Monday, December 27, 2010

မပြီးဆုံးသေးသော စစ်ပွဲ၊၊ ပြီးဆုံးခဲ့သော စစ်ပွဲများနှင့် ကျနော်တို့ကြားက နိုင်ငံရေးယဉ်ကျေးမှု


မပြီးဆုံးသေးသော စစ်ပွဲ၊၊ ပြီးဆုံးခဲ့သော စစ်ပွဲများနှင့် ကျနော်တို့ကြားက နိုင်ငံရေးယဉ်ကျေးမှု         
                                                                                                                                   ( ရေးသားသူ- အောင်မိုးဝင်း )
 
ဘာရယ်လို့မဟုတ်ဘူး။ ဆရာစိန်ခင်မောင်ရီ စာပေဆုရခဲ့ဘူးတဲ့ဝတ္ထုလေးတပုဒ်ကိုသွားသတိယနေမိတယ်။
ဝတ္ထုအမည်ကိုတော့ တိတိကျကျမမှတ်မိတော့ဘူး။ ဒါပေမဲ့ ဘာသာပြန်စာပေဆုရခဲ့တဲ့ဝတ္ထုတပုဒ်ဆိုတာတော့
သေချာတယ်။ ဇာတ်လမ်းကျောရိုးက ဒီလိုပါ။ ဒုတိယကမ္ဘာစစ်အတွင်းတုံးက ဖက်ဆစ်ဝန်ရိုးတန်းနိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့တပ်စုတစုအကြောင်းရေးဖွဲ့ထားတဲ့ဇာတ်လမ်း။
အဲ့ဒီ ဂျပန်တပ်စုလေးက ကျွန်းတကျွန်းမှာ စစ်တိုက်နေရတယ်။ စစ်ကြီးပြီးဆုံးသွားတာ မသိလိုက်ဘူး။
စစ်တိုက်ဖို့အတွက် အမြဲတမ်းပြင်ဆင်၊ ရန်သူကိုတောနင်းရှာကြတယ်။ မဟာမိတ်တပ်တွေက စစ်ကြီးပြီးသွားပြီကြောင်း စာရွက်စာတမ်းတွေ ဝေချတယ်။ သူတို့က သံသယရှိကြတယ်။ ဒါဟာ ရန်သူက ဝါဒဖြန့်မှုတခုလို့ ယုံကြည်နေကြတယ်။ စစ်ကိုဆက်တိုက်ဖို့ပြင်ဆင်ကြတယ်။ သူတို့နဲ့အတူနေတဲ့ မိန်းခလေးတချို့က ကျွန်းပေါ်ကနေထွက်ပြေးသွားပြီး ဂျပန်နိုင်ငံရဲ့မြို့တွေမှာ ဘဝသစ်တခုကိုတည်ဆောက်ကြတယ်။
သူတို့ရဲ့မိသားစု၊ဘဝသစ်တွေကို ဓါတ်ပုံရိုက်ပြီး၊ ကျွန်းလေးမှာ ကျန်ခဲ့တဲ့ မိတ်ဆွေဟောင်းဂျပန်စစ်သားလေးတွေဆီကို မရောက်ရောက်အောင်ပို့ပေးလိုက်တယ်။ ဂျပန်စစ်သားလေးတွေအတွက်တော့၊ သူတို့နဲ့အနီးစပ်ဆုံး မိတ်ဆွေကောင်မလေးတွေပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးတွေကိုမြင်လိုက်ရမှ၊ စစ်ကြီးတကယ်ပြီးဆုံးသွားပြီ ဆိုတာကို သဘောပေါက်လက်ခံလိုက်ကြတယ်။
 
ဒီဝတ္ထုလေးကိုပြန်စဉ်းစားနေမိတယ်။ စာဖတ်ဝါသနာပါခါစက ခံစားကြိုက်နှစ်သက်ပုံမျိုးနဲ့ ယ္ခုအချိန်မှာ ကြိုက်သလိုမျိုးတူသေးရဲ့လား။ ဟိုတုံးက စစ်ကြီးပြီးသွားတာကို မသိလိုက်တဲ့ ဂျပန်စစ်သားလေးတွေကို မချိတင်ကဲ ဒေါသထွက်၊ ပြက်ရယ်ပြု လိုတဲ့ ခံစားမှုထောင့်ကနေကြည့်ခဲ့တယ်။( ဖက်ဆစ်ဂျပန်ဆိုတော့ ခံလိုက်ပေါ့ကွာ ဆိုတဲ့အတွေးကရှိနေသေးတယ်)။အခုကျတော့ ဒီိလိုခံစားမှုမျိုးမဟုတ်တော့ဘူး။ မတွေးမိတဲ့ ထောင့်တွေကိုပြန်ခံစားကြည့်မိတယ်။ ပြီးဆုံးသွားတဲ့ စစ်ပွဲတွေနဲ့ မပြီးဆုံးသေးတဲ့ စစ်ပွဲတွေအကြောင်း၊ ဒီ စစ်ပွဲဂယက်တွေကြားမှာ လှုပ်ရှားနေကြတဲ့ ပုံရိပ်တွေအကြောင်း ဆက်စဉ်းစားနေမိတယ်။
 
အပိုင်း(၁)
 
 “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့တဲ့အရာတခု ဖြစ်တယ်” လို့ ဆရာဒဂုန်တာရာက ဖွင့်ဆိုခဲ့တယ်။
Art of Diplomacy ဆိုတဲ့ဝေါဟာရကို ဆိုလိုပုံရပါတယ်။
လှတယ်။ ဗွီသိုဘင် တီးနေတဲ့ စန္ဒယားတေးတပုဒ်ထဲကို ပန်းလေးတပွင့် ထပ်ပွင့်ပေးလိုက်သလိုမျိုးလှပါတယ်။
ဒါပေမဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝတွေက  အဲ့သလိုမျိုးမဖြစ်ခဲ့ဘူး။  မကောင်းဆိုးဝါးတွေခင်းထားတဲ့လမ်းပြမြေပုံမှာ၊အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောက်ဖဲနဲ့ခေါ်ရိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း ကျနော်တို့နားလည်နေကြတယ်။ အနှစ် (၂၀)ကျော်၊ ဘဝသစ်တခုရမလားဆိုပြီး စီးပွားရေးထိုးစစ်အောက်မှာ မေ့မေ့လျော့လျော့မျောခဲ့တဲ့ သူတွေဆီက သေနတ်သံတွေပြန်လည်ကြားရတဲ့ခေတ်မှာ  မကြုံချင်ပေမဲ့ ရင်ဆိုင်ရမဲ့စစ်ပွဲတွေ ဆက်လက်ရှိနေအုံးမယ်။
စန္ဒယားခလုတ်ပေါ်မှာ ပန်းပွင့်နိုင်တဲ့အခြေအနေမဟုတ်ခဲ့ဘူး။ ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ၊
ကျနော်တို့ရင်ဆိုင်ရမဲ့ အခင်းအကျင်းမှာ ပေးဆပ်ကြရအုံးမယ်။  နှစ်သစ်မှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ အန်တုငြင်းဆန်မှုတွေက  ကြိုနေအုံးမှာအမှန်ပဲ။
 
အပိုင်း (၂)
 
 “ နိုင်ငံရေးဆိုတာ မိတ်ဆွေတွေကို ရန်သူဖြစ်သွားအောင်လုပ်တဲ့အတတ်ပညာဖြစ်တယ်” တဲ့။
ပြည်ပမှာဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းတွေနဲ့ဝေးဝေးနေချင်တဲ့မိတ်ဆွေတယောက်ရဲ့မကြာခဏပြောလေ့ရှိတဲ့စကားကို ကြားနေမိတယ်။ “ စစ်ပွဲပြီးစ မြို့ပျက်ကြီးလို--- မုန်းလို့ကို မရဘူး” ဆိုတဲ့ ၊ ချစ်ကောင်းသီချင်းကို ကျနော်ကပြန်ဆိုပြတယ်။ ၁၉၈၉ ကာလတုံးက အဖြစ်အပျက်တွေကို ပြန်ပြောပြမိတယ်။
ပုံတောင်ပုံညာ လို့ခေါ်တဲ့အညာဘက်က ရွာတရွာမှာကြုံခဲ့ရတဲ့အကြောင်းအရာတခုအကြောင်းစပြောကြည့်ချင်တယ်။
အဲ့ဒီနယ်က အလံနီတွေ ကြီးစိုးခဲ့တဲ့နယ်လို့ဆိုကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်၊ ကျနော်တို့တတွေ နယ်တွေဆီဆင်းကြတယ်။ ပြည်သူလူထုဆီကအသံကိုလေ့လာစူးစမ်းကြတယ်။ အဲ့ဒီနယ်လေးမှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးတခုကတော့ ကြောက်စရာကောင်းလောက်အောင်မှတ်မိနေတယ်။
အစည်းအဝေးကိုလာတက်တဲ့လူကြီးတွေကအစ၊ အစည်းအဝေးအရှိန်မြင့်လာတဲ့အခါ၊ “သဘောတရားနဲ့မရရင် မျှောသားနဲ့ရိုက်ကွာ” ဆိုတဲ့အသံတွေထွက်လာတယ်။ တချို့ က ဖွက်ယူလာတဲ့ ဓါးကိုထုတ်ကြတယ်။
အလည်လာတဲ့ ကျနော်တို့တတွေ၊ သူတို့ရဲ့ ငြင်းခုန်မှုထဲမှာပိတ်မိနေတယ်။ သူတို့ပုံစံတွေက ဖိန့်ဖိန့် ဖိန့်ဖိန့်လုပ်နေတာမဟုတ်ဘူး။ တကယ်ကိုလုပ်ကြမှာ။ အခန့်မသင့်ရင် ကိုယ်ပါအသတ်ခံရမဲ့ကိစ္စ၊ ကြားကဝင်ဖြန်ဖြေမှပြီးသွားတော့တယ်။ အဲ့သလိုမျိုးပဲ။ ၁၉၈၉ မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉)မှာ ကျင်းပပြီးနောက်တရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ က မန္တလေးတက္ကသိုလ်(ရတနာဘုံမ္မိ)မှာ
ကျင်းပတယ်။ မ.က.သ ညီလာခံမှာ မြေလတ်ကျောင်းသားတွေ ဖြစ်တဲ့ ကိုသန်းနိုင်၊ ဗထူးမောင်တို့ကလည်း မန္တလေး ဗကသ ခေါင်းဆောင်တွေကို ဓါးကျိန်း ကျိန်းတယ်။ “ ညိုထွန်းနဲ့သန့်စင် မြေလတ်လာလို့ကတော့ ခေါင်းကျူးရင် ခေါင်းဖြတ်ပစ်မယ်။ ခြေကျူးရင် ခြေဖြတ်ပစ်မယ်” လို့ ဆိုတယ်။ တဘက်အုပ်စုကလည်း
“ အေး မင်းတို့ပဲ မန္တလေးက အရှင်ထွက်ထွက်ဖို့ကြိုးစားပါအုံးလို့ပြန်ကြိမ်းတယ်။ မစိုးရိမ်တိုက်က ဥတ္တမဂျာနယ်ကို ဦးဆောင်ထုတ်ဝေတဲ့ သံဃာတော်တွေက မကသညီလာခံကို ရာဇသံပေးဖို့ တိုက်ဟောင်းထဲမှာလူစုခဲ့ကြတယ်။ တကယ်တော့ ဘယ်သူ့ရဲ့ခေါင်းမှာမဖြတ်နိုင်ခဲ့ကြပါဘူး။ သဘောတရားနဲ့မရရင်မျှောသားနဲ့ရိုက်ကွာဆိုတဲ့ ကျေးရွာလူကြီးတွေရော၊ ဗကသ၊ မကသ တွေအားလုံး စစ်အစိုးရရဲ့အကျဉ်းစခန်းတွေထဲမှာ ပြန်လည်ဆုံဆည်းလိုက်ကြတယ်။ အားလုံးက ရိုက်နှက် ကန်ကြောက်ခံထားရတဲ့သူတွေ၊ ကိုယ်ကသာ ကြုံးဝါးခဲ့တာ ကိုယ်ချည်းခံနေရတဲ့အဖြစ်။
 
 
အပိုင်း(၃)
 
ဘတ်ဖလိုးမြို့လေးမှာ ကိုမောင်မောင်ဝမ်းနဲ့ပြန်ဆုံဖြစ်တော့ သူက “ ကျနော်ထွက်မလာခင်တုန်းက ကိုညိုထွန်းကိုပြောခဲ့တယ်။ အရင်ဟာတွေပြန်တွေးကြည့်ရင် ရှက်စရာကြီးချည်း” တဲ့။ ကျနော့ရှိတဲ့မြို့လေးနားမှာ သူရောက်လာတယ်ဆိုတာသိနေပေမဲ့၊ ဘတ်ဖလိုးမြို့မှာ ခွပ်ဒေါင်းအလံတင်တဲ့အခန်းအနားတခုကျမှ၊ ကျနော်တို့ပြန်ဆုံဖြစ်ကြတယ်။ ကျနော်ရော၊ သူရော၊ အရင်တုံးကဖြစ်ခဲ့တဲ့ပြဿနာတွေကို ပြန်အစဖေါ်ပြီးသွေးတက်စေမဲ့အဖြစ်အပျက်မျိုးကိုရှောင်ခဲ့ကြတယ်။
ကျနော်တို့တတွေ တယောက်နဲ့တယောက် စီးပွားရေး၊ လူမှုရေးဘယ်လိုအားကောင်းအောင်ကူညီကြမလဲ။
အထူးသဖြင့် ကျနော်က အရင်ရောက်နှင့်သူဆိုတော့ နောက်ရောက်လာတဲ့သူတွေကို ကူညီရမဲ့တာဝန်ရှိတယ်။
သူများနိုင်ငံမှာ အောက်ခြေအလုပ်တွေကနေပြန်စလုပ်နေရတဲ့ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ တည်တည်ငြိမ်ငြိမ်နိုင်ငံရေးဆက်လုပ်နိုင်အောင်ဘယ်လိုလုပ်ကြမလဲ။
ဒီလိုနဲ့ ဘဝတွေကိုတဖြည်းဖြည်း မျှဝေကြည့်ကြတယ်။ စကားတွေအရှိန်ရလာတဲ့အခါကျမှ ပြဿနာတွေကို ပေါ့ပေါ့ပါးပါးပြန်လည်ဖလှယ်ကြတယ်။ ပြန်ပြောကြတယ်ဆိုတာကလည်း ရှက်စရာကောင်းတဲ့ အကွဲအပြဲတွေအကြောင်းပါ။ သူကလည်း သူ့ရဲ့အကြပ်အတည်းတွေ၊ သူ့ဆီကို အီးမေးကနေ တိုက်ခိုက်ခံနေတဲ့ စာတွေအကြောင်းပြောပြတယ်။ ကျနော်ကလည်း သူနဲ့ကျနော်တို့ကြားမှာ ရှုပ်ထွေးခဲ့တဲ့အကြောင်းအရာတခုကို ရယ်ရယ်မောမော စမေးကြည့်မိတယ်။
 
အပိုင်း (၄)
 
၁၉၉၅ ရန်ကုန်တက္ကသိုလ်စိန်ရတုသဘင် နှစ်ပတ်လည်ကာလလောက်တုံးကထင်တယ်။
ကျနော်တို့ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေကလည်း မေဂျာအလိုက် အုပ်စုဖွဲ့ပြီး၊
ရန်ကုန်တက္ကသိုလ်( ပင်မ) လမ်းတဘက်ကကွင်းပြင်ကြီးထဲမှာ စားသောက်စရာတွေရောင်းချကြတယ်။
တက္ကသိုလ်စိန်ရတုသဘင်ကိုဝင်နွဲခဲ့ကြတယ်။ စစ်အစိုးရရဲ့မတရားအုပ်ချုပ်မှုကို တဘက်က ဆန့်ကျင်ခဲ့ကြသလို၊
တက္ကသိုလ်ရနံ့က မွေးထုတ်ပေးလိုက်တဲ့ ယဉ်ကျေးမှု၊ နုညံ့သိမ်မွေ့မှုတွေကိုလည်း ပွေ့ဖက်ခဲ့ကြတယ်။
၁၉၈၈ အရေးတော်ပုံမတိုင်ခင်တုံးကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ တိုင်းရင်းသားရိုးရာပွဲတော်တွေဆီ မကြာခဏရောက်ခဲ့ပေမဲ့ စစ်အာဏာသိမ်းအစိုးရလက်ထက်မှာတော့ “ ညောင်သီးလည်းစား လေးညှို့သံလည်းနားထောင်” ဆိုသလိုမျိုး  စာသင်ခန်းတွေကိုဖြတ်ကြရတယ်။ စာသင်ချိန်ကာလက ရင်ခုန်နူးညံ့စရာတခုမှမရှိအောင်မြန်ဆန်ခဲ့တာကိုး။ ဒါပေမဲ့ တက္ကသိုလ်ဝင်းအတွင်းက ဝိညာဉ်တွေက အမြဲတမ်းသတိပေးနေတတ်ပါတယ်။တက္ကသိုလ်စိန်ရတုသဘင်ပွဲတော်မကျင်းပခင်ကတည်းက ဖြိုဖျက်ခံရတဲ့ သမဂ္ဂအဆောက်အဦဟောင်းရှေ့၊ ဗိုလ်အောင်ကျော်ကျောက်တိုင်ရှေ့မှာပန်းစည်းတွေချကြဖို့
အစီအစဉ်တွေရှိသလို၊ သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ကန်တော့ဖို့အတွက်လည်း ပြင်ဆင်နေကြတဲ့သူတွေရှိတယ်။
ဒီလိုပြင်ဆင်နေတဲ့ ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊
 ဦးနေဝင်း ကိုလည်း ဖိတ်ပြီး ကန်တော့ဖို့ဆိုတဲ့ သတင်းကရောက်လာတာကိုး။ ဟာ ဘယ်လိုဖြစ်တာလဲ။
နေဝင်းဆိုတဲ့ကောင်က ကျောင်းသားသမဂ္ဂကို ဗုံးခွဲပြီး၊ ပြည်သူများစွာကိုသတ်ဖြတ်ဒုက္ခပေးခဲ့တဲ့ကောင်၊
အခု ဦးနေဝင်းကို ဖိတ်ကြားကန်တော့ချင်တဲ့ ကိုမောင်မောင်ဝမ်း နဲ့
မန္တလေးမှာတုံးကလည်း ဗကသ၊ မကသ ညီလာခံဆိုင်ရာပြဿနာတွေမှာ ထိပ်တိုက်တွေ့ခဲ့ကြတယ်။ အခုလည်းလာပြီး ထိပ်ထိပ်တွေ့ကြပြန်ပြီ လို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ကျနော်တို့ချင်းမျက်နှာချင်းဆိုင်ပြဿနာတက်လောက်အောင် အခြေအနေမပေးခဲ့ဘူး။
 
အပိုင်း(၅)
 
ဒါပေမဲ့ အခုလို သူများတိုင်းပြည်မှာ ပြန်ဆုံကြတဲ့အခါမျိုးကြတော့ အရင်ကလို အယူအဆမတုလို့ ၊ အစာမကြေတဲ့ကိစ္စတွေမရှိတော့သလို၊
 ဦးနေဝင်းကိစ္စတွေ၊ ထောင်ထဲက ဇာတ်လမ်းတွေကို အကုန်ပြန်လှန်ငြင်းခုန်နေရင် စိတ်ပျော်စရာတစက်မှ ရှိမှာလည်းမဟုတ်ဘူး လို့နားလည်ထားကြတယ်။  ထောင်ထဲက ဇာတ်လမ်းတွေကတော့ သူတယောက်တည်းမှမဟုတ်ဘူး။ ကျန်တဲ့သူတွေအကြောင်းလည်းပြောကြတာပဲ။ ပြဿနာက မျက်နှာချင်းဆိုင်ပြောကြပါလားဆို တယောက်မှလည်းမပြောရဲကြဘူး။
ဒါပေမဲ့ သူ့ကိုတိုက်ခိုက်နေတဲ့ အီးမေးတွေနဲ့ပတ်သက်ပြီး “ခင်ဗျားဘက်က အဲ့ဒီကိစ္စတွေကို ဖွင့်သာရေးပစ်လိုက်ဗျာ။ ငြိမ်သွားလိမ့်မယ်” လို့ အကြံပေးခဲ့ဘူးတယ်။
သူကလည်း ရိုးရိုးသားသားတင်ပြခဲ့ပြီးပြီလို့ထင်ပါတယ်။ တကယ်တော့ ဒီကိစ္စတွေက ကျနော်တို့ကြားမှာ အသေးအမွှားကိစ္စတခုလိုဖြစ်သွားပါပြီ၊ သူလည်း ရန်သူရဲ့အကျဉ်းစခန်းတွေထဲမှာ နှစ်ကာလရှည်ကြာစွာဖြတ်သန်းခဲ့ရသလို၊ ရန်သူကိုဒူးထောက်အလင်းဝင်တဲ့အလုပ် မလုပ်ခဲ့သေးပါ။
ဗမာပြည်လွတ်မြောက်ရေးအတွက်၊ သူစွမ်းသလောက်ဆက်လက်လုပ်ကိုင်နေသူဖြစ်တယ်။
နိုင်ငံရေးအရကြိုက်ခြင်း၊ မကြိုက်ခြင်း၊ သူ့အမြင်ကိုယ့်အမြင်တွေကိုတော့ လွတ်လပ်စွာသဘောထားကွဲပိုင်ခွင့်ရှိပါတယ်၊ နိုင်ငံရေးအယူအဆတခုကိုကြိုက်ပိုင်ခွင့်ရှိသလို၊ ဆန့်ကျင်ပိုင်ခွင့်လည်းရှိပါတယ်။ ဒီမိုကရေစီရဲ့ကျင့်စဉ်တွေကိုတော့ လေးလေးစားစားအသိအမှတ်ပြုရပါလိမ့်မယ်။
သေချာတာတခုကတော့ သူများနိုင်ငံမှာ ကျနော်တို့တတွေ စီးပွားရေး၊ လူမှုရေး၊
နိုင်ငံရေးလုပ်ငန်းတွေကို ဘယ်လိုအောင်မြင်အောင်တည်ဆောက်ကြမလဲ။ ဒါကိုပဲအလေးအနက်ထား၊လက်တွဲလုပ်ကြဖို့၊တယောက်နဲ့တယောက်အားပေးကူညီကြဖို့ ပြင်ဆင်ပူးပေါင်းခဲ့ကြတယ်။
 
ပြဿနာက ကျနော်တို့ဗမာပြည်နိုင်ငံရေးမှာတည်ရှိနေတဲ့ နိုင်ငံရေးယဉ်ကျေးမှု။
ဒီ ယဉ်ကျေးမှုကို လွန်ခဲ့တဲ့ အနှစ် (၂၀) က အတိုင်း စွဲကိုင်ထားသူတွေရှိတယ်။
လူလေးငါးယောက်နဲ့အုပ်စုဖွဲ့မယ်။ ဂိုဏ်းဂဏစိတ်ထားမယ်။ ပြီးရင် သမိုင်းတွေကို အမေ့ဆီက ရတဲ့အမွေတခုလို
လျှောက်ပြောမယ်။ ကိုယ်နဲ့အယူအဆမတူသူတွေကို နိုင်ငံရေးမြင်ကွင်းထဲက ဖယ်ရှားဖို့လုပ်မယ်။
 
တကယ်တော့ စစ်အေးတိုက်ပွဲမှာ အတုယူစရာတွေအများကြီးပါ။
အမေရိကန်ပြည်ထောင်စုနဲ့အနောက်အုပ်စုဟာ သူတို့အတွင်းက အယူအဆရေးရာတိုက်ပွဲကို ပါးပါးနပ်နပ်ငြင်းခုန်ခဲ့ကြတယ်။ မိတ်ဘက်ပဋိပက္ခကို မိတ်ဘက်ပဋိပက္ခအတိုင်းရှင်းခဲ့ကြတယ်။ဆိုဗီယက်၊ တရုတ် အုပ်စုကတော့ သူတို့အတွင်းက မဟာမိတ်ပဋိပက္ခကို ရန်ငါစည်းတားအပြတ်ရှင်းခဲ့ကြတယ်။ အတိုက်အခံတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ နိုင်ငံရေး မြင်ကွင်းထဲကနေရှင်းထုတ်ဖို့ကြိုးစားခဲ့ကြတယ်။ ဒီအချက်ဟာ  အမေရိကန်ပြည်ထောင်စုနဲ့အနောက်အုပ်စုကို ရှုံးနှိမ့်ခဲ့ရတဲ့အကြောင်းရင်းတွေထဲက အချက်တချက်ဖြစ်တယ်။ ဒီ စရိုက်လက္ခဏာတွေက ကျနော်တို့မျိုးဆက်အထိ ကူးစက်နေဆဲပဲ။ ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်းပျက်တယ်ဆိုတဲ့ စကားပုံကို လူတော်တော်များများကြားဘူးပေမဲ့၊ သတိထားလုပ်ကိုင်သူက အင်မတန်ရှားပါတယ်။ တကယ်တော့ ဒီလို အကျင့်စရိုက်ရှိတဲ့ အုပ်စုတွေအတွက် အမေရိကားမှာနေရာမရှိပါဘူး။ ထိုးဖောက်တက်လှမ်းနိုင်မယ်လည်းမထင်ဘူး။
အထူးသဖြင့် အင်ဖေါ်မေးရှင်းတက္ကနော်လောဂျီခေတ်မှာ တစုံတယောက်က တစုံတယောက်ကို  အတွေးအခေါ်စည်းတားထားလို့မရသလို၊ မြင်ကွင်းထဲက ရှင်းထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခေတ်က ပြောင်းနေပြီဆိုတဲ့အချက်ကို သတိမထားမိတာတော့ တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။
 
အပိုင်း (၆)
 
ပြည်တွင်းက မျိုးဆက်သစ်တွေဒီကနေ့စိတ်ဝင်စားတာက “ အကြပ်အတည်းကလွတ်မြောက်ဖို့အတွက် အိုင်ဒီယာအသစ်တွေကိုဘယ်သူပေးနိုင်သလဲ၊ မျိုးဆက်သစ်တွေအတွက် စံထားရမဲ့ နိုင်ငံရေးသမားတွေက ဘယ်သူတွေလဲ၊ ကျနော်တို့ဘာလုပ်ကြမှာလဲ” ဆိုတဲ့အရာတွေဖြစ်တယ်။
ဖေ့စ်ဘွတ်က်မှာ ကြည့်လိုက်ရင် မျိုးဆက်သစ်လူငယ်တွေရဲ့ ဆာလောင်မှု၊ ဖန်တီးမှု၊ ကြိုးစားမှုတွေက အားရစရာပဲ။သူတို့မှာ ရတဲ့ဘောင်အတွင်းကနေ ပြင်းပြင်းထန်ထန်လေ့လာကြတယ်။ သူများနိုင်ငံတွေ ဘာတွေဖြစ်နေလဲ ဆိုတဲ့အချက်တွေကို သင်ကြားကြတယ်။ ပြောင်းလဲချင်ကြတယ်။
နားတဘက်တည်းဆီကို ရိုက်ခပ်လာတဲ့ အသံတွေကြားမှာ အချိန်ကုန်ခံနေတဲ့ ခေတ်မဟုတ်သလို၊
ကြွေးကြော်သံအားလုံးကို ပြန်လည်စီစစ်နေတဲ့ မျိုးဆက်ဖြစ်တယ်။ 
အနာဂတ်ကို ယုံယုံကြည်ကြည်ထိနမ်းချင်တဲ့ ခြေလှမ်းတွေကို တွေ့နေရတယ်။
သူတို့နဲ့အပြိုင်ထိတွေ့ဖို့ဆိုတာ ကျနော်တို့ကျင်လည်ခဲ့တဲ့ အနှစ်(၂၀) ကျော် နိုင်ငံရေးယဉ်ကျေးမှုထဲကနေ ထွက်နိုင်မှဖြစ်ပါလိမ့်မယ်။ အဲ့သလို မထွက်နိုင်သေးသမျှတော့ ဆရာစိန်ခင်မောင်ရီရဲ့ ဘာသာပြန်ဝတ္ထုလေးထဲကလို ကျွန်းတကျွန်းပေါ်မှာ မရှိတော့တဲ့ ရန်သူကို စစ်တိုက်နေတဲ့တပ်စုလေးရဲ့အဖြစ် လိုမျိုး- ဂရုဏာသက်စရာ ဂွတိဂွကျ လှုပ်ရှားမှုတွေအဖြစ်သာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ပြီးဆုံးသွားသင့်တဲ့စစ်ပွဲတွေကိုတော့ ပြီးဆုံးစေချင်ပါတယ်။
မိတ်ဆွေတွေအားလုံး
နှစ်သစ်မှာ အသံသစ်လွင်ပြင်တခုဆီ ညီညွတ်တဲ့အင်အားတရပ်အဖြစ် အရောက်လှမ်းနိုင်ကြပါစေ။

1 အကြံပြုခြင်း:

Anonymous said...

Aung Moe Win
Sein Khin Maung Ye's book was Anatahan (an island) and a Japanese lady Keko. regards Hlaing Bwa; Ottawa