Monday, January 18, 2010

အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်


အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်

ဇင်လင်း

၁၈ ဇန်န၀ါရီ ၂၀၁၀

“စီးပွားရေးအခက်အခဲများသည် အလုပ်သမားဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းတရပ်ဖြစ်ပါသည်။”
(၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင် အစီရင်ခံစာ)

၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် (လစာနှုန်းထား ၁၅,၀၀၀ ကျပ် မှ ၁၉၀,၀၀၀ ကျပ် အကြား ရရှိကြသော) အရပ်ဘက် အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးမည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးရုံး ၀န်ကြီး ဗိုလ်ချုပ်လှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုသို့ တရားဝင် သတင်းထုတ်ပြန်မှုမရှိ။ ကုန်ဈေးနှုန်း အဆမတန်တက်မှုကြောင့် လခစားဝန်ထမ်းများ ဒုက္ခရောက်နေချိန်တွင် ယခုကဲ့သို့ လစာတိုးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၉ ဒီဇင်ဘာလအတွင်းမှာပင် ကုန်ဈေးနှုန်းဒဏ်မခံနိုင်၍ တပ်မ (၆၆) နှင့် (၇၇) တို့ အမိန့်မနာခံဘဲ ဆန္ဒပြမှုဖြစ်ခဲ့သေးသည်။ ထိုသို့ ပြဿနာပေါ်ပြီးနောက် လစာတိုးသည့် ဆောင်ရွက်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း အလားတူ စီးပွားရေးကျပ်တည်းမှုပြဿနာကြောင့် လစာတိုးပေးခဲ့ရသည်။ ထိုစဉ်က လစာငွေ မလောက်ငသည့်အကြားမှ ၀န်ထမ်းများအား အတင်းအဓမ္မ နေပြည်တော်သို့ ပြောင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်မှုကို ငြိမ်သွားအောင် လစာတိုးပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိခဲ့သည်။ သို့သော် ထိုစဉ်က စက်ရုံအလုပ်ရုံ အတော်များများတွင် အလုပ်သမားများ လုပ်ခလစာ နည်းလွန်းခြင်းကြောင့် မကျေနပ်မှုများ ပေါ်နေချိန်ဖြစ်သည်။ ထိုစဉ်က စက်ရုံများတွင် လုပ်ခတိုးတောင်းသည့် ပြဿနာများကို တိုးတိုးကျိတ်ကျိတ် ဖြေရှင်းခဲ့ရသည်။

ထိုစဉ်က (၂၀၀၆ မေလမှ သြဂုတ်လအတွင်း) ရရှိသည့် ပြည်တွင်းသတင်း အချက်အလက်အချို့အရ စက်မှုဇုန်များတွင် အလုပ်သမားမကျေနပ်မှုပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။ သတင်းများအရ အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံအလုပ်သမားများကိုမူ လုပ်ခတိုးမပေးခဲ့သဖြင့် အလုပ်သမားဆန္ဒပြမှု ပြဿနာ ပေါ်ခဲ့ရသည်ဟု သိရသည်။ ထိုစဉ်က လက်လှမ်းမီသမျှ သတင်းအချက်အလက်အချို့ကို အောက်ပါအတိုင်းတွေ့ရသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၂) ရက် - ကိုရီးယားအလုပ်ရှင်ပိုင်သည့် Myanmar Hae Wae Co. Ltd. စက်ရုံတွင် အလုပ်သမား (၉၀၀) ကျော် လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှုဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၉) ရက် - လှိုင်သာယာစက်မှုဇုန် (၂) တွင်းသင်းအတွင်းဝန် ဦးထွန်းညိုလမ်းရှိ Cho Cho Co.Ltd. စက်ရုံမှ အလုပ်သမား (၂၀၀) ကျော် လုပ်ခတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ စက်ရုံမှ ဆန်, ဆီ, အခြေခံစားကုန် ရောင်းချပေးရေးတို့အတွက် ဆန္ဒပြတောင်းဆိုသည်။

♦ မေလအတွင်းမှာပင် လှိုင်သာယာစက်မှုဇုန် (၂) ဦးရွှေအိုးလမ်း MP အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

♦ အလားတူ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ ထောက်ကြံ့ရှိ ကိုရီးယားအလုပ်ရှင်ပိုင်သည့် SEGYE အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ SEGYE စက်ရုံအနီးရှိ၊ Daewoo Co.Ltd. ပိုင် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၂,၀၀၀) ကျော် ဆန္ဒပြမှု ဖြစ်ပွားသည်။ လုပ်ခတိုးမြှင့်ရေး၊ အလုပ်ချိန် (၈) နာရီသတ်မှတ်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ နာမကျန်းခွင့်ရရှိရေးများ တောင်းဆိုသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လအတွင်း၊ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ (၁၄) ရုံ (အထည်ချုပ်စက်ရုံ ၈-ခု အပါအ၀င်) လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ အလားတူ လုပ်ခတိုးမြှင့်ရေးဆန္ဒပြမှု သာကေတစက်မှုဇုန် KSS စက်ရုံ၌ ဖြစ်ပွားသည်။

♦ ဦးတေဇပိုင်သည့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

♦ တောင်ဥက္ကလာ၊ မြင်သာ (၁၄) ရပ်ကွက် နှင်းဆီလမ်းရှိ မလေးရှားနှင့် ဖက်စပ်ကုမ္ပဏီ PW &GG ပိုင် ပရိဘောဂ စက်ရုံတွင်လည်း အလားတူ လုပ်ခတိုးမြှင့်ရရှိရေး ဆန္ဒပြမှုပေါ်ပေါက်ခဲ့သည်။

♦ အမှတ် (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ အမှတ် (၁) ပလတ်စတစ်စက်ရုံ (မြောက်ဥက္ကလာပ) နှင့် ပီနန်အိတ်ထုတ်လုပ်စက်ရုံများတွင်လည်း အလုပ်သမားများ အရေးဆိုမှုများရှိခဲ့သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင် အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံ အလုပ်သမားများအား လုပ်ခတိုးမပေးခဲ့။ ထို့ပြင် ကုန်ကြမ်းဈေးမြင့်တက်၊ ဈေးကွက်တောင်းဆိုမှု ကျဆင်းသဖြင့် စက်ရုံများတွင် အလုပ်သမားလျှော့ချလိုခြင်းများ ရှိလာသည်။ စက်ရုံက အလုပ်သမားကို အလုပ်ဖြုတ်လိုလျှင် (၃) လစာ ပေးရမည်ဖြစ်၍ အလုပ်မဖြုတ်။ အချိန်ပိုမလုပ်ရသဖြင့် အခြေခံလစာသက်သက်ဖြင့် အလုပ်သမားမှာ မလောက်င။ နောက်ဆုံး အခြေအနေ ဆိုးလာသောအခါ အလုပ်သမားများ ကိုယ့်သဘောနှင့်ကိုယ် အလုပ်ထွက်ကြရသည်။

စစ်အစိုးရသည် ၁၉၉၀ လောက်မှစ၍ ဈေးကွက်စီးပွားရေးဟု ကြွေးကြော်သော်လည်း အလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေးခြင်းမရှိသည့်အပြင် အလုပ်သမား ပြဿနာပေါ်တိုင်း အလုပ်ရှင်ဘက်မှသာရပ်ခဲ့သည်။ အလုပ်ရှင်များအား အကာအကွယ် ပေးခဲ့သည်။ စစ်အစိုးရက အလုပ်ရှင်များကိုယ်စားပြု ‘စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း’၊ ‘ကုန်ထုတ်လုပ်သူများအသင်း’၊ ‘ဆန်စက်ပိုင်ရှင်များအသင်း’ အစရှိသော အလုပ်ရှင်အကျိုးစီးပွား အကာအကွယ်ပေးသည့် အသင်းအဖွဲ့များ ဖွဲ့ခွင့်ပြုသော်လည်း အလုပ်သမားသမဂ္ဂများကိုမူ ဖွဲ့စည်းခွင့်မပေးချေ။ ထို့ပြင် အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခများ ဖြေရှင်းရေးတွင် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်း၊ မူဝါဒ စသည်ဖြင့် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိပေ။ အလုပ်ရှင်များက ငွေကြေးအင်အားဖြင့် အာဏာပိုင်တို့ကို လာဘ်ထိုးကာ အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ပိတ်ပင် အနိုင်ယူလေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ အလုပ်ရှင်များကမူ အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ အလုပ်သမားများကို ဖိနှိပ်၍ သူတို့အကျိုးအမြတ် တိုးပွားအောင်လုပ်နေကြသည်။

‘စက်မှုဇုန် စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ’ များ ဖွဲ့ထားသော်လည်း မှန်မှန်ကန်ကန် တာဝန်ထမ်းခြင်းမရှိ။ ကော်မတီဝင်များက ထုံးစံအတိုင်း လာဘ်စားကာ တကယ့်ပြဿနာများကို ဖုံးဖိထားကြသဖြင့် အလုပ်ရှင်များအား စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခွင့်၊ ထင်သလိုခြယ်လှယ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာပိုင်များက အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပိတ်ပင်ထားသဖြင့် အလုပ်သမားများ မိမိတို့အခွင့်အရေး နစ်နာဆုံးရှုံးချက်များကို စနစ်တကျ တောင်းဆိုနိုင်ခြင်းမရှိသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။

လက်လှမ်းမှီသမျှ ပြည်တွင်း စက်ရုံအလုပ်ရုံ အလုပ်သမားဆန္ဒပြမှုပေါင်း (၄၀) ခန့်မှ တောင်းဆိုချက်များအား အကြမ်းဖျင်းလေ့လာရာတွင် ယေဘုယျတူညီချက်များကို အောက်ပါအတိုင်းတွေ့ရသည်။

- တရက် ပုံမှန်အလုပ်ချိန် (၈)နာရီဖြစ်သော်လည်း နေ့စဉ် နာရီစုစုပေါင်း (၁၀) မှ (၁၂) နာရီ အလုပ်လုပ်ရခြင်း။

- နေ့ကြီးရက်ကြီးများ အပါအ၀င် နားရက်လုံးဝမရှိ အလုပ်လုပ်ရသော်လည်း အချိန်ပိုလုပ်ခ အပြည့်မရရှိကြခြင်း။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရပြီး နောက်တနေ့ နားရက်မရဘဲ အလုပ်ဆက်ဆင်းရခြင်း။

- ဖျားနာလျှင် ခွင့်မရသည့်အပြင် ပျက်ရက်အတွက် လစာမှ ဖြတ်တောက်ခြင်း။

- ဖျားနာလျက်နှင့် အလုပ်ဆင်းရသဖြင့် အလုပ်ခွင် မတော်တဆထိခိုက်မှုများ ဖြစ်သောအခါ ဆေးဝါးကုသမပေးခြင်း။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစိုးရတာဝန်ရှိသူများက စက်ရုံအလုပ်ရုံများကို ပုံမှန်စစ်ဆေးမှုမရှိခြင်း။

- စက်ရုံက စစ်ဆေးမည့်သူများအား လာဘ်ပေးထားသဖြင့် စစ်ဆေးမှုမရှိ၍ အလုပ်ခွင် ဘေးကင်းလုံခြုံမှုမရှိခြင်း။

- အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများအား အထူးအခွင့်အရေးပေးကာ အလုပ်သမားကို အကျဉ်းသားများသဖွယ် စည်းကမ်းတင်းကျပ်ထားခြင်း။

- အလုပ်ရုံကြီးကြပ်သူများ၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့် အိမ်ပြန်ခွင့်မပြုခြင်း၊ အလုပ်ရုံအတွင်း အစာစားခြင်း၊ စကားပြောခြင်း၊ လူမှုရေးအရ အကူအညီပေးခြင်းများ မလုပ်ရ၊ လုပ်ပါက ပြစ်ဒဏ်သတ်မှတ် လုပ်ခဖြတ်တောက်ခံရခြင်း။

- ထို့ကြောင့် အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများ၏ အပြစ်ရှာဖိနှိပ်မှုများခံရခြင်း၊ မိမိတို့ ပြစ်ဒဏ်မလုပ်ဘဲ လုပ်သည်ဟု ရေးမှတ်ကာ လုပ်ခအဖြတ်ခံရခြင်း။

- သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုစံချိန်ပြည့်မီလျှင် အလုပ်သမားများအား ဆုကြေးအပိုဆောင်းငွေ ပေးမည်ဟု မက်လုံးပေးထားပြီး လက်တွေ့တွင် ကုန်ထုတ်စံချိန် ပြည့်မီသော်လည်း ယင်းအပိုဆောင်းငွေကို မပေးခြင်း။

- သာရေး၊ နာရေး၊ လူမှုရေးကိစ္စအတွက် တနင်္ဂနွေနေ့ အလုပ်အနားယူပါက ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မပေးခြင်း။ … စသည်ဖြင့် တွေ့ရသည်။

ထိုစက်ရုံအလုပ်ရုံ ဆန္ဒပြတောင်းဆိုကြရာတွင် ယေဘုယျတောင်းဆိုချက်များကို အောက်ပါအတိုင်း တွေ့ရသည်။

- အလုပ်ချိန် တနေ့ (၈) နာရီ သတ်မှတ်ရေး။

- ကုန်ဈေးနှုန်းနှင့် ဆီလျော်စွာ လုပ်ခတိုးမြှင့်ပေးရေး။

- အချိန်ပိုလုပ်ခ အပြည့်အ၀ရရှိရေး။

- အချိန်ပိုဆင်း အလုပ်သမားများအား ကြိုပို့ယာဉ် (Ferry Bus) စီစဉ်ပေးရေး။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရလျှင် နောက်နေ့ အနားပေးရေး။

- တရားဝင် အစိုးရရုံးပိတ်ရက်များတွင် အလုပ်နားရက်အဖြစ် သတ်မှတ်ပေးရေး။

- တနင်္ဂနွေနေ့ကို အလုပ်နားရက် သတ်မှတ်ပေးရေး (သို့မဟုတ်) သီတင်းတပတ်လျှင် (၁) ရက် နားခွင့်ပေးရေး။

- ဖျားနာခွင့်ပေးရေးနှင့် ဆေးဝါးကုသမှု တာဝန်ယူရေး။

- ဖျားနာ၍ အလုပ်မဆင်းနိုင်သူ ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မဖြတ်တောက်ရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် အနာတရဖြစ်လျှင် ဆေးဝါးကုသမှု တာဝန်ယူရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းထိခိုက်လျှင် လျော်ကြေးရရှိရေး။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစီအမံများ ထားရှိရေး။

- အလုပ်ရုံစက်ရုံကြီးကြပ်သူများ၊ လုံခြုံရေးဝန်ထမ်းများက အလုပ်သမားများအား ရိုင်းပျစွာဆက်ဆံမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုများ မပြုရေး။ … စသည်ဖြင့် အကြမ်းဖျင်းတွေ့ရှိရပါသည်။

ယခုလည်း အရပ်ဘက်အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ်စီ တိုးမြှင့်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကုန်ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။ ‘လစာတိုးပေးခြင်း’ သည် ‘ဆေးမြီးတို’ မျှသာဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို ဆက်လက်ခံကြရတော့မည်။ အကျိုးဆက်အဖြစ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတရုံမှ အလုပ်သမား (၁၀၀) ခန့်သည် ဇန်န၀ါရီ (၇) ရက်နေ့က ‘လုပ်ခလစာတိုးရေး’ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါစက်ရုံတွင် ထိုနေ့ နံနက် (၈) နာရီခန့်က အမျိုးသမီး (၁၀၀) ခန့် ဦးဆောင်၍ အချက် (၁၀) ချက်ပါသော အလုပ်သမားအခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အမျိုးသမီးများက ဆန္ဒပြတောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည်။ ဆန္ဒပြရသည့် အဓိကအကြောင်းရင်းမှာ လစာငွေနည်းပါး၍ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုကြောင့်ဖြစ်သည်။

အလားတူ ယခုလမှာပင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၃) ရှိ မလေးရှားအလုပ်ရှင်ပိုင် Wong Houng Hand အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၁,၃၀၀) ကျော် ဆန္ဒပြမှုဖြစ်ခဲ့သည်။ အခြေခံအလုပ်သမားအခွင့်အရေး တောင်းဆိုချက် (၁၂) ချက် တောင်းထားသော်လည်း အခြေအနေမှာ မထူးခြားသေး စောင့်ကြည့်နေဆဲဟု အလုပ်သမားများက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံအလုပ်သမားတဦးလျှင် အခြေခံလစာငွေ ကျပ် (၂) သောင်းမှ အမြင့်ဆုံး (၄) သောင်းအထိသာ ရရှိရာ အလုပ်သမားများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုရှိသောကြောင့် အိုဗာတိုင်ကြေးရရန် အချိန်ပိုဆင်းကြရသည်။

ထို့အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု မရရှိကြသော အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူ အလုပ်ထုတ်ခံကြရမှုများရှိသည်။ အလုပ်သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်းမရှိသည်က များသည်။

တည်ဆဲ အလုပ်သမားဥပဒေများအရ တနေ့လျှင် အလုပ်ချိန် (၈) နာရီ၊ တပတ်လျှင် (၄၄) နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ (၂) ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး ဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းအကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်ရုံစက်ရုံများသည် အဆိုပါဥပဒေများကို လိုက်နာခြင်းမရှိကြပေ။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ်ရှိနေသည်ဟု အလုပ်သမားအရေး အကဲခတ်များက ထင်မြင်ယူဆကြသည်။ ‘၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမားအက်ဥပဒေ’ ပြင်ဆင်ချက်အရ တဆက်တည်း လုပ်သက် (၁၂) လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် (၁ဝ) ရက်၊ ရှောင်တခင်ခွင့် (၆) ရက်၊ ဆေးခွင့် (၃၀) ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ဥပဒေမှာ ပြဋ္ဌာန်းထားသော်လည်း များသောအားဖြင့် ထိုခွင့်ရက်များကို အလုပ်သမားများ မခံစားကြရဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတို့က ဆိုသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအလုပ်သမားများ၏ လတ်တလောအခြေအနေကိုကြည့်လျှင် တိုးတက်ကောင်းမွန်လာသည်ကို မတွေ့ရှိရ။ ဤသို့ဖြစ်ရသည်မှာ အလုပ်သမားထုအတွင်း အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် တရားဝင် အလုပ်သမားသမဂ္ဂများ မရှိသောကြောင့် ဖြစ်သည်။ စစ်အာဏာရှင်စနစ်က တရားဝင် အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မပေးချေ။ နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ (ဂ) တွင်လည်း ̏ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်˝ ဟု ဆိုသည်။ သို့သော် ထိုဥပဒေတို့ကို စစ်ဗိုလ်များကသာ အနက်ဖွင့်ဆိုမည်ဖြစ်၍ အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မရနိုင်ချေ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း အလုပ်သမားရပိုင်ခွင့်ကို အာမခံမည်မဟုတ်ပေ။
ထို့ကြောင့် အလုပ်သမားအခွင့်အရေးကို အလုပ်သမားတို့ကိုယ်တိုင်သာ ကာကွယ်ဖို့ ကြိုးစားကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများကို အလုပ်သမားကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်ဖြေရှင်းခွင့် မရသရွေ့ အလုပ်သမားတိုက်ပွဲများကား ဆက်လက်ဖြစ်ပွားနေပေမည်။ သို့ဆိုလျှင် တိုက်ပွဲရည်မှန်းချက်အောင်မြင်ရေးအတွက် ကျယ်ပြန့်သော အလုပ်သမားသမဂ္ဂကွန်ရက်များ ရှိဖို့လိုပါသည်။ အလုပ်သမားများကိုယ်တိုင် စနစ်ကျနသော မြေအောက်အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်ကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးများကို အလုပ်သမားသမဂ္ဂများကသာ အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ။

http://www.khitpyaing.org/articles/2010/January/18110.php


0 အကြံပြုခြင်း: