Thursday, January 7, 2010

ဗိုလ်မှူး ချစ်ကောင်း




အားမာန်သစ် စာပေမှ ၂ဝဝ၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်မှနေ "ဗိုလ်မှူး ချစ်ကောင်း (ခရစ် ၁၉၂ဝ-၁၉၆၆)" ကိုယ်ရေးအကျဉ်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။


ဗိုလ်မှူး ချစ်ကောင်း (ခရစ် ၁၉၂ဝ-၁၉၆၆)

ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သော ကာနယ်ချစ်ကောင်း (ခေါ်) ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်အား ၁၉၂၂ ခုနှစ်၊ မြင်းခြံခရိုင် လယ်သစ်ရွာတွင် မြေတိုင်းစားရေးကြီး ဦးအုန်းဖေ၊ အမိ ဒေါ်အိတို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြင်းခြံ အေဘီအမ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး ၁၉၃၆ ခုနှစ်၊ မန္ဈလေး ဥပစာကောလိပ်မှ ဥပစာ (သိပ္ပံ) အောင်သည်အထိ ပညာ သင်ကြားခဲ့သည်။


ဗိုလ်မှူးချစ်ကောင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီခေတ် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်၍ မြင်းခြံခရိုင်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနှင့် မြေအောက် တော်လှန်ရေး အင်အားစု ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘီအိုင်အေ၊ ဘီဒီအေတပ်များမှာ ပါဝင်၍ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း အပါတ်စဉ် (၂) သို့ တက်ရောက်ခဲ့သည်။


ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီး ဌာနချုပ်ရုံးတွင် အမှုထမ်းဆောင်နေစဉ် အိန္ဒိယသို့ လျို့ဝှက်စေလွှတ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၎င်းနှင့်အတူ သွားရောက်ခဲ့သူများမှာ သခင်ဗိုလ် (ဂျပန် တော်လှန်ရေး အတွက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ လေထီးဆင်းရန် လေယာဉ်ပျံအတက်တွင် ပျက်ကျကာ သေဆုံး)၊ မန်းဝင်းမောင် (နောင် နိုင်ငံတော် သမ္မတကြီး)၊ ကိုကျော်ရင် (ကထိက ဦးကျော်ရင်)၊ ကိုအုန်းမောင် (လေထီးဦးအုန်းမောင်) တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့ရှိ အင်္ဂလိပ်တို့ ဖွင့်လှစ်ထားသော ဗမာပြည် ဌာနခွဲ (B.C.S.) တွင် ဂျပန် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် စည်းရုံးရေးနည်း၊ စာလုံးမပေါ်အောင် ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း၊ လက်နက်ငယ်များ ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သင်တန်းဆင်းပြီးသော အခါ စစ်ဘက်ဆိုင်ရာတို့၏ စီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့ သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့ လေထီးဖြင့် ဆင်း၍ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ကြီးနှင့် ပူးပေါင်းကာ ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့သည်။


ထို့နောက် ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံ စစ်တပ် (ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲ့ စည်းသောအခါ ဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင် အမှုမထမ်းတော့ဘဲ ကွန်မြူနစ်ပါတီ၏ွွေ့ကးကြော်သံ အာဘော်ဖြစ်သော ပြည်သူ့အာဏာ ဂျာနယ် ထုတ်ဝေရေး အတွက် ကိုဗဟိန်းနှင့် အတူ စိုင်းပြင်းခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့အာဏာ ဂျာနယ် စတင် ထုတ်ဝေနိုင်ခဲ့သည်။


၁၉၄၆ ခုနှစ်၊ မေလတွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့၌ လူထုတန်းစီ လှည့်လည် အင်အားပြပွဲကို ပုလိပ်များက သေနတ်နှင့်ပစ်ရာ လယ်သမားကြီး လေးဦး ထိမှန် သေဆုံးခဲ့ရသောကြောင့် 'ထန်းတပင် သေနတ်ပစ်မှုကြီး' အွုံွ့က ဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည် အဆိုပါ သေနတ်ပစ်မှုကြီးနှင့် ပတ်သက်၍ ပြည်သူ့အာဏာ ဂျာနယ် မှနေ၍ ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားခဲ့သည်။ ထို့ပြင် ရမည်းအသင်း အရှေ့ဘက်တွင် ရှိသော နန်းစွဲရွာတောင်ပေါ်မှ ရေကို ရမည်းအသင်း အထိ ဖောက်ယူနိုင်ရေး စီမံကိန်းတွင် ဒေသဆိုင်ရာ ပါတီ အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်း၍ တတ်တတ်ွ့ကွ့က ဆောင်ရွက်ခဲ့သည်။


၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာ ကွန်မြူနစ် ပါတီ တောခိုသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ပျဉ်းမနားမှ တဆင့် လိုက်ပါသွားခဲ့သည်။ ထို့နောက် မကြာမီမှာပင် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြည်သူ့ တပ်မတော်တွင် နိုင်ငံရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရသည် ဗိုလ်မှူးချစ်ကောင်းအား အရှင် သို့မဟုတ် အသေ ဖမ်းဆီးမိပါက ဆုငွေ ငါးသောင်း ချီးမြှင့်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။


၁၉၇၅ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ရန်ကုန်ပုလိပ်အဖွဲ့၏ ဖမ်းဆီးခြင်းခံရကာ ပုဒ်မ ၅ ဖြင့် ထိန်းသိမ်းခံရသည်။ ထိန်းသိမ်းခံရစဉ် အတွင်း ခရိုင် တရားသူကြီး ဦးသန်းနွဲ့ရုံးမှ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ရာဇသက်ကြီး ပုဒ်မ ၁၂၂ (၁) အရ သေဒဏ် ကျခံစေရန် အမိန့် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်၊ တနင်္လာနေ့တွင် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင် (မန်းဝင်းမောင်) ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ကြိုးဒဏ်မှ လွတ်မြောက်ကာ ထောင်မှ လွတ်မြောက် သွားခဲ့သည်။


ဗိုလ်မှူးချစ်ကောင်းသည် ထောင်ထဲ၌ စုစုပေါင်း ၃ နှစ်နှင့် ၅ လတိတိ ကြာခဲ့သည်။ (ဘားလမ်း အချုပ်ခန်း၌ ၁ နှစ်နီးပါးနှင့် ကြိုးတိုက်ထဲတွင် ၈ လနီးပါး အပါအဝင်) ထို့နောက် ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ပုဒ်မ ၅ ဖြင့် ထပ်မံ အဖမ်းခံရပြန်သည်။


၁၉၆၄ ခုနှစ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြန်လည် ဆက်သွယ်ကာ တောခို သွားခဲ့သည်။ ထို့နောက် ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်သည် ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဟင်္သာတခရိုင်၊ လေးမျက်နှာနယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတနေရာတွင် ကျဆုံး သွားခဲ့သည်။


ဗိုလ်မှူးချစ်ကောင်းသည် သာယာဝတီခရိုင်၊ စစ်ကွင်းမြို့နေ ဦးသာဖေ၊ ဒေါ်ယုတို့၏ သမီးဖြစ်သူ ဒေါ်ခင်မျိုးညွန့် (မြန်မာပြည် ကွန်မြူနစ် ပါတီဝင်) နှင့် ၁၉၄၈ ခုနှစ်တွင် လက်ထပ်ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သားသမီးများမှာ စိုးချစ်ထွန်း၊ ခင်မာအေးချစ်၊ ခင်မေထွန်းချစ်တို့ ဖြစ်သည်။


ဗိုလ်မှူး ချစ်ကောင်းသည် ပြည်သူ့အာဏာ ဂျာနယ်၊ အလင်းရောင် သတင်းစဉ်၊ ဒဂုန်မဂ္ဂဇင်းနှင့် အခြား စာနယ်ဇင်းများ၌ 'သိန်းဖေစခန်းမှ သိန်းဖေစခန်းသို့' (၁၈၄၅)၊ 'လေးဆယ်တစ်' (၁၉၅၈)၊ 'အနှစ်နှစ်ဆယ်' (၁၆ဝ)၊ 'နိုင်ငံရေးအဘိဓာန်' (၁၉၆၃)၊ 'လူ၏ မူလအစ' (၁၈၆၃) တို့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်က Pelican စာအုပ်တိုက်ထုတ် ဂျမန်စစ်ဗိုလ်ချုပ်ကြီး ကလော့စ်ဝစ် (Carl Von Clausewitg) (၁၇၈ဝ-၁၈၃၁) ၏ On War စာအုပ်ကို 'စစ်၏ အခြေခံဥပဒေသ' အမည်ဖြင့် ဘာသာပြန်ဆိုသော်လည်း စာအုပ်အဖြစ် မထုတ်ဝေဖြစ်ခဲ့ချေ။

https://www.myanmarisp.com/2009-2/PB/PB0144/


7 Jan 2010 ဒိုင်ယာရီ

http://ifile.it/jwc8p267JAN2010 Diary

သက္ကရာဇ် ၂၀၀၉ မြန်မာနိုင်ငံစစ်တမ်း

http://ifile.it/kvbz5xp

2009 Analysis Final

နွားနှင့် ဒီမိုကရေစီ



နွားနှင့် ဒီမိုကရေစီ


ကျွန်တော်တို့သည် နိုင်ငံ့အရေးကို စိတ်ဝင်စား၏။ စိတ်ဝင်စားသည့်အတိုင်းလည်း ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုသော စိတ်လည်းရှိ၏။ ကျွန်တော်တို့၏ နစ်နာချက်၊ ခံစားမှုများကို ဟစ်ကြေးလို၏။ ဟစ်ကြွေးကြ၏။ မျိုးချစ်စိတ်ဆိုသည်ကို တိတိကျကျ မဝေဖန်တတ်သော်လည်း ဤစာလုံး သုံးလုံး၌ အဖြေပါ၏။ နည်းနည်းထပ်ဖြည့်ရလျှင် မိမိမှလွဲ၍ အခြားသော တိုင်းသူပြည်သားများ၏ အလိုဆန္ဒ၊ သူ့ကို အထင်မသေး၊ သူ့လိုအပ်ချက်များကို မိမိတတ်စွမ်းသရွေ့ ဆောင်ရွက်ပေးဖို့၊ တကယ့်စေတနာသည်ကား မျိုးချစ်စိတ်ဟု ကျွန်တော်ထင်၏။

ညီညွတ်ရေးဟုလည်း ပြောကြပါသည်။ ဘယ်နေရာ ညီညွတ်ကြမလဲ။ မသိသတတ်။ လူ့အဖွဲ့အစည်းသည် အဆင့်ဆင့်ရှိ၏။ များပြားလှကုန်သော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ တသားတည်း မဖြစ်နိုင်ဟု ကျွန်တော်ယုံကြည်၏။ ကားမာတ် ဘာပြောပြော သူ့ကိစ္စသည် ပြီးပြီ။ တစ်ယောက်ထဲပင် ကိုယ့်ကိုယ်ကို မညီညွတ်။ ထို့ကြောင့် မညီသောကိစ္စကို တတ်အားသရွေ့ အများစု လက်ခံနိုင်ဖို့ ကြိုးစားသော နိုင်ငံရေးကို ဆောင်ရွက်သူသည် မျိုးချစ်စိတ်ရှိသူ ဖြစ်နိုင်၏။ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးဟု ထင်ရလောက်အောင်၊ နားမလည်သော တိုင်းသူပြည်သားများကို ဖြီးဖြန်းပြီး မိမိပိုင် ရေဒီယို၊ စာနယ်ဇင်း၊ တယ်လီဗေးရှင်း စသဖြင့် ရှိသမျှ မီဒီယာများကို အသုံးချလိမ်လည်နေသော ပုဂ္ဂိုလ်ကြီးများလည်းရှိ၏။ ဥပမာ- (န.အ.ဖ)။


နွားနှင့် ဒီမိုကရေစီ
ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသည်။ '' စင်ပေါ်တက် လက်ခုပ်ချူသော နိုင်ငံရေးကို ကျွန်မ မနှစ်သက်ကြောင်း''။ ဟုတ်သည်။ အချို့သည် အုပ်စုဖွဲ့၍ လည်းကောင်း၊ လိုအပ်လျှင် မိမိကိုယ်ကို ကိုယ်ရည်သွေး၍ လည်းကောင်း၊ အခွင့်ကြုံတိုင်း စင်ပေါ်ရောက်တတ်၏။ အော်တတ်၏။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားခြင်း စာနာထောက်ထားမှု စသဖြင့် ဟစ်ကြွေး။ ပြီးတော့လဲ - ပလုံ … ။

တကယ်ချစ်သလား။ ကိုယ့်ကိုယ်ကို (မဟုတ်ဘူး) တိုင်းပြည်ကို ၊ တိုင်းပြည်ထဲနေနေကြရတဲ့ လူတွေကို၊ ဒုက္ခသည်တွေကို၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို၊ ထောင်ထဲကလူတွေကို၊ မတည်မငြိမ်နဲ့ မဝရေစာ စားနေရတဲ့ လူတွေကို။ ပြောကြည့် - ဘယ်နားမှာဖြစ်ဖြစ် ကြားနေရတာ။ "ဟိုကောင် အရက်သောက်သည်၊ ဒီကောင်မ လင်ငယ်နေသည်၊ နိုင်ငံရေးသမားဆိုတာ အလကားပါကွာ"၊ အတင်းအဖျင်းနှင့် ညစ်ညမ်းသော စကားများကိုသာ ကြားနေရသည်။

တိုင်းပြည်ထဲ ကုန်ပြီလား၊ လူကောင်း။ ကျန်ပါလိမ့်ဦးမည်။ ကျွန်တော် ယုံကြည်၏။ အခု လူကောင်းတွေကိုပါ အလကားလူတွေဖြစ်အောင် အစိုးရက ဝါဒဖြန့်သည်။ တိုင်းပြည်က မဆင်ခြင်။ အချင်းချင်းသာ မလိုမုန်းထားစိတ်များဖြင့် ချောင်းမြောင်း ဆက်ဆံနေကြ၏။ အားနည်းချက်ကို ရှာ၏။ ၎င်းအပေါ် အားသာအောင် လုပ်၏။ အနိုင်ကျင့်၏။ ဝန်ထမ်းများက ပိုဆိုးသည်။ ဝန်ထမ်းဆိုသည့် စကားလုံး၏ အနက်သည် မရှိတော့။ ဘယ်သူ့ဝန် ထမ်းရမှာလဲ။ ပညာတတ်ဟု မိမိကိုယ်ကို ထင်သော - ဗိုလ်ချုပ်အောင်ဆန်းပြောသည့် ''မင်းစိတ်ပေါက်နေသော အရာရှိဆိုးများ'' ။ အမှန်တော့ မင်းစိတ်မဟုတ်။ ကျွန်စိတ်၊ သဘောက်စိတ်။

စင်စစ် ဘဝကို တကယ်နာကျည်းပါက ကျွန်တော်တို့သည် ဤသို့မနေအံ့။ ရှေ့က နစ်နာပြီးသူတွေကို လေးစားလျက်၊ ကျွန်တော်တို့ ဆက်ပြီး ဖဝါးခြေထပ် ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ သေလျှင်လည်း သေပေါ့။ ကျွန်တော်တို့သည် အိပ်ရင်း၊ စားရင်း၊ လမ်းလျှေက်ရင်း၊ လဲလျောင်းရင်း၊ အချိန်တိုင်းတွင် ဒီမိုကရေစီအကြောင်း တွေးတောကြံဆ နေသင့်သည်။ အကောင်အထည်ပေါ်အောင် ကြံဆောင်နေသင့်သည်။ ကိုယ်ကိုယ်တိုင်လည်း ဤကျင့်စဉ်ကို သိအောင် ကြိုးပမ်းလျှက် 'ဝိဇ္ဇာစရဏ သမ္ပန္နော' ဖြစ်သင့်၏။ ဤသူမျိုးကို ပန်းကုံးစွပ်။

ကျွန်တော်သည် ၁၉၈၈ အရေးတော်ပုံမှစ၍ ဤဒီမိုကရေစီအရေးအား ရှေ့မှရော၊ နောက်မှရော၊ အလယ်မှရော၊ နေရာစုံ ဒေသတစ်ခုတွင် ပါဝင်ခဲ့ဖူး၏။ ယခုလည်း ဆောင်ရွက်ဆဲ။ မွေးရပ်၌ မနေရ။ တစ်ပါးအရပ်၌ နေ၏။ အသက်မွေးဝမ်းကျောင်း ပြု၏။ သမာအာဇီဝ။ ရွာသားတစ်ယောက် ဖြစ်ခဲ့သည့်အလျောက် ရွာကိုမရောက်သည်မှာ ၁ဝ နှစ်ကျော်ပြီဖြစ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စများအား မန်နေဂျာကို လွှဲလျှက် မိသားစုနှင့်အတူ ရွာသို့ ခေတ္တ ပြန်ခဲ့သည်။

၂ဝဝ၇ ခုနှစ်က ဖြစ်သည်။ ကမ္ဘာကျော်သော ''ရွှေဝါရောင်'' တော်လှန်ရေးအပြီးလောက် ဖြစ်သည်။ ပခုက္ကူမှစသော (သို့မဟုတ်) အောင်းထားရသော ဆန္ဒများစွာက စတင်သော ဤသပိတ်သည် ဘဝဂ်သို့ ညံခဲ့၏။ စစ်အစိုးရ၏ ကျွန်တော်ကောင်းများဖြစ်သော ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အက်စ်ဘီ၊ လုံထိန်း၊ အာရ်ပီ၊ တပ်မတော်တပ်ရင်းအချို့မှ လွဲ၍ လူသားစိတ်ရှိသော၊ သာသနာကို ကာကွယ်လိုသော သူများအားလုံး ထကြွခဲ့ကြ၏။ လမ်းပေါ်တက်ခဲ့ကြ၏။ အသေခံ၊ အကျဉ်းခံခဲ့ကြ၏။ လူတိုင်းသိခဲ့ကြသည့်အကြောင်း ။

လူဟူသည် သစ္စာဖောက်တတ်သည်။ လုပ်အပ် မလုပ်အပ်မသိ။ မိမိကိုယ်ကျိုးအတွက် တစ်ပါးသူအကြောင်း မစဉ်းစား၊ ကုသိုလ် အကုသိုလ် မကွဲ၊ ဆိုင်ရာချင်း လက်တွဲပြီး အစုလိုက် အပြုံလိုက် ယုတ်မာနေသူများသည် ပြည်တွင်း၌ အလွန်ပေါ၏။ (ဤကားစကားချပ်)

သုံးရစ်မျှသာရှိသော ယူနီဖောင်းဝတ်ရဲ တစ်ယောက်နှင့်အတူ လမ်းလျှောက်ရလျှင်လည်း ကိုယ့်ဖာသာ လူဟုထင်သူလည်း ရှိ၏။ (ဤသည်လည်း စကားချပ်)

ရွှေဝါရောင် တော်လှန်ရေးကို မထောက်ခံသူ မရှိသလောက်။ ထားတော့။ ပြီးတော့ … ကျွန်တော်တို့ မိသားစု ဇာတိရွာကို ရောက်ခဲ့ကြသည်ပေါ့။

ရွာသည်လှ၏။ မြို့ထက်လှ၏။ ညနေခင်းများမှာ ထန်းရည်လေးနည်းနည်းသောက်၊ တောင်ခြေက ကန်ဘောင်ပေါ်မှာ လတ်ဆတ်သည့် လေကို ရှူ၊ လမ်းလျှောက်၊ သဘာဝက သူ့ဘာသူ လှပြီးသား။
ကန်ထိပ်မှာ စေတီ၊ ဇရပ်။ ကန်ပေါ်မှာ ဘာမှမရှိ။ ရေသာရှိသည်။ ကြည်လင်သည်။ ကန်ရဲ့ ဟိုတစ်ဖက်မှာ ယာကွင်းများစွာ၊ သရက်ပင်လေးငါးပင်၊ တောင်ရိုး၊ နွားစားကျက်၊ မြက်ခင်း။ ကျွန်တော် အဲဒီဘက် လျှောက်သွားသည်။ နေက ဝင်တော့မည်။ စားကျက်ထဲတွင် ဝဝဖြိုးဖြိုး အရောင်ကလဲ ဖြူဖြူ၊ လှလိုက်တဲ့ နွား။ ဘာတွေများစားထားပါလိမ့်။ ကျွန်တော် အဲဒီနွားကြီးနား ကပ်သွားတယ်။ ပြီးတော့ မေးကြည့်တယ်။ (သြော် -ကျုပ်က နွားစကားတတ်တယ်နော်)

'' ဗျို့ … ကိုနွားကြီး ဘာလုပ်နေတာလဲဗျ၊ မြက်စားနေတာလား'' ဟု ကျွန်တော်ကပင်စတင်၍ ရုတ်တရက် နှုတ်ဆက်လိုက်ပါသည်။ နွားကြီးကား စိုစိမ်းသော မြေဇာပင်များဝယ် စိတ်ရောပါးစပ်ပါ ဝင်စားချက် ကောင်းလှပါ၏။

''အခုနှစ်ထဲမှာ ပခုက္ကူကစတဲ့ သံဃာ့သပိတ်က တစ်ပြည်လုံးနီးပါး ပျံ့နှံ့ပြီး ရန်ကုန်က ရဟန်းတွေ ရွှေတိဂုံပေါ်တက်ပြီး၊ ကံဆောင်ကြသတဲ့၊ အရှေ့ဘက်မုခ်မှာ ရဟန်းတွေရော လူတွေရော တော်တော် ပစ်သတ်ခံရတယ်ကြားတယ်။ ဆူးလေမှာဆိုရင် လူထုတွေထဲမှာ ကျောင်းသားသမဂ္ဂအလံတောင် လွှင့်ဆိုပဲ၊ အဲဒီကျောင်းသားလေးလဲ အဖမ်းခံလိုက်ရသတဲ့၊ အဲဒါ ခင်ဗျား ဘယ်လိုထင်သလဲ ကိုနွားကြီး"

နွားကြီးသည် စားမြဲစားနေသည်။

''နည်းနည်းမှ မတရားဘူးဗျာ၊ တကယ်ဆို ဒီသံဃာတော်တွေနဲ့ ဒီကျောင်းသားလေးတွေဟာ နိုင်လိုမင်းထက် သန်းရွှေလေးတွေ မဟုတ်ပါဘူး၊ နွားကြီးပဲ ကြည့်လေဗျာ၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့။ ကိုမြအေး၊ ကိုပြုံးချို၊ မာကီး၊ ပြီးတော့ ဟိုမှာဗျာ လင်မယားနှစ်ယောက်၊ တစ်ယောက်က ထောင်ထဲရောက်၊ တစ်ယောက်က မွေးစကလေး ထားခဲ့ပြီး တိမ်းရှောင်နေရတာလေ၊ သိလား၊ သူတို့မှ မဟုတ်ပါဘူး၊ ဒီမိုကရေစီ ဘက်တော်သားတွေ အဖမ်းခံ၊ အနှိပ်စက်ခံ၊ သေကြကြေကြ မနည်းဘူးဗျာ။''

ကျွန်တော် နည်းနည်း အာခြောက်လာသည်။ နွားကြီးကား မသိလေဟန်။ ရှေ့သို့ခြေတစ်လှမ်း တိုး၍ စားမြဲစားနေပါ၏။

''ပြီးတော့ဗျာ … မဆီမဆိုင် မုဆိုးမ မြွေရိုက်သလိုပဲ၊ နိုင်ငံရေးလား၊ ဒီမိုကရေစီလား၊ မလှုပ်နဲ့၊ လှုပ်ရင် လှုပ်တဲ့နေရာ ရိုက်မယ်၊ အင်း … ဟိုးထိပ်က ခေါင်းဆောင်တွေကနေ အောက်ခြေလှုပ်ရှားသူတွေ အားလုံးကို ဖြိုခွင်းရေးနည်းဗျူဟာချပြီး စပါယ်ရှယ် နှိပ်ကွပ်နေတာလေဗျာ၊ ပြောတော့ ဒီမိုကရေစီတဲ့၊ အခု စစ်အစိုးရက တကယ်တော့ လူသတ်နေတာပါဗျာ၊ ကိုနွားကြီး ကျုပ်ပြောတာ ကြားလား''

နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ် စားလျက်၊ မိန်လျက်ပင်။

"ဓါတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အခြေခံပြီး ပေါက်ကွဲခဲ့ကြတာမို့လား၊ ရဟန်းတွေကိုလည်း စော်ကားတယ်လေ၊ အဲဒါကြောင့် အနာခံပြီး သပိတ်မှောက်ခဲ့ကြတာမို့လား၊ တွက်ကြည့်ပါ ကိုနွားကြီးရယ်၊ သူတို့က တိုင်းပြည်ကို လူမထင်ဘူးဆိုတော့ တိုင်းပြည်က သူတို့ကို လူပြန်ထင်ဖို့ မခက်ပေဖူးလား၊ အခုတလောတောင်ဗျာ အဖမ်းအဆီးတွေက ဒုနဲ့ဒေး။ ထောင်ထဲက ဗာလနံတွေတော့ ထောင်ထဲကလွှတ်၊ နိုင်ငံရေးအကျဉ်းသားကျ ဟန်ပြလွှတ်ပေး၊ လွှတ်ပေးတာ ဝမ်းသာပါတယ်၊ ဒါပေမဲ့ တကယ်အရေးပါတဲ့ သူတွေ မပါသေးဘူးဗျာ"

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ပါနေသည်ကို မြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်ဆိုင်းထားရ၏။

''ကျုပ်တို့လူမျိုးတွေကလည်း ခက်ပါတယ်ဗျာ၊ ညံ့နေတာလား မသိဘူး၊ ကျုပ်ဆို ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အင်န်အယ်လ်ဒီကို မဲပေးခဲ့တာပဲ။ အခြေခံဥပဒေတုန်းကတော့ ကျုပ် မဲသွားမပေးဘူး၊ ဒါပေမဲ့ဗျာ … ကျုပ်စာရင်းမှာ အမှန်ခြစ်လိုက်ကြသတဲ့၊ ကျုပ်လိုလူမျိုး ဘယ်လောက်ရှိမလဲ၊ ရိုးရိုးလေးပါ၊ ဒါဟာ လိမ်လည်မှု၊ အနိုင်ကျင့်မှု၊ ဒါပါပဲ၊ ဒါ ကျုပ်မိန်းမက ပြောလို့သိရတာ၊ ကိုယ့်မဲတစ်ပြားကို တန်ဖိုးထားတတ်ခဲ့ကြသလား၊ ဒါမျိုး ဘယ်လောက်ရှိသလဲ သိချင်လို့ ရွာနှစ်ဆယ်လောက်တောင် မှတ်တမ်းလိုက်ကောက်သေးတယ်၊ ကိုနွားကြီး အဲဒီအခြေခံဥပဒေကို ယုံလားဗျ''

နွားသည် နွားလောက်သာသိဟန်တူသည်။ ဝူးကနဲ နှာလေမှုတ်လျက် တစ်ဖက်သို့ လှည့်၍သာ စားမြဲ စားနေပါသည်။ ကျွန်တော်ကလည်း စိတ်ရှည်သည်။

''ကိုနွားကြီး ဒီလောက် စစ်အစိုးရက တစ်ပြည်လုံးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး နိမ့်ကျသွားအောင် လုပ်နေတာ၊ ခင်ဗျားရော မခွေ့ချင်ဘူးလား၊ ပြောလေဗျာ၊ အစိုးရလေသံလိုက်ပြီး အရပ်ထဲက ဒေါက်ဖိနပ်တွေက အခုလုပ်နေတဲ့ နိုင်ငံရေးသမားလေးတွေက ကလေကဝလေးတွေပါ၊ ပေမမှီ ဒေါက်မမှီလေးတွေပါတဲ့၊ နွားကြီးတို့ ဘက်တော်သားတွေလား မသိဘူး၊ ကြံ့ဖွတ်တွေဆီက အသံ၊ ခင်ဗျားရော ဒီကလေးတွေကို အဲလိုထင်လား၊ အင်း … ကျုပ်ကတော့ သူတစ်ပါးဒုက္ခကို မိမိသုခဖြစ်အောင် လုပ်တတ်တဲ့ သူတွေကို ........ အေးဗျာ ........"

ကိုနွားကြီးက ကျွန်တော့်ကို တစ်ချက်မျှ မော့ကြည့်ပြီး သူ့အစာသူ ဆက်၍စားနေပါသည်။

''တကယ်အားဖြင့်ဗျာ အနှစ် (၆ဝ) တို့၊ အနှစ် (၁၂ဝ) တို့ ထောင်ဒဏ်အပြစ်ပေးတယ်ဆိုတာ ဒီမိုကရေစီမှာ ပြစ်မှုမဟုတ်ဘူးလို့၊ ဒါ… အာဏာရှင်လို့။ ခင်ဗျားတို့ နွား နွားချင်း ပြောလိုက်စမ်းပါဗျာ၊ တကယ်၊ ရိုးရိုးတွေးကြည့် လူပဲဗျာ၊ လူဖြစ်ချင်တာပေါ့၊ လူ့အရည်အချင်းကို ဖော်ထုတ်ချင်တယ်၊ လူ့အခွင့်အရေး ရချင်တယ်၊ ဒါ … အဆန်းလားဗျာ၊ ကိုနွားကြီး၊ ဒါ မွေးရာပါဗျ''

နွားကြီးသည် ကျွန်တော့်အား နားငြီးလာဟန်ရှိသည်။ နှာပြင်းပြင်း နှစ်ခါမှုတ်၊ အမြီးကို သွင်သွင်ရမ်းလျက် ထွက်သွားဟန်ပြုပြီးမှ ဆက်စား၏။

''တကယ်တော့ဗျာ၊ ဖိနှိပ်မှုကို မကြိုက်တော့ လွတ်လပ်မှုကို လိုချင်တာပေါ့၊ အားလုံး ညီအစ်ကို မောင်နှမ ဖြစ်ချင်တာပေါ့၊ အပြန်အလှန် အကျိုးပြုချင်တာပေါ့။ ကိုနွားကြီး ခင်ဗျား ကျုပ်ကို စကားပြန်မပြောဘူး၊ မသိကျိုးကျွံ လုပ်နေတယ်၊ ဒါ ပြေလည်မယ့် အကြောင်းမဟုတ်ဘူးဗျ၊ အေးလေ ခင်ဗျားက နွားဆိုတော့ လူကို လေးစားရကောင်း သိမယ်မဟုတ်ဘူး''

နွားကြီးသည် ခွာယက်လာ၏။ ငါကန်လိုက်ရဟု သူအောက်မေ့လာဟန်တူသည်။ ဒါနဲ့ ကျွန်တော် ချော့ပါသည်။ ကျွတ် … ကျွတ်… ကျွတ် ။

''ကဲ- ကျုပ်ပြောဦးမယ်ဗျာ၊ ခင်ဗျားတို့ နွားတွေဟာ လူကို(အထူးသဖြင့် ဗမာပြည်မှာ) အလွန် အကျိုးပြုတာပါ၊ နွားသိက္ခာ အကျမခံပါနဲ့၊ ကျုပ်ပြောတာ နားထောင်ပါ''

ဤအချိန်တွင် စာရေးသူသည် နွားစကားမပြောဘဲ၊ လူစကားဖြင့်သာ နွားကို ချဉ်းကပ်ပါသည်။

''ကိုနွားကြီး … ကျွန်တော် ခင်ဗျားကို မေးမယ်၊ ခင်ဗျား လူတစ်ယောက်ကို အထင်သေးဘူးလား၊ ခင်ဗျား လူတစ်ယောက်ကို အကျိုးပြုဖူးလား၊ ခင်ဗျား သူ့ဘာသာတရားကို အလေးအနက်ထားတတ်သလား၊ ခင်ဗျား သူ့ကိုယ်ပိုင်အခွင့်အရေး လေးစားဖူးသလား၊ တကယ်တော့ - ခင်ဗျား...... ''

ကျွန်တော့်စကားမပြီးမီ ကိုနွားကြီးသည် နောက်ထပ် မစင်နှစ်ပုံ စွန့်၍ ကျွန်တော့်အား ဂျိုကြည့်ကြည့်ကာ ထွက်ခွာသွားလေသတည်း။

ကောင်းကင်သည် ညိုပြီ။ စိတ်တွေလည်း ညောင်းလာပြီ။ နွားနှင့်ကလည်း စကားပြောမရ။ နွားနှင့် စကားပြောရသည်မှာ ''ကျွဲပါးစောင်းတီး'' ။

သြော် - နွားတွေ နွားတွေ၊ နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာ ဖြစ်ကြသည်ကိုး။ ဒီမိုကရေစီလည်းမသိ။ သပိတ်လည်း နားမလည်။ တရားသောစကားလည်း နားမဝင်။ ၎င်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ကြရန်သာ တတ်ကြလေတော့သတည်း ........။
× × × × ×

Naing

ဝန်ခံချက်
စာအခင်းအကျင်းကို ၁၉၇ဝ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ စာမျက်နှာ ၅၇ ရှိ ''မောင်ညိုမြ'' ၏ ဝတ္ထုတိုမှ မှီငြမ်းပါသည် ။

http://www.yoma3.org/index.php?option=com_content&view=article&id=462:2010-01-07-08-23-36&catid=46:2008-09-21-07-47-53&Itemid=129



စာရေးသူ

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ အဖြေမဟုတ်



ဇင်လင်း

၇ ဇန်န၀ါရီ ၂၀၁၀

၂၀၁၀ ခုနှစ်ဆန်းပေပြီ။ မြန်မာ့နိုင်ငံရေးမြင်ကွင်းကား အမှောင်ဖုံးနေဆဲ။ “အာဃာတကင်းစင်သော အထွေထွေသဟဇာတ ဖြစ်ရေးမူ” ကို တာဝန်ရှိ နိုင်ငံခေါင်းဆောင်အသီးသီး လေးနက်စွာ နှလုံးမသွင်းသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အလှမ်းဝေးနေပေဦးမည်။ တိုင်းပြည်လူထု ဆင်းရဲဒုက္ခနွံအတွင်းမှ လွတ်မြောက်ရေးလည်း မျှော်တိုင်းဝေးနေကြရဦးမည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအား သွေးမြေကျအောင် လူ့အခွင့်အရေးချိုးဖောက်၊ အကြမ်းဖက်နှိမ်နင်းခြင်း၏ အကျိုးဆက်အဖြစ် နအဖစစ်အုပ်စုသည်လည်း နိုင်ငံရေးအကျဉ်းအကျပ်အတွင်း၌ ချောင်ပိတ်မိနေသည်။ (၁၄) နှစ်ကြာ စည်းမျဉ်းစည်းကမ်း တိတိကျကျမရှိဘဲ အချိန်ဆွဲကျင်းပခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံကို တက်သုတ်ရိုက် နိဂုံးသတ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ဆိုသည်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေချိန် ၂၀၀၈ ခုနှစ် မေလတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ မည်ကာမတ္တ လူထုဆန္ဒခံယူပွဲဖြင့် ညောင်နှစ်ပင်ဖွဲ့စည်းပုံအခြေခံမူကြမ်းကို မျက်နှာပြောင်တိုက် အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် လူထုဆန္ဒမဲ ထောက်ခံမှုအရ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း အရှက်ကင်းမဲ့စွာ ကြေညာခဲ့သည်။ ဆက်လက်၍ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုလည်း အခြေအမြစ်မဲ့စွာ ကြေညာခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ်တမတ်သား အလိုအလျောက်ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပေဒေသည် ဒီမိုကရေစီနည်းမကျသဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ရန်လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ ဝေဖန်ထောက်ပြခဲ့သည်။ ထိုအချက်ကို နအဖက လက်ခံမှသာ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟုလည်း တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ‘ရွှေဂုံတိုင်ကြေညာ စာတမ်း’ ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံအင်အားစုများကလည်း သဘောတူထောက်ခံခဲ့ကြသည်။ စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ရွေးကောက်ပွဲကျင်းပ အဖြေထုတ်ယူရမည့် အဆင့်အထိ မရောက်သေးပေ။ လက်ငင်းရှာရမည့်အဖြေမှာ တိုင်းရင်းသား ပြည်သူလူထုအများစုကြီးက သဘောတူလက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း အန်အယ်လ်ဒီနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲဟု ဆိုလိုက်သည်နှင့် နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ်ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျဆိုကြသော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ်မဆိုနိုင်ပေ။ ဒီမိုကရေစီဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာနကျသော်လည်း၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည်ဖော်ဆောင်မပေးနိုင်လျှင် ယင်းရွေးကောက်ပွဲကား အချည်းနှီးသာ ဖြစ်လိမ့်မည်။

ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်တို့ကို အာမခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ လူထု၏ အခွင့်အာဏာ (Mandate) ကို ရယူကျင့်သုံးမည့် အစိုးရနှင့် ပြည်သူလူထုတို့အကြား သဘောတူချုပ်ဆိုထားသော လူမှုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Social Contract) ဖြစ်သည်။ ယနေ့ (နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက်ဆင်းသက်စေရမည်) ဆိုသောအချက်ကို အစိုးရအာဏာ ရယူကျင့်သုံးနေသူများက နည်းအမျိုးမျိုးဖြင့် မှေးမှိန်အောင် ပြုလုပ်ထားကြသည်။ မြန်မာစစ်အာဏာရှင်တို့ကမူ နိုင်ငံသားများက ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာကို သူတို့၏ ဘိုးဘွားမိဘပိုင်ပစ္စည်းသဖွယ် ထင်ရာစိုင်း ကျင့်သုံး နေကြသဖြင့် ပို၍ဆိုးပေသည်။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လျက် အာဏာဆက်သိမ်းထားသည်မှာ ပြည်သူလူထုနှင့်တကွ ဒီမိုကရေစီ ကျင့်စဉ်ကို သရော်မော်ကား လုပ်ခြင်းဖြစ်သည်။

စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းဖြစ်ရုံမျှမက လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်လည်းဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူခံစားပိုင်ခွင့်ရှိစေရမည်။

(၃) ပြည်သူအများ၏ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန် အပိုင်းအခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။

‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေးဆိုင်ရာ စံပြုသတ်မှတ်ထားသော အခြေခံကတိက၀တ်များလည်းဖြစ်သည်။ ထို့ပြင် “ကုလသမဂ္ဂ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်” (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ၊ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်ဟု ဖော်ပြထားသည်။

ဤနေရာ၌ ‘ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ (The Organization for Security and Co-operation in Europe – OSCE) ၏ သဘောတူညီချက် မှတ်တမ်းများအား ကိုးကားလျက် ရွေးကောက်ပွဲကျင့်ဝတ်များနှင့် စပ်လျဉ်း၍ နိုင်ငံအများ လိုက်နာရမည့် အချက်အလက်အနှစ်ချုပ်ကို ဖော်ပြလိုသည်။

● သင့်လျော်သော ကာလအပိုင်းအခြားတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရမည်။

● ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာအားလုံးကို လူထုအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။

● လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြားဆက်ဆံခံရခြင်းမရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများရရှိရန် အာမခံရမည်။

● ဆန္ဒမဲများကို လျှို့ဝှက်စနစ်ဖြင့် ပေးနိုင်အောင် စီမံဆောင်ရွက်ပေးရမည်။

● ရိုးသားဖြောင့်မတ်စွာ မဲရေတွက်၍ အစီရင်ခံတင်ပြရမည်။ ရလဒ်ကို အများပြည်သူသိရှိနိုင်ရန်လည်း ကြေညာပေးရမည်။

● အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုရမည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

● သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရမည်။

● မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်းရမည်။

● နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်စာတမ်းများတွင် တိုင်းရင်းသားလူနည်းစုအုပ်စုများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ထိုအုပ်စုဝင် လူသားတိုင်းအား တန်းတူနိုင်ငံရေးရပိုင်ခွင့်များပေးရန် ဖော်ပြထားပြီးဖြစ်သည်။ ‘ကုလသမဂ္ဂ၏ လူမျိုးရေးခွဲခြားဖိနှိပ်မှု ပုံသဏ္ဌာန်အားလုံး ဖျက်သိမ်းဖယ်ရှားရေး နိုင်ငံတကာသဘောတူညီချက်’ (UN Convention on the Elimination of All Forms of Racial Discrimination) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကိုမှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တိုင်းရင်းသား လူနည်းစုများအား တန်းတူနိုင်ငံရေး ရပိုင်ခွင့်များပေးရန် ဖော်ပြထားကြောင်း တွေ့နိုင်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲသည် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည့်အလျောက် တိုင်းရင်းသားလူနည်းစုများအားလည်း တန်းတူနိုင်ငံရေးရပိုင်ခွင့်များ ပေးရမည်။

● နောက်ထပ် အရေးကြီးသော ကိစ္စတရပ်မှာ အစိုးရနှင့် ပြည်သူ့လုပ်ငန်းဆောင်တာများတွင် ‘အမျိုးသမီးများ’ ပိုမိုတိုးတက် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ နှင့် အခြား နိုင်ငံတကာ စာချုပ်စာတမ်းများတွင် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြားဆက်ဆံခံရံခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိစေရမည်ဟု ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ‘ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်’ (UN Convention for the Elimination of Discrimination Against Women – CEDAW) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကိုမှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တွေ့နိုင်သည်။

ဤသဘောတူညီချက် မှတ်တမ်းများအရ ‘ရွေးကောက်ပွဲ’ သည် ‘လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်’ တွင် အကျုံးဝင်သဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအသီးသီးအနေဖြင့် ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ကို လိုက်နာရန် တာဝန်ရှိသည်။ ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ၏ သဘောသည် ကျယ်ပြန့်၍ ယေဘုယျဆန်ကာ နိုင်ငံအများ လိုက်နာအကောင်အထည်ဖော်နိုင်စေမည့် မူဘောင်များဟု ဆိုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပကြရာတွင် ထိုစံချိန်စံညွှန်းများကို လိုက်နာကျင့်ကြံရန် လိုအပ်ပေသည်။

နိုင်ငံများသည် ယင်းရွေးကောက်ပွဲ စံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်းဆိုသည်ကို သိရှိနိုင်ရန် လေ့လာစောင့်ကြည့် သူများ ထားရှိဖို့လည်း လိုအပ်ပြန်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်း ဖေါ်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု အခြေအနေ နှုန်းစံများကို ပိုမိုမြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုလုပ်ငန်းစဉ်သည် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ် နေသည်။

ပြည်တွင်း၌ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေချိုးဖောက်မှုများကို ထိန်းကျောင်းပေးနိုင်၍ ရွေးကောက်ပွဲ ရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာ ရောက်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲတွင် ‘အစိုးရမဟုတ်သော ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့’ မျိုးကို စောင့်ကြည့်ခွင့်မပြုခဲ့။ ထူးခြားချက်မှာ လူထုက စည်းလုံးညီညွတ်စွာ ရွေးကောက်ပွဲ စောင့်ကြည့်တာဝန်ကို ယူခဲ့ကြခြင်းဖြစ်သည်။ အခြားအခြေအနေတခုမှာ စစ်အာဏာရှင်တို့၏ ဥပဒေမဲ့ ဖိနှိပ်မှုများ အဆမတန် များခြင်းမှာလည်း လူထု၏ နိုင်ငံရေးအသိနှင့် ဆုံးဖြတ်ချက်တို့ကို ပိုမိုခိုင်မာပြတ်သား လာစေသည့် အကြောင်းဟု ဆိုနိုင်သည်။ ထိုအချက်ကြောင့်ပင် လူထုက ရွေးကောက်ပွဲ၌ မည်သူအား ဆန္ဒမဲပေးရမည်ဆိုခြင်းကို တွေဝေမှုမရှိဘဲ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပုံအော မဲထည့်ခဲ့ကြသည်။

အထူးအလေးအနက် ပြောစရာကိစ္စအချို့ ရှိသေးသည်။ နိုင်ငံတကာသဘောတူစာချုပ်များတွင် အောက်ပါအချက်တို့ကို အထပ်ထပ် အဖန်ဖန် လိုက်နာရန် တိုက်တွန်းထားသည်ကို တည်ဆဲအစိုးရများအနေဖြင့် လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

သို့သော် ယင်းကတိက၀တ်တို့ကို မြန်မာစစ်အစိုးရက မသိကျိုးကျွန်ပြုလျက်ရှိကြောင်း သက်သေသာဓကများတွေ့ခဲ့ရပြီး တွေ့နေရဆဲဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်လျှင်လည်း စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားသော ‘တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)’ က ငွေကြေးအင်အားတောင့်တင်းစွာဖြင့် မဲနိုင်ရေး အားထုတ်ခဲ့သည်။ တစညပါတီ၏ အဓိကအမှားမှာ မဆလ၏ ငွေကြေးနှင့် ပစ္စည်းပစ္စယ အမြောက်အမြားကို အမွေခံယူခဲ့ခြင်း ဖြစ်သည်။ ထိုအမွေများသည် နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာများဖြစ်သည်။ ယင်းဘဏ္ဍာငွေကြေးတို့ကို အသုံးပြု၍ ပါတီအမာခံများ မွေးခြင်း၊ ကျွေးမွေးဧည့်ခံပွဲများဖြင့် မဲဆွယ်ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အတိုက်အခံပါတီခေါင်းဆောင်များအား အပုပ်ချသည့် စာရွက်စာတမ်းများဖြန့်ဝေခြင်း အစရှိသော မရိုးမဖြောင့်၊ ဥပဒေနှင့်မညီသည့် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ခဲ့ရသည်။ တစည၏ အဆိုးဆုံးအမှားမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်မှာ လူထုက တစညပါတီကို ပိုမိုရွံရှာလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပိုမိုထောက်ခံလာခဲ့သည်။

ယခုလည်း နအဖစစ်အစိုးရသည် ထို ‘ကရွတ်ကင်းလျှောက် အမှားသံသရာ’ အတွင်း ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်သည်။ ဒီပဲယင်း နိုင်ငံရေးလုပ်ကြံမှုမှာ အလွန်ထင်ရှားသည်။ နိုင်ငံပိုင်သတင်းစာနှင့် မီဒီယာများကို တဖက်သတ် အလွဲသုံးစားပြုလျက် အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်မြဲ ပြုလုပ်နေသည်။ ထို့ပြင် နအဖသည် ‘ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို မထုတ်ပြန်သေးဘဲ လက်ဝေခံများ၊ ကြံ့ဖွံ့နှင့် တစညကိုယ်စားပြုသူများကို မဲဆွယ်လှုပ်ရှားမှုများ လုပ်ခွင့်ပေးထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အမှုမရှိ အမှုရှာ ချုပ်နှောင်ထားဆဲရှိသည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကတိက၀တ်များကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်သည်။

ပြည်သူလူထု အထူးသတိပြု မှတ်သားသင့်သည့်အချက်မှာ န၀တ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအမှတ် (၁၄/ ၈၉) ကို ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲမတိုင်မီ (၁) နှစ်တိတိ ဖြစ်သည်။ ယင်းဥပမာအရဆိုလျှင် ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရေးကိစ္စကို ဆက်လက်ဆောင်ရွက်ခြင်း မပြုသင့်ချေ။ ‘ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို ယခုထိ မထုတ်ပြန်သေးဘဲ ၂၀၁၀ တွင် ရွေးကောက်ပွဲ လုပ်မည်ဆိုပါက အတိုက်အခံပါတီများအား လုံလောက်သည့် ပြင်ဆင်စည်းရုံးချိန် မပေးလိုသော သဘောဖြစ်ပေမည်။ ထိုလုပ်ရပ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းဖြစ်သည်။ လက်ငင်း မြန်မာ့နိုင်ငံရေးပြဿနာမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံမည့် ဖွဲ့စည်းပုံဖြစ်ပေါ်ရေးဖြစ်သည်။ သို့မှသာ လူထုဆန္ဒကို မှန်ကန်စွာ ကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်တရပ်ကို ထူထောင်နိုင်မည်ဖြစ်သည်။

လက်ရှိနိုင်ငံရေးရာသီဥတုအခြေအနေမှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’၊ ‘အပိုဒ်၂၁’ ကို ဖော်ဆောင်နိုင်မည့် အနေအထားမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံသည် အဆိုပါ လူ့အခွင့်အရေးရပိုင်ခွင့်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်နေသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်း ‘အပိုဒ်-၂၁’ နှင့် ဆီလျော်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပြင်ဆင်ရမည်။ အတိုက်အခံပါတီများအပါအ၀င် နိုင်ငံရေးပါတီအသီးသီးအား လုံလောက်သည့် ပြင်ဆင်စည်းရုံးချိန် ပေးရမည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ ယင်းသို့သော နိုင်ငံရေး ရေခံမြေခံမျိုး ဖန်တီးပြီးနောက်မှ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပေးရမည်။ ထို့နောက် အနည်းဆုံး တနှစ်အချိန်ပေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်စရာ ရှိသည်။ နိဂုံးချုပ်ရလျှင် ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရန်မသင့်။ လက်ရှိအခြေအနေနှင့် အချိန်ကာလအောက်တွင် လူ့အခွင့်အရေး အာမခံချက်မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားပြည်သူတရပ်လုံးက သွေးစည်းညီညွတ်စွာ ၀ိုင်းဝန်းဆန့်ကျင်ကြရန် တာဝန်ရှိပေသည်။

ကိုးကား ။ ။
(၁) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၃) ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ။ OSCE ၏ ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာရုံး ODIHR မှ ထုတ်ဝေဖြန့်ချိသည်။

http://www.khitpyaing.org/articles/2010/January/7110.php





ဆန္ဒပြပွဲကြေညာချက်

http://ifile.it/u54janr Joint

နီပေါ ရွေးကောက်ပွဲရလဒ် က သင်ခန်းစာများ

http://ifile.it/c2fa0x3Lessons From Nepal