Monday, December 28, 2009

အစအဆုံး


ကော်ပီသီချင်းတွေအတွက်ပြည်ပကသံစဉ်ပိုင်ရှင်တွေဆီကပါခွင့်ပြုချက်ယူပြီးမှသာအသုံးပြုရပါမည်။ဒီခွင့်ပြုချက်
ကိုပြည်တွင်းမှယူငင်၍အသုံးပြုသောတေးရေးဆရာများကတာဝန်ယူ၍တောင်းခံပေးရပါမည်။
မှတ်ချက်။
ကိုယ်ပိုင်သံစဉ်ဖန်တီးသူများမပါပါ။

The Voice Weekly JournalNo.8, Vol 6, December 28, 2009.

http://ifile.it/0d6yil9 thevoice6-8

28 DEC ဒိုင်ယာရီ

http://ifile.it/2u85xzg28 Dec 2009 Diary

အင်းစိန်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်၊ တွဲဖက်တာဝန်ခံ(၁)၊ ကိုထွန်းထွန်းနိုင်လွတ်မြောက်ရေးဆုတောင်းပွဲ။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ဆွမ်းကပ်
2009-12-27

မိတ္ထီလာအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၉ နှစ် ကျခံနေရတဲ့ အင်းစိန် အန်အယ်လ်ဒီလူငယ် ကိုထွန်းထွန်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အင်းစိန် ဖော့ကန်ရပ်မှာရှိတဲ့ ကိုထွန်းထွန်းနိုင်နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ဆွမ်းကပ်ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီဆုတောင်းပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့ ကိုထွန်းထွန်းနိုင်ရဲ့ လုပ်ဖော်ကိုင်ဘက်တဦးက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဘုရားတက် ဝတ်ပြုဆုတောင်းသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေတာကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုတွေဟာ ကိုယ့်အိမ်မှာကိုယ် တတ်နိုင်သမျှ သံဃာတော်တွေနဲ့ အပေါင်းအသင်းတွေကို ဖိတ်ကြားပြီး ဆုတောင်းပွဲ ပြုလုပ်နေရပါတယ် လို့ အာအက်ဖ်အေကို ပြောပါတယ်။

လုပ်ဖော်ကိုင်ဘက်တဦး။ ။'ကိုထွန်းထွန်းနိုင် ကျန်းမာရေးနဲ့ ပြန်လည် လွတ်မြောက်လာရေးအတွက် ဘုန်းကြီး ၅ ပါး ဆွမ်းကပ်ပါတယ်။ ကျနော်တို့က ကိုထွန်းထွန်းနိုင်အတွက် လုပ်တယ်ဆိုပေမယ့် ကိုထွန်းထွန်းနိုင်လို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေဖို့အတွက် ရည်ရွယ်ပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ ဘုန်းကြီးငါးပါး ဆွမ်းကပ်ပြီး လွတ်မြောက်စေဖို့ ဆုတောင်းပွဲလေးပါ။ သူ့ရင်းနှီးတဲ့ နိုင်ငံရေးမိသားစုတွေ ဖိတ်တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူတွေလည်းလာတယ်။ ပြည်သူထူထုတွေလည်း လာတယ်ခင်ဗျ'

ကိုထွန်းထွန်းနိုင်ရဲ့ဇနီး မအေးအေးသက်ကလည်း ပြီးခဲ့တဲ့လက မိတ္ထီလာထောင်မှာ ထောင်ဝင်စာ တွေ့ခဲ့တုန်းက ကိုထွန်းထွန်းနိုင် ကျန်းမာရေး ကောင်းမွန်ကြောင်းနဲ့ ဆွမ်းကပ်ပွဲ အကြောင်းကို ပြောပြပါတယ်။

မအေးအေးသက်။ ။'သူ့အတွက် အလှူလေး လုပ်ပေးနေတာပေါ့၊ သူ့အတွက်မွေးနေလေ။ သူ့မွေးနေ့က ၁ လပိုင်း ၁ ရက်နေ့က သူ့မွေးနေ့လေ။ ကျမက အဲဒီရက်ကို သွားမယ်ဆိုတော့ တိုက်နေလို့ အခုကြိုပြီးတော့ လုပ်လိုက်တာပေါ့နော်။ ကလေးကလည်း ဖအေကို သတိရနေတော့လေ ဖေဖေ့ဆီ သွားချင်တယ်၊ ဖေဖေ့ဆီ သွားချင်တယ် ဖြစ်နေတာ။ အားလုံး နိုင်ငံရေးမိသားစုတွေ လွတ်မြောက်စေချင်တယ်ပေါ့။ ငှက်ကလေးတွေ လွတ်ပေးတယ်ပေါ့။ သူ့ကိုယ်စား သူ့သားလေးက လွတ်ပေးတယ်။ ဘုရားမှာ ဝတ်ပြုဆုတောင်းရင်လည်း အဖမ်းအဆီးက အမြဲတမ်း ရှိတယ်လေ၊ မလွတ်လပ်ဘူးလေ။ အဲဒါကြောင့် အိမ်မှာပဲ ဆုတောင်းလိုက်တာပေါ့နော်။ အင်္ဂါအဖွဲ့တောင် အကုန်လုံး အဖမ်းခံထားရတာလေ။ သိပ်မရှိဘူး၊ ခု အင်္ဂါအဖွဲ့က တယောက်ပဲ လာနိုင်တယ်'

ဒီကနေ့ ဆုတောင်းပွဲကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ အကျဉ်းကျ နိုင်ငံရေးမိသားစုတွေနဲ့ ဆွေမျိုးမိတ်ဆွေ တရာနီးပါး လာရောက်ခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/family_and_friends_hold_religious_gathering_for_free_political_prisoners-12272009111426.html
http://ifile.it/n1g56mv
Tun Tunny Ing

ဆိုးဝါးလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား



http://www.kicnews.org/?p=1554
Submitted by Karen Information Center on December 28, 2009 – 7:07 am
M.ထက်ခေါင်

(၁)

လွန်ခဲ့သော ရက်များအတွင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသော ကျန်းမာရေးအခြေအနေနှင့် ရေစုန်မျော တော့မည့် ဆဲဆဲ စိတ်ဓာတ်တို့ကို ဆယ်မသည့်အနေဖြင့် အနှစ်နှစ် အလလ စုဆောင်းထားခဲ့သော ဗီစီဒီ-ဒီဗီဒီ ရုပ်ရှင်ခွေအချို့ကို ပြန် လည်ရွေးထုတ် ကြည့်ရှုဖြစ်ခဲ့ သည်။ ၂၀၀၆-၀၇ ခုနှစ်က ဇာတ်ကားဟောင်း များဖြစ်သည့် Mel Gibson ၏ Apocalyptoနှင့် ဒါ ရိုက်တာ Marcusl -Nispe ၏ Pathfinder ဇာတ်ကားတို့ကို ပထမဆုံး ပြန်၍ကြည့်သည်။ ကျူးကျော်ဖိနှိပ်သူနှင့် တွန်းလှန်သူ တို့၏ ဇာတ်လမ်းများဖြစ်၏။ လောကထဲ မတ်မတ်ခိုင်ခိုင် ရပ်တည်လိုလျှင် အညံ့မခံ အရှုံးမပေးဘဲ ရင်ဆိုင်ဖြိုခွင်းနိုင်မှ ရမည်ဆို သည့် ဇာတ်ကားတွေ ဖြစ်သည်။

ထိုဇာတ်ကားများမှာ ၁၉၆၆-၆၇ ခုနှစ်များက ရန်ကုန်တွင် ပြသသွားဘူးသော Cornel Wilde ၏ Naked Prey လို ဇာတ်ကားမျိုးတွေ ဖြစ်သည်။ လောကထဲမှာ နိုင်သူစားတမ်းဖြစ်ကြောင်း၊ မိမိကိုယ်မိမိ မုဆိုးလည်းသားကောင်၊ သားကောင် လည်း မုဆိုးအဖြစ် ခံယူကာ၊ မနုဿမုဆိုးများလက်မှနေ၍ မိမိဘ၀ ရှင်သန်ရပ်တည်နိုင်ရေး ကြုံလာသမျှ အခွင့်အရေးကို ရယူ အသုံးချလျက်၊ အန္တရာယ်ရန်စွယ် အနှောက်အယှက် အတားအဆီး မှန်သမျှကို ဖယ်ရှားကျော်လွှားရမည်ဖြစ်ကြောင်း၊ မရုန်း ကန်နိုင်သူ မဖောက်ထွက်နိုင်သူများမှာ ကျဆုံးနစ်မွန်းကြရမည့်အကြောင်း ဖော်ကျူးထားသည့် ဇာတ်ကားဖြစ်သည်။

တကယ်တော့ မယ်လ်ဂစ်ဆင်တို့ ကော်နယ်ဝိုင်းလ်ဒ်တို့မှာ သွေးဆာနေသူတွေ မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ခုံမင်မြတ် နိုးသူတွေဖြစ်ကြောင်း ၎င်းတို့ရိုက်ကူးသည့် ဇာတ်ကားအချို့က ဖော်ပြနေသည်။ မယ်လ်ဂစ်ဆင်၏ We Were Soldiers (၂၀၀၂)လို၊ ကာနယ်ဝိုင်း၏ Beath Red(၁၉၆၉)လို ဇာတ်ကားမျိုးများမှာ စစ်၏အနိဌာရုံကို ဖော်ကျူးလျက် လူသားချင်း စစ် ဆင်းရသည့် ဆိုးပြစ်များနှင့် လူသားပီသသော သဘောထား စေတနာများကို တွေ့ရှိကြရမည် ဖြစ်သည်။

အလုပ်မရှိအလုပ်ရှာကာ ထောင်သားများကိုနှိပ်စက်သည့် ဇာတ်ကားများ၊ Conde mned(၂၀၀ရ)နှင့်(Death Resce (၂၀၀၈)လို ထောင်သားအချင်းချင်း သတ်ဖြတ်စေသည့် ဇာတ်လမ်းများ၊ ထောင်အာဏာပိုင်များနှင့်ပေါင်းလျှက်၊ ထောင်သား များကို သွေးခွဲကာ၊ လူမိုက်မွေး ဂိုဏ်းဖွဲ့ပြီး ထောင်သားအချင်းချင်းအပေါ် မဟုတ်မတရား အနိုင်ကျင့်ကြသူများအား ပြန်လည် တွန်းလှန်သည့် Felon(၂၀၀၈)The Escapist(၂၀၀၁)လို ဇာတ်ကားများ၊ ကိုယ်ကျင့်တရားနှင့် စာရိတ္တချွတ်ခြုံကျနေသော ထောင်အာဏာပိုင်များ၊ ဖောက်ပြန်သော ပုလိပ်ဌာန အရာရှိကြီးများကို တွန်းလှန်ဖြိုဖျက် အနိုင်ရသည့်ဇာတ်ကားများနှင့် အနှိပ်စက်ခံ သေနတ်သမားက ပြန်လည်ကလဲ့စားချေသည့် ကောင်းဘွိုင်ဇာတ်လမ်းများမှာ လူ့အဖွဲ့အစည်းအတွင်း အမြဲတမ်း ခေတ်မှီနေမည့်ဇာတ်ကားများ ဖြစ်လေသည်။

ဓမ္မနှင့် အဓမ္မတို့၏ အားပြိုင်မှုတွင် အဆုံးသတ်၌ အဓမ္မဘက်ကသာ အောင်မြင်မှုရရှိ နိုင်မည်ဆိုသည့် လောကသစ္စာ တရားကို သံသယ ဖြစ်ဖွယ်မရှိ။ အကယ်၍သာ ဓမ္မဘက်က ရှုံးပြီး အဓမ္မဘက်ကသာ အနိုင်ရကြောင်း ပြမည်ဆိုလျှင် ထိုရုပ်ရှင် ကားများမှာ မည်သူမျှ ကြည့် မည်မဟုတ်ဘဲ ရေထဲမျှောလိုက်ရဖို့သာ ရှိလေသည်။ အနှိပ်စက်ခံ အဖိနှိပ်ခံတို့၏ တွန်းလှန် ရုန်းကန်မှုကို ပီပီပြင်ပြင် မှတ်တမ်းတင်နိုင်ခြင်းမရှိသော ဇာတ်လမ်း၊ အဖိနှိပ်ခံတို့၏ အောင်ပွဲကို မဖော်ကျူးနိုင်သော ဇာတ် လမ်းများမှာ ကမ္ဘာ့လူထု၏ လျစ်လျူရှုမှုကို ခံရမည်သာ ဖြစ် သည်။

လက်စားချေ လက်တုန့်ပြန်ခြင်းမှာ မည်သည့်ဘာသာတရားကမျှ တိုက်တွန်းနှိုးဆော်မှု မရှိသော်လည်း လူမျိုးမရွေး ဘာသာမရွေး မသိစိတ်တွင်းမှ နက်ရှိုင်းစွာ လက်ခံထားကြသည့် လုပ်ရပ်ဖြစ်လေသည်။ ခံတုန်းက လိမ့်နေအောင်ခံရပြီး လက် တုန့်ပြန်ရမည့် အလှည့်မရှိတော့ဘူးဆိုလျှင် ထိုဇာတ်ကားကို ကြည့်မိသူများအနေဖြင့် နောက်တခါ ပြန်လည်ကြည့်ရှုလို စိတ်ရှိ မည် မဟုတ်ချေ။ မကြည့်ရသေးသူများသည်လည်း ဇာတ်ကားသတင်းကို ကြားရုံဖြင့်ပင် ကြည့်ချင်စိတ်ရှိတော့မည် မဟုတ်။

သားကို သတ်သွားသူနှင့် အပေါင်းပါများအား လက်စားချေသည့် Death Sentence (၂၀၀၇)၊ မိမိ၏ ဖခင်၊ ဇနီး သည်နှင့် သားတို့ အသတ်ခံရသောကြောင့် ပြန်လည်လက်စားချေသည့် Punisher(၂၀၀၄)နှင့် အိုးအိမ်ကိုပါးကာ သားသမီးအ ချို့ သတ်ဖြတ်ခံရသည်ကို မိသားစုအင်အား၊ ရပ်ရွာစုပေါင်းအင်အားမျာဖြင့် ပြန်လည်တွန်းလှန်သော Patriot(၂၀၀၀)တို့မှာ ဆယ်ခါပြန်ကြည့်သည့်တိုင် ငြီးငွေ့မှု မရှိနိုင်သည့် ဇာတ်ကားများဖြစ်သည်။ စော်ကားနှိပ်စက်ခံရသည်ကို ပြန်လည်တွန်းလှန် အနိုင်ယူသည့် ၁၉၈၂ခုနှစ် First Bloodမှစ၍ ၁၉၈၅တွင် ဒုတိယပိုင်း၊ ၁၉၈၈တွင် ရမ်ဘို တတိယပိုင်းနှင့်၂၀၀၈ခုနှစ် စတုတ္ထ ပိုင်း John Rambo အဖြစ် ထွက်ခဲ့သော Rambo ဇာတ်ကားများ၊ ၁၉၈၈ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ဇာတ်ကား (၄)ကားထွက်ခဲ့ သော Die Hard ဇာတ်လမ်းတွဲများမှာလည်း မည်သည့်အခါမျှ မတိမ်ကောနိုင်သည့် ဇာတ်လမ်းများ ဖြစ်လေသည်။

(၂)
မကြာသေးမီက ပြင်သစ်ပြည်မှာ ဆုရရှိသွားသည့် ဘားမားဗွီဂျေ Burma vj ဆိုသော ရုပ်ရှင်ကားကို အင်တာနက်တွင် တပိုင်းစီ ကြည့်လိုက်ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဆန္ဒပြတောင်း ဆိုကြသည်ကို ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ယခင်က သံဃာတော်များ ဆန္ဒပြကြပုံ ဗီဒီယို ကားပိုင်း တိုများထဲတွင် မပါဝင်သော အခန်းအချို့ကို တွေ့ရသည်။

ချီတက်ကြွေးကြော်၊ မေတ္တာပို့ စီတန်းလမ်းလျှောက်သော သံဃာတော်များကို မြို့တွင်းတိုက်များပေါ်မှ ပြည်သူ လူထု က အားပေးဖူးမြော်ကြပုံနှင့် သံဃာတော်များ၏ ဘေးတဘက်တချက်မှ လိုက်ပါစောင့်ရှောက် ချီတက်ကြပုံ များကို တွေ့ရသည်။ စစ်အုပ်စု လက်ပါးစေတပ်များနှင့် စစ်အုပ်စု၏ လက်ကိုင်တုတ်ကြံ့ဖွံ့၊ စွမ်းအားရှင် စသော မသမာသူများက နှောက်ယှက်၊ နှိပ် ကွပ်သဖြင့် ဖရိုဖရဲ ထွက်ပြေးကြရပုံ၊ သံဃာတော်များ တောင်းဆိုထားသည့် သတ်မှတ်ရက်ချိန်းအတိုင်း မလိုက်လျောသည့် အပြင် လူထုကောင်းကျိုးဆောင်ရွက် သူများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး ပစ်ခတ်၊ သတ်ဖြတ်သောကြောင့် သပိတ်မှောက် ကံဆော်ကြပုံများ၊ ကျွန်စော်နံနေသော အသံဖြင့် လူ ၅ယောက်နှင့်အထက် စုဝေးလမ်းလျှောက်ခြင်းကို ပိတ်ပင်လျက်၊ ည ကိုး နာရီမှ မနက် ၅နာရီ အတွင်း ညမထွက်ရ မာရှယ်လောအမိန့် ကာဖြူးအမိန့်များ ထုတ်လွင့်ပုံများ၊ သပိတ်မှောက် ကြသူများ စုဝေးမှုကို မီးလောင်ဗုံးများသုံး၍ ဖြိုခွဲပုံ၊ ဆွေးနွေးပြောဆိုသလိုလိုဖြင့် လူခွဲထုတ်ပြီး ဖမ်းဆီးကြပုံများကို တွေ့မြင်ကြရသည်။

၁၉၉၈ အထွေထွေ သပိတ်ကြီးတွင်လည်း ဗမာပြည်တ၀ှမ်း လူထုကြီး သန်းနှင့်ချီ၍ အုံကြွခဲ့ကြသည်။ ထိုအုံကြွမှုကြီး များ အဘယ်ကြောင့် ပြိုကွဲခဲ့ရသည်ကို သင်္ခန်းစာ ထုတ်ယူနိုင်ဖို့ရန် လိုအပ်သည်။ ၈၈ခုနှစ် လူထုအုံကြွမှုကြီး မအောင်မြင်ရ သည့် အဓိကအကြောင်းအရာမှာ ဆန္ဒပြသူများအကြားမှ ရန်သူသပ်လျှိထား သူများ၊ ကိုယ်ကျိုးရှာ မသာမာသူများ၊ ရောယောင် နောက်လိုက် အမြှောက်ကြိုက်များ၊ ခံယူချက် မပြည့်ဝသူများ နှင့် သူရဲဘောကြောင်သော အခွင့်အရေးသမားများကြောင့် ဖြစ် ကြောင်း ယျေဘုယျသဘောမျှ ကောက်ချက်ချ နိုင်မည်ဖြစ်သည်။

၈၈ လူထုအုံကြွမှုကြီး ဖျက်ဆီးခံလိုက်ရသည့် နောက်ပိုင်းမှာလည်း လက်ရေးပိုစတာ ကိုင်ဆောင်ကာ တကိုယ် တော် ဆန္ဒပြကြသူများ၊ အုပ်စုငယ်ကလေးများဖြင့် ဆန္ဒပြ စီတန်းလမ်းလျှောက်ကြသူများ၊ ရည်ရွယ်ချက်ဖြင့် ဘုရားတက်ဝတ်ပြုသူ များ၊ လူထုအကျိုးလိုလားသော စေတနာမေတ္တာရှင် သူရဲကောင်း ပေါင်းများစွာ ပေါ်ထွန်း ခဲ့သည်။ ပေါ်ထွက်လာသမျှ လူစွမ်း ကောင်းတိုင်းမှာ နှိပ်ကွပ်ချေဖျက်ခံလိုက်ရသည်ချည်းဖြစ်၏။ စစ်အုပ်စု၏ လက်ကိုင်တုတ် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အမည်ခံ မသမာသူများ၊ စစ်အုပ်စုသတင်းပေး၊ လူထုသစ္စာဖောက်များက နေရာတကာတွင် ရှိနေလေသည်။

လူထုအနေဖြင့် စစ်အုပ်စု လက်ကိုင်တုတ်များ၏ ဟန့်တားနှောက်ယှက်မှုများကြောင့်သာမက မိမိတို့ကိုယ်တိုင်၏ ချွတ်ယွင်းအားနည်းမှုများကြောင့်ပါ ဤသို့ ဖြိုခွင်းခံကြရခြင်းဖြစ်ကြောင်း သိမြင်ဖို့လိုသည်။ မိမိတို့မှာ ဘာတွေလို နေသလဲ၊ ဘာတွေ ချွတ်ယွင်းချက်ရှိသလဲ ဆိုသည်ကို ဆန်းစစ်ဖို့ရန် လိုအပ်သည်။ တိုက်ပွဲတခုပြီးတိုင်း သုံးသပ် ချက်လုပ်ရသလို၊ မိမိ တို့၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ ချွတ်ယွင်းအားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ကာ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ရမည် ဖြစ်၏။

အဖိနှိပ်ခံများအကြားမှာလည်း တဦးပေါ်တဦး မယုံကြည်မှုများ ရှိနေသည်။ သူတပါးအလုပ်အပေါ်မှာ အမြတ်ထုတ် တတ်သူများကလည်း တပုံတပင်။ နိုင်ငံရေး၊ တော်လှန်ရေးထဲ နှစ်ပေါင်းများစွာ လုပ်လာသူတွေပင် ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးအကြား စိတ်ဓာတ်ယိုင်နဲ့လာကြသည်။ ငါကပိုပြီး အနစ်နာခံလုပ်ရတယ်၊ စွန့်စွန့်စားစား လုပ်ရတယ်။ အကျိုးခံစားစရာ ရှိတော့ သူတို့ပဲ။ ကိုယ်ဖြစ်ရင် ဘယ်သူမှ မကယ်နိုင်ဘူး၊ စုတ်တသတ်သတ်နဲ့ သနားယောင်ဆောင်မဲ့လူတွေ တပုံကြီး စသဖြင့် တွေးလာကြသည်။ လူထုထဲမှာလည်း အခွင့်အရေးသမားတွေ၊ ရန်သူ့လက်ကိုင်တုတ်တွေ၊ သူလျှိတွေ ပြည့်နေ၏။

အချို့ ဆန္ဒပြကြွေးကြော်ကြသူများမှာ ရန်သူစစ်အုပ်စု၏ လက်ပါးစေးများနှင့် တိုးသောအခါ ထိုင်ကန်တော့ ကြသည် ကို တွေ့ရသည်။ ရန်သူကို ဦးချကန်တော့သူများထဲတွင် သံဃာတော်အချို့ပါ ပါဝင်ကြသည်မှာ မဖြစ်သင့် မဖြစ်ထိုက်။ ဗမာ ပြည်သားချင်း နှိပ်စက်သတ်ဖြတ်သော ရန်သူလိုမြင်ကာ ပြတ်ပြတ်သားသား ရှင်းလင်းသုတ်သင်မှု မပြုနိုင်လျှင် ရန်သူလုပ်သ မျှ ငုံ့ခံကြရဖို့သာ ရှိလေသည်။

တကယ်တမ်း ဒီမိုကရေစီရေး လိုလားသည့် လူထုမှာလည်း အကြောင်းကြောင်းကိုထောက်လျက် သိပ်ပြီး မလှုပ်ရှား ရဲ။ သို့ရာတွင် ထိရောက်ပီပြင်သည့် ခေါင်းဆောင်မှုကိုတော့ လူထုအားလုံးပင် မျှော်လင့်နေကြသည်။ စစ်အုပ်စုကို ဆန့်ကျင်ရာ တွင် အခြောက်တိုက် စွန့်စားနေခြင်းထက် မိမိတို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အောင်ပွဲရနိုင်မည်ဆိုသည့် မျှော်လင့်ချက် တစုံတရာ ခိုင်ခိုင်မာမာ ရှိထားဖို့ရန် လိုအပ်သည်။

ယုံကြည်မျှော်လင့်ချက် မရှိဘဲနှင့်တော့ လူထုကြီးလည်း ပါဝင်လာလိမ့်မည် မဟုတ်။
တော်လှန်ရေး အဖွဲ့အစည်းများ၊ အတိုက်အခံ နိုင်ငံရေးပါတီများ၊ အထူးသဖြင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အ စည်းများ ညီညွတ်ဖို့ရန်လည်း အထူးပင် လိုအပ်သည်။ တဦးတဖွဲ့ကို ရန်သူက တိုက်နေပြီးဆိုလျှင် ကျန်အဖွဲ့များကပါ ငါတို့နှင့် မဆိုင်ဟုဆိုကာ ကြည့်မနေဘဲ ရန်သူကို တတ်အားသမျှ နည်းမျိုးစုံသုံး၍ နှောက်ယှက်တိုက်ခိုက် ချေမှုန်းကြရမည် ဖြစ်သည်။

(၃)
အချို့ကတော့ စေ့စပ်ညှိနှိုင်းကာ အမျိုးသားချင်း သင့်မြတ်ပြေလည်စေရေး၊ ရင်ကြားစေ့ရေး၊ တဘက်နှင့်တဘက် အပေးအယူ မျှစေရေးတွေကို ဦးတည်လာကြသည်။ ဤကဲ့သို့ ဦးတည်၍သာ အဆင်ပြေမှု ရနိုင်မည်ဆိုလျှင် လွန်လေပြီးသော နှစ်ပေါင်း ၂၀ကျော်ကတည်းက ပွဲပြတ်ခဲ့မည် ဖြစ်လေသည်။

စေ့စပ်ညှိနှိုင်းခြင်းမှာ ပညာဥာဏ် အမြော်အမြင်ရှိသော ယဉ်ကျေးသူတို့၏ အလုပ်ဖြစ်၏။ ပြဿနာရပ်များကို အေး ဆေးစွာ ညှိနှိုင်းဆွေးနွေးလျက် နှစ်ဘက်လက်ခံနိုင်မည့် အဖြေကိုထုတ်ခြင်းသည် နတ်လူသာဓုခေါ်စေသည့် လုပ်ရပ် ဖြစ်လေ သည်။ သို့ရာတွင် ယခုအချိန်၌ စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရေးမှာ လွယ်ကူချောမွေ့စွာ ရရှိနိုင်မည့် ကိစ္စမဟုတ်ချေ။ ကမ္ဘာ့ဖိ အားနှင့် ကမ္ဘာ့နိုင်ငံအချို့ထံမှ မြော်ကိုးထားသော ကူညီထောက်ပံ့မှုများ ရပ်တန့်ပိတ်ပင် ခံမည့်အဖြစ်နှင့် ကိုယ်ကျိုးပျက်စီးမည် ကို စိုးရိမ်စိတ်များ အပါအ၀င် အကြောင်းကြောင်းကိုငဲ့လျက် စစ်အုပ်စုထံမှ ဆွေးနွေးမည်ဆိုသည့်စကားကို ရလာပြီးဆိုသည့် တိုင် တွေ့ဆုံဆွေးနွေးရေးစားပွဲ၌ ၎င်းတို့အား အလျှော့ပေး၍ စေ့စပ်ညှိနှိုင်းရမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။

၎င်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးရာတွင်လည်း ပြည်သူလူထုနှင့် ကမ္ဘာကို ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးညှိနှိုင်းခွင့်ရမည်မဟုတ်ဘဲ ၎င်းတို့၏ ကန့်သတ်ချုပ်ကိုင်မှု အထပ်ထပ်အကြား အောက်တန်း ကသာ ဆွေးနွေးကြရမည် ဖြစ်သည်။ ၎င်းတို့နှင့် အပေးအယူ မတည့်ပါက အခြေခံဥပဒေ ရေးဆွဲမည့် ညီလာခံခေါ်စဉ်တုန်းက လိုမျိုး ဆွေးနွေးပွဲကို ရပ်ဆိုင်း၍လည်းကောင်း၊ မကြာခဏ ရက်ရွှေ့၍လည်းကောင်း၊ အချိန်ဆွဲလိမ့်ဦးမည်သာ ဖြစ်လေသည်။

စစ်အုပ်စုအား ကမ္ဘာ့ခုံရုံးတင်ရန် အမျိုးသမီးအဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့က အားထုတ်ကြစဉ်တွင် ကမ္ဘာ့နိုင်ငံ များ၏ ဖိအားသာမက လူထုကြီး၏ ဖိအားကိုလည်း မလွဲမသွေ လိုအပ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့ စစ်အုပ်စု အနေဖြင့်မူ ၎င်းတို့အား အရေးယူဖို့ မဆိုထားနှင့် အနိမ့်ဆုံး တာဝန်ရှိသူတဦးဦးကိုပင် အရေးမယူနိုင်အောင် ကြိုတင်ပိတ်ပင်ထားမည် ဖြစ်၏။ သို့မ ဟုတ်ပါကလည်း ၄င်းတို့၏ အသက်အိုးအိမ်၊ ရာထူး၊ စည်းစိမ်ဥစ္စာ များ မလျော့ပါးနိုင်ရေး ၎င်းတို့တပည့်တပမ်းများထဲမှ အရေး မပါသူ အချို့အပေါ် ၎င်းတို့အပြစ်များကို ပုံချလျက် ကိုယ်လွတ်ရုန်းထွက်ကြမည်သာ ဖြစ်သည်။ ညှိနှိုင်းဆွေးနွေးရာမှာတော့ တိုင်းပြည်ထူထောင်ရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ထိုက်သင့်စွာ နေရာပေးဖို့ကိစ္စကို မေ့ချန်ထားခဲ့လိမ့်မည် မဟုတ်။

စစ်အုပ်စု၏ အခြေခံဥပဒေကို ဒီမိုကရေစီရေးအဖွဲ့အစည်းများနှင့်ကော တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ပါ သုံးဦးသုံး ဖလှယ် အလိုက်လျောနိုင်ဆုံး ညှိနှိုင်းပြင်ဆင်ရေးဆွဲမှုတွေ လုပ်တန်သလောက် လုပ်နိုင်ခဲ့ပြီးဆိုလျှင် ဗမာပြည်အတွက် ရှေ့ လျှောက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ တရားစီရင်ရေး စသည့်ကိစ္စအရပ်ရပ်တွင် ကောင်းကျိုးများ ရတန်သ လောက် ရရှိနိုင်တော့မည်လား။ မုန်းတီးမှု၊ ရန်ညှိဖွဲ့မှုတွေမရှိဘဲ ပြီးပြတ်ပြေလည်မည့် ဆွေးနွေးဖြေရှင်းမှုများကော ဖြစ်နိုင်ပါ မည်လား။

ဆွေးနွေးဖြေရှင်းပြီးသည့်နောက် ရှစ်လေးလုံးကိစ္စ၊ ဒီပဲယင်းကိစ္စ၊ ရွှေဝါရောက်ကိစ္စ၊ နာဂစ်ကိစ္စတို့တွင် လူထုကို ဖိနှိပ်၊ ညှဉ်းဆဲ၊ သတ်ဖြတ် ဒုက္ခရောက်စေသူများအား ထိုက်သင့်သလို အရေးယူမှုများ မပြုဘဲ လူထုနှင့် တပ်မတော် တစိတ်တ၀မ်း တည်း ညီညွတ်ပျော်ရွှင်မှုကို ရနိုင်ပါမည်လား။ အကျင့်ပျက် ဆိုးဝါးကောက်ကျစ်သော အဓမ္မလုပ်ရပ်များ နောက်ထပ် မပေါ် ပေါက်အောင် တာဝန်ယူ ဟန့်တားထားနိုင်ကြမည်လား။

လူထုထံက လယ်သိမ်း၊ မြေသိမ်း၊ အိုးအိမ် ရပ်ကွက် အဓမ္မ ရွှေ့ပြောင်းစေမှုများတွက် ထိုင်သင့်သလို ပြန်လည်ပေး လျော်မည်လား။ ထပ်မံ လုယက်သိမ်းဆည်းကြဦးမည်လား။

အကြောင်းအမျိုးမျိုးပြကာ လူထုထံက မဟုတ်မတရား ငွေကြေးကောက်ခံမှုတွေ လုပ်နေဦးမည်လား။ ပြည်တွင်းထဲ စားဝတ်နေရေး မလုံလောက်၊ လူလူသူသူ ရပ်တည်ရန် ခက်ခဲမှုကြောင့် ပြည်ပထွက်ကာ ကျွန်ခံလုပ်ကိုင်နေကြရသူများအား သဒ္ဓါကြေးမဟုတ်သော အခွန်အတုပ်များဖြင့် ထပ်မံ နှိပ်စက်ဖိစီးနေကြ ဦးမည်လား။

ကလေးစစ်သား ခိုးယူစုဆောင်းမှုတွေ ဆက်လက် ကျူးလွန်နေကြဦးမည်လား။ အဓမ္မ လုပ်အားပေးတွေ၊ ပေါ်တာဝန် ထမ်း ဖမ်းဆီးခိုင်းစေမှုတွေကော ဆက်လက်ရှိနေဦးမည်လား။
ကုန်ဈေးနှုန်းတွေကို တက်ပြီးရင်းတက်နေသည့် ကိစ္စ၊ ပြည်တွင်းသုံး ငွေစက္ကူတွေကို အကန့်အသတ်မရှိ ရိုက်ပြီးရင်း ရိုက်ထုတ်နေသည့် ကိစ္စ၊ တရားလိုများ တရားခံတို့၏ နှိပ်စက် စော်ကားမှုကို ခံနေရသည့် ကိစ္စများ အပါအ၀င် အထွေထွေ မတရားမှု ပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းရုံသက်သက်ဖြင့် ရှေ့လျှောက် မပေါ်ပေါက်တော့ရန် မည်သူ အာမခံနိုင် မည်နည်း။

(၄)
Those regimes that break the rules must be held accountable.
US president Obama

ငြိမ်းချမ်းရေးကို အသိဥာဏ်ရှိသော လူတိုင်းပင် လိုလားကြ၏။ စစ်ကို မုန်းတီးတတ်ကြ၏။ အဓမ္မသမား စစ်ဝါဒီများကို စက်ဆုပ်ရွံရှာတတ်ကြ၏။ သို့ရာတွင် စစ်ဝါဒီကို ငြိမ်းချမ်းရေးသမား ဖြစ်လာအောင် ဆွဲဆောင်လို့တော့ မရကြ။ ထိုအခါ ငြိမ်း ချမ်းရေးသမားမှာ မလိုလားသော စစ်ဝါဒကို မလွဲမရှောင်သာစွာ ကိုင်စွဲရတော့မည် ဖြစ်၏။ စစ်ဝါဒီအား စစ်ရေးနည်းဖြင့် ဆွေး နွေးဖြေရှင်းခြင်းသည်သာ အမှန်ကန်ဆုံ လုပ်ရပ် ဖြစ်ပေလိမ့်မည်။

အမေရိကန်သမတ အိုဘာမား နိုဘယ်လ်ငြိမ်းချမ်းရေးဆိုကို လက်ခံရယူစဉ်အခါက ပြောကြားသွားခဲ့သော စကားမှာ ဥပဒေစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခြင်းခံရသော နိုင်ငံသားများအတွက် အားတက်ဖွယ်ဖြစ်သည်။
အကြမ်းမဖက်တဲ့လှုပ်ရှားမှုနဲ့ ဟစ်တလာရဲ့ စစ်တပ်ကို တားလို့မရဘူး။ စေ့စပ်ဆွေးနွေးပွဲနဲ့ အယ်လ်ကိုင်ဒါ ခေါင်း ဆောင်တွေ လက်နက်ချအောင် မလုပ်နိုင်ဘူး၊ တခါတလေမှာ အင်အားသုံးဖို့ လိုအပ်တယ်။ တရားနဲ့ဓားဟာ ထာဝရငြိမ်းချမ်းရေးကို နည်းသုံးနည်းနဲ့ တည်ဆောက်နိုင်တယ်။

(၁) စည်းမျဉ်းချိုးဖောက်တဲ့ အစိုးရတွေကို တာဝန်ခံခိုင်းရမယ်။
(၂) လူ့အခွင့်အရေးကို အကာအကွယ်မပေးရင် ငြိမ်းချမ်းရေးဆိုဆာ အဆံမပါတဲ့ အခွံပဲ ဖြစ်မယ်။
(၃) တရားမျှတတဲ့ ငြိမ်းချမ်းရေးက စီးပွားရေး လုံခြုံရေးနဲ့ အခွင့်အလမ်းများကို ဖန်တီးပေးရမယ်။ အကျင့်ပျက်မှုနဲ့ အခက်အခဲတွေကြားကပဲ သိက္ခာတည်ဆောက်ကြရမယ်။ စစ်ပွဲရှိတယ်ဆိုတာကို အသိအမှတ်ပြုထားတဲ့ ကြားကပဲ ငြိမ်းချမ်း ရေး၊ တည်ဆောက်ကြရမည် ဟု အိုဘားမားက ဆိုသည်။

နိုင်လိုမင်းထက် အဓမ္မပြုမှုများ ကျူးကျော်စော်ကား ဆိုးဝါးရက်စက်မှုများ၊ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းဆဲမှု များအား လက်တုန့်ပြန်မှုမပြုနိုင်၊ ဥပဒေကြောင်းအရ ဖြေရှင်းမှုမပြုနိုင်ဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖျားရှုးကာ ကျေနပ်လိုက်ရမည် ဆိုလျှင် တရားဥပဒေနှင့် တရားစီရင်ရေး၏ အခန်းမှာ ကဏ္ဍမည်သို့ဖြစ်သွား မည်နည်း။ မဟုတ်မတရားသည့်ကိစ္စကို ထိုက်သင့် သလို တားဆီးထိန်းကွပ် ပညာပေးမှုမလုပ်ဘဲ လျစ်လျူရှု ရမည်ဆိုလျှင် ထိုအဓမ္မလုပ်ရပ်များမှာ အရှိန်ကောင်းစွာ အထပ်ထပ် အခါခါ အကြိမ်ကြိမ်အဖန်ဖန် ပေါ်ပေါက် နေဦးမည်သာ ဖြစ်လေသည်။

ခွင့်လွှတ်ထိုက်သူများအား ခွင့်လွှတ်လျက်၊ ခွင့်မလွှတ်ထိုက်သူများအား သင့်လျော်သလို အရေးယူခြင်းမှာ ယဉ်ကျေး မှုရှိသော ကမ္ဘာ့နိုင်ငံတိုင်း၏ အလေ့အထဖြစ်သည်။ လူထုရန်သူများအား တရားနည်းလမ်းတကျ အရေးယူနိုင်ရေးမှာ ဗမာ ပြည်သားတိုင်၏ တာဝန်ဖြစ်သည်။

ဗမာနိုင်ငံသားများ အဘယ်ကြောင့် အင်းအားသုံးလာရသည် ဆိုသည်ကိုလည်း ကမ္ဘာက နှစ်ကာလ ကြာရှည်စွာ ကပင် နားလည်ထားပြီးဖြစ်သည်နှင့်အညီ ဗမာပြည်သူလူထု၏ စစ်မှန်သော အောင်ပွဲကို လက်ကမ်းကြိုဆိုရန် အဆင်သင့် ရှိ နေကြမည် ဖြစ်၏။ ဆိုးဝါးသော အဓမ္မလုပ်ရပ်ကို မနိုင်နင်းသည့် လူထုအောင်ပွဲမှာမှု မည်သည့် နည်းနှင့်မျှ ကျက်သရေပြည့်ဝ သော အောင်ပွဲတရပ် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

စစ်အစိုးရကို ဒီမိုကရေစီသို့ တွန်းပို့ခြင်း



စစ်အစိုးရကို ဒီမိုကရေစီသို့ တွန်းပို့ခြင်း


မြန်မာ စစ်အစိုးရက ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ၊ ထိုသို့ ကျင်းပပေးရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ် စသည်တို့နှင့် ပတ်သက်၍ မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။

ယခုအချိန်ထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျင်းပမည်၊ မည်သည့် အချိန်တွင် ကျင်းပမည် စသည့် အသေးစိတ် အချက်အလက်များကို စစ်ဗိုလ်ချုပ်များက ထုတ်ပြန်ခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်စွဲနှင့် ပတ်သက်၍ အမျိုးမျိုး ခန့်မှန်းကြသော်လည်း ယခင်အတွေ့အကြုံများအရ ၂ဝ၁ဝ ပထမနှစ်ဝက်အတွင်း ကျင်းပနိုင်သည်ဟု ယူဆကြသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတို့ကို မေလတွင် ပြုလုပ်ခဲ့သောကြောင့် လာမည့် ရွေးကောက်ပွဲကိုလည်း မေလတွင် ကျင်းပဖွယ်ရှိသည်ဟု ယူဆနေကြသည်။ ထိုအချိန်တွင် စာသင်ကျောင်း အများစု ပိတ်ထားသဖြင့် မြန်မာအာဏာပိုင်များက ပြဿနာဖန်တီးသူများဟု ယူဆထားကြသည့် ကျောင်းသားများ လူစုကွဲနေချိန်လည်း ဖြစ်သည်။

နောက်ဆုံးတွင် ဆုံးဖြတ်ချက်များ ချမှတ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သူ၏နည်းဗျူဟာနှင့် ပတ်သက်၍လည်း အမျိုးမျိုး ခန့်မှန်းနေကြသည်။ သို့သော် သူက လိုချင်သည့် ရလဒ် ထွက်ပေါ်လာရေးအတွက် ပြီးခဲ့သည့် ဆန္ဒခံယူပွဲကဲ့သို့ပင် ဤရွေးကောက်ပွဲတွင်လည်း လိမ်လည်လှည့်ဖျားမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ထိုအချိန်က အခြေခံဥပဒေ ဆန့်ကျင်သူများကို ဖမ်းဆီးနှောင့်ယှက်ခဲ့သည်။ စစ်အစိုးရ ဘက်တော်သားများကလည်း ထောက်ခံမဲများ ရရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။ ဆန္ဒခံယူပွဲအပြီးတွင် အခြေခံဥပဒေကို ထောက်ခံသူ ၉၂ ရာခိုင်နှုန်းကျော်ရှိသည် ဟူသော ရယ်စရာကောင်းသည့် ရလဒ် ထွက်ခဲ့လေသည်။

သို့သော်လည်း ရွေးကောက်ပွဲတွင်မူ ဆန္ဒခံယုပွဲကဲ့သို့ လိုချင်သည့် ရလဒ် ထွက်ပေါ်စေရေးအတွက် အလွယ်တကူ လိမ်လည် လှည့်ဖျားနိုင်မည် မဟုတ်။ စစ်အစိုးရက ၎င်း၏ အဓိကရန်သူဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပြတ်ရှင်းရန် စိတ်ပိုင်းဖြတ်ပြီးသည့်အပြင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ဖြင့် ၎င်း၏ လုံခြုံရေးယန္တယား အတွင်းသို့ သွပ်သွင်းရန် ပြင်ဆင်နေခြင်းကြောင့် အခြေအနေများ ပို၍ ရှုပ်ထွေးလာဖွယ်ရှိသည်။

နိုင်ငံတကာက ထပ်မံ ဝေဖန်ရှုတ်ချခြင်း၊ ပြည်တွင်းစစ် ပြန်လည် စတင်ခြင်းတို့ မရှိဘဲ ဤရည်ရွယ်ချက်များ အောင်မြင်မည် မဟုတ်ပေ။ ရည်ရွယ်ချက်များ ပေါက်မြောက်စေရန်အတွက် ဗိုလ်ချုပ်မှူးကြီးသည် အနိုင်ကျင့် ဆောင်ရွက်ခြင်းများ၊ ရွေးကောက်ပွဲတွင် ကလိမ်ကျခြင်းများ သာမကပဲ အခြားသော နည်းနာများလည်း လိုအပ်မည် ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက သူ၏ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရ တို့ကို ဆွဲဆောင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာအား လှည့်စားမှုအဖြစ် သမိုင်းတွင်ကျန်ရစ်မည် ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ အနှစ် ၂၀ ကြာလာပြီ ဖြစ်သော်လည်း စစ်အစိုးရ၏ အာဏာ ချုပ်ကိုင်ထားမှု အားလျော့သွားစေရန် လုပ်ဆောင်နိုင်မှုများ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ပိတ်ဆို့အရေးယူခြင်းက အလုပ်မဖြစ်သကဲ့သို့ “အပြုသဘော ဆက်ဆံရေး” ကလည်း အလုပ်မဖြစ်ခဲ့ပါ။ လူထုအုံကြွ ဆန္ဒပြမှုများကလည်း ရက်စက်စွာ ချေမှုန်းခံရသည်။ စစ်တပ်က အင်အားကြီးထွားရန် တည်ဆောက်နေသဖြင့် လက်နက်ကိုင် တော်လှန်ရေးမှာလည်း အလားအလာ မကောင်းပါ။ တချိန်က မြန်မာပြည်သားတို့ မျှော်လင့်ခဲ့သည့် အမေရိကန်ဦးဆောင်သော ဝင်ရောက်တိုက်ခိုက်မှုမှာလည်း စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ခဲ့သည်။

ဤတွင် အတိုက်အခံများအဖို့ စစ်ခေါင်းဆောင်များနှင့် ထိတွေ့ ဆက်ဆံရုံမှတပါး အခြားနည်း မရှိတော့ပါ။ သို့သော်လည်း ထိုဆက်ဆံရေးမှာ မြန်မာ့သယံဇာတများကို မက်မောသည့် အိမ်နီးနားချင်း နိုင်ငံများ ကျင့်သုံးသည့် ဆက်ဆံရေးမျိုးနှင့်တော့ တူညီခြင်း မရှိပေ။

အမေရိကန်အစိုးရက ဤအခြေအနေကို သဘောပေါက်သဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး ဟူသော မူဝါဒအသစ်ကို စက်တင်ဘာလတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်အစိုးရက မြန်မာပြည်အတွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကိုသာ ရလဒ်အဖြစ် မျှော်လင့်ထားပုံရသည်။

အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို ကြေညာအပြီးတွင် မြန်မာစစ်ခေါင်းဆောင်များက တွေ့ဆုံ ဆွေးနွေးရန် စိတ်အား ထက်သန်နေကြသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

“မြန်မာခေါင်းဆောင်တွေ အမေရိကန်အစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ စိတ်ဝင်စားမှု ပြတာဟာ မှတ်မိသမျှတော့ ဒါ ပထမဆုံးအကြိမ်ပဲ” ဟု သူက ပြောသည်။ နိုဝင်ဘာလက သူ ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ သွားရောက်ပြီး စစ်ဗိုလ်ချုပ်များနှင့်ရော ဒီမိုကရေစီ အင်အားစုများနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရန် စစ်အစိုးရက ဆန္ဒရှိကြောင်း ထိုခရီးစဉ်က ပြသနေသည်။

မည်သို့မျှ အံ့ဩစရာမရှိပါ၊ စစ်အစိုးရ မတုန်မလှုပ်ဘဲ ဆက်လက် ခိုင်မြဲစွာ တည်ရှိနေခြင်းက ပိတ်ဆို့အရေးယူမှုများ မထိရောက်ကြောင်း သက်သေပြနေသည်။ သို့သော်လည်း အရေးယူမှုများ ပြန်လည် ရုတ်သိမ်းသွားစေလိုသည်မှာ ထင်ရှားနေသည်။ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောစဉ် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အရေးယူမှုများကို ရှုတ်ချခဲ့ပြီး တရားမျှတမှု မရှိသဖြင့် ရပ်ဆိုင်းပါဟု တောင်းဆိုခဲ့သည်။

ထိုစဉ်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းကြောင်းပြောင်းရန် အချိန်တန်ပြီဖြစ်ကြောင်း သဘောပေါက် နားလည်လာခဲ့သည်။ အမေရိကန်၏ မူဝါဒအသစ်ကို ထုတ်ဖော် ကြေညာခြင်း မပြုမီကပင် ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေး စာတစောင် ရေး၍ စစ်အစိုးရနှင့်ရော နိုင်ငံခြားသံတမန်များနှင့်ပါ တွေ့ဆုံပြီး ဒဏ်ခတ်ပိတ်ဆို့မှုများအကြောင်း ဆွေးနွေးလိုသည်ဟု မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်သန်းရွှေက အမြန်ဆုံး လိုက်လျောခဲ့ပြီး ဆက်ဆံရေး ဝန်ကြီးဦးအောင်ကြည်နှင့် နှစ်ကြိမ်၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ တို့မှ သံတမန်များနှင့် တကြိမ် တွေ့ခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဥရောပသံတမန် ၂၀ ခန့်ကိုလည်း NLD ခေါင်းဆောင်များနှင့် တွေ့ခွင့်ပြုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ အလျင်အမြန် တုံ့ပြန်ချက်များကို လေ့လာကြည့်ပါက ပိတ်ဆို့အရေးယူခြင်းသည် အပြောင်းအလဲများ မဖြစ်စေသော်လည်း အပေးအယူလုပ်ရန်အတွက်မူ သင့်လျော်သည့်လက်နက် ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်အစိုးရထံမှ မည်သည့် လိုက်လျောမှုမှ မရမီ ဒဏ်ခတ်မှုများ မရုပ်သိမ်းမိရေးမှာ အရေးကြီးပေသည်။ ဤအချက်သည် ထိတွေ့ဆက်ဆံရေးမူဝါဒ မည်မျှ အလုပ်ဖြစ်သည် ဟူသည့် အချက်နှင့် ပတ်သက်၍ အဆုံးဖြတ်ပေးမည့် အရေးကြီးသော အချက်ဖြစ်သည်။

ယခု စစ်ဗိုလ်ချုပ်များ ဘာလိုချင်သည်ကို သိရှိနေပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် သူတို့က မည်သည့်အရာများ ပြန်လည် ပေးအပ်လိုသည် ဆိုသည်ကို မေးမြန်းရန်သာ ကျန်တော့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲမတိုင်မီ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပွင့်လင်းပြီး လွတ်လပ် မျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရန် အာမခံရေး စသည့် နိုင်ငံတကာ နှင့် ဒီမိုကရေစီ အင်အားစုများ၏ တောင်းဆိုချက်များကို လိုက်လျောမည့်ပုံ မပေါ်ပါ။

အမေရိကန်အစိုးရက အပြောင်းအလဲအတွက် ဆောင်ရွက်နိုင်မည် ဆိုပါက ပိတ်ဆို့ အရေးယူမှုများ ရပ်ဆိုင်းခြင်းကို စစ်အစိုးရက ၎င်းတို့၏ လမ်းကြောင်း ပြောင်းလဲရန် မက်လုံးအနေဖြင့် အသုံးချရန် လိုအပ်ပြီး ထိုအပြောင်းအလဲကို အကောင်အထည် ဖော်ရန် တိကျသော အချိန်ကာလ သတ်မှတ်ချက်လည်း လိုအပ်မည်ဖြစ်သည်။ စစ်အစိုးရက တချိန်တွင် တောင်းဆိုချက် တခုကိုသာ လိုက်လျောနိုင်သောကြောင့် ဦးစားပေး အစီအစဉ်များကိုလည်း သတ်မှတ်ထားရန် လိုအပ်မည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးတို့ကို နိုင်ငံတကာက အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ဦးစားပေးအစီအစဉ်တရပ် အဖြစ်ထား ရှိရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်သော်လည်း အချိန်မရွေး ပြန်ဖမ်းနိုင်သကဲ့သို့ ရွေးကောက်ပွဲက မည်မျှပင် လွတ်လပ်၍ တရားမျှတသည်ဖြစ်စေ ဒီမိုကရေစီ စနစ်ကို အာမခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

“လွတ်လပ်ခြင်း၏ အနာဂတ် - ပြည်တွင်းနှင့် နိုင်ငံခြားရှိ လစ်ဘရယ်မကျသော ဒီမိုကရေစီ” ဟူသော စာအုပ်တွင် စာရေးဆရာ
ဖာရိ ဇာကာရိုင်ယာ (Fareed Zakaria) က “အနောက်နိုင်ငံသားများအဖို့ ဒီမိုကရေစီဆိုသည်မှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေး စနစ်တခုကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြင့်သာ သတ်မှတ်၍မရ၊ တရားဥပဒေ စိုးမိုးရေး၊ အာဏာ ခွဲဝေရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပစ္စည်း ဥစ္စာပိုင်ဆိုင်ခွင့် စသော အခြေခံ အခွင့်အရေးများ အကာအကွယ်ရှိခြင်းတို့နှင့်လည်း သတ်မှတ်ရသည်။ သို့သော် 'အခြေခံ ဥပဒေအရ သတ်မှတ်ထားသော လစ်ဘရယ်ဝါဒ' ဟု ဝေါဟာရ ပြုထားသော ဤ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များသည် ဒီမိုကရေစီနှင့် အခြေခံအားဖြင့် မည်သို့မျှ မသက်ဆိုင်ပေ။ အနောက်နိုင်ငံများ၌ပင် ၎င်းနှစ်ခုမှာ သဟဇာတ ဖြစ်လေ့မရှိပါ” ဟု ရေးသားထားသည်။

အများစုက အခြေခံဥပဒေတွင် ပြဌာန်းထားသော လွှတ်တော်တွင် စစ်တပ်အတွက် သီးခြား သတ်မှတ်ထားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိစ္စကိုသာ ဖော်ပြကြသည်။ သို့သော်လည်း စစ်တပ်၊ နိုင်ငံတော်၊ နိုင်ငံသားများအကြား လုပ်ပိုင်ခွင့် အာဏာကို ခွဲခြား သတ်မှတ်ထားသည့် အမေရိကန်ပုံစံ လူ့အခွင့်အရေး ကြေညာစာတမ်းမျိုး ကင်းမဲ့နေခြင်းသည်လည်း အရေးကြီးသောအချက် ဖြစ်သည်။ “ဥပဒေအရ သတ်မှတ်ထားခြင်းမရှိလျှင် မည်သည့် စစ်သားမဆို ငြိမ်းချမ်းသည့် အချိန် သို့မဟုတ် စစ်ဖြစ်နေသည့်အချိန်၌ လူနေအိမ်များတွင် အိမ်ရှင်၏သဘော တူညီချက်မပါဘဲ နေထိုင်နိုင်ခွင့်မရှိ” ဟု အမေရိကန် ပြည်ထောင်စု၏ အခြေခံဥပဒေ တတိယ ပြင်ဆင်ချက်တွင် ဖော်ပြထားသည့်အချက်မှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။

ဤသို့ ကြီးမား လေးနက်သော မညီမျှမှုများကြောင့်ပင် NLD ခေါင်းဆောင်သော ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား အင်အားစုများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုတို့က အခြေခံဥပဒေ ပြင်ဆင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲများ မတိုင်မီ အခြေခံ ဥပဒေကို ထိထိ ရောက်ရောက် ပြင်ဆင်ခြင်းမရှိပါက ရှေ့နှစ်ပိုင်းများအတွင်း အဓိပ္ပာယ်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်နိုင်ခြေမရှိ ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက ဤအချက်ကိုပင် လိုက်လျောမှု မပေးရန် ဆုံးဖြတ်ထားဖွယ်ရှိသည်။

သူက နေပြည်တော်တွင် ပြုလုပ်သည့် အောက်တိုဘာလ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံတွင် “အခြေခံဥပဒေကို ပြည်သူလူထု အများစုက အတည်ပြုထားခြင်း ဖြစ်ကြောင်း၊ ဤ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပသွားမည် ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။ အမေရိကန်တို့နှင့် စကားပြောပွဲများ စတင်ပြီး မကြာခင်မှာပင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဤအဆင့်တွင် ဗိုလ်ချုပ်မှူးကြီး လမ်းကြောင်း ပြောင်းလဲသွားစေရေး ပြုလုပ်ရန် လွယ်ကူမည် မဟုတ်ပါ။ သို့သော် အတိုက်အခံ အဖွဲ့များ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရှိစေရန် တွန်းအားပေးနိုင်သော အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်လာခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိလျှင်ပင် စစ်အစိုးရနှင့် ပြုလုပ်သည့် ပိတ်ဆို့ အရေးယူမှုများ အဆုံးသတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး ဖြစ်စဉ်များကို သြဇာလွှမ်းမိုးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန် ပြင်ဆင်ထား သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာသည့် ဗိုလ်ချုပ်ကြီးများကို ညှိနှိုင်းနိုင်သည့်အဆင့် ရောက်ရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2349-2009-12-28-05-37-32

ဦးသုဝေ ပါတီက မြန်မာ့အရေး ဆွေးနွေးကြရန် ဖိတ်ခေါ်ပြန်ပြီ


ဦးသုဝေ ပါတီက မြန်မာ့အရေး ဆွေးနွေးကြရန် ဖိတ်ခေါ်ပြန်ပြီ



ဦးသုဝေဦးဆောင်သော ဒီမိုကရက်တစ် ပါတီမှ မြန်မာ့ အရေးဆွေးနွေးပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲကို လာ မည့် ၃၀ရက်နေ့တွင် နေ့လည် ၁နာရီမှ ၃နာရီအထိ ဦးချစ်မောင်လမ်း ဗဟန်းမြို့နယ်တွင် ကျင်းပမည် ဖြစ် ကြောင်း ဖိတ်စာများပေးပို့၍ ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို ဖိတ်ခေါ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ထိုသို့ အလားတူ မြန်မာ့နိုင်ငံရေး ဆွေးနွေးကြရန်ဟူသော ဖိတ်စာဖြင့် သတင်းထောက်များ ကိုဖိတ်ကြား၍ ဦးသုဝေ၊ အမျိုး သားရေး ဦးဝင်းနိုင်တို့က “၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ” အမည်ဖြင့် ရှင်းလင်း ဆွေးနွေး ပွဲကို ရန်ကုန်မြို့ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့က ပြုလုပ်ပြီး အမျိုးသား ဒီမိုကရေစီ ပါတီကို ထူထောင်ကြောင်း ကြေငြာခဲ့ဘူးပါသည်။
ထိုကိစ္စနှင့် ပါတ်သက်ပြီး ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရပြီး ဝန်ခံ ဂတိပြု လက်မှတ် ရေးထိုး ခဲ့ရကြောင်းကို အင်တာဗျူး တခုတွင် ဦးသုဝေက- “အဲဒီ သတင်းစာရှင်းလင်းပွဲက ဗဟန်း မြို့နယ်ထဲ ပါတယ်လေ။ ဒီနေ့ မယက ဥက္ကဋ္ဌက ကျနော်တို့ကို ခေါ်မေးတယ်။ ခေါ်တွေ့တယ်။ သူတို့က ဘာပြောလဲဆိုတော့ ဥပဒေအရ လူ ၅ ယောက်ထက် ကျော်ပြီး မတွေ့ရဘူး။ သူတို့ကို ကြိုတင်မပြောတဲ့ အတွက်ကြောင့် ဥပဒေအရ ကျနော်တို့ ဖောက်ဖျက်တယ်။ နောက်နောင် ၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ် ထိုးခဲ့ရသည်ဟု ပြောပြခဲ့ဘူးပါသည်။

ထိုသို့ထူထောင်သော ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဦးသုဝေက တာဝန်ယူပြီး ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၊ ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချို ကျော်ငြိမ်းတို့ ဦးဆောင်ပါဝင်ကြမည်ဟု ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
“တိုင်းပြည် ကိုယ်စားလှယ်တွေ အနေနဲ့ တိုင်းပြည်လူထု သဘောထားတွေကို ကျနော်တို့က တင်ပြနိုင်အောင်၊ ပြောနိုင်အောင် ကိုယ်က အာဏာရှိရင် ပိုပြီးလုပ်နိုင်အောင်၊ ကျနော်တို့ ကြိုးစားမှာပါ။ အာဏာရှိအောင် ကျနော်တို့ ကြိုးစားမှာပါ” ဟု ဦးသုဝေက မဇ္ဇိမ သတင်းဌာနနှင့် အင်တာဗျူးတခုတွင် ပြောပြသွားခဲ့ပါသည်။
ဦးသုဝေသည် ဖဆပလခေတ်တွင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ UPI ခေါ် ကမ္ဘာ့သတင်းဌာန၏ အရှေ့တောင် အာရှရုံးချုပ် သတင်းအယ်ဒီတာ၊ Morning Express နေ့စဉ်သတင်းစာ လက်ထောက် အယ်ဒီတာနှင့် Bankkok World နေ့စဉ်သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
ဦးသုဝေနှင့် သူ၏ ပါတီသည် ၂၀၁၀ တွင် ပြုလုပ်မည်ဟု နအဖတို့ ကြေငြာထားသော ရွေးကောက်ပွဲကို ဝင်နိုင်ရေး အတွက် ပြင်ဆင်မှုများလုပ်နေပြီး ထိုရွေးကောက်ပွဲတွင် အနိုင်ရလျှင် အပြောင်းအလဲများ ဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်းကိုလဲ “နိုင်ငံရေး ပါတီတွေရယ်၊ ပြည်သူတွေရယ်က တက်တက်ကြွကြွနဲ့ တကယ်ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကနေ အများကြီး လုပ်နိုင်တာပေါ့။ အများကြီးလုပ်နိုင်ရင် ဘာဖြစ်လို့ အုပ်ချုပ်မှုအာဏာအချိုးကို မရရမှာလဲ၊ ရနိုင်တာပေါ့။ မကြိုးစားရင် မရဘူးပေါ့” ဟု ဒီပီ - ဥက္ကဋ္ဌ ဦးသုဝေက ပြောပြသွားခဲ့သည် ဟု မဇ္ဇိမ သတင်းဌာနက ဖေါ်ပြခဲ့ဘူးပါသည်။

ယခုအခါတွင် ကိုအေးလွင်ဦးဆောင်သည့် နအဖတို့ နှင့် ရင်းနှီးပါတ်သက်မှုရှိသော ပါတီ၏ စည်းဝေးပွဲများကိုပင် ကြံဖွံ့နှင့် စွမ်းအားရှင် များ၏ ဝင်ရောက် ရိုက်နှက်ခံရ မှုများရှိနေရာ ယခုအချိန်တွင် တရားဝင်ဖိတ်စာကမ်းပြီး ထိုသို့ သတင်းထောက်များအား ဖိတ်ကြားကာ အကြို သတင်းစာ ရှင်းလင်းပွဲ လုပ်မည့် ကိစ္စသည် လွန်စွာ စိတ်ဝင်စား စရာဖြစ်နေကြာင်း တင်ပြလိုက်ရ ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2009/12/blog-post_27.html