Tuesday, February 2, 2010

2 Feb ဒိုင်ယာရီ

2 Feb Yeyintnge's Diary

GAB အဖွဲ့ကြီး၏ ပန်ကြားလွှာများနှင့် ‘တိုက်ပွဲခေါ်သံ’ ကြေညာချက်

http://ifile.it/xbfi8u0GAB's Letters and Statement

ဘေးတွေ့မည့် ရွေးကောက်ပွဲသာ ကြုံရအံ့

ဘေးတွေ့မည့် ရွေးကောက်ပွဲသာ ကြုံရအံ့

Submitted by Karen Information Center on February 2, 2010
အယ်ဒီတာ့အာဘော်

ယခုလပိုင်း၊ ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၌ ဖောက်ခွဲမှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု နောက် ထပ် ဖောက်ခွဲမှု စသည့်သတင်းများကို ထပ်ခါထပ်ခါ ကြားနေရသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ် များ ဖြစ်ပေါ်လာတိုင်း အပြစ်မဲ့ ပြည်သူလူထုမှာ မြေဇာပင်သာ ဖြစ်ကြရသည်။ နိုင်ငံတော်ဟု စစ်အုပ်စုက သုံးနှုံးခေါ်ဝေါ်လေ့ရှိသော အမိဗမာပြည်ကြီးတွင် ပြည်နယ်၊ ပြည်မရှိ ပြည်သူများအတွက် အခြေခံ လူ့အ ခွင့်အရေး အလုံးစုံ ပျောက်ဆုံးနေသလို လုပ်ကြံဖန်တီးထားသည့် အကြမ်းဖက်လုပ်ရပ်များ အောက်တွင် လည်း လူထုမှာ လည်စင်းခံနေကြရသည်။
ချောက်ထဲကျလုဆဲဆဲ နိုင်ငံတော်ကို ကယ်တင်ခဲ့သည်ဟု မိမိကိုယ်ကို လီဆယ်ပြောဆိုလေ့ရှိ သည့် အစိုးရအမည်ခံ စစ်အုပ်စုသည် လူထုကို လုံခြုံမှုပေးရန်ထက် နေ့တဓူဝ အန္တရာယ်ပေးနေသည်မှာ ခံစားနေရသည့် လူထုတရပ်လုံး အသိပင်။ မြူတမှုန်စာမျှ ကာကွယ်မှုမလုပ်ပေးနိုင်ဘဲ ကရင်လူထုကို ရက် စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး အတိုက်အခံမှန်သမျှကို တဖက်သတ် စွပ်စွဲခဲ့သည်။ မိမိတို့အာဏာ အဓွန့် ရှည်ရေး ၂၀၁၀ ရွေးကောက်ပွဲနှင့် အဆုံးအဖြတ်ပေးရန်အတွက် ဂမူးရှူးထိုးဖြစ်ကာ အကွက်ဆင်သည့် လုပ်ရပ်ပေါင်းစုံကို နိုင်ငံကြီးသား မပီသစွာ လုပ်ဆောင်လျက်ရှိသည်။
ဗမာပြည်မှ ထွက်ရှိသည့် မြေပေါ်၊ မြေအောက် သယံဇာတမျိုးစုံကို အစအန မကျန်အောင် ဖြုန်း တီးပစ်လိုက်သလို၊ နိုင်ငံတ၀ှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူလူထု၏ လူနေမူစနစ်တအုံလုံးကို ချွတ်ခြုံကျ အောင် ဖျက်ဆီးကာ ကမ္ဘာ့အလယ် လူထင်သေးခံရသည့် နိုင်ငံသားအဖြစ်ရောက်အောင် ဆွဲချနေသည့် သမိုင်းတရားခံ အစစ်ဟုဆိုလျှင် ဧကန်မုချ မလွဲပင်။
နိုင်ငံ့အနှစ်သာရကို ၀ါးမျိုကာ အာဏာရှုးဖြစ်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေနှင့် အပေါင်းပါတစု သည် အတိုက်အခံ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အ ရေး လှုပ်ရှားသူများ၊ မှန်ကန်သည့် ဥပဒေဘက်တော်သားများနှင့် လွတ်လပ်သည့် သတင်းမီဒီယာများကို အမိုက်မှောင်တွင်း သက်ဆင်းနေသူများပမာ စွပ်စွဲပြစ်တင်ပြောဆိုကာ လူထုကို ထင်ယောင်ထင်မှားဖြစ် အောင် သွေးထိုးစည်းရုံးလျှက်ရှိသည်။
လူထုမှာ မိမိရပ်ရွာတွင်ပင် စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရ ဖြစ်နေကြရသလို နယ်စွန်နယ်ဖျားရှိ ဒေသခံများမှာလည်း တည်ငြိမ်စွာ လုပ်ကိုင်စားသောက်ခွင့်မရှိဘဲ ရွာပြေးများအဖြစ် လည်းကောင်း၊ သူတပါးနိုင်ငံတွင် ကျားသနားမှ နွားချမ်းသာမည့်အဖြစ်မျိုးနှင့် ရင်ဆိုင်လုပ်ကိုင်နေကြရသူ များအဖြစ်လည်းကောင်း၊ တွန်းပို့ခဲ့၊ တွန်းပို့ဆဲ၊ တွန်းပို့သွားမည့် လူ့စည်းကမ်း၊ ဘာသာရေးနည်းလမ်း မဲ့ နေသော လက်တဆုပ်စာ စစ်အုပ်စုကို အောက်ခြေရှိ တပ်မတော်သားများပင် မေတ္တာမရှိကြ။
အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မည့်ကိန်းဆိုက်နေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကြီးမှာ တဖြည်းဖြည်းနှင့် နှီးကပ်လာနေပေပြီ။ ဗမာပြည်သူလူထုမှာ ထိုအချင်းအရာကို စိတ်မ၀င်စား။ ၎င်းတို့စစ် အုပ်စုကသာ ကသောကမျောဖြင့် ငွေစက္ကူသစ်ထုတ်၊ လစာတိုးကာ စည်းရုံးနေသော်ငြား အချည်းအနှီးပါ တကား။ ကုန်ဈေးနှုန်းကို မထိန်းနိုင်၊ လူထုဝမ်းရေးကို ပြည့်မှီအောင် မဖြည့်တင်းနိုင်ဘဲ လက်နက်ကိုင် ကာ ကျည်ဖြည့် အုပ်ချုပ်နေသရွေ့ စစ်အုပ်စုအနေဖြင့် ဘေးတွေ့မည့် ရွေးကောက်ပွဲကိုသာ ရင်ဆိုင်ရ လတံ့ဟုပင် ကရင်သတင်းစဉ်က ဝေဖန်ဟောကိန်း ထုတ်လိုက်ချင်ပါသည်။

http://www.kicnews.org/?p=1862

၂၁နှစ်တောင်ရှိခဲ့ပြီ (ပထမပိုင်း)



(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွါးခဲ့တာ အခုဆိုရင် ၂၁ နှစ်ကြာ ရှိခဲ့ပြီ။ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ လိုလား တောင်းဆိုချက်တွေကို မျက်ကွယ်ပြု နင်းခြေဖျက်ဆီးပြီး တပါတီ အာဏာရှင်စနစ်ကို စစ်အာဏာရှင်စနစ်နဲ့ အစားထိုးခြင်းခံရတာ ၂၁ နှစ် ရှိခဲ့ပြီ။ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲကာလလည်း ၂၁ နှစ်ရှိခဲ့ပြီ။ ပြီးတော့ ကျနော်လည်း အမေနဲ့ ကျနော်ချစ်တဲ့ မောင်နှမ တွေကို ခွဲခွါ ခဲ့ရတာ ၂၁ နှစ်ရှိခဲ့ပြီပဲ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းဖြိုခွင်းခဲ့ပြီးနောက်မှာ မိသားစုပေါင်းများစွာရဲ့ ဘဝအသိုက်အမြုံတွေ ဟာကစဥ့်ကလျား ပြိုကွဲပျက်စီးခဲ့ရတယ်။ ကျောင်းသားပြည်သူ ရဟန်းရှင်လူ ထောင်နဲ့ချီပြီးပစ် ခတ်သတ်ဖြတ်ခံခဲ့ရတယ်။ ရာနဲ့ချီပြီး အဖမ်းဆီးခံခဲ့ရသလို ထောင်နဲ့ချီတဲ့ ကျောင်းသားလူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန် တိုက်ခိုက်ဖို့ လူမျိုး စုလက်နက်ကိုင် အဖွဲ့အစည်းများတည်ရှိရာ နယ်စပ်ဒေသများသို့ ထွက်ခွာခဲ့ကြတယ်။ မိခင်တွေ၊ဇနီးသည်တွေ၊ သားသမီးတွေရဲ့ငိုသံ တွေညံခဲ့ရတဲ့နေ့ရက်တွေ ပါပဲ၊ အနိဋ္ဌာရုံအပြည့်နဲ့ အမှောင်လွှမ်းတဲ့ နေ့ရက်တွေပါပဲ။

အဲဒီကာလတုန်းက အမေဟာ ကျနော်ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တယ်။ ကျနော် တခုခုလုပ်တော့မယ်ဆိုတာ အမေသိနေ တယ်။ အမေ့ရဲ့မျက် နှာမှာကျနော့် အတွက်စိုးရိမ်ပူပန်တဲ့ အရိပ်အရောင်တွေကို တွေ့နေရတယ်၊ ဘာမှမသိသလို ဟန်ဆောင်နေရင်း တဖက်က တော်လှန်ရေးနယ်မြေကို ထွက်ခွာဖို့သူငယ်ချင်းများနဲ့ တိုင်ပင်နေခဲ့တယ်။ သူတို့မှာသွားဖို့အစီအစဉ်မရှိကြ။ “မင်းနဲ့မဖြစ် ပါဘူးကွာ” လို့ဆိုပြီး ကျနော်ကိုပါ ဝိုင်းပြီးတားကြတယ်။ ဒီလိုတားကြတာကလည်း အကြောင်းရှိပါတယ်။ ကျနော် ၁၃ နှစ်သားအရွယ် က ကားတိုက်ခံရပြီး ဘယ်ဘက်တင်ပဆုံရိုး ကျိုးသွားခဲ့တယ်။ ကျနော့်ခြေထောက်တဖက်က ကောင်းကောင်းမသန်။ ကြမ်းတမ်းတဲ့ အခြေအနေနဲ့ ကျနော်နဲ့မဖြစ်လို့ သူတို့ပြောကြတာပါ။ ကျနော်ဟာလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လုံးဝလက်မခံနိုင် ဘူးဖြစ်နေတယ်။ ဒေါသတွေနဲ့ကျနော်ဟာ တယောက်ထဲ ပေါက်ကွဲနေခဲ့တယ်။

ဒီအတိုင်းနေလို့မဖြစ်၊ တလနီးပါးအချိန်ကို ဖြုန်းခဲ့ပြီးပြီ။ ရည်ရွယ်ရင်း ဒီခရီးလမ်း သွားကိုသွားရမှဖြစ်မယ်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာ မာချပါတယ်။ ရည်ရွယ်ချက်တွေကိုသယ်ပိုး အမေ့အိမ်က ကျနော် တိတ်တိတ်ခိုးထွက်ခဲ့တယ်။ အမေဘယ်လိုဖြစ်ကျန်ရစ်မလဲ၊ မောင် နှမတွေ ကျနော်အတွက် စိတ်ထိခိုက်နေမလား၊ ကျနော်မစဉ်းစားခဲ့ပါ။ ဘယ်သူကမှတိုက်တွန်းခဲ့တာမဟုတ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဒီခရီးကြမ်းကို တယောက်ထဲ ထွက်ခဲ့တယ်။ ကျနော်ကသားတွေထဲမှာ အငယ်ဆုံးအလိုလိုက်ခံရသူ၊ ကျနော်အထက်မှာ အကို သုံး ယောက်၊ အမတယောက်၊ အမကအကြီးဆုံး။ ညီမတယောက်ရှိသေးတယ်။ ညီမလေးက ကျနော်နဲ့ ၁၃ နှစ်ကျော် အသက်ကွာတယ်။ ကျနော်ထွက်လာတော့ ညီမလေးက ၅ နှစ် သမီးသာရှိသေးတယ်။ အဖေက ၁၉၈၆ ခုနှစ်ကတည်းက ဆုံးပါးခဲ့ပြီးပြီ။ ကျနော် တယောက်လျော့လို့ အိမ်မှာဘာမှမဖြစ်နိုင်၊ အမေကို ကျန်တဲ့သူတွေ ကြည့်လိမ့်မပေါ့။ ဒါကအဲဒီတုန်းက ကျနော်ရဲ့အတွေးပါ။

အိမ်ကထွက်လာတာက ၁၉၈၈ခု၊အောက်တိုဘာလ ၂၄ ရက်။ လမ်းမှာ ၁၀ ရက် ကြာတယ်၊ ကံကောင်းတယ်လို့ပြောရမှာပါ၊ လမ်းခရီး တလျောက် တောခိုသွားမယ့် ကျောင်းသားမှန်းသိတဲ့အခါ လူတွေက အားတက်သရော လမ်းညွှန်ကြ၊ လိုက်ပို့ကြ၊ တည်းခိုခွင့်ပေးကြ၊ အစားအသောက်တွေနဲ့ဧည့်ခံကြတယ်။ သားသမီးချင်းကိုယ်ချင်းစာလို့ မျက်ရည်တွေကျပြီး လမ်းမှာစားဖို့စားစရာတွေထုပ်ပိုးပေးလိုက် တဲ မွန်အမျိုးသမီးကြီးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ မြစ်၊ ချောင်း၊ တောတောင် လျှိုမြောင်၊ ရေတံခွန်၊ စိမ့်စမ်း၊ လွင်ပြင်တွေ ဖြတ်ခဲ့ပြီး ခရီးအဆုံးမတော့ KNU ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်ရာ သေ့ဘောဘိုးကျေးရွာကို ဘေးမသီ ရန်မခ ရောက်ရှိခဲ့တယ်။ ကျနော့်အရင် ရောက်နှင့်ပြီးသူတွေက ထောင်နဲ့ချီနေပြီ။ ကျနော်ရောက်တာ နိုဝင်ဘာလ ၃ ရက် ။ကျနော် ကျောင်းသားနံပါတ်တောင် ၃၀၄၅ ရှိပြီ။ နောက်ထပ်လည်း တဖွဲဖွဲရောက်နေတုန်း။

မှတ်မှတ်ရရ ရောက်ပြီးတရက်ကြာ နိုဝင်ဘာလ ၅ ရက်နေ့ကကျနော်မွေးနေ့၊ ကျနော် ၁၉ နှစ်ပြည့်တယ်။ အဲဒီနေ့က အမေနဲ့ မောင်နှမ တွေကို ကျနော် အရမ်းလွမ်းနေမိတယ်။ ဘယ်တော့များမှ ပြန်ဆုံတွေ့ကြမလဲဆိုတာကို မတွေးတတ်တော့။ ငါလိုပဲမိသားစုနဲ့ ခွဲလာ ကြတဲ့သူချည်းပဲဆိုတဲ့အသိနဲ့ အားပြန်တင်းခဲ့ရတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းပြီးတဲ့အခါ သေ့ဘောဘိုးဒေသရောက် ကျောင်းသားလူငယ်များကို ယာယီစုဖွဲ့မှုအနေနဲ့ တပ်ရင်း (၁) (၂) (၃) ဆိုပြီး ဖွဲ့စည်းခဲ့တယ်။ ကျနော်က တပ်ရင်း (၃) ကိုရောက်သွားတယ်။ အဲဒီတုန်းက အဖွဲ့အစည်းတွင်းမှာ အုပ်စုစွဲ၊ ဒေသစွဲသိပ်ကြီးကြတယ်။ ကျနော် ရောက် သွားတဲ့ တပ်ရင်း (၃) က မော်လမြိုင်သားတွေများတယ်၊ ရန်ကုန်သားဆိုလို့ ကျနော်နဲ့ တခြားရဲဘော်တယောက် ပေါင်း ၂ ယောက်ပဲရှိတယ်။ အခြေခံစစ်ပညာသင်တန်းကို တပ်ရင်း (၃) မှာပဲ KNU ကသင်တန်းပို့ ချပေးတယ်။

အဲဒီကာလက ကျနော်တို့အတွက် အပင်ပမ်းအဆင်းရဲဆုံး ကာလပါပဲ။ အစားအသောက်၊ အနေအထိုင်ဆင်းရဲလို့ အဟာရချို့တဲ့ကြ ရတဲ့အပြင် ငှက်ဖျားဒါဏ်ကို အလူးအလဲ ခံကြရတယ်။ ငှက်ဖျားဒါဏ်နဲ့ အိပ်ယာထဲတ ယောက်ထဲလဲနေတဲ့အချိန်ဆို အင်မတန်မှ စိတ် အားငယ်ပြီး အမေရယ်၊ မိသားစုရယ်ကို သတိရလွမ်းဆွတ်ရတဲ့ ဒါဏ်ဟာ ရင်အကွဲရဆုံးပဲ။ တယောက်ထဲအိပ်ယာထဲမှာ ကြိတ်ပြီး မျက်ရည်ကျရတယ်။ ကျနော်တို့ ရဲဘော်တွေအချင်းချင်း အားပေးနှစ်သိမ့်ကြပြီး တယောက်နဲ့တယောက် ပြုစုဖေးမခဲ့ကြတယ်။ ငှက် ဖျားဒါဏ်နဲ့ လူတွေရဲ့မျက်နှာတွေဟာ ဖောသွပ်သွပ်ဖြစ်နေကြတဲ့အပြင် တစုံထဲသောယူနီဖေါင်းကို အမြဲဝတ်ပြီး သင်တန်းတက်နေ ကြရလို့ဝဲတွေပါ စွဲနေခဲ့ကြတယ်။ ကျနော်ရဲ့ကျန်းမာရေးအခြေအနေနဲ့ အခြားသန်သန်မာမာ ရဲဘော်တွေနဲ့ တန်းတူစစ်သင်တန်းကို အ မီလိုက်တက်ရတဲ့အတွက် ကျနော်အဖို့ရာ မထောင်းတာလှ။ အမေ့အိမ်မှာဘော်ကျော့နေခဲ့တဲ့ ကျနော်အတွက်တော့ ရေရေလည် လည် ကျွတ်ခဲ့ရတဲ့ အချိန်တွေပါပဲ။

နောက်ပိုင်း တပ်ရင်း ၁၊ ၂၊ ၃ ကို တပ်ရင်း (၂၀၄) (၂၀၅) (၂၀၆) ဆိုပြီး ပြန်လည်ဖွဲ့စည်းကြတယ်။ တပ်မှုးအပြောင်းအလဲ၊ တပ်ရင်း လူအပြောင်းအရွှေ့တွေရှိခဲ့တယ်။ တပ်ရင်း (၂၀၄) (၂၀၅) က သေ့ဘောဘိုးစခန်း မှာအခြေစိုက်ပြီး၊ တပ်ရင်း (၂၀၆) က သေ့ဘော ဘိုးစခန်းကနေ လမ်းလျှောက်ရင် ၄၅ မိနစ် ခရီးအကွာ ဝါးမီထရွာလေးအနီးမှာ အခြေစိုက်တယ်။ ၁၉၈၉ ခုနှစ် မတ်လအတွင်းမှာ ကျနော်နဲ့ အခြားရဲဘော် ၆ ယောက် တပ်ရင်း (၂၀၆) ကနေ တပ်ရင်း (၂၀၅) ကို ပြောင်းရွှေ့ခဲ့ကြတယ်။



(၂)

၈၈ အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ ABSDF ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးဟာ ကျနော်တို့ မျှော်လင့်ထားခဲ့သလို မြန် မြန်ဆန်ဆန်ပြီးဆုံးသွားမဲ့ ခရီးလမ်းမဟုတ်တဲ့အကြောင်း စတင်သိရှိစေတဲ့၊ ကျနော် တို့ မျှော်လင့်မထားတဲ့ အကန့်အသတ်အဟန့်အတားတွေကို စတင်ကြုံတွေ့ကြရ တယ်။ KNU သင်တန်းဆရာတွေကြီးကြပ်ပို့ချတဲ့ စစ်သင်တန်း တွေပြီးဆုံးသွား ပေမယ့် ကျောင်းသားတပ်ဖွဲ့တွေကို KNU က လက်နက်တပ်ဆင်ပေးခြင်း မရှိပါဘူး။ အခုမှပြိုဆင်းလာပြီး ဗမာလူမျိုး အများစုပါဝင်တဲ့ ဒီလူအုပ်စုကြီးကို ယုံကြည်စွာနဲ့ လက်နက်တပ်ဆင်ဖို့ကိစ္စဟာ KNU အတွက်မဖြစ်နိုင်သေးဘူး၊ မယုံကြည်နိုင်သေး ဘူး ဖြစ်နေတယ်။

KNU ဟာ ကရင့်အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို ခိုင်မာတဲ့ မူဝါဒတွေနဲ့ တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းကြီး တခု ဆိုပေမယ့် အောက်ခြေစည်းရုံရေးနဲ့ အခြေခံဒေသတည် ဆောက်ရေးမှာ လူမျိုး ရေးကိုအခြေခံပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ကရင်-ဗမာစစ်ပွဲရယ်လို နားလည်လက်ခံကျင့်သုံးနေကြသူ အများအပြား ရှိနေပါတယ်။ ကရင်အရာရှိတ ယောက်က ကျနော်ကို ပြောပြခဲ့ဘူးတယ် “ခင်ဗျားတို့ ကျောင်းသားတွေ စရောက် လာတော့ ကျနော်တို့မှာ အောက်ခြေနဲ့အခြေခံဒေသတွေမှာ ခင်ဗျားတို့ကျောင်းသားတွေကို လက်ခံဖို့ရာအတော်လေးကို စည်းရုံးနား ချခဲ့ရတယ်ဗျ” လို့ သူက ဆိုပါတယ်။

သူတို့မှာလည်း သူတို့အမြင်နဲ အခက်အခဲတွေရှိမှာပါပဲ။ ဒီအခြေအနေတွေအပေါ်မှာ စစ်သွေးတွေသိပ်ကြွနေကြတဲ့ ကျနော်တို့ ကျောင်းသားရဲဘော်တွေဟာ အားမလိုအားမရဖြစ်ကြရ၊ စိတ်ပျက်မကျေမနပ် ဖြစ်ကြရတယ်။ စခန်းအုပ်ချုပ်မှုကော်မတီဟာ တဖက် က ကိုယ်ပိုင်လက်နက်တွေဝယ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး၊ တဖက်ကလည်း ကျောင်းသားရဲဘော်/ရဲမေတွေ စွမ်းရည်ထက်မြက်နိုးကြား နေစေဖို့ မွမ်းမံစစ်သင်တန်းတွေ၊နိုင်ငံရေး စည်းရုံရေးသင်တန်းတွေ၊ ဆေးသင်တန်းတွေ၊ ဘာသာစကားသင်တန်းတွေ ဖွင်လှစ်ပို့ချပေး ခဲ့တယ်။ ထပ်မံပို့ချပေးတဲ့ မွမ်းမံစစ်သင်တန်းတွေကိုတော့ ကျောင်းသားလူငယ်တွေနဲ့အတူ တော်လှန်ရေးနယ်မြေကိုရောက်ရှိလာ ကြတဲ့ စစ်တပ်က စစ်သည်ဟောင်းတွေက သင်တန်းဆရာများအဖြစ် ကြီးကြပ်ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

ကျနော်ကတော့တပ်ရင်း (၂၀၅) ကို ပြောင်းရွှေ့လာပြီးနောက်မှာ အသစ်ပြန် လည်ဖွဲ့စည်းတဲ့တပ်ရဲ့တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် ခဲ့ရတယ်။ တပ်ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်တွင်းစည်းကမ်း၊ ဒေသန္တရစည်းကမ်းတွေကို ကြီးကြပ်ရေး၊ စခန်းလုံခြုံရေး အပြစ်ဒါဏ်ကျ အချုပ်သားရဲဘော်တွေကို ထိမ်းသိမ်းရေး စတဲ့တာဝန်တွေကို ထမ်းဆောင်ရပါတယ်။ အတော်လေးခေါင်းစားပြီး၊ လူမုန်းများတဲ့ တာဝန်ပါပဲ။ ကျနော်တို့ ကျောင်းသားရဲဘော်တွေအားလုံး ကိုယ်ကျရာတာဝန်တွေ၊ ကိုယ်နဲ့သက်ဆိုင်ရာသင်တန်းတွေနဲ့ မအားမလပ် နိုင်အောင်ရှိနေခဲ့ကြတယ်။ တောထဲရောက်တာလည်း ၆ လ ၇ လ ရှိပြီဆိုတော့ နေသားလည်းကျလာကြပါပြီ။ ကျနော်တို့ အိမ်နဲ့ မိသားစုကိုကြိုးစားပြီးမေ့ထားတတ်ကြပြီ။ တယောက်နဲ့တယောက်လည်း မိသားစုအကြောင်း အစဖေါ်စကားလုပ်ပြောလေ့မရှိကြဘူး။ အလိုအလျောက်နားလည်ကြတဲ့အရာပါပဲ။

၁၉၈၉ နှစ်ဦးပိုင်းကစပြီး စစ်အစိုးရတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အရေး ပါတဲ့ဒေသတွေကို ထိုးစစ်စတင်ဆင်နွှဲပါတော့တယ်။ KNU ရဲ့ အဓိကခံစစ်စခန်းတွေဖြစ်ကြတဲ့ တပ်မဟာ (၇) မှ ဝမ်ခစခန်းနဲ့ သေ့ ဘောဘိုးစခန်းတည်ရှိရာ တပ်မဟာ (၆) မှ ဖလူးစခန်းတို့ကို စစ်တပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။ ရန်သူ့ထိုးစစ်သိပ်ပြင်းထန်လာတဲ့အခါ KNU တာဝန်ရှိသူတွေက ကျောင်းသားတပ်ရင်းတွေကို ခံစစ်ဆင်တိုက်ခိုက်ရာမှာ ပါဝင်ဆင်နွှဲဖို့ ကမ်း လှမ်းလာခဲ့တယ်။ ကျောင်းသားရဲဘော်တွေ စစ်ရေးအတွေ့အကြုံရရှိစေဖို့၊ KNU ရဲ့ ကျောင်းသားတပ်ဖွဲ့တွေအပေါ် ယုံကြည်မှု တိုး တက်ခိုင်မာလာစေဖို့အတွက် စခန်းတာဝန်ရှိသူတွေက တပ်ဖွဲ့ဝင်ရဲဘော်တွေကို ဝမ်ခနဲ့ ဖလူးစခန်းစစ်မြေပြင်ဆီသို့ စေလွှတ်တိုက် ခိုက်စေခဲ့တယ်။

ဒီလိုပဲ နယ်စပ်ဒေသအသီးသီးမှာရှိကြတဲ့ ကျောင်းသားတပ်ရင်းတွေဟာ အခုလိုမျိုး ယုံကြည်မှုတည်ဆောက်ရေး တိုက်ပွဲတွေကို ဆင် နွှဲခဲ့ကြရတယ်။ မာနယ်ပလောဗဟိုဌာနချုပ်ဖက်ကို ရောက်ရှိခဲ့ကြတဲ့ ကျောင်းသားရဲဘော်တွေဆိုရင် စစ်မြေပြင်မှာ ကျည်ဆံ၊ ရိက္ခာ တွေ ထမ်းပို့ပေးရတဲ့ ပေါ်တာဝန်ထမ်းတွေအဖြစ်တောင် လုပ်ဆောင်ပေးခဲ့ရတယ်။ ကျောင်းသားရဲဘော်တွေ ထိခိုက်ဒါဏ်ရာရတာ၊ သေကြေကျဆုံးတာတွေ ရှိခဲ့တယ်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစု တွေအ ကြား အပြန်အလှန် ယုံကြည်နားလည်မှုရရှိရေးအတွက် ကျနော်တို့ အတတ်နိုင်ဆုံး စတင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

ကျနော်တို့တပ်ရင်း (၂၀၄) (၂၀၅) မှ ရဲဘော်များနဲ့ စခန်းအုပ်ချုပ်မှုကော်မတီဟာ ရန်သူကိုနယ်စပ်မှာ ခံစစ်သေတိုက်ခိုက်ရတာထက် ပြည်တွင်းကိုဝင်ရောက်ပြီး လှုပ်ရှားစစ်ကြောင်းများနဲ့ စစ်ဆင်တိုက်ခိုက်တာကို ပိုပြီးဆန္ဒရှိကြပါတယ်။ စခန်းတာဝန်ရှိသူတွေက ပြည် တွင်းလှုပ်ရှားစစ်ဆင်ရေးအတွက် အဓိကထားဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၉ ခု စက်တင်ဘာလအတွင်းမှာ (၂၀၅) တပ်ရင်းမှုးဦးဆောင်တဲ့ ပူးပေါင်းအင်အားစစ်ကြောင်းတကြောင်းကို တပ်မဟာ (၆) ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်နိုင်ခဲ့တယ်။ တိုက်ခိုက်ရေးစစ်ကြောင်းဟာ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကျိုက်ဒုံကျေးရွာမှာ ရှေ့တန်းဌာနချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး မကြာမီ ဝမ်ခနဲ့ ဖလူးစစ်ပြေပြင်က ပြန်လည် ရောက်ရှိလာတဲ့ တပ်ရင်း (၂၀၄) (၂၀၅) တိုက်ခိုက်ရေးရဲဘော်များ၊ ဆေးတပ်ဆွယ်တခု၊ နိုင်ငံရေးအလုပ်တဖွဲ့ ပူးပေါင်းပါဝင်တဲ့ စည် ရုံးရေးစစ်ကြောင်းတခုကို စခန်းကော်မီတီဥက္ကဋ္ဌနဲ့ တပ်ရင်း (၂၀၄) တပ်ရင်းမှုးတို့ဦးဆောင်ပြီး ရှေ့တန်းနယ်မြေကို ထွက်ခွာခဲ့ကြ တယ်။ ဒီလိုမျိုး စည်းရုံရေးစစ်ကြောင်းအနေနဲ့ လှုပ်ရှားတာကို ကရင်အာဏာပိုင်တွေဟာ နှစ်သက်လိုလားခြင်းမရှိပါဘူး။ အကန့်အ သတ်တွေကြားမှာ အလုပ်လုပ်ကြရတယ်။ “ငါ့တို့နယ်မြေ၊ ငါ့တို့စည်းရုံးပြီးသား ဘာမှထပ်စည်းရုံးစရာမလိုဘူး၊ အိမ်ကြီးပေါ် အိမ်ငယ် လာမဆောက်နဲ့၊ လှေကြီးပေါ်လှေငယ်လာမဆင့်နဲ့” ဆိုတဲ့စကားတွေ တကယ်ပဲပြောခံခဲ့ရသလို၊ ကျနော်တို့ တကယ်ပဲစိတ်ပျက်ခဲ့ကြ ရတယ်။ သူတိုရဲ့နယ်မြေမှာ သူတို့အာဏာစက်က သိပ်ပြင်းကြသလို၊ ကျနော်တို့ကလည်း သူတို့ပြောရင်ပြီးသွားတဲ့ လူစားတွေမဟုတ် ကြလေတော့၊ ကိစ္စတိုင်းဟာ လွယ်လွယ်နဲ့မပြီးတတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့တပ်မှုးတွေနဲ့ ရဲဘော်တွေဟာ လူထုစည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေးကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် စည်းရုံးတည်ဆောက်ခဲ့ကြတယ်။

အခြေခံဒေသတချို့မှာဆို ဗမာကျောင်းသားနဲ့ ရည်းစားမထားရ၊ အိမ်ထောင်မပြုရဆိုပြီး အမိန့်ထုတ်ပြန်ထားတာတွေတောင် ရှိခဲ့ တယ်။ ဗမာစကားပြောတာနဲ့ ဗမာစာသင်ကြားတာတွေတောင် အားမပေးအကန့်အသတ်ကြီးတယ်။ ကရင်အရာရှိတွေနဲ့ ဆက်ဆံတဲ့ အခါလည်း ပေါ့သေးသေးမထင်နဲ့ခင်ဗျာ “စကားစပြောရင် ကျနော် ဗမာလိုကောင်းကောင်းမတတ်ဘူးလို့ စပြောတာပြီးရင် ပိဿာ လေးနဲ့ဘေးပစ်သလို ဗမာစကားကိုပြောတာ၊ ကတ်ကတ်သတ်သတ်လည်းပြောတတ်ကြတယ်။” ဒါပေမယ့် စိတ်ရင်းကောင်းပြီး၊ ရိုး သားကြတာတော့အမှန်ပါပဲ။ ဆက်ဆံရတာလည်းပုံစံအမျိုးမျိုးရှိတယ်။ ဗုဒ္ဓဘာသာပိုးကရင်ကိုဆက်ဆံရတာကတမျိုး၊ တောင်ပေါ်က ရင် (စကော) ကို ဆက်ဆံရတာတမျိုး သူတို့ကဟင့်အင်းဆိုရင် နှစ်ခါထပ်မပြောနဲ့ မရဘူး၊ မြစ်ဝကျွန်းပေါ်ကလာတဲ့ ကရင်အရာရှိတွေ က ခေတ်ပညာတတ်ပြီးဗမာရည်လည်တယ်။ ကျနော်တို့ကျောင်းသားတွေအပေါ် ကိုယ်ချင်းစာနားလည်မှုအများကြီး ရှိကြတယ်။ အ ထက်ကကန့်သတ်အမိန့်ရှိရင်တောင် အောက်ခြေမှာ အဆင်အပြေဆုံးဖြစ်အောင် ကျနော်တို့ကို ကူညီဆောင်ရွက်ပေးလေ့ရှိတယ်။ အ စောပိုင်းကပြောခဲ့တဲ့ ကရင်အရာရှိဆက်ပြောပြတာ ရှိသေးတယ် “အောက်ခြေမှာ ခင်ဗျားတို့ကိုလက်ခံအောင် နားသာချခဲ့ရတာပါဗျာ ခင်ဗျားတို့မောင်ကျောင်းသားတွေနဲ့လည်းတွေ့ကြရော အမိုးရယ်၊ ဖထီးရယ်၊ ဖိုခွားရယ်နဲ့ပဲ သူတို့သမီးတွေတယောက်ပြီး တယောက် မောင်ကျောင်းသားတွေနောက် ပါကုန်တာပါပဲ။” လို့ရီရီိမောမောပြောပြတယ်။ အမှန်ပါပဲ၊ ကျနော်တို့ကျောင်းသားတပ်ဖွဲ့တွေ ကရင် ပြည်နယ်အတွင်း စတင်လှုပ်ရှားခွင့်ရချိန်ကစပြီး လူမျိုးရေးအမြင်မကြည်မှုတွေကို အတတ်နိုင်ဆုံးချေဖျက်နိုင်ခဲ့ကြတယ်။ ကရင်ပြည် သူတွေအတွင်းမှာ၊ မဟာမိတ်ရဲဘော်တွေနဲ့ ဆက်ဆံရာမှာ တသားတည်းဖြစ်အောင် စည်းရုံးတည်ဆောက်ခဲ့ကြတယ်။

၁၉၈၉ ခု ဒီဇင်ဘာလအတွင်းမှာပဲ နိုင်ငံခြားသား ၄ ဦး ကရင်ပြည်နယ်အတွင်း အခြေအနေနဲ့ ကျောင်းသားစစ်ကြောင်း လှုပ်ရှားမှုတွေ ကို မှတ်တမ်းတင်လေ့လာဖို့လိုအပ်တာတွေ ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် ရှေ့တန်းဌာနချုပ် ကျိုက်ဒုံကျေးရွာကို စခန်းကော်မတီ ရဲ့အစီအစဉ်နဲ့ သွားရောက်ခဲ့တယ်။ ကျနော်က ဒီဧည့်သည်နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးတာဝန်နဲ့ ရှေ့တန်းဌာနချုပ်ကို လိုက်ပါလာ ခဲ့တယ်။ ကျနော် နိုင်ငံခြားသားတွေနဲ့အတူ တပ်မဟာ (၆) နယ်မြေအတွင်း မှတ်တမ်းတင်လုပ်ငန်းတွေ လုပ်ဆောင်နေကြစဉ်အတွင်း မှာပဲ မမျှော်လင့်တဲ့ သတင်းဆိုးကြီးကိုကြားကြရပါတယ်။ KNU တပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်ရင်း (၂၀၆) တို့ ခံစစ်ဆင် တိုက် ခိုက်နေကြတဲ့ ဖလူးခံစစ်စခန်းကို ရန်သူတပ်တွေ ၁၉၈၉ ခု ဒီဇင်ဘာ (၂၉) ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့ သတင်းဆိုးကြီး ပါပဲ။ အခြေအနေတွေ ရုတ်ချည်းပြောင်းလဲကုန်တယ်။ ဖလူးစခန်းကိုသိမ်းပြီးတာနဲ့ ရန်သူတပ်တွေဟာ နယ်စပ်တလျှောက်ကို ဆက်ပြီး ထိုး စစ်ဆင်မှာပါပဲ။ ဒီထိုးစစ်မစခင် နိုင်ငံခြားသားဧည့်သည်တွေကို နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲပြန်ပို့နိုင်ဖို့ အရေးတကြီးစီစဉ်ရပါ တယ်။ တဆက်တည်းမှာပဲ တပ်မဟာ (၆) နယ်မြေအတွင်းပိုင်းကိုလည်း ရန်သူစစ်ကြောင်းတွေ ထပ်တက်လာတယ်ဆိုတဲ့ သတင်းကြောင့် တိုက်ခိုက်ရေးစစ်ကြောင်းတွေက ရန်သူကို ဆီးကြိုတိုက်ခိုက်ဖို့ ပြင်ဆင်ကြရတယ်။ ကျနော်နဲ့ အခြားရဲဘော် ၂ ဦးက ဧည့်သည်တွေ ရဲ့လုံခြုံရေးကို တာဝန်ယူပြီး သေ့ဘော ဘိုးစခန်းကို အမြန်ဆုံးပြန်လာခဲ့ကြရတယ်။



(၃)

သေ့ဘောဘိုးစခန်းကိုပြန်တဲ့ အပြန်ခရီးက ရုပ်ရှင်ဆန်တယ်။ အလာခရီးမှာ ပျှော်ရွှင် တက်ကြွခဲ့ကြသလောက် အပြန်ခရီးကတော့ တိတ်ဆိတ်ငြိမ်သက်ရင် တထိတ်ထိတ် နဲ့ စခန်းကို တိုက်ရိုက်မပြန်နိုင် ဝေါလေရွာမှာ တညအိပ်ခဲ့ရတယ်။ ခရီးကဘာမှ မ ဝေးတော့ ကားနဲ့သွားရင် ၄၅ မိနစ်သာသာ၊ ရှေ့မှာတပ်ရင်း ၂၀၆၊ မိုးကဲစခန်းပြီးရင် သေ့ဘောဘိုးစခန်း။ အခြေအနေက ညဖက်ခရီးဆက်ဖို့လုံးဝ စိတ်မချရတော့။ ဧည့် သည်များကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိ ပို့ဆောင်ပေးဖို့ကျနော်တပ်ရင်း (၂၀၆) မှာ စစ်သင်တန်းတက်ခဲ့စဉ်က သင်တန်းမှုးအဖြစ်တာဝန်ယူခဲ့သူ KNU ဗိုလ်က တာဝန် ခံတယ်။ သူ့အိမ်မှာပဲ ကျနော်တို့ တညအိပ်ခဲ့ကြရတယ်။ ဝေါလေရွာကြီး တရွာလုံး တိတ်ဆိတ်ငြိမ်သက်ပြီး လူရိပ်လူရောင်ပင်မတွေ့ရတော့။

ကျနော့်ဆရာ သင်တန်းမှုးကိုယ်တိုင်က ဖလူးခံစစ်စခန်းမှာ ကွပ်ကဲ အုပ်ချုပ်တိုက်ပွဲ ဝင်နေခဲ့ သူတဦး၊ ဖြစ်စဉ်တွေကို ဧည့်သည်တွေနဲ့ ကျနော်တို့အားရှင်းပြနေတဲ့ သူရဲ့ မျက်နှာလည်း အတော်လေး မကောင်းဖြစ်နေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဝေါလေ ရွာမှာ ကရင်နှစ်သစ်ကူးပွဲတော်ကို အကြီးအကျယ်ကျင်းပပြုလုပ်ခဲ့တယ်။ ဖလူးခံစစ် စခန်းမှာ ကွပ်ကဲအုပ်ချုပ်တဲ့ အရာရှိအားလုံးနီးပါး နှစ်သစ်ကူးပွဲတော်ကို ရောက်ရှိနေ စဉ်အတွင်း ရန်သူတပ်တွေက ရုတ်တရက် ထိုးစစ်ဆင်လာခဲ့တယ်။ အသေအခြာ ကြီးကြပ်မဲ့ အရာရှိတွေမရှိတဲ့အခြေအနေမှာ ရန်သူရဲ့ရုတ်တရက်ပြင်းထန်တဲ့ တိုက်ခိုက်မှုကို အလစ်အငိုက်ခံလိုက်ရတဲ့အခါ ဘယ်လို မှမခံနိုင်တော့ပဲ ခံစစ်စီးကြောင်းအချို့ကျိုးပေါက်ကုန်တယ်။ ကတုတ်ကျင်းအချို့ကို ရန်သူက သိမ်းလိုက်တာကိုမသိပဲ ဆက်တိုက်တဲ့ သူကတိုက်၊ ဆုတ်တဲ့သူကဆုတ်ဖြစ်ကာ အခြေအနေတွေရှုတ်ထွေးကုန်ပြီး သူလူကိုယ်လူ ရောထွေးကုန်တယ်။ နောက်ဆုံးမတော့ စ နစ်တကျမဟုတ်ပဲကို ဆုတ်ခွါခဲ့ကြရပြီး၊ တပ်မဟာ (၆) ရဲ့ အရေးပါလှတဲ့ ဖလူးခံစစ်စခန်း ကို လက်လွတ်ဆုံရှုံး ခဲ့ရပါတော့တယ်။ နောက်ဆက်တွဲ အကျိုးဆက်အပြောင်းအလဲတွေကတော့ ကြီးမားလှပါတယ်။

ကျနော် စခန်းကိုပြန်ရောက်တော့ စခန်းကရဲဘော်တွေအားလုံး အဆင့်သင့်ဖြစ်နေကြပြီ။ ရန်သူကိုပြန်တိုက်ဖို့ မဟုတ်ပါဘူး၊ စခန်းက နေဆုတ်ခွါဖို့၊ မဆုတ်ဘယ်လိုလုပ်မလဲ။ ရာနဲ့ချီတဲ့ ကျနော်တို့ ကျောင်းသားရဲဘော်တွေမှာရှိတာ မီးကျိုးမောင်းပျက် သေနတ် ၃၊ ၄ လက်နဲ့ ရန်သူကိုဘယ်လိုသွားတိုက်မလဲ။ အဲဒီအချိန်စခန်းမှာ မိသားစုတွေရှိနေပြီ။ ရဲဘော် ၄ ယောက်ကရဲမေ ၄ ယောက်နဲ့ အိမ် ထောင်ကျတယ်။ တောခိုလာတဲ့ လင်ယောင်္ကျားတွေနောက်ကို သားသမီးတွေနဲ့လိုက်လာတဲ့ မိသားစုတွေရှိတယ်။ ကျနော်ပြန် ရောက်တဲ့နေ့ ညဖက်မှာပဲ ကျနော်တို့တတွေ စခန်းကနေနယ်စပ်ကို ထွက်ခွါခဲ့ရတယ်။ ပြောမယ်ဆိုပြောစရာလေးတော့ရှိတာပေါ့ဗျာ။ ကျနော်တို့ ဆုတ်လာတာကတော့ ဖလူးစခန်းကလိုမဟုတ်ဘူး စနစ်တကျလေးပေါ့။ အဲဒီစနစ်တကျဆုတ်ခွါစဉ်ထဲက အမှတ်တရ လေးတခု။ ကျနော်တို့ ဆုတ်လာတဲ့လမ်းရဲ့တောစပ်မှာ ဝက်ကြီးတကောင်နဲ့ ပက်ပင်းသွားတွေ့တယ်။ တောထဲက ပြေးထွက်လာတဲ့ ဝက်ကြီးဟာ ညဖက်အမှောင်ကြီးထဲ ဘာသံမှမထွက်ပဲလျှောက်လာတဲ့ လူတန်းကြီးနဲ့ ရုတ်တရက်တွေ့လိုက်ရတော့ ကြောင်ပြီးဆက်မ ပြေးပဲရပ်ကြည့်နေတယ်။ အဲဒီအချိန် တောင်ပိုင်းမင်းသမီးစခန်းက သင်တန်းလာတက်တဲ့ ရဲဘော်တယောက်က “ဟာ တောဝက်ကြီး တောဝက်ကြီး” ဆိုပြီးဓါးနဲ့ပြေးထိုးတာ တချက်ပဲ၊ သေရော။ ကျနော်တို့လည်းဝမ်းသာအားရနဲ့ ဝက်ကြီးသယ်သွားဖို့ လုပ်နေတုန်း ကရင်ရွာသားတယောက် တောထဲကပြေးထွက်လာပြီး ဝက်တကောင်မတွေ့ဘူးလား မေးလာတယ်။ ပြီးတော့သေနေတဲ့ သူ့ဝက်လည်း တွေ့ရော ထိုင်ပြီးငိုပါလေရော့ဗျာ။ လက်စသတ်တော့ စစ်ပြေးမလို့လုပ်တုန်းလွတ်ထွက်လာတဲ့ဝက် ဖြစ်နေတယ်။ နောက်တန်းမှူးက ဝက်ပိုင်ရှင်ကိုချော့မော့ပြီး ဝက်ဖိုးငွေအလျှော်ပြန်ပေးလိုက်ရတယ်။ ဟိုမှာကချော့နေတုန်း ဒီမှာရဲဘော်တွေက ဝက်ကိုသယ်သွားကြ ပြီ။ ကျနော်တို့တပ်ဖွဲ့တွေ ပထမတဆင့် တပ်ဆုတ်သွားခဲ့ရတဲ့နေရာက ထိုင်း-မြန်မာနယ်စပ်စည်းဖြစ်တဲ့ သောင်ရင်းမြစ်ဘေးက KNU ရဲ့ မူဆလင်တပ်ဖွဲ့တပ်စခန်းထဲကိုပါ။ ကျနော်တို့ရောက်တဲ့အချိန်တပ်ဝင်းထဲ ဘယ်သူမှမရှိတော့။ တပ်ဝင်းတခုလုံး ကျောင်းသား ရဲဘော်တွေပြည့်သွားတော့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ဝက်ကြီးကို မူဆလင်တပ်ရဲ့ အိမ်ထောင်သည်လိုင်းထဲမှာပဲ ပေါ်ပြီး ရဲဘော် တွေအားလုံး ဝေလိုက်ကြတယ်။ ဝက်သားလည်းမစားရတာကြာပြီမို့ အဲဒီမနက်က ထမင်းမြိန်လိုက်ကြတယ်ဖြစ်ခြင်း။ နောက်ပိုင်း ပြန်ကြားရတာက ကျနော်တို့ဆီကလူကြီးတွေ မူဆလင်တပ်မှုးကို အတော်လေးတောင်းပန်လိုက်ရတယ်ဆိုတာပါပဲ။ တခါတလေ ကျနော်တို့က လမ်းသိပ်မယူကြဘူး။ သိပ်ညစ်လာတဲ့အခါမျိုးပေါ့။

ဖလူးစခန်းကျပြီးတဲ့နောက်ပိုင်းမှာတော့ နယ်စပ်တလျှောက်မှာနေထိုင်ကြတဲ့ ကျောက်ခတ်၊ မော်လီချိုင်း၊ သေ့ဘောဘိုး၊ မိုးကဲ၊ တောင် အုပ်၊ ဝေါလေစတဲ့ကျေးရွာတွေမှာ မှီတင်းနေထိုင်ကြတဲ့ ကရင်ပြည်သူတွေဟာ ပိုင်ဆိုင်သမျှကိုစွန့်ပြီး တနိုင်တပိုင်သယ်နိုင်သမျှလေး တွေသယ်ပြီး နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကိုပြေးဝင်ခိုလှုံ ခဲ့ကြရပါတယ်။ တောင်အုပ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေလို အတွင်းပိုင်း ကျတဲ့ရွာတွေက ပြည်သူတွေဆိုရင်ဖြင့် ရန်သူစစ်ကြောင်းတွေကိုရှောင်တိမ်းရင်း တောထဲတောင်ထဲ လနဲ့ချီပတ်ပြေးပြီးမှ နယ်စပ် ကိုဖြတ်ကျော်နိုင်ကြပါတယ်။ ကျနော်တို့ကျောင်းသားတပ်ဖွဲ့တွေ နယ်စပ်မူဆလင်တပ်စခန်းထဲကို ရောက်နေပေမယ့် ထိုင်းနိုင်ငံထဲကို ဖြတ်ကျော်လို့မရသေးပါဘူး။ တဖက်နယ်စပ် ထိုင်းနိုင်ငံဖက်ခြမ်းမှာ ထိုင်းစစ်တပ်က အဆင်သင့်နေရာယူထားပါတယ်။ ကျနော်တို့ ရောက်နေတဲ့ မူဆလင်တပ်ဝန်းထဲမှာ ထိုင်းသစ်လုပ်ငန်းရှင်ကြီးတယောက်ပိုင်တဲ့ သစ်စက်ကြီးတလုံးရှိတယ်။ အတော်လေးကိုကြီးတဲ့ သစ်စက်ကြီး။ လုပ်ပြီးသား တံခါဘောင်တွေ၊ တံခါးချပ်တွေ၊ ပြူတင်းပေါက်ဘောင်တွေဟာ အပုံလိုက်၊ အထပ်လိုက်ထောင်နဲ့သောင်း နဲ့ချီပြီးတော့ကို ရှိတယ်။ ဒီလောက်အသည်းအသန်ဖြစ်နေတဲ့ကြားထဲမှာပဲ ထိုင်းတွေက ကားကြီး၊ကားငယ်တွေနဲ့ကို ဒီပစ္စည်းတွေကို သယ်ထုတ်၊ ကဲ့ထုတ်နေကြလေရဲ့။ ဒါက KNU နဲ့ သူတို့လုပ်ထားတဲ့အလုပ်။ ကျနော်တို့မှာတော့ ဒီမြင်ကွင်းကိုကြည့်ပြီး ကျနော်တို့ ပိုင်ဆိုင်ရာ၊ မြတ်နိုးရာ တစုံတခုကို ရင်ထဲက ဆွဲယူနုတ်ခံနေရသလို ခံစားကြရတယ်။ ကျနော်တို့ ဘာများတတ်နိုင်ကြမည်နည်း။

မူဆလင်တပ်ဝင်းထဲရောက်ပြီး ၂ ရက်အကြာမှာ ဗဟိုကော်မီတီက ထိပ်ပိုင်းတာဝန်ရှိသူတွေ ရောက်လာကြပြီး အခြေအနေ အရပ် ရပ်ကို စခန်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြတယ်။ ပြီးတဲနောက် ကျနော်တို့ ရဲဘော်တွေအားလုံးကိုတန်းစီစေပြီး ဗဟိုကော်မီတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက အားပေးနှစ်သိမ့်စကား ပြောပါတယ်။ သူ့ရဲ့မိန့်ခွန်းပြီးတဲ့အခါ သူကမေးပါတယ်

“ရဲဘော်တို့အခုဘာလိုအပ်နေလဲ” တဲ့

တန်းစီနေတဲ့ ရဲဘော်တွေအားလုံး တိတ်ဆိတ်ပြီးဘာသံမှ ထွက်မလာကြ။ စက္ကန့်အတော်လေးကြာပြီးတဲ့အခါ ရဲဘော်တယောက်ရဲ့ ပြန် ဖြေသံကိုကြားလိုက်ရတယ်။

“ကျနော်တို့ “ဆား” လိုပါတယ်။ ကျနော်တို့စားဖို့ “ဆား” မရှိတော့ဘူး”။

“ဟာ”

ဆိုတဲ့အသံကြီးနဲ့အတူပဲ တန်းစီပွဲလည်းပျက်ကရော။
ကျနော်တို့အခုလိုနေတာကတော့၊
“သေနတ်တွေ၊ကျည်ဆံတွေပဲဗျ”
ကျောင်းသား၊ ပြည်သူတွေကိုလမ်းမတွေပေါ်မှာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒီစစ်တပ် ကိုပြန်ပစ်ဖို့၊
“သေနတ်တွေ၊ ကျည်ဆံတွေ”
ကျနော်တို့လိုအပ်နေတယ်။ ကျနော်တို့လိုအပ်နေတာ
“သေနတ်တွေ၊ ကျည်ဆံတွေပဲဗျ”။

၃ ရက်မြောက်တဲ့နေ့မှာတော့ KNU တပ်မှုးတချို့ရောက်လာပြီး ကျနော်တို့တပ်ဖွဲ့တွေကနေ တိုက်ခိုက်ရေးတပ်ဖွဲ့တဖွဲ့ ဖွဲ့စေပြီး လက် နက်တပ်ဆင်ပေးပါတယ်။ ကျန်တဲ့သူတွေကတော့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ရှောင်ပြေးကြရမှာပါ။ လက်နက်တပ်ဆင်ပေး ခံရတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့၊ နယ်စပ်တလျှောက်ထိုးစစ်ဆင်လာတဲ့ ရန်သူတပ်တွေကို ခံစစ်ဆင်တိုက်ခိုက်ဖို့ထွက်ခွါသွားကြပြီးနောက်၊ ၄ ရက်မြောက်နေ့မှာ ထိုင်းစစ်တပ်က အရာရှိတပ်မှုးကြီးတွေ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ ကျောင်းသားတပ် ဖွဲ့တွေကို ထိုင်းနိုင်ငံထဲဖြတ်ကျော်ခွင့် ပြုပါတယ်။ ရန်သူတပ်တွေတက်လာပြီဆိုတာ ကျနော်တို့ သိနေကြရပြီ။

ဒုတိယတဆင့် ကျောင်းသားတပ်ဖွဲ့တွေ ခိုနားဖို့နေရာကိုသတ်မှတ်ပေးပါတယ်။ ကျနော်တို့တတွေ ထိုင်းနိုင်ငံထဲဖြတ်ကျော်ပြီး ဒုတိယ စုရပ်ကို ရောက်ယုံရှိသေးတယ်၊ မူဆလင်တပ်ဝင်းထဲကသစ်စက်ကြီး မီးဟုန်းဟုန်းလောင်နေတာကို တွေ့ရပါတော့တယ်။ ကျနော်တို့ အတော်လေးကို အထိတ်တလန့်ဖြစ်သွားခဲ့ကြတယ်။ အခုပဲနယ်စပ်ကိုဖြတ်တယ် အခုပဲ ရန်သူတပ်တွေရောက်လာတယ်ဆိုတော့ လန့်ဆိုလဲလန့်စရာပါပဲ။ နောက်တော့ ရန်သူတပ်တွေရောက်မလာသေးဘူးလို့ သိရပြန်တယ်။ ဒုတိယစုရပ်ကိုရောက်ပြီး နေရာချပြီး လို့ နောက် ၄ နာရီလောက်အကြာမှာတော့ တဖက်ကမ်းကရင်နယ်မြေထဲကနေ ကြောက်မက်ဖွယ်ပေါက်ကွဲသံကြီးကိုကြား လိုက်ရပြီး လက်နက်ကြီး၊ ငယ်ပေါင်းစုံတပြိုင်တည်း ပစ်ခတ်လိုက်တဲ့အသံကို ကြားရပါတော့တယ်။ ဘယ်လောက်ပြင်းထန်သလဲဆို ကျနော်တို့ ရှိနေတဲ့ ထိုင်းငံဖက်ခြမ်းက မြေကြီးတွေပါ သိမ့်သိမ့်တုန်တယ်။ ထိုင်းဖက်ခြမ်းနယ်မြေထဲကိုလည်း ရန်သူရဲ့ လက်နက်ကြီးကျည်ဆံ တွေကျရောက်ပေါက်ကွဲတယ်။ ရွာသားတချို့ထိခိုက်ဒါဏ်ရာရကြတယ်။ တိုက်ပွဲကနာရီဝက်လောက်ကြာတယ်။ ကျနော်တသက်နဲ့မှာ ဒီလောက်ပြင်းထန်တဲ့ လက်နက်ပေါက်ကွဲသံတွေ မကြားဘူးတော့ငှာ၊ ရင်ထဲလှိုက်ကနဲ၊ လှိုက်ကနဲဖိုပြီး လူပါလေထဲမြောက်ပါသွားသ လို ခံစားခဲ့ရတယ်။ ရုတ်တရက်ဆိုသလိုပဲ ပေါက်ကွဲသံတွေဟာ တိကနဲရပ်ပြီးတိတ်ဆိတ်သွားတော့တယ်။ တိတ်ဆိုဘာသံမှ မကြား ရတော့။ ကြောက်မက်ဖွယ် တိတ်ဆိတ်သံကြီးဆိုတာကို စပြီးကြားခဲ့ဘူးတော့တာပါပဲ။

တဖက်ကအခြေအနေတွေ ဘာဖြစ်မှန်းမသိရသေး။ လက်ရှိဒီဖက်မှာကိုယ်လူတွေကို ပြန်စစ်ရပါတယ်။ ဘာတွေဖြစ်သွားခဲ့သလဲ။ လူစုံ တက်စုံ ကျန်ရစ်သူမရှိ။ လူစုံမှပဲအကြောင်းစုံသိရတာက၊ မီးလောင်သွားတဲ့သစ်စက်ကြီးက ရန်သူလက်ချက်မဟုတ်၊ ကိုယ်တွေဆီက ရဲဘော်ကြီး ၂ ယောက်က မီးတင်ရှို့ခဲ့တာတဲ့ဗျား။ ကိုယ့်ဆရာ ၂ ယောက်ကမီးရှို့ပြီး ဒီဖက်ကမ်းကူးလာတော့ ထိုင်းသတင်းထောက် တွေနဲ့ အင်တာဗျူးတွေဘာတွေလုပ်ပြီး၊ ဓါတ်ပုံပါအရိုက်ခံလာသေးဆိုပဲ၊ ကြည့်လုပ်ပေါက်က။ အဟုတ်ပဲဗျာ၊ နောက်နေ့ ဘန်ကောက် ပို့စ်သတင်းစာမျက်နှာဖုံးမှာ ကိုယ့်ဆရာ ၂ ယောက် မီးဟုန်းဟုန်းလောင်နေတဲ့ သစ်စက်ကြီးနောက်ခံနဲ့ လက်သီးလက်မောင်းတန်း ကြွေးကြော်နေတဲ့ ဓါတ်ပုံကြီးပါလာတော့တာပဲ။ ကျနော်သူတို့ ၂ ယောက်ကိုမေးကြည့်တယ်။ “အကိုတို့ ဘာတွေကြွေးကြော် နေတာ လဲလို့” ပြန်ဖြေတာလည်းကြည့်ဦး “ကျောင်းသားများရဲ့ လက်နက်မဲ့တော်လှန်ရေးအောင်ရမည်အောင်ရမည်လို့” ကြွေးကြော် ခဲ့တာ တဲ့ဗျား။

ကျနော်တို့တပ်ဖွဲ့တွေ ထိုင်းနိုင်ငံထဲက ဒုတိယခိုနားရတဲ့နေရာလေးကိုတော့ နံမည်လှလှလေးပေးခဲ့တယ်။ “ချမ်းမြေ့သာယာကုန်း” တဲ့။ တကယ်တော့ စိတ်ချမ်းမြေ့စရာတကွက်မှမရှိ။ တပ်ရင်း (၂၀၆) မှ ရဲဘော်တွေနဲ့ အိမ်ထောင်သည်တွေ ထပ်ရောက်လာကြပြန်ပါ တယ်။ အဲဒီနေရာလေးမှာ ကျနော်တို့တတွေ သီတင်းပတ် ၃ ပတ်လောက်နေခဲ့ရတယ်။ အဲဒီမှာရှိနေကြစဉ်အတွင်းမှာပဲ ရှေ့တန်း နယ်မြေက သတင်းဆိုးကြီးတခုကို ကြားကြရပါတယ်။ တပ်မဟာ (၆) နယ်မြေအတွင်းပိုင်းမှာ စစ်ဆင်ရေးထွက်နေတဲ့ တပ်ရင်း (၂၀၅) တပ်ရင်း မှူးဦးဆောင်တဲ့ စစ်ကြောင်းနဲ့ ရန်သူထိပ်တိုက်တွေ့ပြီး ကျနော်တို့ ရဲဘော် ၃ ယောက်ကျပြီး၊ ၁ ယောက်ကို ရန်သူကအရှင် ဖမ်းမိ သွားတယ်ဆိုတဲ့သတင်းပါပဲ။

အဲဒီနေ့ဟာ ကျနော်တို့ရင်ထဲ မီးလောင်တဲ့နေ့ ပါပဲ။

ဆက်ရန် ...

မောင်နှင်းလှိုင်

http://maunghninhlaing.blogspot.com... မှ


photo by: http://artistnyeinaye.blogspot.com/

http://www.naytthit.com/ShortStory/2010/feb/mnl1-feb2.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဝါဒများနဲ့ အကောင်အထည်ဖော်မှုများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဝါဒများနဲ့ အကောင်အထည်ဖော်မှုများ
မောင်ရဲ
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေကို ကျော်လွှားနိုင် ပြီးတော့ တူညီတဲ့၊ ညီညွတ်တဲ့ အမြင်နဲ့လုပ်ဆောင်မှုတခု ဖေါ်ဆောင်ရေး၊ ညီညွတ်ရေး တည်ဆောက်မှုတွေမှာ မလိုလားအပ်တဲ့ အခက်အခဲ၊ အတားအဆီးတွေ ယနေ့ထက်ထိ ဖြစ်ပေါ်နေတာကို တွေ့နေရပါတယ်။ ဒါတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း ကိစ္စတွေလို့ ပြောမယ် ဆိုလျှင် ပြောလို့ရပေမယ့် ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေတာမို့ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးဟာ ဒီမိုကရေစီတိုက်ပွဲရဲ့ အကောင်း၊ အဆိုးကို ဖန်တီးနိုင်စွမ်း ရှိနေတာမို့ ဗမာပြည်သားအားလုံးရဲ့ အရေးလို့ ဆိုချင်ပါတယ်။
ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒအဖြစ် ခိုင်ခိုင်မာမာ ဆက်လက် ဆွဲကိုင်ထားရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်မှုဆိုင်ရာ အနေအထား၊ အစရှိတဲ့ အချက်တွေဟာ ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အသံမတူ၊ အလုပ်မတူနိုင်သေးတဲ့ အကြောင်းအရာများပင် ဖြစ်ပါတယ်။ ဒီနေရာမှာ အထင်အရှားတွေ့ရတာက မတူညီကြတဲ့အမြင်၊ မကျေလည်တဲ့အချက်တွေကို ဖြေရှင်းနိုင်ရေးကိစ္စမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများ အတော်ကွာဟနေတာ တွေ့ရပါတယ်။
ဘယ့်အတွက်ကြောင့်များ ဒီလိုဖြစ်နေရတာလည်းဆိုတာ သိသာထင်ရှားစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံရေး၊ ချမှတ်ခဲ့တဲ့မူဝါဒများနဲ့ ယင်းမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ ခေါင်းဆောင်အဆက်ဆက်ရဲ့ ဦးဆောင်မှုပုံသဏ္ဍန် များကို ပြန်လည်လေ့လာမိပါတယ်။ တနည်းအားဖြင့် ယခင်ကမှားခဲ့တဲ့ မူဝါဒအမှားမျိုး ထပ်မဖြစ်ဖို့အရေးမှာ အဖွဲ့ချုပ်ပါတီဝင်များ သာမက ဗမာ့ အရေး စိတ်ဝင်စားကြသူများ၊ ဒီမိုကရေစီလိုလားသူများ အားလုံးမှာ တာဝန်ရှိတယ်လို့ ခံစားမိလို့ပါ။

အဖွဲ့ချုပ်ရဲ့ နိဒါန်းအစ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စအချိန်မှာ ခေါင်းဆောင်မှုကောင်းစွာနဲ့ တက်ကြွလှုပ်ရှားနေတဲ့ ပါတီဝင်အင်အား သိန်းနဲ့ချီ ရှိနေခဲ့ပြီး အဖွဲ့ချုပ်ရုံးတိုင်းမှာ ပါတီဝင်များ ပျားပန်းခတ်မျှ ဝင်ထွက်သွားလာနေခဲ့ကြပါတယ်။ နဝတရဲ့ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဖိနှိပ်မှုများ အကြားက မြို့နယ်ညီလာခံတွေလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီး မြို့နယ်အဆင့် ခေါင်းဆောင်များကို ဒီမိုကရေစီနည်းကျကျ ရွေးချယ် တင်မြှောက်နိုင်ခဲ့ပါတယ်။ အဖွဲ့ချုပ်ရဲ့ အင်အားကို အရှိန်အဟုန်နဲ့ တည်ဆောက်နိုင်ခဲ့ကြပါတယ်။ အခြား မိတ်ဖက်ပါတီများနှင့်လည်း ချိတ်ဆက် လှုပ်ရှားနိုင်ခဲ့ကြပါတယ်။
အဖွဲ့ချုပ်ခေါင်းဆောင်များကလည်း ရွေးကောက်ပွဲဝင်ရေးထက် ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်ဖို့ အဓိကကျတဲ့ ပတ်ဝန်းကျင်တခု နိုင်ငံအတွင်း ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ ကြိုးစား ဖန်တီးခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရေးကို ဦးတည်ခြင်းမရှိတဲ့၊ မတရားတဲ့၊ အမိန့်အာဏာများကို တစိုက်မတ်မတ် ထုတ်ပြန်နေတဲ့ နဝတကို တုန့်ပြန်နိုင်ဖို့၊ မဟတ္တမဂန္ဒီရဲ့ လူထုအားကို အခြေခံပြီး အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးလမ်းစဉ်ကို မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်တရပ်အဖြစ် ချမှတ် အကောင်အထည်ဖေါ်ခဲ့ကြပါတယ်။
ပြည်သူလူထုအကြား ကြောက်ရွံမှုကင်းဝေးပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်တခု ဖြစ်ပေါ်လာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါတယ်။ နဝတ”ကို ဆွေးနွေးပွဲစားပွဲဝိုင်းထံ ရောက်လာစေမည့် နည်းလမ်းအဖြစ် သတ်မှတ်ပြီး အဖွဲ့ချုပ်က “အများပြည်သူ သဘောမတူတဲ့၊ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းကြောင်းကို ဖော်ဆောင် တိုက်ပွဲဝင်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မူဝါဒတရပ် ချမှတ်ခြင်းနဲ့ ယင်းမူဝါဒကို အကောင်အထည်ဖေါ်ခြင်း တို့ဟာ တထပ်တည်း ကျခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပထမ မူဝါဒအပြောင်း
၁၉၈၉ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အစရှိတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီး၊ ထိမ်းသိမ်းခံခဲ့ကြရတယ်၊ အချို့ခေါင်းဆောင်များလည်း ခေတ္တတိမ်းရှောင်ကြရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဖွဲ့ချုပ်ရုံးမှာ နေ့စဉ်ရုံးထိုင်ပြီး ခေါင်းဆောင်မှု ဆက်လက်ပေးနိုင်ခွင့် ရရှိခဲ့သူများက ပါတီရဲ့ မူဝါဒဖြစ်တဲ့ အကြမ်းမဖက်သော၊ မတရားသည့် အမိန့်အာဏာများ ဖီဆန်ရေးမူဝါဒနဲ့ လုပ်ငန်းစဉ် အပေါ်မှာ ဆက်လက် ရပ်တည်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းများ အလျှဉ်းမရှိတော့ဘဲ နဝတစစ်အုပ်စုက တွန်းတင်ပေးလိုက်တဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲလမ်းကြောင်းအပေါ် အာရုံစိုက်လာခဲ့ကြပါတယ်။ တနည်းအားဖြင့် ချမှတ်ထားတဲ့ မူဝါဒနဲ့ အကောင်အထည်ဖေါ်တဲ့ လုပ်ငန်းစဉ်တို့ အကြား ကွဲပြားလာမှုတွေ စတင်ဖြစ်လာခဲ့တယ်လို့ ဆိုချင်ပါတယ်။
နဝတရဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာဥပဒေမှာ အာဏာလွှဲပြောင်းရေး ဆိုင်ရာ နည်းလမ်းနဲ့ လုပ်ငန်းအစီအမံများ မပါရှိနေတာကို သတိထားမိကြသူများရဲ့ ဝေဖန်ဆွေးနွေးမှုတွေ ရှိခဲ့သော်လည်း ပြင်ပမှာ ဆက်လက်လှုပ်ရှားနိုင်နေသေးတဲ့ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်အများစုက ဗိုလ်စောမောင်ရဲ့ ကတိစကားတွေအပေါ်မှာ ယုံကြည်မှုပိုခဲ့ကြပြီး မိမိတို့ရွေးကောက်ပွဲအနိုင်ရပြီးမှ ဆက်လက်ဆွေးနွေးမယ်၊ အဲဒီအချိန်မှာ နဝတ”ဟာ အဖွဲ့ချုပ်နဲ့ မလွှဲမသွေကိုဆွေးနွေးလာရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တရပ်အပေါ် ရွေးကောက်ပွဲဝင်ရေးကို မူဝါဒသစ်အဖြစ်နဲ့ ချမှတ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အထိန်းသိမ်းခံ နေရတဲ့ ခေါင်းဆောင်များကလည်း ပြင်ပမှာ ဆက်လက်ဦးဆောင်မှု ပေးနေကြတဲ့ ခေါင်းဆောင် အများစုရဲ့ ဆန္ဒကို လေးစားတဲ့သဘော၊ အဖွဲ့ချုပ်ရဲ့ မူဝါဒအသစ်ကို လက်ခံတဲ့ သဘောအနေနဲ့ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ကော်မရှင်ထံ ၎င်းတို့၏ အမည်စာရင်း တင်သွင်းမှုများအပေါ် လက်ခံခဲ့ကြပါတယ်။ အမည်စာရင်းတင်သွင်းခြင်းခံရသူ အထိန်းသိမ်းခံ အဖွဲ့ချုပ်ခေါင်းဆောင်များအားလုံး ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရလို့ အမည်စာရင်းတင်သွင်းခံပိုင်ခွင့်ရှိသူများစာရင်းမှ အလိုက်အလျှောက် ပျက်ပြယ်သွား ခဲ့ပြီး အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကော်မရှင်ကလက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး။
သို့သော်လည်း လူထုကတော့ တာဝန်ကျေစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်သတ်ထောက်ခံမဲပေးခဲ့ကြပြီး အဖွဲ့ချုပ်ရဲ့ မူဝါဒအသစ်အပေါ် အားသစ်လောင်းပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက်ပိုင်းမှာ အာဏာကို အမှန်တကယ်လွှဲပေးလိုစိတ်မရှိတဲ့ နဝတ”က သူ့ရဲ့ကတိစကားတွေကို ဖြည့်ဆီးဖို့ငြင်းဆန်ခဲ့ပါတယ်။ အာဏာလွှဲ ပြောင်းရေးဆိုင်ရာ လုပ်ငန်းအစီအမံများကိစ္စကို အရင်မရှင်းဘဲ ဗိုလ်ချုပ်စောမောင်ရဲ့ လေထဲက ကတိစကားတွေကိုယုံကြည်ခဲ့ကြပြီး “ရွေးကောက်ပွဲ အောင်နိုင်ရေးမူကို ထိပ်တန်းဦးစားပေး လုပ်ခဲ့ကြတဲ့အတွက် ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်ခဲ့ရပါတယ်။
ဒုတိယ မူဝါဒအပြောင်း
ရွေးကောက်ပွဲအပြီး၊ နဝတရဲ့ မရိုးမဖြောင့်လုပ်ရပ်များ တနေ့တခြား ထင်ရှားလာခဲ့တဲ့အခါ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးတွက် အဖွဲ့ချုပ်အတွင်းမှာ သဘောထားကွဲမှုတွေ အပြင်းအထန် ပေါ်ပေါက်လာပြန်ပါတယ်။ ပြည်သူ့လွှတ်တော်ခေါ်ပေးရေး တောင်းဆိုရန်နှင့် နဝတမှ လွှတ်တော်ခေါ်ပေးရန် ငြင်းဆန်ပါက ပြည်သူက အပ်နှင်းထားသော အာဏာအရ မိမိအစီအစဉ်ဖြင့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး အဆိုကို ဗဟိုဦးစီးအဖွဲ့ရဲ့ ၄/၉၀ အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပါတယ်။
အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ဂန္ဒီခန်းမမှာကျင်းပတဲ့ အထူးအစည်းအဝေးကြီးကနေ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း)ကို အဖွဲ့ချုပ်က အသင့်ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ အခြားအဖွဲ့အစည်း အသီးသီးနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လိုကြောင်း၊ တိုင်းပြည်ရဲ့အခက်အခဲ အကြပ်အတည်းများအတွက် ဒီမိုကရေစီမူများကို အခြေခံကာ နဝတနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပန်ကြားခဲ့သလို၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်ကို ရေးဆွဲ၊ ပြဌာန်း၊ အတည်ပြုရန်နှင့် ယင်းပြဌာန်းလိုက်တဲ့ အခြေခံဥပဒေအသစ်နှင့် အညီ တိုင်းပြည်အာဏာကို ချောမွေ့စွာ လွှဲပြောင်ရေးတို့အတွက် နဝတမှ ပြည်သူ့လွှတ်တော်ခေါ်ပေးရေးတို့ကို အဖွဲ့ချုပ်ရဲ့ မူဝါဒကြေညာချက် အဖြစ် ဂန္ဒီခန်းမ ကြေညာစာတမ်းကို တိုင်းပြည်သို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တနည်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးစားပွဲကို မလာချင်လို့ နည်းအမျိုးမျိုးနဲ့ တိမ်းရှောင်နေတဲ့ နဝတကို ဆွေးနွေးရေးစားပွဲကို ရောက်လာစေဖို့ လူထုအင်အား၊ ရွေးကောက်ပွဲ အနိုင်ရ အင်အားတွေနဲ့ ကြိုးစားခဲ့ကြတာပါ။
ဂန္ဒီခန်းမကြေညာစာတမ်းပါ တောင်းဆိုချက်များကို တုန့်ပြန်ခြင်းမရှိတဲ့ န၀တနဲ့ပတ်သက်ပြီး ကြေညာစာတမ်းပါ အချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရန် ဗဟိုဦးစီးအဖွဲ့က အစည်းအဝေးတရပ်ကို စက်တင်ဘာလအတွင်း ကျင်းပခဲ့ကြပါတယ်။ အဖွဲ့ချုပ်ရဲ့ ၅/၉၀ ဗဟိုဦးစီးအစည်းအဝေးလို့ သိကြတဲ့ အလွန်အရေးကြီးတဲ့ အဲဒီအစည်းအဝေးရဲ့ ပထမနေ့ညမှာ ဗဟိုဦးစီးအဖွဲ့ဝင် ခေါင်းဆောင်အများစုကို နဝတက ဖမ်းဆီး ထိမ်းသိမ်းလိုက်ပါတယ်။ သူတို့အားလုံးဟာ ဂန္ဒီခန်းမကြေညာစာတမ်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး လုပ်ငန်းစဉ်များ အကောင် အထည်ဖေါ်ဆောင်ရွက်ကြဖို့ သဘောထားရှိကြသူများဖြစ်လို့ ဖြစ်ပါတယ်။
ပထမနေ့ည ဖမ်းဆီးမှုများကြောင့် အစည်းအဝေးရဲ့ ဒုတိယနေ့ကို ဆက်လက် တက်ရောက်နိုင်သူ ဗဟိုဦးစီးအဖွဲ့ဝင်များ လျော့နည်းသွားသလို့ အစည်းအဝေးရဲ့ ဦးတည်ချက်ကလည်း ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များက ယခင် ၄/၉၀ ဗဟိုဦးစီးအစည်းအဝေးမှာ ပယ်ချခံခဲ့ရတဲ့ ၄င်းတို့ရဲ့ နဝတအပေါ် အလျော့ပေး စေ့စပ်ရေး အဆိုကို ပြန်တင် လိုက်ကြပြီး ဂန္ဒီခန်းမကြေညာစာတမ်းပါ မူဝါဒနဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျောခိုင်းလိုက်တဲ့ မူဝါဒသစ်ကို ချမှတ် လိုက်ပါတော့တယ်။
ဒီလုပ်ရပ်အပေါ်မှာ မကျေနပ်ကြတဲ့ အဖွဲ့ချုပ်လူငယ်ခေါင်းဆောင် ၅၀ ကျော်ဟာ ဂန္ဒီခန်းမ မူဝါဒနဲ့ လုပ်ငန်းစဉ်များကို ဆက်လက် ဆွဲကိုင်ထားကြဖို့ ကျန်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင်များနဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များထံ ချဉ်းကပ်တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီခေါင်းဆောင်များက လိုက်လျောမှုမရှိတဲ့အတွက် အဖွဲ့ချုပ်လူငယ်ခေါင်းဆောင်များ အဖွဲ့ချုပ်ကိုစွန့်ခွာ နှတ်ထွက်သွားခဲ့ကြပါတယ်။
နောက်ပိုင်း မှာ အဖွဲ့ချုပ်အတွင်း ညီညွတ်မှု စုစည်းမှု ပျက်ပျယ်လာတာ၊ ဦးတည်ချက် ပျောက်လာတာတွေကို တွေ့လာရပြီးတဲ့ နောက် “နဝတက ကျန်ရှိနေ အဖွဲ့ချုပ်ခေါင်းဆောင် အားလုံးနီးပါးကို ထပ်မံထိန်းသိမ်းလိုက်ပြီး ရွေးကောက်ပွဲ အောင်နိုင်မှုကို အညွန့်ချိုး လိုက်ပါ တော့တယ်။
လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလကို ပြန်ပြောင်းသုံးသပ်ရင် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ပြီးကာစ အချိန်တွေဟာ အဖွဲ့ချုပ်အနေနဲ့ နဝတနဲ့ တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့၊ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းကို နဝတ လာထိုင်စေဖို့ရာ ဆောင်ရွက်ဖို့ အကောင်းဆုံး အခြေအနေများကို ပိုင်ဆိုင်ခဲ့တဲ့ အချိန်များ ဖြစ်ပါတယ်။ ဂန္ဒီခန်းမကြေညာစာတမ်း မထုတ်ပြန်နိုင်မှီက မိမိတို့ဆန္ဒနဲ့ သဘောထားအမြင်တွေ ဘယ်လိုပဲရှိကြသည် ဖြစ်စေ၊ အဆိုပါကြေညာစာတမ်းနဲ့ ရပ်တည်ချက်ကို ထုတ်ပြန်ပြီးတဲ့အချိန်မှာ မိမိဆန္ဒနဲ့ မကိုက်ညီသော်ငြားလည်း အများစုရဲ့ သဘောထား၊ မိမိရဲ့ အဖွဲ့အစည်းက ချမှတ်လိုက်တဲ့ မူဝါဒကို တဗိုလ်ကျ တဗိုလ်တက်စံနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြရမှာက အဖွဲ့အစည်းတခုရဲ့ အလုပ်ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို ဖြစ်မလာခဲ့ပဲ ကိုယ်လုပ်ပိုင်ခွင့်ပေါ်လာရင် ကိုယ်မူနဲ့ကိုယ် လုပ်ချင်ကြတဲ့ ဉာဉ်တွေ အဖွဲ့ချုပ် ခေါင်းဆောင်အချို့မှာ ရှိနေခဲ့တာကြောင့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအောင်မြင်မှု့ရလဒ်ကို နဝတက အညွန့်ချိုးလိုက်နိုင်ခြင်း ဖြစ်ပါတယ်။
၅/၉၀ ဗဟိုဦးစီး အစည်းအဝေးမှာ မူဝါဒ၊ လုပ်ငန်းစဉ် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာခဲ့ရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို ရွေးကောက်ပွဲအနိုင်ရ အဖွဲ့အစည်းတခုအတွက် မူဝါဒ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ မဟာအမှားဖြစ်ပါတယ်။

တတိယ မူဝါဒအပြောင်း
၁၉၉၁ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ခေါင်းဆောင်မှု့အသစ်က မူအသစ် ချမှတ်ပြန်ပါတယ်။ “အဖွဲ့ချုပ် ဆက်လက်တည်ရှိနေနိုင်ရေး” ကို ၎င်းတို့ရဲ့ အခြေခံမူအဖြစ် သတ်မှတ်လိုက်ပါတယ်။
ဒီလိုပြင်ဆင် ဖွဲ့စည်းပြီးမကြာခင်မှာ နဝတ”ရဲ့ ပါတီစုံရွေးကောက်ပွဲကျင်းပရေးကော်မရှင်က အဖမ်းဆီးထိမ်းသိမ်းခံ အဖွဲ့ချုပ်ရဲ့ မူလခေါင်းဆောင်များ အားလုံး ကို အဖွဲ့ချုပ် ခေါင်းဆောင်များအဖြစ် သာမက၊ သာမာန်အဖွဲ့ဝင်များ အဖြစ်မှပါ ထုတ်ပယ်ခိုင်းခဲ့ပါတယ်။ ပါတီစုံရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည်လေ့လာကြမယ်ဆိုရင် ဒီလုပ်ရပ်ဟာ သူ့ကို အပ်နှင်းထားတဲ့ အခွင့်အာဏာထက် ကျော်လွန်ပြီး လုပ်ခွင့်၊ ပြောခွင့်မရှိတာကို လုပ်လိုက်တယ်ဆိုတာ အထင်အရှားသိနိုင်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အဖွဲ့ချုပ်က ဘာမှ မပြောပဲ ပါတီစုံရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ အမိန့်ကို အတိအကျလိုက်နာခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်က အဖွဲ့ချုပ် ဆက်လက်တည်ရှိနေနိုင်ရေးကို ရည်မျှော်ပြီး ဆိုတဲ့အကြောင်းပြချက်နဲ့ အထိန်းသိမ်းခံနေရတဲ့၊ ထောင်ဒဏ်ကျခံနေရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များ အားလုံးကို ပါတီမှ ထုတ်ပယ်လိုက်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ပြန်လည်မလွှတ်မြောက်လာမှီ ကြားကာလ ယာယီထိမ်းသိမ်းထားပေးရန် ရည်ရွယ်ပြီး တာဝန်ယူခဲ့ရပါတယ်လို့ ဆိုသော်လည်း ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးကြီး တဲ့ ဆုံးဖြတ်ချက်တွေကို အခါအားလျှော်စွာ ဆုံးဖြတ်လုပ်ကိုင်ခဲ့ရတာကို တွေ့ရပါတယ်။ အသိသာအထင်ရှားဆုံးကတော့ အဖွဲ့ချုပ်ရဲ့ ဂန္ဒီခန်းမ ကြေညာစာတမ်းပါ မူဝါဒနဲ့ လုပ်ငန်းစဉ်များကို ဘေးဖယ်ထား၊ လွှတ်တော်ခေါ်ပေးရေး တောင်းဆိုချက်ကို လှစ်လျူရှူ့ထားလိုက်တာပါ။
၁၉၉၃ခုနှစ်၊ ဇန္နဝါရီလမှာ “နဝတက ခေါ်ယူကျင်းပတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအချက်သည် ယနေ့နိုင်ငံရေး အကြပ်အတည်းဖြစ်ပေါ်လာစေခြင်းရဲ့ မူလဘူတပင် ဖြစ်ပါတယ်။ “နဝတ”က ၁/၉၀ ကြေညာချက်နဲ့ တိုင်းပြည်ကို ထုတ်ပြန် ကြေညာရာမှာ “၁၉၉၀ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ဖြစ်သည်။ နဝတမှ ပြည်သူ့လွှတ်တော် ခေါ်ယူပေးပါမည်။ ယင်းပြည်သူလွှတ်တော်သည် အခြေခံဥပဒေရေးဆွဲရန်သာ ဖြစ်သည်” လို့ဆိုထားပါတယ်။
အဖွဲ့ချုပ်က အမျိုးသားညီလာခံကို တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း၊ ပါင်တက်ရောက်လိုက်ခြင်းဟာ နဝတ ကို ပြည်သူ့လွှတ်တော် မခေါ်ပါနဲ့တော့၊ အမျိုးသားညီလာခံနဲ့ တို့ လုပ်ကြတာပေါ့လို့ ရွေးကောက်ပွဲ အနိုင်ရပါတီကြီးက တရားင် လိုက်လျောလိုက်သလို ဖြစ်ခဲ့ရပါတယ်။ ဂန္နီခန်းမအစည်းအဝေးကို တက်ရောက်ခဲ့ ကြတဲ့ အဖွဲ့ချုပ်ရဲ့ ထက်/လယ်/အောက် အဆင့်ဆင့်က ခေါင်းဆောင်တွေ၊ ရွေးကောက်တင်မြောက်ခံ ကိုယ်စားလှယ်တွေရဲ့ စုပေါင်းဆုံးဖြတ်ချက် ဖြစ်တဲ့ ဂန္နီခန်းမကြေညာစာတမ်းလည်း အမှိက်ပုံးထဲရောက်ခဲ့ရပါတယ်။
နဝတက ဖျောက်ဖျက်ပစ်ခြင်တဲ့ အဲဒီစာတမ်းကို အဖွဲ့ချုပ်က ကိုယ်တိုင် ဖျောက်ဖျက်ပေးလိုက်ရသလိုပါပဲ။ အဖွဲ့ချုပ်အနေနဲ့ ဆုံးရှုံးမှုကြီးမားစွာဖြင့် နတအလိုကျ လိုက်လျောခဲ့ရပေမယ့် အမျိုးသားညီလာခံမှာ ထင်တိုင်း မပေါက်ခဲ့ဘဲ ကိုယ့်ရဲ့အရှုံးသာ အဖတ်တင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာလည်း အလွယ်တကူ ဆောင်ရွက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ပါတီစုံရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဒီလို တိုးချဲ့ဖွဲ့စည်းမှုကို အသိအမှတ်မပြုနိုင်ကြောင်း ချိန်းခြောက်ခဲ့သလို၊ အဖွဲ့ချုပ်ညီညွှတ်ရေး မပြိုကွဲအောင်လည်း အတော်ကို ထိမ်းထိမ်းသိမ်းသိမ်း လုပ်ခဲ့ရတာပါ။
အခြေအနေတည်ငြိမ်ပြီဆိုတော့မှ အမျိုးသားညီလာခံနဲ့ ပတ်သက်တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီး အမျိုးသား ညီလာခံရဲ့ ဒီမိုကရေစီမကျတဲ့ လုပ်ထုံးလုပ်နည်း၊ အခြေခံမူများကိုပြင်ဆင်ပေးဖို့ ညီလာခံကျင်းပရေးကော်မတီကို ညီလာခံကိုတက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကတဆင့် အကြံပြုတင်ပြခဲ့ကြပါတယ်။
နဝတရဲ့ တုန့်ပြန်ချက်ကတော့ အဖွဲ့ချုပ်ကို ညီလာခံမှ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီး သူ့ရဲ့ “ဆွေးနွေးဖက်” အပေါ်ထားတဲ့ သဘောထားကို ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။ အပြင်က မတိုက်နဲ့ အတွင်း ကပူးတိုက်မှရမယ်ဆိုတဲ့ အတွေးအခေါ်ဆရာကြီးများအတွက် အကောင်းဆုံး သင်ခန်းစာယူစရာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကံကောင်းသွားတာက အမျိုးသားညီလာခံမှာ ဆက်လက်မပါဝင်တော့တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ သမိုင်းတရားခံတဦးဖြစ်မည့် အရေးမှသီသီလေး ရှောင်ရှားနိုင်လိုက်ခြင်းပါ။ သို့သော်လည်း ညီလာခံကို တက်ရောက်ခဲ့တဲ့ အတွက် ဒီညီလာခံရဲ့ တရားဝင်မှုကို အထောက်အပံ့ပေးရာ ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ့် နဝတ ကိုလည်း အသက်ရှုချောင်စေခဲ့ပါတယ်။ အကျိုးဆက် အဖြစ် နဝတ/နအဖက သူ့ရဲ့ အမျိုးသားညီလာခံကို သူ့ဘာသာပဲ ပြီးအောင် ဆက်လက်လုပ်ဆောင် သွားပြီး သူ့စိတ်ကြိုက်အခြေခံဥပဒေတရပ်ကို ရေးဆွဲအတည်ပြုလိုက်နိုင်တာပါ။
ဒီအတွက်ကြောင့် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို အစဉ် တစိုက်မတောင်းဆိုပဲ မူလရှိခဲ့တဲ့မူဝါဒနဲ့လုပ်ငန်းစဉ်တွေကို စွန့်လွှတ်ပြီး မူအသစ်နဲ့ အမျိုးသားညီလာခံကို ချီတက်ခဲ့ခြင်းဟာ အဖွဲ့ချုပ် ခေါင်းဆောင်များရဲ့အမှားပါ။ အမျိုးသားညီလာခံကို တက်ရေး၊ မတက်ရေးနဲ့ ပက်သက်ပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ခေါင်းဆောင်များက မိမိတို့သဘောနဲ့ မိမိတို့ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက အဖွဲ့ချုပ် အဖွဲ့ဝင်များရဲ့ သဘောဆန္ဒကို ကောက်ယူတောင်းခံပြီးမှ ဆုံးဖြတ်ချက် လုပ်ကိုင်ခဲ့ကြမယ်ဆိုရင် အမျိုးသားညီလာခံကို မတက်ရေး သဘောထားက အဖွဲ့ချုပ် အဖွဲ့ဝင်များအကြား အထင်အရှား ရှိနေခဲ့ကြ တာပါ။

စတုတ္ထ မူဝါဒအပြောင်း
ယခုနှစ် ဧပြီလနှောင်းပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ တိုင်းနှင့်ပြည်နယ် ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်တဲ့ မျက်နှာစုံညီ အစည်းအဝေးတရပ်ကို အဖွဲ့ချုပ်ရုံးချုပ်မှာကျင်းပ၍ အဖွဲ့ချုပ်ရဲ့ မူဝါဒ ရေးရာ ကြေညာစာတမ်းတစောင်ကို “ရွှေဂုံတိုင်ကြေညာစာတမ်း” အမည်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီကြေညာစာတမ်းမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ရပ်တည်ချက်တွေအဖြစ်
“၁) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ဒီမိုကရေစီအခြေခံမူတွေနဲ့ မကိုက် ညီတဲ့ အချက်အလက်တွေကိုပြင်ဆင်ပေးရေး။
၂) ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး။
၃) ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်လေးစား လက်ခံနိုင်လောက်တဲ့ အသိအမှတ်ပြုခြင်းခံရလောက်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြင်ဆင်ပေးရေး။” စတဲ့ချက်တွေနဲ့ပြည့်စုံပါမှ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကို အဖွဲ့ချုပ်အနေဖြင့် လက်ခံ စဉ်းစားမည် လို့ပါရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်လည် တည့်မတ်လာတာလို့ဆိုမှာပါ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း ပြန်လည်နိုးထလာတဲ့ လူထုလှုပ်ရှားမှုများနဲ့ ထပ်တူကျလာတာပါ။ တနည်းအားဖြင့် “အဖွဲ့ချုပ် ဆက်လက် တည်ရှိနေနိုင် ရေး” ကိုသာလုပ်ဆောင်နိုင်ခဲ့တဲ့ အနေအထားကနေ အင်အားရှိတဲ့ နိုင်ငံရေးပါတီတရပ်အဖြစ် နိုင်ငံရေးအရဦးဆောင်မှုပေး လှုပ်ရှားနိုင်ရေး လမ်းကြောင်းဖက် ပြန်လည်ဦးတည်လာပြီ လည်းလို့ဆိုနိုင်ပါတယ်။
“ရွှေဂုံတိုင်ကြေညာစာတမ်း”ပါ ရပ်တည်ချက်နဲ့ မူဝါဒများကို အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ လိုလား သူများက အင်တိုက်အားတိုက်ထောက်ခံခဲ့ကြတာကိုတွေရပါတယ်။

မူဝါဒနှင့် လုပ်ငန်းစဉ် တထပ်တည်းကျရန်လိုပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကာစကာလမှ ယနေ့အထိ ခေါင်းဆောင်မှု အပြောင်းအလဲအပေါ်မူတည်ပြီး အဖွဲ့ချုပ် ရဲ့ မူလဘူတမူဝါဒများအပေါ်မှာ အဖွဲ့ချုပ်ခေါင်းဆောင်များ မြဲမြံစွာရပ်တည်ဆုပ်ကိုင်ထားခြင်းမရှိဘဲ ပြောင်းလဲလုပ်ကိုင်လာခဲ့ကြတာ တွေ့ရပါ တယ်။ မပြောင်းမလဲမြင်နေရကတော့ ထိရောက်တဲ့ခေါင်းဆောင်မှုနဲ့ “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါမူဝါဒများကို အကောင်အထည် ဖော်ဆောင်ရေး အင်နဲ့အားနဲ့ ပြင်ဆင်ကြရမယ့်အစား အရာရာကို အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ်မှာသာ အားကိုးမှီခိုနေကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ယခင်ကလိုအမှားမျိုးထပ်မလုပ်ဘဲ ကိုယ်ချထားတဲ့ မူဝါဒများကို အောင်မြင် အောင် အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ်များကို အချိန်မလင့်ခင် ရေးဆွဲဆောင်ရွက်ဖို့လိုနေပါပြီ။ ။
http://moemaka.com/index.php?option=com_content&task=view&id=5805&Itemid=1


စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ

စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ


ဘန်ကောက် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်ရှိသည်။

''မြန်မာ့အလင်း သတင်းစာမှာ ဒေသခံ ခေါင်းဆောင်တွေကို စစ်အစိုးရ ဝန်ကြီးတွေက လက်ဆွဲနှုတ်ဆက်နေတာတွေ၊ ငွေကြေးအကူအညီ ပေးနေတာတွေနဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေ၊ ဒေသခံတွေကို မိန့်ခွန်းပြောနေတဲ့ ပုံတွေ၊ သတင်းတွေ အပြည့်ဖော်ပြနေတာ တွေ့ရတယ်'' ဟု မြန်မာနိုင်ငံက မကြာခင်သေးခင်က ပြန်ရောက်လာသည့် အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောပြသည်။

''ဒါတွေက တကယ်တော့ မဲဆွယ်စည်းရုံးခြင်း တမျိုးပါပဲ။ စစ်တပ်ဟာ ဒေသခံတွေရဲ့ နှလုံးသားကို ဖမ်းစားဖို့ ကြိုးစားနေတာပါ'' ဟု သူက ဆက်ပြောခဲ့သည်။
thanshwe
''ဒီနေ့ မြန်မာနိုင်ငံက ဒီမိုကရေစီဟာ နုနယ်သေးတယ်။ ပြီးတော့ ဂရုတစိုက် စိတ်ရှည်ဖို့နဲ့ အာရုံစူးစိုက်ဖို့လည်း လိုပါတယ်'' ဟု မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ပြီးခဲ့သည့်နှစ် တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသွားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ လွဲ၍ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ရှားရှားပါးပါး ပြောဆိုခဲ့သော်လည်း သူ့အနေနှင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို အာဏာမမက်ကြရန်နှင့် စည်းကမ်းလိုက်နာကြရန် အလိုရှိနေလေသည်။

''ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ စနစ်တကျ ကျင်းပဖို့ အစီအစဉ်တွေ ဆွဲနေတုန်းပဲ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ရလိမ့်မယ်'' ဟု သူက သတိပေးခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီ အက်ဥပဒေတို့ အတည်မပြုရသေးသော်လည်း ထိုရွေးကောက်ပွဲ အစီအစဉ်များက မြန်မာနိုင်ရှိ အရာအားလုံးကို လွှမ်းမိုးလျက်ရှိသည်။ ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုလည်း အတိအကျ မကြေညာရသေးချေ။

သို့သော် မြန်မာပြည်တဝှန်းတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိတ်တဆိတ် ပြင်ဆင်မှုများကို ပြုနေကြသည်။ အစိုးရ အုပ်ချုပ်ရေး ယန္တယားမှာ ယာယီရပ်ဆိုင်းထားပြီး အစိုးရ ဝန်ကြီးများ၊ အရာရှိကြီးများမှာ နိုင်ငံရေး စည်းရုံးမှုများကိုသာ ဦးစားပေး လုပ်ဆောင်နေကြသည်။
''ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ မဆိုင်တဲ့ အစိုးရဆုံးဖြတ်ချက်တွေ ဘာကိုမှ မလုပ်တော့ဘူး'' ဟု အမည်မဖော်လိုသော ထိပ်တန်း ကုလသမဂ္ဂ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အရေးကြီးသည့် စီမံကိန်းများကို ရွေးကောက်ပွဲများ ပြီးမှသာ စတင်နိုင်မည်ဟု အစိုးရဝန်ကြီးများက အခြား ကုလသမဂ္ဂ အကူအညီပေးရေး အရာရှိတဦးသို့လည်း ပြောပြသည်။

အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း ဗုဒ္ဓဟူးနေ့သို့ ရွေ့ပြောင်းလိုက်ခြင်းအားဖြင့် ဝန်ကြီးများကို ကြာသပတေးမှ တနင်္ဂနွေအထိ တပတ်လျှင် ၄ ရက်၊ ၎င်းတို့ စည်းရုံးရေးအတွက် တာဝန်ကျရာ အရပ်ဒေသများတွင် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့သည်ဟု ထိပ်တန်း စစ်တပ်အသိုင်းအဝိုင်း အဆိုအရ သိရသည်။ ထိုဆောင်ရွက်ချက်များတွင် သတ်မှတ်ထားသည့် ဒေသခံ လူထုကို လက်ဆောင်ပစ္စည်းနှင့် ငွေကြေးများ ပေးအပ်သည်သာမကဘဲ ရွေးကောက်ပွဲရက် ကြေညာသည့်အခါ စည်းရုံးရေးလုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်ရန်အတွက် ငွေကြေးကောက်ခံသည့် လုပ်ငန်းများလည်း ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သြဇာကြီးပြီး အဂတိလိုက်စားသော ဝန်ကြီးဦးအောင်သောင်းကို ရွေးကောက်ပွဲ စည်းရုံးရေးများ ကြီးကြပ်ရန်နှင့် စစ်အုပ်စုထောက်ခံသော ကိုယ်စားလှယ်များကို ငွေကြေးထောက်ပံ့ရန် တာဝန်ပေးထားသည်ဟု ဗိုလ်ချုပ်မှူးကြီးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။
thein-sein
သူက ''အဘိုးကြီးရဲ့ လူယုံဖြစ်နေတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ကုမ္ပဏီတခုမှ အကြီးတန်း မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။ ''သူ့ရဲ့ လျှို့ဝှက်ရည်မှန်းချက်က စစ်အုပ်စုသဘောကျတဲ့ ကိုယ်စားလှယ်တွေကို ရိုဟင်ဂျာတွေက ထောက်ခံလာအောင်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို လူထုရဲ့ ထောက်ခံမဲတွေရလာအောင် သေသေချာချာ လုပ်ဆောင်ဖို့ပဲ'' ဟု စစ်အစိုးရ အရာရှိတဦးက ပြောသည်။

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည်။ သို့သော် မြန်မာစစ်တပ်က ၎င်းတို့ကို အရပ်သားအစိုးရ ဖွဲ့စည်းရန် မည်သို့မှ ခွင့်မပြုခဲ့ချေ။ ဒီတခါ စစ်ဗိုလ်ချုပ်ကြီးများက ထိုစဉ်က အမှားမျိုး ဆက်လက်မကျူးလွန်ရန် စီစဉ်နေပြီး ဤတကြိမ်တွင် သူတို့ မရှုံးရန် အရာအားလုံးကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တချိန်တည်းမှာပင် ၎င်းတို့က လူတိုင်းကို အမှောင်ထဲမှာ ရှိနေစေခဲ့သည်။

''ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေက အခုဆိုရင် ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ'' ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက အင်ဒိုနီးရှားဝန်ကြီး မာတီ နာတလီဂါဝါကို ဟနွိုင်းရှိ အာဆီယံဒေသဆိုင်ရာ အစည်းအဝေး တခုတွင် ပြောကြားခဲ့သည်။ ''၁ဝဝ ရာခိုင်နှုန်းပြီးဖို့ နောက်ထပ် ၂ လ ဒါမှမဟုတ် ၃ လ ထပ်စောင့်ရလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဒီနှစ် ဒုတိယ ခြောက်လပတ်ထဲမှာမှ ဖြစ်လိမ့်မယ်'' ဟု သူက ပြောဆိုကြောင်း သိရသည်။

မြန်မာနှင့် အနီးစပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲသည် ယခုနှစ် နောက်ဆုံး ၃ လ အတွင်း ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ်သံတမန်များ အဆိုအရ သိရသည်။ ၎င်းရွေးကောက်ပွဲမှာ ၁ဝ ရက် ၁ဝ လ ၂ဝ၁ဝ ခုနှစ်တွင် ဖြစ်လိမ့်မည်ဟု မြို့တော်သစ် နေပြည်တော်ရှိ ထိပ်တန်း စစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ နိုင်ငံရေးပါတီ ၁ဝ ခုသာ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဟွာဟင်း၌ ကျင်းပသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း အခြား အာရှခေါင်းဆောင်များကို ပြောကြား
ခဲ့ကြောင်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အင်ဒိုနီးရှား သံတမန်တဦးက ပြန်ပြောပြသည်။

သို့သော် အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်ကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်၍လည်းကောင်း တစုံတရာ ရည်ညွှန်းသွားခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ကိန်းဂဏန်းများအပေါ် သက်ဝင်ယုံကြည်လွန်းသော စစ်အုပ်စု၏ အမူအကျင့်အရ ၁ဝ ရက်၊ ၁ဝ လ၊ ၂ဝ၁ဝ မှာ ပိုမိုဖြစ်နိုင်ကြောင်း လူအများက ခန့်မှန်းနေကြသည်။ အတိတ်တုန်းက စစ်တပ်သည် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ နေ့ရက်နှင့် မြို့တော်သစ်သို့ အလုံးအရင်းဖြင့် ပြောင်းရွေ့သည့်နေ့ အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်တိုင်း ဗေဒင်ဆရာများ၏ တွက်ချက်မှုအပေါ် အခြေခံ၍သော်လည်ကောင်း၊ ထူးခြားသည့် နေ့ရက်များကို အခြေခံ၍သော်လည်ကောင်း ပြုလုပ်လေ့ရှိသည်။ ယခုအခါ ရွေးကောက်ပွဲမှာ ယခုနှစ် မိုးရာသီ ကုန်လွန်ပြီးနောက် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပရန် သေချာနေပြီး လောလောဆယ် ပြောဆိုနေသော နေ့ရက်မှာ လှည့်စားခြင်းသက်သက်သာ ဖြစ်ကြောင်းလည်း ဖြစ်နိုင်လေသည်။ ရွေးကောက်ပွဲကို လူတိုင်း ပုံမှန်အလုပ်နားရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဆိုသည်ကတော့ သေချာနေသည်။

ရွေးကောက်ပွဲဥပဒေ ကြေညာသည့် အချိန်အထိ ဖြစ်နိုင်ချေရှိသော နိုင်ငံရေးသမားများ ပါဝင်လှုပ်ရှားရန် အနည်းအကျဉ်းသာရှိပြီး သူတို့၏ အချိန်ကို စောင့်ဆိုင်းနေရန်သာ ရှိသည်။ ထိုအချိန်ထိ ရွေးကောက်ပွဲ များကို မည်သို့မည်ပုံ ကျင်းပမည်ကို မည်သူမျှ မသိရှိနိုင်သလို ပိုမိုအရေးကြီးသည့် မည်သူများ ပါဝင်ယှဉ်ပြိုင်မည်ကိုလည်း မသိနိုင်ဘဲ ရှိနေသည်။ တရားဝင်အားဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် မရှိသေးဘဲ ထိုသို့ ပြုလုပ်ရန် နိုင်ငံရေး ပါတီများ မှတ်ပုံတင်သည့် ဥပဒေများ ထုတ်ပြန်ပြီး ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးမှုများကို ကြီးကြပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပြီးမှသာ ဖြစ်နိုင်လေသည်။

''နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲ ဥပဒေများကို နောက်ဆုံးအချိန်အထိ လျှို့ဝှက်ထားလိမ့်မယ်'' ဟု ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။ ''ဖြစ်နိုင်ချေရှိတဲ့ အတိုက်အခံတွေ အားလုံးကို ခြေလှမ်းမှားအောင်နဲ့ စုစည်းချိန်မရအောင် သူတို့ လုပ်ထားလိမ့်မယ်'' ဟု ဆက်လက်ပြောသည်။

ပြီးခဲ့သည့် နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့ မတိုင်မီ လပေါင်း ၂ဝ စောပြီး ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုခေါင်းဆောင်များက ထိုအမှားမျိုး ထပ်မံမကျူးလွန်ရန် သတိကြီးစွာ ထားနေသည်။ သို့သော် ထိုစဉ်ကထက်စာလျှင် နှစ်ပေါင်း ၂ဝ ဖြတ်ကျော်ပြီးသော ယနေ့ မြန်မာပြည်မှာ လွန်စွာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှု၊ စော်ကားမော်ကားပြုမှုနှင့် စီးပွားရေး ချွတ်ခြုံကျမှုတို့က မြန်မာလူမျိုး အများအပြားမှာ စစ်တပ်အပေါ် စိတ်ရှုပ်ထွေးစေပြီး ပိုမိုဒေါသထွက်လာစေသည်။ သို့သော် ၎င်းမှာ ရွေးကောက်ပွဲတွင် စစ်အစိုးရ ဆန့်ကျင်သော ခိုင်မာသည့် ဆန္ဒမဲများအဖြစ် ပြောင်းလဲသွားမည်၊ မသွားမည်ကတော့ စောင့်ကြည့်ရဦးမည့် သဘောရှိသည်။ ဒီမိုကရေစီလိုလားသူများအတွင်း ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲလျက်ရှိသည်။

''စစ်တပ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားမယ့် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဘာကြောင့် ဝင်ပြိုင်ရမှာလဲ'' ဟု ပြည်ပရောက် မြန်မာများ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

''ကျနော်တို့ရဲ့ ခေါင်းဆောင် တော်တော်များများဟာ သူတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့် အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မှာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ဘာသာ ရေးဆွဲပြီး လူတိုင်းကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတင်းအကျပ် ထောက်ခံမဲပေးအောင် လုပ်ပြီး (၂ဝဝ၈ ခု မေလမှာ) ပြဋ္ဌာန်းခဲ့တယ်'' ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲများသည် စစ်အစိုးရအတွက် ဒီမိုကရေစီကျသည့် အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ရန် အသုံးချခြင်းသက်သက်သာ ဖြစ်ကြောင်း အကဲခတ်အများက ယုံကြည်နေကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်နေရာ၏ လေးပုံတပုံကို စစ်တပ် အရာရှိများအတွက် သီးခြားဖယ်ထားသည်။ ပြီးခဲ့သည့်နှစ်က အငယ်တန်း အရာရှိများကို စစ်တပ်၏ လွှတ်တော်အမတ်များအဖြစ် ထမ်းဆောင်ရန် နိုင်ငံရေး၊ စီးပွားရေးပညာရပ်များနှင့် ပတ်သက်၍ ၎င်းတို့အတွက် အဆင့်မြင့် အရာရှိသင်တန်းများ၏ တစိတ်တပိုင်းအဖြစ် အထူး သင်တန်းများ ပို့ချခဲ့သည်ဟု စစ်အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။ အမျိုးသား ကာကွယ်ရေးကောလိပ်ဟု အမည်ရသည့် ထိပ်တန်း စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည့် အရာရှိတော်တော်များများမှာ လွှတ်တော်သစ်ရှိ နေရာများအတွက် လျာထားလျက်ရှိသည်။

''၂ဝ၁ဝ မှာ ရွေးကောက်ပွဲဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်လိမ့်မယ်။ သူတို့ကိုယ် သူတို့ စစ်ဝတ်စုံချွတ်ပြီး အရပ်သားပုံစံနဲ့ အာဏာဆက်ယူဖို့ ဖြစ်မယ်'' ဟု ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံ ဦးစိုးအောင်က ပြောသည်။ စစ်အစိုးရ အရာရှိတော်တော်များများက ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲမဟုတ်ဘဲ ရွေးချယ်ပွဲသာ ဖြစ်လိမ့်မည်ဟု သီးခြား ဝန်ခံလေသည်။

''ဒီနှစ်မှာ ရွေးကောက်ပွဲ ရှိတယ်ဆိုပေမယ့် အောင်ဆန်းစုကြည် ဒါမှမဟုတ် သူမရဲ့ ပါတီ ဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ အာဏာလွှဲပြောင်းရေးကတော့ ဖြစ်လာစရာ မရှိပါဘူး'' ဟု မြန်မာ့အရေးကို အနီးကပ် လေ့လာနေသော တရုတ်သံတမန်တဦးက ဆိုသည်။ ''အားလုံး အရင်အတိုင်းပဲ။ နိုင်ငံရေး အပြောင်းအလဲ ရှိမှာမဟုတ်ဘူး'' ဟု ထိပ်တန်း တရုတ်အစိုးရ အရာရှိတဦးကလည်း မဇ္ဈိမကို ပြောပြသည်။

၂ဝ၁ဝ အတွက် အာဏာရယူရန် ပါတီများ ဖွဲ့စည်းခြင်းမရှိဘဲ တရားဝင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရန်အတွက် စစ်အစိုးရက ပြင်ဆင် နေခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများကို စစ်အစိုးရ ကိုယ်စားလှယ်လောင်းကိုသာ ထောက်ခံရန်နှင့် ရန်ပုံငွေ ပံ့ပိုးပေးရန် ညွှန်ကြားထားသည်။ ထို့ကြောင့် အချို့မဲဆန္ဒနယ်များတွင် စီးပွားရေးသမား အချို့အတွက် လျာထားပြီး ငွေကြေး အထောက်အပံ့ကိုလည်း ရယူရန် စီစဉ်ထားသည်။

''ဒီရွေးကောက်ပွဲမှာ ရှုံးလို့မရဘူး'' ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိပ်တန်း စီးပွားရေးသမား တချို့ကို ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့သည်။ ''တကယ်လို့ ရှုံးခဲ့ရင် လွန်ခဲ့တဲ့ နှစ် ၂ဝ ကြိုးပမ်းခဲ့တာတွေ အလကားဖြစ်သွားမယ်'' ဟု ပြောကြောင်း မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အနောက်တိုင်း သံတမန်များ၏ အဆိုအရ သိရသည်။

ဖြစ်ချင်သောရလဒ် ထွက်ပေါ်လာရေးအတွက် ရွေးကောက်ပွဲများကို အတည်ပြုရန်မှာ စစ်ခေါင်းဆောင်များအတွက် အကြီးမားဆုံး ပြဿနာများဖြစ်သည်။ ရွေးကောက်ပွဲများသာ လွတ်လပ်ပြီး တရားမျှတခဲ့လျှင် ရွေးကောက်ပွဲဝင်မည့်သူများ ထောက်ခံမဲရရန်မှာ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေ နည်းနေသည်။ အနည်းဆုံး လက်ရှိ ဝန်ကြီး တဒါဇင်ခန့်ကို ရွေးကောက်ပွဲဝင်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ်ထားသည်။ ၎င်းတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစိုးရရာထူးမှ နုတ်ထွက်ရလိမ့်မည်။

အဆိုပါ ဝန်ကြီးများမှာ ၎င်းတို့၏ ဝန်ကြီးဌာနများ အဆင်ပြေချောမွေ့နေစေရန် ယခု ဘဏ္ဍာရေးနှစ်၏ အဆုံးဖြစ်သော ဧပြီလအထိ လက်ရှိရာထူးတွင် ရှိနေရမည်ဖြစ်သည်။ ၎င်းတို့ကို စစ်အစိုးရ၏ လက်ရှိ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခြင်းကို သွက်လက်မြန်ဆန်ရန်နှင့် ဝန်ကြီးဌာနများ၏ ငွေစာရင်းများ မှန်ကန်မှုရှိစေရန် ညွှန်ကြားထားသည်။ ရန်ကုန်ရှိ စစ်အစိုးရ ဝန်ကြီးဌာနများမှ ပိုင်ဆိုင်သော ဧက ၁၁ ဝဝဝ ကျော်ရှိသည့် မြေကွက်များနှင့် အဆောက်အဦးများကို ရောင်းချရန်ရှိကြောင်း မြန်မာခေါင်းဆောင်များနှင့် နီးစပ်သည့် အနောက်တိုင်း စီးပွားရေးသမား တဦး၏ အဆိုအရ သိရသည်။

ထိုကာလအတွက် အုပ်ချုပ်ရေးအာဏာသာရှိပြီး ဥပဒေပြုအာဏာမရှိသော ကြားဖြတ်အစိုးရ တရပ်ကို ဖွဲ့စည်းကာ ရွေးကောက်ပွဲ ကျင်းပချိန်အထိ ၆ လတာ အချိန်အတောအတွင်း အုပ်ချုပ်လိမ့်မည်ဖြစ်ပြီး ၎င်းနောက် ရွေးကောက်ခံ လွှတ်တော်သစ် အစည်းအဝေး မစတင်မီ နောက်ထပ် ၆ လခန့်အတွက်လည်း ဖြစ်လိမ့်မည်။ ''အစိုးရအတွက် တနိုင်ငံလုံးက မဲတွေ ရေတွက်ဖို့နဲ့ နောက်ဆုံး ရလဒ်ကို အတည်ပြုဖို့ သီတင်းပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာ ကြာလိမ့်မယ်'' ဟု မြန်မာပြည်တွင်းရှိ မြန်မာပညာရှင်တဦးက ဆိုသည်။ ထိုကာလမှ မလုံလောက်သေးလျှင် လွှတ်တော်သစ်မှာ အနည်းဆုံး တနှစ်အထိ ကြာမြင့်နိုင်သည်ဟု (လွှတ်တော် ဆောက်လုပ်ရေး) စီမံကိန်းအတွက် အလုပ်လုပ်နေသော မြန်မာဆောက်လုပ်ရေး မန်နေဂျာ ဦးဖေထွန်းက မဇ္ဈိမကို ပြောသည်။

လာမည့် လအနည်းငယ်အတွင်း အစိုးရနှင့် စစ်တပ်အတွင်း အဓိက အပြောင်းအလဲမှာ ဖြစ်ထွန်းလိမ့်မည်။ အစိုးရ အုပ်ချုပ်ရေးယန္တယားကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဝန်ထမ်း အများအပြားမှာလည်း ပင်စင်ယူလိမ့်မည်။ ဝန်ကြီးဌာနများကိုလည်း ခွဲခြမ်းပစ်ပြီး ဝန်ကြီး ၁၇ ဦးသာ ကျန်ရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံရေးသမား လုပ်ရန်အတွက် ဝန်ကြီး ၂ ဦးမှာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းတို့၏ ဝန်ကြီးဌာနများကို အခြားဌာနများနှင့် ပူးပေါင်းပစ်ခဲ့သည်။ ကျန်ဝန်ကြီးများမှာ မြန်မာနှစ်သစ်ကူးကာလ (သင်္ကြန်) အပြီး ဧပြီလ အလယ်ပိုင်းလောက်တွင် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးသမား ဖြစ်သွားလိမ့်မည်။ ၎င်းတို့အားလုံးမှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် မှတ်ပုံမတင်မီ ပိုင်ဆိုင်သမျှကို ကြေညာရလိမ့်မည်ဟု မြန်မာနိုင်ငံရှိ အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။

နိုင်ငံရေးပါတီ ဥပဒေကြေညာပြီးနောက် လအနည်းငယ်အတွင်း အခြေခံ လူတန်းစားများအတွင်း စစ်အစိုးရကို ထောက်ခံရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လွန်ခဲ့တဲ့ ၁၅ နှစ်က ဖွဲ့စည်းခဲ့သော လူထုအဖွဲ့အစည်းဖြစ်သည့် ကြံ့ဖွံ့မှာ ယခုနှစ် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် ပါတီတရပ်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သည့် နှစ်အနည်းက ပါတီ ၃ ရပ် ဖွဲ့စည်းမည်ဟု စီစဉ်ခဲ့သေးသော်လည်း ယခုအခါ ကြံ့ဖွံ့ လက်အောက်တွင် ပါတီတရပ်သာ ဖွဲ့စည်းမည်ဟု စိတ်ချရသည့် မြန်မာသတင်းရပ်ကွက် အဆိုအရ သိရသည်။ စစ်တပ် အသိုင်းအဝိုင်းအဆိုအရ နိုင်ငံရေးလောကသို့ မဖြစ်မနေ ဝင်ရောက်ရမည့် လက်ရှိဝန်ကြီးများမှာ အဆိုပါ ပါတီသို့ ဝင်ရောက်ရလိမ့်မည်။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) မှာလည်း ခေတ်သစ်၏ အစိတ်အပိုင်း တရပ်အဖြစ် တည်ရှိလိမ့်မည်။ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးက စစ်သားနှင့် အစိုးရ ဝန်ထမ်းများကို တစညသည် စစ်တပ်၏ ညီနောင်ပါတီအဖြစ် သဘောထားရန် ညွှန်ကြားထားကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

လာမည့် လများအတွင်း စစ်တပ်နှင့် အစိုးရအတွင်း အပြောင်းအလဲများ ပေါ်ပေါက်လိမ့်မည်။ အသက် ၆ဝ ပြည့် ပင်စင်ယူရန် ဦးသန်းရွှေက အတင်းအကျပ် စည်းမျဉ်းထုတ်ပြန်သည့်အတိုင်း ထောင်ပေါင်းများစွာ မဟုတ်ခဲ့လျှင် ရာပေါင်းများစွာသော အကြီးတန်း စစ်အရာရှိများကို အနားယူစေပြီး အငယ်တန်း အရာရှိများအတွက် အဆင့်မြင့်ရာထူးများ ရယူရန် စစ်တပ်အတွင်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်လိမ့်မည်။ ထိုအချင်းအရာသည် ရွေးကောက်ပွဲများပြီးနောက် ပေါ်ပေါက်လာမည့် ဆက်ဆံရေးသစ်အတွက် အကြီးမားဆုံး ပြင်ဆင်မှု ဖြစ်သည်။

ထုံးစံအားဖြင့် စစ်တိုင်းမှူးများမှာ ဒေသဆိုင်ရာ အရပ်သားအာဏာပိုင်များကို တာဝန်ခံရသည်ဆိုသော်လည်း လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း စစ်တပ်၏ အမူအကျင့်မှာ ၎င်းနှင့် ပြောင်းပြန်ဖြစ်သည်။ တချို့ဧရိယာများတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့အကြား လုပ်အားပေးခိုင်းစေမှုနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး၏ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနှင့်နေပြီဖြစ်သည်။

အဓမ္မ သိမ်းပိုက်ထားသည့် မြေယာများကို ပြန်ပေးရန် အာဏာတည်သည့် အမိန့်ကို ဆန့်ကျင်၍ ဒေသဆိုင်ရာ တရားရုံးတို့က ဆုံးဖြတ်ပြီး မြေယာ ပြန်လည်အပ်နှင်းခံရသည့် လယ်သမားများကို ပိုင်နက်ကျူးလွန်မှုနှင့် တရားစွဲဆိုခြင်းများ ရှိနေသည်။ ဒေသတခုတွင် ဗဟိုအာဏာပိုင်တို့က တရားမဝင် သိမ်းယူမှုအဖြစ် လက်ခံထားပြီး မြေယာ ပိုင်ဆိုင်ခွင့် ရရှိသည့် လယ်သမား ၆ဝ ကျော်မှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ထိုအချင်းအရာများမှာ နောက်လာမည့် ပြဿနာများ၏ အစအဦးသာဖြစ်သည်။
ယခုနှစ် ရွေးကောက်ပွဲဖြစ်စဉ်မှာ ပဋိပက္ခ္ခနှင့် စိုးရိမ်ပူပန်မှုများ တိုးမြင့်လာမည့်သဘော ရှိလေသည်။ မြန်မာဆရာဝန်များ၏ အဆိုအရ အထူးသဖြင့် ရန်ကုန်တွင် ပြည်သူလူထုအကြား လာမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ မသေချာမရေရာမှုကြောင့် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့စိတ်များ တိုးပွားလျက်ရှိနေသည်ဟု သိရသည်။

အာရှသံတမန်တချို့၏ အဆိုအရ ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းရန် အလှမ်းဝေးလျက်ရှိသည်။ ''ရွေးကောက်ပွဲ အစီအစဉ်က ရှိနေတုန်းဖြစ်ပေမယ့် သတင်းပတ် ကြာလာတာနဲ့အမျှ စစ်အစိုးရအတွက် ရလဒ်ကို မထိန်းချုပ်နိုင်မှာကို ပိုပိုပြီး စိုးရိမ်နေတယ်'' ဟု ရန်ကုန်အခြေစိုက် အာရှ သံတမန်တဦးက ဆိုသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ထိန်းချုပ်မှုနှင့် ကန့်သတ်မှုများ တိုးပွားလာမည့်သဘော ရှိနေသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများမှာ တနေ့ထက်တနေ့ ပြည်ဝင်ခွင့်ဗီဇာ ရရန်နှင့် ရန်ကုန်မြို့ပြင်သို့ ခရီးထွက်ခွင့် ရရန်မှာ ခက်ခဲလျက်ရှိသည်။ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာမှာ အတိတ်တုန်းက အရာသာဖြစ်ကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ ဝန်ထမ်းတဦးက ဆိုသည်။

ဆင်ဆာဖြတ်တောက်မှုနှင့် သတင်းမီဒီယာကို ထိန်းချုပ်မှုမှာလည်း တင်းကျပ်လျက်ရှိသည်။ ပြည်တွင်း စာစောင်များတွင် ရွေးကောက်ပွဲအကြောင်းကို ဖော်ပြခွင့် ရရှိနေသော်လည်း ပါတီများ ဖွဲ့စည်းသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပိတ်ပင်ထားသည်ဟု လွတ်လပ်သည့် သတင်းစာစောင်များမှာ အယ်ဒီတာ အများအပြားက ဆိုသည်။

ရွေးကောက်ပွဲမှာ စစ်အစိုးရအတွက် တကယ့် စမ်းသပ်မှုဖြစ်သည်။ သို့သော် အဓိကကျသည့် ကိစ္စရပ်မှာ မြန်မာလူမျိုးများက ရွေးကောက်ပွဲဖြစ်စဉ်ကို မည်သို့ ယူဆသနည်း ဆိုသည့်အပေါ် မူတည်လေသည်။ ''ဒီစစ်အစိုးရ (လူတွေကို) ကြောက်ရွံ့အောင် အုပ်ချုပ်ထားပေမယ့် (ရွေးကောက်ပွဲ) ရလဒ်ကို စစ်တပ်က အလွန်အကျွံ လှည့်စားတယ်လို့ ယူဆကြရင် အီရန်လို တုံ့ပြန်မှုမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး'' ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော လူငယ်နိုင်ငံရေးသမား တဦးက ဆိုသည်။ သို့သော် ဖမ်းဆီးခံရမည့် အရေးကြောင့် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရင် ငြင်းဆန်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/4708-2010-02-02-07-10-21.html

ချစ်သူများနေ့ မှာ သိထား မှတ်ထားရမည့် အရာ

ချစ်သူများနေ့ မှာ သိထား မှတ်ထားရမည့် အရာ


ဒီနေ့ ..

ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ... ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊ ... တွေ၊ .... တွေ
ဟိုက သည်က အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊

အော် ...
တကယ်တော့ ... ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘော မကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖီပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ .. နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့ ... ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...


ညီမလေးရယ်
တစ်ခုလောက် သေသေချာချာ စဉ်းစားပါဦး
မနေ့က ... ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ... လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ .... စနေနေ့
မနက် အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....



ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ... မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....

--

လောကမှာ အရေးအကြီးဆုံးက အရေးမကြီးတာတွေကိုအရေးတကြီးမလုပ်မိစေဖို့ပါ....လို့ ကဗျာအဆုံးမှာ ရေးထားတဲ့ Forward mail ထဲက ရတဲ့ ကဗျာလေး တပုဒ်ကို ပြန်လည်မျှဝေခြင်းပါ။

သံဃာ့တပ်ပေါင်းစုကြီးမှဦးအောင်ဆန်းဦးအား သပိတ်မှောက် ကံဆောင်


ဖေဖေါ်ဝါရီ ၂။ ၂၀၁၀
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးမှ ဦးအောင်ဆန်းဦးကို သပိတ်မှောက် ကံဆောင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ သွားခဲ့ပါသည်။
ဇန်နဝါရီလ ၂၄ရက်နေ့ နေ့စွဲဖြင့် ဦးအောင်ဆန်းဦးအား နအဖ၏ ကြိုးကိုင်မှုဖြင့် ညီမဖြစ်သူ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက်ပေးနေခြင်းကို ရပ်တန်းက ရပ်ရန်နှင့် ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဝိနည်းတော်နှင့် အညီ သပိတ်မှောက် ကံဆောင်မည်ဖြစ်ကြောင်း သံဃာ့တပ်ပေါင်းစုက သတိပေး ပြောကြားခဲ့ပါသည်။
သို့ရာတွင် ယခုအချိန်အထိ ဦးအောင်ဆန်းဦး ဘက်မှ တစုံတရာတုန့်ပြန်မှု ပြုလုပ်လာခဲ့ခြင်း မရှိသဖြင့် ထိုသို့ သပိတ်မှောက် ကံဆောင်လိုက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်။
သံဃာတော် အရှင်မြတ်များသို့လည်း ဦးအောင်ဆန်းဦးကို သပိတ်မှေက် ကံဆောင်ထားပြီးဖြစ်၍ သာသနာနှင့် ပါတ်သက်သော ပါတ်သက် ဆက်ဆံမှုများ မလုပ်ပါရန် လျှောက်ထားချက်ကိုပါ ပူးတွဲထည့်သွင်းထားပါသည်။
ထို့အတူ မနေ့က သတင်းဌာနများသို့ အသိပေး အကြောင်းကြားချက် တစောင်ကိုလည်း သံဃာ့တပ်ပေါင်းစုမှ ထုတ်ပြန်ခဲ့ပါသည်။
ထုတ်ပြန်ကြေညာချက်များကို ပူးတွဲဖေါ်ပြ ထားပါသည်။

သပိတ်မှောက် ကံဆောင်ကြောင်း အသိပေး ကြေညာချက်

By abma | February 1, 2010

အသံလွှင့်ဌာနများ၊ ၀က်ဘ်ဆိုက်များ၊ သတင်းဌာနများအားလုံးသို့ အသိပေးအကြောင်းကြားခြင်း

By abma | February 1, 2010

ဦးအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ(၂၄-၁-၂၀၁၀)

By abma | January 24, 2010