Tuesday, April 27, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၃)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၃)

(Choosing Right Path and Real Politics)

ခေါင်းအေးအေးနှင့် စဉ်းစားကြရအောင်ဗျာ။

စစ်ဗိုလ်ချုပ်တွေဟာ အရင်ကလည်း မကောင်းခဲ့ပါဘူး။ အခုလည်း မကောင်းသေးပါဘူး။ နောက်လည်း ကောင်းဖို့ သိပ်မမြင်ပါဘူး။ ဒါကြောင့်လည်း သူတို့ကို တစ်ကယ် စိတ်ချယုံကြည်တဲ့ အတိုက်အခံဆိုတာ မရှိပါဘူး။ ရှိခဲ့ရင် အတိုက်အခံ အတုသာ ဖြစ်ပါလိမ့်မယ်။

အခုရွေးကောက်ပွဲဝင်ကြမယ်ဆိုတဲ့ အတိုက်အခံအတု မဟုတ်သူတွေဟာ ဖွဲ့စည်းပုံ မမှန်ကန်တာ၊ ဖွဲ့စည်းပုံကို အတည်ပြုစဉ်က လိမ်ခဲ့တာ၊ ရွေးကောက်ပွဲ ဥပေဒတွေ မတရားတာတွေကိုသာမက အခုလာမဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်မှာလည်း နအဖက ညစ်နိုင်စရာတွေ ရှိနေမှာကို သိထားကြပါတယ်။ ဒါတင်မက ရွေးကောက်ပွဲဝင်လိုက်လို့ ဒီမိုကရေစီ ရမသွားဘူးဆိုတာကိုလည်း သိထားကြပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဝင်မဲ့သူတွေကို ဖွဲ့စည်းပုံက စစ်ကျွန်ဖွဲ့စည်းပုံဖြစ်တယ်ဆိုတာ၊ လွှတ်တော်ထဲရောက်လဲ ထိထိရောက်ရောက် လုပ်နိုင်ဖို့ရာ အခက်အခဲတွေ အများကြီးရှိနေတယ် ဆိုတာကို ရှင်းလင်း ထောက်ပြဖို့ သိပ်လိုမယ် မထင်ပါဘူး။ သူတို့အားလုံး သိကြပါတယ်။

အင်အယ်လ်ဒီနှင့်အတူ ထင်ရှားတဲ့ တိုင်းရင်းသားအင်အားစုတွေက နာဂစ်ဖွဲ့စည်းပုံနှင့် မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လက်မခံနိုင်ကြလို့ ပါတီဆက်လက် မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ကြဖို့ ဆုံးဖြတ်ကြပြီးပါပြီ။ ၄င်းတို့နှင့်အတူ ပြည်တွင်း ပြည်ပ အင်အားစုတွေက ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ ပြည်သူလူထု နိုးထရေး၊ စစ်အာဏာရှင် ပြုတ်ကျရေး စသည်တို့ကို တစ်ဖွဲ့ချင်းဖြစ်ဖြစ်၊ စုစည်းလို့ ဖြစ်ဖြစ် ကြိုးပမ်းနေကြပါတယ်။ အင်မတန် ကောင်းပါတယ်။

ခေါင်းအေးအေးနှင့် စဉ်းစားကြရအောင်ဗျာ။ စဉ်းစားသင့်ပြီလို့လည်း ထင်ပါတယ်။

ပြည်တွင်း၊ ပြည်ပ အတိုက်အခံတွေ နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်း ဟန့်တားနေတဲ့ကြားက ရွေးကောက်ပွဲကြီး ဖြစ်သွားပြီဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို မြင်ကြည့်ကြရအောင်ပါ။

ရွေးကောက်ပွဲကို တစ်နိုင်တစ်ပိုင်နှင့် ဖြစ်သလို ဝင်ရောက်ကြရမဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေကြားမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာတွေအားလုံးမှာ လွှမ်းခြုံပြီး ဝင်ရောက် ယှဉ်ပြိုင် နိုင်လောက်အောင်၊ နိုင်ငံရေးအရ အရှိန်သြဇာကြီးတဲ့ နိုင်ငံရေးပါတီ၊ နေရာအားလုံးမှာ ဝင်နိုင်လောက်အောင် လိုအပ်သော ငွေကြေး သိန်းထောင်ပေါင်းများစွာကို ရှာဖွေနိုင်တဲ့ နိုင်ငံရေးပါတီ၊ နအဖနှင့် စီးချင်းထိုးနိုင်စွမ်းလောက်အောင် နိုင်ငံအနှံ့မှာ လူထုထောက်ခံမှု ရရှိထားသော နိုင်ငံရေးပါတီ မရှိဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။

ဒီအတိုင်းဆိုရင် တိုင်းရင်းသားတွေရဲ့ မဲဆန္ဒနယ်မြေ အချို့ကလွဲရင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တစည၊ ကြံ့ဖွတ်နှင့် ဦးတေဇတွေက လွတ်တော်တစ်ခုလုံးမှာ ဖျောက်ဆိပ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဦးအေးလွင်တို့၊ မင်္ဂလာဒုံ ဦးကြည်ဝင်းတို့၊ အလံနီလူထွက်တို့လို လူမျိုးတွေက နအဖ သနားလို့ ဟပေးမှ အမတ်ဖြစ်နိုင်မဲ့သူတွေမို့ လောလောဆယ် စာရင်းမဝင်သေးပါဘူး။ နအဖက ဒီမိုကရေစီအင်အားစုအတွင်း အကွဲအပြဲတွေဖြစ်အောင် ဆွဲအသုံးခံရသူတွေမို့ မလိုတဲ့နေ့ သူတို့ရှေ့က ဆရာ့ ဆရာကြီးများ လားရာအတိုင်း စုပ်ပြီးသား ကြံဖတ်လို ချနင်းခံရမှာဖြစ်ပါတယ်။

တိုင်းရင်းသားအမတ်တွေဘက်က လွန်ရော ကျွံရော ၂၀ရာခိုင်နှုံး သာသာလောက်သာ ရှိနိုင်ပါလိမ့်မယ်။ နအဖဘက်က စစ်တပ်ကိုယ်စားလည်နှင့် အလိုတော်ရိအမတ်တွေ ပေါင်းရင် ၈၀ရာခိုင်နှုံးလောက်တောင် ရှိသွားနိုင်တာမို့ ရှိသမျှ လွှတ်တော်တွေအားလုံးကို နအဖက ပက်ပက်စက်စက် အုပ်စည်းသွားမှာ ဖြစ်ပါတယ်။ အာဏာသိမ်း နအဖကို တိုက်ရတာထက် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ပုသ်သင်ညိုလွှတ်တော်ကို အရောင်ပြ ရွေးကောက်ပွဲနှင့် ဂုတ်ခွစီးထားမဲ့ မြွေအရေခွံလဲ ဗိုလ်ချုပ်တွေကို တိုက်ရတာက အပုံကြီး ပိုခက်သွားနိုင်တာကို မြင်လောက်ကြပါတယ်။

သမိုင်းဆေးမခြောက်သေးတဲ့ ဖြစ်စဉ်တစ်ခုကိုဘဲ ပြန်ကြည့်ပါ။ ငြိမ်းအဖွဲ့တွေ နအဖနှင့် လက်တွဲလိုက်ကြတုန်းက သစ္စာဖေါက်တွေဆိုပြီး ဝိုင်းအဆဲခံခဲ့ရပါတယ်။ အခုတခါ အဲဒီငြိမ်းတွေကိုဘဲ မဟာမိတ်ပြန်လုပ်ပြီး တိုက်ပွဲဆက်ရပြန်ပါတယ်။ ဒီအတိုင်းဘဲ လွှတ်တော်တွင်း ဝင်ရောက်မဲ့ တိုင်းရင်းသားအပါအဝင် အတိုက်အခံတွေကို ခုနေခါ ရှုံ့ချနေကြပေမဲ့ နောင်တစ်ချိန်မှာ လက်မတွဲရဘူးလို့ ဘယ်သူ ကံသေကံမ ပြောနိုင်ပါသလဲ။ ရေတွင်းထဲကို တံတွေး မထွေးနှင့်။ တစ်ချိန်ချိန်မှာ သင်ပြန်သောက်ရ နိုင်တယ်ဆိုတဲ့ ရုရှားစကားပုံလိုပေါ့ဗျာ။

အသုံးမကျ၊ အလုပ်မဖြစ်တဲ့ လွှတ်တော်အကြောင်းကို လာမပြောနေပါနဲ့လို့ ဆိုချင်သူများ ရှိမှာပါ။ ကေသရာဇာ ခြင်္သေ့မင်းကြီးကလည်း မင်းက ငါ့ကို ဘာပြန်လုပ်ပေးနိုင်မှာလည်းဆိုပြီး ကြွက်ကလေးကို အထင်သေးကာ လွှတ်ပေးခဲ့ဘူးပါတယ်။ အသစ်ပေါ်ထွန်းလာမဲ့ လွှတ်တော်တွင်း တိုက်ပွဲဆိုတဲ့ နိုင်ငံရေး လက်နက်အပို တစ်ခုကို ကြွက်ကလေးသဘောနှင့်ဘဲ ဖြစ်ဖြစ် အရံအတားထား ကိုင်စွဲ အသုံးချသွား သင့် မသင့်ကို ဆုံးဖြတ်နိုင်ဖို့ရာ နိုင်ငံရေး သုခမိန်ကြီးဖြစ်ဖို့ လိုမယ်မထင်ပါဘူး။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေကိစ္စ တွက်ချက်ဖို့က အချက်အလက်လည်း မစုံ၊ အချိန်လည်း စောသေးတာမို့ ခုနေခါ အကျယ် မဆွေးနွေးလိုသေးပါဘူး။

ခေါင်းအေးအေးနှင့် စဉ်းစားကြရအောင်ဗျာ။ စဉ်းစားသင့်ပြီလို့လည်း ထင်ပါတယ်။ အချိန်နှင့် ဒီရေသည် လူကို မစောင့်။

ပြည်တွင်း၊ ပြည်ပရှိ အဓိက အတိုက်အခံ အင်အားစုတွေက ပြည်တွင်း လှုပ်ယှားမှုကြီး ပေါ်ပေါက်လာအောင်၊ နိုင်ငံတကာ ဖိအားတွေ တိုးတက်များပြားလာအောင် လုပ်ဆောင်နေကြပါတယ်။ စစ်အာဏာရှင်စနစ် ပုံသဏ္ဍာန် အမျိုးမျိုးနှင့် ရှင်သန်နေသရွေ့ လုပ်နေရမဲ့ အလုပ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို CRPPထဲမှာပါတဲ့ ဦးဆောင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးက ဆန့်ကျင်ကြပါတယ်။ သို့သော် သူတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားတွေ အားလုံးလိုလိုက ရွေးကောက်ပွဲ ဝင်ကြမှာ ဖြစ်ပြန်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မဲဆန္ဒနယ်မြေတွေမှာ နအဖတွေ၊ ကြံ့ဖွတ်တွေ ဝင်တိုးဖို့ မလွယ်တာမို့ လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေ အသံက တည်ရှိနေမှာ ဖြစ်ပါတယ်။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီအင်အားစုတွေကို လွှမ်းခြုံကိုယ်စားပြုမဲ့အသံက ခုတိုင်းဆို လွှတ်တော်တွေမှာ တိတ်ဆိပ်နေသွားမဲ့ဟန် ဖြစ်ပါတယ်။ ဒီကွက်လပ်ကို အစားဖြည့်ပေးနိုင်မဲ့ အင်အားစုတစ်ရပ်လိုနေပါတယ်။ ဒီကွက်လပ်ကို ဖြည့်သင့် မဖြည့်သင့်က နအဖတောင် ဝှက်ဖဲတွေ အကုန်မချပြသေးတာမို့ အခုဆွေးနွေးဖို့ စောလွန်း နေပါသေးတယ်။

အင်အယ်လ်ဒီက ရွေးကောက်ပွဲ မဝင်။ လူထုအကျိုးပြုနှင့် ပညာပေးလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ သို့သော် အဲဒီလူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ စုစည်းမှုကို တည်ဆောက်ထားနိုင်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီစုစည်းမှုကို လဘက်ရည်ဆိုင်မှာ၊ ဇရပ်မှာ၊ ဘုန်းကြီးကျောင်းမှာ၊ အိမ်တစ်အိမ်မှာ လုပ်တဲ့အခါဖြစ်ဖြစ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ လှုပ်ယှားမှုပုံသဏ္ဍာန်တွေ ဖေါ်တဲ့အခါဖြစ်ဖြစ်၊ ထုံးစံအတိုင်း နအဖက ရက်ရက်စက်စက် နှောင့်ယှက် ဖိနှိပ် ဟန့်တားမယ်ဆိုတာ ကျုပ်တို့အားလုံး သိကြတယ်။ ဒီအဟန့်အတားတွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားမလဲ။

ကျွမ်းကျင် ထက်မြက် ရဲရင့်တဲ့ တောင်တက်သမားတစ်ယောက်က မတ်စောက်တဲ့ ကျောက်တောင်ကြီးတစ်ခုကို အခက်အခဲတွေကြားက အောင်မြင်စွာ တက်ရောက်နိုင်မယ်လို့ ကျုပ်တို့ ယုံကြည်ပါတယ်။ သို့သော် အဲဒီတောင်တက်သမားက မတော်တဆ ပြုတ်ကျခဲ့ရင် ကိုင်စွဲထားနိုင်တဲ့ အသက်ကယ်ကြိုးကို အရံအတား မထားဘဲ တက်ရောက်ရန် သင့် မသင့် စဉ်းစားစေချင်ပါတယ်။ အင်အယ်လ်ဒီက ပါတီမှတ်ပုံမတင်ဘဲ လူမှုရေးတွေ၊ လူထုလှုပ်ယှားမှုတွေကို ဖေါ်ဆောင်တဲ့အခါမှာ နအဖက သူ့ရဲ့ တည်ဆဲ မတရား ဥပဒေတွေနှင့် နှိပ်ကွပ်လာရင် တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ခု ရှိထားခြင်းအားဖြင့် အမှီသဟဲပြု ခိုကိုးလို့ ရနိုင်တာကို သိရက်နှင့် ဒီအခွင့်အရေးကို လျစ်လျှူရှု လက်လွှတ်သင့်ပါသလား။ ၁၉၉၀ရွေးကောက်ပွဲတုန်းကလည်း လိုရမယ်ရဆိုပြီး အသက်ကယ်ပါတီတစ်ခုကို အင်အယ်လ်ဒီက ဖွဲ့ခဲ့ဘူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ၆ချက်မှာ (၁)က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ၊ ရွှေဂုံတိုင်အတိုင်း ဆက်ရပ်နှင့် (၂)က တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံဖြစ်ပါတယ်။ သို့သော် အင်အယ်လ်ဒီ စီစီရဲ့ ဆုံးဖြတ်ချက်ကို သူမ လက်ခံမယ် ဆိုခဲ့ပါတယ်။ စီစီက ပါတီကို ဆက်လက်မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်လုပ်ကိုင်ဖူးသူတွေ တညီတညွတ်တည်း ပြောကြတဲ့ အကြောင်းတစ်ခုက “ဒေါ်စုက ညွှန်ကြားချက် လာလာတောင်းတာကို မကြိုက်ဖူး။ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ လုပ်သင့်တာကို စဉ်းစားပြီး ရဲရဲရင့်ရင့် လုပ်ကြဖို့ အမြဲတိုက်တွန်းတတ်တယ်”လို့ ဖြစ်ပါတယ်။

စီစီအစည်းအဝေးအပြီးမှာ ဦးဝင်းတင်က အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုရင် ပါတီအနေနှင့် ခြေပြတ်မယ်။ လက်ပြတ်မယ်။ မှတ်ပုံတင်မယ်ဆိုရင်တော့ ခေါင်းပြတ်မယ်။ ခြေပြတ်တာ၊ လက်ပြတ်တာ အတုလုပ်ပြီး အလုပ်ဆက်လုပ်လို့ရတယ်။ ခေါင်းပြတ်သွားရင်တော့ ခေါင်းအတုလုပ်လို့ မရဘူး။ ခြေတု၊ လက်တုဆိုတာ လိုအပ်ရင် ပါတီအသစ်တစ်ခုကို ထပ်မံတည်ထောင်ဖို့လို့ဘဲ အဓိပ္ပါယ် ကောက်နိုင်ပါတယ်။

မေလ (၇)ရက်၊ ၂၀၁၀ သည် ပါတီမှတ်ပုံတင်ခြင်း၏ နောက်ဆုံးနေ့ဖြစ်ပါတယ်။ ကျုပ်သဘောကတော့ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသန်းညွန့်တို့ ဦးဆောင်ပြီး နိုင်ငံရေးပါတီတစ်ခုအဖြစ် အချိန်မီ မှတ်ပုံတင်သင့်တယ်။ ဒီလိုမှတ်ပုံတင်နိုင်အောင်လည်း ဦးတင်ဦး၊ ဦးဝင်းတင်တို့က နားလည်မှု ပေးသင့်ပါတယ်။ ဒီနိုင်ငံရေးပါတီသည် အရေးကြုံရင် အသုံးတဲ့ကောင်း တဲ့သွားနိုင်တဲ့ အသက်ကယ်ပါတီ(Lifeboat Party) ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များက မလိုဘူးထင်တဲ့နေ့ အချိန်မရွေး ဖျက်သိမ်းပစ်လို့ ရပါတယ်။ သို့သော် လိုမယ်ထင်မှ ဖွဲ့ချင်တိုင်း ထဖွဲ့လို့ မရတာမို့ လိုရ မယ်ရ မဖြစ်မနေ ကြိုဖွဲ့ထားသင့်တဲ့ ပါတီဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရင် နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံပေးရမှာတို့၊ ရွေးကောက်ပွဲ ဝင်ပေးရမှာတို့ကို သိပ်ရေးကြီး ခွင်ကျယ် မလုပ်စေချင်ပါဘူး။ ထင်ရှားတဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက “အင်အယ်လ်ဒီက ပါတီမှတ်ပုံတင်ရင် ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်သွားနိုင်တယ်”ဆိုပြီး အကြိမ်ကြိမ် အသံလွှင့်နေတာကို ကြားမိပါတယ်။ ဒီပြောလုံးမျိုးက စကားရည်လုပွဲတွေမှာ အကျကောက် နောက်ကောက်ချ ပြောတတ်တဲ့ ပြောလုံးမျိုးတွေပါ။ လူသန်း၅၀ကျော်ရဲ့ ဘဝကြမ္မာကို အဆုံးအဖြတ်ပေးရမဲ့ ရှုတ်ထွေးပွေလီတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို တစ်ပွဲတိုးနှင့် အနိုင်ပိုင်းလို့ ရတတ်တဲ့ စကားရည်လုပွဲ တစ်ခုလို မမြင်သင့်ပါဘူး။

လွတ်လပ်ရေးအတွက် ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ကို နယ်ချဲ့အင်္ဂလိပ်အစိုးရ လက်အောက်ခံအဖြစ်ထားရမလားဆိုပြီး အပစ်ပြောသူတွေကို ဗိုလ်ချုပ်အောင်ဆန်းက “စစ်တပ်ကို လွတ်လပ်ရေး မရသေးခင် ရှိတဲ့အစိုးရရဲ့ လက်အောက်မှာ မထားရင် သူပုန်တပ်ဖြစ်သွားမှာပေါ့”လို့ တုန့်ပြန်ဖူးပါတယ်။

ဂန္ဒီခမ်းမကြေညာချက် မထုတ်ပြန်ခင် နဝတက ကပ်ပြီး ထုတ်ပြန်တဲ့ ၁/၉၀ကို အင်အယ်လ်ဒီအပါအဝင် ဒီမိုကရေစီ အတိုက်အခံတွေ အားလုံးက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပါတယ်။ နောက် အင်အယ်လ်ဒီအပါအဝင် အတိုက်အခံတွေ အားလုံးကဘဲ ၁/၉၀ကို ပြန်တောင်းပါတယ်။ နအဖက မပေးတော့ပါဘူး။

၁/၉၀ကို ဆန့်ကျင်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်တွေ့ အခြေအနေတွေအရ ၁/၉၀ကို ပြန်တောင်းရတဲ့အတွက် ရှုံ့ချီ နှပ်ချီ၊ မှေက်ချီ၊ လှန်ချီ လုပ်သူများအဖြစ် စကားရည်လုပွဲလုပ်ပြီး စကားနာထိုးမယ်ဆိုရင် အင်မတန် အချက်ကျပါလိမ့်မယ်။ သို့သော် နိုင်ငံရေးဆိုတာ စကားရည်လုပွဲ မဟုတ်ပါဘူး။

အင်အယ်လ်ဒီ ဘာလုပ်သင့်သလဲ။ ရှင်းရှင်းလေးပါ။

ထုတ်ချင်တဲ့ ဥပဒေထုတ်၊ ကိုယ်ထုတ်တဲ့ ဥပဒေကို ကိုယ်မလေးစားတတ်တဲ့ နအဖကို ရင်ဆိုင်ဖို့ရန် သူထုတ်ပြန်တဲ့ ဥပဒေတွေကိုဘဲ ပြန်အသုံးချသင့်ရင် အသုံးချရမှာ ဖြစ်ပါတယ်။ မြေခွေးကို မြေခွေးအမြီးနှင့် ချည်တန် ချည်ရပါမယ်။ ဖွဲ့စည်းပုံကို လက်မခံ၊ ရွေးကောက်ပွဲကို မဝင်မဲ့ အင်အယ်လ်ဒီပါတီဝင်တွေဟာ ကိုယ်ယုံကြည်တဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ ပညာပေးလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ သူ့ဥပဒေနှင့်အညီ တရားဝင်ဖွဲ့စည်းထားတဲ့ အသက်ကယ်ပါတီရဲ့ အလံအောက်မှာ ရုံးခန်းဖွင့်နိုင်၊ ဆက်သွယ်၊ ပြန်ကြားနိုင်၊ စုစည်းနိုင်၊ စည်းဝေးနိုင်ကြမဲ့ အခွင့်အရေးကို တမင် လက်လွှတ်ဆုံးရှုံးခံဖို့ သင့် မသင့် လေးလေးနက်နက် စဉ်းစားကြဖို့ လိုပါပြီ။

လွှတ်တော်တွင်း တိုက်ပွဲကို ရင်ဆိုင်ဖို့ဘဲ ဖြစ်ဖြစ်၊ အသက်ကယ် ပါတီတစ်ရပ်အနေနှင့် ရပ်တည်ထားဖို့ဘဲ ဖြစ်ဖြစ်၊ နာဂစ်ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာ လွှတ်တော်ပ အင်အားစုတွေနှင့် ဟန်ချက်ညီညီ လက်တွဲပြင်နိုင်ဖို့ ကြိုးစားရေးအတွက်ဘဲ ဖြစ်ဖြစ်၊ ပါတီမထောင်ဘဲ လူထုအကျိုးပြု လုပ်ငန်းတွေကို နိုင်ငံအနှံ့ လုပ်ဆောင်ကြမဲ့ အင်အယ်လ်ဒီပါတီဝင်တွေကို အကာအကွယ်ပေး ထီးရိပ်မိုးပေးဖို့ဘဲ ဖြစ်ဖြစ် လိုအပ်ချက်ဖြစ်နေတဲ့ ခြေတု လက်တု ပါတီတစ်ရပ်တည်ထောင်လိုက်ခြင်းကို ပြည်သူလူထုက အပြည့်အဝ နားလည်မှုပေး ထောက်ခံကြမယ်လို့ ကျုပ်ယုံကြည်ပါတယ်။

ခေါင်းအေးအေးနှင့် စဉ်းစားကြရအောင်ဗျာ။ စဉ်းစားသင့်ပြီလို့လည်း ထင်ပါတယ်။ အချိန်နှင့် ဒီရေသည် လူကို မစောင့်။ လွတ်တဲ့ငါး မကြီးစေချင်ပါ။

အောင်ထီ

ဧပြီလ (၂၇)၊ ၂၀၁၀


0 အကြံပြုခြင်း: