Wednesday, April 21, 2010

ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်


ဘွဲ့ဖြူ

၂၁/ ဧပြီ ၂၀၁၀


အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များကတော့ သူတို့ဟာ ပြည်သူ့အရေးတော်ပုံကြီးထဲက မွေးဖွားပေါ်ပေါက်လာတဲ့ အရေးတော်ပုံပါတီတရပ်ရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်ကြပြီဖြစ်တယ်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကြီးမှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ကြီးများကို အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့ကြတဲ့ ဖခင်ကြီးများ (Founding fathers) ဆိုပြီး အမေရိကန်ပြည်သူတွေက ကမ္ဘာတည်သရွေ့ ကျေးဇူးတင်အမှတ်ရနေကြသလို ၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဂုဏ်ပြောင်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကြောင့် အန်အယ်လ်ဒီခေါင်းဆောင်များကိုလည်း မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်မှုအစဉ်ကြီးထဲက အလွန်အရေးပါတဲ့ အကွေ့တကွေ့မှာ စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်ဟိန်းဟောက်မှုကို မကြောက်မရွံ့ နောက်မတွန့်ဘဲ အညံ့မခံ မလံမလှဲခဲ့သူများအဖြစ် မြန်မာပြည်သူတွေက ကမ္ဘာတည်သရွေ့ ကျေးဇူးတင် အမှတ်ရနေကြတော့မှာဖြစ်တယ်။

နအဖရဲ့ စိန်ခေါ်သံကို အန်အယ်လ်ဒီက ရဲရဲဝံ့ဝံ့ ပြန် ‘ထူး’ လိုက်ပြီဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ နီးကပ်တဲ့ အနာဂတ်ကာလမှာ ရုန်းရင်းဆန်ခတ် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်တွေကို တဖန်ပြန်လည်မြင်တွေ့လာကြရမှာကတော့ သေချာနေတယ်။ နအဖဟာ အန်အယ်လ်ဒီဆီက အခုလို တုံ့ပြန်မှုမျိုးလည်း ပေါ်ထွက်လာနိုင်တယ်ဆိုတာကို တွက်ထားပြီးဖြစ်မှာ သေချာနေတာမို့ သူ့မှာ ရှေ့လုပ်ငန်းစဉ်တွေ ရှိမှာအသေအချာပဲ။ တနည်းပြောရရင် နအဖဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး စိုးရိမ်တကြီး တဖွဖွ သတိပေးခဲ့တဲ့ ‘အလုံးစုံပျက်သုဉ်းရေးလမ်း’ ကို ရွေးချယ်လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားသူဖြစ်တာမို့ အခုလို အန်အယ်လ်ဒီက သူ့ကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တဲ့အခါ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ လမ်းစဉ်ကို ဒီဂရီအမြင့်ဆုံး ကိုင်စွဲလုပ်ဆောင်သွားတော့မှာ သေချာနေတယ်။

ဖိနှိပ်ချေမှုန်းတဲ့ နည်းလမ်းအသုံးပြုပြီး ပြည်သူတွေရဲ့ တရားဥပဒေနဲ့ လျော်ညီတဲ့ ဆန္ဒတွေကို နှိပ်ကွပ်တဲ့နေရာမှာ လက်လည်းယဉ်၊ အတွေ့အကြုံလည်း ရင့်နေပြီဖြစ်တဲ့ မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေး လမ်းကြောင်းမှာ အဓိက ဆူးငြောင့်ခလုတ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို အပြီးသတ် ဖယ်ရှားရှင်းလင်းနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကြတော့မှာ ဖြစ်တယ်။

အခုအချိန်မှာ အဆုံးအဖြတ်ပေးမယ့် အခန်းကဏ္ဍကို ရောက်ရှိလာတာက မြန်မာပြည်သူတွေဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်သူတွေ စဉ်းစားကြရမယ့် တခုတည်းသောအရာက ပြည်သူတရပ်လုံးရဲ့ အခွင့်အာဏာ (Mandate) ကို တရားဝင်ရရှိထားတဲ့ အန်အယ်လ်ဒီ မပါဝင်တဲ့၊ တရားမ၀င်တဲ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်မလဲဆိုတဲ့ အရည်မရ အဖတ်မရ ကိစ္စမဟုတ်ဘူး (ဘယ်ပါတီကိုပဲ မဲထည့်ထည့် အဲဒီရွေးကောက်ပွဲမှာ အနိုင်ရမှာက နအဖဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်နေနှင့်ပြီးသားဖြစ်တာကြောင့်ဖြစ်တယ်)။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးဖြစ်အောင် ၀န်းရံကာကွယ် စောင့်ရှောက်ကြမလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ လူတယောက်ဟာ သူ အရာဝတ္ထုတွေကို ပကတိအရှိအတိုင်း မြင်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ မိမိရဲ့မျက်လုံးကို ကာကွယ်စောင့်ရှောက်သလိုမျိုး မြန်မာပြည်သူတွေဟာလည်း မိမိတို့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လမ်းညွှန်ဦးဆောင်မှုပေးခဲ့တဲ့ အန်အယ်လ်ဒီကို အခိုင်အမာ ၀န်းရံကာကွယ် စောင့်ရှောက်ကြရမှာဖြစ်တယ်။

အမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတ သောမတ်ဂျက်ဖာဆင်က ဒီလိုပြောခဲ့ဖူးတယ်။ “အစိုးရမရှိတဲ့ သတင်းစာနဲ့ သတင်းစာမရှိတဲ့ အစိုးရ ဘာကိုရွေးမလဲဆိုရင် ကျနော်ကတော့ အစိုးရမရှိတဲ့ သတင်းစာကို ရွေးမယ်” တဲ့။ အခုလည်း အန်အယ်လ်ဒီဟာ နိုင်ငံရေးမရှိတဲ့ ပါတီနဲ့ ပါတီမရှိတဲ့ နိုင်ငံရေးဆိုတဲ့ ရွေးစရာနှစ်ခုမှာ ဒုတိယတခုကို ရွေးလိုက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာ အနှစ်သာရအရ ပြည်သူလူထုရဲ့ ထောက်ခံမှုပဲဖြစ်တယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ သူ ရရှိထားတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ သူ့အပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အဆုံးစွန် အလေးအနက်ထားကြောင်း ပြသလိုက်တာပဲဖြစ်တယ်။ “ကျနော်တို့ တပ်ဦးက ချီတက်မယ်။ ပြည်သူတွေ ကျနော်တို့နောက်က ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်ခဲ့ကြပါ” လို့ တောင်းဆိုလိုက်တာဖြစ်တယ်။

တနည်းပြောရရင် ဒီနှစ်ထဲမှာလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတဲ့ ‘ဟာသ မဟာစင်တော်ကြီးပေါ်မှာ’ နအဖနဲ့ သူ့လူတသိုက် ‘အတည်ပေါက်’ ကပြအသုံးတော်ခံနေကြတဲ့အချိန်မှာ အန်အယ်လ်ဒီ ပါတီဆိုင်းဘုတ်နဲ့ ပါတီအလံတွေ အများပြည်သူမြင်ကွင်းကနေ တဒင်္ဂ ပျောက်ကွယ်ကောင်းပျောက်ကွယ်နေနိုင်တယ်။ ဒါပေမယ့် နအဖရဲ့ အဲဒီကမ္ဘာကျော် မျက်လှည့်ပွဲကြီးမှာ ပါဝင်ပူးပေါင်းမှုမလုပ်ခြင်းဖြင့် သူတို့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိနေကြာင်း ရဲရဲဝံ့ဝံ့ ပြသတဲ့ ပြည်သူအရေအတွက် သိန်းသန်းချီရှိနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီက သတင်းစကားပါးလိုက်တာဖြစ်တယ်။

အန်အယ်လ်ဒီ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မှာလဲလို့ မြန်မာ့နိုင်ငံရေးသမားဆိုသူအချို့က မေးလေ့ရှိကြတယ်။ အဲဒီလိုလူမျိုးတွေကို ဆန်းစစ်လေ့လာကြည့်လိုက်တဲ့အခါ သူတို့ဟာ သမိုင်းကို ဖန်တီးနိုင်တဲ့ လူထုရဲ့ စွမ်းပကားကို ဘယ်တုန်းကမှ မယုံကြည်သူတွေဖြစ်တာကို တွေ့ရတယ်။ ဒါပေမယ့် ရယ်စရာတခုကတော့ လူထုလှုပ်ရှားမှု ဒီရေမြင့်တက်လာပြီး (သူတို့အထင်) နိုင်တော့မယ့်ပုံပေါက်လာပြီဆိုရင် အဲဒီလှုပ်ရှားမှုရဲ့ ရှေ့တန်းတနေရာမှာ သူတို့ကို တွေ့ရလေ့ရှိပြန်တဲ့အချက်ပဲ။ သူတို့ဟာ များသောအားဖြင့် သူတို့ကိုယ်သူတို့ လူထုက လိုက်မမီလောက်အောင် နိုင်ငံရေးအသိရေချိန်မြင့်တဲ့ ပညာတတ်များအဖြစ် မြင်လေ့ရှိသူများဖြစ်တယ်။

သူတို့ဟာ နိုင်ငံရေးကျမ်းကြီးကျမ်းခိုင်များကို လေ့လာလိုက်စားလေ့ရှိကြသူများဖြစ်ပေမယ့် လူထုနိုင်ငံရေးကိုတော့ မျက်ကွယ်ပြုလေ့ရှိကြသူများဖြစ်တယ်။ ‘နိုင်ငံရေးသိပ္ပံ’ ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလေ့ရှိကြပေမယ့် နိုင်ငံရေးမှာ မသိကိန်း သီအိုရီရှိတယ်ဆိုတဲ့ အချက်ကိုတော့ သူတို့ မျက်စိလျှမ်းလေ့ရှိကြတယ်။ ဒါမှမဟုတ် သူတို့ရဲ့ လူတန်းစားသဘာဝအရ အဲဒီသီအိုရီကို လက်ခံဖို့ ငြင်းဆန်လေ့ရှိကြတယ်။ လူ့သမိုင်းဆိုတာ အကောင်းအဆိုး ဒွန်တွဲတည်ရှိနေတဲ့ လူသားတွေရဲ့ လှုပ်ရှားမှုအစဉ်ကြီးဖြစ်တာနဲ့အညီ အဲဒီလူသားရဲ့ ကံသုံးပါးအမူအရာလေးတခုက သမိုင်းတခုလုံးကို လှည့်ပြောင်းကွေ့ချိုးသွားစေနိုင်တယ်ဆိုတာကို အဲဒီလူတွေ မျက်စိမှောက်တတ်ကြတယ်။ ဒါမှမဟုတ် သူတို့လေ့လာထားတဲ့ သဘောတရားနဲ့ မကိုက်ညီလို့ဆိုပြီး အဖြစ်မှန်ကို လက်ခံဖို့ ငြင်းဆန်တတ်ကြတယ်။

ဒါကြောင့်ပဲ ရွေးကောက်ပွဲမ၀င်ရင် အန်အယ်လ်ဒီ ဘာလုပ်မှာလဲလို့ သူတို့က တွင်တွင်မေးနေကြတာဖြစ်တယ်။ သူတို့မသိတာက သူတို့ရဲ့ အဲဒီမေးခွန်းကို အန်အယ်လ်ဒီ ကိုယ်တိုင်ကရော အန်အယ်လ်ဒီရဲ့ လမ်းစဉ်ကို ထောက်ခံနေကြသူတွေကပါ ဖြေဆိုမှာမဟုတ်တဲ့အချက်ပဲ။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နအဖကိုယ်စား မေးပေးရာရောက်နေတဲ့ မသိသားဆိုးရွားလှတဲ့ အဲဒီမေးခွန်းကို လူထုနိုင်ငံရေးကို ယုံကြည်သူ ဘယ်သူကမှ ဖြေဆိုမှာမဟုတ်ဘူး။

နောက်တချက်ကလည်း နိုင်ငံရေးသဘောတရားတခုအရ ရုပ်ပိုင်းဆိုင်ရာ အင်အားကြီးမားသူနဲ့ သေးငယ်သူအကြားဖြစ်နေတဲ့ ပဋိပက္ခတခုမှာ တိုက်ပွဲပုံသဏ္ဍာန်ကို ဆုံးဖြတ်သူဟာ ရုပ်အင်အားကြီးမားသူသာဖြစ်တယ်။ ရုပ်အင်အားသေးငယ်သူမှာ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ရုပ်အင်အားကြီးမားသူ ရွေးချယ်တဲ့ တိုက်ပွဲပုံသဏ္ဌာန်ကိုပဲ လက်ခံရစမြဲဖြစ်တယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာ အဲဒီအချက်ကို အခိုင်အမာ မီးမောင်းထိုးပြနေတဲ့ သက်သေတွေဖြစ်တယ်။ ရုပ်အင်အားသေးငယ်သူ ရွေးချယ်နိုင်တာတခုပဲရှိတယ်။ အဲဒါကတော့ မိမိရဲ့အခြေခံမူကို စွန့်လွှတ်ပြီး ရန်သူ့ရှေ့မှောက်မှာ ဒူးထောက်အရှုံးပေးမှာလား၊ မပေးဘူးလားဆိုတာပဲဖြစ်တယ်။

“ကျမတို့ရဲ့ ဦးခေါင်းကတော့ ပျော့ပျောင်းပါတယ် ... ဒါပေမယ့် ကျမတို့ရဲ့ ဒူးခေါင်းကတော့ မပျော့ပျောင်းဘူး” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ဒါဟာ မိမိကိုယ်ကို ရိုသေလေးစားသူမှန်သမျှအတွက် လမ်းညွှန်သဘောတရားတခုဖြစ်တယ်။ အခု အဲဒီလမ်းညွှန်မှုကို ပြတ်ပြတ်သားသား ခံယူကျင့်သုံးခြင်းဖြင့် အန်အယ်လ်ဒီ ခေါင်းဆောင်များက သူတို့ပါတီဟာ စစ်မှန်တဲ့ အရေးတော်ပုံပါတီတရပ်ဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်ပြီဖြစ်တယ်။

ဒီတော့ လက်ရှိအချိန်မှာ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုကြီးရဲ့ လက်ငင်းတာဝန်က ဘာလဲ။ မိမိတို့ရဲ့ တပ်ဦးမှာရှိနေတဲ့ အရေးတော်ပုံပါတီကြီးက ဆေးဖော်ကြောဖက်မလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုတဲ့ (ဘယ်သူ့မျက်စိကိုမှ မလှည့်နိုင်တဲ့) မျက်လှည့်ပွဲကို မိမိတို့ကလည်း ဆေးဖော်ကြောဖက် မလုပ်ကြဖို့ဘဲဖြစ်တယ်။ ဒီနေရာမှာ မိမိတို့ကိုယ်မိမိတို့ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ထင်မြင်ယူဆနေကြသူ မီဒီယာလောကသားတွေအနေနဲ့လည်း အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ လိုက်လုပ်ပြီး နအဖရဲ့ မျက်လှည့်ပွဲမှာ ‘ဝေလေလေ’ ၀င်မလုပ်မိကြဖို့ အရေးကြီးတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆိုးဆုံး စာရင်းဝင် နိုင်ငံတခုက စာနယ်ဇင်းတွေဟာ ပြည်သူလူထုဘက်က ဘယ်လိုမှ ပြတ်ပြတ်သားသား မရပ်တည်နိုင်ဘူးဆိုတာကို နားလည်နိုင်တယ်။ ဒါပေမယ့် မိမိရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ငဲ့ရင်းငဲ့ရင်း စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်မသွားဖို့ သိပ်ကိုအရေးကြီးတယ်။ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူအားလုံး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြမယ့် ရွေးကောက်ပွဲမျိုးမဟုတ်ဘူးဆိုတာ ဒီလောက်တောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား မြင်သာနေတဲ့အချိန်မျိုးမှာ ပြည်တွင်းက မြန်မာ့မီဒီယာတွေ (အထူးသဖြင့် ပုဂ္ဂလိကစာနယ်ဇင်းတွေ) အနေနဲ့ ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို ဘာမှ တခုတ်တရ လိုက်ရှာ၊ လိုက်တွေ့ဆုံမေးမြန်းပြီး ထည့်ပေးစရာမလိုဘူး။ မတတ်သာလို့ ဖော်ပြရတဲ့ ပုံစံမျိုးထက်မပိုသင့်ဘူး။ အဲသလိုမှ မဟုတ်ဘဲ တကယ့်အစစ်အမှန် ရွေးကောက်ပွဲကြီးလို သဘောထားပြီး ပြည်သူတွေ မျက်စိနောက်လောက်အောင် လုပ်နေမယ်ဆိုရင်တော့ သမိုင်းရဲ့ဒဏ်ခတ်မှုကို ခံကြရမှာပဲဖြစ်တယ်။ မုသားပြောတာနဲ့စာရင် ဘာမှမပြောတာကမှ ပိုကောင်းသေးတယ်ဆိုတဲ့ အယူအဆကို ပြည်သူ့မီဒီယာဘက်တော်သားတွေ လက်ကိုင်ထားသင့်တယ်လို့ ယုံကြည်တယ်။

ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရဖူးသူတွေ အများအပြား ပါဝင်တဲ့ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းကတော့ ထောင်ထဲဝင်ရမယ့် အန္တရာယ်အပါအ၀င် အန္တရာယ်များစွာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တရားဓမ္မနဲ့ လျော်ညီတဲ့ လမ်းမှန်ကို ဦးဆောင်လျှောက်လှမ်းနေကြပြီဖြစ်တယ်။ ဒီအချိန်မှာ မီဒီယာတွေအပါအ၀င် မြန်မာပြည်သူတွေဟာလည်း ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ ထုံး နှလုံးမူပြီး အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုနောက်ကို ရဲရဲဝံ့ဝံ့ လိုက်ပါလျှောက်လှမ်းကြရမှာပဲ ဖြစ်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ခြင်္သေ့ဆီဟာ ရဲရင့်ညီညွတ်သော ပြည်သူဆိုတဲ့ သိင်္ဂီရွှေခွက်မှာသာ တည်ရှိနိုင်တာဖြစ်တယ်။

အဲသလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေက ခေါင်းဆောင်ပီသစွာ တပ်ဦးက လျှောက်လှမ်းနေတာတောင်မှ မိမိတို့က အကြောက်တရား လွှမ်းမိုးတာခံပြီး ဖရိုဖရဲ တကွဲတပြား ဖြစ်နေကြဦးမယ်ဆိုရင်တော့ ဒီမိုကရေစီဟာ ဝေးနေဦးမှာပဲဖြစ်တယ်။ ဒူးခေါင်းပျော့သူများဟာ ခဲမူးစေ့ ဒီမိုကရေစီနဲ့ပဲ ထိုက်တန်မှာဖြစ်တယ်။ ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်။ ။

http://www.khitpyaing.org/articles/2010/April/21410.php

0 အကြံပြုခြင်း: