Wednesday, January 20, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၁



army


မြန်မာ့တပ်မတော်အတွင်းမှာ စီမံခန့်ခွဲရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို ဆုံးဖြတ်နိုင်မှု အမြင့်ဆုံးဖြစ်ကာ သက်သာချောင်ချိရေး အပိုင်းမှာလည်း တခြားအဆင့်တွေထက် အခွင့်အရေး ပိုမိုရရှိကြသူများကတော့ တပ်မတော် ပြန်တမ်းဝင် အရာရှိများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ တပ်တွင်းဆက်ဆံရေးနဲ့ သဘော သဘာဝတို့ကို စာဖတ်ပရိသတ်များကို တင်ပြသွားပါမယ်။

အရာရှိအဆင့် ဒုဗိုလ်မှ ဗိုလ်ဖြစ်ဖို့ တနှစ်၊ ဗိုလ်မှ ဗိုလ်ကြီးအထိ သုံးနှစ်လို့ ယေဘုယျ သတ်မှတ်ထားပြီးတော့ အဲဒီအရာရှိ ၃ မျိုးကို “အရာရှိငယ်များ” လို့ သတ်မှတ်ပါတယ်။ Officiating ယာယီတပ်ခွဲမှူး (ဗိုလ်မှူး/ဗိုလ်ကြီး) နဲ့ ဗိုလ်မှူးအဆင့်များကိုတော့ “အရာရှိ အလတ်” ဟု သတ်မှတ်ကာ ဒုဗိုလ်မှူးကြီးနှင့် အထက်အဆင့်ကို “အရာရှိကြီးများ” အဖြစ် သတ်မှတ်ထားပါတယ်။

ရှင်လောင်းကာလလို့ခေါ်တဲ့ (Officiating) ဆိုတာဟာ ပုခုံးပေါ်မှာ အပွင့်မတင်သေးဘဲ တဆင့်မြင့် ရာထူးရဲ့ လစာကို တနှစ်ကြိုတင် ရရှိထားပြီး အထက်အရာရှိက စိတ်ကျေနပ်မှု ရရှိလို့ ထောက်ခံချက် ပေးလိုက်ပါမှ အဲဒီရာထူးရဲ့ အပွင့်တင်ခွင့် ရရှိသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မှူး လစာစားသော (ယာယီတပ်ခွဲမှူး ဗိုလ်မှူး) ဗိုလ်ကြီးဆိုတဲ့ အဆင့်ရှိသလို ဒုဗိုလ်မှူးကြီး (တပ်ရင်းမှူး) လစာစားကာ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အဆင့် ဆိုတာကိုလည်း ထားရှိပါတယ်။ ထိုနည်းတူ ဗျူဟာမှူး ဗိုလ်မှူးကြီး လစာစားသော ယာယီဗျူဟာမှူး ဒုဗိုလ်မှူးကြီးအဆင့် ဆိုတာလည်း ရှိပါတယ်။ တပ်မမှူးနှင့် အထက်အရာရှိကြီးများကိုတော့ လစာကြိုတင်ပေးကာ အပွင့်မတင်ခိုင်းသေးပေမယ့် အခေါ်အဝေါ်ကိုတော့ ယာယီစကားလုံး ဖြုတ်လိုက်ပြီးတော့ တပ်မမှူး၊ တိုင်းမှူး စသဖြင့်သာ ခေါ်ဝေါ်ကြပါတယ်။

တပ်စုမှူး၊ တပ်ခွဲမှူး ရာထူးတွေကို ထမ်းဆောင်ရတဲ့ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိ အရာရှိများဟာ သူတို့အချင်းချင်း ညီရင်းအကိုလို ညီလေး၊ အကိုကြီး စသဖြင့် တင်စား ခေါ်ဝေါ်ကာ ဆက်ဆံကြပါတယ်။ ဒုတပ်ရင်းမှူးကို “အဘလေး” လို့ ခေါ်စေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးနဲ့ တပ်မမှူးတွေကိုတော့ “အဘ” လို့ ခေါ်ကြရပါတယ်။ တိုင်းမှူးနဲ့ အထက်ကိုတော့ “အဘကြီး” လို့ ခေါ်ကြရပါတယ်။ ဘယ်ခေတ်ကာလကမှ ထုံးစံမဟုတ်တဲ့ “အဘ” ဆိုတဲ့ စကားလုံးကို စစ်အာဏာရှင်တွေက ရိုက်သွင်းထားတာ ဖြစ်ပါတယ်။

ကျောင်းဆင်းစ ဒုဗိုလ်များကိုကြည့်ရင် ပုခုံးအစွန်မှာ တင်ထားတဲ့ ကြယ်ပွင့်တပွင့်ကို ပြုတ်ကျသွားမှာ စိုးလို့လား၊ မမြင်ရမှာ စိုးလို့လား မသိရဘဲ စိုးရိမ်ထိတ်လန့် သောက မကြာခဏ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒုဗိုလ်ဟာ တပ်စုတပ်ကြပ်ကြီးအပေါ် အလွန်အကျွံ အမိန့်ပေး ခိုင်းစေတာမျိုး လုပ်လာရင် ရဲဘော်များက ထိုအရာရှိကို “ဒီပုဂ္ဂိုလ် စစ်တိုက်တတ်တာ ဟုတ်မဟုတ် စစ်မြေပြင်မှာ ကြည့်ကြသေးတာပေါ့” ဟု ကွယ်ရာတွင် မကျေမနပ် တီးတိုး ဆိုတတ်ကြပါတယ်။

ရှေ့တန်းထွက်တဲ့အခါ ဆရာ၊ ဆရာကြီးများဟာ ကျောင်းဆင်းစ ဒုဗိုလ်များကို စမ်းသပ်ကြည့်တတ်ပါတယ်။ စစ်ကြောင်း စထွက်ရင် အသင့်အနေအထားဖြင့် ရန်သူကို လမ်းကြောင်းရှင်းတဲ့ စစ်သုံးဝေါဟာရ အခေါ် “ပွိုင့်” ကို ဒုဗိုလ်များက ကိုင်တွယ်ပုံကို ဦးစွာရှင်းပြပါ့မယ့်။ “ပွိုင့်” စထွက်တာနဲ့ တပ်စုရုံးမှာ ဆရာကြီးတွေဟာ နောက်နားမှာ မသိမသာ ချန်ရစ်နေခဲ့တတ်တာမို့ ဒုဗိုလ်တွေခမျာ ရှေ့ပြေးတပ်စိတ်ကို ကွပ်ကဲရာမှာ စာတွေ့ သင်ခန်းစာနဲ့ လက်တွေ့မြေပြင် ဆက်စပ်နိုင်ဖို့ ဇောချွေးပြန်ကာ လမ်းကြောင်းကို မရှင်းတတ်တော့ဘဲ “ပွိုင့်” မှာ ဒုက္ခရောက်ကြရပါတယ်။

ရှေ့တန်းမှာ ရန်သူနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်မိကြတဲ့အခါ ကျောင်းဆင်းစ ဒုဗိုလ်တချို့ဟာ နှာခေါင်းထယ်ထိုးကာ ကြောက်လန့်တကြား ဂယောင်ချောက်ချား ဖြစ်နေပြီဆိုပါရင် အဆိုပါ ဒုဗိုလ်လေးကို လက်အောက်ငယ်သားများက ကွယ်ရာတွင်တမျိုး ရှေ့တွင်တဖုံ ပမာမခန့် လုပ်လာတတ်တာမျိုးလည်း ရှိပါတယ်။ တကယ်လို့ ဒုဗိုလ်လေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရန်သူကို ရင်ဆိုင်ပြပြီး မိမိကိုင်တဲ့ တပ်စိတ်များကို ပစ်အားနဲ့ ရွေ့လျားမှု ဟန်ချက်ညီအောင် စနစ်တကျ ကွပ်ကဲကာ မိမိရဲ့အမိန့်ပေးသံ မာမာထန်ထန် ပေးလိုက်ပါက ရဲဘော်များရဲ့ အသိအမှတ်ပြု လေးစားမှုကို ခံယူသွားရပါတယ်။

အဓိကကတော့ ဒုဗိုလ်လေးအနေနဲ့ ဆက်ဆံရေးအပိုင်းမှာ ရဲဘော်များကို စကားပြောရာတွင် နာမည်အစား “ဟေ့ကောင်၊ မင်းနဲ့ ငါ ” လို့ သုံးနှုန်း ခေါ်ဝေါ်တတ်သလို ဆရာကြီးတွေကို အားကျကာ ရဲဘော်တွေကို ဆဲဆိုမှု ပြုလုပ်လာတဲ့အခါမှာတော့ အောက်ခြေ စစ်သည်များနဲ့ ဒုဗိုလ်တို့ရဲ့ ဆက်ဆံရေးဟာ တင်းမာမှု ပြင်းထန်လာတတ်တာမျိုး တွေ့ရပါတယ်။

အဆိုးဆုံးကတော့ အရာရှိငယ်တွေဟာ တပ်စိတ်မှူးဆရာများရဲ့ လုပ်ပိုင်ခွင့်ကို စွက်ဖက်ပြီး လမ်းကင်း၊ ရေကင်း၊ ရထားလမ်း လုံခြုံရေးကင်း စတဲ့ ကင်းချခြင်း၊ ကင်းဇယားရေးဆွဲခြင်း၊ ရိက္ခာခွဲဝေရာမှာ တပ်စုရုံးအတွက် စကေးပိုဖြတ်ခြင်း၊ သက်သာပစ္စည်းများကို လိုအပ်တာထက် ပိုယူခြင်း၊ ရိက္ခာစိုငွေများကို တပ်စိတ်မှူးများကတဆင့် မပေးဘဲ ရဲဘော်များကို တိုက်ရိုက်ပေးခြင်း၊ နောက်တန်းတွင် လူပျိုဘားတိုက်ရှိ မိမိတပ်စုမှ ရဲဘော်များကို အလုပ်မရှိ အလုပ်ရှာ ဆရာများ မသိလိုက်ရဘဲ ကိုယ်ရေးကိုယ်တာခိုင်းခြင်း၊ တာဝန်ပေးအပ်မှု အပိုင်းတွင်လည်း ဆရာများမှတဆင့် မသွားဘဲ တိုက်ရိုက်ခိုင်းခြင်း၊ စစ်သည်တွေရဲ့ တပ်ပြင်ထွက်ခွင့်နှင့် ကိုယ်ရေးကိုယ်တာများကို ဝင်ရောက်ထိန်းချုပ်ခြင်း၊ လုပ်အားပေးခိုင်းစေရာတွင် အရာရှိဆိုတဲ့ မာန်ဖြင့် အချိန်ဆိုင်းအလိုက် အနားမပေးဘဲ ဆက်တိုက်ခိုင်းခြင်း စတဲ့ အပိုင်းများကို အသေးစိတ် ဝင်ရောက်စွက်ဖက်မှုမှ ပြဿနာများ မကြာခဏ ကြီးထွားလာတတ်တာ တွေ့ရခြင်း ဖြစ်ပါတယ်။

တပ်ရင်းများမှာ ဖွဲ့စည်းပုံအင်အားနည်းနေလို့ အရာရှိအများစုဟာ လုပ်သက်မရင့်ဘဲ ဗိုလ်အဆင့်ဖြင့် တပ်စုမှူးမှ တပ်ခွဲမှူးရာထူးသို့ တစ်ဆင့်မြင့်ရာထူးအား ကိုင်ရတဲ့ အခြေအနေမျိုးတွင် အခက်အခဲများနဲ့ ပိုမို ရင်ဆိုင်ရပါတယ်။
http://www.mizzimaburmese.com/edop/songpa/4626-2010-01-20-11-37-48.html