Tuesday, September 28, 2010

လျှို့ဝှက်ကြံစည်ထားခဲ့တဲ့ ပါတီ တခု

             (၁)
၁၉၉၄-၉၅ ကာလတွေတုန်းက ရန်ကုန်စက်မှုတက္ကသိုလ်၊ အတန်းတင်စာမေးပွဲနီးလာပြီ ဆိုရင်၊  ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတချို့ဟာ ကျနော်တို့အတန်းထဲက အခန်းဖော်တယောက်အိမ်ကို ရောက်သွားလေ့ရှိတယ်။  ဒု သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား စစ်တိုင်းအောင် ရဲ့ အိမ်ပါ။  စက်မှုတက္ကသိုလ်ကျောင်းကနေ တည့်တည့်ဆင်းသွားပြီး၊ ဘုရင်နောင်လမ်းမကြီး အနောက်ဘက်ခြမ်းမှာ ဦးအောင်ဖုန်းရဲ့အိမ် တည်ရှိတယ်။ ပညာရေးဝန်ကြီး ဦးပန်းအောင် က ဦးအောင်ဖုန်းနဲ့နီးစပ်ချစ်ခင်သူဆိုတော့ ကျောင်းကနေနှုတ်ထွက်ပြီး နိုင်ငံခြားကိုသွားချင်တဲ့ ပါမောက္ခတွေလည်း အလည်ရောက်လေ့ရှိတယ်။ အဲ့ဒီနှစ်က ရန်ကုန်စက်မှုတက္ကသိုလ် အတန်းတင်စာမေးပွဲမေးခွန်းတွေကလည်း အဲ့ဒီနေရာကပဲ စပေါက်လေ့ရှိတယ်။   ဦးအောင်ဖုန်းရဲ့အမျိုးသမီး ဒေါ်ခင်စစ် ဆိုတာ ရဲဘော်သုံးချိပ်ဝင် ဗိုလ်ဗလရဲ့သမီး။ ဗိုလ်ဗလ က အိမ်မှာ ပါတီ ကျင်းပတဲ့အခါတိုင်း “ ကဲ ဝန်ကြီးတွေ အာဏာဘယ်တော့ အပ်ကြမှာလဲ။ ရွေးကောက်ပွဲလုပ်ပေးပြီး အာဏာအပ်ကြအုံးလေ” လို့ စကားနာထိုးလေ့ရှိတယ်။ တကယ်တော့ ဝန်ကြီး ဦးအောင်ဖုန်းဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့အမာခံလူ။ ၁၉၈၈ အရေးတော်ပုံကာလမှာ နိုင်ငံရပ်ခြားမှာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်နေတယ်။ ( အီတလီနိုင်ငံမှာ လို့ထင်ပါတယ်)။ စစ်အာဏာမသိမ်းခင်တုန်းက ရာထူးပြုတ်ခဲ့ပေမဲ့ စက်တင်ဘာ အာဏာသိမ်းအပြီးမှာတော့ ဗိုလ်ချုပ်ခင်ညွှန့်က နေရာပြန်ပေးခဲ့တယ်။                                  ဒါကြောင့်လည်း သူတို့အုပ်စုက ဗိုလ်ချုပ်ခင်ညွှန့်ကို ကျေးဇူးရှင်တယောက်လို၊ လေးလေးစားစားဆက်ဆံတယ်။
အဲ့ဒီကာလတုန်းက ဦးအောင်ဖုန်းဟာ  ကြံ့ဖွံ့ တိုင်းနှစ်တိုင်းကို တာဝန်ယူထားတယ် လို့လည်းသိရတယ်။ ( ထားဝယ် နဲ့ ပဲခူး လို့ ထင်ပါတယ်)။ စက်မှုတက္ကသိုလ်ကျောင်းအတွင်းမှာလည်း ကြံ့ဖွံ့အတွက် ဖြားယောင်းမှုတွေပေးပြီး အဖွဲ့ဝင်အသစ်တွေစ စုနေပြီ။   တတိယနှစ်မှာကတည်းက ကြံ့ဖွံ့ကိုဝင်ထားမယ်ဆိုရင် ကျူရှင်ကြေး၊နေရေးထိုင်ရေးမပူရသလို၊ ကျောင်းပြီးသွားရင် အလုပ်ကအဆင်သင့်၊ နိုင်ငံခြားခရီးတွေတောင်ထွက်ရမယ်လို့ဆိုတယ်။
အဲ့ဒီအခြေအနေတွေကို  ယူဂျီလုပ်ငန်းလုပ်နေတယ် ဆိုတဲ့ နိုင်ငံရေးသမားတချို့ဆီ ချပြခဲ့ဘူးတယ်။ “ ရန်သူရဲ့အတွင်းစီးထဲကိုဝင်ရမယ်။ သတင်းတွေကြိုသိနေဖို့အတွက် ပြင်ဆင်ရမယ် လို့ ( မဆလ ခေတ်မှာတုန်းက တချို့ယူဂျီတွေ အဲ့သလိုပဲ လုပ်ခဲ့တာမို့လား)။”                           ဒါပေမဲ့ အရာအားလုံးနောက်ကျခဲ့ပါတယ်။ ၁၉၈၉-၉၀ လူထုတိုက်ပွဲတွေကြားမှာ အကျအဆုံးများခဲ့တဲ့ ဒီမိုကရေစီအင်အားစုတွေအတွက်တော့ မျိုးဆက်သစ်စုဆောင်းရေး၊ လက်ဆင့်ကမ်းရေး ဆိုတဲ့ အရာတွေကိုသာ ခက်ခက်ခဲခဲလုပ်နေရချိန် ဆိုတော့ ဒီအချက်ကို ဦးမလှည့်နိုင်ခဲ့ဘူး
                                                            (၂)
၁၉၉၅-၉၆ ခုနှစ်မှာ ကျနော်တို့ တက္ကသိုလ်များ၊ရန်ကုန်၊ မိသားစု က ကျောင်းသူကျောင်းသားတွေ၊ ငပလီ ကမ်းခြေ ကို (၆) ရက် (၇)ည အိပ် ပျော်ပွဲစားခရီးထွက်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးက ဗိုလ်ချုပ်ကျော်ဘ၊ ကမ်းခြေဟော်တယ်ကို တာဝန်ယူအုပ်ချုပ်သူက ဗိုလ်မှူးမောင်မောင်ကြီး၊ ငပလီ ကမ်းခြေက၊ ရွှေဝါချိုင် လူရည်ချွန်စခန်းမှာ စခန်းသွင်းလေ့ကျင့်ပေးနေတဲ့ ကြံ့ဖွံ့လူငယ်တွေရောက်နေတယ်။ သူတို့ကလည်းလက်ရှိတက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေလိုဆိုတယ်။ သူတို့ရဲ့နိုင်ငံရေးသိပ္ပံသင်ခန်းစာတွေပို့ချနေတဲ့ အတန်းထဲကို ကျနော်တို့တတွေသွားလည်ကြည့်ဖို့အတွက်  ငပလီကမ်းခြေရဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲလို့ယူဆရတဲ့ သူတဦးက အခြေအနေတခု ဖန်တီးပေးခဲ့တယ်။                                          တကယ်တော့ ကြံ့ဖွံ့အဖွဲ့ဟာ ပါတီတခုအဖြစ်ဖွဲ့ဖို့ ကြံခဲ့တာ ၁၉၉၅-၉၆ ကာလကတည်းကပါ။ အနာဂတ်မှာ Potential Threat ဖြစ်လာလိမ့်မယ်ဆိုတာ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ နိုင်ငံရေးလုပ်သူတွေရိပ်မိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ တော်တော်များများက  လူထုလှုပ်ရှားမှုတခုတည်းကိုသာ ဇောင်ပေးတယ်။ ခဏလေးဖြစ်ပေါ်တတ်တဲ့ ဝုန်းကနဲကြွတဲ့ လှုပ်ရှားမှုလောက်သာ ပိုပြီး စိတ်ဝင်စားခဲ့ကြတယ်။ အဲ့ဒါတွေရဲ့ အကျိုးဆက်ကတော့လက်ရှိမှာ ကြုံတွေ့နေရတဲ့ အခြေအနေပါပဲ။ သူတို့ကြေငြာ မှ ဖြတ်ကနဲသဘောပေါက်ခဲ့ရတဲ့အဆင့်။
 
(၃)
မေးခွန်းတချို့ရှိနေတယ်။ ကြံ့ဖွံ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဥက္ကဋ္ဌလုပ်တယ်၊ ဦးဆောင်တယ် လို့ ဆိုပေမဲ့ အုပ်စုနှစ်စုက လူသစ်စုဆောင်းကြတယ်။ ကေဒါမွေးကြတယ်။  တစုကတော့ သန်းရွှေအုပ်စု၊ နောက်တခုက ဗိုလ်ချုပ်ခင်ညွှန့်ရဲ့အုပ်စု။ ဥပမာ ဦးအောင်ဖုန်းတို့ ကိုင်တွယ်ဦးဆောင်တဲ့ တိုင်းတွေဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်အုပ်စုရဲ့တိုင်းတွေဖြစ်တယ်။ ( ကျန်တဲ့တိုင်းတွေကို အသေးစိတ်မဆွေးနွေးတော့ပါ။) ဒါပေမဲ့  တကယ်တမ်း ကြံ့ဖွံ့ရဲ့ အစိတ်အပိုင်းတွေ၊ အတွေးအခေါ်တွေကို မောင်းနှင်တာက စစ်ထောက်လှမ်းရေးအုပ်စုဘက်က ပိုများမယ်ထင်တယ်။                  ကြံ့ဖွံ့က ပါတီအဖြစ်အသွင်ပြောင်းလိုက်ပြီ ဆိုတော့  အဲ့ဒီပါတီရဲ့  လက်ရှိ ၂၀၁၀ ကိုယ်စားလှယ်တွေ၊ ဒုတိယ ကေဒါတွေ နိုင်ငံရေးကို ဘယ်လို ပုံစံချပြီး ဆက်သွားကြမလဲ။  “ကြံ့ဖွံ့ က အတင်းအဓမ္မ မဲ့ထည့်ခိုင်းတယ်။ လူရိုက်တယ်။ ယုတ်မာတယ်” ဒီ အသံတွေက ကျနော်တို့နားမှာ ယဉ်ပါးကျွမ်းဝင်နေကျအချက်တွေ၊ ငြင်းလို့မရတဲ့အချက်တွေ၊ ဒါပေမဲ့ အဲ့ဒီပါတီရဲ့လူလတ်ပိုင်းတွေ၊ မဆလဟောင်းတွေရဲ့ နိုင်ငံရေးသိပ္ပံ သင်ခန်းစာတွေကို လေ့လာသင်ကြားလာတဲ့ ကြံ့ဖွံ့ကျောင်းသားတွေ နဲ့ တစည ပါတီ ဘယ်လိုဆက်စပ်နိုင်ပါသလဲ။         
   
(၄)
 
ကြံ့ဖွံ့လို နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲတွေကို အုပ်စီးဖို့ လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေ အာဖရိကနိုင်ငံတွေမှာ ရှိနေပါတယ်။ ဥပမာ ဂါနာနိုင်ငံကိုကြည့်လိုက်မယ်ဆိုရင် ဒီကနေ့ ဗမာပြည်ရဲ့စစ်အာဏာသိမ်းအစိုးရ လုပ်ကိုင်နေပုံနဲ့သွားပြီးဆင်နေတာကိုတွေ့ရမယ်။ တခုပဲကွာတယ်။ ဂါနာနိုင်ငံစစ်ခေါင်းဆောင်တွေရဲ့ ၁၉၈၁ စစ်အာဏာသိမ်းမှုကို ပြည်သူက ထောက်ခံခဲ့တယ်။ အာဏာရှင်ဆန်လာမှ ဆန့်ကျင်ကြတာကိုး။   စစ်အာဏာသိမ်းယူမှုကို ဦးဆောင်ခဲ့တဲ့ “ဂျယ်ရီရောလင့်ဂ်” ဟာ အမျိုးသားနိုင်ငံရေးကွန်ဂယက်ပါတီကို တည်ထောင်လိုက်တယ်။  ၁၉၉၂ ရွေးကောက်ပွဲကို လက်ဝါးကြီးအုပ်ပြီး မဲလိမ်ခဲ့တယ်။ ဒါကြောင့် အဓိက အတိုက်အခံပါတီက သပိတ်မှောက်တယ်။  ၁၉၉၂ ရွေးကောက်ပွဲကို “ဂျယ်ရီရောလင့်ဂ်” ရဲ့ ပါတီက တဘက်သတ်အနိုင်ရပြီး ပါတီဖွဲ့နိုင်ခဲ့ပေမဲ့ လွှတ်တော်ထဲမှာ ထီးထီးကြီးရပ်တည်နေတဲ့ အမျိုးသားကွန်ဂယက်ပါတီဟာ သူ့တို့ဘာသာ သဘောပေါက်နေတယ်။ အဲ့ဒါကတော့ သူတို့ဟာ ပါတီစုံဒီမိုကရေစီစံနစ်ကို မကျင့်သုံးခဲ့ဘူး ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ ဒါကြောင့် အာဏာရပါတီဖြစ်တဲ့ အမျိုးသားကွန်ဂယက်မှာ အုပ်စုအားပြိုင်မှုတွေဖြစ်လာတယ်။
တဘက်မှာတော့ ၁၉၉၂ ကို သပိတ်မှောက်ခဲ့တဲ့ အဓိက အတိုက်အခံပါတီကလည်း နောက်တဆင့်ကိုပြန်ပြင်ဆင်ကြရပြန်တယ်။     ၁၉၉၆ ရွေးကောက်ပွဲကို ဘယ်လိုဖြတ်မလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးကြ၊ သဘောထားကွဲခဲ့ကြပြန်တယ်။ 
ဗမာပြည် ရဲ့ ပြဿနာက
 (၁) ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီရှိခဲ့ပေမဲ့ တခါမှ အသိအမှတ်ပြုမခံရဘူး။ ဒါဟာ ကျန်တဲ့နိုင်ငံတွေမှာ တွေ့ရခဲတယ်။          
     (၂)  ပြည်သူလူထု ဆန္ဒမပါပဲ ရေးဆွဲခဲ့တဲ့အခြေခံဥပဒေ ကို လက်မခံခဲ့ကြဘူး။ ဒါကြောင့် ရွေးကောက်ပွဲကို ဝင်ဖို့ ငြင်းဆိုခဲ့ကြတယ်။    ၉၀ ရွေးကောက်ပွဲရလဒ် နဲ့ ၂၀၀၈ အခြေခံဥပဒေတွေဟာ ၁၉၉၂ ဂါနာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အနေအထားထက်   ပိုပြီးရှင်းရခက်မဲ့  အရာတခုလိုဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဂါနာနိုင်ငံက ရွေးကောက်ပွဲတွေအကြောင်းကို ဆွေးနွေးတင်ပြလိုက်ပါတယ်။   ရွေးကောက်ပွဲဝင်ပြီး ပါလီမန်လွှတ်တော်ထဲမှာ ကစားချင်တဲ့သူတွေ ဂါနာနိုင်ငံရဲ့စစ်အာဏာရှင်တွေရဲ့ ပါတီကို ယှဉ်ပြိုင်ဖို့ ပြည်သူနဲ့ ကျောချင်းကပ်နိုင်တဲ့အနေအထားကို ဖန်တီးနိုင်မလား။ ဒါမှမဟုတ် စစ်အုပ်စု ကြိုးဆွဲရာ ကို ဘာမှ မငြင်းဆိုစတမ်း လိုက်ကကြမှာလား။
၂၀၁၀ ရွေးကောက်ပွဲ မှာ တစည နဲ့ ကြံ့ဖွံ့ပါတီကရော တကယ့်ကို ပြိုင်ဘက်ပါတီဖြစ်ပါ့မလား။   လွှတ်တော်တွင်းမှာ သူတို့ချင်းထိပ်တိုက်ငြင်းခုန်နိုင်ကြပါမလား။
တကွေ့ကွေ့မှာ အတိုက်အခံအင်အားစုတွေအတွက် အခြေအနေတွေ ပွင့်လာလိမ့်အုံးမှာပါ။  
စက်တင်ဘာ (၂၈) ရက်၊ အင်္ဂါနေ့ညပိုင်းအစီအစဉ်လွတ်လပ်တဲ့အာရှအသံမှာ တင်ဆက်ထားတဲ့ ဆောင်းပါးတပုဒ်ပါ။
 
 
ဂါနာနိုင်ငံ မှ ရွေးကောက်ပွဲများ
 
ကြီးမြတ်မှုဆိုတဲ့အရာတွေကို နျူကလီးယားဗုံးအစုအဝေးပိုင်ဆိုင်တွေနဲ့တိုင်းတာဒါမဟုတ်ဘူး။ ဥာဏ်ပညာနဲ့ ဂုဏ်သိက္ခာတွေဆီမှာ  အမြစ်တွယ်နေတဲ့၊ လူသားအပေါ်လေးစားမှုစိတ်ဓါတ်ဝိညာဉ် တွေကသာ ကြီးမြတ်ခြင်းတွေဖြစ်တယ် ဆိုတဲ့အချက်ကို  ကျနော်တို့သက်သေပြကြရမယ်။
သောတရှင်များခင်ဗျား
အာဖရိကအနောက်ခြမ်းမှာတည်ရှိတဲ့ ဂါနာနိုင်ငံရဲ့လွတ်လပ်ရေးဖခင် “ကွမ်မီ ခရူမာဟ်”ရဲ့ လွတ်လပ်ရေး မိန့်ခွန်းကိုကြားဖူးကြပါလိမ့်မယ်။ သူဟာ အာဖရိကန်ပြည်ထောင်စုကို ပြင်းပြင်းထန်ထန်ထူထောင်ချင်ခဲ့သူ တဦးဖြစ်တယ်။  ဂါနာနိုင်ငံကို ရွှေရောင် ကမ်းရိုးတန်း အဖြစ် ခေါ်ဆိုခဲ့သလို၊ လူဖြူတွေရဲ့သင်္ချိုင်း အဖြစ်လည်း နာမည်ကြီးခဲ့ပါတယ်။ ပေါ်တူကီ၊ ဒတ်ဂ်ျ၊ဗြိတိန် ကိုလိုနီနယ်ချဲ့တွေဟာ  ဒီဒေသအတွင်းမှာ ရွှေ၊တွင်းထွက်ပစ္စည်းနဲ့ကျွန်ကုန်ကူးခြင်းကို အကြီးအကျယ်လုပ်ခဲ့ကြပါတယ်။  ငှက်ဖျားရောဂါပိုးနဲ့အတူ ရာသီအလိုက်ဖြစ်ပေါ်နေတဲ့ ရောဂါပိုးတွေ ကလည်း စောင့်ကြိုနေပြန်ပါတယ်။    ၁၉၅၇ မှာ ဗြိတိန်နိုင်ငံဆီက လွတ်လပ်ရေးရခဲ့ပါတယ်။ စက်မှုနိုင်ငံတခုတည်ဆောက်မယ်။ အာဖရိကန်ညီညွတ်ရေးကိုတည်ဆောက်မယ် လို့ စိတ်ကူးခဲ့တဲ့ “ခရူမာဟ်”ရဲ့အိပ်မက်တွေကို ၁၉၆၆ စစ်အာဏာသိမ်းမှုက ဖျက်ဆီးပစ်ခဲ့ပါတယ်။ ခရူမာ ဟာ ဗီယက်နမ်နိုင်ငံအပါအဝင် ပြည်ပခရီးစဉ်တွေကို ထွက်ခွာအသွားမှာ ဂါနာနိုင်ငံတွင်းက စစ်ဝါဒီတွေက အာဏာသိမ်းယူလိုက်ပါတယ်။ ဒီလိုနဲ့ ဂါနာနိုင်ငံဟာ အတောမသတ်နိုင်တဲ့ပြည်တွင်းစစ်၊ အာဏာသိမ်းမှုတွေ၊  နိုင်ငံရေးပဋိပက္ခတွေကြားမှာ နစ်မြှုပ်နေခဲ့ပါတယ်။
“ ၁၉၇၉ ဂျွန်လ(၄) ရက်နေ့ဟာ ဂါနာနိုင်ငံစစ်အာဏာသိမ်းခေါင်းဆောင်တွေကို အုံကြွဆန့်ကျင်မှုကြောင့် သူပုန်တွေနဲ့အာဏာပိုင်တွေကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်။ စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျယ်ရီရောလင့်ဂ် က စစ်ကောင်စီ အကြီးအကဲ (၈) ယောက်ကို သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးလိုက်ပြီး တော်လှန်ရေးကောင်စီ လက်နက်ကိုင်တပ် ကို ဖွဲ့စည်းလိုက်တယ်။ တိုင်းပြည်ဟာ မင်းမဲ့စရိုက် ဆန်ဆန်ဖြစ်နေခဲ့တယ်။ သေဆုံးသွားတဲ့ပြည်သူတွေ၊ စစ်ကောင်စီအကြီးအကဲတွေအတွက် တရားမျှတတဲ့ကြားနာပွဲတွေ ပြုလုပ်ပေးဖို့ ပြည်သူတွေကတောင်းဆိုဆူပူကြတယ်။ စစ်ခေါင်းဆောင် ဂျယ်ရီရောလင့်ဂ် က ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး၊ ပြည်သူ့အမျိုးသားပါတီ ကို အာဏာလွှဲပြောင်းပေး လိုက်တယ်။ ဒါပေမဲ့သိတ်မကြာဘူး။ တရားဥပဒေရုံးချုပ်က ရှေ့နေကြီးတွေအပါအဝင်၊ ဗိုလ်မှူးတချို့ သတ်ဖြတ်ခံ လိုက်ရသလို၊ နိုင်ငံတော်သမ္မတ ကိုလည်း ဖြုတ်ချပစ်လိုက်ပြီး ၁၉၈၁ ခုနှစ်မှာတော့ ဗိုလ်ချုပ် ဂျယ်ရီရောလင့်ဂ် က စစ်အာဏာ သိမ်းယူလိုက်ပါတယ်။ ပါလီမန်ကိုဖျက်သိမ်းလိုက်ပါတယ်”
အာဏာသိမ်းစစ်ခေါင်းဆောင် ဂျယ်ရီရောလင့်ဂ် ဟာ အမျိုးသားကာကွယ်ရေးကောင်စီကိုအရပ်သားတွေနဲ့  ပူးပေါင်းဖွဲ့စည်းလိုက်ပြီး သမ္မတအဖြစ်တာဝန်ထမ်းဆောင်လိုက်ပါတယ်။ တကယ်တော့ ဂျယ်ရီရောလင့်ဂ်ရဲ့ စစ်အာဏာသိမ်းမှုကို ဂါနာပြည်သူတွေက ထောက်ခံခဲ့ကြပါတယ်။ တိုင်းပြည်မှာခေါင်းဆောင်ခဲ့တဲ့ စစ်အာဏာသိမ်းအစိုးရတွေရဲ့ခြစားမှုတွေကို စိတ်ပျက်နေတာကြောင့် စစ်ခေါင်းဆောင်သစ် ဂျယ်ရီရောလင့်ဂ် ဟာ လက်တွေ့ကျကျတိုးတက်အောင်လုပ်ပေးနိုင်သူဖြစ်လိမ့်မယ် လို့ မျှော်လင့်နေ ခဲ့ကြပါတယ်။ ဂျယ်ရီရောလင့်ဂ် ကလည်း လူထုကျန်းမာရေးနဲ့ရောဂါကူးစက်မှုတားဆီးမှုတွေကို  အဓိကထား လုပ်ဆောင်ခဲ့သလို၊  အိုင်အမ်အက်ဖ် လို နိုင်ငံတကာ ဘဏ်တွေနဲ့ဆက်သွယ်ခဲ့ပြီး ဂါနာနိုင်ငံရဲ့ စီးပွားရေးအဆောက်အဦတခုလုံးကို ပြောင်းလဲပစ်ဖို့ကြံစည် ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင် ဂျယ်ရီရောလင့်ဂ် ဟာ  သူ့ရဲ့ အမျိုးသားကာကွယ်ရေးကော်မတီလက်အောက်မှာ အစိုးရကိုဆန့်ကျင်ဝေဖန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ခွင့်မပြုခဲ့ပါဘူး။လူထုဟာသူရဲ့ သက်ဦးဆံပိုင် ဘုရင်လိုပြုမှုဆုံးဖြတ်နေတာကိုပြင်ဆင်ဖို့ ဆန္ဒပြခဲ့ကြတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သူတို့အကူအညီတွေကို ရချင်ရင် ပါတီစုံစနစ်ကို တည်ဆောက်ပေးရမယ် လို့ ဖိအားပေးခဲ့ကြပါတယ်။  
 
“နိုင်ငံတော်ကာကွယ်ရေးကော်မတီ အစိုးရအဖွဲ့ဟာ ၁၉၈၂ မှာ ဗဟိုချုပ်ကိုင်မှု စံနစ်ကိုနည်းနည်း လျော့ချလိုက်တယ်။
ဒေသဆိုင်ရာ ခရိုင်အစိုးရအဖွဲ့တွေကို ဗဟိုကတိုက်ရိုက်ချုပ်ကိုင် ခန့်အပ်ခဲ့ပေမဲ့ ရပ်ကွက်၊ ကွန်မြူနတီအဆင့်ကိုတော့ လွတ်လပ်မှုပိုပေးလိုက်ပါတယ်။ ရပ်ကွက်ထဲက ကွန်မြူနတီ လှုပ်ရှားမှုတွေမှာ ဝင်ရောက်ပါဝင်ပြီး နိုင်ငံရေးအပြောင်းအလဲတခုကိုလုပ်ဖို့ စောင့်နေတဲ့သူတွေအတွက် ဒီအခွင့်အရေးကို တိတိကျကျအသုံးချခဲ့ကြပါတယ်။  
၁၉၈၇ မှာ စစ်အစိုးရ က ဒီမိုကရေစီရေးအတွက် အမျိုးသားကော်မရှင်ကိုဖွဲ့လိုက်တယ်။ နောက်တနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးလိုက်ပြီး ခရိုင်လွှတ်တော်သစ်ကိုဖွဲ့စည်း ပေးလိုက်တယ်။ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတပုံကျော်ကို အစိုးရက တိုက်ရိုက်ခံအပ်လိုက်တယ်။”  ဒေသတော်တော်များများမှာ လူထုအဖွဲ့အစည်းတွေ၊ စီးပွားရေး  ကော်ပိုရေးရှင်းတွေ ထူထောင်နိုင်မဲ့ အခွင့်အရေးတွေပွင့်ခဲ့တာကြောင့် အတိုက်အခံနိုင်ငံရေးသမားတွေဟာ  ဒီမိုကရေစီ နဲ့ ပါတီစုံစံနစ် ကို လူထုကြားမှာ ရိုက်သွင်းလိုက်ကြပြီး နိုင်ငံရေးပါတီတွေတရားဝင်တည်ထောင်ခွင့်ပြုဖို့ ဖိအားပေး ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ၁၉၉၂ မှာ စစ်အစိုးရဟာ လူထုဆန္ဒခံယူပွဲကျင်းပပေးလိုက်ရပြီး ပါတီစုံဒီမိုကရေစီစံနစ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ နိုဝင်ဘာလမှာ သမ္မတရွေးကောက်ပွဲ နဲ့  ပါလီမန်ရွေးကောက်ပွဲကို တလခြားပြီး ကျင်းပပေးခဲ့တယ်။  စစ်အုပ်စုက အမျိုးသား ဒီမိုကရက်တစ် ကွန်ဂယက်ပါတီ ကို ဖွဲ့စည်းပြီး ဂျယ်ရီရောလင့်ဂ် ကို သူတို့ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်စေတယ်။ ထုံးစံအတိုင်း ဂျယ်ရီရောလင့်ဂ် က သမ္မတရွေးကောက်ပွဲကိုအနိုင်ရခဲ့တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက တရားမျှတတဲ့ ရွေးကောက်ပွဲ လို့ သုံးသပ်ခဲ့ပေမဲ့၊ အတိုက်အခံနိုင်ငံရေး သမားတွေဘက်မှ မသမာတဲ့ ရွေးကောက်ပွဲအဖြစ်သတ်မှတ်လိုက်ကြပြီး နောက်လမှာကျင်းပမဲ့ ပါလီမန်ရွေးကောက်ပွဲကို အဓိက အတိုက်အခံပါတီတွေက သပိတ်မှောက်လိုက်ကြပါတယ်။
“ ၁၉၉၂ ပါလီမန်ရွေးကောက်ပွဲမှာ ဂျယ်ရီရောလင့်ဂ် ရဲ့ ပါတီက လွှတ်တော်အမတ် (၂၀၀) အနက် ၁၈၉ နေရာရခဲ့တယ်။အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာရော၊ အတိုက်အခံပါတီတွေဘက်မှာရော နှစ်ဘက်လုံးမှာ စဉ်းစားစရာ ပြဿနာတွေ ရှိလာခဲ့တယ်။ အစိုးရဖွဲ့နိုင်တဲ့ ပါတီ က သူတို့ဟာ ပါတီစုံဒီမိုကရေစီအစစ်ကိုတကယ်မလုပ်ခဲ့ဘူး။ အာဏာရှင်ပုံစံဖြစ်နေတယ် ဆိုတာကို ခံစားသိနေ ခဲ့ကြတယ်။အာဏာရပါတီတွင်းမှာ ငြင်းခုန်မှုတွေ၊ ကွဲအက်မှုတွေဖြစ်လာခဲ့တယ်။ အတိုက်အခံပါတီတွေအတွင်းမှာလည်း  ရွေးကောက်ပွဲသပိတ်မှောက်ပြီးရင် နောက်သက်တမ်းမှာ ဘာဆက်လုပ်မလဲ ဆိုတဲ့ နည်းဗျူဟာအပေါ်စဉ်းစားချက်တွေ ကွဲထွက်ခဲ့ကြပါတယ်။ မျိုးချစ်ပါတီသစ်က ၁၉၉၂ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုလိုက်ပြီး ၁၉၉၆ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတယ်။ အမတ်နေရာ (၆၀) ရခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကျင်းပတဲ့ရွေးကောက်ပွဲမှာတော့ အမတ်နေရာအများဆုံးအနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။”
 
သောတရှင်များခင်ဗျား
ဂါနာနိုင်ငံရွေးကောက်ပွဲတွေကိုကြည့်မယ်ဆိုရင် အတိုက်အခံပါတီတွေဟာ မဟာမိတ်ဖွဲ့ခြင်း၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ပေါ်လာအောင် လူထုကိုစောင့်ကြပ်ကြည့်ရှုစေခြင်း။ အာဏာရအစိုးရရဲ့မတရားလိမ်လည်မှုတွေကို ထုတ်ဖေါ်ခြင်း စတဲ့နည်းဗျူဟာတွေသုံးပြီး လူထုကို တဆင့်ပြီး တဆင့် နိုင်ငံရေးအသိတိုးမြင့်ပေးခဲ့ပါတယ်။
သောတရှင်တို့လည်း လူထုအသံကို နေရာတိုင်းမှာ ပြောကြားနိုင်တဲ့ ကိုယ်စားလှယ်တွေဖြစ်ကြပါစေ။
                                                                                                                    အောင်မိုးဝင်း
မှတ်ချက် ။    ။ ၂၀၀၀ ခုနှစ် နဲ့ ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲကို အတိုက်အခံပါတီက အနိုင်ရခဲ့ပေမဲ့
၂၀၀၈ ခုနှစ်ကစပြီး ယ္ခင် စစ်အာဏာသိမ်းခေါင်းဆောင် ဂျယ်ရီ ရောလင့် ရဲ့ အမျိုးသား ဒီမိုကရေက်တစ် ပါတီကိုယ်စားလှယ်
ဂျွန်အက်တာမေးလ် က ပြန်လည်အနိုင်ရခဲ့တယ်။
 
             ရည်ညွှန်း ကိုးကား
Political Problems in Africa ပြဋ္ဌာန်းစာအုပ်၊ Ghana Vote Despite Party Boycott  ဆောင်းပါးပါအချက်အလက်နှင့် 
                     “ဂါနာဝက်ဘ်” မှ ရွေးကောက်ပွဲသုံးသပ်ချက်များကိုယူသုံးပါတယ်။

0 အကြံပြုခြင်း: