲဖြစ်လာဖြစ်လာ ငါတို့အားလုံး အတူရင်ဆိုင်ကြစို့ဆိုတဲ့ အ ပြုံးများ။ စာသင်ခန်းလေးထဲတွင် လွန်ခဲ့သော သုံးလကျော်ကလို ကြောက်စိတ်များ၊ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်မနေတော့။ ကြောက် စိတ်ကို ရဲဘော်ရဲဘက်စိတ်၊ အပြန်အလှန် ယုံကြည်စိတ်၊ မျှဝေခံစားစိတ်တွေနဲ့ သူမတို့အားလုံး အနိုင်ယူလိုက်ကြပြီ။ ညီညွတ်မှုမှ ထွက် ပေါ်လာသော သတ္တိတို့က သူမတို့ သွေးကြောထဲမှာ စီးဆင်းနေကြပြီ။

ဆရာမဒေါ်ခင်လှဝေက တတန်းလုံးက သူမတို့ အားလုံးရဲ့ မျက်နှာတွေကို တယောက်ချင်းစီ အကဲခတ်ကြည့်သည်။ ပြီးတော့ လက်ထဲ က ကြိမ်လုံးကို လွှတ်ချလိုက်တော့သည်။

“ဆရာမတို့တွေ ညှိကြတာပေါ့။ ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူနှစ်ယောက် ရုံခန်းကို လိုက်ခဲ့”

မီမီက သူမကို မေးဆတ်ပြသည်။ ပြီးတော့ သင်းသင်းမာကို လိုက်သွားဖို့တိုက်တွန်းသည်။ မျိုးဇော်နိုင်နှင့် နေမင်း တို့လည်း လိုက်ထွက် လာကြသည်။

“ဆရာမက နင်တို့ကို ဖိအားပေးရင် ငါတို့ကို လာပြေးပြောနော်။ ငါတို့ထလိုက်လာမယ်”

ဇင်မာက နောက်ကနေ လှမ်းအော်ပြောသည်။ သူမ ဇင်မာကို အားရပါးရ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။


(၅)

ဒီလိုနှင့် အလုံးစုံတင်းမာမှုတခုရဲ့ အဆုံးသတ်မှာ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးက ပေါ်ထွက်လာပါတော့သည်။ ဆရာမဘက်ကလဲ အင်အားသုံး ဖြေရှင်းတာတွေ မရှိတော့။ သူမတို့ တောင်းဆိုတာတွေကို ဆရာမက သေချာနားထောင်ပေးခဲ့သည်။ သူမတို့ ပြောသည့်အချက်အလက်များကို ကျောင်းအုပ်ဆရာမကြီးဆီ ခေါ်သွားပြီး တင်ပြပေးသည်။ ဆရာမကြီးနှင့် သူမတို့ တိုက် ရိုက်တွေ့ပြီး စကားပြောကြသည်။ တခြားအခန်းများမှ ကျောင်းသားကိုယ်စားလှယ်များကိုလဲ သွားခေါ်ခိုင်းသည်။ ဂီတ၊ အိမ်တွင်း မှုနဲ့ ပတ်သက်ပြီး ဆရာရှာလို့ မရသည့် အခက်အခဲ၊ စိုက်ပျိုးရေးအချိန်မှာ ကျောင်းသားတွေရဲ့ စိုက်ခင်းတခုစီအတွက် မြေနေရာ အခက် အခဲ စတာတွေကို ဆရာမတို့ဘက်မှ ရှင်းပြသည်။ ဖွံ့ဖြိုးရေးဆိုတဲ့ အချိန်က ပညာရေးစနစ်အရ မဖြစ်မနေ ထည့်သွင်း ရေးဆွဲထား ရသည်များကိုလဲ ပြောပြသည်။

မဖြစ်မနေရှိနေရမည်ဆိုတော့ ဖွံ့ဖြိုးရေးအချိန်ကို လုံးဝပယ်ဖျက်ပေးဖို့ကို တောင်းဆိုချက်ကို သူမတို့ကျောင်းသားများက ရုတ်သိမ်း ပေးသည်။ ထိထိရောက်ရောက် အကျိုးရှိအောင် မလုပ်နိုင်သည့် အခက်အခဲများကိုလဲ နားလည်လာသည်။ အချိန်တွေ အလဟဿ မကုန်စေချင်သည့် ကျောင်းသားများရဲ့ ဆန္ဒသဘောထားကိုလဲ ဆရာမများက နားလည်ပေးလာကြသည်။ တဘက်ကို တဘက်က နားလည်ပေးမှုကြောင့် အပေးအယူ အလျှော့အတင်းများ ရှိလာသည်။ တဘက်နှင့် တဘက် ယုံကြည်လာကြသည်။ ကျောင်းသား များနှင့် ဆရာမတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မရှိတော့ပဲ အခြေအနေတခုမှာ အကောင်းဆုံး အဖြေထွက်လာအောင် ဘယ်လိုလုပ်ကြ မလဲ ဆိုတာကိုပဲ ဦးတည်ပြောလာကြတော့သည်။

ညှိနှိုင်းမှုများ ပြီးသွားတော့ သူမတို့တတွေ အောင်ပွဲနဲ့အတူ ကိုယ့်အတန်းဆီ ကိုယ်ပြန်ကြလေသည်။ နေမင်းက တွေ့ဆုံဆွေးနွေးပွဲ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် တတန်းလုံးကို ရှင်းပြတော့သည်။ သူမ၊ မျိုးဇော်နိုင်နှင့် သင်းသင်းမာတို့ကတော့ ကိုယ့် ခုံမှာ ကိုယ်ပြန်ဝင်ထိုင်ကြသည်။ မီမီကတော့ နေမင်းပြောသည်များကို ပြုံးပြုံးလေးနှင့် နားထောင်နေသည်။

ဘာလိုပဲဖြစ်ဖြစ် ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ ဘယ်သူတွေပဲ လုပ်ခဲ့ လုပ်ခဲ့၊ ဘယ်သူတွေပဲ ဖန်တီးခဲ့၊ ဖန်တီးခဲ့၊ ဘယ်သူတွေပဲ ခေါင်း ဆောင်နာမည်နဲ့ ကျန်ရစ်ခဲ့ ကျန်ရစ်ခဲ့၊ အဆုံးသတ်မှာ အကျိုးရှိသော ရလဒ်နဲ့ပွဲပြီးသွားဖို့ကသာ အဓိက မဟုတ်ပါလား။

ခင်မမမျိုး
(၁၉၊ ၁၂၊ ၂၀၀၉)

HIV ဝေဒနာသည်တွေ သေဆုံးသွားလို့သာ လျော့နည်းသွားတာ ဖြစ်နိုင်တယ်



NEJ / ၂၂ ဒီဇင်ဘာ၂၀၀၉
line



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မဖြူဖြူသင်းအနေနဲ့ HIV/AIDS ဝေဒနာရှင်တွေ ကူညီရေး လုပ်ငန်းစဉ်မှာ ဘယ်အချိန်က စတင်ပါဝင်လုပ်ဆောင်ခဲ့ပြီး ဘာကြောင့် ဒီလိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ။ ။ ၂၀၀၂ ခုနှစ်ကစပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က HIV နဲ့ ပတ်သက်တဲ့သင်တန်းကို UNDP မှာ လူငယ် (၁၉) ဦးကို သင်တန်း တက်ခိုင်းတယ်။ သင်တန်းပြီးတဲ့အချိန်ကစပြီးတော့ ရုံးမှာ HIV-AIDS prevention and care ဆက်ရှင်လေးတခု ဖွင့်လိုက်တယ်။ လွန်ခဲ့တဲ့ (၇) နှစ်ကပေါ့။ ဒီလို ဆက်ရှင်လေး ကျမတို့ စဖွင့်လိုက်တယ်ဆိုကတည်းက လူနာတွေကလာရောက်ပြီး အကူအညီတောင်းကြတယ်။ ကျမတို့ကလည်း အဲဒီအချိန်က ပညာပေးဖို့ပဲ တတ်တယ်လေ။ ဆေးဝါးကုသမှုအပိုင်းဆိုတာ ကိုယ်နဲ့ စိမ်းနေတဲ့အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ကြုံလာတာက ဆေးဝါးကုသမှုအပိုင်း။ အဲဒီအချိန်မှာ ဒီလူနာတွေကို မြင်ပြီးတဲ့နောက် ကျမတို့ဘာလုပ်ရမလဲဆိုတာ စပြီးသိသွားပြီးနောက် သူတို့ရဲ့ ဆေးဝါးကုသမှုအခက်အခဲတွေ၊ သူတို့မိသားစုအခက်အခဲတွေကို ကူညီဖြေရှင်းပေးရင်းနဲ့ပဲ ဒီအလုပ်ကို လုပ်ကိုလုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချ လုပ်ခဲ့တာပါ။

မေး။ ။ ဒီအကူအညီပေးမှု လုပ်ငန်းကို ဘယ်လိုရပ်တည်နေပါသလဲ။

ဖြေ။ ။ ကျမတို့ ၂၀၀၂ ခုနှစ်ကစပြီး ဒီလုပ်ငန်းကို လုပ်ကတည်းက အချိန်တော်တော်များများထိ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်အထိ ကျမတို့တွေ စုပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ငွေကြေးကိုယ် အကုန်လုံးရပ်တည်ရတယ်။ ကျမတို့ ဒီသင်တန်းတက်ထားတဲ့ သူတွေထဲက တတ်နိုင်တဲ့သူတွေရော၊ မတတ်နိုင်တဲ့သူတွေလည်း ဆွဲခေါ်ပေါ့။ အဲလိုနဲ့ ကိုယ့်ဘာသာစုပေါင်းပြီး ကိုယ့်ဘာသာ အကုန်ကျခံလုပ်လာတာပါ။ အခုနောက်ပိုင်း ဒီနှစ်ပိုင်းလေးကျမှသာ ကျမတို့ လုပ်ကိုင်ဆောင်ရွက်လာတာကို သိလာတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက စိတ်ဝင်စားလာကြပြီး လှူကြတာမျိုးရှိလာတာပါ။

မေး။ ။ အစိုးရအနေနဲ့ရော ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

ဖြေ။ ။ သူတို့ပူးပေါင်းဆောင်ရွက်ဖို့မပြောနဲ့ ကျမတို့ စလုပ်တဲ့ ၂၀၀၂ ခုနှစ်ကစပြီး ဒီနေ့အချိန်ထိပေါ့၊ တချိန်လုံး အနှောင့်အယှက် အမြဲတမ်းခံနေရတယ်။ ဝေဒနာသည်တွေကို ကျမတို့ စုပြီး အိမ်တွေငှားထားပေးရင်လည်း အိမ်တွေမှာ မနေရအောင် အမျိုးမျိုးနှောင့်ယှက်တာမျိုးတွေ၊ လူနာတွေအလှူအတန်းလုပ်ရင် လုပ်ခွင့်မပေးဘဲ အလှူအတန်းကို ပိတ်ပစ်တာမျိုးတွေ၊ ကျမတို့ ပညာပေးသူတွေကို ဖမ်းတာဆီးတာတွေ တလျှောက်လုံးလုပ်လာခဲ့တာပါ။ အခု ဒီနှစ်ပိုင်းလေးကျမှာပဲ သူတို့သိပ်အနှောင့်အယှက် မပေးတော့တာ။ အဲဒါတောင် သူတို့ဧည့်စာရင်းစစ်တာမျိုးတွေ လူနာတွေအိမ်ကို အမြဲတမ်းစောင့်ကြည့်တာမျိုးတွေကတော့ လုပ်နေဆဲပဲဆိုတော့ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ပိုဝေးတာပေါ့။

မေး။ ။ အစိုးရတရပ်အနေနဲ့ ဘာကြောင့် ပူးပေါင်းကူညီမှု မလုပ်တာလို့ မြင်ပါသလဲ။

ဖြေ။ ။ ကျမအမြင်ပေါ့နော်၊ အခု HIV/AIDS ကိစ္စမှ မဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာ ဘယ်ဟာနဲ့မှပတ်သက်ပြီး ဘာကိုမှ အကူအညီပေးတာ သိပ်မတွေ့ရဘူးလေ။ မြန်မာပြည်မှာဖြစ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံးပါပဲ။ အားလုံးမှာ သူတို့ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလေ။ တခြားကိစ္စတွေမှာလည်း အစိုးရတရပ်အနေနဲ့ သူတို့က လုပ်ဆောင်ချက်က သိပ်မရှိဘူး။

မေး။ ။ ဒါပေမယ့် စစ်အစိုးရက မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့တယ်လို့ ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ ကြေညာခဲ့ပါတယ်။ ဒီလိုပြောဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျမတို့မြန်မာပြည်မှာ HIV/AIDS နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အခုအချိန်အထိ ဆွေးနွေးတာမျိုးတွေ၊ ပညာပေးတာမျိုးတွေ၊ သွေးစစ်တာမျိုးတွေ၊ နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းဇယား သေချာကောက်ယူတာမျိုးတွေ၊ စနစ်တကျ ဆေးဝါးကုသမှု ပေးနေတာမျိုးတွေက လုံးဝမရှိသေးဘူး။ မရှိသေးတဲ့အတွက် HIV နဲ့ ပတ်သက်ပြီး လျော့နည်း သွားတယ်ဆိုရင် HIV ဝေဒနာသည်တွေ သေဆုံးသွားလို့သာ လျော့နည်းသွားတာ ဖြစ်နိုင်တယ်။ သူတို့က ဘယ်စာရင်းကို ယူပြီးတော့ ဘယ်လိုလျော့နည်းသွားတယ်လို့ ပြောသလဲဆိုတာတော့ ကျမနားမလည်ဘူးပေါ့နော်။ ဒါက ကျမတို့ တကယ်လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ပြည်တွင်းက လူတွေအမြင်ပါ။ ရန်ကုန်နဲ့ အနီးစပ်ဆုံးဒေသတွေ ခရမ်း၊ သုံးခွလို ဒေသမျိုးမှာတောင် ကွန်ဒုံသုံးစွဲရမှန်းမသိဘဲ ရောဂါကူးစက်နေတာတွေ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေကို ကြည့်ခြင်းဖြင့် လျော့နည်းသွားတယ်လို့ မမြင်မိဘူး။

မေး။ ။ ဒါဆို အခုလက်ရှိ မြန်မာနိုင်ငံတွင်းမှာ HIV/AIDS ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ လိုအပ်နေပါသလဲ။

ဖြေ။ ။ အစိုးရအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ပညာပေးမှုတွေကို သတ်မှတ်တဲ့ နေရာလေးမှာပဲ လုပ်နေလို့ကတော့ အဆင်မပြေဘူး။ ဒါကို သူတို့ စီမံချက်တရပ်အနေနဲ့ ရေးဆွဲပြီးတော့ တိုင်းနယ်ပြည်နယ်အသီးသီးကိုရော ပညာပေးဖို့လိုတယ်။ ဒါပေမယ့် ကျမတို့မြန်မာပြည်က ပညာပေးမှုတခုတည်းနဲ့ သွားလို့မရတော့ဘူး။ ဘာဖြစ်နေလဲဆိုတော့ HIV နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ လူတော်တော်များများ သေဆုံးနေကြတယ်။ ဒီလူတွေ အသက်ကယ်ဖို့အတွက်က ဆေးဝါးက လိုအပ်နေပြီ။ ပညာလည်းပေး၊ ဆေးဝါးလည်းကုမယ်ဆို တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိထိရောက်ရောက်လုပ်မှပဲ အောင်မြင်မှာပါ။ အစိုးရတရပ်အနေနဲ့ ဦးဆောင်ပြီးလုပ်ဖို့ လိုအပ်နေသလို လုပ်လည်းလုပ်သင့်နေပါပြီ။ လုပ်မှလည်း ဒီရောဂါအခြေအနေကို ထိန်းချုပ်လို့ရပြီး လျော့နည်းသွားမှာပါ။

ဘိုကလေးဘက်တွေမှာဆို အပ်ပုန်းဆေးထိုးအပ်တွေကနေ HIV ကူးစက်မှုတွေ ဖြစ်နေတယ်။ ဒါမျိုးတွေကို ဥပဒေပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ နောက်ပြီး လိင်ပိုင်းဆိုင်ရာကူးစက်မှုတွေ ရှိနေသေးတယ်။ ဆေးဝါးသုံးစွဲမှုကြောင့်၊ နောက်ပြီး မိခင်ကနေ ကလေးကို ကူးစက်မှု စတဲ့ အဆင့်ဆင့်ကူးစက်မှုတွေ အများကြီးရှိနေပါသေးတယ်။ တချို့ဒေသတွေမှာဆို အပ်ပုန်းသမားတွေက အာဏာပိုင်တွေနဲ့ပေါင်းပြီး ဆေးထိုးအပ်တချောင်းတည်း သုံးတာမျိုးတွေရှိနေပါတယ်။ sex worker တွေကို ဆေးစစ်ဆေးမှု လုပ်ပေးဖို့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ဒုံသုံးစွဲဖို့ ပညာပေးမယ်ဆိုတာမျိုးတွေကို အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ HIV/AIDS နဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ဆိုရင် အစိုးရတရပ်အနေနဲ့ရော၊ အန်ဂျီအိုတွေအနေနဲ့ရော၊ ပြည်သူလူထုအားလုံးရော အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှာပဲ ထိန်းချုပ်လို့ရမှာပါ။ HIV/AIDS ကိစ္စဟာ တကယ့်အမျိုးသားရေးကိစ္စ၊ လူသားတွေရဲ့ကိစ္စဖြစ်နေပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။

မေး။ ။ အခု အဖွဲ့ချုပ်ရဲ့ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနဲ့ ပညာပေးရေး လုပ်ငန်းစဉ်အရ လုပ်ကိုင်ဆောင်ရွက် နေတဲ့အခါမှာ တွေ့ကြုံရတဲ့ ဝေဒနာရှင်တွေရဲ့ လက်ရှိအခြေအနေကို သိပါရစေ။

ဖြေ။ ။ ကျမတို့တွေ့တာတော့ ဧရာဝတီတိုင်းဘက်က တောချုံအုံကြား ရန်ကုန်နဲ့လည်း အလှမ်းဝေးတဲ့ နေရာတွေမှာ ဆေးထိုးအပ်တွေနဲ့ ကူးစက်နှုန်း အရမ်းများတာ တွေ့နေရတယ်။ မြန်မာပြည်အလယ်ပိုင်းတလျှောက်ဆိုလို့ရှိရင် လိင်နဲ့ပတ်သက်ပြီးတော့ အပျော်အပါးလိုက်စားရာကနေ ကူးစက်မှုနှုန်းတွေကို အများအပြားတွေ့နေရတယ်။ အရင်က အမျိုးသားတွေ ဖြစ်တာပိုများတယ်။ အခုနောက်ပိုင်းတော့ အမျိုးသား၊ အမျိုးသမီး တန်းတူလောက်ပဲ တော်တော်များမှာ တွေ့လာတယ်။ နောက် ကိုယ်ဝန်ဆောင်သယ်တွေရော၊ ကလေးတွေမှာပါ တော်တော်များများ တွေ့လာရတယ်။ ကျမတို့ဆီမှာ လူနာအသစ်တွေကတော့ နေ့စဉ်နဲ့အမျှ ရောက်နေတာပါပဲ။ ဖျာပုံတို့၊ ကျောက်ဆည်ဘက်တို့ စတဲ့ဒေသအသစ်တွေကပါ အခုလာနေကြတယ်။ တနေ့ကို (၂) ဦး၊ (၃) ဦး အနည်းဆုံးကတော့ ပုံမှန်ကိုရောက်တယ်။ အခုနောက်ပိုင်းဆို ကယားပြည်နယ်တို့၊ ချင်းပြည်နယ်တို့ဘက်တွေကတောင် လာကြတယ်။

မေး။ ။ မဖြူဖြူသင်းတို့အနေနဲ့ လာရောက်တဲ့ HIV/AIDS ဝေဒနာရှင်တွေကို ဘယ်လိုအကူအညီမျိုးတွေ ဆောင်ရွက်ပေးတာပါလဲ။

ဖြေ။ ။ ကျမတို့လက်ရှိလုပ်နေတာက ကုသမှုအပိုင်းကို ဦးစားပေးပြီတော့မှ ပညာပေးမှုအပိုင်းက နောက်ကလိုက်တာပါ။ ကျမတို့ မြန်မာနိုင်ငံကတော့ တခြားနိုင်ငံတွေနဲ့မတူဘူး။ ကျမတို့က ပညာပေးမှုက အရမ်းကိုနောက်ကျနေပြီ။ အခုလက်ရှိ အခြေအနေမှာ ကျမတို့က ပညာပေးတာကို ဦးစားပေးလုပ်နေမယ်ဆိုရင် အခု HIV ဝေဒနာခံစားနေရတဲ့သူတွေက သေဆုံးကုန်တော့မယ်။ ဒါကြောင့် ကျမတို့က ဒီလူနာတွေရဲ့အသက်ကို ကယ်ပြီး ပညာပေးမှုကို လုပ်နေမယ်ဆိုရင်တော့ အဆင်ပြေမယ်။ ပညာပေးမှုချည်း သွားလုပ်နေမယ်ဆိုရင်တော့ HIV နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ သိပ်ထိရောက်မှု ရှိလိမ့်မယ်လို့ မမြင်ဘူး။ ဆေးဝါးကုသမှုကနေ ပညာပေးသွားလို့ရပါတယ်။ ကျမတို့ ဖွင့်ထားတဲ့ အိမ် (၃) အိမ်မှာ လက်ရှိ လူနာအယောက် (၁၀၀) နီးပါးရှိပါတယ်။

နယ်ကလူနာတွေ တည်းခိုဖို့ နောက်ကုသမှုနဲ့ပတ်သက်လို့ ဆရာဝန်တွေ ရှိတယ်။ ဆက်သွယ်ပေးတယ်။ နောက်လိုအပ်တာတွေ ဆေးဝါးပေးနိုင်သလောက်ပေးတယ်။ ဆေးဝါးကုသရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ဖို့ရော အားလုံးကို ကူညီဆောင်ရွက်ပေးပါတယ်။ အန်ဂျီအိုတွေဆီလည်း ပို့ပေးပါတယ်။ ARV ဆေးရနိုင်တဲ့ နေရာတွေကိုပေါ့နော်။ သူတို့ ဆေးဝါးကုသမှုအပိုင်းကို ကျမတို့အားလုံး ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ ကျမတို့ဆီရောက်လာသူတွေက
ရောဂါတွေကလည်း အနည်းဆုံး သုံးလေးမျိုးလောက် ဖြစ်နေကြတယ်။ မိသားစုက စွန့်ပစ်လိုက်တဲ့သူတွေတောင်ရှိပါတယ်။ အဲဒါမျိုးဆို သေဆုံးသွားတဲ့အထိ ကျမတို့က အားလုံးတာဝန်ယူ လုပ်ဆောင်ပေးပါတယ်။

သူတို့က ဒီမှာ ဆေးဝါးကုသမှုယူတယ်။ သက်သာသွားရင်၊ ကျန်းမာရေးကောင်းရင် သူတို့ဒေသပြန်ပြီး လုပ်လက်စအလုပ်တွေ ပြန်လုပ်ကြပါတယ်။ သူတို့ကို လက်ရှိတော့ ကျန်းမာရေးကောင်းတဲ့အထိ ဒီမှာထားထားတယ်။ နောက် အန်ဂျီအိုတွေ၊ ဆေးခန်းတွေ၊ ဆေးရုံတွေကို ကျမတို့လိုအပ်သလို ပို့ပေးပြီး ARV ဆေးသောက်ပြီး စိတ်ချရပြီဆိုရင် သူတို့နေရပ်ကို ပြန်ကြတာပေါ့။ ကျမတို့ အကူအညီပေးခဲ့တဲ့ ဝေဒနာရှင်ပေါင်းဟာ အခုအချိန်ထိဆို (၃) ထောင်နီးပါးရှိနေပါပြီ။ ဒါက ကျမတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဆက်သွယ်မှုယူတာကို ပြောတာပါ။

မေး။ ။ အခုလုပ်ဆောင်နေတဲ့ လုပ်ငန်းမှာ ၀န်ထမ်းအင်အားနဲ့ ထိရောက်မှုအတိုင်းအတာကို သိပါရစေ။

ဖြေ။ ။ အခုလောလောဆယ်တော့ အဖွဲ့ချုပ်က လူငယ်တွေ ရှိပါတယ်။ တိုင်းနယ်ပြည်နယ်အသီးသီးက လူငယ်တွေ (၅၈) ယောက်ရှိပါတယ်။ ဆရာဝန်အနေနဲ့ စေတနာ့ဝန်ထမ်းဆရာဝန်နဲ့ အဖွဲ့ထဲက ဆရာဝန်တွေရှိပါတယ်။ လူနာပြုစုစောင့်ရှောက် တာကတော့ ကျမတို့အဖွဲ့ဝင်တွေက လူနာရှင်တွေနဲ့ ပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်ကြတယ်။ အခုလက်ရှိအခြေအနေမှာ လူနာတွေနဲ့ပတ်သက်လို့ ကျမတို့အနေနဲ့ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက် တတ်လာတဲ့အခါကျတော့ စလုပ်တဲ့အချိန်က အခုချိန်ထိ လူနာတွေအတွက် ပိုအဆင်ပြေလာတယ်လို့ မြင်ပါတယ်။

မေး။ ။ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိပါသလား။

ဖြေ။ ။ ကျမတို့ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေကြေးမလုံလောက်တဲ့အခါကျ ကျမတို့အရမ်းပင်ပန်းတယ်။ လူနာတွေအတွက် ပင်ပန်းတာပါ။ ဒိထက်ပိုလုပ်ရမယ့်အလုပ်တွေ၊ လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ထင်သလောက် မလုပ်နိုင်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျလုပ်မယ်ဆိုရင်တော့ အများကြီး လိုအပ်နေပါသေးတယ်။

မေး။ ။ ဒီ HIV/AIDS နဲ့ပတ်သက်ပြီး အဓိက ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ခြုံငုံသုံးသပ်ရရင် ဒီရောဂါနဲ့ပတ်သက်လို့ လျော့ပါးသွားတယ်မဟုတ်ဘဲ ဆက်ပြီးကူးစက်နှုန်းရှိနေတယ်လို့ မြင်တယ်။ လက်ရှိမှာတော့ ARV ဆေးရသူတွေ သောင်းချီရှိပေမယ့် လိုနေတာက သိန်းချီလိုအပ်နေတာပါ။ ဒီရောဂါကူးစက်နှုန်းရော၊ သေဆုံးနှုန်းရော အခုထိ မြင်တွေ့နေရသေးတယ်။ ဒီရောဂါနဲ့ လူတော်တော်များများက သေဆုံးနေကြတယ်။

အစိုးရပိုင်းဆိုင်ရာကတော့ သတင်းစာတွေထဲမှာ ဘာတွေလုပ်တယ်၊ ဘယ်လိုလုပ်တယ်ဆိုတာ ပြောတာပေါ့။ ကျမတို့ မြင်တာကတော့ ထိရောက်မှုမရှိဘူးလို့မြင်တာပဲ။ အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်တယ်ဆိုရင် ဒီရောဂါဟာ တန့်သွားရမှာ။ အခုက ရောဂါလည်း တန့်မနေဘူး၊ ရောဂါဖြစ်တဲ့သူတွေကလည်း များလာတယ်။ နောက်နှစ်တွေမှာ ဘယ်လောက်ထိ တိုးလာမယ်ဆိုတာ ခန့်မှန်းလို့မရသေးဘူး။ ဒါကြောင့် မြန်မာပြည်မှာ ဒီရောဂါအခြေအနေဟာ ဒီအတိုင်း ဆက်သွားနေရင် အတော်ကို စိုးရိမ်ရတဲ့အခြေအနေမှာ ရောက်နေပါတယ်။



http://www.khitpyaing.org/interviews/Dec09/221209.php

ဟန်ဆောင်တာတွေများလွန်းနေပြီ။

ဒီနေ့ထုတ် ဟာသစာစောင်မှာ ပါတဲ့ ရထားလမ်းပိုင်းဖွင့်ပွဲသတင်းမှာပါတဲ့ ခရီးသွား ပြည်သူတွေရဲ့ပုံတွေပါ


သမိုင်းထဲကရုပ်ရှင်၊ ရုပ်ရှင်ထဲက သမိုင်း


ချိုကိုစံ


နိုင်ငံတစ်ကာနဲ့ တွဲဖက်ပြီးရိုက်တဲ့၊ နိုင်ငံတစ်ကာက ရိုက်တဲ့ မြန်မာနိုင်ငံအကြောင်း၊ မြန်မာ့သမိုင်းအခြေပြု၊ မြန်မာနိုင်ငံ နောက်ခံ ဇာတ်လမ်းလေးတွေ စုစည်းပေးထားပါတယ်။ သမိုင်းထဲကရုပ်ရှင်၊ ရုပ်ရှင်ထဲက သမိုင်းတွေပါ။

ဗမာ့စောင်း
မူရင်းဂျပန် ဂျပန်ဘာသာဖြင့် (ビルマの竪琴 Biruma no tategoto)ကိုမြန်မာ ဘာသာဖြင့် "ဗမာ့စောင်း" ဟာ ဒါရိုက်တာ Kon Ichikawa ရိုက်ကူးသော စစ်ဆန့်ကျင်ရေး အဖြူအမဲ ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်စုကို ဇာတ်အိမ်တည်ထားကာ မြန်မာပြည်တွင် လာရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည် ရိုက်ကွင်းများအတွက် အေဝမ်း ရုပ်ရှင်မှ ကူညီပေး ခဲ့သည်။ ဒါရိုက်တာ Kon Ichikawa အား ကမ္ဘာကသိစေခဲ့သော အော်စကာဆု နောက်ဆုံး စကာတင် စာရင်းဝင်ခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။ ကမ္ဘာ့စစ်ကြီး တွေ ရဲ့ ရူးသွပ် ကြောက်မက်ဘွယ် ကောင်းမူ တွေ ကြား ထဲ က.. လူတယောက် ချင်း စီမှာ ရှိ နေ နိုင် တဲ့ လူသားစိတ် ကလေး ကို၊ အနု ပညာ မြောက် အောင် ဖော် ပြ ထား တာတွေ့ရသည်။

ဗမာ့စောင်း ဇာတ်ကားကြည့်ရန် နေရာ။

Beyong Yangon
ဟောလီးဝုဒ်ကရိုက်တဲ့ ၈၈ အရေးအခင်းအကြောင်းဇာတ်ကားပါ။ လော် ရာ (Patricia Arquette) က သူ့ခင်ပွန်းသည်နဲ့ သားအ သတ်ခံရပြီး မြန်မာပြည်ကိုရောက်နေတဲ့ အချိန်မှာ ၈၈ ဖြစ်ပါတယ်။ ဆနပြနေတဲ့ မြန်မာပြည်သူတွေအကြားတိုးဝှေ့ရင်း သူ့ရဲ့ပတ်စ်ပို့ပျောက်သွားပါ တယ်။ သူ ကိုယ်တိုင် ရုန်းကန်ရင်း ကျောင်းသားခေါင်းဆောင်တွေနဲ့ ဦးအောင်ကိုဆိုတဲ့ ဆရာဟောင်း တစ်ဦးနဲ့တွေ့ပြီး စစ်တပ်ရဲ့ ရက်စပ်မှု တွေကြားက ထိုင်းနိုင်ငံကို အရောက်ပြေးရတဲ့ ဇာတ်လမ်း ပါ။ ဟောလီးဝုဒ်ဇာတ်ကားပီပီ မြန်မာတွေထက် အမေရိကန်အမျိုးသမီး လော်ရာကို ပဲ အသားပေးထားပေမဲ့ အဖြစ်မှန်ကိုအခြေခံထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

Beyong Yangon ဇာတ်ကားကြည့်ရန်နေရာ။

Rambo 4
ထိုင်းနိုင်ငံမှာ မြွေဖမ်းတောလိုက်ပြီးနေထိုင်နေတဲ့ ရမ်ဘိုကို အမေရိကန်နိုင်ငံက ခရစ်ယာန် သာသနာပြုအဖွဲ့တစ်ဖွဲ့က သူတို့ကို မြန်မာပြည်ထဲလိုက်ပို့ဖို့လာခေါ်ပါတယ်။ အစပိုင်းမှာ ငြင်း ပေမဲ့ သာသနာပြုအဖွဲ့ဝင်တွေကို မြန်မာစစိအစိုးရတပ်က ပြန်ပေးဆွဲသွားတဲ့အတွက် ရက်စက်ရမ်းကားတဲ့ မြန်မာအစိုးရကို အံတုပြီး သွားကယ်တဲ့ဇာတ်လမ်းပါ။ လို မြန်မာ့အရေး ထက် ရမ်ဘိုကိုဦးစားပေးပေမဲ့ မြန်မာအစိုးရကိုတော့ ထင်ဟပ်ပါတယ်။

Rambo 4 ဇာတ်ကား ကြည့်ရန်နေရာ။

Bang Rajan
ယိုးဒယားပြည် စစ်ရုံးခဲ့စဉ်က ဗမာစစ်တပ်ကို အရုံးမပေးဘဲ ခံတိုက်ခဲ့တဲ့ ရွာလေးတစ်ရွာအကြောင်းပါ။ တော်ဝင် ဘုရင့်တပ်မတော်မှ အကူအညီမပါဘဲနှင့် ဗမာစစ်သားများကို ရွာကိုမသိမ်းနိုင်အောင် အချိန်အတော်ကြာခုခံခဲ့တဲ့အကြောင်းပါ။တိုက်ပွဲမှာ ကလေးတွေ၊ မိန်းမတွေပါ အပါ တိုက်ခိုက်၊ သေကြေကြတဲ့အကြောင်း ဗမာစစ်တပ်ကို ရက်စက်ကျမ်းကျုတ်သူများအသွင် သရုပ်ဖေါ် ရိုက်ကူးထားပါတယ်။

Bang Rajan ဇာတ်ကား ကြည့်ရန်နေရာ။

ခရမ်းရောင်လွင်ပြင်
၁၉၅၄ ခုနှစ်ကရိုက်ကူးပြီး ပထမဦးဆုံးမြန်မာအမျိုးသမီး၊ ဇာတ်ဆောင်ပါဝင်သည့်အင်္ဂလိပ် ရုပ်ရှင် ဇာတ်ကားဖြစ်သည်။ သီရိလင်္ကာတွင်ရိုက်ကူးသ ည်။ဒေါ်ဝင်းမင်းသန်းသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၏ဇနီးဖြစ်သည်။

ခရမ်းရောင်လွင်ပြင် ဇာတ်ကားကြည့်ရန်နေရာ။

ချစ်သောအရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ
ပုဂံသမိုင်း ဇာတ်ကားလေးပါ။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးပါတယ်။ လူမင်း၊ နန္ဒာလှိုင် တို့အဇိကပါဝင်ထားပါတယ်။ ပုဂံခေတ် အရည်းကြီး သာသနာကို တိုက်ဖျက်ကာ၊ ဗုဒ္ဒသာသနာ စတင်ထွန်းကားလာအောင် ဆောင်ရွက်ခဲ့ပုံများကို မှတ်တမ်း၊ ဇာတ်လမ်း အသွင် သရုပ်ဖေါ်ရိုက်ကူးထားပါတယ်။

ချစ်သောအရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ ဇာတ်ကား ကြည့်ရန်နေရာ။

Burma VJ
သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ရုပ်ရှင်ကား ဖြစ်သည်။ Burma VJ မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင်ကားသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအတွင်း သတင်းသမားများနှင့် အတိုက်အခံတို့ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် စွန့်စားလှုပ်ရှားခဲ့ရပုံအကြောင်း အသားပေး ဖော်ပြရိုက်ကူးထားခြင်း ဖြစ်သည်။ ဤဆန္ဒပြပွဲကို နောင်တွင် `ရွှေဝါရောင်တော်လှန်ရေး´ ဟု ခေါ်ဝေါ်ခဲ့ကြသည်။

Burma VJ ဇာတ်ကားကြည့်ရန်နေရာ။

The World at War (It's a lovely day tomorrow: Burma 1942-44)
ဒုတိယကမ္ဘာစစ် မှတ်တမ်းရုပ်ရှင်။ Documentry ဖြစ်ပါသည်။

The world at war ဇာတ်ကား ကြည့်ရန်နေရာ။


Who really killed Aung San?
BBC မှရိုက်ကူးထားတဲ့ documentry type ရုပ်ရှင်မှတ်တမ်းဖြစ်ပါတယ်။ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပါတ်သက်တဲ့ ရှားရှားပါးပါး video clips များလည်း အသုံးပြုထားပါတယ်။ မြန်မာနိုင်ငံသားတိုင်းကြည့်ရှူသင့်တဲ့ video တစ်ခုပါပဲ။

Who really killed Aung San ကြည့်ရန်နေရာ။



ရှာလို့မရသေးတဲ့၊ မရနိုင်တဲ့ ရုပ်ရှင်ကားများကတော့

“နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - Orphans of Burma Cyclone” ကို ဒီဗွီဘီ (Democratic Voice of Burma – DVB) တီဗွီ သတင်းထောက် တီနဲ့ ဇက်တို့ မှ နအဖရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြီးမားနေတဲ့ အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ယခုအခါမှာ ဒီမှတ်တမ်းရုပ်ရှင်ဟာ Rory Peck ဆုပေးဖို့ လန်ဒန်ရှိ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ထားပါတယ်။
နမူနာကိုဒီမှာကြည့်နိုင်ပါတယ်။
Cyclone Orphanage

ဂျာနယ်ကျော်မမလေး ၏ သွေး ရုပ်ရှင်
ဇာတ်ကား၏ screen shots အချို့ကြည်ရန်။
သွေး wiki link

ဒါရိုက်တာ ဦးညီပု၏ ဂျပန့်ရင်သွေး ရုပ်ရှင်
ဂျပန့်ရင်သွေး wiki link