Saturday, May 22, 2010

ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေပြ မြေပုံ ထုတ်ပြန်


ကမ္ဘာ့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဆိုင်ရာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) က မြန်မာနိုင်ငံ အတွင်း ရေရှားပါး ပြတ်လပ်မှုဆိုင်ရာ အခြေအနေပြ မြေပုံတစ်ခုကို ၂၀၁၀ ခု မေလ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း www.reliefweb.int တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။ မြေပုံကို PDF ဖိုင်အဖြစ် ဖော်ပြထားပြီး ယင်းမြေပုံတွင် ဂန့်ဂေါ၊ ထီးလင်း ၊သံတွဲ၊ ပေါင် ၊ရေး၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်ထိုတို့ကို ရေရှားပါးမှု ကြုံနေရသော ဒေသများ အဖြစ်နှင့် တီးတိန်၊ ဟားခါး၊ မင်းတပ်တို့ကို ရေပြတ်လပ်သော ဒေသများအဖြစ် ဖော်ပြထားသည်။ ထို့ပြင် စစ်တွေမြို့တွင် လွန်ခဲ့သော လကတည်းက ရေကန်များ ခြောက်ခမ်းသွားပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ရေပြတ်လပ်မှုနှင့် ကြုံနေရခြင်း၊ ဒလမြို့တွင် နေ့စဉ် သုံးရေရော သောက်ရေပါ ပြတ်လပ်နေခြင်း။ ဝေါမြို့နယ်တွင် ရေပြတ်လပ်ပြီး မေလ ၅ ရက်မှ ၁၁ ရက် အတွင်း ၀မ်းရောဂါများ ကူးစက်ပျံ့ပွားခဲ့ရာ အသေအပျောက် မရှိပဲ မြို့ပြလူထု ၈၂ ဦးကို ဆေးရုံတင် ကုသပေးခဲ့ရခြင်း၊ ရေနံချောင်းနှင့် ချောက် ဒေသ များတွင် ပင်းချောင်း နှင့် ဒေါင်းသေချောင်း ၀န်းကျင်ရှိ ရွာများမှ လွဲ၍ ရေကန်အားလုံး ခမ်းခြောက်ကာ သုံးပြီးသား ရေကို ပြန်စစ်ကာ သုံးကြရခြင်း၊ ယင်းရေကို တိရစ္ဆာန်များကို တိုက်ကွေး ရခြင်း၊ ထန်းပင်များပင် ခြောက်ကုန်ခြင်း၊ နတ်မောက်တွင် သောက်ရေ ရှားပါးလှပြီး လက်ယက်တွင်းများ တူးကာ သောက်ရေ ရှာဖွေရခြင်း၊ မြင်းခြံ နှင့် မုံရွာမြို့ များတွင် ၁၅ ဒီဂရီ စင်တီဂရိတ်အောက် ထားရှိရမည့် ဆေးများကို လျှပ်စစ်ဓါတ်အား ပြတ်တောက် မှုကြောင့် သိုလှောင် မထားနိုင်ခြင်း၊ ပေါက်မြို့နယ်တွင် သောက်ရေရော သုံးရေပါ ရှားပါးနေပြီး ရေရှာဖွေမှုဖြင့် တစ်နေကုန် ကြရခြင်း၊ ချောင်းဦး တွင် သုံးရေ နှင့် သောက်ရေများ ဘေးကင်း သန့်စင်မှု မရှိခြင်း၊ လပ္ပတ္တာတွင် ၀န်းကျင် ဒေသများမှ ရေ၀ယ်သုံး နေရခြင်း၊ ဖျာပုံ၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်များတွင် ထူးခြားစွာ ရေပြတ်လပ် နေခြင်းတို့ကို မြေပုံအညွှန်း များနှင့်တကွ စနစ်တကျ ဖော်ပြထား သည်ကို တွေ့ရသည်။


၂၂ . ၅ . ၂၀၁၀
http://www.htwd.info/2010/05/reliefweb.html

သောက်သုံးရေရှားပါးရာ ဒေသများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

burmasမြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ဧပြီလမှစ၍ အပူချိန် ဒီဂရီများစံချိန်တင် မြင့်တက်လာမှုကြောင့် ပြည်နယ်နှင့် တိုင်း များရှိ ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ ပြည်သူ လူထုများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရသည်။

ထိုကြုံတွေ့နေရသည့် ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ကျေးရွာ၊ လူဦးရေ စာရင်းတို့ကို ယင်းဒေသများရှိ ရေပေးဝေ လှူဒါန်းနေကြလျက်ရှိသော အစိုးရနှင့်မသက်ဆိုင်သော ပုဂ္ဂလိက လူမှုကူညီရေး အသင်းအဖွဲ့များထံမှ တဆင့် ယခုလမှ စတင်ကာ မဇ္ဈိမသတင်းဌာနမှ စစ်တမ်းများ ကောက်ယူခဲ့သည်။



ပဲခူးတိုင်း

ပဲခူးတိုင်းအတွင်း၊ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ ဒိုက်ဦးမြို့နယ် စသည့် ၅ မြို့နယ်တွင် အပူရှိန် ပြင်းထန်သဖြင့် ကျေးရွာပေါင်း ၁ဝဝ ကျော်တွင် ရေတွင်း၊ ရေကန်များခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်ကာ စုစုပေါင်း အနည်းဆုံး လူဦးရေ ၇ဝဝဝဝ သောင်းကျော် ရေရှားပါးမှု ပြဿနာဖြင့်ရင်ဆိုင်နေရ။

ယင်းမြို့နယ် ၅ မြို့နယ်တွင် ယခုလ္ဆန်းပိုင်းမှ ကျေးရွာပေါင်း ၆ဝ တွင်း စတင်ဖြစ်ပွားခဲ့ပြီး သောက်သုံးရေ လုံလောက်စွာ မဖြန့်ဖြူးပေးနိုင်သောကြောင့် ၁ဝ ရက်ကျော်အကြာတွင် ကျေးရွာပေါင်း ၄ဝ ကျော် ထပ်တိုး လာခဲ့သည်။

ယခုလ ၂ ရက်နေ့က ယင်းဖြစ်ပွားရာကျေးရွာများကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်များက စာရင်းလိုက်လံကောက်ခံကာ ရေလိုအပ်နေသည့် ကျေးရွားများသို့ ပဲခူးမြို့ပေါ်ရှိ ပုဂလိက စီးပွားရေး လုပ်ငန်းရှင် များ၊ လူမူကူညီရေအသင်းများ၏ အကူအညီရယူကာ ရေဖြန့်ဖြူးပေးခဲ့သည်။
pegu
“ရေက သူတို့အတွက် ဘယ်လာက် အရေးကြီးလာလဲဆိုရင် ဒီဘုရားကြီးစံပြကျေးရွာမှာဆိုရင် သောက်ရေရဖို့ လုံးပန်း နေတာနဲ့ သူတို့ တခြားအလုပ်တွေကို မလုပ်နိုင်ကြဘူး ဖြစ်နေတယ်။ ရေလာပို့တဲ့ အလှူရှင်တွေကိုပဲ စောင့်နေကြတာ” ဟု လူမှုကူညီရေး အသင်းမှ အဖွဲ့ဦးဆောင်သူ တဦးက မဇ္ဈိမကိုပြောသည်။

ယခုအခါ ရေသန့်စက်ရုံများ၊ မြို့ပေါ်ရှိ စက်ရေတွင်းများမှ တဆင့် ကားများဖြင့် တင်ဆောင်ကာ ထိုကျေးရွာများသို့ တရက်လျင် ကားအစီး ၅ဝဝ ကျော် ပို့ဆောင်ပေးနေလျက် ရှိကြောင်း ရေပေးဝေရေး လုပ်ဆောင်နေသော ပုဂလိက လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကဲ့သို့ပြဿာနာများဖြစ်ပွားနေသည်ကို သိမြင်သော်လည်း အစိုးရအာဏာပိုင်များက လျစ်လျူရှုထားခဲ့သော ကြောင့် ဝေါမြို့နယ် ဆေးရုံကြီးတွင် ယခုလ ၁ဝ ရက်နေ့တွင် သောက်သုံးရေ လုံလောက်စွာမရရှိခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျော ရောဂါသည် ၈ဝ ကျော် တက်ရောက် ကုသခံယူခဲ့ရသည်။

၁၁ ရက်နေ့မှ စတင်ကာ ပဲခူးတိုင်းစည်ပင်မှ စတင်၍ ရေပေးဝေခြင်းများကို ပြုလုပ်ခဲ့ပြီး ကြံ့ဖွံ့အပါအဝင် ရဲနှင့် စစ်တပ်တို့မှ လိုက်ပါလာခဲ့ကြပြီး သနပ်ပင်မြို့နယ်သို့ရေကား ၂ စီးသွားရောက်လှူဒါန်းခဲ့သည့် ပဲခူးမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတဦးက နေအပူအရှိန်ကြောင့် ပဲခူးတိုင်းအတွင်း လူအသေအပျောက်များပင် ရှိသည်ဟု ထုတ်ဖေါ် ပြောကြားခဲ့ပြီး လူဦးရေအရေအတွက်အား ပြောဆိုနိုင်ခြင်းမရှိပေ။

ထို့ပြင် ပဲခူးတိုင်း သဲကုန်းမြို့နယ် အင်းမနယ်မြေအုပ်စုရှိ ကျေးရွာပေါင်း ၂ဝ ကျော်တွင် အိမ်ခြေ ၁၃၃၁ အိမ် ရေရှားပါးပြတ်လပ်မှုဖြစ်ကြောင်း ၁၄ ရန်နေ့ထုတ် အစိုးရသတင်းစာတွင်ဖေါ်ပြသည်။
မွန်ပြည်နယ်
မွန်ပြည်နယ်အတွင်းရှိ ဘီလူးကျွန်းမြို့နယ်နှင့် အပေါင်မြို့နယ်တို့တွင် စုစုပေါင်း ကွင်းပိုင်းနေကျေးရွာ ၆ဝ ကျော်၌ အပူဒဏ် ပြင်းလွန်းသဖြင့် နှစ်စဉ် သုံးစွဲနေသည့် ရေသိုလောင်ကန်များ၊ ရေတွင်းများ ခန်းခြောက်ကာ လူဦးရေ လူဦးရေ ၅ သောင်းကျော် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

ဘီလူးကျွန်းမြို့နယ်တခုလုံးတွင် ကျေးရွာပေါင်း ၆ဝ ကျော်ရှိပြီး သောက်သုံးရေ ပျက်လပ်နေသည်မှာ ကွင်းပိုင်းနေ ကျေးရွာ ၄ဝ ကျော်နှင့် အပေါင်မြို့နယ် ကွင်းပိုင်းရှိ ကျေးရွာ ၂ဝ ကျော်တို့ဖြစ်ကြောင်း လူမှုကူညီရေး အသင်းများ ထံမှ စုစည်းရရှိသည်။

အလားတူ မုဒုံကျေးမြို့နယ်တွင် ကျေးရွာပေါင်း ၂ဝ ကျော်နှင့် သထုံမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ခန့် နှင့် ကျိုက်ထိုမြို့ရှိ ရပ်ကွက် ၈ ခုနှင့် ကျိုက်မရောမြို့ပေါ်ရှိ ရပ်ကွက် ၃ ခုတို့တွင်လည်း သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရသည်။

ယခုလအစပိုင်းကပင် သောက် ရေ ကန်များနှင့် ရေတွင်းများ ခန်းခြောက်ကာ လယ်ကွင်းများရှိ ကျွဲလူးအိုင်များ တွင် ကျန်ရှိသည့် ရေများကို အနည်ထိုင်ကာ ချိုးရေနှင့် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် အသုံးပြုနေရကြောင်း သိရသည်။
H-mon
“ဒီနှစ်အပူရှိကအရမ်းပြင်းတော့ ရွာမှာရှိတဲ့ သောက်ရေကန်တွေကတော့ ခန်းကုန်ပြီ။ စိုက်ပျိုးဖို့အတွက် လယ်ကွင်းထဲမှာသိုလောင်ထားရေကန်ကြီးတွေကို ခန်းကုန်တာ တချို့က ကျွဲလူးအိုင်တွေဖြစ်ကုန်တာ။ သူတို့ အဲဒီရေတွေကို ပဲအနည်ထိုင်ပြီးသုံးနေရတာပေါ့” ဟု အပါင်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ယင်းသို့ ရေလိုအပ်နေသည့် ကျေးရွာများသို့ ဇင်းကျိုက်၊ ကျွဲခြံစသည့် ရွာများနှင့် အပါင်မြို့ပေါ်ရှိ ပုဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအသင်းအဖွဲ့များက မြို့ပေါ်ရှိ စက်ရေတွင်းများမှ ရေများကို ကားများဖြင့် တင်ဆောင်ကာ ယင်းကျေးရွာများသို့ လိုက်လံဖြန့်ဖြူးပေးလျက်ရှိသည်။

“ဒီမှာက ကွင်းပိုင်းက ရွာတွေအားလုံးလိုလို ဖြစ်နေကြတာ။ ဇင်းကျိုက်တို့၊ ကျွဲခြံတို့ကသာ ရေပုံမှန် မလှူပေးရင် ဒီပြဿနာက မလွယ်ဘူး။ အာဏာပိုင်အဖွဲ့ အစည်းတွေကတော့ အထက်အမိန့်မရသေးလို့ ကျုပ်တို့ မလှူသေး တာလို့ ပြောတယ်” ဟု အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

အစိုးရအာဏာပိုင်များအနေနှင့် ယမန်နေ့ထိ သောက်သုံးရေ ရရှိရန် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးနေ သည်ဟု ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင်ဖေါ်ပြခဲ့သော်လည်း ယမန်နေ့ထိ လာရောက် ကူညီပေးခြင်း မရှိသေးကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယင်းမြို့နယ်များရှိ ကျေးရွာ ၁ ရွာလျင် အိမ်ခြေ ၁ ရာကျော်စီရှိကြပြီး အိမ်တအိမ်လျင် လူဦးရေ ၅ ဦးနှုန်း ပျန်းမျနေထိုင်ကြောင်း သိရသည်။ ယမန်နေ့ ၁၃ ရက်နေ့ထိ အပူဒဏ်ကြောင့် သေဆုံးသူနှင့် ရောဂါရသူ မရှိသေးကြောင်းသိရသည်။

ရန်ကုန်တိုင်း
ရန်ကုန်တိုင်း ဒလမြို့ပေါ်ရှိလူဦးရေ ၃ ပုံ ၂ ပုံ ခန့်နှင့် ယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၂ဝ ကျော်မှ လူဦးရေ ၃ဝဝဝဝ ကျော်တို့မှာလည်း အတာသင်္ကြန်ကာလ မှစ၍ ရေရှားပါးမှုကြုံနေရသည်မှာ တလနီးပါးပင်ကြာပြီဖြစ် သည်။

ယင်းကျေးရွာများကို ယမန်နေ့ထိ အစိုးရ အာဏာပိုင်အဖွဲ့အစည်းများက လာရောက် ကူညီပေးချင်း မရှိသော်လည်း တွံတေး၊ ဖလက်ကြီး နှင့် ဒလမြို့ပေါ်ရှိ ကုန်သည်အဖွဲ့များ၊ လူမှုရေအသင်းအဖွဲ့များနှင့် ရန်ကန်ုမြို့ပေါ်မှ သွေးလှူ အသင်းများနှင့် လူမှုရေအသင်းများက ဒလအပါအဝင် ယင်းကျေးရွာများသို့ သောက်သုံးရေရရှိရန် နေ့စဉ် သွားရောက် ဖြန့်ဖြူးပေးနေလျက်ရှိကြောင်းသိရသည်။

“နယ်ကရွာ ၂ဝ ကျော် အခြေအနေဆိုးနေသလိုမျိုး ဒီကျနော်တို့ ဒလမြို့ပေါ်မှာလည်း ကျန်စစ်သား ရပ်ကွက်တို့ ၁၁၊ ၁၄ ရပ်ကွက်တို့ ရာဇသင်္ကြန်ရပ်ကွက်တို့ဆိုရင် အရမ်းဒုက္ခရောက်နေတယ်။ ရန်ကုန်မြစ်ထဲကရေတွေကို ခပ်ချိုးနေကြရတဲ့ အနေအထားအထိပဲ” ဟုသူက မဇ္ဈိမကိုပြောသည်။
yangon
သောက်သုံးရေရှားပါးမှုဒဏ်ကိုခံနေရသည့် ဒလမြို့နှင့် ယင်းကျေးရွာများတွင် အပူဒဏ်နှင့် ရေပြတ်တောက်သည့် ဒဏ်ကြောင့် သေဆုံးသူ၊ ရောဂါရသူ မရှိသေးသော်လည်း ယင်းမြို့နယ်အတွင်းရှိ ငါမွေးမြူရေကန်များတွင် တရက်ကို ငါးအကောင်ရေ သောင်းဂဏန်းခန့်သေဆုံးနေရကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့ပေါ်ရှိ မြောက်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းကြီးမြို့နယ်၊ ဒေါပုံမြို့နယ်တို့တွင် တို့တွင်ရေဝယ်ယူသုံးစွဲနေရကြောင်း ယင်းမြို့နယ်များတွင်နေထိုင်သူများက ပြောသည်။

“အရင်စည်ပင်ကပေးနေတဲ့ရေက အခုသူတို့က ပုံမှန်မပေးနိုင်ဘူးလေ။ အပြင်မှာ သောက်ရေအတွက် ကြာကန်ကနေသယ်ပြီးယူရောင်းနေတဲ့လူတွေစီက တွန်းလည်းတစည်ကို ၂ဝဝဝ/၂၅ဝဝ ပေးဝယ်ရတယ်” ဟု သာကေတ အမှတ် ၈ တွင်နေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

ထို့အတူ ရန်ကုန်မြို့ ကျော်က်တံတားမြို့နယ်တွင် နေထိုင်သူတဦးက “ဒီမှာ ဂါလံ ၅ဝ လောက်ဆံ့တဲ့ ရေစည်တစည်ကို ၅ဝဝဝ ပေးဝယ်နေရတယ်။ အဲဒါဒုတိယထပ်တို့ တတိယထပ်တို့ ကို အရောက်တင်ပို့ရတယ် ဆိုရင် ၆ဝဝဝ/၇ဝဝဝ ရှိတယ်။ ရေဈေးက ဒီအချိန်မှာ ရွှေဈေးပဲ” ဟု သူက မဇ္ဈိမကိုပြောသည်။
ရှမ်းပြည်နယ်
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် တောင်ကြီးမြို့ရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ရှမ်းပြည်နယ် မြောက် ပိုင်း လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ ခုတွင် နေထိုင်သည့် မြို့နေလူထု အိမ်ခြေ ၁ဝဝဝ တွင် လူဦးရေ ၅ဝဝဝ ခန့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ ပေါ်ရှိ ရက်ကွက်ပေါင်း ၂ဝ ကျော်တို့တွင် ယခုလဆန်းပိုင်းမှ စတင်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ခဲ့ကြောင်း သိရသည်။
shan
ထိုရပ်ကွက်များကို ဒေသခံအလှူရှင်များနှင့် မြို့နယ်စည်ပင်သာယာ ဌနတို့က တရက်လျင် နေ့စဉ် ရေဂါလံ ၂၇ သိန်းခန့် ဖြန့်ဖြူးပေးလျက်ရှိသည်ဟုဆိုသည်။

သို့သော်လည်း ရာသီဥတု ပူပြင်းသောကြောင့် ယခုအခါ နေ့စဉ်ရေဖြန့်ဖြူးပေးနေမှု ကျဆင်းလာပြီး တရက်လျင် ဂါလံပေါင်း ၂၁ သိန်းခန့်သာ ဖြန့်ဝေပေးနိုင်တော့သဖြင့် ဒေသခံများ၏ အလှူငွေဖြင့် မြို့နယ်စည်ပင်က စက်ရေတွင်းများ တူးဖေါ်ပေးလျက်ရှိကြောင်း အစိုးရ သတင်းစာတွင် ဖေါ်ပြသည်။

လားရှိုးမြို့ပေါ် သောက်သုံးရေပြတ်တောက်သည့် ဒေသခံများကို ရေပေးဝေနိုင်ရန် စက်ရေတွင်းတူး အမှတ် ၁ ရပ်ကွက် တွင် တနာရီလျင် ရေဂါလံပေါင်း ၁၅ဝဝ ထွက်နှုန်းဖြင့်လည်းကောင်း၊ ၁ဝ ရပ်ကွက်တွင် ရေထွက်နှုန်း တနာရီလျင် ဂါလံ ၁ဝဝဝ ဖြင့်လည်းကောင်း၊ ၁၁ ရက်ကွက်တွင် တနာရီလျင် ရေဂါလံ ၂ဝဝဝ ဖြင့်လည်းကောင်း၊ ၁၂ ရက်ကွက် တွင် တနာရီ ရေဂါလံ ၁ဝဝဝ နှုန်းထွက်ရှိသည့် စက်ရေတွင်းများ တူးဖေါ်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း

မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃ဝ မှ လူဦးရေ ၂ဝဝဝဝ ကျော်မှာ သင်္ကြန်ကာလ မတိုင်မီကပင် သောက်သုံး ရေကန်များ ခန်းခြောက်သဖြင့် စက်ရေတွင်းများမှ ဝယ်ယူသုံးစွဲနေကြရကြောင်း ရေနံချောင်းမြို့နယ် အန်အယ်ဒီ လူငယ်အဖွဲ့မှ သိရသည်။

ယင်းကျေးရွာများတွင် နှစ်စဉ် လူနှင့် ခိုင်းနွား၊ ဆိတ်၊ သိုးနှင့် အိမ်မွေးတရိစ္ဆာန်များအတွက် မိုးဥတု မိုးရွာသည့်အခါ တွင် သောက်ရေကန်နှင့် သုံးရေကန်များရှိကြပြီး ယခုနှစ် သင်္ကြန်မတိုင်မှီကာလကပင် ခန်းခြောက်ကုန်သဖြင့် ဆီဖြင့် မောင်းရသည့် စက်ရေတွင်းများတွင် ရေဝယ်ယူသုံးစွဲနေကြရသည်မှာ ၂ လခန့်ပင်ရှိသည်ဟု ဆိုသည်။

ရေဂါလံ ၅ဝ ဆံ့ စည်တစည်လျင် ကျပ်ငွေ ၃ဝဝ၊ ၅ဝဝ မှ ၈ဝဝ ထိ ပေးဝယ်နေရပြီး ၄ ဂါလံဆံ့ ရေထမ်းပုံး ၂ ပုံး လျင် ၅ဝ ကျပ်ဖြင့်လည်းကောင်း အသီးသီးပေးဝယ်နေရသည်ဟု ပြောသည်။
Magwe
ရေနံချောင်းမြို့ပေါ်ရှိ အုံးရှစ်ကုန်းရပ်ကွက်နှင့် ဘေးမဲ့ရပ်ကွက်တို့တွင် ယခင်တပါတ်အတွင်းက အပူဒဏ်ကြောင့် သေဆုံးသူ ၁ဝ ဦးသွားပြီဖြစ်ပြီး သေဆုံးသူများမှာ အသက် ၄ဝ အထက်များဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့ရှိ မိတ်ဆွေကောင်း နာရေးကူညီမှုအသင်းနှင့် မင်းဘူးမြို့ပေါ်ရှိ ဗြဟ္မစိုရ် နာရေး ကူညီမှု အသင်းတို့တွင် ပုံမှန်အားဖြင့် တရက်လျင် အများဆုံး ၄ လောင်းသာပို့ခဲ့ရာမှ ယခုလမှစတင်ကာ ၁ဝ လောင်း အထက် ပို့ဆောင်နေရပြီး အပူဒါဏ်ကြောင့် သေဆုံးသူများပြားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ချောက်မြို့နယ်၊ ပေါက်မြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ပခုက္ကူမြို့နယ်များရှိ ကျေးရွာများတွင် လည်း သောက်သုံးရေ ပြတ်နေရသဖြင့် ဒေသခံအလှူရှင်များနှင့် ပေါင်းကာ စည်ပင်က ရေပေးဝေလျက်ရှိကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖေါ်ပြထားသည်။

မင်းဘူးမြို့နယ်အတွင်း ရေရှားပါး နေသည့် ရွာ ၆ ရွာအတွက် မြို့ခံနာရေးကူညီမှုအသင်းက မနက်ဖြန်မှ စတင်၍ ရေပေးဝေရေး အစီအစဉ် စတင်ဆောင်ရွက်ပေးမည်ဟု သိရသည်။
ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ ရပ်ကွက် ၇ ခုနှင့် ယင်းမြို့နယ်ထဲမှ ကျေးရွာပေါင်း ၂၅ ရွာခန့်အပါအဝင် စစ်တွေမြို့ ပေါ်ရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်တို့တွင် သင်္ကြန်ပြီးကာလမှ စတင်ကာ သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်လာ ခဲ့ရကြောင်း မြို့ခံ ပုဂ္ဂလိက အလှူရှင်များထံမှ သိရသည်။

သံတွဲမြို့နယ်တွင်းရှိ ကျေးရွာများအတွက် အရေးပေါ်သောက်သုံးရေလိုအပ်နေသည်မှာ ၁၅ ရက်ခန့်ရှိပြီဟု ယင်းကျေးရွာများသို့ ရေဖြန့်ဖြူးကူညီပေးနေသည့် သံတွဲမြို့ပေါ်မှ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့တခုက ပြောသည်။

ယင်းကျေးရွာများသို့ မြို့ခံအာဏာပိုင်များက အကူအညီများ ချက်ချင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိမီ မြို့ခံ စေတနာရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် သံဃာတော်များက စတင်ကူညီပေးခြင်းဖြစ်သည်။
rakhaing
“စည်ပင်တို့၊ တပ်တို့က ၁၃ ရက်နေ့နောက်ပိုင်းမှ ကူညီလာတာပါ။ ကျနော်တို့ အဖွဲ့တွေက ၂ ပါတ် ကျော်ရှိပြီ လုပ်နေတာ။ ရေပြတ်မှုအခြေအနေက ဆိုးသထက်ဆိုးလာပြီ။ အခုချိန်ထိ မိုးမရွာသေးဘူး” ဟု ပုဂ္ဂလိကလုပ်ငန်း ရှင်အဖွဲ့ဝင် တဦးက မဇ္ဈိမကိုပြောသည်။

သံတွဲ့မြို့၏ အနောက်ဘက်ခြမ်းနှင့် တောင်ကုတ်သွား ကားလမ်းတလျောက်ရှိ ယင်းကျေးရွာ ၂၅ ရွာသို့ ပေးပို့ရန် ရေကို သံတွဲမြို့ အထက (၁) ကျောင်းဘေးရှိ အဝီစိ တွင်းကြီး ၂ တွင်းမှ ရေများကို ရေအလှူရှင်များက လောင်စာဆီထည့်၍ စက်ဖြင့်မောင်းတင်ကာ ကားများဖြင့် တင်ဆောင်ပြီး ပို့ပေးကြောင်း သိရသည်။

ထို့အတူ စစ်တွေမြို့တမြို့လုံးအတွက် ရေပေးဝေနေသည့် မြို့အစွန်ရှိ ကန်တော်ကြီးတွင် နေပူရှိန်ပြင်းထန်မှု ကြောင့် ယခုနှစ် ဧပြီလမှ စတင်ကာ ရေခန်းခြောက်မှုဖြစ်လာခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်များသို့ ရေဖြန့်ဖြူးနိုင်ခြင်း မရှိတော့ကြောင်း မြို့ခံတဦးကပြောသည်။

သောက်သုံးရေ ပြတ်တောက်နေသည့် စစ်တွေမြို့ ရပ်ကွက် ၁၅ ခု၌ စက်ရေတွင်းရှိသူများထံမှာ ရေဝယ်ယူ သုံးစွဲနေရသူများရှိသလို ပုဂ္ဂလိက စက်တွင်းပိုင်ရှင် တချို့မှလည်း အခမဲ့ ရေလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။

ဧပြီလဆန်းပိုင်းကပင် ရေရှားပါးမှုများဖြစ်နေသော်လည်း မြို့ခံအာဏာပိုင်အဖွဲ့အစည်းများက ကူညီိဖြေရှင်းပေးမှု ပြုလုပ်ပေးခြင်းများမရှိခဲ့ဘဲ၊ ယခုလ ၁၄ ရက်နေ့က ယင်းမြို့သို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ရောက်ရှိလာပြီး နောက်တနေ့မှစ၍ စည်ပင်၊ ကြံဖွံ့နှင့် မီးသတ်တို့က အလှည့်ကျ ရေပေးဝေလျက်ရှိသည်ဟု ဆိုသည်။

သို့သော် သောက်ရေအတွက်သာ ရရှိဖြင့် သုံးရေအတွက် လောက်ငှခြင်း မရှိသေးကြောင်း စစ်တွေမြို့ခံ တဦးက ပြောသည်။

စစ်တွေ ဆင်ကုန်းလမ်းရပ်ကွက်သည် အိမ်ခြေ ၅ဝဝဝ ခန့်ရှိပြီး၊ ကျန်ရပ်ကွက်များမှာ အိမ်ခြေ ၅ဝဝ နှင့် ၁ဝဝဝ အကြားတွင်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း

မန္တလေးတိုင်း၊ သာစည် မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၅ ရွာ၊ တောင်သာမြို့နယ်တွင် ကျေးရွာပေါင်း ၂၄၃ ရွာ၊ နွားထိုးကြီးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၈၆ ရွာ တို့တွင် သောက်သုံးရေရှားပါးမှုဖြင့် ကြုံတွေ့ခဲ့ရကြောင်း ယခုလ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွင် ဖေါ်ပြသည်။

အာဏာပိုင်များက ရေဖူလုံစွာရရှိရန် ကူညီပေးလျက်ရှိကြောင်း အစိုးရထုတ်သတင်းစာတွင်ဖေါ် ပြသော်လည်း မဇ္ဈိမ၏ စုံစမ်းသိရှိရသည်များအရ ယင်းမြို့နယ်များတွင် အာဏာပိုင်များ၏ ကူညီမှုထိထိ ရောက်ရောက် မရှိကြောင်း ပုဂ္ဂလိက အကူညီပေးရေးအဖွဲ့များနှင့် ယင်းဒေသခံပြည်သူများက ပြောသည်။

သာစည်၊ တောင်သာနှင့် နွားထိုးကြီးမြို့များ၊ ကျေးရွာများတွင် ပြင်းထန်လွန်းသည့် အပူဒဏ်ကြောင့် ဧပြီလ အစပိုင်းကပင် ရေရှားပါးမှုအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု မြို့ခံများထံမှသိရသည်။

အစိုးရ မဟုတ်သော ပုဂ္ဂလိက အလှူရှင်များက ရေလှူဒါန်းမှု ပြုလုပ်နေကြသော် အစိုးရအာဏာပိုင်အဖွဲ့များက ယနေ့အချိန်ထိ လာရောက်ကူညီပေးခြင်းမရှိကြောင်းနှင့် သောက်သုံးရေဖူလုံစွာ မရရှိသေးကြောင်း မြို့ခံများက ညီးညူနေကြသည်။

“ဒီမြို့မှာတော့ သက်ဆိုင်ရာ အစိုးရ ဘယ်အဖွဲ့ကမှလာလုပ်ပေးတာ မရှိသေးပါဘူး။ ပိုက်ဆံရှိတဲ့ လူတွေက ရေကားတွေကိုဝယ်ပြီး ရပ်ကွက် ဓမ္မာရုံတွေကနေ တဆင့် ဆင်းရဲတဲ့လူတွေကိုပြန်ဝေတယ်။ မနက်ဖြန်တော့ စည်ပင်က ရေစဝေမယ်လို့တော့ကြားတယ်” တောင်သာမြို့ခံက မဇ္ဈိမကို ပြောသည်။

တောင်သာမြို့သို့ ဘုန်းစင်ဆည်မှ သောက်ရေနှင့် နဘဲကန်ဆည်မှ ချိုးရေတို့ ရရှိနေသော်လည်း မတ်လဆန်းပိုင်း မှ စတင်ကာ အာဏာပိုင်များမှာ ရေမလွှတ်ပေးတော့သဖြင့် ယင်းအချိန်မှစတင်ကာ ရေရှားပါးမှု စတင် ဖြစ်ပွား ခဲ့ရကြောင်းသိရသည်။
mandalay
“ဒီမှာ မြို့ပေါ်ဆိုတော့ သူများ ထော်လာဂျီနဲ့ ရေလာရောင်းတဲ့ လူရှိသေးတယ်။ နယ်ရွာတွေကတော့ တော်တော့်ကို ဒုက္ခရောက်ကြပါတယ်။ အပူဒဏ်မခံနိုင်လို့ သေတဲ့လူတွေကလဲ နေ့တိုင်းကို သေနေတာ။ မနေ့ကကို ဒီ ၆ ရပ်ကွက်ထဲမှာ တရက်တည်း ၈ လောင်းသေတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါတွင် ချိုးရေ ဂါလံ ၅ဝ ဆံ့ တိုင်ကီ ၁၅ လုံးပါ ကားတစီးလျင် ကျပ်ငွေ ၇ဝဝဝ ခန့်ပေးဝယ်နေရပြီး၊ သောက် ရေ ဂါလံ ၅ဝ ဆံ့ တိုင်ကီ ၁၅ လုံးပါ ကားတစီးလျင် ကျပ်ငွေ ၁ သောင်းမှ ၁၅ဝဝဝ ထိ ပေးဝယ် သုံးစွဲနေရကြောင်း အခြား မြို့ခံတဦးကပြောသည်။

တောင်သာမြို့တွင် ရေရှားပါးသဖြင့် ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ်ပြုလုပ်ခြင်း၊ ရေကစားခြင်းများကိုပင် မလုပ်နိုင်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

အလားတူ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၅ဝ ကျော်မှာ ပူပြင်းခြောက်သွေ့သဖြင့် လူသုံးရေကန်များသာမက တရိစ္ဆာန်သောက်သုံးရေကန်များပါ ခြောက်ခန်းခဲ့ပြီး ဧပြီလ အစပိုင်းကပင် သောက်သုံး ရေ ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အစိုးရအာဏာပိုင်များအနေဖြင့် ယနေ့ထိ သွားရောက်ကူညီပေးခြင်း မရှိသေးသော်လည်း ကျောက်ပန်းတောင်းမြို့ ပေါ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက သင်္ကြန်ရက် နောက်ပိုင်းမှ စတင်ကာ ကျေးရွာ ၁၂ ရွာသို့ တရက်လျင် ၂ ခေါက်နှုန်းဖြင့် အကူအညီပေးနေလျက်ရှိကြောင်း အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ကျနော်တို့ဘက်က အပူပိုင်းဒေသဖြစ်တော့ ရေကန်တွေက စောစောခမ်းကုန်တယ်။ ကျုပ်တို့လည်း မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေစီမှာ အလှူခံပြီး ရသလောက်နဲ့ နိုင်သလောက် လုပ်ပေးနေ တာ။ ရွာက ၂၅ဝ ကျော် တယ်။ အစိုးရကလည်း ခုချိန်ထိ ဘာအကူအညီမှ မပေးသေးဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း ချောက်မြို့နှင့် ညောင်ဦးမြို့များတွင်လည်း သောက်သုံးရေ ရှားပါးမှုများရှိနေကြောင်းသိရပြီး အပူရှိန်ကြောင့် သေဆုံးသူများ ယခုလတွင် များလာကြောင်း မြို့ခံများထံမှ သိရသည်။

ဧရာဝတီတိုင်း

အပူချိန်ပြင်းထန်သဖြင့် ရေတွင်း၊ ရေကန်များခန်းခြောက်ကုန်သည့် နာဂစ်ဆိုင်ကလုန်းထိ ဧရာဝတီတိုင်း ဒေသများမှ ၁ဝ မြို့နယ်ကျော်ရှိ လူဦးရေ ၁ ဒဿမ ၄ သန်းခန့် သောက်သုံး ရေ လိုအပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု နာဂစ်ဒေသတွင် ရေတွင်း ရေကန်များ တူးဖေါ်ပေး နေသော စစ်အစိုးရနှင့် နီးစပ်သည့် NGO အဖွဲ့တခုမှ သိရသည်။

လပွတ္တာ၊ ဖျာပုံ၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ ပုသိမ်၊ ညောင်တုန်း၊ မအူပင်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဟိုင်းကြီးကျွန်း စသည့်မြို့များနှင့် ယင်းမြို့ နယ်များရှိ ကျေးရွာများမှာ ဧပြီလမှ စတင်ကာ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရ သည်ဟု ဆိုသည်။

ယင်းဒေသခံများ အားထားသည့် မိုးရေသိုလှောင်ကန်များနှင့် ရေတွင်းများမှာ ယခင်လမှ စ၍ ရေခန်းခြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသစ်ပြန်တူးပေးနေတဲ့ကန်တွေ ကလည်း အောက်က မြေကြီးတွေက ရွှံ့အနယ်မထိုင် သေးတဲ့အတွက် ရေက မခံဘူးလေ။ ဒီရက်ပိုင်းမှာ မိုးမရွာရင် မလွယ်ဘူး” ဟု အဖွဲ့ တာဝန် ရှိသူက ပြောသည်။

ယင်းဒေသများသို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF အပါအဝင် NGO အဖွဲ့များ မှ သင်္ဘော၊ စက်လှေ၊ ကားများဖြင့် သောက်သုံးရေ သယ်ယူပို့ဆောင်ပေး နေသည်ဟု သိရသည်။

ယခင်ရက်ပတ်မှစတင်ကာ UNICEF အဖွဲ့မှ လပွတ္တာနှင့် ဖျာပုံမြို့နယ်မှ ရွာပေါင်း ၆ဝ ကျော် ကို ရေလှူဒါန်းပေးခဲ့ကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် ယင်း NGO အဖွဲ့မှ သိရသည်။

ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ကျေးရွာများတွင် သောက်သုံးရေမလုံလောက်သည့်အတွက် ဝမ်းလျော၊ ဝမ်းပျက်ရောဂါများ ဖြစ်နေသည်ဟုလည်းဆိုသည်။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်း ၉ မြို့နယ်မှ ကျေးရွာပေါင်း ၈ဝ ကျော်တွင် နှစ်စဉ် အမှီပြု သုံးစွဲနေရသည့် မိုးရေလှောင်ကန် များနှင့် လက်ယက်တွင်းများမှာ အပူဒဏ်ကြောင့် ဧပြီလပိုင်းမှ စ၍ ခန်းခြောက်ပြီး သောက်သုံးရေ ရှားပါးနေသည်။

ဆားလင်းကြီးမြို့နယ်၊ ဝက်လက်မြို့နယ်၊ မြင်းမူမြို့နယ်၊ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြောင်မြို့နယ်၊ ဘုတလင်မြို့နယ်မှ မြို့အချို့ပါဝင်ပြီး ကျေးရွာများတွင်လည်း သောက်သုံးရေ ရှားပါး နေသည်။

သို့သော် စစ်ကိုင်းမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြောင်မြို့နယ်နှင့် ဘုတလင်မြို့နယ်တို့မှ ရေပြတ်လပ် မှုသည် အခြားမြိုကနယ် ၄ ခုထက် သက်သာကြောင်း သိရသည်။

ဆားလင်းကြီးမြို့ပေါ်အပါအဝင် နယ်ကျေးရွာ ၃ဝ ကျော်မှ သင်္ကြန်မတိုင်မှီကပင် မိုးရေလှောင်ကန်နှင့် စိမ့်ရေတွင်း များ ခန်းခြောက်သွားသဖြင့် မြို့ပေါ်ရှိ အလှူရှင်များနှင့် ယင်းကျေးရွာများမှ ငွေကြေးပြေလည်သူ တချို့က စက်ရေ တွင်းများမှ ရေဝယ်ယူ၍ လှူဒါန်းပေးကြကြောင်း သိရသည်။
sa-kaing
ဆားလင်းကြီးမြို့ခံတဦးက “ဒီမြို့ပေါ်မှာလည်း ရပ်ကွက်တွေ မနည်းဘူးဖြစ်တယ်ဆိုပေမယ့် ရေရောင်းတဲ့လူတွေရှိ တော့ ဒီလောက်မခက်ဘူးပေါ့။ နယ်က ရွာတွေကတော့ ရေချိုးရဖို့ကို တော်တော်လေး ခက်နေတယ်။ သက်ဆိုင် ရာ အစိုးရအဖွဲ့တွေတော့ ရေလာလှူတာ ဒီနေ့အထိ မတွေ့သေးဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နေအပူဒဏ်ပြင်းလွန်းသဖြင့် ဆားလင်းကြီးမြို့ပေါ်တွင် နေထိုင်သည့် သက်ကြီးရွယ်အိုများနှင့် အရက်သမားများ တရက်လျင် ၄ဝ ဦးထက်မက သေဆုံးလျက်ရှိကြောင်း သိရသည်။

အပူဒဏ်မခံနိုင်သဖြင့် သေဆုံးသူများရှိသကဲ့သို့ အပူကန်သဖြင့် လူအတော်များများတွင် မိတ်ဖုများ ပေါက်လျက် ရှိကြောင်း ယင်းကျေးရွာများသို့ သွားရောက်ရေလှူဒါန်းခဲ့သည့် ဆားလင်းကြီးမြို့သားတဦးက ပြောသည်။

ထို့နည်းတူ ဝက်လက်မြို့ပေါ်အပါအဝင် နယ်ကျေးရွာ ၂၅ ရွာကျော်တွင် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးပြတ်လက်မှုနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

“ဒီရွာတွေက အဓိကအားဖြင့် မိုးဥတုမှာ မိုးရေဝင်ထားတဲ့ ရေကန်ကြီးတွေကို အမှီသဟဲ ပြုပြီးနေနေရတာဆို တော့။ ဒီကန်တွေ ခန်းကုန်တော့ ရေပြတ်တာပေါ့ဗျာ။ အခုတော့ ပိုက်ဆံရှိတဲ့လူတွေက စက်တွင်းတွေကို ဆီထည့်မောင်းပြီး ရေလှူနေကြတာပေါ့ဗျာ” ဟု ဝက်လက်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“မိုးရွာလာတာ ၃ သုံးရက်ရှိပြီဆိုတော့ လူသေတာတွေတော့ မကြားရတော့ဘူး။ ဒါပေမယ့် ရေကတော့ အရင်အတိုင်း ရှားနေတုန်းပဲ။ မိုးက ရေတင်အောင်ရွာတာမှ မဟုတ်တာ” ဟု သူကဆက်ပြောသည်။

မုံရွာမြို့ပေါ် ရပ်ကွက် ၁၈ ရပ်ကွက်နှင့် ယင်းမြို့နယ်အတွင်းရှိ ကျောက်ကာတောင်-မြောက် ရွာများ အပါအဝင် ရွာ ၁ဝ ရွာကျော်တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေနေသည်ဟု မုံရွာမြို့ခံများက ပြောသည်။

မုံရွာမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းမှ ရွာ ၁၅ ရွာ ခန့်လည်း အပူဒဏ်ကြောင့် ရေများ ခန်းခြောက်ပြီး သောက်သုံးရေ ခက်ခဲနေသဖြင့် စက်ရေတွင်းရှိသည့် ကျေးရွာများမှ ဝယ်ယူ သုံးဆွဲနေကြရကြောင်း သိရသည်။

“မြို့ပေါ်က ရပ်ကွက်တွေကိုတော့ စည်ပင်က အလှည့်ကျ လိုက်ဝေပေးတယ်။ နယ်ကရွာတွေတော့ သူတို့ လုပ် မပေးနိုင်ပါဘူး။ ကျောက်ကာရွာမှာဆိုရင် ဂါလံ ၅ဝ လောက်ဆံ့တဲ့ ရေစည်လှည်းတစီးကို ၂၀၀၀ ပေးဝယ်နေ ရတယ်” ဟု မုံရွာမြို့ခံတဦးက ပြောသည်။

မြင်းမူမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် နယ်ကျေးရွာ ၅ ရွာကို မြင်းမူမြို့ပေါ်ရှိ စည်ပင်ဌာနမှ နေ့စဉ် ရေပေးဝေလျက်ရှိ ကြောင်း ယင်းမြို့ပေါ်ရှိ စည်ပင်တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင်လည်း ယင်း မြို့နယ်များ၌ ရေပြတ်လပ်နေသည်ဟု ရေးသားထား သော်လည်း အရေအတွက် အတိအကျ ဖော်ပြနိုင်ခြင်း မရှိပေ။



http://www.mizzimaburmese.com/

0 အကြံပြုခြင်း: