Saturday, February 6, 2010

6 Feb ဒိုင်ယာရီ

http://ifile.it/f058uqt 6 Feb Yeyintnge's Diary

စမ္ပာနဂိုရ် ပြားသွားပြီ

စမ္ပာနဂိုရ် ပြားသွားပြီ

မောင်ရင့်မာ (ကျောင်းကုန်း)

“ပြားသွားပြီ … အကုန်လုံးပြားသွားပြီ”

သေချာတယ်၊ ဒါ သာဝရဲ့အသံပဲ။ ငသောင်းတို့ထန်းတဲ့မှာ ငှက်ခါးကောင်လေးနဲ့ ဇရက်မင်းစည်းစိမ် စံစားနေခဲ့တဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့သုံးယောက် အသံကြားကြားချင်း ထွက်ကြည့်လိုက်တယ်။ သင်္ချိုင်းကုန်းကိုဖြတ်ပြီး ရွာဘက် ဖုန်တထောင်းထောင်းထအောင် ပြေးဝင်သွားတဲ့ သာဝရဲ့ ကျောပြောင်ကိုပဲ မြင်လိုက်ရတော့တယ်။ ဒါပေမဲ့ သေချာတယ် … ဒါ သာဝရဲ့အသံပဲ။ သင်္ချိုင်းကုန်းကနေ အဲဒီလို ကဆုန် ပေါက်ပြေးလာရင်းက စမ္ပာနဂိုရ်တရွာလုံးကို လန့်ဖျပ်သွားအောင် အော်ပစ်နိုင်တဲ့သူဆိုလို့ ဒီရွာမှာ သာဝ တယောက်ပဲရှိတယ်။ ဧကန္တ သာဝတယောက် သုဿန်ကျောင်းဘက်က ပြန်လာတာပဲဖြစ်ရမယ်။ ဟုတ်တယ်လေ …။ အဲဒီလို သင်္ချိုင်းကုန်းကို ဖြတ်ပြေးလာရင်းက ငယ်သံငယ်ရင်းပါအောင် သာဝ အော်ဟစ်ခဲ့တာ ဒါ ပထဆုံးအကြိမ်မှ မဟုတ်ဘဲကိုး။

S

တမြန်နှစ် မိုးအကုန် ဆောင်းဦးပေါက်လောက်က ဖြစ်မယ်ထင်တယ်။ သင်္ချိုင်းကုန်းကို ဖြတ်ပြေး လာရင်း ငယ်သံငယ်ရင်းပါအောင် အော်ဟစ်လိုက်တဲ့ သာဝအသံကြောင့် စမ္ပာနဂိုရ်တရွာလုံး အကြီးအကျယ် ထိတ်လန့်သွားခဲ့တယ်။ ဘာတဲ့လဲ… ဘယ်သူပြောတာတဲ့လဲ၊ လှိုင်းကြီး လာပြီဆိုတာ …။ 'တတိယလှိုင်း' ဆိုပဲ။

ဘယ်သူပြောလဲ မေးမနေနဲ့။ သာဝ အော်သွားတာ မကြားဘူးလား။ မြန်မြန်လုပ်၊ ချောင်းညာဘက် မှာ မိုးတွေညို့နေပြီ။ ရွာ့အောက်ပိုင်းက ဟန်ရွှေနဲ့ ထွန်းအံ့တို့တောင် ကောက်လှိုင်းတွေ ရွှေ့နေပြီ။ တယောက်တပေါက်ပြောရင်း စမ္ပာနဂိုရ်တရွာလုံး ကောက်လှိုင်းသယ်ကြ၊ တလင်းပြေးကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကြတယ်။ ဟုတ်တယ်လေ … ။ တတိယလှိုင်း ဆိုတဲ့အသံကို တရွာလုံး ဘယ်သူမှ မကြားချင်တော့ဘူး။ မိုးဦးနဲ့ မိုးလယ်မှာ လှိုင်းတွေ၊ ရေတွေ နှစ်ကြိမ်တောင်ကြီးခဲ့လို့ အိမ်ခေါင်မိုးတက်ပြီး မြွေပါးကင်းပါးနဲ့ အတူ နေရ၊ ပျိုးတွေပြန်ပစ်ရ၊ လယ်တွေပြန်စိုက်ရနဲ့ ဒုက္ခသုက္ခ ရောက်ခဲ့ပြီးပြီ။ တရွာလုံး ရေသံ၊ လှိုင်းသံကို ဘယ်သူမှ ထပ်မကြားချင်ကြတော့ဘူး။ ရိတ်သိမ်းချိန်ရောက်ခါမှတော့ ဘယ်သူမှထပ်ပြီး အမြုပ်မခံနိုင် တော့ဘူး။ လှိုင်းဆိုတာ လူမဟုတ်လို့သာပေါ့။ နို့မို့များ … ။

ဆိုပါစို့ … ။ အဲဒီညက တတိယလှိုင်း ဆိုတဲ့အသံကြောင့် စမ္ပာနဂိုရ်တရွာလုံး ယောက်ယက်ခတ်ပြီး ခြေကုန်လက်ပန်းကျသွားခဲ့တယ်။ အနိမ့်ပိုင်းက ကောက်လှိုင်းတွေ အမြင့်ရွှေ့ရ၊ အောက်ဘက်က စပါးပုံတွေ အထက်ဘက်ရွှေ့ရ၊ တရွာလုံးဖတ်ဖတ်မောသွားတယ်။ ချောင်းနားဆင်းပြီး ရေအခြေအနေ စောင့်ကြည့်နေ တဲ့ ဒူးကြီးတို့ဆီကလည်း လူလွှတ်မေးလိုက်တိုင်း ရေကငြိမ်လို့ချည်းပဲ ပြောတယ်။ တဖြည်းဖြည်း စမ္ပာနဂိုရ် က လူတွေ စိတ်မရှည်ကြတော့ဘူး။ နေပါဦး၊ ဘယ်ကောင်ပြောတာလဲကွ။ တတိယလှိုင်းကြီး ဆိုတာ … ။

အဲဒီည စမ္ပာနဂိုရ်ရွာသားတွေဟာ သောကနဲ့ မောရတဲ့အထဲ ဒေါသတွေ အလိပ်လိပ်တက်တော့ တယ်။ စမ္ပာနဂိုရ်သူကြီး ဦးအောင်ဗလတောင်မှ မျက်ထောင့်ကြီးနီရဲလာပြီး ဖြောင်းခနဲ တက်ခေါက်လိုက် တယ်။ ပြီးတော့ --

"သွားခေါ်လာစမ်း သာဝကို … သွားခေါ်ပြီး ခြောက်ပေါက်ထဲ ထည့်လိုက်စမ်း" ပြောလိုက်တယ်။

အင်မတန် ခြေမြန်လက်မြန်ရှိတဲ့ မောင်တင့်နဲ့ ဇော်ထွီးက သာဝကို ကုပ်ဆွဲခေါ်လာပြီး ခြောက်ပေါက်ထဲထည့်တော့၊ သာဝရယ် အော်လိုက်တာလေ။ သာဝ အအော်ရပ်လိုက်တော့မှ အောင်ဘုနဲ့ ထွန်းအံ့က သေသေချာချာ စစ်တော့တာ။

သာဝ အဆိုကတော့ တတိယလှိုင်းကြီးအကြောင်းပြောတာ သူမဟုတ်ပါဘူးတဲ့။ ကိုဟန်တင် ဆိုလား၊ ဟာဗားနားဆေးပြင်းလိပ်ခဲထားတဲ့ ပါမောက္ခကြီးက ပြောတာပါတဲ့။ ဒါဆို အဲဒီ ကိုဟန်တင် ဆိုတဲ့လူ သွားခေါ်စမ်းဆိုတော့ ကိုဟန်တင်ကို သူမသိပါဘူးတဲ့။ ကိုဟန်တင်တို့၊ တောဖလားတို့ ရေးတဲ့စာတွေကို သုဿာန်ကျောင်းက ကပ္ပိယစိန်ပေါက်က ဖတ်ပြီး သူ့ကို ပြန်ပြောပြတာပါတဲ့။ အစကတော့ တတိယလှိုင်းကို စ,ပြောတာ 'တောဖလား' ပါတဲ့။ နောက်မှ ကိုဟန်တင်က ပြောတာတဲ့။ ဒါပေမဲ့ ကိုဟန်တင်ပြောတာနဲ့ တောဖလားပြောတာနဲ့မတူဘူးတဲ့။ ကိုဟန်တင် ဆိုတာကလည်း ယဉ်ကျေးမှုတွေဟာ ကြီးတော်တို့အိမ်က ချိုကုပ်နဲ့ ချိုထောင်လို ဝှေ့ခတ် တိုးတိုက်ကုန်ပြီလို့ ပြောခဲ့တဲ့လူပါပဲတဲ့။

သာဝ ပြောတာတွေကို သူကြီး အောင်ဗလက နားထောင်ပြီး စိတ်တိုသထက် တိုလာတယ်။ ဒီကောင် အစကတည်းက 'မရူးမကောင်း' ဆိုတာလည်း တရွာလုံးအသိ။ သူကြီး စိတ်တိုတိုင်း 'နားပန်းကျင်း' နေပြန်ရင်လည်း သာဝ အရိုးနဲ့ အရေပဲ ကျန်တော့မယ်။

"ကိုင်း … သွားခေါ်စမ်းကွာ … သုဿာန်ကျောင်းက ကပ္ပိယစိန်ပေါက်ဆိုတဲ့လူကို"

ဒါမျိုးဆို အလွန်ဖင်ပေါ့တဲ့ မောင်တင့်နဲ့ ဇော်ထွီးက ထလိုက်တော့ အောင်ဘုက သူလည်းလိုက်မယ်ဆိုပြီး ထလိုက်သွားတယ်။ ဟန်ရွှေနဲ့ ထွန်းအံ့က သူကြီး မျက်နှာရိပ် မျက်နှာကဲ လှမ်းကြည့်လိုက်ပြီး စိန်ပေါက်အတွက် ခြောက်ပေါက်တခု အသင့်လုပ်ထားလိုက်တယ်။ စမ္ပာနဂိုရ်ရွာသားတွေလည်း ပွဲကောင်းကြည့်ရတော့မယ်ဆိုပြီး စောင့်စားနေခဲ့ကြတယ်။

ဟော … လာပြီ။

ကွမ်းနှစ်ယာညက်လောက်အကြာမှာ ရွာသားတွေကြားကနေ တိုးဝှေ့ဖြဲခွဲပြီး လူတယောက်ဝင်လာတယ်။ အသားညိုညို၊ မျက်မှန်ထူထူ၊ မုတ်ဆိတ်ကျင်စွယ်နဲ့ အသက် ၄၀ အရွယ်လူတယောက် ဝင်လာတယ်။ သူ့နှာခေါင်း ပေါ် လျှောကျနေတဲ့ မျက်မှန်ထူထူကြီးကလွဲရင် သူ့ပုံစံက စမ္ပာနဂိုရ်သားတွေနဲ့ သိပ်မထူးပါဘူး။ သိတဲ့အတိုင်း … ဒီမှာက ဒီလို ပုလင်းဖင်ကွဲလောက်မျက်မှန်ကြီးကို ဘယ်သူမှ မတပ်ခဲ့ကြဘူး။ ရွာသားတွေက သူကြီးရဲ့ဒေါသအိုး ပေါက်ကွဲထွက်မယ့်အချိန်ကို ငံ့လင့်နေတုန်းမှာပဲ သူကြီးဆီက အသံထွက်မလာဘဲ ထူးဆန်းလှစွာ မျက်မှန်ကြီးဆီက အသံထွက်လာခဲ့တယ်။

"ဦးလေး ဦးအောင်ဗလ မဟုတ်လား … ကျနော် ဦးလေးသူငယ်ချင်း ကိုဆင်ပေါက် သားလေ"

"ဟေ …"

အောက်လင်းမီးရောင်ထဲ စိန်ပေါက်မျက်နှာကို ထင်းထင်းမြင်ဖို့ စူးစိုက်ကြည့်နေတဲ့ သူကြီးမျက်နှာကြီး အဲဒီ တခွန်းနဲ့ပဲ ဝင်းခနဲလက်သွားတယ်။ ထင်တော့ထင်သား။ လက်စသတ်တော့ ဆင်ပေါက်သားကိုး။

ကိုစိန်ပေါက်ပြောတာကတော့ တတိယလှိုင်းဆိုတာ စမ္ပာနဂိုရ် ရေကြီးတာကိုဆိုလိုတာ မဟုတ်ပါဘူးတဲ့။ အယ်ဗင်တော်ဖလာက လှိုင်းသုံးလှိုင်းအကြောင်း စပြောခဲ့ပြီးနောက်မှ ဟားဗတ်တက္ကသိုလ်ပါမောက္ခ ဟန်တင်တန်က တတိယလှိုင်းအကြောင်း ပြောတာပါတဲ့။ အဲဒီဧရာမပုဂ္ဂိုလ်ကြီးတွေရဲ့ အင်မတန်ခမ်းနားကြီးကျယ်တဲ့ ဟောချက်တွေ ကို ကျွန်တော်တို့ရဲ့ 'စာတော်ပြန်' တွေက အသေအချာစောင့်ကြည့်ပြီး သူတို့အနက်ပေါက်သလို ဖြည့်စွက်မွမ်းမံ ပြန်ဆိုပါသတဲ့။ အဲဒါကို ကပ္ပိယစိန်ပေါက်ကစောင့်ဖတ်ပြီး သာဝရှေ့ လွှတ်ခနဲပြောမိရာက ခုလို အုတ်အော်သောင်း တင်း ဖြစ်ခဲ့ရတာပါတဲ့။ လှိုင်းဆိုတာ တကယ်တော့ ပညာရှင်ကြီးတွေက လူ့အဖွဲ့အစည်းကို ပိုင်းခြားသုံးသပ်ပြီး ပြောတာပါတဲ့။

ကိုစိန်ပေါက်ပြောတာက တမျိုး၊ သာဝနားလည်သွားတာက တမျိုးဖြစ်တာဟာ 'ပါရာဒိုင်း' ရွှေ့သွားတဲ့ သဘောပါပဲတဲ့။ ဒါမျိုး ကမ္ဘာမှာမဆန်းတော့ပါဘူး။ စမ္ပာနဂိုရ်မှာသာ ဆန်းနေတာပါတဲ့။ သို့သော် ကမ္ဘာဆိုပေမဲ့လည်း ကမ္ဘာဟာ စမ္ပာနဂိုရ်လို ရွာကြီးတရွာဖြစ်နေပါပြီတဲ့။ ဂလိုဘယ်ခေတ်မှာ ကမ္ဘာဟာလည်း 'ဂလိုဘယ်ဘဲလိခ်ျ' ဆိုလား ဖြစ်သွားပါပြီတဲ့။

စိန်ပေါက်က 'ဂလို' ပြောလိုက်တာကို သူကြီးနဲ့ ရွာသားတွေက ရုတ်တရက် နားမလည်လိုက်ပေမဲ့ စကားလုံး မျက်လှည့်ဆရာတွေရဲ့လက်ထဲမှာ "ဟေ့ … ကမ္ဘာကြီးဆိုတာ ဒို့ စမ္ပာနဂိုရ်လို ရွာကြီးတရွာ ဆိုပဲကွ" လို့ ကိုယ့်မွေးရပ် ဇာတိမြေအတွက် ကိုယ်စီကိုယ်စီ အားမနာတမ်းဂုဏ်ယူလိုက်ကြပြီး မောမောနဲ့ပြန်အိပ်ခဲ့ကြတယ်။ သူကြီး ဦးအောင်ဗ လကတော့ ပြောလိုက်သေးတယ်။

"အေးပါ … မောင်စိန်ပေါက်ရာ … နောက်ဆို မင်းဖတ်ထား မှတ်ထားတာလေး ပြန်ပြောချင်ရင် တို့ရွာက ဥပုသ်ကျောင်းကို လာခဲ့ပါကွာ … သာဝရှေ့တော့ အထူးအဆန်းတွေကို အရမ်းအရမ်း မပြောလိုက်ပါနဲ့"

သူကြီးရဲ့ အဲဒီစကားတခွန်းတည်းနဲ့ ကပ္ပိယစိန်ပေါက်ဟာ စမ္ပာနဂိုရ်မှာ တော်တော်လူရာဝင်သွားတယ်။ သူကြီးရဲ့ခြောက်ပေါက်ကို ပြန်လည်နေရာချထားနေတဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့က စိန်ပေါက်ရဲ့မျက်နှာကို အထင်ကြီးလေးစားတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ တကယ်တော့ သူတို့ သုံးယောက်စလုံးက ထစ်ခနဲရှိ တုတ်ဆွဲ ဓားဆွဲ ဗလအားကိုးမိုက်လွန်းလို့ သူကြီးကအသာချော့ပြီး လက်သပ်မွေးထားတာ။ ဗလကြီး ခေါင်းသေး ဆိုပေမဲ့ သူတို့လည်း လူရာဝင်ချင်ကြတယ်။ တနေ့တနေ့ ငသောင်း ထန်းတဲမှာချည်း အချိန်ကုန်တာနဲ့စာရင် ကိုစိန်ပေါက်ဆီ တပည့်ခံရ ကောင်းမလား စဉ်းစားကြတယ်။ သူတို့အတွက် စိန်ပေါက်က 'ဟီးရိုး'။

S

စိန်ပေါက်ဆိုတာ တကယ်တော့ သူကြီးအောင်ဗလတို့ရဲ့သူငယ်ချင်း ကိုဆင်ပေါက်ရဲ့ တဦးတည်း သောသားပဲ။ သူ့အဖေကိုဆင်ပေါက်က သားစိန်ပေါက်ကို စမ္ပာနဂိုရ်ရွာကျောင်းမှာ လေးတန်းအထိ 'တန်းကုန်' အောင် ထားခဲ့ပြီး လိမ္မာအောင်၊ ယဉ်ကျေးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ဦးသောဘိတ ကျောင်းမှာ နမက္ကာရ၊ ပရိတ်ကြီး၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း စတာတွေ သင်ကြားစေခဲ့ တယ်။ ဦးပဉ္ဇင်းလေး ဣန္ဒာဝဿကလည်း ဆရာတော်ခိုင်းတဲ့အတိုင်း စိန်ပေါက်ကို ကိုယ်ဖိရင်ဖိသင်ပေးတယ်။ သင်္ဂြိုဟ်ကိုးပိုင်း တက်မယ့်အချိန်လည်းရောက်ရော စိန်ပေါက်လည်း ရွာကနေထွက်ပြေးသွားရောဆိုတော့ သူ့အဖေ ကိုဆင်ပေါက်ဟာ အကြီးအကျယ် ဒေါသပုန်ထခဲ့တယ်။ စိန်ပေါက်တယောက် မြို့ပေါ်မှာ ပညာဆက်သင်သလား၊ မသင်ဘူးလား အသေအချာမသိရပေမဲ့ မြို့ပေါ်မှာပဲ အိုးအိမ်ထူ၊ အိုးအိမ်ပျက် ဖြစ်ခဲ့တာတွေကို ရွာက သဲ့သဲ့ကြားခဲ့ရ တယ်။ အနှစ်နှစ်ဆယ်နီးပါးကြာလို့ စိန်ပေါက်တယောက် ရွာပြန်ရောက်လာတဲ့အခါမှာတော့ သူ့အဖေ ကိုဆင်ပေါက် မရှိရှာတော့ဘူး။ လယ်တွေ ကိုင်းတွေလည်း မရှိတော့တာနဲ့ စိန်ပေါက်ဟာ စမ္ပာနဂိုရ်ရွာကို ပြန်မလာဖြစ်တော့ဘဲ သုဿာန်ကျောင်းက သူ့ဘဒွေး ဘုန်းကြီးအိုကြီးဆီမှာပဲ ကပ္ပိယလုပ်နေတော့တယ်။

သုဿာန်ကျောင်းဆိုပေမဲ့ သဲပွက်၊ ရိုးဖျား၊ အုန်းပင်စုရွာတွေနဲ့ သူ့ဂေါစကံနဲ့သူ ရှိနေတာတကြောင်း၊ သုဿာန်ကျောင်းနဲ့ စမ္ပာနဂိုရ်ရွာအကြား သင်္ချိုင်းကုန်းတခု ခြားနေတာကြောင့် စမ္ပာနဂိုရ်က လူတွေဟာ သုဿာန် ကျောင်းဘက် အရောက်အပေါက်နည်းတယ်။ သုဿာန်ကျောင်းဘုန်းတော်ကြီးနဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ သာဝ တယောက်သာပဲ မကြာမကြာသွားရာက ကပ္ပိယစိန်ပေါက်နဲ့ ရင်းနှီးပြီး မထော်မငန်း ပြန်ပြန်အော်နေတာ။

ခက်တာက သာဝဟာ ငယ်ငယ်ကတည်းက ဝမ်းတွင်းရူးဆိုတော့ကာ စိန်ပေါက်က ထူးထူးဆန်းဆန်း တခုခု ပြောလိုက်တယ်ဆိုရင်ပဲ ချက်ချင်း သင်္ချိုင်းကုန်းကို ဖြတ်ပြေးပြီး ငယ်သံငယ်ရင်းပါအောင် အော်တော့တာ။ တခါလည်း…

"ပြိုသွားပြီ … ပြိုကျသွားပြီ"

သာဝ အော်ပြေးလာတာ မြက်ရိတ်သွားရာကပြန်လာတဲ့ ဒူးကြီးတို့တသိုက်က ကြားလိုက်မိတာနဲ့ ဦးပဉ္ဇင်း လေး ဣန္ဒာဝဿရဲ့ ဆွမ်းစားကျောင်းဆီပြေးကြတာပေါ့။ စမ္ပာနဂိုရ်မှာ ပြိုကျလုလုဆဲဆဲ အဆောက်အဦဆိုလို့ ဦးပဉ္ဇင်း လေးရဲ့ ဆွမ်းစားကျောင်းပဲရှိတာ။ ဘုန်းကြီးဦးသောဘိတ ပျံလွန်တော်မမူခင်ကတည်းက ဆွမ်းစားကျောင်းပြင်ပေးဖို့ သူကြီးအောင်ဗလကို တဖွဖွပြောနေခဲ့တာ။ ခု ဦးပဉ္ဇင်းလေး လက်ထက်ရောက်တော့လည်း မပြင်ဖြစ်သေးဘူး။ တနှစ် ပြင်မယ်၊ တနှစ်ပြင်မယ်နဲ့ ခုတော့ ပြင်ရင်လည်း ဘာမှမထူးဘူး။ ပြန်ဆောက်မှကို ဖြစ်တော့မှာ။ အဲဒီတော့ ပြောရရင် ရွာမှာ ပြိုကျတော့မယ့်အဆောက်အဦဆိုလို့ ဆွမ်းစားကျောင်းပဲရှိတော့ ဒူးကြီးတို့က အဲဒီကို စိုးရိမ်တကြီး ပြေးကြည့်ကြ တာပေါ့။ မရှေးမနှောင်းဆိုသလိုပဲ သူကြီးလွှတ်လိုက်တဲ့ ဇော်ထွီးတို့၊ အောင်ဘုတို့လည်း ရောက်လာတာပေါ့။

ဆွမ်းစားကျောင်း ဘာမှမဖြစ်ဘူးဆိုတာလည်း သေချာရော၊ ရွာကိုထိတ်လန့်အောင်လုပ်ခဲ့တဲ့ သာဝ တယောက်လည်း သူကြီးအိမ်က ခြောက်ပေါက်ထဲ ဝင်ရပါလေရော။ သာဝ မျက်ရည်လည်ရွှဲနဲ့ ဖြစ်နေတာကို ဇော်ထွီးနဲ့ အောင်ဘုက ကြည့်ကောင်းကောင်းနဲ့ အားရအောင် ကြည့်နေသေးတယ်။

ပြီးတော့မှ မေးတယ်။

"ဆွမ်းစားကျောင်း ဘာမှမဖြစ်ဘဲနဲ့၊ နေပါဦး …မင်းက ဘာပြိုလို့ အော်ပြေးတာလဲ"

"ဆွမ်းစားကျောင်း မပြိုပါဘူးဗျ … ပြိုတာက ဘာလင်တံတိုင်းပါဗျ"

"ဟေ … ဟုတ်လား … ဘာလင်တံတိုင်းကြီး ဘယ်တုံးက ပြိုသွားတာလဲ"

အမှန်တော့ ဇော်ထွီးနဲ့ အောင်ဘုတို့က ဘာလင်တံတိုင်းဆိုတာ ဘယ်နားရှိလဲ သေသေချာချာသိတာ မဟုတ်ဘူး။ သာဝလို ဝမ်းတွင်းရူးကသိပြီး၊ သူတို့ကမသိဘူးဆိုရင် ညံ့ရာကျမှာစိုးလို့ မေးမိမေးရာ လျှောက်မေး နေတာ။ သာဝက ခြောက်ပေါက်ထဲနေရတဲ့ ကောင်ဆိုတော့ ရိုရိုသေသေ ဖြေတာပေါ့။

"ဘာလင်တံတိုင်းပြိုသွားတာ ဆယ့် … ဆယ့်ရှစ်နှစ်လောက်ရှိပြီတဲ့ဗျ"

"နင့်မေကလွှား … ဆယ့်ရှစ်နှစ်ကကိစ္စ ခုမှ ဘာလို့ထအော်နေတာလဲ" မေးပြန်ရော။

"ဒါ … ဒါတော့ ဘယ်သိမလဲဗျ … ဖွတ်ကလိရာမက ဒါပဲပြောနေတဲ့ဟာကို"

ဇော်ထွီးနဲ့ အောင်ဘုတို့ တယောက်မျက်နှာတယောက် ကြည့်လိုက်ကြတယ်။ ဘယ်သူလဲ 'ဖွတ်ကလိရာမ' ဆိုတာ ဘယ်သူလဲ။ သူတို့နှစ်ယောက် ဧရာမအကျပ်အတည်း ဖြစ်နေတာကိုရိပ်မိတဲ့ ဒူးကြီးက စဉ်းစဉ်းစားစားနဲ့ ထင်မြင်ချက်ပေးလိုက်တယ်။

"ဖွတ်ကလိရာမ ဆိုတာ ကြိုးကြာကွင်းက အင်ဒူစမြားရဲ့ယောက်ဖ ကိုရာမ ပြောတာဖြစ်မှာပေါ့"

အဲဒီတော့ ဇာတ်လမ်းက ပိုရှုပ်ကုန်တယ်။ သူကြီး အချိန်မီရောက်လာခဲ့ပြီး မေးတော့မှ ဖွတ်ကလိရာမ ဆိုတာ စိန်ပေါက်ပြောတာတွေကို သာဝက နားစွန်နားဖျား ကြားပြီး ထင်ရာမြင်ရာ လျှောက်အော်နေတာလို့ သိလိုက်ရတယ်။

"ကဲ…စိန်ပေါက် ခေါ်ချေစမ်းကွာ" ဆိုတော့ ဇော်ထွီးနဲ့ အောင်ဘုတို့ သုဿာန်ကျောင်းဘက် ပြေးရပြန်တယ်။

စိန်ပေါက် ရောက်လာတော့မှပဲ ဖွတ်ကလိရာမ ဆိုတာ အင်စဒူးမြားယောက်ဖ ကိုရာမ မဟုတ်ဘဲ နိုင်ငံရေး သိပ္ပံပါရဂူကြီး ဖရန်စစ်ဖူကာယားမားဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို့ သိလိုက်ရတာ။ အံမာ အဲဒီဧရာမကြီးက တယ်စွမ်းသတဲ့။ သူကြီးလည်း အံ့ဩလွန်းလို့ မျက်လုံးကြီး ပြူးကြည့်နေလိုက်တယ်။

စိန်ပေါက် တခေါက်လာလိုက်တာနဲ့ မကြားဖူးတာ တခါထပ်ကြားရ၊ တခါ ဗဟုသုတတိုးရဆိုတော့ သူကြီး စဉ်းစားတယ်။ စိန်ပေါက်ကို ဥပုသ်ကျောင်းသာမက ရွာထဲမှာ အလှူအတန်းရှိရင်လည်း လာဖို့ ဖိတ်ထားရ ကောင်း မလားပေါ့။ တချိန်တည်းမှာပဲ ဇော်ထွီးနဲ့ အောင်ဘုတို့ကလည်း စိန်ပေါက်ဆီ တပည့်ခံထားရင် နောင်အခါ အခုထက် ပိုပြီး လူရာဝင်မလား စဉ်းစားကြသတဲ့။ ဇော်ထွီးက မောင်တင့်နဲ့အတူ မြို့ကျောင်းမှာ ခုနစ်တန်းလောက်အထိ ဒွတ်ဒက် ရွှတ်ယှက် လုပ်ခဲ့ဖူးသေး မဟုတ်လား။

ဒီလိုနဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့ သုံးယောက်ဟာ ပညာရှိ စိန်ပေါက်ဆီမှာ တပည့်ခံဖို့ အခွင့်အရေး ရသွားတယ်။ ဥပုသ်နေ့တို့၊ အလှူအတန်းရွာထဲမှာ လုပ်တဲ့နေ့တို့ဆို သူတို့သုံးယောက်က စိန်ပေါက်ကြီးအနားကကို မခွာတော့ဘူးတဲ့။ တောက်တဲ့ကပ်ကပ်ပြီး စိန်ပေါက်ပြောသမျှ လိုက်မှတ်နေတော့တာ။ တချို့နေ့များဆို သုဿာန် ကျောင်းပဲ သွားနေတော့တာ။ စိန်ပေါက် ရောက်မလာနိုင်တဲ့ ဥပုသ်နေ့တွေကျတော့ ဥပုသ်ကျောင်းမှာ သူတို့ သုံးယောက်က တော်တော်စွာဆိုပဲ။ ဒွတ်ဒက် ရွှတ်ယှက်နဲ့ ပြောနေလိုက်တာများ စမ္ပာနဂိုရ်တရွာလုံးက ငေးကြည့်နေရ တာတဲ့။

တလောကတော့ ဥပုသ်ကျောင်းကို စိန်ပေါက် ရောက်မလာနိုင်တဲ့နေ့တနေ့မှာ ဇော်ထွီးတို့သုံးယောက် 'သံလွင်ပင် လက်လီလက္ကားစပ်ရောင်း' တဲ့ ဖရိုင်းမင်းအကြောင်းပြောတာ တော်တော်နားထောင်ကောင်းသတဲ့။ ဖရိုင်း မင်းဆိုလို့ ဇော်ထွီးက သူ့လူတွေကို --

"မင်းတို့က ဖရိုင်းမင်း … ဖရိုင်းမင်းဆိုပြီး လူတွေ နားရှုပ်အောင် မပြောပါနဲ့ကွာ" လို့ ပြောသတဲ့။

မောင်တင့်က "ဒါဆို ဖရိုင်းမင်းကို ဘယ်လိုပြောမလဲ" ဆိုတော့ --

ဇော်ထွီးက "ဖရိုင်းဒ်ဆိုတာ ကြော်တာလေကွာ … ဖရိုင်းဒ်မင်းဆိုတော့ အကြော်ကြော်တဲ့လူ … အကြော်သည် ပေါ့" လို့ ပြောလိုက်တယ်။

ဒါကို အားကျတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေတဲ့ ဟန်ရွှေနဲ့ ထွန်းအံ့က "ဇော်ထွီးတော့ တော်တော်တောင် တတ်နေမှပဲ" ဆိုပြီး အထင်ကြီးလေးစားတဲ့ မျက်လုံးတွေနဲ့ ပြူးကြည့်နေခဲ့သတဲ့။ အဲဒီနေ့က စိန်ပေါက်ရောက်မလာခဲ့ ပေမဲ့ စမ္ပာနဂိုရ်ရွာသားတွေ ကောင်းကောင်းကြီး ဗဟုသုတ ရသွားကြတယ်လေ။

S

"ပြားသွားပြီ…အကုန်လုံး ပြားသွားပြီ"

သင်္ချိုင်းကုန်းဘက်ကနေ ရွာထဲအော်ပြေးလာတဲ့ သာဝကို ဟန်ရွှေနဲ့ ထွန်းအံ့က ဆီးဖမ်းလိုက်ပြီး သူကြီး ဦးအောင်ဗလဆီ ခေါ်သွားတယ်။ အမှန်က သူကြီးစဉ်းစားနေတာ။ တခါတုန်းကလည်း သာဝက ပြိုသွားပြီလို့ အော်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဆွမ်းစားကျောင်း မဟုတ်ခဲ့ဘူး။ ဘာလင်တံတိုင်းတဲ့။ ဒီတခါတော့ ပြားသွားပြီတဲ့။ ပြားသွားနိုင်တာလည်း ဒီရွာမှာ ဦးပဉ္ဇင်းလေးရဲ့ ဆွမ်းစားကျောင်းပဲ ဖြစ်ရမယ်။ သာဝ ရောက်လာတော့ ငိုသံပါကြီးနဲ့ ပြောတော့တယ်။

"သူကြီးရေ … ဒီတခါ ပြားသွားတာလည်း ဆွမ်းစားကျောင်း မဟုတ်ဘူးဗျ … ဒီတခါ ပြားသွားတာကတော့ ကမ္ဘာကြီးဗျ"

ကမ္ဘာကြီး လုံးနေတယ်လို့ တသက်လုံးသင်ကြားမှတ်သားခဲ့တဲ့ သူကြီးက ဘယ်လက်ခံနိုင်ပါ့မလဲ။ ဟန်ရွှေနဲ့ ထွန်းအံ့ကလည်း လက်မလျှော့ဘူး။ သာဝကလည်း ဒီတခါ မခံဘူး။

"ကမ္ဘာကြီးဟာ ရိုက်ချက် ၁၀ ချက်ကြောင့် ပြားသွားတာပါ" လို့ သာဝက ဆက်ပြောနေတော့ သူကြီးက လုံးဝ လက်မခံဘူး။

"နင့်မေကလွှားတဲ့မှပဲ … တသက်လုံး လုံးနေတဲ့ ကမ္ဘာကြီးဟာ ဆယ်ချက်မကလို့ အချက်တရာပဲ ရိုက်ရိုက် နံပြားမဟုတ်ဘဲ … ဘာလို့ပြားရမှာလဲ" ဆိုပြီး သာဝကို ဖြောင်းခနဲ နားရင်းအုပ်ပစ်လိုက်တယ်။ သာဝက သူ့နားထင် ကလေးသူ လက်ဝါးနဲ့ အသာအုပ်ရင်း --

"အံမယ်လေးဗျာ ... ကျွန်တော်ပြောတာ မဟုတ်ပါဘူးဗျာ" နဲ့ ထုံးစံအတိုင်း လုပ်ပြန်တယ်။ ဒါဖြင့် ဘယ်သူ ပြောတာလဲဆိုတော့ ​--

"ဂျာနယ်လက်ပွေ့ ရောင်းတဲ့သူ …၊ နေပါဦး သူ့နာမည်က ရုတ်တရက်မေ့နေလို့။ အဲဒီလူက ၁၉၈၉ ခုနှစ်ကတည်းက ကမ္ဘာမှာ 'တံတိုင်းတွေ ပြို၊ ဝင်းဒိုးတွေ ပွင့်' ခဲ့တာတဲ့။ အဲဒါ ပထမရိုက်ချက်တဲ့။ ဪ… ပြောတဲ့လူ သတိရပြီ။ ဂျာနယ်လက်ပွေ့ရောင်းတဲ့ ဖရိုင်းမင်းတဲ့"

အဲဒီလိုပြောတာကိုပဲ ငသောင်းရဲ့ ထန်းတဲကနေ ပြန်ရောက်လာတဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့က ကြားသွားတယ်။ ဖရိုင်းမင်းဆိုတာ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူ မဟုတ်ဘဲ ဂျာနယ်လစ်တဦးဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ နာမည်ကို တိုက်ရိုက်မြန်မာမှုပြုရင် 'အကြော်သည်' လို့ အဓိပ္ပာယ်ရကြောင်း ဇော်ထွီးက ပြောတယ်။ အဲဒီမှာတင် စိန်ပေါက်ကို အရင်ဆရာတင်ခဲ့တဲ့ သာဝက သူ့နောက်မှ ဆရာတင်ခွင့်ရတဲ့ ဇော်ထွီးဟာ သူ့ထက်ကျောပြီး တတ်နေ သိနေရကောင်းလားဆိုပြီး အကြီးအကျယ် 'ဒီဘိတ်' လုပ်တော့တယ်။ ဇော်ထွီးကတော့ ဖရိုင်းမင်းကို အကြော်သည်လို့ မြန်မာမှုပြုလိုက်နိုင်တဲ့အတွက် စမ္ပာနဂိုရ်မှာ (စိန်ပေါက်ကလွဲရင်) သူ့လောက်တတ်တဲ့လူ တယောက်မှ မရှိတော့ဘူး ဆိုတဲ့ မျက်နှာမျိုးနဲ့ အပေါ်စီးကလေ။

ကမ္ဘာကြီး ပြားသွားတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်တော့တဲ့ သူကြီး ဦးအောင်ဗလကတော့ 'နားပူ' မခံနိုင်တော့တဲ့အဆုံး "သွားကြစမ်း…သွားကြစမ်း…သုဿာန်ကျောင်း သွားကြစမ်းကွာ" လို့ သူ့တပည့်တွေကို မောင်းထုတ်လိုက်တော့တယ်။

S

နွေဦးရာသီရဲ့ တခုသောနေ့ရက်မှာ ဦးပဉ္ဇင်းလေး ဣန္ဒာဝဿရဲ့ ဆွမ်းစားကျောင်းဟာ တအိအိ ပြိုကျ သွားခဲ့တယ်။ အဲဒီနေ့မှာ သာဝကလည်း ငယ်သံငယ်ရင်းပါအောင် မအော်ခဲ့ဘူး။ တရွာလုံးလည်း အထိတ်တလန့် မဖြစ်ခဲ့ဘူး။ ဆွမ်းစားကျောင်းကတော့ မြေပေါ်မှာ အပုံလိုက် ပြိုကျ ပိပြားသွားခဲ့ပြီ။

ဘာလင်တံတိုင်း ပြိုသလောက် အုတ်အော်သောင်းတင်း မဖြစ်ခဲ့ဘူး။ ကမ္ဘာကြီးပြားသွားသလောက် ထိတ်လန့်တကြား မရှိခဲ့ဘူး။ စမ္ပာနဂိုရ်ကို အင်မတန်သံယောဇဉ်ကြီးတဲ့ သူကြီးဦးအောင်ဗလကတော့ အိုမင်းမစွမ်း ဖြစ်လာချိန်ကျမှ ကျောင်းကြီး ပြိုသွားခဲ့တာကို စိတ်လက်မချမ်းမသာဖြစ်ပြီး --

"မင်းတို့လူငယ်တွေ ကြည့်လုပ်ကြစမ်းပါဦးကွာ …" လို့ စိန်ပေါက်၊ မောင်တင့်နဲ့ ဇော်ထွီးတို့အဖွဲ့ကို လွှဲအပ်လိုက်တယ်။

ပြောရရင် အဲဒီလို လွှဲအပ်လိုက်တဲ့အကြောင်းတွေ ရှိတယ်။

ဆွမ်းစားကျောင်း ပြိုကျမသွားခင် လေးငါးလကတည်းက စမ္ပာနဂိုရ်က ကာလသားတော်တော်များများဟာ သုဿာန်ကျောင်းက ကပ္ပိယစိန်ပေါက်ရဲ့ အန္တေဝါသိကတပည့်တွေ ဖြစ်သွားခဲ့တယ်။ စမ္ပာနဂိုရ်ရဲ့ အစဉ်အဆက် တခါမှမကြားခဲ့ဖူးတဲ့ စကားလုံးတွေကိုလည်း စမ္ပာနဂိုရ်ကာလသားတွေကိုယ်တိုင် လှိုင်လှိုင်ကြီးသုံးစွဲပြောဆိုတတ်နေ ပြီ။ သူကြီး အောင်ဗလတို့လို လူကြီးပိုင်းက ကြားရတာ နားယားလှပါပြီ ဆိုတဲ့ သိုးဆောင်းလိုလို၊ ပါဠိလိုလို၊ ပေါရဏ လိုလို၊ မဂဓလိုလို ပဉ္စလက်ဆန်ဆန် စကားလုံးတွေကို သုံးစွဲပြောဆိုနေကြပြီ။

ဒီတော့ သူကြီး အောင်ဗလက "လုပ်ကြည့်စမ်းလကွယ်" ဆိုတဲ့သဘောနဲ့ "ကြည့်လုပ်စမ်းပါ" လို့ လွှဲအပ် လိုက်တာလေလား။

ဘာပဲဖြစ်ဖြစ် ကပ္ပိယစိန်ပေါက်က သူကြီးပေးတဲ့အာဏာနဲ့ စမ္ပာနဂိုရ်ရွာသားတွေကို ဆွမ်းစားကျောင်းနေရာ မှာ လာရောက်စုရုံးဖို့ ဆင့်ခေါ်လိုက်တယ်။ မောင်တင့်၊ဇော်ထွီးနဲ့ အောင်ဘုတို့က ရွာဖျားရွာဆုံး လိုက်လံပြီး 'ဗျိုးဟစ်' လိုက်တယ်။ ဟန်ရွှေနဲ့ ထွန်းအံ့က မောင်းတဒူဒူထုပေးတယ်။

ဆွမ်းစားကျောင်း ပြန်ဆောက်ဖို့ကိစ္စအတွက် စုရုံးတာပဲလို့ သိနေကြတဲ့ စမ္ပာနဂိုရ်ရွာသားတွေက ပေါက်တူး တွေ၊ ဓားတွေ၊ တူရွင်းတွေ ကိုင်စွဲပြီး ဆွမ်းစားကျောင်းဘက် ရောက်လာကြတယ်။

လူတော်တော်စုံပြီဆိုတာနဲ့ ကပ္ပိယစိန်ပေါက်က ပရိတ်သတ်ရှေ့မှာ မတ်တပ်ရပ်ပြီး ချောင်းဟန့်လိုက်တယ်။ စမ္ပာနဂိုရ်ရွာသားတွေက ဘယ်သူဝါးခုတ်ရမလဲ၊ ဘယ်သူဓနိပျစ်ရမလဲ၊ ဘယ်သူ တိုင်တွင်းတူးရမလဲ။ ဘာပဲဖြစ်ဖြစ် ကပ္ပိယစိန်ပေါက်တာဝန်ပေးရင်တော့ တို့ဦးပဉ္ဇင်းလေးကျောင်း ပြန်ကောင်းဖို့ကိစ္စ လုပ်ရတော့မှာပဲလို့ မျှော်လင့်နေခဲ့ကြ တယ်။ ဒါပေမဲ့ …

"စမ္ပာနဂိုရ်ရွာသားတို့ … ဘာလင်တံတိုင်းကြီးပြိုကျသွားခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်နီးပါးအကြာမှာ ကမ္ဘာကြီးဟာ ပြားသွားပြီဖြစ်တဲ့အတွက် ဦးပဉ္ဇင်းလေးရဲ့ ဆွမ်းစားကျောင်း ပြိုကျသွားခဲ့တာဟာ မဟာပြိုကွဲမှုကြီးလို့ မဆိုနိုင်ပါဘူး"

ကပ္ပိယစိန်ပေါက်ရဲ့နိဒါန်းစကား ကြားလိုက်ရတော့ စမ္ပာနဂိုရ်ရွားသားတွေက "မဟာပြိုကွဲမှုလို့ ဘယ်သူပြော ပါလိမ့်" ဆိုပြီး ဇဝေဇဝါဖြစ်သွားခဲ့ကြတယ်။ ဒါပေမဲ့ ကပ္ပိယစိန်ပေါက်က အာပေါင်အာရင်းသန်သန်နဲ့ ဆက်ပြော နေတာကို နားထောင်ကောင်းကောင်းနဲ့ ဆက်ပြီးနားထောင်နေကြတယ်။

ဆွမ်းစားကျောင်း ပြိုသွားတာဟာ မဟာပြိုကွဲမှုကြီးလို့ မဆိုနိုင်ပေမဲ့ စမ္ပာနဂိုရ်ရွာသားတွေအဖို့တော့ 'စိန်ခေါ်မှု' ဖြစ်ကြောင်း၊ ဒါကြောင့် ဆွမ်းစားကျောင်းပြန်ဆောက်ဖို့ကိစ္စအတွက် 'တက်ကနိုလိုဂျီ' အသစ်၊ 'နည်းဗျူဟာ' အသစ်တွေ ချမှတ်ဆောင်ရွက်ဖို့လိုကြောင်း ဩဝါဒစကား စပြောတယ်။ သူ့စကားကို မောင်တင့်နဲ့ ဇော်ထွီးက ထောက်ခံတယ်။ ပြန်ဆောက်ဖို့ကိစ္စကို အိုင်ဒီယော်လော်ဂျီသစ်နဲ့ 'ဦးနှောက်မုန်တိုင်းဆင်' နိုင်ဖို့လိုကြောင်း မောင်တင့် က ပြောလိုက်တယ်။ ဟုတ်တယ်၊ ဒီကိစ္စက 'စပိ' မြန်မှ ဖြစ်မယ်လို့ ဇော်ထွီးက ပြောတယ်။ ဇော်ထွီးကိုကြည့်မရတဲ့ သာဝက ပရိသတ်ထဲကနေ ထပြီး "ဟေ့… မင်းတို့ ယဉ်ယဉ်ကျေးကျေးပြောကွာ" လို့ သတိပေးလိုက်တယ်။ အောင်ဘု က ကျောင်းကြီးပြိုကျသွားတာဟာ 'ကိစ္စကောင်း' မဟုတ်သလို၊ 'ကိစ္စဆိုး' လည်းမဟုတ်ကြောင်း၊ ရွာသားအားလုံးက ပြန်လည်ပြုပြင်တည်ဆောက်ဖို့ 'တိမ်းညွတ်မှု' ရှိတယ်ဆိုရင် စမ္ပာနဂိုရ်ရဲ့ 'ပတိရူပ အနာဂတ်' ကို မုချတွေ့ရဖို့ သေချာလှတဲ့အကြောင်း ပြောတယ်။ ဒါကို စိတ်မရှည်နိုင်တော့တဲ့ ငသောင်းက ထတဲ့ပြီး​-

"ဟေ့ အောင်ဘု… မင်း သမူဟဖြစ်အောင် သင်္ခေပပြောကွာ…ငါတို့က ထန်းတဲက ဘိဇနက်ကို ဖျက်ပြီး လာရတာကွ … ဂလိုဘယ်ခေတ်မှာ နောလိတ်ကို ရှဲလုပ်တယ်ဆိုတာ အက်ပီဖနီဖြစ်ဖို့လိုသလို … လိုတိုရှင်းဖြစ်ဖို့လည်း လိုသကွ… လိုတိုရှင်းစာအုပ်တွေ ရှာဖတ်ကွာ"

အောင်ဘု ရုတ်တရက်ကြောင်ပြီး မတုံ့ပြန်နိုင်သေးခင် ထွန်းအံ့က ဝင်ထိန်းလိုက်တယ်။

"မလောကြပါနဲ့ကွာ… ဒီကိစ္စက ဒိုင်းမင်းရှင်းစုံမှ ဂလိုဘယ်ဆပ်ပလိုင်းချိန်းထဲက ကီးပလေယာတွေဟာ ပရောဂျက်အောင်မြင်ဖို့အတွက် မဟာတိမ်းညွတ်မှုနဲ့ ဦးနှောက်ကိုဆွရမှာ မဟုတ်လား"

"ဆွမှာဖြင့် မြန်မြန်ဆွကွာ… ငါ့လယ်တဲမှာတော့ ကောက်ဆွတို့၊ ထွန်ခြစ်တို့ အစုံရှိတယ်။ ဘယ်သူ့ခေါင်း ဘယ်လောက်ရှုပ်ရှုပ် ငါ့ကောက်ဆွနဲ့ ဆွလို့ဖြစ်ရင် လာယူ"

ဒူးကြီးက ဘုမသိ ဘမသိ ဝင်ပြောတော့ "ဒီကောင် ခြောက်ပေါက်ထဲ ရောက်တော့မှာပဲ" လို့ တချို့က စိုးရိမ် သွားတယ်။ ဒါပေမဲ့ ထွန်းအံ့ကိုယ်တိုင်လည်း သူ့စကားသူ နားလည်ပုံမရသေးဘူး။

ဒီိလို … နဲ့။

တူးရွင်း၊ဓား၊ ပေါက်တူး စတဲ့ ရရာလက်နက်ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေဟာ တနေ့ တနေ့ 'တောက်ပြောင်'၊ 'ခမ်းနား'၊ 'ဆန်းပြား'၊ 'ကြီးကျယ်'တဲ့ ဧရာမစကားလုံးကြီးတွေကို နားထောင်ရင်း အားအင်တွေ ကုန်ခမ်းလာခဲ့တယ်။ ညနေ နေဝင်ရီတရောဆိုရင် မူးမူးဝေဝေနဲ့ အိမ်ပြန်လာခဲ့တယ်။ နေ့တွေ ရက်တွေ ကုန်လွန်ခဲ့ ပေမဲ့လည်း ဝါးတလုံး မခုတ်ရသေးဘူး။ ဓနိတရွက် မပျစ်ရသေးဘူး။ တိုင်တွင်းတတွင်း မတူးရသေးဘူး။ နှီးတစိတ် မဖြာရသေးဘူး။ တနေ့ထက်တနေ့ သူတို့အသက်လေးတွေ ကြီးရင့်လာခဲ့ပေမဲ့ ဆွမ်းစားကျောင်း ပြန်ဆောက်ဖို့ အလုပ် မစနိုင်သေးဘူး။

'စကားလုံး' တွေနဲ့ ဆောက်လို့ရနိုင်မှတော့ ဦးပဉ္ဖင်းလေးရဲ့ ဆွမ်းစားကျောင်းဟာ ဝေဇယန္တာနန်းပြသာဒ် လောက် ဖြစ်ရောပေါ့။ ခုလို အပြားလိုက်ကြီး ပုံပြီး ဘယ်ဇာတ်မျောနေတော့မလဲ။

è

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ၂၀၀၇ မတ်

GAMANII ပေးပို့သည်။