Monday, June 7, 2010

ဒို့ ရဲ့ ရန်သူဖြစ်တဲ့ စစ်အစိုးရရဲ့  ရန်သူဟာ ဒို့ရဲ့မိတ်ဆွေဖြစ်တယ်


မည်သို့ပင်ဆိုစေ ရှင်းသွားပြီ။ လိပ်ပတ်လည်သွားပြီ။ သူရဲတစ္ဆေမှန်း သိသွားလောက်ပြီထင်ရသည်။ မကောင်းဆိုးဝါးမှန်း သိတော့ လန့်ဖြတ်သွားသည်ဟု ထင်ရသည်။ ဟိုတခါကတည်းက အိမ်ဖြူတော်နားက ဆီးနိတ်လွှတ်တော် ခန်းမထဲမှာ ညူကီးယားကိစ္စကို ပြောထားပြီးဖြစ်သည်။ သို့သော် ဂရုမစိုက်ခဲ့။ မစ္စတာဂျင်ဝပ်ကိုယ်တိုင် ဒိုင်လူကြီးပမာ ကြားနာခဲ့သည်။ ပြီေးတာ့ သူကိုယ်တိုင် အဆုံးအဖြတ်ကို ဘက်လိုက်ပြီး နေခဲ့သည်။ စီးပွါးရေးပိတ်ဆို့မှူကို မလုပ်သင့်တော့ဟု ပြောဆိုခဲ့သည်မှာ ကွယ်ရာမှာ မဟုတ်။ ဗြောင်ကြေညာခဲ့သည်။ မစ္စတာအိုဘားမားကလည်း ဝေ့လည်လည်ဖြစ်သွားသေးသည်။ သည်တော့ ဆက်ဆံရေးနှင့် ပိတ်ဆို့ရေးကို တွဲလုပ်ကြည့်ခိုင်းပြန်သည်။ လျှော့ရမလိုလို ခြောက်ရမလိုလိုနှင့် မြောက်ပင့်ပြောတာမျိုး ခြိမ်းခြောက်ပြောတာမျိုးတွေ အားလုံးနည်းဗျူဟာတွေနှင့် သုံးကြည့်သည်။ အရာမထင်။
စစ်အုပ်စုက ချိုးကပ်နေပြီ။ ဘာမျှဂရုမစိုက်။ သိတာတခုရှိသည်။ တနေ့ညူကလီးယားလက်နက်ပိုင်သော စစ်အာဏာရှင် ဖြစ်ရေးပင်။ ခက်နေသည်က သဘာဝဓါတ်ငွေ့မှ ရရှိသော နိုင်ငံခြားဒေါ်လာငွေများ မည်သို့နေရာကို ရောက်ရှိသွားသလဲဟု ရှာဖွေဆန်းစစ်နေသည်များအား သူမေ့နေသည်။ ပြည်သူတွေက ဆင်းရဲငတ်မွတ်နေသည်။ ထို့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဟု အဖြစ် သတ်မှတ်ထားသည်။ အစားအစာမစားသောက်ဘဲ သေဆုံးရသော ပြည်သူများ ရှိနေသကဲ့သို့ သောက်ရေမသောက်ရသောကြောင့် သေဆုံးရသော ပြည်သူများ ရှိနေသည်ကို နိုင်ငံတကာမှ သိနေကြသည်။ နေစရာမရှိ၍ သဘာဝဘေးအန္တရယ်ကြောင့် သေဆုံးရသော ပြည်သူများရှိနေခြင်းကြောင့် နိုင်ငံတကာမှ အကူအညီစောင့်ရှောက်မှူ ပေးနေရသည်။ လက်နက်ကိုင်ထားသော စစ်သားများ၏ ပစ်ခတ်သတ်ဖြတ်မှူကြောင့် အပြစ်မဲ့ပြည်သူ့များ သေဆုံးနေရသည်။ သို့သော် အုပ်ချုပ်သူလူတန်းစားဖြစ်သော စစ်အုပ်စုမှာ အလွန်အေးချမ်းသာယာစွာဖြင့် နေထိုင်ချမ်းသာကြီးပွါးနေကြပါသည်။
မလွယ်လှပါ။ ကမ္ဘာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်အစိုးရကို နိုင်ငံတကာမှ မည်သို့မျှ အရေးယူနိုင်စွမ်း မရှိသေးပါ။ လုံခြုံရေးကောင်စီအထိ တက်ပြီးဆွေးနွေးကြပြီးပါပြီ။ တရုပ်နိုင်ငံ၊ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချကြပါသည်။ လူမစွမ်းသာ နတ်မစွမ်းသာဖြစ်ရသည်။ ကျွန်တော်တို့သည် နှစ်ပေါင်း ၂၀ တိုင်တိုင် စစ်အစိုးရကို ဖြုတ်ချရန် အစည်းအဝေးတွေ မကြာခဏ ထိုင်ကြသည်။ ဆန္ဒပြပွဲတွေ မကြာခဏ ပြုလုပ်ကြပါသည်။ ကန့်ကွက်ဆန္ဒပြခြင်းကြောင့် စစ်အစိုးရသည်လည်း ရာဇပလ္လင်ပေါ်တွင် ဖင်ထိုင်ခုံလှုပ်လွန်းမက လှူပ်နေမှူကြောင့် ထိုင်ခုံမြဲအောင် ကြိုးစားနေရပါသည်။
ယခုတခေါက်မှာမူ စစ်အစိုးရအဘို့ အထိနာလှသော သံတမန်ဆက်ဆံရေးဖြစ်သည်။ မစ္စတာဂျင်ဝပ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပင် လက်ခံတွေ့ဆုံခြင်းခံရသော အမေရိကန်နိုင်ငံမှ ဆီးနိတ်လွှတ်တော် တဦးဖြစ်သည်။ အတိုက်အခံ ဒီမိုကရေစီအင်အားစုများ၏ ယုံကြည်လေးစားမှူကို မရရှိသော အမေရိကန်နိုင်ငံ၏ တယောက်တည်းသော လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါသည်။ သူ့ကို မစ္စတာအိုဘားမားက ခန့်အပ်ထားပေး၍ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်လျှင် သူကဆရာကြီးဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအရေးကိစ္စတွင် ရေပန်းစားသူလည်းဖြစ်ပါသည်။ သို့သော် ယခုတော့ အနီးကပ်စစ်အစိုးရအရှိုက်ကို အလဲထိုးလိုက်ပါပြီ။ အကယ်၍ သူသာအလဲမထိုးလိုက်လျှင် သူ့ကိုအလှဲထိုးရန် ကျွန်တော်တို့က အနီးကပ်စောင့်ကြည်နေကြပြီးပါပြီ။ ကြိုးဝိုင်းထဲမှ ကျွန်တော်တို့ ထောင့်လေးထောင့်တွင် နေရာယူကာ စောင့်ကြည့်နေကြပါပြီ။
အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်ဖြစ်သော မစ္စတာဂျင်ဝပ်သည် ဤအချိန်တွင် နိုင်ငံရေးကစားကွက်တခုမှ ရုန်းကန်ထွက်ပေါက် ရှာသွားခဲ့ပါသည်။ အကြောင်းမှာ တရုပ်နိုင်ငံဝန်ကြီးချုပ် ၀န်ကျားပေါင်နှင့် သူ၏ခရီးစဉ်သည် ထပ်တူထပ်မျှ ဖြစ်သွားလျှင် သူ့အတွက် နာမည်ပျက်သွားနိုင်သည်။ သို့မဟုတ် တရုပ်နှင့် ဆန့်ကျင်ဖက်ဖြစ်သော စကားကို ပြောဖြစ်လျင် နအဖစစ်အစိုးရနှင့် လမ်းကြောင်းများပြောင်းလဲ သွားနိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံဖြစ်သောနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်တသီးဖြစ်သော မစ္စတာဂျင်ဝပ်သည် သူ၏မြန်မာနိုင်ငံခရီးစဉ်အား တွက်ချက်မှူများအတွက် မြောက်ကိုးရီးယားနှင့် ပူးတွဲလုပ်ကိုင်နေသော ညူကလီးယားစက်ရုံ တည်ဆောက်ရေးပြသနာကို လက်ညိုးထိုးကာ အဖြေထုတ်ပေးလိုက်ပါသည်။
မြောက်ကိုးရီးယားနှင့် ညူကလီးယားစက်ရုံ တည်ဆောက်ရေး ပြသနာကို ယခုမှ သူသိရှိခြင်းမဟုတ်။ သို့သော် အဖြေတခုကို ပေးရန် အကောင်းဆုံးပြုလုပ်ခြင်းမှာ ဤအချက်မှ အခြားမရှိတော့။ ထို့ကြောင့် အနီးကပ်ဆက်ဆံထိတွေ့ရေး ဆိုသော မူနှင့် ခပ်ဝေးဝေးဖြစ်သွားပါသည်။ စစ်အစိုးရနှင့် ထိတွေ့မှူဝေးလေလေ ကျွန်တော်တို့နှင့် နီးကပ်လေလေ ဖြစ်နိုင်ရမည်ထင်ပါသည်။ ကျွန်တော်တို့၏ ရန်သူဖြစ်သော စစ်အစိုးရ၏ ရန်သူမှာ ကျွန်တော်တို့၏ မိတ်ဆွေဖြစ်ရပါလိမ့်မည်။ ယင်းမှာ သဘာဝဖြစ်သည်။ သည်တော့ ယင်းသဘာဝကို လက်လွပ်မခံ ရယူနိုင်ရန် ပြုလုပ်ဆောင်ရွက်ရန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။ သမိုင်းပေးတာဝန်ဖြစ်သော ယင်းအချက်ကို ပေါ်လီစီအရ ကျင့်သုံးစရာသာ ရှိပါသည်။
ဝန်ခံစရာရှိသည်ကို ၀န်ခံရန်လိုသည်။ ယင်းမှာမစ္စတာဂျင်ဝပ်၏ ခရီးစဉ်ဖျက်သိမ်းခြင်းအပေါ် ကြိုဆိုကြောင်း မည်သည့်အတိုက်အခံများကမျှ ကြေညာချက်မထုတ်ပြန်သေးခြင်းကို မှားသည်ဟု ထောက်ပြချင်သည်။ ယင်းအမှားကို ၀န်ခံဖို့လိုသည်။ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားနေကြသော လူထုတိုက်ပွဲညီလာခံများကို ထိုင်းနိုင်ငံ။ မလေးရှားနိုင်ငံ။ အမေ၇ိကန်နိုင်ငံတို့မှ ပြုလုပ်ကျင်းပခဲ့သည်မှာ ပူပူနွေးနွေးဘဲ ရှိသေးသည်။ သူတို့အဖွဲ့ထဲမှ တဖွဲ့ချင်းဖြစ်စေ စုပေါင်းဖြစ်စေ အမေရိကန်အစိုးရ၏ ဆီးနိတ်လွှတ်တော်အမတ်မစ္စတာဂျင်ဝပ်၏ ခရီးစဉ်အား ဖျက်သိမ်းခြင်းအပေါ် အားရကြေနပ်မိကြောင်း စုပေါင်းကြေညာချက် ထုတ်ပြန်သင့်သည်ဟုမြင်သည်။
ယခုအချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် စစ်အစိုးရ ကြော ထောက် နောက်ခံပြုထားသော ကိုယ်စားလှယ်လောင်းများသည် မြန်မာငွေသိန်းတထောင်မျ အကုန်အကျခံကာ စည်းရုံးရေးဆင်းကာ ပြုလုပ်နေကြသည်။ ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရန် ဆောင်ရွက်နေကြသော အဖွဲ့အစည်းတို့မှာ ငွေကိုလုံလုံလောက်လောက် မရှိကြ။ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားရေးအတွက် မည်သည့်ပုဂ္ဂိုလ်ကိုမျှ တပြားတချပ်မျှ မထောက်ပံ့နိုင်သေး။ ယု့တ်စွအဆုံး သပိတ်မှောက်ကြ ဆိုသော လက်ကမ်းစာစောင် ပိုစတာလေးကိုမျှ ရေးပြီး ပြည်နယ်တိုင်းမြို့ နယ်တိုင်းမှာ ဖြန့်ဝေချင်သော ကပ်ချင်ကြသော သူတို့မှာ လက်ယားနေကြပါသည်။ သို့သော် ကျွန်တော်တို့မှာ တပြားတချပ်မျှ အကူအညီ မပေးနိုင်။
ပြည်တွင်းလှုပ်ရှားရေးအတွက် မည်သို့မျှ အကူအညီမပေးနိုင်ကြလျှင် ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက် စီမံကိန်းကျဆုံးမည်ထင်ပါသည်။ အမေရိကန်အခြေစိုက် NGOs တခုမှ ပြည်ပတွင် ဆန္ဒပြပွဲပြုလုပ်ရန် ဒေါ်လာ ၁၀၀၀ ထောက်ပံ့လိုက်သည်ဟု ကြားရသည်။ တကြိမ်အတွက် ပေးသည်လား နှစ်ကြိမ်အတွက် ပေးသည်လား မပြောတတ်။ ။တပွဲတော့ပြပြီးကြပါပြီ။ သို့သော် ယင်းအဖွဲ့တို့မှာ မကြာသေးမှီက ပြုလုပ်ကြပြီးသော ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ။ အမေရိကန်နိုင်ငံတို့မှ ဖွဲ့စည်းပြီးကြသော လုထုတိုက်ပွဲကော်မီတီတော့မဟုတ်။ ဆိုရလျှင် NGOs နှင့် ဆက်စပ်နေသူများသာ ဆန္ဒပြပွဲပြုလုပ်ရန် ဒေါ်လာငွေရရှိနေခြင်းဖြစ်ပြီး အခြားမည်သည့်အဖွဲ့အစည်းများမှ ငွေမရှိ၍ မပြုလုပ်နိုင်ခြင်းမှာ တခုခုမှားယွင်းနေသည်ဟုထင်သည်။ သို့မဟုတ်တခုခု လိုအပ်နေသည်ဟုထင်သည်။
တော်လှန်ရေးသမားတဦးနှင့် ဆွေးနွေးပြောခဲ့သော စကားကို အမှတ်ရ၍ ပြောပြချင်ပါသည်။ ကျွန်တော်တို့၏ တော်လှန်ရေးခေတ်ကောင်းနေချိန်တွင် NGOs က ငွေထုပ်ပိုက်ကာ နောက်ကလိုက်လါခြင်း ကြုံဖူးပါသည်ဟု ပြောသံကြားခဲ့ရပါသည်။ နောက်တော့ အဖြွ့အစည်းတွေ မှိုလိုပေါက်ပြီး ခေတ်ပျက်သွားသောအခါတွင် နိုင်ငံရေးသမားများက နောက်လိုက်များသာ ဖြစ်သွားပါသည်ဟု ၀မ်းနည်းယူကြုံးမရစွာနှင့် ပြောဖူးပါသည်။ ယင်းမှာလည်း ပြသနာတရပ်ဖြစ်သည်။ ထို့ကြောင့် တချို့ က သူတို့နှင့် ဝေးရာက နိုင်ငံရေးကို လုပ်ချင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် NGOs တပည့်ဖြစ်သွားတတ်ကြသည်ဟု သုံးသပ်ပြကြသည်။ သို့ပေမင့် တကယ်တမ်းတွင် လက်တွေ့မှာ သူတို့အကူအညီကို ယူရန်လိုသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀ က ရင်းနှီးနေခဲ့သော အတွေ့အကြုံများမှာ ယခုအချိန်တွင် အကောင်းဆုံးသင်ခဏ်းစာများဖြစ်ကြပါပြီ။ ထို့ကြောင့် မည်သူမဆို အရိပ်ကော အကောင်ပါ မြင်တတ်ကြပါသည်။ လွယ်လွယ်နှင့် ပညာပြကစား၍ မရ။ လမ်းချော်ကျသွားနိုင်သည်။ တခုတော့ရှိပါသည်။ ပြည်ပတွင် ဖွဲ့စည်းထားကြသော လူထုတိုက်ပွဲကော်မီတီ များမှာ နာမည်ပျက်ရှိသူများ( အထူးသဖြင့် ငွေနှင့် ပါတ်သက်၍ ) မဟုတ်သူများဖြစ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ လူထုတိုက်ပွဲကော်မီတီကို တညီတညွတ်တည်း ဖွဲ့စည်းရန် လိုနေပြီ။ တယောက်တပေါက်နှင့် ထလုပ်နေလို့ကတော့ အလုပ်ကမဖြစ်။ ခိုင်မာတောင့်တင်းသော စစ်အစိုး၏ ပေါ်လီစီကို ဖြိုချရန်အတွက် ကမ္ဘာကြီးကို ရောက်ရှိနေကြသော အတိုက်အခံဒီမိုကရေစီ အဖွဲ့အစည်းများမှာ ယခုအချိန်တွင် စုစည်းရန်လိုသည်။ မိမိတို့ဖက်က ခိုင်မာဖို့ လိုနေသည်။
စုစည်းရန်ဆိုသည်မှာ ညီညွတ်ရေးတရား ဟောနေခြင်းမဟုတ်။ ညီညီညွတ်ညွတ်လုပ်ကြရန် လိုနေချိန်ဖြစ်သည်ဟု ပြောချင်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှ ဒီမိုကရေစီအင်အားစုများမှာ နိုင်ငံရေးအခမ်းအနား နှင့် ဆန္ဒပြပွဲတွေကို အမြဲပြုလုပ်နေကြဖြစ်သည်။ သူတို့မှာ မည်သည့်ငွေကြေးတပြားတချပ်မျှမရှိ။ ကမ္ဘာကြီးမှ သူတို့အား အထောက်အကူ ပေးရန်လောက်ကိုပင် မေ့လျော့ခြင်းခံနေရသည်။ တနေ့ကဆန္ဒပြပွဲပြုလုပ်သံကိုလည်း ကြားလိုက်ရသည်။
ဘင်္ဂလားဒေရှ်နိုင်ငံမှ အခမ်းအနားပြုလုပ်သောသူတို့မှာ ရေဒီယိုများမှ အသံကိုထွက်ပေါ်ချင်၍ လုပ်ကြသူများမဟုတ်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလိုကြ၍ ပြုလုပ်ကြခြင်းဖြစ်ရာ သူတို့၏အခမ်းအနားများပြုလုပ်တိုင်း ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ပြတတ်ကြပါသည်။ အခမ်းအနားမလုပ်သော သူတို့မှာမူ ဓါတ်ပုံများမတင်ပြနိုင်ကြချေ။ ကျွန်တော်ပြောချင်သည်မှာ နာမည်ကြီးရန် သူတို့တွေမှာ ပြုလုပ်နေကြသည် မဟုတ်မှန်း ပြောလိုခြင်းဖြစ်သည်။ ဘင်္ဂလားဒေရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ဒီမိုကရေစီအင်အားစုများမှာ တက်ကြွသူများဖြစ်သလို နိုင်ငံရေးခံယူချက်များ ပြင်းထန်သူများဖြစ်သည်။ သူတို့၏လှုပ်ရှားမှူများကြောင့် စစ်အစိုးရမှာ ယင်းနိုင်ငံနှင့် ဆက်ဆံရေးတွင် ကသိကအောက် ဖြစ်နေရသည်ကိုတော့ ပြော၍ရသည်။ သူတို့လိုနယ်စပ်မှ အင်အားစုမျိုးကို ကျွန်တော်တို့ အထူးကူညီပေးရန်လိုသည်။ တခုတော့ ရှိသည် ။ သူတို့ကို NGOs များကမသိ။ မသိသော်လည်း သူတို့မှာ ဆက်တိုက်ဆန္ဒပြပွဲကိုတော့ လုပ်မြဲ လုပ်ဆဲ လုပ်နေမည့် လူစားမျိုးတွေဖြစ်သည်။
သည်တော့ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ဘင်္ဂလားဒေရှ်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ အင်အားစုများကို စုစည်းပူးပေါင်းရန် လုပ်စရာသာ ရှိတော့သည်။ တသံတည်းထွက်ရန်လိုသည်။ တဖွဲ့တည်းပြုလုပ်ကြရန်အထူးလိုနေပြီ။ မည်သည့်အတွက်ဆိုလျှင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးအတွက် တက်ညီလက်ညီပြုလုပ်လိုလျင် ကိုယ့်လူတွေ ညီနေဖို့လိုသည်။ တကွဲတပြားလုပ်၍မရ။ စစ်အစိုးရကတောင့်တင်းသည်။ သူတို့မှာပေါ်လီစီတွေ ခိုင်မာနေသည်။ စီမံကိန်းတွေ အပြည့်အ၀ရှိသည်။ သူတို့၏ပေါ်လီစီတွေကို တခုချင်းတိုက်ဖျက်ဖို့အတွက် ကျွန်တော်တို့က လျော့ရည်းရည်း လုပ်၍မဖြစ်။ သူတို့၏စီမံကိန်းတွေကို ရိုက်ချိုးဖျက်ဆီးဖို့ ရေတို၊ရေရျည်စီမံကိန်းတွေနှင့် ရိုက်ချိုးရမည်ဖြစ်သည်။
နှစ်ပေါင်း ၂၀ အတွင်း လုပ်ချင်တိုင်းလုပ်နေခဲ့ကြသော ဖြစ်ချင်တိုင်းဖြစ်နေခဲ့ကြသော နိုင်ငံရေးရေစီးကြောင်းမှာ ဇိမ်ခံသင်္ဘောကြီးများနှင့် ရွက်လှင့်သွားနေသူများ၊ တက်မရှိဘဲ ရွက်လွှင့်၍သွားနေရသူများ၊ တက်ကျိုး၍ လက်နှင့် လှော်သွားနေသူများ၊ နောက်လိုက်မရှိဘဲ တဦးတည်းဗိုလ်လုပ်လိုက် ၊ ဥက္ကဌလုပ်လိုက်နှင့် တပည့်မရှိသော ခေါင်းဆောင်ကြီးအဖြစ် လုပ်နေရသူများ၊ ခြေလျင် လျောက်ပြီး နိုင်ငံရေးကို ဇေါက်ချလုပ်နေကြသူများ၊ဖျာခင်းရောထိုင်မည့်သူများအနေဖြင့် ယခုအချိန်မှာ နိုင်ငံရေးအဆုံးအဖြတ်ကို ခံယူရတော့မည်။ စစ်အစိုးရ၏ သက်ဆိုးရှည်နေမှူများကို တိုက်ဖျက်ရိုက်ချိုးရာ၌ ကိုယ်ကခပ်ညံ့ညံ့ ဖြစ်နေလို့ကတော့ ရှေ့ဆက်ခရီးမှာ မသွားသင့် မလျှောက်သင့်ထင်သည်။ ကိုယ်ညံ့၍သာ စစ်အစိုးရက ပန်းပန်လျက် ရှိနေဆဲဆိုသည်ကို မမေ့သင့်။
၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာမဝေးလှတော့။ စစ်အစိုးရက မကြေညာသည့်တိုင်အောင် သူတို့ဖက်က ခြံလုံပြီဆိုသည်နှင့် စိန်ခေါ်ရန်အသင့်လုပ်ထားသည်။ အကွက်ချစီမံထားသည်မှာ စနစ်တကျရှိနေသည်။ ထို့ကြောင့်လည်း မြန်မာငွေ သိန်းပေါင်းတထောင်ကို သူတို့တွေက ရွေးကောက်ပွဲဝင်မည့်မြို့ နယ် တွေမှာ လှူတာတွေ ကျောင်းဆောက်နေတာတွေ ကြားနေမြင်နေရပါသည်။ သူတို့၏အရှင်သခင်ဖြစ်သော စစ်အစိုးရကသာ ပြည်သူတွေ၏ဘ၀လုံခြုံရေး၊ ပညာရေး၊ကျန်းမာရေး၊ သာသနာရေးတို့ကို အစဉ်တစိုက်ြ့ပုလုပ်ခဲ့ကြလျှင် စစ်အစိုးရကို ပြည်သူတွေ ချစ်ခင်လေးစားကြမည်ထင်သည်။ ယင်းကြောင့်လည်း ယခုအချိန်တွင် သူတို့တွေက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသောသဘောနှင့် ပေးကမ်းနေခြင်းကို ပြည်သူတို့မှာ သိထားနေကြသည်ဟု ပြောဆိုနေကြပါသည်။ စင်စစ်ပြည်သူတွေမှာ သူတို့ထင်သလိုမညံ့ကြကြောင်း စစ်အစိုးရ၏ လက်ကိုင်တုပ်များအကြောင်းကို နောကြေနေကြပြီဖြစ်ကြောင်း ပြောဆိုသံများ ကြားနေရပါသည်။
တလောက အနှေးယဉ်ဆိုက္ကားသမားများကို ကြံ့ဖွံ့ပါတီများမှ အဖွဲ့ဝင်များမှ စည်းရုံးနေသည်ဟု ကြားရသည်။ ၈ လေးလုံးဒီမိုကရေစီအရေးအခင်းကာလတွင် အနှေးယဉ်ဆိုက္ကားသမားများ သမဂ္ဂအဖွဲ့မှာ ပြည်နယ်တိုင်းတွင် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။ ယင်းကို အခွင့်ကောင်းယူကာ စစ်အစိုးရက လက်ဦးမှူယူကာ အနှေးယဉ် ဆိုက္ကားသမားအဖွဲ့အား ကြံ့ဖွံ့တွင် ထည့်ထားကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ရန်ကုန်၌ အလုပ်သမား သမဂ္ဂအဖွဲ့ ပေါ်ပေါက်လာကြပြီဖြစ်ရာ ပြည်နယ်များ ၊ မြို့နယ်များ မှာ ပညာရေးအလုပ်သမားသမဂ္ဂ၊ ဆက်သွယ်ရေးအလုပ်သမဂ္ဂ၊ စသည်ဖြင့် သက်ဆိုင်ရာပြည်နယ်အသီးသီးတွင် ဖွဲ့စည်းရန် လူထုတိုက်ပွဲကော်မီတီမှ နိုးဆော်ရုံသာ ရှိတော့သည်။ ယင်းသမဂ္ဂများမှာ ရွေးကောက်ပွဲကို ဖျက်ဆီးနိုင်သော အင်အားစုကြီးများဖြစ်ပါသည်။ သမဂ္ဂများမှာ မဲမပေးရေး တအိမ်တက်ဆင်း စည်းရုံးလှုံ့ ဆော် နိုင်သည့် အခွင့်အရေး ရှိနေပါသည်။ တိကျစွာပြောရလျှင် ရွေးကောက်ပွဲသည် မဲပေးရေးနှင့် မဲမပေးရေး ဆိုသော ပြသနာကို နားလည်အောင် ရှင်းပြခွင့် ရှိနိုင်ပါသည်။
သို့အတူလူထုတိုက်ပွဲကော်မီတီမှာ ကမ္ဘာ့နိုင်ငံပေါင်းစုံမှ လူပုဂ္ဂိုလ်များ ပါဝင်သော တခုတည်းသော အဖွဲ့အစည်းဖြစ်ဖို့လိုသည်။ တခုတည်းသောအဖွဲ့အစည်းဖြစ်မှ နိုင်ငံတကာအစိုးရျားအား ကြေညာချက်ထုတ်ပြန်သည့်အခါ လေးစားသမှူခံရနိုင်သည်။ အသိအမှတ်ပြုခြင်းခံရနိုင်သည်။ ကြေညာချက်တစောင်မျှ မထုတ်ပြန်နိုင်ပါဘဲ မည်သည့်နိုင်ငံတကာမှ အစိုးရများနှင့် ထင်ရှားသော နိုင်ငံခေါင်းဆောင်များတို့အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်တတ်ကြောင်းကိုတော့ နားလည်ဖို့လိုပါသည်။ စင်စစ်မိမိတို့က ညီညွတ်ပြထားမှ နိုင်ငံတကာက အသိအမှတ်ပြုကြမည်ဖြစ်သလို မိမိတို့ အသိုင်းအ၀န်းမှာလည်း အသိအမှတ်ပြုကြမည်ဖြစ်သည်။
တချိန်တည်းမှာပင် ပြည်တွင်းမှ လှုပ်ရှားဆောင်ရွက်သူများကလည်း တက်ညီလက်ညီဆောင်ရွက် လှုပ်ရှားဆာင်၇ွက်နိုင်ရန် ပံ့ပိုးကူညီနိုင်ကြမည်ဖြစ်သည်။ ပြည်တွင်းမှာ ပြည်သူတွေက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ချင်ကြသည်မှာ အမှန်ဖြစ်သည်။ သူတို့မှာ ဦးဆောင်တိုက်ပွဲဝင်မည့်သူများကို ရှာဖွေတောင်းဆိုနေကြသည်။ သူတို့၏တိုက်ပွဲဝင်စီမံကိန်းများကို အကောင်းဆုံးထောက်ပံ့ ကူညီနိုင်မည့်သူများမှာ ပြည်ပမှ လူထုတိုက်ပွဲကော်မီတီများသာဖြစ်သည်။ သူတို့လိုချင်သည်မှာ ကျွန်တော်တို့ထံမှ အာမခံချက်များဖြစ်သည်။ အကြံညာဏ်များဖြစ်သည်။ နည်းလမ်းကောင်းများဖြစ်သည်။ အားကိုးနိုင်လောက်သော အကူအညီများဖြစ်သည်။ သူတို့မှာစည်းရုံးညီညွတ်နေကြပါသည်။
ကျွန်တော်တို့မှာ စည်းရုံးရေးအားပျော့နေမှန်း ပြည်တွင်းမှ ပြည်သူများ နားလည်နေကြပါပြီ။ ဦးဆောင်နိုင်စွမ်း မရှိမှန်း သိသာနေကြပါပြီ။ အသံကောင်းဟစ်၍ အော်နေလို့လည်း ပြည်သူတို့မှာ လက်မခံ၊ မယုံကြည်ကြတော့။ ရေဒီယိုများမှလည်း လိမ်ညာပြီး အင်တာဗျူး ပြောနေလို့လည်း မယုံကြ။ ပြည်တွင်းမှ လူတွေ မယုံကြည်ခြင်းက အကြောင်းမဟုတ်။ ပြည်ပမှ လူများကတော့ လှောင်နေကြပြီ ဆိုသည်ကို သိထားကြဖို့လိုပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ မိမိအရိပ်ကို မိမိတို့ ရှက်တတ်ဖို့လိုပါသည်။ သမိုင်းဆိုသည်မှာ နောင်ခါမှ ဖြစ်လာမည်ဆိုသော်လည်း မိမိကြောင့် ဒီမိုကရေစီရရှိရေး ခရီးလမ်းမှာနှောင့်နှေး ဖင့်နွှဲသွားမည်ဆိုလျှင် လက်သင့်မခံနိုင်။ ယင်းကဲ့သို့ဖြစ်လာမည်ဆိုလျင် ကျော်တက်မည့်သူများကို လမ်းဖယ်ပေးလိုက်ရန် လိုနေသောအချိန်ဖြစ်ပါသည်။ နိုင်ငံရေးခရီးရှည်ကြီး တခုမှာ အဆင်းအတက်များရှိရာ အကွေ့အကောက်များတွင် တိမ်းချော်ထိုးကျသွားနိုင်သော ကွေ့များလည်း ရှိတတ်မှန်း လူတိုင်းသိနားလည်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ နိုင်ငံရေးစာမျက်နှာများကို အသစ်ပြန်ဖွင့်လှစ်ရန်လိုပါပြီ။
တချိန်တည်းမှာပင် လက်နက်ကိုင်အဖွဲ့အစည်းများမှာလည်း တဖွဲ့တည်း တပါတီတည်း ပြည်ထောင်စုတပ်မတော်ဖြစ်အောင် ပြုလုပ်ရန် အချိန်က တောင်းဆိုနေပါပြီ။ ရှမ်းကတဖုံ၊ ကရင်ကတမျိုး၊ ချင်းကတမှောင့် ၊ရခိုင်ကတသွယ်နှင့် မွန်ကတလီ လက်နက်ကိုင်အဖွဲ့တွေက မှိုလိုပေါက်ကာ အရောင်အမျိုးမျိုးနှင့် ရှိလေလေ ရန်သူက တိုက်ခိုက်ရာမှာ ရန်ဖက်နည်းလေလေ ဖြစ်နေပါသည်။ ပြန့်ကြဲနေသော ရန်သူကို စုစည်းခိုင်မာသော နအဖစစ်တပ်သည် အမြဲတမ်းစစ်ရေး၌ အသာစီးရနေခြင်းမှာ ယင်းအချက်ကြောင့်ဖြစ်ပါသည်။ ပြည်ထောင်စုတပ်မတော်သာ တခုတည်းရှိပြီး ကြေးစားစစ်တပ်ကို ၀ိုင်းအုံတိုက်ခိုက်ပါက ရန်သူစစ်အစိုးရမှာ ပြသနာများဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုတပ်ဖွဲ့ပါက အားနည်းသောတပ်ဖွဲ့ဟူ၍ မရှိတော့ဘဲ ရန်သူစစ်ကြောင်းနှင့် လက်ရည်တူတိုက်ခိုက်နိုင်သည်ဆိုလျှင် စစ်ရေးအခြေအနေ အားသာချက်များ ရရှိနိုင်မည်ဖြစ်သည်။
သည်တော့ ကျွန်တော်ပြောချင်သည်မှာ နိုင်ငံရေးအရ အကြမ်းမဖက်နိုင်ငံရေးအဖွဲ့အစည်းများက စုစည်းညီညွတ်စွာဖြင့် ရှိနေဖို့လိုသည်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းဖို့လိုသည်။ ပြည်ထောင်စုတပ်မတော်ကို ထိမ်းသိမ်းကွပ်ကဲဖို့ ပြည်ထောင်စုအစိုရဆိုသည်မှာလည်း ပြည်နယ်အခြေခံသော လူမျိုးစုကိုယ်စားလှယ်များမှ ရွေးချေယ်တင်မြှောက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းပြီး ဒီမိုကရေစီအစိုးရတရပ်ကို ဖွဲ့ထားသင့်ချိန်ဖြစ်သည်။ ခုအချိန်မှာ နိုင်ငံရေးချိန်ခွင်လျှာက ကျွန်တော်တို့ဖက် ရောက်နေပါသည်။ ပြည်ပနိုင်ငံရေးမှာ သံခင်းတမန်ခင်းအရေးက ကောင်းနေပါပြီ။
ပြည်တွင်းသို့သွားနှင့်ကြသော နိုင်ငံတကာမှ သံခင်းတမန်ခင်းများသည် ကျွန်တော်တို့နှင့် လက်တကမ်းအကွာမှာ ရှိနေပါသည်။ ကျွန်တော်တို့လိုချင်သော အကြောင်းအရာများကို ပြောနိုင်ဖို့ ၀လုံးရေးဖို့ ညီလေးထိုင်ဖို့ စာလုံးစီဖို့အချိန်ရောက်နေပါပြီ။ ဤအချက်ကို ယုံကြည်ဖို့လိုပါသည်။
ယခုကြည့်လိုက်လျှင်ပင် သိသာနိုင်သည်။ တချိန်လုံး စစ်အစိုးရအား စီးပွါးရေးပိတ်ဆို့ထားမှူများမှာ မကောင်းဟု စစ်အစိုးရဖက်က ရပ်တည်နေသော အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် မစ္စတာဂျင်ဝပ်မှာ ခြေမကျွံမိစေရန် သတိထားပြီး ခြေဦးပြန်လှည့်ခဲ့ပါပြီ။ မကောင်းဆိုးဝါးတကောင်မှန်း သူကောင်းကောင်းသိသွားပြီ။ စစ်ရာဇ၀တ်ကောင်များအဖြစ် မကြာခင် တွေ့မြင်ရမည့် စစ်အာဏာရှင်တွေမှန်း နားလည်သွားပါပြီ။ သူမြန်မာနိုင်ငံခရီးစဉ်ကို ဖျက်ခဲ့ခြင်းသည် ကျွန်တော်တို့အဖို့ ကောင်းသောလက္ခဏာဖြစ်ပါသည်။ အားရစရာကောင်းလှပါသည်။ သူ့ကို ကျွန်တော်တို့ ထောက်ခံလိုက်ကြရတော့မည်။ သူနှင့် ပါတ်သက်၍ အမေရိကန်အစိုးရကိုလည်း ထောက်ခံစာရေးသားပေးပို့ရတော့မည်။ ကြေညာချက်တွေ ပလူပျံအောင် ပို့ရတော့မည်။ ပြီးတော့ ဆက်လက်စီးပွါးရေးပိတ်ဆို့ရန် တောင်းဆိုရအုံးမည်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရအား အသိအမှတ်မပြုကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် တောင်းဆိုရအုံးမည်။ အမေရိကန်အစိုးရနှင့် အခြားသောနိုင်ငံများမှ အသိအမှတ် မြ့ပုဟုဆိုလျှင် ကျွန်တော်တို့ လုပ်ငန်းတွေ အောင်မြင်သည်။ တချိန်တည်းမှာပင် ကွှန်တော်တို့ မျော်လင့်နေသော စင်ပြိုင်အစိုးရကို ပြည်တွင်းမှာ ဖွဲ့စည်းဖြစ်လျှင် အသိအမှတ်ပြုမည်လား ဆိုသော မေးခွန်းကို မေးရပေအုံးမည်။ သည်အခါ ကျွန်တော်ထင်ပါသည်။ သူချည်းလည်းမဟုတ်၊ အခြားသောသူများကိုပါ မေးရတော့မည်။ အခြားသောသူများဆိုသည်မှာ ကျွန်တော်တို့ကို ထောက်ခံသော နိုင်ငံများကို ဆိုလိုခြင်းဖြစ်သည်။
ကျွန်တော်တို့၏ ရန်သူဖြစ်သော နအဖစစ်အစိုးရ၏ ရန်သူသည် ကျွန်တော်တို့၏ မိတ်ဆွေဖြစ်သည်။ ဟုတ်ကဲ့။ ကျွန်တော်တို့၏ မိတ်ဆွေသည် အမေရိကန်အစိုးရနှင့်အခြားနိုင်ငံများမှ ဖြစ်သည်။မိတ်ဆွေဖြစ်သူသည် ရန်သူထက် ကူညီတတ်ပါသည်။ ကူညီတတ်သော မိတ်ဆွေများထံမှသမိုင်းကောင်းသော ကျွန်တော်တို့ တခုခုတော့ တောင်းကြည့်ဖို့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် အတူတူလက်တွဲကြဖို့ တဖွဲ့တည်းလုပ်ဖို့လိုသည်ဟုထင်သည်။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

0 အကြံပြုခြင်း: