Friday, February 5, 2010

5 Feb ဒိုင်ယာရီ

http://ifile.it/vgorh60
5 Feb Yeyintnge's Diary

Handbook For Burma's Election Monitors

http://ifile.it/i10vpnlHandbook on Election Monitor_Burmese_in PDF

မိန်းမသားပေမယ့် နိုင်ငံရေးမှာ အားမငယ်


မိန်းမသားပေမယ့် နိုင်ငံရေးမှာ အားမငယ်


ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ အမျိုးသမီးတွေ အင်နဲ့အားနဲ့ ပူးပေါင်းခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပဲ။ အမျိုးသမီး အဖွဲ့ဝင်တွေကို သူက လမ်းဖွင့်ပေး၊ ပြုစု ပျိုးထောင် ပေးတဲ့အတွက် အမြင်ကျယ်လာ ကြတယ်။ သူ့ရဲ့ခေါင်း ဆောင်မှု နောက်ကို ယုံကြည်မှုအပြည့်နဲ့ လိုက်ကြတယ်။

နန်းခင်ထွေးမြင့်

ကျမတို့က အမျိုးသား ခေါင်းဆောင် တွေကိုလည်း လေးစား ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ လေးစားမှုအပြင် အားကျကြတာကို တွေ့ရတယ်။

ကျမ ပါဝင်လှုပ်ရှားနေတဲ့ NLD က တရားဝင် နိုင်ငံရေး အဖွဲ့ပဲ။ ဒါပေမယ့် ရုံးတွေ ပိတ်ထားရတယ်။ ဟိုတုန်းက ရုံးတွေ မပိတ်ရ သေးခင်ကလည်း အာဏာပိုင်တွေက တချိန်လုံး စောင့်ကြည့်နေတယ် ဆိုတော့ ကျမတို့က မြေအောက် လှုပ်ရှားမှုထဲမှာ ပါဝင် နေရသလိုပဲ ပုန်းလျှိုး ကွယ်လျှိုး လုပ်နေရတယ်။

တချို့လည်း တက်ကြွပေမယ့် ငြိမ်နေရတယ်။ ဥပမာ ကျမတို့ ကရင်ပြည်နယ်မှာ ထိုင်းနိုင်ငံဘက်ကို သွားပြီး အလုပ်လုပ်တဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ့်မိသားစုထဲက တယောက် ယောက်က ထိုင်းနိုင်ငံမှာ သွားပြီး အလုပ် လုပ်နေတယ် ဆိုတာ ဒီဒေသမှာ အဆန်းမဟုတ်တော့ဘူး။ ဒါဟာ ဥပဒေနဲ့ မကင်းဘူး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ဖြစ်တယ်၊ ဖမ်းလို့ရတယ် ဆိုပြီး ခြိမ်းခြောက်တယ်။ တခြားနည်းနဲ့ ခြောက်လှန့် ထားတာတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်နေရတယ်။ တခြား ဒေသတွေမှာဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဥပမာ စားဝတ်နေရေးကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ကင်းကွာနေသူတွေ ရှိတယ်။

ကျမကို လာပြီး စည်းရုံးတာ ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကနေ ကင်းကင်းနေဖို့၊ စီးပွားရေးကိုပဲ လုပ်ဖို့ စည်းရုံးတယ်။ ကျမက စားဝတ်နေရေး အခက်အခဲ မရှိတော့ ဖိအားတွေကို တင်းခံနိုင်တယ်။ ဒါပေမယ့် လူတိုင်းက ကိုယ်နဲ့ အခြေအနေ မတူဘူး။ သားသမီးတွေ များမယ်၊ စားဝတ်နေရေး ခက်ခဲမယ်ဆိုရင် သူတို့က တက်ကြွပေမယ့်လည်း စိတ်လျှော့လိုက်ရတာတွေ ရှိတယ်။

ဘယ်သူကမှ ကိုယ့်သားသမီးကို၊ ကိုယ့်မိသားစုကို၊ ကိုယ့်မိဘကို အငတ်မထားချင်ဘူး။ ဒီလို မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် လှုပ်ရှားမှုနဲ့ ကင်းကွာသွားကြတယ်။ နင်တို့က မလုပ်နိုင်ဘူးလားဆိုပြီး ဒီလို သွားပြောလို့လည်း မသင့်တော်ဘူး။ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၂၁ နှစ်ကျော်လာပြီ ဆိုတော့ စားဝတ်နေရေး ပူပင်စရာမလိုတဲ့သူ၊ တင်းခံနိုင်တဲ့သူ တွေပဲ ဆက်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်။

၂၁ နှစ်အတွင်း လှုပ်ရှားမှုမှာ ငွေကြေး၊ အခွင့်အရေး စသဖြင့် ဘာအကျိုးအမြတ်မှ မရှိဘဲ လုပ်ခဲ့ကြ လုပ်နေကြတဲ့သူတွေ အင်မတန် လေးစားဖို့ ကောင်းပါတယ်။ ဒီလို လှုပ်ရှားတဲ့နေရာမှာ ဆေးကုသခွင့် လိုင်စင်၊ ရှေ့နေလိုက်ခွင့် လိုင်စင် အသိမ်းခံရတဲ့ သူတွေ ရှိတယ်။ လုပ်ငန်းတွေ သိမ်းတယ်။ ဥပမာဆိုရင် မန္တလေးတိုင်းက ဒေါ်ဝင်းမြမြ ဆိုရင် လုပ်ငန်းတွေ အများကြီး အသိမ်းခံရ တယ်။ သိမ်းရုံတင် မဟုတ်ဘူး၊ ထောင်ထဲပါ ထည့်ပစ်တယ်။ ထောင်ထဲရောက်နေတဲ့သူတွေကိုလည်း ကျမတို့ မေ့ထားလို့ မရဘူး။ သူတို့လည်း ဒီ၂၁ နှစ်တာ လှုပ်ရှားမှုအတွင်းမှာ နည်းမျိုးစုံနဲ့ အဆက်မပြတ် ဟန့်တားတာကို ရင်ဆိုင်ပြီး အနစ်နာခံ လုပ်နေသူ တွေပါပဲ။

၂၁ နှစ်ကျော်တောင် လုပ်ခဲ့ပြီးပြီ မအောင်မြင်သေးဘူး။ ဒါကိုတောင် စိတ်ဓာတ်မကျသေးဘူးလား၊ ဆက်လုပ်ဦးမှာလား ဆိုပြီး မေးလာရင်တော့ မကျဘူးလို့ ဖြေရမယ်။ ကျမတို့ ၂၁ နှစ် ရုန်းကန်ခဲ့ရတာ အလဟဿ မဟုတ်ဘူး။ ၂၁ နှစ် ကုန်ခဲ့တာဟာ ဒီမိုကရေစီရဖို့ ၂၁ နှစ် နီးလာတာပေါ့။

သေချာ စဉ်းစားကြည့်ရင် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါမှ မဟုတ်ပါဘူး၊ ကင်းကွာနေရင်လည်း ကျမတို့ဟာ လုံခြုံစိတ်ချပြီလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ မြို့ထဲမှာ၊ ရပ်ကွက်ထဲမှာ၊ ရုပ်ရှင်ရုံတွေမှာ ဖမ်းတယ် ဆိုတာတွေသတင်းတွေမှာ ကြားမှာပေါ့ ။ အဖမ်းခံရသူတွေဟာ ဘာပြစ်မှုမှကျူးလွန်တဲ့သူတွေမဟုတ်ဘူး။ လူကောင်းတွေ။ ကရင်ပြည်နယ်မှာ ပေါ်တာဆွဲတာကအရင်တုန်း ကတော့ အမျိုးသားတွေကိုပဲ ဆွဲတယ်။ အမျိုးသားတွေကိုမတွေ့ရင် အမျိုးသမီးတွေကိုလည်း ဆွဲတယ်။ အခုနောက်ပိုင်း အမျိုးသမီး တွေကို ပေါ်တာဆွဲတာကို အာဏာပိုင်တွေ ပိုပြီးစိတ်ဝင်စားလာပုံရတယ်။ အမြဲတွေ့နေရတာကတော့ လုပ်အားပေးခိုင်းတာပဲ။

ဒီ ၂၁ နှစ်အတွင်း အားရစရာ၊ အကောင်းမြင်စရာ ဘာရှိသလဲ ဆိုရင် တခုပဲ ရှိတယ်၊ အဲဒါကတော့ လူတွေဟာ ဒီဒုက္ခတွေကို ခါးစည်းခံနိုင်တယ် ဆိုတာပဲ။ ဘယ်လောက်ပဲ သေသေ၊ ဘယ်လောက်ပဲ ပေါ်တာတွေ ခေါ်ခေါ်၊ လုပ်အားပေး ဘယ်တော့ပဲ ခေါ်ခေါ် သွားရတာပဲ။ အလုပ်ပျက် အကိုင်ပျက် သွားရတာပဲ။ အာဏာပိုင်တွေ ရာဘာစိုက်တယ်၊ စပါးစိုက်တယ် ဆိုရင်လည်း ရွာကလူတွေ သွားစိုက်ပေးရတယ်၊ သူတို့စီမံကိန်းတွေမှာ အစစ အရာရာ သွားလုပ်ပေးရတယ်။ ရွာကလူတွေဟာ မြို့ကလူတွေထက် ပိုပြီး အနိုင်ကျင့်ခံရတယ်။ သိပ်သနားစရာကောင်းတယ်။

မြန်မာပြည်မှာ အကျဉ်းထောင်ထဲက ဖြစ်ရပ်တွေကနေ တိုင်းရင်းသား အရေးအထိ အနာဂတ်ကာလမှာ အချိန်အများကြီး ယူပြီး ဖြေရှင်းရမှာပါ။ တချိန်ချိန် အခြေအနေ ပေးလာတဲ့အခါ အရေးတကြီး ပြုပြင်ရမယ့်အထဲမှာ ပညာရေးကဏ္ဍဟာ ထိပ်ဆုံးမှာ ရှိပါလိမ့်မယ်။ လောလောဆယ်တော့ ပြုပြင်ဖို့ နေနေသာသာ ဒီမိုကရေစီက ဘယ်နားနေမှန်း မသိသေးဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးကောက်ခံရတဲ့ လူထုကိုယ်စားလှယ် ၄၀၀ ကျော်မှာ အမျိုးသမီးအရေအတွက်က ၁၅ ယောက်ပဲ ပါတယ် ဆိုပေမယ့် နည်းတယ်ဆိုပြီး ပြောလို့မရဘူး။ အဲဒီကာလတုန်းက ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို သိတာ မဟုတ်ဘူး။ ကျမက အဲဒီတုန်းက အသက် ၃၀ ကျော်ပဲ ရှိသေးတယ် ဆိုပေမယ့် မိသားစုကလည်း နိုင်ငံရေး အသိုင်းအဝိုင်းက ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကို လူတိုင်းက သိတာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ် ၃၀ နီးပါး တပါတီ စနစ်နဲ့ ကြီးပြင်းလာရတာလေ။

ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်၊ ဒီမိုကရေစီအလင်းရောင် တွေ့နေရပြီလို့ ပြောတာတွေတော့ ကြားရမှာပေါ့။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အတွက်ရော၊ နိုင်ငံသားတွေအတွက်ပါ ကောင်းကျိုး ပေးမယ်လို့ မစားရ ၀ခမန်း ပြောတာတွေ ကြားရမှာပေါ့။ အခြေခံ ဥပဒေလည်း ပေါ်လာပြီလို့ ပြောကြတယ်။ တကယ်တော့ ရှေ့မှာ ဘာမှ မရှိဘူး။ အမှောင်ကြီးပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ မှောင်နေပါစေ ကျမတို့က ယုံကြည်ချက် ပြင်းထန်လို့ လုပ်နေကြတာပဲ။

ကျမတယောက်တည်းရဲ့ သဘော ပြောရရင် လာမယ့် ရွေးကောက်ပွဲမှာ NLD ကို မဝင်စေချင်ဘူး။ အာဏာပိုင်တွေ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေက တဖက်သတ် ဆန်လွန်းတယ်။ ဒီအခြေခံဥပဒေကို ပြန်သုံးသပ်၊ ပြင်ဆင်ပြီးမှပဲ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကို စဉ်းစားသင့်ပါတယ်။

၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ အမျိုးသမီးအရေအတွက် ပိုများလိမ့်မယ်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအသိ ပိုပြီး နိုးကြားလာမယ်၊ တက်ကြွလာမယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အခွင့်အရေးကတော့ ၁၉၉၀ ရွေးကောက်ပွဲထက် ပိုပြီး နည်းလိမ့်မယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၈ ခုနှစ်မှာအာဏာပိုင်တို့ ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ၀င်မပြိုင်ဘဲနဲ့ လွှတ်တော်မှာ ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိပါလိမ့်မယ်။ ဒီလိုရသွား အောင် စီစဉ်ထား၊ ပြဌာန်းထားတာပါ။ ဒါကြောင့် ကျန်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအတွက်ပဲ အမျိုးသမီးတွေ က ပါဝင် အရွေးချယ်ခံနိုင်တယ် ဆိုတော့ အခွင့်အလမ်း အများကြီး နည်းသွားပြီ။

အမျိုးသမီးတွေအတွက် ထိခိုက် နစ်နာစေတဲ့ အချက်တခုကလည်း ဒီ အခြေခံ ဥပဒေမှာ သတ်မှတ်ထားသေးတယ်။ အဲဒါက နိုင်ငံတော်သမ္မတ ဆိုတဲ့ အခန်းမှာပါ။ နိုင်ငံတော် သမ္မတဟာ အမျိုးသမီးမဖြစ်ရဘူးလို့ မပြဌာန်းထားပါဘူး။ အဲဒီလို မပြဌာန်း ထားပေမယ့် သမ္မတဟာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဆိုထားတယ်။ ဒီတော့ ရှင်းနေတာပဲ၊ အခြေခံဥပဒေအရ အမျိုးသမီးတွေ ဟာ သမ္မတ မဖြစ်နိုင်တော့ဘူး။

၁၉၉၀ အခြေအနေနဲ့ ၂၀၁၀ အခြေအနေနဲ့က ဘာမှ မဆိုင်ဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက လွတ်လပ်တယ်၊ တရားမျှတ တယ်လို့ ဆိုနိုင်တယ်။ လူထုကလည်း လိုလိုလားလား မဲပေးကြတယ်။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။

အခုက အခြေအနေက ဘာမှ လွတ်လပ်မှု မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်မယ်လို့လည်း ဘယ်သူကမှ အာမ မခံဘူး။ ၀င်ပြိုင်မယ့်သူကလည်း ယုံကြည်မှု အပြည့်အ၀ ရှိမှာ မဟုတ်ဘူး။

ကျမတို့ရဲ့ အဆုံးအစွန်သော ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ရရှိဖို့ပဲ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ တခု ပေါ်ပေါက်ရေး မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ ဒီလမ်းမှာ ရှိတဲ့ လှေခါးထစ်တခုပဲ ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လောလော ဆယ် စီစဉ်နေတယ် ဆိုတဲ့ ဒီရွေးကောက်ပွဲက ဒီမိုကရေစီစနစ်ဆီ သွားဖို့ အထောက်အကူပြုသလား၊ မပြုသလား ဆိုတာကတော့ အများကြီး မေးစရာ ရှိတယ်။

နန်းခင်ထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2549-2010-02-05-04-21-23

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ


ဖိုးသံချောင်း

၅/ ဖေဖော်ဝါရီ ၂၀၁၀

စစ်အစိုးရများလည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ကြပါဘူး။ ဒင်းတို့တတွေ အာဏာလက်လွှတ်ရတဲ့အဖြစ်ကို မရောက်မီမှာဘဲ အပြောင်းအလဲတွေကို ဒင်းတို့ဖြတ်သန်းရတတ်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းလှန်မှု၊ ဖိအား၊ နိုင်ငံတကာဖိအား စတာတွေကြောင့် ဒင်းတို့အနေနဲ့ လက်ရှိတည်ရှိနေတဲ့ပုံစံနဲ့ ဆက်မသွားနိုင်တော့တဲ့အခါမှာ ဒင်းတို့ဟာ အသွင်ပြောင်းရတာ၊ အမွေလွှဲရတာတွေ လုပ်ရပါတယ်။ နအဖရဲ့ လာမယ့်ရွေးကောက်ပွဲဟာလည်း အဲဒီလိုပဲ သူတို့အနေနဲ့ ၈၈ ခုနှစ် အာဏာသိမ်းတုန်းက ပုံစံအတိုင်း၊ နဝတ အစိုးရလွှဲထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်လို့ အရေခွံလဲတာတမျိုး ဖြစ်တယ်ဆိုရင် မမှားပါဘူး။

အခုအခါမှာ နအဖရဲ့ ရွေးကောက်ပွဲ ဘယ်မှာမှန်း အတိအကျ ဘယ်သူမှ မသိရသေးပေမယ့် နအဖဟာ ကောင်းတဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်ပိုင်ပြုလုပ်ပြီး နောက်အစိုးရအတွက် အညံ့အဖျင်းတွေကိုချန်ထားတာ၊ နိုင်ငံပိုင်လုပ်ငန်းတွေကို သူတို့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပိုင်တဲ့ ကုမ္ပဏီတွေကို ရောင်းချပေးတာ စတဲ့ “လက်လွှဲခြင်း” များ စလုပ်နေတာကို တွေ့နေကြရပါပြီ။ နောက်ပြီး ဝန်ကြီးဌာနတွေအတွင်း၊ တပ်တွေအတွင်းမှာလည်း လူအပြောင်းအလဲ၊ အရွှေ့အပြောင်းတွေ အများအပြား တွေ့နေရပါတယ်။ ပြောရရင် ဒီနေ့အထိ ရွေးကောက်ပွဲလုပ်မယ့်ရက်နဲ့ ရွေးကောက်ပွဲကို မကြေညာနိုင်သေးတာရဲ့ အဓိကအကြောင်းရင်းတခုက သူတို့အမွေကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေရ၊ လက်လွှဲစရာတွေ ပြင်ဆင်နေရလို့ ဖြစ်ပါတယ်။

မဆလစစ်အစိုးရဟာ လူထုအုံကြွမှုကြီးကြောင့် ပလ္လင်ပေါ်က ဆင်းရတဲ့အခါမှာ နဝတစစ်အစိုးရကို အာဏာအမွေနဲ့ ကုလသမဂ္ဂ သတ်မှတ်ပေးတဲ့ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ထူးကို ချန်ပေးခဲ့ပါတယ်။ နောက်တခုကတော့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးရေးဆိုတဲ့ သူတို့မလုပ်နိုင်ခဲ့တဲ့ တာဝန်ကိုလည်း ဗိုလ်စောမောင်တို့ကို လွှဲပေးခဲ့ပါတယ်။ ဒီအခါတုန်းက ဗိုလ်နေဝင်းဟာ (ဗိုလ်စိန်လွင်၊ ဒေါက်တာ မောင်မောင်ကို စာရင်းထဲမထည့်တော့ပါ) နောက်လူတွေကို မင်းတို့ အဲဒီကြေးစားတပ်ကြီးနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကို အရင်းပြုပြီး တော်သလိုသာ လုပ်စားကြပေတော့ ဆိုတဲ့သဘောမျိုးနဲ့ ထွက်တော်မူနန်းကခွာတယ် လုပ်သွားတာဖြစ်ပါတယ်။ ဗိုလ်စောမောင်တို့ အနေနဲ့ကတော့ ဆိုးမွေ-ကောင်းမွေ၊ အကုန်လုံးကို လက်ခံရတာပါပဲ။ အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်ပါဘူး။

အခုလည်း နအဖစစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ တက်လာမယ့်အစိုးရကို ဘာတွေလွှဲပေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပထမဆုံးနဲ့ အဓိက အကျဆုံး လွှဲပေးမယ့်အရာကတော့ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေဆိုးဟာ ဒီအစိုးရအတွက် တမင်ဖန်တီးထားတာပဲမဟုတ်ပါလား။ ဒီလိုလွှဲပေးပြီးတယ်ဆိုရင် ဒါဟာ ဗမာပြည်သမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတခုနဲ့အညီ ထိန်းသိမ်းတဲ့ ဒုတိယမြောက်အစိုးရ ဖြစ်လာပါလိမ့်မယ်။ (မဆလ အစိုးရကပထမပါ)။ အဲဒီနိုင်ငံတော်ကို ကျားကန်ဖို့အတွက် အင်အားမတန်တဆ ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ ပုလိပ်တပ်ဖွဲ့လို တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ကြံ့ဖွံ့နဲ့စွမ်းအားရှင်လို (၂၁) ရာစုနှစ် ပြူစောထီးအဖွဲ့များကိုလည်း ချန်ပေးထားခဲ့ ပါလိမ့်မယ်။ ဒါမှလည်း အဲဒီအစိုးရဟာ လိုအပ်ရင် ဒိုင်းဝန်ထက်ကဲနိုင်မှာ မဟုတ်ပါလား။

နောက် ချန်ပေးထားခဲ့မှာ သေချာတာကတော့ ပြည်တွင်းနိုင်ငံရေးဘက်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရင်ဆိုင်နေရတဲ့ပြဿနာ၊ အပစ်ရပ်အဖွဲ့တွေရဲ့ပြဿနာ စတဲ့ အာဏာရှင်ဗိုလ်ချုပ်တွေအဖို့ ဗြဟ္မာမင်းဦးခေါင်း ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ စစ်တပ်အတွင်း မကျေနပ်မှုလို၊ အမှုထမ်းများအကြား မကျေနပ်မှု၊ မင်းစေကနေ ဝန်ကြီးအထိ အကျင့်ပျက်လာဘ်စား၊ ခြစားတဲ့ ကိစ္စမျိုးတွေကတော့ နောက်လူတွေလည်း တကယ်တမ်းမဖြေရှင်းနိုင်ဘူးဆိုတာသိနေလို့ ဘာမှအထူးမှာမနေမယ့် သဘောရှိပါတယ်။

နောက်တမျိုးက နိုင်ငံတကာက တမေးတည်းမေးနေတဲ့ နျူကလီးယားလက်နက်စီမံကိန်းလိုဟာမျိုးတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ တာဝန်ကိုလည်း နအဖဟာ နောက်လူတွေကို ချန်ထားပေးခဲ့မှာ သေချာပါတယ်။ နိုင်ငံတကာရေးရာမှာတော့ ဝါရှင်တန်ကို အခုအတိုင်း လှိမ့်မြဲတိုင်း ဆက်လှိမ့်တဲ့တာဝန်နဲ့ အာဆီယံအပါ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ “မချစ်သော်လည်းအောင့်ကာနမ်း” နှစ်ပါးသွားဇာတ်လမ်းကို ဆက်ကဖို့ တာဝန်ကိုလွှဲသွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ လူ့အခွင့်အရေးပြဿနာလို၊ ကလေးစစ်သားပြဿနာလို နိုင်ငံတကာက အပြစ်တင်နေတာတွေအတွက်တော့ ဆက်ခံသူတွေဟာ သူတို့လိုပဲ အရေထူဖို့ လေ့ကျင့်ပေးထားပြီးမို့ ဘာမှ အထူးတာဝန် လွှဲပေးနေစရာမလိုဘူးဖြစ်မှာပါ။ နာဂစ်ဒုက္ခသည်တွေ ကိစ္စလိုဟာတွေကိုတော့ ဘာမှလက်လွှဲစရာ မရှိပါဘူး။ အကြောင်းက သူတို့ကိုယ်တိုင် ဘာမှမလုပ်လို့ ဖြစ်ပါတယ်။

စီးပွားရေး၊ ဘဏ္ဍာရေး နယ်ပယ်ဘက်မှာဆိုရင်တော့ နအဖဟာ မပြီးပြတ်သေးတဲ့ ဆင်ဖြူတော်စီမံကိန်းတွေ၊ ဘတ်ဂျက်လိုငွေ ပြဿနာတွေ၊ ငွေဖောင်းပွမှုပြဿနာ၊ လယ်ယာမြေပြဿနာတွေ စတဲ့ အနိဋ္ဌာရုံအချင်းအရာတွေ တပြုံတခေါင်းကြီးနဲ့ ငွေရိုက်စက်တလုံး ထားပေးခဲ့မှာဖြစ်ပါတယ်။ ရေနံ၊ ဓာတ်ငွေ့၊ သစ်၊ သတ္တု၊ ရေ၊ မြေကြီး စတဲ့ မြေပေါ်မြေအောက်နဲ့ ရေပေါ်ရေအောက် သဘာဝသယံဇာတ အရင်းအမြစ်တွေကတော့ သူတို့သယ်မကုန်လို့ ကျန်တာလောက်ပဲ နောက်လူတွေ အတွက် ထားခဲ့မှာပါ။ ဒါ့အပြင် ပြည်သူလူထုမျိုးဆက် အဆက်ဆက်ပိုင်ဆိုင်တဲ့ ဒီသယံဇာတတွေကို သူတို့တတွေ ဆက်ထုတ်ယူခွင့်၊ အသုံးပြုခွင့်တွေ ဆက်ရနေအောင်လည်း တာဝန်ယူခိုင်းပါလိမ့်မယ်။

နို့ပေမယ့် သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ်လို့တော့ လုံးဝ စိတ်ကူးမယဉ် လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီဝေစားကောင်းစားမှာပါ။ ဒီနတ်စည်းစိမ်တွေကိုတော့ ဝေမျှမခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ချန်ထားခဲ့ပါလိမ့်မယ်။

နအဖက ဒီလိုအမွေလွှဲတာတွေထဲမှာ စိုးရိမ်စရာအင်မတန်ကောင်းတဲ့ အချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါ အိမ်ချုပ်ကျခံနေရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လက်လွှဲပေးခဲ့မလားဆိုတာပါပဲ။ တနည်းပြောရရင် နိုင်ငံရေးအကျဉ်းသားတွေ အပြည့်ရှိနေတဲ့ ထောင်တွေ၊ စနစ်တွေကိုပါ မူလပကတိအတိုင်း နောက်အစိုးရလက်ထဲ လွှဲမယ့် ပြဿနာဖြစ်ပါတယ်။ ဗိုလ်နေဝင်းကနေ ဗိုလ်စောမောင်ကိုလွှဲတုန်းကတော့ ဒီပြဿနာမရှိပါဘူး။ အရေးတော်ပုံကြီးက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နဝတကနေ နအဖကို လွှဲတဲ့အခါမှာကျတော့ ပိုက်ဆံစုဘူး လွှဲပေးသလို ထောင်တွေ၊ အချုပ်တွေကို လွှဲပေးသွားတယ်ဆိုတာ ပြည်တွင်းပြည်ပ ဘယ်သူကမှမမေ့ပါဘူး။ အခုလည်း ဒီလိုမလုပ်ဘူးလို့ ထင်စရာ အကြောင်းတချက်မှ မတွေ့ရသေးပါဘူး။

မှန်ပါတယ်။ အထက်မှာ ရေးခဲ့တာတွေဟာ နအဖအနေနဲ့ ရွေးကောက်ပွဲလုပ်ခဲ့သော်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့အလိုအတိုင်း ချောချောမွေ့မွေ့ဖြစ်ပေါ်ခဲ့သော် ဆိုတဲ့ “ခဲ့သော်” အပေါ်မှာ အခြေခံစဉ်းစားပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ “ခဲ့သော်” စဉ်းစားနည်းဟာ နိုင်ငံရေးလှုပ်ရှားလုပ်ကိုင်စရာ “စပေ့စ်” ဖြစ်ပေါ်လာမယ်၊ အနာဂတ်ဒီမိုကရေစီ ထွန်းကားမှုအတွက် လမ်းခင်းရာ ကျလိမ့်မယ်ဆိုတဲ့ စဉ်းစားနည်းတွေနဲ့ ကွာပါတယ်။ မသေချာလှသေးဘူးလို့ ဆိုနိုင်ပါတယ်။

သေသေချာချာ ပြောနိုင်တာကတော့ အပြောင်းအလဲဆိုတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာပါပဲ။

http://www.khitpyaing.org/articles/2010/february/5210.php


2010 Regional Internship Program for Myanmar Nationals

http://ifile.it/dtlzia7Internship Application Jan10

http://ifile.it/9ajmi4w
Internship Recommendation Jan10

http://ifile.it/lp9rz1m
Internship Overview Jan10

SYCB monthly Bulletin for January (Vol.4, Issue-36)

http://ifile.it/nt2uofmSYCB Monthly Bulletin for January (Vol.4, Issue-36)

ကိုကျော်သူ့ရှင်းတမ်း

http://ifile.it/5w4v7d6Kyaw Thu Open Letter

သေနတ်နဲ့ချိန်ထားတဲ့ဒီမိုကရေစီ လာတော့မည် (၅- ၂- ၂၀၁၀)

http://ifile.it/5bixdgpcomingdemcracy

ဧရာဝတီမြစ်ကိုပိတ်၍ရေတာကာတည်ဆောက်မှုကန့်ကွက်


ကွန်ပျူတာနှင့်ပုံဖေါ်ထားသော မြစ်ဆုံဆည်ပုံ (ကချင်သတင်းအုပ်စု)
http://ifile.it/rn0yt14 dammingtheirrawaddy burmese