Thursday, January 21, 2010

“ ရပ့့်  ကြည့့်  သွား ”


“ ရပ့့်  ကြည့့်  သွား ”

အခြေအနေအရ မျိုသိပ်ထားရပေမယ့််

တိုက်ဆိုင်မှုတွေရှိလာတဲ့အခါမှာ

ပွင့်အန်ထွက်ကျလာတတ်တာဟာ

လောကီသားတွေရဲ့

သဘာဝတခုဆိုတာ ငြင်းလို့မရပါ့  ။

လူ့ဘောင်ကောင်းကျိုးကို

တတ်စွမ်းသလောက်သယ်ပိုးချင်ပေမယ့်

သာမန်အညတရ လူသားတယောက်ရဲ့

အတွေးအခေါ်အသိအမြင်တွေကို

လောကီသားတွေက

ဥပေက္ခာပြုထားကြလေမလား

ပညာရှိတွေကြားမှာ

မျက်နှာငယ်လှပေမယ့်

ခရီးဆုံးထိရောက်အောင်တော့

ရပ့့်  ကြည့့်  သွား ဆိုတဲ့

ကိုယ်ပိုင်အသိတရားနဲ့ယှဉ်လို့

ပန်းတိုင်ရောက်အောင်သွားရမှာပဲ့  ။

အပြောင်းအလဲများတဲ့လောက

အရာဝတ္တုတိုင်းမှာ

အားကောင်းချက်နဲ့ အားနည်းချက်ဆိုပြီး

ဘက်နှစ်ဖက်စီရှိကြလို့

ရေရှည်အမြဲအေးဆေးတည်ငြိမ်တဲ့ ခရီးပန်းတိုင်ရောက်ဖို့

ရပ့့်  ကြည့့်  သွား ဆိုတဲ့

ကိုယ်ပိုင်အသိတရားနဲ့

ခရီးဆုံးထိရောက်အောင်သွားကြစို့  ။

ကျွန်ုပ်တို့နေထိုင်တဲ့ ဟောဒီလောကကြီးထဲမှာတော့

အတ္တကြီးလွန်းကြတဲ့ မသမာသူတချို့နဲ့

တချို့  တချို့သောသူတွေက

မာယာပရိယာယ်တွေများကာ

မသမာတဲ့မလိမ့်တပတ်ဥာဏ်တွေကိုသုံးလို့

သူတို့အမြဲနိုင်အောင်ခရီးဆက်နေတော့

အနိုင်ယူခြင်းနဲ့ရှုံးနေကြသူတွေကို

အရှုံးဖက်ကချည်းပဲ အမြဲမဖြစ်နေရအောင်

ရပ့့်  ကြည့့်  သွား နည်းကိုသုံးကာ

လမ်းတွေဆုံးအောင်ခရီးဆက်ရမှာပဲ့  ။

အခုတလောကြားထားတဲ့သတင်းတခုက

ဗိုလ်ချုပ်မှုးကြီးရဲ့ကတော်

ဒေါ်ကြိုင်ကြိုင်ရဲ့ ယတြာဗေဒင်အရ

၁၀.၁၀.၁၀ ရက်နေ့မှာ

သန်းရွှေနဲ့မောင်အေး သူတို့မျက်နှာတွေပြကာ

အကြောက်တရားတွေနဲ့ရေးစေခဲ့တဲ့

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ

အမြဲတမ်းစစ်ကျွန်ဖြစ်စေရေးလမ်းစဉ်အတိုင်း

ရွေးကောက်ပွဲတခုကို ကျင်းပတော့မယ်ဆိုတော့

လွတ်လပ်မှုကိုလိုလားကြတဲ့လူသားတို့

စစ်ကျွန်အမြဲမဖြစ်စေဖို့အတွက်

ရပ့့်  ကြည့့်  သွား နည်းကိုသုံးကာ

မဲသွားမပေးပဲ ဥပေက္ခာပြုထားလိုက်ကြရင်

စစ်အစိုးရလုပ်ရပ်ဟာ

သူတို့ထင်သလောက်ခရီးမပေါက်တော့

ရွှေမြန်မာပြည်သူတွေရဲ့

မျှတစွာနဲ့အနိုင်ရလိုက်တဲ့

အောင်ပွဲလေးတခုဖြစ်လာမှာပေါ့ 


ဇာနည်မောင်

ဇန်န၀ါရီ ၂၀၁၀




21,20 Jan ဒိုင်ယာရီ

http://ifile.it/hbn7koj
21 Jan 2010 Yeyintnge's Diary

ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိ


ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိ

21 January 2010

မြန်မာစစ်အစိုးရက ဒီနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောဆိုနေပေမဲ့လည်း တိုင်းပြည်တွင်းက အခြေအနေတွေဟာ ဆိုးရွားနေဆဲ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တနှစ်အတွင်း ပိုလို့သာ ကျဆင်းနေခဲ့တဲ့အကြောင်း နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ Human Rights Watch က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၀ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့တဲ့အကြောင်း ဖော်ပြလိုက်တာပါ။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဖွဲ့စည်းခွင့် စတာတွေ အပါအ၀င် အခြေခံ ရပိုင်ခွင့်တွေကို မြန်မာပြည်သူတွေ မရနိုင်အောင် စစ်အစိုးရက စနစ်တကျနဲ့ လုပ်ဆောင်နေသလို အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြလိုက်တာပါ။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ရဲ့ အာရှဌာန အမှုဆောင် ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် (Brad Adams) က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိ ဖြစ်နေရတာကို ပြောတဲ့နေရာမှာတော့…

“မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်သလို အစိုးရကလည်း ဝေဖန်သူတွေ၊ အတိုက်အခံတွေကို ထောင်ထဲထည့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေ၊ ဝေဖန်ကြသူတွေကိုလည်း နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အပေါ်မှာလည်း အကြမ်းပတမ်းနည်းတွေ သုံးနေဆဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စည်းရုံးခွင့်လို အခြေခံ အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ရရှိဖို့ နိုင်ငံတကာက တောင်းဆိုနေတာတွေကိုလည်း လျစ်လျူရှုခဲ့တာပါ။”

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၁၀၀ ကျော်တို့ဟာ ဖမ်းဆီးချုပ်နှောင် ခံနေကြရဆဲ ဖြစ်တယ်၊ သူတို့ကို နိုင်ငံရေးနဲ့ ဆက်စပ် ဖမ်းဆီးထားတာ ဖြစ်သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ဆက်လက် ချမှတ်လိုက်တာဟာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးချင်တဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်တဲ့အကြောင်း ဖော်ပြခဲ့တာပါ။

စစ်အစိုးရက ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးပါမယ်လို့ ဆိုနေပေမဲ့ ဒီလို လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ မရှိသေးတဲ့ အကြောင်းကိုလည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေအတွက် လုံးဝ ပြောင်းလဲမှုတွေ လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက စီမံခန့်ခွဲနေတာတွေကို ၁၀၀ % ပြောင်းလဲရမှာပါ။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိဖို့လိုပါတယ်။ တဖွဲ့နဲ့တဖွဲ့ကြား လွတ်လပ်စွာ ဆွေးနွေး ပြောဆိုနိုင်မယ့် အခြေအနေတွေ ရှိရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

“ဒီလိုပဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး ရှိရမှာ ဖြစ်သလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကိုလည်း နိုင်ငံတွင်း ၀င်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ချက်တွေ အများအပြားရှိပေမဲ့ ဒါတွေ တခုမှတော့ မရှိသေးပါဘူး။ ဒါကြောင့်လည်း သူတို့အနေနဲ့ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုပေမဲ့ တကယ်တမ်းမှာ ဒီလို အဓိပ္ပာယ် မဆောင်ပါဘူး။”

မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ မကြာသေးခင်က အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာပါလို့ ပြောဆိုခဲ့တာပါ။ Human Rights Watch လို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေကြတဲ့ အဖွဲ့အစည်းတွေကတော့ ဒီလို ပြောဆိုမှုတွေအပေါ် လက်မခံနိုင်ကြဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ ရွေးကောက်ပွဲလို့တောင် ခေါ်မှာ မဟုတ်ပါဘူး။ ဒါကို ရွေးကောက်ပွဲလို့လည်း ကျနော်တို့ ခေါ်ဖို့ မသင့်ပါဘူး။ ခေါ်သင့်တာကတော့ စစ်အစိုးရက အသွင်ပြောင်းဖို့ လုပ်တဲ့ လုပ်ရပ်အဖြစ်သာ ခေါ်သင့်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) ရဲ့ အာရှဌာန အမှုဆောင် ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့ နေ့ရက် အတိအကျကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒီလထဲ အာရှခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီလို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစအရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

http://www.voanews.com/burmese/2010-01-21-voa5.cfm


မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမေရိကန် အားမရမှု NLD ထောက်ခံ

20 January 2010

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာစစ်အစိုးရအပေါ်မှာ စိတ်မရှည်နိုင်ဘဲ ပြောဆိုရတာဟာ မြန်မာပြည်က တိုးတက်မှုမရှိတဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရောင်ပြန်ဟပ်နေတာမို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း အလားတူ သဘောထားအမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရက မြန်မာပြည်တွင်းမှာ နိုင်ငံရေးအရ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးတဲ့အပေါ် NLD အနေနဲ့ အားမလို အားမရ ဖြစ်မိတယ်၊ ဒါကြောင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မနေ့က အခုလို ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆိုတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောဆိုပါတယ်။

“ကျနော်တို့ လုပ်ငန်းဆိုတာ သိပ်ပြီးတော့ အဆင်ပြေတာကို ပေါ်ရမယ်လို့ မဆိုလိုဘူး။ သို့သော် တိုးတက်မှု (Development) ရှိရမယ်ဗျ။ Development ကို လုံးဝမတွေ့ဘဲနဲ့ ဒီလို အချိန်ကြာနေတာကတော့ ကျနော်တို့လည်း အားမလို အားမရ ဖြစ်နေတာပေါ့ဗျာ။ ဒါကြောင့် အမေရိကန်ရဲ့ အခု ပြောကြားချက်က လက်ခံထိုက်တဲ့ ပြောကြားချက်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။”

တကယ်လို့ စစ်အစိုးရဘက် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခဲ့ရင် အမေရိကန်အနေနဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို သိချင်တယ်လို့လည်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ ဒီအတိုင်းချည်းပဲ သွားနေခဲ့မယ်ဆိုရင် ဘယ်လိုသဘောထားမလဲ ဆိုတာကို ပြောသင့်တယ် ထင်ပါတယ်။ ဒါတော့ သူတို့လည်း စဉ်းစားမှာပေါ့လေ။ ပြောသင့် ပြောထိုက်တဲ့ အချိန်ဆိုတာကတော့ သူတို့ ဆုံးဖြတ်ရမှာပေါ့။”

စစ်အစိုးရက ဒီ ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့သာ ပြောဆိုနေပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမယ်ဆိုတာ အခုချိန်ထိ မထုတ်ပြန်သေးသလို ပါတီတွေ ဖွဲ့စည်းခွင့်၊ မဲဆွယ် စည်းရုံးခွင့်တွေလည်း မရှိသေးတာကြောင့် ဒီအခြေအနေမျိုးနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင် တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခု နှစ်မျိုး ကျနော်ပြောချင်ပါတယ်။ တမျိုးက အခုချိန်ထိ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက် ဘာမှမရှိဘူး။ ၂၀၁၀ လုပ်မယ်လို့သာ ပြောတယ်။ အခု ဇန်န၀ါရီ ကုန်တော့မယ်။ အဲဒီတော့ အရင် တွေ့ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပြောရရင် ၉၀ ရွေးကောက်ပွဲက ၁၃ လ ကြာပါတယ်၊ ကြေညာချက် ထွက်ပြီးတော့။ ၁၃ လအကြာမှာ ကျင်းပတယ်။ အခု အချိန်မရှိတော့တဲ့အခါ၊ အဲဒီလောက်ကို မရှိတဲ့အတွက် Free and Fair ဖြစ်ဖို့ အတော်ခဲယဉ်းနေပြီလို့ ကျနော် ထင်ပါတယ်။

“နောက်တခုက အခုအချိန်ထိ ဘယ်ပါတီ၊ အဖွဲ့အစည်းမှ ရွေးကောက်ပွဲဆိုင်ရာ ကမ်ပိန်း (Campaign)၊ စည်းရုံးလှုပ်ရှားခွင့် မရှိဘူး။ ဒီလို မရှိတဲ့ အခြေအနေမှာ ၂၀၁၀ ထဲမှာသာ လုပ်မယ်ဆိုရင် Free and Fair ဖြစ်ဖို့ အချိန်လုံလောက်မှု မရှိတော့ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဒီလိုလုပ်မယ်၊ အချိန်နည်းနည်းပဲ ရှိမယ်ဆိုရင်တော့ Free and Fair မဖြစ်သလို Credibility တန်ဖိုးလည်း သိပ်ရှိမှာ မဟုတ်ဘူးလို့ပဲ ကျနော် မြင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကတော့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ အခုလို ပြောဆိုချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာက မြန်မာနိုင်ငံမှာ အထူးသဖြင့် အပြောင်းအလဲတွေ ဖြစ်ဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီအစိုးရနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံးတွေ့အောင် အမေရိကန် ကိုယ်စားလှယ်တွေက နောက်ထပ် တွေ့ရှိချက်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ တိုးတက်လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျနော်တို့က စောင့်ကြည့်နေတဲ့သဘော ရှိတယ်။

“ဒီနေရာမှာ တခုပြောချင်တာက မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ အချိန် သိပ်အများကြီး ပေးနေလို့တော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အတိုင်းအတာ တခုအထိတော့ သူတို့ ကြိုးပမ်းဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

တဆက်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံချင်တယ်လို့ တောင်းဆိုထားတာကို လိုက်လျောပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ လိုအပ်တယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

“လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို နအဖဘက်ကလည်း လုပ်ဖို့လိုမယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်မှာ အကျိုးရှိမယ့် လုပ်ငန်းတွေကို လက်တွဲ ဆောင်ရွက်ချင်တယ်၊ ဒါတွေအတွက် တွေ့ချင်တယ်လို့ တောင်းထားတဲ့ အပေါ်မှာရော၊ အမေရိကန်နိုင်ငံရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာရော အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် အမြန်ဆုံးနည်းနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်၊ နောက်တဆင့် တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ရွေးကောက်ပွဲ မလုပ်မီ အမြန်ဆုံး တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ လိုမယ်လို့ မြင်ပါတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရက မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှုတွေ မလုပ်ဆောင်သေးတဲ့အပေါ် အမေရိကန်ဘက်က စိတ်မရှည်တော့ဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင် တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/2010-01-20-voa6.cfm



မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည် မဟုတ်

20 January 2010

အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပေမဲ့ အကန့်အသတ်မရှိ သည်းခံနေမှာ မဟုတ်ဘူးလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောကြားလိုက်ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးရုံး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာ့တ် ကမ်းဘဲလ်က အဲဒီလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ပထမဦးဆုံး ပြောချင်တာက ကျနော်တို့ဟာ မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် အပြန်အလှန် ဆက်သွယ်မှုတချို့ ရှိခဲ့ပါတယ်။ မကြာခင် နောက်ဆက်တွဲ ဆွေးနွေးပြောဆိုမှု တချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုအခြေအနေမှာတော့ တွေ့ရတဲ့ အချက်တွေက နည်းနည်း ရောထွေးနေပါတယ်။ ကျနော်တို့က သေသေချာချာ စောင့်ကြည့်နေတာပါ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရဘက်က အဆင့်မြင့် ဆက်သွယ်မှုတချို့ တွေ့ရပါတယ်။ တခြား ဖြစ်ထွန်းတိုးတက်မှု တချို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ စိုးရိမ်စရာတချို့ တွေ့ရပြန်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေနဲ့ ပဋိပက္ခတွေ ဆက်လက် ဖြစ်နေဆဲပါ။ တရားစွဲဆို ထောင်ချတဲ့ ကိစ္စမျိုးတွေလည်း ရှိနေပါတယ်။ အမေရိကန် နိုင်ငံသားတယောက်တောင် ဒီလို ရုံးတင် တရားစွဲဆို ခံနေရတဲ့ အထဲမှာ ပါဝင်နေပါတယ်။

“လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အခြေအနေ သဲသဲကွဲကွဲ ဖြစ်လာဖို့ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကျနော်တို့ အဖွဲ့တဖွဲ့လုံးက မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ ပြဿနာကို ပြန်လည်သုံးသပ်ပြီး မူဝါဒ အသစ်တရပ်အဖြစ် ဦးစားပေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှု အသစ်တွေ ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်ထားပါတယ်။

“ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမဲ့ ကျနော်တို့အဖို့ ဒါဟာ အဆုံးမရှိသော စိတ်ရှည်သည်းခံမှုမျိုး မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ တွေ့မြင်ဖို့ လိုကို လိုအပ်ပါတယ်။”

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာစစ်အစိုးရ ၀န်ကြီးတချို့နဲ့ အမေရိကန်မှာ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာပိုင်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့သူလည်း ဖြစ်ပါတယ်။

http://www.voanews.com/burmese/2010-01-20-voa1.cfm

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၂

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၂



ကျောင်းဆင်းစ အရာရှိပေါက်စနဲ့ ဆရာ၊ ဆရာကြီးတွေရဲ့ ဆက်ဆံရေးများကို ဆက်လက်တင်ပြပါဦးမယ်။ တပ်ကြပ်ကြီးဖြစ်သူက ငှက်ဖျားရောဂါ ကာကွယ်လိုလို့ဖြစ်စေ၊ ကြိုက်လို့ဖြစ်စေ၊ တပ်မတော်အရက် (Army Rum) သောက်သုံးနေပါရင်လည်း အရာရှိပေါက်စက တားဆီးနေတာမျိုး၊ မိမိကိုယ်တိုင်လည်း အရက်သောက်ပြီး မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေတာမျိုးတွေကြောင့် ပြဿနာရှိတတ်ပါတယ်။ အဲဒီအခါ ဆရာကြီးက အရက်သောက်နေချိန်မှာတောင် တိုက်ပွဲ ၁ဝဝ အချိန်မရွေး ထတိုက်လို့ ရပါတယ်လို့ ရိသဲ့သဲ့ ပြောတာကို အရာရှိပေါက်စ ခံရပါတယ်။ အရာရှိပေါက်စက စည်းကမ်းများကို မလိုလားအပ်ဘဲ တင်းကျပ်တာမျိုး၊ စည်းကမ်းတကယ်ဖောက်လို့ ဆရာ၊ ဆရာကြီးများက ရဲဘော်များကို အရေးယူ ဆုံးမတာကို ဝင်ရောက်စွက်ဖက်တာမျိုး စတဲ့ ပဋိပက္ခများ ဖြစ်ပွားတတ်ပါတယ်။

ဆရာကြီးဖြစ်သူရဲ့ စစ်ဘက်အတွေ့အကြုံ ရင့်ကျက်မှုအရ စစ်ကစားခိုင်းတာကို အရာရှိပေါက်စက လူတတ်ကြီးလုပ်ပြီး ဆန့်ကျင်နေတာမျိုး ရှိပါတယ်။ ရန်သူနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ဆရာကြီးများက မိမိတပ်စုကို ရန်သူရဲ့ သတ်ကွင်းအတွင်း မရောက်ရှိစေရေးအတွက် တောင်ပံများ ဖြန့်ကားခြင်း၊ တပ်စိတ်များကို ရန်သူ့နောက်ကျော ပတ်ခိုင်းခြင်း၊ အကူပစ်လက်နက်ကြီးများကို ဆွဲထုတ်၍ ကာပစ် ပစ်ခြင်း၊ စတာမျိုးတွေ စစ်ကစားခိုင်းရာမှာ အရာရှိနဲ့ ပြဿနာ တွေ့ရတတ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်း ခရီးတထောက်နားလို့ အထက်ဌာနကို “စက်” ဆက်သွယ်မှု ယူနေချိန်မှာဖြစ်စေ၊ စစ်သုံးအခေါ် “စားချက်” ခေါ်တဲ့ နေ့လည်စာ၊ ညနေစာလိုမျိုး အချိန်ကြာမြင့်စွာ ယူရသည့် အခြေအနေမျိုး စစ်ကြောင်း ခဏနားနေချိန်မှာဖြစ်စေ၊ နှစ်ယောက်တွဲ ကင်းကို ဆရာကြီးများက ကင်းရှည် ခပ်ဝေးဝေး ထုတ်ခိုင်းချိန်မှာ အရာရှိများက ရဲဘော်တွေကို အမှတ်ယူလိုတဲ့ သဘောနဲ့ မလိုပါဘူး ဆရာကြီး၊ သူတို့ အုပ်ချုပ်မှု (စားသောက်ရေး၊ အနားယူရေး) အဆင်ပြေဖို့ ကင်းကို ကပ် ထုတ်ပါလို့ ဝင်ပြီး ကွန့်တတ်ပါတယ်။ အဲဒီအခါ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာကြီးတွေက စားချက်လိုမျိုးမှာ အသံဗလံများ ဆူညံနေတာကြောင့် ရန်သူ အဝေးမှပင် ကြားနိုင်သဖြင့် အရာရှိ ပြောစကားကို နားမထောင်ဘဲ ဇွတ်လုပ်တတ်လို့ အရာရှိနဲ့ ဆရာကြီး ထိပ်တိုက်တွေ့ကာ ဆက်ဆံရေး တင်းမာနေတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် တချို့ရှေ့တန်းမှာ နောက်ကျည်ဆံဟာ ရှေ့ကျည်ဆံထက် ကြောက်စရာ ကောင်းတယ်လို့ ပြောစမှတ်ပြုကြရပြီး မကျေနပ်ချက် ကြီးမားလာပါက တိုက်ပွဲမှာ သေနတ်ဖြင့် အရာရှိနောက်ကျောကို မသိမသာ ပစ်ထည့်လိုက်တာမျိုးနဲ့ အချင်းချင်း လုပ်ကြံခံရတဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ တပ်ခွဲရုံးမှာရှိတဲ့ တပ်ခွဲတပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်တွေကို အရာရှိငယ်များက တန်ဖိုးထား လေးစားရကောင်းမှန်း မသိရင် ကွယ်ရာမှာ ရဲဘော်များရဲ့ ဝေဖန်မှု ခံရလေ့ရှိပါတယ်။ တခါတရံ တပ်ခွဲမှူးက တပ်စုမှူးနဲ့ ဆရာများရဲ့ ကြီးမားလာတဲ့ ဆက်ဆံရေးတင်းမာမှု ပြဿနာကို ဝင်ရောက်ဖျန်ဖြေပေးမှသာ သက်သာမှု ရရှိကြရပါတယ်။

တပ်ခွဲမှူးက တချို့ ကျောင်းဆင်းအရာရှိ ပေါက်စများကို တပ်စုများသို့ မဆင်းစေဘဲ တပ်ခွဲရုံးသို့ တွဲဖက်ခေါ်ထားပြီးမှ အခြေအနေကြည့်ကာ တပ်စုသို့ ဆင်းခိုင်းစေပါတယ်။ နောက်ပိုင်းမှာ လိုအပ်ချက်အရ ကျောင်းဆင်းစ အရာရှိငယ်များကို တပ်ရင်း၊ တပ်ခွဲတွင် တွဲဖက်မခေါ်နိုင်တော့ဘဲ တပ်စုရုံးသို့ တိုက်ရိုက် တာဝန်ပေးရလို့ ဝင်ဝင်ချင်း ဆောက်နဲ့ ထွင်းရတဲ့ အဖြစ်မျိုးတွေ ကြုံရပါတယ်။

တပ်စုရုံးမှာ ရှိနေတဲ့ အကူရဲဘော်များရဲ့ ကြံရည်ဖန်ရည်အပေါ် မူတည်ပြီး တပ်စုရုံးတွင် ဟင်းကောင်း စားရပေမယ့် တချို့ရဲဘော်များမှာ ရှာဖွေမှုညံ့ဖျင်းကာ ဟင်းမချက် တတ်မှုကြောင့် အရာရှိပေါက်စများမှာ မတင်းတိမ်နိုင်ဘဲ နိုင်ထက်စီးနင်း လုပ်တတ်ကြပါတယ်။ အဲဒါကတော့ တပ်ခွဲရုံးရှိ လုပ်သက်ရင့် ဆရာ၊ ဆရာကြီးများရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ဟင်းကောင်းကောင်း စိုပြေနေမှုကို အားကျပြီးတော့ အသားပေါ်ရင် ခွဲတမ်းကို ပိုတောင်းတတ်တာမျိုးနဲ့ အမျိုးမျိုး ဂျီကျတတ်တာမျိုးတွေကြောင့် ဆရာတွေ စိတ်ညစ်ရတာမျိုးလည်း တွေ့ရပါတယ်။

တပ်စုမှူးအချို့ဟာ ကျောပိုးအိတ် မလွယ်ချင်ကြလို့ ဝန်ထမ်းပေါ်တာ ရှားပါးချိန်တွင် တပ်ခွဲရုံးသို့ မကြာခဏ ကျောပိုးအိတ် ပို့ခိုင်းလေ့ရှိရာ တပ်ခွဲရုံးရှိ ဆရာများနှင့် တပ်စုရုံးရှိ အကူရဲဘော်ဟာ မကြာခဏ စကားများရပါတယ်။ အမှန်မှာ တပ်စုမှူးတဦးဟာ ကျောပိုးအိတ်ကို မိမိဘာသာ ရှေ့တန်းသို့ထမ်းပြီး သွားပြခြင်းဖြင့် ရဲဘော်များရဲ့ တိတ်တခိုး လေးစားမှုကို ခံယူနိုင်ရပါမယ်။ တကယ်တော့ ရဲဘော်တွေရဲ့ သည်းခြေကြိုက် ဆေးလိပ်နဲ့ အရက်၊ အသီးအရွက်တွေကို အရာရှိငယ်များက အလေးထား ဖြည့်ဆည်းပေးလိုက်ရုံနဲ့ တဦးနဲ့တဦး ချစ်ခင်မှု ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်တပိုင်းအနေနဲ့ အရာရှိငယ်များဟာ လေ့ကျင့်ရေးကျောင်းများမှာ ဆရာ၊ ရဲဘော်များရဲ့ လေ့ကျင့်သား မပြည့်ဝတာကို သိရှိထားပြီးဖြစ်ပါတယ်။ ဆရာ၊ ဆရာကြီးတွေက အရာရှိတွေကို အသက်ငယ်မှုကို ထောက်ကာ၊ လေးစားမှုသမှု ရှိသင့်တာထက် လျော့နည်းကာ ခြေရာတိုင်းပြီး စကားပြောတာကို လက်မခံနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ တိုက်ပွဲများ နည်းပါးသွားလို့ အတူတကွလက်တွဲ တိုက်ပွဲဝင်မှု နည်းပါးလာသောကြောင့် ရဲဘော်ရဲဘက်စိတ် မရှိကြတော့ဘဲ စကားအချေအတင် များလာရင် နားလည်ပေးမှု၊ အလျော့ပေးမှုများ နည်းပါးလာခြင်း၊ အချို့ရဲဘော်များမှာ တပ်သစ်များ ဆက်တိုက်တိုးချဲ့မှုကြောင့် သတ်မှတ်လုပ်သက် မပြည့်မီ ဆရာများ ဖြစ်ကုန်ကြလို့ အရာရှိများက အထင်မကြီးတော့ခြင်း စတာတွေကြောင့် အချင်းချင်း ယုံကြည်လေးစားခြင်းများ မရှိကြတာတွေကို တွေ့ရှိရပါတယ်။

ရဲဘော်တွေကို အပြစ်ရှိပါက ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ မင်နီတားပြီး အရေးယူ အပြစ်ပေး ထောင်ချတာထက် ပိုမိုကောင်းမွန်တယ်လို့ ပြောလို့ရပေမယ့် နောက်ပိုင်းမှာ ရဲဘော်များဟာ ထိုသို့မရတော့ဘဲ နာကျည်းမှု၊ ရန်လုပ်မှုတွေနဲ့ တန်ပြန်လာတာ တွေ့ရပါတယ်။ ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ ရှေ့တန်းမှာ ၎င်းရဲဘော်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်သဖွယ် ဖြစ်နေမှ၊ ပိုင်မှ အရာရှိပေါက်စအနေနဲ့ ပြုလုပ်သင့်ပါတယ်။ ပြစ်မှုတစုံတရာ ကြီးမားတာကိုပင် အရာရှိအနေနဲ့ မသိကျိုးကျွံပြုသင့်ပြီး ဆရာကြီးများရဲ့ ဆုံးမမှုဖြင့် လုံလောက်တာကို သိသင့်ပါတယ်။ ဒီနေ့ခေတ်ရဲ့ တပ်မတော် အောက်ခြေမှာ ဆင်းရဲကျပ်တည်းမှုနဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပေါက်ကွဲတော့မယ့် မိုင်းဗုံးအလား မကျေနပ်မှုတွေက များပြားနေကြတာမို့ တပ်တွင်းဆက်ဆံရေးနဲ့ စည်းလုံးညီညွတ်ရေး ဟာလည်း ယိုင်နဲ့နဲ့သာ ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျား။
http://www.mizzimaburmese.com/edop/songpa/4631-2010-01-21-09-06-41.html



နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ


နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ

ရဲဘော်ဖိုးသံချောင်း

၂၀ ဇန်န၀ါရီ ၂၀၁၀

ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲပြောပြော နအဖနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက ပြဿနာဟာ အဓိကဆုံချက်ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်းအဖြစ်အပျက်တွေက အထင်းသားဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင်ပါတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။ အထူးသဖြင့် ရွေးကောက်ပွဲဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားကကိစ္စဟာ ရှေ့တန်းတက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့နောက်ဆုံးအခြေအနေမှာ ဘောလုံးဟာ နအဖဘက်ရောက်နေတာပါ။ ရွှေဂုံတိုင်ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေရှိနေပါတယ်။ ပြည်သူလူထုကလည်း နအဖဘယ်လိုတုံ့ပြန်မယ်ဆိုတာကို အာရုံစိုက်စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် နအဖဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေမရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှမရှိလေဟန်၊ ပေယျာလကံပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ်ခဲ့တာကို အားလုံးသတိထားလိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှမသိရတဲ့ ရသေ့ရှစ်သောင်းဇာတ်တခုဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြားမီဒီယာတွေထဲမှာပါ ဘယ်သူမှမှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင်ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစားမိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော်အစိုးရ လုပ်တာ တွေအပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေတင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလလက်ထက်တုန်းက နားကြားပြင်းကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဆိုပြီး နေရာတကာမှာလွှင့်နေ၊ ဖွင့်နေတဲ့သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ်ပုံချနေကြတာ တွေ့နေရပြန်ပါပြီ။ သူတို့ပြောပုံတခုက တဖက်ကသံသယရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရဘက်က ဒီသံသယတွေ ပျောက်သွားအောင်လုပ်ဖို့ တာဝန်မရှိဘူးလို့ မျက်စိစုံမှိတ်ငြင်းနေတာဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယရှိနေမှတော့ ငါ့ဘက်ကဘာမှမပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယရှိနေတဲ့လူတွေကို သံသယပျောက်သွားစေဖို့ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့ မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ကိစ္စတွေကတော့ သိပ်ကိုဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ မတင်တော့ပါဘူး။

ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…

အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။

ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန်မဟုတ်ပါဘူး။ အစိုးရနဲ့ အမြင်မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ်မိသူတွေကို ဖမ်းဆီးထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည်နိုင်ငံရေးရဲ့ အကြီးမားဆုံးအမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊ နှိပ်စက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝမလျော်ညီတဲ့ ဘာစတီးအကျဉ်းထောင်လို နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊ စာပေအနုပညာသည် စာရင်းပြုလို့မကုန်၊ ရေတွက်လို့မနိုင်ပါဘူး။

နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေစိစစ်ရေးဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ စာပေစိစစ်ရေးဆိုတာ စစ် အုပ်ချုပ်မှုနဲ့အတူ ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မတိုင်မီတုန်းကတော့ စစ်အာဏာရှင်စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ဌာနဖွင့်ပြီး စာပေအနုပညာနဲ့ မီဒီယာလောကကို အမှောင်ရိပ်ကနေ မပြတ်စောင့်ကြည့်နေခဲ့ပါ တယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့ ထွက်မလာပါဘူး။ မဆလခေတ်ကျတော့မှ ဗြောင်ရှေ့ကိုခုန်ထွက်လာပြီး စာပေစိစစ်ရေးဆိုတာကြီး ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေအနုပညာရှင်တွေအပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လက်သုံးတော်ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ်ပြောင်းတာ ဝါသနာပါပါဘိသနဲ့) ဆက်ရှိနေဦးမယ်ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့်အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။

နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့ ဆွေးမျိုးအသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်းပစ်မှာလား၊ အကာအကွယ်ပေးမှာလား။ အခုကတည်းက အစိုးရပိုင်လုပ်ငန်းတွေထဲက ကောင်းတာတွေကိုရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင်စီးပွားရေးအဆောက်အအုံတွေအောက်ဆွဲထည့်၊ မကောင်းတဲ့လုပ်ငန်းတွေကို ချန်ထားလုပ်နေတာဟာ နောက်တက်မယ့်အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့်အစိုးရကို ငွေစက္ကူစက်ရုံတခုသာ အကောင်းချန်ထားပေးပြီး မင်းတို့ ဒါနဲပဲလုပ်စားကြပေရော့လို့ ပြောနေတဲ့အလားဖြစ်ပါတယ်။

သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့်အချက်ကလေးတခုက အဲဒီရွေးကောက်ပွဲကြီးပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊ ဘယ်ဥပဒေအထဲမှာမှ တရားဝင်မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ်ရမ်းကားနေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို ဆက်ကြောက်နေရဦးမယ်၊ အရွေးခံရတဲ့အမတ်ကတောင် ကြောက်နေရဦးမယ်ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူလယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင်လယ်တွေကို အခမဲ့လုပ်ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ရပ်ဆိုင်းသွားမလား။

နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ဖွဲ့ထားတဲ့အစိုးရတရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူးဆိုတဲ့ အာမခံချက်ရှိပါသလား ဆိုတာပါပဲ။ မရှိဘူးမဟုတ်ပါလား။

ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကိုအပြောင်းအလဲလို့ ပြောမှာလဲ။

သံသယမဟုတ်ဘူး၊ မယုံတာ။

http://www.khitpyaing.org/articles/2010/January/20110.php




ရောသမမွှေသီချင်းဆိုမယ်

“ ရောသမမွှေသီချင်းဆိုမယ် ”

လူ့ဘ၀ဇတ်ခုံပေါ်မှာ့ 

တောနဲ့မြို့နဲ့ကမတူကာ

မြေလတ်ကပါတမူကွဲပြားနေပြန်တော့

အများတကာနားလည်ပြီး

ဆိုတတ်တဲ့နေရာလိုက်ဆိုလို့ရအောင်

ကျုပ့့်  ရောသမမွှေသီချင်းပဲဆိုတော့မယ့့်  ။



ဇာနည်မောင်


ရွှေခမောက်စာစောင်(အမှတ်၁၀၈)

http://ifile.it/hxdvu2pShwekhamauk 108

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၀)”

http://ifile.it/hzgyp5f 1 10 Commentary

KNU နှင့် KNLA အား ထိုင်းမြို့တော်ဝန်နှင့် စစ်ဒေသ(၃)တိုင်းမှူးမှ သတိပေးစာပေးပို့ခြင်း


ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ တာမလာဘောနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ဆီကိုတာ့ခ်ခရိုင် မြို့တော်ဝန်ကနေပြီး KNU ပါတီဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြောင်း ထိုင်းနယ်မြေအတွင်းမှာ KNU အနေနဲ့ မည်သည့် ပြဿနာမျှ ဖြစ်ပွားမှုမရှိစေရန် သတိပြုရမည်ဖြစ်ကြောင်း သတိပေးစာပေးပို့ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ ထို့အပြင် အမှတ်(၃)စစ်ဒေသတိုင်းမှူးမှလည်း KNU ရဲ့မူးယစ်ဆေးဝါးလုပ်ငန်းအတွင်း ပါဝင်ပတ်သက်နေမှု အထောက်အထားများ၊ စာရွက်စာတမ်းများကို ပေးပို့ခဲ့တယ်လို့ ထိုင်းစစ်တပ်နှင့် နီးစပ်သောသူများထံမှ သတင်းရရှိခဲ့ပါတယ်။

အခုလို KNU ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အတွက်ကြောင့် သတိပေးခံရ၊ အထောက်အထားတွေ အပြခံရတာနဲ့ပတ်သက်ပြီး KNU ဥက္ကဋ္ဌ တာမလာဘောကတော့ KNLA စစ်ဦးစီးချုပ် မူတူးဆေးဖို့ရဲ့ ကိစ္စရပ် များသာဖြစ်ကြောင်း၊ KNU အနေနဲ့ ဒီမူးယစ်ဆေးဝါးကိစ္စတွေမှာ ပတ်သက်မှုမရှိကြောင်း လွှဲချခဲ့ ပါတယ်။ KNLA စစ်ဦးစီးချုပ် မူတူးဆေးဖိုးကတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ ဖထီးမြရဲ့သား နယ်ဒါးမြ လုပ်တာပါလို့ ပြောဆိုပါတယ်။

ဖထီးမြရှိတုန်းကတော့ KNU နဲ့ မူးယစ်ဆေးဝါးဟာ ပတ်သက်မှု မရှိကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပေမဲ့ အခုခေါင်းဆောင်တွေ အလှည့်ကျမှ အဖွဲ့အစည်းထဲမှာကိုပဲ ဟိုလူလက်ညိုး ထိုးရ၊ ဒီလူလက်ညိုးထိုးရနဲ့ နောက်ဆုံးကွယ်လွန်သွားရှာတဲ့ ဖထီးမြရဲ့ မျက်နှာကိုမှမထောက် ဖထီးရဲ့သား နယ်ဒါးမြကိုပါ တရားခံအဖြစ် လွှဲချပြောဆိုနေကြပါတယ်။ ဖထီးမြသာ မြင်နိုင် ကြားနိုင်အုံးမယ်ဆိုရင် သူချစ်မြတ်နိုးခဲ့တဲ့ အဖွဲ့အစည်းက သူ့သား နယ်ဒါးမြအပေါ် ဆက်ဆံပုံတွေကြောင့် မျက်ရည်ကျနေမိမှာပါ။


ဖထီးမြရဲ့ရဲဘော်ဟောင်းl

အီးမေးလ်မှပေးလာသည်ကိုဖေါ်ပြပါသည်။ရေးသူ၏အာဘော်သာဖြစ်ပါသည်။



ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၈)






ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၈)

(Choosing Right Path and Real Politics)

ဆောင်းပါးခေါင်းစဉ်က ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး ဖြစ်ပါတယ်။ ဆောင်းပါးတွေက တရုပ်သိုင်းဝတ္ထုတွေလို အစီအရီနှင့် အမှတ်စဉ် (၇)သာ ရောက်သွားပေမဲ့ လက်တွေ့နိုင်ငံရေးနှင့် ကိုက်ညီတဲ့ လိုက်ရမဲ့လမ်း တစ်ခုတစ်လေမှ တိတိကျကျ ရေးချမပြနိုင်သေးလေတော့၊ ကျုပ်ကို ဆေးလိမ်ရောင်းမဲ့ မျက်လှည့်ဆရာကြီးလား၊ လျှောက်ပြန်သံပေးနေတဲ့ လွယ်အိပ်တစ်လုံးနှင့် ယောင်တောင်တောင် ယောဆရာကြီးလား၊ ကိုရီးယားကားဘဲ ရိုက်တော့မလားလို့ ထင်ကောင်း ထင်ကြပေမယ်။

ကျုပ်က အကြားအမြင်လည်း မရ။ ဗိုလ်ချုပ်ကြီးများလို ဗေဒင် ယတြာလည်း မယုံ။ ဘိုးတော်လည်း မကိုး။ နေကြတ်တာကိုလည်း အဓိပ္ပါယ် မကောက်။ အတိတ်စိမ်းလည်း မယူ။ မင်းလောင်းလည်း မမျှော်။ နံလည်း မထောက်။ ကံကိုယုံပြီး ဆူးပုံကို မနင်းတတ်သူပါ။ အ၀င်ရှိမှ အထွက်ရှိပါတယ်။ အသွင်းရှိမှာ အထုတ်ရှိပါတယ်။ အချက်အလက်စုံမှ လုပ်သင့်လုပ်ထိုက်သော ရှေ့လုပ်ငန်းစဉ်ဆိုတာကို သုံးသပ်ချမှတ်နိုင်ပါတယ်။ ကောက်ချက်ဆိုတာ မိုးပေါ်က ကျလာတတ်တာမျိုး မဟုတ်ပါဘူး။ ဒဲ့ပြောရရင်၊ ရွေးကောက်ပွဲကာလမှာ နအဖကို ရင်ဆိုင်ဖြတ်ကျော်ဖို့ တိကျတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့က ပြတ်နေတဲ့ ကွင်းဆက်တွေ အများအပြားကျန်နေပါသေးတယ်။ ဒီကွင်းဆက်တွေကို တမင်ဖြတ်ထားပြီး အခွင့်ကောင်းယူနေတဲ့ နအဖအဖို့ သူ့လက်သဲတွေကို ထုတ်ပြဖို့ အချိန်သိပ်မကျန်တော့ပါဘူး။

ဆောင်းပါး(၁)မှာ အောက်ပါအတိုင်း ရေးခဲ့ပါတယ်။

ပြိုင်တူတွန်းမှ ရွေ့မှာမို့ လုပ်နည်းလုပ်ဟန် အထွေထွေအပြားပြားဖြစ်နေတဲ့ ယနေ့အင်အားစုတွေကို သမိုင်းသင်ခန်းစာယူပြီး ဘယ်လိုစုစည်းမလဲ။ အားလုံး ငါ့နောက်လိုက်ကြ၊ ငါ့လမ်းစဉ်ကို ထောက်ခံကြ ပြောပုံမျိုးနဲ့ အလုပ်ဖြစ်ပါ့မလား။ မိမိအင်အားစုကို သူ့အင်အားစု မဖြစ်သွားအောင်၊ သူ့အင်အားစုကို မိမိအင်အားစု ဖြစ်လာအောင် အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုပုံဖေါ်သင့်သလဲ။ ဘုံရည်မှန်းချက် အောင်မြင်ရေးအတွက် မတူကွဲပြားခြားနားတဲ့အမြင်တွေကို လေးစားနေရာပေးရဲတဲ့ နှလုံးရည်သတ္တိမျိုးကို ဘယ်လိုတည်ဆောက်ကြမလဲ။ အဖြေကို ကျုပ်မသိပါဘူး။ သို့သော် ကျုပ်က မိတ်ဆွေများနှင့်အတူ စဉ်းစားကြည့်ချင်တာသာပါ။ (နောက်ဆုံးဒုတိယစာပိုဒ်မှ)

နအဖက ကြောင်လက်သည်းဝှက်လုပ်နေသေးတဲ့ အခုလို အချိန်အခါမျိုးမှာ ဘယ်သူကမှ တိကျတဲ့ လုပ်ငန်းစဉ်ဆိုတာကို မချမှတ်နိုင်ပါဘူး။ ဦးသုဝေ၊ ဦးရွှေအုန်းတို့လည်း ရွေးကောက်ပွဲဝင်မယ်လို့ ပြောမဲ့သာ ပြောနေကြတယ်။ သူတို့လဲ ဘယ်သို့၊ ဘယ်ပုံရှေ့ဆက်လှမ်းရမယ်ဆိုတာ ရေရေရာရာ သိဟန်မတူပါဘူး။ မသိတာက သူတို့ ညံ့လို့ မဟုတ်ပါဘူး။ သိစရာ အကြောင်းခံကိုက မရှိလို့ဖြစ်ပါတယ်။ ဘာပင်ကြီးကို ဘာလူကြီးက ဘာဓါးကြီးနှင့် ဘယ်အချိန်မှာ ဘယ်လိုခုတ်မှန်းမသိသေးတဲ့ အခြေအနေမှာ ဘာတိကျတဲ့ လုပ်ငန်းစဉ်ကို ဘယ်သူမှ ချပြလို့ မရနိုင်ပါဘူး။ ရွေးကောက်ပွဲကို အခွင့်အလမ်းတစ်ရပ်အဖြစ် မြင်ခဲ့တဲ့ ဦးသုဝေက အခုတစ်ဖန် ရွေးကောက်ပွဲဝင်ရေး လက်လျော့မရလို ဖြစ်နေပြီလို့ လူသိရှင်ကြား ထုတ်ပြောလာရတာကို သာဓကအဖြစ် ယူနိုင်ပါတယ်။ အင်အယ်လ်ဒီ အမှုဆောင် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အင်အယ်လ်ဒီသည် ရွေးကောက်ပွဲနှင့် ပတ်သက်လျင် လှေကားအလည်ဆင့်မှာ ရပ်နေသေးကြောင်း၊ အပေါ်ကို တက်နိုင်သလို၊ အောက်ပြန်ဆင်းနိုင်တဲ့ တက်သာ ဆုတ်သာအခြေအနေမှာ ရှိနေကြောင်းကို သတိကြီးစွာ ပြောကြားခဲ့ပါတယ်။ အင်အယ်လ်ဒီကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လူထုကို ကိုယ်စားပြုပြီး နအဖနှင့် စီးချင်းထိုးရမဲ့ အင်အယ်လ်ဒီက သတိကြီးကြီးထားပြီး ရှုံ့ချီ နှပ်ချီနှင့် အခုစာလေးကြော်၊ အခုဆီထမင်း မလုပ်နိုင်တာကို နားလည်ပေးသင့်ပါတယ်။

ပုံပြင်ကလေးတစ်ခုကို ဥပမာဆောင်ချင်ပါတယ်။

ပညာရှိအမတ်ကြီးကြောင့် ထင်ရာစိုင်းလို့မရတဲ့ ဘုရင်ဆိုးက အမတ်ကြီးကို သတ်ပစ်ချင်နေပါတယ်။ တစ်နေ့မှာ ပညာရှိအမတ်ကြီးကို ခေါ်ပြီး သူ့လက်ထဲက ငှက်ငယ်အရှင်တစ်ကောင်ကို ပြပါတယ်။ ပြီးနောက်၊ အဲဒီငှက်ငယ်ကို လက်ထဲဆုပ်လိုက်ပြီး သူ့နောက်ကြောမှာ ၀ှက်လိုက်ကာ ပညာရှိအမတ်ကြီးကို အခု ငှက်ငယ်ကလေးဟာ အသက်ရှင်ရက် ရှိသေးသလား။ သေသွားပြီလားကို မှန်အောင်ဖြေ၊ မမှန်ရင် သတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ရှင်တယ်ဖြေခဲ့ရင် ငှက်ငယ်ကလေးကို ဖျစ်ညှစ်သတ်လိုက်ပြီး အသေအဖြစ်ပြကာ အမတ်ကြီးကို သတ်မှာဖြစ်သလို၊ သေတယ်ဖြေခဲ့ရင် ငှက်ငယ်ကို မသတ်ဘဲ အရှင်အတိုင်း ထုတ်ပြကာ အမတ်ကြီးကို သတ်မှာ ဖြစ်ပြန်ပါတယ်။ သေတယ် (သို့မဟုတ်) ရှင်တယ်ဆိုတဲ့ အဖြေနှစ်ခုထဲ နှပ်ကြောင်းပေးပြီး ဖြေခိုင်းတိုင်း အမတ်ကြီး မဖြေနိုင်တာကို အလွယ်တကူ မြင်နိုင်ပါတယ်။

ဒီဥပမာအတိုင်းဘဲ ရွေးကောက်ပွဲကို ၀င်မယ်လို့ ကြိုပြောခဲ့ရင် အင်အယ်လ်ဒီကို နအဖက ချည်ပြီးတုပ်ပြီး အပိုင်ကိုင်လို့ရတဲ့ ရွေးကောက်ပွဲဥပဒေကို ရေးဆွဲမှာဖြစ်သလို၊ မ၀င်ဘူးလို့ ကြိုပြောထားပြန်ရင်လဲ၊ ရွေးကောက်ပွဲ မ၀င်မဲ့ အင်အယ်လ်ဒီကို အရှိုက်ထိုး၊ အကြပ်ကိုင်နိုင်မဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေတွေကို ရေးဆွဲမှာ ဖြစ်ပါတယ်။ အင်အယ်လ်ဒီအနေနှင့် ဓါးနှင့်သေတာလဲ မကြိုက်နိုင်ဘူး။ လှံနှင့်သေတာလဲ မကြိုက်နိုင်ဘူး။ မိဖုရားခေါင်ကြီး စောဥမ္မာနှင့် လက်ထပ်လိုက်တာကိုဘဲ ကြိုက်တယ်လို့ ဖြေနိုင်ဖို့က အချိန်လိုနေပါသေးတယ်။ သူကစားချင်တဲ့ ကစားကွက်အတိုင်း မောင့်သဘောဆိုပြီး ၀င်ကစားဖို့ဆိုတာက အင်အယ်လ်ဒီသည် ကြောရိုးမရှိတဲ့ နိုင်ငံရေးပါတီ မဟုတ်ပါ။

ဒါ့ကြောင့် အင်အယ်လ်ဒီကို ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား လမ်းကြောင်းချမှတ်ပေးဖို့ တောင်းဆိုသူများသည် သိလျှက်နှင့်ဖြစ်စေ၊ မသိလျှက်ဖြစ်စေ၊ အင်အယ်လ်ဒီကို နအဖထောင်ချောက်ထဲ အတင်းတွန်းပို့နေသကဲ့သို့ ဖြစ်နေပါတယ်လို့ဆိုရင် ပြင်းထန်လွန်းရာ ကျကောင်း ကျနေပါလိမ့်မယ်။

နောက်ပုံဥပမာတစ်ခု ဆောင်ချင်ပါသေးတယ်။

ဖားမကြီးက ဥဥပြီးနောက် ငါးဖားလောင်းလေးတွေ ပေါက်လာပါတယ်။ ငါးဖားလောင်းလေးတွေက ခြေလက်မထွက်သေးဘဲ ငါးပုံသဏ္ဍာန်နဲ့ ရေကူးနေတော့ သားငတ်နေတဲ့ ငါးမကြီးက သူ့ခလေးတွေဘဲဆိုပြီး ငါးဖားလောင်းလေးတွေနောက် လိုက်နေပါတယ်။ ဖားမကြီးက သူ့ခလေးတွေဖြစ်လို့ မလိုက်ဖို့ ပြောပေမဲ့ ငါးမကြီးက ငါ့ခလေးတွေက ငါးဖြစ်လို့ ငါးလိုရေကူးနေတာ။ နင့်ခလေးတွေဖြစ်ရင် နင်နဲ့တူပြီး ခြေတွေ လက်တွေ ရှိမှာပေါ့လို့ဆိုပြီး ငါးဖားလောင်းလေးတွေနောက် လိုက်မြဲလိုက်နေတယ်။ ဒါနဲ့ ဖားမကြီးက ကန်စပ်သစ်ပင်က ပညာရှိဇီးကွက် ခုံသမာဓိရုံးမှာ အမှုဖွင့်သတဲ့။ အမှုသွား၊ အမှုလာကို နှစ်ဖက်လုံးက ကြားနာပြီးနောက် ဇီးကွက်ခုံမင်းက ဖားမကြီးနှင့် ငါးမကြီးကို အမှုရက်ချိန်း နှစ်ပါတ်ပေးလိုက်ပါတယ်။ နှစ်ပါတ်ပြည့်တဲ့အချိန်မှာဘဲ ငါးဖားလောင်းလေးတွေက ခြေတွေ၊ လက်တွေ ထွက်လာကာ ဖားဖြစ်သွားပြီး မိခင်ဖားမကြီးနှင့် အတူနေကြလေတော့ ငါးမကြီးလဲ အဝေးသို့ ထွက်ခွာသွားရပါသတဲ့။

ပြည်သူသန်း၅၀ကျော်ရဲ့ ဘ၀ကံကြမ္မာကို အဆုံးအဖြတ်ပေးရမဲ့ လမ်းကြောင်းကို မြောက်ပန်းလှန်ပြီး ဆုံးဖြတ်ရွေးချယ်လို့ မရကောင်းပါဘူး။ တစ်ချို့ကိစ္စတွေမှာ ငါးမှန်း၊ ဖားမှန်းသိအောင် အချိန်နဲနဲ ယူရတတ်ပါတယ်။

အောင်ထီ ဇန္န၀ါရီ (၂၁)၊ ၂၀၁၀

(မည်သူမဆို ကူးယူသုံးစွဲနိုင်သည်။)