Monday, February 1, 2010

1 Feb ဒိုင်ယာရီ

http://ifile.it/9pzsywd1 Feb Yeyintnge's Diary

လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား

လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား


၂၀၁၀ ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရား မျှတစွာ” ကျင်းပပေးမည်ဟု ပြောချက်အပေါ် သံသယရှိသော နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ စစ်အစိုးရကို မကြာသေးခင် လများအတွင်း ဖိအားပေးခဲ့ကြသည်။

၂၀၀၈ ခုနှစ် လူထုဆန္ဒ ခံယူပွဲကာလ မဲရုံတခု မြင်ကွင်း

နိုင်ငံတကာ ယုံကြည်မှုကို ရရှိစေမည့် ရွေးကောက်ပွဲ ဖြစ်စဉ်တခု၏ အခြေခံကျသော ညွှန်းကိန်းများမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေးနှင့် နိုင်ငံရေး ပါတီများ အားလုံး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးပင် ဖြစ်သည်ဟု လေ့လာ သူများက ပြောဆိုကြသည်။

ယုံကြည်ထိုက်ပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန်၊ အတိုက်အခံ အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးဆောင် ဦးရွက်ပြုရန် မြန်မာ အစိုးရတွင် တာဝန်ရှိသည်ဟု စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြန်လည်သင့်မြတ်ရေးသည် ဦးစားပေးလုပ်ဆောင်ရမည့် အရာအဖြစ် ကာလကြာရှည်စွာ ရှိလာသည့် အတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် အရေးကြီးပြဿနာရပ် အတော်များများကို မြန်မာ့အရေး လေ့လာသူများက ရှေ့တန်းတင် ပြောဆိုမှု အလွန် နည်းပါသည်။

ဥပမာပြရလျှင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့်တွေ့ဆုံစဉ် ဖွဲ့ဖြိုးဆဲ နိုင်ငံများ၊ ကုလသမဂ္ဂအရာရှိများကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပေးမည်ဟု ပြောခဲ့သည်။

သို့ရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာမှ လေ့လာသူများကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ အစကတည်းက နိုင်ငံအနှံ့တွင် စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။

အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခြင်းနှင့် ၎င်းအခွင့်အရေးကို မမှန်မကန် တလွဲ အသုံးချခြင်းအကြား နယ်နိမိတ်စည်းသည် မကြာခဏ ဆိုသလို ပြတ်သားမှု မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ပါတီဘက်မှ ဘက်မလိုက်သောရပ်တည်ချက်ထားပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး အတွက် အဓိက ကျသော စံနှုန်းများကို လူထုအကြား စတင် ပညာပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ရွေးကောက်ပွဲတခုကို လူအများကယုံကြည်လက်ခံခြင်းသည် ထိုရွေးကောက်ပွဲကို ကျင်းပပေးသောအဖွဲ့၏ စီမံ ခန့်ခွဲမှုပေါ်တွင် များစွာ မူတည်ပါသည်။ ထိုအဖွဲ့သည် လွတ်လပ်မှုရှိရမည်ဖြစ်ပြီး ဘက်လိုက်မှုလည်း ကင်းရပါမည်။

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်ကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဗဟို ရွေးကောက်ပွဲကော်မရှင် လက်အောက်တွင် ပြည်နယ်နှင့်တိုင်းအဆင့် ကော်မရှင် ၁၄ ခု၊ ခရိုင်အဆင့် ကော်မရှင် ၅၀ ခု၊ မြိုနယ်အဆင့် ကော်မရှင် ၃၁၇ ခု၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင် ၁၄၉၉၂ ခု တို့ကို ဖွဲ့စည်းထားသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့အစည်းနောက်ခံ ကင်းရှင်းသည့် အငြိမ်းစား အစိုးရအရာရှိကြီးများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ကော်မရှင်အပေါ် အများ၏ ယုံကြည်အားထားမှု အလွန်နည်းပါးခဲ့သည်။ အကြောင်းရင်းမှာ ထိုကော်မရှင်သည် စစ်အစိုးရ၏ သြဇာခံဖြစ်ပြီး လွတ်လပ်မှုမရှိသကဲ့သို့ ဘက်လိုက်မှုလည်း ကင်းမည်မဟုတ်ဟု ပြည်သူများက ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။

သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် တရားမျှတသော ရလဒ်များ ထွက်ရှိခဲ့သည်။ ပြည်တွင်းပြည်ပကလည်း အသိအမှတ် ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အခြေခံအကြောင်းရင်း ၃ ခုမှာ စစ်အစိုးရ အပေါ် ပြည်သူလူထု၏ မကျေနပ်မှု မြင့်မားနေခြင်း၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကြာ ကာလအတွင်း အောက်ခြေ ပြည်သူလူထု ကြားတွင် စစ်အစိုးရ၏ အုပ်ချုပ်ရေးအရ ထိန်းချုပ်နိုင်မှု အားနည်းနေခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို မျှမျှတတ ဖွဲ့စည်းနိုင်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်တွင် ရပ်ရွာထဲမှ အများရိုသေလေးစားသောပုဂ္ဂိုလ် ၃ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် စစ်အစိုးရ၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့ ပါဝင်သည်။

သို့ရာတွင် စစ်အစိုးရသည် ၎င်းတို့ ရင်ဆိုင်ခဲ့ဖူးသည် အကြီးအကျယ်ရှုံးနိမ့်မှုမျိုး (၁၉၉၀ တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတ၀န်းတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့မှုမျိုး) နောက်တကြိမ် ခွင့်ပြုရန် အလားအလာ လုံးဝ မရှိပါ။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို လူထုဆန္ဒခံယူပွဲကျင်းပစဉ်က ၎င်းတို့၏သဘောထားများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အာဏာပိုင်များသည် ၎င်းတို့၏သြဇာအာဏာကို သုံးခြင်း၊ ကြိုတင် စီမံထားခြင်း၊ အနိုင်ကျင့်သည့် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဖြင့် ၎င်းတို့ လိုလားသည့် ရလဒ် ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံရေးပါတီများ၏ရန်ပုံငွေ

၁၉၉၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရလဒ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု လွတ်လပ်သော လေ့လာဆန်းစစ်သူတဦးအနေဖြင့် ယူဆပါသည်။ အထူး သဖြင့် မဲဆွယ်သည့် ကာလ နှင့် ရွေးကောက်ပွဲနေ့တို့တွင် စစ်အစိုးရက စနစ်တကျ ခြိမ်းခြောက် နှောင့်ယှက်ခြင်း၊ နိုင်ငံရေးပါတီများက အရင်းအမြစ်များကို ရယူ သုံးစွဲနိုင်ခွင့် မရှိခြင်း စသည့် အခြေအနေတို့ကြောင့် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ ရန်ပုံငွေ ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ရပြီး ပါတီကိုထောက်ခံသူများကလည်း စစ်အစိုးရ အရေးယူမည်ကို စိုးရိမ်၍ ငွေကြေးလှူဒါန်းရန် ကြောက်ရွံ့နေချိန်တွင် ယခင်အာဏာရ ဆိုရှယ်လစ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည် ငွေကြေး အမြောက်အများ သုံးစွဲနိုင်သကဲ့သို့ အစိုးရပိုင် ပစ္စည်းများ ဖြစ်သော ကားများ၊ အဆောက်အအုံများကို ၎င်းတို့ပါတီပိုင် အဖြစ် ဆက်လက် အသုံးချခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း တစည နှင့် အခြားသော စစ်အစိုးရ ထောက်ခံ အားပေးသည့် အဖွဲ့ အစည်းများသည် စီးပွားရေး အခွင့်ထူးများကို ရရှိ ခံစားခဲ့ကြပြီး တဘက်တွင် NLD ပါတီရုံးများကို ပိတ်ပင် ထားခြင်း၊ ငွေကြေး ရန်ပုံငွေ အရင်းအမြစ်များ မရရှိစေရန် ထိန်းချုပ်ခြင်းဖြင့် NLD ၏ ရန်ပုံငွေနှင့် အရင်းအမြစ်များ အားနည်း ချိနဲ့စေရန် စစ်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လေသည်။

ဤသို့ မမျှတသောအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို အစကနဦးကတည်းကပင် အားနည်းစေပါသည်။

မဲဆန္ဒရှင်များကိုပညာပေးခြင်း

၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး ပါတီပေါင်း ၂၃၆ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်နိုင်သော နိုင်ငံရေးပါတီ ၁၀ ပါတီသာ ကျန်ရှိပါသည်။ သို့သော် စစ်အစိုးရ က ရွေးကောက်ပွဲဥပဒေအသစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် တို့ ထုတ်ပြန်လာပါက နိုင်ငံရေးပါတီ အများအပြား ထပ်မံ ပေါ်ထွက်လာဖွယ် ရှိပါသည်။

နိုင်ငံရေးပါတီ အများအပြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အပြည့်အ၀ ဖော်ဆောင်ရန် အတွက် မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပါတီအသီးသီးက ပေးလိုသည့် သတင်းအချက်အလက်များကို ၎င်းတို့ လက်လှမ်း မီနိုင်စေရေး စသည်တို့သည် အလွန် အရေးကြီးပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အိမ်စောင့်အစိုးရတရပ် အသွင် ရပ်တည်ပြခဲ့ပြီး နိုင်ငံရေးနှင့် ကင်းကင်း နေမည်ဟု တရားဝင် ပြောဆိုခဲ့သည်။

သို့ရာတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးပါတီများသည် ၎င်းတို့၏မူဝါဒများကို ရုပ်မြင်သံကြားမှ ၅ မိနစ်၊ ရေဒီယိုမှ ၁၀ မိနစ်သာ ထုတ်လွှင့်ခွင့် ရခဲ့သည်။

မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုယ်တိုင် ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ မှတ်တမ်းလွှာများ၊ ပိုစတာများကိုသာ အားကိုးအားထား ပြုခဲ့ရပါသည်။ ဤကဲ့သို့ အရင်းအမြစ်များကို အလွန်အမင်း ကန့်သတ် ချုပ်ချယ်မှုများ ရှိသော်လည်း နိုင်ငံရေးပါတီများက ၎င်းတို့ကို ထောက်ခံအားပေးနေသူများအား မဲစာရင်းသွင်းခြင်း၊ မဲပေးနည်းစနစ်၊ မဲလိမ်ခြင်း၊ မဲဝယ်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ပညာပေးရန် တာဝန် ယူခဲ့ကြသည်။ ထို့အပြင် ပါတီများသည် မဲရုံများတွင် စောင့်ကြည့်ရန်၊ မဲရေတွက်ပုံကို လေ့လာရန် ၎င်းတို့တွင် အဖွဲ့ဝင် အလုံအလောက် ရှိရေး အတွက်ကိုလည်း စီစဉ်ခဲ့ကြသည်။

မြန်မာပြည်သူများထဲတွင် အစဉ်အလာအားဖြင့် သိထားကြသည့် အချက်မှာ (√) သင်္ကေတသည် “သဘောတူခြင်း သို့မဟုတ် ထောက်ခံခြင်း” ၊ (X) သင်္ကေတသည် “သဘောမတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း” ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲများတွင် (X) သင်္ကေတကို ထောက်ခံသည့် အမှတ်အသားအဖြစ် သုံးကြသည်။ ရွေးကောက်ပွဲနေ့တွင် မြန်မာပြည်သူများ မဲပေးမှားယွင်းမှု အများအပြား ရှိခဲ့လေသည်။ အထူးသဖြင့် သက်ကြီး ရွယ်အိုများနှင့် စာမတတ်သူများ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁ ၈၅၈ ၉၀၀ ဦး၏ ဆန္ဒမဲများ သို့မဟုတ် မဲစာရွက် ၁၂.၃ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများတွင် မကြာသေးခင်က ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဘင်္ဂလားဒေ့ရှ်တွင် ၀.၈၉ ရာခိုင်နှုန်း၊ မလေးရှားတွင် ၂.၁၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၃.၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။ ပယ်မဲ အများဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ဖြစ်ပြီး ၂၆.၀၆ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သို့သော ဒီမိုကရေစီ ဖြစ်စဉ်မျိုး ကြုံတွေ့နိုင်သည်ကို ဝေဖန်ပြောဆိုမှုမရှိ နှုတ်ဆိတ်နေကြပါသည်။

ထို့အပြင် စစ်အစိုးရသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရထားသော်ငြားလည်း နိုင်ငံရေးပါတီများ ထူထောင်ပြီး စစ်အရာရှိများက လူဝတ်လဲ ပုံဖျက်ကာ ရွေးကောက်ပွဲဝင်ကြမည်မှာ သံသယရှိစရာ မလိုပါ။ ထို့အတွက် စစ်အစိုးရသည် နိုင်ငံတော်ပိုင် အရင်းအမြစ်များကိုသုံးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများပင် စတင်ပြုလုပ်နေပြီဟု ပြောလျှင် လွန်မည်မထင်ပါ။

ရွေးကောက်ပွဲမဲလိမ်မှုများ

၂၀၀၈ အခြေခံဥပဒေအသစ် လူထုဆန္ဒခံယူပွဲတွင် အထင်အရှား မြင်တွေ့ခဲ့ရသည့်လိမ်လည်မှုများကို လာမည့်ရွေးကောက်ပွဲတွင်လည်း တွေ့မြင်ရဖွယ် ရှိပါသည်။

ထိုလိမ်လည်မှုများကို အဓိက ကျူးလွန်သူများမှာ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အသင်းဝင်များ၊ စွမ်းအားရှင်ပြည်သူ့စစ်များ ဖြစ်ပါသည်။

ပထမဆုံးနှင့် အထင်ရှားဆုံး ချိုးဖောက်မှုတခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မဲရုံများအတွင်း တာဝန်ချထားခြင်းပင် ဖြစ်သည်။ ဒုတိယချိုးဖောက်မှုမှာ သတ်မှတ်ထားသည့် အချိန်ထက် စောပြီး မဲရုံများကို ပိတ်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်များကိုယ်စား မဲစာရွက်များပေါ်တွင် ဖြည့်စွက်ခြင်း ဖြစ်သည်။

၂၀၀၈ ဆန္ဒခံယူပွဲတွင် နေရာအများအပြားတွင် တွေ့ရသော ဖြစ်ရပ်များမှာ မိသားစုတစုလုံးကိုယ်စား မိသားစုဝင် တဦးကသာ မဲပေးခြင်း၊ မဲဆန္ဒရှင်များ၏ မျက်ကွယ်တွင် ၎င်းတို့၏မဲများကို ပေးခြင်းတို့ ဖြစ်ပါသည်။

အဆိုးဆုံး ချိုးဖောက်မှုတခုမှာ မဲရုံများကို ပိတ်ပြီး မဲများကို လျှို့ဝှက် ရေတွက်ခြင်း ဖြစ်လေသည်။ မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိပါက ထိုမဲများကို ထည့်သွင်းတွက်ချက်၍ လုံးဝ မဖြစ်နိုင်ပါဟု လေ့လာစောင့်ကြည့်သူများက ယူဆကြကြောင်း ဥရောပရှိ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အေဂျင်စီတခုဖြစ်သော Organization for Security and Cooperation အဖွဲ့က ဆိုသည်။ အခြားလိမ်လည်မှုများထက် ထိုကဲ့သို့လိမ်လည်မှုသည် တရားမျှတမှု မရှိသော ရွေးကောက်ပွဲတခု၏ အမှတ်လက္ခဏာကြီး ဖြစ်လေသည်။

အထက်တွင်ဖော်ပြခဲ့သော လိမ်လည်မှု နမူနာများ၏ထိပ်တွင် အနိုင်ကျင့်မှုများ၊ ခြိမ်းခြောက်မှုများသည် ၂၀၀၈ ဆန္ဒ ခံယူပွဲတွင် ပြည့်နှက်နေပါသည်။ အကယ်၍ မဲဆန္ဒရှင်များက ကန့်ကွက်မဲပေးခဲ့လျှင် ၎င်းတို့၏ လယ်ယာမြေများကို သိမ်းယူမည် သို့မဟုတ် ဖမ်းဆီး အကျဉ်းချမည်ဟု ဒေသခံအာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း မှတ်တမ်း အများအပြားတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ လိမ်လည်မှုများသည် အတွေ့ရ များသော အလေ့အထတခု ဖြစ်ပြီး ငွေကြေး၊ ဆုပေးခြင်း၊ လှူဒါန်းခြင်း တို့ဖြင့် မဲဝယ်မှု နမူနာများကို အိမ်နီးချင်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တွေ့မြင်နိုင်သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်သူများသည် မဲဆန္ဒရှင်များကို ချေးငွေများပေးမည်ဟု ကမ်းလှမ်း မက်လုံးပေးလေ့ရှိကြသည်။ ထိုပါတီ အနိုင်ရသွားပြီးနောက်ပိုင်းတွင် ထိုကမ်းလှမ်းချက်များကို ပယ်ဖျက်နိုင်ချေ ရှိသည်။ ထိုသို့ မဲဝယ်ခြင်းကို “green harvesting” (အချိန်မတိုင်မီ ရိတ်သိမ်းခြင်း) ဟု ထိုင်းနိုင်ငံတွင် လူသိများပါသည်။

ခြုံ၍ပြောရလျင် မြန်မာနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က ကဲ့သို့ “Yes” သို့မဟုတ် “No” ဟုသာ အလွယ်တကူ စဉ်းစားပြီး ပေးရသည့် မဲမျိုးနှင့် အလွန် ကွာခြားပါလိမ့်မည်။ အကြောင်းမှာ ရွေးချယ်ရမည့် ပါတီ သို့မဟုတ် ကိုယ်စားလှယ် အများအပြား ပါဝင်မည် ဖြစ်ပြီး သတ်မှတ်ချက်များမှာလည်း ပို၍များပြားနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော အဓိကနယ်ပယ် ၄ ရပ်ကိုထည့်သွင်းစဉ်းစားလျှင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း နိုင်ငံတကာ အသိုင်းအ၀န်းက ရှင်းရှင်းလင်းလင်း အလေးအနက်ထား ပြောဆိုရပေမည်။

နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ “Free and Fair?” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2518-2010-02-01-10-14-13

မြို့ပြသူပုန်


မြို့ပြသူပုန်


(၁)
အချိန်ကား (၁၉၉၉) ခုနှစ်။
နေရာကား ရှမ်းပြည်တနေရာ။

တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် သူမ လက်ဖျား က လေးများ ထုံနေသလို ခံစားနေရသည်။ သို့ပေမယ့် ချစ်သူနဲ့တွေ့ရတဲ့ ရှားရှား ပါးပါး အချိန်လေးကို အအေးဒဏ်ကြောင့် မကုန်ဆုံးစေချင်ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း၊ သူ ပြောသော စကားလေးတွေကို နားထောင်ရတဲ့ အရသာကို သူမ ဘာနဲ့မှ မလဲ နိုင်ပါ။ ချစ်သူပြောသော စကားလေးများက စုံလင်လှသည်။ နိုင်ငံရေး၊ တိုင်း ရင်းသားအရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေး၊ လူတန်းစားအရေး။ သူမနားလည်သည်များလဲရှိ၊ နားမလည်သည်များလဲရှိ။ သို့ပေမယ့် ချစ်သူ ပြောသော စကားလုံးလေးတွေမို့ သူမအတွေးထဲမှာ အမြတ်တနိုး သိမ်းရင်း နားထောင်ဖြစ်သည်။

မိသားစု၊ အသိုင်းအဝိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း။ အရာရာကို ဆန့်ကျင်ပြီး လျှောက်ဖို့ ကြိုးစားနေရတဲ့ ဒီလမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ်စင်။ ချစ်သူသည်သာ သူမရဲ့ ဘဝဖော်။ အချစ်ကြောင့် ရွေးချယ်ခဲ့သော လမ်းမဟုတ်ပေမယ့် သူမရွေးချယ်ခဲ့သော လမ်း ပေါ်မှာ ဆရာဆိုလဲဟုတ်၊ ခေါင်းဆောင်ဆိုလဲဟုတ်၊ ချစ်သူဆိုလဲဟုတ်၊ ဘဝလက်တွဲဖော်လို့ ရည်မှန်းထားသူဆိုလဲဟုတ်တဲ့ ဒီလိုလူ တယောက်က အဆင်သင့် ပေါ်လာခဲ့တာ သူမရဲ့ ကံကောင်းခြင်း လက်ဆောင်ပဲ ထင်ပါရဲ့။

“ညီမလေး အရမ်းချမ်းနေပြီလား။ အနွေးထည်က ပါးပါးလေးဝတ်လာတာကိုး။ အစ်ကို့ဂျာကင် ဝတ်ထားလိုက်နော်”
“မလုပ်ပါနဲ့အစ်ကိုရဲ့။ အစ်ကို့က ဂျာကင်ချွတ်လိုက်ရင် ရှပ်အင်္ကျီလေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
“ရပါတယ်ညီမလေးရဲ့။ အစ်ကိုက တောင်ပေါ်မှာပဲမွေး၊ တောင်ပေါ်မှာပဲ နေလာတဲ့သူ”
“အောင်မာ။ ညီမလေးလဲ တောင်ပေါ်သူပါပဲနော်”
“ခုတော့ မဟုတ်တော့ဘူးလေ။ မြေပြန့်မှာ ကျောင်းသွားတက်နေတာကိုး။ ခုပဲကြည့်။ အနွေးထည် ထူထူ ဝတ်မလာဘူး”

အစ်ကိုက ဆူသလိုလေး ပြောရင်း ဂျာကင်အင်္ကျီလေးကို ဝတ်ပေးသည်။ အသက်ချင်းကလဲ ဆယ်နှစ်ကျော်ကွာတာမို့ ချစ်သူတပိုင်း၊ မောင်နှမ တပိုင်းလို ဖြစ်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို ဂရုဏာဒေါသော အပြောလေးတွေထဲက စိုးရိမ်စိတ်လေးတွေကို သူမ သဘောတကျနဲ့ ကြည်နူးနေ တတ်ခဲ့ပြီ။

“မှန်းစမ်း။ လက်တွေက အေးနေတာပဲ။ သွေးပူသွားအောင် လမ်းထလျှောက်ကြရအောင်။ လမ်းသွားရင်း စကားပြောကြတာပေါ့”

အနီးက တောတန်းလေးဘက်သို့ သူမတို့ ဆက်လျှောက်ခဲ့ကြသည်။ အစ်ကိုဆုပ်ကိုင်ထားသော သူမလက်ကလေးက တစတစ ပြန် နွေးလာသလို ပြောနေကြသော စကားလေးတွေကလဲ အရှိန်ရလာသည်။ ဒီရိုးမတောင်တန်းကြီးပေါ်က လက်နက်ကိုင်တော်လှန်ရေး တွေအကြောင်း ကြားရတိုင်း သူမသွေးတွေ ဆူပွက်နေကြ။ ဒီသမိုင်းကြောင်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ မပါဖြစ်ခဲ့ရတာအတွက် လူဖြစ် နောက်ကျသလို ခံစားရတတ်စမြဲ။

“ညီမလေး တောခိုချင်တယ် အစ်ကို။ ဒီစကားကို ပြောနေတာလဲ အကြိမ်ပေါင်းများစွာ မကတော့ဘူး။ ဆက်သွယ်ပေးဖို့ အစ်ကို့ကို ပြောတိုင်းလဲ တားနေတာပဲ”

အကြိမ်များစွာ ဖွင့်ခဲ့ဖူးသော ဓာတ်ပြားဟောင်းကိုပဲ သူမပြန်ဖွင့်ဖြစ်သည်။ ခေတ်ကာလအချိန်၊ နိုင်ငံရေး အခြေအနေတွေအရ လက် နက်ကိုင်တော်လှန်ရေး ရေချိန်ကျလာတာတွေကို သူမ မသိလို့တော့ မဟုတ်။ သို့ပေမယ့် လက်နက်ကိုင်တော်လှန်ရေးခေတ် လုံးဝ ကုန်သွားပြီလို့တော့ သူမ မယူဆမိ။ မရှိမဖြစ် လိုအပ်ချက်တရပ်လို့ သူမစိတ်ထဲ ယုံကြည်ထားမိသည်။

“မြို့ပေါ်မှာ နေလို့ ရသေးသရွေ့တော့ တောခိုတာကို အစ်ကိုက အားမပေးချင်ဘူး။ ဒါကြောင့် ညီမလေးကို မြို့ပေါ်မှာပဲ နေခိုင်းတာပါ။ ပညာဆက်သင်။ လူတွေကို စည်းရုံး၊ စာတွေဖတ်၊ ပြင်ဆင်၊ တည်ဆောက်။ အချိန်အခါစောင့်။ အစ်ကိုက ဒီတာဝန်တွေပဲ ညီမလေးကို ဆက်ယူစေချင်တယ်”

“ညီမလေးကလေ အဲဒီလေ့လာရေးတွေလုပ်၊ ပြင်ဆင်၊ တည်ဆောက်တာတွေကို စိတ်မရှည်တော့သလို ဖြစ်နေတယ်။ တခါတည်း သေနတ်ဆွဲပြီး ရင်ဆိုင်ပစ်ချင်တယ်”

“ကိုယ့်ထက် အဆမတန် အင်အားကြီးမားတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါ စိတ်လိုက်မာန်ပါ လုပ်လို့ မရတာတွေ အများကြီးပဲ ညီမလေး။ အားကြီးသူကို အားနည်းသူက ထိပ်တိုက်ရင်ဆိုင်ရင် အားကြီးသူက နိုင်မှာပဲ။ ဒီတော့ သွယ်ဝိုက်ပြီး ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင်တဲ့ အခါမှာ ဥာဏ်ကိုလွှာပြီး အသုံးချနိုင်ဖို့လိုမယ်။ စစ်သုံးစကားနဲ့ ဆိုရင်တော့ ရန်သူက Conventional attack နဲ့ ရင်ဆိုင်လာတဲ့အခါ ကိုယ့်ဘက်က Conventional Defense နဲ့ ပြန်ရင်ဆိုင်ဖို့ လိုသလို ရန်သူရဲ့ Barbarism ကို ကိုယ့်ဘက်က Guerrilla Warfare Strategy သုံးပြီး အနိုင်ယူဖို့ ကြိုးစားရမယ်”

“ဒါကြောင့် အစ်ကို့ကို ညီမလေး ပြောတာလေ။ တောခိုပါမယ်ဆို။ Guerrilla လုပ်ချင်တာ။ သူပုန်လုပ်ချင်တာ”
“ညီမလေးက သူပုန်ဖြစ်နေပြီပဲဥစ္စာ”
“အစ်ကိုကလဲ လုပ်ပြန်ပြီ။ ညီမလေးက ဘယ်မှာ သူပုန်ဖြစ်သေးလို့လဲ။ ဘာလက်နက်မှလဲ ညီမလေးလက်ထဲမှာ မရှိသေးဘူး။ ဘာ တိုက်ပွဲမှလဲ မတိုက်ရသေးဘူး။ တိုက်ဖို့နေနေသာသာ တောခိုပါမယ်ဆိုတာလဲ အစ်ကိုက ခွင့်မပြုဘူး”
“ဟားဟားဟားဟား”

သူမစကားအဆုံးမှ အစ်ကိုက တဟားဟား ထရီတာကြောင့် သူမ စိတ်တိုသွားရသည်။

“အစ်ကိုနော်။ လူကို မရီနဲ့။ ဘာလဲ။ ညီမလေးက သေနတ်မကိုင်ရဲဘူး ထင်လို့လား”

“မထင်ပါဘူးဗျာ။ ညီမလေး လုပ်ချင်ရင် မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတာ အစ်ကို ယုံပြီးသား။ ညီမလေးပြောပုံကို သဘောကျလို့ ရီမိ တာပါ။ အင်း- တကယ်တော့ အစ်ကို လိုသွားတာ။ သူပုန်ဆိုတာမှာ တောခိုပြီး အခိုင်အမာစခန်းတည်ဆောက်၊ ရန်သူကို ရင်ဆိုင်တဲ့ သူပုန်ရှိသလို မြို့ပြသူပုန်လဲ ရှိတယ်ဆိုတာ ညီမလေးကို အစ်ကို မပြောပြခဲ့မိဘူး”

“မြို့ပြသူပုန်၊ ဟုတ်လား အစ်ကို”

စကားလုံးအသစ်လေးက သူမ နှလုံး ခုန်သံကို ကျယ်လောင်သွားစေခဲ့သည်။

(၂)

“မြို့ပြသူပုန် (urban guerrilla) ဆိုတာကလဲ တောထဲတောင်ထဲမှာ အခြေစိုက် တော်လှန်နေကြသူတွေလိုပဲ ဖိနှိပ်တဲ့ အာဏာရှင် တွေကို တိုက်ပွဲဝင် တော်လှန်နေသူတွေပဲ ညီမလေး။ တခုပဲ ကွာတာက operation area ဖြစ်တဲ့ လှုပ်ရှားနယ်မြေပဲ။ မြို့ပြသူပုန်ရဲ့ တော်လှန်ရေး လှုပ်ရှားနယ်မြေက မြို့ကြီးတွေပဲ”

အစ်ကို ရှင်းပြနေသည်များကို သူမစိတ်ဝင်တစားနှင့် နားထောင်နေမိသည်။ မြို့ပြသူပုန်ဆိုသော စကားလုံးလေးကို ကြားလိုက်ရက တည်းက သူမရင်ထဲက ရင်ခုန်သံတွေ ကျယ်လောင်လာခဲ့ဖူးသည်။ ဒီစကားလုံးလေးက သူပုန်လုပ်ပြီး မတရားမှုကို ပုန်ကန်လိုသော သူမရဲ့ သွေးတွေကို ပွက်ပွက်ဆူနေစေခဲ့သည်။ ဒါကြောင့်လဲ အသေးစိတ်ရှင်းပြဖို့ အစ်ကို့ကို သူမပြောရသည်။ ဒီဇင်ဘာ ကျောင်း ပိတ်ရက်ကာလမှာ အစ်ကိုလဲ အားနေသလို သူမလဲ အားနေသည်။ သူငယ်ချင်း အိမ်တွေသွားမယ်ဆိုပြီး အိမ်ကကားမောင်းသမားကို သူငယ်ချင်းတွေအိမ်မှာ ချခိုင်း၊ ရောက်ရာနေရာမှာ ငါးမိနစ်လောက်နေပြီးမှ တက္ကစီနဲ့ တခါပြန်ထွက်၊ လာကြိုမယ့်အချိန်မရောက်ခင် ကြိုပြန်လာရတာမှ လွဲ၍ သူမ ဆီမှာ အခက်အခဲက သိပ်မရှိလှ။ သူမသိချင်၊ လုပ်ချင်ပြီဆိုလျှင် ဒိထက်ခက်တဲ့ အခက်အခဲ ဘယ် လောက်ပဲ ကြုံကြုံ၊ မရရအောင် ကြိုးစားလုပ်ဖို့ ဇွဲခတ်တတ်တာကလဲ သူမရဲ့ ဗီဇစိတ်။

“တောမှာ သူပုန်ထရင် သူပုန်နဲ့ ဓားပြတွေ၊ မှောင်ခိုတွေကို ရောထွေးပြီး အထင်လွဲအောင် အာဏာရှင်တွေက လုပ်တတ်တယ်။ ဒီလိုပဲ မြို့မှာ သူပုန်ထရင်လဲ သူပုန်တွေနဲ့ ရာဇဝတ်မှု လုပ်နေသူတွေကို ရောထွေးပြီး အထင်လွဲအောင် လုပ်ခံရတတ်တယ်။ ဒါပေမယ့် သူပုန် ဆိုတာမှာက ဘာနဲ့မှ မတူတဲ့ ဝိသေသ တွေရှိတယ်။ သူပုန်တွေဆိုတာက လူထုကို ထိခိုက်အောင် မလုပ်ဘူး။ သူတို့ရဲ့ ပစ်မှတ်က ဖိနှိပ်တဲ့ အာဏာရှင်တွေနဲ့ အာဏာရှင်ယန္တရားတွေပဲ ဖြစ်တယ်။ သူပုန်တွေမှာ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်။ ပြီးတော့ သူပုန်တွေ ဆိုတာက ဖိနှိပ်တဲ့ အာဏာရှင်တွေကို အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တော်လှန်ပေးသူတွေဖြစ်တယ်။ ဒါကြောင့် မြို့ပြသူပုန် တယောက်ဟာ လိုအပ်လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရတဲ့အခါမှာ ရန်သူစစ်အာဏာရှင် စနစ်ကိုပဲ ပစ်မှတ်ထားရမယ်။ မြို့ပြသူပုန် တယောက်ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့ ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက်တိုင်တွေကို စိတ်ဓာတ်ပိုင်း ဆိုင် ရာ ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်းထစေမှု၊ လူထုနဲ့ တော်လှန်ရေး ပေါင်းစပ်နိုင်အောင် ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင် ယန္တ ရားကို ဖြိုလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်”

“အဲလိုတွေ ဖြစ်အောင်လုပ်ဖို့ ဘာတွေလိုမလဲအစ်ကို။ ဘာတွေ ပြင်ဆင်ရမလဲ” စိတ်အားထက်သန်စွာဖြင့် သူမဝင်မေးမိသည်။

“အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းပဲ ညီမလေး။ သူပုန်လုပ်မယ့်လူ တယောက်ဟာ သတ္တိရှိရ မယ်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိရမယ်၊ နယ်မြေကျွမ်းအောင် လေ့လာထားရမယ်။ ကိုယ်လှုပ်ရှားရမယ့် နယ်မြေက ကိုယ့်နယ် မ ဟုတ်တဲ့အခါ အစစအရာရာ ကြိုတင်ပြင်ဆင်ရမယ်။ ဒီနယ်ရဲ့ ဓလေ့ထုံးစံ၊ လုပ်ရိုးလုပ်စဉ်တွေ၊ နယ်မြေခံလူထု အခြေအနေတွေ၊ နယ် မြေထဲက ရန်သူ့လူအဝင်အထွက် အနေအထားတွေ၊ ရန်သူ့သတင်းပေးတွေကိုပါ တတ်နိုင်သမျှ လေ့လာထားရမယ်။ ဆရာဝန်၊ ကျူ ရှင်ဆရာ၊ စာရေးဆရာစတဲ့ အသက်မွေးဝမ်းကျောင်း တခုခုပြထားနိုင်ရင် လျှို့ဝှက်လုပ်ငန်းတွေအတွက် အသုံးဝင်တယ်။ မဟုတ်ရင် လဲ နယ်မြေခံလူထုနဲ့ ရင်းနှီးအောင် ကုန်စုံဆိုင်ဖွင့်တာမျိုး၊ စာအုပ်အငှားဆိုင်ဖွင့်တာမျိုး စတာလေးတွေပေါ့။ မြို့ပြသူပုန်တယောက်မှာ ဆက်သွယ်ရေးကိရိယာ၊ လက်နက်ပစ္စည်းစတွေက အားနည်းတယ်။ အလွယ်တကူ သယ်ယူရွှေ့ပြောင်းလို့လဲ မရဘူး။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး အဝင်လမ်း၊ အထွက်လမ်းတွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်။ ဝိုင်းဝန်းပိတ်ဆို့ ဖမ်း ဆီးဖို့ အခွင့်အလမ်း နည်းပါးတဲ့ နေရာမျိုး၊ ရန်သူုကို ကိုယ့်ဘက်က ကြိုပြီး လက်ဦးမှု ယူနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ နောက်တချက်က လက်နက်ပစ္စည်း။ တကယ်သာ အသုံးပြုတတ်ရင် မီးဖိုချောင်က ဓားတချောင်းကလဲ သေနတ်တလက်လို အသုံး ဝင်ပါတယ်”

အစ်ကို့စကားကြောင့် သူမ မျက်လုံးပြူးသွားသည်။

“အစ်ကိုပြောသလိုဆို ဓားပေါက်၊ ဓားထိုးနည်းတောင် သင်ထားရမလိုပဲ”

“လိုအပ်ရင် ပြောတာပါ။ ဘာပညာပဲဖြစ်ဖြစ် သင်ထားရင်တော့ မမှားဘူးပေါ့။ မြို့ပြသူပုန်တယောက်ဟာ အရေးကြုံချိန်မှာ အထက်က ညွန်ကြားချက်ကို စောင့်လို့ မရဘူး။ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ် အကောင်းဆုံး ရင်ဆိုင်ဖြေ ရှင်းနိုင်ဖို့ ကြိုးစားကြရတယ်။ ဒီအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မှုက အရေးကြီး တယ်။ ဆုံးဖြတ်ချက် ချရမှာကို မကြောက်ရဘူး။ ရန်သူနဲ့ ရင်ဆိုင်ဆုံမိတဲ့အခါ မတွေဝေရဘူး။ အခြေအနေပေါ် မူတည်ပြီး သူပစ် ကိုယ်ပစ်၊ သူသတ်ကိုယ်သတ် လုပ်ရတာလဲ ရှိချင်ရှိမှာပဲ။ အဆိုးဆုံးအခြေအနေတွေနဲ့ ကြုံရတဲ့အခါ သွေးအေးဖို့ လိုတယ်။ သူပုန်တ ယောက်ဟာ အအိပ်အစားကိစ္စတွေမှာ ဂျီးမများရဘူး။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် နေနိုင်ရမယ်။ ရန်သူက မရိပ်မိခင်မှာ တခြား အသက်မွေးဝမ်းကျောင်းတွေ ရှေ့က ပြပြီး နေပြတတ်ဖို့ လိုအပ်သလို ရန်သူက ရိပ်မိသွားချိန်တွေမှာ ပုန်းအောင်းနေထိုင်နည်းတွေလဲ သိရမယ်။ ပင်ပန်းတာ၊ ဆာလောင်မွတ်သိပ်တာ၊ ရာသီဥတုဒဏ်၊ နေထိုင်မကောင်းဖြစ်တဲ့ ဒဏ်တွေမှာလဲ စိတ်ဓာတ်ကို အကျမခံပဲ ကျားကန်နိုင်ရမယ်။ သူပုန်တယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ခိုင်မာမှုပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရင်ဆိုင်ရတဲ့ ရန်သူက ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူ ဖြစ်နေတာကြောင့်ဖြစ်တယ်။ ဒါပေမယ့် ဒီလိုအင်အားကြီးတာကို ဘာမှတွေးပြီး စိုးရိမ်စရာတော့ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ရန်သူအာဏာရှင်တွေ ဆိုတာက လူထုကို ဖိနှိပ်နေတဲ့ လူထုရဲ့ ချဉ်ဖတ်တွေ။ သူပုန်တွေဆိုတာကကျ တော့ လူထုရှေ့က ရပ်တည်ပေးနေတဲ့၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေ ဖြစ်လိုပဲ။ တချိန်ကျရင် တရားသောစစ်ကပဲ အနိုင်ရပါတယ် ညီမလေး။ တကမ္ဘာလုံးက စစ်အာဏာရှင်စနစ်တွေ အားလုံး တစတစ ပြိုလဲကျနေပြီပဲ”

“အဲဒါကတော့ ယုံတယ်အစ်ကို။ ညီမလေးဆီမှာ ရန်သူက အင်အားကြီးလို့ အနိုင်ရမှာပဲဆိုတဲ့ အတွေးမျိုးတွေ၊ စိုးရိမ်စိတ်တွေ၊ အား ငယ်စိတ်တွေ တခါမှ မဝင်ဖူးဘူး။ အားကြီးတဲ့လူက အားနည်းသူကို အနိုင်ယူနိုင်တယ်ဆိုတာ တိရစ္ဆာန်လောကမှာပဲ ရှိပါတယ်အစ်ကို။ လူ့လောကမှာတော့ ဘယ်လောက် အားကြီးတဲ့ အာဏာရှင်တွေပဲဖြစ်ဖြစ် တရားမျှတတဲ့ ပုန်ကန်မှုတွေကို မနှိမ်နင်းနိုင်ပါဘူး။ တော် လှန်ရေးသမားတွေဆိုတာက ဘိုးဘိုးအောင် ဝလုံးလေးတွေလိုပဲလို့ ညီမလေးတော့ ယုံတယ်။ တယောက်ကို သတ်ရင် နောက်နှစ် ယောက်ထွက်လာမှာပဲ။ ဆယ်ယောက်ကို ထောင်ချရင် အယောက်တရာ ထပ်ထွက်လာဦးမှာပဲ။ ဘာလို့လဲဆိုတော့ အဖိနှိပ်ခံ ပြည်သူ တွေ ဆိုတာက ဖိနှိပ်သမျှ လည်စင်းခံပေးနေမယ့် တိရစ္ဆာန်တွေ မဟုတ်လို့ပဲ။ လူတွေ ဖြစ်နေကြလို့ပဲ။ အားမတန်လို့သာ ခဏမာန် လျှော့ချင်လျှော့ထားကြမယ်။ ရင်ထဲက ပုန်ကန်လိုစိတ်တွေကတော့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ် သွားမှာ မဟုတ်ဘူး”

“အစ်ကိုလဲ ဒါကို ယုံတယ် ညီမလေး။ အစ်ကိုတို့ ပြည်သူတွေဟာ တခါတရံမှာ ခေါင်းငုံ့ချင် ငုံ့နေကြမယ်။ ဒါပေမယ့် ဒါဟာ အာဏာ ရှင်တွေကို ကြောက်ရွံ့ပြီး လုပ်သမျှ လည်စင်းခံပေးဖို့ မဟုတ်ဘူး။ ခေါင်းငုံ့ရင်း ဓားသွေးနေကြတာပါ။ ဓားတွေ ထက်လာတဲ့ တနေ့မှာ အာဏာရှင်ယန္တရားတွေကို တစစီဖြစ်အောင် ခုတ်ထစ်ခြေမွကြလိမ့်မယ်။ ဒီလို မခြေမွနိုင်သေးချိန်မှာတော့ အစစအရာရာ ကြိုတင်ပြင် ဆင်ပြီးမှ တိုက်ပွဲဝင်ကြရမယ်။ စိတ်ဓာတ်တွေ ကြံ့ကြံ့ခိုင်ထားကြရမယ်။ အာဏာရှင်ဘက်တော်သားတွေဟာ ကိုယ့်ထက်သာလွန်တဲ့ လက်နက်တွေကို ကိုင်ထားနိုင်မှာ အသေအချာပဲ။ ဒါပေမယ့် စိတ်ဓာတ်လက်နက်မှာတော့ အစ်ကိုတို့ သူပုန်တွေကို မမှီဘူး။ သူပုန် တယောက်ရဲ့ အရာရာကို စွန့်ထားရဲတဲ့ စိတ်ဓာတ်ဟာ အာဏာရှင်ဘက်တော်သားတွေရဲ့ ကြေးစားစိတ်တွေထက် အဆမတန် ပိုမြင့် မြတ်တယ်။ ပိုထက်မြက်တယ်။ အစ်ကိုကတော့ ဆုံးဖြတ်ထားပြီးသား။ အစ်ကို့ဘဝတသက်တာမှာ လူ့အသက်နဲ့ ယုံကြည်ချက်စိတ် ဓာတ်အထဲက တခုကိုပဲ ရွေးရတော့မယ်ဆိုရင် အသက်ကိုပဲ အသေခံမယ်။ စိတ်ဓာတ်ကိုတော့ အသေမခံဘူး။ ကိုယ့်ဝိညာဉ်က အ သက်မရှိတဲ့ ကိုယ့်ခန္ဓာကို ပြန်ပြီး အလေးပြုနိုင်စေရမယ်။ ယုံကြည်ချက်သေပြီး အသက်ရှင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ကိုယ်မလိုချင်ဘူး။ ရွံရှာစက်ဆုပ်မိလိမ့်မယ်”

“ညီမလေးလဲ အဲလိုပါပဲ။ ညီမလေးရဲ့ ဘဝမှာ အသက်စွန့်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ နောက် တွန့်တွေဝေမယ့် သွေးတွေ ညီမလေး သွေးကြောထဲမှာ ရှိမနေစေရဘူး။ တကယ်လို့များ ညီမလေးရဲ့ ကိုယ်ခန္ဓာတထောင့် တနေ ရာမှာများ ဒီသွေးတွေ ရှိနေခဲ့ရင် ညီမလေးကိုယ်တိုင် ဖောက်ထုတ်ပစ်မယ်”

စကားများ အဆုံးမှာ သူမတို့ နှစ်ယောက် အကြည့်ချင်း ဆုံမိကြသည်။ တူညီသော စိတ်များအတွက် တယောက်ကိုတယောက် လေး စားတန်ဖိုးထားမိကြသည်။ ဆုပ်ကိုင်မိကြသော လက်ဖဝါးနှစ်ခုမှသည် တော်လှန်ရေးသစ္စာတရားတို့ အပြန်အလှန် စီးဆင်းသွားခဲ့သည် ဆိုတာကတော့ အသေအချာပင်။

(၃)

“အစ်ကို ညီမလေးကို ဟိုကိစ္စ သင်ပေးမယ်ဆို”

သူမက အားတက်သရောပြောတော့ အစ်ကိုက ပြုံးသည်။ မနေ့က နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်သည့် အချက်များကို အစ် ကိုက ပြောပြလေသည်။ ရေကူးခြင်း၊ တောလမ်းခရီးသွားခြင်း၊ ကားမောင်းခြင်း၊ ကားစက်ပြင်ခြင်း၊ ရေဒီယိုအသုံးပြုခြင်း၊ တယ်လီဖုန်း သုံးခြင်း၊ မြေပုံဖတ်ခြင်း၊ ဓာတုဗေဒနှင့် အီလက်ထရောနစ် နည်းပညာအခြေခံများ၊ စာကူးနည်း၊ စာရိုက်နည်းများ၊ တံဆိပ်တုံး လုပ် နည်းများ၊ ရှေးဦးသူနာပြု၊ ဆေးဝါးအခြေခံစသည်များကို တတ်ကျွမ်းထားသင့်ကြောင်း အစ်ကိုကပြောရင်း မဖြစ်မနေသိထားသင့်သည့် ကိစ္စတခုကိုလဲ အခြေခံသင်ပေးမည်ဟု ဆိုလေသည်။

“ပြောသာပြောရတယ်။ ညီမလေးကလေ မီးမလာရင်တောင် ဖယောင်းတိုင်ပဲ ထွန်းတယ်။ မှန်အိမ်မှာ မီးစာကို မီးညှိတာတောင် လုပ် တာ မဟုတ်ဘူး”

သူမက ဆက်ပြောတော့ အစ်ကိုက မပြုံးပဲ ဝါးလုံးကွဲရယ်လေသည်။

“ဒါပေမယ့်လဲ မတူဘူးလေနော်။ လိုအပ်မှာတွေအားလုံးကို အစ်ကိုသင်ပေးထားသမျှ ညီမလေး ကြိုးစားသင်ထားမှာပါ။ တချိန်မှာ မ လိုလာဘူးလို့မှ ပြောလို့ မရတာပဲနော်”

သူမတို့ ဆရာ၊ တပည့်နှစ်ယောက်က အဲလိုပဲ အတိုင်အဖောက်ညီ ကြပါသည်။ မြို့ပြတိုက်ပွဲ ပုံဖော်ခြင်း နည်းဗျူဟာများကိုလဲ အစ်ကို က အသေးစိတ်ရှင်းပြပါသည်။ လူထုတိုက်ပွဲနှင့် ပေါင်းစပ်နိုင်ရေး၊ စည်းရုံးရေး၊ သတင်းထောက်လှမ်းရေးများ မည်မျှ အရေးကြီး ကြောင်းကိုလဲ ဆက်ပြောပြသည်။

“အရေးကြီးဆုံးကတော့ လက်ဦးမှု ယူနိုင်ဖို့ပဲ ညီမလေး။ အခြေအနေက ကိုယ့်လက်ထဲမှာ ရှိနေရမယ်။ ရန်သူ့လက်ထဲ မရှိရဘူး။ ရန်သူ့ အင်အားကို ကိုယ်သိရမယ်၊ ရန်သူ့နေရာကို ကိုယ်သိရမယ်။ ဒါပေမယ့် ကိုယ့်ကို ရန်သူမသိအောင် တတ်နိုင်သမျှ ဖုန်းကွယ်နေရမယ်။ ကိုယ့်နေရာကို ရန်သူမသိစေရဘူး။ ကိုယ့်အင်အားကို ရန်သူ မသိစေရဘူး။ ဘာပဲလုပ်လုပ် လုံခြုံရေးကို နံပါတ်တစ်အနေနဲ့ စိတ်ထဲမှာ ထားရမယ်။ သတင်းမှားတွေ ပေးရမယ်။ ဗယ်ခြောက်ညာလှမ်းတွေ လုပ်ရမယ်။ နယ်မြေကျွမ်းကျင်အောင် လုပ်ရမယ်။ ကဲ.. အခု ညီ မလေး မန္တလေးမှာ ကျောင်းသွားတက်တယ်နော်။ ညီမလေး နေတဲ့ရပ်ကွက်ကို ညီမလေး လေ့လာထားဖို့လိုမယ်။ ပြီးတော့ မြို့အနှံ့။ ပြီးရင် မြို့ဝန်းကျင်။ ကားလမ်းခရီး၊ ကားဂိတ်တွေ၊ တည်းခိုခန်းတွေ။ ဒီတခေါက်ပြန်ရင် ညီမလေး နယ်မြေကျွမ်းအောင် လေ့လာကြည့် ကြည့်ပါလား။ ဒါတွေက မြို့ပြသူပုန်တယောက်အတွက် အရေးကြီးတယ်။ သူပုန်တယောက်ဟာ ကိုယ်လှုပ်ရှားမယ့် နယ်မြေရဲ့ ဝင် လမ်း၊ ထွက်လမ်းတွေ၊ ရဲတွေ ရှိတတ်တဲ့ နေရာတွေ၊ မီးပွိုင့်တွေ၊ လူဝင်လူထွက် နည်းတဲ့အချိန်၊ များတဲ့အချိန်၊ တယ်လီဖုန်းရှိတဲ့ နေ ရာတွေ၊ ဈေးဆိုင်တွေ၊ ကိုယ်ယောင်ဖျောက်နိုင်တဲ့ နေရာတွေကို သိနေရမယ်။ ရှောင်ဖို့လိုတဲ့အခါ ငွေအင်အားရှိရင် လမ်းမတူတဲ့ ကား လမ်းခရီးတွေကို အချိန်တွေ ခွဲဝယ်ပြီး ရန်သူကို ပြန်လှည့်စားဖို့ လိုမယ်။ ရှောင်မယ့် အချိန်ကာလအတွက် နာမည်မတူတဲ့ နောက်ထပ် ကျောင်းသားကတ်ဖြစ်ဖြစ် တခုခု ကိုင်ထားနိုင်ရင် ပိုကောင်းတယ်။ ဒီအချက်က သတင်းအချက်အလက်နဲ့လဲ ပိုပြီး ဆိုင်လိမ့်မယ်။ ရန် သူကို သတင်းအချက်အလက်မှားတွေပေးပြီး အချိန်ဖြုန်းပေးဖို့လိုတယ်။ ရန်သူက ကိုယ်ဘာလုပ်နေလဲ ဆိုတာကို မသိစေဖို့ အထူး လျှို့ဝှက် ထားရမယ်။ ဒါပေမယ့် ရန်သူအကြောင်းကိုတော့ ကိုယ်က သိနေအောင် ကြိုးစားဖို့ လိုအပ်တယ်။ ကိုယ်နေတဲ့ ဝန်းကျင်က ရန်သူ့လူတွေကို ခွဲခြားသိနေနိုင်ရင် ပိုကောင်းတယ်။ သူတို့ခြေလှမ်းတွေကို သိနိုင်တယ်။ နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ အချိန်အခါနဲ့ အညီ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းပဲ။ ဘယ်လောက်ပဲ စီမံချက်တွေက ကောင်းနေပါစေ၊ လုပ်မယ့်လူရဲ့ ဆုံး ဖြတ်လုပ်ကိုင်မှု မကောင်းရင် ကြန့်ကြာမှုတွေ၊ စီမံချက် ပျက်သွားတာတွေ ဖြစ်တတ်တယ်ညီမလေး”

“မြို့ပြသူပုန်ထတဲ့အခါ ဘယ်လိုစီမံချက်တွေ လိုလဲ အစ်ကို”

“ဒါကတော့ ကိုယ်တာဝန်ယူရတဲ့ အခြေအနေ၊ နယ်မြေ၊ တာဝန်အကြီးအငယ်၊ အမာလိုင်း၊ အပျော့လိုင်းအရ ကွာမှာပဲ။ တပ်အပ်ပြော လို့တော့ မရဘူး။ လက်တင်အမေရိက နိုင်ငံတွေမှာကတော့ အများစုကလက်နက်ကိုင်တာဆိုတော့ ချေမှုန်းရေး လုပ်လေ့ရှိကြတယ်။ ဒီလိုချေမှုန်းတာမှာ ပစ်မှတ်နေရာတွေကတော့ အာဏာရှင်တွေရဲ့ ရုံးဌာနတွေ၊ ရဲစခန်း၊ ယာဉ်တန်း၊ ရဲကား၊ စစ်ကား စတာတွေပဲ။ နောက်ထပ်တမျိုးကတော့ အချိန်အတိုင်းအတာတခုအထိ ဝင်ပြီး စီးနင်းတာပဲ။ ညဘက်ဆိုရင်တော့ ပိုထိရောက်တယ်။ အစောင့်အ ရှောက်နည်းတဲ့ ရုံးတွေကို ညဘက် ဝင်စီးနင်း၊ လျှို့ဝှက်စာတမ်းတွေယူ၊ ကိုယ့်အတွက် အသုံးမလိုတဲ့ ဖိုင်တွေဆို ဖျက်ဆီးပစ်လိုက်တာ မျိုးတွေပေါ့။ နောက်တမျိုးကတော့ လူထုတိုက်ပွဲတွေ ဖြစ်လာတဲ့အခါ တချို့နေရာတွေကို သိမ်းပိုက်ထားတာပဲ။ ဥပမာ စက်ရုံ၊ ကျောင်းဝင်း စတာမျိုးတွေ။ အဲဒီမှာ အရေးကြီးတာက သပိတ်စခန်းနားကို အာဏာရှင် ဒေါက်တိုင်တွေ အလွယ်တကူ မကပ်နိုင်အောင် အရံအတားတွေ လုပ်တာမျိုးပဲ။ ရန်သူ့ယာဉ်တန်းကို သပိတ်စခန်းတွေဆီ မရောက်ခင် ဖြတ်တိုက်တာတွေ၊ ရန်သူ့ဒေါက်တိုင်တွေ စု တတ်တဲ့ နေရာတွေကို ကြိုတင်ပြီး တိုက်ခိုက်တာတွေ၊ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အစုအဖွဲ့လေးတွေက သူ့နယ်နဲ့သူ ရန်သူ့ ဒေါက်တိုင်ဖြိုဖျက်ရေး လုပ်ငန်းဆောင်တာတွေ လုပ်တာမျိုးတွေပေါ့။ ဒါတွေကတော့ အာဏာရှင်ဆန့်ကျင်ရေးမှာ အကြမ်းမဖက် လူထု တိုက်ပွဲပဲ လုပ်မှာလား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပေါင်းစပ်တိုက်ပွဲဝင်မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်နည်း လုပ်ဟန်တွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တော်လှန်ရေးတခုမှာ ခေါင်းဆောင်ရဲ့ လုပ်နည်းလုပ်ဟန် အပေါ် ရွေးချယ် ဆုံးဖြတ်ချက် ဆိုတာက သားသမီးကို ဘာအဝတ်ဝတ်ပေးမလဲဆိုတဲ့ မိဘနဲ့ ဆုံးဖြတ်ချက်နဲ့အတူတူပဲ။ ကိုယ့်သားသမီး အရွယ်အစားနဲ့ အခြေအနေ ကို သိပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရင်တော့ အမြင်သင့်တော်ပြီး အောင်မြင်မှာပေါ့။ မရွေးချယ်နိုင်ရင်တော့လဲ ကိုယ့်သားသမီးကို အင်္ကျီနီလေး ဝတ်ပေးပြီး နွားသိုးရှေ့ ခေါ်သွားတဲ့ မိဘလိုပဲ ဖြစ်မှာပေါ့။ ဒါကတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အတွေးအ ခေါ်တွေ အပေါ်မှာပဲ မူတည်တာမို့ အစ်ကို သိပ်မပြောတော့ဘူး။ ဘယ်လိုသဏ္ဍာန်နဲ့ပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုယ် ကျေပြွန်ဖို့ကတော့ မြို့ပြသူပုန် တယောက်အတွက် အရေးကြီးဆုံးပဲ”

“ညီမလေး တခုမေးမယ်နော် အစ်ကို။ လူထုတိုက်ပွဲဖြစ်လာတဲ့အခါ လူတွေအများကြီး လမ်းပေါ် ထွက်လာမှာပဲ။ လူထုစစ်ကြောင်း တွေဖွဲ့ပြီး ချီတက်ဆန္ဒပြမှာပဲ။ အဲဒီမှာ လူထုနဲ့ စစ်တပ်၊ ရဲတွေ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို လုပ်မလဲ။ ရန်သူက လူစုခွဲခိုင်းမယ်။ ကိုယ့်ဘက်က မခွဲဘူး။ တရားဟောတာတွေ ဘာတွေလုပ်မယ်။ ပစ်တော့မှ ပြေးမယ်။ တနေရာမှာ ပြန်စုမယ်။ အဲလိုမျိုးပဲလား”

“ညီမလေးကို ခုနတုန်းက အစ်ကို ပြောသလိုပဲ။ ဒီကိစ္စက လူထုတိုက်ပွဲကို အကြမ်းမဖက် ဆန္ဒပြတဲ့ အနေနဲ့ပဲ လုပ်မှာလား။ လက်နက် ကိုင် တိုက်ခိုက်မှုနဲ့ ပေါင်းစပ်မှာလား ဆိုတာပေါ်မှာ မူတည်တယ်။ ဥပမာ- ဖိလစ်ပိုင်နိုင်ငံတုန်းကတော့ လူထုအင်အားကိုပဲ လုံးဝ သုံး သွားတယ်။ သံချပ်ကာကားတွေ ပင်မ သပိတ်စခန်းကို ချီတက်လာတဲ့အခါမှာ လူတွေက လမ်းမဖယ်ပေးပဲ ငုတ်တုတ်ထိုင်ချ လိုက်ကြ တယ်။ နောက်ဆုံး သံချပ်ကာကားတွေ ဆုပ်သွားတယ်။ ဒါက အကြမ်းဖက်မှု လုံးဝမပါပဲ လူထုအင်အားတခုတည်းပဲ သုံးခဲ့တဲ့ပွဲ။ ဘရာ ဇီးတုန်းကတော့ ဘရာဇီးကျောင်းသားတွေက ပြန်ပြီး ခုခံခဲ့ကြတယ်။ ရဲတွေက ရှေ့တိုးလာပြီး ဆန္ဒပြသမားတွေထဲက ခေါင်းဆောင်လို့ ယူဆသူတွေ၊ အလံကိုင်တွေ၊ ရှေ့တန်းက လူတွေကို ဝင်ဆွဲဖမ်းတဲ့အခါ လူအုပ်က ငြိမ်မနေဘူး။ တိုးလာတဲ့ ရဲတွေကို လူအုပ်ထဲ ကျွံ ဝင်လာအောင် လုပ်ပြီးမှ ပြန်ဝိုင်းလိုက်ကြတယ်။ တဘက်မှာ ဖရိုဖရဲဖြစ်နေတုန်း၊ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဆွဲထုတ်သွားကြ တယ်။ ပြီးတော့ ရဲတွေ နေရာယူတတ်တဲ့ နေရာမျိုးတွေကို ကြိုပြီး ခန့်မှန်းတာ၊ သတင်းရယူတာတွေ လုပ်ထားလို့ရတယ်။ အဲဒီအခါ ဆန္ဒပြ စစ်ကြောင်းက ရှေ့နောက်ပိတ်ပြီး ပြန်ဝိုင်းတာမျိုး ဖန်တီးလို့ ရတယ်။ နီးစပ်ရာ အဆောက်အဦတွေကနေ နေရာကြိုယူုပြီး တိုက်ခိုက်တာတွေ လုပ်လို့ရတယ်။ နောက်တခု အရေးကြီးဆုံးက လူထုအစည်းအဝေးတွေ လုပ်တဲ့အခါ escape plan ရှိဖို့ပဲ။ ဒါတွေ မရှိပဲ ဘယ်တော့မှ လူထုအစည်းအဝေးတွေ မခေါ်ရဘူး။ ချီတက်တဲ့ လမ်းကြောင်းကို ရွေးတဲ့အခါ ဘယ်လိုနေရာမျိုးမှာ ထောင် ချောက် ဆင်ခံရနိုင်တယ်။ ဘယ်လိုနေရာမျိုးမှာ အာဏာရှင် လက်ကိုင်ဒုတ်တွေ စုဝေးထားနိုင်တယ် ဆိုတာတွေ ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြောင်းတွေ လွှတ်သင့်တယ်။ မလွှတ်ခင် ကတည်းက စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က အားနည်းချက်ရှိနေနိုင်တဲ့ နေ ရာတွေကို ကိုယ့်ရှေ့ပြေးတွေ ကြိုလွှတ်ထားသင့်တယ်။ ဒီလို လူထုနဲ့ တွဲပြီး လူထုတိုက်ပွဲထဲမှာပါတဲ့ မြို့ပြသူပုန်ကို လက်တင် အမေရိကနိုင်ငံတွေကတော့ မြို့ပြဆန္ဒပြသူပုန်လို့ ခေါ်ကြတယ်”

(၄)

“ဟိုနေ့က အစ်ကိုပြောတဲ့ မြို့ပြဆန္ဒပြ သူပုန်အကြောင်းလေး ဆက်ပါဦးအစ်ကို”

“မြို့ပြဆန္ဒပြသူပုန်ဆိုတာက လူထုတိုက်ပွဲတွေ ဖော်ဆောင်တဲ့ မြို့ပြသူပုန်ပေါ့။ အစ်ကိုက ဒါကြောင့် ညီမလေးကို ပြောတာလေ။ သူ ပုန်လုပ်ချင်တယ် ပြောမနေနဲ့။ ညီမလေးကိုယ်တိုင်ကိုက သူပုန်ဖြစ်နေပြီးသား ဆိုတာ။ အဲဒါကို ပြောတာ။ လူထုတိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင်တာ၊ လှုံ့ဆော်တာ၊ တည်ဆောက်တာ၊ အစုအဖွဲ့သမဂ္ဂတွေ ဖွဲ့စည်းတာတွေ အားလုံးဟာ မြို့ပြဆန္ဒပြသူပုန်တွေရဲ့ လုပ်ငန်း တာဝန်တွေပဲ။ အာဏာရှင်တွေကလဲ ဒါကို သိပ်ကြောက်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြီးမားကျယ်ပြန်တဲ့ လူထုတိုက်ပွဲတွေ ဟာ အစိုးရအုပ်ချုပ်ရေးယန္တရားကို ရပ်တန့်ပစ်နိုင်လို့ပဲ။ ဒီနေရာမှာ အစိုးရအုပ်ချုပ်ရေး ယန္တရား ရပ်တန့်တာနဲ့ အစိုးရအဖွဲ့ဝင်တွေ တ ယောက်က တယောက် ပြောင်းသွားတာ မတူဘူး။ အစ်ကိုတို့ ရှစ်လေးလုံးတုန်းက လူထုတိုက်ပွဲနဲ့ အစိုးရအဖွဲ့ဝင်တွေ တယောက်က တယောက် ပြောင်းသွားအောင်တော့ လုပ်နိုင်ခဲ့တယ်။ ရုံးဌာနတွေ တော်တော်များများ သပိတ်တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြ တယ်။ ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးယန္တရားရဲ့ အသက်ဝင်နေမှုကို မရပ်တန့်နိုင်ခဲ့ဘူး။ အုပ်ချုပ်ရေး ယန္တရားသစ်တခုနဲ့ အစားထိုးပြီး တည်ဆဲ အုပ်ချုပ်ရေးကို အစားမထိုးနိုင်ခဲ့ဘူး။ ဒါကြောင့် အာဏာပြန်သိမ်းခံခဲ့ရတာပဲ”

“ညီမလေးက အဲလိုမသိထားခဲ့ဘူး။ အစိုးရသုံးခုပြုတ်ကျခဲ့တယ်လို့ လူပြောသူပြောတာတွေနဲ့ အောင်မြင်ခဲ့တယ်လို့ပဲ သိထားခဲ့တာ”

“မအောင်မြင်လို့ပဲ ခုညီမလေးတို့၊ အစ်ကိုတို့ ဆက်တိုက်နေရတာပေါ့ ညီမလေးရဲ့။ တော်လှန်ရေး လုပ်တဲ့အခါ အဲဒီ တဝက်တပျက် အောင်မြင်မှုတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်ပြီး သာယာမှုတွေကို ရှောင်နိုင်ရမယ်။ ဒီအချက်က တော်တော် အရေးကြီးတယ်။ ဥပမာ ဆယ်တန်းကျတဲ့လူက ထုတ်ထားတဲ့ အမှတ်စာရင်းကြည့်ပြီး သူဂုဏ်ထူးသုံးခု ရပါတယ်လို့ ကြည်နူးဝမ်းသာ နေသလိုနဲ့ တူတယ်။ အ မှတ်စာရင်းအရ ဂုဏ်ထူးသုံးခုပါနေပေမယ့် ခြောက်ဘာသာလုံး မအောင်တော့ ကျတာက ကျတာပဲလေ။ အဲဒီပကတိ အမှန်ကို သိပြီး၊ ကိုယ့်အားနည်းချက်၊ အားသာချက်ကို ပြန်ရှာနိုင်ဖို့ပဲ။ မဟုတ်ရင် အထည်ကြီးပျက်စိတ်တွေ ပေါ်လာတတ်တယ်။ တချိန်က ရွှေထီး ဆောင်းခဲ့ရတာကို အရသာခံ စိတ်ကူးယဉ်နေလို့ ဘာမှ မထူးဘူး။ လက်ရှိ မိုးရေထဲမှာ ဖိနပ်မပါပဲ လျှောက်နေရတဲ့ဘဝကနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာက ပကတိအခြေအနေရဲ့ လိုအပ်ချက်တရပ်ပဲ”

“အစ်ကို ပြောလိုက်တော့မှပဲ ညီမလေး သဘောပေါက်သွားတော့တယ်။ ပကတိအခြေအနေကို သဘောပေါက် လက်ခံဖို့လိုတယ် ဆိုတာ။ ဒီစကားက တော်လှန်ရေးအတွက်တင်မဟုတ်ပါဘူး။ လူ့ဘဝအတွက်လဲ အရေးကြီးတဲ့ စကားတရပ်လို့ မြင်ပါတယ်။ ညီမလေး တသက်လုံး မှတ်ထားမယ် အစ်ကို”

“အရေးကြီးတယ် ညီမလေး။ လူတယောက်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးတရပ်ပဲဖြစ်ဖြစ်၊ နောက်ဆုံး နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ် ပကတိအခြေ အနေကို သိနေဖို့ အရေးကြီးဆုံးပဲ။ မြို့ပြသူပုန်တွေ၊ တော်လှန်ရေးသမားတွေ အတွက်ကတော့ ဒီအချက်ဟာ ကိုယ့်အသက်၊ ကိုယ့် ဘဝ၊ ဒါမှမဟုတ်ရင် ကိုယ့်ရဲဘော်တွေရဲ့ အသက်တွေ၊ ဘဝတွေနဲ့ပါ ရင်းရလောက်တဲ့အထိ အရေးကြီးတယ်။ လူဆိုတာ ကိုယ့်ပကတိ အခြေအနေကို နားလည်ရတယ် ညီမလေး။ ငါဘာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်မေးရမယ်။ မြို့ပြသူပုန်လား၊ တော်လှန်ရေး သ မားလား၊ စာနယ်ဇင်းသမားလား၊ မြေအောက်ရဲဘော်လား၊ မြေပေါ်နိုင်ငံရေးသမားဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့ လိုတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ လိုတယ်။ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ တော် လှန်ရေးသမားတယောက်ဟာ ကိုယ့်ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ကိုယ့်ရဲဘော်တွေနဲ့ ကိုယ့်ကို ထောက်ခံနေတဲ့ ပြည်သူတွေ ဒုက္ခမ ရောက်အောင် အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ရမယ်။ စကားသိပ်များတဲ့ လူတွေ ကိုယ့်ကလာဘ်စည်းထဲ ရောက်လာရင် သတိသာ ထားပေတော့။ လျှို့ဝှက်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်နေတဲ့ လူတွေနဲ့ မြေပေါ်နိုင်ငံရေးမှာ အစည်းအဝေးတွေ၊ စည်းရုံးရေး တွေ ထင်ထင်ပေါ်ပေါ် လုပ်နေရသူတွေကို သီးခြားခွဲပြီး တာဝန်တွေ ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ လူ့စိတ်ဆိုတာက ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်လို့ပဲ။ တခါတရံမှာ ရန်ဖြစ်ငြင်းခုံမှုတွေ ရှိလာတဲ့အခါ လူတွေက သူဘာလဲ၊ ငါဘာလဲဆိုတာ ဇာတိပြချင်ကြတယ်။ အဲဒီအခါမျိုးမှာ ငါဘာလဲဆိုတာ ပြနိုင်ဖို့ လျှို့ဝှက်လုပ်ထားတဲ့ လုပ်ငန်းဆောင်တာတွေ ချပြောပြီး ကြွားတတ်ကြတယ်။ လူတွေရဲ့ ပင် ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ကို သိချင်ရင် စိတ်ရှုတ်ထွေးအောင် လုပ်ကြည့်လိုက်၊ ရန်ဖြစ် ငြင်းခုံကြည့်လိုက်။ သေချာပေါက် ထွက်လာ တယ်”

“ဟုတ်တယ်အစ်ကို။ အဲဒါတော့ အသေအချာပဲ။ ညီမလေး အဲဒါမျိုးနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်ဖတ်ဖူးတယ်။ တခါတလေလဲ အ ရက်ဝိုင်းမှာ မခံချင်အောင် ဆွပြောပြီးမှ သတင်းနှိုက်ယူတာမျိုးလဲ ရှိတယ်တဲ့”

“အမှန်ပဲ ညီမလေးရ။ အရက်ဆိုတာ လူတွေရဲ့ သိက္ခာနဲ့ စိတ်ဓာတ်ကို ဖရိုဖရဲဖြစ်စေတယ်။ အရက်ဝိုင်းမှာ နိုင်ငံရေးဆွေးနွေးရင် ဘယ် လိုအကျိုးကျေးဇူးမှ ထွက်လာမှာ မဟုတ်ဘူး။ ငြင်းခုန်ပြီးပဲ အဆုံးသတ်မှာပဲ။ မြေပေါ်နိုင်ငံရေးသမားတွေအတွက်တော့ အရမ်းကြီးမား တဲ့ ပြဿနာမရှိပေမယ့် မြေအောက်ရဲဘော်တွေနဲ့ မြို့ပြသူပုန်တွေအတွက်တော့ ဒီကိစ္စဟာ အရမ်းအရေးကြီးတယ်။ ကိုယ်နဲ့ အရမ်းမ ရင်းနှီးသူတယောက်နဲ့ အတူတူ မသောက်စားမိဖို့ ရှောင်သင့်တယ်။ သောက်စားတာတင် မဟုတ်ဘူး။ ငြင်းခုန်ဆွေးနွေးတာတွေ၊ စ ကားအများကြီး ပြောရတာတွေကိုပါ မလိုအပ်ရင် ရှောင်နေသင့်တယ်”

“အစည်းအဝေး ဆိုရင်ကော အစ်ကို”

“မြေအောက်ရဲဘော်တွေ၊ မြို့ပြသူပုန်တွေအတွက်က စည်းရုံးရေးနဲ့ ကွန်ယက်ချိတ်ဆက်ရေး တာဝန်တွေ ယူထားတာ မဟုတ်ဘူးဆို ရင် တတ်နိုင်သမျှ လူချင်း မဆုံပဲ အလုပ်လုပ်နိုင်ရင်တောင် ပိုကောင်းတယ်။ ဒီခေတ်ကြီးမှာ တယောက်နဲ့ တယောက် လူချင်းမတွေ့ပဲ လုပ်လို့ ရနေတာတွေ အများကြီးပါ ညီမလေးရယ်။ အစည်းအဝေးဆိုတာ အခန့်မသင့်ရင် ကိုယ့်အဖွဲ့တဖွဲ့လုံး ရန်သူက ရိပ်မိပြီး ထောင်ချောက်ထဲ ရောက်သွားနိုင်တယ်။ မဟုတ်ရင်လဲ ဘယ်သူတွေဆိုတာ ရန်သူက သိသွားပြီး နောက်ယောက်ခံ လိုက်ခံရတာတွေ ဖြစ်နိုင်တယ်။ တချို့က နိုင်ငံရေးလုပ်တယ်ဆိုတာကို အစည်းအဝေးလုပ်၊ ဟိုနားစုစု၊ ဒီနားစုစုလုပ်တာ၊ နိုင်ငံရေးစကားလုံး အကြီးကြီး တွေ ပြောရတာတွေလို့ ထင်နေကြတာ ညီမလေးရ။ မြေပေါ်နိုင်ငံရေးမှာတော့ အထိုက်အလျောက် လိုပေမယ့် မြေအောက်နိုင်ငံရေးမှာ ဒါတွေ ပါသွားရင်တော့ ပြဿနာတွေ တက်မှာပဲ။ မြေအောက်သူပုန် တယောက်ဟာ နောက်ဆုံးတိုက်ပွဲတွေ ဆင်နွှဲပြီးရင်တောင် မလို အပ်ပဲနဲ့ ဒါကို သူ့လက်ချက်ဆိုတာ လူသိမခံရဘူး။ မြေပေါ်နဲ့ မြေအောက်တော်လှန်ရေးမှာ ပြောင်းပြန်ယူဆရမယ့် အချက်တွေက အ များကြီးပဲ။ အရေးပါတဲ့ သော့ချက်တခုကတော့ မြေအောက်တော်လှန်ရေးမှာ လူအများက ကိုယ်လုပ်နေတာတွေကို မသိလေလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်း ပိုများလေလေပဲ။ မြေပေါ်နိုင်ငံရေးကျတော့ လူအများက ကိုယ်လုပ်နေတာကို သိလေလေ၊ ကိုယ့်ကို ဝန်းရံမယ့်လူ များလေလေ၊ လုပ်ငန်းဆောင်တာတွေ ပိုအောင်မြင်လေလေပဲ။ ဒါကြောင့် မြေပေါ်နဲ့ မြေအောက်ကို လိုင်းမပူး ပါနဲ့ ဆိုတာကို မြေအောက်ယူဂျီစည်းကမ်း တခုအနေနဲ့ သတ်မှတ်ထားကြတာပေါ့”

“အဲဒီ လိုင်းမပူးဖို့ စည်းကမ်းက အပြောလွယ်သလောက် လက်တွေ့မှာ တော်တော်ခက်တယ်နော်”

“ခက်ပေမယ့် ခံစားချက်ထက် တာဝန်ကို ဦးစားပေးတဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး လိုက်နာရမယ့် သံမဏိစည်းကမ်း တခုပဲ ညီမလေး။ အဲဒီစည်းကမ်းကို နည်းနည်းလေးပဲ စဖောက်လိုက်မိရင်တော့ ပြဿနာမီးပွားတွေ စတော့တာပဲ။ ယူဂျီလုပ်ငန်း ကျဆင်းရတာတွေထဲ မှာ ဒီအချက်က နံပါတ် (၁) ပဲ။ မြေအောက်ရဲဘော်ပဲ ဖြစ်ဖြစ်၊ မြို့ပြသူပုန်ပဲ ဖြစ်ဖြစ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ကို အတိအကျ လိုက်နာဖို့ လိုအပ်တယ်။ ဒီစည်းမျဉ်း၊ စည်းကမ်းတွေဆိုတာက ပြီးစလွယ်၊ တွေ့ကရာ ချထားတဲ့ စည်းကမ်းတွေ မ ဟုတ်ဘူး။ လူတွေအများကြီးရဲ့ ဘဝနဲ့ အသက်တွေနဲ့ ရင်းပြီး ပေးထားခဲ့တဲ့ သင်ခန်းစာတွေ။ ဒီစည်းကမ်းတွေထဲမှာ သွေးတွေ၊ ချွေး တွေ၊ အသက်တွေ အများကြီးပဲ ပေါင်းစပ်ပါဝင်နေတယ်လို့ ဆိုနိုင်တယ်”

“မြို့ပြသူပုန် စည်းကမ်းတွေကကော အစ်ကိုတခါပြောထားတဲ့ ယူဂျီစည်းကမ်းတွေနဲ့ အတူတူပဲလား”

“တာဝန်ပေါ် မူတည်ပြီး ကွဲပြားတာလေးတွေ တချို့တော့ ရှိတာပေါ့ညီမလေး။ ဥပမာ ချေမှုန်းရေးနဲ့ သပိတ်တိုက်ပွဲဖော်ဆောင်ရေးက တော့ ကွဲပြားမှာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ယေဘုယျအခြေခံ အချက်တွေကတော့ အတူတူပါပဲ။ လိုင်းတွေ မပူးရဘူး။ မလိုအပ် ပဲ စကားအများကြီး မပြောရဘူး။ လိပ်စာစာအုပ်တွေ၊ တယ်လီဖုန်းမှတ်တမ်းတွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပစ်လိုက်ရ မယ်။ စာရွက်စာတမ်းတွေ မသိမ်းဆည်းထားရဘူး။ လူနာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေ၊ လိပ်စာတွေ၊ မြေပုံကြမ်းတွေ၊ စီမံချက် တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်ပြီးတာနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်း မှန်သမျှ ဖျက်ဆီးပစ်လိုက်ရမယ်။ ဒါတွေက သိပ်အရေး ကြီးတယ်။ ဒီထက် ပိုပြီး အရေးကြီးတာတွေကတော့ ရှောင်ရန် အချက် (၇) ချက်ပဲ။
ပထမ တချက်က ရန်သူကို အထင်သေးတာ။ လျှော့တွက်တာ၊ လုပ်သမျှအားလုံး အဆင်ပြေမယ်လို့ ယူဆပြီး ပေါ့ဆတာတွေပဲ။ ရန်သူ ရဲ့ ထောက်လှမ်းရေး ဆိုတာက အချိန်တွေ၊ ငွေတွေနဲ့ ရင်းပြီး စနစ်တကျလေ့ကျင့်ပေးခံထားရတာ။ ဒါကို အထင်ကြီးနေရင်လဲ ကိုယ့် ဘက်က တွန့်ဆုတ်တတ်တယ်။ အထင်သေး ပြန်ရင်လဲ ကိုယ့်ဘက်က ပေါ့ဆတတ်တယ်။ ဒီတော့ အထင်လဲ ကြီးစရာ မလိုဘူး။ ဒါပေ မယ့် အထင်သေးလို့လဲ မရဘူး။ သဲလွန်စ ဘယ်တော့မှ မကျန်စေနဲ့။ ဒါကို အထူး သတိထားရမယ်။
ဒုတိယအချက်ကတော့ ကြွားတာ။ မြို့ပြသူပုန်ဆိုတာ မြေအောက်တော် လှန်ရေး အသွင်နဲ့ လှုပ်ရှားသူတွေ ဖြစ်တယ်။ အစ်ကိုပြောသ လိုပဲ။ ကိုယ်တကယ် ဘာတွေ လုပ်နေလဲဆိုတာ လုတွေ မသိလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်းတွေ ပိုများနေလေလေပဲ။ ဒီ အချက်ကို မလိုက်နာပဲ ကိုယ့်ကို လူအထင်ကြီးတာ ခံစေချင်လွန်းလို့ ကိုယ်ဘာလုပ်လိုက်တယ်ဆိုတာ လိုက်ကြွားတာဟာ သိပ် ကြောက်ဖို့ ကောင်းတယ်။ မသိနားမလည်သူတွေကတော့ အထင်ကြီးချင် ကြီးလိမ့်မယ်။ မြေအောက်တော်လှန်ရေးကို နားလည်နေ သူတွေကတော့ အဲလိုလူနဲ့ အလုပ်လုပ်ဖို့ကို တစတစနဲ့ ရှောင်လာကြမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီလိုလူမျိုးဟာ သူ့ကိုယ်သူသာမက သူနဲ့ ပတ်သက်တဲ့ လူတွေကိုပါ ဒုက္ခဖြစ်စေတတ်လို့ပဲ။
တတိယရှောင်ရမယ့် အချက်ကတော့ တပ်ဦးကျွံတာပဲ။ တော်လှန်ရေးဆိုတာ လူတဦး တယောက်တည်း၊ တဖွဲ့တည်းနဲ့ လုပ်လို့ မရ ဘူး။ တော်လှန်ရေး အင်အားစုတွေအားလုံး စုပေါင်းလုပ်မှသာ အောင်မြင်မှာ ဖြစ်တယ်။ လူထုရဲ့ ရေချိန်၊ တော်လှန်ရေးရဲ့ ပကတိ အ ခြေအနေစတာတွေကို စနစ်တကျ တွက်ချက်လုပ်ရတယ်။ ဒါကို ထည့်သွင်းစဉ်းစားခြင်း မပြုတဲ့ တော်လှန်ရေး ခေါင်းဆောင်တ ယောက်၊ အစုအဖွဲ့တခု စတာတွေဟာ သူအောင်မြင်မယ်လို့ထင်တဲ့ လုပ်ငန်းဆောင်တာတွေကို အများနဲ့ မညှိနှိုင်းပဲ တွန်းလုပ်တတ် လေ့ရှိတယ်။ အဲဒီအခါမှာ အခြေအနေနဲ့အညီ ချိန်ကိုက်မထွက်လာပဲ ကျွံထွက်သွားတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊ ရန်သူကို သွားဆွ ပေးလိုက်သလို ဖြစ်လာတာပဲ။ ရန်သူက တကယ်စစ်ဆင်လာတဲ့အခါကျတော့ ပြင်ဆင်ပြီးသား မဖြစ်တဲ့အတွက် တော်လှန်ရေးတခုလုံး ချေမှုန်းခံရတတ်တယ်။
စတုတ္ထအချက်ကတော့ ကိုယ့်အင်အားတွေကို ရှိတာထက် ပိုပြီး မြင်တာပဲ။ အဲဒီလို မြင်လာတဲ့အခါ ရှိတဲ့ လူအင်အား၊ ငွေအင်အား ထက် အဆမတန် ပိုပြီးသာလွန်တဲ့ လုပ်ငန်းဆောင်တာကြီးတွေကို လုပ်မိတတ်တယ်။
ပဉ္စမအချက်ကတော့ ကောက်ခါငင်ခါ စိတ်လိုက် မာန်ပါ တိုက်ပွဲဖော်ဆောင်တာပဲ။ လူဆိုတာက ရန်သွားဖြစ်မယ်ဆိုရင်တောင် စိတ် လိုက်မာန်ပါ သွားဖြစ်ရင် ကိုယ်ပဲနာမှာ အသေအချာပဲ။ စောင့်သင့်တဲ့ အချိန်အခါ၊ အခွင့်အလမ်းကို မစောင့်နိုင်ပဲ စိတ်မရှည်ဖြစ်ပြီး၊ ရန် သူကို အလျင်အမြန် ထိပ်တိုက်သွားရင်ဆိုင် မိတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ညီမလေးကို အစ်ကို သတိထပ်ပေးမယ်နော်။ သူသေကိုယ်သေ သွားချလိုက်ချင်တယ်တို့၊ စိတ်မရှည်တော့ဘူးတို့ ဆိုတဲ့ စကားတွေကို ညီမလေးဆီကနေ အစ်ကို ခဏခဏ ကြားရတယ်။ တော်လှန်ရေးသမားကောင်းဆိုတာ အချိန်အခါ၊ အခွင့်အလမ်းကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ရတယ်ညီမလေး။ မိုက်ရူးရဲ မဆန်ရဘူး။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချလိုက်တာနဲ့ အန္တရာယ်တွေ့ တော့မယ်ဆိုတာကို ညီမလေး အမြဲ တွဲတွေးရမယ်နော်”

သူမ မျက်နှာငယ်လေးနှင့် ခေါင်းညိတ်လိုက်မိသည်။ စိတ်လိုက်မာန်ပါ ဖြစ်တတ်သော သူမရဲ့ အကျင့်ဆိုးတွေကို ပြင်နိုင်ဖို့ တော် တော်ကြိုးစားရပါဦးမည်။

“နောက်တချက်ကလဲ ခုနတုန်းက အချက်နဲ့ ဆက်စပ်တယ်။ ရန်သူကို ဒေါသအရမ်းထွက်နေချိန်မှာ သွားတိုက်ခိုက်တာ။ လူတိုင်းဟာ ဒေါသထွက်နေချိန်ဆို အမှားတွေ လုပ်မိတတ်တယ်။ ဒေါသစိတ်နဲ့ ရမ်းမိတတ်တယ်။ ရန်သူရဲ့ ဟာကွက်တွေကို မမြင်ဘူး။ ဘာအ လုပ်ပဲ လုပ်လုပ် သွေးအေးအေးနဲ့ အစီအစဉ်တကျ လုပ်တတ်သူကသာ ယမ်းပုံမီးကျ စိတ်မထိန်းနိုင် ပေါက်ကွဲတတ်သူတွေကို အနိုင် ယူနိုင်တယ်။ ဒေါသနဲ့ အလုပ်တခုကို လုပ်တိုင်း ကိုယ်ရှုံးတော့မယ်ဆိုတာ မှတ်ထားလိုက်တော့။ နောက်ဆုံးတခုကတော့ အလုပ်တွေ ကို အစီအစဉ်တကျ မလုပ်တာနဲ့ အလျင်စလို လုပ်တတ်တာတွေပဲ။ ဒါတွေဟာ တော်လှန်ရေးသမားတွေရဲ့ အောင်ပွဲကို အဆုံးအဖြတ် ပေးနိုင်မယ့် အချက်တွေပဲ။ တော်လှန်ရေး တခုအောင်မြင်မလား၊ မအောင်မြင်ဘူးလား သိချင်ရင် လူတွေကို ကြည့်လိုက်။ ဒီအချက် တွေကို ရှောင်နိုင်တဲ့လူ များနေရင် အောင်မြင်လိမ့်မယ်။ ဒီလိုမဟုတ်ပဲ ရန်သူကို အထင်သေးပြီး ကိုယ့်ကိုယ်ကို သိပ်ဟုတ်ပြီလို့ ထင် နေကြရင်၊ လျှို့ဝှက်ထားအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ထုတ်ဖော်ကြွားဝါနေကြရင်၊ အခြေအနေနဲ့ အချိန်အခါကို မဆန်းစစ်ပဲ ဟန်ချက်မညီတဲ့ တွန်းအားတွေ ဖြာထွက်နေရင်၊ ကိုယ်လုပ်နိုင်တာထက် ကျော်လွန်နေတဲ့ စီမံချက်တွေကို အကောင်အထည် ဖော်နေ ကြရင်၊ ဒေါသစိတ်တွေနဲ့ စိတ်လိုက်မာန်ပါ အလုပ်လုပ်နေကြရင် အဲဒီတော်လှန်ရေးဟာ အရှိန်နဲ့ မြောင်းထဲ ထိုးဆင်းနေပြီဆိုတာ ယူ ဆလို့ရတယ်။ အဲဒီလက္ခဏာတွေ ပေါ်နေရင် ခေါင်းဆောင်တွေ တိုင်ပင်ညှိနှိုင်းပြီး ပြင်သင့်တာပြင်ဖို့ လိုသလို တော်လှန်ရေးသမား တိုင်းကလဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်ပြီး ထိန်းညှိနိုင်ဖို့ လိုအပ်တယ်။ ဒီအချက်တွေကို ညီမလေး သေချာမှတ်ထားပါ။ ရှောင်သင့်တာ တွေ ရှောင်နိုင်ဖို့ကို အထူးကြိုးစားရမယ်နော် ညီမလေး”

“ဟုတ်ကဲ့အစ်ကို။ စိတ်ချပါ။ အစ်ကို့ တပည့်မလေးပဲ ဥစ္စာ။ ဆရာ့မျက်နှာကို ဘယ်တော့မှ အိုးမဲ မသုတ်ဘူး”

“အစ်ကိုက သိထားအပ်တာတွေ ပြောတာပါ။ ဆရာလုပ်တာ မဟုတ်ပါဘူးဗျာ”

“ဆရာလုပ်လုပ်၊ မလုပ်လုပ်။ ဒီကိစ္စရေးရာတွေမှာတော့ အစ်ကိုက ညီမလေးရဲ့ ဆရာရင်းပါ။ အစ်ကိုဖတ်ခိုင်းထားတာတွေကိုလဲ ညီမလေး ညတိုင်း ဖတ်ဖြစ်တယ် သိလား။ ကျောင်းစာသာ မဖတ်ချင်နေမယ်။ တခြားစာတွေတော့ နေ့တိုင်းဖတ်ပြီးမှကို အိပ်တာ”

“အဲလိုတော့ မလုပ်ပါနဲ့ ညီမလေးရယ်။ စာမေးပွဲ မအောင်ပဲ နေပါဦးမယ်။ ညီမလေးကို အစ်ကိုက ဘွဲ့ရပညာတတ်လေး ဖြစ်စေချင် တယ်။ ဘွဲ့ယူတယ်ဆိုတာက အောင်လက်မှတ်ကို ယူတာကို ပြောတာမဟုတ်ဘူးနော်။ ပညာကို ယူတာ။ ပညာဆိုတာက ကိုယ့်ဟာ ကိုယ်လဲ ယူလို့ရတာမှန်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာတွေက စနစ်တကျသင်ပေးလိုက်တော့ နည်းလမ်းတကျ တတ်မြောက်လွယ်တာ ပေါ့။ ဆရာမပြရင် ငါးပိဖုတ်တောင် နည်းလမ်းကျဘူးတဲ့ ညီမလေးရဲ့”

“ဟုတ်ကဲ့ပါ ဆရာကြီးရယ်။ ဆရာ့စကားကို မြေဝယ်မကျ နားထောင်ပါ့မယ်။ ဒါပေမယ့် ငါးပိဖုတ်တာတော့ သင်ချင်ဘူးနော်။ အစ်ကို ဖုတ်ကျွေးတဲ့ ပဲပုတ်မီးကင်လေးနဲ့ ထမင်းကြော်လေးတော့ စားချင်တယ်။ ဗိုက်ဆာပြီ အစ်ကိုရဲ့”

သူမက စပ်ဖြီးဖြီးလေးနဲ့ ပြောတော့ အစ်ကိုက သူမခေါင်းကို လှမ်းထုလေသည်။

“တော်တော်အားကိုးရတဲ့ တပည့်နော်။ ထံနီးလုပ်ကျွေးတဲ့။ တပည့်ကျင့်ဝတ်နဲ့များ ညီပါ့။ ဆရာကတောင် ထမင်းပြန်ကြော် ကျွေးရဦး မယ်”
“ဟဲဟဲ။ ဘေးကနေ ကူလုပ်ပေးမယ်နော်။ စကားလဲ ကူပြောပေးမယ်”

“အင်းပါဗျာ။ ခင်ဗျားလေး အသံလေး ကြားနေရရင်ပဲ တော်ပါပြီ။ ဒီညနေ ထမင်းဝိုင်းလေးကတော့ မြို့ပြသူပုန် သင်တန်းဆင်းပွဲ ထမင်း ဝိုင်းလေးပေါ့။ ဟုတ်လား”

“မြို့ပြသူပုန် သင်တန်းဆင်းပွဲ ထမင်းဝိုင်း”

စကားလုံးလေးက ရင်ထဲသို့ တိုးဝင်သွားသည်။ ဒီတညနေ ထမင်းဝိုင်းလေးကို သူမဘယ်လိုမေ့လို့ ရနိုင်ပါမည်တဲ့လဲ။

ခင်မမမျိုး
(၃၁၊ ၁၊ ၂ဝ၁ဝ)
http://www.naytthit.com/ShortStory/2010/feb/kmmm-feb1.html

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ


“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။

ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားလိုင်းတွေသာ ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။

ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။ နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။ ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။

“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။ “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။

အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။ အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။

အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။

Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။

“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။
http://www.irrawaddy.org/bur/index.php/news/1-news/2523-2010-02-01-12-53-38

မွန်ပြည်သစ်က ဘာကြောင့် နယ်ခြားစောင့်တပ် ငြင်းလဲ

မွန်ပြည်သစ်က ဘာကြောင့် နယ်ခြားစောင့်တပ် ငြင်းလဲ



ချင်းမိုင် (မဇ္ဈိမ) ။ ။ယခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဇန်နဝါရီလ ၃ဝ ရက်နေ့သည် ၆၃ နှစ်မြောက် မွန်အမျိုးသားနေ့ ဖြစ်သည်။

သို့သော် မွန်တိုင်းရင်းသားများသည် ၎င်းတို့၏ စာပေ၊ ဘာသာစကားနှင့် ယာဉ်ကျေးမှုများကို လွတ်လပ် စွာ ထိန်းသိမ်း မြှင့်တင်နိုင်ခွင့် မရရှိကြောင်း မွန်ပြည်သစ်ပါတီ-NMSP မှ နိုင်ငံခြားရေးဌာန တာဝနှ်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တခန်းတကဏ္ဍမှ ကျိုးစားနေသည့် မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ရပ်သည်။
သို့သော် စစ်အစိုးရနှင့် နိုင်ငံရေးအရလွတ်လပ်စွာ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ စစ်အစိုးရကမူ နယ်ခြား စောင့်တပ် BGF အသွင်ပြောင်းရန်သာ တိုက်တွန်းနေသည်။ မွန်ပြည်သစ်ပါတီကလည်း ယင်းကို ငြင်းဆို ထားသည်။

မွန်တိုင်းရင်းသားများနှင့် မွန်ပြည်သစ်ပါတီ၏ လက်ရှိ ခံစားချက်နှင့် နိုင်ငံရေးအရ ရပ်တည်မှုများကို သိရှိ နိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန ဒုတာဝန်ခံ နိုင်ခြေးမွန်ကို မေးမြန်းထားသည်။
--------------------------------------------------------------------------------------------------------------
လက်ရှိအခြေအနေမှာ မွန် စာပေ၊ ဘာသာစကားကို ထိန်းသိမ်း ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် နေတာတွေကို ရှင်းပြပေးပါ။ ခက်အခဲ အတားအဆီးတွေရော ရှိပါသလားခင်ဗျာ။

မွန်အမျိုးသားစာပေနဲ့ပတ်သက်ပြီး မွန်ပညာရေးကျောင်းတွေတော့ရှိတယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး တချို့ရွာတွေမှာတော့ ဖိနှိပ်ထားတာတွေ၊ အနှောက်အယှက်ပေးတာမျိုးတွေရှိတယ်။ မွန်စာသင်တဲ့ မွန် ကျောင်းဆရာ/ဆရာမတွေကို အနှောင့်အယှက်ပေးတာရှိတယ်။ သူတို့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့လုပ် တာလဲဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူးပေါ့။

မွန်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ရော လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရရဲ့လား။ ထိန်းသိမ်း စောင့်ရှောက်ခွင့်တွေ ရှိလား။

ယဉ်ကျေးမှုပိုင်းမှာ ဆိုရင်လည်း ကျနော်တို့ကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်တာပေါ့။ ထိန်းသိမ်း စောင့်ရှောက် သင်ကြားတဲ့နေရာမှာတော့ လွတ်လပ်တယ်လို့တော့ ပြောလို့မရဘူးဗျာ။ တခါတလေကြ တော့လဲ ကျနော်တို့ ပြည်နယ်ထဲက တချို့ရွာတွေမှာ လမ်းဆိုင်းဘုတ်ကအစ မွန်လိုထည့်ထားရင် မြန်မာ လိုပြန်ပြီးတော့ ထည့်ခိုင်းတာမျိုးတွေ ရှိတယ်။ သာဓကအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မွန်အမျိုးသားတွေရဲ့ အထိန်းအမှတ် နေရာမျိုးတို့၊ မွန်ရှေးဟောင်းပြတိုက်တို့ ဘာတို့ဆိုရင်လည်း ပြောင်းပစ်လိုက်တာမျိုး ပေါ့နော်။ မွန်စာကိုလည်း လုံးဝမရှိတော့အောင် သူတို့လုပ်တာမျိုးတွေ ရှိတယ်။

အဲဒီအတားအဆီးတွေ ပပျောက်အောင် နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ။ စီးပွားရေးအရ ဘယ်လို အခြေအနေမျိုးတွေ ရှိနေဖို့ လိုအပ်တယ်လို့ ယူဆလည်း။


ဒါကတော့ ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ မည်သည့် အမျိုးသားမဆို ပေါင်းစည်းပြီးတော့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ပေါ့နော် အမျိုးသား သဘောတူညီချက် တခုအနေနဲ့ နိုင်ငံတော်တခုကို တည်ထောင်လာခဲ့ရင် တော့၊ သူမနာ ကိုယ်မနာပေါ့လေ။ အဲလို အခြေအနေမျိုးဆိုရင်တော့ ပိုပြီးတော့ကောင်းမှာပေါ့နော်။

မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ် BGF ကို လက်မခံဘူးလို့ သိရတယ်။ ဘာကြောင့် လက်မခံ နိုင်တာလည်းဆိုတာ အကျဉ်းချုံးရှင်းပြပေးပါ။

အဲဒီ ဘော်ဒါဂတ် (BGF) ကိစ္စကို ကျနော်တို့ ပါတီအနေနဲ့ လက်မခံဘူးဆိုတဲ့မူ ချထားတာပေါ့နော်။ သဘောမတူဘူးလို့ လူကြီးတွေကလည်း ပြောတယ်ပေါ့။ ဘာကြောင့်လည်း ဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ (ဖက်ဒရယ်မူ) ပေါ့နော်။ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့မူတွေနဲ့ အရမ်းကြီး ကွာခြားနေတာ တွေ အများကြီး ရှိတာပေါ့။ အုပ်ချုပ်မှုပိုင်းမှာ တပ်မတော်ကလည်း အော်တို (Auto) ၂၅ ရာခိုင်နှုန်း ယူထားတယ်။ ဘယ်နိုင်ငံမှာမှ မတွေ့ဘူးသေးဘူး။

အဲဒီ့ ပြုပြင်ပြောင်းလဲသင့်တာတွေ မပြောင်းလဲပဲနဲ့ ဒီအတိုင်း သွားမယ် လုပ်ထားတယ်။ နောက်ပြီးတော့ ကျနော်တို့ အတွက် ရှေ့အလားအလာပေါ့နော်။ အနာဂါတ် ရပ်တည်မှုဆိုတာက အခြားတိုင်းရင်းသား တွေနည်းတူ ကျနော်တို့ မွန်တိုင်းရင်းသား တရပ်လုံး လိုအပ်နေတာပါ။ အဲဒါကြောင့် ကျနော်တို့လိုချင်တဲ့ ဆွေးနွေးရေးတို့ဘာတို့ မရှိဘူးဆိုရင်တော့ ကျနော်တို့အတွက်တော့ လက်မခံဘူးပေါ့နော်။ အဲဒါကတော့ ကျနော်တို့ပြည်သူတွေကလည်း တောင်းဆိုထားတာပါပဲ။ အဲဒါကြောင့် ၂ဝဝ၉ နှစ်ကုန်ပိုင်းလောက်မှာ ဘောဒါဂါတ်ကိစ္စ ငြင်းပါယ်လိုက်တာပါ။

အဲဒီလို ငြင်းပယ်လိုက်တဲ့အတွက် စစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလား။ နအဖ ဘက်က ဘယ်လိုပုံစံမျိုးနဲ့ ဖိအားပေးလာတာမျိုးတွေ ရှိလဲ။

လောလောဆယ်တော့ မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ အပစ် အခတ်ရပ်ဆဲရေးကို ဆက်လက် ထိန်းထားဖို့တော့ ရည်ရွယ်ထားပါတယ်။ သူတို့ဘက်ကလည်း စစ်ရေး အရတော့ ဖိအားပေးတာတို့ ဘာတို့မရှိသေးပါဘူး။ နဂိုနေမြဲအတိုင်းပဲ ရှိပါသေးတယ်။

အကယ်၍ နအဖ စစ်တပ်က အင်အားသုံး အကျပ်ကိုင်လာရင်ရော ပြန်ခုခံဖို့ အဆင်သင့် ဖြစ်နေလား။ ဘာတွေ ပြင်ဆင်ထားတာရှိလဲ။

ဒါကိုတော့ ကျနော်တို့ အနေအထားအရ ပြောလို့မဖြစ်ပါဘူး။

နအဖကို မွန်ပြည်သစ်ပါတီရဲ့ လူအင်အားစာရင်းပေးရတယ်လို့ သိရတယ်။ အဲဒီလိုပေးရတာဟာ မွန်ပြည်သစ်ပါတီရဲ့ သီးခြားဖြစ်တည် လွတ်လပ်မှုကို ထိခိုက်တယ်လို့ မယူဆဘူးလား။

ဒါကတော့ နှစ်တိုင်းပေးနေကြပါ။ အပစ်ခတ်ရပ်စဲရေး စလုပ်တုန်းကလည်း ကျနော်တို့က အဲဒီစာရင်း ဇယားတွေပေးတယ်။ အများအားဖြင့်တော့ ၁ နှစ်တခါတော့ တောင်းတယ်။ ကျနော်တို့ကလဲ ပေးတယ်။ ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူး။

မွန်ပြည်သစ်ပါတီက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ဘဝတူ မဟာမိတ်တွေနဲ့ လက်တွဲ သွားမယ်လို့ ဖော်ပြထားလေ့ရှိတယ်။ အပစ်မရပ်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရင် နအဖ က ညိုငြင်ပြီး အပစ်ရပ်ထားတာ ပျက်သွားမှာ ထည့်စဉ်းစားထားပါသလား။

အဲဒါလည်း ခက်ခက်ခဲခဲပဲဗျာ။ အဲဒီလိုစဉ်းစားမိတာတို့ မစဉ်းစားမိတာတို့ကျတော့ အထက်က လူကြီးပိုင်း က ပိုပြီးတော့ သိကြပါလိမ့်မယ်။ ကျနော်တို့က အောက်ချေပိုင်းကျတော့ နားမလည်နိုင်သေးဘူးပေါ့နော်။

နအဖ စစ်အစိုးရက အတည်ပြုထားတဲ့၂ဝဝ၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အာမခံနိုင်မယ်လို့ထင်လား။

ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျနော်တို့ တိုင်းရင်းသားအခွင့်အရေးတွေကြတော့ အာမခံနိုင် တယ်လို့တော့ မယူဆပါဘူး။ အကျဉ်းချုံးပြောရရင်တော့ အဲဒီအခြေခံဥပဒေကျတော့ ကျနော်တို့ ဖက်ဒရယ် (Federal) မူနဲ့ လုံးဝကွာခြားနေတာတွေ အများကြီးပါနေတယ်လေ။ အဲဒါကြောင့်ကျနော်တို့က လက်မခံခြင်း ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ ကျနော်တို့အထက်က လူကြီးတွေက ဘာမှ မဆုံးဖြတ်သေးဘူး။ မပြောသေးဘူးခင်ဗျ။ အဲဒါကြောင့် အဲဒီကိစ္စ ပြောလို့မရသေးပါဘူးခင်ဗျ။

(ကိုဝိုင်းတည်းဖြတ်သည်)
http://www.mizzimaburmese.com/interview/4706-2010-02-01-12-18-20.html

အာဏာရှင်စနစ် နိဂုံးချုပ်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး

NEJ /၁ ဖေဖော်ဝါရီ ၂၀၁၀

ရုရှပြည်၌ ကြီးစိုးခဲ့သော ဆိုဗီယက်ကွန်မြူနစ်ပါတီသည် နှစ်ပေါင်း (၇၀) ကျော် အာဏာရပြီးမှ ပြုတ်ကျသွားရသည်။ အကြောင်းရင်းကိုလေ့လာပါက မြန်မာများအတွက် သင်ခန်းစာရနိုင်ဖွယ်ရှိတယ်။ (၄၈) နှစ် အာဏာရနေသော မြန်မာစစ်တပ်သည်လည်း ကိုယ်ကျိုးရှာသည့် နိုင်ငံရေးပါတီတမျိုးပင်ဖြစ်သည်။ မြန်မာဗိုလ်ချုပ်များကို ရှိခိုးနေသော အရပ်သားအချို့ကိုကြည့်၍ မြန်မာပြည်သူပြည်သားများ ကျွန်ဘ၀မှ လွတ်မြောက်မည်မဟုတ်ဟု ပြောဆိုနေသူများ ရှိသကဲ့သို့ ရုရှပြည်သူများကိုလည်း ကျွန်စိတ်ရှိသူများဟု တချိန်ကဝေဖန်ခဲ့ကြသည်။ ဤသို့ ပြောရသည်မှာလည်း အကြောင်းရှိ၏။ နိုင်ငံရေးလွတ်လပ်မှုအတွက် တိုက်ပွဲဝင်သည့်အစဉ်အလာကို မှတ်မိသူ ရုရှပြည်၌မရှိဟု ဆိုသည်။ အာဏာရှင်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းသည် ရုရှဓလေ့ထုံးစံဖြစ်သည်ဟုပင် ပြောဆိုကြ၏။

အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မည်မဟုတ်ဟု တိုင်းသူပြည်သားများက ယုံကြည်နေသမျှကာလပတ်လုံး ယင်းအာဏာရှင်စနစ် တည်မြဲနေမည်ဟု ဆိုရိုးရှိသည်။ စစ်အစိုးရကို မည်မျှပင် မုန်းတီးစေကာမူ စစ်ဗိုလ်ကို အရပ်သားက မဖြုတ်နိုင်ဟု ယုံကြည်နေသမျှ စစ်အစိုးရ သက်ဆိုးရှည်နေမည်မှာ သေချာ၏။ ဤယုံကြည်ချက် ပျက်ပြားလာမှသာ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ပါလိမ့်မည်။ ယခုအချိန်သည် နိုင်ငံရေးအသွင်ပြောင်းရန် စစ်အစိုးရကြံစည်နေသောအချိန်ဖြစ်၍ အရေးကြီး၏။ အာဏာရှင်စနစ်ကို ပြုပြင်ရန် အာဏာရှင်ကိုယ်တိုင်ကြိုးပမ်းချိန်သည် အာဏာရှင်အတွက် အန္တရာယ်အကြီးဆုံး အချိန်ဖြစ်သည်ဟု ပြင်သစ်နှင့် အမေရိကန်တော်လှန်ရေးကို လေ့လာသူပညာရှင် တော့ခ်ဗီးလ် (Tocqueville) က ပြောဖူးသည်။ ပြုပြင်ရေးလုပ်ခြင်းသည် မပြောင်းလဲနိုင်သည့် အာဏာရှင်စနစ်ဆိုသော အယူအဆ ပျက်ပြားလာပုံကို ပြသရာ ရောက်ပေသည်။

ဆိုဗီယက်ပြည်ထောင်စုတွင် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ အခြေခိုင်လွန်းသည့်အတွက် ကွန်မြူနစ်ပါတီ ကိုယ်တိုင်ကဖျက်မှပင် ပျက်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ထိုအချိန်၌ ဂိုဘာချော့ (Gorbachov) ထွက်ပေါ်လာသည်။ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အတွက် အပြောင်းအလဲမလုပ်လျှင် မဖြစ်တော့ဟု ယူဆလာကြသည်။ အနည်းအကျဉ်း ပြုပြင်ရန်အတွက် Glasnost ပွင့်လင်းရေးနှင့် Perestroika ပြုပြင်ရေးကို ဂိုဘာချော့က စတင်ကျင့်သုံးသည်။ ဂိုဘာချော့ စလိုက်သော ပြုပြင်ရေးတွင် ပြည်သူလူထု ပါဝင်လှုပ်ရှားလာသည့်အတွက် နောက်ဆုံး၌ ကွန်မြူနစ်ပါတီကို ဖျက်သိမ်းလိုက်ရသည်အထိ အရှိန်အဟုန်ပြင်းထန်လာ၍ ရုရှ၌ အရင်းရှင်ဒီမိုကရေစီ ကျင့်သုံးနိုင်ခြင်းဖြစ်၏။

မြန်မာစစ်အာဏာရှင်စနစ်ကိုလည်း စစ်ဗိုလ်ကပင် ဖျက်ပစ်လိမ့်မယ်လို့ ခန့်မှန်းနေကြသည်။ ရုရှ၌ ဂိုဘာချော့လုပ်သကဲ့သို့ မြန်မာပြည်တွင် ဗိုလ်ခင်ညွန့် လုပ်လေမလားဟု တွေးကြည့်ကြ၏။ ဗိုလ်ခင်ညွန့်တို့အုပ်စုကို ဒီမိုကရေစီလိုလားသူအဖြစ် ပြောဆို ရေးသားမှုများပင် ရှိလာ၏။ သို့သော် ကွဲပြားခြားနားမှု အများကြီးရှိသည်။ ဂိုဘာချော့သည် ကမ္ဘာကလေးစားရသည့် ပညာတတ်နိုင်ငံရေးသမားဖြစ်၏။ ဆိုဗီယက်ကွန်မြူနစ်ပါတီ၌ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်၏။ ဗိုလ်ခင်ညွန့်ကမူ ဗိုလ်ချုပ်နေ၀င်းရဲ့ အိမ်ကျွန်ဘ၀မှ ၀န်ကြီးချုပ်ဖြစ်လာသူဖြစ်သဖြင့် ဗိုလ်သန်းရွှေနှင့် စစ်ကောင်စီကို ကျော်နိုင်စွမ်းမရှိပါ။

နအဖစစ်အုပ်စုသည် အရပ်သားအဖွဲ့အစည်းများနှင့် တန်းတူရည်တူ ဆွေးနွေးရန် ဆန္ဒမရှိပါ။ စေ့စပ်ဆွေးနွေး၍ ပြဿနာ အဖြေရှာရန် အပြည်ပြည်ဆိုင်ရာက တိုက်တွန်းလွန်းသဖြင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် ဗိုလ်ခင်ညွန့်ဂိုဏ်းက အရာရှိအချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြသည်။ ဤတွင် မြန်မာစစ်အုပ်စု၌ အတိုက်အခံနှင့်ဆွေးနွေးလိုသူနှင့် မဆွေးနွေးလိုသူဟူ၍ အုပ်စု (၂) စုကွဲသွားပြီဟူသော ကောလာဟလထွက်လာသည်။ ဆွေးနွေးလိုသည့် စစ်အုပ်စု အရေးနိမ့်သွား၍ ဗိုလ်ခင်ညွန့်တို့အဖွဲ့ကို ဖြုတ်ထုတ်ထောင်ချလိုက်ခြင်းဖြစ်သည်ဟု ဆို၏။ ထောက်လှမ်းရေးနှင့် စစ်တပ် စားခွက်လုရာမှာ ထောက်လှမ်းရေးပြုတ်သွားခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ စစ်ခေါင်းဆောင်ပိုင်းနှင့် အတိုက်အခံခေါင်းဆောင်များ ဆွေးနွေးခြင်း မပြုသေးပါ။

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် မျက်နှာပန်းလှစေရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး နေခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ဆက်လက်အာဏာရှိနိုင်မည့် အပြောင်းအလဲကိုသာ စိတ်ဝင်စားပါသည်။ အာဏာလက်လွတ်ဖြစ်သွားနိုင်သော အစီအစဉ်နှင့် အပြောင်းအလဲကို စစ်ခေါင်းဆောင်ပိုင်းက လက်မခံနိုင်ပါ။ ထို့ကြောင့် သီးခြားလွတ်လပ်သော နိုင်ငံရေးအင်အားစု ပေါ်ထွက်လာခြင်းမရှိရန် နည်းမျိုးစုံဖြင့် စစ်အစိုးရက ဟန့်တားနေခြင်းဖြစ်၏။

စစ်ခေါင်းဆောင်ပိုင်းသည် အခြေအနေကိုလိုက်၍ ပြုပြင်ပြောင်းလဲလာနိုင်သည်ဟု ပြည်တွင်းမှ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အချို့က မျှော်လင့်ကြသည်။ နအဖအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်၍ မှေးလိုက်နေပါက တဖြည်းဖြည်း ဒီမိုကရေစီ ပေါ်ထွက်လာနိုင်သည်ဟု ယူဆသူများလည်းရှိသည်။ သို့သော်လည်း နအဖစစ်အုပ်စုတွင် အရပ်သားနှင့်တန်းတူရည်တူ ဆွေးနွေးသော အစဉ်အလာမရှိပါ။ အချို့ကလည်း နိုင်ငံခြားအာဏာရှင်နိုင်ငံများမှ အသွင်ကူးပြောင်းရေးပုံစံများကို အားကျကြသည်။ ချီလီနိုင်ငံတွင် စစ်တပ်က ပြဋ္ဌာန်းသော အခြေခံဥပဒေဘောင်အတွင်းမှာ ဒီမိုကရေစီတည်ဆောက်ပုံကို ဥပမာပြကြ၏။

နအဖစစ်အုပ်စုသည် ၁၉၈၈ ပြည်သူ့အရေးတော်ပုံကဲ့သို့သော လူထုအုံကြွမှုကို အလွန်ကြောက်၏။ ထို့ကြောင့်လည်း တက္ကသိုလ်ကျောင်းသားကို လူစုခွဲပစ်ပြီး မြို့တော်ကို ကြပ်ပြေးသို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ပေသည်။ သံဃာဦးဆောင်သော ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲကို အလွယ်တကူချေမှုန်းနိုင်ပြီး နအဖစစ်အုပ်စုပြိုကွဲမည့် အရိပ်အရောင်မပြသဖြင့် ကြပ်ပြေးသို့ ရွှေ့ပြောင်းခြင်းသည် အာဏာတည်မြဲရေး စီမံချက်၏ အရေးကြီးသော အဆင့်တဆင့်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အနာဂတ်ပျောက်နေ၍ မကျေမနပ်ဖြစ်နေသူဦးရေ တိုးပွားလာလေလေ စစ်အာဏာရှင်အတွက် အနုတ်လက္ခဏာ များလေလေ ဖြစ်သည်။ သို့သော်လည်း အရပ်သားလူတန်းစားတခုတည်း ကန့်ကွက်ဆန္ဒပြရုံဖြင့် စစ်အာဏာရှင်စနစ် နိဂုံးမချုပ်နိုင်ကြောင်း မျက်မှောက်ခေတ် မြန်မာ့သမိုင်းက သက်သေပြနေသည်။ ထို့ကြောင့် မကျေနပ်သော အရပ်သားနှင့် မကျေနပ်သော စစ်သား ပေါင်းစည်းမိရန် လိုအပ်ပါသည်။ ဤအတောအတွင်း စစ်ခေါင်းဆောင်ပိုင်းတွင် အကွဲအပြဲဖြစ်သွားပါက စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရန် အလားအလာ ပိုကောင်းသွားပေမည်။

ထို့ကြောင့် အရပ်သားနှင့် စစ်သားပေါင်းစည်းသွား၍ အခွင့်ထူးခံအာဏာရှင်စနစ်ကို အန္တရာယ်ပေးနိုင်သော အင်အားစုကြီး မပေါ်ပေါက်စေရန် နအဖစစ်အစိုးရက အမြဲတမ်းကြိုးပမ်းနေရပေသည်။ သတင်းမီဒီယာကိုချုပ်ကိုင်ခြင်း၊ အတိုက်အခံကို ဖိနှိပ်၍ အကွဲအပြဲဖြစ်နေအောင် စီမံထားခြင်း၊ အစိုးရအမှုထမ်းနှင့် ပြည်သူလူထုအကြား ကွာဟချက်ကြီးမားအောင် လုပ်ထားခြင်း၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင် လုပ်ထားခြင်း၊ တပ်တွင်းပဋိပက္ခများကို လျှို့ဝှက်ထားခြင်း စသည့်လုပ်ရပ်များသည် စစ်အာဏာရှင်စနစ်ကို ကျားကန်ခြင်းပင်ဖြစ်သည်။

ဤအချက်များကို အာရုံစိုက်နေရသော မြန်မာစစ်အာဏာရှင်အုပ်စုသည် ကြိုးတန်းပေါ်၌ လမ်းလျှောက်နေသူနှင့်တူ၏။ သတိလစ်သွားသည်နှင့် ပြုတ်ကျမည်မှာ သေချာ၏။

http://www.khitpyaing.org/editorial/February%202010/1210.php


ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ်

ဝေလင်း

၁ ဖေဖော်ဝါရီ ၂၀၁၀

ပြီးခဲ့တဲ့ (၃) လလောက်က မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်လောက် စာရင်းပျောက်တဲ့ကိစ္စ မီဒီယာသတင်းတွေထဲ ပျံ့လွင့်ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ နအဖ ဗိုလ်ချုပ်များအိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ တချို့က ပြောကြပါတယ်။

တဘက်ကလည်း နယ်စပ်ဈေးကွက်တွေထဲမှာ အရင်နိမ့်ကျနေတဲ့ မြန်မာငွေဟာ အခုနှစ်ကုန်ပိုင်းအတွင်း သိသာလောက်အောင် ပြန်မြင့်တက်လာပြီး မြန်မာကျပ်ငွေ ရှားပါးမှုဖြစ်နေတာကို အချို့က ရှိနေတဲ့ ဒေါ်လာတွေ တခြားစီးဆင်းကုန်တာကြောင့်လို့ ပြောပါတယ်။

လေ့လာသူတချို့ကလည်း ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ (၁၆၅) သန်းလောက် ပြန်ဝင်လာတာလို့ တွက်ဆနေပါတယ်။ ဓာတ်ငွေ့ကရတဲ့ ဒေါ်လာတွေ ဘယ်ကိုများ စီးထွက်ကုန်သလဲလို့ တွေးနေတုန်း အခု မြန်မာနအဖစစ်အစိုးရက ရုရှဆီကနေ စစ်လေယာဉ် ဒေါ်လာသန်း (၆၄၁) ဖိုး မှာယူကြောင်း တွေ့ရပါတယ်။ သြော်… ဒါကြောင့်ကိုး။

အမေရိကန်ဒေါ်လာ သန်း (၂၀) စီတန်တဲ့ MIG 29 အမျိုးစား တိုက်လေယာဉ်အစီးပေါင်း (၂၀) နဲ့ တစီးကို ဒေါ်လာ (၈) သန်းကျော်တန် ရဟတ်ယာဉ် (၈ စီးကနေ ၁၀ စီးအထိ) နအဖ မှာယူထားတာ လာမယ့် ၂၀၁၀ ခုနှစ်အတွင်း ရောက်ရှိပါလိမ့်မယ်။ ယခင် ၂၀၀၁ ခုနှစ် တုန်းကလည်း ထိုင်းနယ်စပ် စစ်ရေးပြဿနာပြီးပြီးချင်း MIG 29 တိုက်လေယာဉ် (၁၂) စီး နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ အခုရောက်လာမယ့် ရုရှလေယာဉ်တွေကို တရုတ်လုပ် J-10 နဲ့ F C-1 အမျိုးအစား တရုတ်စစ်လေယာဉ်တွေနေရာမှာ အစားထိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကလည်း အရင်ဆောင်းပါးမှာ ပြောထားခဲ့သလို တရုတ်တို့ဆီက ပေါချောင်ကောင်းတွေနဲ့ အလုပ်မဖြစ်တာ နအဖတို့ သဘောပေါက် လာကြတာဖြစ်ပါလိမ့်မယ်။ ရုရှမော်ဒယ်တွေကို ပုံတူကူး ပေါချောင်ကောင်း တရုတ်လေယာဉ်ထက်စာရင် မူရင်း ရုရှလေယာဉ်စစ်စစ်တွေ ဘက်ကို နအဖတို့ တခါပြန်ပြီး ဦးလှည့်လာခြင်းပါ။ ရုရှလုပ် MIG 29 လေယာဉ် ၀ယ်ယူလိုက်တာကြောင့် နဂိုတရုတ်လုပ် J-10 /FC-1 လေယာဉ်တွေဝယ်မယ့် အစီအစဉ်လည်း ပျက်သွားပါတော့တယ်။

ဒါပေမယ့် အခုရုရှဆီကနေ လေယာဉ် အစီး (၂၀) နဲ့ ရဟတ်ယာဉ်တချို့ ၀ယ်ယူတာဟာ သမားရိုးကျတော့ မဟုတ်ပါဘူး။ ဒီနှစ် အောက်တိုဘာလအတွင်း ရုရှနိုင်ငံပိုင် လေကြောင်းကော်ပိုရေးရှင်းက MIG လေယာဉ်ကုမ္ပဏီ အစုရှယ်ရာ (၁၀၀) ရာခိုင်နှုန်းကို အပြတ်ဝယ်ယူခဲ့ပါတယ်။ အလားတူ အီလူးရှင်း (Ilyushin)၊ တူပိုလက် (Tupolev)၊ ဆူခွိုင်း (Sukhoi)၊ အန်တိုနော့ (Antonov)၊ မီကိုယန် (Mikoyan) လေယာဉ်ကုမ္ပဏီ အစုရှယ်ယာများကိုပါ ရုရှနိုင်ငံပိုင် လေကြောင်းကော်ပိုရေးရှင်းက ၀ယ်ယူခဲ့ပါတယ်။

MIG ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ (၁၁) ဘီလီယံဖိုးရှုံးခဲ့ပြီး အကြွေး (၄၄) ဘီလီယံ ရူဘယ် (အမေရိကန်ဒေါ်လာ ၂၅ သန်း) တင်နေပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အယ်ဂျီးရီးယားနိုင်ငံကလည်း MIG 29 လေယာဉ် (၃၄) စီး ဒေါ်လာ (၁၁) သန်းဖိုး ကန်ထရိုက်စာချုပ် ပျက်ခဲ့ပြီး လေယာဉ် (၁၅) စီး ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ လက်နက်တင်သွင်းသူတွေကိုပေးဖို့ MIG ကုမ္ပဏီဟာ ဒေါ်လာ သန်း (၈၀) လောက် အကြွေးတင်နေပါသေးတယ်။

ဒါကြောင့် ရုရှလေကြောင်းကော်ပိုရေးရှင်းက မြန်မာအစိုးရကို ၂၀၀၉ နိုဝင်ဘာလအတွင်း ခရီးသည်တင်လေယာဉ် (၂) စီး အလကား ပေးခဲ့ပြီးနောက် အခု ဒီဇင်ဘာလထဲ MIG 29 လေယာဉ် (၂၀) နဲ့ ရဟတ်ယာဉ်တွေ အရောင်းအ၀ယ် ဖြစ်သွားတာကတော့ ရိုးရိုးရှင်းရှင်း ရောင်းဝယ်ခြင်းမျိုး မဟုတ်နိုင်ပါဘူး။ MIG 29 တိုက်လေယာဉ်တွေ မြန်မာကို ရောင်းချပေးတာဟာ ၂၀၀၈ ခုနှစ် အယ်ဂျီးရီးယားကို (၃၄) စင်း ရောင်းချပေးပြီးတဲ့နောက် ဒုတိယမြောက် အများဆုံးရောင်းချခြင်း ဖြစ်ပါတယ်။

ရုရှ MIG 29 တိုက်လေယာဉ်တွေကို အရည်အချင်း ထပ်မမြှင့်တင်နိုင်ခဲ့တာ ၁၉၉၀ လွန် ရုရှကွန်မြူနစ်စနစ် ပျက်ပြီးကတည်းကပါ။ အခု MIG 29 လေယာဉ်တွေအားလုံးဟာ ဆိုဗီယက်ခေတ်လုပ် ၁၉၈၃ ခုနှစ်မော်ဒယ်တွေသာ အများစုဖြစ်ကြပါတယ်။ များမကြာမီကမှ ရုရှတို့ နောက်ထပ်ထုတ်လုပ်တဲ့ (Sukhoi) SU-27၊ MIG 31 လေယာဉ်တွေနဲ့အတူ MIG 29 ကို ပြပွဲထုတ်ပြသပြီးနောက် မကြာခင် နအဖတို့ကို အခုလို ရောင်းချပေးခဲ့တာပါ။ ၂၀၀၈ ခုနှစ်က ၀ယ်ယူတဲ့ အစီးရေ (၃၄) စီးမှာ MIG 29 လေယာဉ် (၁၅) စင်းကို အယ်ဂျီးရီးယားတို့ ပြန်ပို့ခဲ့တာကလည်း သူတို့မျှော်မှန်းထားသလို အရည်အချင်းမမီတာကြောင့်လို့ သိရပါတယ်။

ခေတ်မမီတော့တဲ့ MIG 29 လေယာဉ်တွေဟာ သိပ်မကြာသေးခင် ၂၀၀၈ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တုန်းက အရှေ့ဆိုက်ဗေးရီးယားမှာ ဒုတိယအကြိမ်မြောက် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အခုလေယာဉ်ကိစ္စလို နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စမှာလည်း မြန်မာတို့အပေါ် ရုရှတွေ မရိုးသားခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် မေ (၁၅) ရက်နေ့မှာ ရုရှအဏုမြူစွမ်းအင်အေဂျင်စီ (Rosatom) နဲ့ မြန်မာတို့ (၁၀) မီဂါဝပ် နျူကလီးယားစက်ရုံတည်ဆောက်ဖို့ နှစ်ဘက်သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကိစ္စကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ကမ်းလှမ်း ခဲ့ပေမယ့် ၂၀၀၅ ခုနှစ် သဘောတူ စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်း မြန်မာတို့ဘက်က ကျသင့်ငွေတွေ အပြည့်အ၀ မပေးချေနိုင်လို့ (ငွေသားမဟုတ်ဘဲ ပစ္စည်းတွေနဲ့ ပေးချေလို့) ရုရှားဘက်က နောက်ဆုတ်သွားခဲ့ကြောင်း သိရပါတယ်။

အခုလည်း ပျက်တော့မယ့် MIG ကုမ္ပဏီက လေယာဉ်တွေ မြန်မာဘက် ထိုးရောင်းတာဟာ အယ်ဂျီးရီးယား မ၀ယ်တဲ့ လက်ကျန်တွေနဲ့ မတိုးဖို့ ‘ဖွဟဲ့ လွဲပါစေ’ လို့ ဆုတောင်းရတော့မှာပါ။ အမြတ်မရှိရင် ရုရှတို့က ဘာမှမလုပ်ပါဘူး။ ကန်ထရိုက်စာချုပ်ကို ငွေနဲ့မပေးချေဘဲ ကုန်ပစ္စည်းနဲ့ ပေးချေတဲ့ စနစ်မျိုးကိုလည်း ရုရှတွေ လက်မခံတတ်ပါဘူး။ အခုတော့ MIG လို လေယာဉ်ကုမ္ပဏီ ကလည်း ဒေ၀ါလီခံပြီး ဗိုက်နာနေချိန်၊ ရုရှအစိုးရကိုယ်တိုင်က သူ့နိုင်ငံကုမ္ပဏီကြီးတွေကို ၀င်ထိန်းညှိပြီး ကယ်တင်နေရချိန်မှာ တဘက်က နအဖတို့လက်ထဲ သဘာဝဓာတ်ငွေ့ရောင်းရတဲ့ ဒေါ်လာငွေတွေ ရွှင်နေချိန်မို့ လေယာဉ်အရောင်းအ၀ယ်ကိစ္စ တည့်သွားခဲ့ဟန်ရှိပါတယ်။

ရုရှဘက်က ၀ယ်ခဲ့တဲ့ Mil Mi 17 ရဟတ်ယာဉ်တစီး အရည်ချင်းမမီ စက်ချွတ်ယွင်းပြီး ပျက်ကျလို့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး သီဟသူရစစ်မောင်၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဗိုလ်ချုပ်လွန်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွန့် တို့အပါအ၀င် စစ်သည်(၂၉) ဦး သံလွင်မြစ်ထဲပျက်ကျပြီး (၁၄) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ ခေတ်မမီတော့တဲ့ လေယာဉ်တွေ ၀ယ်ယူတဲ့အတွက် အကျိုးခံစားရတာ လေချုပ်ကြီး မြတ်ဟိန်းနဲ့ (ကကနက်ချုပ်) ဗိုလ်ချုပ်ကြီးတင်အေး အပါအ၀င် နအဖဗိုလ်ချုပ်တွေသာ ဖြစ်ပါလိမ့်မယ်။ ဒါတွေကို မောင်းနှင်ကြမယ့် လေသူရဲတွေ အကျိုးရှိမရှိ ဆိုတာကိုတော့ MIG 29 တိုက်လေယာဉ်တွေ စစ်ဆင်ရေးကောင်းကင်ပေါ်ရောက်မှ သိကြရမှာပါပဲ။ ။

http://www.khitpyaing.org/articles/2010/february/1210.php



ွှွှွှအမျိုးသားဒီမိုကရေစီတပ်ပေါင်းစုစာစောင်(Jan Issue)

http://ifile.it/vyzun9oBul-No06January 10NDF

Gordon Brown has sent a letter to Aung San Suu Kyi

UK continues to support a democratic Burma
10 Downing Street
30 Dec 2009

Gordon Brown has sent a letter to Aung San Suu Kyi assuring her that the UK will continue to do everything possible to advance positive change and genuine democracy in Burma.

He added that if the forthcoming elections in Burma are genuinely inclusive, free and fair, then the whole of the international community is ready to stand with Burma and to welcome her back into the community of nations.

Gordon Brown also assured Aung San Suu Kyi that he will continue to call upon the regime to engage with her and allow her further contact with diplomats in Rangoon, and to start a genuine dialogue that can give the Burmese people back their future and their hope.

Read the letter

Dear Daw Suu

You have dedicated the whole of your life to the cause of democracy and freedom in Burma. You have selflessly highlighted the wider suffering of the Burmese people rather than dwelling on your own pain. And through that courage you have gained the respect of the entire international community not just for a person, but for a cause.

The world knows that as Burma approaches an historic year you will be as resolute as ever in approaching its challenges.

If the scheduled elections proceed under a rigged constitution, with opposition leaders excluded and with no international oversight, the military rulers will be condemning Burma to more years of diplomatic isolation and economic stagnation.

But if the elections are genuinely inclusive, free and fair, then the whole of the international community is ready to stand with Burma, welcome her back into the community of nations, and contribute to rebuilding her future and prosperity. It is clear this is the only path which will lead to Burma’s future security, stability and progress for all her people.

Sadly, as the year turns, the signs do not look good. Your continuing detention is only the most visible evidence of the bad faith of a regime which has so far shown no signs of listening to regional or international calls for an end to its violent behaviour.

I continue to call upon the regime to engage with you and allow you further contact with diplomats in Rangoon, and to start a genuine dialogue that can give the Burmese people back their future and their hope.

You have asked us to use our freedom to secure the freedom of the Burmese people. I assure you that as we move into a new year and a new decade the United Kingdom will continue to do everything possible to advance positive change and genuine democracy in your country.

As you have said, there is so much that needs to be done in a Burma that cannot afford to wait.

We are immovably with you – and with the Burmese people.

Yours sincerely

Gordon Brown

http://www.bdcburma.org/Index.asp

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။(Jan Issue)

http://ifile.it/zkw7l538888 People Power January Last One-

ရွှေခမောက်စာစောင်(Jan31)

http://ifile.it/gy4ild3Shwekhamauk Bulletin 109

စဉ်းစားကြည့်တာပါ

စဉ်းစားကြည့်တာပါ

ကိုသားဆွေ မှမျှဝေပေးပါသည်။ကာတွန်း-ဟန်လေး
ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းမယ်ဆိုတော့ တရုတ်ကပြောတယ်၊
ဒီအစီအစဉ်ဟာ တရုတ်-အမေရိကန်ဆက်ဆံရေးကိုအကြီးအကျယ်ထိခိုက်စေလိမ့်မယ်တဲ့။
ဒါဆိုရင်.. တရုတ်က နအဖ ကို စစ်လက်နက်တွေရောင်းနေတဲ့ ကိစ္စ ကျနော်တို့ဘယ်လိုပြောကြမလဲ။
ဗမာပြည်သူလူထုနဲ့တရုတ်အစိုးရအကြား ချစ်ကြည်ရေးထိခိုက်စေလိမ့်မယ်လို့.. ပြောရင်ကောင်းမလား။ စဉ်းစားကြည့်တာပါ။

ဒါမှမဟုတ် .. အနာဂတ် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်သဖွယ်ဖြစ်လာနိုင်တယ်လို့ ပြောရင်ရော..

ကောင်းမလား။ စဉ်းစားကြည့်တာပါ။

တရုတ်လည်းရှက်တတ်တာပဲ

၂၀၀၄ ခုနှစ်လောက်က ဖင်လန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ကျနော်တို့ ဗမာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုကော်မတီ (ဖင်လန်နိုင်ငံ) က စည်းရုံးလှုံ့ဆော်ခဲ့ပြီးတော့ လူအင်အားကောင်းကောင်းနဲ့ ဆန္ဒပြခဲ့ကြဖူးတယ်။ နအဖ ကို လက်နက် ရောင်းနေတာ ရပ်ဖို့။ ကန့်ကွက်စာပေးပို့ခဲ့တယ်။

တရုတ်သံအရာရှိတယောက် ထွက်လာတယ်။ မျက်နှာကို နီရဲနေတာပဲ။ ဒေါနဲ့မောနဲ့ ဘာဖြစ်လို့ ဆန္ဒပြတာလဲ။ ဒါ တရုတ်အစိုးရကို အရှက်ခွဲတာပဲတဲ့။ သူ့ရဲ့ ပြောပုံဆိုပုံ ကိုယ်အမူအရာ နှုတ်အမူအရာ ကြည့်ခြင်းအားဖြင့် အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ရုပ်ကြမ်းလို့တော့ မထင်မိခဲ့ပါဘူး။

(တရုတ်တွေ) တော်တော်ရှက်ပြီး တော်တော်ဒေါသ ထွက်နေတယ်ဆိုတာကိုတော့ မှတ်ချက်ထား သတိပြူမိခဲ့ဖူးပါတယ်။ တရုတ်တွေလည်း ရှက်တတ်တာပဲနော်... ။

စဉ်းစားကြည့်တာပါ။

မြန်မာနိုင်ငံအကြောင်းဟောပြောခဲ့သမျှ

ပြီးခဲ့တဲ့ အပတ်က ဖင်လန်နိုင်ငံမှာပဲ မြန်မာနိုင်ငံအကြောင်း ရှင်းလင်းဟောပြောတဲ့ပွဲကလေးတပွဲ လုပ်တယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက လုပ်တာပါ။

ကျနော့်ကို ဟောပြောရှင်းလင်းပေးဖို့ ဖိတ်ကြားတဲ့အတွက် သွားခဲ့ပါတယ်။ သူတို့ကားနဲ့လာကြိုပေးတယ်။ ပရိတ်သတ်တော့ သိပ်မများလှဘူး။ လူ ၃၀ ၀န်းကျင်လောက်ရှိတယ်။

ပရိတ်သတ်မများလှပေမယ့် သူတို့သိချင်လို့မေးတာတွေကတော့ အများသား။

မြန်မာလူမျိုးဆင်းသက်လာပုံ၊ မြန်မာနိုင်ငံဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားလူမျိုးစုတွေအကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်တွေအကြောင်း၊ အင်္ဂလိပ်မြန်မာစစ်ပွဲတွေအကြောင်း၊ ပုဂံပြည်ပျက်ခဲ့ရတဲ့ တရုတ်-မြန်မာစစ်ပွဲတွေအကြောင်း၊ အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေး နိုင်ငံရေးဆက်စပ်မှုတွေအကြောင်း။ တရုတ်အစိုးရရဲ့ နအဖ အပေါ် ကူညီထောက်ပံ့နေတဲ့အကြောင်း။ စစ်လက်နက်တွေ ရောင်းချနေတဲ့အကြောင်း။ မြန်မာ့ပြည်တွင်းရေးဝင်မစွက်ဘူး ဆိုတဲ့ တရုတ်အစိုးရရဲ့ မူအပေါ်ကို ကျနော်တို့ သံသယရှိတဲ့အကြောင်းတွေကို ၂ နာရီလောက် ဟောပြောရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအကြောင်း သိချင်လို့ လာရောက်နားထောင်ကြသူတွေအတွက် စဉ်းစားကြည့်ဖို့ အချက်အလက် အဖြစ်အပျက်တွေကို သတင်းစကား ပါးလိုက်တာပါ။

သတင်းစာများကပြောတဲ့ မြန်မာနိုင်ငံ

အဲဒီရှင်းလင်းဟောပြောပွဲမှာ မြန်မာနိုင်ငံထုတ် သတင်းစာဖြတ်ပိုင်းလေးတွေ ၊ ဗွီဒီယို သတင်းတိုလေးတွေ ပြသပြီးတော့လည်း နှိုင်းယှဉ်ပြလိုက်ပါသေးတယ်။ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ MRTV တို့ မြ၀တီတို့မှာ ဖော်ပြနေတဲ့ နအဖ ခေါင်းဆောင်တွေ ဗိုလ်ချုပ်တွေ တိုင်းမှူးတွေ လှည့်လည်ကြည့်ရှူမှာကြား သြ၀ါဒ ခံယူကြောင်း သတင်းတွေကို လာရောက် နားထောင်သူတွေ ကြည့်ရတော့ အံ့သြကြတယ်။ ပြီးတော့ ဒါ မြန်မာပြည်က သတင်းစာလားတဲ့။ ဒါမြန်မာပြည်က ရုပ်မြင်သံကြား သတင်း အစီအစဉ်လားတဲ့။ ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်တော့… ၀က်ဝက်ကွဲ ရယ်လိုက်ကြတာ..။

ဟုတ်ကဲ့.. အမေရိကန်မှာတော့ အလားတူ ကိစ္စမျိုးတွေက (တခါတရံမှာ) သတင်းဖြစ်တတ်ပါကြောင်း.. ကျနော်ပြန်လည် ဆွေးနွေးကြည့်ခဲ့ပါတယ်။

အမေရိကားမှာ စီးပွားပျက်ကပ်ကြီးဆိုက်တော့ ချွေတာရေးကို ရှေ့ဆောင်လမ်းပြပြုတဲ့အနေနဲ့

ကိုယ်တိုင်စိုက်ပျိုးပြီး ထွက်လာတဲ့ အသီးအနှံတွေကို ဈေးထဲမှာ ကိုယ်တိုင်လာရောက်ရောင်းချနေတဲ့ ခရမ်းချဉ်သီးသည် ဆီကနေ ၀ယ်ယူအားပေးနေတဲ့ သမ္မတကတော် (အိုဘားမား ဇနီး) ရဲ့ သတင်းဓာတ်ပုံကို အမေရိကန် စာနယ်ဇင်းတွေက အထူးသတင်းသဖွယ် ဖော်ပြခဲ့ကြတာ ကျနော်ကြည့်ခဲ့ ဖတ်ခဲ့ဖူးပါတယ်။ တခါတလေမှာ ဒါမျိုးလည်း သတင်းဖြစ်တတ်ပါတယ်ပေါ့။

ဒါပေမယ့် မြန်မာပြည်မှာတော့ အနှစ် ၂၀ ကျော်ပေမယ့် (ဟုတ်ကဲ့ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖောက်လိုက်တဲ့ လမ်းတွေ အနှစ် ၂၀ ကျော်ပါပြီ) ခုထက်ထိကို မပြီးနိုင်ပါသေးကြောင်း။

လမ်းဖောက် မြောင်းဆယ် တံတားထိုး တိုက်ဆောက် လုပ်ငန်းတွေမှာ သွားသွားကြည့်နေရတဲ့ ဗိုလ်ချုပ်တွေရဲ့သတင်းကတော့ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ နေ့တိုင်းမပါမဖြစ်တဲ့ သတင်းစာ ခေါင်းကြီးသတင်းဖြစ်နေပါသေးကြောင်း… မြန်မာပြည်ရဲ့ နေ့စဉ်သတင်းကို ဖော်ပြပါဆိုရင်... အဲဒီသတင်းတွေပဲ ဖော်ပြရတော့မှာပဲဖြစ်ပါကြောင်း... ကျနော့်အမြင်ကတော့ လမ်းတွေ တံတားတွေကို နောက်မှ အေးအေးဆေးဆေး ဆက်ဖောက်ပါ။

လောလောဆယ် အရင်ဆုံး ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဘယ်လိုတွေ့ဆုံနိုင်မလဲ အနီးဆုံးလမ်းကိုရှာပါလို့သာ စစ်အစိုးရကို အကြံပြုလိုပါကြောင်းပြောတော့ ဖျောင်းဖျောင်းဖျောင်းတဲ့… လက်ခုပ်သံတွေပါ။

ယဉ်ကျေးမှုအမွေအနှစ်တွေ ထိမ်းသိမ်းကြဖို့

ဟုတ်ကဲ့.. ဒါ့အပြင် ကျနော်တို့ မြန်မာလူမျိုးတွေကို ယဉ်ကျေးမှုအမွေအနှစ်ထိမ်းသိမ်းကြဖို့၊ အမျိုးသားရေးလက္ခဏာတွေ မပျောက်ပျက်အောင် စောင့်ရှောက်ကြဖို့ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခဏခဏ မှာကြားတတ်တဲ့အကြောင်း ပြောပြပြီး ဓာတ်ပုံ နှစ်ပုံ ဆလိုက်ထိုးပြခဲ့ပါသေးတယ်။ တပုံက ဘတ်စ်ကားအိုကြီးတစီး .. ကားပေါ်မှာ ခရီးသည်တွေ ငပိသိပ်ငချဉ်သိပ် ပါလာတဲ့ပုံ။ ဒီကားက အနှစ် ၅၀ ကျော်ပြီ ရှေးဟောင်းပစ္စည်း။ ဗိုလ်ချုပ်မှူးကြီးက ယဉ်ကျေးမှုအမွေအနှစ် ထိမ်းသိမ်းတဲ့ အနေနဲ့ ပြည်သူတွေကို အခုထက်ထိ ဒါမျိုးတွေပဲ အသုံးပြုခိုင်းထားကြောင်း...။ နောက်တပုံက မီးရထားတစင်းပုံ။ ဒီရထားရဲ့ သက်တမ်းက အနည်းဆုံး အနှစ် ၆၀ ထက်မလျော့ဘူး ဆိုတော့ ...။ ရယ်လိုက်ကြတာ .... ။ သူတို့နိုင်ငံမှာတော့ ဒါမျိုးပြတိုက် မှာပဲ ရှိတော့တယ်တဲ့။ ဟုတ်ကဲ့ .. ကျနော်တို့ဆီမှာတော့ အခုထိ ယဉ်ကျေးမှုအမွေအနှစ်တွေက လမ်းပေါ်မှာ မရပ်မနား ပြေးဆွဲနေရတုန်း၊ ခေတ်မှီနိုင်ငံတော်ကြီးကို တည်ဆောက်နေကြတုန်းဖြစ်ပါကြောင်း…။
ကာတွန်း-ဟန်လေး

ခလုပ်တိုက်တယ်

ဟောပြောရှင်းလင်းပွဲပြီးတော့ အပြန်လမ်းမှာ ကြောင်လိမ်လှေကားပေါ်ကအဆင်း ကျနော် ခလုပ်တိုက်မိပြီး လဲကျမလိုလို ဖြစ်သွားသေးတယ်။ ကျနော့်မိတ်ဆွေတယောက်ဆိုရင် အခုလို ခလုပ်တိုက်တာပဲဖြစ်ဖြစ်၊ သူ့ဟာသူ ချော်လဲတာပဲဖြစ်ဖြစ်၊ သူ့ဟာသူ စက်ဘီးမှောက်တာပဲဖြစ်ဖြစ်၊ သူ့ဟာသူ လောင်းကစားဝိုင်းမှာ ရှူံးတာပဲဖြစ်ဖြစ်၊ နောက်ဆုံးသူ့ကွန်ပျူတာ ပျက်သွားမျိုးပဲဖြစ်ဖြစ် ... သူက အခုလို စဉ်းစားတတ်ပါတယ်။ တယောက်ယောက်တော့ သူ့ကို ကျိန်ဆဲနေပြီတဲ့..။

စဉ်းစားကြည့်တာပါ။

ခင်မင်လေးစားစွာဖြင့်

သားဆွေ
http://www.phyowai-myanmar.co.cc/2010/02/blog-post_02.html