Wednesday, December 30, 2009

30 DEC ဒိုင်ယာရီ

http://ifile.it/4h8iml3 30 Dec 2009 Diary

၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ



၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ


၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးကာလမှာ မြန်မာ့ဆိုရှယ်လစ်ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော်အုပ်ချုပ်မှု ယန္တ ယားပျက်ခဲ့သလို စစ်ထောက်လှမ်းရေးအဖွဲ့ကြီးလည်း ဘာကိုမှ စနစ်တကျလုပ်ဆောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပါဘူးလို့ စစ် ထောက်လှမ်းရေးဟောင်း ဗိုလ်မှုး ဦးအောင်လင်းထွဋ် က ပြောဆိုပါတယ်။ စက်တင်္ဘာလအတွင်း စစ်တပ်က အာဏာသိမ်း ခဲ့ တာဟာလည်း ထောက်လှမ်းရေးရဲ့  အကွက်ချလုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ်တခုလုံးအနေနဲ့ အာဏာရှင် ဦးနေ၀င်းရဲ့  အမိန့် ကို နာခံပြီး လုပ်ခဲ့ရတာဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက် လှမ်းရေးအဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအို အေဌာနမှုး ဦးသန်းလွင်ထွန်း အား ထုတ်ဖော်ပြောဆိုထားချက်များကို တင်ပြထားပါတယ်။


ဦးအောင်လင်းထွဋ်။ ။ တကယ်တော့ ပရမ်းပတာပါပဲ။ အခြေအနေကို လုံးဝထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုး ကျနော်တို့ မရှိပါ ဘူး။ အခုအချိန်မှာလည်း စစ်ထောက်လှမ်းရေးပိုင်းမှာရော၊ စစ်တပ်ဖက်ပိုင်းမှာရော ဘယ်သူ့အမိန့်နာခံရမယ့် အနေအထားမျိုး ကျနော်တို့သိတယ်။ ကျနော်တို့ ထင်တာကတော့ ဦးနေဝင်းကတော့ အပြီးအပိုင် ထွက်သွားပြီးလို့ ထင်တာပဲ။ ဒါပေမယ့် စက် တင်္ဘာလ ၁၆ ရက်နေ့ညကျတော့ ကျနော်တို့ နယ်မြေကအဖွဲ့တွေက ခေါ်တယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းမှုး ဗိုလ်ချုပ်မျိုးညွှန့် ပါတယ်၊ တပ်မ ၁၁ တပ်မမှုး ဗိုလ်ချုပ်ဝင်းမြင့်၊ တပ်မ ၂၂ တပ်မမှုး ဗိုလ်ချုပ်တင်လှ၊ ဗျူးဟာမှုးတွေဖြစ်တဲ့ ဗိုလ်မှုးကြီး စောလွင် တို့ပါတယ်။ ကျနော်တို့ ထောက်လှမ်းရေးကဆိုရင် ဗိုလ်မှုးကြီး စိန်ထွားတို့၊ ဗိုလ်မှုးကြီးတင်ဝင်း၊ ဗိုလ်မှုးကြီးထွန်းကျော်တို့ ထောက်လှမ်းရေးတပ်က တပ်မှုးတွေအားလုံး နဲ့ ကျနော်တို့လည်း ကပ္ပတိန်အဆင့်မှာ အဲဒီ အစည်းအဝေးမှာ ကျနော်တို့ ပါတယ်။

အဲဒီ အစည်းအဝေးမှာက ဗိုလ်ချုပ်ခင်ညွှန့်၊ အဲဒီအချိန်က ဗိုလ်မှုးကြီးခင်ညွှန့်ပေါ့။ သူက ကျနော်တို့ကို ဘာ command ပေးလဲ ဆိုတော့ ဒီ စစ်တပ် နဲ့ ထောက်လှမ်းရေးကို အဲဒီညမှာ အားလုံးပေါင်း အတိုက်အခံ လူကြီးတွေ ၃၃ ယောက်၊ ၃၃ ယောက် ဆိုတာ သခင်ဟောင်းတွေပါတယ်။ ဦးနုတို့၊ သခင်တင်မြတို့ ဗိုလ်ရဲထွဋ် တို့ နာမည်ကြီး နိုင်ငံရေးသမားကြီးတွေ၊ ဟောင်းကြီး တွေ ပါတယ်။ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ ဗိုလ်ချုပ်တင်ဦး အားလုံး ထင်ရှားတဲ့ ပုဂ္ဂိုလ် ၃၃ ယောက်ကို ဖမ်းခိုင်းတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒါ ၁၆ ရက်နေ့ပေါ့။ စက်တင်္ဘာ ၁၆ ရက်နေ့ပေါ့။
ဦးအောင်လင်းထွဋ်။ ။ဟုတ်ကဲ့ အဲဒါ ၁၆ ရက်နေ့ည။ အဲဒီ အစည်းအဝေးမှာကြမှ ဖမ်းခိုင်းရော။ ဖမ်းခိုင်းတဲ့အခါကြတော့ ကျနော် တို့ လူငယ်တွေကတော့ ဘေးက နားထောင်တဲ့ အဆင့်ပဲ ရှိပါတယ်။ အဲဒီမှာ ဘာဖြစ်လည်းဆိုတော့ ကျန်တဲ့ တပ်မမှုး အဆင့်ရှိ တဲ့လူတွေ၊ နောက် ထောက်လှမ်းရေးက ဗိုလ်မှုးကြီးစိန်ထွား တို့က မေးပါတယ်။ ဒီလူတွေကို ဖမ်းတဲ့အခါမှာ မရရအောင် ဖမ်းရ မှာလား၊ ဒါမှမဟုတ် ပစ်ခတ်ပြီးတော့မှ ဖမ်းရမှာလား ဆိုပြီး ဗိုလ်မှုးကြီးခင်ညွှန့် ကို မေးတယ်ခင်များ။ ကျနော်တို့ ရှေ့ မှာပဲ မေး တယ်။ အဲဒီမေးခွန်းကို ဗိုလ်မှုးကြီးခင်ညွှန့် က မဖြေနိုင်ဘူး။ မဖြေနိုင်တဲ့အခါကြတော့ ခင်များတို့ ခဏနေအုံးဆိုပြီး အပေါ်တက် သွားတယ်။ သူအပေါ်တက်သွားတော့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ တို့ ရှိလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက အပေါ်ထပ် အောက်ထပ်ဆိုတော့ အပေါ်ထပ် တက်သွားတယ်။ အပေါ်ထပ်တက်ပြီးတော့မှ ပြန်လာတယ်၊ ပြန်လာပြီးတဲ့အခါကြမှ ဗိုလ်ချုပ်ခင်ညွှန့် က ဘာပြောသလဲဆိုတော့ မင်းတို့ နားလည်းဖို့က ဒါ အထက်ကနေ ခိုင်းတဲ့အတိုင်း ခိုင်းတဲ့အမိန့်ကို စစ်တပ်ကနေ လုပ်ပေးရတာလို့ ပြောတယ်ခင်များ။ မရရအောင် ဖမ်းရမယ်ဆိုတယ့် သဘော မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကို လုံခြုံရေးအရ ပြန်ပြီးတိုက်ခိုက်လာမယ် အန္တရာယ်ပြုလာမယ်ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ် တဲ့အနေနဲ့ လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောပြီး ကျနော်တို့ အဲဒီနေ့က ကျနော်တို့ လိုက်ပြီးတော့ ဖမ်းခိုင်းတယ် ဆိုပါ တော့။ ဖမ်းခိုင်းတယ်အခါကြတော့ ဘယ်သူမှလည်း ဖမ်းချင်စိတ်မရှိပါဘူး။ ဖမ်းလို့မရမှန်းလည်း အကုန်လုံး သိကြတယ်။ အဲဒီအချိန်မှာ တခုခု သွားလုပ်ရင် ပိုပြီးတော့ အခြေအနေက ပိုပြီးရှုပ်ထွေးမယ်ဆိုတာ ကျနော်တို့ ဖြစ်လာကြတယ်။

စစ် ထောက်လှမ်းရေးဟောင်း ဗိုလ်မှုး ဦးအောင်လင်းထွဋ်


ဦးသန်းလွင်ထွန်း။ ။ အဲဒီလို အမိန့်ထွက်ပေးမယ့် လက်တွေ့ သွားမဖမ်းကြဘူးလား။
ဦးအောင်လင်းထွဋ်။ ။ လက်တွေ့မသွားဘူးမဟုတ်ဘူး သွားတယ် ကျနော်တို့လည်း သွားတယ်။ ကျနော်ဆိုရင် အလုံဖက်ကို သွားတယ်ဗျ။ အလုံဖက်ကိုသွားတော့ သစ်တုံးတွေကာထားတယ်။ အဲဒီအထဲကိုလည်း ဆက်သွားဖို့ မရတဲ့အခါကြတော့ စစ် ကြောင်းမှုးက ကျနော် နဲ့ တိုင်ပင်တယ်။ စစ်ကြောင်းမှုးက ခင်များတို့ မဝင်တော့နဲ့ ပြန်လှည့်တော့ပြောလို့ ကျနော်တို့ ပြန်လှည့် ပြီး ပြန်လာကြတယ်။ အဲဒီနေ့ကတော့ သခင်တင်မြ နဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ယောက်ကို ကျနော်တို့ ခေါ်လို့ရတယ်။ သူတို့က ဘာလို့ ခေါ်လို့ရသလဲဆိုတော့ ဦးဝီဇယလမ်းပေါ်မှာ နေတဲ့အခါကြတော့ ဦးဝီဇယလမ်းကတော့ အဲဒီအချိန်မှာတော့ ဂျင်းကလိနဲ့ စောင့် တာဘာညာ မရှိဘူးလေ။ ကျန်တဲ့လူတွေကတော့ ရပ်ကွက်တွေအတွင်းမှာ ဖြစ်နေတာကြောင့် ဝင်ရမလွယ်ခဲ့ဘူး။ အဲဒီလို ဖြစ် ခဲ့တယ်။
ဦးသန်းလွင်ထွန်း။ ။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကာလအတွင်းမှာပဲ ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှုးဥာဏ်လင်း နဲ့ ဗိုလ်မှုးစည်သူတို့ အဲဒီအချိန်တုန်းက ဗိုလ်ကြီးအဆင့်၊ သူတို့ ဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေ ဝေဖို့ ဆို ပြီးတော့ မြို့ ထဲမှာ လည့်သွားနေတုန်း သပိတ်အဖွဲ့တွေက ဖမ်းဆီးမိခဲ့တယ့် အဖြစ်အပျက်တခုလည်း ရှိခဲ့တယ်။ အဲဒီအကြောင်း ကို နည်းနည်းပြောပြပါလား။ ဒီ လူတွေကလည်း ဦးအောင်လင်းထွဋ်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လိမ့်မယ်။
ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ကျနော် ပြောပြပါမယ်။ ကျနော် သိသလောက်ပေါ့လေ။ ကျနော်လည်း အဲဒီအချိန်မှာ စစ်ရုံးမှာ မရှိပါဘူး။ ကျနော် သိသလောက်ကတော့ အဲဒီအချိန်တုန်းက အဲဒီအမိန့်ကို တိုက်ရိုက်ညွန်ကြားတာက တပ်မတော်ထောက် လှမ်းရေးမှုး ဒုတိယ ညွန်ကြားရေးမှုး သန်းထွန်း၊ နောက်ပိုင်းတော့ ဗိုလ်မှုးချုပ်သန်းထွန်း၊ ကျနော်တို့ ဘဏ္ဍာရေး ဒု-ဝန်ကြီး လုပ်သွားတဲ့ ဗိုလ်မှုးချုပ်သန်းထွန်းပါ။ သူကနေပြီးမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးတော့ သိက္ခာချဖို့အတွက်ကို ဒီ ကြော်ငြာဆိုင်းဘုတ်တွေကို ကပ်ဖို့အတွက်ကို အထက်က ခိုင်းတယ်ဆိုပြီး ပြောပါတယ်။ အထက်ဆိုတာ ကျနော်ကတော့ အ ထက်ဆိုတာ ဘယ်အထက်ဆိုတာ မသိဘူး။ အဲဒီအခါမှာ အဲဒီမှာ လုပ်ဖို့ လူရွေးတဲ့အခါကြတော့ အဲဒီမှာ တက်တက်ကြွကြွ သွားမယ်ဆိုပြီးသွားတာ ဗိုလ်မှုးဥာဏ်လင်း၊ ဗိုလ်မှုးစည်သူ၊ ဗိုလ်မှုးသက်တင်စိန် တို့ သူတို့က ဗိုလ်ကြီးအဆင့်ပဲ ရှိပါသေးတယ်။ နောက် အောက်ကနေပြီး တပ်ကြပ်ကြီးစာရေး အဖွဲ့တွေ လိုက်သွားကြတာ ရှိကြတယ်။

ရှိပြီးတော့မှ သူတို့က အခြေအနေလည်း အခုနပြောသလို နယ်မြေခံ ထောက်လှမ်းရေးနဲ့လည်း ဌာနချုပ်နဲ့လည်း အဆက်အ သွယ်ကလည်း မရှိ အဆက်အသွယ်မယူ ဝေ လီဝေလင်းအချိန်မှာ လူရှင်းလောက်ပြီဆိုပြီး ကားနဲ့သွားရင် အဲဒီကားကို လူတွေ က ဝိုင်းလိုက်တဲ့အခါကြတော့ လူတွေက ဒီကောင်တွေက ထောက်လှမ်းရေးကဆိုပြီး ဝိုင်းတဲ့အခါမှာ ဗိုလ်ကြီးသက်တင်စိန် နဲ့ ဗိုလ်ကြီးဥာဏ်လင်း က လူအုပ်တွေကြားထဲမှာ နောက်ဆုတ်နောက်ဆုတ်ရင် ရောသွားတော့ လွတ်သွားတယ်။ ဗိုလ်ကြီး စည်သူ ကတော့ အဲဒီလူအုပ်ကြီးက ကြည့်တဲ့အခါကြတော့ ဗိုလ်ကြီးစည်သူရဲ့  သေနတ်သွားတွေ့အခါကြတော့ ထောက်လှမ်းရေးပဲ ဆို ပြီး အဲဒီမှာ ဝိုင်းရိုက်ခံရတယ်၊ နောက်ပိုင်း နောက်က ဆရာကြီးတွေ လေးငါးယောက်လားမသိဘူး တခါတည်း ဖမ်းပြီးတော့မှ သရက်တောကျောင်းတိုက်ကို ခေါ်သွားတယ်လို့ ကျနော်တို့ သိရတယ်။ သရက်တောကျောင်းတိုက်မှာလည်း အဲဒီအချိန်တုန်းက သံဃာပေါ့ မှန်ကျောင်းဆရာတော်ကနေ အသက်ကို ကယ်ထားတယ်ဆိုတဲ့ သဘောပါပဲ။ မှန်ကျောင်းဆရာတော်ရဲ့  ကျေးဇူး ကြောင့် သူတို့ အသက်မသေပဲ ပြန်ပြီးလွတ်ခဲ့ပါတယ်။


ဦးသန်းလွင်ထွန်း။ ။မြန်မာနိုင်ငံမှာ စက်တင်္ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းတယ်ဆိုတာ စနစ်တကျစီစဉ်အကွက်ချပြီး အာဏာ သိမ်းတယ်ဆိုတယ် သဘောမျိုး ပြောကြတာရှိတယ်လေ။ ဘာကြောင့်လည်းဆိုတော့ ဒီ လူထုလှုပ်ရှားမှု အရှိန်အဟုန် ကြွနေ တဲ့အချိန်အတွင်းမှာပဲ လူထုလှုပ်ရှားမှုကြားထဲမှာ မင်းမဲ့စရိုက်တွေ ပေါ်လာတယ်။ ဥပမာ အဆိပ်ခတ်သတ်တာတို့၊ ဒါမှမဟုတ် အချင်းချင်းမှာ စွပ်စွဲပြီးတော့ သတ်မှုဖျက်မှုတွေ ပေါ်လာတာတို့ ဒီ ထိန်းလို့သိမ်းလို့ မရတဲ့အခြေအနေ။ ဒီလို ထိန်းလို့သိမ်းလို့ မရတဲ့ အခြေအနေမျိုးဖြစ်အောင် ထောက်လှမ်းရေးကနေ တမင်ဖန်တီးပြီးတော့ ဒါကို လက်ညှိထိုးပြီး တိုင်းပြည်အခြေအနေကို တပ်မတော်က ပြန်လည်ကာကွယ် ထိမ်းသိမ်းရမယ်ဆိုတဲ့ အနေအထားမျိုး ရောက်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ယူဆချက် လည်း ရှိတော့ ဒါဟာ ထောက်လှမ်းရေးရဲ့  အခန်းကဏ္ဍပေါ့။ အဲဒါနဲ့ ပတ်သက်လိုရော ဦးအောင်လင်းထွဋ် အနေနဲ့ ဘာတွေများ သိထားခဲ့သလဲ။
ဦးအောင်လင်းထွဋ်။ ။ ကျနော်အနေနဲ့ ပြောရရင် ကျနော် ကာကွယ်ပြီးပြောတာမဟုတ်ဘူးဗျ။ ကျနော် အခုန ပြောခဲ့သလိုပဲ ဒီ ထောက်လှမ်းရေးရဲ့  အင်အားက ဂျီးအီဂျီး ကြောက်သလို ထောက်လှမ်းရေးကို ရှောက်ပြောပြီး နာမည်သုံးတာပဲ ရှိတယ်။ တကယ်တော့ ဒီ ထောက်လှမ်းရေးမှာ အဲဒီအချိန်မှာ အဲသလို ဥာဏ်နီဥာဏ်နက်လုပ်ဖို့ ဥာဏ်နီဥာဏ်နက် plan လုပ်မဲ့ လူတော့ ကျနော် မသိဘူးဗျ။ ဒါပေမယ့် တခုပဲ ကျနော် အဲဒီအချိန်မှာ သွားမြင်တာက ဘာဖြစ်လည်းဆိုတော့ အားလုံးသိပါတယ်။ ဒီ ထောင်တွေကို ဖောက်ပေးလိုက်တာ အဲဒါကတော့ ထောင်တွေကို ဖွင့်ပေးတဲ့ဟာကလည်း ကျနော်ထင်တယ် မဆလရဲ့  ပယော ဂ ပါလိမ့်မယ် ထင်တယ်။ ထောင်ဖွင့်ပေးတဲ့အခါမှာမှ ဒီလို ဖြစ်တဲ့ ဖြစ်စဉ်တွေက ပိုပြီးတော့မှ များလာတယ်ထင်တယ်။ နောက်တခုကတော့ ကျနော်တို့ အပြစ်တင်တာတော့ မဟုတ်ပါဘူး၊ ကျနော် အလျှင်သင့်လို ပြောရရင်တော့ အဲဒီအချိန်အခါ တွင်းမှာ ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီက ကိုသက်ခိုင်တို့ ကိုကျော်မြတို့ ကိုတင်အောင်တို့က ကျနော်တို့ အရေးအခင်း မဖြစ်ခင်မှာ ဗမာပြည်ထဲကို ရောက်နေပြီဆိုတာ ကျနော်တို့ သိတော့သိတယ်။ အကုန်လုံးပေါ့ ပေါင်းစုံလုပ်လို့ရှိရင် ဟိုလိုလို ဒီလိုလိုနဲ့ အခုနပြောသလို ထောက်လှမ်းရေးက လုပ်သလိုလို ဗကပ က လုပ်သလိုလို ဒီထောင်ထွက်က လုပ်သလိုလို အဲဒီ အခြေအနေကိုတော့ အခြေအနေမှန် ဘာလည်းဆိုတာ ကျနော်အနေနဲ့ ပြောရခက်ပါတယ်။


ဦးသန်းလွင်ထွန်း။ ။ အဲဒီ အချိန်တုန်းကဆိုလိုရှိရင် အရေးအခင်း ကာလတုန်းက ထောက်လှမ်းရေးဆိုပြီး မိတဲ့သူတွေကြားမှ ဆေးတွေထိုးပြီးတော့ မှိုင်းတိုက်ခံထားရလူတွေ ရှိတယ်၊ သူကိုသူ ဘယ်သူဘယ်ဝါမှန်း မသိပဲ ဆေးထိုးပြီးတော့ ခိုင်းထားလို့ လုပ်ရတာပါဆိုပြီး ပြောတယ်ဆိုတဲ့ သတင်းစကားတွေရှိတယ်။ အဲဒါမျိုးတွေရော ထောက်လှမ်းရေးအနေနဲ့ လုပ်ခဲ့တာ ရှိသ လား။
ဦးအောင်လင်းထွဋ်။ ။ အဲဒါမျိုး ကျနော်တို့ အားလုံးအနေနဲ့ မပြောလိုဘူး။ ကျနော့်အပိုင်းအနေနဲ့တော့ မရှိဘူး။ ဘာဖြစ်လိုလည်းဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ဘုရားမှာနေတုန်းက ကျနော့်ရှေ့ မှာ လူတယောက်ကို ဆန္ဒပြတဲ့အဖွဲ့ တွေ က ဝိုင်းရိုက်နေကြတယ်။ ဝိုင်းရိုက်နေကြတယ်ဆိုတာ ဘာဖြစ်လို့ ရိုက်သလဲဆိုတော့ ထောက်လှမ်းရေးဆိုပြီးတော့ ရိုက် နေကြတယ်ဗျာ။ သူတို့က ဘုရားဂိတ်တွေကနေ ရှာလိုက်တဲ့အခါမှာ အဲဒီလူဆီကနေ ကင်မရာပုံစံမျိုး မီးခြစ်လိုလို ကင်မရာလို လို ပစ္စည်းလေးတခုကို သွားတွေ့တယ်။ ဒါ ထောက်လှမ်းရေးပဲကွဆိုပြီး သူတို့ ရိုက်နေကြတယ်။ သူတို့ ရိုက်နေတဲ့ နေရာနဲ့ မနီးမဝေးမှာ ကျနော် ရှိနေတယ်။


ဦးသန်းလွင်ထွန်း။ ။ အဲဒီလူက ဦးအောင်လင်းထွဋ် လူ မဟုတ်ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ လူမဟုတ်ဘူး။ အလကားနေရင်း သူ အရိုက်ခံနေရတာ သနားဖို့ ကောင်းတယ်။

ဦးသန်းလွင်ထွန်း။ ။အဲဒီလိုမျိုး လူအုပ်ကြားထဲမှာ တစုံတရာ အထင်မှားအမြင်မှားဖြစ်အောင် ဝင်လုပ်ခဲ့တာ ဘာညာမရှိခဲ့ဘူး ပေါ့။

ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ ဒီလို အထင်မှား အမြင်မှား ဒီလိုဖြစ်တာတော့ ကျနော်တို့တော့ လူတွေကို ဒီလို သတ်ချင် လာအောင် ဖျက်ချင်လာအောင်တော့ ကျနော်တို့ အဲလောက်ကြီး လုပ်လို့ မရဘူးထင်တယ်။ လုပ်ဖို့လည်း သိပ်မလွယ်ဘူး။ လူတွေရဲ့  mentality အရလေ အဲဒီလိုဖြစ်အောင်။ ဒါပေမယ့် ဒီအထဲမှာ ဖြစ်တာတော့ ဖြစ်တာပေါ့လေ။ တွေ့တာတော့ တွေ့နေ ရတာပေါ့။ ခေါင်းဖြတ်တာတို့ အဲဒီအချိန်တုန်းကပေါ့။

ဦးသန်းလွင်ထွန်း။ ။ အခုနောက်ဆုံး ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အခုလက်ရှိအနေအထားမှာ နိုင်ငံရေးအရ ဆို လိုရှိရင်လည်း ပြီးကတဲ့နှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတွေဖြစ်ခဲ့တယ်၊ နာဂစ်မုန်တိုင်းပြီးကာလမှာဆိုရင်လည်း အခြေအနေက စီးပွားရေး ကြပ်တည်းမှုတွေနဲ့ အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်ဆိုတော့ ဒီအခြေအနေမှာ မြန်မာ ထောက်လှမ်းရေး နဲ့ သတင်းပေးတပ်ဖွဲ့တွေ အခန်းကဏ္ဍက ဘယ်လိုရှိလာနိုင်မလဲ။

ဦးအောင်လင်းထွဋ်။ ။ ဒီအခြေအနေ ဒီကာလကတော့ ဒီမိုကရေစီအင်အားစုတွေအတွက်ရော ဗမာပြည်သူပြည် သားအတွက် ရော အခွင့်အခါ ကျနော်တို့ ကောင်းတဲ့အခြေအနေပါ။ သူတို့ တကယ်တော့ ဘာမှ ထိထိရောက်ရောက်နဲ့ ကျနော်တို့ မသိနိုင် ပါဘူး။ မသိနိုင်ဘူးဆိုတာလည်း အခု ကိုသန်းလွင်ထွန်းတို့ သိတဲ့အတိုင်းပါ။ ဗမာပြည်တွင်းမှာ ဗုံးပဲကွဲကွဲ ဘာပဲဖြစ်ဖြစ် နောက် ဆုံး လူသတ်မှုကြီးဖြစ်ဖြစ် ပေါ်အောင် သူတို့လုပ်နိုင်တဲ့အနေအထား စွမ်းအားမရှိဘူး။ ဒီလို မလုပ်နိုင်တာ ကျနော်တို့ ထောက် လှမ်းရေးရဲ့  ထောက်လှမ်းရေးညံ့လို့ပေါ့။ ထောက်လှမ်းရေးဆိုတဲ့ကောင်တွေက မလုပ်နိုင်တဲ့အတွက် ဒီလိုမျိုးတွေက တောက် လျှောက်ဖြစ်နေတာပါ။

သူတို့ အချင်းချင်းပဲ ခွေနေကြတဲ့ အနေအထားမျိုးဖြစ်တဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီ ထောက်လှမ်းရေးအပိုင်းမှာ စစ်ထောက် လှမ်း ရေးကလည်း သိပ်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိဘူး။ ရဲ အထူးထောက်လှမ်းရေးကလည်း ဒီ လောက် လူအများကြီးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ စ သုံးလုံးတို့ ဆိုတာလည်း ထောက်လှမ်းရေးဆိုတာ နာမည်ခံထားတာ နောက် ပိုင်းမှာ ထောက်လှမ်းရေးပြုတ်ပြီးနောက်ပိုင်းမှာ စွမ်းအားရှင်တို့ ကြံ့ခိုင်းဖွံ့ဖြိုးရေးတို့ဆိုပြီးတော့ လုပ်တာဖြစ်လာတယ်။ မြို့တွေ ရွာတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးစွမ်းအားရှင်တွေထားပြီး သတင်းပေးပေါ့။ ဒါလည်း ဒီအဖွဲ့တွေ စနစ်တကျလေ့ကျင့်ပြီးမှ ထားတဲ့ အဖွဲ့တွေမဟုတ်တဲ့အတွက်ကြောင့် အချိန်မရွေး အခုနပြောသလို ကျနော်တို့ အယင်ခေတ်တုန်းက လမ်းစဉ်လူငယ်တို့ ဘာညာ ကွိကွတွေလို ဘက်ပြောင်းသွားနိုင်တယ် အနေအထား ရှိပါတယ်။ ဒီမိုကရေစီဘက်တော်သားအတွက်ကတော့ အချိန်ကောင်း အချိန်အခါကောင်းပေါ့။

၈ ။၈။၁၉၈၈ အရေးအခင်းတွင် -တပ်မတော်၏ လုပ်ရပ်များကို လေ့လာနိုင်ရန် အမှတ်တရ ဖော်ပြပါသည်။

http://www.hittai.org/main.htm


မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ၂၀၁၀


မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ၂၀၁၀

မောင်ကောင်း (ဝေဖန်သုံးသပ်ချက်)

၃၀ ဒီဇင်ဘာ ၂၀၀၉





အများသူငါ စိတ်ဝင်စားနေကြတဲ့ ၂၀၁၀ ကိုတော့ စတင်ချဉ်းနင်းဝင်ရောက်လာပါပြီ။ ၂၀၁၀ ဟာ မြန်မာပြည်နိုင်ငံရေးရဲ့ အကွေ့အချိုးတခုဖြစ်နိုင်တယ်၊ ဒီလိုဖြစ်မလာရင်တောင်မှ ထူးခြားမယ့် နှစ်တနှစ်တော့ ဖြစ်နိုင်ကောင်းရဲ့ဆိုပြီး စိတ်ဝင်စား နေကြတာပါ။ အထူးသဖြင့် နအဖက ကျင်းပပြုလုပ်မယ်လို့ ကြေညာထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ဂယက်တွေက မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ဘယ်နည်းဘယ်ပုံ ထူးထူးခြားခြား ရိုက်ခတ်ပြောင်းလဲစေနိုင်မလဲ။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေး (Sanction) နဲ့ ထိတွေ့ဆက်ဆံရေး (engagement) နှစ်ခုစလုံးကို ပေါင်းစပ်ကျင့်သုံးမယ့် အမေရိကန်နိုင်ငံရဲ့ပေါ်လစီသစ် ဘယ်အတိုင်းအတာအထိ အောင်မြင်ထိရောက်နိုင်မလဲ။

အဲဒါတွေနဲ့ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာပါ ကမ်းလှမ်းချက်အပေါ် ဗိုလ်ချုပ်သန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ ဆိုတာတွေဟာ ၂၀၁၀ အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေပေါ်အခြေခံပြီး ၂၀၁၀ အတွင်း ပေါ်ထွန်းလာမယ့် အခြေအနေနဲ့ အလားအလာတွေအပေါ် အားလုံးက စိတ်ဝင်တစား တွက်ချက်မှန်းဆနေကြတာပါ။ ဘာပဲပြောပြော ၂၀၁၀ မှာ ပေါ်ထွန်းလာမယ့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အလားအလာဟာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပကတိအခြေအနေနဲ့ ကင်းလွတ်ပြီး ဖြစ်လာနိုင်စရာတော့ မရှိပါဘူး။ လက်ရှိအခြေအနေဆိုတာလည်း ပြီးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ တဆက်တစပ်တည်းပါ။

ဒါကြောင့် ပထမဦးစွာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကို အရင်သုံးသပ်ချင်တယ်။ ကနေ့ မြန်မာပြည်သူတွေ ဘယ်လိုတွေ့ကြုံ ခံစားနေရတယ်၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေ ဒီမိုကရေစီအင်အားစုတွေ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိပါပဲ။ ကနေ့ မြန်မာပြည်သူတွေဟာ ဘယ်ခေတ်ဘယ်အခါတုန်းကနဲ့မှ မတူအောင် အနိုင်ကျင့်စော်ကားခံနေရတယ်။ ဒါကို လူ့အခွင့်အရေး ချိုးဖောက်ခံနေရရုံသက်သက်လို့ ပြောလို့မရဘူး။ တရားလက်လွတ် မတရားအနိုင်ကျင့်ခံနေရတာလို့ပဲ ပြောရမှာပဲ။ ဒီကနေ့ မြန်မာပြည်မှာ ဥပဒေဆိုတာမရှိ၊ တရားမျှတမှုဆိုတာ မရှိတော့တဲ့ အခြေအနေမျိုးရောက်နေတယ်။ အာဏာရှိသူတွေက အာဏာမဲ့သူတွေအပေါ်မှာ မတရားသဖြင့် လုပ်ချင်တိုင်းလုပ် အနိုင်ကျင့်ချင်တိုင်းကျင့်တာကို တဖက်သတ် ခံနေရတယ်။

တဘက်မှာ အဲဒီလိုခံနေရတဲ့အတွက် ပြည်သူတွေဟာ အကြောက်တရားရဲ့ လွှမ်းမိုးမှု အောက်မှာ မလူးသာ မလွန့်သာ ရှိနေကြတာ အမှန်ပဲ။ ဒါ အဆိုးဘက်၊ မကောင်းတဲ့ ဘက်ပါ။ ပြည်သူတွေဟာ အဲဒီလို မတရား အနိုင်ကျင့်စော်ကားမှုတွေကို ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ခံစားနေရတာကြောင့် တဘက်မှာတော့ စစ်အာဏာရှင်တွေအပေါ် စက်ဆုပ် ရွံရှာမှု၊ နာကြည်းမုန်းတီးမှုနဲ့အတူ စစ်အာဏာရှင်အောက်က ရုန်းထလွတ်မြောက်ချင်တဲ့ စိတ်ဓာတ်က ပြည်သူလူထုကြီးတရပ်လုံးရဲ့ ရင်ထဲအသည်းထဲ အသွေးထဲအသားထဲမှာ ချေဖျက်တားဆီးလို့ မရလောက်အောင် ထုနဲ့ထည်နဲ့ရှိနေပြီး အခြေအနေ အခွင့်အလမ်း ပေါ်လာတာနဲ့ ပွင့်အံပေါက်ကွဲမယ့် အခြေအနေမျိုး ဖြစ်တည်နေတယ်။

ဒါဟာ ကနေ့ မြန်မာပြည်သူတွေရဲ့ ပကတိအခြေအနေပါ။ ဒါကို အင်အားစုအားလုံးက သိနားလည်ထားကြတယ်။ အင်အားစုအားလုံးဆိုတဲ့နေရာမှာ ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေးအင်အားစုတွေလည်းပါတယ်။ စစ်အာဏာရှင် အုပ်စုလည်းပါတယ်။ စစ်အာဏာရှင်အုပ်စုက ဒီလိုအခြေအနေမှာ ပြည်သူတွေ အချိန်မရွေး အုံကြွပေါက်ကွဲ နိုင်တယ် ဆိုတာသိလို့ ပိတ်ဆို့တားဆီးမှုတွေကို အဘက်ဘက်က ဆောင်ရွက်ထားသလို ဖြစ်လာရင်လည်း လက်မနှေးဘဲ လက်ဦးမှုယူပြီး နှိပ်ကွပ်ချေမှုန်းဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်။ အုံကြွပေါက်ကွဲမှု ဖြစ်လာရင် ပြင်ထားတဲ့အတိုင်း စစ်အုပ်စုက ရက်ရက်စက်စက် နှိပ်ကွပ်ချေမှုန်းတာကိုလည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ တွေ့ခဲ့ကြရပြီးဖြစ်တယ်။

ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေ အပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးကလည်း စစ်အာဏာရှင် အုပ်စုက ဘယ်လိုပဲ ဖိနှိပ်မှုတွေလုပ်လုပ်၊ ဘယ်လိုပဲ နှိပ်ကွပ်ချေမှုန်းမှုတွေလုပ်လုပ် အခြေအနေ အခွင့်အလမ်းပေါ်တာနဲ့ ရုန်းကြွတော်လှန်ကြမှာပဲ။ အခွင့်အလမ်းသာပေါ်ပစေ ပြည်သူတွေဘက်က အဆင်သင့်ပဲ။ သေချာရေရာမှုသာရှိပစေ ပြည်သူတွေဘက်က ရင်းနှီးပေးဆပ်ဖို့ အဆင်သင့်ပဲဆိုတဲ့ အနေအထားပါ။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အခွင့်အလမ်းနဲ့ အောင်ပွဲအတွက် သေချာရေရာမှုကို ဖန်တီးပေးဖို့ပါပဲ။

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရာမှာ ပထမဆုံး နအဖစစ်အုပ်စုရဲ့ အနေအထားကို အရင်သုံးသပ်ချင်တယ်။ နအဖ စစ်အုပ်စုဟာ ဗိုလ်နေ၀င်း မဆလ စစ်အုပ်စုရဲ့ အဆက်ဖြစ်တယ်။ အသွင်သဏ္ဌာန်အရ အနည်းငယ်လောက်ပဲ ကွာခြားပြီး အနှစ်သာရကတော့ အတူတူပဲ။ ဗိုလ်နေ၀င်းရဲ့ မဆလခေတ်တုန်းက မဆလ တပါတီစနစ်ကို ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို စိုးမိုးခြယ်လှယ်ခဲ့သလို အခုလည်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆီ ဦးတည်ချီတက်နေပါတယ်ဆိုပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ခြယ်လှယ်နေတာပဲ။

ဒီနေရာမှာ အတိတ်ကို တချက်လောက် ပြန်ကောက်ကြည့်ရအောင်။ တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ စစ်အုပ်စုကြီးတခုလုံး ပြိုလဲလုနီးနီးဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ကံမကောင်း အကြောင်းမလှစွာနဲ့ အပြီးသတ်အောင်ပွဲမရဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး အဆုံးသတ်ခဲ့ရာမှာ ကျနော်တို့တတွေ (ဆိုလိုတာက ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ အပါအ၀င် ပြည်သူလူထုကြီး) ဘက်က ညံ့ခဲ့ကြလို့ မဟုတ်ပါဘူး။ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေဘက်မှာ အားနည်း ချို့ယွင်းချက်တွေ အမှားတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ အဲဒီ ချို့ယွင်းအားနည်းချက်တွေ၊ အမှားတွေကြောင့် အဓိကမဟုတ်ပါဘူး။ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တစုရဲ့ ရပ်တည်မှု မှားယွင်း ဖောက်ပြန်ခဲ့တာကြောင့်ပါ။

အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တဲ့ ဘယ်တိုင်းပြည်ကိုပဲကြည့်ကြည့် စစ်တပ်ရဲ့အခန်းကဏ္ဍက သိပ်အရေးကြီးတယ်။ စစ်တပ်က ဘယ်လိုရပ်တည်သလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ ဆိုတာပေါ်မူတည်ပြီး အဲဒီတိုင်းပြည်ရဲ့ လူထုအုံကြွမှု အောင်မြင်ရေး မအောင်မြင်ရေးကို အဆုံးအဖြတ်ပေးခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တယ်။ မကောင်းတဲ့ မင်းဆိုးမင်းညစ်၊ ဒါမှမဟုတ် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်ရာမှာ စစ်တပ်က ပြည်သူလူထု ဘက်ကို စာနာထောက်ထား ရပ်တည်ပေးတာမျိုး၊ ဒါမှမဟုတ် အနိမ့်ဆုံးအားဖြင့် အာဏာရှင်တွေဘက်ကို မျက်နှာမလိုက်ဘဲ၊ အကာအကွယ်မပေးဘဲ၊ ကြားနေပေးတာမျိုးရှိရင် ဒီတော်လှန်အုံကြွမှုဟာ အောင်မြင်ပြီး ခေတ်စနစ်ကြီးတခုလုံးကို ပြောင်းလဲ ပစ်နိုင်ခဲ့တာပဲ။

အနီးစပ်ဆုံး ဥပမာအနေနဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှနဲ့ အရှေ့ဥရောပနိုင်ငံတွေရဲ့ အဖြစ်အပျက်ကိုကြည့်ရင် သိနိုင်တာပဲ။ အလားတူပဲ စစ်တပ်က ပြည်သူလူထုဘက်ကနေ မရပ်တည်ဘဲ သို့မဟုတ် ကြားမနေဘဲ အာဏာရှင်တွေဘက်က ရပ်တည်ကာကွယ် ပေးမယ်၊ ဒါမှမဟုတ် အာဏာရှင်အလိုကျ ပြည်သူလူထုကို နှိပ်ကွပ်သတ်ဖြတ် ချေမှုန်းမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့အုံကြွမှုဟာ ဘယ်လောက်ပဲ အင်အားကြီးကြီး ချေမှုန်းဖျက်ဆီးခံခဲ့ရတဲ့ သာဓကတွေရှိခဲ့တယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့ တရုတ်ပြည်ရဲ့ (၈၉) တိန်အန်မင် အရေးအခင်းနဲ့ မြန်မာပြည်ရှစ်လေးလုံးအရေးတော်ပုံကြီးတွေဟာ ထင်ရှားတဲ့ သာဓကတွေပဲ မဟုတ်ပါလား။ (ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်းဟာလည်း နောက်ထပ်ထင်ရှားတဲ့ သာဓကတခုပါပဲ။)

တကယ်တော့ ကျနော်တို့ ပြည်သူတွေ ဆင်နွှဲခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ မကြုံဖူးလောက်အောင် တပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တခဲနက်ပါဝင် ဆင်နွှဲခဲ့ကြတဲ့ ထူးခြားလှတဲ့ အရေးတော်ပုံကြီးပါ။ အဲဒီအရေးတော်ပုံကြီးမှာ ပြည်သူတွေ လုံးဝတာဝန်ကျေခဲ့တယ်။ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့လည်း အားနည်းချက်၊ ချို့ယွင်းချက်တွေ တစုံတရာ ရှိခဲ့တယ်ဆိုပေမယ့် တာဝန်ကျေသင့်သလောက်ကျေခဲ့တယ်။

အဓိက ကတော့ စောစောကပြောသလို ပြည်သူတွေဘက်က စစ်တပ်မပါခဲ့လို့၊ မရပ်တည်ခဲ့လို့ အရေးတော်ပုံကြီး မအောင်မမြင် ဖြစ်ခဲ့ရတာပါ။ ပြည်သူတွေဘက်က စစ်တပ်မရပ်တည်ခဲ့တာကြောင့် ဆိုတာထက် တိတိကျကျ ပြောရရင်တော့ တိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းခဲ့တဲ့ စစ်တပ်တခုလုံးဟာ လက်တဆုပ်စာ အာဏာရှင်စစ်ဗိုလ်ချုပ်တစုရဲ့ အပိုင်စီး သိမ်းပိုက် အသုံးချတာကို ခံလိုက်ရလို့ပါ။ အဲဒီလက်တဆုပ်စာ အာဏာရှင်စစ်ဗိုလ်ချုပ်တစုက ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့အကျိုးကို လုံးဝမငဲ့ကွက်ဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ သက်သက်အတွက် ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ချေမှုန်းခဲ့တာကြောင့်ပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီး မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီအချက်ဟာ အခရာကျသလို အဲဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆက်ဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားတောင်းဆိုမှုတွေ ကနေ့အထိ မအောင်မမြင် ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းဟာလည်း အဲဒါကြောင့်ပါပဲ။ တကယ်တော့ ကျနော်တို့တတွေ ဒီမိုကရေစီမရကြသေးတာ ကျနော်တို့ ပြည်သူတွေ ညံ့ကြလို့ ကျနော်တို့ပြည်သူတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးလို့ဆိုတာ လုံးလုံးမဟုတ်ဘူး။ ထို့နည်းတူ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူတွေ ညံ့ကြလို့ မညီညွတ်ကြလို့ ချို့ယွင်းအားနည်းကြလို့ စွန့်လွှတ်ပေးဆပ်မှုတွေဟာ နည်းပါးကြလို့လည်း မဟုတ်ပါဘူး။

ကနေ့ ကျနော်တို့ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေဟာ အတိတ်သမိုင်းနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် မျက်မှောက်နိုင်ငံတကာလှုပ်ရှားမှုတွေနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် ထိပ်ဆုံးကပါ။ တကယ့်တကယ် အဓိကအကြောင်းရင်းက စစ်တပ်ပါ။ စစ်တပ်ရဲ့အနေအထားကြောင့် စစ်တပ်ရဲ့ မှားယွင်းဖောက်ပြန်တဲ့ ရပ်တည်မှုကြောင့်ပါ။ တိတိကျကျ ပြောရရင်တော့ အဲဒီစစ်တပ်ကို အမိန့်ပေးစေခိုင်းနိုင်တဲ့ စစ်တပ်အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုသူနဲ့ သူ့ရဲ့သစ္စာခံလက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ အာဏာမက်မှု၊ ကိုယ်ကျိုးကြည့်မှု၊ အမြော်အမြင်နည်းပါးမှု၊ ရက်စက်ယုတ်မာကောက်ကျစ်မှုတွေကြောင့်သာ အဓိကပါပဲ။

ဒါပေမယ့် စောစောက ပြောခဲ့သလို ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်ဟာ ပြိုလဲလုနီးပါးအခြေအနေ ရောက်ခဲ့တာတော့ အမှန်ပဲ။ အဲဒီတုန်းက စစ်တပ်အာဏာသိမ်းပြီးပြီးချင်း အာဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်စောမောင်က “တိုင်းပြည်ချောက်ထဲကျလုဆဲဆဲ အခြေအနေကို ကယ်တင်ဖို့အတွက် ကျနော်တို့ အာဏာသိမ်းရတာပါ” ဆိုတဲ့ စကားကို မကြာမဏ ပြောလေ့ရှိတယ်။ တကယ်တော့ သူပြောတဲ့ ချောက်ထဲကျလုဆဲဆဲဆိုတာ တိုင်းပြည်လည်းမဟုတ်၊ ပြည်သူလူထုလည်း မဟုတ်ပါဘူး။ အာဏာရှင် ဗိုလ်နေ၀င်းနဲ့ သူ့ရဲ့သစ္စာခံ စစ်ဗိုလ်ချုပ်တစုပါ။ ပြည်သူလူထုရဲ့ တွန်းလှန်ဖြိုလှဲမှုကြောင့် ဗိုလ်နေ၀င်းရဲ့ အာဏာဒေါက်တိုင်တွေ ပြိုလဲအံ့ဆဲဆဲဖြစ်နေတဲ့ အခြေအနေကို ကယ်တင်ဖို့အတွက် ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးစီးပွားကို သစ္စာဖောက်ကျောခိုင်းပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ အစပထမမှာတော့ သေလူဘ၀ကနေ တရက်တမွန်းတည့် အသက်ဆက်ရလည်း မနည်းဘူးဆိုတဲ့ သဘောနဲ့ လူးလွန့်ရုန်းထခဲ့ကြတာပါ။ အဲဒီတုန်းက သူတို့မှာ အနာဂတ်ဆိုတာ မရှိခဲ့ဘူး။ ရေရှည်အာဏာစိုးမိုးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိပုံမရခဲ့ဘူး။ (ဒါ မိမိရဲ့အထင်ကို ပြောတာပါ။) အဲဒီလိုမရှိခဲ့လို့လည်း သေခါနီး ရိက္ခာယူတဲ့သဘောမျိုး အရှက်အကြောက်မရှိ အခွင့်အရေးတွေ မတရားယူ၊ အာဏာတွေ မတရားသုံး၊ အလွန်အကျွံတွေဖြစ် နောက်တော့ မထူးဇာတ်ခင်း၊ တဘက်မှာလည်း မတရားသဖြင့် အကန့်အသတ်မရှိ ရထားတဲ့ အကျိုးစီးပွားတွေ စည်းစိမ်အာဏာတွေကို မက်မောတွယ်တာယစ်မူးလာပြီး နောက်တော့ အဲဒီအကျိုးစီးပွားတွေ၊ အာဏာတွေကို မစွန့်လွှတ်ချင်တော့ဘဲ ရေရှည်ဆုပ်ကိုင်ချင်လာရာကနေ ရေရှည်အစီအမံတွေ ချလာတော့တာပါပဲ။

စစ်အုပ်စုဟာ အဲဒီလို ဆင့်ကဲဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုလည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲချမှတ်ကျင့်သုံးလာတာကို တွေ့ရလိမ့်မယ်။ ပထမ ၈၈ အာဏာသိမ်းစဉ် လူကြားကောင်းအောင် တနည်းအားဖြင့် အာဏာသိမ်းလို့ကောင်းအောင် နောက်တနည်းပြောရရင် အင်မတန် ကြီးမားတဲ့ ၈၈ ဒီမိုကရေစီလှိုင်းလုံးကြီးအောက်မှာ နစ်မသွားရလေအောင် အလိုက်သင့်ခံပေးတဲ့ သဘောနဲ့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ စနစ်ကို ထူထောင်ပေးမယ်၊ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိကို ရှေ့တန်းတင်ပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာလည်း တတ်နိုင်သမျှ အချိန်ဆွဲပြီး ရွေးကောက်ပွဲကို ရှောင်လွှဲဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ၈၈ အရှိန်မသေသေးတဲ့ လူထုကြီးရဲ့ဆန္ဒကို လွန်ဆန်ပြီး ပေးထားတဲ့ ကတိကို အလွယ်တကူ မပယ်ဖျက်ရဲခဲ့တာကြောင့် ရွေးကောက်ပွဲကို မလုပ်ချင်ဘဲ လုပ်ပေးခဲ့ရတယ်။ မတတ်သာလို့ လုပ်ပေးခဲ့ရသည့်တိုင် ဒီမိုကရေစီအင်အားစုတွေ ပြတ်ပြတ်သားသား အနိုင်မရလေအောင် ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီအင်အားစုတွေအပေါ် အမျိုးမျိုးညစ်ပတ် အနိုင်ကျင့်ခဲ့ပေမယ့် ရှစ်လေးလုံးစိတ်ဓာတ်အဟုန် ပြင်းထန်နေဆဲဖြစ်တဲ့ ပြည်သူလူထုကြီးရဲ့ ပြတ်ပြတ်သားသား ညီညီညွတ်ညွတ် မဲပေးဆုံးဖြတ်ပေးခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်(Landslide) အနိုင်ရရှိခဲ့ပြီး သူတို့တတွေ မရှုမလှ အရေးနိမ့်သွားခဲ့ပြီးတဲ့နောက် အဲဒီ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ နည်းအမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့တာ၊ ချေဖျက်ဖို့ကြိုးစားခဲ့တာ ဒီကနေ့အထိပဲဖြစ်ပါတယ်။ ပထမ ၁/၉၀ နဲ့ ရှောင်လွှဲဖို့ကြိုးစားခဲ့တယ်။ နောက် အမျိုးသားညီလာခံနဲ့၊ နောက် Road Map (၇) ချက်နဲ့ ချေဖျက်ဖို့ ကြိုးစားခဲ့တယ်။

မိမိအမြင်ပြောရရင် ၁/၉၀ ချမှတ်စဉ်က သူတို့ဟာ ခံစစ်အနေအထားမှာပဲ ရှိခဲ့သေးတယ်။ အဲဒီတုန်းက ၉၀ ရလဒ်ကို ချက်ချင်းအကောင်းအထည်မဖော်ဖြစ်အောင်၊ အာဏာချက်ချင်းမစွန့်ရလေအောင် ခုခံကာကွယ်တဲ့သဘောနဲ့ ၁/၉၀ ကို ထုတ်ပြန်ခဲ့တာပါ။ နောက်တော့ ခံစစ်ကနေ ထိုးစစ်အသွင်ပြောင်းပြီး ဒီချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေကို နှိပ်ကွပ် ချေမှုန်းခဲ့တယ်။ ဒီမိုကရေစီအင်အားစုတွေ အလဲလဲအကွဲကွဲဖြစ်ပြီး အားနည်းချည့်နဲ့သွားတော့မှ အမျိုးသားညီလာခံ (NC) ဆိုတာကို ခေါ်ယူပြီး သူတို့အာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံဆောင်ရွက်ခဲ့တာ ဖြစ်တယ်။

NC ကို လုပ်ရာမှာ သူတို့မှာ ရည်ရွယ်ချက် (၃) ခုရှိတယ်။ ပထမရည်ရွယ်ချက်က ၉၀ ရလဒ်ကို လမ်းလွှဲဖို့ အချိန်ဆွဲဖို့၊ ဒုတိယက နိုင်ငံတကာအမြင်မှာ န၀တ (နအဖ) အနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ်ကို ဆောင်ရွက်နေသယောင် ဟန်ဆောင်လှည့်စားဖို့၊ တတိယကတော့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က အမြဲတမ်း ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အဲဒီ NC ကတဆင့် ဇွတ်အတင်း ချမှတ်အကောင်အထည်ဖော်ပြီး သူတို့တရားဝင် ရေရှည်အာဏာချုပ်ကိုင် နိုင်ရေးအတွက် စီမံဆောင်ရွက်ဖို့ဖြစ်တယ်။ တချက်ခုတ် သုံးချက်ပြတ်ပေါ့။ ရည်ရွယ်ချက်အားလုံးရဲ့ လိုရင်းအချုပ်ကတော့ လက်ရှိအာဏာကို ထိန်းနိုင်သမျှထိန်းထားပြီး ဖြစ်နိုင်ရင် သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ရာသက်ပန် တည်တံ့ခိုင်မြဲအောင် လုပ်သွားဖို့ပဲ။

ပထမရည်မှန်းချက်တွေ အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့် ၁၉၉၅ နောက်ပိုင်းမှာ NC ထဲကနေ NLD နဲ့ SNLD တို့ နုတ်ထွက်သွားလို့ NC ကြီး ရပ်ဆိုင်းသွားရာကနေ သူတို့ရဲ့နောက်ဆုံးရည်မှန်းချက်လည်းဖြစ်၊ အန္တိမရည်မှန်းချက်လည်းဖြစ်တဲ့ စစ်အာဏာရှင်စနစ် တရားဝင် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ ရည်မှန်းချက် ယာယီအခိုက်အတန့်အားဖြင့် ပျက်ပြားသွား ခဲ့ရတယ်။ ဒါကလည်း ဆန်းတော့မဆန်းဘူး။ စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ထာဝရစိုးမိုးခြယ်လှယ်ရေးဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ဟာ ပြည်သူလူထုကြီးရဲ့ဆန္ဒနဲ့ လုံးဝဆန့်ကျင်နေသလို ကမ္ဘာကြီးရဲ့တူရူရာ ဒီမိုကရေစီလမ်းကြောင်းကြီးနဲ့လည်း သွေဖည်ကွဲလွဲနေလို့ပါ။ ဒါပေမယ့် သူတို့ရဲ့ရည်မှန်းချက်ကို အပြီးတိုင် စွန့်လွှတ်ခဲ့တာတော့ မဟုတ်ဘူး။ ယာယီ အခိုက် အတန့်သာ စွန့်လွှတ်ခဲ့တာပါ။ အခြေအနေပေးတာနဲ့ မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်ဖို့ ကြံစည်စိုင်းပြင်းခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ ဘယ်လိုပဲ ကြံစည်ကြံစည်၊ ဘယ်လိုပဲဆန္ဒရှိရှိ လက်တွေ့ဘ၀ရဲ့ အကန့်အသတ်တွေ အားပြိုင်မှုတွေကြောင့် အထူးသဖြင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ကြံ့ကြံ့ခံတိုက်ပွဲဝင်မှုတွေကြောင့် သူတို့ကြံစည်တိုင်း ဆန္ဒရှိတိုင်း မဖြစ်ခဲ့တာတွေ မအောင်မြင်ခဲ့တာတွေ ရှိခဲ့တယ်။ တခါတရံ ဒီမိုကရေစီအင်အားစုတွေဘက်က အားသာပြီး သူတို့ဘက်က ဖရိုဖရဲဖြစ်သွားခဲ့ရ တာတွေ ခံစစ်အနေအထား ရောက်သွားခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအချို့ကို ပြန်သုံးသပ်ကြည့်ဖို့ လိုမယ်ထင်တယ်။

၁၉၉၅ မှာ NC ရပ်သွားပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှု၊ ၉၀ ပြည့်နှစ် ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တိုက်ပွဲဝင်မှုကြောင့် ၉၈ မှာ CRPP ပေါ်လာခဲ့တယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ဘက်က နိုင်ငံရေးထိုးစစ်တွေ ဆက်တိုက်ဆင်နွှဲခဲ့ရာမှာ စစ်အာဏာရှင်တွေဘက်က ခံစစ်အနေအထားနဲ့ အလူးလူးအလိမ့်လိမ့် ရပ်ခံခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒီလိုရပ်ခံရာမှာ တဘက်က ဖမ်းဆီးနှိပ်ကွပ်မှုတွေလုပ်ရင်း တဘက်က ဆွေးနွေးပွဲစကားဝိုင်းဘက်လှည့်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက်ဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ဇာတိသရုပ်ကို ဘယ်လိုမှ မဖုံးကွယ်နိုင်တာရယ်၊ သူတို့ အာဏာတည်မြဲရေးဆိုတဲ့ ရည်မှန်းချက်ကနေ တပြားသားမှ လျှော့မပေးနိုင်တာတွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက်ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်သွားခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ တိုင်းပြည်ရဲ့ပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် နအဖစစ်အုပ်စုရဲ့ မရိုးသားမှု၊ လိမ်ညာကောက်ကျစ်မှုတွေကြောင့် ဆွေးနွေးပွဲ မအောင်မြင်နိုင်တော့ဘူးဆိုတာ ရိပ်မိခဲ့လို့ တဘက်မှာ ရသမျှအခွင့်အရေးကို အသုံးချပြီး လူထုတိုက်ပွဲ ဆင်နိုင်ဖို့အတွက် လူထုစည်းရုံးရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့တယ်။ လူထုဘက်ကလည်း နအဖစစ်အုပ်စု တုန်လှုပ်ချောက်ချား လောက်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အုန်းအုန်းကျွက်ကျွက် ထောက်ခံကြိုဆိုခဲ့ကြတယ်။

ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးကို လုံးဝမကြည့်ဘဲ ကိုယ့်အာဏာတည်မြဲဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ်လို့ခံယူထားတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီတကြိမ်မှာလည်း ဒီမိုကရေစီကို ပြင်းပြင်းပြပြ လိုချင်တောင်းတနေတဲ့ ပြည်သူလူထုကြီးရဲ့ဆန္ဒနဲ့ အဲဒီဆန္ဒတွေ အကောင်အထည်ဖော်ဖို့ ဦးဆောင်လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုတွေကို အပြင်းအထန်နှိပ်ကွပ် ချေမှုန်းခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ဒီပဲယင်းအရေးအခင်း ပေါ်ပေါက် ခဲ့ရတယ်။

ဒီပဲယင်းကြောင့် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က ဆုံးရှုံးမှုအချို့နဲ့ အရင်းအနှီးအချို့ပေးဆပ်ခဲ့ရပေမယ့် တဘက်မှာ နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ ပွင့်ကျသထက် ကျလာခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ ဆန့်ကျင် ရှုတ်ချမှုနဲ့ ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့ရတယ်။ ဒီပဲယင်းနှိပ်ကွပ်မှုကြောင့် တဘက်မှာ သူတို့ စစ်အုပ်စုတွေအတွင်း မကျေလည်မှုတွေ ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့ရတယ်။ ဒီပဲယင်းနှိပ်ကွပ်မှုကြောင့် တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အခိုက်အတန့်အားဖြင့် ရပ်တန့်ပစ်လိုက်နိုင်ပေမယ့် တဘက်မှာတော့ နအဖ စစ်ဗိုလ်ချုပ်တွေအဖို့ ပြည်တွင်းပြည်ပဖိအားနဲ့ နိုင်ငံရေးအကျပ်အတည်းကို မကြုံစဖူးကြုံတွေ့ခဲ့ရတယ်။

ဒီအကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားဖို့အတွက် သူတို့ဘက်က နိုင်ငံရေးဗျူဟာတရပ်ကို ချမှတ်ကျင့်သုံးလိုက်တယ်။ အဲဒီ ဗျူဟာကတော့ Road Map (၇) ချက်ပဲ။

တကယ်တော့ အဲဒီ Road Map (၇) ချက်ဟာ လောလောဆယ် သူတို့ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းထဲကနေ ဖောက်ထွက်ကျော်လွှားဖို့ သက်သက်တင်မဟုတ်ဘဲ ရပ်ဆိုင်းထားခဲ့ရလို့ အသက်ကင်းမဲ့နေပြီဖြစ်တဲ့ NC ကို ပြန်လည် အသက်သွင်းပြီး သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ မူလရည်မှန်းချက်ကို ပြန်လည်အကောင်အထည် ဖော်ဖို့ပါပဲ။ တဘက်မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ဖို့ လိုလားနေတဲ့၊ ဖိအားတွေလည်း တိုးမြှင့်ပေးနေတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အဲဒီသူတို့ချမှတ်ထားတဲ့ Road Map (၇)ချက်နဲ့ ပြည်တွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ချမှတ်ဆောင်ရွက်နေသယောင် လိမ်လည်လှည့်ဖြားဖို့ပါပဲ။

တကယ်တမ်းပြောရရင်တော့ ဒီမိုကရေစီသို့သွားရာ (၇) ဆင့်ဆိုပြီး သူတို့ကြွေးကြော်ချမှတ်ထားတဲ့ Road Map (၇) ချက်ဆိုတာကို ပြည်သူတွေကတော့ ဒီမိုကရေစီနဲ့ အလှမ်းဝေးသထက် ဝေးသွားစေမယ့် အဆင့် (၇) ခုလို့ပဲ နားလည်ထား ကြတယ်။ ဒါကြောင့် ဒီ Road Map (၇) ချက်ကို ပြည်သူတွေက ယုံလည်းမယုံဘူး၊ လက်လည်းမခံဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ကိုယ်စား NLD ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ပြည်တွင်းပြည်ပဖိအားတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ပိုမိုကြီးမားလာခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ရတယ်။ နောက်ဆုံးမှာတော့ သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တော့တာပါပဲ။

ဒီရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူလူထုတွေဘက်က ထိခိုက်ဆုံးရှုံးမှုတွေ အရင်းအနှီးတွေ အတိုင်းအတာတခုအထိ ပေးဆပ်ခဲ့ရပေမယ့် ဒီတော်လှန်ရေးကြီးကနေတဆင့် မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ဥဒါန်းတွင်စေနိုင်ခဲ့သလို နအဖ စစ်ခေါင်းဆောင်တွေအဖို့ရာမှာလည်း အကြီးအကျယ် အထိနာခဲ့ရတယ်။ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ သူ့ရဲ့အာဏာတည်မြဲမှုအပေါ် အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရတယ်။ ဒါကြောင့် မူလက ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ဖော်ဆောင်နေသယောင် အမျိုးသားညီလာခံဆိုတာကို အချိန်ဆွဲနိုင်သမျှ အချိန်ဆွဲကျင်းပပြီး သူ့ရဲ့ ပိုနေမြဲကျားနေမြဲအနေအထား (Status quo) ကို ဆက်ထိန်းထားဖို့ ကြံရွယ်ခဲ့ပေမယ့် စက်တင်ဘာသံဃာ့အရေးအခင်းကြီးက သူတို့ရဲ့အာဏာတည်မြဲရေးကို မရေမရာဖြစ်သွားစေခဲ့တာကြောင့် အဲဒီ အမျိုးသားညီလာခံကို တတ်သုတ်ရိုက်ကျင်းပပြီး သူ့အာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးကို အာမခံချက်ပေးနိုင်မယ့် Constitution ကို တဖက်သတ် ရေးဆွဲအတည်ပြုလိုက်တော့တာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီ Constitution ကို ဘယ်လိုဘယ်ပုံ တဖက်သတ်ရေးဆွဲခဲ့တယ်၊ ဘယ်လို ကောက်ကျစ် ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပပြီး အဲဒီ Constitution ကို ဘယ်လို တဖက်သတ် အနိုင်ကျင့် အတည်ပြုပြဋ္ဌာန်းခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်လို့ အကျယ်ချဲ့မပြောလိုတော့ပါဘူး။

ဒါပေမယ့် ဒီ Constitution ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ ဘယ်လိုပဲဆန့်ကျင်ဆန့်ကျင်၊ ပြည်သူတွေက လက်ခံခံ မခံခံ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြု မပြုပြု သူတို့ကတော့ သူတို့ရဲ့ ရေရှည်အာဏာ တည်တံ့ခိုင်မြဲရေးကို အာမခံချက်ပေးနိုင်မယ့် ဒီ Constitution ကို မဖြစ်မနေ အကောင်အထည်ဖော်မှာပဲ။ မဖြစ်မနေ အသက်သွင်းမှာပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ အဲဒီ Constitution ကို အသက်သွင်းတဲ့ပွဲ၊ အသက်ဝင်အောင် လုပ်မယ့်ပွဲပါပဲ။ ဒါကြောင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ မဖြစ်မနေ ဆန့်ကျင်ရမှာပဲ။

ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်တယ်ဆိုတာ သူတို့တဖက်သတ်ရေးဆွဲထားတဲ့ Constitution ကို ဆန့်ကျင်တာ၊ အသက်ဝိညာဉ် ကင်းမဲ့စေတာဖြစ်တယ်။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ဆန့်ကျင်ချေဖျက်တာသာဖြစ်တယ်။ ကျနော်တို့တိုက်ပွဲဟာ ဒီတပွဲနဲ့ ပြတ်ချင်မှပြတ်မယ်။ တိုက်ပွဲပေါင်း မြောက်မြားစွာကို ဆက်ပြီး ဆင်နွှဲကောင်းဆင်နွှဲရနိုင်တယ်။ ရေရှည်တိုက်ပွဲဖြစ်နိုင်တယ်။ ဒါပေမယ့် ပြောလို့တော့မရဘူး။ တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုတဲ့ စကားတွေလည်းရှိတာပဲ။ မမျှော်လင့်တာတွေလည်း ဖြစ်လာနိုင်တာပဲ။

အပေါ်ယံကြည့်ရင် အခုအချိန်မှာ စစ်အာဏာရှင်တွေဘက်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဘက်တွေမှာ အားသာချက်တွေ ရှိနေတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တော့ သူတို့လုပ်ချင်တိုင်း လုပ်လို့မရနိုင်တဲ့ အကန့်အသတ်တွေနဲ့ သူတို့ဘက်မှာ ပျော့ကွက်ဟာကွက် အားနည်းချက်တွေရှိနေတာ အမှန်ပဲ။ အကျပ်အတည်းတွေ ရှိနေတာလည်း အမှန်ပဲ။ အာဏာရှင် စစ်ဗိုလ်ချုပ်တွေအကြား အကျိုးစီးပွားချင်း အားပြိုင်မှု၊ အာဏာပြိုင်မှု၊ တပ်တွင်းအောက်ခြေနဲ့ အထက်ဆင့်ကွာဟမှု အားပြိုင်မှု၊ သူတို့စစ်အုပ်စုနဲ့ ငြိမ်းအဖွဲ့တွေကြား အားပြိုင်မှု၊ ပြည်သူတွေရဲ့ ဆန့်ကျင်ခံရမှု၊ မုန်းတီးရွံရှာခံရမှု၊ နိုင်ငံတကာရဲ့ ဆန့်ကျင်ခံရမှု ဖိအားပေးခံရမှု စတာတွေဟာ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်းတဲ့အခါ ဒီအကျပ်အတည်းတွေ ပိုပြီး ကြီးမားလာစရာအကြောင်းရှိတယ်။ ပိုပြီး ကျပ်တည်း ခက်ခဲလာစရာ အကြောင်း ရှိတယ်။ သူတို့ စစ်အာဏာရှင်တွေရဲ့အခက်ဟာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ အချက်ပဲပေါ့။ ကျနော်တို့အတွက် ပြည်သူတွေအတွက် အဆိုးထဲက အကောင်းတွေ ဖြစ်လာနိုင်တယ်။

ဆောင်းပါးအစပိုင်းမှာ ပြောခဲ့သလို အခွင့်အလမ်းသာ ပေါ်ပစေ၊ သေချာရေရာမှုသာ ရှိပစေ၊ ပြည်သူလူထုဘက်ကတော့ အဆင်သင့်ပါပဲ။ အဲဒီတော့ လက်ရှိပြည်တွင်းပြည်ပအခြေအနေတွေအရ ပြည်သူတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်၊ အဲဒီအခွင့်အလမ်းတွေကို အသုံးချပြီး ဘယ်လိုသေချာရေရာတဲ့ အောင်ပွဲမျိုး ရယူဖန်တီးနိုင်မလဲဆိုတာကို ဒီမိုကရေစီအင်အားစုတွေ အသေအချာ လေ့လာတွက်ချက်ပြီး ပြင်ဆင်ထားကြဖို့လိုလိမ့်မယ်။ ။

http://www.khitpyaing.org/articles/Dec09/301209b.php



ဆေးရောင်စုံတဲ့ ၂ဝဝ၉ ခုနှစ်

ဆေးရောင်စုံတဲ့ ၂ဝဝ၉ ခုနှစ်

ရဲဘော်ဖိုးသံချောင်း

၃၀ ဒီဇင်ဘာ ၂၀၀၉



ဒီလိုနဲ့ တနှစ်တော့ဖြင့် ကုန်ပြန်ပြီ။

ကမ္ဘာကြီးဟာ စီးပွားရေးကပ်ထဲက လူးလွန့်ရုန်းထနေရဆဲ၊ တချို့လည်းလွတ်ထွက်လာ၊ တချို့လည်းနစ်ဆဲ။ ဒီလိုအခါမှာ ဗမာပြည်ရဲ့ စီးပွားရေးကတော့ ဘာမှထူးမလာ။ ဆန်ထွက်တွေကျ၊ အလုပ်လက်မဲ့တွေပိုများ၊ ကုန်ဈေးနှုန်းတွေ ပိုတက်ပြီး ပြည်သူတွေ ဒုက္ခဝဲထဲမှာ ချာလပတ်ရမ်းနေပါတယ်။ ဒီလိုအချိန်မှာ နအဖက ပြည်သူလူထုအတွက် စီးပွားရေးနယ်ပယ်မှာ လက်ဆောင်တခု ပေးလိုက်ပါတယ်။ အဲဒါကတော့ (၅,ဝဝဝ) တန်ငွေစက္ကူ။ နောက်ပြီးတော့ အခွန်နှုန်းတိုးမြှင့်တာ။ ဒီတော့ နအဖရဲ့ (၅,ဝဝဝ) တန်ကိုလည်းမယုံ၊ ဒေါ်လာအပေါ်လည်း မပုံရဲကြတဲ့ ဒီနိုင်ငံမှာ တခြားနိုင်ငံများနည်းတူ ရွှေဈေး ထောင်တက်သွားပါတယ်။

တိုင်းပြည်တပြည်အနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွင်း ဗမာပြည်နိုင်ငံရေးမှာ အဖြစ်အပျက်တွေ အင်မတန်မှများခဲ့ပါတယ်။ အဖြစ်အပျက်မှာ ကမ္ဘာက အာရုံစိုက်ရတဲ့၊ ကမ္ဘာမှာကြုံတောင့်ကြုံခဲ အဖြစ်အပျက်တွေပါ။ သတင်းစာဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာ မကြာခဏတွေ့ရတဲ့ သတင်းတွေဖြစ်ပါတယ်။ ဒီအထဲက ထိပ်ဆုံးထား ပြောသင့်တာကတော့ နိုင်ငံတကာခွင်က ကိစ္စဖြစ်ပါတယ်။

နအဖက ယက်တောဒီပလိုမေစီ လမ်းကြောင်းဖောက်လိုက်တဲ့အချိန်ကစပြီး နအဖဗိုလ်ချုပ်တွေကို အမေရိကန်က လူရာသွင်း ဆက်ဆံဖို့ လုပ်လာတာတွေ တွေ့ရပါတယ်။ ဆီနေတာဂျင်ဝက်ဘ်၊ ဒု-နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ် စသဖြင့် ဝါရှင်တန်က လူတွေ ဗမာပြည်ကိုလာခဲ့ကြသလို ဗိုလ်သန်းစိန်အပါ ကြပ်ပြေးက စေလွှတ်သူတွေလည်း အမေရိကန်ကို ခြေချနိုင်ခဲ့ကြပါတယ်။ ဒီနှစ်ကို ဝါရှင်တန်နဲ့ ကြပ်ပြေး ရွှေလမ်းငွေလမ်းဖောက်ဖို့ ကြိုပမ်းကြတဲ့နှစ်လို့ ပြောရင်တောင်ရပါတယ်။ ဒါပေမယ့် လမ်းပေါက်သွား၊ အောင်မြင်သွားတယ်လို့တော့ ပြောမရသေးပါဘူး။ အရှေ့တောင်အာရှနဲ့ အရှေ့အာရှက ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုတွေကိုကြည့်ပြီး နောက်ကျမကျန်ချင်တဲ့ အိုဘားမားအစိုးရဟာ ကြပ်ပြေးကိုလမ်းကြောင်းပြောင်းပြီး ဆက်သွယ်ဖို့ အလေးအနက်လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုအထိ အနေအထားကိုပြောရရင် သမ္မတအိုဘားမားဟာ လိုဏ်ခေါင်းထဲမှာ ပိတ်မိသလိုဖြစ်နေပြီး ပြန်ထွက်မရ၊ ရှေ့ဆက်တိုးမရဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေတို့အပေါ် မစ္စတာအိုဘားမား အတွက်လွဲလေရော့သလား စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါနဲ့တဆက်တည်းမှာပဲ ဗမာပြည်သားတယောက် အနေနဲ့ ကတော့ ဒီနှစ်ဟာ ဗမာပြည်ကို ကျွဲနှစ်ကောင်အကြားက မြေဇာပင် စဖြစ်စေတဲ့ နှစ်အဖြစ် သမိုင်းမဝင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။

နအဖဗိုလ်ချုပ်တွေ အခုလို နိုင်ငံတကာအသိုင်းအဝိုင်းထဲကို တိုးဝင်လုံးပန်းတာနဲ့အမျှ ပြည်ပကယုံကြည်လာအောင် ပြည်တွင်းရေးမှာ ဟန်ပြလုပ်ငန်းတွေ၊ အများကြီး လုပ်လိမ့်မယ်လို့ တချို့ကမျှော်လင့်ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ထင်သာထင် မဝင်ဘူးဖြစ်ခဲ့ရပါတယ်။ မူဆိုင်ရာကိစ္စတွေလို့ သူတို့သဘောထားတဲ့ ကိစ္စတွေမှာ တပြားသားမှ လျှော့ပေးတာ မတွေ့ခဲ့ရပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်လို့ဖြစ်စေ သူတို့ဘက်က ပြတ်မြဲ ပြတ်ပါတယ်။ သူတို့ရဲ့ လမ်းပြမြေပုံနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကိုတော့ ယင်တောင်အနားမခံပါဘူး။

ဒီ၂ဝဝ၉ ခုနှစ်ထဲမှာ လူတွေ မျှော်လင့်ထားပေမယ့် ပေါ်ထွက်မလာတဲ့အရာတခုကတော့ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဥပဒေနဲ့ တခြားဆိုင်ရာ ဥပဒေစည်းမျဉ်းတွေပါပဲ။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေကို အဝင်ခိုင်းမယ်၊ တနည်းအားဖြင့် လာမယ့်အစိုးရမှာ သူတို့ထဲက ဘယ်သူတွေကို တာဝန်ကြီးကြီးတွေပေးမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး နအဖထိပ်သီးတွေ အကြားမှာ ဆုံးဖြတ်လို့မရနိုင်အောင် ဖြစ်နေတယ်လို့ အကဲခတ်တွေက ထင်ကြေးပေးနေကြပါတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုတွေ့ရတယ်လို့ ယူဆရတာကတော့ ရွေးကောက်ပွဲဝင်လိုသူတွေနဲ့ ရွေးကောက်ပွဲဝင်အောင် (နအဖကိုယ်စား) သဘောတရား ထုတ်ပေးနေသူတွေရဲ့ ပျားပန်းခပ်လှုပ်ရှားမှုတွေဖြစ်ပါတယ်။ ပြည်ပကအထောက်အပံ့၊ နအဖအထောက်အပံ့ စတာတွေကို ဗြောင်ယူသူ၊ တိတ်တိတ်ယူသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တတိယအုပ်စု၊ စတုတ္ထအုပ်စုလို့ ကြေညာနေသူတွေ၊ နအဖထီးရိပ်ကနေပြီး တခြားလူတွေကို တိမ်ပေါ်တက် စိန်ခေါ်မယ်လို့ ကျူးရင့်နေသူတွေ၊ ဗိုလ်သန်းရွှေရဲ့ မျက်နှာကိုကြည့်ပြီး သဘောတရားမျိုးစုံကို အမြှုပ်ထွက်မတတ်ပြောနေသူတွေ၊ စုံမှစုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် တလောလေးကပဲ နအဖသဘောထားတွေကို အငှားပါးစပ်နဲ့အော်ပေးနေတဲ့ အဖွဲ့တဖွဲ့ကလူတွေကို လှိုင်သာယာမှာ ကြံ့ဖွံ့တွေက ဝိုင်းဆုံးမလိုက်ကြတယ်ဆိုတာ ကြားလိုက်ရပါတယ်။ ဒါကတော့ နအဖအတွက် အငှားဗိုက်နဲ့ ဓားထိုးခံရတာမဖြစ်နိုင်ပါဘူး။ ဒီအဖြစ်အပျက်ကိုကြည့်ပြီးတော့ ဒီနိုင်ငံမှာက ဖော်လံဖားတိုင်းလည်း စားသာတာမဟုတ်ဘူးလို့ အရပ်ပြော ပြောလို့ရပါတယ်။ ဒါပေမယ့် တချို့ကတော့ အဲဒီအရိုက်ခံရသူတွေရဲ့ နောက်ကျောက ပုဂ္ဂိုလ်ကြီး အရာနိမ့်တာနဲ့များ ဆက်စပ်နေသလားလို့လည်း တွေးတောနေကြပါတယ်။

အပစ်ရပ်အဖွဲ့တွေအဖို့တော့ ဒီနှစ်ဟာ ပြင်းပြင်းထန်ထန်အစမ်းသပ်ခံရတဲ့ နှစ်လို့ဆိုရပါမယ်။ နှစ်ပါးသွားခန်းပြီးလို့ ဘီလူးခန်း ရောက်ပြီလို့ ပြောရမလားပါပဲ။ ဗကပလက်အောက်က အစောဆုံးခွဲထွက်ခဲ့တဲ့၊ အပစ်ရပ်ဇာတ်လမ်းကိုစတင်ခဲ့တဲ့ ကိုးကန့်အဖွဲ့ကတော့ အစောဆုံးဇီဝိန်ချွေခံလိုက်ရပါတယ်။ စစ်အာဏာရှင်တွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တယ်ဆိုတာ အကန့်အသတ်ရှိကြောင်း ပြသနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်လိုက်တယ်ဆိုတဲ့ နအဖ ခြေလှမ်းတုန့်သွားပါ တယ်။ ကျန်အပစ်ရပ်တွေကို ပေးထားတဲ့ ရာဇသံတွေ၊ နောက်ဆုံးရက်ဆိုတာတွေဟာ လျှော့လို့၊ ရွှေ့လို့ရတဲ့ဟာတွေလို့ ထင်မြင်လာရတဲ့အခြေကို ဆိုက်လာနေပါတယ်။ ပြည်တွင်းပြည်ပအခြေအနေတွေဟာ နအဖစစ်ဗိုလ်ချုပ်တွေ ထင်တိုင်းလုပ်လို့ မရတဲ့ အဓိပ္ပာယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။

နှစ်စဉ်နှစ်တိုင်းလိုပဲ ကောလာဟလတွေကလည်း မိုးလုံးပြည့်ဆိုရမတတ် ကြားခဲ့ကြရပါတယ်။ ဒီနေရာမှာ ကောလာဟလ ဆိုတာ တကယ်ဖြစ်မလာတဲ့၊ မဟုတ်တဲ့သတင်းကို ဆိုလိုတာပါ။ နအဖကတမင်လွှင့်တာ၊ တချို့ နအဖကို မကြိုက်သူတွေက တမင်လွှင့်တာ၊ သာမန်လူက မရည်ရွယ်ဘဲလွှင့်သလိုဖြစ်သွားတာ၊ အမျိုးမျိုးပါပဲ။ ဒီနိုင်ငံမှာ ပွင့်လင်းမှုမရှိလို့ ကောလာဟလတွေ ဒါလောက်တောင်များနေ၊ ပျံ့နေတာလားလို့ တွေးစရာဖြစ်နေပါတယ်။ အလွယ်ပြောရင်တော့ “ဒါကိုက ဗမာပြည်နိုင်ငံရေးပဲလေ” ပေါ့။

ဒါပေမယ့် ဒီကုန်လွန်တဲ့နှစ်မှာ အခုပြောခဲ့သလို ကိစ္စဆိုးတွေချည့်လို့ ပြောရင်တော့ မှားပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေအတွက် အားရစရာခြေလှမ်းဖြစ်သလို အတိုက်အခံတွေ အတွက်လည်း အချင်းချင်းတွဲလုပ်လို့ရတဲ့ အခြေခံတခုရလိုက်တာဖြစ်ပါတယ်။ ဒီကြေညာချက်ကို ဘယ်လိုသဘောထားသလဲ ဆိုတာဟာ နိုင်ငံရေးအင်အားစုတွေ၊ လူတဦးချင်းတွေကို စမ်းသပ်တဲ့ မှတ်ကျောက်တခုဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာ ဒါဟာ နအဖစစ်အစိုးရအတွက်လည်း တမင်မျက်နှာလွှဲနေ၊ မမြင်ချင်ဟန်ဆောင်နေရတဲ့ ပြည်သူ့ဆန္ဒ သတိပေးမှတ်တိုင်တခု ဖြစ်နေပါတယ်။ ဒါနဲ့တဆက်တည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အားတက်စရာအပြောင်းအလဲတချို့လည်း တွေ့လာ ရပါတယ်။ ၂ဝ၁ဝ ခုနှစ်ဆိုတဲ့ မုချ ပိုမိုကြမ်းတမ်းမယ့်လမ်းကို ဖြတ်သန်းဖို့အတွက် ဂီယာပြောင်းတာ၊ ကားဆရာပြောင်းတာတွေ တွေ့ရတာဟာလည်း ကောင်းတဲ့လက္ခဏာပါ။

ပြန်ချုပ်ရရင်

ဒီ၂ဝဝ၉ ခုနှစ်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းနှစ်ခုကတော့ (၅,ဝဝဝ) တန်ငွေစက္ကူနဲ့ ထောင်ထဲမှာသေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား (၃) ဦး ဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ နေပြည်တော် ပုံမှန်ဆက်ဆံမှုတည်ဆောက်ရေးကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတကတော့ ဘောဂဗေဒ ပညာရှင် မစ္စတာစတစ်ဂလစ်ဇ်က “ဗမာပြည်အဖို့ အခုအချိန်ဟာ အပြောင်းအလဲတခုအတွက် အကောင်းဆုံးအချိန်ပဲ” လို့ ပြောခဲ့တာနဲ့ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ နအဖစစ်အစိုးရက ဒေါ်လာသန်း (၆ဝဝ) ဖိုးခန့် စစ်လေယာဉ်တွေ ဝယ်လိုက်တာ ဖြစ်ပါတယ်။


http://www.khitpyaing.org/articles/Dec09/301209.php



၂၀၀၉ ထဲက ထင်ရှား ကျော်ကြားသူများနှင့် ဖြစ်ရပ်များ



၂၀၀၉ ထဲက ထင်ရှား ကျော်ကြားသူများနှင့် ဖြစ်ရပ်များ

အဓိကဇာတ်ဆောင်များ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
သံလက်သီးတပ် စစ်အာဏာရှင်

မြန်မာစစ်အစိုးရ ခေါင်းဆောင်ကြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဘာကိုမှ မှုစရာမလိုသော တုနှိုင်းမယှဉ်သာ အနေအထားကို ဖော်ပြနေသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်က မြန်မာစစ်အစိုးရ၏ ဦးဆောင်နေသူတဦးမျှသာ ဆိုသည့်သူ၏ ရုပ်ပြအနေအထားကို မေ့ထားလိုက်ကြရတော့မည် ဖြစ်သည်။ သူက ၁၉၉၂ ခု နှစ်မှ စတင်၍ စစ်အစိုးရ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သော်လည်း ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားပြီးခဲ့ချိန်မှစ၍ စစ်အစိုးရ၏ သံမဏိ အုပ်ချုပ်ရေးတွင် တကယ့်အာဏာရှိနေသူဖြစ်ကြောင်း သိသာ ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်စစ်ဆေးနေစဉ် (ဓာတ်ပုံ- AFP)

အယူသည်း လွန်းသူတဦး ဖြစ်သလို၊ သူ့ကိုယ်သူ ရှင်ဘုရင်သဖွယ် သဘောထားနေသူ ဗိုလ်ချုပ်သန်းရွှေက ပြင်ပမှ ခန့်မှန်း လေ့လာနေကြ သူများအဖို့ ပဟေဠိများနှင့် ပြည့်နေသည့် ပုစ္ဆာ တပုဒ် ဖြစ်နေသည်။ မြန်မာအစိုးရ၏ ရက်စက်ကြမ်း ကြုတ်လှသည့် သောင်းကျန်သူ နှိမ်နင်းရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှနေခဲ့သူတဦးအဖြစ်မျှသာ သိထားခဲ့ကြရပြီး သူ၏အတိတ်အကြောင်းကို တိတိပပ သိရှိသူလည်း နည်းလှသည်။ ဤကာလများအတွင်း သူ အထူး ကျွမ်းကျင်သည့် နယ်ပယ်ဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် တာဝန်ယူနေစဉ် အကွက်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။

ယခင်စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းက ယခုအခါ သူ့အာဏာတည်မြဲရေးလုပ်ငန်း စဉ်များ အတွက် ဆုလာဘ်သဖွယ် ဖြစ်နေသည်။ စစ်အစိုးရအတွင်းရှိ ပြိုင်ဖက်အင်အားစုများကို ဘေးချန် ဖယ်ထားနိုင်ရုံမျှသာမက၊ ပြည် တွင်း နှင့် နိုင်ငံတကာရှိ ဝေဖန်ပြောဆိုနေကြသူများကိုလည်း ဆယ်စုနှစ်နှစ်ခုကြာမျှအချိန်တွင် အပြောင်းအလဲများ ဆောင်ရွက်ပါမည်ဟု ကတိများ အကြိမ်ကြိမ်ပေးခဲ့ခြင်းဖြင့် ချွေးသိပ်ထားနိုင်ခဲ့သည်။

သူက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရန် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ရွေးချယ်ခန့်ထား တာဝန် ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုရှိ သမ္မတအိုဘားမား အစိုးရနှင့် ဆက်ဆံရန်အတွက် ယခင် အမေရိကန်သံအမတ် ဟောင်း ဦးသောင်းကို ရှေ့ပြေးကိုယ်စားလှယ်အဖြစ် ရွေးချယ်ခန့်အပ် တာဝန်ပေးထားခဲ့သည်။ ဤသို့ ဉာဏ် နီဉာဏ်နက် များဖြင့် ဆောင်ရွက်ခဲ့ပုံကိုကြည့်၍ စစ်အာဏာရှင်အိုကြီးအဖို့ နည်းလမ်း ပရိယာယ်များ မကုန်ခမ်းသေးဟု လေ့လာစောင့် ကြည့် နေသူများက ပြောဆိုမှတ်ချက်ချကြသည်။ ထိုသူနှစ်ဦးစလုံးက လက်ခံနှစ်လိုဖွယ် ရှိကြသူများဖြစ်ကြသည့်အပြင်၊ ကျိုး ကြောင်းဆီလျော် စဉ်းစားနိုင်သည့် ဆွေးနွေးဖက်များအဖြစ် လူအများက ထင်မြင်နိုင်သည်။ သို့သော် လည်း ထိုသူများမှာ ဗိုလ်ချုပ်သန်းရွှေ၏ သံမဏိလက်သီးအပေါ် ဖုံးကွယ်ပေးထားမည့် အံကျဟန်ကျ ကတ္တီပါ လက်အိပ် တစုံသာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်
စတင်လက်ကမ်းသူ

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စု၏ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် သံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်

စစ်အစိုးရ၏ လက်တွင်း ကာလကြာရှည်စွာ မတရားပြုမူခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ပေအဖြစ် ခံနေ ရမည့် သားကောင်သက်သက်မျှသာ မဟုတ်ကြောင်း ယခုနှစ်အတွင်း ပြကွက်တခု ပြသနိုင်ခဲ့သည်။

ဆင်ကွက် စွပ်စွဲချက်များဖြင့် သူ့အပေါ် အိမ်အကျယ်ချုပ်ပြစ်ဒဏ် ၁၈ လ ထပ်မံချမှတ်ခံရပြီးနောက် များမကြာမီတွင်ပင် ဒှေါအောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတစောင်ပို့၍ စစ်အစိုးရအပေါ် ချမှတ်ထားသည့် အနောက် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းစေရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ ဤသို့ အပြုသဘော ကမ်းလှမ်းမှုအပေါ် စစ်အစိုးရခေါင်းဆောင်ပိုင်းက မကြုံစဖူးအလျှင်အမြန်တုံ့ပြန်လာခဲ့သည်။ သူတို့ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ဆံရေးဝန်ကြီး နှင့် တွေ့ဆုံခွင့် ပြုခဲ့ သလို၊ နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဩစတြေးလျ သံတမန်များနှင့်လည်း တွေ့ဆုံခွင့်ပေးခဲ့သည်။

ထို့အပြင် ဆယ်စုနှစ်တခုကျှော်ကာလအတွင်း မြန်မာ-အမေရိကန် သံတမာန်ဆက်ဆံရေးအတွက် အမြင့်ဆုံးသံကိုယ်စား လှယ် အဖြစ်လာရောက်သည့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်(Kurt Campbell) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ပါ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလအတွင်း တွေ့ဆုံခွင့်ပြုခဲ့သည်။

သူအချုပ်အနှောင်ခံနေရသည့် အရေးကို ဘေးဖယ်၍ စစ်ဗိုလ်ချုပ်များ နှလုံးသည်းခြေတွေ့စေမည့် အရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်က အာရုံစိုက် လုပ်ဆောင်ခဲ့ခြင်းဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အရေးပါနေသေးသည့် ဇာတ်ကောင် တဦးဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သည့်အခန်းကဏ္ဍတွင်ရှိမည်ကို ဗိုလ်ချုပ်သန်းရွှေက ရှင်းရှင်းလင်းလင်း နေရာချ တွေးထင်ထားနိုင်ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းစေရန်နှင့် လာမည့်နှစ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှု ရရှိလာစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကို လိုအပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် က စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာခြင်းဖြင့် အနာဂတ်တွင် တွေ့ဆုံ ဆွေးနွေး ပွဲများ ဖြစ်မြောက်လာစေရေးအတွက် မျိုးစေ့ချသည့်နှယ်လည်း ဖြစ်စေနိုင်ပါသည်။

တချို့လူများက ဒေါ်အောင်ဆန်းစုကြည်၏ ပြေလည်သင့်မြတ်ရေး သဘောထားအပေါ် အံ့အားသင့်ခဲ့ကြသည်။ သို့သှော်လည်း လေ့လာသူ အများစုကမူ ဒေါ်အောင်စုကြည်ထုတ်ဖော် ပြောဆိုထားသည့်အမျိုးသား ပြန်လည်သင့်မြတ် ရည်မှန်းချက်များနှင့် မကွဲလွဲဟု ဆိုကြသည်။

စိတ်ဝင်စားဖွယ် အချက်မှာ ဒှေါအောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုက နှစ်ပေါင်းများစွာ ဖယ်ကျဉ်ထားအပြီး အမေရိကန် သမတအိုဘားမား၏ မူဝါဒ အသစ်ဖြစ်သည့် စစ်အစိုးရနှင့် "တိုက်ရိုက်ချဉ်းကပ်ဆက်ဆံမှု" နှင့်လည်း ကိုက်ညီ နေခြင်း ဖြစ်သည်။

ဦးဝင်းတင်
သူပုန်ကြီး

ဦးဝင်းတင် (ဓာတ်ပုံ- Tom Parry)

ဦးဝင်းတင်က လွန်ခဲ့သည့်နှစ်တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီးသည့်နောက် မြန်မာ့နိုင်ငံ ရေး အတွင်းသို့ "ရှင်သန်လှုပ်ရှားနေမှု" ဟူသည့် ဝေါဟာရကို ပြန်လည် သွပ်သွင်းခဲ့သည်။ အတိုက်အခံ အင်အားစုများ၏ နိုင်ငံရေးသည် ပွင့်လင်းမှုနှင့် အားအင်စိုက်ထုတ်မှု နည်းနေသည်ဟု အသက် ၈၀ အရွယ် ဦးဝင်းတင်က ဝေဖန်ခဲ့သည်။

သူက သတင်းစာဆရာဘ၀မှ နိုင်ငံရေးသမားဖြစ်လာသူ ဖြစ်ပြီး သူ၏နိုင်ငံရေး ယုံကြည်ချက်အတွက် အင်းစိန်အကျဉ်း ထောင် တွင် ၁၉ နှစ်ကျော် အကျဉ်းချခံခဲ့ရသူလည်း ဖြစ်သည်။ လွတ်မြောက်လာချိန်မှစ၍ သူချန်ရစ်ထားခဲ့ရသည့် အခြေအနေကို ပြန်ကိုင်တွယ်သည်။ ပြည်တွင်းနိုင်ငံရေးအားကောင်း လာစေရန် ပါတီ၏ အခြေခံရပ်တည် ချက်မူများကို ကိုင်စွဲ၍ လှုပ်ရှားရန် သူမြင်ခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို စတင် တည်ထောင်ခဲ့သူထဲတွင် ပါဝင်သူ တဦးဖြစ်ပြီး သူ၏ဘဝတခုလုံးကို ဒီမို ကရေစီအရေးတှော်ပုံအတွက် စွန့်လွှတ် ပေးဆပ်
ထားသူ ဖြစ်သည်။

ဦးဝင်းတင်က NLD တွင် အထူးနေရာပေး အသိအမှတ်ပြုခံရသူ ဖြစ်သည်။ အခြားသော ခေါင်းဆောင်များက ပါတီအရေး သာကြည့်နေကြချိန် မူဝါဒ သဘောကွဲလွဲမှုများကို ဖုံးဖိဖြေသိမ့်နေကြသည့်အချိန်၌ သူက သူ၏ အမြင်ကို ဖော်ပြပြောဆိုရန် မည်သည့်အခါမျှ ရွံ့မနေခဲ့ပေ။ သို့အတွက်ကြောင့် NLD ၏ လူငယ်ထုနှင့် အမျိုးသမီးအဖွဲ့ဝင်များအကြား သူ့ကို ကြည်ညို လေးစားကြခြင်း ဖြစ်သည်။

သူက ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းရပ်တည် ထောက်ခံသူတဦး ဖြစ်ပြီး"ကျနော်က သဘောထားတင်းမာတဲ့သူပဲ၊ ဒါပေမယ့် ပါတီကိုတော့ ဆန့်ကျင်ပြီး ဘယ်တော့မှ မလုပ်ပါဘူး"ဟု ပြောဆိုခဲ့သည်။ စက်တင်ဘာလအတွင်း က သူ့ကို စစ်အစိုးရအာဏာပိုင်များက နာရီအနည်းငယ်ကြာ ခေါ်ယူ၍ စစ်ဆေးမေးမြန်းခဲ့သေးသည်။ နိုင်ငံခြား တိုင်းပြည်များမှ ငွေကြေး ထောက်ပံ့မှုများ ရရှိနေသည်ဟု စွပ်စွဲ၍ သူ့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ထိန်းသိမ်းခံထားရသည့် အတိုက်အခံခေါင်းဆောင်များနှင့် မည်သို့မည်ပုံ သူဆက်သွယ်မှု ရှိနေပုံကိုလည်း မေးမြန်းခဲ့သည်။ အကယ်၍ အာဏာ ပိုင်များက သူ့ကို ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့လျှင်လည်း အချည်းအနှီးသာ ဖြစ်မည်။ သူက ခြောက်တိုင်း ကြောက်မည့်သူ လည်း မဟုတ်ပါ။

"မြန်မာပြည်သူတွေဆီက အဓမ္မလုယူထားတဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတာပါ၊ ချွတ်ယွင်းချက် အားနည်းချက် တွေပြည့်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မျိုးမှာပူးပေါင်းပါဝင်ဖို့ ကျနော်တို့ကို အတင်းအကျပ် ခြိမ်းခြောက်တိုက်တွန်းလို့မရပါ ဘူး"ဟု သူက ပြီးခဲ့သည့် စက်တင်ဘာလက ၀ါရှင်တန်ပို့စ် သတင်းစာတွင်ဖော်ပြသည့် ဆောင်းပါး တပုဒ်တွင် ထည့်သွင်းရေးသားခဲ့သည်။ "ကျနော်တို့က တွေ့ဆုံညှိနှိုင်းဖို့ အသင့်ရှိပါတယ်၊ ဒါပေမယ့် လူအများက အသက် တွေ၊ ဘ၀တွေ စွန့်လွှတ်ပေးဆပ်ထားကြတဲ့ ဒီမိုကရေစီစံတန်ဖိုးတွေ ရရှိစေရေးအတွက် ကျနော်ဆက်လက်တိုက်ပွဲ ၀င်ဖို့ ပိုပြီး အဆင်သင့်ရှိနေပါတယ်"ဟုလည်း ဖော်ပြရေးသားခဲ့သည်။

ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်း
အနားမရသည့် ရှေ့နေများ

ဦးကြည်ဝင်း (ဘယ်) နှင့် ဦးဉာဏ်ဝင်း

နိုင်ငံကိုအုပ်ချုပ်နေကြသည့် ဗိုလ်ချုပ်ကြီးများ သဘောနှင့်အညီ လိုက်လံ လုပ်ဆောင် နေကြသည့် နိုင်ငံတခုတွင် နိုင်ငံရေး အတိုက်အခံများကို ရှေ့နေလိုက်ပေး နေကြရသူများ အတွက် များသောအားဖြင့် တရားရုံး ဆုံးဖြတ်ချက်များက အမှုရှုံးရန် သေချာ နေရုံမျှသာမက သူတို့အမှုသည်များ ရင်ဆိုင်နေရသကဲ့သို့ အန္တရာယ်များလည်း ကြုံတွေ့ရတတ်သည်။

သို့သော် လက်တွေ့အခြေအနေတွင် အသာစီးမရရှိသေးသော်လည်း စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရမည့် သူများကို သူတို့တတ်ကျွမ်းသည့်ပညာဖြင့် ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ယုံကြည်နေသူ ရှေ့နေအနည်းအကျဉ်း ရှိနေသေးသည်။

အလားတူ ရှေ့နေ ၂ ဦးမှာ တရားဥပဒေစိုးမိုးစေရေးအတွက် တတ်နိုင်သမျှ ခုခံကာကွယ်ပေးနေကြသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အိမ်ခြံဝင်းအတွင်း တညတာ ကျူးကျော်ဝင်ရောက်သူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော နှင့်အတူ ခုံရုံးတင်သည့်အခါ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က အင်အားအပြည့်ဖြင့် ခုခံချေပခဲ့ကြသည်။ ယခု စွဲဆိုထားသည့် ဥပဒေကြောင်းအရ တရားဝင်မှုကိုပင် ပြန်လှန်မေးခွန်းထုတ် ချေပခဲ့ကြခြင်းဖြစ်သည်။



ဇာတ်ပို့များ

ဒေါက်တာ တူးဂျာ
ကချင်အရေး စည်းရုံးသူ

ဒေါက်တာတူးဂျာ

၁၉၆၁ ခုနှစ်မှစ၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွင် တာဝန်ထမ်းလာခဲ့သူ ဒု ဥက္ကဋ္ဌ ဒေါက်တာတူးဂျာနှင့် ကျန် အဆင့်မြင့် ကချင်ခေါင်းဆောင် ၅ ဦးတို့က စက်တင်ဘာလတွင် အဖွဲ့အစည်းမှ နုတ်ထွက်ခဲ့ကြသည်။

ဒေါက်တာတူးဂျာက ပြောကြားရာတွင် ကချင်အမျိုးသားတိုးတက်ရေး ပါတီ (KSPP) ကို အင်အားဖြည့် တည်ထောင်နိုင်ရန် (KIO) မှ နုတ်ထွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ KSPP ပါတီက ၂၀၀၉ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့သည့် နိုင်ငံ ရေးပါတီတခုဖြစ်ပြီး စစ်အစိုးရ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ် သည်။

တရုတ်-မြန်မာနယ်စပ်အနီးရှိ KIO ဌာနချုပ် လိုင်ဇာတွင် ဒေါက်တာတူးဂျာက သူ၏ နိုင်ငံရေးပါတီသစ်ကို ကချင် လူထုများနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။ ဤအစည်းအဝေးသို့ လူထု ၈၀၀ ခန့် တက်ရောက်ခဲ့ပြီး KIO အဖွဲ့ဝင်များ၊ ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော်(NDA-K)တပ်ဖွဲ့ဝင်များ၊ ကချင် အတိုင်ပင်ခံကော်မီတီ အဖွဲ့ဝင်များနှင့် တခြားပြည်သူများ တက်ရောက်ခဲ့သည်။

လေ့လာသူများကမူ ဒေါက်တာတူးဂျာ နုတ်ထွက်ခြင်းသည် KIO အဖွဲ့၏ ဗျူဟာအစိတ်အပိုင်းတခုအရ နုတ်ထွက် ခြင်းဟု ဆိုကြပြီး ၎င်း၏ လက်နက်ကိုင်တပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို စစ်အစိုးရ သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် မြန်မာစစ်အစိုးရထံမှ ဖိအားလျော့နည်းစေရေးအတွက် နည်းပရိယာယ်အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး တောင်းဆိုချက်ကို KIO က မလိုက်လျောဘဲ တင်းခံနေခဲ့သည်။ မြန်မာစစ် အစိုးရတပ်များ ၏ အမိန့်ပေးမှုအောက်မှ သီးခြားကင်းလွတ်သည့် ကချင်နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ရန် တန်ပြန် အဆိုပြုခဲ့သည်။

မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ချိန်မှစ၍ KIO အဖွဲ့ က ပါးနပ်ကျွမ်းကျင်စွာ မူဝါဒများ ချမှတ်ကျင့်သုံးလာခဲ့ပြီး စစ်အစိုးရ၏ ရည်ရွယ်ချက်နှင့်လည်း ဆန့်ကျင်မှု မဖြစ်စေရန် မိမိ အလိုလည်း ပြည့်စေရန် ဆောင်ရွက်လာခဲ့ကြသည်။

လေ့လာသူများက ဆိုကြရာတွင် KIO ၏ ဗျူဟာအစိတ်အပိုင်းတခုအရ ဒေါက်တာတူးဂျာ နှုတ်ထွက်ခြင်းဖြစ်ပြီး အကယ်၍ စစ်အစိုးရတပ်များက ကချင်တပ်များကို စစ်ရေးအရ တိုက်ခိုက်လာသည့်တိုင် နိုင်ငံရေးအရ အသံရှိနေ စေရေး အတွက်ဟု ဆိုကြသည်။ ယခု ပဋိပက္ခမှနေ၍ မည်သည့်ရလဒ်ထွက်ရှိသည် ဖြစ်စေ၊ လာမည့်ရွေးကောက်ပွဲတွင် ဒေါက်တာတူးဂျာ၏ ကKSPP က ကချင်ပြည်သူများကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တော့ မည် ဖြစ်သည်။

မောင်သောင်းဒီ
အမြင့်ပျံကလေးငယ်

မောင်သောင်းဒီ

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော အသက် ၁၂ နှစ်အရွယ် ကလေးငယ် မောင်သောင်းဒီက ယခုနှစ် အတွင်း သတင်းများတွင် ထူးထူးခြားခြား ရေပန်းစားဖော်ပြခံခဲ့ရသည်။

ထိုင်းနိုင်ငံအဆင့် အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပစ်လွှတ်ပွဲ ၂၀၀၈ တွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးနောက် စက်တင်ဘာလ ဂျပန်နိုင်ငံ ချီးဘား မြို့တွင် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲတွင် ထိုင်းနိုင်ငံကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန် အကြောင်း ဖြစ်လာသည်။ သို့သော်လည်း သူ၏လေယာဉ်စက္ကူကို ၁၂. ၅ စကဿ္ကန့်ကြာ လေထဲပစ်လွှတ်နိုင်သည့် အထင်ကြီးစရာ သူ၏စွမ်းရည်ကြောင့် သတင်းစာခေါင်းကြီးပိုင်းအထိ ရောက်ရှိလာရသည် မဟုတ်ပါ။ သူ၏ဘဝကိုယ်တိုင် လေထဲမြောက် သွားစရာ ဖန်လာသည့် ကံတရားကြောင့် ဖြစ်သည်။

သူက ဂျပန်သို့ သွားရောက်ယှဉ်ပြိုင်ရမည့်အရေးကို လက်လွှတ်ရလုဆဲဆဲ ရှိနေခဲ့သည်။ အကြောင်းမှာ သူက မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ရွှေ့ပြောင်းအခြေချလာသည့် မိသားစုမှ မွေးဖွားလာသည့် ကလေးငယ်တဦး ဖြစ်နေပြီး ထိုင်းနိုင်ငံတွင် မွေးဖွားသှော်လည်း ထိုင်းဥပဒေအရ နိုင်ငံမဲ့ဟု ယူဆခံထားရသူ တဦး ဖြစ်နေသည်။

သူ့တွင် တရားဝင် စာရွက်စာတမ်းများ ရှိမနေသောကြောင့်၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ခရီးသွားလက်မှတ် ထုတ်ပေး ရန် ငြင်းဆန်သည့်အခါ မောင်သောင်းဒီကိစ္စက လူသိများ ထင်ပေါ်စရာ ဖြစ်လာခဲ့သည်။ နိုင်ငံအတွင်းရှိသတင်း မီဒီယာ အများက အသားပေးဖောှ်ပြခဲ့ကြပြီး သူနှင့် ဘ၀တူ ခံစားနစ်နာနေကြရသည့် ကလေးများစွာလည်း ရှိနေသည်ကို ဖော်ပြခဲ့ ကြသည်။

နောက်ဆုံးတွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကြောင့် သူ၏ အိပ်မက်များ ပြည့်ဝခဲ့ရသည်။ ကျေးဇူးတင်ဖို့ပင် ကောင်း တော့သည်။ ၀န်ကြီးချုပ်က မောင်သောင်းဒီကို ဘန်ကောက်တွင် တွေ့ဆုံခဲ့ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် စီစဉ်ပေးခဲ့သည်။

မောင်သောင်းဒီက ထိုင်းနိုင်ငံကိုယ်စားပြုအသင်းကို ဂျပန်တွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံအတွင်း သူ၏ အခြေအနေက အခြေမကျနိုင်ဘဲ ရှိနေသေးသည်။ တချို့သတင်းများအရ လာမည့်နှစ်တွင် သူနှင့် သူ၏ မိသားစုကို ထိုင်းနိုင်ငံမှ ပြန်လည်နှင်ထုတ်လိမ့်မည်ဟုလည်း သတင်းများက ဆိုနေကြသည်။

ဤအခြေအနေကြောင့် မောင်သောင်းဒီ၏ အိပ်မက်များ ရပ်ဆိုင်းသွားရန် အကြောင်းမရှိပါ။ သူက ထိုင်းနိုင်ငံတွင် ဆက် လက်နေထိုင်ရန် စဉ်းစားထားသလို၊ သူ၏ စက္ကူလေယာဉ်လုပ်သည့် ကျွမ်းကျင်မှုကိုလည်း ဆက်လက်မြှင့်တင်နိုင်ရန် စဉ်းစားထားသေးသည်။ "တနေ့နေ့မှာတော့ ကျနော်လေကြောင်း အင်ဂျင်နီယာ ဖြစ်ချင်ပါတယ်" ဟု သူက ပြောခဲ့သေး သည်။

အမည်မသိ တပ်လှန့်သူများ
စစ်တပ်အာဏာကို အာခံရဲသည့် သတ္တိခဲများ

မြန်မာ စစ်ခေါင်းဆောင်များ အဖို့ ၎င်းတို့ စစ်သည် အရာရှိများအတွင်းမှ သဘောထား ကွဲလွဲမှုများကို နိုင်ငံတော်ပုန်ကန်မှုဟူ သော စွပ်စွဲချက်ထက် နည်းနည်းမျှ လျှော့ပေါ့၍ သတ်မှတ်ကြဖွယ် မရှိပေ။ ကိစ္စအားလုံး၏ အထက်တွင် သူတို့က သစ္စာခံမှု ကို တန်ဖိုးထားကြသည်။ စစ်သားများက အထက် တပ်မှူး အာဏာပိုင်များအပေါ် အမိန့်နာခံမှု သံမဏိစည်းမျဉ်းအား ဖောက်ဖျက်ကြသူတိုင်းကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်အပြစ်ပေးတတ်သလို၊ ပို၍ ဆိုးရွားသော ပြစ်ဒဏ်များဖြင့်လည်း ဒဏ်ခတ် အပြစ်ပေးတတ်သေးသည်။ အဆင့်မြင့်စစ်ခေါင်းဆောင်များအတွင်းပင် အငြင်းပွားဖွယ် မရှိသည့် ထိပ်သီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆန့်ကျင်ရန် ရည်မှန်းချက်များရှိလာပြီဟု သံသယဖြစ်ခံရလျှင် ပုံမှန်အားဖြင့် ဆိုသလို ထိပ်ပိုင်း ဗိုလ်ချုပ် တချို့မှာလည်း ဖြုတ်ထုတ်ခံကြရသည်။

သို့အတွက်ကြောင့်ပင် မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယားတို့အကြား တိုးတက်ဆက်ဆံနေမှု လျှို့ဝှက်သတင်းများ လွန်ခဲ့သည့်နှစ်အတွင်းက ပြည်ပ သတင်းမီဒီယာဌာနများထံ အတိအကျ ပေါက်ကြားလာသည့်အခါ အံ့သြမဆုံး ဖြစ်ခဲ့ကြရ သည်။ ယခုတကြိမ်သည် ပြည်ပရှိ သတင်းထောက်များထံသို့ လျှို့ဝှက်စာရွက်စာတမ်းများ ရောက်ရှိလာမှု ပထမဦးဆုံး ဖြစ်ရပ် မဟုတ်သလို၊ စစ်တပ်အတွင်းမှ အတွင်းလူများကို ကျေးဇူးဆိုရမည် ဖြစ်သည်။ ယခင်ကလည်း လမ်းရှာ၍ ရောက်လာခဲ့ကြဖူးသည်။ ဤဖြစ်ရပ်များကြောင့် သူတို့၏ပုံရိပ်ကို အရောင်တင် အဖတ်ဆယ်လိုသည့် စစ်အစိုးရအတွက် သူတို့၏ ကြိုးပမ်းချက်များ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။

ယခုပေါ်ထွက်လာသည့် မေးခွန်းထုတ်စရာ အထောက်အထားများက စစ်အစိုးရ၏ တတိယအမြင့်ဆုံး အာဏာရှိသူခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ပြုံယမ်း ခရီးစဉ်ကို အတိအကျ ဖော်ပြခဲ့သလို၊ မြောက်ကိုရီးယား၏ အကူအညီဖြင့် တည်ဆောက်နေသည့် ဥမင်အမြောက်အများ၏ ဓာတ်ပုံများစွာကလည်း အတိအကျ မသိရသည့် စစ်ရေး ရည်မှန်းချက်များ ကို ဖောှ်ပြနေသည်။

အင်တာနက် အသုံးပြုနိုင်မှု ကျယ်ပြန့်လာခြင်းကို ကျေးဇူးတင်ရလိမ့်မည်။ မြန်မာပြည်သစ်ကို အိပ်မက်မြင်မက်လိုသူ စစ် တပ်နှင့် စစ်ထောက်လှမ်းရေးအရာရှိများကလည်း သတင်းမီဒီယာများနှင့် တိုး၍ ဆက်ဆံလာကြသည်။ ဤသို့ ဆက်ဆံ ဆောင်ရွက်ကြခြင်းဖြင့် သူတို့၏ ရှေ့တက်လမ်း ပျက်စီးရသူများ ရှိခဲ့ကြသလို၊ သူတို့ဘ၀များ ဆုံးရှုံးသူများလည်း ရှိခဲ့သည်။

ဤသို့သော သတ္တိပြောင်မြောက်သူ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ထိတွေ့ခွင့်ရသည့်အပေါ် ဧရာဝတီမဂ္ဂဇင်းက အထူး ဂုဏ်ယူမိသည်။ ထိုသူတို့ မည်သူဆိုသည်ကို ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သေးသော်လည်း၊ ထိုသူများ၏ အမည်မဖော် ဘဲ ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကိုတော့ အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။

မှတ်ချက်။ ။ နောက်ဆုံးရသော သတင်းများအရ ထောက်လှမ်းရေးဟောင်း အငြိမ်းစား ဗိုလ်မှူး ၀င်းနိုင်ကျော် နှင့် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း အပါအ၀င် စစ်အစိုးရ ၀န်ထမ်း ၅၀ အဖမ်းခံထားရပြီး ခုံရုံးတင် စစ်ဆေးခဲ့ကြောင်း၊ နှိပ်စက် ညှဉ်းပန်းခံခဲ့ရသည်ဟု ယုံကြည်ရပြီး တချို့ကို နှစ်ရှည်ထောင်ဒဏ်များ(သို့မဟုတ်) သေဒဏ်အပြစ် ပေးနိုင်သည်ဟု ယူဆရသည်။

ဂျက် ဒန်းဖို့ဒ်
ဒုက္ခသည်များကို ဖြည့်ဆီးပေးသူ

ဂျက် ဒန်းဖို့ဒ် (Jack Dunford)

၂၀၀၉ ခုနှစ်တွင် သူစတင် ကူညီတည်ထောင်ပေးခဲ့သည့် အဖွဲ့အစည်း ၂၅ နှစ်မြောက် အခမ်းအနားကို မစ္စတာ ဂျက် ဒန်းဖို့ဒ် ဆင်နွှဲရသည်။ သို့သော်လည်း ဤသို့ရေရှည် တည်တံ့နေမှုကိုပင် "ပွဲလမ်းကျင်းပဖို့ထက်စာလျှင် ၀မ်းနည်းဖွယ် အခြေအနေ ဖြစ်တော့သည်"ဟု သူက ဖော်ပြခဲ့သည်။

မစ္စတာ ဒန်းဖို့ဒ်က ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းကြီး (TBBC) ၏ အမှုဆောင် ဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ဖျားဒေသရှိ ကျယ်ပြန့်လာသည့် လက်နက်ကိုင် ပဋိပက္ခများမှ ထွက်ပြေးလာကြရသည့် ကရင်ဒုက္ခသည်များကို ကူညီနိုင်ရန် ၁၉၈၄ ခုနှစ် အောက်တိုဘာလက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က မစ္စတာဒန်းဖို့ဒ်သည် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ဒုက္ခသည်များကို ကူညီပေးနေ သည့် သူ၏လုပ်ငန်းအား ခဏရပ်ပြီး ထိုင်းအာဏာပိုင်များ၏ အကူအညီတောင်းခံမှုအရ သူတို့က ယာယီပြဿနာဟု ယုံကြည်နေသည့် ထိုင်း-မြန်မာနယ်စပ်သို့ ဒုက္ခသည်များအရေး ကူညီဖြေရှင်းပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ကျနော်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မှာ အလုပ်စလုပ်ရတော့ ၂၅ နှစ်လောက်ကြာသွားမယ်ဆိုတာ ကျနော် အိပ် မက်တောင် မမက်ခဲ့ဘူး၊ ကျနော် ပထမထင်တာက မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ ဒုက္ခသည်တွေ လည်း မကြာခင် အိမ်ပြန်နိုင်ကြမယ် ထင်ခဲ့တယ်။ အခု ၂၅ နှစ်ကြာ တဲ့တိုင် နိဂုံးချုပ်ဖို့လမ်း မမြင်ရသေးဘူး”ဟု မစ္စတာ ဒန်းဖို့ဒ် က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။

ဘန်ကောက်အခြေစိုက် TBBC အဖွဲ့တွင် နိုင်ငံ (၁၀) နိုင်ငံမှ အစိုးရမဟုတ်သည့် အန်ဂျီအို အဖွဲ့အစည်း ၁၂ ခု စုစည်း ထားခြင်း ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် စခန်း ၉ ခုရှိ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်သို့ အခြေခံစားနပ်ရိက္ခာ ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံများသို့ ဒုက္ခသည်များ ပြောင်းရွှေ့အခြေချ ရေး အစီအစဉ်များ ကောင်းမွန်စွာ ချမှတ်ဆောင်ရွက်နေသော်လည်း စခန်းများအတွင်း၌ လူဦးရေ လျော့ကျသွားသည်မရှိ ဘဲ တဖြည်းဖြည်း တိုးလာနေသည်။

တိုးလာနေသော လူဦးရေပြဿနာသည် ဂျက်ဒန်းဖို့ဒ်နှင့် သူ၏ အဖွဲ့အစည်းအတွက် စိန်ခေါ်မှုတရပ်ပင် ဖြစ်သည်။ သူနှင့် သူတို့၏ အလှူရှင်များက လိုအပ်ချက်များကို ဖြည့်ဆီးနိုင်ပါသည်ဟု သူက ပျော်ရွှင်ကြည်နူးစွာ ယုံကြည်မှုရှိ နေသော်လည်း "ပြန်ဖို့ အခြေအနေတော့ မရှိကြဘူး၊ ကျနော်တို့အားလုံး ကာလရှည်ကြီး တရွတ်တိုက် ဖြတ်ကြရဦးမယ်" ဟု ယဉ်ကျေး သိမ်မွေ့သူ အင်္ဂလိပ်လူမျိုး ဂျက်ဒန်းဖို့ဒ်က ပြောသည်။

လင်းလက်ကြယ်အဖွဲ့
ဒုက္ခသည်ကူညီရေး သူရဲကောင်းများ

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ပင် အကူအညီပေးနေသည့် နိုင်ငံတကာ အန်ဂျီ အို အရေ အတွက် ၂ ဆတိုးလာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်းဒေသများကို ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဖြတ်သန်းတိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် သေကြေပျောက်ဆုံးခဲ့ကြရပြီး လူ သန်းပေါင်းများစွာ ဒုက္ခကြုံခဲ့ကြရသည်။

သို့သော်လည်း ယခုအခါ အရေးပေါ်ကယ်ဆယ်ရေးကာလကို ဖြတ်သန်း ကျော်လွှားခဲ့ပြီ ဖြစ်ပြီး နိုင်ငံတကာ အန်ဂျီအိုကြီး အများအပြားကလည်း သူတို့၏ အစီအစဉ်များကို လျှော့ချခဲ့ကြပြီ ဖြစ်သည်။ တချို့ဆိုလျှင် ရန်ပုံငွေ အကြီးအကျယ် ပြတ် လပ်မှုကြောင့် ပြန်လည် ရုပ်သိမ်းသွားကြပြီ ဖြစ်သည်။

လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများတွင် ထူးခြားထင်ရှားသည့်အချက်မှာ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် စေတနာ့ဝန်ထမ်းများ တိုးပွား များပြားလာခြင်း ဖြစ်ပြီး စစ်အစိုးရ အာဏာပိုင်များက တင်းကျပ်ကန့်သတ်နေသည့် ကြားထဲမှပင် အရေးပါသည့် အခန်းကဏ္ဍက ရသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည်။ ဒေသခံ လူမှုအဖွဲ့အစည်း အများစုမှာ တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခွင့် မရှိကြသလို၊ မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင် ဘဏ်စာရင်းဖွင့်ခွင့်လည်း မရှိကြပါ။ မြန်မာနိုင်ငံတွင် တရားဝင်ဆိုသလို ပြည်ပမှ ငွေကြေးလက်ခံခြင်းနှင့် ငွေကြေးပေးပို့ခြင်း များကို ဤအစိုးရဘဏ်မှသာ ဖြတ်သန်းဆောင်ရွက်ခွင့် ရှိပါသည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရန်ကုန်မြို့တွင်း လုံခြုံရေးအရ ဖြိုခွင်းနှိမ်နင်းမှုများ၌ အာဏာပိုင်များက လူပေါင်း ၄၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အထဲတွင် သတင်းထောက်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများ အပါ အ၀င် ဖမ်းဆီးခံခဲ့ကြရသည်။

တချို့သူများမှာ ရန်ကုန်မြို့အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့ လင်းလက်ကြယ်အဖွဲ့ဝင်များ ဖြစ်ကြသည်။ အထူးသဖြင့် လူငယ်သတင်းထောက်များနှင့် တသီးပုဂ္ဂလ စေတနာ့ဝန်ထမ်းများ ဖြစ်ကြပြီး ထိုသူများက မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများတွင် တတပ်တအား ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသူများကို ဖမ်းဆီးခဲ့ခြင်းအတွက် ရှင်းလင်းချက် တစုံတရာ ဖော်ပြပြောဆိုခြင်း မရှိသလို၊ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုပင် မသိကြရပါ။ တချို့လေ့လာသူ များက သုံးသပ်ဖော်ပြကြရာတွင် ထိုသူများကို ပြည်ပမှ အလှူငွေများ လက်ခံရယူမှုအတွက် စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်နိုင် သည်ဟု မှတ်ချက်ပေးကြသည်။



ဧည့်သည်များ

ဂျွန် ဝီလျံ ယက်ထော
စိတ်ရူးပေါက်နေသည့် အမေရိကန်

ဂျွန် ယက်ထော

သူ့ကို စိတ်ရောဂါသည်ဟု ဆိုကြသလို၊ စီအိုင်အေသူလျှို၊ မြန်မာစစ်အစိုးရ၏ နယ်ရုပ်ဇာတ်ကောင် စသဖြင့်လည်း ထင်ကြေးပေးကြသည်။ နောက်ဆုံးတော့ ဂျွန်ယက်ထောသည် အခြားမဟုတ်၊ စိတ်ကောင်းစေတနာ ရှိသော်လည်း စိတ်ကူးယဉ် ရူးသွပ်နေသူတဦးဟုသာ ဆိုရခြိမ့်မည်။ သူက ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမည်ကို သူ့အာရုံတွင် မြင်နေပြီး သူကိုယ်တိုင်စွန့်စား၍ သွားရောက်ကယ်တင်ခြင်း ဖြစ်သည်။

ဗီယက်နမ်စစ်ပြန်တဦးဖြစ်သော ဂျွန်ယက်ထောသည် အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ရန်အတွက် မသေမသပ်နှင့် သူကိုယ်တိုင် အစီအစဉ်ချလာခဲ့သည်။ အင်းလျားကန်ကို ဖြတ်ကူး၍ အိမ်ထဲသို့ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်အမျိုးသမီးတဦးသဖွယ် ဝတ်ရုံခြုံ၊ နေကာမျက်မှန်တပ် ရုပ်ဖျက်စေ၍ ခိုးထုတ်သွားရန် သူက စဉ်းစားထားခဲ့သည်။

မေလ ၂ ရက်နေ့ညတွင် ဂျိမ်းစ်ဘွန်းဇာတ်ကောင်အလား လက်ဖြစ် ဖားခြေထောက် ရေကူးကိရိယာကိုတပ်၊ ကျောပိုးအိတ်ကို လွယ်ကာ ပလတ်စတစ်ပုံးတခုကို ခိုတွယ်၊ ကိုယ်ဖော့၍ အင်းလျားကန်ကို ဖြတ်ကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ဟန်ပြ အစောင့်ချထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း စိန်ခေါ်၍ ဖြတ်ကျော်လာနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံသို့အရောက်တွင် ရင်ကျပ်ပန်းနာ၊ ဆီးချို စသည့် ဝေဒနာတို့ကို ခံစားနေရသူ ယက်ထောက သူ့ဝေဒနာ သက်သာသည်အထိ နားခိုခွင့် ပေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေမိတ်ဆွေ အမျိုးသမီးများထံ ခွင့်ပန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ညတွင်းချင်း ရေကူးပြီး ပြန်ထွက်သွားရန် အကြောက်အကန် ပြောခဲ့သေးသည်။ သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နောက်တနေ့နံနက် ၅ နာရီတွင် အင်းလျားကန်စောင်း၌ သူ့ကို ဖမ်းဆီးရမိခဲ့ကြသည်။

ယက်ထော၏ ခိုးကြောင်ခိုးဝှက် ၀င်ရောက်မှုမှာ သာမန်ကိစ္စတခုအဖြစ် နိုင်ငံအများစုက သတ်မှတ်ကြမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အမျိုးသား လုံခြုံရေး အမည်ခံ အဓိပ္ပာယ်မရှိသည့် ဖြစ်ရပ်ကြီးအဖြစ် ပုံဖော်ခဲ့ကြသည်။ နေအိမ်အတွင်း ဧည့်သည်ကို တရားဝင် မှတ်ပုံတင် အသိပေးခြင်း မရှိဘဲ လက်ခံခဲ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဤဥပဒေများဖြင့် တရားစွဲဆိုခဲ့ပြီး၊ ခိုးဝင်လာသူ ယက်ထောကိုမူ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ စည်ပင်သာယာရေး ဆိုင်ရာ ဥပဒေ တို့ကို ချိုးဖောက်မှုဖြင့် အရေးယူခဲ့သည်။

ဤဖြစ်ရပ်တွင် သူ၏ဆန္ဒမပါဘဲ ပါဝင်ခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အဖို့ အိမ်ချုပ်သက်တမ်း ထပ်မံ တိုးခံရပြန်သည်။ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း အမေရိကန် အထက်လွှတ်တော်အမတ်တဦးက ကြားဝင် မေတ္တာရပ်ခံလာပြီးသည့်နောက် မကြာမီပင် လွတ်မြောက်သွားခဲ့သည်။

ယက်ထောက မစ်ဇူရီပြည်နယ်ရှိ သူ၏ အိမ်သို့ ပြန်သွားသည်။ ဤဖြစ်ရပ်များကို စာအုပ်တအုပ် ရေးမည်ဟု သူက ဆိုသည်။

ဂျင်မ် ၀က်ဘ်
စွန့်စားကယ်တင်ရေးဝါဒီ အမေရိကန် အထက်လွှတ်တော်အမတ်

မစ္စတာ ဂျင်မ် ၀က်ဘ် (Photo: AFP)

အမေရိကန်ပြည်ထောင်စု၏ အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် တယောက် ပြီးခဲ့သည့် သြဂုတ်လက မြန်မာပြည် ရောက်လာခဲ့သည့် ခရီးစဉ်က ၀တ္ထုတပုဒ် ဖြစ်လောက်သည်။ လွှတ်တော်အမတ်တဦး ရေးသော ၀တ္ထုပင် ဖြစ်ခြိမ့်မည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်ပြီးခဲ့ချိန်မှစ၍ ပြောရမည်ဆိုလျှင် အမေရိကန်-မြန်မာ ဆက်ဆံရေးက မရှိသလောက် အေးနေခဲ့သည်ဟု ဆိုရမည်။ သူက တကိုယ်တော် သံတမန်ရေးခြေလှမ်း စတင်ခဲ့ပြီး၊ သူ့အစိုးရက သတိကြီးစွာဖြင့် နောက်ခံရပ်တည်ပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုက အရှေ့တောင်အာရှတွင် ချဉ်းကပ်ဆက်ဆံမှု “ဖော်မြူလာအသစ်” လိုအပ်နေပြီဟု ယူဆနေသည့် သူ၏ယုံကြည်ချက်ကြောင့် ယခုကဲ့သို့ ခဏတာခရီးစဉ် ပေါ်ထွက်လာရခြင်း ဖြစ်သည်။

စွန့်စားကယ်တင်ရေးဝါဒီ၊ ၀တ္ထုရေးဆရာ အမေရိကန် အထက်လွှတ်တော်အမတ်၏ မြန်မာပြည်ခရီးစဉ်တွင် သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံနိုင်ခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့်ရခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်-မြန်မာ ဆွေးနွေးပွဲများလည်း အလျှင်အမြန် ဖြစ်ပေါ်လာခဲ့ပြီး၊ မြန်မာစစ်အစိုးရအဖို့ ကြားနေကွင်းဟု သဘောထားဖွယ်ရှိသည့် ကုလသမဂ္ဂ အစည်းအဝေး၏ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ၀န်ကြီးများနှင့် အမေရိကန် အရာရှိများ၏ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာခဲ့သည်။

ဂျင်မ်ဝက်ဘ်က သူ့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ဆန့်ကျင်နေသူဟု ကင်ပွန်းတပ်နေကြကြောင်း မကျေမချမ်း ပြောဆိုခဲ့သေးသည်။

“ကျနော်ပြောနေတာက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချက်ချင်း ရုပ်သိမ်းဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော် ဖြစ်စေချင်တာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်စေဖို့ အခြေအနေတွေ ဖန်တီးစေလိုတာပါ” ဟု သူက ခရီးစဉ်မှ ပြန်လာပြီး မကြာမီမှာပင် မှတ်ချက်ပေးခဲ့သည်။ မြန်မာပြည်မှ အပြန်တွင်သူက ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်းသို့ ၀င်ရောက်မှုကြောင့် ထောင်ဒဏ် ၇ နှစ် ချခံထားရသူ အမေရိကန် နိုင်ငံသား ဂျွန်ယက်ထောကိုပါ ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့သည်။

ဂျင်မ်ဝက်ဘ်၏ တကိုယ်တော်ကြိုးပမ်းချက်ကြောင့် အမေရိကန်-မြန်မာ တိုက်ရိုက်ဆွေးနွေးပွဲများ ဖြစ်ပေါ်တိုးတက်လာရ သည်ကတော့ ငြင်းစရာမရှိသည့် အချက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာသွားခဲ့သည့် သူ၏ခရီးစဉ်က တို တောင်းလှသလို စိတ်လှုပ်ရှားဖွယ်လည်း ဖြစ်သည်။ လက်တွေ့နိုင်ငံရေးနယ်ပယ်အတွင်းမှ ဇာတ်လမ်းကောင်းတပုဒ် ထွက် ပေါ်လာသည့် သာဓကဟုလည်း ဆိုလျှင်ရနိုင်ပေသည်။

ကာ့တ် ကမ်းဘဲလ်
"လက်တွေ့ကျသည့် ချဉ်းကပ်ဆက်ဆံမှု" ၏ ဆုံချက်

ကာ့တ် ကမ်းဘဲလ် (Photo-AFP)

သမ္မတအိုဘားမား အစိုးရက ပြီးခဲ့သည့် အောက်တိုဘာလတွင် မြန်မာစစ်အစိုးရနှင့် ပြန်လည်ဆက်ဆံ တော့မည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မူဝါဒအသစ်ကို လက်တွေ့ အကောင်အထည်ဖော် အသက်သွင်းခဲ့သည်။ ၁၄နှစ်တာ ကြာပြီးနောက် မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ခရီးထွက်ခဲ့သည်။

မစ္စတာကမ်းဘဲလ်က ၎င်းတို့ ကျင့်သုံးမည့် "လက်တွေ့ကျသည့် ချဉ်းကပ်ဆက်ဆံမှု" မူဝါဒသည် ဖိနှိပ်အုပ်ချုပ်နေသည့် နေပြည်တော်ရှိ မြန်မာစစ်အစိုးရအပေါ် ပျော့ပြောင်းစွာ အလျှော့ပေး ဆက်ဆံမည့် မူဝါဒမဟုတ်ကြောင်း စိုးရိမ်ပူပန်နေကြသူများကို ချွေးသိပ်ခဲ့သည်။ မြန်မာပြည်အရေး ကာလကြာရှည် လေ့လာစောင့်ကြည့်နေသည့်ဝါရင့်ပညာ ရှင်များပင် ရှင်းလင်းပြတ်သားသည့် သူ၏ သတင်းစကားကြောင့် ကျေနပ်ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်စေရန် တွန်းအားအနေနှင့် ၀ါရှင်တန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်ထိန်း သိမ်းထားမည်ဟု ဆိုသည်။ စစ်အစိုးရအဖို့ မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေမည့် လိုက်လျောမှုမျိုးကို အမေရိကန်ပြည် ထောင်စုက ပြုလိမ့်မည် မဟုတ်ကြောင်း သူက အာမခံခဲ့သည်။ သူက မြန်မာစစ်အစိုးရ စစ်ဗိုလ်ချုပ်များအနေနှင့် အတိုက် အခံအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန်လည်း တိုက်တွန်းခဲ့သေးသည်။

သမ္မတအိုဘားမား၏ မြန်မာပြည်အတွက် ရှေ့ပြေးကိုယ်စားလှယ်တဦး ဖြစ်သည့် အားလျော်စွာ သူက ယခင် ကိုင်စွဲထားသည့် ပိတ်ဆို့မှုသက်သက် မူဝါဒမှ အရွေ့ဖြစ်လာစေရန် သူ၏ စွမ်းဆောင်နိုင်သမျှ လက်တွေ့လုပ်ပိုင်ခွင့် အာဏာ၊ အခြားပံ့ပိုးပေးမည့် ကိစ္စများကိုလည်း ဆောင်ကျဉ်းလာခဲ့သည်။ ဖေဖော်ဝါရီလ အာရှခရီးစဉ်အတွင်းကပင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒက အလုပ် မဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားခဲ့ပြီး ဖြစ်သည်။ မစ္စတာကမ်းဘဲလ်က ၀ါရင့်သံအရာရှိ ဖြစ်ပြီး၊ လုံခြုံရေးဆိုင်ရာ ပြဿနာများတွင် ကျွမ်းကျင်သူ ပညာရှင်လည်း ဖြစ်သည်။ သူက ၀ါရှင်တန်အခြေစိုက် အမေရိကန်ပြည်သစ် လုံခြုံရေးဆိုင်ရာ ဌာန (Center for a New American Security) အကြံပေးအဖွဲ့ကို စတင် တည်ထောင်ခဲ့သူတဦးလည်း ဖြစ်သည်။

ဤအတောအတွင်း လူအများက ယခင် မအောင်မြင်ဖြစ်ခဲ့ရသည့် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်ချက်များထဲမှ မည် သည့် အချက်ကို ကောက်ယူအသုံးချ၍ မည်သို့စတင်မည်ကို စောင့်ကြည့်နေကြသည်။ သူ၏ နိုဝင်ဘာလ မြန်မာပြည် ခရီးစဉ် အတွင်း မြန်မာအာဏာပိုင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ပြောဆို ဆွေးနွေးချက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုရန် သူက ရေငုံနှုတ်ပိတ်နေသော်လည်း၊ ထင်ရှားသိသာသည့်အချက်မှာ သူ၏ ခရီးစဉ်ကို ကိုယ်တိုင်စိတ်ကြိုက်ရေးဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့အား အထူးအခွင့်အရေး ပေးခဲ့သည်ကို ကြည့်၍ မြန်မာစစ်အစိုးရက တရုတ်နိုင်ငံနှင့် တဖက်စောင်းနင်းဖြစ်နေသည့် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိရန် အမေရိကန်ပြည်ထောင်စုကို လိုအပ်နေသည်ဟုလည်း ယူဆမှုများ ပေါ်ထွက်လာသည်။ စစ်အစိုးရကလည်း သူတို့ ယခင် သိသိသာသာ မထီမဲ့မြင် ဆက်ဆံလွှတ်ခဲ့ကြသည့် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် ခြားနားစွာ မစ္စတာကမ်းဘဲလ်၏ ခရီးစဉ်ကို ပို၍ အလေးထားခဲ့ကြသည်။

ဘန်ကီမွန်း
ခေါင်းခြောက်သွားတဲ့ ကုလသမဂ္ဂ အကြီးအကဲ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Photo- AFP)

သူ၏ သံကိုယ်စားလှယ်အဖွဲ့များ မြန်မာပြည်သို့ အကြိမ်ကြိမ်သွားခဲ့ပြီးနောက် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားမည်ဟု ဆုံးဖြတ်ခဲ့ရသည်။ ဇူလိုင်လတွင် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများကို သွားရောက်တွေ့ဆုံ၍ နိုင်ငံတကာဖိအားများ ပိုမို ထိရောက်စေရေးအတွက် သူ့ကိုယ်ပိုင် သြဇာအင်အားကို သုံးရတော့သည်။

၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နိုင်ငံရပ်ခြား ကယ်ဆယ်ရေး လုပ်သားများကို မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာတီမြစ်ဝကျွန်းပေါ်သို့ လွတ်လပ်စွာ ၀င်ရောက် ကူညီခွင့်ပေးရန် သူက နားချနိုင်ခဲ့သေးသည်။ သို့အတွက်ကြောင့် နိုင်ငံရေး မျက်နှာစာတွင်လည်း တိုက်တွန်းနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခေါင်းမာမှုကြောင့် မျှော်လင့်ချက်များလည်း ပြိုလဲခဲ့သည်။ ပြောဆိုတိုက်တွန်းမှုများ မအောင်မြင်ခဲ့ဘဲ မစ္စတာဘန်ကီမွန်းက လက်ချည်းဗလာ အိမ်ပြန်သွားရသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပင် တွေ့ဆုံခွင့် မရခဲ့ပေ။ သူ့လက်ထောက် မစ္စတာဂန်ဘာရီ၏ ယခင်ခရီးစဉ်များကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့သေးရာ ယခုငြင်းပယ်ခံရမှုသည် စေတနာဖြင့် ကမ်းသည့်လက်ကို ပုတ်ထုတ်ခံရခြင်း ဖြစ်တော့သည်။

မစ္စတာဘန်ကီမွန်းက အပြန်ခရီးတွင် "မြန်မာအစိုးရအနေနဲ့ ပွင့်လင်းလွတ်လပ်လာ မယ့် ခေတ်သစ်ကို သူတို့ရည်သန်ထားကြောင်း ပြသဖို့ တကယ့် အခွင့်အရေးကောင်းတခုကို လက်လွတ်ဆုံးရှုံးခဲ့တယ်လို့ ကျနော်ယုံကြည်တယ်" ဟု စိတ်ပျက် လက်ပျက် ပြောဆိုခဲ့သည်။အသက် ၆၀ ကျော် အရွယ် ဦးဉာဏ်ဝင်းက ဤအမှုတွင် ခုခံချေပသူ ရှေ့နေအဖြစ်သာမက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်လည်း တာဝန်ယူရ သည်။ မေလမှ ဩဂုတ်လတိုင် ကြာမြင့်ခဲ့သည့် တရားခွင်တွင် သူက နိုင်ငံတကာသတင်း မီဒီယာများနှင့် နေ့စဉ်နှင့်အမျှ ဒိုင်ခံဖြေကြားပေးခဲ့ရသလို၊ တရားခွင်၏ နောက်ဆုံး အခြေအနေ၊ အင်းစိန်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကိုပါ ဖြေကြားပေးခဲ့ရသည်။

ဝါရင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးသမား အသက် ၈၀ စွန်းစွန်း ရှိနေပြီဖြစ်သူ ဦးကြည်ဝင်းကမူ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆယ်စုနှစ်တခုမျှ လက်တွဲ လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်ပေးဆပ် ကြိုးပမ်းနေမှုများအပေါ် ပုဂ္ဂိုလ်ရေး အရ ကြည်ညိုမှုကြောင့် ဥပဒေကြောင်းအရ အကြံပေးမှုများကို အခမဲ့ ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။

ဤ ပုဂ္ဂိုလ်၂ ဦးစလုံးက အခြား အတိုက်အခံများအတွက်လည်း မမော မပန်းတန်း ခုခံချေပပေးခဲ့ကြသည်။ သူတို့က ၈၈ မျိုးဆက် ကျောင်းသားများအုပ်စုကို ခုခံချေပ ရှေ့နေလိုက်ပေးခဲ့သလို၊ စက်တင်ဘာလတွင် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံခဲ့ ရပြီး လုံခြုံရေးဥပဒေ ပုဒ်မများနှင့် စွပ်စွဲခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျှော်ဇောလင်း(ခေါ်) ကိုညီညီ အောင် ၏ အမှုအတွက်လည်း လိုက်လံဆောင်ရွက်ပေးနေကြသည်။



ဒေသတွင်း ဇာတ်ကောင်များ

ဂိုချုပ်တောင်
စင်္ကာပူက ကိုတဲ့တိုး

စင်္ကာပူ ဝါရင့် ၀န်ကြီး ဂိုချုပ်တောင် (ဓာတ်ပုံ - AFP)

စင်္ကာပူနိုင်ငံသည် လွတ်လပ်စွာ ပြောဆိုမှုကို ခွင့်ပြုသည့် နိုင်ငံတခုဖြစ်သည်ဟု ယူဆ၍ မရနိုင်သေးပါ။ သို့သော်လည်း ဂိုချုပ်တောင်က ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်များကို ပြောင်ပြောင်တင်းတင်း ဝေဖန်လိုက်သည်။ ဒီမိုကရေစီ ဖြစ် ထွန်းတိုးတက်မှုကို ဆန့်ကျင်နေသည့်အတွက် စီးပွားရေး အရ ဆုံးရှုံးနစ်နာနေရကြောင်း ထောက်ပြ ဝေဖန်ခဲ့သည်။

အခြား အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် သတိကြီးကြီးထား ချဉ်းကပ်နေကြစဉ်၌ ဂိုချုပ်တောင်ထံမှ ကြားရလေ့မရှိသည့် ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ "အခြေအနေတွေ မရှင်းမလင်း ဖြစ်နေတဲ့ အချိန်၊ အခု ဒီမိုကရေစီကို သွားနေတယ် ဆိုတဲ့ ကိစ္စက ရလဒ်မထွက်ပေါ်လာသေးတဲ့ အချိန်မှာတော့ ဘယ် စင်္ကာပူ လုပ်ငန်းရှင်ကမှ မြန်မာနိုင်ငံကို အကြီးအကျယ် လာပြီး ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ကျနော် မယုံကြည်ဘူး" ဟု သူက ဆိုခဲ့သည်။

ထိုစကားကို စင်္ကာပူမှ လှမ်းပြောခြင်း မဟုတ်သဖြင့် ဂိုချုပ်တောင်၏ ဝေဖန်စွက်ဖက်မှု ပို၍ ထင်ရှားသိသာသွားသည်။ ပြီးခဲ့သည့်ဇွန်လက မြန်မာနိုင်ငံသို့ အလည်အပတ် သွားခဲ့သည့် ခရီးစဉ်တွင် တဲ့တိုးပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဂိုချုပ်တောင်သည် ၀န်ကြီးချုပ် ဟောင်းတဦး ဖြစ်ပြီး၊ ယခု ၀ါရင့်ဝန်ကြီးတဦးအဖြစ် တာဝန်ယူလျက်ရှိသည်။

စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံအတွက် အရေးပါသည့် အာဆီယံမိတ်ဖက်နိုင်ငံတခု ဖြစ်သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုက နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံကျော်တွင် ရှိနေသည်။ စင်္ကာပူသည် မြန်မာထိပ်သီး စစ်ခေါင်းဆောင်များ ဈေးဝယ် ထွက်ရာ၊ ကျန်းမာရေး စစ်ဆေး ကုသမှုအတွက် သွားရောက်ကြရာ နေရာလည်း ဖြစ်သည်။

စစ်အစိုးရ ကျင့်သုံးနေသည့် မူဝါဒများကြောင့် စီးပွားရေးအရ ဆိုးကျိုးသက်ရောက်မည်ဖြစ်ကြောင်း ၀န်ကြီးဂိုချုပ်တောင်၏ ပွင့်ပွင့်လင်းလင်းဝေဖန်မှုကို စစ်ခေါင်းဆောင်များက ထည့်သွင်းစဉ်းစားကြမည်ဟု လေ့လာသုံးသပ်သူ အများအပြားက ယူဆခဲ့ကြသည်။ သို့သော်လည်း စစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဤအမှုအတွက် ၀န်ကြီးဂိုချုပ်တောင်လည်း ထွက်၍ပြောရပြန်တော့သည်။

သူက တရားစွဲဆိုမှုသည် ပြည်တွင်းရေးကိစ္စသာ ဖြစ်သော်လည်း၊ နိုင်ငံတကာ မျက်နှာစာတွင် သက်ရောက်မှုများ ရှိကြောင်း ထောက်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"ခင်ဗျားတို့ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း၊ ပါတီတွေကိုလည်း ပါဝင်ခွင့် ပြုရမယ်" ဟု သူက စစ်အစိုးရကို နားချခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ပြုရမယ်" ဟုလည်း တိုက်တွန်းခဲ့သည်။

အဖိဆစ် ဝေ့ချာချီဝ
ချဉ်းကပ်မှုအသစ်နှင့် ထိုင်းခေါင်းဆောင်သစ်

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (ဓာတ်ပုံ - AFP)

ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်သစ် အဖိဆစ် ဝေ့ချာချီဝ ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အဖြစ် လွှတ်တော်က ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးချယ်တင် မြှောက်ခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းအစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားလည်း ပြောင်းလဲသွားသည်။ အဖိဆစ်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ယူခဲ့သူဖြစ်ပြီး ယခုအခါ အသက် ၄၅ နှစ် ရှိပြီ ဖြစ်သည်။ သူက ရာထူးရယူပြီး များမကြာမီ မြန်မာနိုင်ငံအပေါ် “ပြင်လွယ်ပြောင်းလွယ်ရှိသည့် ချဉ်းကပ်မှု” ကို ကျင့်သုံးမည်ဟု အစိုးရသစ်၏ မူဝါဒကို ကြေညာခဲ့သည်။ အာဆီယံကိုလည်း အလားတူ လိုက်လံကျင့်သုံးရန် တိုက်တွန်းခဲ့သည်။

ယခု မူဝါဒအသစ်က ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ၂၀၀၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ချမှတ်ကျင့်သုံးခဲ့သည့် မူဝါဒများမှ တဖန် လှည့်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ စီးပွားရေး အကျိုးအမြတ်ပေါ်တွင်သာ အခြေပြုခဲ့သည်။

၂၀၀၉ ခုနှစ်တွင် အာဆီယံအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရစဉ်၌ အဖိဆစ်အစိုးရက အာဆီယံအဖွဲ့ကိုယ်စား မြန်မာစစ်အစိုးရကို ဝေဖန်သည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခြင်းအားဖြင့် စစ်အစိုးရ၏ “ဂုဏ်သိက္ခာနှင့် ယုံကြည်ကိုးစားမှုများ” နစ်နာ ဆုံးရှုံးရဖွယ် ရှိသည်ဟု ဖော်ပြခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ မြန်မာစစ်အစိုးရက ထိုကြေညာချက်ကို ခါးခါးသီးသီး ပယ်ချခဲ့သည်။

အောက်တိုဘာလ အာဆီယံ ထိပ်သီး အစည်း အဝေးတွင် အဖိဆစ်က သူမြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည်ဟု မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပြောဆိုလိုက်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်အသစ်ကို ထပ်မံ ဖော်ပြခဲ့လေသည်။

ဝမ်ကျားပေါင်
စိတ်ဆိုးသွားသည့် တရုတ် ဝန်ကြီးချုပ်

တရုတ် ဝန်ကြီးချုပ် ၀မ်ကျားပေါင် (ဓာတ်ပုံ - AFP)

ပြီးခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စများအတွက် တိုက်တွန်း ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်ထဲရေး၊ နိုင်ငံရေးအခြေအနေကို ချိန်ဆပြီး ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က တရုတ်အရာရှိများကို ပြုပြင်ပြောင်းလဲရေး ကိစ္စများ အရှိန်မြှင့် ဆောင်ရွက်ရေးအတွက် မြန်မာစစ်ဗိုလ်ချုပ်များအပေါ် တိုး၍ ဖိအားပေးရန် ညွှန်ကြားလိုက်သည်။ အနောက်နိုင်ငံများက ဆယ်စုနှစ်များစွာ တောင်းဆိုနေခဲ့ကြသည့် နည်းတူ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်အစိုးရက သူ့နိုင်ငံအတွင်းတွင်လည်း အရေးကြီးသည့် အချက်တခုကို ပြောဆိုခဲ့သည်၊ ကျောက်တုံးများဖြင့် နံရံတံတိုင်းကာရံသည့်ခေတ် ကုန်ခဲ့ပြီဟု ဟူ၏။ တရုတ်နိုင်ငံက မြန်မာအစိုးရအပေါ် လေသံပြောင်းလာခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် အမေရိကန်ပြည်ထောင်စုတို့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အခြား အင်အားကြီးနိုင်ငံများကလည်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ဆောင်ရွက်လာကြသည်ဟု လေ့လာသုံးသပ်သူတချို့က ယုံကြည်ကြသည်။

စစ်အစိုးရက သြဂုတ်လ ၂၄ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်တိုင်းရင်းသား အများစုနေထိုင်ရာ ကိုးကန့်ဒေသ ကို ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် ဆက်ဆံရေးပို၍ ရှုပ်ထွေးဖွယ် ဖြစ်သွားသည်။ ဤအရေးကြောင့် ဒုက္ခသည် ၃၇,၀၀၀ ကျော် တရုတ်နိုင်ငံတွင်းသို့ ပြေးဝင် ခိုလှုံကြသည်။

တရုတ်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းများကို လုယက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကြောင့် ပို၍ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာသည်။ တရုတ်နိုင်ငံက ၎င်းနှင့်နီးစပ်ရာ နယ်စပ် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရှိစေရန် မျှော်လင့်ထားသည်။ စစ်အစိုးရ အတွင်းရေးမှူး - ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း အကြံဉာဏ် ရယူရန် တရုတ်နိုင်ငံသို့ အလျင်အမြန် ခရီးထွက်ခဲ့ရသည်။ သူက ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် မတွေ့ဆုံနိုင်ခဲ့သော်လည်း၊ သူပြောလိုသည့် သတင်းစကားကိုတော့ ကြားခဲ့ရသည်။

၁၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း ၀မ်ကျားပေါင်က အလားတူ သတင်းစကားကိုပင် ထပ်၍ ပြောဆိုခဲ့ပြန်သည်။ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နှစ်ကိုယ်ချင်းတွေ့ဆုံရာတွင် ပြည်တွင်းရေး တည်ငြိမ်မှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

တရုတ်က မြန်မာနိုင်ငံကို တည်ငြိမ်၊ ကြွယ်ဝချမ်းသာသည့်နိုင်ငံ ဖြစ်စေလိုသည်။ အထူးသဖြင့် တရုတ်၏ အနာဂတ် ကာလ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားမည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ တည်ငြိမ်အေးချမ်း၍ ကြွယ်ဝလာစေရေးသည် နိုင်ငံနှစ်ခုစလုံး၏ အကျိုးစီးပွားကိစ္စ ဖြစ်သည်။ ဤသို့ မျှော်မှန်းထားချက်ကြောင့်လည်း ၂၀၀၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ လေသံများလည်း ပြောင်းလဲလာခဲ့တော့သည်။

ဒက်ဘီ စတူးဟတ်
အပြောကြွယ်သည့် တက်ကြွလှုပ်ရှားသူ

ဒက်ဘီ စတူးဟတ် (ဓာတ်ပုံ - ဧရာဝတီမဂ္ဂဇင်း)

ပြီးခဲ့သည့် ၁၃ နှစ် အတွင်း မြန်မာနိုင်ငံအရေး အာဆီယံ စင်ပြိုင်ကွန်ရက်အဖွဲ့ (Altsean) က မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူ့အခွင့်အရေး အခြေအနေကို အာဆီယံအဖွဲ့အတွင်း သတိပြု ဆွေးနွေးလာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ထိုအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူးမှာ ဒက်ဘီ စတူးဟတ် ဖြစ်သည်။ ဒေသဆိုင်ရာ အစည်းအဝေးများတွင် မြန်မာ့အရေးအတွက် သူ့ထက်ပိုပြီး ထိရောက်စွာ တင်ပြ ပြောဆိုနိုင်သူမှာ အနည်းငယ်မျှသာ ရှိပေမည်။

ဒက်ဘီ စတူးဟတ်သည် မလေးရှားလူမျိုးတဦးဖြစ်ပြီး ဘန်ကောက်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ မီဒီယာကို ပါးနပ်စွာ ကိုင်တွယ်တတ်သည့် သူ့ကို နိုင်ငံတကာ သတင်းမီဒီယာများတွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။

များသောအားဖြင့် နာမည်ကြီး သတင်းစာကြီးများကလည်း သူ့ကို ကိုးကား၍ ဖော်ပြကြသည်။ သူက မြန်မာစစ်အစိုးရ အာဏာ တည်မြဲရေး ကြိုးပမ်းနေမှုများကို ပစ်ပစ်ခါခါ ဝေဖန်ပြောဆိုလေ့ရှိသည်။ ဥပမာအားဖြင့် အာဆီယံ ခေါင်းဆောင်များက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် စိတ်အားထက်သန်နေကြချိန့် သူက ထိုရွေးကောက်ပွဲ၊ စစ်အစိုးရ၏ “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ” သို့မဟုတ် “လမ်းပြမြေပုံ” ကို သုံးသပ် ဝေဖန်ခဲ့သည်။ “ရွေးကောက်ပွဲက အတုအယောင်ဖြစ်မယ်လို့ ယူဆထားကြတယ်၊ အခြေခံဥပဒေကတော့ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာ အကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။

ဒက်ဘီက မြန်မာစစ်အစိုးရကိုသာ အဓိကပစ်မှတ်ထား ပြောဆိုနေသော်လည်း အာဆီယံကို လူထု အခြေပြု အဖွဲ့ အစည်း အဖြစ် ပြောင်းလဲရန် ခုခံဆန့်ကျင်နေသည့် ဒေသဆိုင်ရာ အစိုးရ ခေါင်းဆောင်များကိုလည်း ခြွင်းချန်မထားဘဲ ရံဖန်ရံခါ ဝေဖန်တတ်သေးသည်။ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအနက် ထက်ဝက်ကျော်က ပြီးခဲ့သည့် အောက်တိုဘာလ ထိပ်သီးအစည်းအဝေး မတိုင်မီတွင် စီစဉ်ထားသည့်အတိုင်း သူတို့နိုင်ငံများ၏ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လက်ခံတွေ့ဆုံရန် ငြင်းဆန်သည့်အခါ ဒက်ဘီက ဝေဖန် ရှုတ်ချလေသည်။

“ဒါဟာ တကယ့်ကို စော်ကားတာပဲ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ငြင်းပယ်တယ် ဆိုတာဟာ သူတို့ရွေးချယ်ထားတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို ပယ်ချလိုက်တာပဲ” ဟု သူက ပြောသည်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် သက်ဆိုင်တဲ့အစိုးရတွေကိုယ်တိုင် လွန်ခဲ့တဲ့တနှစ်က အသိအမှတ်ပြုခဲ့ကြတဲ့ အာဆီယံ ပဋိညာဉ် စာတမ်းရဲ့ စိတ်ဓာတ်၊ အနှစ်သာရတွေကို အခြေခံကျကျ ချိုးဖောက်လိုက်တာ ဖြစ်တယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။ အာဆီယံတွင် အများပြည်သူ ပိုမို ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိရေး ကြိုးပမ်းမည်ဟု ကတိက၀တ် ပြုထားသော အာဆီယံခေါင်းဆောင်များကို သူက သတိပေးလိုက်ခြင်းဖြစ်လေသည်။



စူပါစတား

ဝတ်မှုံရွှေရည်
မြန်မာနိုင်ငံ၏ နာမည်ကျော် စူပါမော်ဒယ်

ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ကို ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံထုတ် အလှကုန် ကုမ္ပဏီ ကာနီဘို (Kanebo) အတွက် ကြော်ငြာများ ရိုက်ကူးရာမှ စတင် လူသိများလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရုပ်မြင်သံကြားကြော်ငြာများ၊ ဘေလ်ဘုတ်ကြီးများတွင် သူ့ ဓာတ်ပုံများ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာခဲ့သည်။

ကိုရီးယား ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ ဖက်ရှင်များ အထူးရေပန်းစားနေသော မြန်မာနိုင်ငံတွင် ကိုရီးယားရုပ်ရှင်မင်းသမီး နှင့်တူသည့် ဝတ်မှုံရွှေရည်၏ အသွင်အပြင်ကြောင့် လူသိများထင်ရှားလာခြင်းလည်း ဖြစ်သည်။

ထို့အပြင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်ဆုံးမြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က ဝတ်မှုံရွှေရည်၏ ၂၁ နှစ်မြောက်မွေးနေ့အတွက် စိန်လက်စွပ်တကွင်းနှင့် ကားတစီး လက်ဆောင်ပေးသည်ဟူသည့် သတင်း ကြောင့်လည်း ပို၍ လူသိများစရာ ဖြစ်စေခဲ့သည်။ ၀တ်မှုံရွှေရည်ကို သူ၏ သူငယ်ချင်းတဦးက ပြန်ပေးဆွဲခဲ့ပြီး နေရွှေသွေးအောင်၏ အိမ်တလုံးတွင် ရက်အတန်ကြာ ချုပ်နှောင်ထားခဲ့သည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သေးသည်။ ဤကောလာဟလများ မမှန်ကန်ကြောင်း ၀တ်မှုံရွှေရည်က ငြင်းဆိုခဲ့သည်။

မြန်မာပြည်၏ နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် နီးစပ်နေသည်ဟူသည့် သတင်းကြောင့်လည်း သူ့အနေနှင့် ပို၍ နာမည်ကြီးစရာ ဖြစ်လာသည်။ နာမည်ကျော်ကြားသောကြောင့်လည်း တခြား မလိုလားအပ်သည့် စိတ်အနှောင့်အယှက်ဖြစ် စရာများ သူကြုံခဲ့ရသည်။ တချို့သော ပရိသတ်များက သူ့နာမည်၊ သူ့ဓာတ်ပုံများ သုံးကာ လူမှု ဆက်သွယ်ရေး ကွန်ရက်တခု ဖြစ်သည့် Face book တွင် အကောင့်စာမျက်နှာများ ဖွင့်ခဲ့သည်ဟု ကြားနေရသည်။

နောနော်
နာမည်ကြီး ကချင်တေးရေးနှင့် အဆိုကျော်

နောနော်

နောနော်သည် ၂၀၀၆ ခုနှစ်မှ စတင်၍ သူ၏ ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများဖြင့် မြန်မာ့ဂီတလောကထဲ ထိုးဖောက်ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ချက်ချင်းဆိုသလို ကျော်ကြားလာခဲ့သည်။ သူ၏ ပထမဦးဆုံး တေးစီးရီးဖြစ်သည့် "အတိုင်းထက်အလွန်" သီချင်းခွေကို ကိုယ်တိုင်းရေး၊ ကိုယ်တိုင်ဆို၊ ကိုယ်တိုင် ထုတ်လုပ်ခဲ့ပြီး မြန်မာလူငယ်များအကြား ရေပန်းစားခဲ့သည်။ ထို့အပြင် တခြားနာမည်ကြီး အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ တို့အတွက်လည်း သီချင်းများ ရေးသားပေးခဲ့သည်။

သူက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားသည့် ကချင်တိုင်းရင်းသားတဦး ဖြစ်ပြီး ဘေ့စ်ဂစ်တာသမား ချစ်ကျူ၊ လိဒ်ဂီတာသမား ဒီလာ၊ ဒရမ်မာ အဖုန်းတို့နှင့်အတူ Blaze ဆိုသည့် တီးဝိုင်းတခုလည်း တည်ထောင်ခဲ့သည်။ တီထွင် ဖန်တီးမှုရှိသည့် သူ၏ စာသား၊ သံစဉ်များကြောင့် လူသိများ ကျော်ကြားလာခြင်း ဖြစ်သကဲ့သို့ ကော်ပီသံစဉ်များအကြား ကိုယ်ပိုင်သံစဉ် ရော့ခ် တေးသွားများနှင့် ထိုးဖောက် ထွက်လာသောကြောင့် ရော့ခ်ဂီတကို နှစ်ခြိုက်သူတို့က သူ့ကို သဘောကျကြသည်။

ရန်ကုန်စီးတီး FM ရေဒီယို၏ ၇ နှစ်မြောက် အခမ်းအနားတွင် သူ၏ 'အတိုင်းထက်အလွန်' စီးရီးကို ၂၀၀၈ ခုနှစ် အတွက် အကောင်းဆုံး တေးအယ်လ်ဘမ်အဖြစ် ဆုချီးမြှင့်ခဲ့သည်။ နောနော်၏ ဒုတိယ တေးစီးရီး "အကန့်အသတ်မရှိ" ကို ၂၀၀၉ ခုနှစ်အတွင်း ဖြန့်ချိခဲ့သည်။



၂၀၀၉ ခုနှစ် ဖြစ်ရပ်များ

မြန်မာစစ်ဗိုလ်ချုပ်များအတွက် ယမန်နှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲ နှင့် လာမည့်နှစ် ရွေးကောက်ပွဲကာလ အကြားတွင်ရှိသော ၂၀၀၉ ခုနှစ်သည် အသက်ရှူသိပ်မချောင်သော နှစ်ဖြစ်သည်။ ပြည်သူများအတွက်မူ ၂၀၀၉ သည် မျှော်လင့်ချက် ရောင်ခြည် ပြပြလေးကိုသာ မှန်းဆနေခဲ့ရပြီး စိတ်ပျက်ဖွယ် ဖြစ်ရပ်များ ပြည့်လျှံနေသော နှစ်တနှစ် ဖြစ်ခဲ့သည်။

၂၀၀၉ အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခက်အခဲများအနက် လူသားချင်း စာနာဖွယ် အကျပ်အတည်း တခုကို မီးမောင်းထိုးပြခဲ့သည့် ရိုဟင်ဂျာများ၏ အရေးက သတင်းကြီးများအဖြစ် ဖမ်းစားခဲ့သည်။ နှစ် မကုန်ဆုံးမီ ထောင်သောင်းချီသော တိုင်းရင်းသား လူနည်းစု ဒုက္ခသည်များသည် စစ်အစိုးရနှင့် သူ၏ မဟာမိတ်များ၏ စစ်ဆင် တိုက်ခိုက်မှုများကြောင့် အိမ်နီးချင်း တိုင်းပြည်များဖြစ်သည့် ထိုင်းနှင့် တရုတ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

သို့သော် စစ်အစိုးရအတွက်မူ ထိုဖြစ်ရပ်များ အားလုံးသည် အမှုမထားစရာ အသေးအမွှားကိစ္စများ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ အဓိကထား လုံးပမ်းကြသည်မှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားနိုင်ရေးပင် ဖြစ်သည်။ မခေါ်ဘဲ ရောက်လာသည့် အမေရိကန်နိုင်ငံသား ဧည့်သည်တဦးကြောင့် သူတို့၏ ဆန္ဒများ အထမြောက်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို ထိန်းချုပ်နိုင်ရန်လည်း အရေးတကြီး ဆောင်ရွက် ရသေးသည်။

စစ်အစိုးရက ၎င်း၏နယ်နိမိတ်အတွင်း ရန်မီးမငြိမ်းမီ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသစ်များ တည်ဆောက်ရေးအတွက်လည်း အလုပ်ရှုပ်နေခဲ့သည်။ သူ့လိုပင် ဖယ်ကျဉ်ခံထားရသူ လူဆိုးတိုင်းပြည် မြောက်ကိုရီးယားနှင့် သဘာဝအရ မဟာမိတ်အဖြစ် အလွမ်းသင့်နေချိန်တွင် သူတို့ကို တောက်လျှောက် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သည့် အမေရိကန် ပြည်ထောင်စုထံမှ မိတ်ဆွေဖြစ်ရေး ကမ်းလှမ်းချက်အား မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်ခဲ့သည်။

မြန်မာ ပြည်သူအများစုက အမေရိကန်နိုင်ငံ၏ ခြေလှမ်းကို သတိနှင့် အကောင်းမြင် ကြိုဆိုခဲ့ကြသော်လည်း နောက်တနှစ်ကို ဟန်ဆောင်မှုများ၊ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များနှင့်သာ ဖြတ်သန်းရတော့မည် ဖြစ်သည်။ လာမည့်နှစ်တွင် မျှော်လင့်ချက် ကြီးကြီးဖြင့် စောင့်ကြိုမည့်သူမှာ အနည်းငယ်မျှသာ ရှိပေမည်။

ကမ်းမမြင်လမ်းမမြင် ပင်လယ်တွင်းက ဒုက္ခသည်များ

ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ဝင်လာသည့် လှေစီး ရိုဟင်ဂျာများကို စိစစ်နေပုံ (Photo: Royal Thai Navy)

ထိုင်းရေတပ်မတော်က ထိုင်းရေပိုင်နက်အတွင်း ခိုးဝင်လာသူ ရိုဟင်ဂျာ တထောင်ထက် မနည်းကို ပင်လယ်အတွင်းသို့ ရိက္ခာ အနည်းငယ်မျှဖြင့် နှင်ထုတ်ခဲ့သည့် သတင်း ထွက်ပေါ်လာသော ဇန်န၀ါရီလတွင် မြန်မာနိုင်ငံမှ လူနည်းစု ရိုဟင်ဂျာများ၏ အရေးသည် နိုင်ငံတကာက အထူး အာရုံစူးစိုက်စရာ ဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းစု၊ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် စသည့် ဒေသများ အနီးတွင် ရိုဟင်ဂျာလူမျိုး ရာဂဏန်းမျှကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အများစုမှာ ပင်လယ်အတွင်း သေဆုံးခဲ့သည်ဟု ယူဆခဲ့ရသည်။

ရိုဟင်ဂျာများက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လှေများဖြင့် ထွက်ခွာလာကြခြင်း ဖြစ်သည်။ အများစုက မလေးရှားနိုင်ငံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်ထားကြသည်။ သို့သော်လည်း ထိုင်းနိုင်ငံ ကမ်းစပ်များတွင်သာ သောင်တင်ခဲ့ကြသူ များသည်။

ရိုဟင်ဂျာများအရေး စည်းရုံးလှုံ့ဆော်နေသော ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သည့် အာရ်ရကန်လုပ်ငန်း စီမံချက် (Arakan Project) ၏ ၂၀၀၈ ခုနှစ် ဇွန်လ ခန့်မှန်းချက်အရ ၂ နှစ် အတွင်း ထိုင်းပင်လယ် ကမ်းခြေသို့ ရိုဟင်ဂျာ ၈,၀၀၀ ထက် မနည်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ထိုသူများသည် ရိုဟင်ဂျာလူမျိုး ဆိုသည်ထက် မြန်မာနိုင်ငံတွင် မွေးဖွားသော ဘင်္ဂါလီ လူမျိုးဟု သက်သေပြနိုင်ပါက နေရပ်ရင်း ပြန်ခွင့်ပြုမည်ဟု ပြောဆိုခဲ့သည်။

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ နေထိုင်သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တရိုးတွင် နယ်စပ်ဖြတ်ကျော်မှုကို ဟန့်တားရန်အတွက် ကီလိုမီတာ ၂၀၀ ခန့် ရှည်လျားသော သံဆူးကြိုး ကာရံလျက် ရှိနေသည်။

အပယ်ခံတို့အကြား သွေးစည်းညီညွတ်ရေး

ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်မ် ကျုတ်ဆစ်တို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတခုကို လက်မှတ်ထိုးနေပုံ

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံနှစ်နိုင်ငံတို့အကြား နီးကပ်စွာ ဆက်ဆံနေမှုကြောင့် အမေရိကန် နှင့် အရှေ့တောင် အာရှ အစိုးရများ စိတ်မသက်မသာဖြစ်ခဲ့ကြသည်။ အပယ်ခံ နှစ်နိုင်ငံ ပူးပေါင်းပြီး နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို အံတုရန် ကြံနေပြီလောဟူသော သံသယများလည်း တိုးပွားလာခဲ့သည်။

၂၀၀၉ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်နှစ်ခုကြောင့် မြန်မာ နှင့် မြောက်ကိုရီးယားသည် ဒေသတွင်း လုံခြုံရေးကိုပါ ထပ်ဆင့်ခြိမ်းခြောက်နေပြီလောဟူ၍ စိုးရိမ်လာကြသည်။

ပထမဖြစ်ရပ်မှာ ကန်နမ်-၁ (Kang Nam 1) ဟု အမည်ရသော မြောက်ကိုရီးယား ကုန်တင်သင်္ဘောအရေး ဖြစ်သည်။ ထိုသင်္ဘော သည် ဇွန်လ ၁၇ ရက်နေ့တွင် မြောက်ကိုရီးယားမှ ထွက်ခွာလာခဲ့သည်။ သင်္ဘောက မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဟု ယူဆ ခဲ့ကြသည်။ နောက်ပိုင်းတွင် တိကျသည့် အကြောင်း တစုံတရာ မရှိပါဘဲ သင်္ဘောက မြောက်ကိုရီးယားသို့ ပြန်လှည့်သွားခဲ့သည်။ သင်္ဘောတွင် တားမြစ် ပိတ်ပင်ထားသော လက်နက်များ (သို့မဟုတ်) ပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယရှိကြသည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားသင်္ဘောများကို တက်ရောက်စစ်ဆေး ရှာဖွေခွင့်ရှိသဖြင့် အမေရိကန် စစ်သင်္ဘော တစင်းက နောက်ယောင်ခံလိုက်နေခဲ့ပြီး တက်ရောက်ရှာဖွေမည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ဒုတိယဖြစ်ရပ်မှာ လျှို့ဝှက်စာရွက်စာတမ်း ၂ ခု ပေါက်ကြားမှု ဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အသေးစိတ်၊ စစ်ရေးအတွက် ဖြစ်နိုင်သော မြန်မာနိုင်ငံအတွင်း တည်ဆောက်ဆဲ လိုဏ်ဥမင် မြေအောက်လမ်းများ၏ ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ပြင်ပသို့ ပေါက်ကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်မ် ကျုတ်ဆစ်တို့ လက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ရန် သဘောတူထားကြောင်း သိခဲ့ရသည်။ မြောက် ကိုရီးယားက မြန်မာနိုင်ငံရှိ စစ်ရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုလုပ်လိမ့် မည်ဟု ဆိုသည်။ ၎င်းလုပ်ငန်းများတွင် ဒုံးကျည်များ၊ လေယာဉ်ပျံများ နှင့် စစ်သင်္ဘောများကိုပင် ၀ှက်ထားပေးနိုင်သော ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်သည်။ မြန်မာနိုင်ငံက လေကြောင်းရန် ကာကွယ်ရေးနှင့် အထူးတပ်ဖွဲ့ဆိုင်ရာ သင်တန်းများကိုပါ ရရှိ မည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များအတွက် ဘာသာစကား အပြန်အလှန် သင်ကြားရေး အစီအစဉ်များလည်း ပါရှိလိမ့်မည်ဟု ဆိုသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က လွှတ်တော် ကြားနာပွဲတခုတွင် ဤကိစ္စများနှင့် ပတ်သက်ပြီး ထွက်ဆိုခဲ့သေးသည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အပြည့်အ၀ လိုက်နာခြင်းအားဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေး သို့မဟုတ် လက်နက်ပြန့်ပွား ထုတ်လုပ်မှုနှင့် ဆက်နွယ်သော ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံက ရပ်တန့်ရန် အမေရိကန်ပြည်ထောင်စုက ဆန္ဒရှိကြောင်း ပြောဆိုခဲ့သေးသည်။

အင်းစိန်ထောင်တွင်းမှ “ပြင်ဆင်ထားသည့်” တရားရုံး

တရားခွင်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည် (သရုပ်ဖော်ပုံ- ဟန်လေး/ဧရာဝတီ)

မြန်မာစစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်ရေးအတွက် အကြောင်းပြချက်တခုကို သြဂုတ်လတွင် ရလာခဲ့သည်။ ထိုအကြောင်းပြချက်မှာ အမေရိကန်နိုင်ငံသား ဂျွန် ယက်ထော က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ခိုးဝင်ကာ နှစ်ရက်ကြာ နေထိုင်ခဲ့သည်ဟူသော အချက် ဖြစ်သည်။

ဂျွန် ယက်ထောနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်အတွင်းရှိ တရားရုံးတခုတွင် စစ်ဆေးခဲ့သည်။ ခိုးဝင် ကျူးကျော်သူ အမေရိကန်နိုင်ငံသားကို သူ၏ ရူးကြောင်ကြောင် စွန့်စားမှုအတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ "လုံခြုံရေးဥပဒေ ချိုးဖောက်မှု"ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ပြဇာတ်ဆန်သည့် အံ့အားသင့်ဖွယ် ကြားဝင်ဆောင်ရွက်မှု နှစ်ခုလည်း ပေါ်ပေါက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ဒဏ် ချမှတ်ပြီးချိန်တွင် တရားရုံး အတွင်းသို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၀င်ရောက်လာကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ထားချက်ကို နေအိမ် အကျယ်ချုပ် ၁၈ လသို့ လျှော့ချ ပေးကြောင်း ကြေညာခဲ့သည်။ တဆက် တည်းတွင် အမေရိကန်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်၏ မြန်မာပြည် ခရီးစဉ် အတွင်း ဂျွန် ယက်ထောကို ပြန်လည် လွတ်မြောက် စေရန် ဆောင်ကျဉ်းနိုင်ခဲ့ပြန်သည်။

ဂျွန် ယက်ထောက အမေရိကန်ပြည်ထောင်စုရှိ သူ့ မိသားစုရှိရာသို့ ပြန်ရောက်သွားခဲ့သည်။ သူ၏ ရန်ကုန်စွန့်စားခန်းကို စာအုပ် တအုပ် ရေးသားမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က အရင်အတိုင်း သူ၏အိမ်သို့ အကျယ်ချုပ်အဖြစ် ပြန်ရောက်သွားခဲ့ ရသည်။ ထိုနေအိမ်တွင် သူအကျယ်ချုပ်နေထိုင်ခဲ့ရသော ကာလသည် နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်ကြာခဲ့ပြီး ဖြစ်သည်။

ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်

သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း လွတ်မြောက်ရာ ထွက်ပြေးကြရသည့် ကိုးကန့်ဒေသမှ အရပ်သားများ (ဓာတ်ပုံ - ရိုက်တာ)

အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အားလုံးကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်း၍ မြန်မာ့ တပ်မတော်၏ အုပ်ချုပ်မှုအောက်၌ ထားရှိရေး ညွှန်ကြားချက်သည် ပြီးခဲ့သော ဧပြီလတွင် ထွက်ပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ အပစ်ရပ် တိုင်းရင်း သား အဖွဲ့များနှင့် စစ်အစိုးရအကြား ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။ တင်းမာမှုများ တဖန် ဖြစ်ပေါ်လာပြန်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် နှင့် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပါအ၀င် စစ်ဗိုလ်ချုပ်များက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ ခြေဆန့်၊ ခရီး ထွက်ပြီး တရုတ် - မြန်မာ နယ်စပ် အခြေစိုက် ကချင်၊ ကိုးကန့်၊ ရှမ်း၊ ၀ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်၌ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ထည့်သွင်းထားရှိရန် အစီအစဉ်ကို ဗိုလ်ချုပ်ကြီးများက ရှင်းပြခဲ့ကြသည်။

၎င်းအစီအစဉ်အရ နယ်ခြားစောင့်တပ်ရင်းတခုတွင် အင်အား ၃၂၆ ဦး ပါဝင်မည် ဖြစ်သည်။ တပ်ရင်းတခုလျှင် ဗိုလ်မှူး အဆင့်ရှိ တပ်မှူး ၃ ဦး ပါဝင်မည်ဖြစ်ရာ ၂ ဦးက တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများထံမှ ဖြစ်မည်။ နေ့စဉ် စီမံခန့်ခွဲမှု ကိစ္စများကို စီစဉ် မည့် ကျန်တဦးက မြန်မာ့တပ်မတော်က ဖြစ်မည်ဟု ဆိုသည်။ စစ်ဦးစီး အရာရှိနှင့် တပ်ထောက်အရာရှိများကဲ့သို့သော အဓိက တာဝန်များကိုလည်း ခွဲအရာခံဗိုလ်၊ တပ်ကြပ်ကြီးများ၊ ရုံး စာရေးများနှင့် သူနာပြုများ ကဲ့သို့သော ပြန်တမ်းဝင်အရာရှိ မဟုတ်သည့် အရာရှိ ၂၇ ဦးနှင့်အတူ တပ်မတော်အရာရှိများက သွားရောက်ပူးပေါင်း တာဝန်ယူလိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးက ၎င်းတို့၏နယ်မြေအတွင်းတွင်သာ လှုပ်ရှားသွားလာရမည်ဖြစ်သည်။ လစာနှင့် အကျိုး ခံစားခွင့် များ ကိုလည်း တပ်မတော်က ထောက်ပံ့ပေးမည် ဖြစ်သည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA)၊ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့က အသွင်ကူးပြောင်းရေး အစီအစဉ်ကို သဘောတူခဲ့သည်။

အသွင်ပြောင်းရေးကို လိုက်နာလာစေရေးအတွက် စစ်အစိုးရက ကိုးကန့် တိုင်းရင်းသားအုပ်စုကို ပထမဆုံး ဖိအားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုးကန့်တပ်ဖွဲ့များက လောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်းများ အပါအ၀င် တရားမ၀င်လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု စွပ်စွဲပြီး ဝင်ရောက် တိုက်ခိုက်လိုက်သည်။

စစ်အစိုးရ၏ အခြေခံဥပဒေ အခန်း ၇၊ ပုဒ်မ ၃၃၈ "တပ်မတော်" ကဏ္ဍအောက်တွင် "နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်း အားလုံးသည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်" ဟု ဖေါ်ပြထားသည်။

ထို့ကြောင့် အသွင်ပြောင်းရေး အစီအစဉ်ကို ငြင်းဆန်နေသည့် အပစ်ရပ်အဖွဲ့များသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်ခံခြင်း မရှိသေးဟု ယူဆနိုင်ကြောင်း အများစုက အဓိပ္ပာယ် ဖွင့်ခဲ့ကြသည်။

စစ်အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား စိတ်စမ်းပွဲက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် လများအတွင်း အပြီးသတ် အဖြေထွက်လာနိုင်ချေ ရှိနေသည်။

သွေးစွန်းသည့် အခွင့်အရေးသမားများ

ဗိုလ်မှူးကြီး ချစ်သူ

ဇွန်လတွင် မြန်စာစစ်အစိုးရ တပ်ဖွဲ့များနှင့် မဟာမိတ်ဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့က ၎င်းတို့၏ အဓိက ရန်သူဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ထံမှ စစ်စခန်း သုံးခုကို သိမ်းယူခဲ့ကြသည်။ ယင်းထိုးစစ်ကြောင့် ဆယ်စုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်သို့ ဒုက္ခသည်များ အလုံးအရင်း ဖြင့် ထွက်ပြေးခိုလှုံကြရသည်။ ကရင်ဒုက္ခသည် ၄,၅၀၀ ခန့် ထွက်ပြေးခဲ့ရသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ခွဲထွက်လာခဲ့သည့်အချိန်နှင့် ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက်ချုပ်ဆိုခဲ့သည့်အချိန်မှစ၍ DKBA အဖွဲ့က နယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည် စခန်းများစွာကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် KNU အဖွဲ့ ခေါင်းဆောင် ဖဒိုမန်းရှာကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ သူ၏နေအိမ် တွင် လုပ်ကြံမှု၌လည်း DKBA က ပါဝင်ပတ်သက်နေခဲ့သည်။

DKBA တပ်ဖွဲ့များ တပ်စစ်ဆေးမှုခံယူနေစဉ် (ဓာတ်ပုံ - ရှားဖောင်/ဧရာဝတီ)

DKBA အဖွဲ့တွင် သြဇာအရှိဆုံးဖြစ်သူ (၉၉၉) တပ်ရင်းမှူး ဗိုလ်မှူးကြီးချစ်သူက နောက်ဆုံးဖြစ်ပွားခဲ့သည့် (KNLA) ၏ တပ်မဟာ (၇) ထိုးစစ်အပေါ်ကို အမိန့်ပေးခဲ့သည်ဟု လေ့လာသူအများစုက ယုံကြည်ကြနေကြသည်။ ဗိုလ်မှူးကြီး ချစ်သူ က မြန်မာစစ်တပ် ထိပ်တန်းအရာရှိများနှင့် အနီးစပ်ဆုံး ရှိသူဟု ပြောဆိုနေကြပြီး ယင်းထိုးစစ်ကို ဦးဆောင်ရန်အတွက် စစ်အစိုးရကသူ့ကို မြိုးမြိုးမြက်မြက် အကျိုးအမြတ် ပေးခဲ့သည်ဟုလည်း ဆိုကြသည်။

သို့သော်လည်း DKBA အဖွဲ့အတွင်း ပဋိပက္ခများလည်း ကြီးထွားလာနေသည်။ အဖွဲ့ခေါင်းဆောင်ပိုင်းက သစ်ထုတ်လုပ်ငန်း၊ သတ္ထုတူးဖေါ်ရေးလုပ်ငန်းနှင့် ရရှိလာသော နေရာသစ်များတွင် စက်ရုံဆောက်လုပ်ရေးလုပ်ငန်းများ စသည့် စီးပွားရေး လုပ်ငန်းများအပေါ် အားပြိုင်မှုကြီးထွားလာနေသည့် သတင်းများလည်း ထွက်ပေါ်လာသည်။ နောက်ထပ် DKBA တပ်ရင်းမှူး တဦး ဖြစ်သော ဗိုလ်ဆန်ပြုတ် (၀ါ) စိုးမြင့်ကို သတ်ရာတွင် ဗိုလ်ချစ်သူ ပါဝင်နိုင်သည်ဟု အတွင်းသတင်း များ က ခန့်မှန်းနေကြသည်။ ဗိုလ်ဆန်ပြုတ်က ဇွန်လအတွင်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ပေါ်တွင် စက်လှေဖြင့်ခရီး သွားနေစဉ် လက်နက်ကိုင်လူတစု၏ ချောင်းမြောင်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ကိုးကန့် ပဋိပက္ခ (သို့မဟုတ်) တိုင်းရင်းသား သူပုန်ထမှု နိဂုံး၏ အစပေလော

ဖုန်ကြားရှင်

မြန်မာစစ်အစိုးရ တပ်ဖွဲ့များနှင့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟု လူသိများ သော ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်အကြား တိုက်ခိုက်မှုများ ထွက်ပေါ်လာပြီးနောက် သြဂုတ်လတွင် ဒုက္ခ သည်ပေါင်း ၃၇,၀၀၀ ခန့်သည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တရုတ်နယ်စပ်မြို့များဖြစ်သော နန်ဆန်နှင့် ဂန်မာမြို့များသို့ ထွက်ပြေးခဲ့ကြရသည်။

သြဂုတ်လ ၈ ရက်နေ့တွင် တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။ စစ်အစိုးရတပ်များက ကိုးကန့်တိုင်းရင်းသား ခေါင်း ဆောင်ဖုန်ကြားရှင်၏ အိမ်တွင် မူးယစ်ဆေးဝါးနှင့် ဥပဒေမဲ့ လက်နက်များ ရှာဖွေမည်ဟုဆိုကာ အိမ်ကို ၀င်ရောက်စီးနင်း ခဲ့ကြသည်။ ဖုန်ကြားရှင်က ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသအတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့သည်ဟု ဆိုသည်။ သူက မြန်မာစစ်အစိုးရ တပ်ဖွဲ့များ ရုပ်သိမ်းသွားစေရန်နှင့် နိုင်ငံရေးအရ အဖြေရှာရန် တိုက်တွန်း ထားသော ထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။ တုံ့ပြန်ချက်အဖြစ် မြန်မာစစ်အာဏာပိုင်များက ဖုန်ကြားရှင်နှင့် သူ့ ကို ထောက်ခံသူများကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး (MNDAA) ခွဲထွက်သူ အရာရှိများကို သူ၏နေရာတွင် အစားထိုး ခန့်အပ်ခဲ့ သည်။

ကိုးကန့်မြို့တော်ဖြစ်သော လောင်ကိုင်မြို့သည် သြဂုတ်လ၂၄ ရက်နေ့တွင် စစ်အစိုးရ လက်အတွင်းသို့ ကျရောက်ခဲ့ရ သည်။ ဤသို့နှင့် အနှစ် ၂၀ ကြာ အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြားခဲ့ရတော့ သည်။ MNDAA က ခြုံခိုတိုက်ခိုက်မှုများ စွာဖြင့် ပြန်၍ တိုက်ခိုက်ခဲ့သော်လည်း ၃ ရက်အတွင်း ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) ကျော် တရုတ်နိုင်ငံသို့ ထွက်ပြေးကာ အများစုက တရုတ်တပ်မတော်ထံသို့ လက်နက်ချခဲ့ကြသည်။

တိုက်ခိုက်မှုများအတွင်း ၎င်းတို့၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများကို အစိုးရတပ်ဖွဲ့များက ဖျက်ဆီး၊ လုယူခဲ့ကြသည်ဟု ဒုက္ခသည် အများစုက တိုင်တန်းခဲ့ကြသည်။ ဒုက္ခသည်များအနက် တချို့မှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။ ယူနန်ခရိုင် အနောက်တောင်ဘက်ခြမ်းရှိ နယ်စပ်မြို့တမြို့ဖြစ်သော လင်စန်းမြို့ရှိ တရုတ်အာဏာပိုင်များက ထိုးစစ်အတွင်း ဆုံးရှုံးခဲ့ရ သော ပစ္စည်းများအတွက် မြန်မာစစ်အစိုးရကို ယွမ်သန်းပေါင်း ၂၈၀ ပေးလျော်ရန် တောင်းဆိုခဲ့ကြသည်။

ဘေဂျင်းရှိ တရုတ်အစိုးရကလည်း တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ် ပွားစေရန် မြန်မာအစိုးရထံ တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အမေရိကန်အစိုးရက ပြန်လည်စဉ်းစားခြင်း

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား (ဓာတ်ပုံ - AFP)

သမ္မတဘာရက်အိုဘားမား၏ အမေရိကန် အစိုးရသစ်က ယခင်အစိုးရ ကျင့်သုံးခဲ့သော တင်းမာသည့် ချဉ်းကပ်ပုံ နည်းနာ သည် မြန်မာစစ်အစိုးရအပေါ်တွင် သြဇာညောင်းနိုင်ခြင်း မရှိဟု ကောက်ချက်ချပြီးနောက် ၂၀၀၉ ခုနှစ်တွင် အဓိက ကျသည့် မြန်မာနိုင်ငံရေးရာ မူဝါဒပြန်လည်သုံးသပ်မှု တခုကို စတင်ဆောင်ရွက်ခဲ့သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး တချိန်တည်းတွင်လည်း မြန်မာ စစ်ခေါင်းဆောင်များနှင့် အဆင့်မြင့်ဆက်ဆံမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။ နိုင်ငံတကာလူဆိုးများဟု အမေရိကန်နိုင်ငံက သတ်မှတ်ထား သည့် နိုင်ငံများနှင့် စကားပြောမည်ဟူသော သမ္မတအိုဘားမား၏ မူဝါဒနှင့်လည်း တသားတည်း ဖြစ်သည်။

ထိုမူဝါဒအပြောင်းအလဲက ပြီးခဲ့သည့် စက်တင်ဘာလ နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာ ခံ အစည်းအဝေးနှင့်ယှဉ်လျှက် ထွက်ပေါ်လာခဲ့သည်။ ယင်းညီလာခံ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင် တန် က ၀ါရှင်တန်အစိုးရအနေနှင့် "တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနှင့် ဆက်လက်ပြစ်ဒဏ်ခတ် အရေးယူရေးသည့် နည်းလမ်း နှစ်ခုစလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း" ထုတ်ဖေါ်ကြေညာခဲ့သည်။

၎င်းထုတ်ပြန်ကြေညာချက်အပြီး မရှေးမနှောင်းမှာပင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်သော အမေရိကန်အရာရှိများက ယခင်က အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲများတွင် အာရုံစိုက် ဆွေးနွေးခဲ့ကြသည့် အချက်များ၌ နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို ရပ်တန့်သွားစေရေး နည်းလမ်များ၊ နေပြည်တော်နှင့် မြောက်ကိုရီးယားအကြား စစ်ရေးထိစပ်မှုများကို ရပ်တန့်ရန် နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့စစ်မျက်နှာတွင် တာဝန် ထမ်းဆောင်ရင်း ပျောက်ဆုံးသွားသူများအဖြစ် သတ်မှတ်ထားသော အမေရိကန်နိုင်ငံသား ၀န်ထမ်းများ၏ ရုပ်ကြွင်းများကို ပြန်လည်ရှာဖွေရေးကိစ္စများ ပါဝင်ခဲ့သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အမေရိကန် သံကိုယ်စားလှယ် ကာ့တ် ကမ်းဘဲလ် (ဓာတ်ပုံ - AFP)

နိုဝင်ဘာလ အစောပိုင်းတွင် မစ္စတာ ကမ်းဘဲလ် ဦးဆောင်သော အချက်အလက်ရှာဖွေရေး ခရီးစဉ်တခု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် စစ်အစိုးရအရာရှိများနှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်။ ကမ်းဘဲလ်နှင့် သူ၏ လက်ထောက် စကော့ မာရှယ် တို့က ၁၉၉၅ ခုနှစ်မှ စ၍ကြည့်လျှင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရ အရာရှိများ ဖြစ်သည်။ ထိုမတိုင်ခင် က အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆင် နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ မက်ဒလင်း အောလ်ဘရိုက် တို့က ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ် လာစေရေး တိုက်တွန်းရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

အမေရိကန်နိုင်ငံ အနေနှင့် "ဆက်ဆံရေးများတိုးမြှင့်ရန်အတွက် လိုအပ်သော လုပ်ဆောင်ချက်များပြုရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ထိုလုပ်ငန်းစဉ်သည် အပြန်အလှန် အပေးအယူ လုပ်ဆောင်မှုများနှင့် မြန်မာအစိုးရ၏ ခိုင်မာသော အားထုတ်မှုများအပေါ်တွင် အခြေခံရလိမ့်မည်" ဟု မစ္စတာ ကမ်းဘဲလ်က မြန်မာအရာရှိများကို ပြောကြားခဲ့သည်။

နိုဝင်ဘာလအကုန်ပိုင်း စင်ကာပူ၌ကျင်းပသော အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း၏ ထိပ် သီး ဆွေးနွေးပွဲသို့ သမ္မတ အိုဘားမား တက်ရောက်သောအခါတွင် အမေရိကန်-မြန်မာဆက်ဆံမှု ကိစ္စများသည် အကြီး အကျယ် ပြောင်းလဲသွားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာ၌ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။

အမေရိကန်-အာဆီယံအဖွဲ့ ပူးတွဲထုတ်ပြန် ကြေညာချက်တွင် အစည်းအဝေးတက်ရောက်သူများက မြန်မာစစ်အစိုးရသည် "ကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းက အသိအမှတ်ပြုစေရန်အလို့ငှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတစွာ အင်အားစု အားလုံး ပါဝင်နိုင်သော၊ ပွင့်လင်းမြင်သာသည့် ပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်ရမည်" ဟု တိုက်တွန်းပြောဆိုခဲ့ကြသည်။

သို့ သော် ၎င်းထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဟူသော စကားလုံး ဖော်ပြချက် တလုံးတပါဒမှ ထည့်သွင်းထားခြင်း မရှိခဲ့ပေ။ အမေရိကန်နိုင်ငံနှင် အာဆီယံအဖွဲ့ အကြား မြန်မာအစိုးရကို မည်သို့ကိုင်တွယ် ဆက်ဆံရမည်နှင့် ပတ်သက်၍ မတူညီသောအမြင်များ ရှိနေသေးကြောင်း ဖော်ပြချက် လက္ခဏာ တရပ်အဖြစ်လည်း ရှုမြင်နေကြသည်။ ။