Thursday, June 10, 2010

တိုင်းရင်းသားလူမျိုးများ သတိပြုရန်



နိုင်ငွေသိမ်း | ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၄၇ မိနစ်

‘နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ် အကြံပြုချက်’

တိုင်းရင်းသားများ (လူနည်းစုများ) ၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကို တင်ပြလိုက်ပါသည်။ သင်ခန်းစာ ယူစရာရှိလျှင် ယူပါ၊ ပစ်ပယ်စရာရှိလျှင် ပစ်ပယ်ပါ၊ ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက် ပြည်မရှိ အဖွဲ့အစည်းအပေါ် ပိုမို အားထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအစတွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက မိမိတို့ အမျိုးသားချင်းအပေါ် အထူး အမှီသဟဲ ပြုကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်တွင် ဖွဲ့စည်းထားသော ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ရပလ) သည်သာ ပြည်မရှိ နိုင်ငံရေး အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုခဲ့သည်ကို တွေ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများသည် ပြည်မနှင့် ပိုမိုရင်းနှီးလာပြီး ပြည်မနှင့် နိုင်ငံရေး အဆက်အသွယ်လုပ်ကာ မဟာမိတ်အဖွဲ့၊ လက်အောက်ခံအဖွဲ့အဖြစ် ဆက်သွယ် ခံယူလာကြသည်။ နဂို ပြည်မရှိ တိုင်းရင်းသားအဖွဲ့များလည်း ထိုနည်းတူစွာပင်၊ ဤဖြစ်ရပ်များက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ် အားနည်းလျက်ရှိနေပြီး ရေရှည်တွင် ခန်းခြောက်သွားနိုင်သည်ကို ပြနေသည်။ တိုင်းရင်းသားများထဲတွင် လွတ်လပ်ပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကို လွတ်လပ်ရေးရရှိပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။

၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည) အနေဖြင့် ပြည်မရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် မပေါင်းဘဲ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤလုပ်ရပ်က တိုင်းရင်းသားပါတီတရပ်သည် မိမိဘာသာမိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၏ ရုပ်လုံးသည် ၁၉၅၈ ခုနှစ်၊ ဖဆပလ အကွဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ဆွေ-ငြိမ်း (တည်မြဲ) အုပ်စုဝင် ဒေါက်တာစောလှထွန်း (ကရင်ပြည်နယ်ဝန်ကြီး)၊ ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ ဦးရှိန်ထန်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ စောအောင်ဒင် (ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ ဦးထွန်းအောင် (ချင်းရေးရာ)၊ စောချစ်သန်း (ကရင်ပြည်နယ်)၊ ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော သန့်ရှင်းဖဆပလအဖွဲ့တွင် ဝန်ကြီးသစ် ၅ ဦးမှာ စောလူလူ (ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ ဒူးဝါးဇော်ရစ် (မြစ်ကြီးနား၊ ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ ဦးကျော်မင်း (စစ်တွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမောင်ကျော်ဇံ (စစ်တွေအလယ်ပိုင်းလူမျိုးစု၊ တရားရေးဝန်ကြီးဌာန)၊ ဦးရွှေကြိုင် (သံတွဲလူမျိုးစု၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန) နှင့် ဝန်ကြီးဟောင်းများ စဝ်ခွန်ချို (နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဝန်ကြီး)၊ စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ ဦးဇာရဲလျှံ (ချင်းရေးရာဝန်ကြီးဌာန)၊ ဦးအောင်ပ (ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန)၊ စဝ်ထွန်းအေး (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်စောင့်အစိုးရက ကျင်းပပေးသော အထွေထွေ ရွေးကောက်ပွဲကြီးတွင် တည်မြဲအုပ်စုဝင် တပ်မတော်အရာရှိကြီးများက တည်မြဲအနိုင်ရရှိစေရန် တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင် မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။

ဤကဲ့သို့ ပြည်မရှိအဖွဲ့အစည်းများ၊ အထူးသဖြင့် သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးများသည် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ စားမြိန်ရိပ်သာတွင် ကျင်းပသော တိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟု ဝန်ကြီးချုပ်ဦးနုထံမှ ကတိရထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူသော ပြည်ထောင်စုမူကို သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ) အဖွဲ့တို့က လက်မခံလိုကြသဖြင့် သန့်ရှင်း (ပထစ) ဝန်ကြီး ဒူးဝါးဆင်ဝါးနောင်နှင့် ချင်းဝန်ကြီး ဇာရဲလျန်တို့က သန့်ရှင်း (ပထစ) မူအရ တန်းတူသော ပြည်ထောင်စုမူကို ဆန့်ကျင်ကြသည်။ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း ညီလာခံတက်ရောက်ပြီး တည်မြဲ (ဖဆပလ) မူအရ သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။

သို့သော် အခြေအနေမလှ၍ နောက်ဆုံးတာဝန်ယူထားသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပြည်နယ်များ ညီလာခံတွင် တည်မြဲ (ဖဆပလ)နှင့် မဟာမိတ်ပြု ဆောင်ရွက်နေသော ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဇန်ထားဆင်၊ ဒူးဝါးဇော်လွန်းတို့က တည်မြဲ (ဖဆပလ) ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။

ဖော်ပြလိုသည့်အနှစ်ချုပ်မှာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများသည် ပြည်မရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။

(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊
(၂) မဟာမိတ်ပြုခြင်း၊
(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။

ယင်းတို့အနက် (၁) နှင့် (၂) သည် မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမည်။ အမှတ် (၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့် ဖွဲ့စည်းခြင်းသည် တပ်ပေါင်းစုအတွင်း တူညီသော အခွင့်အရေး ရရှိခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်ပါသည်။ တပ်ပေါင်းစုနည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်း မှန်ကန်ပေမည်။ တပ်ပေါင်းစုအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သော အဖွဲ့တိုင်းသည် ကြီးသည်ငယ်သည် မခွဲခြားဘဲ တူညီသော အခွင့်အရေး ရရှိကြပါသည်။ သို့သော် သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်း အင်အားကြီးသော အဖွဲ့က အဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။

တိုင်းရင်းသားလူမျိုးများသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာသောအခါ မိမိတို့လူမျိုးအလိုက် ပါတီပေါင်း ၂ဝ ကျော် ပေါ်လာပြီး အားလုံးနီးပါး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ အချို့တိုင်းရင်းသား နိုင်ငံရေး ဆောင်ရွက်သူများသည် ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။

နဝတ ကျင်းပပေးခဲ့သော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ ၁၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၇ ယောက် ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများ ပြည်မရှိ နိုင်ငံရေးပါတီများအပေါ် မမီခိုဘဲ မိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အနှစ်သာရကို သိရှိခဲ့ကြရသည်။ မိမိတို့၏ လူမျိုးများအပေါ်နှင့် တိုင်းရင်းသား လူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။

ပြည်မပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏ တိုင်းရင်းသားလူမျိုး အကျိုးကို ဆောင်ရွက်လိုသော်လည်း မိမိတို့ပါဝင်နေသော အဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာ လိုက်လုပ်ရသည်ဖြစ်၍ မိမိဆန္ဒရှိ လိုလားသော တိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန် မဖြစ်နိုင်သော အခြေအနေကို တွေ့ရှိရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပါတီများ၊ ပုဂ္ဂိုလ်များ၏ အတွေ့အကြုံအရ သိရှိခဲ့ရပါသည်။ အထူးသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးတွင် ကျင်းပခဲ့သော ပြည်နယ်များ ညီလာခံတွင် ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ (တည်မြဲ) ဝင် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ အားကိုး၍ တိုင်းရင်းသားအချင်းချင်း ပူးပေါင်းခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပြည်မရှိ ပါတီများနှင့် သာတူညီမျှသော အခွင့်အရေး၊ တိုင်းရင်းသားများ ရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ
နိုင်ငွေသိမ်း
(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)


၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသား ပြဿနာ (သို့မဟုတ်) `ကောင်းမှု´ ၊`မကောင်းမှု´ ၏ အလယ်

မင်းဆွေသစ် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၁ မိနစ်

(၁)
နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်း တည်ထောင်တယ်လို့ ဆိုတယ်။ ဒီတော့ … ̏ ̏ပြည်ထောင်စုစနစ် ̋ ဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်လို့ သိရအောင် နိုင်ငံတကာက နိုင်ငံတွေရဲ့ အခြေခံဥပဒေတွေကို လေ့လာကြည့်ရအောင်ပါ။

တိုင်းပြည်တည်ဆောက်ပုံနဲ့ ပတ်သက်ရင် ပုံစံ ၂ မျိုးပဲ ရှိတာကို တွေ့ရပါမယ်။ တခုက တပြည်ထောင်စနစ်ဖြစ်ပြီး နောက်တမျိုးက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ တပြည်ထောင်စနစ်က အာဏာဟာ ဗဟိုတခုထဲမှာပဲ ရှိတယ်။ အဲဒီဗဟိုကပဲ အုပ်ချုပ်ရေးတခုလုံးကို ဆောင်ရွက်တယ်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုက ချပေးတယ်။ လက်အောက်ခံ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လုပ်ကိုင်မှုတွေကို ဗဟိုက သဘောမကျရင် အာဏာတွေကို ဗဟိုက ချက်ချင်း ပြန်ရုပ်သိမ်းပစ်နိုင်တယ်။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေဟာ တပြည်ထောင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။

ဖယ်ဒရယ်ပြည်ထောင်စုစနစ် အုပ်ချုပ်ရေးဆိုတာကတော့ ဗဟိုနဲ့ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်ကြတဲ့ ပြည်နယ်တွေအကြားမှာ နိုင်ငံတော်ရဲ့ အာဏာကို စေ့စေ့စပ်စပ် အသေးစိတ် ခွဲဝေထားကြတယ်။ ပါဝင်တဲ့ ပြည်နယ်တွေဟာ ကိုယ့်ဒေသအကျိုးအတွက် အာဏာကျင့်သုံးနိုင်ဖို့ အထူးသီးသန့် အခွင့်အာဏာတွေလည်း ရှိကြပြီး ဖယ်ဒရယ်အဆင့်မှာတော့ သီးသန့်အာဏာကို ဖယ်ဒရယ်ပြည်ထောင်စုအတွင်းမှာ ခွဲခြမ်းထားရှိပြန်တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး စတဲ့ လုပ်ငန်းရပ်တွေ အားလုံးကို ကြီးကြပ်ထိန်းကွပ်ဖို့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကိုလည်း ထူထောင်ထားရှိပြန်တယ်။ ဒီတော့ …မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေ အရပ်ရပ်အရ အကောင်းဆုံးဖြစ်မယ့် နိုင်ငံတော် တည်ဆောက်ရေး ပုံစံတခုခုဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာ ပါရှိပါရဲ့လား ….။

(၂)
မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံနဲ့ သင့်တော်မယ့် အခြေခံဥပဒေကို ရွေးချယ်ကြရာမှာ နိုင်ငံရဲ့ အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ကြရတဲ့ အကြောင်းအရင်းအမှန် ပြဿနာတွေကို ဖော်ထုတ်ပြီး ထည့်တွက်စဉ်းစားဖို့ လိုပါမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်မှုကို ပြည်ထောင်စုစနစ်လို့ သတ်မှတ်ခေါ်ဆိုကြပေမယ့် အမှန်မှာတော့ ဖယ်ဒရယ်တပိုင်းသာဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီအခြေခံဥပဒေသစ်ဟာ နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှု ပေးခဲ့တာ ရှိခဲ့ပေမယ့်လည်း တိုင်းရင်းသား လူမျိုးစုတွေအတွက်တော့ တန်းတူအခွင့်အရေးဆိုရာမှာ ထိထိရောက်ရောက် အာမခံတာမျိုး မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်နေဝင်း ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရင် ဖွဲ့စည်းမှု ပုံသဏ္ဍာန်မှာ ပြည်နယ်၊ တိုင်း ၇ ခုစီနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ ပြီးတော့ --- တပါတီစနစ်ရဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ဖိနှိပ်ထားပြီး တိုင်းရင်းသား လူမျိုးစုတွေဟာ တန်းတူအခွင့်အရေးဆိုတာ လုံးဝ မရှိခဲ့ကြပါဘူး။ နောက်ထပ် ဆိုးတာက လူတဦးချင်းစီရဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတာပါပဲ။

(၃)
မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာဟာ… အငြင်းပွားစရာအဖြစ်ဆုံး ကိစ္စဖြစ်နေတယ်။ ဒါကလည်း ခွဲထွက်ခွင့် ရှိတယ်၊ မရှိဘူးဆိုတဲ့အပေါ် အဓိပ္ပယ်ဖွင့်ဆိုရလို့ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅ဝ ကျော် လက်နက်ကိုင်တိုက်ပွဲ ဝင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုအသီးသီးကတော့ ဖယ်ဒရယ် ပြည်ထောင်စုအတွင်းကပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ကျင့်သုံးနိုင်ရေးနဲ့ ပတ်သက်လို့ အခြေခံမူထဲမှာ ဗဟိုနဲု့ ပြည်နယ် ဥပဒေပြုအဖွဲ့တွေအကြားမှာ ဘယ်လို အာဏာခွဲဝေမလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ လိုပါတယ်။

ဒါပေမဲ့ နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ ခွဲဝေရေးနဲ့ ပတ်သက်လို့ ဘာပြဋ္ဌာန်းချက်မှ မတွေ့ရပါဘူး။ ပြည်ထောင်စုကပဲဖြစ်ဖြစ်၊ ပြည်နယ်တွေကပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တဲ့ အာဏာစာရင်းဆိုပြီး မရှိပါဘူး။ နောက်ပြီး ပြည်ထောင်စုကလာပြီး မထိပါးနိုင်တဲ့ပြည်နယ်တွေအတွက် အာဏာများဆိုတာကိုလည်း သတ်မှတ်ပေးထားတာ မတွေ့ရပြန်ပါဘူး။ ဘဏ္ဍာငွေကြေးနဲ့ သက်ဆိုင်ရင်လည်း ပြည်နယ်တွေရဲ့ စီမံခန့်ခွဲနိုင်တဲ့ ပိုင်ခွင့်တွေကိုလည်း မဖော်ပြထားပါဘူး။ အဲဒါတွေအပြင်ကို ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြားမှာ အုပ်ချုပ်ရေး ဆက်စပ်မှုတွေကိုလည်း ဖော်ပြထားဖို့ လိုပါတယ်။

နောက် လူများစုရဲ့ ဗဟိုချုပ်ကိုင် အနိုင်ကျင့်မှုတွေကို တားဆီးတဲ့ ပြဋ္ဌာန်းချက်ဆိုတာတွေလည်း ပါရှိသင့်ပါတယ်။ ဒါပေမဲ့ အခုစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံသစ်က အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှမဖော်ပြထားဘဲ ရှိနေပါတယ်။ ထားတော့။ ဒီတော့ မဖော်ပြထားတာကို မကြည့်တော့ဘဲ နအဖရဲ့ ဖွဲ့စည်းပုံသစ်ကိုပဲ ကြည့်မယ်ဆိုရင်တော့၊ ဘယ်လိုပြည်ထောင်စုမျိုးနဲ့ ဘယ်လိုအာဏာခွဲဝေထားသလဲ ဆိုတာကိုပါ တဖြည်းဖြည်း ရုပ်လုံးပေါ်လာမှာပါ။

နအဖရဲ့ ဖွဲ့စည်းပုံသစ်အရဆိုရင် နိုင်ငံတော်သမ္မတက ပြည်နယ်ရှိ လွှတ်တော်အမတ်တွေထဲကနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးပေးရပါမယ်။ ပြည်နယ်လွှတ်တော်ရဲ့ အကြံပြုချက်ကို ယူရမယ်ဆိုတာ ပါပေမယ့် သမ္မတက ရွေးပေးမယ့် ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ အရည်အချင်း မပြည့်မီသူဖြစ်ကြောင်း ဖော်ပြနိုင်မှ ငြင်းပယ်လို့ ရပါတယ်။ အရည်အချင်းဆိုတာကလည်း အသက်အရွယ်တို့၊ ပညာအရည်အချင်းတို့ ဆိုတာလောက်ပါ။ ဒီတော့ ငြင်းပယ်ဖို့ဆိုတာ မလွယ်ဘူး။

သမ္မတက ခန့်တယ်ဆိုတဲ့သူကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရုံပါပဲ။ ပြီးရင် သမ္မတခန့်ထားတဲ့သူလို့ ပြောလို့ရတဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာ ပြည်နယ်ဝန်ကြီးနှစ်နေရာကို စစ်တပ်က စစ်သားကို ခန့်ပေးထားရမယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးတွေ ခန့်တဲ့နေရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းပေးတဲ့သူတွေကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရပါမယ်။ ငြင်းပယ်ခွင့် ရှိတယ်ဆိုပေမယ့်လည်း အရည်အချင်းမပြည့်မှီသူလို့ ခိုင်လုံကြောင်းတခုထဲနဲ့ပဲ ငြင်းလို့ရပါတယ်။

နောက်ဆုံးတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးအဖွဲ့ကို ခန့်ဆိုတာပါပဲ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေကလဲ သမ္မတကိုပဲ တာဝန်ခံကြရပါတယ်။ ပြည်နယ်ဥပဒေအရာရှိတွေကို ခန့်အပ်ရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုပြီးရင်တောင် မရသေးပါဘူး။ နောက်ဆုံး သမ္မတက သဘောတူအတည်ပြုမှ ရပါတယ်။ ဒီတော့ ဗဟိုကဖြစ်တဲ့ သမ္မတမှာ အာဏာအပြည့် ဖြစ်နေတယ်ဆိုတာ ပေါ်လွင်လွန်းလှနေပါပြီ။

(၄)
တန်းတူရေုးဆိုတဲ့ ပြဿနာဟာ… မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ အချိန်ကစပြီး စိန်ခေါ်နေခဲ့တဲ့ ကိစ္စပါပဲ။ ဒီကိစ္စကို အခုအခြေခံမူတွေက ဘယ်လိုအာမခံချက် ပြုထားပါသလဲ။ ဒါ အရေးအကြီးဆုံး မေးခွန်းပဲ။ တန်းတူညီမျှခွင့်ကို ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေး စတဲ့ နိုင်ငံတော် အဆောက်အအုံအားလုံးရဲ့ ဖွဲ့စည်းမှုမှာ ကျင့်သုံးရမှာ ဖြစ်တယ်။

နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ရွေးချယ်တင်မြောက်တဲ့စနစ်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် လက်ရှိ မဲပေးစနစ်ဖြစ်တဲ့ မဲအများစုရသူနိုင်တဲ့ စနစ်ကိုပဲ ကျင့်သုံးမှာပဲလို့ ထင်ရပါတယ်။ ဒီတော့ လူဦးရေများတဲ့ ဗမာလူမျိုးတွေက တခြားတိုင်းရင်းသား လူမျိုးစုတွေအပေါ် အသားစီးရပြီး လွှတ်တော် ၂ ရပ်ရဲ့ ၇၅ ရာခိုင်နှုန်းနေရာမှာ အများစုရဖို့ သေချာနေပါတယ်။ ဒီအတိုင်းဆိုရင် တန်းတူညီမျှရေးဆိုတဲ့ အရေးဟာ ပြေလည်နိုင်ပါ့ဦးမလား။ ဒီတော့ တန်းတူညီမျှရေးပြဿနာကို ဖြေရှင်းပြေလည်ဖို့ဆိုရင် မဲပေးမှုပုံစံစနစ်မှာ “အချိုးကျကိုယ်စားပြုစနစ်” တခုကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားဖို့ လိုပါမယ်။

(၅)
နအဖရဲ့ ဖွဲ့စည်းပုံသစ်အရ နိုင်ငံတော်ကို တည်ဆောက်ဖွဲ့စည်းရာမှာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းမှုပုံသဏ္ဍာန်ကိုတော့ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု ပုံသဏ္ဍာန်အတိုင်း ပြည်ထောင်စုကို ပုံပျက်ပန်းပျက်နဲ့ လုပ်လာနေပြန်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာ မရှိခဲ့တဲ့ ပြည်ထောင်စုနယ်မြေဆိုပြီး ပြည်ထောင်စု ဖွဲ့စည်းရာမှာ ထည့်လာပါတယ်၊ နအဖရဲ့ ဖွဲ့စည်းပုံကိုကြည့်ရင် ပြည်နယ် ၇ ခု ၊ တိုင်း ၇ ခုတို့ဟာ တခုချင်းစီ အဆင့်အတန်း တူညီကြတယ်လို့ သတ်မှတ်ပါတယ်။ တိုင်းဒေသ ၇ ခုရဲ့ တည်ရှိရာ ဒေသတိုင်းမှာက ဗမာလူမျိုးအများစု နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒီတော့ တိုင်းရင်းသား လူမျိုးတခုစီရဲ့ ပြည်နယ် တခုစီဟာ တိုင်းဒေသ ၇ ခုနဲ့မှ တန်းတူညီမျှသလို ဖြစ်နေရပါတော့တယ်။ တိုင်းရင်းသားလူမျိုးစု ၁ ခုနဲ့ ဗမာလူမျိုး ၇ ခုနဲ့ တန်းတူညီမျှမှုရယ်လို့ ဖြစ်နေပါတယ်။ နောက်ပြီး တိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဟာ နိုင်ငံတော်ကနေပြီး ဘယ်တော့မှ ခွဲမထွက်စေရဘူးလို့ ဆိုထားပါတယ်။

ဒီအချက်ကိုကြည့်ရင် စစ်အုပ်စုရဲ့ ချဉ်းကပ်ပုံအမြင်ဟာ အပျက်သဘောဆောင်တဲ့ဘက်မှ ရှုမြင်နေတာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားတာမျိုးဟာ နိုင်ငံတကာမှာရှိတဲ့ ဖွဲ့စည်းပုံတွေထဲမှာဆိုရင် အရင်ကရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု တနိုင်ငံထဲမှာပဲရှိခဲ့၊ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ တကယ်မှာတော့ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေတခုကို အပြုသဘောဆောင်တဲ့ ထူထောင်မှုမျိုး ရှိခဲ့ရင် ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုတာ ပေါ်ပေါက်လာစရာ မရှိပါဘူး။ နအဖ စစ်အုပ်စုအနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို နှိုင်းယှဉ်လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တူညီတာ ကွဲပြားတာတွေကို ကြည့်ရှုသုံးသပ်ပြီး မိမိတို့နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေတွေကို စူးစမ်းလေ့လာပြီး ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတခုကို ထူထောင်လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းမှု၊ စုပေါင်းညီညွှတ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆီကို ဦးတည်စေနိုင်မယ်ဆိုတာ ကောက်ချက်ချလို့ ရပါလိမ့်မယ်။

(၆)
မြို့တော်ဖြစ်တဲ့ ကြပ်ပြေးနေပြည်တော်ကို ပြည်ထောင်စု နယ်မြေအဖြစ် ဖွဲ့စည်းပုံသစ်မှာ သတ်မှတ်ထားတယ်။ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ သမ္မတက ကြပ်ပြေးနေပြည်တော်ကောင်စီကို တည်ထောင်ဖွဲ့စည်းရမှာ ဖြစ်တယ်။ ကောင်စီဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်ဦးရေကို သမ္မတက သတ်မှတ်ပေးရမယ်။ ကောင်စီထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ်ပါရမယ်။ ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်အားလုံးဟာ နိုင်ငံရေးပါတီဝင်တွေထဲကတော့ တယောက်မှ ပါဝင်ခွင့် မရှိပြန်ဘူး။ ကောင်စီဥက္ကဋ္ဌဟာ ပြည်ထောင်စု ဝန်ကြီးတဦးအဆင့်နဲ့ အတူတူပါပဲ။ အဆိုးဆုံးက --- လိုအပ်ရင် ကောင်စီဝင်အားလုံးကို စစ်တပ်က စစ်ဗိုလ်တွေနဲ့ပဲ ခန့်လို့ရတယ် ဆိုတာပါပဲ။ သမ္မတက ကောင်စီဝင်တွေထဲက ဖြုတ်မယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူအတည်ပြုမှ ရတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ဗဟိုချက်မကို စစ်တပ်က ချုပ်ကိုင်ထားလိုက်တာပဲ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။

(၇)
နိဂုံးချုပ်ပါတော့မယ် ..... နိဂုံးချုပ်ကို ပြက်လုံးတခုနဲ့ ချုပ်ပါရစေ။ ပြက်လုံးတခုဖြစ်ပေမယ့် လေးနက်ပါတယ်။ တခါက .... ဦးလေးဖြစ်သူက သူ၏ တူဖြစ်သူကို ချီးမွမ်းခန်းဖွင့်ပါတယ် .....

``ကျုပ်တူက လူကောင်းဗျ၊ တခုပဲ ချို့ယွင်းတယ်၊ `ကောင်းမှု´ နဲ့ `မကောင်းမှု´ ကို ခွဲခြားမသိခြင်းဘဲ´´ လို့ ဆိုပါတယ်။

ဗုဒ္ဓရဲ့ အဆုံးအမထဲက… `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားတော်ဟာ `ကောင်းမှု´ နဲ့ `မကောင်းမှု´ တို့ကို ခွဲခြားသိဖို့ ညွှန်းဆိုဆုံးမတဲ့ တရားဖြစ်တယ်လို့ နားလည်မိပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားအရေးဆိုတာက ... ဗမာ ၇ ကျပ်၊ တိုင်းရင်းသားများ ၁ ကျပ်ဆိုတဲ့ တန်းတူရေးပါ။ အဲဒီတော့ … ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင် ဆိုသူတို့အနေနဲ့က … `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားရဲ့ အဆုံးအမမှာ တည်ပြီး `ကောင်းမှု´ `မကောင်းမှု´ ကို အနည်းဆုံးတော့ ခွဲပြီး သိဖို့ လိုပါမယ်။

`ကောင်းမှု´ နဲ့`မကောင်းမှု´ ရဲ့ အလယ်မှာ `ကြား´ ဆိုတာ မရှိပါဘူး။

ရည်ညွှန်း

- ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ - ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်မိန့်ခွန့် (၂ဝဝ၆၊ ဇူလိုင်၊ ၂၉)
- ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ - ဦးအောင်တိုး၏ ညီလာခံကျင်းပရေး ကော်မရှင် အစည်းအဝေးတွင် ရှင်းလင်းတင်ပြချက် (၂ဝဝ၆၊ အောက်တိုဘာ၊ ၁ဝ)
- အခြေခံမူ ၁ဝ၄ ချက်
- ဒေါင်းအိုးဝေနှင့် ဦးဒယ်နီရယ်အောင် တွေ့ဆုံမေးမြန်းခန်း
http://www.mizzimaburmese.com/

0 အကြံပြုခြင်း: