Thursday, December 24, 2009

24 DEC ဒိုင်ယာရီ

http://ifile.it/j04o8l224 Dec 2009 Diary

သူခိုးသုံးပါးရောစပ်ထား နအဖစစ်ဗိုလ်များ


အောင်ကျော်ခင်
၂၄ ဒီဇင်ဘာ ၂၀၀၉

ရှမ်းပြည်နယ်မှာတာဝန်ကျတဲ့ နအဖတပ်တိုင်း မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းကြပါ။ ကြည့်ပါဦး။ ရှမ်းပြည်နယ်မှာစခန်းချတဲ့ နအဖတပ်ရင်း (၁၂၈) ရင်းထဲမှာ တပ်ရင်း (၉၃) ရင်းဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းဘူးလို့ သိရတယ်။ စစ်ဆေးရေးစခန်းတွေကို ဖြတ်သန်းခွင့်ပြုမှု၊ သယ်ဆောင်ပေးမှု၊ ဆေးချက်စက်ရုံကို ကာကွယ်မှု၊ ဘိန်းစိုက်သူကို ဆက်ကြေးကောက်မှု၊ ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ စိတ်ကြွဆေးထုတ်ခွင့်ပေးမှု၊ ဘိန်းစိုက်ပျိုးဖို့ ငွေရင်းထုတ်ပေးမှု စတာတွေမှာ နအဖ စစ်တပ်ပါဝင်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာန ၂၀၀၇ က ထုတ်ဝေတဲ့ Hand in Glove (၆၄) မျက်နှာစာတမ်းမှာ ဖော်ပြတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ တြိဂံတိုင်းမှာ ၁၉၉၆-၂၀၀၁ တိုင်းမှူးလုပ်စဉ်က ၀ခေါင်းဆောင် ဝေဆုခိုင်ကို မိတ်ဆွေစစ်မိတ်ဆွေမှန်လို့ ၂၀၀၁ မေလ (၉) ရက်နေ့က ပြောခဲ့တယ်။ ဗိုလ်ချုပ်သိန်းစိန်က ၀စစ်ဗိုလ်စိုင်းမြကို တာချီလိတ်မြောက်ပိုင်းမှာ မြေ (၁၀) ဧက ပေးတယ်။ အဲဒီမြေမှာ စိုင်းမြက စိတ်ကြွဆေးစက်ရုံ တည်ဆောက်တယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ သိန်းစိန်ကို ကားမျိုးစုံ (၄၅) စီး စိုင်းမြ ဆက်သတယ်တဲ့။ သူ့အရင်က လုပ်သွားတဲ့ ဗိုလ်ကျော်ဝင်းကလည်း မူးယစ်ဆေးမှောင်ခိုနဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တာမို့ သိန်းစိန်ရဲ့လုပ်ရပ်ဟာ မထူးဆန်းပါ။ ဒု-ဗိုလ်ချုပ်ကြီး မောင်အေးရဲ့တပည့် မြင့်လှိုင်ဟာ လားရှိုးမှာ တိုင်းမှူးလုပ်တုန်း မူးယစ်ဆေးမှောင်ခိုကို လက်သပ်မွေးတယ်။ ထောက်လှမ်းရေးခင်ညွန့်ကလည်း ဖုန်ကြားရှင်နဲ့ ရောင်းရင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်လေ။

ဘိန်းမှောင်ခိုခွန်ဆာရဲ့ မော်ထိုင်းတပ်ဖွဲ့ဝင်ဟောင်း နော်ခမ်းနဲ့ နအဖစစ်မှုထမ်းဟောင်း မောင်တင့်တို့ဦးဆောင်တဲ့ မူးယစ်ဆေးမှောင်ခို (၂၀) ကျော် ဒီနှစ်အစောပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ အဖမ်းခံရတယ်။ မောင်တင့်ဟာ နအဖတပ်က အငြိမ်းစားယူပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုလုပ်နေသူတဲ့။ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးတွေဟာ နော်ခမ်းနဲ့မောင်တင့် ပေးတဲ့ ဆက်ကြေးကို ယူတယ်။ နော်ခမ်းနဲ့ မောင်တင့်တို့က အာဏာပိုင်ကို လာဘ်ထိုးတော့ လွတ်သွားတယ်။ မောင်တင့်တို့က တဦးကို ကျပ်ငွေသိန်း (၂၀၀) စီ လာဘ်ပေးလိုက်ရတယ်လို့ ၂၀၀၉ မေလ (၁၃) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြတယ်။ နော်ခမ်းနဲ့ တာချီလိတ်က နအဖဗျူဟာမှူးတဦဟာ ပုလင်းတူဘူးဆို့ ဖြစ်ခဲ့တယ်တဲ့။

မြန်မာစစ်သူခိုးနဲ့ မူးယစ်ဆေး/ကျောက်မျက်ရောထွေးယှက်တင်ဖြစ်နေတာ ဗိုလ်နေ၀င်းခေတ်ကတည်းကပါ။ ဗိုလ်နေ၀င်းက မြန်မာ့ကျောက်မျက်ရတနာ နိုင်ငံခြားယူသွားပြီး ရောင်းစားတယ်။ သူ့တပည့်ထောက်လှမ်းရေးတွေက ဆွစ်ဇာလန်မှာ ဆိုင်ထိုင်လုပ်တယ်။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်တို့အုပ်စုကတော့ ဗိုလ်နေ၀င်းထက် အဆပေါင်းများစွာ ခိုးထားတာမို့ ရန်ကုန်မှာမနေရဲဘူး။ ကြပ်ပြေးကို ပြေးကြတယ်။

ဗိုလ်နေ၀င်းတယောက် အမြဲတွေးကြောက်ပုံကို ပြောပါရစေ။ လီကွမ်ယူးဟာ ၁၉၆၅ ခုနှစ် မေလ အိန္ဒိယကအပြန် ရန်ကုန်ဝင်တော့ ဗိုလ်နေ၀င်းနဲ့ ဒညင်းကုန်းမှာ ဂေါက်သီးကစားကြတယ်။ ဗိုလ်နေ၀င်းဟာ သံခမောက်ဆောင်းပြီး ဂေါက်သီးရိုက်တယ်လို့ “တတိယကမ္ဘာမှ ပထမကမ္ဘာသို့” (From Third World to First) ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းမှာ လီကွမ်ယူးက ရေးထားတယ်။ ဗိုလ်နေ၀င်းအိမ်ပတ်လည်မှာ လက်နက်ကိုင်စစ်သားနဲ့တင့်ကားတွေ ပတ်လည်ဝိုင်းနေတာ တွေ့ရလို့ အံ့သြတုန်လှုပ်မိတယ်တဲ့။ နေ၀င်း တကယ်ကြောက်သလား၊ တမင်ခြောက်ပြတာလား မပြောနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဦးသော်ကောင်းနဲ့ နှစ်ယောက်တည်း စကားပြောတဲ့အခါမှာတောင် ပစ်စတိုသေနတ်ဘေးမှာ ချထားတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြန်ပြောလို့သိရတယ်။

သူခိုးဆိုတော့ လူကောင်းမှန်သမျှကို တွေးကြောက်နေတာပေါ့။ နိုင်ငံရေးသူခိုး၊ စီးပွားရေးသူခိုးနဲ့ ဘာသာရေးသူခိုးဆိုတဲ့ သူခိုးသုံးပါး ရောစပ်ထားတာ နအဖစစ်ဗိုလ်ပဲ။ ဘာသာရေးမှာလည်း လျှို့ဝှက်လုပ်တာနဲ့ ဘုရားရုပ်ထု အပိုင်စီးတာတွေ ရှိနေလို့ ဘာသာရေးသူခိုးလို့ပြောရတာပါ။ စင်ကာပူမှာ သေသွားတဲ့ ၀န်ကြီးချုပ်စိုးဝင်း ဖွင့်လှစ်တဲ့ လားရှိုးက ရန်တိုင်းအောင်စေတီဟာ မူးယစ်ဆေးက မသမာငွေနဲ့ တည်ဆောက်တယ်ဆိုတော့ ဘာသာရေးသူခိုးပါပဲ။ ဒီလိုသူခိုးစေတီတွေ ရှိဦးမှာပေါ့။

ကျောက်မျက်စစ်သူခိုးလည်း ရှိသေးတယ်။ မိုးကုတ် ဖားကန့်နဲ့မိုင်ရှုးမှာ ဒီလို စစ်သူခိုးတွေရှိတယ်။ တောင်ကြီးအရှေ့မြောက် မိုင်(၂၀၀) နီးပါးက မိုင်းရှုးဟာ ကျောက်မျက်နယ်မြေဖြစ်လာတယ်။ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းအရဆိုရင် ဗိုလ်ချုပ်မြင့်လှိုင်၊ တိုင်းမှူးမောင်ဘို၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းတို့ဟာ ကျောက်မျက်သူခိုးအဖြစ် ထင်ရှားတယ်။ ၂၀၀၆ ခုက ပဲခူးအခြေစိုက် တောင်ပိုင်းတိုင်းရဲ့တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဆိုသူဟာ မူးယစ်ဆေးမှောင်ခိုဆီက ဆက်ကြေးမှန်မှန်ရဖူးသူဖြစ်တယ်။ တာချီလိတ်မှာ တာဝန်ကျစဉ်က ဘတ်ငွေ (၃) သောင်း လစဉ်ဆက်ကြေးမှန်မှန် ရခဲ့သူဖြစ်တယ်။ မူးယစ်ဆေးမှောင်ခို နော်ခမ်းနဲ့ရင်းနှီးတဲ့ နအဖဗိုလ်ချုပ်ဖြစ်တယ်။ သူ့လက်အောက်က ဒု-ဗိုလ်မှူးကြီးအေးဇော်ကတော့ ရိုးပြီး အထက်ကို လာဘ်မထိုးတတ်တော့ ရာထူးမတက်ဘူး။ တာချီလိတ်နယ် ခမရ (၃၃၁) တပ်ရင်းမှူးအဖြစ်နဲ့ရော ၁၉၉၅ က ၂၀၀၁ အထိ အမှုထမ်းခဲ့သူ ဒု-ဗိုလ်မှူးကြီးအေးဇော်ဟာ နအဖတပ်ကိုစိတ်ကုန်ပြီး တောင်ငူမှာ သင်္ကန်းဝတ်နေတယ်လို့ သျှမ်းသံတော်ဆင့်ရဲ့ Hand in Glove စာတမ်းမှာ ဖော်ပြထားတယ်။

ဒီအထဲမှာ အရှေ့တောင်ပိုင်းတိုင်းမှူး မြင့်အောင်ဟာ နာမည်အပျက်ဆုံးဖြစ်လို့ ၂၀၀၁ မှာ အငြိမ်းစားယူခိုင်းလိုက်ရတယ်။ ခြေလျင်တပ် (၆၅) ရဲ့ တပ်ရင်းမှူးဘ၀ကတည်းက မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်လာတာဖြစ်တယ်။ သူ့နေရာကို ဒု-ဗိုလ်မှူးကြီးတွေဖြစ်တဲ့ မြင့်ဆွေနဲ့ လှမြင့်က ဆက်ခံတယ်။ ခင်ညွန့်ကောင်းစားတုန်း (၁၉၈၉-၂၀၀၄) သူဌေးဖြစ်ကုန်တဲ့ စစ်ဗိုလ်ထဲမှာ မြင့်အောင်လည်းပါတယ်။ စစ်ဗိုလ်တွေက အများကြီးဆိုတော့ စစ်တမ်းကောက်ရင် ဆုံးနိုင်မှာမဟုတ်ဘူး။ မူးယစ်ဆေးမှာ စစ်ဗိုလ်တွေ ပါလာတဲ့အတွက် နောက်ဆုံးမှာ စစ်ခေါင်းဆောင်ကြီးရဲ့မိသားစုပါ ဆေးမိသွားတဲ့ ဥပမာတွေ ရှိတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့သား ငွေစိုးနဲ့ဇနီးသည် ဘိန်းဖြူစွဲသွားတာ လူသိများတယ်။

အခုလည်း ကြပ်ပြေးကြီးရဲ့မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်) မြောက်မူးလဲ မူးယစ်ဆေးစားသုံးတာကို ကြပ်ပြေးကြီး သိသွားတဲ့အတွက် မူးယစ်ဆေးဖြန့်ဝေသူ မောင်ဝိတ်နဲ့သယ်ဆောင်ပေးသူ အောင်ဇော်ရဲမြင့်ကို ၂၀၀၈ မေလမှာ ဖမ်းလိုက်ရတယ်ဆိုပဲ။ အောင်ဇော်ရဲမြင့်ဆိုတာ အထူးစစ်ဆင်ရေးအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့သားပဲ။ ဒါကြောင့် မောင်ဝိတ် ထောင် (၁၅) နှစ်ကျပြီး အောင်ဇော်ရဲမြင့်ကတော့ နာလန်ထစခန်းမှာ နေခွင့်ရသွားတယ်။ စစ်တက္ကသိုလ်အမှတ်စဉ် (၅၂) သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတွေ ဆလံပေးရတဲ့ ပုဂ္ဂိုလ်ထဲမှာ မြောက်မူးလဲပါနေတာကို ဒီဇင်ဘာ (၁၂) ရက်ထုတ် နအဖသတင်းစာတွေမှာ ဖော်ပြတယ်။ ဗိုလ်လောင်းတွေ ဗိုလ်ဖြစ်လာရင် ခိုးကြ၀ှက်ကြမှာ သေချာတယ်။ စစ်တပ်ထဲဝင်တာ အခွင့်ထူးခံစားချင်လို့ပါပဲ။ ရရှိတဲ့အခွင့်ထူးက ခိုင်းဝှက်ပိုင်ခွင့်ဖြစ်တယ်။

နယ်ဘက်မှာတော့ နအဖစစ်မှုထမ်းတွေကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်မုန့်အခြေစိုက် ခမရ (၅၆၉) က ဗိုလ်ကြီးအဆင့် တပ်ခွဲမှူးတဦးနဲ့ လားဟူနွယ်ဖွား တပ်ကြပ်ကြီး ဂျိုးဆက်ဖ်တို့ပေါင်းပြီး ဘိန်းစိုက်တယ်လို့ဆိုတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရတော့လို့ ကိုယ်တိုင်စိုက်ကြတာပါပဲ။ ဆီဆိုင်မြို့နယ် ခမရ (၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆) စစ်သားမိသားစုကလည်း ဘိန်းစိုက်ပျိုးရေးဒို့အရေး လုပ်နေကြတယ်တဲ့။ ဖယ်ခုံမြို့နယ်မှာ ဘိန်းစိုက်သူတွေဟာ နအဖစစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူရတယ်။ နယ်ဘက်မှာ တာဝန်ကျတဲ့ နအဖအရာရှိတွေ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်နေကြတယ်လို့ အမေရိကန် အစိုးရရဲ့ ၂၀၀၉ ဖေဖော်ဝါရီ (၂၇) ရက်ထုတ် မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ မူးယစ်ဆေးအမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အရာရှိတွေကို အရေးမယူဘူးလို့ဆိုတယ်။

မြန်မာပြည်မှာ အကြီးဆုံးကုမ္ပဏီက ဘိန်းမှောင်ခိုလော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော်ပိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပဲ။ အစိုးရသတင်းစာတွေမှာ အေးရှားဝေါလ်လို့ ဖော်ပြတယ်။ စစ်တပ်ဆိုရှယ်လစ်စနစ်က စစ်တပ်ဈေးကွက်စနစ်ကို ပြောင်းတော့ အရင်းအနှီးအများဆုံးရှိတာ မူးယစ်ဆေးမှောင်ခိုတွေပဲ။ အဲဒီမှာ စစ်အုပ်စုဟာ လော်စစ်ဟန်နဲ့ ခွန်ဆာကို အားကိုးတယ်။ ကိုးကန့်တရုတ် လော်စစ်ဟန်ဟာ အပစ်အခတ်ရပ်စဲရေးမှာ ကူညီပေးသူဖြစ်လို့ နအဖရဲ့ ကျေးဇူးရှင်ဖြစ်လာတယ်။ စင်ကာပူမှာလည်း ၀င်ဆံ့တဲ့ ဘိန်းမှောင်ခိုပဲ။ လမ်းဖောက်၊ အိမ်ဆောက်၊ ဆိပ်ကမ်းဆောက် အလုပ်ကြီးအကိုင်ကြီးမှန်သမျှ အေးရှားဝေါလ်က လုပ်ရတယ်။ ကြပ်ပြေးနေပြည်တော် တည်ဆောက်တဲ့ ကုမ္ပဏီတွေထဲမှာ အေးရှားဝေါလ်နဲ့ ထူးကုမ္ပဏီဟာ ကန်ထရိုက်အများဆုံးရတယ်။ ရန်ကုန်မှာ အေးရှားဝေါလ်ဆိပ်ကမ်းဆိုတဲ့ ဘိန်းမှောင်ခိုပိုင်တဲ့ သင်္ဘောဆိပ်ရှိတယ်။ အဲတော့ တကမ္ဘာလုံးကို မူးယစ်ဆေးဖြန့်နိုင်တာပေါ့။

တေဇဆိုသူခေါင်းဆောင်တဲ့ ထူးထောက်ပံ့ရေးကုမ္ပဏီဟာ စစ်အတွင်းကာလ မြန်မာပြည်မှာ စီးပွားရှာတဲ့ “ကာနဲမတ်ဆုဂိုရှို” ဆိုတဲ့ ဂျပန်ကုမ္ပဏီက ပေါက်ဖွားလာတဲ့ မြန်မာကုမ္ပဏီပဲ။ ထူးကုမ္ပဏီတည်ထောင်သူ ဦးဇော်ညွန့်ဆိုသူဟာ ကာနဲမတ်ဆုဂိုရှို ကုမ္ပဏီမှာ ရိုသေလေးစားခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဖက်ဆစ်ဂျပန်သူခိုး မြန်မာပြည်မှာကြီးစိုးတုန်း စီးပွားရေးအမြတ်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ ပါလီမန်အစိုးရခေတ်နဲ့ မဆလခေတ်မှာ “ကာနဲမတ်ဆုဂိုရှို”က ထူးကုမ္ပဏီကို စောင်မကြည့်ရှုတယ်။ ငွေမက်တဲ့ နအဖစစ်ဗိုလ်ခေတ်မှာ ထူးကုမ္ပဏီဟာ အေးရှားဝေါလ်လိုပဲ အခွင့်ထူးခံစားရတယ်။ ဂျပန်ဖက်ဆစ်အကူအညီနဲ့ တည်ထောင်ခဲ့တဲ့ ထူးကုမ္ပဏီဟာ မြန်မာဖက်ဆစ်ခေတ်မှာ ထိပ်ဆုံးအဆင့်ကို ရောက်လာတာပဲ။ မြန်မာ့စီးပွားရေးသမိုင်းမှာ ဒီလိုကုမ္ပဏီတွေ အကြောင်းပါမှ ပြည့်စုံပါလိမ့်မယ်။ စုံစမ်းစစ်ဆေး သတင်းရေးတဲ့ဓလေ့ အားကောင်းလာရင် ဒီလိုခေတ်ပျက်သူဌေးနဲ့ စစ်သူခိုးတွေအကြောင်း မျိုးဆက်သစ်သတင်းသမားတွေက စုံစုံလင်လင် ရေးကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။
http://www.khitpyaing.org/articles/Dec09/241209.php

ကိုမျိုးခင် ၇ ရက်လည် ကိုမျိုးခင်အိမ်တွင်ပြုလုပ်သော အမျှတမ်းဝေခြင်း ဆွမ်းကပ်ခြင်း

ကိုမျိုးခင် ၇ ရက်လည် ကိုမျိုးခင်အိမ်တွင်ပြုလုပ်သော အမျှတမ်းဝေခြင်း ဆွမ်းကပ်ခြင်း ဓာတ်ပုံနှင့်
ကိုမျိုးခင်+ ကိုသန်းမြင့် အမှတ်တရ အုတ်ဂူ ပြုလုပ်ခြင်း






ဓာတ်ပုံများအား ကိုကို ပေးပို့ပါသည်။

အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်


Thursday, December 24, 2009 ·

တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)
၂၃.၁၂.၂၀၀၉


မြန်မာ ပြည်ကြီး၏ ကံကြမ္မာသည် အသက် ထွက်ခါနီး လူမမာ တစ်ယောက် ပမာ ဖုတ်လှိုက် ဖုတ်လှိုက် အခြေအနေ၊ လူတိုင်း ရင်မှာတော့ သောက အထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာ ကိုယ်စီ ဆွဲထားခြင်းကို ခံနေကြရပြီ၊ ထမင်းရည် တစ်ခွက်ကို နတ်သုဒ္ဓါလို ထင်မှတ်ကာ သောက်ဖို့ ချောင်းနေကြတဲ့ သူတောင်းစား ခွက်ပျောက်တွေ ကလဲ အလျှိုလျှို ပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့ မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွား အမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်း များစွာနဲ့ ……….။

ဒီလို ပြော ဒီလို မောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ ဘ၀တွေကို အဆုံးသတ် ခံကြတော့ မလား၊ ငါတို့ဟာ ငတုံး ငညံ့တွေ အဖြစ် ငါတို့ရဲ့ သားစဉ် မျိုးဆက်တွေ အတွက် ချန်ထားရစ် ခဲ့ကြတော့ မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်း မရှိကြတော့တဲ့ လူသားတွေ အဖြစ် မိမိကိုယ် မိမိ သတ်မှတ် လိုက်ကြပြီလား၊ မကောင်းမှန်းလဲ သိတယ်၊ မဖြစ်သင့်မှန်းလဲ သိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲ လုပ်ဆိုတဲ့ တရား မျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ် ရဲတဲ့ သတ္တိတွေ မပြ ကြတော့ ဘူးလား၊ သာကီ မျိုးဟေ့ ဒို့ဗမာ ဆိုတာတွေရော ပုံပြင်တွေ အဖြစ် စာအုပ် တွေထဲမှာ ကျန်ရစ်ခဲ့ ကုန်ပြီလား …….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်း စုတ်ပြတ် ရိရွဲ နေတဲ့ သီအိုရီကို လက်မခံ တွန်းလှန် ဖယ်ရှား ပစ်ရေးသည် မြန်မာ နိုင်ငံသား မှန်သမျှ မဖြစ်မနေ လုပ်ဆောင် ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန် ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန် ကျေပွန် ရမည်၊ သားစဉ် မြေးဆက် စစ်ကျွန် သဘောက် ပြားပြား မှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်း ကာကွယ် တားဆီး ကြရမည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိရေး အတွက် မြန်မာ ပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင် ကြရမည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုသည့် လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးသည် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်သည်။ မြန်မာ နိုင်ငံကြီး လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာပြည် လုံးဝ လွတ်လပ်ရေး ဟူသော တစ်ခုတည်းသော ခေါင်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ပီပီ ပြင်ပြင် ချမှတ် နိုင်ခဲ့သည်။ အမျိုးသားရေး တာဝန် ကိစ္စကို ပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသား နိုင်ငံရေး ဆိုသည့် မူကို ချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင် သွားနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် သူချစ်သည့် မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေ အတွက် သူ့အသက်ကို ပေးစွန့်ပြီး တာဝန် ကျေပြွန်စွာ လွတ်လပ်ရေးကို အရ ယူပေးနိုင်ခဲ့သည်။

မြန်မာ ပြည်သည် စစ်တပ် အုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက် ခဲ့ရသဖြင့် အဆင့်အတန်း မမီ ဆင်းရဲမွဲတေသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကို ခဏတာ ဘေးဖယ်ထားပြီး တိုင်းပြည် တစ်ခုရဲ့ အသက် သွေးကြော ဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတာတွေ ဘယ် အဆင့်အတန်း ရောက်နေသလဲ ဆိုတာ ဝေးဝေး လံလံ ပြေးကြည့်စရာ မလိုပါ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ ရှင်းကနဲ တွေ့မြင် နိုင်ပါတယ်။ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ အထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ် တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။

ပညာမဲ့သူ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်က ပညာမဲ့တဲ့ တိုင်းပြည် ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက် လူရမ်းကားတွေ ပေါများ လာတယ်၊ ကြီးနိုင် ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် ၀ါဒတွေ ခေတ်စား လာတယ်၊ ဗုဒ္ဓ ဘာသာ ကြီးစိုးတဲ့ တိုင်းပြည်၊ ကိုယ်ချင်းစာ တရားတွေ အပ်ကြောင်း ထပ်နေအောင် ထားစရာ နေရာ မရှိ လောက်အောင် ပြန့်နှံ့ ခဲ့သည့် တိုင်းပြည်၊ ဒီတိုင်းပြည်မှာ ဒီနေ့ ဒီတရားတွေ မရှိတော့ဘူး၊ အာဏာနဲ့ ငွေရှိဖို့ပဲ လိုတယ် ကျန်တာတွေ ဘာတစ်ခုမှ အရေးမကြီးဆိုသည့် မှားယွင်းသည့် အယူအဆတွေ၊ အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့ စီးဝင်လျှက် ရှိနေပေပြီ။ ဒီလို တရားမရှိ ထင်ရာစိုင်း အုပ်ချုပ်နေတဲ့ သူတွေက တည်ဆောက် ပါမယ် ဆိုတဲ့ ဒီမိုကရေစီက ဘာဒီမိုကရေစီလဲ ဆိုတာ တိရိစ္ဆာန်ပင် နားလည်နိုင်မည် ထင်ပါသည်။

မဟုတ်မဟတ် ယုံတမ်း စကား ပလီပလာ မာယာ ပရိယာယ် အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော် အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖ ခေါ်သည့် စစ်အုပ်စုသည် သန်း(၅၀) ကျော်သော ပြည်သူတွေကို ၂၀၁၀ သေတွင်း မီးလောင်တိုက် ထဲသို့ ပို့ဆောင် နေကြပြီ ဖြစ်သည်။ နာဇီ ဂျာမန် ဟစ်တလာသည် ဂျူး လူမျိုးတို့အား မီးလောင် တိုက်သွင်းခြင်းက တစ်ကြိမ် တစ်ခါသာ သေခဲ့ ကြရသည်။ ၂၀၁၀ မီးလောင်တိုက် ကတော့ သားစဉ် မျိုးဆက် အကြိမ်ကြိမ် သေကြရမည့် မီးလောင်တိုက်ကြီး တစ်ခု ဖြစ်နေသည်ကို သိရှိ နားလည် သဘောပေါက်ကြရန် အထူး အရေးကြီး လှပေသည်။

တိုင်းပြည် တစ်ခု ပြုပြင် ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့ အရေးကြီး ပေသည်။ အချင်းချင်း သစ္စာ ရှိရမည်၊ အပြန်အလှန် နားလည်မှု တည်ဆောက် ကြရမည်။ ပြည်သူလူထု အကျိုးကို ရှေ့ရှုပြီး တိုင်းပြည် အကျိုး စီးပွားကို အတူတကွ အားလုံး ပူပေါင်း ပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုး မုန်းတီးရေး ၀ါဒ တွေကို စွန့်လွတ် ကြရမည်၊ စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာ အားထားရာ ဟူသည့် ဆင်ကန်း တောတိုး စရိုက်တွေကို ပြုပြင် ပြောင်းလဲ ပစ်ရမည် ဖြစ်သည်။

ထိုကဲသို့သော ယုံကြည်မှုမျိုးကို တည်ဆောက်ဖို့ မကြိုးစားပဲ အမှန်တရားသည် သေဒဏ် အဖြစ် သတ်မှတ်ကာ လက်နက် အားကိုး အာဏာ အားကိုးပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် ညှင်းပမ်း နှိပ်စက် ထင်တိုင်း ကြဲကြဦးမည် ဆိုပါက ။

တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)
၂၃.၁၂.၂၀၀၉



http://deyea.blogspot.com/2009/12/blog-post_24.html

ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေတာ ဘာ့ကြောင့်လဲ

we need more educated persons to build new BURMA

The Arakan National Newspaper_Dec_09

http://ifile.it/qtniczl The Arakan National Newspaper_Dec_09

အောင်မြင်မှုက လက်တကမ်းမှာ



There's a hero if you look inside your heart
မင်းရဲ့ နှလုံးသားထဲကို ကြည့်လိုက်ရင် သူရဲကောင်း တယောက်ရှိလေရဲ့
You don't have to be afraid of what you are.
မင်းဘာဆိုတာ အတွက် မင်းမှာစိုးရိမ်ကြောက်ရွံစရာ ဘာမှမလို
There's an answer if you reach into your soul
အဖြေက မင်းရဲ့ စိတ် အနက်ရှိုင်းဆုံးနေရာမှာ ရှိလေရဲ့
and the sorrow that you know will melt away
အခုခံစားနေရတဲ့ ဝမ်းနည်းမှုတွေ ပျော်ကျ စီးဆင်းသွားတော့မှာ
And then a hero comes along
သူရဲကောင်းနဲ့ မင်းက အတူ တလျှောက်လုံး
with the strength to carry on
ဆက်ပြီး ရင်ဆိုင်နိုင်မဲ့ ခွန်အားတွေနဲ့
and you cast your fears aside
ကြောက်ရွံမှုတွေကို ဖယ်ခွာပစ်မှာ
and you know you can survive.
မင်းဆက်လက်ရှင်သန် နိုင်မှာဆိုတဲ့ အသိ
So, when you feel like hope is gone
မျှော်လင့်ချက်တွေ ပျောက်သွားပြီလို့ ထင်တဲ့ အခါတိုင်း
look inside you and be strong
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ခိုင်မာစွာ ယုံကြည်ချက်နဲ့
and you'll finally see the truth
နောက်ဆုံးမှာ အမှန်တရားနဲ့ အောင်ပွဲခံရမှာ
that a hero lies in you.
သူရဲကောင်းက ရင်တွင်းမှာ
It's a long road when you face the world alone,
ရှည်လျားလှတဲ့ ဒီခရီးကြမ်းမှာ မင်းတယောက်ထဲ ရက်စက်တဲ့ ကမ္ဘာကို ရင်ဆိုင်နေရ
No one reaches out a hand for you to hold.
တယောက်ကမှ မင်းကို လက်ကမ်းမပေးကြ အကိုးမရ
You can find love if you search within yourself
ချစ်ခြင်းတရားကို ရင်တွင်းမှာ ရှာခဲ့ရ
and the emptiness you felt will disappear.
လစ်ဟာနေတဲ့ စိတ်တွေကို ဖျောက်ထားခဲ့ရတယ်
And then a hero comes along
သူရဲကောင်းနဲ့ မင်းက အတူ တလျှောက်လုံး
with the strength to carry on
ဆက်ပြီး ရင်ဆိုင်နိုင်မဲ့ ခွန်အားတွေနဲ့
and you cast your fears aside
ကြောက်ရွံမှုတွေကို ဖယ်ခွာပစ်မှာ
and you know you can survive.
မင်းဆက်လက်ရှင်သန် နိုင်မှာဆိုတဲ့ အသိ
So, when you feel like hope is gone
မျှော်လင့်ချက်တွေ ပျောက်သွားပြီလို့ ထင်တဲ့ အခါတိုင်း
look inside you and be strong
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ခိုင်မာစွာ ယုံကြည်ချက်နဲ့
and you'll finally see the truth
နောက်ဆုံးမှာ အမှန်တရားနဲ့ အောင်ပွဲခံရမှာ
that a hero lies in you.
သူရဲကောင်းက ရင်တွင်းမှာ
oh....Lord knows dreams are hard to follow,
အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခက်တာ ဘုရားလဲ ဟောဘူးပါရဲ့
But don't let anyone tear them away.
ဒါပေမဲ့ မင်းအိပ်မက်တွေကို ရက်စက်တဲ့လူတွေက ဆုတ်ဖဲ့ မပစ်စေနဲ့
Hold on, there will be tomorrow,
တောင့်ထား၊ မနက်ဖြန်ကျရင်
In time you'll find the way
လမ်းဖြောင့်ဖြောင့် ဖြစ်တော့မှာ
And then a hero comes along
သူရဲကောင်းနဲ့ မင်းက အတူ တလျှောက်လုံး
with the strength to carry on
ဆက်ပြီး ရင်ဆိုင်နိုင်မဲ့ ခွန်အားတွေနဲ့
and you cast your fears aside
ကြောက်ရွံမှုတွေကို ဖယ်ခွာပစ်မှာ
and you know you can survive.
မင်းဆက်လက်ရှင်သန် နိုင်မှာဆိုတဲ့ အသိ
So, when you feel like hope is gone
မျှော်လင့်ချက်တွေ ပျောက်သွားပြီလို့ ထင်တဲ့ အခါတိုင်း
look inside you and be strong
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ခိုင်မာစွာ ယုံကြည်ချက်နဲ့
and you'll finally see the truth
နောက်ဆုံးမှာ အမှန်တရားနဲ့ အောင်ပွဲခံရမှာ
that a hero lies in you.
သူရဲကောင်းက ရင်တွင်းမှာ
that a hero lies in ... you
သူရဲကောင်းက ရင်တွင်းမှာ
mmmm that a hero lies in.....you.
သူရဲကောင်းက ရင်...တွင်း...မှာ...
မနက်ဖြန်ဆိုတာတွေထဲက ထူးခြားတဲ့ မနက်ဖြန်ဆိုတာ ရောက်တော့မယ်။
ကမ္ဘာခေါင်းဆောင်တွေက အပြောင်းအလဲလို့ ပြောနေကြတဲ့ အချိန်မှာ တို့ဗမာ အတွက်လဲ
ဒီမိုကရေစီနဲ့ လူသားဆန်တဲ့ အပြောင်းအလဲ ဖြစ်ရတော့မှာ
လူထုနဲ့ ထိတွေ့ခွင့်ပိတ်ပင်ထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာ့နိုင်သားအားလုံးအတွက်
သီချင်းလေး တပုဒ် မျှဝေလိုက်ပါတယ်။
ပြည်သူကို ချစ်တဲ့ အနုပညာသည်တွေ ပြည်သူကို အကျိုးပြုကြဖို့ အစပျိုးပေးလိုက်ရင်း
ပြောင်မြောက်တဲ့ အနုပညာကို သမိုင်းတွင်အောင် ထိုးကြပါ
နအဖက ရိုက်ချိုးထားတဲ့ ကိုယ်ခန္ဓာတွေ ပင်ပန်းနေကြပေမဲ့
စိတ်ဓာတ်ကတော့ ဘယ်တော့မှာ အောက်တချက် မငိုက်ခဲ့ပါဘူး
နှလုံးသားကို အမှောင်တိုက်ထဲ ထည့်ချင်နေတာတောင်
စိတ်ဓာတ်နဲ့ ရည်မှန်းချက်က နေရောင်လွှမ်းတဲ့ ဗမာ့မြေပေါ်မှာ
အညွန့်တလူလူနဲ့ အပူဒဏ်ကို အာခံပြီး ငွားငွားစွင့်လို့
ငါတို့ရဲ့ သန်းနဲ့ချီတဲ့ ဝိညာဉ်တွေ
လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို အဓိပတိ ပစ္စည်းတပ်ကြတော့
နအဖက နတ္ထိပစ္စည်း ဖြစ်ရတော့မပေါ့
ကမ္ဘာမကျေတဲ့ ဗမာမြေပေါ်မှာ
သီချင်းသံက အစ တော်လှန်ရေး
ပဲပြုတ်သည် အသံ ကလည်း အာခံ
လက်ဖက်ရည်ပန်းကန်ထဲကလည်း နအဖကို ပုန်ကန်ကြမှာ
တီဗီကြော်ငြာ ကလည်း အမျိုးသားရေး
နှစ်သစ်မှာ အာဏာရူးတို့ ဆူးစူးကြပြီ
များများဖိတာ ပြင်းပြင်းထန်ထန်ပြန်ကန်ခံရဖို့ ဖြစ်လာမှာ ကြောက်ပြီး
ရှေ့တိုး တံပိုး နောက်ဆုတ် လှည်းတုတ်
အာလုံးက အဖြေထုတ်ပြီးနေပြီ
ဝှက်ဖဲတွေ တချပ်ခြင်းချ ခဲ့တာ
အချိန်တွေစေ့ ကဒ်တွေ့ ပြည့်ခဲ့ပြီ
ဇာတ်သိမ်းမကောင်းတဲ့ ရှေ့ကသွားနှင့် သူတွေနောက်လိုက်ဖို့ အဲဒီလောက်
လောကြီးနေတာတခုတည်းကို ကျေးဇူးတင်လိုက်ပါတယ် နအဖရေ
လူထုဆန္ဒခံယူပွဲ အတုတွေ ပြီးတိုင်း ပြန်အဆဲခံနေရတဲ့ ဘဝ
သံဝေဂ မရရင်တောင် ညောင်းလှဖို့ သင့်ပြီ
ငရဲပြည် မသွားခင်မှာပဲ လူ့ငရဲ အပူလောင်မြိုက်
စိန်တိုက် ရွှေတိုက် ငွေတိုက် တွေကလည်း အပူမီးအတွက်လောင်စာ
ပြည်သူ့ မသဒ္ဓါရေစာ စားနေရတဲ့ ဘဝ
ပြိတ္တာတွေ ကတောင် လှောင်ရီနေကြပြီ နအဖရေ
မကောင်းမှုတွေ စုံစေ့အောင် လုပ်ခဲ့တာ
ယေရှု၊ ဂေါတမ နဲ့ အလ္လာကို လုပ်ကြံဖို့ပဲ ကျန်တော့တယ်
စိတ်လျှော့လိုက်ပါတော့
မိုက်ဇာတ်က ၂၀၀၉ နဲ့ အတူ ဆုံးသွားပါပြီ။
အဖော်လိုက်ပေးမဲ့ ငမိုက်သားတစုနဲ့
လက်တဆုပ်စာ လူတစုက ဒီလောက်အထိ ရှင်သန်ခွင့် ရခဲ့တာကိုပဲ ကျေးဇူးတင်လိုက်ပါ
ပြည်ဖုံးကားချ နေဝင်
ရွှေရည်ရဲ့ ကဗျာကို
ဗမာသခင်အားလုံးဖတ်
နှစ်သစ်ဟာ တို့အတွက်မင်္ဂလာ
အမိုက်တိုက်တွေ ကင်းစင်သွားပါပြီ။


ဝတ်မှုန်ရွှေရည်
၂၀၀၉ ဒီဇင်ဘာ


ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁)



ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁)

(Choosing Right Path and Real Politics)

နိုင်ငံရေးဆိုတာ လှေနံကို ဓါးနဲ့ထစ်ချလိုက်သလို ပုံသေနည်းတွေအခြေခံပြီး တွက်ချက်အဖြေထုတ်လို့ရတဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်ပါဘူး။ နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်ပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က နိုင်ငံရေးဇတ်ကောင်တွေကို အုပ်စုကြီး (၄)ခုခွဲပြီး ရေးပြကြည့်ချင်ပါတယ်။ သို့သော် ဒီအုပ်စုကြီးလေးခုသည် ဘယ်တော့မှ မပြောင်းမလဲတတ်တဲ့ (Rigid)သဘောမဆောင်ဘဲ၊ အခြေအနေနှင့် အချိန်အခါအရ ရွေ့လျားပြောင်းလဲတတ်တဲ့၊ ကူးလူးတတ်တဲ့ (Fluid)သဘောကို ဆောင်တတ်ပါတယ်ဆိုတဲ့ အချက်ကိုတော့ အလေးအနက်ထားစေချင်ပါတယ်။

၁။ နအဖနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

၂။ အင်အယ်လ်ဒီနှင့် အခြားဒီမိုကရေစီ အင်အားစုများ

၃။ ငြိမ်းအဖွဲ့များနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

၎။ မငြိမ်းအဖွဲ့များနှင့် ပြည်ပအင်အားစုများ

၁။ နအဖနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

နအဖအကြောင်းကို လူတိုင်းသိကြတာမို့ အထူးရေးပြမနေတော့ပါဘူး။ နအဖနှင့် ဆက်စပ်သူတွေနှင့် ပတ်သက်လို့ကတော့ အမည်တွေကို ချရေးတာထက် သူတို့ရဲ့ သဘောသဘာဝကို ဖေါ်ပြတာက ပိုကောင်းမယ် ထင်ပါတယ်။ စစ်အစိုးရ အနှစ်နှစ်ဆယ်ကာလလုံးလုံး အဓမ္မမှုတွေ ဘယ်လောက်များများ၊ လာဒ်စားစား၊ ဘယ်လောက်ပင် မတရား၊ နာဂစ်မှာ လူမဆန်၊ ထုလိုထု သတ်လိုသတ်၊ ကိုယ့်အမွေးတစ်ပင် မကျွတ်ရအောင် တစ်ခွန်းမှ မဟရဲတဲ့အပြင် ဝေဖန်ထောက်ပြသူတွေကို ရန်ပြန်လုပ်၊ စစ်ဗိုလ်တွေရှေ့ကျ အစဉ်ဒူးတုပ် နေကြသူတွေက များလှပါတယ်။ စစ်ဗိုလ်တွေကို ကြောက်ကြတာက သိပ်မဆန်းလှပါဘူး။ ပြည်သူကို နေ့တစ်ဓူဝ ဖိစီးနှိပ်စက်နေတဲ့ နအဖသည် ချစ်ကြည်စရာ၊ လေးစားစရာမဟုတ်ဘဲ၊ ရွံ့စရာ၊ ကြောက်စရာကောင်းသော သတ္တ၀ါများသာဖြစ်သည်မို့ များသောအားဖြင့် လူတွေက နအဖကို ရွံကြောက် ကြောက်ကြတတ်ပါတယ်။ ဆန်းတာက နအဖကို မော်လို့တောင် မဖူးဝံ့တဲ့ မဟာသူရဲကောင်းကြီးတွေက တရားခံနအဖနှင့် ပူးပေါင်းပြီး လူထုကို ဆင်းရဲတွင်းက ကယ်ထုတ်မယ် ဆိုနေကြပြန်တော့။ စဉ်းစားစရာပါ။

သူတို့ကိုသူတို့ နအဖရဲ့ လက်ဝေခံတွေ မဟုတ်ပါဘူးလို့ တစ်စာစာ ဟစ်ကြွေးနေသော်လဲ၊ စစ်ဗိုလ်တွေရဲ့ မျက်နှာရိပ်၊ မျက်နှာကဲကြည့်ပြီးမှ အစည်းအဝေးလုပ်ရဲ၊ ဆောင်းပါးရေးရဲ၊ အင်တာနက်ထဲအော်ရဲတတ်တဲ့ မိမိရဲ့ အနေအထားမှန်ကို အမှန်အတိုင်း နားလည်သဘောပေါက်ပြီး၊ လေလျှော့ကြစေချင်ပါတယ်။ ဒီကြားထဲ၊ တပ်နှင့်ပေါင်းစားရေး ခေါင်းစဉ်အောက်မှာ ယုံနှင့်အတူပြေး၊ ခွေးနှင့်အတူလိုက်ရင်း အမြီးကျက်ရင် အမြီးစား၊ ခေါင်းကျက်ရင် ခေါင်းစား၊ အရိုးရရင် အရိုးဝါးနေကြတာတွေလည်း ဒုနှင့်ဒေးဖြစ်နေတာက မြင်မကောင်းလှပါ။

လူထုခေါင်းဆောင်လည်း ဖြစ်ချင်၊ လူထုရှေ့ကလည်း မရပ်ဝံ့တဲ့၊ မရဲဘဲ ကျွဲဗြဲစီးချင်သူများဟာ လူထုရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်တော့မှ မရနိုင်သလို သူတို့အလုပ်အကြွေးပြုနေတဲ့ စစ်ဗိုလ်တွေကတောင် လေးစားခန့်ညားခြင်း ခံရသူတွေမဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေကို စစ်ဗိုလ်ချုပ်တွေက စိတ်ကြိုက်အသုံးချပြီး မလိုတဲ့တစ်နေ့ ကျွန်စုပ်တဲ့ သရက်စေ့လို နင်းချေစွန့်ပစ်ခံကြရတဲ့ သမိုင်းသက်သေတွေက ယူမကုန်ပါ။

အခုဆောင်းပါးကို ရေးနေခိုက်မှာဘဲ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက အလတ်ချောင်းကျေးရွာမှာ ကိုအေးလွင်ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်က လူ(၃၀)ဆယ်လောက်နဲ့ ဆိုင်းဘုတ်တင် အခမ်းအနားလုပ်ဖို့ပြင်နေတုန်း၊ ကြည့်မြင်တိုင်မြို့နယ် ကြံ့ခိုင်ရေးအတွင်းရေးမှူးဦးဆောင်တဲ့ လူ(၂၀၀)ကျော်က ၀ိုင်းရိုက်လို့ လူ(၅)ယောက် ဆေးရုံတက်ရတဲ့အပြင် ၀ိုင်းအရိုက်ခံရသူတွေကိုဘဲ တရားပြန်အစွဲခံလိုက်ရတဲ့ သတင်းကြားလိုက်ပါတယ်။ သတိသံဝေဂ ရသင့်ကြပါပြီ။ သို့သော် သံဝေဂဆိုတာ ယူတတ်မှ ရတတ်တာမျိုးပေဘဲ။

၂။ အင်အယ်လ်ဒီနှင့် အခြားဒီမိုကရေစီ အင်အားစုများ

အင်အယ်လ်ဒီ၊ တိုင်းရင်းသားများ၊ သံဃာများ၊ ကျောင်းသားလူငယ်များနှင့် လူထုအလွှာအသီးသီးမှ လူထုကိုယ်စားပြု၊ လူထုဘက်ကရပ်သူများ ပါဝင်သောအစုဖြစ်ပါတယ်။ အနိမ့်ဆုံး နအဖ၏ အညိုညင်ခံသူများမှအစ အမြင့်ဆုံး အဖမ်းခံ၊ အထုခံ၊ ညှဉ်းသတ်ခံပြီး မိသားစုနှင့်ချီ ပေးစပ်နေကြသူများဖြစ်ကြပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မခြင်း နည်းမျိုးစုံနှင့် ဆက်လက်တိုက်ပွဲဝင်နေကြမည့်သူတွေလည်းဖြစ်ကြတယ်။ ဒီအင်အားစုထဲမှာ အင်အယ်လ်ဒီနှင့် အမြင်၊ လုပ်ဟန် မတူတဲ့ အစုအဖွဲ့တွေ၊ တစ်သီးပုဂ္ဂလတွေလဲ ပါဝင်ပါတယ်။ သို့သော် သူတို့အားလုံးသည် ဆရာဦးဝင်းတင်ပြောသလို လူထုကို မျက်နှာမူသူများ၊ ပြည်သူကို ရှေ့ရှုသူများဖြစ်ပါတယ်။ ဦးရွှေအုန်း၊ အမျိုးသားရေး ဦးဝင်းနိုင်၊ ဦးသုဝေနှင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးများ၏ သမီးများ စသူတို့ကို ဒီအုပ်စုထည်းမှာ ထဲ့သွင်းနိုင်မယ်လို့ မြင်ပါတယ်။

ဒီအင်အားစုကိုဘဲ လုပ်နည်းလုပ်ဟန်အရ သုံးမျိုးထပ်ခွဲသင့်တယ်လို့ ထင်ပါတယ်။ ပထမအင်အားစုက စစ်အာဏာရှင်စနစ်ရဲ့ သဘောသဘာဝမှန်အရ အတင်းအကြပ် ကလော်ထုတ်မှ ပြုတ်ကျမှာမို့ လူထုလှုပ်ယှားမှုကြီးနှင့်သာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေသူတွေဖြစ်ပါတယ်။ ဒုတိယအင်အားစုက (If you can’t fight, join them)ဆိုသလို နအဖကို ဘယ်လိုမှ တိုက်လို့မရတော့တဲ့အတူတူ (ဆက်တိုက်နေလည်း ဘယ်လောက်ထပ်ကြာမယ်မသိနိုင်၊ လူထုလည်း နစ်နာလှပြီ) ဈေးမဆစ်နေတော့ဘဲ နအဖစိတ်ကြိုက် အလိုကျ အလျော့ပေး၊ ၀င်လို့ရတဲ့အပေါက်က ရအောင်ဝင်၊ ပေါင်းလုပ်၊ နောက်တစ်ဖြေးဖြေး ပြောင်းလဲမှုတွေ ပေါ်ပေါက်လာအောင် လုပ်ချင်သူတွေဖြစ်ပါတယ်။ နောက်အင်အားစုကတော့ အားလုံးဂုဏ်သိက္ခာရှိမဲ့ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို စွဲကိုင်ထားပြီး လူထုကို ဆက်လက် စည်းရုံးဦးဆောင်နေသူတွေဖြစ်ပါတယ်။

၃။ ငြိမ်းအဖွဲ့များနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

နအဖက နိုင်ငံရေး ရပိုင်ခွင့်ထက် စီးပွါးရေးအခွင့်အရေးပေါင်းစုံနှင့် ပေးမျှားပြီး ငြိမ်းခေါင်းဆောင်တွေကို ခြေကျွံလက်ကျွံဖြစ်အောင်လုပ် လူလည်ကျပြီး၊ သူ့ခါးပိုက်ဆောင်ထဲထဲ့ဖို့ အတင်းကြိုးစားနေခဲ့တာ ဆယ်စုနှစ် နှစ်စုလောက် ရှိနေပါပြီ။ ရေမြွေတွေဘဲလို့ထင်ပြီး အားလုံးကို သိမ်းကြုံးခါးပိုက်ပိုက်ရာမှာ မြွေပွေးတွေပါနေတာကို သိလိုက်တဲ့အချိန်မှာတော့ မြွေပွေးက ခါးပိုက်ထဲမှာ ရောက်နှင့်နေပါပြီ။ အခုတော့ နအဖက မြွေပွေးကို ခါးပိုက်ပိုက်ပြီး ၂၀၁၀ကို ဖြတ်ကျော်ရပါတော့မယ်။ ၂၀၁၀အလွန်မှာ စစ်အာဏာရှင်စနစ်ကို သေချာပေါက် ဆက်လက်ခြိမ်းခြောက်နေမဲ့ မြွေပွေးတွေ အသေအခြာရှိနေပါတယ်။ သို့သော် နဂိုရ်က ကိုယ်ခံအင်အားနည်းရတဲ့အကြား နအဖနှင့် လူပေါင်းမှားပြီး ဂျောက်ကျသွားလို့ မထူးဇတ်ခင်းကာ၊ စစ်ဗိုလ်တွေကို ဈေးပေါပေါနှင့် ဆက်လက်အသုံးတော်ခံနေရမဲ့ မြက်လျောတွေလည်း ရှိနေသပေါ့ဗျာ။

ဒီအင်အားစုဟာ မူလအတိုင်း ပိုနေမြဲ၊ ကျားနေမြဲ နေလိုနေ(တရုပ်ဒုသမ္မတက တရုပ်ကြောက်မင်းတြားကြီး ဗိုလ်သန်းရွှေကို လာကြိမ်းသွားပြီဆိုတော့)၊ နယ်ခြားစောင့်တပ်(Border Guard Force)အဖြစ်ပြောင်းပြောင်း၊ ဒေသစောင့်တပ် (Regional Guard Force)အဖြစ်ဘဲထားထား၊ သူတို့ရဲ့ နိုင်ငံရေး လိုအပ်ချက် သဘောသဘာဝကတော့ မပြောင်းပါဘူး။ နိုင်ငံရေးမတည်ငြိမ်သေးရုံသာမက၊ မူးယစ်ဆေးဝါးပြသနာတွေနှင့် ရှုပ်ထွေးနေတဲ့ ကျုပ်တို့လို နိုင်ငံမျိုးမှာ စီးပွါးရေးလုပ်တဲ့ ခေါင်းဆောင်တွေလက်ထဲ လူမျိုးစုတစ်ခုလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာတွေကို ပုံအောပေးအပ်ထားတာမျိုးကိုတော့ အရှည်တွက်ပြီး အလေးအနက်ထား ပြန်စဉ်းစားသင့်ကြတယ် ဆိုတာလောက်ကိုတော့ ကြုံတုန်းထောက်ပြချင်ပါတယ်။ ခွန်ဆာက အကောင်းဆုံး ဥပမာဖြစ်ပါတယ်။

ဒီအင်အားစုရဲ့ ထူးခြားတဲ့ဝိသေသတစ်ရပ်ကတော့ လူမျိုးစုကို အခြေခံတဲ့ ဒီအင်အားစုကို နအဖကော၊ အခြားဒီမိုကရေစီအင်အားစုများကပါ ဘယ်လိုနည်းနှင့်မှ အစားထိုး နေရာယူလို့ မရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအင်အားစုကို နအဖကိုယ်တိုင်ကတောင် မချစ်သော်လည်း အောင့်ကာနမ်းပြီး မဖြစ်မနေ ဆက်လက်လက်တွဲရမဲ့ အနေအထားရှိနေပါတယ်။ လူထုကို မျက်နှာမူတဲ့ အင်အားစုဖြစ်ပါတယ်။

၎။ မငြိမ်းအဖွဲ့များနှင့် ပြည်ပအင်အားစုများ

အားလုံးဟာ ဒီမိုကရေစီ အင်အားစုတွေဖြစ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ် လက်တွေ့အားဖြင့် တိုက်ရိုက်တက်ရောက်နိုင်သူများ မဟုတ်ကြသေးသော်လည်း အစဉ်တစိုက် ပါဝင်ပတ်သက်နေသူတွေ ဖြစ်ပါတယ်။ ၄င်းတို့အကြားမှာ အမြင်နှင့် လုပ်နည်းလုပ်ဟန်တွေ၊ ချဉ်းကပ်ပုံတွေမှာ မတူမှုကြောင့် အချင်းချင်းကြား ကွဲပြားမှုအချို့တွေက နက်ရှိုင်းတယ်လို့ ဆိုနိုင်စရာတွေ ရှိနေသော်လည်း၊ တစ်ကယ်တော့ ပြည်တွင်းက အုပ်စု (၂)လိုဘဲ အတိအကျ သုံးမျိုးကွဲ နေကြသူတွေဖြစ်ပါတယ်။ လက်နက်ကိုင်ထားဆဲသူတွေအတွက် လက်နက်ကိုင်နည်းလမ်း တစ်ခုသာ ပိုပါတယ်။ အုပ်စု (၂)ကဲ့သို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကို ရှေ့ရှုသူများချည်းလည်း ဖြစ်ကြသမို့ ဘုံဆုံမှတ် ရှိကြပါတယ်။

လက်ရှိအခြေအနေအရ မြန်မာ့နိုင်ငံရေးဇတ်ကောင်တွေကို အုပ်စုလေးခုအဖြစ် ခွဲခြားထားမိသော်လည်း၊ အခြေခံအားဖြင့်ဆိုရရင်တော့ မတူခြားနားသော နိုင်ငံရေးဘုံဆုံမှတ်နှစ်ခုကို မျက်နှာမူတဲ့ အုပ်စုကြီးနှစ်ခုရဲ့ အားပြိုင်မှုသာဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ ဆုံမှတ်ရယ်၊ လူထုဆန့်ကျင်ရေး ဆုံမှတ်ရယ်တို့သာ ဖြစ်ပါတယ်။ သို့သော် ဒီအုပ်စုကြီးနှစ်ခုသည် အထက်ကရေးခဲ့သလို ပြောင်းလဲတတ်သော၊ ကူးလူးတတ်သော (Fluid)သဘောကို ဆောင်နေတယ်ဆိုတာကို ထပ်လောင်းထောက်ပြလိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ၊ လူထုကို မျက်နှာမူတဲ့ ဆုံမှတ်အုပ်စုထဲမှာပါတဲ့ အုပ်စု (၂)၊ (၃)၊ (၄)တို့က လူထုဆန့်ကျင်ရေး ဆုံမှတ်အုပ်စုကြီးဖြစ်တဲ့ အုပ်စု(၁)နှင့် လာတော့မဲ့၂၀၁၀ စစ်တလင်း နောက်တစ်ခုမှာ သူသေကိုယ်သေ၊ ထပ်တိုက်ကြဦးမယ်လို့ ရေးရိုးရေးစဉ် ရေးလိုက်မယ်ဆိုရင် ကျုပ်အတွက်လည်း အင်မတန် ရေးရလွယ်သွားသလို အဲဒီ သမားရိုးကျအမြင်ကို ထောက်ခံမဲ့သူတွေနှင့် ကန့်ကွက်မဲ့သူတွေက ထုံးစံအတိုင်း ဆက်လက် ထောက်ခံမြဲ၊ ကန့်ကွက်မြဲတွေကို သက်တောင့်သက်တာ လုပ်နိုင်ကြမှာပါ။ ဒီလိုတန်းသာဆိုရင် နိုင်ငံရေးလုပ်ရတာ အင်မတန်လွယ်ပေတာဘဲ။ ဘယ်လမ်းစဉ်ဘဲကျလာလာ၊ ကျလာတဲ့လမ်းစဉ်ကို ကိုယ်ကိုင်စွဲထားတဲ့ ပုံစံခွက်ကလေးထဲ ထည့်ကြည့်လိုက်။ အံကျနေရင် ထောက်ခံလိုက်။ အံမကျရင် ကန့်ကွက်လိုက်နဲ့ အပင်ပမ်းခံ စဉ်းစားတွက်ချက်နေဖို့မလို။ အအိပ်မပျက်၊အစားလဲမပျက်။

သို့သော် ဒီနေရာမှာ ဘယ်သူမှ မငြင်းနိုင်၊ မငြင်းသင့်တဲ့၊ မရှောင်လွှဲနိုင် မရှောင်ပြေးသင့်တဲ့ မေးခွန်းသစ်တစ်ခုက ကျုပ်တို့အားလုံးကို စိန်ခေါ်နေပါပြီ။

ပြောင်းလဲလာတဲ့ အခြေအနေအသစ်၊ အခင်းအကျင်းအသစ်တွေနဲ့ လိုက်လျောညီထွေတဲ့ နည်းဗျူဟာအသစ်တွေကို မှန်ကန်စွာ ရှာဖွေပြီး၊ ရဲရဲကြီးအသုံးချသင့်၊ မသင့်ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

နိုင်ငံ့လွတ်လပ်ရေးအတွက် လမ်းကြောင်းမှန်ကို တင်ပေးနိုင်ခဲ့တဲ့ ဖဆပလကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်တဲ့အခါမှာ ပန်းခင်းသော လမ်းကို လျှောက်ခဲ့ခြင်းလား။ မတူညီတဲ့ အယူအဆတွေ၊ အတိုက်အခိုက်တွေ၊ အတိုက်အခံတွေကို ဗိုလ်ချုပ်က ဘယ်လိုစုစည်းခဲ့သလဲ။ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ရခဲ့ပါသလဲ။ ပြိုင်တူတွန်းမှ ရွေ့မှာမို့ လုပ်နည်းလုပ်ဟန် အထွေထွေအပြားပြားဖြစ်နေတဲ့ ယနေ့အင်အားစုတွေကို သမိုင်းသင်ခန်းစာယူပြီး ဘယ်လိုစုစည်းမလဲ။ အားလုံး ငါ့နောက်လိုက်ကြ၊ ငါ့လမ်းစဉ်ကို ထောက်ခံကြ ပြောပုံမျိုးနဲ့ အလုပ်ဖြစ်ပါ့မလား။ မိမိအင်အားစုကို သူ့အင်အားစု မဖြစ်သွားအောင်၊ သူ့အင်အားစုကို မိမိအင်အားစု ဖြစ်လာအောင် အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုပုံဖေါ်သင့်သလဲ။ ဘုံရည်မှန်းချက် အောင်မြင်ရေးအတွက် မတူကွဲပြားခြားနားတဲ့အမြင်တွေကို လေးစားနေရာပေးရဲတဲ့ နှလုံးရည်သတ္တိမျိုးကို ဘယ်လိုတည်ဆောက်ကြမလဲ။ အဖြေကို ကျုပ်မသိပါဘူး။ သို့သော် ကျုပ်က မိတ်ဆွေများနှင့်အတူ စဉ်းစားကြည့်ချင်တာသာပါ။

ဆရာဦးဝင်းတင်ပြောသလို ပိတ်ထားသော တံခါးကို ရိုက်ချိုးပြီး၊ တစ်နည်းအားဖြင့်ဆိုသော် ပိတ်နေသော လမ်းကြောင်းကို ထိုးဖေါက်ပြီး လမ်းကြောင်းသစ်နှင့် ဘယ်လိုဖေါက်ထွက်ကြမလဲဆိုတာကို ကျုပ်ညာဏ်ကလေး ထောက်မီသလောက်နဲ့ အချိန်ယူ ဆွေးနွေးကြည့်လိုက်ချင်ပါတယ်။

အောင်ထီ

ဒီဇင်္ဘာလ ၂၄၊ ၂၀၀၉