Thursday, June 24, 2010

“တမွန်းတည့်နဲ့ မြွေပွေးခါးပိုက်ပိုက်ပုံပြင်”

“တမွန်းတည့်နဲ့ မြွေပွေးခါးပိုက်ပိုက်ပုံပြင်”

စိုးနေလင်း
Thursday, June 24, 2010



ကျနော်တို့ မြန်မာတွေ မကြာခဏကိုယ်းကားအသုံးပြုလေ့ရှိတဲ့ “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုတဲ့ ဆိုရိုးစကားလေးတခုရှိတာ အားလုံးသိ ကြပါတယ်။ ဒါပေမယ့် တချို့ဆိုရိုးစကားတွေက တူးတူးခါးခါးမှန်နေကြပြီး တချို့ဆိုရိုးစကားတွေကလည်း တူးတူးခါးခါး မှားနေကြပြန်ရဲ့ဆိုပြီး ကျနော့ရဲ့ကဗျာတပုဒ်ထဲမှာ တခါကရေးခဲ့ဖူးသလိုပါပဲ ကျနော်တို့ မြန်မာနိုင်ငံကို အဓမ္မလုယူအုပ်စိုးနေကြတဲ့ စစ်အာဏာရှင်အစိုးရရဲ့ တမွန်းတည့်ကတော့ ရာစုနှစ်ဝက်နီးပါးကြာတဲ့အထိကို ကောင်းစားနေကြတာတွေ့နေရဆဲ ပါပဲ။ ဒါပေမယ့် “တို့လည်း ဒီလောက်ထိကောင်းစားနေပြီပဲလေ တိုင်းသူပြည်သား မရှိဆင်းရဲသားတွေ တိုးတက်ကောင်းစားကြပါစေတော့” ဆိုပြီး စိတ် စေတနာကောင်းလေးများ တချက်တလေဝင်လာ သတိသံဝေဂ ရလာလေမလားဆိုပြီး မျှော်လင့်မိရင်တော့ အကြီးအကျယ်မှားသွား မှာ အသေအချာပါပဲ။

ကျနော်တို့တိုင်းပြည်ကို အခု မတရားအာဏာသိမ်းယူအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပေါ့သေးသေးမဟုတ်ပါဘူး ဆိုးသွမ်းမိုက်မဲ ရုံမက ကောက်ကျစ်စဉ်းလဲ ရက်စက်ယုတ်မာတဲ့အရာမှာ တုနှိုင်းမဲ့ ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ မြန်မာနိုင်ငံက အခြေခံပြည်သူ လူ ထုကြီးတခုလုံးက တညီတညွတ်တည်း လက်ခံထားခဲ့ပြီးဖြစ်ပါတယ်။ ဟိုတခါက အသုံးများခဲ့တဲ့ စကားလုံးနဲ့ဆိုရင်တော့ “ပြုပြင်လို့ မရအောင် ကမ်းကုန်နေသူများ” လို့ ဆိုရမယ်ထင်ပါတယ်။ အဲဒီလိုကျနော်ပြောတာဟာ မလွန်လောက်ပါဘူးလို့ ကျနော်ယုံကြည်ပါ တယ်။ ကျနော်တို့ မြန်မာနိင်ငံက စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ လူသတ်မှု ညှဉ်းပန်းနှိပ်စက်မှု လုယက်မှု မုဒိမ်းမှု ရွာမီးရှို့မှု ခိုးမှုတွေကစ လို့ ရာဇဝတ်မှုကြီး ရာဇဝတ်မှုငယ်ပေါင်းများစွာ မျက်မြင်သက်သေ အထောက်အထားသက်သေ ခိုင်ခိုင်လုံလုံရှိခဲ့သလို စစ်ရာဇဝတ် မှုကြီးတွေ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့တာတွေကိုလည်း မြန်မာနိုင်ငံပြည်သူလူထုတရပ် လုံး တွေ့မြင်သိရှိပြီးဖြစ်သလို နိုင်ငံတကာကလည်း တွေ့မြင်သိရှိခဲ့ပြီးဖြစ်ပါတယ်။ ၆၂ ခုနှစ်ကစလို့ ခု ၂ဝ၁ဝ အထိ ၄၈ နှစ်ကြာ ကာ လအတွင်း ကျူးလွန်ခဲ့ကြတာပါ။ အဲဒါတွေကိုတော့ မြန်မာနိုင်ငံပြည်သူလူထု တရပ်လုံးရော အပြည်ပြည်ဆိုင်ရာကပါ သိရှိခဲ့ကြပြီးဖြစ် လို့ အထူးတလည်ပြန်ပြီး မပြောချင်တော့ပါဘူး။

ကျနော် အထက်မှာတင်ပြခဲ့သလို ဒီမှာတင်ရပ်မသွားသေးပါဘူး သူတို့စစ်အုပ်စု မိသားစုတွေ နောင်လာနောက်သား စစ်မျိုးဆက်တွေ အထိ တိုင်းပြည်ကို ကျွန်ပြုအုပ်ချုပ်ဖို့ စစ်အခြေခံဥပဒေကိုအတင်းအကျပ် ရေးဆွဲပြဋ္ဌာန်းပြီး တရားဝင်စစ်အာဏာရှင်အစိုးရဖြစ်ရေး ဖိဖိစီးစီး ကြိုးစားအား ထုတ်နေကြတာကိုလည်း အားလုံးသိမြင်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်။ ပြည်သူလူထုကြီးတရပ်လုံး ၈၈ လူ ထု ဒီမိုကရေစီအရေးတော်ပုံကြီးတုန်းကလို အုံကြွဆန့်ကျင်လာရင် နိုင်နိုင်နင်းနင်း ခြေမှုန်းရှင်းလင်းပစ်နိုင်ဖို့ စစ်တပ်ကို လူသူအင် အား လက်နက်အင်အား အစဉ်တစိုက် တိုးချဲ့လာခဲ့တာကိုလည်း အများမြင်သာထင်ရှားရှိခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့စီးပွားရေး ကျန်းမာရေး ပညာရေး လူမှုရေး ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးထက် စစ်လက်နက်ပစ္စည်း တိုးချဲ့ဝယ်ယူ ဖြည့်ဆည်းရေးအတွက်ကိုပဲ တိုင်းပြည်ရဲ့အဖိုးတန်သယံဇာတပစ္စည်းတွေရော ဝင်ငွေတွေကိုပါ ပုံအောသုံးစွဲခဲ့လို့ တိုင်းပြည်ဟာ အရှေ့တောင်အာရှရဲ့ ချမ်းသာ ကြွယ်ဝတဲ့နိုင်ငံ တနိုင်ငံအဖြစ်ကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်လာခဲ့တာကိုလည်း အထူးသက်သေပြနေစရာ လိုမယ်မ ဟုတ်ပါဘူး။

ဒါတင်ပဲလားဆိုရင်လည်း မဟုတ်သေးပါဘူး နောက်တခါလာပြန်ချေသေးလို့ ဆိုရမယ့် အခု နိုင်ငံတကာအနုမြူစွမ်းအင်အဖွဲ့ကြီးရဲ့ ရှေ့မှောက်ကို ဖွင့်ချခံလိုက်ရတဲ့ မြန်မာနိုင်ငံစစ်အာဏာရှင်အစိုးရရဲ့ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ နျူကလီယာလက်နက်ပိုင် ဆိုင်ရေး စစ်ဆင်ရေး ထိမ်းချုပ်ကွပ်ကဲရေး ကာကွယ်ရေး မြေအောက်လှိုင်ခေါင်းနဲ့ ဗုံးဒဏ်ခံမြေအောက်ခံကတုတ်များ တူးဖော် ဆောက် လုပ်ရေးစီမံချက်ကြီးဟာ ကျနော်တို့ တိုင်းပြည်က လက်နက်မဲ့ပြည်သူလူထုကြီးကို ထာဝရကျွန်ပြုအုပ်ချုပ်ရေးသာ မဟုတ် တော့ဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်ခန့်ညားလာရအောင်လုပ်ဖို့ ထိပါးအနိုင်ကျင့်ဖို့အထိ ကျော်လွန် လွန်ကျူးလာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကို အချိန်မီ မြန်မာနိုင်ငံက ပြည်သူလူထုနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြည်သူလူထုတွေ သိအောင် ဖွင့်ချဖော်ထုတ်ပေးလိုက်တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်း ကို အထူးကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။ သူဟာ အချိန်ကာလတခုထိ စစ်အာဏာရှင်တွေကို အလုပ်အကြွေးပြုခဲ့တဲ့ စစ်သားတယောက်ဖြစ်ခဲ့ပေမယ့် ပညာတတ်တယောက် အမှားနဲ့အမှန်ကို ခွဲခြားသိမြင် လာပြီး အမှန်တရားဘက်ကို ကူးပြောင်းရပ်တည်လာရဲတဲ့သူတယောက်ဖြစ်တဲ့အတွက် သူ့ရဲ့သည်းခံခွင့် လွှတ်နိုင်စရာ အမှားတွေကို ခွင့်လွှတ်ပြီး ပြည်သူ့ဘက်တော်သား ဒီမိုကရေစီ ဘက်တော်သားတဦးအဖြစ် ကျနော်တို့ ချီးကျူးဂုဏ်ပြုကြရမှာ ဖြစ်ပါတယ်။

ကျနော်တို့တိုင်းပြည်က စစ်အစိုးရရဲ့အတွေးအခေါ်နဲ့လုပ်ရပ်ကိုကြည့်ရင် အာဏာငန်းဖမ်းပြီး သူ့အာဏာတည်တန့်ခိုင်မြဲရေး သူတို့ အ ကျိုး စီးပွားစည်းစိမ်ဥစ္စာကို မထိပါးရေးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မယ့်သူတွေဖြစ်တယ်။ အာဏာနဲ့ စည်းစိမ်ဥစ္စာအတွက် ဆိုရင် ဘယ်နိုင်ငံကို ထိပါးရထိပါးရ စော်ကားရပါစေ ဘယ်လောက်ဆင်ခြင်တုံတရား ကင်းလွတ်ရူးသွတ်တဲ့ အတွေးစိတ်ကူး ဖြစ်ပါစေ ရအောင်အကောင်အထည်ဖော် ဆောင်ရွက်မယ့်သူတွေ ဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။ အာဏာစည်းစိမ်ဥစ္စာကို ယစ်မူးပြီး ကိုယ့်လူမျိုးမှကိုယ့်လူမျိုး တခြားသူတွေဟာ ကိုယ့်လောက်မမြင့်မြတ်ဘူး တန်းမတူဘူးဆိုတဲ့ အတွေးအခေါ်မျိုးဟာ အလွန်ကြောက်စ ရာကောင်းတယ်ဆိုတာ သမိုင်းစာမျက်နှာတွေပေါ်မှာ အထင်အရှား စွန်းထင်းကျန်ရှိနေသေးပါတယ်။ ဆိုလိုချင်တာကတော့ မြန်မာနိုင် ငံက ပြည်သူလူထုအနေနဲ့ ကိုယ့်ကိုမတရားအုပ်ချုပ် နှိပ်စက်ညှဉ်းပန်းနေတဲ့ စစ်အစိုးကို တနေ့နောင်တရလာလိမ့်မယ် ပြောင်းလဲလာ လိမ့်မယ်လို့ လျှော့မတွက်ကြဖို့ပါ။ အခု စစ်ဗိုလ်ချုပ်ဆိုသူတွေ ငရဲကျသွားတဲ့ အချိန်မှာ နောက် ငရဲသားလောင်း ငစွေတွေ ဝိုင်းဝိုင်း လည်နေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာ ပြည်သူလူထု တွေ နိုင်ငံတကာ ကိုယ်စားပြုအဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာစစ်အာဏာရှင်အစိုးရကို အထင်သေးရင် အမှားကြီး မှားသွားနိုင်ပါ တယ်။ ဒေသဆိုင်ရာ စစ်ပွဲတွေကနေ ကမ္ဘာစစ်အထိဖြစ်ပေါ်လာတဲ့အထိ မိုက်တွင်းနက်ကြမယ့် လူမိုက်ကြီးတွေ ဆိုတာကို သတိထား သင့်ပါတယ်။ မြွေပွေးဟာအကောင်ပေါက် အကောင်ငယ်လေးဖြစ်ပေမယ့် အဆိပ်ပြင်းပါတယ်။ ကိုက်ရင်သေနိုင်ပါတယ်။ မြွေပွေးကို ခါးပိုက်ပိုက်ရင် မှားသွားမယ်ဆိုတာ ကျနော်တို့အားလုံး သတိရှိရပါလိမ့်မယ်။

အကိုက်လည်းခံဖူးခဲ့ကြပါပြီ။ သေသူတွေလည်းသေခဲ့ကြပါပြီ။ အဆိပ်တက်နေတဲ့သူတွေလည်း တက်နေကြဆဲ ဖြစ်ပါတယ်။ တကယ် တော့ ၄၈ နှစ် တာကြာတဲ့အထိ ကျနော်တို့တွေ မြွေပွေးကို ခါးပိုက်ပိုက်လာခဲ့ကြတာပါ။ ဘယ်သက်ရှိသတ္တဝါကိုမဆို အဆိပ်သင့်စေ သေဆုံးစေနိုင်တဲ့ မြွေပွေးကို ကျနော်တို့တွေ ကျွေးမွေးကြီးပြင်းအောင် မွေးမြူလာခဲ့ကြတာဖြစ်တယ်လို့ပြောရင် မှားမယ်မဟုတ်ပါဘူး။ ကျန်တဲ့သက်ရှိသတ္တဝါတွေ အသက်ဘေးအန္တရယ် လုံခြုံကင်းရှင်းရေးအတွက် ကျနော်တို့ မြွေပွေးကို သုတ်သင်ရှင်းလင်းပစ်ကြရပါ လိမ့်မယ်။ မြွေမသေဒုတ်မကျိုးလုပ်ကြရမယ့်အချိန် မဟုတ်တော့ပါဘူး။

ကျနော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုတရားပွဲတခုမှာ …
“ဦးနေဝင်းရဲ့ မဆလ ပါတီက ကျမတို့ မြန်မာပြည်ကို ၂၆ နှစ်တောင်ကြာအောင် ဘာလို့အုပ်ချုပ်သွားနိုင်ရတာလဲ။ ကျမတို့ ပြည်သူလူ ထုက လက်ခံခဲ့လို့ပါ။ ကျမတို့ ပြည်သူလူ ထုက လက်မခံရင် အုပ်ချုပ်လို့ မရပါဘူး” လို့ …
ပြည်သူလူထုကို ပြောသွားခဲ့ဖူးတာကို နှစ်ပေါင်းအတော်ကြာခဲ့ပေမယ့် ကျနော်တို့ ပြန်ပြီးအမှတ်ရ သတိပြုသင့်ကြပါတယ်။ ။

စိုးနေလင်း

http://www.naytthit.com/articals/2010/june10/snl-june24.html

0 အကြံပြုခြင်း: