Thursday, February 25, 2010

ဟာသကြက်ဥကြော်လား


ဘွဲ့ဖြူ

၂၅/ ဖေဖော်ဝါရီ ၂၀၁၀

နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင်မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော်ကြီးမှာတောင် မြို့လယ်တခုလုံးဟာ မီးစက်မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလိုပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီမီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။

နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက်ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ်ဆိုပြီး အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတယ်။ ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။

ဒါပေမယ့် သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိလို့ ထိုင်းတို့၊ တရုတ်တို့ကိုတောင် ရောင်းချပြီး ဒေါ်လာ သန်းထောင်ပေါင်းများစွာရရှိနေတဲ့ ငါတို့နိုင်ငံ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ဆည်မြောင်းတာတမံ ရေကာတာကြီးတွေ အဲသလောက်များများရှိနေတဲ့ ငါတို့နိုင်ငံဟာ နွေတောင်မရောက်သေးဘူး၊ တနေ့ (၃) နာရီတောင် မီးမရတော့တဲ့ အခြေအနေကို ဘာကြောင့်ရောက်နေရတာလဲဆိုတာကို ပြည်သူတွေ နားမလည်နိုင်ဖြစ်နေကြတယ်။

အဲသလိုပဲ တချိန်က အာရှရဲ့ ‘ဆန်အိုးကြီး’ ဖြစ်ခဲ့ဖူးတဲ့၊ အခုလက်ရှိမှာလည်း (နအဖရဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ) စပါးစိုက်ဧကတွေ တနှစ်ထက်တနှစ် ကြောက်ခမန်းလိလိ တိုးလာနေတဲ့ ဒီနိုင်ငံမှာ ပြည်သူတွေဟာ အနှစ်အသားသိပ်မပါတဲ့ ဆန်ကြမ်းကိုတောင် ဈေးသက်သက်သာသာနဲ့ ၀၀လင်လင် မစားနိုင်ကြဘူးဖြစ်နေတယ်။ မကြာသေးမီကလည်း ဆန်ဈေးတွေ ခုန်တက်သွားတယ်လို့ ကြားရတယ်။ အခြေခံလူတန်းစားက အိမ်ရှင်မတွေရဲ့ ချူသံပါအောင် ညည်းတဲ့ အသံတွေ ပိုမိုကျယ်လောင်လာတာကို သတိပြုမိတယ်။

မြန်မာပြည်သူတွေရဲ့ လူမှုဒုက္ခတွေအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။

ပြည်သူတွေ အဲသလို ‘ချဉ်သီးပင်အောက် ချဉ်သီးရှား’ နေကြချိန်မှာ နအဖကတော့ လူထုဆီက ‘တိုက်ရာပါပစ္စည်း’ ဖြစ်တဲ့ အာဏာကို ထာဝရသိမ်းပိုက်ထားနိုင်ဖို့ကိုပဲ ‘ဆင်ကြံကြံ’ နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံဆိုတာထဲက အဆင့်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ရပ်ကျော်ရွာကျော် ကြေညာထားပြီး ဖြစ်နေပြီမို့ ပြည်သူလူထုကလည်း လက်မခံ၊ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အသိအမှတ်ပြုဖွယ်မရှိတဲ့ အဲဒီ ‘ခဲမူးစေ့’ ကို ဘယ်လိုပွဲထုတ်ရမလဲဆိုတာ အကြံထုတ်ရင်း အခုဆိုရင် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ၂၀၁၀ ခုနှစ်ထဲကို တရက်ပြီးတရက် နက်သထက်နက်အောင် ၀င်ရောက်လာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ထုတ်ပြန်သင့်တဲ့ အချိန်ထက် အများကြီးတောင် ကျော်လွန်လာခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ … စတာတွေကတော့ အခုအထိ ပေါ်မလာသေးဘူး။

ကြားဖြတ်ရုပ်သေးအစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲကိစ္စ အဲဒီအစိုးရလက်ထဲကိုပဲ အလုံးစုံ လွှဲအပ်ပေးတော့မယ့်ပုံမျိုး လေသံလွှင့်ရင်း အဲဒီဥပဒေတွေ ထုတ်ပြန်ပေးဖို့ နောက်ကျနေမှုအတွက် ‘အလီဘိုင်’ ပြနိုင်ဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဗိုလ်သန်းရွှေရဲ့ ‘လူပြက်အလီ’ ဗိုလ်ကျော်ဆန်းက အကယ်ဒမီပေးပွဲမှာ ဘာမှမဆီမဆိုင် ရွေးကောက်ပွဲအကြောင်း ကြော်ငြာဝင်ခဲ့တာကိုကြည့်ရင် ဘယ်လိုမှ မဆီလျော်မှန်းသိပေမယ့် အကြံကုန် ဂဠုန်ဆားချက်ဆိုသလို လမ်းတံတားတွေ၊ တက္ကသိုလ်တွေ၊ ဆည်မြောင်းတာတမံ ရေကာတာတွေလို ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ အဲဒီရွေးကောက်ပွဲကိုလည်း ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေနဲ့တွဲပြီး ပွဲထုတ်ဖို့ ကြံစည်နေပုံရတယ်။

တချိန်တည်းမှာ နအဖရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ရေးလုပ်ငန်းစဉ်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ သွယ်ဝိုက်တနည်း၊ တည့်တိုးတလမ်း ရှေ့နေလိုက်ပေးနေကြတဲ့ ‘နိုင်ငံပြုဂျာနယ်လစ်’ ကြီးများလည်း အခုတော့ နည်းနည်းမောသွားကြပုံရတယ်။ ‘လက်အားလုံး ထုတ်ပြခြင်းသည်သာ’ ဆရာလေးလည်း ခပ်စပ်စပ်ကလေး အတွယ်ခံလိုက်ရလို့ အခုနောက်ပိုင်း ကလောင်သိပ်မရမ်းရဲတော့တာပဲလား၊ စကားလုံးပဉ္စလက်ဆရာ ကွန်မြူနစ်လူထွက်ကြီးလည်း ပစ်လွှတ်စရာ ဝေါဟာရမီးရှူးမီးပန်းအသစ်တွေ ခန်းခြောက်သွားလို့ပဲလားမသိ၊ ဒါမှမဟုတ် သူတို့က ကန့်လန့်ကာရှေ့က ခွန်းထောက်တွေ၊ ဆိုင်းဆင့်တွေ၊ လေပြည်တွေ ဘယ်လိုဘယ်လောက်ပဲ ထိုးနေပေမယ့် ကန့်လန့်ကာနောက်က သူတို့မင်းသား နအဖက ထွက်ချိန်တွေ အများကြီးလွန်သွားတာတောင် မထွက်သေးတော့ သူတို့ကိုယ်တိုင် ကိုယ့်မင်းသားကိုယ် ဇဝေဇ၀ါ ဖြစ်နေကြလေသလားမသိ။ သူတို့ရဲ့ လိုင်စင်ရ စာမျက်နှာတွေပေါ်မှာ ရွှေဂုံတိုင်ကြေညာချက်ဘက်တော်သားတွေကို ချော့မြှူခြိမ်းခြောက် ကြိမ်းမောင်းတာတွေထက် ယေဘုယျ နိုင်ငံရေးသဘောတရားဆိုင်ရာ သြ၀ါဒတွေကိုပဲ ပိုပြီးအတွေ့များလာရတယ်။

ဗိုလ်သန်းရွှေကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ မဖြစ်မနေ မပျက်မကွက် ကျင်းပမယ်ဆိုတဲ့ ဂါထာကို လွတ်လပ်ရေးနေ့မှာ တကြိမ်၊ ပြည်ထောင်စုနေ့မှာ တကြိမ် ရွတ်ဆိုပြီး ယောင်တောင်တောင်ဖြစ်နေတဲ့ သူ့လူတွေဘက်က မဲတင်းပေးနေတယ်။ မြန်မာပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရွှေဂုံတိုင်ကြေညာချက် အကြောင်းကိုလည်း တခွန်းမဟ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပထမဆုံး မဖြစ်မနေ လှမ်းရမယ့် ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပျော့ပျောင်း ညွတ်နူးယဉ်ကျေးစွာ ကမ်းလှမ်းဖိတ်ခေါ်ထားမှုကိုလည်း အကြောင်းမပြန်ဘဲ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စကားတခွန်းကိုပဲ မျက်စိမှိတ်ပြောနေပုံထောက်တော့ ဗိုလ်သန်းရွှေတယောက် မျက်ကန်းတစ္ဆေမကြောက် ကြမ်းတော့ရမ်းတော့မယ့်ပုံ ရှိနေတယ်။

ဆိုရိုးစကားတခု ကြားဖူးတယ်။ “ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှယူနိုင်ခြင်း မရှိကြကုန်” တဲ့။

ဗိုလ်သန်းရွှေဟာ ကျေးဇူးရှင် ဗိုလ်နေ၀င်းကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ သူ့ခေါင်းဆောင် သူ့အထက်အရာရှိ ဗိုလ်စောမောင်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ … စသည်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ ညာလက်ရုံး ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ အဲသလို ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် တိုင်းပြည်က စည်ပင်ဝပြော ငြိမ်းချမ်းသာယာပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရပ်တည်နေနိုင်တယ် ဆိုရင်တော့ အဲဒီဖယ်ရှားရှင်းလင်းမှုတွေကို ရင်နာနာနဲ့ လုပ်ခဲ့ရတယ်ဆိုရင်တောင် ထိုက်တန်ပါသေးတယ်။ ရင်နာရကျိုး နပ်ပါသေးတယ်။

အခုတော့ တိုင်းပြည်အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ။ ဗိုလ်သန်းရွှေတယောက် သူ့ရဲ့ ‘မှန်ပါ့ဘုရား’ အသိုင်းအ၀ိုင်း အပြင်ဘက်ကိုထွက်ပြီး ကြည့်ရဲ၊ နားထောင်ရဲမယ်ဆိုရင် ဗမာပြည်ရဲ့ ပကတိအခြေအနေကို မြင်ရကြားရမှာ ဧကန်ဖြစ်တယ်။ သူ့ရဲ့ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း အပင်းသွင်း သင်ကြားပေးခဲ့တဲ့ ‘ငါနဲ့မတူ ငါ့ရန်သူ’ မျက်မှန်စိမ်းကို ရဲရဲချွတ်ပြီး ကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အထွေထွေ ဘယ်လိုရှိသလဲဆိုတာကို ဗိုလ်သန်းရွှေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာဖြစ်တယ်။

သူ့လူတွေ သူ့ကို တလျှောက်လုံး လိမ်ညာလာခဲ့တယ်ဆိုတာကို (၂၆) နှစ်ကြာမှ သိသွားခဲ့ရပါတယ်ဆိုတဲ့ ဗိုလ်နေ၀င်းဟာ အဲဒီအမှားကို ပြင်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူကျွေးမွေးပြုစု မြေတောင်မြှောက်ပေးခဲ့တဲ့ သရဲတွေရဲ့ဒဏ်ကို ‘ဖွတ်ကော့ ပတတ်ကော့’ ကော့အောင် ခံစားခဲ့ကြရပြီးဖြစ်တဲ့ ပြည်သူတွေအတွက် သူ့ရဲ့ ‘ပုံရိပ်ပြင်’ ကုသချက်တွေ ဆေးမမီတော့ဘူး။ နောက်ဆုံးတော့ သူဟာ သူ့ရဲ့နောက်ဆုံးခရီးကို အထီးကျန်စွာ ထွက်ခွာသွားခဲ့ရပြီး သမိုင်းမှာလည်း နာမည်ဆိုးနဲ့ တွင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်။ ဗိုလ်သန်းရွှေအနေနဲ့ ဒါတွေကို သင်ခန်းစာယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းမှာ သေချာတယ်။

နအဖလက်ထက် အနှစ်နှစ်ဆယ်နီးပါးကာလအတွင်းမှာရော ဗမာပြည်ရဲ့အခြေအနေဟာ ဘယ်လိုရှိခဲ့၊ ရှိနေသလဲ။ နအဖအစိုးရဟာ ဗမာ့သမိုင်းတလျှောက် ဘယ်အစိုးရမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာအစိုးရကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံနယ်နိမိတ်အပြင်ကို ရောက်သွားတာနဲ့တပြိုင်နက် နိုင်ငံတကာဆက်ဆံရေးစစ်မျက်နှာမှာ လုံးလုံးလျားလျား ခံစစ်သမားတွေ ဖြစ်သွားကြတယ်။

ဒါဆိုရင် ပြည်တွင်းမှာရော အခြေအနေဘယ်လိုရှိသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့တောင်ရှိတယ်ဆိုပြီး ကြုံတိုင်း ကြွားလုံးထုတ်လေ့ရှိပေမယ့် အဲဒီငြိမ်းချမ်းရေးဆိုတာတွေဟာ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ သာဖြစ်တယ်။ အဲဒီညီညွတ်ရေးဆိုတာတွေဟာ ‘တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး’ သာဖြစ်တယ်ဆိုတာ ဗိုလ်သန်းရွှေရော သူ့ဗိုလ်ချုပ်တွေပါ အကုန်လုံးသိကြတယ်။

‘ပင်လုံခေတ်က ကုန်သွားပြီ’ လို့ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်စွမ်း မရှိသူတွေ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကောင်းကောင်းသိကြတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့လည်း နအဖခေတ်ဟာ သမိုင်းတလျှောက် နိုင်ငံရေးအကျဉ်းသားအများဆုံးခေတ်ဖြစ်တယ်ဆိုတာ နအဖဗိုလ်ချုပ်တွေကိုယ်တိုင် မငြင်းနိုင်ဘူး။

နိုင်ငံရေးသမားတွေရဲ့ ဒုက္ခပရိဒေ၀နဲ့ သူတို့မိသားစုတွေရဲ့ သောကဗျာပါဒတွေဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ဘ၀တွေနဲ့ တခြားစီပဲ၊ ဘာမှမဆိုင်ဘူးလို့ ခံယူရင် ပြောဆိုရင် ဆင်သေကောင်ပေါ်က ကျီးမိုက်လို အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီ ဒုက္ခပရိဒေ၀သောကဗျာပါဒတွေဟာ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ အဖျားပိုင်းကလေး တပိုင်းသာဖြစ်တယ်ဆိုတာ စိတ်ဓာတ်ပုံမှန်ရှိသူတိုင်း သိကြတယ်။ ဒါတွေအားလုံးဟာ နအဖရဲ့ မူဝါဒအမှားတွေရဲ့ အကျိုးဆက်ဖြစ်တယ်။ ဗိုလ်သန်းရွှေဟာ အဲဒီသူကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အခုအချိန်မှာ ဂငယ်ကွေ့ ကွေ့နိုင်မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အချိန်မီသေးတယ်။

ဒါပေမယ့် အခုအထိတော့ ကံမကောင်းအကြောင်းမလှစွာဘဲ ဗိုလ်သန်းရွှေဟာ သင်္ဘောကြီးကို ဧရာမကျောက်ဆောင်ကြီး တခုဆီ ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတယ်။ ကျောက်ဆောင်ပေါ်မှာ မီးပြတိုက်ကြီး ထီးထီးမားမား ရှိနေတာကို ကျန်တဲ့သူအားလုံး မြင်နေကြပေမယ့် ဗိုလ်သန်းရွှေနဲ့ သူ့လူတသိုက်ကတော့ ‘အင်းသူကြီး ဘုရားမမြင်’ တဲ့ ကိန်းဆိုက်နေတယ်။

ဒီနေရာမှာ စကားမစပ် ‘သံခင်းတမန်ခင်း’ ဆိုတဲ့ ပရော်ဖက်ရှင်တခုအကြောင်း ပြောချင်တယ်။ အားလုံးသိကြတဲ့အတိုင်း အစိုးရအကြီးအကဲတွေဟာ အင်မတန် စိတ်ရှည်သည်းခံပြီး အပြောအဆိုအမူအရာမှာ အင်မတန့်ကို ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ လူမျိုးတွေကိုမှ သံတမန်အဖြစ် ခန့်ထားလေ့ရှိကြတယ်။ အဲဒီသံတမန်တွေထဲမှာမှ နိုင်ငံခြားရေးဝန်ကြီးဆိုတာတော့ အခေါင်အချုပ် အခရာပဲ။ တချို့နိုင်ငံကြီးတွေဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သံတမန်အဖြစ် တင်စားလေ့ရှိကြတယ်။

အများလက်ခံထားကြတဲ့ အဆိုတခုက အရှေ့ကမ္ဘာသား (အာရှသား) တွေဟာ အနောက်ကမ္ဘာသား (ဥရောပနဲ့ အမေရိကသား) တွေထက် အပြောအဆိုအပြုအမူမှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်ဆိုတဲ့ အဆိုဖြစ်တယ်။

ဒါပေမယ့် ခိုင်လုံ လုံလောက်တဲ့ အကြောင်းတွေကြောင့် ဖြစ်မယ်။ မကြာသေးမီကတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ သံတမန်ရေးအထိန်းအချုပ် အကန့်အသတ်တွေကို ခွာချပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ မပါဘဲလုပ်တဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ 'ဟာသ' ပဲ ဖြစ်လိမ့်မယ်” လို့ ခပ်ပြင်းပြင်း သတိပေးခဲ့တယ်။ သူ အဲဒီလိုပြောပြီး မကြာမီမှာပဲ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အလားတူသဘောမျိုးဆောင်တဲ့ စကားကို ပြောဆိုခဲ့တယ်။

အရပ်ကတော့ ကြည့်မနေနိုင်လို့ ပြောကုန်ကြပြီ။ နအဖ ဘာလုပ်မှာလဲ။

“ကြက်ဥကို မခွဲဘဲ ကြက်ဥကြော်လုပ်၍ မရနိုင်ပါ” ဆိုတဲ့ စကားတခုရှိတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဆိုတဲ့ ကြက်ဥကြော်လုပ်မယ်ဆိုရင် “နိုင်ငံတော်အချုပ်အခြာအာဏာသည် ပြည်သူလုထုထံမှ ဆင်းသက်သည်” ဆိုတဲ့ ကြက်ဥကို အရင်ခွဲရမှာဖြစ်တယ်။ အဲဒီသဘောတရားကို ၁၉၉၀ ရွေးကောက်ပွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အနှစ်နှစ်ဆယ် လွန်မြောက်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ အဲဒီသဘောတရားကို အနှစ်သာရအရ ဆက်လက်ကိုယ်စားပြုနေတာကတော့ အဲဒီတုန်းက အနိုင်ရပါတီဖြစ်ခဲ့သလို အခုအချိန်အထိလည်း ပြည်သူလူထုအများစုကြီးရဲ့ ထောက်ခံမှုကို ဆက်လက်ရရှိနေဆဲဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။

အဲဒီတော့ အဲဒီရွှေဂုံတိုင်ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဆိုတဲ့ ကြက်ဥကိုမခွဲဘဲ ရွေးကောက်ပွဲကြက်ဥကြော် လုပ်မယ်ဆိုရင်တော့ နအဖရဲ့ကြက်ဥကြော်ဟာ အလုံးလိုက်ကြော်ထားတဲ့ ကြက်ဥကြော်၊ တနည်းပြောရရင် မြန်မာပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြက်ဥကြော်လို့ လက်မခံတဲ့ ကြက်ဥကြော်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး စကားကို ငှားပြီးပြောရရင် ‘ဟာသကြက်ဥကြော်’ ပဲ ဖြစ်လိမ့်မယ်။ ။

http://www.khitpyaing.org/articles/2010/february/25210.php


0 အကြံပြုခြင်း: