Tuesday, January 5, 2010

၂၀၁၀ ရွေးကောက်ပွဲအတွက် အငြိမ်းစားဝန်ထမ်းများစာရင်း စတင်ကောက်ခံ


http://www.khitpyaing.org/news/January%2010/5110a.php
တက်လူ/ ၅ ဇန်န၀ါရီ ၂၀၁၀

line

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပင်စင်ယူထားသည့် အငြိမ်းစားအစိုးရ၀န်ထမ်းများ၏ အိမ်ထောင်စု စာရင်းများကို စတင်ကောက်ခံနေပြီဖြစ်သည်။

အစိုးရက သက်ဆိုင်ရာဌာနအလိုက် ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသော အငြိမ်းစားအစိုးရ၀န်ထမ်းများ နေအိမ်သို့ တအိမ်ဝင် တအိမ်ထွက် လိုက်လံစာရင်းကောက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အငြိမ်းစား အရာထမ်းတဦးက ပြောသည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၀န်ထမ်းဟောင်းတဦးကလည်း “သက်ဆိုင်ရာဌာနအလိုက် ပင်စင်ယူတဲ့သူတွေရဲ့ စာရင်းရှိတယ်။ ဒါကို စာရင်းအတိအကျ ပြန်လုပ်ခိုင်းတာ၊ ပြောရရင်တော့ မဲပေးမယ့် ကိစ္စပါပဲ။ ပင်စင် ယူတဲ့သူတွေကိုလည်း သူတို့ရဲ့လူအဖြစ် သတ်မှတ်မှာဖြစ်တယ်။ ပင်စင်ယူသူတွေ အားလုံးကလည်း အစိုးရကိုပဲ ထောက်ခံသူ ဖြစ်ရမယ်ဆိုတဲ့ သဘောပါ။ မဲအရေအတွက်ကို မရမက ယူမှာဖြစ်တဲ့အတွက် စာရင်းယူနေတာ ဖြစ်တယ်” ဟု ပြောသည်။

ပင်စင်စား အစိုးရ၀န်ထမ်း၏ သန်းခေါင်စာရင်းတွင် လက်ရှိ ပါဝင်နေသူများကို ယခု ကောက်ခံနေခြင်းဖြစ်ပြီး အဆိုပါစာရင်းကို အတည်ယူကာ အငြိမ်းစား အစိုးရ၀န်ထမ်းအပြင် ၎င်း၏မိသားစုအားလုံးကိုပါ အစိုးရထောက်ခံသည့် မဲပေးသူအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း မယကရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါလုပ်ရပ်များကို မကျေနပ်သူများရှိနေသည်ဟု မကြာသေးခင်က မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားယူလိုက်သည့် မန်နေဂျာတဦးက ပြောသည်။

၎င်းက “ကျနော်တို့က ပင်စင်ယူပြီးရင် ကိုယ့်သဘောနဲ့ကိုယ် ကြိုက်တဲ့ပါတီကို မဲပေးမှာပေါ့။ ဒါပေမယ့် အစိုးရက ကြိုတင်စီစဉ်မှုတွေ လုပ်နေတယ်။ ကျနော်တို့ကိုလည်း ချည်နှောင်တဲ့သဘောပေါ့။ ဒါကိုကြည့်ရင် သူတို့ရွေးကောက်ပွဲက သေချာပေါက် မရိုးသားနိုင်ဘူး” ဟု ပြောသည်။

မကြာသေးခင်ကလည်း ရန်ကုန်တိုင်းအတွင်းရှိ အိမ်ရှင်အိမ်ငှားတို့၏ သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းများကို ကောက်ခံခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ထပ်မံပြောကြားခဲ့သည်။

သို့သော် ယခုအချိန်အထိ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခြင်းနှင့် ပါတီများဖွဲ့စည်း မှတ်ပုံတင်ခွင့်တို့ကို လုပ်ဆောင်ခြင်း မရှိသေးသည့်အတွက် အစိုးရအပေါ် ယုံကြည်မှုမရှိသူများ ပြည်တွင်း၌ ယခင်ထက် ပိုမိုများပြားလာနေကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလကပင် စတင်ခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံရေးပါတီအားလုံး၏ စည်းရုံးလှုပ်ရှားခွင့်အချိန်
(၁) နှစ်ကျော်ခန့် ရရှိခဲ့ကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲကျင်းပရန် (၃) လခန့် အလိုမှ စတင်၍ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က (၈၄) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရခဲ့ကြောင်း ၀ါရင့်နိုင်ငံရေးသမားတဦးက ပြောသည်။

နအဖသို့ နှစ်သစ်ဦးမေတ္တာစာ



http://www.khitpyaing.org/articles/2010/January/5110.php

မောင်သြ

၅ ဇန်န၀ါရီ ၂၀၁၀

၂၀၁၀ နှစ်သစ်ဦးသို့ ၀င်ရောက်လာခဲ့ပြီ။ မြန်မာ့နိုင်ငံရေးက ရေခဲတုံးပမာ အေးတိအေးစက်၊ ဘာမှမထူးခြား။ သို့သော် မြန်မာပြည်သူများကတော့ ချွေးစေးချွေးပေါက်များနဲ့ စိုရွှဲနေမြဲ၊ ပင်ပန်းနေမြဲ၊ ညည်းညူနေမြဲ …။

ရွေးကောက်ပွဲတဲ့ …။ နအဖ တကြော်ကြော်အော်နေတဲ့ အသံ။ စစ်ပြန်စစ်မှုထမ်းဟောင်းများ ညီလာခံမှာလည်း တကြော်ကြော်… ကြံ့ဖွံ့ညီလာခံမှာလည်း တကြော်ကြော်… မတ်လတော်လှန်ရေးနေ့၊ အမျိုးသားနေ့တွေမှာလည်း တကြော်ကြော်…။

အော်နေတဲ့အသံတွေ ကြားနေရသော်လည်း ၂၀၁၀ နှစ်ဦးရောက်တဲ့အထိ ရွေးကောက်ပွဲကျင်းပမယ့် နိမိတ်လက္ခဏာဆိုလို့ ဘာတခုမျှ အရိပ်အယောင်မတွေ့ရသေး။ ဘာတွေဖြစ်နေလို့လဲ နအဖတို့ရေ … လို့ စစ်ဗိုလ်ချုပ်ကြီးတွေကို အော်ဟစ်မေးလိုက်ချင်ပ။

“မင်းက ရွေးကောက်ပွဲကို သိပ်ဖြစ်ချင်နေလို့ ဒီလောက် တောင့်တောင့်တတ ဖြစ်နေတာလား” လို့မေးရင် … “ဟုတ်ကဲ့ ကျနော်က ခပ်မြန်မြန် ဖြစ်၊ ခပ်မြန်မြန် ပျက်၊ ခပ်မြန်မြန် ပြောင်းလဲချင်လို့ပါပဲ” လို့ ဖြေရမှာပါ။

ရွေးကောက်ပွဲကို ဒီအခြေအနေအတိုင်း ခပ်မြန်မြန် တွန်းလုပ်လေ ခပ်မြန်မြန် အလုံးစုံပျက်သုဉ်းရေးဘ၀ကို ရောက်လေလေပဲလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံရေးအနေအထားက နအဖစစ်အာဏာရှင်တွေအတွက် ဆုပ်လည်းစူး စားလည်းရူးနဲ့ အရူးမီးဝိုင်းခံနေရတဲ့ဘ၀၊ ပြည်သူတွေကလည်း နအဖအစိုးရအပေါ် အရူးမလင်လုပ်နေရသလို ဘ၀မျိုး ကြုံတွေ့နေရတဲ့ကိန်းဆိုက်နေလို့ပါပဲ။ ဒီတော့ နအဖစစ်အာဏာရှင်တွေက ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်း၊ လူ့အခွင့်အရေးကောင်စီ၊ အီးယူ၊ အာဆီယံများက တိုက်တွန်းပြောဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်မှတပါး အခြားမရှိနိုင်ဆိုတာကို နာလည်သဘောပေါက် လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ်။

အဓိကကတော့ All inclusive အားလုံးပါဝင်ရေးဆိုတဲ့ စကားလုံးက နအဖကို အကြီးအကျယ် တုန်လှုပ်ချောက်ချားစေတာပါ။ အဲဒါကို အဓိကမထားဘဲ မျက်ကန်းတစ္ဆေ မကြောက် ခေါင်းမာစွာနဲ့ ရွေးကောက်ပွဲကို ကျင်းပသွားမယ်ဆိုရင် ၂၀၁၀ နှစ်ဟာ နအဖအတွက် ကံဆိုးမိုးမှောင်ကျမှာ သေချာပါတယ်။ အခုလည်း ဗေဒင်၊ ယတြာတွေ ချေနေရတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်နေတယ်။ ဘာတဲ့ “ရန်ကုန်ရေမြုပ် … သန်းရွှေပြုတ်” တဲ့။

ဒါကြောင့် ရန်ကုန်မြို့တော်ဝန်ကို မိုးတွင်းရေမြုပ်တဲ့ နေရာတွေကို မြောင်းဖော်၊ မြောင်းဖို့အလုပ်တွေကို တရကြမ်း မောင်းခိုင်းနေတာ တွေ့နေရတာပေါ့။ နှစ်စဉ် မိုးတွင်းတိုင်း ရေမြုပ်တတ်တဲ့ လမ်းကြောင်းတွေကိုသာရွေးပြီး မြို့နယ်အလိုက် မြောင်းဖော် မြေဖို့ (ကွန်ကရစ်လမ်းတွေခင်း) လုပ်နေတာ တွေ့ရတာ သူ့ခမျာ အတော်ကလေး အိပ်မပျော်စားမ၀င် ခေါင်းဆင်နင်းတဲ့ဘ၀ ရောက်နေမှာပေါ့လေ။

အဲ … အာဏာရူး၊ အာဏာရူးတာ အတ္တ၊ လောဘ၊ ဒေါသ၊ မာန်မာနမီးတွေက ဗိုလ်သန်းရွှေတကိုယ်လုံးတွင်မက သူ့ဇနီး၊ သားသမီး၊ မြေး ပတ်ဝန်းကျင်တွေကိုပါ ကူးစက်လောင်နေတာ သိလျက်နဲ့ ၀ိပါက်ကြမ္မာငင်နေတာ များလားပေါ့လေ။

ဒီအကုသိုလ်မီးကို ဘယ်လိုငြိမ်းမလဲ …
သံဃာ့မဟာနာယက (၄၇) ပါးလည်း မတတ်နိုင် …
ဓမ္မစရိယ တရားဟောဆရာတော်ကြီးများလည်း မစွမ်းနိုင် …
ဘုရားစုံလျှောက်ဖူးနေခြင်းကလည်း မကယ်နိုင် …

၂၀၀၇ ခုနှစ်က သံဃာတော်များကို ပြစ်မှားထားတဲ့ ‘ပဉ္စာနန္တရိယ’ ကံက ကံကြီးမှ ကြီးသကိုလို့ ပြောရမှာပါ။ ဒီအကုသိုလ်မီးက လောကီ၊ လောကုတ္တရာ နှစ်ဖြာသောဘ၀မှာ ပြေးမလွတ်အောင် လောင်နေမှာပါ။ လောကီဘ၀မှာတော့ ငြိမ်းသတ်ဖို့ မလွယ်ပါဘူး။ သူ့အတွက် အ၀ီစိငရဲတံခါးဟာ ထာဝရဖွင့် ကြိုဆိုနေမှာပါ။ ကောင်းပြီ၊ လောကီမျက်မှောက်ဘ၀မှာ တမီးငြိမ်းချင်တယ်ဆိုရင်တော့ …

၁။ ပြစ်မှားကျူးလွန်မိခဲ့တဲ့ ရဟန်သံဃာတော်များကို ရှိခိုးဝန်ချတောင်းပန်ရန်။
၂။ အန်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပူးပေါင်းလိုက်နာဆောင်ရွက်ရန်။
၃။ တကမ္ဘာလုံးက မကြိုက်တဲ့ လူသတ်လက်နက်ပစ္စည်းများဝယ်ယူခြင်း၊ နျူကလီးယားလက်နက်များ၊ စက်ရုံများ တည်ဆောက်ခြင်းမပြုရန်။
၎။ အာဏာအခွင့်အရေးနှင့် မတရားသိမ်းယူတည်ဆောက်ထားသော နိုင်ငံပိုင်ပစ္စည်းဥစ္စာအဆောက်အအုံများ အားလုံးကို နိုင်ငံတော်သို့ ပြန်အပ်ရန်။
၅။ မိမိမတရားပြုကျင့်ခဲ့၍ ထောင်ကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားအားလုံး၏ ဒုက္ခများကို လျော်ကြေးပေးဆပ်ရန် … စတဲ့ အချက်တွေကို ဗိုလ်သန်းရွှေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ မျက်မှောက်ဘ၀က လောင်မီးတမီး ငြိမ်းနိုင်ပါတယ်။ နတ်လူသာဓုခေါ်နိုင်ပါတယ်။

ဘ၀ကူးကောင်းအောင် မိမိပြုခဲ့ဖူးသော ကုသိုလ်များကို သတိရ သာဓုခေါ်နိုင်ရင် အညံ့စားနတ်ပြည် (ဂန္ဓဗ္ဗနတ်မျိုး) တော့ ရောက်နိုင်ပါသေးတယ်။ အကယ်၍များ ဘ၀ကူးခါနီး မိမိပြုလုပ်ခဲ့တဲ့ အကုသိုလ်ဒုစရိုက်တွေဖြစ်တဲ့ …
- သံဃာတော်များကို ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီးထောင်ချခဲ့တာတွေ …
- နိုင်ငံပိုင်ပစ္စည်းဥစ္စာများ မတရားခိုးယူခဲ့တာတွေ …
- တံစိုးလက်ဆောင်များ မတရားတောင်းယူခဲ့တာတွေ …
- နိုင်ငံရေးသမား၊ ကျောင်းသားပြည်သူများကို ငါနှင့်မတူ ငါ့ရန်သူ သဘောထားနဲ့ အငြိုးအာဃာတကြီးစွာ သတ်ဖြတ်၊ ညှဉ်းဆဲ၊ ထောင်ချခဲ့တာတွေ … ဒါတွေကို သတိရမြင်ယောင်နေမယ်ဆိုရင်တော့ ဘ၀ကူးမကောင်းဘဲ “၀ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတာလို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ... အပယ်လေးဘုံမှာ သံသရာလည်နေမှာ သေချာနေပါပြီ။

နအဖခေါင်းဆောင် ဗိုလ်သန်းရွှေမှာလည်း အသက် (၈၀) နားကပ်နေပါပြီ။ ဇာတိ၊ ဗျာဓိ၊ မရဏတရားကို မလွန်ဆန်နိုင်ပါ။ တရားသံဝေဂရသင့်ပြီး နိုင်ငံနဲ့ ပြည်သူကောင်းကျိုးဆိုတဲ့ သမိုင်းကောင်းများ ကျန်ရစ်စေချင်ပါတယ်။ သို့သော်လည်း ဘယ်သူမပြု မိမိမှုဆိုတာလို မိမိမိုက်ကြွေး၊ ဆိုးကျိုးများကိုတော့ မိမိက ပြန်ပေးဆပ်ရန် တာဝန်ရှိနေပါသေးတယ်။

“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏” … ဆိုတဲ့ ကဗျာဆရာကြီး ဆရာဇော်ဂျီရဲ့ကဗျာလို ဗိုလ်သန်းရွှေရဲ့ သမိုင်းကြောင်းလုပ်ရပ်များဟာ အခြေတိုးမြင့် ကျန်ရစ်ခဲ့သလားဆိုတာ စဉ်းစားစရာပါ။

ဒါ့ကြောင့် နအဖစစ်ခေါင်းဆောင်များနဲ့ တပည့်လူမိုက်များဖြစ်ကြတဲ့ ကြံ့ဖွံ့/စွမ်းအားရှင်များကို ပြောချင်တာက … နှစ်သစ်ကူးခဲ့ပါပြီ။ နှစ်ဟောင်းက နံစော်ပုပ်ဟောင်နေတဲ့ မိမိတို့ရဲ့ အညစ်အကြေးများ၊ မိုက်ကြွေးမိုက်ပြစ်များကို နှစ်ဟောင်းမှာ ထားရစ်ခဲ့ပါ။ နှစ်သစ်ကို သယ်ဆောင်မလာကြပါနဲ့တော့။

အမှားတွေထားခဲ့၊ အမှန်ကို သယ်ခဲ့ပါ။
အမှားတွေ တွေ့လို့၊ အမှန်ကို ပြင်ကြပါ။
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေကြပါ။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း …

သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ …


ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ)

http://www.mizzimaburmese.com/edop/songpa/4524-2010-01-05-11-37-31.html



bbkn


နိုင်ငံရေးမှာ (အင်အား) မရှိဘဲ (လှုပ်ရှား) ရခက်ပါတယ်။ (ရလဒ်) ရအောင် လှုပ်ရှားမှုဖြစ်စေ၊ ကြိုးစားမှုဖြစ်စေ၊ ဖန်တီးရခက်ပါတယ်။ ယနေ့ မြန်မာ့နိုင်ရေး လောကမှာ လက်နက်အားကိုးနဲ့ (အင်အား) ယူထားတဲ့ နအဖ- မြန်မာစစ်တပ်နဲ့ လူထုထောက်ခံမှုကို (အင်အား) ယူထားတဲ့ NLD နိုင်ငံရေးပါတီ ဒီ ၂ အုပ်စုပဲ အဓိက ရပ်တည်လျက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုထောက်ခံအားပေးတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်တာ တနည်းအားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပို့ပေးနိုင်တာ စစ်တပ်နဲ့ ဒေါ်စုပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ငယ်လေးတွေ ဝင်ပြိုင်တယ်၊ ဝင်မပြိုင်ဘူးဆိုတာ ထိရောက်မှုဘက်က ကြည့်ရင် မပြောပြလောက်ပါဘူး။

ဥပမာ ဦးသုဝေတို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာထားပါတယ်။ ဒါ (ကွက်လပ်) ဝင်ဖြည့်ထားတာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပုံသဏ္ဍာန်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ လေဟာနယ် Vaccum မဖြစ်ရအောင် (ကွက်လပ်) ဝင်ဖြည့်ထားတာပဲ။ လေဟာနယ် မဖြစ်စေဖို့ ဖြစ်တာကြောင့် အရေးပါပေမယ့် အပြောင်းအလဲ ဖြစ်လောက်အောင် (အင်အား) မရှိဘူး။ NLD နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ကမှ အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်တာပါ။
ဘာကြောင့် (ကွက်လပ်) ဖြည့်တာဟာ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အရေးပါတယ်ဆိုတာကိုကျတော့ နောက်ပိုင်းမှာ ဆွေးနွေးတင်ပြပါ့မယ်။

ကျနော့်အမြင်အရ NLD နဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲကို ဝင်လည်း ရတယ်၊ မဝင်လည်း ရတယ်။ ဝင်မယ် မဝင်ဘူး ရွေးတဲ့နေရာမှာ ကိုယ်နေရာ အယူမှန်ဖို့ပဲ လိုတယ် ထင်မိတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ကျနော်က ဝင်စေချင်တယ်။ ဝင်ပြီး နိုင်ငံရေး နယ်ပယ်ကို ဝင်လုစေချင်တယ်။

ဒီနေရာမှာ အငြင်းပွားစရာလေးတွေ ရှိတယ်။ အဓိက ထိရောက်တဲ့ အငြင်းပွားချက်က လုပ်နိုင်တဲ့ (လူ) တွေ မရှိတော့ဘူး။ ဘယ်သူတွေနဲ့ လုပ်မှာလဲ? လို့ မေးလာနိုင်စရာ ရှိတယ်။

အမှန်ပဲ လက်ရှိ အခြေအနေကို ယေဘုယျအရ သုံးသပ်ရင် လူတွေ မရှိတော့ဘူး။ လူတွေကြောက်ကုန်ပြီလို့ ယူဆစရာ ရှိတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံး သင်ခန်းစာတခု ရှိတယ်။ ကိုယ့်လူမျိုးအကြောင်း ကိုယ်သိဖို့တဲ့။ ကျနော်တို့ မြန်မာတွေဟာ သွေးပူဖို့ လိုတယ်။ ကျနော်နားလည်သလောက် ပြောရရင် စစ်အစိုးရကို မုန်းတဲ့ မကျေနပ်တဲ့သူတွေက အများစုပါ။ ဒါပေမဲ့ ဒို့ကတော့ (စ) မလုပ်ဘူး။ (လုပ်) ရင်ဝင်ပါမယ့် (သူ) တွေက (အများစု) ဖြစ်နေတယ်။ ဒါသူတို့ အပြစ်မဟုတ် (ခံ)ရပါများတော့ လူရည်လည်သွားပြီ ဆိုရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ် တင်ဦးတို့လည်း အချုပ်အနှောင်က မလွတ်။ လှုပ်ရှားနိုင်တဲ့ ပြည်တွင်းက NLD CEC နဲ့ ပြည်ပခေါင်းဆောင် နေရာယူထားပြီး ဘာလုပ်ရမှန်းမသိတဲ့ NCGUB တို့ကြောင့်လို့ သုံးသပ်မိတယ်။

နောက်တချက် မြင်မိတာက Non Violence လို့ခေါ်တဲ့ အကြမ်းမဖက်ရေး Idealism အတွေးအခေါ်ကြီးက ခေတ်စားလာတော့၊ (လူ) တွေ Non Violence သမားတွေ ဖြစ်ကုန်ကြရော။ အဝိုင်းထဲ လေးထောင့်သွင်းလို့ မရသလို သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်ကြီး တခုကို ရိုက်သွင်းလိုက်တော့ ဟိုမကျ ဒီမကျ ဘဝ ရောက်ကုန်တယ်လို့ မြင်မိတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံရေးဆိုတာက စွန့်စားမှုလေး အရိပ်အယောင် ပြလာရင်တောင် လူတွေရဲ့ ထောက်ခံမှုကို ရလာပြီး (အရှိန်) ရလာကာ (အရှိန်) က တဆင့် (တွန်းအား) အင်အားကို ဖော်ထုတ်ပြီး အောင်မြင်မှုဆိုတာ (ထွက်ပေါ်) လာတာပဲ။

နိုင်ငံရေးရဲ့ ဗဟိုအချက်က (အင်အား) ဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ Risk လို့ခေါ်တဲ့ (စွန့်စား) မှု ရှိစမြဲပဲ။ စွန့်စားမှုရဲ့ နောက်ကွယ်မှာ (စွန့်လွှတ်မှု) Sacrifice ဆိုတာ အရိပ်ပမာ ဒွန်တွဲလျက်ရှိတယ်။ ဒီ ၂ ချက်ကို ပေါ်အောင်လို့ Conviction လို့ခေါ်တဲ့ (ယုံကြည်မှု) က တွန်းပို့ရတာပဲ။ ဒါကြောင့် နိုင်ငံရေးမှာ ယုံကြည်မှု Conviction ရှိရမယ်လို့ ကျနော် ရဲရဲဆိုရဲတာပါ။ ဒီမိုကရေစီ မရှင်သန်နိုင်တဲ့ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ဖို့ (ယုံကြည်ချက်) က ပိုအရေးကြီးလာတာပေါ့။ ယုံကြည်ချက်ဆိုရာမှာ ဝါဒရေးယုံကြည်ချက် Political Conviction သော်လည်းကောင်း၊ နိုင်ငံရေးဝါဒ Political Idealism ကိုပဲ မဆိုလိုပါ။ အမျိုးသားရေး Nationalism ၊ လွတ်လပ်ရေး Freedom စတဲ့ ငါ့လူမျိုး ငါ့တိုင်းပြည် လွတ်လပ်မှု ရှိရမယ်၊ တိုးတက်မှုရှိရမယ် ဆိုတာတွေဟာလည်း စွန့်လွှတ်မှုနဲ့ စွန့်စားမှုကို တွန်းပို့ပေးတဲ့ အင်အား Energy ယုံကြည်ချက်တွေပဲ ဖြစ်တယ်။ လက်ဝဲဝါဒတွေကို မှီပြီးပဲဖြစ်ဖြစ်၊ လကျာ်ဝါဒကို မှီပြီးပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို အရင်းပြုတဲ့ (ယုံကြည်မှု) ဟာလည်း ပြင်းထန်တဲ့၊ ဖြူစင်တဲ့ ယုံကြည်မှုပဲ။

ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒစွဲကို အားမကိုးဘဲ အမျိုးသားစိတ် Nationalism ကိုပဲ အခြေပြုပြီး အားလုံးကို ဆွဲခေါ်သွားတာပဲ မဟုတ်လား? ကျနော်တို့ ရာဇဝင်မှာ အလောင်းဘုရား၊ တရုတ်ပြည်က မော်စီတုန်း၊ ကျူးဘားက ကက်စ်ထရို၊ အမေရိကန်က ဂျော့ဝါရှင်တန်တို့ အားလုံးဟာ မျိုးချစ်စိတ်ကို အခြေခံပြီး (စွန့်စား) ခဲ့ကြတာပဲ မဟုတ်လား? နိုင်မယ်ဆိုတာ သေချာလို့ စွန့်စားခဲ့ကြသည်မဟုတ်။ တိုင်းပြည်ချစ်စိတ်နဲ့ ယုံကြည်ချက် အတူတူလူနည်းစု - စုပေါင်း၍ တော်လှန်တိုက်ခိုက်ရဲရာက - တိုက်ပွဲတွေမှာ အောင်မြင်မှု ရလာတာကြောင့် - လူနည်းစုက လူအများစု ဖြစ်လာပြီး လူထုရဲ့ ထောက်ခံမှုကိုရမှ - အောင်မြင်မှုကို ရခဲ့ကြတာပဲ မဟုတ်လား။

သိပ္ပံပညာမှာ F=ma ဆိုတဲ့ Equation (ညီမျှခြင်း) ရှိတာပဲ။ ရွေ့ရှားမှုမရှိရင် Mass (ဒြပ်ထု) ရှိတာတောင် Acceleration (အရှိန်) မရှိတာကြောင့် Force (အင်အား) ဟာ Zero (သုည) မှာပဲ ကျန်ခဲ့ရမှာပေါ့။
ဒါကြောင့် လက်ရှိအားဖြင့် လူတွေဟာ ကြောက်နေပြီလို့ ယူဆစရာရှိပေမယ့်၊ လှုပ်ရှားမှုရှိလာလို့ အရှိန်ရှိလာရင် Mass လူအုပ်ကြီးလည်း များလာပြီ။ တချိန်မှာ ကြောက်ရွံ့ခြင်း Fear ဆိုတာကို ကျော်နိုင်တာပေါ့။

လွယ်သလား?
လွယ်သလား? လို့မေးလာရင် မလွယ်ဘူးလို့ ဖြေရမှာပဲ။ မဆလ ခေတ်က (၈၈၈၈) ၈ လေးလုံး ဖြစ်နိုင်မယ်လို့ ဆိုကြရင် ဝိုင်းအရယ်ခံရမှာပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာတာကြောင့် ၈ လေးလုံး ဖြစ်ခဲ့ရတယ်။ မထင်မှတ်တဲ့ လက်ဖက်ရည်ဆိုင် ရိုက်ပွဲကလေးက (စ) ခဲ့တာပဲ မဟုတ်လား? ၂ဝ၁ဝ ရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံရေး (အခြေအနေ) ဖန်တီးယူနိုင်ရင် (အီရန် ရွေးကောက်ပွဲ) မှာလို အချိန်အခါ မှန်သွားရင် နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တာပေါ့။

N = m a
(Newton and Law of Motion)=(mass)(acceleration)

နောက်တနည်း ကျန်သေးတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခု ကျန်သေးတယ်။ အဲဒါ မြန်မာအများစုဟာ အဖွဲ့အစည်းထောင်ပြီး (အဖွဲ့အစည်း) နဲ့ တိုက်တာထက် (လူ)(ပုဂ္ဂိုလ်) ကို ကြည်ညိုပြီး (တိုက်) ချင်တဲ့ (အကျင့်) ရှိကြတယ်လို့ မြင်မိတယ်။ လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနု၊ အခုခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် တနည်းဖြင့် သူရဲကောင်းကို ကိုးကွယ်တဲ့အကျင့် ရှိကြတယ်။ ဒါကြောင့် အများဟာ Institutional Loyalty ဆိုတာကို နားမလည်ကြဘူး။ Institutional Power ကို နားလည်ဖို့ ပိုဝေးသေးတာပေါ့။

နိုင်ငံရေးအဆောက်အဦး Political Institutional နဲ့ Infrastructure ရှိမှ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ လုပ်နိုင်တာတွေ ပေါ်လာပြီး အားလုံး ကိုယ့်တာဝန် ကိုယ်ကျေမှ ကိုယ့်အဖွဲ့အစည်း ကြီးထွားပြီး (အင်အား) ရှိလာမှ စစ်တပ်က အလေးထား ဂရုပြုလာရမှာပေါ့။

အချိန်ကြာလာတော့ (လုပ်စား) နိုင်ငံရေးတွေကပဲ ရေပန်းစားလာကြပြီး ဒိုနာ အလှူရှင်တွေမှာ ပိုက်ဆံတောင်းကောင်းအောင် ဖွဲ့ထားတဲ့ Interest Group - အကျိုးရှင်အုပ်စုတွေပဲ ငွေရ ရှင်သန်လာခဲ့ကြတာပါ။ အားလုံးဟာ Grass-root အောက်ခြေ စည်းရုံးရေး နိုင်ငံရေးကို မေ့ကုန်ကြပြီး ပလို့ဂျိ ဆိုပြီး Elite Politicians - အခွင့်ထူးခံ ရေပေါ်စီ နိုင်ငံရေးပေါ်ပင် နိုင်ငံရေးဘက် ရောက်ကုန်ကြရော။

ပြည်တွင်းမှာတော့ ဒေါ်စုဟာ Institution - ဒေါ်စုဟာ တော်လှန်ရေးပဲ။ ဒါကြောင့် နအဖ က အကြောင်း အမျိုးမျိုးရှာပြီး ဒေါ်စုကို ထိန်းချုပ်ထားတာပေါ့။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ ဒေါ်စုက - ယက်တောရဲ့ ကောင်းကျိုးကြောင့် ပြောင်းလဲလာတဲ့ (အခွင့်အရေး) နဲ့ ပြောင်းလဲသွားတဲ့ အမေရိကန်ပေါ်လစီကို ကိုင်ပြီး နိုင်ငံရေး နယ်ပယ်ထွင်ပြီး လှုပ်ရှားလျက်ရှိတယ်။

ဒါ ဒေါ်စုတဦးထဲ ကစားနိုင်တဲ့ နိုင်ငံရေး ကျားကစားကွက်ပဲ။ သိမ်မွေ့တဲ့ အခြေအနေကြောင့် ဒါထက်ပိုပြီး ဆွေးနွေးခွင့် မရှိပါ။

လွတ်လပ်ရေးလား ပျောက်လုပြီ


http://www.irrawaddy.org/bur/index.php/articles/2-articles/2373-2010-01-05-11-04-46


၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့။ မြန်မာနိုင်ငံအတွက် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ တနင်္လာနေ့ကျပြီး နှစ်သစ်ကူးပိတ်ရက်များနှင့် ဆက်လျက်ရှိပြန်တော့ လူတွေအားလုံး လှုပ်လှုပ်ရှားရှားပျော်ရွှင်နေကြပုံရ၏။ တော်တော်များများ ခရီးသွားကြသည်။ ကျနော်ကတော့ တောင်ကြီးမှ ရန်ကုန်သို့ ဆင်းလာဖြစ်သည်။

တောင်ကြီးတွင် လွတ်လပ်ရေးအထိမ်းအမှတ် ရပ်ကွက်အလိုက် ဘော်လီဘောပွဲတွေ ကျင်းပလေ့ရှိသည်။ ၄ ရက်နေ့မှာတော့ ဗိုလ်လုပွဲစဉ်များပေါ့။

inde-day-01

မိန်းကလေး ယောက်ျားလေးခွဲကာ လွတ်လပ်ရေးနေ့ ကြပ်ဖခွပ် ပြိုင်ပွဲဝင်နေကြစဉ် (ဓာတ်ပုံ - နေညွှန်း)

ရန်ကုန်မှာတော့ တချို့ရပ်ကွက်များတွင်သာ ဘောလုံးပွဲနှင့် ထုပ်ဆီးတိုးပွဲများကို ခြေစစ်ပွဲအဖြစ် ကြိုတင်ပြုလုပ်နေကြသည်။ လိုင်းကားများတွင် နိုင်ငံတော် အလံငယ်ကလေးများ ချိတ်ထားခြင်းသာ မှတ်မှတ်ထင်ထင်တွေ့ရသည်။ အရင်ကလို ပွဲလမ်းတွေ အကြီးအကျယ် စည်ကားစွာလုပ်ကြတာ သိပ်မမြင်ရတော့။

တီဗီမှာ ဖျတ်ခနဲ မြင်ရသလောက်တော့ တိုင်းရင်းသားဝတ်စုံများ ၀တ်ဆင်ထားသော လူငယ်များနှင့် အလံတော်ကို အလေးပြု တာတော့ လုပ်သေးသည် ထင်သည်။ ဒါတောင်မှ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်မဟုတ်။ ရုပ်သံလိုင်းတွေမှာလည်း အရင်လို ကိုရီးယားကား၊ တရုတ်ကားတွေ ထုတ်လွှင့်မှုမပျက်။

“ဒါက ထုပ်ဆီးတိုးနေကြတာ။ သား မမကြီးလည်း ကစားတယ်။ သားတို့ကတော့ မနက်ဖြန် မနက်မှ ပြိုင်ရမယ်လို့ပြောတယ်။ မနှစ်ကလည်း သား မုန့်စားပြိုင်တယ်၊ ဆုမရပါဘူး။ သားစားတာနှေးတယ်လို့ မေမေကပြောတယ်။ ဘီစကွတ်ကို ချိတ်ထားတာ သားလက်နဲ့လည်း ကိုင်လို့မရဘူး။ သား သူငယ်ချင်းက လက်နဲ့ယူပြီးစားပစ်တော့ ဆုမရဘူး။ ဒီနှစ်တော့ အပြေးလည်း ပြိုင်မယ်၊ နိုင်ရင်အရုပ်တွေရမယ်” ဟု ရန်ကုန်မြို့ထဲ လမ်းမတခုတွင် ကျင်းပနေသည့် ထုပ်ဆီးတိုး ပြိုင်ပွဲကို ရပ်ကြည့်နေသော ၅ နှစ် အရွယ် ကလေးတယောက်က ပြောသည်။

သူက လွတ်လပ်ရေးနေ့ဆိုသည်မှာ အင်္ဂလိပ်နှင့် ဂျပန်များ အပိုင်သိမ်းထားသည့် မြန်မာနိုင်ငံကို မြန်မာများ ပြန်ပိုင်လာသည့် နေ့ဖြစ်သည်ဟု သူ့ဖခင် သင်ထားသည့်အတိုင်း နားလည်သလို ပြန်ပြောပြသည်။

“သားကတော့ ကျောင်းပိတ်ပြီး ပြိုင်ပွဲတွေမှာ ဝင်ကစားရလို့ပျော်တယ်” ဟု သူက ဆက်ပြောသည်။

inde-day-01

ကြက်ဖခွပ် ပြိုင်ပွဲကို စိတ်ပါဝင်စားစွာ အားပေးနေသည့် မိန်းကလေးများ (ဓာတ်ပုံ - နေညွှန်း)

တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးကတော့ လွတ်လပ်ရေးနေ့ဆိုသည်မှာ သာမန် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များကဲ့သို့သော ရုံးပိတ်ရက်တရက် အဖြစ်သာ နားလည်ထားကြောင်း၊ ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခဲ့ဖူး ခြင်းလည်း မရှိကြောင်း ပြောပြသည်။

“ဘယ်နှတန်းရဲ့ သမိုင်းမှာ စသင်ရတာလဲတောင် မသိတော့ဘူး။ ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့ မနက်ကြီးမှာ လွတ်လပ်ရေး ရခဲ့တယ်၊ လွတ်လပ်ရေးရတဲ့အချိန်မှာ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတောင် မရှိတော့ဘူး ဆိုတာတွေတော့ သိပါတယ်။ သူငယ်ချင်းတွေထဲမှာ လွတ်လပ်ရေး အကြောင်း၊ အာဇာနည်နေ့ အကြောင်း သိတဲ့သူတွေလည်း အများကြီးပါ။ တချို့ကကျတော့လည်း လုံးဝစိတ်မ၀င်စားဘူး” ဟု သူက ဆိုသည်။

ရန်ကုန်မြို့နေ ဘလော့ဂါတဦးကလည်း လိုင်းကားများတွင် နိုင်ငံတော် အလံများ တပ်ဆင်ထားသည်ကို တွေ့ရသောကြောင့် ပုံမှန်မြင်နေကျ မြင်ကွင်းတွင် တခုခု ပိုလာသည်သကဲ့သို့ ထင်ရကြောင်း၊ မေ့လျော့နေသည့် လူငယ်တချို့အတွက် ထိုမြင်ကွင်းကြောင့် ပြန်လည်သတိရစေနိုင်ကြောင်း ပြောသည်။

“မဟုတ်ရင် တို့နိုင်ငံဟာ ဘယ်တုန်းက လွတ်လပ်ရေးရခဲ့တာလဲ လွတ်လပ်ရေးရတာ ဘယ်နှနှစ်ရှိပြီလဲ ဆိုတာ သတိတောင် ရကြတော့မှာ မဟုတ်ဘူး။ သမိုင်းကို ဖျောက်ချင်သူတွေက ရှိနေတာကိုး။ ဒီထက်ပိုတာက တခြား ကိုလိုနီနိုင်ငံတွေရဲ့ လွတ်လပ်ရေး သက်တမ်းက ဘယ်လောက်ကြာပြီလဲ၊ သူတို့တွေ ဘာတွေဖြစ်လို့ ငါတို့တွေ ဘာမဖြစ်သေးဘူးလဲ ဆိုတာမျိုးတွေပါ စဉ်းစားဖြစ်တဲ့ အချက်ပေးခေါင်းလောင်းလို့ မှတ်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်း ငယ်စဉ်ကလေးဘဝက လွတ်လပ်ရေးနေ့ ပြိုင်ပွဲများတွင် ဝင်ရောက် ပျော်ရွှင်ခဲ့ကြောင်း၊ ချမ်းအေးသည့် နံနက်ခင်းတွင် ချွေးတလုံးလုံးဖြင့် ပြိုင်ပွဲဝင်နေသည့် လူကြီးများကို ကြည့်ကာ အားကျခဲ့ကြောင်း၊ ထို့ကြောင့် အရွယ်ရောက်လာချိန်တွင် ကိုယ်တိုင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြောင်းလည်း ပြောပြသည်။

inde-day-01

လွတ်လပ်ရေးနေ့ အားကစားပွဲ ကျင်းပရန် ကစားကွင်းကို ကလေးများ ကိုယ်တိုင် ဤသို့ ရှင်းလင်း ကြရသည် (ဓာတ်ပုံ - နေညွှန်း)

“ငယ်ငယ်တုန်းက လွတ်လပ်ရေးဆို ပျော်တာပေါ့။ မနက်စောကြီး ရွာနောက်ဖေးလမ်းမမှာ အပြေးပြိုင်ပွဲကျင်းပတဲ့ လူတွေနဲ့ ကြိတ်ကြိတ်တိုးနေတာ။ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးပြိုင်ပွဲ အစုံပါပဲ။ အမေက ထ ထ သွားကြည့်ရအောင်ဆိုမှ အတင်းလူးလဲထပြီး ပြေးသွားကြည့်ရတာ။ အာလူးကောက်ပြိုင်ပွဲ၊ ဂဏန်းသင်္ချာပေါင်း ပြိုင်ပွဲတွေဆို ကျနော်က ထိပ်ဆုံးက။ခုနေခါတော့ အဲဒါတွေနဲ့ ဝေးလွန်းသွားခဲ့ပြီ။ ကျနော်တို့မြို့မှာ ဒီလိုအစဉ်အလာလေးတွေလည် ပျောက်ကွယ်ခဲ့တာ အတော်ကြာခဲ့ပြီ” ဟု အဆိုပါ ဘလော့ဂါက ဆိုသည်။

ကျနော်တို့ ငယ်ငယ်က အမျိုးသား ကဇာတ်ရုံဘေးဘက် အားကစားကွင်းကြီးထဲမှာ လွတ်လပ်ရေး အထိမ်းအမှတ်ပွဲကို အကြီးအကျယ်ကျင်းပကြတာ မှတ်မိနေသေးသည်။

အငြိမ့်များ၊ ဇာတ်စင်များ၊ ချားရဟတ်ကြီးများ၊ မုန့်ဆိုင်တန်းများနှင့် စည်ကားသိုက်မြိုက်လှသည်။ ထိုစဉ်ကတော့ လူတိုင်း၏ စိတ်ထဲမှာ တကယ်ပင် လွတ်လပ်ရေး၏ သဘောတရားကို တွေးတောဆင်ခြင် နေမိကြပုံရှိ၏။

ယခုခေတ်မှာတော့ လူကြီးများကလည်း လွတ်လပ်ရေးပွဲတွေ လုပ်ဖို့ စိတ်မပါတော့။ ရပ်ကွက်တွေမှာ ကလေးများအတွက် ပြိုင်ပွဲလုပ်ပေးရသည်ကိုပင် တက်ကြွခြင်းမရှိတော့တာ သတိထားမိသည်။

ရပ်ကွက်လူကြီးက လုပ်ဆို၍သာ ဖြစ်မြောက်ပြီးစီးရန် လုပ်လိုက်ကြခြင်းဖြစ်သည်။ နောက်ပိုင်းဆိုလျှင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟူ၍ ကျင်းပကြပါတော့မလားဟု တွေးနေမိတော့သည်။

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၅)


ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၅)

(Choosing Right Path and Real Politics)

ကျုပ်တို့နိုင်ငံမှာ အင်အားအကြီးဆုံးအုပ်စု ဖြစ်ရုံသာမက၊ နိုင်ငံတစ်ခုလုံးရဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးစတဲ့ ရှိသမျှ နယ်ပယ်အားလုံးကို ရာစုနှစ်တစ်ဝက်နီးပါး တစ်ဖွဲ့တည်း ချုပ်ကိုင်မောင်းနှင်နေတဲ့ တပ်မတော်ဟူသော စစ်ယန္တရားကြီး ရှိနေပါတယ်။

တပ်မတော်၏ အခရာကျတဲ့ အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်လ်ဒီက အသိအမှတ်ပြုပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ကြိမ်ဖန်များစွာ ကမ်းလှမ်းနေခဲ့ပါတယ်။ ပြည်တွင်း၊ပြည်ပရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် အတိုက်အခံများကလဲ အမျိုးသား ရင်ကြားစေ့ရေးကို တောင်းဆိုနေပါတယ်။

တပ်မတော်၏ ပူးပေါင်းပါဝင်မှု မပါဘဲ၊ ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်မယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိမ်းထားနိုင်တယ်လို့ဆိုတဲ့ ခေါင်းဆောင်၊ အဖွဲ့အစည်းရယ်လို့ မကြားမိပါဘူး။

သို့သော် ဗိုလ်ချုပ်တွေက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး(National Reconciliation,NR) လမ်းကြောင်းပေါ် မတက်လာကြပါဘူး။ ထင်တိုင်းပေါက်နေသဖြင့် (NR)ကို မလိုအပ်သော အခြေအနေမှာ ရှိနေလို့လား။ (NR)နှင့်တင် မလုံလောက်၍လား။ (NR)ကို သူတို့က ထောင်ချောက်ထင်နေလို့လား။ သို့မဟုတ် (NR)သည် သူတို့အတွက် တစ်ကယ်ဘဲ ထောင်ချောက်ဖြစ်နေ၍လား။ (NR)က သူတို့အတွက် ထောင်ချောက်လိုဖြစ်နေရင် ထောင်ချောက် မဖြစ်အောင် ပြင်ဆင်သင့်သလား။ ပြင်ရင် ဘယ်လို ပြင်သင့်သလဲ။ မပြင်ဘဲ ဒီအတိုင်း ဆက်သွားမလား။

နိုင်ငံရေးမှာ အချိန်တိုင်ခြင်း(Timing)ကို ဘယ်လိုမြင်သလဲ။ ရှစ်လေးလုံးမှာ (Timing) လွတ်ခဲ့လို့ နစ်နာခဲ့တယ်ဆိုတာ လက်ခံပါသလား။ အခုလာမဲ့ ၂၀၁၀ကာလမှာ အချိန်တိုင်ခြင်း(Timing)နှင့် ဟန်ချက်ညီလှုပ်ယှားမှု(Concerted Effort)တို့ ပေါင်းစပ်နိုင်ရေးအတွက် ထပ်ကြိုးစားသင့်သလား။ တစ်ကယ်ကြိုးစားကြမယ်ဆိုရင် မိမိအမြင်နှင့် အခြားသူများ၏ အမြင်ကို အမျိုးသားညီညွတ်ရေးကို ရှေ့ရှုပြီး အလျော့အတင်းလုပ်ရဲတဲ့ သတ္တိရှိကြပါရဲ့လား။ ၂၀၁၀ကို နအဖက နည်းဗျူဟာသစ်တွေနှင့် သွားနေတဲ့အချိန်မှာ ကျုပ်တို့ကကော အခြေအနေသစ်နှင့် ကိုက်ညီမဲ့ လုပ်ငန်းစဉ်သစ်တွေကို မရှာသင့်ဘူးလား။ လက်တွေ့နိုင်ငံရေး(Real Politics)က ကျုပ်တို့ကို စိမ်ခေါ်နေပါပြီ။

ယနေ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်း ရှည်ကြာ ကြမ်းတမ်းနေခြင်းသည် တပ်မတော်က နိုင်ငံရေးအင်အားစုတွေနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေး၍ ဖြစ်သည်ဟု ယုံကြည်သည်ဆိုပါက အထက်ပါမေးခွန်း၏ အဖြေသည် ပြည်သူသန်း(၅၀)ကျော်၏ ဘ၀တွေနှင့် တန်ဖိုးညီတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီသော့ချက်ကျတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျုပ်ချဉ်းကပ်ပုံကို ဆက်ဆွေးနွေး သွားပါမယ်။မိတ်ဆွေများလဲ ၀ိုင်းစဉ်းစားပေး ကြည့်စေချင်ပါတယ်။

အောင်ထီ ဇန္န၀ါရီလ(၄)၊၂၀၁၀