Monday, January 25, 2010

25 Jan ဒိုင်ယာရီ

http://ifile.it/ipzh30f
http://ifile.it/ipzh30f
25 Jan 2010 Yeyintnge's Diary

(စပေ့စ်) Space

(စပေ့စ်) Space


ရန်ငြိမ်းအောင်(လူငယ်)
ဇန်နဝါရီ၂၅၊၂၀၁၀။

စပေ့စ် သို့မဟုတ်ခွင်ဟူသောစကားလုံးသည် ယခုအခါတွင်ကျယ်လာပါသည်။ ၂၀၁၀ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးတွင်၊၂၀၀၈ဖွဲ့စည်းပုံအရ၊နိုင်ငံရေးလှုပ်ရှားမှုများကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိလာလိမ့်မည် သို့မဟုတနိုင်ငံရေးခွင်ကျယ်လာလိမ့်မည်။အဲဒီတော့မှဒီမိုကရေစီအစစ်ရအောင်ဆက်ပြီးရုန်းကန်ကြတာပေါ့ဟူသော အယူအဆသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြင်ပမှာခေတ်စားနေသည်မှာ ဘာမှမဆန်းပါ။ အဖွဲ့ချုပ်အထဲတွင် ဤစကားကိုရေးကြီးခွင်ကျယ်လုပ်ပြီး၊ ပြောနေသူများကိုတော့ မှတ်ညဏ်သက်တမ်းတိုသူများဟု သတ်မှတ်ရလိမ့်မည်။

၁၉၉၅ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ပြန်မလွှတ်လာမီကတည်းကပင် အမျိုးသားညီလာခံတက်နေကြသည့်အဖွဲ့ချုပ် ကိုယ်စားလှယ်အချို့တွင် ဤအယူအဆ ရောက်နေခဲ့ပြီ၊ ဂျီဆဲဗင်းဟုခေါ်ခဲ့သည့်အုပ်စု၏ အခြေခံအယူအဆမှာဒါပဲ ဖြစ်သည်။ ထိုကမှတဆင့်တဖြည်းဖြည်းနှင့် အဖွဲ့ချုပ်ကထုတ်ပစ်ရပြီး။ အဖွဲ့ချုပ်ကိုဆန့်ကျင်သူများ ဖြစ်သွားခဲ့ကြသည်။ သည်တော့အဖွဲ့ချုပ်သည် ပြောနေကြသည့် နိုင်ငံရေးခွင်(political space)ဆိုတာကို မဟာဗျူဟာအရရော၊ နည်းဗျူဟာ အဖြစ်ပါပယ်ချခဲ့သည်မှာ ၁၅ နှစ်လောက်ရှိနေခဲ့ပါပြီ။ အဖွဲ့ချုပ်တည်ထောင်ချိန်ကတည်းကချခဲ့သည့်မူဝါဒများနှင့် မကိုက်ညီသောကြောင့် လက်မခံနိုင်ခြင်းဟုအကြောင်းပြခဲ့သော်လည်း သဘောတရား (ideology) သက်သက်ကြောင့် သာမဟုတ်ပါ။ လက်တွေ့ဖြစ်ရပ်များကိုပါ ထည့်၍စဉ်းစားကြည့်နိုင်ပါသည်။

၁၉၇၄ အခြေခံဥပဒေတွင် တပ်မတော်ဦးဆောင်မှုဆိုသော စကားတလုံးမှမပါပါ။ မ-ဆ-လ ပါတီဧ။်ဖွဲ့ စည်းပုံစည်းမျဉ်းမှာလည်းစစ်မှုထမ်းဖူးမှစီအီးစီဖြစ်ရမည်ဟုမပါပါ။သို့သော်မဆလပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်အားလုံးသည် စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်လက်ရှိတွေချည်းဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော်ကောင်စီအဆင့်ဆင့်တွင် စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်တွေက အများစုဖြစ်ခဲ့ပါသည်။ ကောင်စီအဆင့်ဆင့်တွင်ပါနေသည့် အရပ်သားအားလုံးတို့သည် ဘယ်လိုသဘောထားခံယူချက်တွေရှိရှိ နောက်ဆုံးတော့စစ်တပ်ခိုင်းတာလုပ်ရသည့် အခြေအနေကို ရောက်ခဲ့ရပါသည်။

ထိုသို့ ဖြစ်ခဲ့ပြီးမှ လွှတ်တော်အရပ်ရပ်တွင် ၂၅%ယူမည်စစ်ရေးအမြင်ရှိမှ သမ္မတလုပ်ရမည်၊ အရေးကြီးသည့်ဝန်ကြီး များအားလုံးကို တပ်ချုပ်ကခန့်မည် စသည်ဖြင့်ဗြောင်ရေးထားသည့်၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မှာ ရွေးကောက် ခံထားသည့် အမတ်များသည် လွှတ်တော်အဆင့်ဆင့်တွင် လွတ်လပ်စွာလှုပ်ရှားခွင့်ရမည်ဟု မျှော်လင့်သူများသည် အကောင်းမြင်လွန်နေပြဟုသာ ယဉ်ယဉ်ကျေးကျေးခေါ်ရပါမည်။

အချို့ကဆိုကြပါသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ပြဌာန်းထားသည့် နိုင်ငံသားများဧ။် ရပိုင်ခွင့်များကို အကာအကွယ် ပေးနိုင်ဖို့လွှတ်တော်များတွင် ဒီမိုကရေစီဘက်တော်သားများရှိရန်လိုသည်။ ထို့ကြောင့်ရွေးကောက်ပွဲဝင်ရမည်ဟု လည်းကောင်း အစိုးရအပြင်ကစပေ့စ်ကိုကာကွယ်ဖို့အတွင်းကို ၀င်ပြီးအပေးအယူလုပ်ပူးပေါင်းဆောင်ရွက်ရမည်ဟု လည်းကောင်း စသည်ဖြင့်၊ ဤဆင်ခြေများသည်လည်း ခေတ်သစ်သမိုင်းအရ ကြည့်လျှင်လက်ခံစရာမရှိပါ။

၁၉၆၂ခုနှစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်သည်စေတနာမှန်အခြေခံပြီးဘယ်သူနှင့် ဘယ်လောက်အပေးအယူ အလျော့အတင်းလုပ်ခဲပါသနည်း။ သူတို့နှင့်ပူးပေါင်းခဲ့သည့် ကျောင်းသားခေါင်းဆောင်ဦးခင်မောင်အုန်း၊ ဦးလှဝင်းတို့ မှစ၍ ပ-မ-ည-တများ၊ ဖ-ဆ-ပ-လများအလယ် စောဟန်တာသာမွှေးအဆုံး၊ ဘယ်သူကပြည်သူလူထု၏စပေ့စ်ကို ကျယ်အောင်လုပ်နိုင်ခဲ့ပါသနည်း။ ၀န်ထမ်းဘ၀မှာဝင်ပြီး တဖြည်းဖြည်းကျဉ်းလာသော စပေ့စ် (space) အားကြံ့ ကြံ့  ခံတွန်းလှန်ခဲ့သော ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် ၊ဦးဝင်းတင်တို့ဘာဖြစ်သွားကြသနည်း။ ၁၉၆၂အာဏာသိမ်းချိန်က ဤဒေသတွင် လွတ်လပ်မှုအရှိဆုံးနိုင်ငံတစ်ခုဘ၀မှ ယခုအခြေအနေသို့ရောက်လာရခြင်းသည် ပြည်သူလူထုက
ငုပ်တုတ်၊ ငုံ့ခံနေ၍ဖြစ်ရခြင်းမဟုတ်ပါ။ မ-ဆ-လခေတ်တလျှောက်လုံးယုံကြည်ရာကို လုပ်ခဲ့၍ထောင်ကျခံ ၊ အသတ်ခံ၊ အသေခံသူများ၏ သတ္တိသည် ယခုလှုပ်ရှားနေသူများထက်မညံ့ပါ။

ယခုစပေ့စ် (space) အကြောင်းပြောနေသူများထဲတွင် ထိုခေတ်ကရုန်းကန်လှုပ်ရှားခဲ့ကြသူများ အများကြီးပါပါသည်။ ထို့ကြောင့်ခွင် (space) အကြောင်းပြောသူတိုင်းကို သစ္စာဖောက်သွားသူများဟု ပြော၍မဖြစ်ပါ။ မမှတ်သေးဘူးလား ဟုလည်းမမေးလိုပါ။ သို့သော်တစ်ခုတော့ပြောချင်ပါသည်။ သူတို့တတွေမ-ဆ-လအောက်တွင် ရုံးကန်လှုပ်ရှားရင်း သေကြကြေကြတုန်းကနိုင်ငံခြားက သိဖို့ဝေးလို့ဗမာပြည်သူများကပင် ကောင်းကောင်းမသိခဲ့ကြခြင်းမှာ မ-ဆ-လအစိုးရ သည် တရားဝင်ရပ်တည်မှု (LEGITIMACY) ကို တစ်စုံတရာအတိုင်းအတာထိ ရခဲ့၍ဖြစ်သည်။ အတွင်းကနေပူးသတ် မည်ဟူသော လူများကြောင့်စစ်တပ်က ထိုရပ်တည်မှုကိုရခြင်းဖြစ်သည်ဟုဆိုလျှင် ငြင်းလိမ့်မည်မထင်ပါ။ ခုတစ်ခါ ပူးသတ်ဖို့ကြံလျှင် ဤသမိုင်းသင်ခန်းစာကို သတိရပါဟုတောင်းပန်ပါရစေ။

စပေ့စ် (space) ဆိုသည်မှာ လွှတ်တော်အထဲမှာမှရှိတာမဟုတ်ပါ။ အပြင်မှာလည်းရှိပါသည်။ အပြင်ကစပေ့စ် (space) ကိုဘယ်လိုကျယ်အောင်လုပ်မလဲ၊ ဘယ်လိုသုံးမလဲဆိုတာကလဲ အရေးပိုကြီးပါသည်ဟု ထင်ပါသည်။ NGOတွေ၊ Civil Society တွေအကြောင်းပြောနေခြင်းမဟုတ်ပါ။ အရင်တုန်းကလည်း စာအုပ်အဟောင်းရောင်းရင်း၊ ရှေ့နေလိုက်ရင်း၊ ကျူရှင်ပေးရင်း လုပ်ခဲ့ကြတာပဲ ဒီလိုပဲလုပ်ကြတာပေါ့လို့လဲပြောလို့မရတော့ပါ။ နိုင်ငံတွင်းက ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တို့သည် သိသိတာတာပြောင်းလဲသွားပြီ၊ ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာလဲ တစ်စုံတစ်ရာအတိုင်းအတာအထိရွှေလာခဲ့ပြီး ပြီ၊ ပြည်ပကအခြေအနေတွေသည်လည်း ယခင်ကနှင့်လုံးဝမတူတော့ပါ။

ထိုအချက်များကို ထည့်စဉ်းစားပြီးမှ စပေ့စ်အကြောင်းပြောကြပါ။

ရန်ငြိမ်းအောင်(လူငယ်)


http://www.kaowao.org/b/art010-jan25.php

နိုင်ငံတော်က ဦးဆောင်သော ဈေးကွက်စီးပွားရေး

နိုင်ငံတော်က ဦးဆောင်သော ဈေးကွက်စီးပွားရေး

၂၀၀၈ အခြေခံ ဥပဒေက မြန်မာ့ လူ့ဘောင်လောက အပေါ် မည်သို့ သက်ရောက်ကြောင်း စီးပွားရေး အမြင်ဖြင့် လေ့လာ သုံးသပ်မှုများ ရေးသား ထုတ်ဝေထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

အခြေခံဥပဒေသည် စီးပွားရေးဆိုင်ရာ စာတမ်း မဟုတ်ပေ။ သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေတွင် စီးပွားရေးနှင့်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသောကြောင့် အသေအချာ လေ့လာ ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။

သို့သော် သတိထားသင့်သည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ အလေးထားခြင်း မရှိသော အစိုးရတရပ်သည် ဘဏ္ဍာရေးနှင့် အခြားမက်မောစရာများကြောင့် မူလ အနေအထား အတိုင်းသာ ဆက်လက် တည်မြဲနေလိုပြီး ၎င်းတို့၏ အမူအကျင့်များကို အချိန်တိုတိုနှင့် ပြောင်းလဲလိုမည် မဟုတ်ဟူသော အချက် ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရသည် အခြေခံဥပဒေကို လေးစားလိုက်နာခြင်း ရှိမရှိ ဆိုသည့် အချက်ကို အသာထား၍ ဤအခြေခံဥပဒေကို လေ့လာခြင်းဖြင့် ရေးဆွဲသူများ၏ စိတ်နေသဘောထားများကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

မြန်မာပြည် အခြေခံဥပဒေ၏ စီးပွားရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်ထောင်စု၏ အခြေခံမူများ အဖြစ် ဖော်ပြထားသော အခန်း (၁) တွင် တွေ့နိုင်သည်။ မြန်မာပြည်သည် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးမည် ဖြစ်ကြောင်း ပုဒ်မ ၃၅ နှင့် ၃၆ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

၃၅။ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
၃၆။ နိုင်ငံတော်သည် -
(က) အမျိုးသားစီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စသည့် စီးပွားရေး အင်အားစု အားလုံးကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ပြုသည်။
(ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည်။
(ဂ) အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ တိုးတက် ဖွံ့ဖြိုးရေးတို့ကို ရှေးရှု ဆောင်ရွက်မည်။
(ဃ) စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။
(င) တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု။

၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် မြန်မာပြည်၏ စီးပွားရေးသည် ဈေးကွက်အပေါ် အခြေခံနေခြင်းမှာ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေနှင့် မတူညီသည့် အချက် ဖြစ်သည်။ သမဝါယမနှင့် အခြားအခန်းကဏ္ဍများကို ထည့်သွင်း ဖော်ပြထားသော်လည်း အနှစ်သာရအားဖြင့် အရင်းရှင်စနစ် ဖြစ်ကြောင်း သိသာထင်ရှားသည်။ အပိုဒ် (ခ)တွင် ဖော်ပြထားသော လက်ဝါးကြီးအုပ် ဆောင်ရွက်မှု နှင့် ဈေးကစားမှုတို့သည် ၁၉၄၇ အခြေခံဥပဒေတွင် ဖော်ပြထားသော ကိုလိုနီခေတ် စိုးရိမ်မှုများကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်သည်။

အပိုဒ် (ဃ) နှင့် (င) တို့မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ဤသို့ နိုင်ငံတော်က တစုံတရာ ပြုလုပ်မည် မဟုတ်ကြောင်း ကတိကဝတ်များမှာ အခြေခံဥပဒေတွင် ဖော်ပြလေ့မရှိပါ။ နိုင်ငံတော်က ထောက်ပံ့သည့် ဘာသာရေး ထူထောင်ခြင်းအား ကန့်ကွက်သော အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေမှ ပြဌာန်းချက်သည် ထင်ရှားသော သာဓကဖြစ်သည်။ သို့သော် ဤပြဌာန်းချက်များသည် အပြင်းအထန် ထိခိုက်ပျက်စီးခဲ့သော မြန်မာ့စီးပွားရေးနှင့် ဘဏ္ဍာရေးသမိုင်းကို ထင်ဟပ်နေသည်။

အတိတ်ကာလတွင် လျော်ကြေး လုံလုံလောက်လောက် မပေးဘဲ နိုင်ငံပိုင်ပြုခြင်း၊ ငွေကြေးကို တရားမဝင် ပြုလုပ်ခြင်းတို့ကြောင့် တိုင်းပြည် နာမည်ပျက်ခဲ့သည်။ မြန်မာပြည် စီးပွားရေးနှင့် တိုးတက်မှုများကို များစွာ ထိခိုက် ပျက်စီးစေခဲ့သည်။ ဤကိစ္စများကို ဆောင်ရွက်မည် မဟုတ် ဆိုသည်မှာလည်း သံသယရှိဖွယ် အာမခံချက် ဖြစ်နေသည်။

ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေသောကြောင့် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်မှာလည်း အသိအမှတ်ပြုခြင်း မခံရပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှသည် အရာရှိငယ်များ အထိ ဥပဒေ လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာခြင်း မရှိပါ။ ဤအမူအကျင့်များသည် နိုင်ငံရေး ပြုပြင်မှုများ မပြုလုပ်ဘဲ ပြောင်းလဲသွားမည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

အတိုချုပ်ပြောရလျှင် တရုတ်ပြည်နှင့် အခြား “အာရှကျား”များ စီးပွားရေး တိုးတက်လာခြင်း၏ အဓိက မောင်းနှင်အား ဖြစ်သည့် လုံခြုံစိတ်ချရသော ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်ကို မြန်မာပြည်တွင် အခြေခံဥပဒေ၌ အာမခံရုံ သက်သက်ဖြင့် တည်ဆောက်နိုင်မည် မဟုတ်ပါ။

အပိုဒ် (င) တွင် ဖော်ပြထားသော “တရားဝင်ထုတ်ဝေထားသည့် ငွေကြေး” ဟူသော အသုံးအနှုန်းက စဉ်းစားစရာ ဖြစ်နေသည်။ ဤစကားရပ်သည် အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ပါသလော။ ၁၉၆၄၊ ၁၉၈၅ နှင့် ၁၉၈၇ ငွေကြေးကို တရားမဝင် ပြုလုပ်ခြင်းမှာ တရားဝင် ထုတ်ဝေထားသော ငွေစက္ကူတချို့ကို တရားဝင်မှု အနေအထားမှ ရုပ်သိမ်းသော ဥပဒေ ထုတ်ပြန် ကြေညာပြီးနောက် လည်ပတ်နေသော ငွေစက္ကူများ တရားဝင်မှု ရပ်ဆိုင်းသွားသည်။ ထို့ကြောင့် သံသယရှိဖွယ် ဖြစ်နေသည်။

ဤသို့ဆိုလျှင် ဤစာပိုဒ်၏ရည်ရွယ်ချက်မှာ တရားမဝင် ငွေကြေးသတ်မှတ်ခြင်း မပြုရန် ဥပဒေ၏ သက်ညှာမှုကို ပြသလိုခြင်း ဟုတ်ဟန်မတူပေ။

မြန်မာစစ်အစိုးရက စီးပွားရေးသင်ခန်းစာများကို သင်ယူရန် စိတ်ဝင်စားခြင်း မရှိသေးသော်လည်း တရားမဝင်ငွေကြေး သတ်မှတ်ခြင်းနှင့် ပတ်သက်သော အတွေ့အကြုံများကို အမှတ်ရနေပုံရသည်။

“တရားဝင်ထုတ်ဝေထားသော” ဟူသည့် ဝေါဟာရ၏ အခြား အဓိပ္ပာယ် ရှိနိုင်ပါသေးသည်။ ငွေစက္ကူအတုများ သို့မဟုတ် အခြားဥပဒေများအရ ထုတ်ဝေထားသော နိုင်ငံခြားငွေများ သို့မဟုတ် FEC ဟု ခေါ်သော အစားထိုး နိုင်ငံခြားငွေများကို ဆိုလိုသည်လည်း ဖြစ်နိုင်ပါသည်။ နိုင်ငံတော်ကထုတ်ဝေသော ငွေကြေးကို တရားမဝင် သတ်မှတ်ခြင်း မပြုရဟု ရိုးရှင်းစွာ ဖော်ပြခြင်း မပြုသည်မှာလည်း စဉ်းစားဖွယ် ဖြစ်နေသည်။

မြန်မာပြည်တွင် ဈေးကွက်စီးပွားရေးစနစ် မည်မျှ အောင်မြင်မှု ရှိမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး အခြေခံဥပဒေ၏ အခြားသော အခန်းများတွင်လည်း ဖော်ပြထားချက်များ၊ အထူးသဖြင့် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အချက်များကို ပုဒ်မ ၃၇ တွင် အထင်အရှား တွေ့နိုင်သည်။

၃၇။ နိုင်ငံတော်သည်-
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။
(ခ) နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဌာန်းရမည်။
(ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေ ပြဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်။

အပိုဒ် (ခ) သည် ဈေးကွက်စီးပွားရေးစနစ်နှင့် မဆန့်ကျင်ပါ။ နိုင်ငံအများစုတွင် နိုင်ငံတော်၏ ထုတ်ယူသုံးစွဲနိုင်ခွင့် တည်ရှိပြီး ဖြစ်သည်။

အပိုဒ် (ဂ) သည် အမှန်တကယ် လက်တွေ့ ကျင့်သုံးမည် ဆိုလျှင် အဓိကကျသောအချက် ဖြစ်သည်။ သို့သော်လည်း ပစ္စည်းပိုင်ဆိုင်ခွင့်သည် သဘာဝအခွင့်အရေးမဟုတ်ဘဲ နိုင်ငံတော်က ပေးအပ် ထားသော အခွင့်အရေး ဖြစ်သကဲ့သို့ ပြဌာန်းထားခြင်းက အခြေခံဥပဒေ မူကြမ်း ရေးဆွဲသူများ၏ စိတ်နေသဘောထားကို ဖော်ပြနေသည်။

ပြဿနာရှိသည်မှာ အပိုဒ် (က) ဖြစ်သည်။ ထိုအချက်သည် လူဦးရေအားလုံး၏ သုံးပုံနှစ်ပုံကျော်ကို အလုပ်ပေးထားသော၊ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ ထက်ဝက်ကျော်ဖြစ်သော စိုက်ပျိုးရေးအခန်းကဏ္ဍ၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို များစွာ အတားအဆီး ဖြစ်စေသည်။

ပုဒ်မ (၃၇)သည် ၁၉၄၈ ခုနှစ် “မြေယာနိုင်ငံပိုင်ပြုလုပ်ခြင်းဥပဒေ” မှ ဆင်းသက်လာသော မြန်မာပြည်၏ လက်ရှိ မြေယာစီမံခန့်ခွဲရေး စနစ်အား ဆက်လက် အသက်သွင်းခြင်း ဖြစ်သည်။ ဤပြဌာန်းချက်အရ နိုင်ငံသားများသည် မြေယာများကို အနှစ် ၃၀ ငှားရမ်းခွင့်ရသည်။ မြေယာများကို အကျိုးရှိစွာ အသုံးချခြင်းရှိ မရှိ နှစ်စဉ် အကဲဖြတ်သည့် ကျေးရွာနှင့် ဒေသအဆင့် မြေယာကော်မတီများက ဤအခွင့်အရေးများကို ပြန်လည် သုံးသပ်သည်။ ဤအချက်သည် နာဂစ်မုန်တိုင်းကြောင့် မြေယာများ ပျက်စီးသွားကြသော လယ်သမားတို့ အလွန် စိုးရိမ်သည့်အချက် ဖြစ်သည်။

မြေယာများသည် ဥပဒေအရ ဆွေမျိုးမတော်သူများ အချင်းချင်း လွှဲပြောင်း၍ မရပါ။ သို့မဟုတ် အကြွေးဖြင့် ခုနှိမ်ရန် အသုံးပြု၍ မရပါ။ မြန်မာ မြေပိုင်ရှင်များမှာ မြေယာတွင် ရင်းနှီး မြှုပ်နှံလိုစိတ်များ ချိုးနှိမ်ခံနေရပြီး ၎င်းတို့အပိုင် မြေယာများကို ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်လိုစိတ်လည်း မရှိကြတော့ပါ။ စစ်အစိုးရ နှင့် မြန်မာ့တပ်မတော်တို့၏ ဥပဒေမဲ့ မြေယာသိမ်းဆည်းမှုများက မြေယာပိုင်ဆိုင်ခွင့်ကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။ မြေယာပိုင်ဆိုင်ခွင့် ဟူသည်မှာ စာရွက်ပေါ်၌သာ ရှိသော အခွင့်အရေးတရပ်ကဲ့သို့ ဖြစ်နေသည်။

အထက်ပါအချက်များသည် ချဲ့ကားပြောဆိုထားခြင်း မဟုတ်ပါ။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ မြေယာ ဝယ်ယူ ရောင်းချပိုင်ခွင့်သည် အခြေခံကျသော စီးပွားရေးဆိုင်ရာ အခွင့်အရေးတရပ် ဖြစ်သောကြောင့် မြန်မာပြည် စိုက်ပျိုးရေး အတွက် အဓိက အရေးကြီးသောအချက် ဖြစ်သည်။

ပုဒ်မ (၂၉) (၃၀) နှင့် ၂၃ (ခ) တို့မှာ အရေးမကြီးသယောင်နှင့် ဈေးကွက်စီးပွားရေးကို ထိခိုက်နိုင်သော အချက်များ ဖြစ်သည်။

၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏-
(ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုး ရရှိရန် ကူညီဆောင်ရွက်မည်။

၂၉။ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။

၃၀။ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။

ပုဒ်မ (၂၉) နှင့် (၃၀) တို့သည် နိုင်ငံတော်၏ ဝင်ရောက်စွက်ဖက်မှုကို အားပေးထားပြီး နိုင်ငံတော်က ဖြစ်ထွန်းစေလိုသော ဈေးကွက်စီးပွားရေးစနစ်ကို ကန့်သတ်ထားသည်။ ပုဒ်မ (၂၃) အပိုဒ် (ခ) သည် သာမန်အားဖြင့် ကြည့်လျှင် အန္တရာယ်ကင်းသယောင် ရှိသော်လည်း ဤအချက်သည် နိုင်ငံတော်က စိုက်ပျိုးရေး ထွက်ကုန်များကို ဝယ်ယူရန် ခွင့်ပြုထားသဖြင့် စိုက်ပျိုးရေး ကဏ္ဍကို များစွာ ထိခိုက် ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။ ဤအချက်ကို မည်သို့ အကောင်အထည် ဖော်မည် ဟူသော အချက်မှာ လွန်စွာ အရေးကြီးသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ အခြားအစိတ်အပိုင်းများသည်လည်း စီးပွားရေး၏ ပုံသဏ္ဌာန်ကို အဆုံးအဖြတ် ပေးနိုင်သည်။ ဤအချက်သည် ဗဟိုအစိုးရနှင့် လွှတ်တော်များအကြား ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား အများစုကို ကိုယ်စားပြုသော အပစ်အခတ် ရပ်စဲရေး၊ အပစ်မရပ်ရသေးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အကြား အုပ်ချုပ်ရေး နှင့် အခြား အာဏာများခွဲဝေမှုတို့နှင့်လည်း သက်ဆိုင်သည်။

အခွန်ကောက်ခံရေးနှင့် သုံးစွဲနိုင်ခွင့် အာဏာ တို့သည်လည်း အလွန် ဆက်စပ်နေသည်။ ပုဒ်မ ၁၈၈ အရ ဒေသဆိုင်ရာ အာဏာပိုင်များထံ၌ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ် လုပ်ကိုင်နိုင်ခွင့် အာဏာတချို့ သတ်မှတ်ထားသော်လည်း အများစုအာဏာသည် ဗဟိုအစိုးရထံ၌သာ စုပုံနေသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသများ၏ အုပ်ချုပ်ရေး အဖွဲ့များတွင် အခွန်ကောက်ခံရေး၊ သုံးစွဲနိုင်ခွင့်အာဏာတို့နှင့် ပတ်သက်၍ ပြောရေးဆိုခွင့် မရှိပါ။ ဤအချက်သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထိုဒေသများရှိ တိုင်းရင်းသားများ လက်ခံလာရေးကို ထိခိုက်နိုင်သည်။

ဗြိတိသျှစီးပွားရေးပညာရှင် ဂျွန်ကိန်းက “အာဏာရှိသောရူးသွပ်သူများ” သည် အမြဲတစေ သို့တည်းမဟုတ် မသိစိတ်ဖြင့် “ခေတ်မမှီတော့သော စီးပွားရေးပညာရှင်များ၏ ကျွန်များ” ဖြစ်နေတတ်သည် ဟု ပြောခဲ့ဖူးသည်။ မြန်မာပြည်၌ အာဏာရှိသော ရူးသွပ်သူများ ရှိသော်လည်း ဂျွန်ကိန်း၏ အဆိုနှင့်ဆန့်ကျင်၍ စီးပွားရေး ပညာရှင်များ၏ အခန်းကဏ္ဍကို အသိအမှတ် မပြုကြပါ။

၂၀၀၈ အခြေခံဥပဒေမှတဆင့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ချေမှာ နည်းပါးလှသည်။ ၁၉၄၇ အခြေခံဥပဒေ၌ အလားတူ အားနည်းချက် များစွာရှိသော်လည်း နောက်ပိုင်းအခြေခံဥပဒေများနှင့် ကွာခြားသည်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်သည်။

သေချာသည့်အချက်မှာ ၁၉၄၇ အခြေခံဥပဒေသည် ၁၉၄၈-၁၉၆၂ ကာလ မြန်မာပြည်ရှိ ပါလီမန် ဒီမိုကရေစီနှစ်များ အတွင်း အလုံးစုံ အောင်မြင်မှု မရရှိခဲ့သော်လည်း နိုင်ငံတော်၏ ဆောင်ရွက်ချက်များသည် ဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်ခဲ့သည်ဟု ယူဆ၍ရသည်။

ထို့အပြင် ၁၉၄၇ အခြေခံဥပဒေသည် အခြားအခြေခံအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုရရှိခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်လိုသည့် နိုင်ငံရေးသမားများအား ထိန်းချုပ်နိုင်ခဲ့သည်။ ဤကဲ့သို့သော အခြေခံ အဖွဲ့အစည်းများက စစ်အစိုးရ၏ အသုံးချခံ ဖြစ်နေခြင်းမှာ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်သည်။ ဥပဒေကို မလေးစားသူများက ရေးဆွဲသော အခြေခံဥပဒေထက် ဤအခြေခံအဖွဲ့အစည်းများ ပြန်လည် ဖွဲ့စည်းနိုင်ရန် လိုအပ်သော နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုများ ပြုလုပ်ရန် ပိုမို အရေးကြီးပေသည်။ ဆက်လက် ရုန်းကန် လှုပ်ရှားရဦးမည် ဖြစ်သည်။

ပါမောက္ခ ရှောင်တာနဲ (Sean Turnell) သည် သြစတြေးလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ် Burma Economic Watch ၏ အယ်ဒီတာ ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2475-2010-01-25-07-25-53

အရက်လုံခြုံရေးနဲ့ မြန်မာပြည်

အရက်လုံခြုံရေးနဲ့ မြန်မာပြည်

alcohol.jpg

မကြာသေးခင် ရက်ပိုင်းအတွင်းက ပြည်တွင်းက မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူက အနုပညာ အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ အဲဒီအထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက် အကြောင်းက ပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေ ဘယ်လိုချက်သလဲ၊ ဘယ်လိုသိုလှောင်သလဲ၊ ဘယ်လိုဖြန့်ဖြူးရောင်းချသလဲ စသဖြင့် စုံနဖာစီ ပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။

အရက်အကြောင်း ပြောဖြစ်သွားတာကလည်း ဒီလိုပါ။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း အရွယ်မတိုင်ခင် အရက်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပိုများလာတဲ့အကြောင်း၊ ဒါ့အပြင် စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်း အရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်းပြောရင်းနဲ့ အရက်စက်ရုံတွေ အရက်ကို ဘယ်လိုချက်ကြသလဲ ဆိုတာကနေ စတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

မိတ်ဆွေက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ တခါက ကိစ္စတခုနဲ့ ဆက်စပ်လို့ အရက်ချက်စက်ရုံတခုကို ရောက်သွားပါတယ်တဲ့။ ပထမဆုံး တွေ့ရတာကတော့ အရက်ချက်စက်ရုံဟာ လယ်ကွင်းထဲမှာ ဖြစ်သလို ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်တဲ့။ အရက်စက်ရုံရဲ့ အပြင်ဘက်မှာတော့ မိုးရွာအစို၊ နေပူအခြောက် အပုံလိုက်ကြီး ထားထားတဲ့ ထန်းလျှက်ပုံကြီး ရှိနေတာကို မြင်ရပါတယ်။ ယင်ကောင်တွေ တလောင်းလောင်း ဖြစ်နေသလို ထန်းလျှက်ပုပ်နံ့လိုလို အနံ့ကြီးကိုလည်း ရှူနေရပါတယ်။ နောက်မြင်ကွင်းတခုကတော့ အရက်ချက်စက်ရုံကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်းတန်းကြီးက မျက်စေ့တဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင် မိုးစိုမှာစိုးလို့ အမိုးအကာနဲ့ ထားပါသတဲ့။

အရက်ချက်တဲ့ စက်ရုံအတွင်းဘက်ကို ဝင်ကြည့်တဲ့အခါမှာ အလွန်စိတ်ပျက်စရာ မြင်ကွင်းကတော့ အရက်ဆီ ပေါင်းခံနေနေတဲ့ ဧရာမ သံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာ အိတ်တွေဖွင့်ပြီး ဖြောကနဲဖြောကနဲ လောင်းထဲ့နေတာပါပဲ။ ဓာတ်မြေသြဇာဆိုတာ စိုက်ပျိုးရေး အတွက်သုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက်ကို ချက်တဲ့နေရာမှာ ပေါပေါလောလော သုံးနေတယ်ဆိုတာ ဘယ်လိုမှ ကောင်းနိုင်မယ် မဟုတ်ပါ။ ဒါပေမဲ့ အရက်စက်ရုံက တာဝန်ရှိတဲ့သူကတော့ သူတို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်ပြင်းအား ရှိကြောင်း ရှင်းပြနေပါသေးတယ်။

ထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့် အရက်ဆီကို ဈေးကွက်မတင်ခင် ဂိုဒေါင်ထဲမှာ ၂ လလောက် ထားရပါတယ်။ အရက်မှာ ပါနေတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေ အခိုးပြန်သွားစေဖို့အတွက် ဖြစ်ပါတယ်။ ၂ လပြည့်သွားတဲ့ အခါကျမှ ရေ ၅ ဆ ရောပြီး ပုလင်းသွတ် တံဆိပ်လှလှလေးတွေ ကပ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ အဲဒါတွေ ပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ဈေးကွက်တောင်းဆိုမှုက မြင့်မားနေတဲ့အတွက် အရက်ဆီကို ဂိုဒေါင်ထဲမှာ ဘယ်တော့မှ ၂ လကြာအောင်အထိ မထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲကို တင်သွင်းလေ့ ရှိတယ်လို့လည်း သိရပြန်ပါတယ်။

အဲသလို အရက်မျိုးတွေကို ၃-၄ နှစ် ဆက်တိုက်သောက်နေတဲ့ သူတွေဟာ အသည်းနဲ့ ပတ်သက်ပြီး ရောဂါတခုခု ရကြပါတယ်။ အဓိကတော့ ဓာတ်မြေသြဇာကို သုံးတဲ့အတွက်ကြောင့်ပါ။ ဓာတ်မြေသြဇာဆိုတာ အက်စစ်တမျိုးပါ။ လိုအပ်တာထက် ပိုသုံးရင် စပါးပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအား ရှိပါတယ်။ အနုပညာသည်၊ လောကမှာ တချို့သော အရွယ်ကောင်း လူလတ်ပိုင်းတွေဟာ မနက် ၉ နာရီ၊ ၁ဝ နာရီလောက်ကတည်းက စသောက်ကြပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကို ရပ်ပါတယ်။ အဲသလို အရက်မျိုးတွေကို မနက်ကတည်းက သောက်သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။ တလောက နာမည်ကြီး စာပေသမားတဦး အရွယ်ကောင်းတုန်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒါလည်း အဲသလို အရက်မျိုးတွေကို ဆက်တိုက်သောက်လို့ ဖြစ်တာလို့ မိတ်ဆွေက ရှင်းပြပါတယ်။

ကျနော်တို့နိုင်ငံက စာပေလောကနဲ့ အနုပညာသည်လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော်များများ သောက်တတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဟိုခေတ်တုန်းကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ပတ်သက်ရင် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ “ဘရန်ဒီတခွက်ဆိုတဲ့” ဟာသဝတ္ထုတိုနဲ့ စာပေလောကထဲ စရောက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ အရက်အကြောင်း လူóကိက်အောင် အဖွဲ့အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာကတောင် “ကိုဆွေ … လူငယ်တွေ အရက်မသောက် သောက်တတ်အောင် သင်ပေးသလို ဖြစ်နေတယ်” လို့ ထောက်ပြဆုံးမခဲ့ဖူးပါတယ်။ ထားပါတော့။ ဆိုလိုချင်တာက ဒီလိုပါ။

ဆရာ သော်တာဆွေဟာ ငယ်ရွယ်စဉ်က အရက်သောက်ကြမ်းခဲ့တယ်။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခဲ့ပါဘူး။ အသက်ကြီးမှ ဆုံးသွားခဲ့တာပါ။ ဆရာသော်တာဆွေတို့နဲ့ ခေတ်ပြိုင် နာမည်ကြီး စာရေးဆရာတဦး အရက်ကြောင့် စောစောစီးစီး ကွယ်လွန်ခဲ့တာ ရှိဖူးပါတယ်။ အရက်မူးနေတုန်း အင်းလျားကန်မှာ ရေနစ်ပြီး ဆုံးသွားခဲ့တာပါ။ အဲဒီခေတ်တုန်းက အရက်တွေက သတ်မှတ်ထားတဲ့ နည်းစနစ်တွေအတိုင်း ချက်လုပ်ခဲ့တဲ့ အရက်တွေ ဖြစ်နိုင်ပါတယ်။ ဓာတ်မြေသြဇာတွေ လှိုင်လှိုင်ထည့်ပြီး ချက်ခဲ့တဲ့ အရက်တွေတော့ ဖြစ်ဟန်မတူပါဘူး။

တချိန်တုန်းက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစီိလို့ ခေါ်တဲ့ အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့၊ အိုးဘရမ်ဒီတို့၊ မော့ဝီစကီတို့လည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ ဒါပေမဲ့ အဲဒီ အရက်တွေကို ထုတ်လုပ်တဲ့ ခေတ်တုန်းက သတ်မှတ်ထားတဲ့ အဆင့်အတန်း၊ စံချိန်အတိုင်း ထုတ်လုပ်ခဲ့ကြတာမို့လို့ နည်းနည်းတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ အဲသလို စနစ်ကျဖို့ကိုလည်း စောင့်ကြည့်နေတဲ့ တာဝန်ရှိ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ Food security လို့ခေါ်တဲ့ စားသုံးကုန်လုံခြုံရေးကို အမြဲမျက်ချေမပြတ် စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာ တခုလောက် တင်ပြရရင် စကော့တလန်မှာ နာမည်ကြီး စကော့ဝီစကီတွေ ချက်ပါတယ်။ ချက်တဲ့အခါမှာလည်း အုပ်စပါးတို့၊ ဘာလီစပါးတို့ကို သုံးပါတယ်။ ဓာတုဗေဒပစ္စည်းတွေ မသုံးပါ။ မသုံးရပါ။ ဓာတုဗေဒ ပစ္စည်းလို့ ပြောရမယ့်ဟာ တခုကတော့ “ယိစ်” လို့ခေါ်တဲ့ တဆေးတမျိုး ဖြစ်ပါတယ်။ အဲဒီ ယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတု ပစ္စည်းပါ။ သဘာဝမှို တမျိုးပါ။ ပြီးတော့ အလွန်သန့်ရှင်းတဲ့ သန့်စင်ထားတဲ့ မိုးရေကို အသုံးပြုပြီး ချက်ပါတယ်။ ကြုံရာရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းက ရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်း မပြုပါဘူး။

မြန်မာပြည်မှာလို ဓာတ်မြေသြဇာတွေထဲ့ပြီး ချက်လို့ကတော့ တရားစွဲခံရလို့ ပေးလျော်ရတာများလွန်းလို့ ကုမ္ပဏီပြုတ်ပြီး ထောင်တောင်ကျပါဦးမယ်။ မြန်မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက်ရင် လွယ်လွယ်နဲ့ ရနေပါတယ်။ အရက်ကို စည်းစနစ်တကျ ချက်မချက်ဆိုတာကို စောင့်ကြည့်တဲ့ စနစ်ဇယား မရှိတော့ ချက်ချင်သလို ချက်နေကြတာပါ။ အဲသလို အရက်မျိုးတွေကို နေ့တဓူဝ သောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ မဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေတောင် အသက် ၅ဝ ကျော်တန်းလောက် ဖြစ်လာရင် အသည်းကို ထိခိုက်လာတာများလို့ သူများထက်အရင် သွားရဖို့ များပါတယ်။

မြန်မာပြည်မှာ အရက်တွေက အရည်အသွေးလည်း မမှန်၊ အဆိပ်အတောက်တွေကလည်း အများအပြား အရက်ထဲမှာ ကျန်နေသေးတော့ အရက်သောက်များရင် အသက်တိုတာ အမှန်ပါပဲ။ အရက်အကြောင်း နည်းနည်းလောက် ဇာချဲ့ပြောချင်ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ ဝီစကီတွေအကြောင်းပါ။ သာမန် ဈေးနှုန်းနဲ့ ရောင်းချတဲ့ ဝီစကီတွေဟာ စက်ရုံက ထုတ်ပြီးတာနဲ့ သစ်သားစည်ကြီးတွေမှာ ထဲ့ပါတယ်။ ပုလင်းမသွတ်သေးပါဘူး။ အဲဒီ စည်ကြီးတွေကို တနှစ်လောက် ဂိုဒေါင်ထဲမှာ သိမ်းထားပါတယ်။ အရက်ကို ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်း ချက်တာတောင် အရက်ထဲမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ Toxic လို့ခေါ်တဲ့ အဆိပ်ဓာတ်တွေ ကျန်ရှိနေပါသေးတယ်။ အဲဒါတွေ လျော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲဒီ အဆိပ်ဓာတ်တွေဟာ တဖြည်းဖြည်းနဲ့ အငွေ့ပျံပြီး လေထုထဲကို ရောက်သွားပါတယ်။ ဒါပေမဲ့ အရက်မှန်သမျှ ဈေးပေါသည်ဖြစ်စေ၊ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး တနှစ်လောက် သိမ်းထားရပါတယ်။

ဒါကြောင့်မို့ သစ်သားစည်ကြီးတွေထဲမှာ နှစ်ကြာကြာ သိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေ ပိုလျှော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီးလာပါတယ်။ ပုလင်းသွတ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပျံပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်က ထုတ်လုပ်တဲ့ ဝီစကီတွေမှာ ၁၂ နှစ်အထိ ကြာအောင် သစ်သားစည်ကြီးတွေထဲမှာ သိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာ ဖြစ်ပါတယ်။ တခါ အမျိုးအစား အပေါ်မူတည်ပြီး ၁၂ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ်၊ ၂ဝ နှစ်၊ ၂၅ နှစ် စသဖြင့် ရှိကြပါတယ်။

အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ လျော့ပါးသထက် လျော့ပါးလာလို့ သောက်တဲ့အခါမှာ လူကို ဥပါဒ်ပေးတဲ့နှုန်း လျော့လာပါတယ်။ ဒါပေမဲ့ သက်တမ်းရင့် အရက်ဆိုပြီး သောက်ချင်သလို သောက်နေရင်လည်း အသည်းရောဂါ ဖြစ်ပါတယ်။ ရောဂါမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက် အဆိပ်အတောက်နည်းတဲ့ အရက်က ဗော့ဒကာလို့ ခေါ်တဲ့ အရက် ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှား ခွဲထွက်နိုင်ငံတွေမှာ ထုတ်လုပ်ပါတယ်။

ဒါပေမဲ့ ရောင်းအားအပေါ် မူတည်ပြီး လွယ်လွယ်ချက်၊ ဈေးပေါပေါနဲ့ ရောင်းကြလို့ အခု ရုရှားနိုင်ငံမှာ ဗော့ဒကာ အပေါစား သောက်ကြတဲ့သူတွေ အထူးသဖြင့် ဆင်းရဲတဲ့သူတွေ အသက် ၅ဝ ကျော်ကျော်မှာ သေဆုံးတဲ့နှုန်း များလာနေတယ်လို့ ဆိုပါတယ်။ အရက်သေစာထဲမှာ အဆိပ်အတောက် အနည်းဆုံးကတော့ ဝိုင်အရက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိုင်အရက်ဟာ အနောက်နိုင်ငံတွေ တင်သွင်းတာမို့ အရှေ့တိုင်း နိုင်ငံတွေမှာ ဈေးကြီးပါတယ်။ ဆင်းရဲသူတွေ ဝယ်ယူသောက်သုံးဖို့ မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေယ့် သူ့ကိုလည်း စိတ်ကြိုက်သောက်ချင်သလို သောက်ရင်တော့ လူကို အန္တရာယ် ဖြစ်စေပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရဟာ မြန်မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အာဏာပိုင်တွေက ပိုက်ဆံရတိုင်း ဒီအတိုင်း လွှတ်ထားတော့ နောက်ဆုံးမှာ စားသုံးသူတွေ ဒုက္ခရောက်ရပါတယ်။ စားသောက်ကုန် လုပ်ငန်းအားလုံးကို စနစ်တကျ ဖြစ်လာစေဖို့ နည်းနာတွေ၊ ဥပဒေသတွေ ရှိဖို့ လိုနေပါပြီ။ တလောတုန်းကလည်း လက်ဖက်တွေမှာ ဆိုးဆေးတွေ ပါတယ်ဆိုပြီး လက်ဖက်တံဆိပ် တော်တော်များများ ရောင်းချခွင့် အပိတ်ခံရပါတယ်။ နောက်တော့ ငပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။

အရက်ကိစ္စကိုတော့ စစ်အစိုးရက ဘာမှမပြောဘဲ၊ အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ဆွေမျိုးတွေ ရှယ်ယာပါထားလို့ပဲ ဖြစ်နိုင်ပါတယ်။ အရက်နဲ့ သေခဲ့ရတဲ့ စာပေနဲ့ အနုပညာ လောကက လူလတ်ပိုင်း အရွယ်ကောင်းတွေကို ပမာထား ပြောရတာကတော့ မြင်လွယ်အောင်၊ သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ချက်တဲ့၊ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တနှစ်တနှစ် ဘယ်လောက် သေနေရတယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။

မြန်မာပြည်မှာ အရက်ရောင်းချခြင်းဟာ တော်တော်လေး ဖွံ့ဖြိုးလာတာနေတာ အမှန်ပါပဲ။ ဒါပေမဲ့ စိတ်ချရပြီး စနစ်တကျရှိတဲ့ အရက်ချက်လုပ်ခြင်း မဖွံ့ဖြိုးသေးဘူး ဆိုတာကိုလည်း မြင်နေရပါတယ်။ ဒါပေမဲ့ တဖက်မှာ ကြည့်လိုက်ပြန်တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အမြန်ချက်၊ အမြန်ရောင်းတဲ့ နေရာမှာတော့ စကော့တလန်က ဝီစကီချက်သူတွေတောင် လိုက်မမီအောင် တိုးတက်ဖွံ့ဖြိုးနေပါတယ်။

(၂၅ ရက် ဇန်နဝါရီလ၊ ၂ဝ၁ဝ ခုနှစ်)
http://www.mizzimaburmese.com/edop/songpa/4656-2010-01-25-09-35-30.html

အဖြေမရှိသည့် ၂၀၁၀ ပဟေဠိပုစ္ဆာ


NEJ /၂၅ ဇန်န၀ါရီ ၂၀၁၀

နအဖစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၉ ခုနှစ် တပ်မတော်နေ့အခမ်းအနားတွင်လည်းကောင်း၊ စစ်မှုထမ်းဟောင်း ညီလာခံတွင်လည်းကောင်း၊ ကြံ့ဖွံ့ပြည်လုံးကျွတ်ညီလာခံတွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင်လည်းကောင်း ၂၀၁၀ ခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တရပ်ကို ကျင်းပပေးမည်ဖြစ်ကြောင်း ထပ်တလဲလဲ ထုတ်ဖော်ပြောကြားခဲ့လေ၏။

နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတိုင်းလည်း နအဖစစ်အုပ်စုဝင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့က လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်ပေးမည်ဟူ၍ အကြိမ်ကြိမ် အလီလီ အာမဘန္တေခံခဲ့လေ၏။

သို့သော် ၂၀၀၈ ညောင်နှစ်ပင်အခြေခံဥပေဒပါ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော အချက်အလက်များကို တွေ့ဆုံညှိနှိုင်း ပြင်ဆင်ပေးပါမှ ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟူသည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ (ပြည်သူ့မန်းဒိတ်ရ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ တောင်းဆိုချက်ကို နအဖစစ်အုပ်စုက တုံ့ပြန်ခြင်းမရှိဘဲ လျစ်လျူရှု မျက်ကွယ်ပြုနေဆဲဖြစ်၏။

ထို့အပြင် ၂၀၁၀ ခုနှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည့် ယခုချိန်အထိလည်း နအဖစစ်အုပ်စုဘက်မှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ်ကို ကျင်းပပြုလုပ်နိုင်မည့် အခင်းအကျင်းများဖြစ်သည့် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ ပါတီအဖွဲ့အစည်း ထူထောင်ခွင့်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်နှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေနေဆဲဖြစ်၏။

မီဒီယာလွတ်လပ်ခွင့် ပေးရမည့်အစား မလှလှဝင်းကဲ့သို့သော မီဒီယာသမားကို အနှစ် (၂၀) နှစ်ရှည်ထောင်ဒဏ် ချမှတ်အပြစ်ပေး နေ၏။ အခြားမီဒီယာသမားများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့် စစ်ဆေး ဖမ်းဆီးနေ၏။ အင်တာနက်၊ ဂြိုဟ်တုစလောင်း အသုံးပြု ကြည့်ရှုသူများကို ပို၍ ပို၍ ချုပ်ချယ်ကန့်သတ်မှုများ ပြုလုပ်နေ၏။

ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်၍ လွတ်လပ်စွာ ပါတီဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့် ပြုရတော့မည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ အပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ဆက်လက်ဖမ်းဆီး နှိပ်စက် ထောင်ချ အပြစ်ပေးနေဆဲဖြစ်၏။

အပြစ်မဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်နေသည့် အဖွဲ့အစည်း၊ ယန္တရားများကို သိသိသာသာ လျှော့ချပစ်ရမည့်အစား ကြံ့ဖွံ့၊ စွမ်းအားရှင်များကို တုတ်ရိုက်သင်တန်း၊ အဓိကရုဏ်း ဖြိုခွဲနှိမ်နင်းနည်းသင်တန်းများ သင်ကြားပို့ချနေ၏။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ပရောက် အတိုက်အခံဒီမိုကရေစီအင်အားစုများ ဥပဒေဘောင်အတွင်းသို့ အေးချမ်းစွာ ပြန်လည်ဝင်ရောက်နိုင်စေရန် တန်းတူရည်တူ ညှိနှိုင်းဆွေးနွေး အဖြေရှာရမည့်အစား ကလိန်ကကျစ် နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဖြိုခွဲ ဖဲ့ထုတ်ရန် ကြိုးစားနေ၏။

တနည်းအားဖြင့် ပြောရမည်ဆိုလျှင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ရွေးကောက်ပွဲကျင်းပမည်ဟု ကတိပေးထားသည့် ၂၀၁၀ ခုနှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လေလေ စစ်အုပ်စုဘက်မှ ပို၍ ဖိနှိပ်၊ ပို၍ ချုပ်ချယ်၊ ပို၍ ကန့်သတ်၊ ပို၍ ဖြိုခွဲလာသည်ကိုသာ တွေ့မြင်ကြားသိနေရပေ၏။

စစ်အုပ်စုအနေဖြင့် တဘက်တွင် ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများကို အပီအပြင် နှိပ်ကွပ်နေသော်လည်း အခြားတဘက်တွင်မူ သူတို့၏ လက်ကိုင်တုတ် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ သူတို့နှင့် ပလဲနံပသင့်သော မဆလကို အရေခွံလဲထားသည့် တစညပါတီ၊ အမျိုးသားနိုင်ငံရေးအင်အားစုကဲ့သို့သော ပြည်သူ့ချဉ်ဖတ် အဖွဲ့အစည်းများကို ကြိုတင်စည်းရုံးလှုပ်ရှားခွင့်ပြုနေလေ၏။

ထိုသို့ အပြောနှင့်အလုပ် မညီညွတ်ဘဲ ‘ပါးစပ်က ဘုရား၊ လက်က ကားယား’ ဆိုသလို ပြုမူကျင့်ကြံနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါ နအဖစစ်အုပ်စုဝင်များကို “ဘာတွေ လွတ်လပ်၊ ဘာတွေ မျှတ၊ ဘယ်လိုဘယ်ပုံ အားလုံးပါဝင်နိုင်မှာမို့ လျှာအရိုးမရှိ လျှောက်ပြောနေရတာလဲ” ဟု မေးခွန်းထုတ်မည်ဆိုလျှင် ခွေးအကြီး လှည်းနင်းသလိုသာ ဖြစ်လိမ့်မည်ဟု ခေတ်ပြိုင်က ယူဆမိပေ၏။

http://www.khitpyaing.org/editorial/January2010/25110.php