Monday, January 11, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး ( ၁ မှ ၆ )




ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁)

(Choosing Right Path and Real Politics)

နိုင်ငံရေးဆိုတာ လှေနံကို ဓါးနဲ့ထစ်ချလိုက်သလို ပုံသေနည်းတွေအခြေခံပြီး တွက်ချက်အဖြေထုတ်လို့ရတဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်ပါဘူး။ နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်ပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က နိုင်ငံရေးဇတ်ကောင်တွေကို အုပ်စုကြီး (၄)ခုခွဲပြီး ရေးပြကြည့်ချင်ပါတယ်။ သို့သော် ဒီအုပ်စုကြီးလေးခုသည် ဘယ်တော့မှ မပြောင်းမလဲတတ်တဲ့ (Rigid)သဘောမဆောင်ဘဲ၊ အခြေအနေနှင့် အချိန်အခါအရ ရွေ့လျားပြောင်းလဲတတ်တဲ့၊ ကူးလူးတတ်တဲ့ (Fluid)သဘောကို ဆောင်တတ်ပါတယ်ဆိုတဲ့ အချက်ကိုတော့ အလေးအနက်ထားစေချင်ပါတယ်။

၁။ နအဖနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

၂။ အင်အယ်လ်ဒီနှင့် အခြားဒီမိုကရေစီ အင်အားစုများ

၃။ ငြိမ်းအဖွဲ့များနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

၎။ မငြိမ်းအဖွဲ့များနှင့် ပြည်ပအင်အားစုများ

၁။ နအဖနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

နအဖအကြောင်းကို လူတိုင်းသိကြတာမို့ အထူးရေးပြမနေတော့ပါဘူး။ နအဖနှင့် ဆက်စပ်သူတွေနှင့် ပတ်သက်လို့ကတော့ အမည်တွေကို ချရေးတာထက် သူတို့ရဲ့ သဘောသဘာဝကို ဖေါ်ပြတာက ပိုကောင်းမယ် ထင်ပါတယ်။ စစ်အစိုးရ အနှစ်နှစ်ဆယ်ကာလလုံးလုံး အဓမ္မမှုတွေ ဘယ်လောက်များများ၊ လာဒ်စားစား၊ ဘယ်လောက်ပင် မတရား၊ နာဂစ်မှာ လူမဆန်၊ ထုလိုထု သတ်လိုသတ်၊ ကိုယ့်အမွေးတစ်ပင် မကျွတ်ရအောင် တစ်ခွန်းမှ မဟရဲတဲ့အပြင် ဝေဖန်ထောက်ပြသူတွေကို ရန်ပြန်လုပ်၊ စစ်ဗိုလ်တွေရှေ့ကျ အစဉ်ဒူးတုပ် နေကြသူတွေက များလှပါတယ်။ စစ်ဗိုလ်တွေကို ကြောက်ကြတာက သိပ်မဆန်းလှပါဘူး။ ပြည်သူကို နေ့တစ်ဓူဝ ဖိစီးနှိပ်စက်နေတဲ့ နအဖသည် ချစ်ကြည်စရာ၊ လေးစားစရာမဟုတ်ဘဲ၊ ရွံ့စရာ၊ ကြောက်စရာကောင်းသော သတ္တ၀ါများသာဖြစ်သည်မို့ များသောအားဖြင့် လူတွေက နအဖကို ရွံကြောက် ကြောက်ကြတတ်ပါတယ်။ ဆန်းတာက နအဖကို မော်လို့တောင် မဖူးဝံ့တဲ့ မဟာသူရဲကောင်းကြီးတွေက တရားခံနအဖနှင့် ပူးပေါင်းပြီး လူထုကို ဆင်းရဲတွင်းက ကယ်ထုတ်မယ် ဆိုနေကြပြန်တော့။ စဉ်းစားစရာပါ။

သူတို့ကိုသူတို့ နအဖရဲ့ လက်ဝေခံတွေ မဟုတ်ပါဘူးလို့ တစ်စာစာ ဟစ်ကြွေးနေသော်လဲ၊ စစ်ဗိုလ်တွေရဲ့ မျက်နှာရိပ်၊ မျက်နှာကဲကြည့်ပြီးမှ အစည်းအဝေးလုပ်ရဲ၊ ဆောင်းပါးရေးရဲ၊ အင်တာနက်ထဲအော်ရဲတတ်တဲ့ မိမိရဲ့ အနေအထားမှန်ကို အမှန်အတိုင်း နားလည်သဘောပေါက်ပြီး၊ လေလျှော့ကြစေချင်ပါတယ်။ ဒီကြားထဲ၊ တပ်နှင့်ပေါင်းစားရေး ခေါင်းစဉ်အောက်မှာ ယုံနှင့်အတူပြေး၊ ခွေးနှင့်အတူလိုက်ရင်း အမြီးကျက်ရင် အမြီးစား၊ ခေါင်းကျက်ရင် ခေါင်းစား၊ အရိုးရရင် အရိုးဝါးနေကြတာတွေလည်း ဒုနှင့်ဒေးဖြစ်နေတာက မြင်မကောင်းလှပါ။

လူထုခေါင်းဆောင်လည်း ဖြစ်ချင်၊ လူထုရှေ့ကလည်း မရပ်ဝံ့တဲ့၊ မရဲဘဲ ကျွဲဗြဲစီးချင်သူများဟာ လူထုရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်တော့မှ မရနိုင်သလို သူတို့အလုပ်အကြွေးပြုနေတဲ့ စစ်ဗိုလ်တွေကတောင် လေးစားခန့်ညားခြင်း ခံရသူတွေမဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေကို စစ်ဗိုလ်ချုပ်တွေက စိတ်ကြိုက်အသုံးချပြီး မလိုတဲ့တစ်နေ့ ကျွန်စုပ်တဲ့ သရက်စေ့လို နင်းချေစွန့်ပစ်ခံကြရတဲ့ သမိုင်းသက်သေတွေက ယူမကုန်ပါ။

အခုဆောင်းပါးကို ရေးနေခိုက်မှာဘဲ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက အလတ်ချောင်းကျေးရွာမှာ ကိုအေးလွင်ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်က လူ(၃၀)ဆယ်လောက်နဲ့ ဆိုင်းဘုတ်တင် အခမ်းအနားလုပ်ဖို့ပြင်နေတုန်း၊ ကြည့်မြင်တိုင်မြို့နယ် ကြံ့ခိုင်ရေးအတွင်းရေးမှူးဦးဆောင်တဲ့ လူ(၂၀၀)ကျော်က ၀ိုင်းရိုက်လို့ လူ(၅)ယောက် ဆေးရုံတက်ရတဲ့အပြင် ၀ိုင်းအရိုက်ခံရသူတွေကိုဘဲ တရားပြန်အစွဲခံလိုက်ရတဲ့ သတင်းကြားလိုက်ပါတယ်။ သတိသံဝေဂ ရသင့်ကြပါပြီ။ သို့သော် သံဝေဂဆိုတာ ယူတတ်မှ ရတတ်တာမျိုးပေဘဲ။

၂။ အင်အယ်လ်ဒီနှင့် အခြားဒီမိုကရေစီ အင်အားစုများ

အင်အယ်လ်ဒီ၊ တိုင်းရင်းသားများ၊ သံဃာများ၊ ကျောင်းသားလူငယ်များနှင့် လူထုအလွှာအသီးသီးမှ လူထုကိုယ်စားပြု၊ လူထုဘက်ကရပ်သူများ ပါဝင်သောအစုဖြစ်ပါတယ်။ အနိမ့်ဆုံး နအဖ၏ အညိုညင်ခံသူများမှအစ အမြင့်ဆုံး အဖမ်းခံ၊ အထုခံ၊ ညှဉ်းသတ်ခံပြီး မိသားစုနှင့်ချီ ပေးစပ်နေကြသူများဖြစ်ကြပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မခြင်း နည်းမျိုးစုံနှင့် ဆက်လက်တိုက်ပွဲဝင်နေကြမည့်သူတွေလည်းဖြစ်ကြတယ်။ ဒီအင်အားစုထဲမှာ အင်အယ်လ်ဒီနှင့် အမြင်၊ လုပ်ဟန် မတူတဲ့ အစုအဖွဲ့တွေ၊ တစ်သီးပုဂ္ဂလတွေလဲ ပါဝင်ပါတယ်။ သို့သော် သူတို့အားလုံးသည် ဆရာဦးဝင်းတင်ပြောသလို လူထုကို မျက်နှာမူသူများ၊ ပြည်သူကို ရှေ့ရှုသူများဖြစ်ပါတယ်။ ဦးရွှေအုန်း၊ အမျိုးသားရေး ဦးဝင်းနိုင်၊ ဦးသုဝေနှင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးများ၏ သမီးများ စသူတို့ကို ဒီအုပ်စုထည်းမှာ ထဲ့သွင်းနိုင်မယ်လို့ မြင်ပါတယ်။

ဒီအင်အားစုကိုဘဲ လုပ်နည်းလုပ်ဟန်အရ သုံးမျိုးထပ်ခွဲသင့်တယ်လို့ ထင်ပါတယ်။ ပထမအင်အားစုက စစ်အာဏာရှင်စနစ်ရဲ့ သဘောသဘာဝမှန်အရ အတင်းအကြပ် ကလော်ထုတ်မှ ပြုတ်ကျမှာမို့ လူထုလှုပ်ယှားမှုကြီးနှင့်သာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေသူတွေဖြစ်ပါတယ်။ ဒုတိယအင်အားစုက (If you can’t fight, join them)ဆိုသလို နအဖကို ဘယ်လိုမှ တိုက်လို့မရတော့တဲ့အတူတူ (ဆက်တိုက်နေလည်း ဘယ်လောက်ထပ်ကြာမယ်မသိနိုင်၊ လူထုလည်း နစ်နာလှပြီ) ဈေးမဆစ်နေတော့ဘဲ နအဖစိတ်ကြိုက် အလိုကျ အလျော့ပေး၊ ၀င်လို့ရတဲ့အပေါက်က ရအောင်ဝင်၊ ပေါင်းလုပ်၊ နောက်တစ်ဖြေးဖြေး ပြောင်းလဲမှုတွေ ပေါ်ပေါက်လာအောင် လုပ်ချင်သူတွေဖြစ်ပါတယ်။ နောက်အင်အားစုကတော့ အားလုံးဂုဏ်သိက္ခာရှိမဲ့ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို စွဲကိုင်ထားပြီး လူထုကို ဆက်လက် စည်းရုံးဦးဆောင်နေသူတွေဖြစ်ပါတယ်။

၃။ ငြိမ်းအဖွဲ့များနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ

နအဖက နိုင်ငံရေး ရပိုင်ခွင့်ထက် စီးပွါးရေးအခွင့်အရေးပေါင်းစုံနှင့် ပေးမျှားပြီး ငြိမ်းခေါင်းဆောင်တွေကို ခြေကျွံလက်ကျွံဖြစ်အောင်လုပ် လူလည်ကျပြီး၊ သူ့ခါးပိုက်ဆောင်ထဲထဲ့ဖို့ အတင်းကြိုးစားနေခဲ့တာ ဆယ်စုနှစ် နှစ်စုလောက် ရှိနေပါပြီ။ ရေမြွေတွေဘဲလို့ထင်ပြီး အားလုံးကို သိမ်းကြုံးခါးပိုက်ပိုက်ရာမှာ မြွေပွေးတွေပါနေတာကို သိလိုက်တဲ့အချိန်မှာတော့ မြွေပွေးက ခါးပိုက်ထဲမှာ ရောက်နှင့်နေပါပြီ။ အခုတော့ နအဖက မြွေပွေးကို ခါးပိုက်ပိုက်ပြီး ၂၀၁၀ကို ဖြတ်ကျော်ရပါတော့မယ်။ ၂၀၁၀အလွန်မှာ စစ်အာဏာရှင်စနစ်ကို သေချာပေါက် ဆက်လက်ခြိမ်းခြောက်နေမဲ့ မြွေပွေးတွေ အသေအခြာရှိနေပါတယ်။ သို့သော် နဂိုရ်က ကိုယ်ခံအင်အားနည်းရတဲ့အကြား နအဖနှင့် လူပေါင်းမှားပြီး ဂျောက်ကျသွားလို့ မထူးဇတ်ခင်းကာ၊ စစ်ဗိုလ်တွေကို ဈေးပေါပေါနှင့် ဆက်လက်အသုံးတော်ခံနေရမဲ့ မြက်လျောတွေလည်း ရှိနေသပေါ့ဗျာ။

ဒီအင်အားစုဟာ မူလအတိုင်း ပိုနေမြဲ၊ ကျားနေမြဲ နေလိုနေ(တရုပ်ဒုသမ္မတက တရုပ်ကြောက်မင်းတြားကြီး ဗိုလ်သန်းရွှေကို လာကြိမ်းသွားပြီဆိုတော့)၊ နယ်ခြားစောင့်တပ်(Border Guard Force)အဖြစ်ပြောင်းပြောင်း၊ ဒေသစောင့်တပ် (Regional Guard Force)အဖြစ်ဘဲထားထား၊ သူတို့ရဲ့ နိုင်ငံရေး လိုအပ်ချက် သဘောသဘာဝကတော့ မပြောင်းပါဘူး။ နိုင်ငံရေးမတည်ငြိမ်သေးရုံသာမက၊ မူးယစ်ဆေးဝါးပြသနာတွေနှင့် ရှုပ်ထွေးနေတဲ့ ကျုပ်တို့လို နိုင်ငံမျိုးမှာ စီးပွါးရေးလုပ်တဲ့ ခေါင်းဆောင်တွေလက်ထဲ လူမျိုးစုတစ်ခုလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာတွေကို ပုံအောပေးအပ်ထားတာမျိုးကိုတော့ အရှည်တွက်ပြီး အလေးအနက်ထား ပြန်စဉ်းစားသင့်ကြတယ် ဆိုတာလောက်ကိုတော့ ကြုံတုန်းထောက်ပြချင်ပါတယ်။ ခွန်ဆာက အကောင်းဆုံး ဥပမာဖြစ်ပါတယ်။

ဒီအင်အားစုရဲ့ ထူးခြားတဲ့ဝိသေသတစ်ရပ်ကတော့ လူမျိုးစုကို အခြေခံတဲ့ ဒီအင်အားစုကို နအဖကော၊ အခြားဒီမိုကရေစီအင်အားစုများကပါ ဘယ်လိုနည်းနှင့်မှ အစားထိုး နေရာယူလို့ မရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအင်အားစုကို နအဖကိုယ်တိုင်ကတောင် မချစ်သော်လည်း အောင့်ကာနမ်းပြီး မဖြစ်မနေ ဆက်လက်လက်တွဲရမဲ့ အနေအထားရှိနေပါတယ်။ လူထုကို မျက်နှာမူတဲ့ အင်အားစုဖြစ်ပါတယ်။

၎။ မငြိမ်းအဖွဲ့များနှင့် ပြည်ပအင်အားစုများ

အားလုံးဟာ ဒီမိုကရေစီ အင်အားစုတွေဖြစ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ် လက်တွေ့အားဖြင့် တိုက်ရိုက်တက်ရောက်နိုင်သူများ မဟုတ်ကြသေးသော်လည်း အစဉ်တစိုက် ပါဝင်ပတ်သက်နေသူတွေ ဖြစ်ပါတယ်။ ၄င်းတို့အကြားမှာ အမြင်နှင့် လုပ်နည်းလုပ်ဟန်တွေ၊ ချဉ်းကပ်ပုံတွေမှာ မတူမှုကြောင့် အချင်းချင်းကြား ကွဲပြားမှုအချို့တွေက နက်ရှိုင်းတယ်လို့ ဆိုနိုင်စရာတွေ ရှိနေသော်လည်း၊ တစ်ကယ်တော့ ပြည်တွင်းက အုပ်စု (၂)လိုဘဲ အတိအကျ သုံးမျိုးကွဲ နေကြသူတွေဖြစ်ပါတယ်။ လက်နက်ကိုင်ထားဆဲသူတွေအတွက် လက်နက်ကိုင်နည်းလမ်း တစ်ခုသာ ပိုပါတယ်။ အုပ်စု (၂)ကဲ့သို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကို ရှေ့ရှုသူများချည်းလည်း ဖြစ်ကြသမို့ ဘုံဆုံမှတ် ရှိကြပါတယ်။

လက်ရှိအခြေအနေအရ မြန်မာ့နိုင်ငံရေးဇတ်ကောင်တွေကို အုပ်စုလေးခုအဖြစ် ခွဲခြားထားမိသော်လည်း၊ အခြေခံအားဖြင့်ဆိုရရင်တော့ မတူခြားနားသော နိုင်ငံရေးဘုံဆုံမှတ်နှစ်ခုကို မျက်နှာမူတဲ့ အုပ်စုကြီးနှစ်ခုရဲ့ အားပြိုင်မှုသာဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ ဆုံမှတ်ရယ်၊ လူထုဆန့်ကျင်ရေး ဆုံမှတ်ရယ်တို့သာ ဖြစ်ပါတယ်။ သို့သော် ဒီအုပ်စုကြီးနှစ်ခုသည် အထက်ကရေးခဲ့သလို ပြောင်းလဲတတ်သော၊ ကူးလူးတတ်သော (Fluid)သဘောကို ဆောင်နေတယ်ဆိုတာကို ထပ်လောင်းထောက်ပြလိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ၊ လူထုကို မျက်နှာမူတဲ့ ဆုံမှတ်အုပ်စုထဲမှာပါတဲ့ အုပ်စု (၂)၊ (၃)၊ (၄)တို့က လူထုဆန့်ကျင်ရေး ဆုံမှတ်အုပ်စုကြီးဖြစ်တဲ့ အုပ်စု(၁)နှင့် လာတော့မဲ့၂၀၁၀ စစ်တလင်း နောက်တစ်ခုမှာ သူသေကိုယ်သေ၊ ထပ်တိုက်ကြဦးမယ်လို့ ရေးရိုးရေးစဉ် ရေးလိုက်မယ်ဆိုရင် ကျုပ်အတွက်လည်း အင်မတန် ရေးရလွယ်သွားသလို အဲဒီ သမားရိုးကျအမြင်ကို ထောက်ခံမဲ့သူတွေနှင့် ကန့်ကွက်မဲ့သူတွေက ထုံးစံအတိုင်း ဆက်လက် ထောက်ခံမြဲ၊ ကန့်ကွက်မြဲတွေကို သက်တောင့်သက်တာ လုပ်နိုင်ကြမှာပါ။ ဒီလိုတန်းသာဆိုရင် နိုင်ငံရေးလုပ်ရတာ အင်မတန်လွယ်ပေတာဘဲ။ ဘယ်လမ်းစဉ်ဘဲကျလာလာ၊ ကျလာတဲ့လမ်းစဉ်ကို ကိုယ်ကိုင်စွဲထားတဲ့ ပုံစံခွက်ကလေးထဲ ထည့်ကြည့်လိုက်။ အံကျနေရင် ထောက်ခံလိုက်။ အံမကျရင် ကန့်ကွက်လိုက်နဲ့ အပင်ပမ်းခံ စဉ်းစားတွက်ချက်နေဖို့မလို။ အအိပ်မပျက်၊အစားလဲမပျက်။

သို့သော် ဒီနေရာမှာ ဘယ်သူမှ မငြင်းနိုင်၊ မငြင်းသင့်တဲ့၊ မရှောင်လွှဲနိုင် မရှောင်ပြေးသင့်တဲ့ မေးခွန်းသစ်တစ်ခုက ကျုပ်တို့အားလုံးကို စိန်ခေါ်နေပါပြီ။

ပြောင်းလဲလာတဲ့ အခြေအနေအသစ်၊ အခင်းအကျင်းအသစ်တွေနဲ့ လိုက်လျောညီထွေတဲ့ နည်းဗျူဟာအသစ်တွေကို မှန်ကန်စွာ ရှာဖွေပြီး၊ ရဲရဲကြီးအသုံးချသင့်၊ မသင့်ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

နိုင်ငံ့လွတ်လပ်ရေးအတွက် လမ်းကြောင်းမှန်ကို တင်ပေးနိုင်ခဲ့တဲ့ ဖဆပလကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်တဲ့အခါမှာ ပန်းခင်းသော လမ်းကို လျှောက်ခဲ့ခြင်းလား။ မတူညီတဲ့ အယူအဆတွေ၊ အတိုက်အခိုက်တွေ၊ အတိုက်အခံတွေကို ဗိုလ်ချုပ်က ဘယ်လိုစုစည်းခဲ့သလဲ။ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ရခဲ့ပါသလဲ။ ပြိုင်တူတွန်းမှ ရွေ့မှာမို့ လုပ်နည်းလုပ်ဟန် အထွေထွေအပြားပြားဖြစ်နေတဲ့ ယနေ့အင်အားစုတွေကို သမိုင်းသင်ခန်းစာယူပြီး ဘယ်လိုစုစည်းမလဲ။ အားလုံး ငါ့နောက်လိုက်ကြ၊ ငါ့လမ်းစဉ်ကို ထောက်ခံကြ ပြောပုံမျိုးနဲ့ အလုပ်ဖြစ်ပါ့မလား။ မိမိအင်အားစုကို သူ့အင်အားစု မဖြစ်သွားအောင်၊ သူ့အင်အားစုကို မိမိအင်အားစု ဖြစ်လာအောင် အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုပုံဖေါ်သင့်သလဲ။ ဘုံရည်မှန်းချက် အောင်မြင်ရေးအတွက် မတူကွဲပြားခြားနားတဲ့အမြင်တွေကို လေးစားနေရာပေးရဲတဲ့ နှလုံးရည်သတ္တိမျိုးကို ဘယ်လိုတည်ဆောက်ကြမလဲ။ အဖြေကို ကျုပ်မသိပါဘူး။ သို့သော် ကျုပ်က မိတ်ဆွေများနှင့်အတူ စဉ်းစားကြည့်ချင်တာသာပါ။

ဆရာဦးဝင်းတင်ပြောသလို ပိတ်ထားသော တံခါးကို ရိုက်ချိုးပြီး၊ တစ်နည်းအားဖြင့်ဆိုသော် ပိတ်နေသော လမ်းကြောင်းကို ထိုးဖေါက်ပြီး လမ်းကြောင်းသစ်နှင့် ဘယ်လိုဖေါက်ထွက်ကြမလဲဆိုတာကို ကျုပ်ညာဏ်ကလေး ထောက်မီသလောက်နဲ့ အချိန်ယူ ဆွေးနွေးကြည့်လိုက်ချင်ပါတယ်။

အောင်ထီ

ဒီဇင်္ဘာလ ၂၄၊ ၂၀၀၉

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၂)

(Choosing Right Path and Real Politics)

ကျုပ်တို့လူမျိုးတွေက မင်းလောင်းမျှော်တတ်ပါတယ်။ ဒဏ္ဍာရီတွေထဲမှာ မျှော်တတ်သလို ရာဇ၀င် သမိုင်းတွေမှာလည်း မျှော်ခဲ့ပါတယ်။ မင်းလောင်း၊ မင်းကောင်းကို မျှော်တာက အပစ်မဟုတ်ပါဘူး။ အထူးသဖြင့် မင်းဆိုးမင်းညစ်များ ကာလရှည်ကြာစွာ အဓမ္မမင်းမူအုပ်ချုပ်နေတဲ့ကာလမျိုး၊ သေသူကို ရှင်သူက တရတဲ့ကာလမျိုးမှာ မင်းကောင်းတို့၊ ခေါင်းဆောင်ကောင်းတို့ကို ပိုလို့တောင် မျှော်မိတတ်ကြပါတယ်။

ကျုပ်တို့တတွေ မျှော်တတ်တဲ့ ခေါင်းဆောင်ကောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းလိုမျိုးပေါ့ဗျာ။ ဗိုလ်ချုပ်ရဲ့ ကျောင်းသားဘ၀၊ သခင်ဘ၀၊ အင်္ဂလိပ်တိုက်၊ ဂျပန်တိုက်၊ စစ်ပြီးခေတ် လွတ်လပ်ရေး လှုပ်ယှားမှုကြီးကို ပုံဖေါ်ပုံမှုမှအစ၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် ထင်ရှားပြတ်သားသောအမြင်၊ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံအုပ်မြစ်ချမှတ်ပုံအထိ၊ တစ်ဖန် လူထုလှုပ်ယှားမှုကို ဦးဆောင်သွားစဉ်ကာလအတွင်းမှာ အင်အားစုတွေ၊ အတိုက်အခံတွေ၊ မိတ်ဖက်တွေ၊ ရန်ဖက်တွေကို စည်းရုံးပုံ၊ ကိုင်တွယ်ပုံစသဖြင့်တွေကို ကျုပ်တို့အားကျကြပါတယ်။ သို့သော် ထိုင်ပြီး အားကျနေရုံလောက်နဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီကာလက ဖြစ်ရပ်၊ ဖြစ်စဉ်တွေထဲက ယနေ့ကာလအခြေအနေတွေနှင့် ကိုက်ညီနိုင်တဲ့ သင်္ခန်းစာတွေကို ရဲရဲကြီး ထုပ်နှုပ်ကျင့်သုံးနိုင်ဖို့လိုအပ်နေပါပြီ။ ဒီသင်္ခန်းစာမျိုးတွေကို လိုအပ်တဲ့နေရာတွေမှာ အလျဉ်းသင့်သလို ထဲ့သွင်းဆွေးနွေးသွားပါ့မယ်။

သာမန်စီးပွါးရေး၊ လူမှုရေး လုပ်ငန်းစဉ်တစ်ခုမှအစ လူထုလှုပ်ယှားမှု၊ တော်လှန်ရေးတစ်ရပ်၊ ခေတ်ပြောင်းအရေးတော်ပုံအထိ အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က ရည်မှန်းချက်(Objective)နှင့် လုပ်နည်းလုပ်ဟန်(Way) နှစ်ခုလုံးက အရေးကြီးပါတယ်။ သို့သော် အရေးကြီးအဆင့်ပုံချင်းက မတူပါဘူး။ ရည်မှန်းချက်ရဲ့ အရေးကြီးပုံအဆင့်နေရာကို လုပ်နည်းလုပ်ဟန်က ဘယ်လိုနည်းနဲ့မှ အစားဝင်ယူလို့မရပါဘူး။ ရည်မှန်းချက် ရှိနေလို့သာ၊ ရည်မှန်းချက် အောင်မြင်ဖို့အတွက်သာ လုပ်နည်းလုပ်ဟန်တွေ၊ အလုပ်တွေ လိုအပ်နေရတာမို့ ရည်မှန်းချက်က အလုပ်၊ လုပ်နည်းလုပ်ဟန်ရဲ့ အထက်မှာ အစဉ်ရှိနေရပါမယ်။ လုပ်နည်းလုပ်ဟန်က ရည်မှန်းချက်ကို မလွှမ်းမိုးစေရပါဘူး။ ရည်မှန်းချက်အောင်မြင်ဖို့ လိုအပ်ရင် လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲရဲရပါမယ်။ သို့သော် လုပ်နည်းလုပ်ဟန်နှင့် ကိုက်ညီအောင် ရည်မှန်းချက်ကို မပြင်နိုင်ပါဘူး။ ရည်မှန်းချက်သည် ခြေထောက်ဖြစ်ရင် လုပ်နည်းလုပ်ဟန်သည် ဖနပ်ဖြစ်ပါတယ်။ ခြေထောက်နဲ့ မတော်ရင် ဖနပ်ကို ပြောင်းရပါမယ်။ ဖနပ်နှင့်တော်အောင် ခြေထောက်ကို မလှီးဖြတ်နိုင်ပါဘူး။ အဲဒီလိုမှ အမြင်မရှင်းဘူးဆိုရင် လုပ်နည်းလုပ်ဟန် ပြောင်းတာကို ရည်မှန်းချက် ပြောင်းတာလို့ ထင်မိပြီး အသည်းအသန်ဖြစ်ကာ အဓိကနှင့် သာမညမကွဲဘဲ အမြင်ရှုပ်ထွေးသွားတတ်ပါတယ်။ ဗိုလ်ချုပ်က နိုင်ငံ့လွတ်လပ်ရေးဆိုတဲ့ ရည်မှန်းချက်အတွက် လုပ်နည်းလုပ်ဟန်တွေကို လိုအပ်သလို ရဲရင့်ပြတ်သားစွာ ပြောင်းလဲကျင့်သုံးခဲ့တာတွေကို နောက်ပိုင်းမှာ ထဲ့သွင်းရေးသားသွားပါ့မယ်။

ရည်မှန်းချက်နှင့် လုပ်နည်းလုပ်ဟန် မတူတာ၊ ရည်မှန်းချက်က လုပ်နည်းလုပ်ဟန်ထက် ပိုအရေးကြီးတာက ခင်ဗျားပြောမှ မဟုတ်ပါဘူး။ ကျုပ်တို့အားလုံးသိပြီးသားပါ။ ခင်ဗျားက လေကြီး မိုးကြီးလုပ်ပြီး အလုံးကြီးကြီးတွေနဲ့ ပစ်မနေပါနှင့်။ ခင်ဗျားဘာသိထားလို့ ဘာပြောချင်သလဲဆိုတာကိုသာ ၀ိုက်မနေဘဲ လိုရင်းတိုရှင်းသာ ပြောလိုက်ပါလို့ စာဖတ်သူတချို့ ပြောလိုက်တာကို ကျုပ်အခုဘဲ ကြားလိုက်မိပါတယ်။

ကောင်းပါပြီ။

ရည်မှန်းချက်ကို လုပ်နည်းလုပ်ဟန်ရဲ့အထက်မှာ၊ ကျုပ်တို့တစ်ကယ်ဘဲထားတယ်ဆိုတာ သေချာပါရဲ့လားလို့ ထပ်မေးပါရစေ။ မိမိလုပ်ဖေါ်ကိုင်ဖက်အချင်းချင်းကြားမှာ ရည်မှန်းချက်အတွက် ဘယ်ကာလတုန်းက သဘောကွဲလွဲမှုတွေ ဖြစ်ခဲ့ဘူးသလဲဆိုတာကို ပြန်မှတ်မိနိုင်သေးပါလား။ ရည်မှန်းချက်အတွက် သဘောကွဲလွဲတာ ရှိကော ရှိဖူးပါရဲ့လား။ ဒါမှမဟုတ် လုပ်နည်းလုပ်ဟန်အတွက် သဘောကွဲလွဲခဲ့ရတဲ့ အကြိမ်ပေါင်းကိုကော ရေတွက်နိုင်ပါသလား။

ဒီနေ့ ကျုပ်တို့တစ်တွေ ငြင်းခုန်နေကြတာ၊ ခေါင်းခဲနေကြတာ ရည်မှန်းချက် မတူလို့လား။ လုပ်နည်း လုပ်ဟန် မတူလို့လား။ ဒီနေ့ အတိုက်အခံအုပ်စုတွေ မညီညွတ်နိုင်ကြတာ၊ တဇောင်းနှင့် မျက်ချေးဖြစ်နေကြတာ ရည်မှန်းချက်ပေါ် အခြေခံသလား။ လုပ်နည်းလုပ်ဟန်အပေါ် အခြေခံသလား။ ဒီနေ့ အရေးတော်ပုံ ကြန့်ကြာနေရတာ လုပ်နည်းလုပ်ဟန် ကွဲလွဲမှုကြောင့်လား။ ရည်မှန်းချက် ကွဲလွဲမှုကြောင့်လား။

တစ်ကယ်တော့ ကျုပ်တို့တတွေဟာ ရည်မှန်းချက်ကို ဆုပ်ကိုင်ထားသလိုဘဲ၊ လုပ်နည်းလုပ်ဟန်ကိုလည်း ရည်မှန်းချက်နှင့် တန်းတူထားပြီး အသေဆုပ်ကိုင်ထားကြဆဲ ဖြစ်နေပါတယ်။ ကျုပ်တို့ဟာ နှစ်လရှည်ကြာစွာ ကိုင်ဆွဲထားတဲ့ ပုံစံခွက်ကလေး(လုပ်နည်းလုပ်ဟန်)ကို အသုံးချစရာ ကရိယာဘဲလို့ မမြင်နိုင်တော့ဘဲ၊ တဖြေးဖြေးနှင့် ကိုးကွယ်စရာလို့ မြင်လာနေကြပါပြီ။

နောက်တစ်ခုဖြစ်တဲ့ လိုရင်း တိုရှင်း တင်ပြခြင်းဆိုတာကို ဒီနေရာမှာ နဲနဲလောက် ၀ိတ္တာချဲ့ပြီး ဆွေးနွေးဖို့ လိုလာပါတယ်။

၁၉၄၅ခု၊ မတ်လ (၁၇)ရက်နေ့ ရွှေတိဂုံဘုရား အနောက်မြောက်ရှိ ကွင်းပြင်ကြီးတွင် စစ်ရေးပြအခမ်းအနားနှင့် တပ်ထွက်ပွဲမှာ ဗိုလ်ချုပ်က စကားလုံး (၁၁၈)လုံးသာပါတဲ့ အတိုဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ အဲဒီအတိုဆုံးမိန့်ခွန်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ “ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ။ ဒါဘဲ” ဆိုတဲ့ စကားစုမှာ စကားလုံး (၂၁)လုံးသာ ရှိပါတယ်။

ဒီလိုရင်း တိုရှင်းပြောလိုက်တဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတိုလေးသက်သက်က ဂျပန့်တော်လှန်ရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို ဦးဆောင်ပုံဖေါ်သွားတာလား။ အန္တရာယ်များ၊ ကြမ်းတမ်းခက်ခဲပြီး ရှည်လျားတဲ့ တော်လှန်ရေးပြင်ဆင်မှု(process)ကြောင့် ဒီအတိုဆုံး မိန့်ခွန်းကို တော်လှန်ရေးတပ်ဗိုလ်၊ တပ်သားတွေ အတိအကျ နားလည်အကောင်အထည် ဖေါ်နိုင်တာလားဆိုတာ ကျုပ်တို့အားလုံးသိကြပါတယ်။

နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်တယ်လို့ ဆောင်းပါး (၁)ရဲ့ အစမှာ ဆိုခဲ့ပြီးပါပြီ။ နိုင်ငံရေးမှာ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေက ဒါတွေဘဲဟေ့ဆိုပြီး လိုရင်း တိုရှင်းနှင့် အမိန့်ပေးညွှန်ကြား(Dictate)စေခိုင်းလို့ ရတတ်တာမျိုး မဟုတ်ပါဘူး။ အမိန့်ပေး၊ ညွှန်ကြားချက်ပေး အကောင်အထည်ဖေါ်ရအောင် ပေးသူဟာ စစ်ဗိုလ်၊ အလုပ်ရှင် မဟုတ်သလို အပေးခံရသူတွေကလည်း စစ်သားတွေ၊ စက်ရုံ အလုပ်ရုံက အလုပ်သမားတွေလည်း မဟုတ်ကြပါဘူး။ ကျုပ်တို့ဒီမိုကရေစီအင်အားစုအချင်းချင်းကြားမှာ ဘက်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံက ကြေကြေလည်လည် ခြုံငုံသုံးသပ်ပြီးမှ တိကျတဲ့ လုပ်နည်းလုပ်ဟန်တွေကို အများသဘောတူ ချမှတ်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ကျုပ်အနေနှင့် လိုရင်း တိုရှင်း မပြောနိုင်ပါဘူး။ ပြောနိုင်တဲ့ အခွင့်အာဏာရှိသူလည်း မဟုတ်ပါဘူး။ ကျုပ်က ဗိုလ်ချုပ်အောင်ဆန်းလဲ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်လဲ မဟုတ်သူမို့ ကျုပ်အယူအဆကို လိုရင်း တိုရှင်းပြောလို့ အရာရောက်လိမ့်မယ်လို့လဲ မထင်မိပါဘူး။ ကျုပ်လုပ်နိုင်တာက အခုလုပ်နေတာမျိုးပါ။ ကျုပ်အမြင်ကို ခင်ဗျားတို့လက်ခံလာအောင် အကျိုး အကြောင်း၊ အချက် အလက်၊ ဥပမာ ဥပစာနှင့်သာ တင်ပြနေရတာပါ။

ယနေ့ကာလကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဝင်လာစ ကာလနှင့် နှိုင်းယှဉ်လိုပါတယ်။ အင်္ဂလိပ်အပါအ၀င် မဟာမိတ်နိုင်ငံများ ယိမ်းယိုင်အားနည်းလာသလို ဂျပန်အပါအ၀င် ၀င်ရိုးတန်းနိုင်ငံများ အားကောင်းလာတော့၊ အင်္ဂလိပ်အခက်၊ မြန်မာ့အချက်ဆိုတဲ့ မြန်မာ့နိုင်ငံရေး လှုပ်ယှားမှုကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးဆိုတဲ့ အန္တိမရည်မှန်းချက်ချင်းတူကြသော်လည်း လုပ်နည်းလုပ်ဟန် မတူတဲ့ အင်အားစုကြီး (၃)ခု ဖြစ်ထွန်းလာပါတယ်။

ပထမအုပ်စုက အင်္ဂလိပ်ကော၊ ဂျပန်ပါ နယ်ချဲ့တွေဖြစ်တဲ့အတွက် နှစ်ခုစလုံးကို တစ်ပြိုင်နက် ဆန့်ကျင်ရေးဖြစ်ပါတယ်။

ဒုတိယအုပ်စုကတော့ ဖက်ဆစ်နယ်ချဲ့ဖြစ်တဲ့ ဂျပန်က အရင်းရှင်နယ်ချဲ့ဖြစ်တဲ့ အင်္ဂလိပ်ထက် လူတန်းစားလက္ခဏာအရ ပိုဖေါက်ပြန်တဲ့အတွက် အင်္ဂလိပ်နယ်ချဲ့နှင့် ပေါင်းပြီး ဖက်ဆက်နယ်ချဲ့ကို တိုက်ရေးဖြစ်ပါတယ်။

တတိယအုပ်စုအမြင်က လောလောဆယ် ကိုယ့်ကို ကျွန်လုပ်နေတဲ့ အင်္ဂလိပ်ကို ဂျပန်နှင့်ပေါင်းပြီး အရင်တိုက်ထုတ်။ နောက်မှ အခွင့်အလမ်းရှာပြီး လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် ဖြစ်ပါတယ်။

ဒီလုပ်နည်း လုပ်ဟန် (၃)ခုကို စင်ပြိုင်တင်ပြီး အဲဒီကာလရဲ့ မြန်မာ့နိုင်ငံရေးမြေငလျင်ကြီး(Political Earthquake)ကြီးတွေ တုန်လှုပ်ခဲ့စေသူတွေဟာ မြန်မာ့နိုင်ငံရေးလောကရဲ့ ပုရွက်ဆိတ်တွေ၊ နှံပြည်စုတ်တွေ မဟုတ်ပါဘူး။ သခင်လေးမောင်၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်မြ၊ သခင်ချစ်၊ ရဲဘော်ဂိုရှယ်တို့လို ထိုကာလရဲ့ နိုင်ငံရေးဆင်ကြီး၊ ဂေါ်ဇီလာကြီးတွေ ဖြစ်ပါတယ်။ ဒီအယူအဆကြီး (၃)ခု ကွဲပြားမှုကြောင့် အင်မတန် အန္တရယ်ကြီးမားသော နိုင်ငံရေး အားပြိုင်မှုကြီးတွေ၊ ရှုပ်ထွေးမှုကြီးတွေ၊ အုပ်စုဖွဲ့မှုကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ခေါင်းဆောင်များ၏ နိုင်ငံရေး အမျှော်အမြင်ကြီးမားမှုကြောင့်သာ တတိယအုပ်စု ဖေါ်ဆောင်လိုက်သော လမ်းကြောင်းပေါ်မှတဆင့် အင်အားစုများ ပေါင်းစည်းမှုကို အချိန်မီ အလျင်အမြန် ပြန်လည်တည်ဆောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ အကယ်၍များ ခေါင်းဆောင်အသီးသီးက မိမိအယူအဆလုပ်ဟန်ကို အသေဆုပ်ကိုင်ပြီး သီးခြားစီဆက်လှမ်းနေကြမည်ဆိုပါက နောက်ပိုင်း ဖက်ဆစ်တော်လှန်ရေး အောင်မြင်စွာ အကောင်အထည်ဖေါ်ခြင်းကို အန္တရာယ်ကြီးစွာ အကြပ်ရိုက်စေမှာဖြစ်တဲ့အပြင် လွတ်လပ်ရေးကြိုးပမ်းမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်နည်းလုပ်ဟန် ကွဲပြားမှုကြီးလေ၊ ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ရေးကို ပိုမိုခက်ခဲစေ၊ နှောင့်နှေးစေတယ်ဆိုတာကို ကျုပ်တို့သိပြီးသားပါဆိုတဲ့ ခရီးသွားဟန်လွှဲသဘောမျိုး ပေါ့ပေါလေးမဆိုဘဲ အချိန်မနှောင်းခင် လေးလေးနက်နက်ကြီး တန်ဖိုးထား သင်္ခန်းစာထုတ်ယူကြဖို့ အခြေအနေက တောင်းဆိုနေပါပြီ။ ဒီပြသနာကို မဖြေရှင်းနိုင်သရွေ့ ညီညွတ်မှုကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး။ ညီညွတ်မှုမရှိရင် အောင်ပွဲ မရှိပါ။

ယနေ့အကြပ်အတည်း(Crisis)သည် ရည်မှန်းချက် ပြသနာမဟုတ်ဘဲ လုပ်နည်းလုပ်ဟန်ကို လုပ်နည်းလုပ်ဟန်အဖြစ် ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့(Illusion) ပြသနာဖြစ်ကြောင်းနှင့် ယနေ့စိန်ခေါ်မှု(Challenge)သည် အခြေအနေသစ်တွေနှင့်အညီ ဖြစ်ထွန်းလာတဲ့ လုပ်နည်းလုပ်ဟန်သစ်တွေကို ဟန်ချက်ညီညီ ကျင့်သုံးရဲဖို့ ဖြစ်ကြောင်းပါဗျာ။

လုပ်နည်းလုပ်ဟန်သစ်တွေအကြောင်း ဆက်လက်ဆွေးနွေးသွားပါမည်။

အောင်ထီ ဒီဇင်္ဘာလ ၂၆၊ ၂၀၀၉

(မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။ ခွင့်ပြုချက် တောင်းရန် မလို။)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၃)

(Choosing Right Path and Real Politics)

လုပ်နည်းလုပ်ဟန်သစ်ဆိုတာ ခေတ်တိုင်းမှာလိုရှိတတ်ပါတယ်။ လုပ်နည်းလုပ်ဟန်သစ်တိုင်း မှန်တယ်၊ အောင်မြင်တယ်လို့တော့ မဟုတ်ပါဘူး။ သို့သော် ပြစ်တင်ရှုံ့ချမှု၊ ဝေဖန်ကဲ့ရဲ့မှု၊ ထိုးနှက်တိုက်ခိုက်မှုတွေမှ ကင်းလွတ်ပြီး ပေါ်ထွက်လာတဲ့ လုပ်နည်းလုပ်ဟန်သစ်ဆိုတာ မရှိစဘူးပါဘူး။

“- - - - - - လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်ကိုကိုယ်မှ ကိုယ်မှတ်တတ်ခြင်း၊ ကိုယ့်အိမ်ကိုမှ အိမ်မှတ်တတ်ခြင်း၊ ကိုယ့်အကျိုးစီးပွါး တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊ အို ³ ³ ³ ³ ³ ³ ³ အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါ။ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ။ - - - - ”

“ - - - - ရန်မလိုလျှင် ရန်ပြိုသည်။ ရန်လိုလျှင် ရန်ပိုသည်ဟု ရှေးစကားရှိသည်။ ထိုရှေးစကားသည် လူလိမ္မာတို့နှင့်သာ ထိုက်တန်လေပြီ။ အဘယ့်ကြောင့်ဆိုသော် ယခုခေတ်တွင် ရန်မလိုလျှင် ရန်ပို၍ ရန်လိုမှ ရန်ပြိုတော့လေပြီ။ - - - - ”

၁၉၃၀ခု၊ မေလ (၃၀)ရက်နေ့မှာ ဒိှု့ဗမာအစည်းအရုံးက ပထမဆုံးထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှ ကောက်နှုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။

ဘုန်းတန်ခိုးအာဏာ ကြီးမားလှတဲ့ အင်္ဂလိပ်မင်းကို ဆန့်ကျင်တွန်းလှန်ဖို့ဆိုတာ စိတ်ထဲမှပင် မကြံအပ် မစည်ရာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းခံထားရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို မကြောက်တရားဟောပြီး နယ်ချဲ့အင်္ဂလိပ်ကို မောင်းထုတ်ဖို့ ဒို့ဗမာအစည်းအရုံးက ရဲဝန့်စွာ ဦးဆောင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ နယ်ချဲ့နှင့် ပေါင်းစားပြီး လူတွင်ကျယ်(Elites)ဖြစ်နေသူတွေက မြင့်မိုရ်တောင်ကို ဇီးစေ့နှင့် ပေါက်ခြင်းကဲ့သို့သော တစ်ပွဲထိုး မိုက်ရူးရဲ လုပ်နည်းလုပ်ဟန်အဖြစ် ၀ိုင်းဝန်း ကဲ့ရဲ့သဂြိုဟ်ခဲ့ကြပါတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး၊ လူပါးလူနပ်ဖြစ်ရေး အားပေးတဲ့ စကားပုံ “လာမဲ့ဘေး၊ အဝေးကရှောင်”ကို ဒို့ဗမာအစည်းအရုံးက “လာမဲ့ဘေး၊ ပြေးတွေ့” ဆိုတဲ့ စကားပုံသစ်နှင့် အစားထိုးပြောင်းလဲလိုက်ပါတယ်။ လူမိုက်အလိုရှိတယ်လို့ တုန့်ပြန်ကြေညာပြီး လုပ်နည်းလုပ်ဟန်သစ် လူထုလှုပ်ယှားမှု(Mass Movement)ကို စတင်မိတ်ဆက် တိုက်ပွဲခေါ်ခဲ့ပါတယ်။

ဒီနေရာမှာ သမိုင်းဖြစ်စဉ်အရ အရေးကြီးတယ်လို့ ထင်မှတ်တဲ့အတွက် တို့ဗမာအစည်းအရုံးက ဗမာဆိုသော စကားလုံးအဓိပ္ပါယ် ဖွင့်ပုံကို ကြားဖြတ်တင်ပြလိုပါတယ်။ မြန်မာဟူသော စကားမှာ မြန်သည်၊ မာသည်ဟူသော အဓိပ္ပါယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ ပအိုးဝ်၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ” ဟူသောစကားလုံးကို ရွေးသည်။ အသံမာကျော၍ သုံးစွဲသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ၄င်းကြေညာစာတန်းအတွင်းမှာပင် “ဗမာကပြားများသို့” ဟူ၍ ခေါင်းစဉ်ငယ် သီးခြားတပ်ပြီး “ ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော” ဟုအစချီကာ သခင်လှုပ်ယှားမှုကြီးအတွင်း ပူးပေါင်းပါဝင်လာကြဖို့ တပ်လှန့်ခဲ့ပါတယ်။ ကုလား-ဗမာ အဓိကရုန်းကို အကြောင်းပြုပြီး လူထုထောက်ခံမှု တဟုန်ထိုးမြင့်တက်လာခဲ့တဲ့ တို့ဗမာအစည်းအရုံးက မိမိ၏ ပထမဦးဆုံး ကြေညာချက်ထဲမှာ ဗမာကပြားတွေ လူသိရှင်ကြား အသိအမှတ်ပြု တောင်းဆိုလိုက်ခြင်းကလည်း၊ ထူးခြားတဲ့ လုပ်နည်း လုပ်ဟန်သစ်တစ်ခုဖြစ်ပါတယ်။

ဒို့ဗမာအစည်းအရုံး၏ လုပ်နည်းလုပ်ဟန်သည် မိမိ၏ ဇာတိသွေး၊ ဇာတိမာန်ကို မေ့လျော့နေဟန်၊ လျော့တွက်နေဟန်တူသော မြန်မာလူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် လှုပ်နှိုးရိုက်ခတ်လိုက်သည့် ခေတ်ပြောင်းရေး လုပ်နည်းလုပ်ဟန်သစ်(Revolutionized way) ဖြစ်ပါတယ်။ သို့သော် လုပ်ငန်းစဉ်တစ်ခုသည် ပြင်းတိုင်း မှန်သည်။ ပျော့တိုင်း မှားသည်ဟု မယူသင့်ပါ။

ဒို့ဗမာအစည်းအရုံးကဲ့သို့၊ ဖဆပလကဲ့သို့ တပ်ပေါင်းစု(Coalition) တစ်ခုတည်ဆောက်နိုင်ရေးကို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက်သာမက တိုင်းပြည် ပြည်လည်ထူထောင်ရေးအထိ ကျုပ်တို့ အစဉ်အမြဲ လိုလားသင့်ပါတယ်။ တပ်ပေါင်းစုတစ်ခု မတည်ဆောက်နိုင်သေးရင်တောင် ကျုပ်တို့ကြားမှာ၊ ပြည်တွင်းလည်း ပြည်တွင်းအလျောက်၊ ပြည်ပလည်း ပြည်ပအလျောက် တပြေးညီလုပ်နိုင်တဲ့ ဘုံလုပ်ငန်းစဉ်တွေကို သဘောတူထားနိုင်ကြဖို့ လိုပါတယ်။ အားလုံး လက်ခံသဘောတူနိုင်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို မဖေါ်ထုတ်နိုင်ရင်တောင် အနိမ့်ဆုံးအားဖြင့် တစ်ဖွဲ့၏ လုပ်ငန်းစဉ်က နောက်တစ်ဖွဲ့၏ လုပ်ငန်းစဉ်ကို မဟန့်တားစေရေး၊ မချေဖျက်စေရေးအတွက် အလုပ်ချင်း ဟန်ချက်ညီမှု၊ သဟဇာတဖြစ်မှုကို မဖြစ်မနေ တည်ဆောက်နိုင်ရပါမယ်။ အဲဒီ အနိမ့်ဆုံးအဆင့်လောက်ကိုမျှ ကျုပ်တို့ကြားမှာ အနှစ်နှစ်ဆယ် ကြာပြီးတာတောင် မတည်ဆောက်နိုင်သေးဘူးဆိုရင် ခေါင်းဆောင်လုပ်သူများဟာ မိမိကိုယ်ကို မိမိ ပြန်လည်ဆန်းစစ်ရန် သင့်မသင့်ကို ကိုယ့်ဖါသာကို သုံးသပ်ကြဖို့ ဖြစ်ပါတယ်။

လုပ်နည်းလုပ်ဟန်(လုပ်ငန်းစဉ်)ကို အဓိကထား ဆွေးနွေးနေခဲ့ပေမဲ့ အယူဝါဒရေးရာ၊ ပုဂ္ဂိုလ်ရေးရာ၊ အုပ်စုရေးရာ ပြသနာတွေရဲ့ အန္တရာယ်ကိုလည်း လျော့မတွက်ပါဘူး။ တကယ်တော့ ဒီပြသနာမျိုးတွေက ရှိနေတတ်တာမျိုးပါ။ ဒိှု့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဖဆပလတို့ခေတ်ကဆိုရင် ပိုတောင်ဆိုးပါလိမ့်မယ်။ ဘုံရည်မှန်းချက်အတွက် အလုပ်ဖြစ်အောင် သူတို့ လုပ်နိုင်ခဲ့လျှင် ကျုပ်တို့လည်း လုပ်နိုင်ရမှာ ဖြစ်ပါတယ်။

ဆောင်းပါး (၁)မှာ မြန်မာ့နိုင်ငံရေး အင်အားစုကြီး (၄)နှင့် ဘုံဆုံမှတ်ကြီး နှစ်ခုကို အလေးပေး တင်ပြခဲ့ပါတယ်။ ဆောင်းပါး (၂)မှာ ဟန်ချက်ညီတဲ့ လုပ်ငန်းစဉ်သစ်တွေ လိုအပ်နေပြီဆိုတာကို ပိုမိုထင်ရှားအောင် ကျိုးကြောင်းပြ§ဖွင့်ဆိုရှင်းပြ ရေးခဲ့ပါတယ်။ လုပ်ငန်းစဉ်သစ် လိုအပ်တာကို လက်ခံရင် ဘယ်လိုနည်းနှင့် ရှာဖွေကြမလဲဆိုတာကို ဆက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။

၁။ အတိတ်မှ သင်္ခန်းစာယူခြင်း

၂။ လက်ရှိ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံက ပယောဂကင်းကင်း ခြုံငုံသုံးသပ်နိုင်စွမ်းရှိခြင်း

၃။ လုပ်ငန်းစဉ်သစ်ကို ချမှတ်အကောင်အထည်ဖေါ်ခြင်း ဆိုတဲ့ အဆင့်(၃)ဆင့် ရှိပါတယ်။

အတိတ်က လုပ်ရပ်တွေ၊ အမှား၊ အမှန်တွေ၊ အကျိုး၊ အပြစ်တွေက ကျုပ်တို့ရှေ့မှာ ရှိနေပြီးသားပါ။ မှန်မှန် ကန်ကန် သင်္ခန်းစာယူနိုင်ဖို့သာ လိုပါတယ်။ အဆင့် (၁)ကို အကျယ်ချဲ့ မနေတော့ဘဲ လိုအပ်မှသာ ထုတ်နှုတ်ကိုးကားသွားပါ့မယ်။

အဆင့် (၂)ဖြစ်တဲ့ လက်ရှိအနေအထားမှန်ကို ဘက်ပေါင်းစုံက ခြုံငုံသုံးသပ်ခြင်းက လက်ငင်း စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ကိုယ့်အခြေအနေနှင့် ဆန့်ကျင်ဖက်အင်အားစု အခြေအနေကို ရှုဒေါင့်စုံက မှန်မှန်ကန်ကန် မတွက်ချက်နိုင်ဘူးဆိုလျင် အဲဒီက ပေါ်ထွက်လာတဲ့ လုပ်ငန်းစဉ်သစ်၊ အဆင့်(၃)ကလည်း ထုံးစံအတိုင်း ဝေလေလေနှင့် သင်္ကြန်အမြောက်ဖြစ်ဦးမှာပါ။

အောင်ထီ ဒီဇင်္ဘာ ၃၀၊ ၂၀၀၉

(မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၄)

(Choosing Right Path and Real Politics)

အခြေအနေတွေကို ဘက်ပေါင်းစုံက ခြုံငုံသုံးသပ်ခြင်းသည် အနာရောဂါကို ရှာဖွေခြင်းဖြစ်လျင်၊ လုပ်ငန်းစဉ်က ဆေးချက်၊ ကုထုံးဖြစ်ပါတယ်။ အနာမသိ၊ ဆေးမရှိ။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဘုရားစူး ပြန်လည်အသက်သွင်းခဲ့တယ်ဆိုတဲ့ ပါတီစုံ ဒီမိုကရေစီဆိုတာ စစ်ဗိုလ်တွေက မသေမရှင် ရိုက်သတ်ထားလို့ မျော့မျော့လေး ဖြစ်နေပါပြီ။ ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများ ဆိတ်သုဉ်းနေတဲ့ ယနေ့ကာလသည် နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲကာလကဲ့သို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ အမျိုးသားနိုင်ငံရေး တိုက်ပွဲပုံစံ အ၀န်းအ၀ိုင်းထဲမှာဘဲ ရှိနေသေးတာကို အမြင်ရှင်းကြဖို့လိုပါတယ်။ အမျိုးသားနိုင်ငံရေးမှာ ကြားနေတို့၊ တတိယအင်အားစုတို့ဆိုတာ မရှိကောင်း၊ မရှိနိုင်၊ မရှိသင့်ပါ။ သူ့ဘက်နှင့် ကိုယ့်ဘက်ဆိုတဲ့ ဘက်နှစ်ဘက်သာ ရှိပါတယ်။ အမျိုးသားနိုင်ငံရေးမှာ ကြားနေသူဟာ သူ့ဘက်သားသာ ဖြစ်ပါတယ်။ ကိုယ့်ဂုတ်ပေါ်မှာ ခွစီးနေဆဲဖြစ်တဲ့ စစ်အာဏာရှင်ကို မသိကျိုးကြင်ပြုပြီး၊ ဒီမိုကရေစီနိုင်ငံတွေမှာလို မိမိပါတီ၏ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ဟိတ်ဟန်ထုတ် ချပြရုံသက်သက်လောက်နှင့် သက်တောင့်သက်တာ နိုင်ငံရေး လုပ်နိုင်မယ်၊ လူထုထောက်ခံမှု ရယူနိုင်မယ်လို့ထင်ရင် အင်မတန် နိုင်ငံရေး အမြင်တိမ်ရာ ကျပါလိမ့်မယ်။

သို့သော်၊ နိုင်ငံရေးတိုက်ပွဲတစ်ခု ကာလရှည်ကြာလာတဲ့ အခုလို အချိန်အခါမျိုးမှာ၊ ကြားအုပ်စုဆိုတာမျိုး ပေါ်လာတတ်တာက သဘာဝဖြစ်ပါတယ်။ ရိုးရိုးသားသား စေတနာမှန်နှင့် လမ်းသစ်ရှာတာမျိုးရှိသလို၊ နအဖက ဒီမိုကရေစီအင်အားစုတွေအကြား ရှုပ်ထွေးမှုတွေ ဖြစ်လာအောင် တမင်လမ်းဖွင့်ပေးတာမျိုး၊ ဖန်တီးပေးတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် ကြားအုပ်စု၊ တတိယအုပ်စု အမည်တပ်ခံရသူတွေ အားလုံးကို နအဖအုပ်စုဝင်များ၊ အချောင်သမားများအဖြစ်၊ ၀ါးလုံးရှည်နှင့် သိမ်းမရိုက်နိုင်ပါဘူး။ ကိုအေးလွင်နှင့် ဦးသုဝေ၊ ဦးရွှေအုန်း၊ အမျိုးသားရေး ဦးဝင်းနိုင်တို့ရဲ့ မတူခြားနားချက်တွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။

တတိယအုပ်စုဆိုသူများသည်၊ တစ်ချိန်ချိန်မှာ ဘက်တစ်ဘက်နှင့် မလွဲမသွေ ပူးပေါင်းရမှာမို့၊ သူ့ဘက်မယိမ်းဘဲ၊ ကိုယ့်ဘက်ယိမ်းလာအောင်က ဒီမိုကရေစီ အင်အားစုများ၏ နိုင်ငံရေး လုပ်နည်း၊ လုပ်ဟန်(Political Maneuvering) အပေါ်မှာ အများကြီးမူတည်ပါတယ်။ ကြားနေတဲ့သူအားလုံးကို နအဖနှင့် တတန်းတည်းထား တိုက်မယ်ဆိုရင် အမျှော်အမြင်ကြီးရာ ကျမယ်မထင်ပါဘူး။ ကျုပ်တို့ရဲ့တိုက်ပွဲကို အမျိုးသားနိုင်ငံရေးတိုက်ပွဲလို့ မြင်ရင် အမျိုးသားနိုင်ငံရေး အင်အားစုများအားလုံး ပါဝင်လာနိုင်အောင် နေရာ(Space)ဖန်တီးပေးဖို့ တာဝန်ရှိပါတယ်။ ကျုပ်တို့ လမ်းစဉ်ကသာ မှန်လို့ ကျုပ်တို့နောက် လိုက်ကြဆိုတဲ့ ပုံစံမျိုးနှင့် အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုကို တည်ဆောက်လို့ မရပါဘူး။ ကြားအုပ်စုနှင့် ပတ်သက်ပြီး တိကျတဲ့ သဘောထားနှင့် လုပ်ငန်းစဉ်တရပ် ချမှတ်ထားဖို့ လိုပါတယ်။

စစ်အုပ်စုအကြောင်း ပြောချင်ပါတယ်။ စစ်အုပ်စုက ရှစ်လေးလုံးမှာ သတ်တာဖြစ်ဖြစ်၊ (၁၃)နှစ်ကျော်ကြာအောင် ဖွဲ့စည်းပုံကို အချိန်ဆွဲ ရေးခဲ့တာဖြစ်ဖြစ်၊ ဒီပဲယင်းမှာ သတ်တာဖြစ်ဖြစ်၊ သံဃာတွေကို သတ်တာဖြစ်ဖြစ်၊ ၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်မယ်ဖြစ်ဖြစ်၊ အားလုံးဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ခေါင်းစဉ်အောက်မှာဘဲ ဖြစ်ပါတယ်။

စစ်တပ်က ရွေးကောက်ပွဲမှတဆင့် ဒီမိုကရေစီကို တဖြေးဖြေး ဖေါ်ဆောင်ပေးမယ်လို့၊ ပြောနေသူတွေကို ဒီနေ့ နအဖဗိုလ်ချုပ်တွေထဲမှာ ဒီမိုကရေစီကို လိုလားမယ်လို့ ထင်ရတဲ့ ဗိုလ်ချုပ် တစ်ယောက်လောက်ကိုများ စိတ်ချလက်ချ လက်ညှိုးထိုးပြ နိုင်ပါသလားလို့ မေးကြည့်ချင်ပါတယ်။ ဒီမိုကရေစီကို အစဉ်တစိုက် ဖျက်လို ဖျက်ဆီးလုပ်နေတဲ့ ဒီဗိုလ်ချုပ်တွေကဘဲ ဒီမိုကရေစီ လမ်းပြန်ဖွင့်ပေးမယ်ဆိုတာကို ဘယ်လိုဆင်ခြင်တုံတရားနှင့် လက်ခံနိုင်ပါသလဲ။

စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးတာတို့၊ လွှတ်တော်မှာ ၂၅%သာ နေရာယူတာတို့၊ အာဏာခွဲဝေမှု အထိုက်အလျောက် ရှိတာတို့သည် ဒီမိုကရေစီ လမ်းကြောင်းကို ပိုမနီးစပ်စေဘူးလားလို့ စောဒကတက်နိုင်ပါတယ်။

ကျုပ်အဖို့ကတော့ ဒီလုပ်ရပ်တွေဟာလည်း သူတို့သက်ဆိုးရှည်ရေးအတွက်၊ အရင်နည်းတွေက ရေရှည်မစားသာနိုင်တော့တဲ့အတွက် နောက်တစ်နည်း ပြောင်းတာဘဲလို့ ခပ်ရှင်းရှင်း မြင်ပါတယ်။ သူ့အကျိုးအတွက် သံယာကို ရှစ်ခိုးတတ်တဲ့ နအဖသည် သူ့အကျိုးအတွက် သံဃာကို သတ်ပါတယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး ဒီမိုကရေစီ အရောင်ပြနေတာဟာ လူထုကို လှည့်စားဖို့သာ ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးတာ မှန်ရင်တောင်၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်လို့ မဟုတ်။ အာဏာခွဲဝေမှုလမ်းကြောင်းပေါ်တက်လာတာ သေချာရင်တောင် အာဏာခွဲဝေလို၍ မဟုတ်။ ယနေ့ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတွေအရ၊ အရင်ကအတိုင်း ဆက်သွားလို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သိလာတဲ့အတွက်သာ စစ်အာဏာရှင်စနစ် တနည်းတဖုံနှင့် ဆက်လက်ရှင်သန်ရေးအတွက် နည်းပရိယယ်တစ်ရပ်အဖြစ် အသုံးပြုရခြင်းဖြစ်တယ်ဆိုတာကို အမြင်ရှင်းကြဖို့ လိုပါတယ်။ သူ့ကို ထိခိုက်လာမဲ့နေ့ အာဏာပြန်သိမ်းပြီး သူရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို၊ သူကိုယ်တိုင်ဘဲ ပြန်ဖျက်ဆီးပစ်မှာကို သံသယရှိသူများ ရှိပါသလား။

ဒီနေရာမှာ ၂၀၁၀ရွေးကောက်ပွဲ တစ်ခုတည်းကိုဘဲ ခွဲထုတ် စဉ်းစားကြည့်ရအောင်ပါ။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်လို့ရလဲ၊ ဒီမိုကရေစီ မရသွားသလို၊ ဖျက်မရလဲ ဒီမိုကရေစီတိုက်ပွဲက မပြီးဆုံးသွားပါဘူး။ သို့သော်၊ ဒီနေရာမှာ နအဖက သူ့အကျိုးအတွက် ရွေးကောက်ပွဲမှတဆင့် လုပ်လာမဲ့ အပြောင်းအလဲကို ကျုပ်တို့အကျိုးအတွက် လက်နက်တစ်ခုအဖြစ် ရယူအသုံးချမလား၊ လစ်လျူရှုမလားဆိုတာကို ဖြေရပါမယ်။ ရှစ်လေးလုံးကာလ၊ ရွှေဝါရောင် တော်လှန်ရေးကာလတို့မှာ ဗိုလ်ချုပ်တွေ ဟန်ချက်ပျက်နေတုန်း ကျုပ်တို့တွေ ဘက်ပေါင်းစုံက ဟန်ချက်ညီညီ(Concerted Effort) မလုပ်နိုင်ခဲ့လို့ အခွင့်အလမ်းတွေ လက်လွှတ်ခဲ့ရတာကို ပြန်သတိရသင့်ပါတယ်။ အထိုင်မြဲနေတဲ့ အနေအထား(Status quo)ကို တိုက်ရတာထက်၊ ပုံသဏ္ဍာန် ပြောင်းလဲနေသောကာလ(Shifting/Repositioning Period)မှာ တိုက်ရတာ ပိုလွယ်တတ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲ၊ အပြောင်းအလဲကာလ(Shifting Positioin)မှာ ရရှိလာမဲ့ တိုက်ကွက်သစ်တွေကို စူးနေရာစူး၊ ဆောက်နေရာဆောက်၊ ကျုပ်တို့ ထိရောက်စွာ အသုံးချနိုင်ဖို့ ဟန်ချက်ညီ လှုပ်ယှားမှု(Concerted Effort)ကို လိုအပ်ပါတယ်။

ဒီနေ့ အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုကို ဘယ်သူတွေက ဦးဆောင်နိုင်သလဲ။ ဘယ်နည်းနှင့် ဦးဆောင်သင့်သလဲ။ ကျုပ်တို့ ရင်ထဲက မေးခွန်းတွေ ဖြစ်ပါတယ်။

အင်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ထဲမှာ ယေဘုယျ တောင်းဆိုတာဘဲ ပါနေတယ်။ ၂၀၁၀အတွက် ပြတ်သားတဲ့ လုပ်ငန်းစဉ် မရှိဘူးလို့ ဝေဖန်တာတွေ ရှိပါတယ်။ မှန်ကန် ပြတ်သားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဘယ်လို ရယူချမှတ် နိုင်ပါသလဲ။

နအဖက ၂၀၁၀မှာသုံးမဲ့ လက်နက်သစ်တွေဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေစတဲ့ သူ့အစွယ်တွေကို အကုန်မပြသေးတဲ့အချိန်မှာ နအဖနှင့် နှိုင်းယှဉ်ရင် မီးကြိုးမောင်းပျက်ဖြစ်နေတဲ့ အင်အယ်လ်ဒီက ၂၀၁၀ကို ဖြတ်ကျော်ဖို့ ပြတ်သားတဲ့ လုပ်ငန်းစဉ်တွေကို ဘယ်လိုအကြားအမြင်တွေအရ တိကျစွာ ချပြနိုင်ဖို့ မျှော်လင့်နိုင်ပါသလဲ။ ထင်တိုင်းကြဲနေတဲ့ အာဏာရှင်အစိုးရက သူ့လုပ်ကွက်တွေကို ကြောင်လက်သည်းဝှက်လုပ်နေသေးတဲ့ ကာလမှာ ချိနဲ့တဲ့ အတိုက်အခံက ကိုယ့်လုပ်ကွက်တွေကို အရင်ချပြသင့်တယ်လို့ ထင်ပါသလား။

အောင်တင် ဇန္န၀ါရီလ (၁)၊ ၂၀၁၀

(မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၅)

(Choosing Right Path and Real Politics)

ကျုပ်တို့နိုင်ငံမှာ အင်အားအကြီးဆုံးအုပ်စု ဖြစ်ရုံသာမက၊ နိုင်ငံတစ်ခုလုံးရဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးစတဲ့ ရှိသမျှ နယ်ပယ်အားလုံးကို ရာစုနှစ်တစ်ဝက်နီးပါး တစ်ဖွဲ့တည်း ချုပ်ကိုင်မောင်းနှင်နေတဲ့ တပ်မတော်ဟူသော စစ်ယန္တရားကြီး ရှိနေပါတယ်။

တပ်မတော်၏ အခရာကျတဲ့ အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်လ်ဒီက အသိအမှတ်ပြုပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ကြိမ်ဖန်များစွာ ကမ်းလှမ်းနေခဲ့ပါတယ်။ ပြည်တွင်း၊ပြည်ပရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် အတိုက်အခံများကလဲ အမျိုးသား ရင်ကြားစေ့ရေးကို တောင်းဆိုနေပါတယ်။

တပ်မတော်၏ ပူးပေါင်းပါဝင်မှု မပါဘဲ၊ ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်မယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိမ်းထားနိုင်တယ်လို့ဆိုတဲ့ ခေါင်းဆောင်၊ အဖွဲ့အစည်းရယ်လို့ မကြားမိပါဘူး။

သို့သော် ဗိုလ်ချုပ်တွေက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး(National Reconciliation,NR) လမ်းကြောင်းပေါ် မတက်လာကြပါဘူး။ ထင်တိုင်းပေါက်နေသဖြင့် (NR)ကို မလိုအပ်သော အခြေအနေမှာ ရှိနေလို့လား။ (NR)နှင့်တင် မလုံလောက်၍လား။ (NR)ကို သူတို့က ထောင်ချောက်ထင်နေလို့လား။ သို့မဟုတ် (NR)သည် သူတို့အတွက် တစ်ကယ်ဘဲ ထောင်ချောက်ဖြစ်နေ၍လား။ (NR)က သူတို့အတွက် ထောင်ချောက်လိုဖြစ်နေရင် ထောင်ချောက် မဖြစ်အောင် ပြင်ဆင်သင့်သလား။ ပြင်ရင် ဘယ်လို ပြင်သင့်သလဲ။ မပြင်ဘဲ ဒီအတိုင်း ဆက်သွားမလား။

နိုင်ငံရေးမှာ အချိန်တိုင်ခြင်း(Timing)ကို ဘယ်လိုမြင်သလဲ။ ရှစ်လေးလုံးမှာ (Timing) လွတ်ခဲ့လို့ နစ်နာခဲ့တယ်ဆိုတာ လက်ခံပါသလား။ အခုလာမဲ့ ၂၀၁၀ကာလမှာ အချိန်တိုင်ခြင်း(Timing)နှင့် ဟန်ချက်ညီလှုပ်ယှားမှု(Concerted Effort)တို့ ပေါင်းစပ်နိုင်ရေးအတွက် ထပ်ကြိုးစားသင့်သလား။ တစ်ကယ်ကြိုးစားကြမယ်ဆိုရင် မိမိအမြင်နှင့် အခြားသူများ၏ အမြင်ကို အမျိုးသားညီညွတ်ရေးကို ရှေ့ရှုပြီး အလျော့အတင်းလုပ်ရဲတဲ့ သတ္တိရှိကြပါရဲ့လား။ ၂၀၁၀ကို နအဖက နည်းဗျူဟာသစ်တွေနှင့် သွားနေတဲ့အချိန်မှာ ကျုပ်တို့ကကော အခြေအနေသစ်နှင့် ကိုက်ညီမဲ့ လုပ်ငန်းစဉ်သစ်တွေကို မရှာသင့်ဘူးလား။ လက်တွေ့နိုင်ငံရေး(Real Politics)က ကျုပ်တို့ကို စိမ်ခေါ်နေပါပြီ။

ယနေ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်း ရှည်ကြာ ကြမ်းတမ်းနေခြင်းသည် တပ်မတော်က နိုင်ငံရေးအင်အားစုတွေနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေး၍ ဖြစ်သည်ဟု ယုံကြည်သည်ဆိုပါက အထက်ပါမေးခွန်းသည် ပြည်သူသန်း(၅၀)ကျော်၏ ဘ၀တွေနှင့် တန်ဖိုးညီတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီသော့ချက်ကျတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျုပ်ချဉ်းကပ်ပုံကို ဆက်ဆွေးနွေး သွားပါမယ်။မိတ်ဆွေများလဲ ၀ိုင်းစဉ်းစားပေး ကြည့်စေချင်ပါတယ်။

အောင်ထီ ဇန္န၀ါရီလ(၄)၊၂၀၁၀

(မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၆)

(Choosing Right Path and Real Politics)

တရားမျှတခြင်းကို အချိန်ဆွဲလို့ ရကောင်းရနိုင်သော်လဲ ငြင်းပယ်လို့ မရဘူး (Justic can be delayed but can’t be denied)ဆိုတဲ့ အနောက်တိုင်း စကားပုံရှိပါတယ်။

ပြည်တွင်းစစ်၊ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေး ပြသနာပေါင်းစုံနှင့် ရာစုနှစ်တစ်ဝက်ကျော် ရှည်ကြာနေတဲ့ ကျုပ်တို့နိုင်ငံမျိုးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး(NR)ဆိုတဲ့ အဆင့်ကို အချိန်ဆွဲထားလို့ ရကောင်း ရနိုင်ပေမဲ့ ငြင်းပယ်လို့ မရပါဘူး။ NRကို မဖြတ်ကျော်ဘဲ တည်ငြိမ်၊ တိုးတက်၊ ငြိမ်းချမ်း၊ မျှတတဲ့ ပြည်ထောင်စုနိုင်ငံတော်ကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး။ NRမရှိရင် ကျုပ်တို့နိုင်ငံမှာ အနာဂတ်မရှိပါဘူး။

နိုင်ငံရေးမှာ အချိန်အခါကျရောက်ခြင်း(Timing)က နိုင်ငံရေး လှုပ်ယှားမှုကဲ့သို့ဘဲ အရေးပါတယ်လို့ ယုံကြည်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးကို ဗိုလ်ချုပ်အောင်ဆန်း မတိုင်မီကလည်း ကြိုးစားခဲ့ကြတာဘဲ။ တစ်ကယ်တန်းကျတော့ ဗြိတိသျှနယ်ချဲ့တွေ အင်အားချိနဲ့တဲ့ကာလနှင့် မှန်ကန်သော ခေါင်းဆောင်မှု၊ လှုပ်ယှားမှုတွေ ပေါင်းစုံလာမှသာ အင်္ဂလိပ်ကို တွန်းလှန်နိုင်ခဲ့ပါတယ်။ ဂျပန်ဖက်ဆစ်လည်း စ၀င်ကတည်းက ဘီလူးစွယ်ပြနေခဲ့ပေမဲ့ အချိန်မကျသေးသမျှတော့ တစ်နိုင်ငံလုံး စကောထဲ ဆီးဖြူလှိမ့်သလို လှိမ့်ခံနေခဲ့ရပါတယ်။ နောက် ဖက်ဆစ်တွေ ပြိုလဲလာချိန်နှင့်ကိုက်ပြီး မှန်ကန်သော လှုပ်ယှားမှုတွေ၊ ခေါင်းဆောင်မှုတွေ ပေါင်းစပ်နိုင်တဲ့အခါ ဖက်ဆစ်ကို တွန်းလှန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နအဖက NRကို ဘာလို့လက်မခံသလဲလို့ မေးလာရင် လက်မခံဘဲ နေလို့ရသေးလို့၊ တစ်နည်းအားဖြင့်ဆိုရင် လက်မခံဘဲ နေလို့မရအောင် အကြပ်အတည်းဖြစ်နေတဲ့အချိန်(Timing) မရောက်သေးလို့လို့ တစ်ကြောင်းထဲနှင့် ဖြေချင်ပါတယ်။ နအဖအားကောင်းနေတဲ့ အချိန်အခါမှာ NRအတွက် ခွေးကတက်က နေရ နေရလို့ ဆိုလာသူများဟာ ခွေးကတက်မှာ နေလိုက်ရတာဘဲ အဖတ်တင်သွားကြမှာ ဖြစ်ပါတယ်။

နအဖက အနေအထား ခိုင်ခန့်နေသရွေ့ NRကို လက်ခံလိမ့်မယ် မဟုတ်ပေမဲ့၊ ဒီမိုကရေစီအင်အားစုတွေအတွက်ကတော့ NRကို အချိန်မရွေး လက်ကမ်း လမ်းဖွင့်ပေးထားဖို့ လိုပါတယ်။ မဟောသဓဇတ်တော်ထဲက ဘီလူးနှင့် လူ သားလုသလို ဖြစ်ပါတယ်။ နိုင်ငံရေးအမျှော်အမြင် ကျဉ်းမြောင်းသူတွေက အဆင်ခြင်မဲ့နေတိုင်း နိုင်ငံရေး အမျှော်အမြင် ကြီးမားသူတွေက လိုက်မိုက်မဲပြီး NRကို မပစ်ချလိုက် နိုင်ပါဘူး။ NRကို ဒီနေ့ မဖြတ်ရင် မနက်ဖန် ဖြတ်ရမှာ အသေအချာဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ အချက်တစ်ခုကို ကြုံတုန်းဆွေးနွေးချင်တာက NRကို အလုပ်ဖြစ်စေချင်ရင်၊ NRဟာ ထောင်ချောက်နှင့် မတူစေဖို့၊ ထောင်ချောက်ဖြစ်မနေစေဖို့ကို သတိကြီးကြီးထားရန် ဖြစ်ပါတယ်။ ဒီနေ့ NRကို လက်ခံတဲ့ စစ်ဗိုလ်ချုပ်တွေကို မနက်ဖန် အာဏာလက်လွှတ်ပြီးတဲ့နောက် တရားရုံးတင်ခံရမယ်ဆိုတဲ့ ပုံစံမျိုးနှင့် NRကို ကမ္ဘာ့ မည်သည့်နိုင်ငံတွင်မှ လက်တွေ့ ကျင့်သုံးလို့ မရပါဘူး။ ထောင်ချောက်ပုံသဏ္ဍာန်ဖြစ်နေသရွေ့၊ စိတ်စေတနာမှန်ကန်မှု(Sincerity)ကို အထင်အရှား မပြနိုင်သရွေ့ NRကို အကောင်အထည် မဖေါ်နိုင်ပါဘူး။ NRမှာ ရှုံးသူ၊ နိုင်သူ မရှိရပါဘူး။ NRမှာ နိုင်သူချည်း(Everybody is a winner)ဖြစ်ရပါမယ်။ လူထုတစ်ရပ်လုံး ပါဝင်ပတ်သက်မှု၊ တိုင်းရင်းသားပေါင်းစုံတို့၏ ဓလေ့ထုံးတမ်းများနှင့် ကိုက်ညီမှု၊ သံဃာတော်များအပါအ၀င် ဘာသာရေးဦးဆောင်သူများ၏ ရှေ့တန်းမှ ပါဝင်ဆောင်ရွက်မှုတွေကလဲ မရှိမဖြစ် လိုအပ်ပါတယ်။ အင်မတန် အသေးစိပ်ကျပြီး ပညာရှင်များရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတာမို့ NR Processကို တစ်ဦးတစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းနှင့် မရေးဆွဲနိုင်ပါဘူး။

အခုဆောင်းပါးကို ရေးနေတုန်း ဇန္န၀ါရီလ (၆)ရက်၊ RFA ညပိုင်းအစီအစဉ် ဦးစိန်ကျော်လှိုင် မေးမြန်းခဏ်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဖိုးသံချောင်းက “တစ်ဖက်က လက်ကမ်းနေပေမဲ့၊ တစ်ဖက်က ခါးထောက် မဖြုတ်လို့” လို့ ပြောလိုက်တာ ကြားမိပါတယ်။ နအဖ ခါးထောက် မဖြုတ်သရွေ့ NR မရှိပါဘူး။

နအဖက အင်အားချိနဲ့လာမှသာ ခါးထောက်ဖြုတ်မှာ ဖြစ်ပါတယ်။ တဖန် နအဖ ချိနဲ့လာအောင်က ပြည်သူ့စွမ်းအားနှင့်သာ စွမ်းဆောင်နိုင်မှာ ဖြစ်ပြန်ပါတယ်။ လူထုစွမ်းအား အစစ်အမှန်ကို ပြည်သူတရပ်လုံး ညီညွတ်မှသာ ရနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို အမျိုးသားနိုင်ငံရေး ခေါင်းစဉ်အောက်မှာသာ တည်ဆောက်နိုင်ပါတယ်။ အမျိုးသားအင်အားစုတွေ၏ လိုလားချက်(Aspirations)တွေကို အမျှော်အမြင်ကြီးကြီးနှင့် သင့်တင့်မျှတစွာ နေရာပေး(Accommodate)နိုင်မှ၊ အမျိုးသားနိုင်ငံရေးဆိုတာက ဖြစ်လာတတ်တာမျိုးပါ။

“ကမ္ဘာ့နေရာအနှံ့အပြားမှာ ရောက်ရှိနေကြသော တော်လှန်ရေး ရဲဘော်အပေါင်းတို့

ရဲဘော်တို့

လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့အာဏာကို သဘောထားကြီးစွာနှင့် အလိုအလျောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ် ဘယ်အခါမှ မရှိခဲ့ဘူးပါဘူး။ - - - - - - မြန်မာပြည်သူတွေရဲ့ သူရဲကောင်း စိတ်ဓါတ်ကို ယုံကြည်ကြ။ People Powerကို ယုံကြည်ကြ။ အာဏာရှင်စနစ်ကို People Powerနှင့် ချေမှုန်းကြ။

၂၀၀၈ခု၊ မတ်လ (၈)ရက်နေ့က လူထုဦးစိန်ဝင်းက ပြောကြားခဲ့တာပါ။ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများအကြား ကြီးမားစွာ ဂယက်ရိုက်စေခဲ့ပါတယ်။ ဇာဘုရင့် နန်းတော်ကို ချီတက်သိမ်းပိုက်တဲ့ ဘော်လ်ရှီဗစ်တွေကဲ့သို့ ကြပ်ပြေးနန်းတော်သို့ လူထုတပ်ကြီးနှင့်အတူ ချီတက်သိမ်းပိုက်လိုစိတ်များပင် တဖွါးဖွါး ပေါ်ပေါက်လာခဲ့မိပါတယ်။

မှန်ပါတယ်။ အာဏာကို အလိုအလျောက်စွန့်တဲ့ အာဏာရှင်ဆိုတာ မရှိခဲ့ပါဘူး။ အာဏာရှင်များဟာ မတတ်သာလို့ အာဏာစွန့်ဖို့ဖြစ်လာရင်တောင် နည်းမျိုးစုံနှင့် ကော်ကပ်နေတတ်တာမျိုး၊ နောက်ဆုံးထွက်သက်အထိ၊ ကြောက်ကန်ကန်နေတတ်တာမျိုးပါ။ သို့သော် အင်္ဂလိပ်ခေတ် ရေနံချောင်း သပိတ်ကြီးလို၊ သာယာဝတီ တောင်သူလယ်သမား ချီတက်ပွဲကြီးလို လူထုတပ်ကြီး ဖွဲ့ပြီး၊ တစ်မြို့ဝင် တစ်မြို့ထွက်၊ တစ်လမ်းဝင် တစ်လမ်းထွက် ချီတက်မှသာ၊ အမြို့မြို့အနယ်နယ်က တစ်ပြိုင်နက် အုံကြွမှသာ People Powerဖြစ်တယ်လို့ ဆရာဦးစိန်ဝင်းက literally ပြောသွားတယ်လို့ မယူဆပါဘူး။ ဆရာလူထုဦးစိန်ဝင်းက သက်ရှိထင်ရှားရှိနေဆဲ သူရဲကောင်း(Living Legend)တစ်ဦး ဖြစ်တာမို့ ဆရာ့ထံ မေးမြန်းအတည်ပြုနိုင်ကြပါတယ်။ People Powerကို ရယူပုံ၊ ကျင့်သုံးပုံ နည်းလမ်းတွေဟာ အခြေအနေတွေအရ ကွဲပြားခြားနားမှုတွေ ရှိနိုင်ပါတယ်။ အခြေခံအရ လူထု ပါဝင်ပတ်သက်နေသရွေ့၊ လူထု ပါဝင်လှုပ်ယှားနေသရွေ့၊ လူထုဘက်ကို မျက်နှာမူသရွေ့ People Power ဖြစ်ပါတယ်။

ဆောင်းပါး အမှတ်စဉ် (၅) နိဂုဏ်းချုပ်ပိုင်းမှာ ယနေ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်း ရှည်ကြာ ကြမ်းတမ်းနေခြင်းသည် တပ်မတော်က နိုင်ငံရေးအင်အားစုတွေနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေး၍ ဖြစ်သည်ဟု ယုံကြည်သည်ဆိုပါက အထက်ပါမေးခွန်းသည် ပြည်သူသန်း(၅၀)ကျော်၏ ဘ၀တွေနှင့် တန်ဖိုးညီတဲ့ မေးခွန်းဖြစ်ပါတယ်။ လို့ ရေးခဲ့ပါတယ်။

NRကို လက်မခံဘဲ၊ စစ်ကျွန်ဇတ်သွင်းမဲ့ ရွေးကောက်ပွဲတစ်လမ်းသာ ဖွင့်ထားပေးနေတဲ့ နအဖနှင့် ပူးပေါင်းဆောင်ရွက် သင့်ပါသလား။ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းများကော ရှိပါသလားကို ဆွေးနွေးချင်ပါတယ်။

ပူးပေါင်းဆောင်ရွက် သင့် မသင့်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော နည်းလမ်း ရှိ မရှိကို မသွားခင် ဘယ်လို ပူးပေါင်းဆောင်ရွက်ခြင်းမျိုးကို ဆိုတာလဲနှင့် ဘယ်လိုသူတွေ၊ အဖွဲ့အစည်းတွေကသာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဦးဆောင်လုပ်ကိုင်နိုင်သလဲဆိုတာကို အရင်တင်ပြလိုပါတယ်။ နအဖနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလို့ ဆိုလိုက်တာနဲ့ အပေါ်ယံကြောက အလွယ်ရှပ်တွေးပြီး အပစ်တင်မစောခင် နက်နက်နဲနဲ စဉ်းစားဆင်ခြင်ခြင်း(Critical Thinking)ကို ကျုပ်တို့အတူတကွ လုပ်ကြည့်ကြရအောင်ပါ။

ကျုပ်တို့ လက်ခံကျင့်သုံးသင့်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ ၀ပ်တွားရေး(Submission)မဟုတ်။ အညံ့ခံရေး(Surrender)မဟုတ်။ ယနေ့ကာလ ယုန်နဲ့အတူပြေး၊ ခွေးနှင့်အတူလိုက်နေတဲ့ အချောင်သမားတွေလို နအဖဆိုးသမျှ တစ်ခွန်းမှ မဟရဲရုံသာမက နအဖရဲ့ ဘုန်းတော်ဘွဲ့တွေကို တယ်လီဖုန်းတွေ၊ ကားပါမစ်တွေနှင့် ရောင်းစားဖို့ အကြံယုတ်မဟုတ်။ နအဖနှိပ်စက်သမျှ ကြောကော့ခံ၊ ထမင်းရက်ချန်၊ ရေရက်မှန်နဲ့ ဖြူပြာကျနေတဲ့ ပြည်သူတွေကို ပုတီးစိပ်၊ ဥပုသ်စောင့်ခိုင်းပြီး နောင်ဘ၀ကျမှ နတ်စည်းစိမ်ခံကြဆိုသလို၊ ရွေးကောက်ပွဲပြီးမှ ကျုပ်လာကယ်မယ်ဆိုနေတဲ့ အချောင်သမား လမ်းစဉ်မဟုတ်။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ငြင်းဆိုကန့်ကွက်ခြင်းတို့ကို ကိစ္စတစ်ခုချင်း(Case By Case)အရ ခွဲခြားဆောင်ရွက်နိုင်ဖို့လိုပါတယ်။ နေ့စဉ်နှင့်အမျှ အဘက်ဘက်က နိမ့်ကျယိုယွင်းလာနေတဲ့ လူထု၏ ပကတိအခြေအနေတွေကလဲ တောင်းဆိုနေပြီ ဖြစ်ပါတယ်။

နောက်မေးခွန်းတစ်ခုဖြစ်တဲ့ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ခြင်းကို ဦးဆောင်နိုင်သလဲဆိုတဲ့ မေးခွန်းသည် ဘယ်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သင့်သလဲ မေးခွန်းကဲ့သို့ ထပ်တူ အရေးကြီးပါတယ်။ လူထုက ယုံကြည်ကိုးစားမှုရှိသူများကသာ လုပ်ဆောင်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အချောင်သမားတွေက ၀င်ပြီး ပွဲလှန့်ဖျာခင်းလို့ရတဲ့ ဂွင်မဟုတ်ပါဘူး။ ဒီနေရာမှာ ယုံကြည်ကိုးစားမှု(Credibility)ကို လျော့တွက်လို့ မရဘူး။ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ဆက်မှာ အစမ်းသပ်ခံမှု၊ ပေးဆပ်မှု၊ ကိုယ်ကျိုးမဖက်မှု၊ အရည်အချင်း၊ အမျှော်အမြင်တို့ မရှိဘဲ လူထုရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်သူမှ အချောင်မရဘူးပါဘူး။

နအဖနှင့် ပူးပေါင်းဆောင်ရွက်သင့်တဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတော့၊ ခါးတောင်းကြိုက်ပြီး ကျုပ်ကို တစ်ချီတစ်မောင်း ကြိတ်လိုက်ချင်သူများ၊ အကြိတ်အနယ် ဆွေးနွေးလိုသူများ ရှိကောင်း ရှိနိုင်ပါတယ်။ နောက်ကျသွားပါပြီ။ အကြိတ်အနယ် ဆွေးနွေးစရာ မလိုအပ်တော့ပါဘူးလို့ ပြောပါရစေ။

ဒေါ်အောင်ဆန်းစုကြည်၊ အင်အယ်လ်ဒီ၊ စီအာပီပီ၊ ဦးဝင်းတင်၊ ဦးခွန်ထွန်းဦး၊ ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကို နအဖနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကျုပ်က တိုက်တွန်းနေတာလားလို့လဲ မေးနိုင်ပါတယ်။ မှားပြန်ပါတယ်။ ကျုပ်တိုက်တွန်းနေစရာ မလိုပါဘူး။ အဲဒီခေါင်းဆောင်များက နအဖနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း လူသိရှင်ကြား အစဉ်တစိုက် တောင်းဆိုနေကြတာ ယနေ့ထိအောင်ပါ။ ကြည့်သောသူ မြင်၏။ မမြင်လျှင် မကြည့်၍သာ ဖြစ်ပါ၏။

တစ်နိုင်ငံလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုတင်စည်းကမ်းချက် မထားရှိဘဲ၊ တွေ့ဆုံဆွေးနွေးရေးကို အစဉ်တစိုက် တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စီးပွါးရေးပိတ်ဆို့မှုဆိုတဲ့ကိစ္စ တစ်ခုတည်းအတွက် နအဖနှင့် စတင်ပူးပေါင်းဆောင်ရွက်လိုကြောင်း အဆိုပြုကမ်းလှမ်းခြင်းကို နအဖနှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတဲ့ ကိုအေးလွင်နှင့် သဘောသဘာဝချင်းတူတယ်လို့ တတန်းတည်းထား စဉ်းစားလိုသူများ ရှိပါက ၄င်းတို့ကို နိုင်ငံရေးက အနားယူလိုက်ကြဖို့ အကြံပြုလိုပါတယ်။

နအဖနှင့် ပူးပေါင်းဆောင်ရွက်သင့်တဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို လက်မခံသူများရှိရင်လည်း လေးစားစွာနှင့် ပြောကြားလိုတာက ၄င်းတို့အမြင်နှင့် ထပ်တူတဲ့ လူထုကိုယ်စားပြု ဒီမိုကရေစီ အင်အားစု ပြည်တွင်းမှာ မရှိဘူးဆိုတာဘဲ ဖြစ်ပါတယ်။ ရှိတယ်ဆိုရင် ထောက်ပြပါ။ ကျုပ်မှားရင် ပြင်ပါ့မယ်။

ကျုပ်တို့ ပြည်ပရောက် အင်အားစုတွေက နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နအဖကို ဖိအားပေးဖို့ အဓိက မဟုတ်လားလို့ ထောက်ပြစရာရှိပါတယ်။ မှန်ပါတယ်။ လက်ခံပါတယ်။ သို့သော် ယခင် ဆယ်စုနှစ် နှစ်စုကာလနှင့် ယနေ့ကာလ ကွာခြားမှုကို ဦးဆောင်ဦးရွက်ပြုနေကြသော ပြည်ပရောက် ရှေ့တန်း ခေါင်းဆောင်များ ပိုသိကြပါလိမ့်မယ်။ ကာလ၊ ဒေသနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှု(Adaptation) မလုပ်နိုင်ရင် ဒိုင်နိုဆောလို ဧရာမသတ္တ၀ါကြီးများပင်လျှင် ပျောက်ကွယ်သွားတတ်ပါတယ်။

ဒီလိုဆို၊ ရွေးကောက်ပွဲကိုလဲ ဆန့်ကျင်စရာ မလိုတော့ဘူးပေါ့။ နအဖနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲကို ခေါင်းလျှိုဝင်လိုက်ဖို့ ခင်ဗျားက တိုက်တွန်းနေတာလားလို့ သံသယ ရှိနိုင်ပါတယ်။ ထပ်မှားပြန်ပါတယ်။ အင်အယ်လ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ စီအာပီပီ အပါအ၀င် တစ်နိုင်ငံလုံးရှိ တက်ကြွသော နိုင်ငံရေးအင်အားစုများက ရွေးကောက်ပွဲကို လက်မခံကြပါဘူး။ စစ်ကျွန်ဇတ်သွင်းမဲ့ ရွေးကောက်ပွဲ မဖြစ်လာအောင် ကြိုးစားနေကြပါတယ်။ လက်ခံလို့မရတဲ့ ရွေးကောက်ပွဲကို လက်မခံတာနဲ့ ပူးပေါင်းဆောင်ရွက်သင့်တဲ့ နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ တစ်ခြားစီ ဖြစ်ပါတယ်။ တစ်ကြောင်းတည်းသွား၊ တစ်လမ်းတည်းမြင်တတ်တဲ့ အဆင့်ကိုကျော်ပြီး ဖြစ်စဉ်ပေါင်းစုံ၊ လမ်းကြောင်းပေါင်းစုံကို တစ်ပြိုင်တည်း ထဲ့သွင်း တွက်ချက် ကိုင်တွယ်နိုင်စွမ်းရှိဖို့ လိုပါတယ်။

တပ်မတော်တွင်းမှာ ထိပ်တန်းဗိုလ်ချုပ်ချင်း အုပ်စုဖွဲ့အားပြိုင်နေမှု၊ စစ်တိုင်မှူးများက စစ်ဘုရင်(War Lords)များသဖွယ် ဥပဒေမဲ့ ထင်တိုင်းကြဲနေမှု၊ လူထုဘက်က ရပ်တည်လိုသော အရာရှိ၊ အရာခံ၊ တပ်မတော်သားများ ခေါင်းမထောင်နိုင်မှု၊ စစ်ခုံရုံးတင် အသတ်ခံရမှုတွေနှင့် ရှုပ်ထွေးနေသလို၊ တိုင်းရင်းသား ငြိမ်းအဖွဲ့တွေထဲမှာလဲ၊ ထင်တိုင်းမပေါက်ဘဲ၊ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်များ ဆက်လက်ပိတ်ဆို့ခံနေရမှု (မနောပွဲနှင့် မနောတိုင်ပင်လျှင် လွတ်လွတ်လပ်လပ် မကျင်းပနိုင်၊ မထောင်နိုင်မှုမျိုးက အစ)၊ ဘာသာရေး ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ခေါင်းဆောင်များအကြား သပ်လျှိုသွေးခွဲခံရမှု၊ မူးယစ်ဆေးဝါးပြသနာ စသဖြင့်တို့နှင့် လုံးခြာလည်လိုက်နေဆဲ ဖြစ်ပါတယ်။

ပြည်သူလူထုဘက် ကြည့်ပြန်တော့ တရားဥပဒေ စိုးမိုးမှုမရှိ။ လုံခြုံမှု မရှိ။ တနေ့တခြား ဆင်းရဲတွင်း နက်သည်ထက် နက်လာရုံမက ကျန်းမာရေး၊ ပညာရေး၊ အကျင့်စာရိတ္တစတဲ့ တိုင်းပြည်ရဲ့ အနာဂတ် အရင်းအမြစ်တွေဟာ ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နှင့် ရေစီးကမ်းပြိုလိုက်နေပါပြီ။

ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေတွေကို လေးလေးနက်နက် စဉ်းစားဆင်ခြင်(Critical Thinking)တဲ့အခါမှာ လုပ်ရိုးလုပ်စဉ် Critical Thinkingနှင့်တင် မလုံလောက်တော့ပါဘူး။ အကျိုးစီးပွါးတွေ၊ ဦးတည်ချက်တွေ မတူညီတဲ့ များပြားလှသော လက္ခဏာစုံ အင်အားစုတွေရဲ့ အားပြိုင်မှုတွေကို အသေးစိတ်ကျကျ ထဲ့သွင်းတွက်ချက်နိုင်တဲ့ စဉ်းစားဆင်ခြင်မှုမျိုး(Sophisticated Critical Thinking)က ကျုပ်တို့ကို စိန်ခေါ်နေပါတယ်။

အောင်ထီ ဇန္န၀ါရီလ (ဂ)၊ ၂၀၁၀

11 Jan 2010 ဒိုင်ယာရီ

http://ifile.it/os02f6i 11JAN2010 Diary

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)



သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

စိန်လွင်
ဇန်နဝါရီ ၁၁ ၊၂၀၁၀။

၁၉၉၇ ဧပြီလ တရုတ်နိုင်ငံမှ စွယ်တော်ကမ္ဘာအေးတွင် စံပါယ်စဉ်၊ ဒု ဗခက တင်ဦးလာရောက်ခါနီးတွင် ဗုံးပေါက်ကွဲခဲ့ သည်၊ ထိုဖြစ်စဉ်တွင် ကက ကြည်းအမိန့်နှင့် လုံခြုံရေးယူသည့် ခြေလျင်တပ်များနှင့် ခင်ညွှန့်အမိန့်အရ ပိတ်ဆို့လမ်း ကြောင်းကို ထလရ တပ်များက ဖွင့်ပေးလိုက်သည်ကို အခြေအတင် အချင်းချင်းပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို……

ရှာဖွေရာတွင် တွေ့ရှိသော ဗုံးအစအနများမှာ ကပစ ထုတ်များဖြစ်သော်လည်း၊ အမေရိကန် နိုင်ငံထုတ်များဖြစ်ကြောင်း၊ သတင်းစာများတွင် “ပါပီမ” ၏ ဇာတ်ညွှန်းဆရာ၊ မင်းသားကြီးက… သတင်းဖော်ထုတ်ခဲ့သည်ကို…

၁၉၉၇ တွင် နဝတ ဝန်ကြီးများဖြစ်သော ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ မျိုးညွှန့် စသည့် သူထက် စီနီယာ ကျနေသူ များကို လာဘ်စားပြီး “လာမပေးပါ” ဟု ဦးသန်းရွှေကို တင်ပြပြီး ဖြုတ်ချကာ နယက သို့ပြောင်းလဲကာ သူ၏အာဏာကို ပို၍တည်ဆောက်လာသည်၊ ထို့အပြင်လည်း ထွန်းကြည်နှင့် နာန္ဒာလှိုင်တို့၏ တတိယ အရွယ်၏ ဒုတိယ ဝေဒနာ ဇာတ် လမ်းကိုလည်း၊ ထလရ(၁၄)မှ ရိုက်ကူးကာ၊ ကက လှမ်းတွင် တည်းဖြတ်ကာ၊ ဒဂုံမြို့နယ်ရှိ ကက ကြည်းစစ်ဆင်ရေး ခန်းမတွင် ရုံတင်ခဲ့ပါသည်၊

၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်တပ် အနောက်ခံရှိနေသော ဒုဗခကတင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့်သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ်ခဲ့ပါ သည်၊

၂၀၀၀ ခုနှစ် ခေါ်စု နှင့် လျို့ဝှက်ဆွေးနွေးပွဲများတွင် သူမကို ဒုဝကခ နေရာ၊ ထိုအချိန်က တမင်လှစ်လပ်ထားသော လဝက လူမှုဝန်ထမ်း၊ ဝန်ကြီးနေရာများကို NLD မှ ယူနိုင်ကြောင်း၊ ကမ်းလှမ်းခဲ့သူမှာ ခင်ညွှန့်ပင်၊ (ဒေါ်စု လုပ်နေခြင်း မှာ ဖခင်ကဲ့သို့ပင်၊ စစ်အာဏာရှင်စနစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန်၊ ဤလိုရာထူးနေရာဖြင့် လုပ်စားဖို့မဟုတ်၊ သံလွင်ခွေကိုနားထောင်မိလျှင် သူမကိုပို၍ လေးစားမိလာမည်၊ မြဲတမ်းဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန် လွှတ်ပေးရန်၊ ၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့ ဆန္ဒအမှန်၊ စစ်မှန်သည့်နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်ရန်၊ တကယ် ပင်ကျွန်တော်တို့ မြန်မာပြည်သူအားလုံးအတွက် သူမသည် ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းပင်)

၂၀၀၂ မတ်လ၊ တပ်မတော်နေ့အနီးတွင် ဦးနေဝင်း မြေများ၏ မောင်အေးတို့ကို ဖြုတ်ချလိုသော မအောင်မြင်သော အာဏာသိမ်းပွဲ ဖြစ်လာခဲ့ပြီး၊ ထိုကိစ္စသတင်းစာရှင်းလင်းပွဲကို ကျော်ဝင်းမှ ပြုလုပ်ခဲ့သည်၊ အမြဲတမ်းသတင်းစာရှင်းလင်း သော ယခုကိစ္စတွင် ခင်ညွှန့်အနေဖြင့် များစွာစိတ်မကောင်းဖြစ်ခဲ့ကြောင်း ဦးဝင်းအောင်ကို ပြောပြခဲ့သည်၊ ၂၀၀၂ ဝန်း ကျင်ကာလများတွင် မောင်အေးကိုပင် ပြည်ပခရီးစဉ်များ လိုက်ပို့သည့်အခါ အလေးမပြုခြင်းတို့ကို မြန်မာ့ရုပ်သံတို့တွင် ထုတ်လွှင့်လာပါသည်၊ (မြန်မာ့ရုပ်သံ ထုတ်လွှင့်မှုကို လှမ်းမှအမြဲတည်းဖြတ် ထိန်းကွပ်ထားသည်)၊တကယ်တော့တပ်မ တော်ထောက်လှမ်းရေးတပ်သည်၊ ထောက်ပို့၊ အင်ဂျင်နီယာ၊ ဆေးတပ်များကဲ့သို့၊ ကြည်းတပ်၏ လက်ရုံးတပ်တစ်ခုသာ ဖြစ်ပြီး၊ ညွှန်မှူးသည် ဗိုလ်ချုပ်အဆင့်သာဖြစ်ကာ (၆၅)တွင် ပင်စင်ယူရမည် ဖြစ်သည်၊ သို့သော်လည်း မင်းသားကြီး ခင်ညွန့်သည် က လှမ်းကို ကက ကြည်းကဲ့သို့ ဌာနအဆင့် (တနည်းဆိုသော်) သူနှင့်ကာကွယ်ရေး ဦးစီးချုပ်ကြည်း၊ the same role ဖြစ်အောင်၊ လှမ်း၊ ဌာနချုပ်အဖြစ် ၂၀၀၂ ထဲတွင် ဖွဲ့စည်းပုံတိုးချဲ့ခဲ့ပြီး ဌာနကြီးမှုးများကို ဗိုလ်ချုပ်အဆင့် ထားရှိကာ၊ ဤကဲ့သို့ နိုင်ငံရေးအရ လက်တွေ့ပိုင်းတွင် ပုံဖော်အားပြိုင်လာပါသည်။

ဤအခြေအနေတွင် မင်းသားကြီးခင်ညွန့်က အရွယ်တင်နုပျိုနေသေးရာ၊ ဗိုလ်တထောင်ဘုရားမှ အင်္ဂါဒေါင့်အနီး၊ လိပ် ကန်တွင် စံပါယ်တော်မူသော .. .. ကမ္ဘာစောင့်နတ်မင်းကြီးများဖြစ်သော.. .. အဲလေ.. ဦးသန်းရွှေနှင့် မောင်အေးကို စောမောင်တုန်းကလို သူကဆေးပင်စင်ပေးလိုခြင်းဖြစ်သည်။ ဦးသန်းရွှေနှင့် မောင်အေးတို့ကလည်း သူ့ကိုဝန်ကြီးချုပ် အဖြစ် သြဂုတ် ၂၀၀၃ တွင်ခန့်ကာ၊ တပ်မှဖယ်ထုတ်ပြီး ဦးသန်းရွှေတပည့် ကျော်ဝင်းကို ကက လှမ်းညွှန်းမှူးခန့်ရန်လုပ် သောအခါ၊ ခင်ညွန့်မှ ကျော်ဝင်းကို သက်ပြည့် ပင်စင်ယူရန် သန်းရွှေကို ပြန်လည်အာခံခဲ့သည်၊ ဤအခြေအနေကို ဆရာ ကောင်းတပည့် ဦးဝင်းအောင် ကောင်းကောင်းသိသည်၊ ဦးဝင်းအောင်သည် ဌာနတွင် ၄င်းသည် တစ်ချိန်တွင် ဒုဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးချုပ်ထိ သူအနေအထားရှိကြောင်း ဌာနတွင်လာဘ်စားမှုလုပ်မှာမဟုတ်ကြောင်း အတွင်းစကား ပြောခဲ့ပါ သည်၊ ဦးဝင်းအောင်မှ သူ့ဆရာကို- ယခုအခါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ်မှာလည်း ဗခက ကြီး၏ စည်းရုံးနိုင်မှုကြောင့် အောင်မြင်ကြောင်း၊(ဝ နယ်တွင် ဗခက ခင်ညွှန့်၏ ပြုံးနေသောဒါတ်ပုံကို စိုက်ထူထားသည် တိုင်း ရင်းသားတို့သည် လူကိုခင်မင်တတ်သည်။

တဖက် NLD ကိုလည်းစည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးကာ၊ နောက်ဆုံးတွင် ဖီလစ်ပိုင်တွင် အာဏာရှင် မားကိုစ်ကို ဖြုတ်ချရာတွင် ကိုရာဇန် အကွီနိုနှင့် ထိုအချိန်က ကာချုပ် ရာမိုစ်တို့ ပေါင်းခဲ့ ကြောင်း၊ ယခုလည်းသန်းရွှေ၊ မောင်အေးတို့ကို ဤအတိုင်းဖြစ်လာနိုင်ကြောင်း၊ ထို့အပြင်လည်း ၁၉၉၀ NLD အောင်ပွဲ ခံသောအခါ ရန်ကုန်ရှိ တရုတ်သံအမတ်ကြီးက NLDN HQ သို့သွားကာ Congratulation လုပ်ထားဘူးကြောင်း၊ NLD နှင့် နိုင်ငံရေးအရ မဟာမိတ်ပြု၍ နိုင်ငံတော်တာဝန်ကိုယူလျှင် တရုတ်နှင့်လည်းပြဿနာ မရှိကြောင်း၊ သန်းရွှေ၊ မောင်အေး တို့ကို လာဘ်စားမှုဖြင့် ဖော်ထုတ်ကာ တပ်တွင်းစည်းရုံးမှု ရနိုင်ကြောင်း၊ အာဆီယံကိုမူ ထောက်ခံမှုရရန် သူတာဝန်ယူ ကြောင်း၊ ကျော်ဝင်းကိုမူ ဦးသန်းရွှေလူဖြစ်၍ အရင်ရှင်းသင်းကြောင်း၊ ဦးဝင်းအောင်မှ ဗခက ခင်ညွန့်နှင့် စည်းဝါးကိုက် ခဲပြီးဖြစ်သည်၊ မင်းသားကြီးကလည်း ဦးဝင်းအောင်ကိုပုံကာ အားထားလာသည်၊

[(ထို့အပြင်ဦးဝင်းအောင်သည် ဧရာဝတီတိုင်း၊ ဘိုကလေးစစ်ပွဲအပြီးတွင် ထိုစဉ်ကဗိုလ်ချုပ်ခင်ညွန့်ထံသို့ ငပွေးတို့သည် ပြောက်ကျားစစ်တွင် အားသာကြောင်း၊ ဌာနချုပ် မာနယ်ပလော တို့လို စခန်းမျိုးကို ခြေလျင် စစ်စင်လျှင်၊ တပ်မ(၃)ခု လောက် ကုန်နိုင်ကြောင်း၊ ထို့အတွက်အကောင်းဆုံးမှာ “KNU ကိုဘာသာရေးအရ ဖဲ့ထုတ်နိုင်လျှင် စစ်ရေးအရအောင်နိုင် ရုံမက နိုင်ငံရေးပိုင်းပါ စကားပြောနိုင်လာမည် ဖြစ်ကြောင်း” လေးနက်စွာ ၄င်းသံအမတ်ဘဝဖြင့် ရှိစဉ်ကပင် ခင်ညွန့်ကို အကြံပြုတင်ပြခဲ့ဘူးသည်၊

သူ၏အကြံအတိုင်း၊ ဗခခင်ညွန့်သည် ဗခက ကျော်ဝင်းကို ကရင်ပြည်နယ်အတွင်းသို့ စေလွှတ်ကာ၊ မြိုင်ကြီးငူဆရာတော် ကိုပါ အပိုင်ကပ်ပြီး၊ စည်းရုံးရေးဝင်ခဲ့သည်၊ များမကြာမှီ ၁၉၉၄-၉၅ ဝန်းကျင်တွင် KNU အဖွဲ့တွင်း ရာထူးကိစ္စများနှင့် စတင်ကာ အချင်းချင်း မကြေနပ်သောအချိန်တွင် နားစွင့်နေသော ကျော်ဝင်းတို့မှ ထောက်လှမ်းရေးကောင်းပီပီ၊ “ဘာ သာရေးနှိပ်ကွပ်သည်ဟု” မီးလောင်ရာသို့ ဓါတ်ဆီကား(၁၀)စီး လွှတ်နိုင်ခဲ့၍ DKBA ဖြစ်ပေါ်လာခဲ့သည်၊ ဤသို့ဖြင့် မြန် မာနိုင်ငံသမိုင်း နှစ် ၄၀ တွင် ပြောက်ကျားစစ်အင်အားကောင်းသော KNU မှာ ဌာနချုပ် မာနယ် ပလော နှင့် အရေးပါ သော စခန်းများမှာ DKBA ကြောင့် ဆက်တိုက်ကျသွား ခဲ့ရသည်၊ ထို့ကိစ္စအောင်မြင်မှုကြောင့် သန်းရွှေ၊ မောင်အေးတို့မှ ကက လှမ်း၏ စွမ်းဆောင်မှုကို အသိမှတ်ပြု ဂုဏ်ပြုခဲ့ကြပါသည်၊ ထိုကြောင့်လည်း ခင်ညွန့်မှလည်း နိုင်ငံရေးပိုင်း၊ သံအ မတ်ရေးပိုင်း၊ ကလိမ်ကကျစ် လုပ်ရမည့် ထောက်လှမ်းရေးပိုင်းတို့တွင်(လှမ်း) ဗိုလ်မှူးဟောင်းဝင်းအောင်ကို ပိုမိုယုံကြည် ကာ အမြဲဖုံးဆက်ကာ တိုင်ပင်တတ်ပါသည်၊)]

နောက်ပိုင်းတွင် မင်းသားကြီးမှ ထလရ လုပ်ငန်းဆိုင်ရာ ကိစ္စများကို စည်သူငြိမ်းအေးထံ တိုက်ရိုက်စာများ ပို့လာခဲ့သည် ကို သတိပြုမိသည်၊ ၂၀၀၂ မေတွင် အန်တီစုအကျယ်ချုပ်မှ လွှတ်ခဲ့ရသည်၊ နောက်ဆုံး ၂၀၀၃ မုံရွာဘက်သို့ အန်တီစု စည်းရုံးရေးခရီးစဉ် ထွက်သောအခါ နယ်မြေခံ ထလရ တပ်များကို လိုအပ်သော ပံ့ပိုးမှုဖြင့် ကူညီရန်ဟူသော အလွန်ထူး ခြားသော လျှို့ဝှက်အမိန့် ရောက်နေပါသည်၊ နယ်မြေရှိ ခြေလျင်တပ်များနှင့် ထလရ များအကြား ပြဿနာများ ဖြစ်ပေါ် သည်၊ ၂၀၀၃ မေတွင် ထိုကဲ့သို့ အခြေအနေများကို ကက ကြည်း သို့သတင်းများ စဉ်ဆက်ရောက်ရှိလာကာ၊ ဒေါ်အောင် ဆန်းစုကြည်အပေါ် ပြည်သူ့ထောက်ခံမှု ပိုမိုကြီးမားလာပုံ အောက်ခြေပိုင်း တပ်များကပါ တွေဝေလာပုံတို့ကို ဗွီဒီယို မှတ် တမ်းခွေတို့ဖြင့် သန်းရွှေကိုယ်တိုင် ကြည့်ရှု့ခဲ့ပြီး ခင်ညွန့်ကို လှမ်းမှ ဖြိုခွဲရန် အမိန့်ပေးသည်၊
ခင်ညွန့်မှ ဤအခြေနေတွင်-
*မြန်မာသည် အာဆီယံဝင်ဖြစ်လာပြီး ဖြစ်ကြောင်း၊
*သူမနောက်သို့ လူအုပ်ကြီးဖြစ်ပေါ်သည်မှာ နယ်ဘက်တွင်ဖြစ်ပြီး၊ သံရုံးများရှိကြောင်း၊ ပြဿနာမရှိကြောင်း၊
*ထလရ တပ်များအနေဖြင့် လူအုပ်ကြီးကို ၈၈ လို ပစ်ခတ်ရန် အင်အားမရှိကြောင်း၊
*လူအုပ်ဖြစ်တိုင်း ပစ်လျှင် ပြဿနာဘယ်တော့မှ ပြီးမှာမဟုတ်ကြောင်း၊
*တရုတ်ခေါင်းဆောင်းကြီးများပင်လျှင် ထိုသို့လုပ်လျှင် မြန်မာနိုင်ငံကို စိတ်ပျက်လာနိုင်ကြောင်း၊ (ယနေ့ထိ ထိုင်ဝမ်ကို ပစ်ခတ် မသိမ်းပိုက်ကြောင်း)

ဤခြေအနေတွင် သန်းရွှေနှင့် မောင်အေးတို့မှ ခင်ညွန့်သည် မူမမှန်သော ခြေလှမ်းလာပြီးကို သိရှိနားလည်သွားပြီး လည်း ဖြစ်ပါသည်၊ တကယ်တော့လည်း ခင်ညွန့်သည် ၁၉၉၈ နောက်ပိုင်း မြေပေါ်နိုင်ငံရေးအဖွဲ့အစည်းများကို နည်းမျိုး စုံသုံးကာ အမှန်တကယ် ဖြိုခွင်းခဲ့ပြီး ပြည်ပရှိ မြန်မာသံရုံးများသို့ လှမ်းမှ ဒုဗခက ကြီးများကို သံအမတ်များခန့်ကာ၊ ပြည်ပထောက်လှမ်းရေး လုပ်ငန်းများ လုပ်ခဲ့ပြီးဖြစ်ပါသည်၊

(၁၉၉၀ ထဲတွင် လူ့ဘောင်သစ် ပါတီအား “မိုးသီးဇွန် (သို့) ကြိုးမဲ့လေတံခွန်” စာအုပ်ဖြင့် ကွဲစေပြီး၊ ၁၉၉၁ တွင် လသာ မြို့နယ်၊ ၁၆ လမ်း၊ ဗန္ဒူလလမ်း ဒေါင့်ရှိ ပါတီဆိုင်းဘုတ်ကို နေ့လည် ၁နာရီအချိန်တွင်တပ်မ (၁၁)၊Light arm carrier vehicle ဖြင့်၊ ဝိုင်ရံကာ ပါတီကို ပယ်ဖျက်ပြီဖြစ်သည့်အတွက်၊ မတရားအသင်း (မြေအောက်) ဖြစ်ပြီးမို့၊ ချက်ခြင်းဆိုင်း ဘုတ်ဖြုတ်ချရန်၊ မဖြုတ်လျှင်၊ အင်အားသုံးမည်ဟု လောစပီကာနှင့်ကြေညာကာ ဖြုတ်ခိုင်ခဲ့သူမှာ...)

ထိုနောက်တွင်သန်းရွှေ၏သားတပည့်စိုးဝင်း၏ တိုက်ရိုက်အမိန့်ဖြင့်အောင်သောင်း၊ မုံရွာခဝတ ဥက္ကဌ ဒဗမက သန်းဟန် တို့မှ အကြမ်းဖက်ပွဲကို အနီးကပ်ကြီးကြပ်ကာ၊ ခလရ ၁၆ ၊ ကြံ့ဖွံ၊ ထောင့်သားများဖြင့် အသေးစိတ်စီမံကာ၊ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါသည်။ တဆက်တည်းမှာပင် သန်းရွှေနှင့်မောင်အေးမှ ထိုစဉ်က ရမခ တိုင်းမှူး ဗိုလ်ချူပ်လှိုင် မြင့်နှင့်ရွှေမန်းတို့အား စစ်ထောက်လှမ်းရေးကို လျှိုဝှက်စွာ ပြန်လည်ထောက်လှမ်းရန်၊ စီစဉ်ခဲ့ပြီးဖြစ်ပါသည်။

၂ ဝဝ၃ သြဂုတ်လထဲတွင်မင်းသားကြီးRoad Map ကိုကြေငြာခဲ့ခြင်းကို သန်းရွှေမှလုံးဝ မကြိုက်ပါ၊ သို့သော်၊ ဖြုတ်ပြီး သောအခါ၊ အာဆီယံထဲတွင် နိုင်ငံရေးသိက္ခာအရ၊ မသွားချင်ဘဲ၊ ဆက်သွားခြင်းသာဖြစ်သည်။ ထိုမျှမက၂ဝဝ၄ ဇန်နဝါရီ ထဲတွင် ဗိုလ်ချူပ်ကြီးစောဘိုမြနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်သော ဦးကျော်သူက ဦးသန်းရွှေအလွန်စိတ်ဆိုးကြောင်းပြောခဲ့ဘူး သည်။

(ဦးကျော်သူသည် သွားရှာသူဒေါက်တာမောင်မောင်၏ သားဖြစ်ကာ၊ ၁၉၈၈ နောက်ပိုင်းတွင်၊ တပ်မ ၂၂ မှူးအဖြစ် ကရင်ပြည်နယ်သို့စစ်ဆင်ရေးများထွက်ခဲ့ရသည်။ ထိုမှတောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထို့နောက်အိန္ဒိယ နိုင်ငံဆိုင်ရာမြန်မာသံအမတ်တို့ဖြစ်ကာ၊ ၂ဝဝ၄ ထဲတွင်ဝန်ကြီးဖြစ်လာသည်၊ ၂ဝဝ၉ ထဲတွင်ဝန်ထမ်းရွေး ဥက္ကဌဖြစ်လာ ပါသည်။

http://www.kaowao.org/b/art010-jan11.phpမှ