Thursday, August 26, 2010

အခြေခံဥပဒေရဲ့ လှည့်ကွက်များ


အခြေခံဥပဒေရဲ့ လှည့်ကွက်များ

မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ စစ်အာရှင် စနစ်ကြားက နိုင်ငံရေး ပဋိပက္ခ အပေါ် အဖြေရှာနေ ကြတဲ့ နိုင်ငံရပ်ခြားက မြန်မာ့အရေး ကျွမ်းကျင် သူတွေ၊ သံတမန် တွေနဲ့ လူမှုရေး လုပ်ငန်း ဆောင်ရွက်နေသူ တွေကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံက ဆွေးနွေးငြင်းခုံစရာ အချက်အချာ ဖြစ်လာပြန်ပါပြီ။

သူတို့ လက်ရှိ စိတ်အ၀င်စားဆုံး အရာကတော့ ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ပြောင်းလဲနိုင်စွမ်းကို ကိန်းဂဏန်းအရ တွက်ချက်မှုပဲ ဖြစ်ပါတယ်။ ဒီတွက်ချက်မှုကို ကျွမ်းကျင်သူများ အစုအဖွဲ့ (Think Tank) လို့ဆိုတဲ့ ရန်ကုန် အခြေစိုက် Myanmar Egress က ပြုလုပ်ခဲ့တာပါ။

Myanmar Egress ရဲ့ တွက်ချက်မှုအရ တကယ်လို့ ပြည်သူလူထုကသာ သူတို့ဆန္ဒနဲ့ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ် ၃၃၃ ယောက်ကို မှန်မှန်ကန်ကန် ရွေးနိုင်မယ်ဆိုရင် စစ်တပ်က နေရာ ၂၅ ရာခိုင်နှုန်း ယူထားပေမယ့် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်အနေနဲ့ လူထုအကျိုးရှိမယ့် ဥပဒေအသစ်တွေကို ပြဌာန်းသွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတွက်ချက်မှုကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ကြည့်မယ်ဆိုရင် အဓိက အချက်နှစ်ချက် တွေ့ရမှာပါ။ ပထမအချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နဲ့ အဲဒီအောက်မှာ ဖွဲ့စည်းမယ့် လွှတ်တော်ထဲမှာ ဒီမိုကရေစီဘောင်ထဲက လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် နေရာ တစုံတရာ ရှိလာမယ်ဆိုတာဖြစ်ပြီး ဒုတိယအချက်ကတော့ ရွေးကောက်ပွဲက တိုင်းပြည်အတွက် အပြောင်းအလဲတခု ဖြစ်တယ်ဆိုတာပါပဲ။

ဒါဆိုရင် သင်္ချာနည်းနဲ့ ကျနော်တို့ တွက်ကြည့်ရအောင်။ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် လွှတ်တော်အမတ် ၃၃၃ ယောက် ဆိုတာက အမြင့်ဆုံး ဥပေဒပြုအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၅၁ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပြည်သူ့လွှတ်တော် (၄၄၀ နေရာ) နဲ့ အမျိုးသားလွှတ်တော် (၂၂၄ နေရာ) နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်မှာ စုစုပေါင်း ၆၆၄ နေရာ ရှိတာကိုး။

Egress ရဲ့ ထင်မြင်ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ်ခွဲ ၈၆ (က) ကို အခြေခံထားတယ်ဆိုတာ သိသာလှပါတယ်။ အဲဒီ အပိုဒ်ခွဲမှာ “ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြားနည်းပြဌာန်းထားခြင်း မရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်” လို့ ဆိုထားပါတယ်။ပြည်သူ့လွှတ်တော်ထဲမှာလည်း ဒီနည်းအတိုင်းပဲ ကျင့်သုံးမယ်လို့ အပိုဒ်ခွဲ ၁၂၉ (က) မှာ ဆိုထားပါသေးတယ်။

ဒီပြဌာန်းချက်က အမြင်အရ ကောင်းပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာ့အရေး ကျွမ်းကျင်သူလို့ ထင်တတ်ပြီး စစ်အစိုးရဘက်က ရှေ့နေလိုက်ပြောနေသူတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်က ထင်သလောက် မဆိုးပါဘူးလို့ နိုင်ငံတကာ အစိုးရတွေကို လိုက်နားချနေတဲ့ သူတွေအတွက်တော့ တကယ်ကောင်းတဲ့ မက်လုံးတခုပါပဲ။

ဒါပေမယ့် ဒါဟာ တကယ့် အမှန်တရားလား၊ လှည့်ကွက်တခုလား ဆိုတာကိုတော့ အတိတ်နဲ့ ပစ္စုပ္ပန် ဖြစ်ရပ်တွေနဲ့ ဆန်းစစ် ကြည့်ရမှာ ဖြစ်ပါတယ်။

စစ်အစိုးရက လောလောဆယ်မှာ ရာနှုန်းပြည့် အာဏာကို ချုပ်ကိုင်ထားပေမယ့် ရွေးကောက်ပွဲပြီးသွားရင် ၂၅ ရာခိုင်နှုန်းပဲ ကိုင်ထားပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို လက်လွှတ်လိုက်မှာ ဖြစ်တယ်လို့ နိုင်ငံခြား သံတမန်တဦးက ပြောခဲ့ဖူးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲအပြီး သိပ်မကြာခင်မှာလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သူက အခုလို ပြောခဲ့တာပါ။ “ဒါဆိုရင် အခုထက် ပိုမကောင်းဘူးလား” လို့လည်း သူက မေးခွန်းထုတ်ခဲ့ပါသေးတယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီးတွေ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို ထိန်းထားနိုင်ဖို့နဲ့ အာဏာကို ဆက်လက် ချုပ်ကိုင်ထားနိုင်ဖို့ အာမခံမယ့် နိုင်ငံရေးပါတီတခုကို စစ်အစိုးရက ဖွဲ့စည်းထားပြီးပါပြီ။ မြန်မာ့အရေး ကျွမ်းကျင်သူလို့ ဆိုနေကြသူတွေက သူတို့ကိုယ်သူတို့ စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ထောင်ချောက်ထဲ ရောက်နေမှန်း မသိကြဘူးလေ။

“၃၃၃” ဂဏန်းထင်ကြေးက ရွေးကောက်ပွဲနဲ့ လက်တကမ်းအလိုမှာ ထွက်လာတာပါ။ ပြီးတော့ ဒီထင်ကြေးထွက်လာချိန်ဟာ ရွေးကောက်ပွဲအကြို လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့နေရာမှာ စစ်အစိုးရရဲ့ မမျှတမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကြားမှာ မခံမရပ်နိုင်ဖြစ်မှုတွေ တိုးပွားလာနေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေကို အခြေခံပြီးပြောရရင် အသစ်ဖွဲ့စည်းမယ့် လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်စွမ်းက အတော့်ကို မရေမရာရှိလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဘက်တော်သားတွေပါလို့ ပြောလို့ရမယ့် သူတွေက လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ၃၃၃ နေရာကို အနိုင်ရရှိတယ်ဆိုဦးတော့ သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က သူတို့ရဲ့ အာဏာကို ကန့်သတ်ထားလို့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်းပြည်ရဲ့ နှစ်စဉ်ဘတ်ဂျက် ဥပဒေကြမ်း တင်းသွင်းမှုအပိုင်းကို ဥပမာအနေနဲ့ ထုတ်ပြလိုပါတယ်။ နိုင်ငံတခုရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ်ကို အရေးကြီးတဲ့ ဒီအခန်းကဏ္ဍကို ဆုံးဖြတ်ရာမှာ ဥပဒေပြုအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ခွဲဝေအပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ နိုင်ငံတော်သမ္မတက တိုင်းပြည်ရဲ့ “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း” ကို ပြည်ထောင်စု လွှတ်တော်ဆီ တင်သွင်းမှာဖြစ်ပြီး ဥပဒေကြမ်းပါ တချို့အချက် အလက်တွေကို လွှတ်တော်အမတ်တွေ အနေနဲ့ “ငြင်းပယ်ခြင်းနှင့် လျှော့၍ခွင့်ပြုခြင်း” တွေ လုပ်ခွင့်မရှိဘူးလို့ တိတိကျကျ ပြဌာန်းထားလို့ပဲ ဖြစ်ပါတယ်။

အခြေခံဥပဒေ အပိုဒ်ခွဲ ၁၀၃ (က) မှာ “ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်” လို့ ဖေါ်ပြထားပါတယ်။

အပိုဒ်ခွဲ ၁၀၃ (ခ) မှာလည်း ပြည်ထောင်စု ဘတ်ဂျက် ဥပဒေကြမ်းမှာပါတဲ့ အသုံးစရိတ် ၄ မျိုးနဲ့ပတ်သက်ပြီး “ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ” လို့ ပြဌာန်းပြီး လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာကို ဆိုးဆိုးရွားရွား ကန့်သတ်ထားပြန်ပါတယ်။

အဲ့ဒီလို ဆွေးနွေးခွင့်ပဲရှိပြီး ငြင်းလို့ လျှော့လို့မရတဲ့ အသုံးစရိတ်တွေကတော့ …

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ (၀န်ကြီးဌာနများအပါအ၀င်) ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ။
၂။ ပြည်ထောင်စုက ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွယ်သော ကုန်ကျစရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့် ဆက်နွှယ်သော အခြားကုန်ကျစရိတ်များ၊
၃။ တရားရုံး သို့မဟုတ် ခုံရုံး တရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊
၎။ တည်ဆဲဥပဒေ တရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ စာချုပ် တခုခုအရဖြစ်စေ ကျခံရမည့် အခြားအသုံးစရိတ်များပဲ ဖြစ်ပါတယ်။

ဒီအသုံးစရိတ်တွေ ပမာဏက ဘတ်ဂျက်ရဲ့ အားလုံးနီးပါး ဖြစ်နေပြီး ဒီအပေါ်မှာ အပြောင်းအလဲလုပ်ဖို့ အသစ်ဖွဲ့စည်းမယ့် လွှတ်တော်နှစ်ရပ်ပေါင်းမှာ ဘာအာဏာမှ မရှိဘူးဆိုတာ ရှင်းနေပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာရှိလာတာက အခုလို အခြေအနေအောက်မှာ ပြည်သူကို အလုပ်အကျွေးပြုမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ လွှတ်တော်အမတ် ၃၃၃ ယောက်က လူထုအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်လို့ရပါတော့မလဲ ဆိုတာပါပဲ။

သူတို့ ၃၃၃ ယောက်အနေနဲ့ သမ္မတရွေးချယ်ပွဲကို ထိန်းထားပြီး သူတို့အလိုကျ သမ္မတကို ရွေးလို့ရတယ်လို့ စောဒက တက်နိုင်ပါသေးတယ်။ ဒါပေမယ့် အခုချိန်ထိ သမ္မတကို ဘယ်လိုရွေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေ မရှိသေးတဲ့အတွက် သူ့ကို များရာမဲနဲ့ပဲ ရွေးမလား၊ ဒါမှမဟုတ် တခြားနည်းနဲ့ ရွေးမလားဆိုတာ ဘယ်သူမှ မသိပါဘူး။

သေချာတာကတော့ သမ္မတရွေးကောက်ပွဲဥပဒေက စစ်အစိုးရရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် လက်ထဲမှာ ရှိနေတာပါ။ သူ့ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရွေးမယ်ဆိုတာကတော့ လွှတ်တော်ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ မူတည်ပါလိမ့်မယ်။

Constitutional Truth or Trick by Htet Aung ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3918-2010-08-26-08-14-13

0 အကြံပြုခြင်း: