Wednesday, December 23, 2009

23 DEC ဒိုင်ယာရီ

http://ifile.it/ktc039a 23 Dec 2009 Diary

ဝတပ်ဖွဲ့ နယ်ခြားစောင့်တပ် လက်ခံဖို့ဆိုတာ




၂၃ ဒီဇင်ဘာ ၂၀၀၉

ပေါက်ပေါက်



နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းဖို့ အခုချိန်အထိ ငြင်းဆန်နေတဲ့ အပစ်ခတ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းတွေအနက် ရှမ်းပြည်နယ် အထူးဒေသ (၂)၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါ် ၀တပ်ဖွဲ့ဟာ သက်တမ်းအနုဆုံးအဖွဲ့ ဖြစ်သော်ငြား နအဖနဲ့ ဆွေးနွေးရာမှာတော့ တင်းတင်းမာမာ အဖြစ်ဆုံးပါ။

ဒီလိုဖြစ်နေတာကလည်း မိမိရဲ့လူသူလက်နက်အင်အား၊ တိုက်ခိုက်စွမ်းရည်ကို ယုံကြည်တာထက် မိမိတို့ရဲ့နယ်မြေ၊ ပစ္စည်းဥစ္စာဓန ကာကွယ်လိုစိတ်အပေါ် အခြေခံထားတယ်ဆိုတာကို ၀တပ်မှူးတွေနဲ့ စကားပြောခွင့်ကြုံတိုင်း သတိထားမိပါတယ်။ တနည်းအားဖြင့် မိမိဒေသကာကွယ်ရေး တရားသောစစ်ပွဲ ဆင်နွှဲဖို့အတွက် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ထားနေကြပုံရပါတယ်။

ဝတပ်ဖွဲ့ဟာ ပြည်သူ့စစ်တပ်ဖွဲ့အပါအ၀င် လက်နက်ကိုင်စစ်သည်အင်အား (၃) သောင်းဝန်းကျင် ရှိနိုင်တာမို့ အခြားသော အပစ်ရပ်အဖွဲ့တွေထက် အင်အားအတောင့်တင်းဆုံးလည်း ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ဒီအင်အားနဲ့ စစ်အာဏာသိမ်း အနှစ် (၂၀) ကျော်ကာလတလျှောက်လုံး အင်အားတိုးချဲ့၊ လက်နက်တပ်ဆင်မှုတွေ အမြဲမပြတ်လုပ်လာခဲ့တဲ့ နအဖတပ်ကို ရေရှည်ခုခံတိုက်ခိုက်ဖို့ဆိုတာ လုံလောက်တဲ့ အင်အားတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိမိနယ်မြေနဲ့ ဥစ္စာပစ္စည်းဓန အဆုံးရှုံးမခံရရေးအတွက် စစ်ပွဲကို မတိုက်လိုသော်ငြား တိုက်ပွဲဝင်ဖို့တော့ အသင့်ပြင်ထားကြပါတယ်။

ဝတပ်ဖွဲ့အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသေးတဲ့ အဓိကအကြောင်းတခုက နအဖဘက်က ပေးထားတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကတိက၀တ်တွေ ချိုးဖျက်ခံထားရပြီး ယုံကြည်မှု ကင်းမဲ့နေလို့ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်း၊ အပစ်ခတ်ရပ်စဲရေး လုပ်ကြတော့ နိုင်ငံရေးကိစ္စကို နောင်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမူအောက်မှာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ နောင်တက်လာမယ့် အစိုးရ ဆိုတဲ့စကားကို နအဖဘက်က လက်မခံတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဖြေရှင်းမယ်ဆိုပြီး ဖိအားပေး အကျပ်ကိုင်နေပါတယ်။ အခုနောက်ဆုံး ဒီနှစ်မကုန်ခင် နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ အကြောင်းပြန်ရမယ်လို့ ဖိအားပေးနေပါတယ်။

အပစ်ခတ်ရပ်စဲရေးလုပ်တဲ့အချိန်က စီးပွားရေးကို လွတ်လပ်စွာ လုပ်ခွင့်ရတဲ့ အခြေအနေအောက်မှာ ၀တပ်ဖွဲ့က မူးယစ်ဆေးဝါး ထုတ်လုပ်ခဲ့ကြပါတယ်။ ထွက်ရှိလာတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းလမ်းကြောင်းတွေကသာ သယ်ယူနေခဲ့တာမို့ နအဖ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်တွေလည်း ဘိန်းဆက်ကြေးတွေ ရခဲ့မှာပါ။ အထူးသဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေဖြစ်ခဲ့တဲ့ ယခု နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ကွတ်ခိုင်စစ်ဗျူဟာမှူး လုပ်သွားခဲ့တဲ့ ဗိုလ်မှူးကြီး စိုးရီနဲ့ စံရွှေသာတို့ဟာ ၀တပ်ဖွဲ့ဆီက လာဘ်ငွေတွေ ရသွားခဲ့တယ်လို့ ၀တပ်ဖွဲ့သတင်းရပ်ကွက်က အခိုင်အမာ ပြောနေပါတယ်။

အမေရိကန်အစိုးရက ၀ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လာတာနဲ့ တရုတ်အစိုးရရဲ့ ပြောဆိုဖိအားပေးမှုတွေကြောင့် မူးယစ်ဆေးဝါးလုပ်ငန်းကို ရပ်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်၊ ဇွန်လမှာ ဘိန်းကင်းလွတ်ဇုန် (Opium free Zone) အဖြစ် ကြေညာပြီး တဘက်ကလည်း ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းတွေကို နိုင်ငံတကာ အန်ဂျီအိုအဖွဲ့စည်းတွေ အကူအညီနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

ဝတွေအနေနဲ့ ဒီလိုအပြုသဘောဆောင်တာတွေ လုပ်ခဲ့ပေမယ့် နအဖဘက်က လျစ်လျူရှုခဲ့တာတွေ ရှိခဲ့ပါတယ်။ ဘိန်းအစားထိုးသီးနှံ ပန်းဂျုံစိုက်ပျိုးရေး စီမံကိန်းဆိုတာတွေကလည်း နအဖဘက်က ပံ့ပိုးကူညီမှု မရှိတာကြောင့် ပျက်စီးသွားရပါတယ်။ ဘိန်းစိုက်တောင်သူတွေကို ကုလသမဂ္ဂ ဒဗလျူအက်ဖ်ပီက နအဖကတဆင့် ဆန်ထောက်ပံ့ဖို့ ငွေကြေးပေးပေမယ့် နအဖက ဆန်အကျိုးအကြေတွေ၊ သဲ၊ ခဲတွေ ပါတဲ့ ဆန်ညံ့တွေကို ၂၀၀၇ ခုနှစ်က ထောက်ပံ့ခဲ့ပါတယ်။ ဆန်ညံ့တွေ ပေးလာတဲ့ လုပ်ရပ်အပေါ် အတော်လေး မကျေမလည် ဖြစ်ခဲ့ကြပါတယ်။ ဒီလိုဖြစ်လာတော့ ၂၀၀၈ ခုနှစ်အတွက် တရုတ်အစိုးရကတဆင့် ပေးခိုင်းရတဲ့အထိ ဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ်အတွက်ကျတော့ မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလို နအဖဘက်က သဘောတူလက်မှတ်မထိုးလို့ ထောက်ပံ့ဆန် မရရှိတော့ပါဘူး။

စစ်ရေးအရ ကြည့်မယ်ဆိုရင်လည်း ခွန်ဆာ ဦးဆောင်တဲ့ MTA တပ်ဖွဲ့တွေ လက်နက်ချလာအောင် စစ်ရေးအရ နအဖက ဖိအားပေးတဲ့နေရာမှာ ၀တပ်တွေကို ဆွဲထုတ်အသုံးချခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ခွန်ဆာတပ်ဖွဲ့တွေ တိုက်တဲ့နေရာမှာ ၀ စစ်သည်အင်အား ရာနဲ့ချီ ကျဆုံးခဲ့ရပါတယ်။ ရွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တပ်မတော်နဲ့ တိုက်တဲ့နေရာမှာလည်း စစ်သည် (၃၀၀) ကျော် ကျဆုံးကာ (၇၀၀) ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒါတွေဟာ သူတို့ နိုင်ငံရေးနားမလည်တော့ နအဖရဲ့ အသုံးချတာကို ခံလိုက်ရတယ်လို့ ၀တပ်မှူးက ပြောပါတယ်။

အခု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဆောင်ရွက်စဉ်တုန်းက ၀တပ်တွေဟာ ပန်ဆန်းကနေ ကားတန်းတွေနဲ့ နေရောညပါ ချီတက်ပြီး ရှမ်းတပ်မတော်နဲ့ သွားတိုက်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက နအဖတပ်တွေရဲ့ တိုက်ရည်ခိုက်ရည် ညံ့ဖျင်းပုံအကြောင်း ၀တပ်မှူးရဲ့ ပြောပြချက်ကလည်း စိတ်ဝင်စားစရာပါ။

“ကျနော်တို့တပ်တွေက တောင်ကုန်း (၂၂) ကုန်း သိမ်းပြီးချိန်မှာ ဗမာတပ်က တောင်ကုန်း (၁) ကုန်းမှ မသိမ်းနိုင်သေးဘူး။ အဲဒီတောင်ကုန်းကိုလည်း ကျနော်တို့တပ်တွေနဲ့ ပေါင်းပြီးသိမ်းမှ ရလိုက်တယ်။ ကျနော်တို့ ရဲဘော်တွေ သေကျေ၊ ထိခိုက်ဒဏ်ရာရတာ (၁,၀၀၀) လောက်ရှိတယ်၊ ကျိုင်းတုံဆေးရုံမှာပဲ တင်ခဲ့ရတယ်။ အဲဒီတုန်းက ကျည်တွေဆိုလည်း နအဖဘက်က လိုသလောက် ထပ်ဖြည့်ပေးတယ်။ ရိက္ခာတွေ၊ ဆေးဝါးတွေ အစုံထောက်ပံ့ပေးနေတယ်။ ၀တွေ ဒီလောက်တိုက်နေတာတောင် သူတို့က မတိုက်နိုင်ရကောင်းလား၊ တပ်မတော် သိက္ခာကျတယ်ဆိုပြီး ဗိုလ်မောင်အေးက ကျိုင်းတုံကို လာပြီး သိန်းစိန်ကို ဆူပူကြိမ်းမောင်းသွားသေးတယ်” လို့ ၀တပ်မှူးက ရိုးရိုးသားသား ပြောပြခဲ့ပါတယ်။

နအဖဘက်က စစ်မတိုက်တတ်ဟန်ဆောင်ပြီး ၀ကို ပရိယာယ်ဆင် စစ်တိုက်ခိုင်းကာ သေကျေခိုင်းခဲ့တယ်ဆိုရင်တော့ ၀တွေအပေါ် နအဖရဲ့အကြွေးက နည်းနည်းနောနောမှ မဟုတ်ဘဲနော။

ရှမ်းတပ်မတော်နဲ့ တိုက်ခဲ့ရတဲ့ ကာလ၀န်းကျင်ကတည်းက ထိုင်းနယ်စပ်မှာ ၀တပ်တွေ အခြေချနေပါပြီ။ အမှန်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရှိစဉ် ၁၉၈၀ ကာလများကတည်းက ဘိန်းစားကျက်လုရင်း လွယ်မော် တပ်ဖွဲ့တွေကို တိုက်ကတည်းက ဗကပအလံအောက်မှာ ၀တွေ အခြေချနေခဲ့တာပါ။ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာတော့ ယခုအခါ အဖမ်းခံထားရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တရုတ်အစိုးရတို့ရဲ့ အစီစဉ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ၀မိသားစုတွေ ထိုင်းနယ်စပ် ရှမ်းပြည်တောင်ပိုင်းကို ရွှေ့ပြောင်းရေးစီမံကိန်းကို ပြုလုပ်ခဲ့ပါတယ်။

ဖုန်းဆိုးမြက်ရိုင်းတောကြီးတွေ ခုတ်ထွင်ရှင်းလင်းပြီး နှစ်တို၊ နှစ်ရှည် သီးနှံပင်တွေ စိုက်ပျိုးဖို့ လူဦးရေ (၁) သိန်းကျော် ပို့ဆောင်အခြေချစေခဲ့ပါတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာသေဆုံးမှုတွေကလည်း ထောင်နဲ့ချီရှိခဲ့ပါတယ်၊ ထိုင်းနယ်စပ် ၀မ်ဟုန်ဒေသမှာ ၀တပ်ဖွဲ့ရဲ့ တပ်မဟာ (၁၇၁) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှမ်းမြောက်က ၀တွေဟာ မြို့ပြတခုလို ထူထောင်၊ စီးပွားရေးတွေ လုပ်ကိုင်နေပါတယ်။ အခုအခါမှာတော့ တပ်မဟာ (၁၇၁) ကို ပန်ဆန်းကို ရွှေ့ပြောင်းဖို့ နအဖက ပြောနေတော့ ကျန်ခဲ့တဲ့ စီးပွားရေးတွေအတွက် ဘယ်လိုအာမခံချက်ပေးမလဲ ဆိုတဲ့အပေါ် ၀တပ်ဖွဲ့မိသားစုတွေ မေးခွန်းထုတ်နေကြပါပြီ။

နအဖရဲ့ ညောင်နှစ်ပင်ဖွဲ့စည်းပုံကနေ ဗကပလက်ထက်ကတည်းက လက်လွှတ်ခဲ့ရတဲ့ ဟိုပန်နဲ့ မက်မန်းမြို့နယ်ကို ၀တိုင်းဒေသကြီးထဲ ဆွဲထည့်ပေးလိုက်ပေမယ့် အဲဒီနေရာတွေဟာ ၀တပ်ဖွဲ့မိသားစုရဲ့ စီးပွားရေးရင်းနှံမြှုပ်နှံမှု မရှိတဲ့နေရာမို့ ၀တပ်ဖွဲ့အတွက် မက်မောစရာ ရှိမယ်မထင်ပါဘူး။

ဝတပ်ဖွဲ့က တောင်းဆိုနေတဲ့ မိုင်းပေါက်၊ မိုင်းဖျန်ကို မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲ ထည့်ပေးဖို့ ပြောနေတာဟာ လုံခြုံရေးအာမခံချက်အတွက်ပါ။ မိုင်းပေါက်၊ မိုင်းဖျန်ဆိုတာ ဗကပတွေနဲ့ ၀တပ်ဖွဲ့ အစဉ်အဆက် တပ်စွဲလာခဲ့တဲ့ ဒေသဖြစ်ပြီး အခုလောလောဆယ် ၀တွေရဲ့ မိသားစုဝင်တွေ ရာဘာစိုက်ခင်းအပါအ၀င် စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေသလည်းဖြစ်ပါတယ်။ အဲဒီနယ်မြေတွေကို ၀တပ်ဖွဲ့က စွန့်လွှတ်လိုက်ရရင် ကျန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံမှုအပေါ် စိုးရိမ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် မိုင်းပေါက်နဲ့ ၀ဌာနချုပ် ပန်ဆန်းအကြားမှာ ပန်ဆန်းမြို့ကို စိုးမိုးထားတဲ့ တောင်ကုန်းရှိနေပြီး စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်းကို မစွန့်လွှတ်ချင်တာလည်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် နယ်ခြားစောင့်တပ်ကို ၀တပ်ဖွဲ့ လက်ခံမယ်ဆိုရင်တောင် နောင်တချိန် စစ်ပြန်တိုက်ကောင်းတိုက်ရမယ်ဆိုတဲ့ ၀ခေါင်းဆောင်တွေရဲ့ စစ်ရေးအမြင်ကြောင့်ဖြစ်ပြီး နအဖအပေါ် ယုံကြည်မှုမရှိတာကို ပြသနေတာပဲ မဟုတ်ပါလား။

တကယ်တော့ နအဖရဲ့ တနပ်စားဉာဏ်ကြောင့် စိတ်နာကျင် ခံစားလိုက်ရတဲ့ ၀လူမျိုးတွေအနေနဲ့ ဗမာလူမျိုးအပေါ်မှာ ယုံကြည်မှုကင်းမဲ့သွားရင် ပြည်ထောင်စုကြီးအတွက် အလားအလာ မကောင်းတာတော့ သေချာတယ်။



http://www.khitpyaing.org/articles/Dec09/231209.php

နအဖကို အရှ်ိုက်ထိစေမယ့် လက်နက်ကောင်း



နအဖကို အရှ်ိုက်ထိစေမယ့် လက်နက်ကောင်း



mmhg


ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုမှု မအောင်မြင်ခဲ့ရင် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေမှာ ထားရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝ ဓာတ်ငွေ့တွေ ရောင်းရတဲ့ငွေ အမြောက်အမြားကို အိုဘားမား အစိုးရက ထိန်းချုပ်ထားနိုင်ပါတယ်။

အခု အချိန်အထိတော့ အဲဒီလမ်းကို ရွေးချယ်ဖို့ အိုဘားမား အစိုးရက ဆိုင်းငံ့လျက် ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ဖို့၊ ရှောင်ရှားဖို့ ဘဏ်တွေကို ဖိအားပေးခြင်းဟာ အစွမ်းထက်တဲ့
စီးပွားရေး လက်နက်ကောင်း ဖြစ်နိုင်ပါတယ်။ ပုံစံအားဖြင့် မြောက်ကိုရီးယားကို အနုမြူလက်နက်တွေ ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက် ပျက်ပြားစွန့်လွှတ်ရေးအတွက် တွန်းအားပေးဖို့ ဒီ စီးပွားရေး လက်နက်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက်က ဘဏ်တွေကို ဖိအားပေးဖို့ အိုဘားမား အစိုးရကို အာဏာ ပေးထားခဲ့ပါတယ်။ အချို့လူ့အခွင့်အရေး အုပ်စုတွေကလည်း သမ္မတ အိုဘားမား ဒီနည်းလမ်းကိုသုံးဖို့ လိုလားလျက်ရှိနေပါတယ်။ အနည်းဆုံးတော့ တိုက်ရိုက် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင်ပေါ့။ အိုဘားမား အစိုးရက စေ့စပ်ဆွေးနွေးမှု ပျက်ပြားခဲ့ရင် ပိုမိုပြင်းထန်တဲ့ အရေးယူမှု ပြုလုပ်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒီသတိပေးချက်ကပဲ စစ်ခေါင်းဆောင်တွေအဖို့ အမေရိကန်ကို ညှိနှိုင်းဆွေးနွေးလာစေတဲ့ အားတခုဖြစ်ခဲ့ပါတယ်။ “မြန်မာအစိုးရနဲ့ ယင်းကို အားပေးထောက်ခံသူတွေအပေါ် စီးပွားရေးပိတ်ဆို့ရေးကို မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာမယ့် ဖြစ်ရပ်အခြေအနေတွေအရ တုံ့ပြန်သွားဖို့ ကျွန်ုပ်တို့ ထိန်းသိမ်းထားပါ့မယ်” လို့ အိုဘားမားရဲ့ အရှေ့တောင်အာရှ ထိပ်တန်းကိုယ်စားလှယ် ကွတ် ကမ်ဘဲလ်က လွှတ်တော်အမတ်တွေကို ၂၀၀၉ စက်တင်ဘာမှာ ပြောကြားသွားပါတယ်။

အိုဘားမားကိုယ်တိုင်ကလည်း သူ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံပွဲမှာ မြန်မာနိုင်ငံနဲ့ အခြေအနေကောင်းတွေ ဖြစ်နိုင်ခြေရှိတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးပိတ်ဆို့မှု မအောင်မြင်ခဲ့တာတွေကို၊ မြန်မာစစ်ခေါင်းဆောင်တွေ အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ်တွေမှာ သူတို့ရဲ့ ငွေတွေ သိမ်းဆည်းလွှဲပြောင်းတာတွေ မလုပ်နိုင်အောင် ဖြစ်စေမယ့် ဒီစီးပွားရေးလက်နက်က စွမ်းဆောင်နိုင်ကောင်းတယ်လို့ သုံးသပ်ကြပါတယ်။ စစ်အစိုးရတန်ဖိုးထားတာက ပြင်ပကမ္ဘာနဲ့ ကုန်သွယ်မှုမဟုတ်ဘဲ ကုန်သွယ်မှုကြောင့်ရလာတဲ့ ငွေတွေကို သိမ်းဆည်းအသုံးချရေးပဲ ဖြစ်ပါတယ်။

စစ်အစိုးရက ငွေတွေကို ဘဏ်စာရင်းအပ်နှံတာနဲ့ အဲဒီငွေတွေကို အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ်မှာ သုံးစွဲလို့မရအောင် အမေရိကန်အစိုးရက တားဆီးလာနိုင်ပါတယ်။

၂ဝဝ၇ ခု ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ဖမ်းဆီးလိုက်ချိန်မှစပြီး အမေရိကန် ဘဏ္ဍာရေးအရာရှိတွေက စစ်စိုးရရဲ့ လူ ၄ဝ နဲ့ လုပ်ငန်း ၄၄ ခုကို ‘ပစ်မှတ်ပိတ်ဆို့မှု’
ပြုလုပ်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဘဏ်လုပ်ငန်းမှာ ငွေသွင်းငွေလွှဲ ပြုလုပ်ခြင်းမှ ပိတ်ပင်တားဆီးလိုက်ပါတယ်။

စီးပွားရေးပိတ်ဆို့ဖြင့် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေနဲ့ ဆက်သွယ်လုပ်ဆောင်မှုတွေကိုပါ အကျိုး သက်ရောက်မှု ရှိစေမယ့် အခြေအနေတွေ ပြဋ္ဌာန်းနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေက ၂၀၀၈ ခုနှစ်မှာ ခွင့်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချမှု တိုးတက်အောင်မြင်နေပါတယ်။

ရောင်းရငွေတွေကို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံလွှဲပြောင်းပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်လုပ်ကိုင်နေတဲ့ ဘဏ်တွေကို သူတို့၏ အမေရိကန်ဘဏ်လုပ်ငန်းနဲ့ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်နိုင်ကြောင်း လုပ်ပိုင်ခွင့် အသစ်အရ အမေရိကန်က သတိပေးတားမြစ်နိုင်ပါတယ်။ ၂၀၀၅ ခုနှစ်က ဒီ စီးပွားရေးလက်နက်ဖြင့် မြောက်ကိုရီးယားကို အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ်ကနေ အမေရိကန်က ထိရောက်စွာ ထုတ်ပစ်နိုင်ခဲ့ပြီး သမ္မတ ကင်းမ်ဂျွန်အီးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။

အီရန်အပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်မှုကြောင့် ကရက်ဒစ်ဆူဇီဘဏ်ဟာ ဒေါ်လာ ၅၃၆ သန်း ဒီလအတွင်းမှာ ဒဏ်ငွေဆောင်ရပါတယ်။ လစ်ဗျား၊ ဆူဒန်နဲ့ မြန်မာနိုင်ငံအတွက်လည်း ငွေလွှဲပြောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြောင်းလည်း အစွပ်စွဲခံခဲ့ရပါတယ်။ ဒီဘဏ်ကြီးရဲ့ အခုဖြစ်ရပ်ကို ကျန် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေကလည်း သင်္ခန်းစာယူကြမှာ မလွဲပါဘူး။

ဒီလိုဆို နအဖ လက်ဝါးကြီးအုပ်ထားတဲ့ ဂက်ဆိုဒေါ်လာ (GASO-DOLLAR) နဲ့ နာခိုဒေါ်လာ (NARCO-DOLLAR) တွေကို လုံခြုံအောင် ဘယ်လိုသိမ်းမလဲ။ ဘယ်လိုလွှဲမလဲ။ နအဖ တမိသားလုံး ယူကြုံးမရ အပူလုံးကြွ စိုးရိမ်ဗျာပါဒတွေ ပိုရပြီပေါ့။ စင်္ကာပူရော ကူနိုင်ဦးမလား။ မလေးရှားရော ကူနိုင်ဦးမလား။ အာဆီယံရော ဖေးမနိုင်ပါဦးမလား။ ဝ ကလည်း ထိ၊ တရုတ်ကလည်း ငြိ၊ အမေရိကန်ကလည်း ဖိလာနေကြပြီ။ အခက်တွေကြုံနေရပြီ။ ထွက်ပေါက်ကို အသည်းအသန်ရှာနေရပြီ။ တကယ်တော့ ခက်မယောင်နဲ့ လွယ်ပါတယ်။ လွယ်တာကို ခက်အောင် နအဖ မလုပ်ဖို့ဘဲ လိုပါတယ်။ အချိန်မီနေပါသေးတယ်။

ညှိနှိုင်းဆွေးနွေးပွဲကို အပီအပြင်လုပ်၊ ၂ဝဝ၈ အခြေခံဥပဒေကို အများသဘောတူပြင်ဆင်၊ မတရား ဖမ်းဆီးထားသူတွေကို ချက်ချင်း ခြွင်းချက်မရှိလွှတ်၊ အလုံးစုံပါဝင်နိုင်မယ့် တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့
ပြည်သူ့ကိုယ်စားလှယ်ကောင်းတွေကို ရွေးချယ်ပေး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ပြည်သူ့အစိုးရတရပ်ကို ဖွဲ့စည်းထူထောင်ပေးလိုက်ရုံပါပဲ။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ မလုပ်နိုင်သေးလည်း အပြစ်တင်ကြမှာ မဟုတ်ပါဘူး။

ဒီအချက်တွေသာ ဆောင်ရွက်ပေးလိုက်ရင် ကမ္ဘာသူကမ္ဘာသားအားလုံးက သာဓုအနုမောဒနာ ခေါ်ကြမှာပါ။ ပြုမိုက်မိတဲ့ ဒုစရိုက်အမှုတွေလည်း လွတ်ငြိမ်းသာခွင့်ရမှာ မလွဲပါ။ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေလည်း ပြန်တောင်းချင်မှ တောင်းမှာပါ။ လိမ္မာရင် အိမ်ပါမှာပါ။ ဒါကြောင့် အစွမ်းထက်တဲ့ ဒီစီးပွားရေးလက်နက်ဟာ မြန်မာနိုင်ငံသားတွေအတွက် မျှော်လင့်ချက် ရောင်ခြည်တန်းတခုလို့ ဆိုရပေမယ်။ နအဖရဲ့ သဘောထား အချက်အလက် ပြောင်းစေနိုင်မယ့် လက်နက်ကောင်းလို့လည်း သုံးသပ်ရပေတယ်။

http://www.mizzimaburmese.com/edop/songpa/4434-2009-12-23-10-00-01.html

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုဆုံးဖြတ်မှာတုန်း




Wednesday, 23 December 2009 18:20 ဗမာကြီး

ဒီမိုကရေစီ အင်အားစုများ အကြားတွင် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး မြန်မာပြည်အတွက် တခုခုတော့ ကောင်းမည်ဟု အကျယ် အပြန့် တွေးထင် ယုံကြည်နေကြသည်။ သို့သော်လည်း စစ်အစိုးရက ယခုရွေးကောက်ပွဲကို မည်သို့ မည်ပုံ ခင်းကျင်းလိမ့်မည်ဟု ဤသို့ အကောင်းမြင် နေသူများက သိရှိထားကြပါသလောဟု မေးမြန်းရန် ရှိနေသည်။

တိုင်းနှင့် ပြည်နယ်များအတွက် ၀န်ကြီးချုပ် ၁၄ ဦးကို သမ္မတဖြစ်သူက ရွေးချယ်ပေးလိမ့်မည် ဖြစ်ပြီး ၎င်းသမ္မတကပင် ၀န်ကြီးအဖွဲ့ဝင် ၀န်ကြီးများကို ရွေးချယ်ခန့်အပ်လိမ့်ဦးမည် ဖြစ်သည်။ ရွေးချယ်ခံရသည်ဖြစ်စေ၊ ကောက်ယူခန့်အပ်ခံရ သည်ပင် ဖြစ်စေ ဤလွှတ်တော်အမတ်များက ကက်ဘိနက်ဝန်ကြီးအဖွဲ့အပေါ် မည်သို့မျှ သြဇာသက်ရောက်နိုင်လိမ့်မည် မဟုတ်။ ထို့အပြင် ဤလွှတ်တော်ကို ရံဖန်ရံခါမှသာ ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက စာရွက်ပေါ်ပါ အချက်များ ဖတ်ပြနေကြလိမ့်ဦးမည် ဖြစ်သည်။

ဤရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီး တခုလုံးတွင် ဖြစ်နိုင်ခြေရှိသော ကိစ္စမှာ သမ္မတရွေးကောက်ပွဲတခုမျှသာ ပြောစရာ ရှိနေ သည်။ ယခုအခြေအနေအတိုင်းဆိုလျှင် စစ်အစိုးရ၏ တတိယအာဏာအရှိဆုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းသာ ဤနေရာအတွက် ဖြစ်နိုင်ခြေ များနေသည်။

၂၀၀၈ ခုနှစ်က ကဲ့သို့ပင် တဖက်သတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု၍ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆီ လှမ်းလာခဲ့သလို ယခု ရွေးကောက်ပွဲသည်လည်း ပြီးနေသည့်ကိစ္စတခုသာဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲနောက်ပိုင်းတွင် အခြေအနေ မည်သို့ဖြစ်လာမည်က မသေချာ မရေရာလှပါ။ စစ်အစိုးရလိုချင်နေသည့် ပန်း တိုင် တရားဝင်မှုကို ရရှိပြီးနောက်တွင် မည်သို့မည်ပုံ ဆက်ဖြစ်ကြမည်ကို မည်သူကမျှ မသိနိုင်ပါ။

စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စနစ်ပြောင်းရန် ပြောထားသော်လည်း၊ ဤစနစ်ကိုမောင်းနှင်နေ သည့် လူများကို ပြောင်းလဲရန် ဆန္ဒရှိပုံမရပါ။

ဤသို့လှည့်ကွက်များက မြန်မာ့နိုင်ငံရေးတွင် အသစ်အဆန်းကိစ္စ မဟုတ်ပါ။ ဥပမာဖော်ပြရသော် ၁၉၇၄ ခုနှစ်က ဗိုလ်ချုပ် နေ၀င်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက ရွေးကောက်ပွဲများဖြင့် တရားဝင်တင်မြှောက်ခံရသည့် အစိုးရဖြစ်လာခဲ့ သော်လည်း ပြည်သူလူထုအများစု၏ဆန္ဒကို ဆန့်ကျင်ကျောခိုင်းခဲ့ကြပါသည်။

၁၉၇၄ ခုနှစ် ရွေးကောက်ပွဲက လက်ရှိ အုပ်ချုပ်နေသည့် စစ်ကောင်စီကို ပုံမပျက် ဆက်လက်ကျန်ရှိနေစေပြီး မြို့နယ် ဥက္ကဋ္ဌများနှင့် မြို့နယ်ကောင်စီလူကြီးများက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြပါသည်။

ဒီမိုကရေစီနည်းကျ ဆိုရှယ်လစ်ဝါဒဟု သူတို့ဘာသာ ကြွေးကြော်သံထုတ်ခဲ့ကြသော်လည်း အမှန်မှာ ခြစားမှုကို တရားဝင် အဖွဲ့အစည်းစနစ်အတွင်း စနစ်တကျ သွပ်သွင်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ အစိုးရက လူကြိုက်မများလှပါ။ ပါတီခေါင်း ဆောင်များနှင့် ရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အကြား၌ပင် ရေပန်းမစားလှပါ။

ဗိုလ်ချုပ်သန်းရွှေက ယခုအခါ ဤလမ်းအတိုင်း လိုက်နေပြန်ပါသည်။ ပါဝင်ကြမည့် ကစားသမားများနှင့် အချိန်ကာလ ပြောင်းခဲ့ပြီ ဆိုသော်လည်း အခြေခံ လှည့်ကွက်များနှင့် ရည်ရွယ်ချက်များမှာ တသွေမတိမ်းတူညီနေသေးသည်။
လူထုက မည်သို့သဘောထားရှိသည်ဆိုသည်ကို ဗိုလ်ချုပ်သန်းရွှေနှင့် တခြား စစ်ဗိုလ်ချုပ်များက ထည့်သွင်းစဉ်းစား လိမ့်မည် မဟုတ်ပါ။ စဉ်းစားလျှင်သော်မှ နောက်ဆုံးမှာ ရှိလိမ့်မည် ဖြစ်သည်။ သူတို့၏အစီအစဉ်နှင့် လုပ်ငန်းများတွင် လည်း နိုင်ငံသားပြည်သူအများ၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်လိမ့်မည် မဟုတ်ပါ။

သို့သော်လည်း စစ်ဗိုလ်ချုပ်များတွင် သူတို့၏ ကြိုးဆွဲရာကမည့် ရုပ်သေးများ၊ လက်ဝေခံများ၊ သူတို့စေစားရာအတိုင်း ဆောင်ရွက်ပေးကြမည့် ကြေးစားများ ရှိနေကြပါသည်။

ဗိုလ်ချုပ်နေ၀င်းက ၁၉၈၇ ခုနှစ်တွင် သူလုပ်ခဲ့သည့် အမှားကို သူပြန်၍ သဘောပေါက်နားလည်ခဲ့သည်။ သူ့ကို လက် အောက်ခံ ငယ်သားများက ကောင်းစွာလှည့်ဖျားနေခဲ့ကြသည်ကို နောက်ဆုံး သူကောင်းကောင်း သဘောပေါက်ခဲ့ရသည်။ သူ၏ အမှားကို သဘောပေါက်လာသလို၊ အခြေအနေကို သူက ပြန်၍ ဖန်တီးရလိမ့်မည်ဟူသော ယူဆချက်ဖြင့် ဦးနေ၀င်း က သူ၏ လက်ထောက်ဗိုလ်ပါ အများကို စွန့်ခွာခဲ့သည်။ သူက ဒီမိုကရေစီဘက် ပြန်၍လှည့်ပြောင်းခဲ့သည်။

သို့သော်လည်း ဤတကြိမ်တွင်တော့ သူ၏ လက်အောက်ဗိုလ်ပါများက သူပြောင်းမည့် အစီအစဉ်အတိုင်း မလိုက်နာကြ တော့ပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလည်း ပြိုလဲကျဆုံးခဲ့ရပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ရသည်။

ဖိနှိပ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီး ပြည်သူလူထုက စိတ်ကုန်ခမ်းခဲ့ရသည်။ နောက်ဆုံး ၁၉၈၈ အရေးတော်ပုံ ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ချုပ်သန်းရွှေက ထင်မှတ်မထားဘဲ ထိပ်ပိုင်းနေရာ အာဏာရလာခဲ့သည်။ နောက်ပိုင်းတွင် တိုင်းပြည်ကို ပြန်လည် ကယ်တင်နိုင်ရေးအတွက် ကြိုးပမ်းချက်များ အားလုံးလည်း အလဟဿ ဖြစ်ခဲ့ရတော့သည်။

ဦးနေ၀င်းက သူ၏မအောင်မြင် ကျဆုံးရမည့် အစီအစဉ်ကို ၁၉၇၄ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၇ ခုနှစ် ကျမှသာ သူ၏အမှား ကို သဘောပေါက်နားလည်ခဲ့ရသည်။ သူက သူ၏ ရဲမက်ဗိုလ်ပါများနှင့် သူ၏ ပါတီကို စွန့်ပစ်ခဲ့သည်။ ထိုပါတီဝင်ရဲဘော် များက လမ်းလွဲချော် ရေလိုက်လွဲနေခဲ့ကြပြီး အပြောင်းအလဲများနှင့်အညီ လိုက်လံပြောင်းလဲရန် မလိုက်နိုင် ဖြစ်ခဲ့ကြသည်။

မူပြောင်း လူမပြောင်းဆိုသည့် သူ၏ ကြိုးပမ်းချက်က စကတည်းက ကျဆုံးနေခဲ့သည့်ကိစ္စသာ ဖြစ်သည်။ လက်အောက် ငယ်သားများက သူ့ကို ၀ိုင်းလိမ်ခဲ့ကြသည်။ သူတို့၏ ရာထူးနေရာ ဆုံးရှုံးရမည်ဟူသော စိုးရိမ်စိတ်ဖြင့် ၀ိုင်း၍လိမ်ခဲ့ကြ သည်။

ဗိုလ်ချုပ်သန်းရွှေကလည်း လက်ရှိ အခြေအနေမှန်ကို သဘောမပေါက်နိုင်ဘဲ ဖြစ်နေသည်။ သူ၏အာဏာကို ပို၍တွက်ဆ နေပြီး ဦးနေ၀င်းမှားခဲ့သည့်အမှားမျိုး ဆက်လက်မှားရန် ပြင်ဆင်နေပြန်သည်။

လက်ရှိ အုပ်ချုပ်နေသည့် စစ်ကောင်စီက စီးပွားရေး ၁၃ ရာခိုင်နှုန်း တိုးတက်မှုကို အမှန်ဟု ယူဆနေသည်။ ယခုအခါ သဘာဝ ဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာ ၄ ဘီလီယံကျော်က သူတို့၏ ဘဏ်စာရင်းများထဲ ရှိနေပြီး မည်သည့်ကိစ္စကိုမျှ အရေးစိုက်စရာ မလိုကြပေ။ ဗိုလ်ချုပ်များက ယခုသူတို့ကြွယ်ဝချမ်းသာလာကြသည့် ဓနဥစ္စာများဖြင့် စည်းစိမ်ခံနိုင်ရန်သာ စဉ်းစားနေ ကြသည်။

ဓနဥစ္စာကြွယ်ဝနေသလို၊ မည်သူကမှလည်း သူ၏ အာဏာကို မခြိမ်းခြောက်နိုင်သည့်အတွက်ကြောင့် ဗိုလ်ချုပ်သန်းရွှေက တရုတ်နိုင်ငံကိုလည်း ကျောပေါ်မှ ခါချလိုလာသည်။

ယခုအခါ အမေရိကန်သမ္မတ အိုဘားမားက ဆွေးနွေးရန် ကမ်းလှမ်းလာသည့်အချိန်၊ မြန်မာနိုင်ငံအပေါ် မူဝါဒအသစ် ချမှတ်ကျင့်သုံးလာသည့် အချိန်တွင် တရုတ်ပြည်အတွက် သူပေးထားရသည့် အဖိုးစားနားကို ဗိုလ်ချုပ်သန်းရွှေ က ပြန်သဘောပေါက်လာပုံရသည်။ တရုတ်ကလည်း အာဏာရှင် မင်းဆိုးမင်းညစ်နိုင်ငံများနှင့် စီးပွားလုပ်၍ အကျိုးအမြတ် ခပ်မြက်မြက်ကို ရှာဖွေခံစားနေသော နိုင်ငံလည်း ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းမှတဆင့် ရုရှားနိုင်ငံကို ချဉ်းကပ်သည်။ အရာရှိငယ်များစွာကို ရုရှားသို့ စေလွှတ်၍ ယခင်ကွန်မြူနစ်နိုင်ငံဟောင်းတွင် ပညာရှာစေသည်။ သို့သော်လည်း ယခုအချိန်တိုင် သိသိသာသာ အောင်မြင်မှုများ မတွေ့ရှိရသေးပေ။

အမေရိကန်ပြည်ထောင်စုနှင့် မိတ်ဆွေပြန်ဖြစ်ရန် ဆိုသည်မှာ လွန်ခဲ့သည့် နှစ်နှစ်တာကတည်းက မက်လာခဲ့သည့်အိပ်မက် ဖြစ်သည်။ ယနေ့တွင်တော့ လက်တွေ့ဖြစ်လာခဲ့ချေပြီ။ ရေရှည်မိတ်ဆွေဖြစ်ရေးအတွက် အချက်တခုသာ ကျန်ရှိ နေသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးပင် ဖြစ်သည်။

မကြာသေးမီကာလအထိ ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်၏ အမည်ဆိုလျှင် မကြားချင်ဖြစ်နေခဲ့သည်။ သို့ သော်လည်း ယနေ့အချိန်တွင်တော့ သူ့အတွက် ထွက်ရပ်လမ်း အခွင့်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင်သာ မူတည်နေကြောင်း သူသိနေသည်။

သို့သော်လည်း အမှန်တကယ် ပြုပြင်ပြောင်းလဲမှုများ မဆောင်ရွက်ဘဲနှင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပူးပေါင်းဆောင်ရွက် မှု ရရှိလိမ့်မည် မဟုတ်ပါ။ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဖြစ်ပြီး၊ မပြေလည်သေးသည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း ဖြေရှင်းပေးရန် လိုအပ်နေပါသေးသည်။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်ပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုထောက်ခံချက်ပေးရန် လိုအပ်နေပါသေးသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မလိုမုန်းထားရှိနေသည့်စိတ်များ ရှိနေခဲ့သောကြောင့်လည်း ဗိုလ်ချုပ်သန်းရွှေနှင့် စိတ်တူကိုယ်တူ သူ၏နောက်လိုက်များက တွန့်ဆုတ်နေကြပါသေးသည်။ ယခုအခါ ဗိုလ်ချုပ်သန်းရွှေ က ဒီမိုကရေစီခေါင်းဆောင်နှင့် ပြန်လည်သင့်မြတ်စေရန်ဆိုလျှင် ထိုသူများ၏ ထောက်ခံမှုကိုလည်း ရအောင်ယူနိုင်ဖို့ လို အပ်နေပါသေးသည်။

စစ်အစိုးရအတွင်း ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင် မျိုးစေ့ပျိုးထားသည့် အမုန်းတရား အာဃာတက ဤသို့လမ်းကြောင်းပြောင်း လဲရေးအတွက် အခက်အခဲ ဖြစ်နေရစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်မှု မည်မျှအရေးပါကြောင်း၊ သို့မှသာ မည်သို့ မည်ပုံ ရှေ့ဆက်လှမ်းနိုင်မည် ဆိုသည်ကို သူ၏လူများအား သူကိုယ်တိုင်နားချရတော့မည့် အချိန် ဖြစ်နေ သည်။ သို့သော်လည်း စိုးရိမ်ပူပန်နေကြသည့်ကိစ္စမှာ အကယ်၍သာ ဒီမိုကရေစီထွန်းကားလာပါက ကိုယ်ကျိုးစီးပွားများ မည်သို့ ဆက်လက်ထိန်းသိမ်းကြပါမည်နည်းဟူသော မေးခွန်းပင် ဖြစ်သည်။ သူတို့၏ အခွင့်အာဏာများ ဆုံးရှုံးကြရတော့ မည် ဖြစ်သည်။

ယခုအချိန်သည် ဗိုလ်ချုပ်သန်းရွှေအဖို့ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ရမည့် အရေးကြီးသော အချိန်ပင် ဖြစ်သည်။ လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို လွန်ဆန်၍ သူကိုယ်တိုင်ဖန်တီးခဲ့သည့် လမ်းကို ပြန်ပြောင်းရတော့မည့်အချိန် လည်း ဖြစ်သည်။ ကြုံရမည့် အခက်အခဲများက လွယ်ကူမည်တော့ မဟုတ်ပါ။ လုံးဝအသစ်ဖြစ်သော အမြင်သစ်မျိုးဖြင့် မှန်းမျှော် ခြေလှမ်းရန်လည်း လိုအပ်နေပါသေးသည်။

အကယ်၍ ယခုရွေးကောက်ပွဲကို အမှန်တကယ် ဒီမိုကရေစီနည်းကျ ဆောင်ရွက်လိုသည်ဆိုပါက ဗိုလ်ချုပ်သန်းရွှေအဖို့ အချိန်များစွာ ရှိပါသေးသည်။ ဒီမိုကရေစီအစိုးရများထံမှလည်း အမှန်တကယ် အကူအညီများ ရရှိနိုင်ပါသေးသည်။

ဤသို့ ပြောင်းလဲပေးခြင်းအားဖြင့်သာ သူက သူရဲကောင်းတဦးအဖြစ် ဆက်လက် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။ ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်းကြုံတွေ့ခဲ့ရသည့် အဖြစ်မျိုးကို ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ ခြစားနေသည့် သူ၏ စစ်ဗိုလ်ချုပ်များကိုသာ အားထားနေပါက ဦးနေ၀င်းကြုံခဲ့ရသည့် ကြမ္မာဆိုးမျိုး အမှန်တကယ် ကြုံတွေ့ရခြိမ့်မည် ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီဖြင့် ဗိုလ်ချုပ်သန်းရွှေက အမှန်တကယ် တိုင်းပြည်ကို ကယ်တင်သူလည်း ဖြစ် ကောင်း ဖြစ်နိုင်ပါသေးသည်။ ဗိုလ်ချုပ်သန်းရွှေ သြဇာမြဲနေစဉ် အချိန်အတွင်း၌ အမှန်တကယ် ဒီမိုကရေစီအစိုးရတရပ်ကို စတင်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေ ရှိနေပါသေးသည်။ အကယ်၍ နောက်ပေါက်ဗိုလ်ချုပ်များ အာဏာလုကြပါက တိုင်းပြည် လည်း ပြိုကွဲ၍ မတည်ငြိမ်မှုများလည်း ပြန်လည်ဖြစ်ပေါ် ပျံ့ပွားနိုင်ဖွယ် ရှိနေပါသည်။

ပထမအချက် ဗိုလ်ချုပ်သန်းရွှေက စတင်ခြေလှမ်းရမည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောရေးပင် ဖြစ်ပါသည်။ ထို့နောက်တွင် တိုးတက်ဖြစ်ပေါ်မှုများက အလိုအလျောက် ဆက်ပါလာလိမ့်မည် ဖြစ်ပေသည်။

ဗမာကြီးရေးသားသည့် Decision Time for Than Shwe ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2330-2009-12-23-11-23-09

ပြည်သူတို့၏ သမားတော် (ဝါ) ဆေးဘက် အနုပညာမီးအိမ်

http://ifile.it/mrofnhaDoctor for People
SOURCE http://www.irrawaddy.org/bur/index.php/articles/2-articles/2328-2009-12-23-09-02-52