Sunday, February 7, 2010

တပ်မတော်သားများသို့ဗိုလ်ချူပ်အမှာစကား

ဗိုလ်ချုပ်အောင်ဆန်း၏ စကားများ .


“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်

ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ
ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။
ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ
မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့
နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ
နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။
အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို
ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ
ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည်
အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊
တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ
နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက
စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ
စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ
လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။
နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။
ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊
လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို
မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး
ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ်
စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့်
နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း
ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။
သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။
လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ်
အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား
နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ
မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊
တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ
တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့
တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊
တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး
ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။
ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။
သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး
လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ
ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင်
ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ
ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။
အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

Poe Ziwa




အမှန်တရားကိုမြင်နိုင်ကြပါစေ

http://ifile.it/70h3bna Let Dare to See the Truth

7 Feb ဒိုင်ယာရီ

http://ifile.it/4if5pl37 Feb Yeyintnge's Diary

စိန်မစားနဲ့..ရဲရဲကြီးခုန်တက်လိုက်ပါ..


ဒါမျိုးနဲ့ဒီလိုပြန်ရွှိုင်းထားတာ..စိန်မစားနဲ့..ရဲရဲကြီးခုန်တက်လိုက်ပါ..မြန်မာ့လေကြောင်းလိုင်းမှဝန်ဆောင်မှုအပြည့်ပေးနေပါသည်။


မြန်မာပြည်မှသက်တမ်းလွန်နေသောလေယာဉ်Fokker F27(XY-AEQ)

ပထမ မြန်မာပါရဂူတဦး

ပထမ မြန်မာပါရဂူတဦး

Saturday, 06 February 2010 12:39 ဘိုဘိုလန်းစင်

ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာ ဘဟန် (၁၈၉၀-၁၉၆၉)

(၁)

မြန်မာ့ရေးရာကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်မျိုးစုံ၏ အသံစုံ အကြံကုန်ကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှိုင်းတိုရေဒီယိုများနှင့် အင်တာနက်စာမျက်နှာများတွင် ဟုန်နေအောင် ကြုံဖူးနေကျ ဖြစ်ပါလိမ့်မည်။

ထိုအထဲ နိုင်ငံစုံက ဘွဲ့ပေါင်းစုံရထားသည့် ပါရဂူဒေါက်တာ ဘယ်သူဘယ်ဝါ ဆိုသည်ကို ကြားတိုင်း မြန်မာထဲက အစောဆုံးပါရဂူဘွဲ့ရ ဒေါက်တာကြီးတယောက်၊ မြန်မာပြည်က အင်္ဂလိပ်စာလိုက်စားသူတိုင်းလိုလို သိကြသည့် ကျေးဇူးရှင်ဒေါက်တာတယောက်ကို သတိရမိပါသည်။

ကာလပေါ် ဒေါက်တာများက မြန်မာပြည်သူတွေကို ဘယ်လိုပညာတွေဖြန့်ဝေပေးမည်မသိသော်လည်း ထိုဒေါက်တာကြီး၏ ကျေးဇူးကတော့ ယခုထိ ထင်သာမြင်သာရှိလှသည်။ သူနှင့် တပြိုင်တည်းလိုလို ပါရဂူဘွဲ့ရပြီး ဟိုလွန်လေပြီးသော ၆၅ နှစ်က မြန်မာပြည်တွင် အာဏာရှင်အဓိပတိမင်းကြီးအဖြစ် ဘုန်းတော်ကြီးခဲ့သည့် သူ့ညီ ဒေါက်တာဘမော်ကို ခုခေတ်လူတွေမေ့ကြ သော်လည်း အနှစ် ၄၀-၅၀ က သူပြုစုခဲ့သော တက္ကသိုလ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ယခုထိ မြန်မာပြည်တွင် အသုံးကျဆဲ ထွက်သမျှ ရောင်းမလောက်ဆဲ ဖြစ်ပါ၏။

သူနှင့် တနှစ်တည်း ဘီအေအောင်သော ပါမောက္ခ ဖေမောင်တင်မှတ်ချက်အရ“ဤအဘိဓာန်ကို လေ့လာခြင်းဖြင့် မြန်မာ စာသင် သားတို့အား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုပေးနိုင်သကဲ့သို့ နိုင်ငံခြားသားများအတွက်လဲ မြန်မာဘာသာစကား ကျွမ်းကျင်မှု တွင် အကူအညီ ပေးနိုင်ပါလိမ့်မည်”ဟူသတည်း။ အင်္ဂလိပ်ဆိုရိုးစကားများကို မြန်မာပြန်ဆိုရာတွင် မြန်မာပီပီသသ ထိမိလှပစွာ ပြန်ဆိုသည်ဟူ၍လဲ မှတ်ချက်ချထားသည်။

dr-ba-han

ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉)

ထူးသည်က ထိုသို့ မြန်မာဘာသာပိုင်နိုင်သည်ဟု မှတ်ချက်ပြုခံရသော ပါရဂူကြီးမှာ မြန်မာဗုဒ္ဓဘာသာမဟုတ်ပါ။ အာမေနီယန် စပ် သည့် မြန်မာခရစ်ယာန်ဖြစ်ပါသည်။ ထို့အပြင် မြန်မာစာပေနှင့် စကား လူရာမဝင်ဆုံးခေတ်၂၀ ရာစုဦး ဝံသာနုမပေါ်မီခေတ်တွင် လူဖြစ်သော မျိုးဆက်လည်း ဖြစ်ရုံမက စိန်ပေါလ်ကျောင်း၊ ရန်ကုန်ကောလိပ်၊ ကာလကတ္တားနှင့် ကိန်းဘရစ်ခ်ျ၊ ဘော်ဒိုး၊ ဖရိုင်းဘတ် စသည့် ဥရောပ တက္ကသိုလ်ကြီးများတွင် ပညာရှာခဲ့သူလည်း ဖြစ်ပါသည်။ ဘွဲ့ရခါစကလည်း အစိုးရစာတော်ပြန်ဌာန ခေါ်သော ကိုလိုနီအစိုးရမင်းတို့၏ လက်သပ်မွေးဌာနတွင် လုပ်ကိုင်ခဲ့ပါသေးသည်။

သို့သော်လည်း မောင်ဘဟန်၏ ဖခင် မောင်မောင်ကျေးမှာ ၁၈၇၀ ကျော်က ကင်းဝန်မင်းကြီးနှင့် ဘိလပ် ပရန်သစ် စသော အနောက်ကျွန်းက တိုင်းပြည်ကြီးများသို့ သွားသော ဒယ်လီဂိတ် ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ ပညာတော်သင် မသွားရခင် သီပေါမင်း ပါတော်မူသွားသဖြင့် သထုံဘက်တွင် ပုန်ကန်ထကြွစဉ် အရေးနိမ့်၍ ယိုးဒယားပြည်သို့ တိမ်းရှောင်သွားခဲ့ရသည်။

စိန်ပေါလ်တွင် ဘုန်းတော်ကြီးများအုပ်၍ ကြီးခဲ့ရသော မောင်ဘဟန်မှာ ခရစ်ယာန်ဖြစ်လာသော်လည်း မြန်မာစိတ်မပျောက်ပါ။ ညီဖြစ်သူ ဗုဒ္ဓဘာသာဝင် မောင်ဘမော်နှင့်လည်း အနေမစိမ်းဘဲ ချစ်ချစ်ကြင်ကြင်ရှိလှပါ၏။ စာတော်ပြန်ဌာနတွင် အမှုထမ်းနေစဉ် မြန်မာပညာရှိတို့ထံမှ စာပေယဉ်ကျေးမှုတို့ကို နည်းယူဆည်းပူးခဲ့ရုံမက ဦးဖေမောင်တင်၏ဘကြီး စာတော်ပြန်ဝန်ထောက် ဦးထွန်းငြိမ်း၏ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြန်လည်တည်းဖြတ်ပုံနှိပ်ရာတွင် ကူညီခဲ့၍ အသက်၂၀ကျော်ကပင် အဘိဓာန်ပညာကို အရေလည်လာခဲ့သည်။

ဥရောပတွင်လည်း ဂျာမန်၊ ပြင်သစ်ဘာသာတို့ကို ကျွမ်းကျင်အောင် သင်ယူခဲ့ကာ အင်္ဂလိပ်စာဆို ဝီလျမ်ဘလိတ်၏ အရေးအသားအကြောင်း ကျမ်းပြုပြီး ပါရဂူဘွဲ့ယူခဲ့သည်။ သမ္မာကျမ်းစာကို အထူးလိုက်စားခဲ့သဖြင့် အင်္ဂလိပ်ဘာသာကို အလွန်ပိုင်နိုင်လာခဲ့သည်။ သို့တွက် ရန်ကုန်တက္ကသိုလ် ဥပဒေမဟာဌာနမှူးဘဝမှ ပင်စင်ယူပြီးနောက် ၁၅ နှစ်အချိန်ယူပြီး လွတ်လပ်ပြီးခေတ် မြန်မာလူငယ်များ ကမ္ဘာနှင့်ပေါင်းကူးရာတွင် အရာရောက်လှသည့် ဤအဘိဓာန်ကြီးကို ပြုစုခဲ့လေသည်။ ထိုအတောအတွင်း ၁၉၅၈ က ဦးနု၏ သုံးလခံ သန့်ရှင်းဖဆပလအစိုးရတွင် ရှေ့နေချုပ်တာဝန်ယူခဲ့ရသေးသည်မှအပ တရားဝန်ကြီးချုပ်၊ သမ္မတ စသည့် အခြားဥပဒေပါရဂူကြီးတွေမျှော်တတ်သည့် ဖုတ်သွင်းရထားများကိုလည်း အာရုံမပြုခဲ့။

(၂)

အဘိဓာန်သာမက မြန်မာစာပေ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများရေးသားပြီး မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် ထည့်သွင်းခဲ့သော်လည်း မစုစည်းနိုင်ဘဲ တိမ်မြုပ်လုဖြစ်နေသည်က ဝမ်းနည်းစရာပါပေ။

ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရ ရတုများကို အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ စိန္တကျော်သူ ကဗျာများ၊ ဦးပုည၏ ဝိဇယ ပဒုမ ပြဇာတ်များ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ဝတ္ထုစသည်တို့ကို ဝေဖန်စာများ၊ ရှေးမြန်မာကျေးလက်နှင့်မိသားစု လူမှုဘဝ စသည့်ကြောင်းရပ်ဖြာဖြာနှင့် စပ်လျဉ်းရေးသားခဲ့သည်။

အထူးသဖြင့် ပထမခေတ်သစ်မြန်မာအမျိုးသမီးစာရေးဆရာ မအေးခင်၏ ချစ်ရိုးအမှန် ဝတ္ထု (၁၉၀၉) သုံးသပ်ချက်မှာ ၁၉၁၇ က ရေးသည်ဖြစ်၍ မြန်မာကာလပေါ်ဝတ္ထုကို အစောပိုင်းဝေဖန်စာတပုဒ်အဖြစ်ရော မည်သူမှ မတွေ့ဘူးတော့သလောက်ရှိသည့် မအေးခင်ဝတ္ထုအကြောင်းလေ့လာရာတွင်ပါ အသုံးဝင်လှသည်။ သူကဲ့သို့ ခေတ်ပေါ်မြန်မာစာပေကို စိတ်ဝင်တစား ဝေဖန်ချက်ရေး သူ ဟူ၍ ၁၉၁၀ကျော်က အိုင်စီအက်စ် ဂျေအေစတီးဝပ် (နောင် လန်ဒန်တက္ကသိုလ် ပထမဆုံး မြန်မာဘာသာပါမောက္ခနှင့် အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် (အရှေ့တောင်အာရှနှင့် ကျွန်းစုများ) ဌာနမှူး လောက်သာ ရှိပါသည်။

ဒေါက်တာဘဟန်သည် သုတေသနတန်ဖိုးကိုသိသူဖြစ်ရုံမက ပညာနှင့်ယှဉ်သော မျိုးချစ်စိတ်လည်း ရှိသည်။ ပါမောက္ခလုစ်၏ “မြန်မာအစ ကျောက်ဆည်က” ဟု လူသိများသည့် စာတမ်းကို တယူသန်နိုင်ငံရေးသမားနှင့် ပညာရှင်များ ကန့်ကွက်သည့်ကြားက ကိုယ်စားဖတ်ပေးခဲ့သလို မြန်မာတို့အပေါ် တဖက်သတ်နှိမ့်ချရေးသားသည့် ရာဇဝင်ဆရာ ဟာဗေး (အိုင်စီအက်စ်)အား ၁၉၃၀ တဝိုက်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နှင်းမည့်အကြံကို ဘိလပ်ပြန်မင်းတိုင်ပင်အမတ် ဦးစိုးညွန့် (ပထမဆုံး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်) နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သဖြင့် အကြံပျက်သွားခဲ့ဖူးသည်။

စာတော်ပြန်ရုံးတွင် မျက်နှာဖြူအရာရှိတို့၏ မတရားဖိနှိပ်မှုကို မခံလိုသဖြင့် ဥရောပသွားကာ ပါရဂူဘွဲ့ယူပြီး ပြန်အလာတွင် ဝတ်လုံလိုက်ကာ အသက်မွေးခဲ့သည်။

အစိုးရလက်အောက်သို့ ၁၉၆၂ မှ ကျရောက်သည့် သီးခြားလွတ်လပ်သော ရန်ကုန်တက္ကသိုလ်၏ ဥပဒေဌာနတွင် မဟာဌာနမှူး ဖြစ်သည်အထိ အနှစ် ၂၀ကျော် ထမ်းရွက်ခဲ့သည်။ ဆရာစံသူပုန်အပြီး စုစုပေါင်း လယ်သမား ၁၀၂ ယောက်ကို “နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု”နှင့်တရားစွဲသောအခါတွင်လည်း တရားခံများဘက်က ဂဠုန်ဦးစော၊ သာယာဝတီ ဦးပု စသည့် တခြားနိုင်ငံရေးသမားရှေ့နေများနှင့်အတူ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန်တို့ ညီအစ်ကိုလိုက်ပါ လျှောက်လဲ ပေးကြသည်။

ဂျပန်ခေတ်က ညီဖြစ်သူ အထွဋ်အထိပ်ရောက်စဉ်ကလည်း ဘာရာထူးမှ မယူဘဲ ကမ္ဘာနှင့်မြန်မာ ယဉ်ကျေးမှုပေါင်းကူးစည်ပင်ရေး အတွက် ဖွဲ့သော ပြင်သစ်အကယ်ဒမီပုံစံ ပညာတံခွန်အသင်း ဥက္ကဋ္ဌသာ လုပ်ခဲ့ပြီး စွယ်စုံကျမ်းနှင့် မြန်မာအဘိဓာန် စတင်ပြုစုရေး အတွက် လမ်းဖောက်ပေးခဲ့ကာ ဂျပန်ခေတ် အတွေ့အကြုံကို The Planned State တွင် မှတ်တမ်းတင်ခဲ့သည်။

သန့်ရှင်း-တည်မြဲ အကွဲတွင် ကြားက ဝင်ညှိပေးခဲ့သော်လည်း တရားရေးဝန်ကြီးဒေါက်တာဧမောင် အခြေခံဥပဒေကို လိုရာဆွဲသုံးပြီး ဦးနု၏ ယိုင်လုလုသန့်ရှင်းအစိုးရပြုတ်မကျအောင် ဘတ်ဂျက်ကို သမ္မတအမိန့်နှင့် အတည်ပြုခိုင်းသော ပညာရှင်မဆန်သည့် အကြံမျိုး ပေးသကဲ့သို့ အလိုတော်ရိနည်းမျိုးနှင့် ပညာဈေးမချခဲ့ပါ။

(၃)

အိန္ဒိယအင်ပါယာတွင်းက ကျေးတော်မျိုး ကျွန်တော်မျိုးပြည်နယ်တခုကနေပြီး ဥရောပက ပါရဂူဘွဲ့ယူပြခဲ့သည့် သူတို့ညီအစ်ကို စံနမူကြောင့် ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘူး၊ ဒေါက်တာတန်ဘလှီ၊ ဒေါက်တာမောင်သိန်း စသည့် စစ်ကြိုခေတ်မြန်မာ ပါရဂူများ၊ ဒေါက်တာဘမော် နန်းရင်းဝန်ဘဝက လွှတ်သည့် ဒေါက်တာလှဘေ၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမောင်မောင်ခ စသည့် စစ်တွင်း ဘိလပ်ပါရဂူများ၊ စစ်ပြီး ဖဆပလနှင့် မဆလ လက်ထက် အနောက်နှင့် အရှေ့အုပ်စုတွင် ဒါဇင်နှင့်ချီပြီး ပါရဂူဘွဲ့ယူသူများ၊ အရးအခင်းနောက်ပိုင်း အတိုက်အခံနှင့် အစိုးရတို့က အသီးသီးအသကလွှတ်သော နိုင်ငံစုံနှင့် ပြည်တွင်းဖြစ် ရာနှင့်ချီသော ပါရဂူ များ စသည်ဖြင့် မြန်မာပါရဂူရေစီးမှာ ၈၅ နှစ်ကျော် ရှည်ကြာခဲ့လေပြီ။ ၁၉၅၀ ၌ ပထမဆုံးမြန်မာအမျိုးသမီး ပါရဂူ အဖြစ် ပထဝီဝင် ပညာတွင် ဒေါ်သင်းကြည်က အမေရိကန်မှဆွတ်ခူးသည်။ ဒေါက်တာဘဟန်ချွေးမ မြန်မာ ခရစ်ယာန် ကလျာဏယုဝတီ အသင်း ဒု ဥက္ကဋ္ဌဟောင်း အမ္မာဘရုပ်ညွန့်ဟန် ခေါ် ဒေါ်အေးသန့်သည်လည်း အမေရိကတွင် လူမှုဝန်ထမ်းပါရဂူဘွဲ့ ယူခဲ့သည်။

သူကွယ်လွန်ချိန်က“ဒေါက်တာဘဟန်သည် မြင့်မြတ်တော်ဖြောင့်သော လမ်းစဉ်ကို ကျင့်သုံးပြီး မတုန်လှုပ်သော သမာဓိဂုဏ်နှင့် ပြည့်စုံသည်”ဟု သူ့နေရာ ဥပဒေမဟာဌာနမှူး တာဝန်ကို ဆက်ခံသော လွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း ဦးကျော်မြင့် (အာဇာနည်လုပ်ကြံမှု ခုံရုံး တရားသူကြီး)က ချီးကျူးခဲ့ပါသည်။

မှန်ပါသည်။ ဒေါက်တာကြီးသည် ကွယ်လွန်ခါနီးတွင် သမီးရေးမြေးရေးမပြေလည်သည်အထိ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ငြိုငြင်ခံခဲ့ရသော်လည်း တချို့တချို့သော ပါရဂူ လူတတ်တို့ကဲ့သို့ စစ်အစိုးရစိတ်ကြိုက် တက္ကသိုလ်မဟာဌာနများ၏ စုစည်း ညီညွတ်မှုကို သီးခြားတက္ကသိုလ်များအဖြစ်ခွဲခြားပစ်သော၊ ပညာရပ်စာအုပ်သစ်များကို အလျဉ်မီ ဘာသာပြန်နိုင်သည့် လူအင်အား မရှိဘဲ မြန်မာဘာသာကို သင်ကြားရေးမဏ္ဍိုင် လုပ်ခိုင်းသော စသည့် ပညာရေးရာဇဝတ်မှုများဖြင့် မျိုးဆက်သစ်များကို အညွန့်ကျိုး အောင်လုပ်ပြီး ကျွန်ခေတ်တွင် လူရာဝင်အောင် ကြိုးပမ်းအားထုတ်မှုမျိုး ဘယ်ခေတ်တွင်မှ မလုပ်ခဲ့ဘဲ ပညာရေးနှင့်ဘာသာရေးတို့ တွင်သာ သက်ဆုံးတိုင် မြှုပ်နှံသွားသော ပညာရှိသူတော်ကောင်းတဦးဖြစ်ပါသည်။

ထို့ထက် မြန်မာစာပေနှင့် လူမှုဓလေ့ကို မြတ်နိုးလိုက်စားသော၊ ပေမီဒေါက်မီ အဘိဓာန်ကျမ်းပြု မြန်မာ့ရေးရာကျွမ်းကျင်သူ ပါရဂူ စစ်စစ် ဟု ဂုဏ်ပုဒ် တပ်လောက်သောသူလည်း အဟုတ်ဖြစ်ပါ၏။

စာကိုး

မောင်ဇေယျာ။ ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကျမ်းပြု ဥပဒေပညာရှင် (ဒေါက်တာဘဟန်)၊
ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာ စာအုပ်များ၊ ယူနတီစာပေ၊ ၂၀၀၇ နိုဝင်ဘာ၊ ရန်ကုန်။

(ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက်နေ့က ကျရောက်သော ဒေါက်တာ ဘဟန်၏ နှစ် ၁၂၀ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဤဆောင်းပါးကို ဂုဏ်ပြု ဖော်ပြပါသည်။)

http://www.irrawaddy.org/bur/index.php/articles/2-articles/2557-2010-02-06-05-47-19


ပုဂ္ဂလိပိုင် လွှဲပြောင်းရေး ဘာလဲ၊ ဘယ်လဲ

ပုဂ္ဂလိပိုင် လွှဲပြောင်းရေး ဘာလဲ၊ ဘယ်လဲ



နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်တွင်းသို့ လွှဲပြောင်းပေးမှုများ ခပ်စိတ်စိတ် ပြုလုပ်လာနေသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ စစ်အစိုးရက နိုင်ငံပိုင် ဆိပ်ကမ်းများ၊ အဆောက်အအုံများ၊ စက်သုံးဆီဆိုင်များ၊ ရုပ်ရှင်ရုံများ၊ အထည်အလိပ် လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းနှင့် နိုင်ငံပိုင် လေကြောင်းလိုင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချလာခြင်း ဖြစ်သည်။

ထိုသို့သော ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်နေခြင်းသည် လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနှင့် ကိုက်ညီမှု ရှိမရှိ၊ ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးဆိုးပြစ် အကျိုးဆက်များ၊ မည်သူများ ပိုမို၍ စီးပွားဖြစ်စေမလဲတို့အပြင် စစ်အစိုးရက မည်သည့်အတွက် လွှဲပြောင်းရသည်ကို လေ့လာကြည့်နိုင်ရန် မြန်မာ့အရေး လေ့လာသူတဦးနှင့် စီးပွားရေး ပညာရှင်များကို မဇ္ဈိမသတင်းထောက်က ဆက်သွယ်မေးမြန်းထားပါသည်။

အောင်သူငြိမ်း
(မြန်မာ့အရေးလေ့လာသူ)

အရင်တုန်းက အခုလက်ရှိ အခြေအနေလို ပုဂ္ဂလိကပိုင်ဆိုပြီး လွှဲပြောင်းပေးခဲ့တာမျိုးတွေ ရှိခဲ့ဖူးလား။

၁၉၈၈ ပြီးတော့ ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးကော်မရှင် ဘာညာဆိုပြီးတော့ ဈေးကွက်စီးပွားရေး စဖွင့်တာမျိုးတွေ လုပ်ပါတယ်။ လုပ်ပေမယ့်လည်း တကယ့်တကယ်ကတော့ အဲဒီအချိန်က ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးဆိုတာက တော်တော်ကို နည်းသေးတယ်။ သိပ်အများကြီးတော့ မရှိဘူးနော်။ SOE လို့ခေါ်တဲ့ State Own Enterprise အောက်မှာပါတဲ့ စက်ရုံတော်တော်များများက အစိုးရလက်ထဲမှာပဲ ရှိသေးတယ်။ ဒါပေမဲ့ အခုချိန်မှာ တွေ့နေရတာတော့ အရင် ရန်ကုန်မှာရှိခဲ့တဲ့ အစိုးရပိုင် အဆောက်အဦးတွေ၊ နောက်ပြီးတော့ အစိုးရ လုပ်ငန်းကြီးတွေ၊ အရင်တုန်းက သူတို့ တလျှောက်လုံး ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကအစ၊ အဲဒါတွေကို အခု ပုဂ္ဂလိက လက်ထဲကို အခုလွှဲနေတဲ့ ပုံစံတွေ တွေ့နေရတယ်။

လက်ရှိ အစိုးရရဲ့ အခုလိုမျိုး လုပ်ရပ်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီမှုရော ရှိမလား။

လက်ရှိ ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေးအကျပ်အတည်း ရှိနေတယ်ဆိုတာကတော့ အားလုံးအသိပေါ့နော်။ စီးပွားရေးသဘောအရ ပြောရရင် ယေဘုယျတော့ဗျာ၊ နိုင်ငံတော်က အကုန်လုံးကို တာဝန်ယူနိုင်တာ မဟုတ်ဘူးလေ။ ဆိုတော့ ပြောကြေးဆိုလို့ရှိရင် ပုဂ္ဂလိက လက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေ သူတို့ဘာသာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတာတော့ ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း အခု ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ အနေအထားကတော့ တကယ့်တကယ်က Macro economy ခေါ်တာပေါ့။ အစိုးရဘက်က အပေါ်က တခုလုံးပြင်ဆင်ရမယ့် စီးပွားရေးစနစ်ရှိသလို၊ ဒီအောက်ခြေမှာ micro economy ခေါ်တဲ့ ဒီအောက်ခြေ စီးပွားရေး လုပ်ငန်းတွေလည်း လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ခွင့် လိုတာပေါ့။ အဲဒီတော့ ပုဂ္ဂလိကပိုင် လုပ်တဲ့လုပ်ငန်းဆိုတာက ကျနော်ထင်တယ်၊ အဲဒီထဲမှာ ကဏ္ဍတခုအနေနဲ့ ပါတာပေါ့။

အခုလိုမျိုး လုပ်လိုက်တာတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။


ကောင်းကျိုးကတော့ ဥပမာ လုပ်ငန်းတွေကဗျာ၊ အရင်အစိုးရက ကျနော်တို့ တိုင်းပြည်မှာ ဆိုပါစို့။ အရင်အခါတွေကဆိုရင် monopoly ပေါ့နော်။ အစိုးရက ဈေးနှုန်းတွေကို ထိန်းချုပ်ထားတာရှိတယ်။ နောက်တခါကျတော့ ခုနကပြောတဲ့ ရေနံတို့၊ ဒီ ဓာတ်ဆီဆိုင်လုပ်ငန်းတွေ ဆိုလို့ရှိရင်လည်း အစိုးရက monopoly လုပ်ထားတာရှိတယ်။ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆိုလို့ရှိရင် ပုဂ္ဂလိက က လုပ်ပိုင်ခွင့် ဆိုတာက တော်တော့်ကို နည်းနည်းလေးရှိတယ်။ အဲလိုဟာမျိုးပေါ့။

အဲဒီတော့ အခုလက်ရှိအချိန်မှာ ပုဂ္ဂလိကကို ပေးလိုက်မယ်ဆိုရင်တော့ တဖက်က ကျနော်ထင်တယ်၊ စားသုံးသူတွေအနေနဲ့ကကျတော့ ပိုပြီးတော့မှ ဝန်ဆောင်မှု ကောင်းလာမယ်လို့ ထင်ရတယ်။ နောက်တခုက အပြိုင်အဆိုင်ရှိလာတော့လည်း ပိုပြီးတော့ တယောက်နဲ့တယောက်ဆိုရင် ဈေးနှုန်းပိုချိုလာမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မှာပေါ့။ ဒါကတော့ ယေဘုယျပြောတာပါ။ ဒါပေမယ့်လည်း တကယ့်တကယ်ကျတော့ ဒီလိုနိုင်ငံတကာမှာ လုပ်နေတဲ့ ဒီအစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲတဲ့လုပ်ငန်းတွေက နိုင်ငံတကာမှာလည်း လုပ်ပုံလုပ်နည်းအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ ကျနော်တို့ဆီမှာတော့ အခုအနေအထားက တော်တော်ကို စနစ်မကျတဲ့ အနေအထား တွေ့ရတယ်။

အစိုးရအနေနဲ့ အခုလိုမျိုး ပုဂ္ဂလိကပိုင် လုပ်ငန်းတွေကို ဘာဖြစ်လို့ ချပေးနေရတာလဲ။

ကျနော်ထင်တာတော့ ပြောရမယ်ဆိုရင် ဒါကတော့ ထင်ကြေးပေးတာပေါ့နော်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ဆိုင်တယ်လို့လည်း ထင်တယ်။ ၂ဝ၁ဝ အပြီးမှာ ဘာပဲဖြစ်ဖြစ် အရပ်သားအစိုးရတခုတော့ ပေါ်လာမယ်ပေါ့။ ဆိုတော့ အဲဒီကာလ မတိုင်ခင်မှာလည်း သူတို့ဘက်က စီးပွားရေးမှာလည်း အခုပြဿနာ ရှိနေတာကို တစုံတရာ အသိအမှတ်ပြုတယ်လို့တော့ ထင်ပါတယ်။ ဆိုတော့ အဲဒီတဖက်မှာလည်း စီးပွားရေးမှာလည်း တချို့ တံခါးဖွင့်လာနိုင်တယ် ဆိုတဲ့ပုံစံမျိုးတော့ ရှိတာပေါ့။

နအဖ အစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) ကနေ ငွေကြေးအကူအညီ ပြန်ရလာအောင်လို့ အခုလိုမျိုး လုပ်တယ်ဆိုတာတွေလည်း သတင်းထွက်နေတယ်။ အဲဒါကိုရော ဘယ်လိုမြင်သလဲ။

အဲဒါတော့ မဟုတ်ဘူးဗျ။ သူတို့အနေနဲ့ သတင်းတခုထွက်တယ် ကမ္ဘာ့ဘဏ်ကနေပြီးတော့ မြန်မာပြည်ကို ပိုက်ဆံ အထောက်အပံ့ ပြန်ပေးမယ်ဆိုတဲ့ ကိစ္စတွေလေ။ အဲဒါကတော့ သူတို့ဘက်ကလည်း ပြန်ငြင်းထားတဲ့ ကိစ္စတွေကို ကျနော် ဖတ်ရပါတယ်။ ဘဏ်ဒုဥက္ကဋ္ဌကိုယ်တိုင်က ပြောတယ်လေ။ သူ့ကို မှားယွင်းပြီးတော့ ကိုးကားတဲ့ အနေအထားမျိုးလည်း ရှိတယ်လေ။ တဖက်က ကျနော်မြင်တာက ဒီနိုင်ငံတကာ ငွေကြေးရန်ပုံငွေတို့၊ ကမ္ဘာ့ဘဏ်တို့ ဝင်စေချင်ရင် ကျနော်တို့ဆီမှာ ပြင်ရမယ့် ကိစ္စတွေအများကြီး ရှိတယ်။

တခုက ဘာလဲဆိုတော့ National Accounting System လို့ခေါ်တဲ့ ဒီတိုင်းပြည်က စာရင်း၊ ဇယားတွေက ဘယ်ဟာကမှ စိတ်ချရတဲ့ စာရင်း၊ ဇယားတွေ မရှိဘူးလေ။ နောက်တခုကကျတော့ အဓိက ပြဿနာက အခုလက်ရှိ နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်းပေါ့။ အဲဒါက အမျိုးမျိုး ဖြစ်နေတယ်။ တနေရာ တမျိုး၊ တနေရာ တမျိုးနဲ့လေ။ အဲဒါတွေကိုလည်း တပြေးညီ ပြန်ညှိရမယ့် ကိစ္စတွေ ရှိတယ်။ အဲဒီတော့ လုပ်စရာတွေက အများကြီး ရှိသေးတယ်။ ဘဏ်စနစ်တွေ ပြုပြင်ဖို့ရှိတယ်၊ ဆိုတော့ ကျနော်ထင်တယ် အဲဒါတွေ မပြီးမချင်း နိုင်ငံတကာက ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုလုပ်နေတဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းတခုတည်းလောက်နဲ့တော့ ဒီလောက်ကြီး ဆွဲဆောင်မှုမရှိဘူးလို့ ထင်တယ်လေ။

အခုလို ပုဂ္ဂလိကပိုင် လုပ်ငန်းတွေ ချပေးနေတဲ့နေရာမှာ ဘယ်သူတွေက ရနိုင်ဖို့ အခွင့်အလမ်း ပိုများသလဲ။ ဘာကြောင့်လဲ။

အဓိကကတော့ အခုလက်ရှိ အနေအထားမှာဗျာ ဒီပုဂ္ဂလိကပိုင် လုပ်တယ်ဆိုတာတွေကို အစိုးရသတင်းစာတွေမှာ ပွင့်ပွင့်လင်းလင်း ရေးထားတာမျိုးမှ မရှိတာ။ ဂျာနယ်တွေကပဲ ဟိုတခု၊ ဒီတခု ဖော်ပြနေတာမျိုးပဲ တွေ့နေရတယ်လေ။ ဆိုတော့ အဲဒါတွေကို ရလိုက်တဲ့လူတွေကလည်း ဦးတေဇတို့၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပဲ ရကြတယ်လေ။ ရတယ်ဆိုတဲ့ အခါကျတော့ တကယ့်တကယ်ကတော့ ဒီလုပ်ငန်းတွေ အားလုံးကလည်း ခုနကပြောတဲ့ Cromy ခေါ်တာပေါ့ဗျာ၊ အဲလို လူနည်းစုလက်ထဲကိုပဲ ရောက်သွားမှာပဲ။

အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးဖြစ်ထွန်းမယ်လို့ ထင်သလား။

ဒီလိုမျိုး သွားနေတယ်ဆိုလို့ရှိရင် ကျနော်ထင်တယ်၊ တော်တော်တော့ စိုးရိမ်စရာ ကောင်းနေတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်မြင်တာက စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ရင် တစုံလုံး လုပ်ရလိမ့်မယ်။ တစုံလုံးကို စနစ်တကျနဲ့ ဘယ်လိုမျိုးလုပ်မလဲ ဆိုတာမျိုး စဉ်းစားတိုင်ပင်ပြီး လုပ်ရမှာပေါ့ဗျာ။ အခုကတော့ အဲလိုမဟုတ်ဘဲနဲ့ ဟိုနားတကွက်၊ ဒီနားတကွက် လျှောက်လုပ်တဲ့ ပုံစံမျိုး ပိုပေါ်တယ်။ ဆိုတော့ အဲဒါတွေကို ကိုယ်နဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ချပေးလိုက်တယ်။ သဘောကတော့ ပြိုင်ဆိုင်တဲ့ နေရာမှာ မညီဘူးပေါ့ဗျာ။ အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ Oligarchy လို့ခေါ်တဲ့ လက်ဝါးကြီးအုပ်၊ တချို့ လူနည်းစုကပဲ အကျိုးဖြစ်ထွန်းသွားတဲ့ပုံစံ။

အခုကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်သုံးသပ်ချက်ပေးပါ။

ခြုံပြီး သုံးသပ်ရရင်တော့ ကျနော်ထင်တယ်။ နိုင်ငံတော်ပိုင် လုပ်ငန်းတွေပေါ့ဗျာ၊ အရှုံးပေါ်နေတယ်၊ အမြတ်မထွက်ဘူးဆိုရင် ပုဂ္ဂလိကလက်ကို လွှဲပေးတာကောင်းပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ နောက်တခုကကျတော့ ဒီတခုထဲနဲ့ မလုံလောက်ဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ရင် တစုံလုံးကို သေချာစဉ်းစား တိုင်ပင်ပြီးတော့ စီးပွားရေး တစုံလုံး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။

ဒီပုဂ္ဂလိကပိုင် လုပ်တယ်ဆိုတာတော့နော်၊ ဈေးကွက်မှာ ယေဘုယျအားဖြင့် ပြောရရင် ကောင်းတဲ့ လက္ခဏာလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ SOE လို့ခေါ်တဲ့ အစိုးရပိုင် လုပ်ငန်းတွေက တခါတလေမှာ အရှုံးပေါ်နေတာ ရှိတယ်။ ဆိုတော့ အဲဒါတွေကို ပုဂ္ဂလိကလက်လွှဲလိုက်ရင် လျင်လျင်မြန်မြန် ပြန်ပြီးတော့ အောင်မြင်လာမယ်။ အပြိုင်အဆိုင်ရှိလာမယ်။ နောက်တခုက ဈေးကွက်မှာ လူတွေက ချိုချိုသာသာနဲ့ အရည်အသွေး ပိုကောင်းတာကို သုံးလို့ ရတာပေါ့ဗျာ။ ယေဘုယျပြောရရင် ဒီလိုပုဂ္ဂလိကလက်ထဲကို လွှဲလိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် စစ်အစိုးရလုပ်နေတဲ့ ပုဂ္ဂလိကပိုင် ပြုရေးဆိုတဲ့ ကိစ္စတွေပေါ့ဗျာ၊ အဲဒါတွေကတော့ ကျနော်ထင်ပါတယ်၊ တော်တော်ကို ပြသနာရှိတဲ့ကိစ္စလို့ ကျနော်မြင်ပါတယ်။

အရင်တုန်းက ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ ထိန်းချုပ်ထားတဲ့ နိုင်ငံတွေကနေပြီးတော့ ဈေးကွက်စီးပွားရေး ပြောင်းတဲ့အချိန်မှာ ပုဂ္ဂလိက လက်လွှဲခဲ့တာတွေ ရှိပါတယ်။

အဲဒီလို ပုဂ္ဂလိကလက်လွှဲတဲ့ အခါမှာလည်း လုပ်ပုံလုပ်နည်းတွေက အမျိုးမျိုးရှိတယ်။ တချို့နေရာတွေမှာတော့ ပုဂ္ဂလိကလက်ထဲကို တိုက်ရိုက်လွှဲလိုက်တယ်။ လွှဲတယ်ဆိုတာတောင်မှ ဘယ်သူ ဈေးအများဆုံး ပေးတယ်ဆိုတဲ့ တင်ဒါစနစ် ရှိပါတယ်။

နောက်စနစ်တခုက ပြောရမယ်ဆိုရင် ပုဂ္ဂလိကပိုင် လွှဲတယ်ဆိုတာက ပစ္စည်းတင်လွှဲတာ မဟုတ်ဘူးဗျ။ ဒီလူတွေရဲ့ ဘဝတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့လည်း သက်ဆိုင်နေတယ်။ ဝန်ထမ်းတွေလည်း အများကြီး သက်ဆိုင်နေတယ်။ ဆိုတော့ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရုရှားနိုင်ငံမှာဆိုရင် ကူပွန်တွေလုပ်ပြီးတော့ ဒီကူပွန်တွေကို ရှယ်ယာသဘောမျိုး လုပ်ပြီးတော့ ဝန်ထမ်းတွေကိုပါ ခံစားစေခဲ့တာရှိတယ်။ ဒီကူပွန်တွေကို တယောက်က ပြန်စုဝယ်ပြီးတော့ စက်ရုံကို ပြန် run တာပေါ့။ အဲဒီအနေအထားမှာတောင်မှ ရုရှားမှာ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။

နောက်တနည်းလည်း ရှိသေးတယ်၊ နောက်တနည်းကတော့ စက်ရုံက အစိုးရပိုင်ပဲ။ ဒါပေမဲ့ အုပ်ချုပ်မှု စနစ်ကိုတော့ ပုဂ္ဂလိကလက်ကို လွှဲလိုက်တယ်။ ဥပမာအားဖြင့် လေကြောင်းလိုင်းတွေပေါ့။ လေကြောင်းလိုင်းတွေကတော့ အစိုးရပိုင်ပဲ၊ ဒါပေမဲ့ ပုဂ္ဂလိကကနေ ဦးဆောင်ပြီးတော့ လည်ပတ်တော့ အမြတ်ပေါ်လာတာပေါ့။ ဆိုတော့ ဒီလိုဟာမျိုးတွေလည်း ရှိတယ်။ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ဟာကျတော့ အခြေခံက ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘယ်သူကနေ ရပြီးတော့ ဘယ်သူက ဘာဖြစ်နေမှန်း မသိဘူး။ အစိုးရကနေ တရားဝင် ထုတ်ပြန်ချက်၊ အစိုးရအရာရှိကြီးတွေက ပြောတာတွေ ကျနော်တို့ မကြားရဘူး။

ကျနော်တို့ကြားရတာက ဟိုဂျာနယ်မှာ တစဖော်ပြတာ၊ ဒီဂျာနယ်မှာ သတင်း တစဖော်ပြတာ လိုက်ကောက်ပြီးတော့ ကျနော်တို့က ခန့်မှန်းနေရတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့။ အဲဒီအနေအထားမှာ သတင်းအချက်အလက် ရခွင့်မတူဘူးဆိုရင် ပြိုင်ဆိုင်နိုင်မှုမှာ ပြဿနာ အများကြီးရှိတယ်။ တချို့လူတွေက အများကြီးသာသွားမယ်။ တချို့လူတွေက ဘာအခွင့်အရေးမှ မရဘူးပေါ့။ အဲဒါက ဘယ်လိုမျိုး ဖြစ်သွားတတ်လဲဆိုတော့ လက်ဝါးကြီးအုပ်တဲ့ အရင်းရှင်စနစ်မျိုး ဖြစ်သွားတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစုကပဲ အကျိုးစီးပွားခံစားပြီးတော့ သူတို့ကပဲ အကျိုးအမြတ် ထွက်သွားတာမျိုး ဖြစ်ပါတယ်။

အခုလက်ရှိ အနေအထားမှာတော့ ကျနော်တို့ ကြားသလောက်ပေါ့ဗျာ။ ဝန်ထမ်းတွေက ဆက်ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီက ခန့်ထားရင် ခန့်ထားမယ်၊ မခန့်ရင်လည်း အစိုးရဝန်ထမ်းအဖြစ်ပဲ ဆက်ရှိနေမယ်လို့ ပြောပါတယ်။ ဖြစ်တတ်တာမျိုးတွေက ဘာတွေဖြစ်တတ်လဲဆိုတော့ ဝန်ထမ်းတွေကို ပင်စင်ပေးပစ်လိုက်တာမျိုး ဖြစ်တတ်တယ်။ မြန်မာပြည်က ပင်စင်လစာလည်း သိတဲ့အတိုင်းပဲ ဘာမှရတာ မဟုတ်ဘူး။ အဲဒီတော့ ဝန်ထမ်းတွေတင် မကဘူး၊ သူတို့တွေရဲ့ မိသားစုပြသနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ အခုအနေအထားမှာ ဘယ်လိုပုံစံနဲ့ လုပ်နေလဲဆိုတာကိုတော့ တိတိကျကျ၊ ပွင့်ပွင့်လင်းလင်း သိရတာမျိုး လုံးဝ မရှိပါဘူး။

ဒီလိုလုပ်ငန်းတခုကို ပုဂ္ဂလိကလုပ်မယ်ဆိုတာက အဓိကအားဖြင့်တော့ သတင်းစာမှာ ကြော်ငြာထုတ်ပြသင့်တယ်ပေါ့ဗျာ။ လူတိုင်းသိရှိအောင်ပေါ့။ ကျနော်တို့နိုင်ငံမှာက ဒီလိုမျိုးသတင်းတွေ မတွေ့ရဘူးဗျာ၊ ဆိုတော့ သတင်းဦးတဲ့လူတွေက စားနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အခုအဓိက ကြားနေရတာက ရေနံနဲ့ ဓာတ်ဆီလုပ်ငန်း၊ နောက်ပြီးတော့ ဆီဆိုင်တွေ၊ နောက် ဥပမာအားဖြင့် ရေအားလျှပ်စစ် လုပ်ငန်းတွေကို ဦးတေဇတို့ ထူးထရေးဒင်းကုမ္ပဏီကို လွှဲတယ်ဆိုတာမျိုးတွေပေါ့ဗျာ။ အဲဒါတွေကို ပြန်ကြည့်ခြင်းအားဖြင့် ခရိုမီ လို့ခေါ်တဲ့ သူတို့နဲ့ နီးစပ်တဲ့လူတွေကပဲ အကျိုးစီးပွား ဖြစ်နေတယ်ဆိုတာမျိုး ဖြစ်နေပါတယ်။

ကျနော့်အမြင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်ပေါ့ဗျာ၊ တချို့ပစ္စည်းတွေကို အင်္ဂလိပ်လိုပြောရရင်တော့ fire sale လို့ခေါ်တာပေါ့ဗျာ။ မီးလောင်နေတုန်းမှာ အကုန်လုံးကို ဈေးပေါပေါနဲ့ ချရောင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဖြစ်နိုင်တာက ရွေးကောက်ပွဲမှာ အပြောင်းအလဲတခု မတိုင်ခင်မှာ ရသလောက် သိမ်းကြုံးယူနေတဲ့ ပုံစံမျိုးထွက်နေတယ်လို့ ကျနော်မြင်တယ်။


ခင်မောင်ညို
(ဘောဂဗေဒပညာရှင်)

အခုလိုမျိုး ပုဂ္ဂလိကပိုင် လုပ်ငန်းတွေ ချပေးနေတဲ့အပေါ်မှာ ဘယ်လိုမြင်သလဲ။

နှစ်ခုတော့ လိုမှာပေါ့။ Transparency တော့ နည်းနည်းရှိဖို့ လိုမှာပေါ့။ ဘယ်သူ့ကို ဘယ်ဈေးနဲ့ပေးလဲ ဆိုတာမျိုးလေ။ နောက်တခုကတော့ Consistency ပေါ့နော်။ ပေးလိုက် ရပ်လိုက် ဆိုတာမျိုးတော့ ဖြစ်ဖို့ မကောင်းဘူး။

အခုလိုမျိုး အရပ်သားတွေဆီကို လုပ်ငန်းတွေ လွှဲပေးတာဟာ ဒါက ပထမဆုံးအကြိမ်လား။

ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဟိုတုန်းကလည်း လုပ်တော့လုပ်တယ်။

အခုလိုလုပ်တာက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိလား။

အမှန်ကတော့ ၂ ခု ရှိတယ်။ တခုကတော့ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို အားပေးရမယ်ပေါ့။ အားပေးတယ်ဆိုတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေးတာတို့၊ လုပ်သာကိုင်သာအောင် လုပ်ပေးတာတို့၊ လိုအပ်တဲ့ အကူအညီပေးတာတို့ အဲဒါတွေအားလုံး တခုပါတာပေါ့လေ။

နောက်တခုကတော့ အခုလုပ်နေသလိုမျိုး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ချပေးတာမျိုးပေါ့လေ။ အဲဒါကလည်း လုပ်ဖို့ကောင်းတာက ကြာပြီလေ။

အခုလို လုပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ရေရှည် အကျိုးဖြစ်ထွန်းမယ်လို့ ထင်သလား။

ဒီလိုမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့်တော့ လုပ်ရဦးမယ်လို့တော့ ယူဆတယ်။ အခုက စာရင်းတော့ အတိအကျတော့ မပြောနိုင်ဘူးပေါ့။ အစိုးရရဲ့ လက်ထဲမှာ ဘယ်လောက်ရှိပြီးတော့ ပုဂ္ဂလိကကို ဘယ်လောက်ပေးလဲ၊ နောက် ပုဂ္ဂလိကက ဒါတွေကို ဘယ်လောက် အောင်အောင်မြင်မြင် လုပ်နိုင်မလဲ ဆိုတာမျိုးတွေတော့ မပြောနိုင်သေးဘူး။ အရင်တုန်းကလည်း လုပ်တော့ လုပ်တာပေါ့လေ။ ဒါပေမဲ့ ဆက်လည်း လုပ်ရမယ့်ဟာပဲ။ နောက်တခုက ပုဂ္ဂလိကကလည်း လွှဲထားတဲ့လုပ်ငန်းတွေကို ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတာကိုလည်း ကြည့်ရဦးမယ်လေ။

ဒီလုပ်ငန်းတွေကရော ဘယ်သူတွေဆီကို ရောက်နိုင်ဖို့ အခွင့်အလမ်း များမလဲ။

အခုဝေဖန်နေကြတာကတော့ နီးစပ်တဲ့သူတွေပဲ လုပ်ငန်းတွေရကြတယ်လို့ ဝေဖန်နေကြတာပေါ့။ အဲလိုမျိုးတွေ ရှိလို့ Transparency/ Consistency ဘယ်သူ့ကို ဘယ်ဈေးနဲ့ပေးလဲ၊ ဘာကြောင့်ပေးလဲ ဆိုတာတွေကို မြင်သာထင်သာ ရှိမယ်ဆိုရင် ဒီလုပ်ငန်းတွေဟာ ပိုပြီးတော့ ဂုဏ်သိက္ခာရှိမှာပေါ့နော်။ အခုက အဲလိုမျိုးလေးတွေမရှိတော့ အထင်မှားစရာတွေ၊ မယုံသင်္ကာဖြစ်စရာတွေတော့ ရှိတာပေါ့။

နီးစပ်တဲ့သူတွေ မဟုတ်ဘဲနဲ့ တခြားနိုင်ငံသားတွေဆီကို လုပ်ငန်းတွေ ရောက်ရှိအောင် ဘယ်လိုမျိုး ကြိုးစားရမလဲ။

မျှမျှတတပေါ့။ ခုနကပြောတဲ့အထဲမှာလည်း ပါတယ်လေ။ Consistency နဲ့ Transparency ပေါ့။ ဘယ်သူမဆို ဒါမျိုးကို ဝယ်လို့ရတယ်၊ နောက် ဘယ်ဈေးနဲ့ ဝယ်လို့ရတယ်၊ အဲလိုမျိုးဝယ်ထားတာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်တဲ့ အခြေအနေရှိတယ်ဆိုလို့ကတော့ ဒီပုဂ္ဂလိကပြုရေး လုပ်ငန်းစဉ်ကတော့ ပိုပြီးတော့ ဂုဏ်သိက္ခာရှိမှာပေါ့။

အခုလိုမျိုး လုပ်ရပ်အပေါ်မှာရော ဘယ်လိုမြင်လဲ။

ကျနော့်အနေနဲ့ကတော့ ဒါကို ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ဒီထက်ကောင်းအောင်လုပ်ဖို့ လိုသေးတယ်။


ဦးစိန်ဋ္ဌေး
အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB/ မြန်မာ့ရန်ပုံငွေအဖွဲ့ (Burma Fund)

မြန်မာနိုင်ငံက နအဖ၊ နဝတရဲ့ စီးပွားရေးပေါ်လစီပေါ့၊ နိုင်ငံကြီးကတော့ အားလုံးသိတဲ့အတိုင်းပဲ ဒီမိုကရေစီနိုင်ငံကို သွားမယ်လို့ ကတိပေးထားတာ နှစ်ပေါင်း ၂ဝ ရှိပြီပေါ့။ ၈၈ တည်းကဆိုတော့ ၂၂ နှစ်ရှိပြီ။ အရင်တုန်းကတော့ စီးပွားရေး တံခါးဖွင့်ဝါဒလို့ ပြောတယ် ၈၈ အစတုန်းက။ အာဏာကို သူတို့ ယူလိုက်ပြီးပြီးချင်း အစကတော့ သူတို့ အဲဒီလိုပြောတယ်။ နောက်ပိုင်း တနှစ်၊ ၂ နှစ်လောက်ကျတော့ ပြောင်းလာတယ်။ ဈေးကွက်ကို အခြေခံတဲ့ စီးပွားရေးစနစ်ကို သွားမယ်တဲ့။ ဒါက စီးပွားရေးပေါ်လစီ။

စီးပွားရေးပေါ်လစီရဲ့ အနှစ်သာရက ဘာလဲဆိုတော့ နိုင်ငံမှာ ရှိနေတဲ့ လုပ်ငန်းတွေဟာ ပုဂ္ဂလိကကဏ္ဍက အများကြီး ပါဝင်ပတ်သက်ရမယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်က နိုင်ငံပိုင်၊ အခြေခံစီးပွားရေးစနစ်သည် နိုင်ငံက ပိုင်တယ်။ ပြည်သူပိုင်လို့ ခေါ်တယ်၊ နိုင်ငံပိုင် စီးပွားရေးစနစ်နဲ့ သွားခဲ့တာ။ အဲဒါကို ၈၈ ပြီးတဲ့ အခါကျတော့ နဝတ က ဈေးကွက်ကို အခြေခံတဲ့ စီးပွားရေးစနစ်ကို သွားမှာဖြစ်လို့ ပြောတဲ့အတွက်၊ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အင်္ဂါရပ်တခု ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေကို အမည်ခံအကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်။ အဲဒါက အနှစ်သာရပဲ။

နအဖတို့၊ နဝတတို့ တက်လာပြီးနောက်ပိုင်းမှာ အခုလိုမျိုး ပုဂ္ဂလိကပိုင်ပြုမှုတွေ ရှိခဲ့တာပေါ့။ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပိုင်ဆိုင်မှုတွေဟာ အများကြီးရှိတယ်၊ နိုင်ငံတကာမှာ။ ဆိုတော့ အဲဒါက ဈေးကွက်စီးပွားရေးစနစ်ရဲ့ ပေါ်လစီပေါ့။ အဲဒါကြောင့်မို့လို့ သူတို့တွေ နအဖတို့၊ နဝတတို့က အဲဒီ ပေါ်လစီနဲ့ညီအောင် ဆိုပြီးတော့မှ အခုလိုလုပ်တာ။ နဝတ စတက်တုန်းကကြည့်၊ မဆလခေတ်က သိမ်းထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေရှိတယ်။ နောက်တခါ လုပ်ငန်းတွေရှိတယ်၊ အဲဒါတွေကို ပုဂ္ဂလိက လုပ်ငန်းတွေအဖြစ် လွှဲပေးတယ်၊ ဥပမာ ရုပ်ရှင်ရုံတွေ သိမ်းထားတာကအစပေါ့ဗျာ။ ဒါတွေကို ပြန်လွှဲပေးတဲ့အခါမှာ စနစ်ကျအောင် ဆိုပြီးတော့မှ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာ ပုဂ္ဂလိကပိုင်ပြုရေး ကော်မရှင်ဆိုတာ ဖွဲ့ပေးတယ်။ အဲဒီကနေ ပေါ်လစီတွေ ချပေးတယ်။

ဒါတွေက လူမြင်ကောင်းအောင်ပေါ့ဗျာ။ အဲဒီကော်မရှင်ကနေပြီးတော့မှ လုပ်ငန်းတွေကို စိစစ်ပြီးတော့ ခွဲပေးတယ်။ ဒါက သူတို့ရဲ့ လုပ်ထုံးလုပ်နည်း သဘောပေါ့။ ဒါပေမယ့် တကယ်တမ်းကတော့ သူတို့လုပ်ချင်သလို၊ လွှဲချင်သလို လွှဲတာပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မန္တလေး ဘီယာစက်ရုံဆိုတာ အရင်တုန်းက နိုင်ငံပိုင်၊ ပြည်သူပိုင်ဖြစ်တော့ အဲဒီစက်ရုံကို စက်မှု ၁ ဝန်ကြီးဌာနအောက်ကဟာကို ပုဂ္ဂလိကပိုင်ဖြစ်တော့ Community အခြေစိုက် ဒေါ်ဝင်းမိ ကုမ္ပဏီဆိုလားမသိဘူး၊ အဲဒီကုမ္ပဏီကို လွှဲပေးတယ်။ အဲဒါက ပုဂ္ဂလိက ကုမ္ပဏီကိုးဗျ။ အဲဒီကုမ္ပဏီလုပ်လို့ မြတ်လည်း မြတ်လာရော စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက ပြန်သိမ်းတယ်။ ဒါကြောင့်မို့ သူတို့တွေ လုပ်ချင်တာကို အမည်ခံပြီး လုပ်တယ်လို့ ပြောတာပါ။

သူတို့တွေက ဒါကို လူမြင်ကောင်းအောင် သူတို့ ပေါ်လစီနဲ့ကိုက်အောင် လုပ်နေတာပါပဲ။ အရင်တုန်းကလို ပုဂ္ဂလိကကလုပ်ကိုင်လို့ အမြတ်ထွက်လာရင် သူတို့ ပြန်သိမ်းချင်ရင်သိမ်းမှာပဲ။ နောက်တခုက လူကြီးတွေရဲ့ သားသမီး၊ မိသားစုတွေ၊ သူတို့နဲ့နီးစပ်တဲ့ မိသားစုတွေက လက်ဝါးကြီးအုပ်တာပဲ။ ဥပမာ ကျောက်မျက်လုပ်ငန်းတွေကြည့်။ မိုးကုတ်၊ မိုင်းရှူး၊ ဗိုလ်ချုပ်တွေရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းပဲ။ သစ်လုပ်ငန်းကြည့်မလား၊ ဦးတေဇတို့ အဲလိုလူတွေပဲ လုပ်ခွင့်ရတာပဲ။ အဲဒါကြောင့် ဒီစနစ်ဟာ နိုင်ငံသားတွေအတွက် အကျိုးမရှိဘူး။

ပုဂ္ဂလိကပိုင် လုပ်တယ်ဆိုတာက ဒါကလုပ်ကိုလုပ်ရမယ့် ကိစ္စပဲ၊ သို့သော် ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးတဲ့အခါမှာ တယောက်နဲ့ တယောက် ယှဉ်ပြိုင်ခွင့် ပေးသလား၊ တင်ဒါခေါ်သလား။ သာတူညီမျှမှု မရှိဘူး။ ဥပမာပြောရရင် ဘောလုံးပွဲတပွဲမှာ ဒိုင်လူကြီးက တဖက်ကနေပြီး ဝင်ကန်ပေးနေတဲ့အတိုင်းပဲ။ အမှန်က ဒိုင်လူကြီးဆိုတာက ဆုံးဖြတ်ပေးရမှာလေ၊ အခုဟာက ဒိုင်လူကြီးက ဝင်ကန်နေတယ်။

အဲဒီသဘောပေါ့ဗျာ။ ဘက်လိုက်တယ်ပေါ့။ အဲဒါကြောင့် ပြောမယ်ဆိုရင် ဒါက နိုင်ငံအတွက်ရော ပြည်သူအတွက်ရော အကျိုးမရှိပါဘူး။
http://www.mizzimaburmese.com/interview/4744-2010-02-06-15-30-01.html

ဂျော်နီဗေဒါ....


Voice of Burma Issue No. 748, FEBRUARY 7, 2010

http://ifile.it/o0h3e9j VOB748KK

KIC January 2010 - Monthly Karen newsletter

http://ifile.it/c2h8unxKIC January 2010 - Monthly Karen news

The Voice ဂျာနယ် ၆ - ၁၄

http://ifile.it/rgxle0aThe Voice 6-14

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ဂျာနယ်


http://ifile.it/1nfvcox
ABMA Journal 07-02-2010