Monday, December 6, 2010

အမေရိကန် အရေးယူပိတ်ဆို့မှု အလွယ်တကူ ရုတ်သိမ်းလို့မရ

အမေရိကန် အရေးယူပိတ်ဆို့မှု အလွယ်တကူ ရုတ်သိမ်းလို့မရ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ ကတည်းက မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုဟာ အလေးထား ဆွေးနွေးစရာ ကိစ္စအဖြစ် ပြန်လည် ပေါ်ထွက်လာပါတယ်။ လွတ်မြောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီလို အရေးယူပိတ်ဆို့မှုများအပေါ် သူ့ရဲ့သဘောထားကို မေးမြန်းတဲ့ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပုံက မြန်မာနိုင်ငံနဲ့ စီးပွားဆက်ဆံမှုအပေါ် ၀ါရှင်တန်ရဲ့ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်နိုင်မယ့် သော့ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်မှာသာ ရှိနေသလိုမျိုး ဖြစ်နေပါတယ်။

ဒီလိုရှုမြင်တာကို မကြာသေးခင်က The Washington Times မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့တဲ့ Suu Kyi seeks to review sanctions on Myanmar ဆိုတဲ့ဆောင်းပါးကို ဥပမာအဖြစ် ကြည့်နိုင်ပါတယ်။ အဲဒီဆောင်းပါးက အမေရိကန် ကွန်ဂရက်က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး အရေးယူပိတ်ဆို့မှုများနဲ့ ပတ်သက်လို့ “ကွန်ဂရက် လွှတ်တော် အမတ်အတော်များများဟာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောမလဲဆိုတာကို လမ်းညွှန်အဖြစ် စောင့်ကြည့်နေတယ်” လို့ ဆိုပါတယ်။

“တကယ်လို့ ပိုပြီးလက်တွေ့ကျတဲ့ စေ့စပ်ညှိနှိုင်းမယ့် လမ်းကြောင်းတခုကို ဒေါ်အောင်ဆန်းစုကြည်က လှမ်းမယ်ဆိုတာကို လွှတ်တော်အမတ်များ မြင်ရရင် ဒါဟာ ပိုပြီးပျော့ပြောင်းတဲ့ ရပ်တည်ချက်တရပ် ဖော်ဆောင်ဖို့အတွက် အခြေအနေ အများအပြား ဖန်တီးပါလိမ့်မယ်” လို့ ဆောင်းပါးမှာ ရေးထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောခဲ့ပြီးပါပြီ။ သူ့ရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ အရေးယူပိတ်ဆို့မှုများနဲ့ ပတ်သက်လို့ ပါတီရဲ့မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိပြီး ဝေဖန်သူတွေ ပြောနေသလို အရေးယူပိတ်ဆို့မှုတွေဟာ စစ်အစိုးရကိုထက် သာမန်ပြည်သူတွေကို ပိုပြီးထိခိုက်နစ်နာစေတာ ဟုတ်၊ မဟုတ်  ရှာဖွေလေ့လာသွားမယ်လို့ ဆိုပါတယ်။

“အရေးယူပိတ်ဆို့မှုတွေဟာ တကယ်ပဲ ပြည်သူတွေကိုသာ ထိခိုက်နေတယ်လို့ ကျမတို့တွေ့လို့ရှိရင်၊ ကောင်းမွန်တဲ့ရလဒ် တခုမှ မရှိဘူးဆိုရင်၊ ဒါတွေကို ရပ်တန့်ဖို့အချိန် ကျ၊ မကျပြန်စဉ်းစားဖို့ ပိတ်ဆို့မှုတွေကို လုပ်တဲ့သူတွေကို ကျမတို့ဘက်က ပြောဆိုဖို့ စဉ်းစားရလိမ့်မယ်ဆိုတာ အသေအချာပါပဲ” လို့ အဲဒီဆောင်းပါးအတွက် တယ်လီဖုန်းမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါပေမယ့် သူက “ကောင်းပါပြီ၊ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ အချိန်တန်ပါပြီလို့ ပြောရုံလောက်နဲ့ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်း သဘောပေါက်ထားသလိုပဲ အရေးယူပိတ်ဆို့ရေး မူဝါဒတွေမှာ တခုခု အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်တာဟာ အမေရိကန် အစိုးရအပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေပါတယ်။ အရေးယူပိတ်ဆို့ထားတဲ့ နှစ်နိုင်ငံချင်းပေးတဲ့ အထောက်အပံ့တွေနဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပေးတဲ့နေရာမှာ ပိတ်ဆို့တားဆီးမှုတွေ လုပ်တာကို ရပ်တန့်ဖို့ သမ္မတ အိုဘားမားအစိုးရနဲ့ အမေရိကန် ဥပဒေပြုအမတ်တွေက ဆုံးဖြတ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ဟာ အချက်တခုအနေနဲ့တော့ ပါပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကို ၁၉၉၆ ခုနှစ်ကတည်းက ဥပဒေများပြဌာန်းပြီး မြန်မာစစ်အစိုးရကို ဖိအားပေးခဲ့တဲ့ အမေရိကန် ကွန်ဂရက်က အဓိကပါတီကြီးနှစ်ခုစလုံးရဲ့ ထောက်ခံမှုတွေကို ဒီမိုကရေစီအရေး လှုပ်ရှားသူများ ရရှိခဲ့တာမှန်ပေမယ့် ဥပဒေပြုအမတ်မင်းများက သူတို့ရဲ့ရပ်တည်ချက်ကို နေ့ချင်းညချင်း အပြောင်းအလဲတော့ လုပ်လိမ့်မှာမဟုတ်ပါဘူး။ ပြဌာန်းပြီးဖြစ်တဲ့ ဥပဒေတွေမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဘယ်လိုအခြေအနေမှာ ရုတ်သိမ်းမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ပြဌာန်းပြီးသားပါ။ လွတ်တော်နှစ်ရပ်စလုံးနဲ့ အိုဘားမားအစိုးရဟာ အရေးယူပိတ်ဆို့ရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တခုခုချမယ်ဆိုရင် အဲဒီ အခြေခံစည်းကမ်းချက်တွေကို ကျင့်သုံးလိုက်နာဖို့လည်း တာဝန်ရှိပါတယ်။

အမေရိကန်အစိုးရရဲ့ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတခုဖြစ်တဲ့ “မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ၂၀၀၃” မှာ အရေးယူပိတ်ဆို့မှုတွေကို မရုတ်သိမ်းမီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ဖော်ပြ ထားပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းမြို့အနီး စစ်အစိုးရ ထောက်ခံအားပေးတဲ့ လူဆိုးလူမိုက်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်လိုက်နောက်ပါတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ပြဌာန်းခဲ့တဲ့ ဒီဥပဒေမှာ စစ်အစိုးရဟာ မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင်တွေကို လေးစားလိုက်နာရမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ထည့်သွင်းထားပါ တယ်။ ယနေ့အထိ အပြုသဘောတိုးတက်မှုတွေ တခုမှ မတွေ့ရပါဘူး။

အရေးယူပိတ်ဆို့မှုကို ဖယ်ရှားဖို့ နောက်ထပ် အဓိကပြဿနာတခုကို ၂၀၀၃ အက်ဥပဒေရဲ့ အခန်း ၃ “မြန်မာစစ်အစိုးရကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားကုန်သွယ် ဆက်ဆံမှုတွေကို တားမြစ်ခြင်း” မှာ သွားတွေ့ပါတယ်။ အဲဒီအခန်းမှာ ဖော်ပြထားတဲ့ ပစ်မှတ်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနဲ့ ၎င်းကိုဆက်ခံတဲ့ အဖွဲ့အစည်းမှန်သမျှ ပါဝင်ပါတယ်။ ဒါကြောင့် ဒီဥပဒေအရ အဲဒီအသင်းကနေ ပါတီအသွင်ပြောင်းသွားပြီး နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ရဲ့ ရွေးကောက်ခံနေရာ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ခေါင်းဆောင်များဟာ အရေးယူပိတ်ဆို့မှုများထဲမှာ ပါဝင်နေပါတယ်။

အဲဒီ အက်ဥပဒေကို အကောင်အထည်ဖော်ရာမှာ အမေရိကန်သမ္မတဟာ ဥပဒေပါအချက်တို့ကို ကင်းလွတ်ခွင့် ပေးခွင့်ရှိတဲ့ အခွင့်အာဏာကို အမေရိကန်လွှတ်တော်က သမ္မတကို ပေးထားပါတယ်။ ဒါပေမယ့် ဒီလိုကင်းလွတ်ခွင့် အာဏာကို ကျင့်သုံးတဲ့အခါ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအရသာလျှင် ကျင့်သုံးနိုင်မှာပါ။ ဒါကြောင့် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို တစိတ်တပိုင်းဖြစ်စေ၊ တခုလုံးဖြစ်စေ ပြန်လည်ရုပ်သိမ်းတာဟာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား အပေါ်မှာသာ အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအပေါ်မှာ အခြေခံမှာ မဟုတ်ပါဘူး။

ဒီအချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ၂၀၀၉ ခုနှစ်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပုဂ္ဂိုလ်ရေးစာ နှစ်စောင်ရေးသားပေးပိုခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ရုတ်သိမ်းရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဆွေးနွေးဖို့ သူ့ရဲ့ပန်ကြားချက်ကို စစ်အစိုးရက လျစ်လျူရှုခဲ့ပါတယ်။

အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ဆိုရင် စစ်အစိုးရဟာ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အတိုက်အခံတွေကို အကြီးအကျယ် ဖိနှိပ်အုပ်ချုပ်နေမှုသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ထူးထူး ခြားခြား ခြိမ်းခြောက်နေသည်” လို့ ၁၉၉၇ ခုနှစ် အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် လက်ထက်ကစလို့ သမ္မတ အဆက်ဆက်က အမိန့်ထုတ်ပြန် ကြေညာထားချက်ကိုလည်း လက်ရှိသမ္မတ အိုဘာမားက ပြန်လည်ရုတ်သိမ်းဖို့ လိုအပ်ပါ တယ်။

သမ္မတရဲ့ဒီလို အမိန့်ဒီဂရီတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန် ပြန်လည်လေ့လာသုံးသပ်မှုများ ရှိနေပြီး နှစ်စဉ် သက်တမ်းတိုးမှုကိုလည်း လုပ်ဆောင်ရပါတယ်။ တကယ်လို့ အဲဒီလို လေ့လာသုံးသပ်မှုများက မြန်မာပြည်ရဲ့ အခြေအနေဟာ သိသာထင်ရှားတဲ့ တိုးတက်မှုရှိနေတယ်လို့ တွေ့ရှိခဲ့ရင် သမ္မတဟာ သူ့ရဲ့အမိန့်ကို ထပ်မံသက်တမ်း မတိုးဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် မူဝါဒပိုင်းမှာ အခြေခံကျကျ အပြောင်းအလဲတခု ဖြစ်လာမှာပါ။

ဒါပေမယ့် စစ်အစိုးရဖက်က အတိုက်အခံတွေအပေါ် ပြုမူဆက်ဆံမှုတွေမှာ တိုးတက်မှုမရှိခဲ့တာကြောင့် အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ့် ဒီလို ပထမခြေလှမ်းကို စတင်ဖို့ အမေရိကန်ဖက်ကလည်း အခြေခံအကြောင်းရင်းမရှိ ဖြစ်နေပါတယ်။

တကယ်လို့များ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့ရင်တောင်မှ အဲဒီအရေးယူပိတ်ဆို့မှုတွေက အဓိက ဦးတည်ထားတဲ့ စစ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် သူလည်းပဲ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။     ။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/5138-2010-12-04-08-39-34

0 အကြံပြုခြင်း: