Tuesday, July 20, 2010

ငွေရှိသူနှင့်အာဏာရှိသူကို ဦးစားပေးမည့် ရွေးကောက်ပွဲ


ငွေရှိသူနှင့်အာဏာရှိသူကို ဦးစားပေးမည့် ရွေးကောက်ပွဲ

NEJ / ၂၀ ဇူလိုင် ၂၀၁၀


နအဖစစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများတွင် ပါတီမှတ်ပုံတင်ကြေး (၃) သိန်းပေးရမည်ဟု သတ်မှတ်ထားတယ်။ ပါတီတခုလုံး တည်ထောင်မည့်သူသည် ကျပ်ငွေ (၃) သိန်းပေးရန် ၀န်လေးမည်မဟုတ်ပါ။ ပြဿနာမှာ ရွေးကောက်ပွဲဝင်ကြေးဖြစ်၏။ ၀င်ရောက်ယှဉ်ပြိုင်သူတဦးလျှင် ရွေးကောက်ပွဲကြေး (၅) သိန်းပေးရမည်ဟု သတ်မှတ်ထားသဖြင့် လူ (၁၀၀) ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီသည် သိန်း (၅၀၀) ပေးရမည်ဖြစ်သည်။ ပြိုင်ဆိုင်နိုင်သော လွှတ်တော်ကိုယ်စားလှယ် (၃၂၀) နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီသည် ရွေးကောက်ပွဲကြေး ကျပ်သိန်း (၁,၆၀၀) ပေးရပေလိမ့်မည်။ ငွေအလုံအလောက်မရှိသော ပါတီသည် နေရာတိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။ ကောင်းရောင်းကောင်းဝယ်လုပ်စား၍ မချမ်းသာဘဲ နအဖနှင့်ရင်းနှီးမှ ချမ်းသာသောတိုင်းပြည်တွင် အရည်အချင်းရှိသော်လည်း ငွေမရှိပါက ရွေးကောက်ပွဲ ၀င်နိုင်မည်မဟုတ်ပါ။

ရွေးကောက်ခံကိုယ်စားလှယ်လောင်းတဦးသည် ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် သိန်း (၁၀၀) အထိ သုံးစွဲနိုင်သည်ဟု ပါတီမှတ်ပုံတင်ဥပဒေက သတ်မှတ်ထား၏။ ကိုယ်စားလှယ်လောင်း (၃၂၀) တွင် တဦးကို သိန်း (၁၀၀) သုံးစွဲပါက သိန်းပေါင်း (၃၂,၀၀၀) ကုန်ကျနိုင်ပေသည်။ ဤငွေကို နအဖအစိုးရက ဖွဲ့စည်းထားသော ကြံ့ဖွံ့ပါတီကသာ သုံးနိုင်ပေမည်။ အင်ဒိုနီးရှား အာဏာရှင်ဆူဟာတို၏ Golkar ပါတီကဲ့သို့ ကြံ့ဖွံ့ပါတီက လက်ဝါးကြီးအုပ်ရန် ကြံစည်ခြင်းပင်ဖြစ်သည်။ Golkar ပါတီကို ယှဉ်ပြိုင်လာပါက စစ်တပ် (သို့မဟုတ်) အရပ်သားလူမိုက်အဖွဲ့က ရှင်းပစ်၏။ အခွင့်အရေးပေးမှု၊ စည်းရုံးမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုများဖြင့် Golkar ပါတီသည် ရွေးကောက်ပွဲတိုင်း၌ အများစုမဲကို ရရှိခဲ့၏။ နအဖတည်ထောင်သော ကြံ့ဖွံ့ပါတီလည်း ဤလမ်းကိုလျှောက်ရန် ပြင်ဆင်နေပေသည်။

နိုင်ငံရေးခံယူချက် မပြည့်ဝသောပါတီသည် ဆန္ဒမဲရရန် ငွေပေးဖို့ဝန်မလေးပါ။ ကြံ့ဖွံ့ပါတီသည် အာဏာရရှိရေးသာ အဓိကထားသော အဖွဲ့အစည်းဖြစ်သဖြင့် မက်လုံးအမျိုးမျိုးပေးကာ ထောက်ခံမဲရရန် စည်းရုံးရေး ဆင်းနေခြင်းဖြစ်၏။ လူနည်းစုချမ်းသာ၍ လူများစုဆင်းရဲနေသော မြန်မာပြည်သည် မဲရောင်းဝယ်သည့် အကျင့်ဆိုး ရှင်သန်ကြီးထွားနိုင်သော နေရာပင်ဖြစ်သည်။ အာဏာရ နအဖစစ်အစိုးရက ပါတီတည်ထောင်၍ မဲဝယ်ရန် ဗြောင်ကြိုးပမ်းနေခြင်းသည် ရွေးကောက်ပွဲကို မထီလေးစားလုပ်ခြင်းပင်ဖြစ်ပေသည်။ တိုင်းပြည်တွင် ခေါင်ကမိုးမလုံသောအခါ တပြည်ထောင်လုံး စည်းပျက်ကမ်းပျက် အကျင့်ပျက်တွေဖြစ်လာ၏။ သိက္ခာသမာဓိကင်းမဲ့သော စစ်ဗိုလ်ဟောင်းများအနေဖြင့် ငွေရှိမှမဲရမည်ကို သဘောပေါက်ပုံရသည်။ အမိန့်နာခံ၍ ရသမျှခိုးဝှက်နေသော ကြံ့ဖွံ့ပါတီဝင် စစ်ဗိုလ်ဟောင်းသည် လူထုခေါင်းဆောင်ဖြစ်ရန် အလားအလာမရှိပါ။ ထို့ကြောင့် မသမာသောနည်းဖြင့် ရွေးကောက်ပွဲအနိုင်ရအောင် ကြိုးပမ်းမည်မှာ သေချာသည်။ ကချင်ပြည်နယ် ဟူကောင်းတောင်ကြားသို့ ကြံ့ဖွံ့အဖွဲ့ဝင် (၁) သိန်းစေလွှတ်ရန် စီစဉ်ထားသည်ဟု ဇူလိုင် (၁၅) ရက်ထုတ် ကချင်သတင်းစဉ်က ဖော်ပြသည်။ ဤကြံ့ဖွံ့များသည် ကြံ့ဖွံ့ပါတီကိုမဲပေး၍ ကချင်ပြည်နယ်၌ စီးပွားရေးလုပ်ကြမည်ဟုဆိုသည်။

ရွေးကောက်ပွဲရလဒ်သည် မဲဆန္ဒရှင်တို့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သင့်သည်။ ငွေရှိသူနှင့် အာဏာရှိသူတို့၏ အလိုဆန္ဒအတိုင်း မဲဆန္ဒပေးခြင်းသည် ရွေးကောက်ပွဲစနစ်ကို ပျက်ရယ်ပြုရာရောက်ပေသည်။ မဲဆန္ဒရှင်များ အနှောင့်အယှက်ကင်းရှင်းစွာ မကြောက်မရွံ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်ရန်အတွက် လျှို့ဝှက်မဲပေးစနစ်ကို တီထွင်ထားခြင်းဖြစ်ပေသည်။ ဗြောင်မဲပေးစနစ် ကျင့်သုံးစဉ်ကမူ မဲကိုဗြောင်ဝယ်ကြ၏။ မဲရောင်းသူသည် မဲဝယ်သူကို ထောက်ခံမဲပေး၏။ မဲဆန္ဒရှင်ကို ကုန်ပစ္စည်းကဲ့သို့ သဘောထားခြင်းဖြစ်သည်။ (၁၉) ရာစု အင်္ဂလိပ်ပါလီမန်ရွေးကောက်ပွဲတွင် ဗြောင်မဲပေးစနစ်ကျင့်သုံး၍ မဲဆန္ဒကို ဗြောင်ရောင်းဝယ်ကြသည်။ မဲဈေးနှုန်းကို မဲရုံအပြင်တွင် ကပ်ထားပြီး ဈေးနှုန်းအတက်အကျကိုလည်း ဖော်ပြပေသည်။ (၂၀) ရာစုအစောပိုင်း၌ ကျင်းပသော အမေရိကန်ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲတွင်လည်း ဗြောင်မဲဝယ်ကြသည်။ အမေရိကန်နိုင်ငံရေးကို နားမလည်သော လူနည်းစုများ၏ မဲကို (၁) မဲလျှင် (၅) ဒေါ်လာဖြင့် ၀ယ်ယူကြကြောင်း သိရသည်။

ဗြောင်မဲပေးစနစ်တွင် မည်သူကမည်သူ့ကို မဲပေးသည်ကို သိရှိနိုင်သဖြင့် မဲအရောင်းအ၀ယ် လုပ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မဲရောင်းဝယ်မှု ပျောက်ကွယ်စေရန်ရည်ရွယ်၍ လျှို့ဝှက်မဲပေးစနစ် တီထွင်လိုက်ခြင်းဖြစ်ပေသည်။ သို့သော်လည်း ဆင်းရဲသူ ဆင်းရဲသားများပြား၍ နိုင်ငံရေးအသိဉာဏ်နည်းပါးသော နေရာဒေသများတွင် မဲရောင်းဝယ်မှု ရှိနေဆဲပင်ဖြစ်သည်။ လျှို့ဝှက်မဲပေးစနစ်၌ မဲရောင်းဝယ်မှုသည် တရားမ၀င်သော လုပ်ရပ်ဖြစ်သော်လည်း မဲဝယ်သူရှိနေသဖြင့် မဲရောင်းသူရှိနေခြင်း ဖြစ်၏။ ချမ်းသာသော အနောက်တိုင်းဒီမိုကရေစီနိုင်ငံများနှင့် မြောက်အမေရိကတိုက်တွင် မဲရောင်းဝယ်မှု မရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း တိုးတက်ဖွံ့ဖြိုးစနိုင်ငံများတွင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ အာရှ၌ ဖိလစ်ပိုင်၊ ထိုင်းနှင့် ထိုင်ဝမ်သည် မဲရောင်းဝယ်ရာတွင် နာမည်ကြီး၏။ တောင်အမေရိကတွင်မူ ဘရာဇီးနှင့်မက္ကဆီကိုသည် မဲရောင်းဝယ်ရာတွင် ထင်ရှားကြသည်။ နိုင်ငံသားတိုင်းသည် မဲဆန္ဒကို တန်ဖိုးထားတတ်သည်မဟုတ်သဖြင့် အလွယ်တကူ ရောင်းစားခြင်းဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ မည်သို့ပင်ဖြစ်စေကာမူ မဲရောင်းဝယ်မှုကို မဟန့်တားနိုင်ပါ။ ကျေးဇူးခံ ကျေးဇူးစားဓလေ့နှင့် ဆရာတပည့် ဆက်ဆံရေးစနစ် ခေတ်စားသော အာရှနိုင်ငံများတွင် ငွေပေးသူကို ထောက်ခံမဲပေးခြင်းသည် တလုပ်စားဖူးသူ့ကျေးဇူးဆိုသော သဘောပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၁၉၉၆ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ မဲဆန္ဒ (၃၀) ရာခိုင်နှုန်းကို ၀ယ်ယူနိုင်ကြောင်း သိရ၏။ အိမ်ထောင်စုတစုကို (၂၇) ဒေါ်လာနှုန်းနဲ့ မဲဝယ်ယူခြင်းဖြစ်၏။ ၂၀၀၁ ထိုင်းရွေးကောက်ပွဲ၌ ဒေါ်လာသန်း (၄၆၀) ကျော်သုံး၍ မဲဝယ်ကြကြောင်း သိရသည်။ မဲဈေးနှုန်းသည် ဆင်းရဲချမ်းသာကိုလိုက်၍ ကွဲပြားကြသည်။ မနီလာမြို့တော်မှ ဆင်းရဲသားရပ်ကွက်၌ မဲတမဲ (၁) ဒေါ်လာဈေးရှိသော်လည်း ထိုင်ဝမ်၌ ဒေါ်လာ (၆၀) အထိရှိသည်။ ထိုင်ဝမ်လွှတ်တော် ကိုယ်စားလှယ်တဦးသည် ဒေါ်လာ (၃) သန်းအထိ အကုန်ကျခံကြောင်း သိရ၏။

ဒေသဆိုင်ရာ ယဉ်ကျေးမှုဓလေ့ကိုလိုက်၍ မဲဆန္ဒရောင်းဝယ်မှု ပုံစံပြောင်းလဲနိုင်ပေသည်။ ငွေပေး၍ မဲဝယ်ယူသော နည်းအမျိုးမျိုးရှိသည်။ ငွေကိုကြိုတင်လက်ခံ၍ ငွေပေးသူကို ထောက်ခံမဲပေးသော နည်းမှာ အရှင်းဆုံးဖြစ်သည်။ ငွေလက်ငင်းပေးက ထောက်ခံမဲ လက်ငင်းရမယ်ဆိုသော ရော့ပတ္တမြား ရော့နဂါးနည်းဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်သော အလုပ်များကိုခိုင်းစေပြီး လုပ်ခပေးခြင်းအားဖြင့်လည်း မဲဝယ်နိုင်သည်။ ဥပမာ ပိုစတာကပ် ကြော်ငြာဝေ စသည်များကို လုပ်ခိုင်းပြီး အခကြေးငွေပေးခြင်းဖြစ်၏။ လက်ဆောင်ပေးခြင်းအားဖြင့်လည်း မဲဝယ်နိုင်သည်။ လက်ဆောင်လက်ခံသူသည် ထောက်ခံမဲပေးလိမ့်မည်ဆိုသော မျှော်လင့်ချက်ဖြင့် လက်ဆောင်ပေးလေ့ရှိ၏။

လက်ဆောင်ပေးသည့်ဓလေ့ ရင့်သန်သော ဂျပန်နှင့်ထိုင်ဝမ်တွင် လက်ဆောင်ပေး၍ မဲဝယ်သည်ကို မည်သူမှအပြစ်မမြင်ကြပါ။ လက်ဆောင်ပေးနည်းတွင် အသိမိတ်ဆွေနှင့် ဆွေမျိုးသားချင်းများကို မဲကိုယ်စားလှယ်အဖြစ် အသုံးပြုလေ့ရှိသည်။ ထိုင်ဝမ်နှင့်ထိုင်းတွင် ဤနည်းကို အသုံးများ၏။ ရပ်ကွက်၌ သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်ကတဆင့် မဲဝယ်ကြခြင်းဖြစ်၏။ ထိုင်ဝမ်တွင် မဲကိုယ်စားလှယ်များသည် တအိမ်တက်ဆင်း စည်းရုံးရေးဆင်းသောအခါ၌ လက်ဆောင်ပေးကြသည်။ လက်ဆောင် လက်မခံသော မဲဆန္ဒရှင်ကို ဆန့်ကျင်မဲပေးမည့်သူအဖြစ် မြင်တတ်ကြသည်။ ထို့ကြောင့် လူမှုဆက်ဆံရေး ကောင်းမွန်ရန် လက်ဆောင်လက်ခံရတာဟု ဆင်ခြေပေးသူလည်း ရှိသည်။

မဲဝယ်သောအလုပ်ကို ပါတီအောက်ခြေစည်းရုံးရေးမှူးများက လုပ်ကြသည်။ ဒေသခံစည်းရုံးရေးမှူးသည် မဲဆန္ဒရှင်များကို အရက်တိုက်၊ ထမင်းကျွေး၊ လိုအပ်သည်များကိုဝယ်ပေး စသဖြင့် ရွေးကောက်ပွဲမတိုင်မီကတည်းက ကိုယ့်ဘက်ပါအောင် လုပ်လာတာမျိုးရှိသလို ရွေးကောက်ပွဲနီးကာမှ ငွေပေးပြီး မဲဝယ်တာမျိုးလည်းရှိသည်။ စည်းရုံးရေးမှူးများသည် ၎င်းတို့ ရပ်ကွက်အကြောင်း ကောင်းစွာသိသူဖြစ်၏။ ဤပုဂ္ဂိုလ်များကသာ အရပ်သူအရပ်သားကို နည်းမျိုးစုံသုံးပြီး ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုင်ဝမ်နှင့် ထိုင်း ရွေးကောက်ပွဲများမှာ ရပ်ကွက်စည်းရုံးရေးမှူးများကိုသာ အသုံးပြုကြသည်။ မြန်မာစစ်ဗိုလ်သည် နိုင်ငံရေး စည်းရုံးရေး ဆင်းတတ်သူမဟုတ်သဖြင့် အောက်ခြေမှ ဒေသခံအရပ်သားများကိုသာ ငွေပေး၍ ခိုင်းမည်မှာ သေချာ၏။ မဲရောင်းရာတွင် ဆင်ခြေအမျိုးမျိုးပေးလေ့ရှိသည်။

မဲဝယ်သည်ကို လျော်ကြေးပေးသည့်သဘောဖြင့် လက်ခံကြသည်များလည်းရှိ၏။ နိုင်ငံရေးသမားများ ခိုးဝှက်ထားသော ငွေသည် ရွေးကောက်ပွဲကာလတွင် ပြည်သူ့လက်ထဲ ပြန်ရောက်သည်ဟု မြင်သူလည်းရှိသည်။ ဖိလစ်ပိုင်မှ ရွာသူရွာသားများကမူ အစိုးရအာဏာပိုင်များ၏ငွေကို ရယူနိုင်သော အခွင့်အရေးဟု ယူဆ၍ မဲရောင်းစားကြ၏။ ရွေးကောက်ပွဲ ရာသီရောက်မှသာ ပြည်သူများကို လေးလေးစားစားဆက်ဆံသည်ဟု မြင်ကြသူလည်းရှိသည်။ ထိုင်ဝမ်တွင် မဲရအောင် လက်ဆောင်ပေးသူကို သဘောကောင်းသူအဖြစ် မြင်ကြသည်။ သို့သော်လည်း ဖိလစ်ပိုင်ပညာတတ် မြို့နေလူတန်းစားများက မဲဝယ်မှုကို စော်ကားသည့်အပြုအမှုအဖြစ်မြင်၏။ ဆန္ဒမဲရောင်းစားခြင်းသည် မိမိ၏နိုင်ငံရေးခံယူချက်ကို ရောင်းစားခြင်းဖြစ်သည်ဟု မြင်ကြသည်။ မဲဝယ်သည်ကိုလက်မခံ၍ ခြိမ်းခြောက်တတ်၏။ Nigeria နိုင်ငံတွင်မူ မဲဝယ်သူကို အင်အားကြီးမားသူအဖြစ်မြင်ကြပြီး အထင်ကြီးကြသည်။ မြန်မာပြည်တွင် မဲရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြည်သူ့သဘောထားကို စုံစမ်းမေးမြန်းရန် အချိန်တန်ပြီဖြစ်ပေသည်။
http://www.khitpyaing.org/index.php?route=detail&id=3178

0 အကြံပြုခြင်း: