Tuesday, April 6, 2010

ငြိမ်သက်နေသော မီးတောင် (သို့မဟုတ်) မြန်မာ့စက်မှုဇုန်ထဲက အချိန်ကိုက်ဗုံးများ

ငြိမ်သက်နေသော မီးတောင် (သို့မဟုတ်) မြန်မာ့စက်မှုဇုန်ထဲက အချိန်ကိုက်ဗုံးများ

ဝေလင်း

၆/ ဧပြီ ၂၀၁၀

၂၀၁၀ ခုနှစ် နှစ်ဆန်း မတ်လလယ်ပိုင်းအထိ စက်မှုဇုန်လုပ်သား သပိတ်တွေ (၁၄) ကြိမ်မြောက် ဆက်တိုက်ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။ လစာ၊ အချိန်ပိုကြေး၊ ခရီးစရိတ်၊ မကျန်းမာစဉ်နဲ့ စနေ၊ တနင်္ဂနွေ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ နားနေခွင့်၊ သောက်သုံးရေကိစ္စ၊ လုပ်ငန်းခွင်က အပေါ့အပါးထွက်ခွင့် … စတဲ့ ဘက်စုံလိုအပ်ချက် အရပ်ရပ်ကို သည်းမခံနိုင်ကြတဲ့အဆုံး အခုလို ဆန္ဒပြပွဲတွေ တသီကြီး ပေါ်ထွက်လာခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစားနဲ့ စက်ရုံချင်း ကွဲပြားပေမယ့် စက်မှုဇုန်က စက်ရုံပိုင်ရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်များရဲ့ အလုပ်သမားတွေအပေါ် ဆက်ဆံမှုတွေကတော့ သိပ်မကွာကြပါဘူး။ စက်ရုံသပိတ် တောင်းဆိုချက်တွေတိုင်းမှာ အလုပ်သမားတို့ရဲ့ နစ်နာခံစား တောင်းဆိုချက်များ သွားပြီးတူညီနေကြပါတယ်။ တပြိုင်တည်း ချိန်ကိုက်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ရခြင်းဟာ ရင်းနှီးမြှုပ်နှံသူရော အလုပ်သမားတွေ နှစ်ဘက်စလုံးမှာပါ မပြေလည်ကြတဲ့ နောက်ခံအကြောင်းရင်း အသီးသီးကြောင့်မို့ပါ။

၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စတင်လမ်းဖွင့်ပေးခဲ့ရာကနေ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးစည်ပင်လာခဲ့ကြတာပါ။ ၂၀၀၃ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမေရိကန်ရဲ့ စီးပွားရေးကန့်သတ်ပိတ်ဆို့ချက် (မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ၂၀၀၃) နဲ့ ထပ်တူ ပြည်တွင်းက မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ ပြဿနာများ၊ နအဖစစ်အစိုးရရဲ့ ကြိုးနီစနစ် လုပ်ထုံးလုပ်နည်းများ၊ အတင်းအဓမ္မ ငွေညှစ်ကောက်ခံမှုများနဲ့ တရားဝင် လာဘ်စားမှုတွေ … စတဲ့ ပြဿနာအရပ်ရပ်ကို စက်မှုဇုန်အလုပ်ရှင်တွေ ယနေ့တိုင် ဖြေရှင်းနေရဆဲပါ။ ကိုယ့်အတွက် အမြတ်ကျန်အောင် လုပ်အားတွေအပေါ်ကနေ ထပ်မံဖြစ်ညှစ်ယူနိုင်ပါမှ ကြံကြံဖန်ဖန် အလုပ်ဖြစ်နေရတဲ့ လုပ်ငန်းရှင်များဘ၀နဲ့ မြန်မာ့စက်မှုဇုန်တွေရဲ့ လက်တွေ့အခြေအနေကို အခု အလုပ်သမားဆန္ဒပြပွဲများက ကမ္ဘာကို လှစ်ဟပြလိုက်ကြပါပြီ။

အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျလွန်းလှတဲ့ လစာငွေ တလ (၃၀,၀၀၀) ကျပ်၊ နေ့စား (၁၀၅၀) ကျပ်နှုန်းလောက်နဲ့ မနက် (၇) နာရီက ည (၁၁) ကျော်အထိ ကြာမြင့်တဲ့ မတရားအလုပ်ချိန်တွေ၊ အလုပ်ပျက်ခဲ့ရင် လစာငွေထဲက ဖြတ်တောက်ခံရမှုတွေအပြင် ကျန်းမာရေး၊ လူမှုရေးပါ နိမ့်ပါးလွန်းနေတဲ့ မှောင်မိုက်ထဲက မြန်မာ့စက်မှုဇုန်လုပ်သားဘ၀ အခြေအနေမှန်တွေကို ဆန္ဒပြပွဲဖြစ်လာမှ လူတွေသိကြရတာပါ။ စက်မှုထွန်းကားစ လွန်ခဲ့တဲ့ (၁၈) ရာစုခေတ်လို တနေ့အလုပ်ချိန် (၁၄) နာရီလောက် သွေးစုပ်ခံဘ၀အဖြစ်မျိုးကို နအဖခေတ်မှာ စက်မှုဇုန်လုပ်သားတွေ ခေါင်းငုံ့လည်စင်း အနိုင်ကျင့်ခံနေကြရတာပါ။

ဆန္ဒပြပွဲတွေဟာ ရဲ၊ လုံထိန်း၊ အချုပ်ကား၊ မီးသတ်ကား … စတာတွေနဲ့ နအဖတို့ဘက်က အင်အားပြ ခြိမ်းခြောက်လို့သာ ကောက်ရိုးမီးလိုမျိုး ဟုန်းခနဲ ငြိမ်သက်သွားခဲ့ရတာပါ။ ချွေးသိပ် ချော့မော့ ကတိပေးပြီး အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်ခိုင်းခဲ့တဲ့ အလုပ်ရှင်တွေကိုယ်တိုင် သူတို့ကတိတွေအတိုင်း အကောင်အထည်ဖော်ပေးဖို့ရာ လတ်တလောမှာကို အတော်ကြီး ခက်ခဲနေကြပါတယ်။ “လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလတုန်းကလည်း လှိုင်သာယာစက်မှုဇုန် (၂) မြန်မာရက်စ် စက်ရုံက လုပ်သား (၂၀၀) နဲ့ နယူးဝေးစက်ရုံက လုပ်သား (၇၀၀) တို့က လုပ်ခငွေ (၅,၀၀၀) ကျပ်တိုးဖို့၊ အိုဗာတိုင်ကြေး တနာရီ (၁၀၀) ကျပ်နှုန်းစီ တိုးပေးဖို့ တောင်းဆိုခဲ့ကြတာကို အလုပ်ရှင်တွေ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ လုပ်ခနဲ့ အိုဗာတိုင်ကြေးပေါင်းပြီး ရောရောထွေးထွေး ငွေလေး (၂,၀၀၀) ကျပ်လောက်ပဲ ဖြေရှင်းပေးနိုင်ခဲ့ကြပါတယ်။” အခုလည်း အလုပ်ရှင်ဘက်က ကတိမတည်ခဲ့လို့သာ စက်ရုံတချို့မှာ ဒီနှစ် ဖေဖော်ဝါရီလအတွင်း နှစ်ကျော့ပြန် သပိတ်မှောက်ပြီး အခွင့်အရေးတောင်းဆိုကြရတဲ့ အနေအထား ရောက်သွားတာကိုပဲကြည့်ရင် စက်မှုဇုန်လုပ်ငန်းရှင်များရဲ့ စီးပွားရေးအခြေအနေမှန်ကို မှန်းဆနိုင်ပါပြီ။

ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေမှာ အလုပ်သမားတွေတင်မက လုပ်ငန်းရှင်တွေကိုလည်း နအဖတို့ ဖိအားပေးခဲ့ပါတယ်။ ကြားဝင်လာရောက်ညှိနှိုင်းပေးသူ ကာကွယ်ရေးဝန်ကြီးဌာနက ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ စက်မှု (၁) ၀န်ကြီး ဦးသောင်း၊ အလုပ်သမားဝန်ကြီးဌာနနဲ့ စက်မှုကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးတို့ရဲ့ တိုက်တိုက်တွန်းတွန်း အတင်းအဓမ္မ ညှိခိုင်းမှုကြောင့် ပြဿနာတွေ မြန်မြန်ပြီးအောင် လွယ်လွယ်လေး ကတိပေးလိုက်ပြီး ဒီပေးလိုက်တဲ့ ကတိအတိုင်းကို တချို့စက်ရုံတွေမှာ အခုထိ ဖြေရှင်းမပေးနိုင်သေးပါဘူး။ စီးပွားရေးအရ တွက်ခြေမကိုက်ရတဲ့ ကြားကနေပြီး အခုလိုမျိုး ထပ်ဖြစ်လာတော့ စက်ရုံတွေကို ပိတ်ပစ်ဖို့ လုပ်ငန်းရှင်တွေဘက်က စဉ်းစားနေကြသလို စက်ရုံပိုင်ရှင်ပြောင်း၊ လုပ်ငန်းလက်လွှဲလက်ပြောင်းလုပ်တာမျိုးတွေ ဖြစ်ပေါ်နေကြတာ စက်မှုဇုန်အသီးသီးက အဆင်မပြေတဲ့ မြန်မာအထည်ချုပ်လုပ်ငန်းတွေရဲ့ လက်ငင်းအခြေအနေမှန်တွေပါ။

စက်မှုဇုန်က ကုမ္ပဏီ၊ စက်ရုံပိုင်ရှင်အများစုဟာ ကိုရီးယား၊ စင်ကာပူနဲ့ တိုင်ဝမ်ဘက်က တရုတ်ကုမ္မဏီတွေသာ အများစုဖြစ်ပြီး မြန်မာ့စက်မှုဇုန်ထွက်ကုန်တွေကို ဥရောပနဲ့ အမေရိကန်ဈေးကွက်ထဲ တင်ပို့နိုင်ခွင့်မရှိဘဲ တိုင်ဝမ်၊ ကိုရီးယားဈေးကွက်ထဲမှာ ဖြုန်းရတာမို့ အကျိုးအမြတ် နည်းနည်းပဲ ရနိုင်ကြပါတယ်။ ချုပ်ပြီး ကုန်ချောတွေ အခုလိုမျိုး ဆက်ပြီးကန့်သတ်ခံထားရရင် စက်မှုဇုန်ရှေ့အနာဂတ် စီးပွားရေးအဆင်ပြေဖို့ သိပ်မလွယ်ပါဘူး။ ၂၀၀၂ ခုနှစ်က စတင်ပြီး အမေရိကန်ဘက်တင်ပို့နေတဲ့ မြန်မာ့စက်မှုဇုန်ထုတ် အထည်တွေ ပိတ်ပင်ကန့်သတ်ခံခဲ့ရပါတယ်။

၂၀၀၁ ခုနှစ် ဒေါ်လာ (၁၁၆.၈၈၆) သန်းဖိုး တင်ပို့ခဲ့ရာကနေ ၂၀၀၂ ခုနှစ်မှာ (၇၅.၉၆၇) သန်းဖိုးအထိ ထက်ဝက်ခန့် ကျဆင်းသွားကြောင်း (အမေရိကန်က ပြည်နယ် ၂၅ ခုမှာ ဆိုင်ခွဲပေါင်း ၁၈၀ လောက် ဖွင့်လှစ်ထားတဲ့ Grat Sports အပါအ၀င် Wal-Mart/ Kenneth/ Cole/ Hanes တို့လို) အဓိက အ၀တ်အထည် ကုမ္ပဏီကြီးတွေကလည်း မြန်မာ့စက်မှုဇုန်က အထည်တွေကို မှာယူတင်သွင်းတာ လုံးဝမရှိတော့ပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ (၂၀၀၃ ခုနှစ်) အတည်ပြုပြီးချိန်ကစလို့ အမေရိကန်နဲ့ အနောက်ဥရောပကို တင်ပို့ပေးနေကျ အထည်ဈေးကွက်အခြေအနေ တစတစ ဆိုးလာပြီး ၂၀၀၆ ခုနှစ်အရောက်မှာ အထည်ချုပ်ဈေးကွက် လုံးဝပျက်သွားခဲ့ပါတယ်။

၂၀၀၀ ခုနှစ်ထဲ ကောက်ယူတဲ့ စာရင်းတွေအရ စက်မှုဇုန်မှာ စက်ရုံပေါင်း (၄၀၀) ကျော်ကို အလုပ်သမား (၄) သိန်းအင်အားနဲ့ လည်ပတ်နိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း (၈၀၀) လောက်ရရာကနေ အခု ၂၀၁၀ ခုနှစ်ထဲမှာ စက်ရုံပေါင်း (၁၂၀) လောက်ကို အလုပ်သမားအင်အား (၆) သောင်းလောက်နဲ့ လည်ပတ်နေရပါပြီ။ ၂၀၀၅ ခုနှစ် မြန်မာ့စက်မှုဇုန် လုပ်သားပေါင်း (၃၅၀,၀၀၀) အနက် လုပ်သား (၄၀,၀၀၀) ကနေ (၆၀,၀၀၀) လောက်အထိ အလုပ်ပြုတ်ဖွယ်ရှိတယ်လို့ အမေရိကန်ဘက်က ခန့်မှန်းနေပါတယ်။ အလုပ်လက်မဲ့ ဖြစ်ပွားနှုန်းတွေလည်း တနှစ်ထက်တနှစ် တိုးတက်များပြားလာနေတာကြောင့် ၁၉၉၉ ခုနှစ် မြန်မာ့လူဦးရေ (၄၉) သန်းမှာ အလုပ်လက်မဲ့နှုန်း (၄.၀၈) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၅ ခုနှစ် လူဦးရေ (၅၂) သန်းမှာ အလုပ်လက်မဲ့ဦးရေက (၅.၆) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံဘက်ကို ရောက်ရှိအလုပ်လုပ်နေတဲ့ (မြန်မာအလုပ်သမားဦးရေ ၂၇ သန်းရဲ့ ၇.၉ - ၁၀.၅ ရာခိုင်နှုန်းအထိ ရှိနေတဲ့) ရွှေ့ပြောင်းမြန်မာအလုပ်သမားအင်အား (၂) သန်း စာရင်းကို ထည့်မတွက်ထားသေးပါဘူး။ သူတို့တွေကို ထိုင်းစက်ရုံပေါင်း တသိန်းလောက်က အလုပ်အကိုင်တွေ ရှာပေးထားခဲ့တာပါ။

ဒီကနေ့ ရန်ကုန် လှိုင်သာယာစက်မှုဇုန်ထဲမှာ အထည်ချုပ်၊ ဖိနပ်စက်ရုံလုပ်ငန်းတွေအပြင် အေးခဲစားသောက်ကုန်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်း၊ ဓာတုစက်မှုထုတ်ကုန်လုပ်ငန်းမျိုးစုံ စက်ရုံပေါင်း (၈၀၀) ကျော်အနက် စက်ရုံပေါင်း (၄၀၀) လောက်ပဲ လုပ်ငန်းလည်ပတ်နိုင်တော့ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်တဦးကလည်း အတည်ပြုပြောဆိုပါတယ်။ စက်မှုဇုန်လုပ်ငန်းရှင်တွေဘက်ကသာ လုပ်ငန်းအဆင်ပြေခဲ့ရင် ၂၀၀၇ ခုနှစ်လောက်ကတည်းက အလုပ်သမားတွေ တိုးတောင်းလာတဲ့ လစာတွေ ဖြေရှင်းပေးခဲ့ပြီး ဖြစ်နေနှင့်မှာပါ။ ၂၀၀၈-၂၀၀၉ ခုနှစ်တွေအထိလည်း ဆန္ဒပြပွဲတွေ ဆက်တိုက်ဘယ်ဖြစ်လာနိုင်စရာ ရှိပါတော့မလဲ။

ပြဿနာရဲ့ မြစ်ဖျားခံရာ

စစ်သားတွေ အုံကြွမလာအောင် ပေါကြွယ်စရိတ်ဆိုပြီး ကျပ် (၂) သောင်းနှုန်းစီကို ဒီနှစ်ဆန်းပိုင်းမှာ ထပ်မံတိုးပေးလိုက်ရာကနေ ပုဂ္ဂလိကလုပ်ငန်းက လုပ်သားတွေပါ ထပ်ပြီးတိုးတောင်းဆိုလာကြတဲ့ ဆင့်ပွား နောက်ဆက်တွဲကိစ္စတခုဟာ စက်မှုဇုန်က သပိတ်တွေပဲဖြစ်ပါတယ်။ စစ်သားတွေတယောက် တလ လစာငွေ (၁၈,၀၀၀) ကျပ်လောက်ပဲ ဖြေရှင်းပေးနေချိန်မှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း ငြိမ်းအဖွဲ့တဖြစ်လည်း နယ်ခြားစောင့်တပ်တွေကို (အခွင့်ထူးခံ) စစ်သားတယောက် (၄၀,၀၀၀) ကျပ်၊ စစ်ဗိုလ် (၈၀,၀၀၀) နှုန်း … စတဲ့ လစာနှုန်းသစ်တွေကို စတင်ထုတ်ပေးရာက တပ်မတော်ထဲ မကျေမနပ် ဖြစ်လာကြပါတယ်။ စစ်သားတွေကို လစာတွေ ထပ်တိုးပေးလိုက်ပြန်တော့လည်း စက်မှုဇုန်လုပ်သားများက အခုလို ထကြွဆန္ဒပြကြပြန်ပါတယ်။ ဒီလိုပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံးခြာလည်လိုက်သွားတဲ့ ပေါကြွယ်စရိတ်ထဲမှာ ပုဂ္ဂလိကလုပ်သားများ၊ ပင်စင်စားများ အတွက် အကျုံးတ၀င် ခံစားခွင့်ဆိုတာလည်း လုံးဝကို မပါလာခဲ့ပြန်ပါဘူး။ အခုတော့ စက်မှုဇုန်သပိတ်အစ ပေါကြွယ်စရိတ်ကလို့ ဆိုရတော့မလိုပါပဲ။ စစ်သားတွေတင်သာမက တပြည်လုံးမှာကို မလောက်မင ဖြစ်နေကြတာမို့ လူတိုင်းပေါကြွယ်ချင်တာကတော့ မဆန်းပါဘူး။

အတိတ်နဲ့ အနာဂတ်အလားအလာ

နိုင်ငံရေးနောက်ခံနဲ့ လူထုထောက်ခံမှုတွေမရှိခဲ့ရင် အလုပ်သမားသပိတ်ကို ကြာရှည်ဆင်နွှဲနိုင်ဖို့ မလွယ်ပါဘူး။ စက်ရုံပေါင်း (၁၀၀) ကျော် ပါဝင်တဲ့ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက်နေ့ အလုပ်သမားသပိတ်ကြီးကို (ကျောင်းသားနဲ့ လူထုတွေ ထောက်ခံကူညီ ပံ့ပိုးခဲ့တာတောင်) မဆလစစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြေရှင်းခဲ့ပါတယ်။ မြစ်ငယ် မီးရထားစက်ခေါင်းပြင်ရုံ၊ ဆင်မလိုက် သင်္ဘောကျင်း၊ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ၊ ကြို့ကုန်း ဘီပီအိုင်ဆေးဝါးစက်ရုံ၊ မြစ်ငယ်မီးရထားစက်ရုံ … စတဲ့ အလုပ်သမားသပိတ်တွေကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက်မှာ လူ (၇) ယောက်ပဲ သေဆုံးခဲ့ကြောင်း ကမ္ဘာကို မဆလအစိုးရက ဆက်လိမ်ညာခဲ့ပြန်ပါသေးတယ်။ ဈေးစည်နေချိန်မှာ စစ်တပ်က ၀င်ရောက်ပစ်ခတ်လိုက်လို့ လှိုင်မြို့နယ် ဘတ္တာဈေးထဲ သေဆုံးသွားတဲ့ အရပ်သားစာရင်းကတင် သူတို့ပြောနေတဲ့ တပြည်လုံး သေဆုံးမှုစာရင်းထက် များနေခဲ့ပါသေးတယ်။

အသစ်စက်စက်ထုတ်ပြန်ထားတဲ့ ၁၉၇၄ ခုနှစ် မဆလ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း (၂) အပိုဒ် (၉) ပါ အလုပ်သမား၊ လယ်သမားအင်အားစုများအပေါ် အခြေခံတည်ထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရတရပ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားပါမယ့်လို့ တရားဝင်ကြေညာခဲ့တဲ့ မဆလအစိုးရဟာ ပြောပြီး (၆) လ မပြည့်သေးခင် ဒီလိုမျိုး ပစ်ခတ်ဖြေရှင်းပြလိုက်တဲ့အတွက်ကြောင့်လည်း အစိုးရအပေါ် လူထုယုံကြည်မှု လုံးဝကင်းမဲ့သွားခဲ့ ပါတော့တယ်။ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြေရှင်းခဲ့တဲ့ သွေးသမိုင်းသင်ခန်းစာဟာ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့အလုပ်သမားလှုပ်ရှားမှုရာဇ၀င်မှာ မော်ကွန်းသစ် တင်ခဲ့ရပါတော့တယ်။

ဒါကြောင့်လည်း အခု လှိုင်သာယာစက်မှုဇုန်လုပ်သားတွေ ဆန္ဒပြပွဲတွေသာ ရက်တာရှည်ခဲ့ရင် နအဖတို့စိတ်ကြိုက် ပစ်ခတ်ဖြေရှင်းဦးမှာကတော့ အသေအချာပါ။ စက်မှုဇုန် ဆန္ဒပြပွဲကာလတွေတုန်းက လှိုင်သာယာစက်မှုဇုန်မှာ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ ဆိုပြီး အဖွဲ့တခု နာမည်ထွက်ခဲ့ပေမယ့် နအဖတို့ခေတ်မှာ ဒီလိုမျိုး အလုပ်သမား အစည်းအရုံး၊ သမဂ္ဂတွေ လှုပ်ရှားခွင့်ရနိုင်ပါ့မလားဆိုတာက သိပ်မသေချာ မရေရာလှတဲ့ ကိစ္စတခုပါ။ ဖွဲ့ဖြစ်ခဲ့ရင်တောင် အစိုးရက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ အလုပ်သမားတွေကိုယ်တိုင် အစည်းအရုံးအသွင်နဲ့ ဆန္ဒပြတာမဟုတ်ဘဲ တူညီတဲ့ နစ်နာချက်တွေကြောင့် တပြိုင်နက်တည်း ပေါက်ကွဲထွက်လာတာဖြစ်ပြီး ဘယ်ပြည်တွင်းနိုင်ငံရေးအင်အားစုကမှ စက်မှုဇုန်ဆန္ဒပြပွဲတွေမှာ ဦးဆောင်တာ၊ ပူးပေါင်းဝင်ရောက်ကူညီတာမျိုး မတွေ့ခဲ့ရပါဘူး။ ယုတ်စွအဆုံး ကြေညာချက်ထုတ်ပြီး ဗြောင်ထောက်ခံဝံ့တဲ့အဆင့်တောင် မလုပ်နိုင်ခဲ့ကြတာကို တွေ့ရမှာပါ။ စီးပွားရေးကျပ်တည်းမှုကနေ လတ်တလော ပေါက်ကွဲထွက်လာပြီး နိုင်ငံရေးအရ ဦးဆောင်မှုမရှိတဲ့ လုပ်သားထုအုံကြွမှုတခု သက်သက်မို့လည်း တတ်နိုင်သလောက် ဆန္ဒပြ၊ ပေးသလောက်လေးယူပြီး မြန်မြန် သပိတ်ပြန်လှန်လိုက်ရတော့တာပါပဲ။ ကူသူကယ်ရာမဲ့ အနေအထားမို့ စက်မှုဇုန်သပိတ်တွေကို နအဖ အစိုးရဘက်က အလွယ်လေး နှိမ်နင်းနိုင်ခဲ့တာပါ။

မကြာသေးခင်က ၂၀၁၀ ခုနှစ် မတ်လ (၆) ရက်နေ့ စက်မှုစီးပွားလုပ်ငန်းရှင်များအသင်း အစည်းအဝေးမှာ ပြောကြားသွားတဲ့ စက်မှု (၁) ၀န်ကြီး ဦးသောင်း ပြောစကားများအရ …“အလုပ်သမားလှုပ်ရှားမှုတွေမှာ နိုင်ငံရေး ပါဝင်ပတ်သက်မှုမရှိကြောင်း။ ဒါကြောင့် အစိုးရက ကြည့်နေခဲ့သလို အင်အားသုံးဖြိုခွင်းမှု မလုပ်ခဲ့တာဘဲဖြစ်ကြောင်း၊ လုံခြုံရေးကို ထိပါးလာရင်တော့ လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း၊ အလုပ်သမားဆန္ဒပြမှုတွေ တနှစ်ထက်တနှစ် ပိုများပြားလာတာ ၂၀၀၇-၀၈ မှာ (၆) ကြိမ် ဖြစ်ပွားခဲ့ရာက ၂၀၀၈-၀၉ မှာ (၉) ကြိမ်အထိ တိုးလာခဲ့ကြောင်း၊ အခု ၂၀၁၀ နှစ်ဆန်း (၂) လအတွင်းမှာကို (၁၄) ကြိမ် ဆန္ဒပြခဲ့ပြီးဖြစ်ကြောင်း၊ စက်ရုံတချို့မှာသာ အလုပ်ရှင်အလုပ်သမား နှစ်ဘက်ညှိနှိုင်းစေ့စပ်အဆင်ပြေခဲ့ကြောင်း” ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

စက်ရုံပိုင်ရှင်က နအဖနဲ့ပေါင်ပြီး အလုပ်သမားများအပေါ် ဖိနှိပ်တတ်တာအပြင် မြန်မာ့စက်မှုဇုန်လုပ်သားတိုင်း ၀င်ငွေအရနည်းပြီး လူမှုဖူလုံရေးခံစားခွင့် ဘာတခုမှမရှိတာ၊ အားကိုးလောက်ဖွယ်ရာ အလုပ်သမားဥပဒေတွေ ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံ မရှိခဲ့တာကို အခုတော့ အလုပ်သမားတို့ စတင်သိမြင်လာခဲ့ကြပါပြီ။ အလုပ်သမားလစာတွေသာ ထပ်ပြီးတိုးပေးရမယ်ဆိုရင် အလုပ်ရှင်တွေဘက်ကလည်း စက်ရုံရောင်းဖို့ ပိတ်ဖို့ရာပဲ ကျန်တော့တဲ့ အနေအထားပါ။ ဒီထက်ပိုအဆင်ပြေအောင် ဖြေရှင်းပေးနိုင်ဖို့ရာ လမ်းစကိုလည်း မမြင်ရသေးပါဘူး။ နှစ်ဘက်မပြေလည်တဲ့ ကြားကနေ နောက်ထပ်ပေါ်လာမယ့် ဆန္ဒပြပွဲတွေကလည်း တန်းစီပြီး အသင့်စောင့်ဆိုင်းနေဆဲပါ။

တို့များလည်း အားကျပါရဲ့

မြန်မာ့စက်မှုဇုန်သပိတ်တွေမဖြစ်မီ တလလောက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၉) ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ရပ်ဘူရီခရိုင် ဆာဟ ကြက်သားထုတ်စက်ရုံ အမှတ် (၉၉) မှာ အလုပ်လုပ်နေကြတဲ့ မြန်မာပြည်သား (၅,၀၀၀) လောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကုမ္ပဏီလက်အောက်မှာ ကြက်သားထုတ်စက်ရုံ အတော်များများရှိပြီး စက်ရုံတခုကနေ နေ့စဉ် ကြက်ကောင်ရေ (၂) သိန်းခွဲနှုန်းလောက် ထုတ်လုပ်ပေးနေရတာပါ။ ထိုင်းရောက် ဆန္ဒပြ မြန်မာအလုပ်သမားတို့ တောင်းဆိုတဲ့ မူလအလုပ်ချိန် (၁၁) နာရီ ကနေ (၈) နာရီအထိ လျှော့ချရေး၊ အိုဗာတိုင်ကြေး တနာရီ ဘတ် ၃၀ (၁,၀၀၀ ကျပ်) နှုန်း တိုးပေးရေး၊ အများပြည်သူ ရုံးပိတ်ရက်အတိုင်း ပိတ်ပေးဖို့၊ အလုပ်သမားပတ်စပို့ လုပ်ပေးဖို့ … စတဲ့ အချက်တွေအကုန်လုံးကိုပါ ထိုင်းအလုပ်ရှင်များဘက်က လိုက်လျောပေးခဲ့ပါတယ်။ ဒီဆန္ဒပြမှုနဲ့ မတူတဲ့ ပြည်တွင်းက လှိုင်သာယာစက်မှုဇုန် အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲမှာတော့ သက်ဆိုင်ရာ ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး ကြားဝင်ညှိပေးတာတောင် ထိုင်းအလုပ်ရှင်တွေ ဖြေရှင်းပေးနိုင်ခဲ့တဲ့ အခွင့်အရေးမျိုးလောက်ကို အလုပ်သမားတွေ တောင်းလို့မရခဲ့တာ မြန်မာ့စက်မှုဇုန်က လုပ်သားများအဖို့ ရင်နာစရာအဖြစ်တခုပါပဲ၊၊

၂၀၁၀ နှစ်ဆန်းပိုင်း ရွှေပြည်သာစက်မှုဇုန်လှုပ်ရှားမှုဟာ အကျိုးမြတ်ရှိရှိ၊ အချိန်တိုတို၊ ကျဆုံးမှုနည်းနည်းဆိုတဲ့ သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှု မူအတိုင်း ဘောင်ဝင်ခဲ့ပေမယ့် အလုပ်သမားတွေ ရလိုက်တဲ့ အကျိုးမြတ်တွေကဖြင့် သိပ်ကို နည်းလွန်းလှပါတယ်။ (အပိုကြေး၊ လစာငွေတချို့ကိုတော့ တိုးပြီးရလိုက်ပါရဲ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးပြပြီး အလုပ်ရှင် ပြန်ဖြတ်တာခံရလို့ ဒုံရင်းလုပ်ခတွေအတိုင်း ပြန်ရနေကြတဲ့ စက်မှုဇုန် စက်ရုံအလုပ်သမားအများစု ဆက်ကျန်ရှိနေဆဲပါ)။ လတ်တလော စားဝတ်နေရေး ဘ၀ပြဿနာတွေအတွက်တောင် မသေချာ မရေရာနိုင်လှပြီး အနာဂတ်မျှော်လင့်ချက် သိပ်မရှိလှတဲ့ ရလဒ်တခုပဲလို့သာ အလုပ်သမားတွေဘက်က သဘောပေါက်ထားကြပါတယ်၊၊ စားဝတ်နေရေး အဆင်မပြေမှုတွေ တနေ့ထက်တနေ့ အရှိန်မြင့်တက်လာနေဆဲမို့ နောင်မှာလည်း ထာဝရ ငြှိမ်းမရတဲ့ မီးတောင်ကြီးများအဖြစ် အလုပ်သမားဆန္ဒပြပွဲတွေ ဆက်ပြီးရှိနေဦးမှာပါ။ ပေါက်ကွဲနေကြဦးမှာပါပဲ။ ။

0 အကြံပြုခြင်း: