Sunday, November 7, 2010

၈ လေးလုံးအလွန် စစ်ပဒေသရာဇ်သစ်ရဲ့ မတော်လှန်ရေးဋီကာ

၈ လေးလုံးအလွန် စစ်ပဒေသရာဇ်သစ်ရဲ့ မတော်လှန်ရေးဋီကာ


လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံနဲ့ ကမ္ဘာ့စံချိန်မီ အမွဲကပ်ကြီး ဆိုက်နေတဲ့ ဗိုလ်ချုပ်ကြီးများရဲ့ မြန်မာပြည်အကြောင်း ခပ်ရှင်းရှင်း ပြောရရင်တော့ စစ်တပ်က ပဒေသရာဇ်ဇာတ် “ပြန်သွင်းခံ” နေရတဲ့ တိုင်းပြည်ပါပဲ။ မြန်မာပြည်တွင်းနဲ့ အနီးဝန်းကျင်မှာ ဒီပဒေသရာဇ်နိုင်ငံ တည်ထောင်မှုရဲ့ ဆိုးကျိုးတွေ ရိုက်ခတ်နေတာပါ။

mm-leader-senior-general-than-shweMiG-29 တိုက်လေယာဉ်တွေ၊ မသင်္ကာဖွယ် အဏုမြူနဲ့ ဒုံးလက်နက်စီမံကိန်းတွေ၊ သားသားနားနား အနောက်တိုင်း စစ်ဝတ်စုံတွေ၊ စကားနှစ်ခွပြောတဲ့၊ ဒီမိုကရေစီစတဲ့ အပေါ်ယံ ခေတ်မီအဆင်တန်ဆာ ဆင်ယင်ထားပြီး ၁၉၆၂ ကတည်းက တိုင်းပြည်ရဲ့ အရင်းအနှီး တန်ဖိုးရှိသမျှကို တိုင်းရင်းသားပေါင်းစုံလက်ကနေ သိမ်းပိုက်အုပ်စိုးနေတဲ့ စစ်တပ် အရှင်သခင်တွေ ရှိပါတယ်။

တပ်ထဲမှာ နေရာကောင်းယူထားတဲ့ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေးတွေအပေါ် တပ်အရာရှိတွေ သစ္စာရှိမှုက  ပြောစရာကိုမလိုပါဘူး။ ဘုန်းကြီးအရေးအခင်းလို ကျဉ်းထဲကျပ်ထဲ အချိန်မျိုးမှာ တာဝန်ရှိသူတွေက မားကို့စ်ရဲ့ ဖိလစ်ပိုင်ခေတ်နဲ့ ဆူဟာတိုရဲ့ အင်ဒိုနီးရှားခေတ်တွေလို အရှင်သခင်အစစ် တိုင်းသူပြည်သားတွေဘက် မပူးပေါင်းဘဲ သူတို့သခင်မှတ်နေတဲ့ ဗိုလ်ချုပ်တွေကို သစ္စာခံနေတုန်းပါ။

ဒီလို စစ်ကြေးစားစိတ် မပျောက်နိုင်ရသေးတာက “မျိုးချစ်သူရဲကောင်း” ဆိုတဲ့ မျက်မှန်စိမ်း တပ်ပေးထားတာထက် အကျိုးအမြတ်ခံစားခွင့်တွေက ပဓာနပိုကျပါတယ်။

တကယ့်ပြဿနာအစစ်က စစ်အာဏာရှင်တွေ ဖောက်ပြန်နေတဲ့အချိန်မှာ မြန်မာပြည်သူတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ အသိအမြင်တွေ နိုးကြားခိုင်မာလာတဲ့ ခေတ်သစ် စိတ်ယဉ်ကျေးမှုကို တဆင့်တက်လာကြတာပဲ။ “ရှေးရိုးကြီး” တွေလို့ ထင်ထားတဲ့ ဘုန်းကြီးတွေရဲ့ နိုးကြားမှုကိုသာ ကြည့်တော့။

မြန်မာတိုင်းရင်းသားတွေကြားမှာ ဒီမိုကရေစီစံတွေ အသားမကျသေးပေမယ့် ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့်ဆိုတဲ့ အကျဉ်းချုပ်တရားကိုတော့ သိကြပါရဲ့။ ပဒေသရာဇ်အတိတ်နဲ့ ပုဒ်မဖြတ်တဲ့ ဒီတိုးတက်မှုကို ခပ်ပေါ့ပေါ့မှတ်လို့တော့ မရပါဘူး။

မြန်မာပြည်အပြင်ဘက်မှာ ခေတ်တွေက ပြောင်းခဲ့ပါပြီ။ အာဆီယံနိုင်ငံတွေကတောင် “စင်ကာပူဖြစ်” အာရှတန်ဘိုး (Asian Values)၊ “အရပ်ဘက် လူ့အဖွဲ့အစည်း” စတဲ့ အသံတွေလွှမ်းတဲ့ အာဆီယံလူ့အခွင့်အရေးစာတမ်း ဆိုတာတောင် ရေးပြီးပါပကော။

မြန်မာပြည်ရဲ့ လှိုက်စားနေတဲ့ လူ့အခွင့်အရေးနဲ့ လူမှုဒုက္ခတွေက (အပြုသဘော ချဉ်းကပ်မှု၊ ပိတ်ဆို့မှု၊ “ဆုပေး ဒဏ်ပေး” ကို နာမည်ပြောင်းထားတဲ့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု) စတဲ့ ပေါ်လစီဆေးမြီးတိုတွေနဲ့တင် မပျောက်တဲ့ အခြေခံ ပြဿနာကြီးပေါ်မှာ မူတည်တယ်။ အာဏာပိုင် စစ်သူရဲတွေက ပဒေသရာဇ်တခေတ် ပြန်ထူထောင်နေတယ် ဆိုတာကို လက်ခံဖို့ လိုကိုလိုတယ်။ အကျိုးဆက်က ပြည်တွင်းပြည်ပနီးနားအထိ ခွေးလှေးပျားတော နှံ့နေတာကိုး။

နိုင်ငံတကာက မြန်မာ “အရပ်ဘက်လူ့အဖွဲ့အစည်း” ကို တကယ်ကူချင်ရင် လူ့အခွင့်အရေးနဲ့ လူမှုအကျိုးဆောင်ဝါဒဆိုတဲ့ လစ်ဘရယ်စကားလုံးတွေနဲ့ မြန်မာပြည်ကလူတွေကို လာချောက်မချပါနဲ့။ မြန်မာ့လယ်ယာမြေ လူ့အဖွဲ့အစည်းဟာ
စစ်လူတန်းစားရဲ့ ကိုယ်ကျိုးကြည့် မျိုးချစ်အုပ်ထိန်းသူ အယောင်ပြအုပ်စိုးမှုကို လက်ခံမှာ မဟုတ်ပါဘူး။

ထီးသစ်နန်းသစ် ရွှေအုတ်မြစ်

မြန်မာပြည်ပြဿနာက စစ်အာဏာရှင်အဆက်ဆက်နဲ့ ဆိုရှယ်လစ်ခေတ် ပျက်ပီးနောက် ပေါ်လာတဲ့၊ လူထုဘဏ္ဍာကို ဘုံးစားနေတဲ့ ကပ်ပါးလူတန်းစားကြောင့်တင် မကတော့ဘူး။ နေဝင်းကြီးခေတ်လွန်ရင် ကောင်းသွားမယ်ဆိုတဲ့ အိပ်မက်တွေနဲ့ ကြီးလာတဲ့ ကျနော်တို့ မြန်မာတွေကို ဒီ “လူဟောင်းကြီးတွေကုန်ရင်” ဆိုတဲ့ လံကြုတ်နဲ့ လှိမ့်လို့ မရတော့ပါဘူး။ “တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုတဲ့စကားအရ အာဏာရှင်အောက်မှာ ရူးချင်ယောင်ဆောင်တာ၊ လက်တွေ့ကျအောင်နေတာဟာ
ငို့ဘသမားတွေအတွက် အကောင်းဆုံးလမ်းပါပဲ။

ဥပမာပြရင် မျိုးချစ် လွတ်လပ်ရေးတိုက်ပွဲဝင်ကနေ တိုင်းပြည်အဖျက်သမားဖြစ်သွားတဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့
လက်အောက်ငယ်သားတွေက အိန္ဒိယကလာတဲ့ မင်းကျင့်တရားလို ယဉ်ကျေးမှုဓလေ့တွေ အကုန်ပယ်ထားတဲ့ ပဒေသရာဇ် ဇာတ်စနစ်တမျိုးကို အမွေထားရစ်ခဲ့ပါတယ်။

ဗိုလ်အောင်ဆန်း ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ အနှစ် ၇၀ လောက်ကြာတော့ စစ်ဗိုလ်တွေရော တပ်ကြီးတတပ်လုံးပါ အောက်ခြေလွတ်ပီး လယ်သမားကျောမွဲ လူများစုကြီးနဲ့ ဘာမှမဆိုင်သလို သူတို့ကိုယ်သူတို့ မြင်လာကြပါတယ်။ ဒီလူတန်းစားရောဂါအတွက် ဘာဖြေဆေးမှမရှိပါဘူး။ အာဏာရှင်တွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးခေတ်ကို ဘုရင်ခေတ် ပြန်ပို့ပြီး တိုင်းပြည် စီးပွားရေးအခြေခံကတော့ ဒေါက်တာ ဦးမြင့်ပြောသလိုပဲ ကမ္ဘာစစ်ကြီးမဖြစ်ခင် အင်္ဂလိပ်ခေတ်ပုံက မတက်ပါဘူး။

ဗိုလ်ချုပ် နေဝင်း မဆလခေတ်ပျက်ကထဲက အခုနေပြည်တော်ရောက် စစ်အစိုးရက “ဈေးကွက်ပြုရေး” ဆိုတဲ့ ဇာတ်စင်ပေါ် ခုန်တက်ပီး သူ့နည်းသူ့ဟန်နဲ့ ဗုံမဟုတ်ပတ်မဟုတ် တစခန်းထနေလေရဲ့။

ပုဂ္ဂလိကပိုင်ပြုရေး တံဆပ်တပ်ပြီးရှိသမျှ မြေယာ၊ တောတောင်၊ ရုံးအဆောက်အအုံတွေ၊ စွမ်းအင်ရင်းမြစ်တွေ စတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ဗိုလ်ချုပ်ကြီးငယ်နဲ့ စီမံသူ ရံရွေတော်တွေ ဓာတ်တော်ဝေသလို ခွဲဝေယူနေကြတာပါ။

ဒီလို အစိုးရ ကမကထပြု ခြစားဝါဒကြီး ရုပ်လုံးပိုပေါ်လာတော့ တတပ်လုံး အားကြိုးမာန်တက် ကဲ့ကြ ဖြိုကြပါတယ်။ ဘုရင်ခေတ်က မြေယာသယံဇာတလုပ်အားကို ခွဲပြီး ကိုယ့်လူကိုယ် “အပိုင်စား” ပေးတဲ့အထာမျိုးပါပဲ။ မြန်မာတွေကတော့ ဒါကို “ခွေး ဘုရားပွဲတွေ့တာ” လို့ ပြောင်ပြောင်မြောက်မြောက် ခိုင်းနှိုင်းကြလေရဲ့။

ဗိုလ်ချုပ်နေဝင်းတို့ခေတ်က ပြည်သူကဖွားတဲ့ ပြည်သူ့အတွက် တပ်မတော်ဆိုပြီး တော်လှန်ရေးပုံစံနဲ့ စစ်လူတန်းစားကို မွေးခဲ့ပေမယ့် အခုတော့ ပြည်သူနဲ့ သူတို့ ဘာမှဆိုင်တယ် မထင်တော့ပါဘူး။ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေးများ အလိုတော်ရှိသမျှ တိုင်းပြည်ကို စိုးမိုးမင်းလုပ်ဖို့ ပေါ်လာတဲ့ မိုးကျရွှေကိုယ်တွေ ဖြစ်ကုန်ပါပြီ။

ဒီစစ်ဗိုလ်တွေအားလုံး ဗိုလ်လောင်းဘဝမှာ “ကျွန်ုပ်တို့သည် ထမင်းသခင် ကျေးဇူးရှင် နိုင်ငံတော်ကို သစ္စာရှိပါမည်” လို့ ထမင်းမစားခင် အမြဲအော်ရွတ်လာခဲ့တာချည်းပါပဲ။ အခုတော့ စစ်လူတန်းစားတခုလုံး ဒီကတိသစ္စာကို စောင့်ထိန်းဖို့ ပျက်ကွက်ပြီး ဘုန်းကြီး၊ ကုလား၊ ဗမာ၊ ကရင်၊ လယ်သမား၊ အလုပ်သမား၊ လူကြီးလူငယ် တွေ့သမျှ “လက်မရှောင်” အကုန်ပစ်မယ် ဖြစ်နေပါပြီ။

စစ်တပ်ဟာ တိုင်းပြည်ကျေးဇူးကိုသိပြီး ပြည်သူ့အကျိုးထမ်းရွက်ဖို့ ဂုဏ်ယူရမယ်ဆိုတဲ့ ဉာဉ်ကနေ သွေဖီပြီး အကြီးအကဲကို ပုဂ္ဂိုလ်ရေး သစ္စာခံတဲ့ တသီးတခြား ပဒေသရာဇလူတန်စား ဖြစ်ကုန်ပြီပေါ့။ ဗိုလ်မှူးချုပ် တင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်စတဲ့ စစ်အရာရှိကြီးဟောင်းများ ရေးသားတဲ့ အတ္ထုပ္ပတ္တိများကို ဖတ်ရင်၊ လက်ရှိစစ်သားတွေ အမြင်ကို စနည်းနာလိုက်ရင်
“တပ်မတော်သာ အမိ တပ်မတော်သာ အဖ” လို့ လုပ်နေကြတာပါ။ ပြည်သူက လွင့်သွားပါပြီ။ ဒါဟာ တပ်တတပ်လုံးနဲ့ချီ ပျက်စီးသွားတာကို ပြနေတာပါ။ စစ်သားဟာ လူထုကို စစ်အာဏာရှင်ဆိုးများ အပါအဝင် ဘယ်ရန်ကမှ ကာကွယ်မပေးနိုင်တော့ပါဘူး။

နောက်ပြီး တပ်က ကိုယ်ပိုင် စီးပွားရေးလုပ်လာ၊ တပ်က တနိုင်ငံလုံးထက် ပိုကြီးမြတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခွဲခြားလာတဲ့အပြင် စစ်တပ်သာလျှင် တိုင်းပြည် လွတ်လပ်ရေးရအောင် လုပ်ပေးပြီး အုပ်ထိန်း စောင့်ရှောက်ပေးနေတာဆိုတဲ့ တပ်မတော်ပြောသော မြန်မာသမိုင်းတလွဲကြီးကိုလည်း ပြန်ရေးပါသေးတယ်။ တကယ်ပဲ စစ်ဝါဒဖြန့်သမားတွေ၊ အိမ်တော်ပါ သမိုင်းဆရာတွေက လူနည်းစု လူများစု မြန်မာလူ့အဖွဲ့အစည်း တရပ်လုံးဟာ တိုင်းပြည် အချုပ်အခြာအာဏာနဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးအတွက် ပေးဆပ်လာခဲ့သူတွေချည်းဆိုတဲ့ လူထုသမိုင်းအမြင်ကို ဖျက်ဆီးခဲ့ကြတာပါ။

၈ လေးလုံးအလွန် ပဒေသရာဇ်သစ်

၁၉၈၈ အလွန်မှာ အရင် ဆိုရှယ်လစ်တော်လှန်ရေး စစ်အာဏာခေတ်နဲ့ မတူကွဲပြားမှုကြီး ၄ ချက်ကတော့ စစ်အရာရှိ လူတန်းစားနဲ့ နိုင်ငံရေးဓလေ့သစ် ပြန်ထူထောင်တာ၊ ရိုးရာဓလေ့က လက်ခံထားတဲ့ မင်းကျင့်တရားဆယ်ပါးလို အစိုးရမင်းတို့ စောင့်ထိန်းရမယ့် တော်ဖြောင့်မှန်ကန် စွန့်လွှတ်သည်းခံစတဲ့ မင်းကောင်းမင်းမြတ် ကျင့်ဝတ်တွေကို ဖျောက်ဖျက်ပစ်တာ၊ လက်စွဲတပည့်တွေနဲ့ ကပ်ပါးအရင်းရှင်စနစ် ထူထောင်တာ၊ စစ်လူတန်းစားကို မူသစ်တွေနဲ့ ပြန်လည်စုစည်းတာ (စစ်ကျောင်းတွေမှာ ဗိုလ်လောင်းသစ်တွေ အများကြီးတိုးခေါ်တာ၊ အရေးကြီးတဲ့နေရာမှာ ထားမယ့် အရာရှိတွေ ကတော်မယားတွေ နောက်ခံကို သေချာစိစစ်တာ၊ ဗိုလ်ကတော်တွေကို တပ်ကိစ္စ နိုင်ငံရေးကိစ္စတွေမှာ ထည့်သုံးတဲ့ အကျင့်တွေပါပဲ။ သူတို့လင်တွေအတွက် လူယုံမွေးတာ၊ အောက်ကလူကို အပြစ်ရှာတာ၊ လာဘ်သပ်ပကာနဲ့ စီးပွားရေး ကြီးပွားရေး အပေးအယူကိစ္စ စီမံတာတွေမျိုးပေါ့)။

အရေးကြီးဆုံးကတော့ စစ်တပ်ဦးဆောင် လူတန်းစားစနစ်ဟာ ရည်ရွယ်ချက်ရှိရှိ ပဒေသရာဇ်ပုံစံပြောင်းတာပါပဲ။ နိုင်ငံတော်အဆင့် ပဒေသရာဇ်စတိုင်ဖမ်းတဲ့ အပေါ်ယံပြကွက်တွေကတော့ ဗိုလ်သန်းရွှေမိသားစုကို ဇာတ်ထဲမှာလို “တော်” တပ်ခေါ်ရတာ၊ ဇာတ်တော်ထဲက နာမည်မျိုးတွေမှည့်ထားတဲ့ လမ်းသစ်၊ ရပ်ကွက်သစ်တွေနဲ့ နေပြည်တော်သစ်ကြီး ဆောက်တာ၊ လက်အောက်ငယ်သား စစ်ဘက်အရပ်ဘက် ဝန်ထမ်းတွေနဲ့ လူထုဆီကနေ ရုပ်ပျက်ဆင်းပျက် အရိုသေခံချင်တာ (သန်းရွှေမိသားစုကို မြန်မာ့ရိုးရာ ဂါရဝပြုတယ်ဆိုပြီး ဒူးတုပ်ရှိခိုးခိုင်းတာ၊ လူကြီးကမေးမှ ပြောခွင့်ရှိတာ) တွေမျိုးပေါ့။

ဗိုလ်ချုပ်ကြီးတွေ သူတို့ကိုယ်သူတို့ ဘုရားလောင်းရူးထတာကို နာဂစ်မုန်တိုင်းအပြီး ဗိုလ်သန်းရွှေတို့ ဧရာဝတီတိုင်းဘက် လူလုံးပြတဲ့ ခရီးပုံတွေမှာ တွေ့နိုင်တယ်။ ပဒေသရာဇ်ခေတ်လွန် မြန်မာပြည်မှာ မြန်မာနိုင်ငံသားတွေက စစ်ဗိုလ်တွေကို ထိုင်ကန်တော့နေရတာမို့ စစ်တပ်ရဲ့ ဘုရင်ခေတ်ပြန်ထူထောင်တဲ့ လုပ်ပေါက်က အူတက်အောင် ရီစရာကောင်းလှပါတယ်။

စိတ်ပညာနဲ့ အမူအကျင့်ရှုထောင့်တင်မက အဖွဲ့အစည်းနဲ့ချီပြီး အတွင်းကျကျ လေ့လာမယ်ဆိုရင် ပဒေသရာဇ် အကျင့်ဆိုးတွေ ပြန်ထူထောင်နေတာ မြင်ကြမယ်။ စစ်တိုင်းမှူးတွေ၊ အရာရှိတွေကို ဒေသခံတွေဆီက အခွန်အတုပ်ကောက် လုပ်အားချောဆင့်ခွင့်ပေးတာ၊ တပ်မင်းတွေကြားထဲ ဒေသခံတွေဆီက မိုက်ကြေးခွဲ အေးဓားပြတိုက်တာ အပြိုင်အဆိုင်ဖြစ်အောင် မြှောက်ပေးတာတွေပေါ့။

အသုံးတော်ခံဝါဒ ပျိုးထောင်ခြင်း

အမျိုးသားနိုင်ငံတွေ၊ အမျိုးသားရေးဝါဒတွေကို လေ့လာရာမှာ အထက်ဆုံးဆိုလောက်တဲ့ ကွယ်လွန်သူ အားနတ်စ် ဂယ်လ်နာ(Ernest Gellner) (အမျိုးသားဝါဒ၊ ၁၉၉၇) ရဲ့ စကားကို အနက်ကောက်ရရင် ပဒေသရာဇ်တိုင်းပြည်တွေမှာ ဥစ္စာဆိုတာ အာဏာပင်က သီးတာပါ။ ပိုက်ဆံရှိလို့ မင်းမဖြစ်ပါဘူး။ ဗိုလ်သန်းရွှေဟာ ဗိုလ်ချုပ်ကြီးငယ်အဆင့်ဆင့်ကို
ငွေလမ်းပြပီး ဖျက်ဆီးလာတာပါ။ မဆလခေတ်က အိန္ဒိယနွယ်ဖွား ၃ သိန်းကို နှင်လွှတ်တာလို စီးပွားရေးသမား ဘူဇွာတွေကို ဖယ်ထုတ်ပစ်တာ၊ ပြည်သူပိုင်သိမ်းပြီး တိုင်းပြည်ကို နလံမထူအောင် လုပ်ခဲ့တာတွေ ရှိပေမယ့် ဗိုလ်ချုပ်သန်းရွှေနဲ့ သာဝကများကတော့ စစ်အကျိုးစီးပွားကို ဗျူဟာကျကျ ချဲ့ထွင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တပ်မိသားစု၊ တပ်ထွက်အရာရှိနဲ့
စစ်တပ်အသုံးခံမယ့် စီးပွားရေးသမားတွေကိုပဲ ခွဲဝေကျွေးတဲ့ အကျင့်ပျက်တွေ ပေါ်လာပါတယ်။

လူသိအများဆုံး ဥပမာကတော့ ဦးတေဇပါ။ တပ်မိသားစုမှာမွေးတဲ့ စစ်တက္ကသိုလ်ကနေ ဗိုလ်လောင်းစည်းကမ်းဖောက်လို့ အထုတ်ခံရဖူးတဲ့ မြန်မာပြည်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တယောက်ပေါ့။ မကြာခင်ကအထိ စစ်တပ်မှာ တတိယ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးလုပ်သွားတဲ့ သူရရွှေမန်းရဲ့သားတွေကလည်း တိုင်းပြည်မှာ အချမ်းသာဆုံး ၁၀ ယောက် စာရင်းဝင်နေပါပြီ။ ဗိုလ်မှူးချုပ်တင့်ဆွေနဲ့ သူ့အပါးတော်မြဲ ဗိုလ်ကြီး (နောက် ဗိုလ်ချုပ်ကြီး) ခင်ညွန့်တို့ရဲ့ လူရင်း ဇေကမ္ဘာခင်ရွှေကရော။ မဆလခေတ် စစ်အင်ဂျင်နီယာတပ်မှာ “ဆိုရှယ်လစ် အလုပ်သမားကိုယ်စားလှယ်” ဝန်ထမ်း ဖြစ်ခဲ့သူပေပဲ။ ဦးခင်ရွှေက နိုဝင်ဘာရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကနေ ဝင်ပြိုင်မယ့်သူပဲ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး စီမံကိန်းတွေနဲ့ စစ်အစိုးရ ကြံ့ဖွံ့ပါတီမဲဆွယ်ရေး လုပ်လာတဲ့သူပေါ့။ သူ့သမီးက သူရရွှေမန်း ချွေးမလေ။

လူသိပ်မသိတဲ့၊ စစ်တပ်က လက်သပ်မွေး ထောက်ပံ့ထားတဲ့ လက်ဝေခံတွေလည်း ရှိပါတယ်။ စစ်အစိုးရလက်စွဲ “အရပ်ဘက် လူ့အဖွဲ့အစည်း” ဆိုတဲ့ အီးဂရက်စ် (Egress) လိုမျိုးပေါ့။ ဒီလူတွေ အကျိုးစီးပွားက စစ်တပ်ဗိုလ်ချုပ်တွေနဲ့ ဒွန်တွဲနေတာကတော့ ဘာမှ အံ့သြစရာမရှိပါဘူး။ သူတို့ထဲက တချို့က တိုင်းပြည်အတွက် စေတနာကောင်းတွေရှိမှာ မယုံမရှိပါဘူး။ အများစုကလည်း တိုင်းပြည်ရဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ အခြေကို ကြောင့်ကြနေကြပါတယ်။ ဒါပေမယ့် သူတို့မှာလည်း စစ်အစိုးရအမိန့်တော် နာခံပြီး အလိုတော်ရှိတဲ့ အခါတိုင်း ဗိုလ်ချုပ်ကြီးများ “သြဝါဒ” ကို နာခံဖို့ သစ္စာရှိရှိ ထမ်းရွက်ဖို့ကလွဲရင် ဘာမှ ရွေးလို့မရပါဘူး။ သူတို့ တသက်လုံး ယဉ်ပါးလာတဲ့ ကြီးပွားနေတဲ့ စစ်အရာရှိလူတန်းစားရဲ့ အကျိုးဆောင်ခအနေနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို အေးဓားပြတိုက်ခွင့်ကို စစ်အစိုးရဆီက ဒီ သူဌေးလက်သစ်တွေ ရကြပါတယ်။ တလောကတင်ပဲ အိမ်တော်ပါ စီးပွားရေးသမား ယုဇန ဦးဌေးမြင့် ကချင်နယ်မြေထဲက သဘာဝ ကျားထိန်းသိမ်းရေးလုပ်မယ် မှန်းထားတဲ့ ဧက တသိန်းကျော် ပါမစ်ရသွားပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကထိကဟောင်း မောင်အောင်မျိုးတောင် သူ့ရဲ့ “ တပ်မတော်ရဲ့ မြန်မာ့နိုင်ငံရေးကဏ္ဍ အနာဂတ် အလားအလာနှင့် ပြဿနာများ” ဆိုတဲ့ ဆန်းစစ်ချက်မှာ တပ်မတော်ကို ကိုယ်ကျိုးကြည့် “စစ်ဗိုလ်ချုပ်တစုက ပြန်ပေးဆွဲ” သွားပြီလို့ ရေးထားပါတယ်။ ထပ်ပီးအသေးစိတ် ကြည့်ရင်တော့ ပြည်သူတွေဆီက မတရားရသမျှ စစ်ဗိုလ်ကြီးငယ်တွေ အကျိုးတူခွဲဝေစားနေတဲ့ သမူဟသဘောကို တွေ့ပါမယ်။ တိုင်းပြည်နဲ့ အနာဂတ်ကို ပြန်ပေးဆွဲခံရတယ်ဆိုရင်
အဲဒါ သူ့စစ်သားတွေ ဆွဲတာပဲ။

မြန်မာ့ပဒေသရာဇ် ခေတ်ဟောင်းမှာ ကျေးတော်မျိုး ကျွန်တော်မျိုးတွေအားလုံး ဘုရင်ရွှေဘောတော်ကျအောင် အမှုထမ်းကြရတာပါ။ မင်းခယောက်ျား ဆိုတဲ့အတိုင်း အတက်အကျကလည်း အင်မတန် မြန်ပါတယ်။ အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်မှာလည်း ဗိုလ်ချုပ်ကြီး နေဝင်းခေတ်လိုပဲ ဒီဇာတ်ထုပ် ပြန်ခင်းနေကြတာပါ။

မျက်မှန်တင်ဦးနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ခေတ် MI (စစ်ထောက်လှမ်းရေး) အဖွဲ့လိုက် ပြုတ်တာလို အစုလိုက် အပြုံလိုက် ဖြုတ်ထုတ်ရှင်းတွေကလည်း ဖြစ်နေတုန်းပါ။ စစ်အရာရှိတွေ အဆင့်လိုက် ရာထူးရှိတုန်း လာဘ်အကြီးအသေး မျိုးစုံယူပြီး အုပ်ချုပ်ရေး နိုင်ငံရေးအာဏာကို အသုံးချကြပါတယ်။ တိန့်ရှောင်ဖိန်တို့ တရုတ်ပြည်မှာ မြန်မြန်ချမ်းသာတာ ဂုဏ်တကယ်ရှိပေမယ့် ဗိုလ်သန်းရွှေတို့ တိုင်းပြည်မှာ ရှိသမျှ စားနိုင်သလောက် “စားပစ်တာ” က ဗုဒ္ဓဘာသာ လူများစုရဲ့ ရိုးရာအမြင်မှာကို ဂုဏ်ပြောင်တယ် မထင်ပါဘူး။ ဒါဟာ တတပ်လုံး သူခိုးဖြစ်ကုန်မှန်း ရိပ်မိလောက်တဲ့ မြန်မာစစ်အရာရှိတိုင်း အနပ်ဆုံး အပါးဆုံး လုပ်တတ်တဲ့ လမ်းကြောင်း ဖြစ်နေပါပြီ။ ဒီ စစ်ဘုရင်လူတန်းစားသစ်မှာ သီလကြောင်တွေလောက်ပဲ စာရိတ္တမြဲနေတော့တာပါ။ ကမ္ဘာ့အကျင့်ပျက် ခြစားစာရင်းမှာ မြန်မာပြည် အမြဲ အောက်ဆုံးမှာ ရှိတာ ဘာမှမဆန်းပါ။

အရိုးအရင်း သူကောင်းပြု ကံကျွေးချစနစ်

၁၉၉၀ ကနဦးနှစ်တွေကတည်းက ကာကွယ်ရေးဌာနက အစိုးရစီးပွားရေးလုပ်ငန်းတွေကိုယူပြီး တပ်မတော်ပိုင်စီးလာခဲ့တာပါ။ အခုဆို ကြက်ခြံကအစ စက်ရုံလေးတွေ၊ အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ သင်္ဘောကျင်းငှား လုပ်ငန်း၊ ဘဏ်၊ သွင်းကုန်ထုတ်ကုန်၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ သတ္တု ရှိရှိသမျှ ငွေအိုးတွေ အိတ်ထဲ အကုန်ထည့်ထားတာပါ။ စစ်တပ်နဲ့ ဗိုလ်ချုပ်တွေနဲ့ မကင်းဘဲ ဘာစီးပွားရေးမှ ကြီးကြီးမားမား လုပ်မဖြစ်တော့ပါဘူး။ စီးပွားရေးဟာ တပ်မတော်လက် ကျသွားပြီပဲ။

ဦးနေဝင်း ဆိုရှယ်လစ်စစ်အစိုးရနဲ့ မတူတာက လက်ရှိလူတွေက စီးပွားရေးသမားကြီးတွေကို ဖယ်မထားဘူး။ နိုင်ငံရေး-စီးပွားရေး ဝေမျှစားတဲ့စနစ်နဲ့ လုပ်ငန်းရှင်တွေကို စစ်အစိုးရ အလုပ်အကျွေးပြုခိုင်းနေတာပါ။ ဘုရင်ခေတ်က ကုန်သွယ်စီးပွား
တော်ကြီးဘုရား ပိုင်ထားသလိုမျိုး အခုခေတ် စီးပွားရေးသမားတွေကိုလည်း သူတို့အသုံးတော်ခံဘို့ မြှောက်စားနေတာပါပဲ။

တကယ်က ဗိုလ်သန်းရွှေဟာ စစ်ဗိုလ်တွေ ကပ်ပါးဓနရှင်တွေရဲ့ လောဘနဲ့ အနာဂတ်မရေရာတဲ့ ဗျာပါဒကို ကောင်းကောင်းကြီး ကစားပြနေတာပါ။ ရွေးကောက်ပွဲပြီးရင် စီးပွားရေးချုပ်ကိုင်မှုတွေ လျှော့ပေးမဟဲ့ဆိုတဲ့ မက်လုံးနဲ့လည်း နိုင်ငံခြားမှာ လုပ်စားတတ်ပါသေးတယ်။ စစ်အေးခေတ်လွန်စီးပွားရေးဆိုတာ စီးပွားရေးလုပ်တာပဲဆိုတာမှန်းသိဖို့က
နိုင်ငံတကာရေးရာ စီးပွားရေးပါရဂူဘွဲ့တွေ ရှိစရာမလိုပါဘူး။

ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲနီးလို့ ဒေါ်စုလွတ်တော့မယ်ဆိုပြီး စစ်အစိုးရဘက်က အသံလွှင့်လိုက်ရင်ပဲ အနောက်တိုင်း အစိုးရတွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီတွေ ပြီးတော့ စိုက်ပျိုးရေးနဲ့ နော်ဝေ၊ ဆွီဒင်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိက က စွမ်းအင်ရင်းမြစ်လုပ်ငန်းတွေဟာ အရှေ့တောင်အာရှရဲ့ နောက်ဆုံးစီးပွားရေး နယ်ခြားဒေသကို ချီတက်ချင်စိတ်တွေ မြူးကြွပြီး ဖုံးရဖိရ ခက်ကုန်သပေါ့။

မြန်မာ “အရပ်ဘက် လူ့အဖွဲ့အစည်း”၊ လွတ်လပ်တဲ့ဈေးကွက် ဆိုတာတွေကို ပြောဟော၊ အဓိပ္ပာယ်မရှိတဲ့ “ လွတ်လပ်မျှတပြီး အားလုံးပါတဲ့” ရွေးကောက်ပွဲ ဆိုတဲ့ ဂါထာကို ဥုံခံစုတ်နေချိန်မှာပဲ ကုလသမဂ္ဂ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) နဲ့ တချို့ ဥရောပအစိုးရတွေကတော့ ကမ္ဘာ့လက်ကျန် “ဈေးကွက်အရိုင်း” တကွက်ကို ဖွင့်မဟဲ့လို့ အာသာငမ်းငမ်းထနေပါပကော။ ဗိုလ်သန်းရွှေ လက်သပ်မွေး စစ်ဘုရင်တွေက မြေပေါ်မှာ မျိုလို့ခဲလို့ ကောင်းနေချိန်မှာ ပြည်ပက လင်းတတွေ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီးယား၊ မလေးရှားတွေ အမြန်အုပ်လို့ ကျန်တာ ဝင်ဆွဲဖို့ အချိန်ကောင်း (“ရွေးကောက်ပွဲအလွန်” ကို) မြန်မာ့ကောင်းကင်ယံကနေ ဝဲလို့ စောင့်နေလေရဲ့။

လူရှိတဲ့နေရာတိုင်းမှာ ငွေနဲ့အာဏာပေါင်းပြီး လောကကို ကန့်လန့်တိုက်နေကြလို့ အဒမ်စမစ်ရဲ့ “ကျင့်ဝတ်ခံစားမှုများ သီဝရီ” (Theory of Moral Sentiments, ၁၇၅၉) မှာ ဆိုပါတယ်။ အနှစ် ၂၀၀ ကျော်ပြီးနောက် အခုခေတ်အစိုးရတွေဟာ (အဖွဲ့အစည်းကြီးတွေ အပါအဝင်) အောက်ကျနောက်ကျ လူ့ပတ်ဝန်းကျင်က တဘူးရိုင်းသော မရိုင်းသော ရှိရှိသမျှဈေးကွက်တွေကို စီးပွားရေးလောကနဲ့ ကော်ပိုရိတ်ဆရာတွေကတဆင့် သံဝါသမပြုခင်မှာ ချစ်သမျှကိုပတ်ပျိုးလေးနဲ့ ဇာတ်နှိုးလိုက်သေးတာပါ။ ဒီလို အုပ်စုလိုက် မတရားကျင့်ခံရတာကိုပဲ ကျောမွဲတွေက ကျေးဇူးတင်ပေးရဦးမတဲ့။

“လွတ်လပ်တဲ့ ဈေးကွက်” အင်အားစုတွေကပဲ စစ်အုပ်စုကို အာဏာလွှမ်းမလား။ အင်ဒို၊ ဖိလစ်ပိုင်၊ တူရကီမှာလို မဟုတ်ဘဲ “ဈေးကွက်နဲ့ ဒီမိုကရေစီ” အသံကောင်းဟစ်ရင်း ပဒေသရာဇ်ခေတ် နောက်ပြန်ဆုတ်ပြီး မြန်မာ့လူ့အဖွဲ့အစည်း စီးပွားရေး နိုင်ငံရေးအလုံးစုံကို အာဏာရ ပဒေသရာဇ်ဗိုလ်ချုပ်များ ဆက်ချုပ်ကိုင်နေမလား။

ဒီတော့ ဗိုလ်သန်းရွှေခေတ် မြန်မာပြည်မှာ ဗိုလ်စစ်သားတွေ မတော်လှန်တာ၊ မတော်လှန်ရဲတာ ဘာမှ အံ့သြစရာ မရှိပါဘူး။

အာဏာပိုင် စစ်သူရဲတွေက ခွေး ဘုရားပွဲတွေ့၊ ပဒေသရာဇ်တခေတ် ပြန်ထူထောင်နေတာကိုး။

ဒေါက်တာ ဇာနည်၏ Why Soldiers Don't Rebel in Than Shwe Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/4641-2010-11-06-14-28-30

0 အကြံပြုခြင်း: