Thursday, October 21, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၆)

meta content="text/html; charset=utf-8" http-equiv="CONTENT-TYPE">
ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး ()
(Choosing Right Path and Real Politics)

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ရေးခဲ့တဲ့ ရွေးကောက်ပွဲပြီး နိုင်ငံရေး အခင်းအကျင်း ()ရပ်ရဲ့ လက္ခဏာများနှင့် ကိုင်ဆွဲသင့်သည့် လုပ်ငန်းစဉ်များကို တစ်ချက်ချင်း ချရေးနေရင်း ကိုယ့်ကိုကိုယ် ယုန်မရခင် သံပုရာ ရှာနေသူများ ဖြစ်နေပလားလို့ စဉ်းစားမိတယ်။ လက်ငင်း အရေးတကြီး ရင်ဆိုင်ရမည့် ရွေးကောက်ပွဲ ကာလဆိုင်ရာ ပြသနာတွေကို ချန်ထားပြီး ရွေးကောက်ပွဲနောက်ပိုင်း ကာလကို ကျော်ဆွေးနွေးသလို ဖြစ်နေတယ်။ ဒီအခင်းအကျင်း သုံးရပ်ကို နောင် ဆက်စပ်တဲ့အပိုင်း ရောက်မှသာ ဆက်ဆွေးနွေး ပါတော့မယ်။

သို့သော် အခင်းအကျင်း သုံးရပ်လုံးမှာ နအဖအုပ်စုဘဲ ရွေးကောက်ပွဲ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့တာကို ဘယ်သူမှ ကန့်ကွက်ကြမယ် မထင်ပါဘူး။ တစ်ကယ်တော့ ဒီယုန်မြင်လို့ ဒီခြုံထွင်ထားတာပေဘဲ။ လုပ်ပုံတွေကို ကြည့်လေ။

အင်္ဂလန်က ဝန်ကြီးချုပ်က ဝန်ကြီးချုပ်ဖြစ်လျက်နှင့် လေဘာပါတီမှာ ခေါင်းဆောင်တာဝန် ယူထားသလိုဘဲလို့ အောက်တန်းစာရေး လုပ်ပိုင်ခွင့်တွေနှင့် ပေးအပ် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတန်မရာ နှိုင်းယှဉ်ပြီး ဗိုလ်ချုပ်သိန်းစိန် တဖြစ်လဲ ဦးသိန်းစိန်က အစိုးရအာဏာနှင့် ပါတီခေါင်းဆောင် နေရာနှစ်ခုလုံး ရောမွှေ ချုပ်ကိုင်ထားခြင်းကို တုန်းထုအတည်ပြု ပေးလိုက်ပါတယ်။ ဟိုက ရွေးကောက်ပွဲက အနိုင်ရပြီးမှ လူထုအရွေးချယ်ခံ အနိုင်ရတဲ့ ပါတီက လူထုအရွေးချယ်(Mandate)ခံအဖြစ် အစိုးရဖွဲ့ခြင်းဖြစ်ပါတယ်။ ဒီကဟာတွေက သေနပ် တဒိုင်းဒိုင်းပစ်ပြီး တက်လာ၊ ကိုယ့်စိတ်ကြိုက် ဖွဲ့စည်းပုံ ရေးဆွဲ၊ ပြည်သူ့ဘဏ္ဍာ အလျှံပယ်သုံးနေတဲ့ လူမှုရေးအဖွဲ့ဆိုတာကို အေးဓါးပြတိုက် အပိုင်စီးပြီး နိုင်ငံရေးပါတီ လုပ်ပစ်၊ ဘယ်တုန်းကမှ အရွေးကောက် မခံဘူးသေးတဲ့ အာဏာရှင်က အစိုးရခေါင်းဆောင် နေရာနှင့် ပါတီခေါင်းဆောင် နေရာနှစ်ခုလုံးကို မျက်နှာပြောင်တိုက် အချောင်နှိုက်တာ ဖြစ်ပါတယ်။ မတူပါဘူး။

စိတ်ပညာရှင် တစ်ဦးလည်းဖြစ်ပြီး စိတ်ရောဂါသည် တစ်ဦးလည်း ဖြစ်ဟန်တူသော ဗိုလ်ချုပ်မှူးကြီးက မိမိကိုယ်ကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားကဲ့သို့ တန်ခိုးကြီး ရှင်ဘုရင်တစ်ဦးလို့ ထင်ထားပါတယ်။ အဖိုးတန်တဲ့ ကျောက်စိမ်းတုန်းကြီးကို မိမိမျက်နှာနှင့် ဆင်တူတဲ့ ဗုဒ္ဓရုပ်ပွါး ဆင်းတုတော်အဖြစ် ထုလုပ်ထားပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ လာတိုင်း ဖူးမျှော်ခိုင်းခြင်းဖြင့် သူ့ကိုယ်သူ တစ်ရာ့ တစ်ပါး မင်းတို့ ဦးခိုက်ရတဲ့ ဘုရားအလောင်း စင်စစ် မင်းဧကရာဇ်အဖြစ် အချောင် ဘဝင်ကြွ မှတ်ထင်နေသူလည်း ဖြစ်ပါတယ်။

တဖန် ဗိုလ်ချုပ်အောင်ဆန်းကို ဒီ ငတိလို့ ခေါ်ပြီး သူ့လောက် အရည်အချင်း မရှိသူလို့ ထင်နေတဲ့ သွေးမလောက်တဲ့ ဗိုလ်ချုပ်မှူးကြီးက အောင်ဆန်းအမည် ကြားတိုင်း သည်းခြေလှုပ်နေသူ ဖြစ်ပြန်တာမို့ အောင်ဆန်းနှင့် ပါတ်သက်တာမှန်သမျှ အကုန်ဖျောက်ပစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နာမည်ကိုပင် မကြားဝံ့ မကြားရဲသူ တစ်ဦးလည်း ဖြစ်နေပါတယ်။

တစ်ကယ်တော့ ဆဒမ် ဟူစိန်လို၊ ရောဘတ် မူဂါဘီလို၊ ဗိုလ်ချုပ်နေဝင်းလို၊ ဗိုလ်ချုပ်မှူးကြီးသန်ရွှေလို အာဏာရှင်တွေဟာ အာဏာကို ရှည်ကြာစွာ ဆွဲကိုင်ထားပြီး လက်နက်အားကိုးနှင့် ထင်တိုင်းလုပ် လုပ်တိုင်းဖြစ်တာ ကြာလာတော့ စိတ်ဝေဒနာရှင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြသူတွေပါ။ သူတို့ စဉ်းစားပုံ၊ ပြသနာတွေကို ကိုင်တွယ် ဖြေရှင်းပုံတွေဟာ နေရာအနည်းငယ်မှာသာ အပျော့အပြင်း ကွာတတ်ပေမဲ့ ခြုံကြည့်ရင် တစ်ထပ်တည်း ကျနေတတ်ပါတယ်။

၁၉၈၈ စက်တင်္ဘာလ အာဏာမသိမ်းခင်လေးမှာ ဗိုလ်ချုပ်နေဝင်းက ထိပ်ပိုင်း ဗိုလ်ချုပ်တွေကို အစည်းအဝေးခေါ်ပြီး မင်းတို့အားလုံး စောမောင်နှင့် ခင်ညွန့်ကို အာဏာလွှဲပေးလိုက်တော့ဆိုတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ပြန်ပြောတဲ့ ဇာတ်ကွက်မျိုး၊ အန္တိမခေါင်းဆောင်(Paramont Leader)ကြီး တိန့်ရှောက်ဖိန်က ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် နေရာတွေကို မိမိစိတ်ကြိုက် ရွေးချယ် ခန့်အပ်တာဝန်ပေးပြီး နောက်ကွယ်က ဆက်လက် ချုပ်ကိုင်ထားတဲ့ ဇာတ်လမ်းမျိုးကို အိုမင်းမစွမ်း ဖြစ်လာသည့်တိုင် အာဏာမစွန့်ချင်တဲ့ ရာသက်ပန် အာဏာရှင်တွေ သိပ်ကြိုက်တတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက မိမိ၏ ဆိုးမွေ(Legacy)ကို ဆက်ခံနိုင်မည်လို့ ယုံကြည်ရတဲ့ ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦးစတဲ့ ဗိုလ်ပြုတ်တွေကို မပါမဖြစ် ပါလာအောင် စိတ်ချရတဲ့ နေပြည်တော်က အရွေးခံခိုင်းတယ်။ တပ်မတော်က ၂၅%သာ ယူပါတယ်ဆိုပေမဲ့ ကျန်ဗိုလ်ပြုတ်တွေက တစ်နိုင်ငံလုံး ဖြန့်ပြီး ဝေသာလီပြည်ထဲ ဘီလူးဝင်သလို တုတ်နှင့် ရိုက်လို့ဘဲ ရရ၊ ဓါးနှင့် ခုတ်လို့ဘဲ ရရ အကုန်ယူဖို့ သရဲ မရဲ (သူရဲ မင်းရဲ) လုပ်နေကြတာက လက်ရှိ အခြေအနေမှန်ပါ။ အခုလေးတင်ဘဲ အရွေးချယ်ခံရမဲ့ ကိုယ်စားလည် ၅၄နေရာကို ပြိုင်ဘက်မရှိ အချောင်ရလိုက်ပါပြီ။

အင်အယ်လ်ဒီက ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို လှုံ့ဆော်ထားပါတယ်။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်သူတရပ်လုံး လိုက်ပါ အကောင်အထည်ဖေါ်နိုင်ဖို့မှာ အင်မတန် လက်တွေ့ကျတဲ့ အခက်အခဲတွေ ရှိနေတာကိုလည်း အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ အစဉ် အခြိမ်းခြောက်ခံနေရတဲ့ ဒေသအလိုက် ပြည်သူလူထုတွေရဲ့ အနေအထားကို နားလည်ထားတာမို့ မဖြစ်မနေ မဲပေးရမယ်ဆိုလျှင် မဲပေးသင့်သည့် သူများနှင့် မဲမပေးသင့်သည့် သူများကို ခွဲခြား ညွန်းဆိုခဲ့ပါတယ်။

ပြည်တွင်း ပြည်ပက ရွေးကောက်ပွဲကို သပိတ်မှောက်ရေး ကြိုးပမ်းနေကြသူတွေကို ထောက်ခံ အားပေးပါတယ်။ သို့သော် ဒီနေရာမှာ အထူးသတိထားရမည့် အချက်နှစ်ချက်ကို ထောက်ပြခွင့် ပေးပါ။

ပထမအချက်က ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် ရွေးကောက်ပွဲ၏ တရားဝင်မှု(Legitimacy)ကို လျော့ပါးအောင်သာ လုပ်နိုင်ပါတယ်။ တရားဝင်မှု(Legitimacy)ကို ပျက်ပြယ်အောင် မလုပ်နိုင်ဘူးဆိုတာက အချက်အလက်(Fact) ဖြစ်ပါတယ်။

ဒုတိယအချက်က ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို တစ်ဖက်က လုပ်ရင်း ရွေးကောက်ပွဲလွန် ကာလအတွက်ပါ ပြင်ဆင်ရပါမယ်။ ရွေးကောက်ပွဲ ဖျက်မရလို့ ကျုပ်တို့ နိုင်ငံရေးလုပ်ငန်းစဉ်က မပြီးဆုံးသွားပါဘူး။ ရွေးကောက်ပွဲပြီးနောက် စစ်အာဏာရှင်စနစ် ဆက်ရှိနေရုံမက ပိုဆိုးလာမယ်ဆိုတာမှန်ပေမဲ့ ရွေးကောက်ပွဲလွန်ကာလမှာ ပေါ်ထွန်းလာမဲ့ နိုင်ငံရေးအင်အားစုသစ်တွေဖြစ်တဲ့ လွှတ်တော်တွင်း ရောက်လာမည့် တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစုများနှင့် ပေါင်းစည်းပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ရေးအတွက် အခုကတည်းက ပြင်ဆင်ခြင်း(Positioning)ကို လုပ်ထားသင့်ပါတယ်။ ထိုအင်အားစုသည် လွှတ်တော်ထဲမှာ အနည်းအကျဉ်းသာ ဖြစ်ကောင်း ဖြစ်မယ်။ ချိနဲ့ကောင်း ချိနဲ့ နေကြပါလိမ့်မယ်။ သို့သော် လက်တွဲရမည့် မိတ်ဖက် အင်အားစုဖြစ်တယ် ဆိုတာကို ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး။

ီအင်အားစုသစ်တွေ အပါအဝင် ရှိပြီး နိုင်ငံရေးအင်အားစုတွေ အားလုံးနှင့် အင်အယ်လ်ဒီက အနာဂါတ်တွင် ပိုမို ပူးပေါင်းလုပ်ဆောင်သွားမယ့် သဘောကို ဦးဝင်းတင်က မိုးမခမှာ အောက်တိုဘာ ၁၆၊ ၂၀၁၀က ပြောခဲ့ပြီးပါပြီ။ အင်မတန် မှန်ကန်ပါတယ်။ သို့သော် စဉ်းစားစရာက နောင်သေချာပေါက် ပေါင်းလုပ်ရမဲ့ အင်အားစုသစ်တွေကို အခုလောလောဆယ်မှာ တစိမ်းတရံဆန်လို သဘောထားပြီး ပေယျာလကံ ပစ်ထားမယ်ဆိုရင် မှန်ပါ့မလား။ သင့်ပါ့မလား ဆိုတာဖြစ်ပါတယ်။

ဒါ့ကြောင့် မဟာဗျူဟာမြောက် မဲပေးနည်း(Strategic Voting)အကြောင်း ကျုပ်ဆွေးနွေးတာကို လက်ခံနားလည် ပေးစေလိုပါတယ်။ တချို့ကိစ္စတွေမှာ ပြည်သူတွေကို ယေဘုယျ အပြားပြောရုံနှင့် မလုံလောက်ပါဘူး။ အချိန်မီ ထိရောက်စွာ ပညာပေးနိုင်ဖို့ လိုအပ်ပါတယ်။

၂၀၀၈ အမေရိကန် သမတ ရွေးကောက်ပွဲမတိုင်မီ ရီပတ်ဘလီကင်ပါတီက ဂျွန်မက်ကိန်းကို သူတို့ပါတီရဲ့ သမတလောင်းအဖြစ် မြန်မြန် ဆန်ဆန် သတ်မှတ် ရွေးချယ်နိုင်ခဲ့ပေမဲ့ ဒီမိုကရက်တစ်ပါတီမှာ ဟီလာရီ ကလင်တန်နှင့် ဘရတ် အိုဘားမားတို့ဟာ ပါတီရဲ့ သမတလောင်းအဖြစ် အသတ်မှတ်ခံရဖို့ ပြည်နယ်တစ်ခုချင်းမှာ အကြိတ်အနယ် ပြိုင်ဆိုင်ပြီး မဲစုနေဆဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ဒီမိုကရက်တစ်ပါတီရဲ့ သမတလောင်းကို သူတို့ပါတီဝင်တွေကသာ ရွေးချယ်ရမှာမို့ ရီပတ်ဘလီကင်ပါတီအတွက် အနေသာကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်သူတွေရဲ့ သဘောထားကို စစ်တမ်းကောက်တဲ့အခါမှာ ဟီလာရီ ကလင်တန်နှင့် ဂျွန်မက်ကိန်းတို့ ထိပ်တိုက်တွေ့ရင် ဂျွန်မက်ကိန်းက အနိုင်ရနိုင်ပြီး ဘရတ် အိုဘားမားနှင့် ဂျွန်မက်ကိန်းသာ ယှဉ်ရမယ်ဆိုရင် ဂျွန်မက်ကိန်းက ရှုံးနေတာကို စစ်တမ်း အများအပြား တွေ့ရှိနေတယ်။

ဒီမှာတင်ဘဲ ဒီမိုကရက်တစ်ပါတီမှာ ဟီလာရီ ကလင်တန် သမတလောင်းအဖြစ် အရွေးချုယ်ခံရရေးအတွက် ရီပတ်ဘလီကင်တွေက မဟာဗျူဟာမြောက် မဲပေးခြင်းကို စတင်လုပ်ဆောင်လာကြတယ်။ ရီပတ်ဘလီကင်ကို ထောက်ခံသူတွေဟာ ဒီမိုကရက်တစ်ပါတီကို မဲပေးမည့်သူတွေအဖြစ် အုံနှင့် ကျင်းနှင့် ပြောင်းလဲ မှတ်ပုံတင်ကြပြီး အိုဘားမား သမတလောင်းအဖြစ် တက်မလာဖို့ ဟီလာရီကို မဲပုံသြပေးခဲ့ကြတဲ့ သာဓက ရှိဘူးပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေဖြစ်သော အင်အယ်လ်ဒီနှင့် တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲကို နိုင်ငံရေး လိုအပ်ချက်အရ သပိတ်မှောက်ထားပေမဲ့ စစ်အာဏာရှင် ကိုယ်စားလည်တွေနှင့်ချည်း နာဂစ်လွှတ်တော်ကို ရာနှုံးပြည့် မလွှမ်းမိုးစေသင့်ဘူး။ အထူးသဖြင့် နအဖစစ်အုပ်စုက နာမည်ဆိုးနှင့် ကျော်ကြားနေတဲ့ ကိုယ်ကျိုးရှာသမားတွေ (Notorious serial diehard opportunists) အနိုင်မရအောင် အကွက်ချ လုပ်ဆောင်သင့်တယ်။ လိုအပ်တဲ့ မဲဆန္ဒနယ်မြေတွေမှာ ဒီမိုကရေစီ အင်အားစုတွေ အရွေးချယ်ခံရအောင် သင့်လျော်မှန်ကန်တဲ့ မဟာဗျူဟာမြောက် မဲပေးနည်း (Strategic Voting)ကို အခုကတည်းက အကွက်ချ လုပ်ဆောင်သင့်ပြီ။

ဒီနေရာမှာ ဆရာဦးဝင်းတင် ပြောနေကြဖြစ်တဲ့ “ကျုပ်က ဒီလို ဥပမာလေး ပေးပြီး ပြောလိုက်ချင်ပါတယ်ဗျာ” ဆိုတဲ့ စကားလေးကို ခဏငှားပြီး ကျုပ်လည်း “ဒီလို ဥပမာလေး ပေးပြီး ပြောကြည့်ချင်ပါတယ်”။

အင်မတန် ရေစီးသန်တဲ့ မြစ်ပြင်ကျယ်ကြီးကို ဒေါင်လိုက် ဖြတ်ကူးပြိုင်ပွဲ ကျင်းပတယ် ဆိုပါစို့။ နအဖတွေ၊ ကြံ့ဖွတ်တွေက နှစ်ပေါက် တစ်ပေါက်ရိုက် အချောင် မောင်ပိုင်စီးထားတဲ့ အသစ်ကြပ်ချွတ် သင်္ဘောကြီးပေါ်မှာ သောက်စား ကခုန် ပျော်ပါးရင်း ပြိုင်ပွဲဝင်ကြတယ် ဆိုပါစို့။ ကား၊ ဆဲလ်ဖုန်း၊ စိန်၊ ဒေါ်လာ၊ ကန်ထရိုက်စတဲ့ ပိုစတာတွေကိုလည်း သင်္ဘောဘေးမှာ ချိတ်ဆွဲထားကြတယ်။

တစညတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် သူတို့အဖေ မသေခင်က အမွေပေးခဲ့တဲ့ မော်တော်အဟောင်းကြီးပေါ်မှာ အတိတ်က ရွှေထီးဆောင်းခဲ့တာကို စားမြုံ့ပြန်ရင်း ပြိုင်ပွဲ ဝင်ကြတယ်။ မော်တော်က နှစ် နှစ်ဆယ် အိုပြီဆိုပေမဲ့ အတော်ကြီး လတ်နေပါသေးတယ်။ သူတို့ ချိတ်ဆွဲတဲ့ ပိုစတာတွေကတော့ ဆပ်ပြာ၊ နို့ဆီ၊ သကြား၊ အိမ်ရိုက်သံတို့ ဖြစ်ကြပါတယ်။

အင်အယ်လ်ဒီနှင့် တိုင်းရင်းသားပါတီအချို့ကတော့ ဒီပွဲက နာမည်ကြီး ဖဲသုံးချပ်သမား လူလိမ်တွေရဲ့ လိမ်ဆင်ကြီးဘဲဆိုပြီး ပြိုင်ပွဲကို သပိတ်မှောက်ပါတယ်။ သို့သော် သူတို့မှာ ရှိနေတဲ့ လှေကွဲ တက်ကျိုးကြီးကို ဟိုကဖာ ဒီကထေး အသာလှော်ပြီး ပြိုင်ကွင်းဘေးနားမှာ အသာလှော်ခတ်ရင်း အကဲခပ်နေကြတယ်။

ပြိုင်ပဲဝင်ဖို့ လှေကွဲ၊ ဖောင်စုတ်တောင် မတတ်နိုင်ရှာတဲ့ ခြေသလုံး ပုလွေရိုးနှင့် အဟာရ ချို့တဲ့နေတဲ့ လူဗလံ ငပိန်လေးတွေ (တစ်ချို့ ဗိုက်နဲနဲ ရွှဲသူတွေလည်း ပါသပေါ့)က အားအင်ချိနဲ့ရတဲ့အထဲ အသက်ကယ် အင်္ကျီတောင် မပါပေမဲ့ (တစ်ချို့မှာတော့ ဂျွန်ယက်တော ပလပ်စတစ်ဗုံးတွေ ကိုယ်မှာ ပါတ်ထားလေရဲ့) ဖင်ပိန်လေး ပြောင်အောင် ခါးတောင်းမျှောင်ကြိုက်ပြီး ရေစီးသန်လှတဲ့ မြစ်ဖြတ်ကူးပွဲကြီးကို အနိုင်ကြဲလိုက်မဟေ့လို့ ကမ်းစပ်မှာ ကြူရိုးသာသာရှိတဲ့ လက်ခါးမောင်းလေးတွေ ခတ်ကာ ခတ်ကာ ကြွေးကျော်နေကြလေရဲ့။

နိုဝင်္ဘာ ()၇က် ပြိုင်ပွဲနေ့မှာ လူဗလံအုပ်စုက အင်မတန် သက်လုံကောင်းသူ အနည်းအကျဉ်းမှအပ အများအပြားကတော့ ရေစီးသန်လှတဲ့ မြစ်ပြင်ကျယ်ကြီးထဲမှာ မျောပါပြီး အသက်ဆုံးရှုံးနိုင် သွားပါတယ်။ သင်္ဘောကြီး၊ မော်တော်ကြီးပေါ်က အမိန့်သားထိုင်ပြီး ပြိုင်ပွဲဝင်သူတွေကတော့ အမူးလွန်ပြီး ရေထဲပြုတ်ကျသူလောက်က လွဲရင် အားလုံး ဖြတ်ကူးနိုင်ကြမှာ ဖြစ်ပါတယ်။ မတရား မမျှတတဲ့ ပြိုင်ပွဲကြီးပေကိုး။

ဒီတော့ လှေကွဲ တက်ကျိုးကြီးနှင့် တအိအိ လှော်ခတ်နေသူများက ရေစီးထဲ မျောလု မျောလု ဖြစ်နေသူတွေ၊ မြစ်လယ်မှာ အားအင်ကုန်ခမ်း ကြွက်တက်နေတဲ့သူတွေကို မင်းတို့ ရွေးတဲ့လမ်း မင်းတို့ဖါသာ လျှောက်ကြ။ ကူးကြ။ ဟိုဘက်ကမ်းရောက်အောင် ကူးနိုင်ရင်တော့ ငါတို့ တွဲပြီး အလုပ်လုပ်ကြမယ်လို့ ပြောပြီး အနားကပ်လာတဲ့ လူဗလံလေးတွေကို တက်ကျိုးနှင့် တွန်းထုတ်ပစ်မလား။ ဒါမှမဟုတ် မိမိမှာ ရှိနေတဲ့ တက်အကျိုးလေးတွေကို ကမ်းပေးလို့ဘဲဖြစ်ဖြစ် ဖေးကူပြီး တစ်ဖက်ကမ်းရောက်အောင် အထောက်အကူ ပြုသင့်သလား။

စဉ်းစားစရာပါ။ သို့သော် စဉ်းစားဖို့ အချိန်က သိပ်မကျန်တော့ပါဘူး။

ဦးတည်ချက်ချင်းတူပြီး အမြင်မတူတဲ့၊ လုပ်ပုံ ကိုင်ပုံတွေ မတူတဲ့ သူတွေနှင့် တွဲလုပ်တတ်တာကိုလည်း နိုင်ငံရေးလို့ ခေါ်ပါတယ် မိတ်ဆွေ။



အောင်ထီ
အောက်တိုဘာ ၂၀၊ ၂၀၁၀

CRPRP 16

0 အကြံပြုခြင်း: