Saturday, February 20, 2010

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဦးနု

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ချစ်သူတွေ ပျော်ရွှင်ကြတဲ့ နေ့ ဖြစ်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ၀န်ကြီးချုပ် ဟောင်း ဦးနု ဟာ ကမ္ဘာမြေကို အပြီးတိုင် နှုတ်ဆက်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

ဦးနုဟာ ၁၉၃၅ ခုနှစ် မှာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့ပါတယ်။
u_nu

ကျွန်ပညာရေး အလိုမရှိ ဆိုတဲ့သဘော သက်ရောက်စေဖို့ သူရခဲ့တဲ့ B.A (Law) ဘွဲ့ကို အင်္ဂလိပ် အစိုးရထံပြန်အပ်ခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာ သခင်သန်းထွန်းနဲ့အတူ နဂါးနီ စာအုပ်တိုက်ကို ထူထောင်ပြီး ပြည်သူလူထု နိုင်ငံရေးအသိ နိုးကြား လာအောင် ဖန်တီးခဲ့ပါတယ်။

ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ ဦးနုဟာ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလမှာ ဦးနေ၀င်းကို အပြီးသတ် တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူလို့ ကျမ ထင်ပါတယ်။

ကျမရဲ့ မိဘ ဘိုးဘွားတွေက ဖ.ဆ.ပ.လ ခေတ်ရဲ့ ကုန်ဈေးနှုန်း အကြောင်းကို တသသ ပြောတတ်လို့ ကျမ မှတ်မိနေ ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့် ရှိခဲ့တယ်လို့ လွမ်းလွမ်း ဆွတ်ဆွတ် ပြောတတ်ကြပါတယ်။

ဦးနုကို နိုင်ငံရေးသမား တယောက်အပြင် စာရေးဆရာ တဦး အဖြစ်နဲ့လည်း သိခဲ့ဖူးပါတယ်။ ဦနုရေးတဲ့ တာတေ စနေသား ၀တ္ထုမှာ အဖေ ဦးစံထွန်းက သားမောင်နုကို သိပ်ချစ်တယ်ဆိုတာ ၀တ္ထု အစမှာ ရေးပြထားပါတယ်။

ကျမ ကြီးဒေါ် ပြောပြဖူးတာက ဦးနုကို လူတွေက ဘာသာရေးသမား တဦး အဖြစ်နဲ့လည်း ချစ်ခင်ကြည်ညို ကြတယ်တဲ့။ကျမဘကြီး ပြောပြဖူးတာကတော့ ဦးနုက ငါးပါးသီလကို ခါးဝတ်ပုဆိုး လို ခိုင်မြဲအောင် တည်ဆောက်တယ်တဲ့။ တခါက ဆိုဗီယက် ယူနီယံကိုသွားတော့ အရမ်းအေးလို့ အရက်တိုက်တာ ဦးနုက အရက်မသောက်ဘဲ ရေနွေးပူပူ တခွက် ကိုပဲ မှာသောက်သတဲ့။

ဦးနုကို ကျမ သေချာမြင်ဖူးတာက ကျမတို့ ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ်တပ်ဦး (BYLF) ရဲ့ ဒုဥက္ကဋ္ဌ ကိုအောင်ဒင်က စင်ပြိုင် အစိုးရကို ထောက်ခံပြီး သွားရောက်ပူးပေါင်းခဲ့တဲ့ အချိန်က ဘဘ ဦးနု ခြံထဲမှာ လုံခြုံရေး ယူပေးရတုန်းကပါ။

အသက်အရွယ် ကြီးလာပေမယ့် ဘဘ ဦးနု ရင်ထဲမှာ ပြည်သူ့အကျိုး ကို ထမ်းရွက်လိုဆဲပဲ ဆိုတာ သိရတော့ ကျမတို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသက် ၈၇ နှစ် အရွယ်ရှိတဲ့ နိုင်ငံတော် ၀န်ကြီးချုပ် (စင်ပြိုင်အစိုးရ) ကွယ်လွန်ခဲ့ ပါတယ်။

ဦးနု ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးနု ကွယ်လွန်ကြောင်း သတင်းစာ ဖတ်ရချိန်မှာ ကျမ ဦးနုကို ဂါရ၀ပြုဖို့ သူ့ခြံထဲ သွားမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကျမ စာသင်တဲ့ အိမ်အောက်ထပ်က လက်ဖက်ရည် ဆိုင်မှာ ကိုမိုးမောင်မောင်ကို တွေ့ပါတယ်။

ကိုမိုးမောင်မောင်က ကျမကို “ခဏလာပါဦး ပြောစရာ ရှိတယ်” ဆိုလို့ ကျမလည်း ကိုမိုးမောင်မောင်နဲ့ ထိုင် စကား
ပြောဖြစ်ပါတယ်။ သူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။

“န၀တ က ဦးနုကို သင်္ဂြိုဟ်ဖို့ ဒေါ်ခင်ကြည်ရဲ့ ဂူ ဘေးမှာ ၁၀ ပေ ပတ်လည် မြေကွက် ပေးတယ်၊ ဦနု သားသမီးတွေက ကျဉ်းလို့ မကြိုက်ဘူး။ သူတို့က ကမ္ဘာအေးကုန်းမြေမှာ သင်္ဂြိုဟ်ချင်တယ်။ န၀တ ကတော့ ကြံတောမှာ ဂူဗိမာန် ဆောက်ပေးမယ်တဲ့။ ဒီအခြေအနေကြောင့် တချို့ လူငယ်တွေ အလောင်းလုကြလိမ့်မယ်”လို့ သူက ပြောပြတယ်။

ကျမက “သဘောမတူဘူးလို့ပဲ” ပြန်ပြောခဲ့ပါတယ်။ သူနဲ့ အခြေအတင် ပြောပြီး သူက အခြေအနေ သိရအောင် ဦးနု ခြံထဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမက သေသေချာချာ သိချင်လို့ ဦးနု ခြံထဲ လိုက်သွားခဲ့ပါတယ်။

ခြံထဲရောက်တော့ ဦးအောင် (ဦးနုသား)၊ ဦးဝင်းနိုင်(ယခု အမျိုးသားရေး) တို့နဲ့ တွေ့ပါတယ်။

သူတို့က ဦးနုဟာ သမိုင်းဝင်ပုဂ္ဂိုလ် တဦးဖြစ်လို့ ခုလို သင်္ဂြိုဟ်ရတာကို မကျေနပ်ကြောင်း ပြောပါတယ်။ ကျမက “တရားဝင်
တောင်းဆိုပါလား” ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့ ဦးဝင်းနိုင်က သူတို့ လုပ်သင့်တာ လုပ်ပြီးပေမယ့် ဘာမှ မထူးခြားဘူးလို့ ပြန်ပြောပါတယ်။

ကျမ ခြံထဲက ပြန်လာတော့ သူငယ်ချင်း အေးမိုး ဆီကို ၀င်ပြီးပြော ဆိုဆွေးနွေးနေတုန်း ကိုမောင်မောင်ဦး ရောက်လာပြီး “ဦးနု သားသမီးတွေက မမိုက်ဘူး၊ ဒီကို န၀တ နဲ့ညှိနှိုင်း ဆွေးနွေးပြီးမှ ရောက်လာတာ၊ ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေတယ်” တဲ့။ ပြီးတော့ ကျမတို့ကို “နင်တို့တွေ သတိထား” လို့ ပြောပါတယ်။

ကျမတို့လည်း ကိုမောင်မောင်ဦးနဲ့ စကားပြောပြီး အားလုံးလမ်းခွဲ၊ အိမ်ပြန်လာပါတယ်။ ကျမတို့ ၃ ယောက်ရဲ့ရင်ထဲမှာတော့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုသင့်တယ်လို့ ယူဆကြပါတယ်။

နောက်တနေ့အေးမိုးနဲ့ ရီရီတို့ ဦးနုခြံထဲ သွားကြပါတယ်။ ဖေဖော်ဝါရီ ၂၀၊ ၁၉၉၅ မှာ ဦးနုကို သင်္ဂြိုဟ်ရမယ့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ ရောက်တော့ အေးမိုးနဲ့ ရီရီ တို့က ကျောင်းကနေ လာကြပါတယ်။ ကျမ၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုစိုးနိုင် တို့က ကြည့်မြင်တိုင်ကနေ လာကြပါတယ်။ ခြံထဲမှာ ကျမတို့ အုပ်စုတွေ အတော်များများ ဆုံကြပါတယ်။ အဲဒီအချိန်က ကျမတို့ အုပ်စုရဲ့ နိုင်ငံရေး အရှိန် မြင့်နေတဲ့ အချိန်ဖြစ်လို့ ကျန်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျမ တို့ကို စောင့်ကြည့် နေကြပါတယ်။

ကျမနဲ့ ရီရီက ကြံတောသုဿာန်ရဲ့ အခြေအနေကို သိရအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရင် သွားနှင့်ပါတယ်။ ဟိုရောက်တော့ အခြေအနေက တင်းမာ နေပါတယ်။ ဟံသာဝတီ အ၀ိုင်းကနေ ကြံတောအထိ ရဲတွေ၊ ထောက်
လှမ်းရေးတွေက စကားပြောစက်တွေနဲ့ စောင့်နေပါတယ်။ စည်ပင် ၀န်ထမ်းတွေလည်း လမ်းပေါ်မှာ၊ ကြံတော သုဿာန် ဝင်းထဲမှာ အပြည့်ပါပဲ။

ကျမတို့ ကျောင်းသား အုပ်စုထဲက အတော်များများကလည်း ကြံတောကို ကြိုရောက်နေပါတယ်။ ကိုစောလွင်ဦး၊ ကိုစောဝင်းရှိန်၊ ရဲကျော်စွာ၊ ရဲမွန်ထူး၊ မောင်မောင်ကျော်၊ ဦးချိုအောင်သန်း (ဦးအောင်သန်းသား)၊ ကိုချိုချိုထွန်းငြိမ်း
နွမ်းပါးပုံရတဲ့ ကျမ အဖေအရွယ်၊ အမေအရွယ် ပြည်သူတွေက ယပ်တောင်ကိုယ်စီနဲ့ ဦးနု နောက်ဆုံး ခရီးကို လာရောက် ပို့ဆောင်ကြပါတယ်။

ခြံထဲက ထွက်လာတဲ့ ကားပေါ်မှာက အေးမိုး၊ ချိုနွယ်ဦး၊ ကိုဂီး၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုမောင်မောင်ဦး၊ ချောအိသိမ်းနဲ့ လူငယ် အတော်များများ ပါလာပါတယ်။ သူတို့ ကားပေါ်မှာ လမ်းတလျှောက်လုံး “ကမ္ဘာမကြေဘူး” သီချင်းကို ဆိုလာ တယ်လို့ ပြောပြပါတယ်။

သူတို့ကား ကြံတောကိုရောက်တော့ သင်္ချိုင်းဝကနေ အခေါင်းတင်ထားတဲ့ စင်မြင့်အထိ စည်ပင်ဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး လမ်းပိတ်ထားကြပါတယ်။ ဒီအချိန်မှာ ကြိုရောက်နေတဲ့ ကျမတို့က “ready … 1 ... 2 … 3” ဆိုပြီး ပြိုင်တူ “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ အော်လည်းအော်၊ တပြိုင်နက်တည်း လက်ချင်း ချိတ်ထားတဲ့ စည်ပင်ဝန်ထမ်းတွေကို အတင်း ၀င်တိုးကြပါတယ်။

ဘေးက အဘိုးကြီး၊ အဘွားကြီး တွေကလည်း “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ ၀ိုင်းဆုတောင်း
ပေးကြတော့ ကြံတော တဝန်းလုံး ကြွက်ကြွက်ညံ သွားပါတယ်၊ ကားပေါ်ကလူတွေလည်း ကျမတို့ တွန်းဖွင့်လိုက်တဲ့ လမ်းကျဉ်းကျဉ်းလေး အတိုင်း အတင်းတိုးဝင် လာကြပါတယ်။

အရင်ရောက်နေတဲ့ ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ပေါင်းမိသွားကြပြီး “ကမ္ဘာမကြေဘူး” သီချင်းဆိုလိုက် “၀န်ကြီးချုပ် ဦးနု ကောင်းရာသုဂတိ လားပါစေ” လို့ အော်လိုက်နဲ့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါတယ်။

အဲဒီ အချိန်မှာပဲ ဦးနုသားကြီး ဦးသောင်းထိုက်က ငိုကြီးချက်မနဲ့ “ဖေဖေ့ အသုဘမှာ ဒီလို ဆူဆူပူပူ မလုပ်ပါနဲ့” ဆိုပြီး ကျောင်းသားအုပ်စုကို ပိတ်ကာထားပါတယ်။

ကျမတို့ ကျောင်းသား အုပ်စုတွေက အလောင်းစင်နားကို အတင်းတိုးသွားပြီး ၀န်ကြီးချုပ် ဦးနုကို ကျောင်းသားလူငယ်တွေ လက်နဲ့ မြေချခဲ့ကြပါတယ်။

အဲဒီ အချိန်က ထောင်ကနေ လွတ်လာတာ ၄ ရက်ပဲ ရှိသေးတဲ့ ကိုမိုးကြိုးက ပင်နီ အင်္ကျီဝတ်လာတယ်။ သူက ဦးနုကို အနီးကပ် အလေးပြုပြီး မြေချခဲ့ပါတယ်။

ကျမတို့ တတိယမြောက် မျိုးဆက်က သမိုင်းတာဝန် ကျေပွန်ခဲ့ကြပါတယ်။

န၀တ ကလည်း တာဝန်ကျေပါတယ်။ ကျမတို့ လူငယ်တွေကို ညတွင်းချင်း လိုက်လံ ဖမ်းဆီးပါတယ်။ တချို့လူတွေလည်း ထွက်ပြေးတာ မြန်လို့ လွတ်သွားကြပါတယ်။ ကျမ အပါအ၀င် လူ ၂၀ လောက် အဖမ်းခံခဲ့ရပါတယ်။

အဲဒီထဲကမှ ကျမတို့ ၉ ဦး ထောင် ၇ နှစ် ကျခဲ့ကြပါတယ်။ ပြန်လွတ်သွားတဲ့ အထဲက ၇ ဦးကို အိမ်ကြက်ချင်း အိုးမည်းသုတ် ခွတ် ခိုင်းတဲ့ အနေနဲ့ အစိုးရ သက်သေ လုပ်ခိုင်းပါတယ်။ တချို့ ကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ တရားခွင်ကို လာနိုင်အောင် အစိုးရ သက်သေအဖြစ် ထွက်ဆိုကြပေမယ့် ကျမတို့ကို မထိခိုက်အောင် ဖေးမ ထွက်ဆိုကြပါတယ်။

ဒါပေမယ့် မောင်မောင်ကျော်နဲ့ ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း တူ) ကတော့ အစိုးရ သက်သေအဖြစ် မထွက်ဆို ခဲ့ကြပါဘူး။ ၃ ဦး ကိုလည်း တရားခံပြေးအဖြစ် ကြေညာခဲ့ပါတယ်။

ဦးနု ဈာပနက အပြန် လူငယ်တွေရဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး စိတ်တက်ကြွလာတဲ့ အရပ်သား ၂ ဦး ဖြစ်ကြတဲ့ ကိုဌေးဝင်း (ကိုသြ) နဲ့ ကိုသံချောင်းတို့ ညဘက်မှာ ဆက်လက်ကြွေးကျော်ခဲ့လို့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။

ဦးနုဟာ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးအဖြစ် ကျမတို့ ဂုဏ်ပြုပါတယ်။

ဦးနုဟာ ကွယ်လွန်ချိန်အထိ စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် အဖြစ် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/2650-2010-02-20-10-47-52

0 အကြံပြုခြင်း: