Monday, January 18, 2010

Organizations Around the World Statements on Boycott 2010 Election in Burma

http://ifile.it/mqfpswhOrganizations Around the World Statements on Boycott 2010 Election in Burma

18 Jan ဒိုင်ယာရီ

http://ifile.it/v9uj3rb
http://www.scribd.com/doc/25395995/18-Jan-2010-Yeyintnge-s-Diary18 Jan 2010 Yeyintnge's Diary

အခြေခံ ဥပဒေအသစ်နှင့် ကြံ့ဖွံ့အခန်းကဏ္ဍ

အခြေခံ ဥပဒေအသစ်နှင့် ကြံ့ဖွံ့အခန်းကဏ္ဍ


မြန်မာ ဗိုလ်ချုပ်ကြီးများ ချမှတ်ခဲ့သော ဒီမိုကရေစီသို့ ဦးတည်သည့် နိုင်ငံရေး လမ်းပြမြေပုံ သတ္တမမြောက်နှင့် နောက်ဆုံး အဆင့်မှာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရန် ဟူ၍ ဖြစ်ပါသည်။

လမ်းပြမြေပုံအား ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုများမှ အကာအကွယ်ပေးရန် “ပြည်သူ့စစ် မဟာဗျူဟာ” ကို အမျိုးသား ကာကွယ်ရေး ရည်မှန်းချက်အဖြစ် စစ်အစိုးရက သတ်မှတ် ဖော်ဆောင်ခဲ့ပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်တွင်လည်း ထိုမဟာဗျူဟာကို ထည့်သွင်း ပြဌာန်းထားရာ “တပ်မတော်”အခန်း ၏ ပုဒ်မ ၃၄၀ တွင် “တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတရပ်လုံး ပါဝင်ရေး အတွက် စီမံ ဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမည်” ဟု ဖော်ပြထားပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း စစ်ခေါင်းဆောင်များ အကောင်အထည် ဖော်ခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာ ဆိုသည်ကို ကျွန်ုပ်တို့ မေးခွန်းထုတ်ရပါလိမ့်မည်။

အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်က ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ ပုန်ကန်မှုကို နှိမ်နှင်းရာတွင် မြန်မာ့တပ်မတော်က ထိုမဟာဗျူဟာကို စတင်ကျင့်သုံးခဲ့သည်။ လက်ရှိစစ်အစိုးရလက်ထက် တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုမဟာဗျူဟာကို မွမ်းမံ ပြင်ဆင်၍ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဖိနှိပ်ရာတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ ခုနှစ်တွင် “ပြည်သူစစ်မဟာဗျူဟာ လက်စွဲစာအုပ်” ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ထုတ်ဝေခဲ့သည်။

ထိုစာအုပ်၏ အခန်း ၂ တွင် “ကျွန်ုပ်တို့နိုင်ငံ၏ရည်မှန်းချက်သည် ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တခု တည်ဆောက်ရန် ဖြစ်သည်။ ပြည်သူ့စစ်မဟာဗျူဟာကို ကျွန်ုပ်တို့နိုင်ငံ၏ကာကွယ်ရေး ရည်ရွယ်ချက်အဖြစ် သတ်မှတ်ထားသည့်အလျောက် ထိုမဟာဗျူဟာကို လက်တွေ့ အကောင်အထည် ဖော်သွားမည်” ဟု ဖော်ပြထားသည်။

ထိုမဟာဗျူဟာတွင် အခြေခံအယူအဆ ၁၂ ချက်ကို တွေ့ရသည်။ ထိုအထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံး အချက် ၅ ချက်မှာ ပြည်သူလူထုကို နိုင်ငံရေး ဦးဆောင်မှု ပေးရန်၊ ဖွံ့ဖြိုးရေး လုပ်ငန်း ၅ ရပ်ကို အခြေခံပြီး ပြည်သူကို စည်းရုံးရန်၊ အင်အား ၄ ရပ် ဖြစ်သော စိတ်ဓာတ်၊ လူထု၊ အချိန်၊ နေရာ တို့ကို အသုံးချရန်၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန်၊ တပ်မတော်နှင့် ပြည်သူကို တသားတည်း ဖြစ်အောင် စုစည်းရန်တို့ ဖြစ်ပါသည်။

နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ရန်ဟူသည့် အယူအဆကို ဖော်ဆောင်ရန် လူထုအဖွဲ့အစည်းတခု လိုအပ်သည်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်ခဲ့ကြပြီး ထိုနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ရယူရန် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကြီးကို ဖွဲ့စည်းခဲ့လေသည်။

ထိုလက်စွဲစာအုပ်တွင် “ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဖော်ဆောင်ရန်နှင့် ပြည်သူကို နိုင်ငံရေးဦးဆောင်မှု ပေးရန် ဒို့တာဝန် အရေး သုံးပါးကို အသင်း၏ ရည်ရွယ်ချက်များအဖြစ် ချမှတ်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကြီးသည် တခုတည်း သော အမျိုးသားရေး အင်အားစုကြီး တရပ် အဖြစ် နိုင်ငံရေးခေါင်းဆောင်မှုကို ပေးသွားမည်” ဟု ဖော်ပြထားပါသည်။

ပြည်သူ့စစ်အဖွဲ့များအဖြစ် သတ်မှတ်ထားသော တခြား အမာခံ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ ပါဝင်သည်။

ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံရေးပါတီတခုအသွင်ပြောင်းလဲပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လိမ့်မည်ဟု တချို့သော မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက ယူဆထားကြသည်။ သို့ရာတွင် ထိုယူဆချက်သည် ယခုအခါ ဖြစ်နိုင်သည့် အလားအလာမရှိပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၃ ခုနှစ်က သူတည်ထောင်ခဲ့သော ကြံ့ခိုင်ရေးအသင်းကြီးကို အဓိကလူထုအသင်းကြီးအဖြစ် ဆက်လက်ထားရှိပေလိမ့်မည်။

ကြံ့ခိုင်ရေးအသင်းကြီးသည် ပြည်သူ့စစ်မဟာဗျူဟာ၏ အဓိကနေရာတွင် ရှိသည့်အလျောက် စစ်အစိုးရ၏ ဖွံ့ဖြိုးရေး လုပ်ငန်း ၅ ရပ်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လုံခြုံရေး တို့တွင် ပါဝင် ဆောင်ရွက်ရပါသည်။ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများကို ပြည်သူ့စစ် မဟာဗျူဟာ၏ အစိတ်အပိုင်း အဖြစ် ရှုမြင်သင့်ပါသည်။

ထိုလက်စွဲစာအုပ်တွင် စိတ်ဓာတ် စစ်ဆင်ရေးဗျူဟာများ သုံးပြီး မတည်ငြိမ်မှုများ ဖန်တီးခြင်း၊ ရန်ဘက် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခြင်းတို့ကို ပြည်သူ့စစ်တို့၏ တာဝန်များအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ဖျက်ဆီးခြင်း၊ ရထားလမ်း မိုင်းထောင်ဖျက်ဆီးခြင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မီးရှို့ဖျက်ဆီးခြင်း စသည့် စနစ်တကျ စီစဉ် တိုက်ခိုက်နည်းများကို တဦးချင်း သို့မဟုတ် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရန် ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်းနှင့် မီးရထားလမ်း ဗုံးခွဲတိုက်ခိုက်မှုများ၊ နိုင်ငံ အနှံ့ရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဗုံးပေါက်ကွဲမှုများကို စစ်အစိုးရအာဘော် မီဒီယာများက မကြာခဏ သတင်းထုတ်ပြန်တတ်သည်။ ထိုလုပ်ရပ်များမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၏ လက်ချက် ဖြစ်သည်ဟု စွပ်စွဲလေ့ရှိသည်။

ထိုလက်စွဲစာအုပ်တွင် လူအုပ်ဖြင့် တိုက်ခိုက်နည်း “mob warfare” ကိုလည်း ဖော်ပြထားသည်။ ထိုသို့ တိုက်ခိုက်ရာတွင် လူအုပ်တခု စုစည်းခြင်း၊ ထိုသို့ စုစည်းနိုင်ရန် ကြိုတင်စီစဉ်ထားသောပဋိပက္ခအသွင်တရပ်ဖန်တီးခြင်း၊ ရန်သူဟု သတ်မှတ်ထားသူများကို ထိုလူအုပ်က အကြမ်းဖက် တိုက်ခိုက်စေရန် လှုံ့ဆော်ခြင်းတို့ ပါဝင်ပါသည်။

၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းတိုက်ခိုက်မှုကြီးသည် ကြိုတင် စီစဉ်ထားသော လူအုပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုလက်စွဲစာအုပ်ထဲတွင် အသေးစိတ်ဖော်ပြထားသော နည်းလမ်းများကို အသုံးပြုခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသော ထိုတိုက်ခိုက်မှုတွင် သူ့ကို ထောက်ခံ အားပေးသော ပြည်သူ အများအပြား သေဆုံးခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် စစ်တပ်အတွင်း တင်ရင်းမှူးအဆင့်အရာရှိများအတွက်သာ ကန့်သတ် ဖြန့်ချိသည့် ထိုလက်စွဲစာအုပ်ကို ၂၀၀၁ ခုနှစ်တွင်တပ်မတော် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသော ဗိုလ်မှူးချုပ်ကြည်အောင်က ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဆက်သွယ်ပေးသည့် ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး စသည့် တာဝန်များကို ယူထားသူ ဖြစ်နေသည်။
http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2434-2010-01-18-04-49-45



အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်


အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်

ဇင်လင်း

၁၈ ဇန်န၀ါရီ ၂၀၁၀

“စီးပွားရေးအခက်အခဲများသည် အလုပ်သမားဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းတရပ်ဖြစ်ပါသည်။”
(၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင် အစီရင်ခံစာ)

၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် (လစာနှုန်းထား ၁၅,၀၀၀ ကျပ် မှ ၁၉၀,၀၀၀ ကျပ် အကြား ရရှိကြသော) အရပ်ဘက် အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးမည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးရုံး ၀န်ကြီး ဗိုလ်ချုပ်လှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုသို့ တရားဝင် သတင်းထုတ်ပြန်မှုမရှိ။ ကုန်ဈေးနှုန်း အဆမတန်တက်မှုကြောင့် လခစားဝန်ထမ်းများ ဒုက္ခရောက်နေချိန်တွင် ယခုကဲ့သို့ လစာတိုးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၉ ဒီဇင်ဘာလအတွင်းမှာပင် ကုန်ဈေးနှုန်းဒဏ်မခံနိုင်၍ တပ်မ (၆၆) နှင့် (၇၇) တို့ အမိန့်မနာခံဘဲ ဆန္ဒပြမှုဖြစ်ခဲ့သေးသည်။ ထိုသို့ ပြဿနာပေါ်ပြီးနောက် လစာတိုးသည့် ဆောင်ရွက်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း အလားတူ စီးပွားရေးကျပ်တည်းမှုပြဿနာကြောင့် လစာတိုးပေးခဲ့ရသည်။ ထိုစဉ်က လစာငွေ မလောက်ငသည့်အကြားမှ ၀န်ထမ်းများအား အတင်းအဓမ္မ နေပြည်တော်သို့ ပြောင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်မှုကို ငြိမ်သွားအောင် လစာတိုးပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိခဲ့သည်။ သို့သော် ထိုစဉ်က စက်ရုံအလုပ်ရုံ အတော်များများတွင် အလုပ်သမားများ လုပ်ခလစာ နည်းလွန်းခြင်းကြောင့် မကျေနပ်မှုများ ပေါ်နေချိန်ဖြစ်သည်။ ထိုစဉ်က စက်ရုံများတွင် လုပ်ခတိုးတောင်းသည့် ပြဿနာများကို တိုးတိုးကျိတ်ကျိတ် ဖြေရှင်းခဲ့ရသည်။

ထိုစဉ်က (၂၀၀၆ မေလမှ သြဂုတ်လအတွင်း) ရရှိသည့် ပြည်တွင်းသတင်း အချက်အလက်အချို့အရ စက်မှုဇုန်များတွင် အလုပ်သမားမကျေနပ်မှုပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။ သတင်းများအရ အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံအလုပ်သမားများကိုမူ လုပ်ခတိုးမပေးခဲ့သဖြင့် အလုပ်သမားဆန္ဒပြမှု ပြဿနာ ပေါ်ခဲ့ရသည်ဟု သိရသည်။ ထိုစဉ်က လက်လှမ်းမီသမျှ သတင်းအချက်အလက်အချို့ကို အောက်ပါအတိုင်းတွေ့ရသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၂) ရက် - ကိုရီးယားအလုပ်ရှင်ပိုင်သည့် Myanmar Hae Wae Co. Ltd. စက်ရုံတွင် အလုပ်သမား (၉၀၀) ကျော် လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှုဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၉) ရက် - လှိုင်သာယာစက်မှုဇုန် (၂) တွင်းသင်းအတွင်းဝန် ဦးထွန်းညိုလမ်းရှိ Cho Cho Co.Ltd. စက်ရုံမှ အလုပ်သမား (၂၀၀) ကျော် လုပ်ခတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ စက်ရုံမှ ဆန်, ဆီ, အခြေခံစားကုန် ရောင်းချပေးရေးတို့အတွက် ဆန္ဒပြတောင်းဆိုသည်။

♦ မေလအတွင်းမှာပင် လှိုင်သာယာစက်မှုဇုန် (၂) ဦးရွှေအိုးလမ်း MP အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

♦ အလားတူ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ ထောက်ကြံ့ရှိ ကိုရီးယားအလုပ်ရှင်ပိုင်သည့် SEGYE အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ SEGYE စက်ရုံအနီးရှိ၊ Daewoo Co.Ltd. ပိုင် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၂,၀၀၀) ကျော် ဆန္ဒပြမှု ဖြစ်ပွားသည်။ လုပ်ခတိုးမြှင့်ရေး၊ အလုပ်ချိန် (၈) နာရီသတ်မှတ်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ နာမကျန်းခွင့်ရရှိရေးများ တောင်းဆိုသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လအတွင်း၊ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ (၁၄) ရုံ (အထည်ချုပ်စက်ရုံ ၈-ခု အပါအ၀င်) လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ အလားတူ လုပ်ခတိုးမြှင့်ရေးဆန္ဒပြမှု သာကေတစက်မှုဇုန် KSS စက်ရုံ၌ ဖြစ်ပွားသည်။

♦ ဦးတေဇပိုင်သည့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

♦ တောင်ဥက္ကလာ၊ မြင်သာ (၁၄) ရပ်ကွက် နှင်းဆီလမ်းရှိ မလေးရှားနှင့် ဖက်စပ်ကုမ္ပဏီ PW &GG ပိုင် ပရိဘောဂ စက်ရုံတွင်လည်း အလားတူ လုပ်ခတိုးမြှင့်ရရှိရေး ဆန္ဒပြမှုပေါ်ပေါက်ခဲ့သည်။

♦ အမှတ် (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ အမှတ် (၁) ပလတ်စတစ်စက်ရုံ (မြောက်ဥက္ကလာပ) နှင့် ပီနန်အိတ်ထုတ်လုပ်စက်ရုံများတွင်လည်း အလုပ်သမားများ အရေးဆိုမှုများရှိခဲ့သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင် အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံ အလုပ်သမားများအား လုပ်ခတိုးမပေးခဲ့။ ထို့ပြင် ကုန်ကြမ်းဈေးမြင့်တက်၊ ဈေးကွက်တောင်းဆိုမှု ကျဆင်းသဖြင့် စက်ရုံများတွင် အလုပ်သမားလျှော့ချလိုခြင်းများ ရှိလာသည်။ စက်ရုံက အလုပ်သမားကို အလုပ်ဖြုတ်လိုလျှင် (၃) လစာ ပေးရမည်ဖြစ်၍ အလုပ်မဖြုတ်။ အချိန်ပိုမလုပ်ရသဖြင့် အခြေခံလစာသက်သက်ဖြင့် အလုပ်သမားမှာ မလောက်င။ နောက်ဆုံး အခြေအနေ ဆိုးလာသောအခါ အလုပ်သမားများ ကိုယ့်သဘောနှင့်ကိုယ် အလုပ်ထွက်ကြရသည်။

စစ်အစိုးရသည် ၁၉၉၀ လောက်မှစ၍ ဈေးကွက်စီးပွားရေးဟု ကြွေးကြော်သော်လည်း အလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေးခြင်းမရှိသည့်အပြင် အလုပ်သမား ပြဿနာပေါ်တိုင်း အလုပ်ရှင်ဘက်မှသာရပ်ခဲ့သည်။ အလုပ်ရှင်များအား အကာအကွယ် ပေးခဲ့သည်။ စစ်အစိုးရက အလုပ်ရှင်များကိုယ်စားပြု ‘စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း’၊ ‘ကုန်ထုတ်လုပ်သူများအသင်း’၊ ‘ဆန်စက်ပိုင်ရှင်များအသင်း’ အစရှိသော အလုပ်ရှင်အကျိုးစီးပွား အကာအကွယ်ပေးသည့် အသင်းအဖွဲ့များ ဖွဲ့ခွင့်ပြုသော်လည်း အလုပ်သမားသမဂ္ဂများကိုမူ ဖွဲ့စည်းခွင့်မပေးချေ။ ထို့ပြင် အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခများ ဖြေရှင်းရေးတွင် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်း၊ မူဝါဒ စသည်ဖြင့် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိပေ။ အလုပ်ရှင်များက ငွေကြေးအင်အားဖြင့် အာဏာပိုင်တို့ကို လာဘ်ထိုးကာ အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ပိတ်ပင် အနိုင်ယူလေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ အလုပ်ရှင်များကမူ အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ အလုပ်သမားများကို ဖိနှိပ်၍ သူတို့အကျိုးအမြတ် တိုးပွားအောင်လုပ်နေကြသည်။

‘စက်မှုဇုန် စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ’ များ ဖွဲ့ထားသော်လည်း မှန်မှန်ကန်ကန် တာဝန်ထမ်းခြင်းမရှိ။ ကော်မတီဝင်များက ထုံးစံအတိုင်း လာဘ်စားကာ တကယ့်ပြဿနာများကို ဖုံးဖိထားကြသဖြင့် အလုပ်ရှင်များအား စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခွင့်၊ ထင်သလိုခြယ်လှယ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာပိုင်များက အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပိတ်ပင်ထားသဖြင့် အလုပ်သမားများ မိမိတို့အခွင့်အရေး နစ်နာဆုံးရှုံးချက်များကို စနစ်တကျ တောင်းဆိုနိုင်ခြင်းမရှိသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။

လက်လှမ်းမှီသမျှ ပြည်တွင်း စက်ရုံအလုပ်ရုံ အလုပ်သမားဆန္ဒပြမှုပေါင်း (၄၀) ခန့်မှ တောင်းဆိုချက်များအား အကြမ်းဖျင်းလေ့လာရာတွင် ယေဘုယျတူညီချက်များကို အောက်ပါအတိုင်းတွေ့ရသည်။

- တရက် ပုံမှန်အလုပ်ချိန် (၈)နာရီဖြစ်သော်လည်း နေ့စဉ် နာရီစုစုပေါင်း (၁၀) မှ (၁၂) နာရီ အလုပ်လုပ်ရခြင်း။

- နေ့ကြီးရက်ကြီးများ အပါအ၀င် နားရက်လုံးဝမရှိ အလုပ်လုပ်ရသော်လည်း အချိန်ပိုလုပ်ခ အပြည့်မရရှိကြခြင်း။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရပြီး နောက်တနေ့ နားရက်မရဘဲ အလုပ်ဆက်ဆင်းရခြင်း။

- ဖျားနာလျှင် ခွင့်မရသည့်အပြင် ပျက်ရက်အတွက် လစာမှ ဖြတ်တောက်ခြင်း။

- ဖျားနာလျက်နှင့် အလုပ်ဆင်းရသဖြင့် အလုပ်ခွင် မတော်တဆထိခိုက်မှုများ ဖြစ်သောအခါ ဆေးဝါးကုသမပေးခြင်း။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစိုးရတာဝန်ရှိသူများက စက်ရုံအလုပ်ရုံများကို ပုံမှန်စစ်ဆေးမှုမရှိခြင်း။

- စက်ရုံက စစ်ဆေးမည့်သူများအား လာဘ်ပေးထားသဖြင့် စစ်ဆေးမှုမရှိ၍ အလုပ်ခွင် ဘေးကင်းလုံခြုံမှုမရှိခြင်း။

- အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများအား အထူးအခွင့်အရေးပေးကာ အလုပ်သမားကို အကျဉ်းသားများသဖွယ် စည်းကမ်းတင်းကျပ်ထားခြင်း။

- အလုပ်ရုံကြီးကြပ်သူများ၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့် အိမ်ပြန်ခွင့်မပြုခြင်း၊ အလုပ်ရုံအတွင်း အစာစားခြင်း၊ စကားပြောခြင်း၊ လူမှုရေးအရ အကူအညီပေးခြင်းများ မလုပ်ရ၊ လုပ်ပါက ပြစ်ဒဏ်သတ်မှတ် လုပ်ခဖြတ်တောက်ခံရခြင်း။

- ထို့ကြောင့် အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများ၏ အပြစ်ရှာဖိနှိပ်မှုများခံရခြင်း၊ မိမိတို့ ပြစ်ဒဏ်မလုပ်ဘဲ လုပ်သည်ဟု ရေးမှတ်ကာ လုပ်ခအဖြတ်ခံရခြင်း။

- သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုစံချိန်ပြည့်မီလျှင် အလုပ်သမားများအား ဆုကြေးအပိုဆောင်းငွေ ပေးမည်ဟု မက်လုံးပေးထားပြီး လက်တွေ့တွင် ကုန်ထုတ်စံချိန် ပြည့်မီသော်လည်း ယင်းအပိုဆောင်းငွေကို မပေးခြင်း။

- သာရေး၊ နာရေး၊ လူမှုရေးကိစ္စအတွက် တနင်္ဂနွေနေ့ အလုပ်အနားယူပါက ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မပေးခြင်း။ … စသည်ဖြင့် တွေ့ရသည်။

ထိုစက်ရုံအလုပ်ရုံ ဆန္ဒပြတောင်းဆိုကြရာတွင် ယေဘုယျတောင်းဆိုချက်များကို အောက်ပါအတိုင်း တွေ့ရသည်။

- အလုပ်ချိန် တနေ့ (၈) နာရီ သတ်မှတ်ရေး။

- ကုန်ဈေးနှုန်းနှင့် ဆီလျော်စွာ လုပ်ခတိုးမြှင့်ပေးရေး။

- အချိန်ပိုလုပ်ခ အပြည့်အ၀ရရှိရေး။

- အချိန်ပိုဆင်း အလုပ်သမားများအား ကြိုပို့ယာဉ် (Ferry Bus) စီစဉ်ပေးရေး။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရလျှင် နောက်နေ့ အနားပေးရေး။

- တရားဝင် အစိုးရရုံးပိတ်ရက်များတွင် အလုပ်နားရက်အဖြစ် သတ်မှတ်ပေးရေး။

- တနင်္ဂနွေနေ့ကို အလုပ်နားရက် သတ်မှတ်ပေးရေး (သို့မဟုတ်) သီတင်းတပတ်လျှင် (၁) ရက် နားခွင့်ပေးရေး။

- ဖျားနာခွင့်ပေးရေးနှင့် ဆေးဝါးကုသမှု တာဝန်ယူရေး။

- ဖျားနာ၍ အလုပ်မဆင်းနိုင်သူ ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မဖြတ်တောက်ရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် အနာတရဖြစ်လျှင် ဆေးဝါးကုသမှု တာဝန်ယူရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းထိခိုက်လျှင် လျော်ကြေးရရှိရေး။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစီအမံများ ထားရှိရေး။

- အလုပ်ရုံစက်ရုံကြီးကြပ်သူများ၊ လုံခြုံရေးဝန်ထမ်းများက အလုပ်သမားများအား ရိုင်းပျစွာဆက်ဆံမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုများ မပြုရေး။ … စသည်ဖြင့် အကြမ်းဖျင်းတွေ့ရှိရပါသည်။

ယခုလည်း အရပ်ဘက်အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ်စီ တိုးမြှင့်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကုန်ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။ ‘လစာတိုးပေးခြင်း’ သည် ‘ဆေးမြီးတို’ မျှသာဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို ဆက်လက်ခံကြရတော့မည်။ အကျိုးဆက်အဖြစ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတရုံမှ အလုပ်သမား (၁၀၀) ခန့်သည် ဇန်န၀ါရီ (၇) ရက်နေ့က ‘လုပ်ခလစာတိုးရေး’ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါစက်ရုံတွင် ထိုနေ့ နံနက် (၈) နာရီခန့်က အမျိုးသမီး (၁၀၀) ခန့် ဦးဆောင်၍ အချက် (၁၀) ချက်ပါသော အလုပ်သမားအခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အမျိုးသမီးများက ဆန္ဒပြတောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည်။ ဆန္ဒပြရသည့် အဓိကအကြောင်းရင်းမှာ လစာငွေနည်းပါး၍ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုကြောင့်ဖြစ်သည်။

အလားတူ ယခုလမှာပင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၃) ရှိ မလေးရှားအလုပ်ရှင်ပိုင် Wong Houng Hand အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၁,၃၀၀) ကျော် ဆန္ဒပြမှုဖြစ်ခဲ့သည်။ အခြေခံအလုပ်သမားအခွင့်အရေး တောင်းဆိုချက် (၁၂) ချက် တောင်းထားသော်လည်း အခြေအနေမှာ မထူးခြားသေး စောင့်ကြည့်နေဆဲဟု အလုပ်သမားများက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံအလုပ်သမားတဦးလျှင် အခြေခံလစာငွေ ကျပ် (၂) သောင်းမှ အမြင့်ဆုံး (၄) သောင်းအထိသာ ရရှိရာ အလုပ်သမားများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုရှိသောကြောင့် အိုဗာတိုင်ကြေးရရန် အချိန်ပိုဆင်းကြရသည်။

ထို့အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု မရရှိကြသော အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူ အလုပ်ထုတ်ခံကြရမှုများရှိသည်။ အလုပ်သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်းမရှိသည်က များသည်။

တည်ဆဲ အလုပ်သမားဥပဒေများအရ တနေ့လျှင် အလုပ်ချိန် (၈) နာရီ၊ တပတ်လျှင် (၄၄) နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ (၂) ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး ဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းအကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်ရုံစက်ရုံများသည် အဆိုပါဥပဒေများကို လိုက်နာခြင်းမရှိကြပေ။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ်ရှိနေသည်ဟု အလုပ်သမားအရေး အကဲခတ်များက ထင်မြင်ယူဆကြသည်။ ‘၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမားအက်ဥပဒေ’ ပြင်ဆင်ချက်အရ တဆက်တည်း လုပ်သက် (၁၂) လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် (၁ဝ) ရက်၊ ရှောင်တခင်ခွင့် (၆) ရက်၊ ဆေးခွင့် (၃၀) ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ဥပဒေမှာ ပြဋ္ဌာန်းထားသော်လည်း များသောအားဖြင့် ထိုခွင့်ရက်များကို အလုပ်သမားများ မခံစားကြရဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတို့က ဆိုသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအလုပ်သမားများ၏ လတ်တလောအခြေအနေကိုကြည့်လျှင် တိုးတက်ကောင်းမွန်လာသည်ကို မတွေ့ရှိရ။ ဤသို့ဖြစ်ရသည်မှာ အလုပ်သမားထုအတွင်း အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် တရားဝင် အလုပ်သမားသမဂ္ဂများ မရှိသောကြောင့် ဖြစ်သည်။ စစ်အာဏာရှင်စနစ်က တရားဝင် အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မပေးချေ။ နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ (ဂ) တွင်လည်း ̏ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်˝ ဟု ဆိုသည်။ သို့သော် ထိုဥပဒေတို့ကို စစ်ဗိုလ်များကသာ အနက်ဖွင့်ဆိုမည်ဖြစ်၍ အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မရနိုင်ချေ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း အလုပ်သမားရပိုင်ခွင့်ကို အာမခံမည်မဟုတ်ပေ။
ထို့ကြောင့် အလုပ်သမားအခွင့်အရေးကို အလုပ်သမားတို့ကိုယ်တိုင်သာ ကာကွယ်ဖို့ ကြိုးစားကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများကို အလုပ်သမားကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်ဖြေရှင်းခွင့် မရသရွေ့ အလုပ်သမားတိုက်ပွဲများကား ဆက်လက်ဖြစ်ပွားနေပေမည်။ သို့ဆိုလျှင် တိုက်ပွဲရည်မှန်းချက်အောင်မြင်ရေးအတွက် ကျယ်ပြန့်သော အလုပ်သမားသမဂ္ဂကွန်ရက်များ ရှိဖို့လိုပါသည်။ အလုပ်သမားများကိုယ်တိုင် စနစ်ကျနသော မြေအောက်အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်ကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးများကို အလုပ်သမားသမဂ္ဂများကသာ အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ။

http://www.khitpyaing.org/articles/2010/January/18110.php


ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်


ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်



NW
(က)
ကျနော်တို့လူစု ခမောက်ကြီးအောက်တွင် ဝိုင်းစုပြီး ထိုင်နေကြသည်။ ခမောက်ကြီးမှာ လူ ၃ဝ ခန့် ထိုင်နေကြသည့်တိုင် လုံခြုံသည့်အမိုး ဖြစ်နေသေး၏။ ခမောက်ကြီးအောက်တွင် ထိုင်နေရင်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းကို ကျနော် တွေးမိသည်။ သူက အကြံကောင်း၏။ ဝါးခမောက်ကြီးတခုကို ယာယီတဲ၏ အမိုးအဖြစ် တင်ထားရန် စိတ်ကူးခဲ့သူ ဖြစ်သည်။ ကျနော်တို့ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ သင်္ကေတမှာ ခမောက်ဖြစ်သည်။ ထို့ကြောင့် ယာယီတဲ၏ အမိုးအဖြစ် ဝါးခမောက်ကြီး တခုလုပ်ပြီး တင်ထားရန် စိတ်ကူးခဲ့သူ ဦးခင်မောင်ဝင်း၏ အကြံကို ပြန်တွေးကာ ကျနော် ပြုံးမိသည်။

ဝါးခမောက်ကြီး မိုးထားသည့် စည်းရုံးလှုံ့ဆော်ရေး ယာယီတဲမှာ မဲရုံနှင့် ကိုက် ၁၅ဝ အကွာခန့်တွင် ရှိသည်။ မဲရုံနှင့် ကိုက် ၁ဝဝ အတွင်း မဲဆွယ်စည်းရုံးခြင်း မပြုရဟူသည့် ရွေးကောက်ပွဲဥပဒေအရ ကျနော်တို့က မဲရုံနှင့် ကိုက် ၁၅ဝ ခန့်အကွာ ဥပဒေနှင့်လွတ်ကင်းသည့် နေရာတွင် မဲဆွယ်စည်းရုံးရေး ယာယီတဲထိုးရန် ဆုံးဖြတ်ခဲ့ကြ၏။ တဲရှေ့လက်ခုပ်တဖောင်အမြင့်တွင် “ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်” ဟု ရေးထားသည့် ပိုစတာကြီးကို တဲ၏ နဖူးစီးအဖြစ် ထောင်ထားလိုက်၏။ ကျနော်တို့က တဲရှေ့နှင့် တဲအောက်တွင် ခုံတွေချကာ ထိုင်ကြသည်။ တဲရှေ့မှ ဖြတ်ကျော်ကာ မဲရုံသို့ သွားကြသော မဲလာပေးသူများကို နှုတ်ဆက်ကြ၊ မျက်နှာပြကြရသည်။ သို့သော် ယခင်နေ့များလိုတော့ အဖွဲ့ချုပ် စည်းရုံးရေးစကားများကို ဓာတ်စက်နှင့် မပြောမဟောကြတော့ဘဲ တဲအောက်တွင် ရေနွေးကြမ်းသောက်ရင်း အေးဆေးစွာ ထိုင်ကြ၏။ မဲထည့်မည့် နေ့တွင် မည်သည့်ပြဿနာမျှ မပေါ်ပေါက်စေရန် ဆူဆူညံညံ ပြောဟောစည်းရုံးသည့် အလုပ်ကို ရပ်ထားလိုက်ကြ၏။

“ကျနော်တို့ နိုင်မှာကတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ ရှေ့မှာ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ကျနော် တွေးလို့ မရဘူး။ ကျနော်ကတော့ ရွေးကောက်ပွဲဟာ ပြဿနာအားလုံးကို ပြေလည်သွားစေမယ့် ကိစ္စလို့တော့ ကျနော် မယုံကြည်မိဘူး”

ဦးခင်မောင်ဝင်းက မည်သူ့ကိုမျှ မကြည့်ဘဲ မြေကြီးပေါ်ကို ခေါင်းငုံ့ပြီး စိုက်ကြည့်နေသည်။ ကျနော် ပြောလိုက်သည့် စကားကိုမူ ခေါင်းငုံ့ပြီး နားထောင်သည်မှအပ မည်သို့မျှ ရုတ်တရက် ပြန်မပြောဘဲ နေခဲ့၏။

ဤ ၄-၅-၁ဝ ရက်အတွင်း ဦးခင်မောင်ဝင်း၏ မျက်နှာမှာ သိသိသာသာ ချောင်ကျသွား၏။ နေ့စဉ်ရက်ဆက် နယ်လှည့်ပြီး စည်းရုံးရေး ဆင်းခဲ့ရသဖြင့် သူ့မှာ အစားမှန်၊ အအိပ်မှန် မရှိခဲ့။ နေလောင်ထားသည့် သူ့နဖူးပြင်မှာ အညိုရောင်သန်းနေလေသည်။ အမြဲတန်းလိုလို သန့်ပြန့်သပ်ရပ်စွာ ဝတ်စားနေထိုင်တတ်သူ ဖြစ်သည့်တိုင် ဤရက်များအတွင်း၌ သူသည် ဘိုသီဘတ်သီ ဝတ်စားသွားလာနေသည်ကို တွေ့ခဲ့ရ၏။

“ဆရာပြောတာ ကျနော် နားလည်ပါတယ်။ ကျနော်လည်း အချိန်တိုင်းလိုလို ဒါကိုပဲ စဉ်းစားနေရတာပဲ။ စည်းရုံးရေး ဆင်းနေတဲ့ တချိန်ထဲမှာ ငါတို့ နိုင်မှာကတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ ဆိုပြီး ဆက်တွေးမိရင် ကျနော့်ရင်ထဲ တကယ် မရှင်းဘူး”

ကျောင်းဆရာဟောင်းဖြစ်သူ ကျနော့်ကို ဦးခင်မောင်ဝင်းက ဆရာဟူသော နာမ်စားဖြင့်သာ ခေါ်ဝေါ် ပြောဆိုတတ်၏။ သူနှင့် ကျနော်က အသက်ချင်း မတိမ်းမယိမ်း။ သူက ရဲဝန်ထမ်းဟောင်းတဦး။ ကျွဲပွဲမြို့ ရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ။ အလုပ်မှ ဆေးပင်စင်နှင့် ထွက်ပြီးနောက် သစ်အရောင်းအဝယ် လုပ်ငန်းလုပ်ရင်း နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လာခဲ့သူ။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်တော့ သူက ကျွဲပွဲမြို့ သပိတ်ခေါင်းဆောင်။ ကျနော်က စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာသပိတ်စခန်း အမာခံတဦး။ အရေးတော်ပုံကာလနောက်ပိုင်း အုတ်တွင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် အချိန်တိုင်းလိုလို သူနှင့် ကျနော် အတူတွဲပြီး အလုပ်လုပ်ခဲ့၏။ သူက မြို့နယ် စည်းရုံးရေးကော်မီတီ ဥက္ကဋ္ဌ။ ကျနော်က မြို့နယ် ပြန်ကြားရေးနှင့် သုတေသနဌာန တာဝန်ခံ။ သူက ရဲဝံ့ပြတ်သားစွာ အလုပ်လုပ်တတ်သူ။ ကျနော်က ရှင်းလင်းဆွေးနွေး ဝါဒဖြန့်ချိရေးကို စိတ်အားထက်သန်သူ။ သူနှင့် ကျနော် ကျေးရွာတွေ ဆင်းခဲ့ကြသည်။ အခမ်းအနားတွေ လုပ်ခဲ့ကြသည်။ စာရွက်တွေ ဝေခဲ့ကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ။ ကျနော့်စိတ်ထဲ ဆရာ့လိုပဲ မတင်မကျ သဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေ ဆက်လုပ်ကြရမှာပဲမို့လားဆရာ။ ပြီးတော့ ရွေးကောက်ပွဲ ရှိသည်ဖြစ်ပါစေ၊ မရှိသည်ဖြစ်ပါစေ ပါတီကတော့ ရှိကိုရှိနေရမှာပဲမို့လား။ ဒါဆိုရင် သံသယတွေ နောက်တန်းမှာထား၊ လုပ်စရာရှိတာ လုပ်ကိုလုပ်ကြရတော့မှာပဲပေါ့။ ဒီလိုတွေးလိုက်မှပဲ ရင်ထဲမှာ ပေါ့သွားတယ်လို့ ကျနော် ထင်မိတယ်”

မဲရုံက မဲပေးပြီးပြန်လာကြသည့် အမျိုးသမီးကြီးတအုပ်က ခမောက်တဲကြီးရှေ့ ရောက်ကာမှ “ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ” ဟု သံပြိုင်အော်ဟစ်လိုက်ကြ၏။ ကျနော်တို့က လမ်းပေါ်က သူတို့လူအုပ်ကို ညာသံပေးကာ တုံ့ပြန်နှုတ်ဆက်လိုက်ကြသည်။

နေ့တဝက်ကျော်လာခဲ့ပြီ။ မဲရုံရှေ့တွင် မဲပေးသူ ပိုများလာသည်ဟု ထင်မိသည်။ မဲပေးလာသူ အားလုံး လိုလိုက ကျနော်တို့ကို နှုတ်ဆက်သွားကြသည်။ တချို့က ကျနော်တို့နှင့် ခဏတဖြုတ် အတူတွဲပြီး ထိုင်သွားကြ၏။ တချို့က ခမောက်တဲကြီး နောက်ခံထားကာ အမှတ်တရ ဓာတ်ပုံများပင် ရိုက်ကြ၏။

“ဟော … ဦးခင်မောင်ဝင်းတော့ ရောက်လာပြီဗျို့”
ခမောက်တဲကြီးဆီ လွယ်အိပ်တလုံးလွယ်ကာ လျှောက်လာနေသည့် ဦးခင်မောင်ဝင်းကို ကျနော်တို့ အားလုံးက ဝမ်းသာတက်ကြွစွာ ကြိုဆိုလိုက်ကြသည်။

“ဘယ်လိုလဲ၊ အခြေအနေကောင်းရဲ့လား။ ဟိုမှာတော့ အားလုံး ကောင်းပါတယ်။ ခမောက်နဲ့ နှဲ အတူတူပဲ ဆိုပြီး အပင်ပန်းခံ လိုက်ရှင်းထားတာ တော်တော်ထိရောက်သွားတယ်”

ဦးခင်မောင်ဝင်းက ခမောက်တဲကြီးကို သဘောကျသလို မော့ကြည့်ရင်း တဲရှေ့တွင် လာပြီးရပ်လိုက်သည်။ ကျနော်က အခြေအနေကောင်းသည်ဟု ယူဆရကြောင်း မည်သည့်ပြဿနာမျှမရှိကြောင်း ပြန်ပြောပြလိုက်၏။

ဒီကနေ့ မနက်ပိုင်းက ကျနော်တို့ မဲဆွယ်စည်းရုံးရာ ခမောက်တဲကြီးဆီ ဦးခင်မောင်ဝင်း ရောက်မလာနိုင်ခဲ့ပါ။ သူက အုတ်တွင်းမြို့ မဲရုံဆီ အစောကြီး ထသွားရ၏။ အုတ်တွင်းမြို့ အမှတ် (၁) မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်မပြိုင်ခဲ့ပါ။ ဗဟိုမှ ညှိနှိုင်းချက်အရ အဖွဲ့ချုပ်၏ အသက်ကယ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်းက ဝင်ရောက်ယှဉ်ပြိုင်၏။ ထို့ကြောင့် နယ်ခံဖြစ်သူ ဦးခင်မောင်ဝင်းက ယင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်ဝင်းအတွက် ကူညီဆောင်ရွက်ပေးရန် မြို့နယ်အဖွဲ့ချုပ်ရုံးသို့ အစောကြီး သွားနေခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ်အားဖြင့်မူ သူသည် သူ့အတွက် မဲဆွယ်စည်းရုံးသည့် အလုပ်ထက် ဗဟိုမှ ချပေးသည့် အသက်ကယ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးသည့်အလုပ်ကို ပိုပြီး အချိန်ပေးခဲ့၏။ အဖွဲ့ချုပ် အသက်ကယ်ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဝင်းမှာ နယ်မြေခံမဟုတ်။ လူသိနည်းသူလည်း ဖြစ်သည်။ အဖွဲ့ချုပ် အသက်ကယ်ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သင်္ကေတမှာ “နှဲ” ဖြစ်သည်။ ထို့ကြောင့် ခမောက်ကလွဲ၊ မည်သူ့ကိုမှ မဲမပေးဟု ဆန္ဒပိုင်းဖြတ်ထားသည့် မြို့နယ်လူထုကို “ခမောက်နှင့် နှဲ အတူတူပဲ” ဟု ရှင်းလင်းလှုံ့ဆော်ကာ ဦးခင်မောင်ဝင်းက ဦးဆောင်လျက် နေ့မအား ညမအား စည်းရုံးရေးဆင်းခဲ့ရ၏။ (မှတ်ချက်။ ။ ယင်းအသက်ကယ်ပါတီ၏ ဥက္ကဋ္ဌမှာ ယခုအခါ အဝေးရောက် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာစိန်ဝင်း ဖြစ်ပါသည်။) ယခုလည်း သူ ဝင်ရောက် ယှဉ်ပြိုင်ရသည့် မဲဆန္ဒနယ် မဲပေးသည့်နေ့ ဖြစ်သည့်တိုင် သူက မြို့နယ်ရုံးသို့သွားကာ အသက်ကယ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဝိုင်းဝန်းကူညီနေခဲ့ရ၏။ နေ့လည်ပိုင်းကျမှသာ ကျွဲပွဲသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

ထိုနေ့က အုတ်တွင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးခင်မောင်ဝင်းက ၈ဝ ရာခိုင်နှုန်းကျော် မဲအပြတ်ရရှိကာ အနိုင်ရရှိခဲ့၏။ ဤမဲဆန္ဒနယ်တွင် ဦးခင်မောင်ဝင်းနှင့် အဓိက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပုဂ္ဂိုလ်မှာ တချိန်က မဆလပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်ထွန်းရီ ဖြစ်သည်။ သူက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မဲပေးသည့်နေ့က မဲရုံပိတ်ကာနီး အချိန်တွင် ဗိုလ်ချုပ်ထွန်းရီနှင့် အဖွဲ့ မဲရုံသို့ ကား ၄ စီးဖြင့် ရောက်လာခဲ့၏။ အခြွေအရံများ ခြံရံလျက် မဲရုံအတွင်းသို့ ဝင်လာခဲ့၏။ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက တရိုတသေ ကြိုဆို ကြရ၏။ ဗိုလ်ချုပ်ထွန်းရီနှင့် အဖွဲ့ မဲရုံအတွင်း ၁ဝ မိနစ်ခန့် နေသွားသည်ကို မဲလာပေးသူအားလုံး မြင်၏။ မဲပုံးများထားရာ အခန်းထဲအထိ ဝင်သည်ကိုလည်း အားလုံးသိ၏။ ပထမတော့ ဤသတင်းကို ကြားကြားချင်း ဦးခင်မောင်ဝင်းနှင့် ကျနော်တို့အားလုံး ဒေါသဖြစ်ကြရ၏။ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ထွန်းရီ၏ အပြုအမူကို ရွေးကောက်ပွဲကော်မရှင်ထံ စာရေးပြီးတိုင်ရန် တိုင်ပင်ကြသေး၏။ သို့သော် မဲများရေတွက်ပြီးသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအပြတ်အသတ်နှင့် အနိုင်ရရှိသည့်အဖြေကို ကြားရသဖြင့် ဗိုလ်ချုပ်ထွန်းရီကို တိုင်ကြားရန် စဉ်းစားထားသည်ကို ကျနော်တို့အားလုံး နောက်ဆုတ်ထားလိုက်ကြ၏။ ကျနော်တို့ အောင်ပွဲခံခဲ့ပြီ။ ရထားသည့် အောင်ပွဲနှင့်နွယ်ပြီး နောက်ထပ် မည်သည့်ပြဿနာမျှ မဖြစ်ချင်ကြတော့။

မဲရုံမှ မဲများရေတွက်သည်ကို ဦးခင်မောင်ဝင်းအပါအဝင် လူအတော်များများ ဝိုင်းဝန်းကြည့်ကြ၏။ မဲစာရင်းများ ရေတွက်နေစဉ် လူတွေအားလုံး ငြိမ်သက်စွာ စောင့်ပြီး နားထောင်နေခဲ့ရာက မဲအရေအတွက် နောက်ဆုံး သတင်းထွက်လာသောအခါ လူတွေအားလုံး ဆူညံစွာ အော်ဟစ်လိုက်ကြသည်။ လက်ခုပ် လက်ဝါးတီးကာ ကကြခုန်ကြ၏။ တချို့က ဦးထုပ်များ၊ ထီးများ၊ ဖိနပ်များကိုပင် အပေါ်သို့ ပစ်မြှောက်ကာ တက်ကြွနေခဲ့ကြ၏။

ဦးခင်မောင်ဝင်း၏ မျက်နှာကို ကျနော် အကဲခတ်သည်။ သူ ဘယ်လိုခံစားနေရသည်ကို ကျနော်သိချင်သည်။ ဦးခင်မောင်ဝင်းက ခပ်ပြုံးပြုံးမျက်နှာနှင့် လူအုပ်၏ဘေးမှ လျှောက်လာနေ၏။ ကျနော့်ကိုတွေ့တော့ သူက မျက်နှာကို အားယူပြီး ပိုပြီးပြုံးပြသည်။ ကျနော်က သူ မကြာခဏ ပြောတတ်သည့် စကားတချို့ကိုသာ နားထဲတွင် ကြားနေခဲ့၏။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ။ ကျနော့်စိတ်ထဲ မတင်မကျသဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေ ဆက်လုပ်ကြရမှာပဲမို့လား...”

အမှန်တကယ်အားဖြင့်မူ သူက နိုင်ငံရေး မိုးကောင်ကင်တခုလုံး ညစ်ထေးအုံ့ဆိုင်းနေသည်ကို ထိုစဉ်ကတည်းက သံသယဖြစ်နေခဲ့သည်ဟု ကျနော် ခန့်မှန်းမိသည်။

ခပ်ပြုံးပြုံးမျက်နှာနှင့် လမ်းလျှောက်လာနေသည့် ဦးခင်မောင်ဝင်း၏ ဟန်ပန်မှာ အိပ်မက်ထဲတွင် လမ်းလျှောက်လာနေသူနှင့် တူနေသည်ဟု ကျနော်ထင်ခဲ့၏။

(၂)
“ကံကောင်းလို့ မိုးက တပေါက်နှစ်ပေါက်ပဲ ရွာလိုက်လို့ပေါ့။ နို့မို့ဆိုရင် ဒီခမောက်ကြီး ဘယ်လိုမှ သယ်လို့ရမှာ မဟုတ်ဘူး”

“ရွာတော့လည်း ဘာဖြစ်လဲကွာ။ အဲဒါလည်း ရွှေမိုးငွေမိုး သဘောပဲပေါ့။ ဟ … မနက်ဖြန်ကျရင် တမြို့လုံး ပိတောက်တွေ လှိုင်နေတော့မှာ သေချာတယ်။ ဟား … ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်၊ ဟုတ်ပါ့ကွာ။ သိပ်ဟုတ်၊ တကယ့်ကို ဟုတ်တာပဲဟေ့”

လူ ၂ဝ ခန့်က ခမောက်ကြီးကို ဝိုင်းဝန်း မ,ယူလာခဲ့ကြသည်။ တလမ်းလုံး တယောက်တပေါက် စကားတွေ ဆူဆူညံညံနှင့် ပြောလာခဲ့ကြ၏။ နေရာလပ်မရှိသဖြင့် ဝင် မ,မဘဲ ဘေးမှ လမ်းလျှောက်လိုက်ပါလာသူတွေက တွေ့သမျှလူကို နှုတ်ဆက်ကြ၏။ ခမောက်ကြီး လမ်းအပြည့် ဝိုင်းမလာကြသည့် ကျနော်တို့ကို လူတိုင်းကလည်း ဝိုင်းဝန်းအားပေးနှုတ်ဆက်သွားကြ၏။

ကားလမ်းနှင့် ရထားလမ်းဖြတ်ရာ နေရာအနီးကို ရောက်လာခဲ့ကြသည်။ ရထားတစင်းက ကျနော်တို့ လူအုပ်ကို တွေ့ဟန်တူ၏။ ကားလမ်းဖြတ်မည့်သဘော ရထားဥသြသံပေးပြီးမှ တဖြည်းဖြည်း နီးလာနေ၏။ ကျနော်တို့ လူသိုက်က ခမောက်ကြီး ခေါင်းပေါ် ရွက် မ,ထားလျက်နှင့်ပင် ရထားလမ်းအောက် ကားလမ်းပေါ် ရပ်နေခဲ့ကြ၏။ ရထားတစင်းလုံးလိုလို ပြတင်းပေါက်များမှ ခရီးသည်တွေ ခေါင်းပြူပြီး ထွက်ကြည့်ကြ၏။ တချို့က ချက်ချင်း သဘောပေါက်ကာ လက်သီးလက်မောင်းတန်း နှုတ်ဆက်လိုက်ကြ၏။ ကျနော်တို့ကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

ရန်ကုန်-မန္တလေး လမ်းမကြီးပေါ် ရောက်လာခဲ့ကြသည်။ ကျနော်တို့က လမ်းဘေးသို့ကပ်ပြီးမှ ခမောက်ကြီးကို သယ်လာကြသည့်တိုင် မောင်းလာသည့် ကားတချို့က လမ်းဘေးသို့ ဆင်းရပ်ပေးလိုက်ကြ၏။ ကျနော်တို့ကို ပြုံးပြနှုတ်ဆက်လိုက်ကြ၏။ ထိုစဉ်မှာပင် စစ်သားများ အပြည့် တင်ဆောင်လာသည့် စစ်ကားတစီးက ကျနော်တို့ ဘေးမှ ခပ်ဖြည်းဖြည်း ဖြတ်မောင်း၏။ ကားပေါ်က စစ်သားများကို ကျနော်တို့ထဲက လူတယောက်က ရုတ်တရက် လက်တဖက် မြှောက်ပြီးမှ အော်ဟစ် နှုတ်ဆက်လိုက်၏။

“ပြည်သူ့စစ်သား တို့စစ်သား … ကျန်းမာပါစေ”
ကားပေါ်က စစ်သားများမှာ ပထမတော့ ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်စီစီ ဖြစ်နေကြသေး၏။ ပြီးမှ ကျနော်တို့ကို ပြန်လည် ပြုံးပြနှုတ်ဆက်ကာ 'အောင်မြင်ကြပါစေ' ဟု ဆုတောင်းပေးလိုက်ကြ၏။

ကျွဲပွဲမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘေး အဆင်သင့်ပြင်ထားသည့် နေရာတွင် ခမောက်ကြီးကို ထောင်ထားလိုက်ကြသည်။ ရုံး၏ မျက်နှာစာနှင့် ထောင်ထားသည့် ခမောက်ကြီးကို ကားလမ်းပေါ်မှ ထင်ထင်ရှားရှားကြီး မြင်နေရ၏။ အောင်ပွဲခံခဲ့ရသည်ရှိသော် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်လာစေရန် အောင်ပွဲခံ အခမ်းအနားကို နေ့ချင်း မလုပ်ဘဲထားရန် ဆုံးဖြတ်ခဲ့ကြသဖြင့် ထိုနေ့က ရုံးရှေ့တွင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် အောင်ပွဲခံခဲ့ကြရ၏။ အထူးသဖြင့် ဦးခင်မောင်ဝင်းက လုံခြုံရေးကို ပိုမိုဂရုစိုက်ရန် အကြံပြုထားသဖြင့် တညနေလုံး၊ တညလုံး ကင်းချပြီးမှ အောင်ပွဲခံကြရ၏။

ညနေ ၆ နာရီခန့် ကားလမ်းပေါ်တွင် လူအသွားအလာ ရှင်းနေစဉ် မဲရုံမှ ပြန်လာကြသည့် လူအုပ်တအုပ်ကို တွေ့ရသည်။ သူတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ စည်းရုံးရေးမှူးများ ဖြစ်ကြ၏။ သူတို့ရုံးက ကျနော်တို့ အဖွဲ့ချုပ် ရုံးရှေ့မှ သွားမှသာ ရောက်နိုင်၏။ တခြားရွေးစရာလမ်း မရှိ။ ထို့ကြောင့် သူတို့လည်း မျက်နှာငယ်ငယ်နှင့်ပင် ကျနော်တို့ရုံးရှေ့မှ လျှောက်လာကြ၏။ ရုံးရှေ့ကိုရောက်တော့ သူတို့ လူအုပ်ကို ကျနော်တို့အားလုံး လှမ်းကြည့်နေမိကြသည်။ သူတို့အထဲက လူတချို့ကလည်း ကျနော်တို့ဘက်ကို လှမ်းပြီး အကဲခတ်သလို ကြည့်၏။ အမှန်တကယ်အားဖြင့်မူ သူတို့က ကျနော်တို့၏ အဓိက နိုင်ငံရေးပြိုင်ဘက်များ ဖြစ်သည်ဆိုသော်လည်း ကျဉ်းမြောင်းလှသည့် ကျွဲပွဲမြို့လေးထဲတွင် နေ့စဉ် ထိတွေ့ဆက်ဆံနေကြရသော အသိမိတ်ဆွေများပင် ဖြစ်ခဲ့၏။ ထို့ကြောင့် ကျနော်တို့ကလည်း သူတို့ကို အားနာနေမိသည်။

ထိုစဉ်မှာပင် ဦးခင်မောင်ဝင်းက ရှေ့ကို ခြေတလှမ်းတိုးရပ်ကာ ထိုလူအုပ်ကို လက်ပြ နှုတ်ဆက် လိုက်လေသည်။

“မင်္ဂလာပါ ရဲဘော်တို့”
လမ်းပေါ်က တစည စည်းရုံးရေးမှူးများမှာ ရုတ်တရက် လမ်းသွားရပ်လိုက်ကြ၏။ ကျနော်တို့ဘက်သို့ ပြိုင်တူလိုပင် လှည့်ကြည့်ကြသည်။ ပြီးတော့ ဇာတ်တိုက်ထားသလိုပင် သူတို့အားလုံး ပြန်လည် နှုတ်ဆက် လိုက်ကြလေသည်။

“မင်္ဂလာပါ ဦးခင်မောင်ဝင်း”
ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် ဦးခင်မောင်ဝင်းက လမ်းပေါ်က လူအုပ်ကို ပြန်ကြည့်နေသည်။ ပြီးတော့ အမှတ်မထင် မိုးကောင်းကင်ကို မော့ကြည့်၏။ ထို့နောက် ကျနော့်ဘက်သို့လှည့်ကာ စကားတခွန်း ပြောလိုက်လေသည်။

“မိုးသားတွေ မဲနေပါလား ဆရာရေ။ နိုင်ငံရေး ရာသီဥတုကတော့ တကယ့်ကို မှုံမှိုင်းနေတာပဲဗျနော”

ကျနော်က သူ့ စကားကို သဘောတူကြောင်း ခေါင်းညိမ့်ပြီး ပြလိုက်မိလေသည်။ ။

(ဦးခင်မောင်ဝင်းမှာ အုတ်တွင်းမြို့ အမှတ် (၂) မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက သူ့ကို စစ်အစိုးရက ချဲမှုနဲ့ မတရား အမှုဆင်ပြီး ထောင်ချခဲ့လို့ ထောင်ထဲမှာ ၁ဝ နှစ်နဲ့ ၁၅ ရက်နေပြီးမှ ပြန်လွှတ်ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ သူ့ကို စစ်အစိုးရက ထပ်မံဖမ်းဆီးပြီး နှစ် ၂ဝ ထောင်ဒဏ်ချပြန်ပါတယ်။ အခုဆိုရင် ဦးခင်မောင်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ထောင်ဒဏ်အများဆုံး ချမှတ်ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ အကျဉ်းချခံနေရတဲ့ အဲဒီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးတဲ့ ဆောင်းပါးဖြစ်ပါတယ်။)

http://www.mizzimaburmese.com/edop/songpa/4602-2010-01-18-08-16-43.html