Monday, February 8, 2010

8 Feb ဒိုင်ယာရီ

http://ifile.it/e7q62ho 8 Feb Yeyintnge's Diary

အမှားမခံသော နယ်ခြားစောင့်ပြောင်းလဲရေး အာခံခြင်း

အမှားမခံသော နယ်ခြားစောင့်ပြောင်းလဲရေး အာခံခြင်း


မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် ၊ သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ၊ မွန်ပြည်သစ်ပါတီနှင့် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့များက နယ်ခြားစောင့်တပ်ပြောင်းလဲရေး အဆိုကို အာခံနေသည်မှာ တစ်နှစ်ခန့် အချိန်ကြာခဲ့လေပြီ။

၁၄ နှစ်ကြာရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံတော်တွင် လက်နက်ကိုင် တစ်ဖွဲ့သာရှိရမည် ဆိုသည့် မူ အရ မြန်မာစစ်တပ်မှ စစ်ဖက်ရေးရာအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က နယ်စပ်ဒေသများရှိ လက်နက်ကိုင်များ အားနယ်ခြား စောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် ၂ဝဝ၉ ခုနှစ် ဧပြီလ၂၈ ရက်နေ့ ကတည်းက တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သော်လည်း အခြေခံဥပ ဒေမှာ တိုင်းရင်းသားတို့ လိုလားချက်များကို လျစ်လျူရှုထားသည့် အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကို လက်မခံခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်အတွင်း နယ်ခြားစောင့်တပ် မပြောင်းလဲလိုသည့် လက်နက်ကိုင်အဖွဲ့များ စုစည်း၍ မြန်မာစစ်တပ်၏ရန်မှ ကာကွယ်နိုင်ရန် ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်တပ်ဦး အမည်ဖြင့် စစ်ရေးမဟာမိတ် ကိုတိုးချဲ. ဖွဲ့စည်းခဲ့သေးသည်။

နယ်ခြားစောင့်တပ်ပြောင်းလဲရေး အဆိုပြုခဲ့သည်မှာ တစ်နှစ်နီးပါးကြာလာသည့်တိုင် တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေး အတွက် လက်နက်မစွန့်လိုသောကြောင့် တစ်ဘက်၌ မြန်မာစစ်တပ်နှင့် ဆက်လက် ဆွေး နွေးနေပြီးအခြား တစ်ဘက်၌ စစ်ရေးပြင်ဆင်မှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။

နှစ် ၂ဝ ကြာ အပစ်ရပ်ထားသည့် မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တို့ နှစ်ဘက်ကြားတွင် တစ်နှစ်အတွင်း တွေ့ဆုံ ဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သော်လည်း အဖြေထွက် မလာသေးပဲ လိပ်ခဲတည်းလည်း ဖြစ်နေရာ ယခုအချိန် သည်နှစ်ဘက်စလုံး အတွက် အမှားအယွင်းမခံသော ကာလတစ်ခုဆီဦးတည် လျှက်ရှိသည်။

နယ်ခြားစောင့်တပ် မပြောင်းရေး အာခံခြင်းသည် မြန်မာစစ်တပ်က ကမ္ဘာသိပြောထားသော ၂ဝ၁ဝ ခုနှစ် အတွင်းကျင်းပ မည်ဆိုသော ရွေးကောက်ပွဲအတွက် အဟန့်အတားတစ်ခု ဖြစ်လျှက်ရှိရာထိုအခြေအနေမှာ အတိမ်းအ စောင်းမခံနိုင်ပဲ ဖြစ်နေရသည်။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ ကံကြမ္မာသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နက်ရိုင်းစွာ ဆက်စပ်တည်မှီနေ သဖြင့် အဖွဲ့တစ်ခုအတွင်း အပြောင်းအလဲသည် အခြားသော လက်နက်ကိုင်အဖွဲ့များအပေါ် အကျိုးသက်ရောက် မှု ရှိမည် ဖြစ်သည်။

ထို့အပြင် ဘဝတူများဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ အရှေ့ဘက်မျက်နှာစာတွင် သျှမ်းပြည်တပ်မ တော်နှင့် တောင်ဘက်၌ မိုင်းလားတပ်ဖွဲ့က တည်ရှိသဖြင့် ပထဝီအနေအထားအရ ဆက်စပ်နေပြန်သည်။

လွန်ခဲ့သည်နှစ် သြဂုတ်လကုန်ပိုင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ အဖွဲ့၏ မြောက်ဘက်တွင် တည်ရှိသော မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ အား မူးယစ်ဆေးဝါးနှင့်လက်နက် စက်ရုံတည်ရှိမှု အကြောင်းပြချက်ဖြင့် မြန်မာစစ်တပ်က အင်အားသုံး တိုက်ခိုက်ခဲ့သည်။


ထိုသို့တိုက်ခိုက်ပြီးနောက် မြန်မာစစ်တပ် လိုလားသူ အဖွဲ့၏ ပြိုင်ဘက်ခေါင်းဆောင် ပိုင်ဆုံချိန်အား မြှောက်စားကာနယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲစေခြင်းဖြင့် အာခံခြင်းကို အဆုံးသတ်စေခဲ့သည်။

ကိုးကန့်အဖွဲ့သည် စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး နယ်ခြားစောင့်တပ်ပြောင်းလဲရေးကို လက်မခံသောကြောင့် တိုက်ခိုက် ခဲ့သည်ဟု ဆိုကြသော်လည်း ၎င်း၏ မဟာမိတ်များက မြန်မာစစ်တပ်အား ပြန်တိုက်ခဲ့ခြင်းမရှိပဲ ကြေ ငြာချက်ထုတ်ပြန်ရုံ မျှသာ ပြုလုပ်ခဲ့သည်။

အကျိုးဆက်အားဖြင့် ကိုးကန့်နယ်မြေတစ်ခုလုံး မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်သို့ ကျရောက်ခဲ့ပြီး မြန်မာ စစ်တပ်များ ထိုနယ်မြေမှ ဆုတ်ခွာခြင်းမပြုတော့ပေ။

လပ်တလော၌ နယ်ခြားစောင့်အသွင်ပြောင်းရေးနှင့် မသက်ဆိုင်သော ပြဿနာများကိုလည်း အသွင်ပြောင်းရေးအာခံနေ သည့် လက်နက်ကိုင်အဖွဲ့များ ရင်ဆိုင်နေရသည်။

ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်လက်နက် ဝယ်ယူရန် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသည်ဟု ထုတ်ပြန်ထားပြီး မြန်မာ့အိမ်နီးချင်း ထိုင်း နိုင်ငံမှလည်း ၄င်း၏နိုင်ငံအတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများသည် လက်နက်ကိုင်အင်အား ၃ သောင်း ကျော်ရှိသော ဝတပ်ဖွဲ့မှ ထုတ်လုပ်ကြောင်း စွပ်စွဲထားသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော် အဖွဲ့အတွင်း၌လည်း ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရေးကို လက်ခံလိုသည့် အဖွဲ့နှင့် လက်မခံလိုသော အဖွဲ့များရှိနေသည် ဆိုသော ဂိုဏ်းကွဲရေး ဦးတည်သည့် သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။

လတ်တလော ပူပူနွေးနွေးဖြစ်ရပ်များမှာ ဇန်နဝါရီလ ၂၇ ရက်နေ့၌ သျှမ်းပြည်အတွင်းရှိ အပစ်ရပ် အမျိုးသားဒီမိုကရက်တစ် တပ်မတော် ခေါ် မိုင်းလားအဖွဲ့ မှ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံလိုက်ရပြီး တဆက်တည်း သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ရှိ ဝ တပ်ဖွဲ့ဆက်ဆံရေးရုံးအနီးတွင် လက်သည်မသိရသော မပေါက်ကွဲ သေးသည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။

ထိုဖြစ်ရပ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ကြုံတွေ့လာနိုင်သည့်ရှေ့ပြေးနိမိတ်များ သဖွယ်ဂယက် ထနေရာ လက်နက်ကိုင် အတွေ့အကြုံရှိသူများက တော်လှန်ရေး သတိကြီးစွာထားရမည့် အချိန်ဖြစ် သည်ဟုသတိပေး ပြောဆိုလာကြသည်။

ဦးမင်းအိမ် အသတ်ခံရသည့် အမှုတွင် မဟာမိတ် တိုင်းရင်းသား အဖွဲ့များအတွင်း အမြင်ရူပ်ထွေးလာ စေရန် ဖန်တီး၍မြန်မာ စစ်တပ်က အခွင့်ကောင်းကို အမြတ်ထုတ်ခဲ့သည်။

လုပ်ကြံသူများသည် မိုင်းလားမြို့ရှိ ဝ တပ်ဖွဲ့ပိုင် ဟိုတည်အတွင်း ဝင်ရောက်ထွက်ပြေး ပျောက်ကွယ် သွားသည် ဆိုသော ပြောဆိုမှုကြောင့် ဝ တပ်ဖွဲ့ခေါင်းဆောင်များ အပေါ် မြန်မာစစ်တပ်က တည်ဆဲဥပဒေအရ အရေးယူရန် သို့မဟုတ် နယ်ခြားစောင့်အသွင်ပြောင်းရေး ဖိအားပေးရန် အခွင့်အရေး ရရှိပေလိမ့်မည်။

လက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးမှာ ဘုံရည်မှန်းချက် ဖြစ်သော်လည်း အကျိုးစီးပွားခြား နားမှုကို အခြေခံကာ မြန်မာစစ်တပ်က လက်နက်ကိုင် တစ်ဖွဲ့ခြင်းစီအပေါ် ကိုင်တွယ်ချဉ်းကပ်ပုံ ကွဲပြားနေသည်။

မြန်မာစစ်တပ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ရန် အလားအလာ မရှိဟု ဆိုနေချိန်တွင် အခြားတစ်ဖက်၌ နိုင်ငံရေးအရ အောင်မြင်စွာ ဖြေရှင်းရန် နည်းလမ်းမှာလည်း မရှိ သလောက် ဖြစ်သောကြောင့် နောက်ထပ် ကျင့်သုံးလာနိုင်သော နည်းဗျူဟာမှာ လက်နက်ကိုင်များအဖို့ ထိ လွယ်ရှလွယ်အနေ အထားရှိနေသည်။

ဦးမင်းအိမ်လုပ်ကြံမှုသည် ခံစားမှုများကို ဖြစ်ပေါ်စေသော အကြောင်းအရာကို ဖန်တီးကာ အဖွဲ့များကြား စည်းလုံးညီညွတ်မှု နှင့် စိတ်ဓါတ်ရေးရာကို ပျက်ပြားစေသော အကြံအစည်၏ ကနဦး လုပ်ဆောင်ချက်အဖြစ် ကျွမ်း ကျင်သူများကသုံးသပ်ကြ သည်။

မြန်မာထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြုတ်ချခံရပြီးနောက်ပိုင်း တက်လာသည့် စစ်ဖက် ရေးရာလုံခြုံရေး အဖွဲ့သည် ပွဲဦးထွက်အနေဖြင့် နယ်ခြားစောင့်အသွင်ပြောင်းရေးကို ခေါင်းမာစွာ အာခံနေသော လက်နက်ကိုင်များအပေါ် အင်အားမသုံးပဲ လုပ်ပြချင်ဇော ထက်သန်နေပုံပေါ်သည်။

လုပ်ကြံသတ်ဖြတ်ရေးသည် လက်တွေ့တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကံကြမ္မာအလှည့်အပြောင်းအား ဖြစ်စေသော နည်းဗျူဟာ အဖြစ် ယူဆခြင်းရှိသော် တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် သွားလာ နေထိုင် စားသောက်မှု မှန်သမျှ သတိကြီးစွာထားရတော့မည် ဖြစ်သည်။
http://www.mongloi.org/burmese/2008-08-03-15-59-20/98-2008-08-03-15-56-21/679-2010-02-08-10-39-52.html

တောင်အာရှ ရွေတံဆိပ် ၂ ဆုရှင် မဇော်ဦးဖြူနှင့် တမိနစ်တာ

တောင်အာရှ ရွေတံဆိပ် ၂ ဆုရှင် မဇော်ဦးဖြူနှင့် တမိနစ်တာ

2/8/2010

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ကျင်းပ ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖွား ရခိုင်အမျိုးသမီး မဇော်ဦးဖြူမှ ရွှေတံဆိပ် ၂ ဦးဆုနှင့် ကြေးတံဆိပ် တခု ရရှိခဲ့သည်။

ဆုရရှိတဲ့ အပေါ်သူမရဲ့ ခံစားချက်ကို ယခုကဲ့သို့ ပြောသည်။

“ကျွန်မ ခုလို တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုတွေ အများကြီး ရရှိလိမ့်မယ်လို့ ကျွန်မ မမျှော်မှန်းခဲ့ပါဘူး။ မနေ့က နောက်ဆုံး ပြိုင်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွက် ရွေတံဆိပ် ၂ခု နဲ့ ကြေးတံဆိပ် တခု ဆွတ်ခူး ပေးနိုင်ခဲ့ အတွက် ကျွန်မ အတိုင်းမသိ ၀မ်းသာပါတယ်။ ခုလို ဆုတွေ ရရှိခဲ့တဲ့ အတွက် အထူးဝမ်းမြောက် သလို ကျွန်မ အပေါ် စေတနာထားပြီး ပြသပေးခဲ့တဲ့ ဆရာသမားတွေကိုလည်း အထူးကျေးဇူး တင်ပါတယ်။ ပီးတော့ ကျွန်မ လူမျိုးအတွက် လည်း ဂုဏ်ယူပါတယ်။”

ကရာတေးပြိုင်ပွဲတွေ စတင် ၀င်ရောက်လာပုံကိုလည်းသူမက အခုလို ပြောပါတယ်၊

“ကျွန်မဟာ ၁၉၉၇ ခုနှစ်ကပင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ကျင်းပတဲ့ ကရာတေး ပွဲတိုင်းမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်တွေကို ဆွတ်ခူးရရှိတာကတော့ ဒါဟာ ပထမဆုံး အကြိမ်ဘဲ ဖြစ်ပါတယ်။”

သူမရဲ့ မိဖနဲ့ သူမဆရာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကိုလည်း သူမက ခုလို ပြောပါတယ်။

“အဘ ဦးလှအောင် အမိ ဒေါ်သြဘာစိန် ဖြစ်ပါတယ်။ ကျွန်မရဲ့ ဆရာက ကရာတေးဆရာ ကိုသိန်းမောင် (စစ်တွေ) ဖြစ်ပါတယ်။ ဇာတိကတော့ စစ်တကောင်းတောင်တန်းနယ် ရွာတော်မြို့ ဖြစ်ပါတယ်။”

မဇော်ဦးဖြူသည် တဦးချင်း ကရာတေးပြိုင်ပွဲတွင် ရွေဆံဆိပ်ဆုတခု၊ သုံးယောက်တွဲပြိုင်ပွဲတွင် ရွေတံဆိပ်ဆု ၁ ခုနှင့် ၅၅ ကီလိုတန်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တခုရရှိခဲ့သည်။

အလားတူ စစ်တကောင်း တောင်တန်းနယ်မှ မဦးသန်းနုမှာ သုံးယောက်တွဲ ပြိုင်ပွဲတွင် ရွေတံဆိပ် တဆု ဆွတ်ခူးရရှိခဲ့သည်။ သူမ၏ ဖခင်မှာ ဦးအောင်ထွီး အမိ ဒေါ်လှမဖြူ ဖြစ်သည်။

ဆုရရှိသူ နှစ်ဦးစလုံးမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ခေါ်)ရွာတော်ခရိုင်၊ လမားမြို့နယ်တွင် တည်ရှိသော ကျောက်တန်းကျေးရွာ မဟာမုနိ ပရဟိတ စာသင်ကျောင်းမှ ဒါရိုက်တာ ကိုသိန်းမောင်၏ တပည့်များ ဖြစ်သည်။
http://www.narinjara.com/detailsbur.asp?id=2310

အလွမ်းစကား


လွမ်းစကား

acadamy


စာရေးဆရာကြီးမောင်သာရက စမ်းစမ်းနွဲ့ (သာယာဝတီ) ကို လောကကို မာနနဲ့ ကြည့်တယ်။ မိုးမိုး (အင်းလျား) က လောကကို သံဝေဂနဲ့ ကြည့်တယ်။ မစန္ဒာက လောကကို ဟာသနဲ့ ကြည့်တယ်လို့ စာရေးဆရာမများရဲ့ စာကိုကြည့်ပြီး အခုလို မှတ်ချက်ချပေးဖူးပါတယ်။ ကျမကြိုက်နှစ်သက်ခဲ့တဲ့ စာရေးဆရာမများပါ။ သူတို့စာပေတွေနဲ့ ကျမတို့ လူငယ်ဘဝကို ကြီးပြင်းခဲ့ရပါတယ်။

ဒီနေ့ စာရေးသူ ကျမ အထက်ပါစာရေးဆရာမ ၃ ယောက်လုံးအတိုင်း လောကကို မာန၊ ဟာသ၊ သံဝေဂ ၃ ခုစလုံးနဲ့ ကြည့်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေရပါတယ်။ ဒုက္ခသည်စခန်းမှာ ကျမတို့ဒုက္ခသည်တွေဟာ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းကြီးနဲ့ အဝေးဆုံးနေရာကို ရောက်နေရပါတယ်။ စခန်းထဲကို အလည်လာသူ၊ တာဝန်နဲ့လာသူ၊ လေ့လာသူတွေရဲ့ မျက်ဝန်းတွေထဲမှာ သနားကြင်နာရိပ်၊ စိတ်မကောင်းတဲ့ အရိပ်တွေ ဖြတ်သန်းသွားတိုင်း ကျမတို့ကိုယ်တိုင် နာကြင်ရတယ်။ တာဝန်ရှိသူတွေရဲ့ ကားလာတိုင်း ဘာများထူးမလဲဆိုပြီး စခန်းအုပ်ချုပ်ရေးရုံးရှေ့ကို မယောင်မလည်သွားပြီး နားစွင့်နေကြတဲ့သူတွေကို မြင်တိုင်း စိတ်ထိခိုက်ရတယ်။

နိုင်ငံရေးအကျဉ်းသမားဟောင်း ခင်ပွန်းသည် ကလေးမြို့ အကျဉ်းထောင်က ပြန်လွတ်လာတော့ ထောင်တွင်း အတွေ့အကြုံတွေကို ပြောပြဖူးတယ်။ ဒီထဲကမှ အကျဉ်းထောင်ထဲကို အကျဉ်းဦးစီးက ညွှန်မှူးတွေ၊ အရာရှိတွေ လာရင် နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ အခန်းကိုလာပြီး ဘာများပြောချင်ပါလဲဆိုပြီး မေးတတ်တယ်။ သံတိုင်ရှေ့ကနေ အကျဉ်းခန်းထဲကသူကို ကြည့်တဲ့ မျက်လုံးစကားလုံးတွေက တိရစ္ဆာန်ရုံကို အလည်သွားတဲ့ သူတွေ၊ လှောင်အိမ်ထဲက တိရစ္ဆာန်တွေကို ကြည့်တဲ့ မျက်လုံးမျိုးလို့ ပြောဖူးတယ်။ ထောင်က လွတ်လာပြီး တိရစ္ဆာန်ရုံကို မသွားတော့သလို၊ တိုင်းရင်းသားကျေးရွာအကြောင်း တီဗီမှာလာရင်တောင် သူမကြည့်နိုင်ဘူး။ တိုင်းရင်းသားတွေ သူတို့ရဲ့ ရိုးရာအိမ်တွေပေါ်မှာ ရိုးရာအဝတ်အစားတွေဝတ်၊ ရက်ကန်း၊ ဂျပ်ခုတ်ရက်ပြနေတာကို စိတ်ဝင်တ စားကြည့်နေတဲ့လူတွေ မြင်ရင် သူမခံစားနိုင်ဘူးတဲ့။ ထိလွယ်ရှလွယ်တဲ့ စိတ်ဒဏ်ရာနဲ့ ခင်ပွန်းသည်စကားကို အခုမှ ကျမ ပိုပြီးထောက်ခံမိတယ်။

လူ့အဖွဲ့အစည်း အသိုင်းအဝန်းနဲ့ ဝေးနေရတဲ့ ကျမ၊ ကျမဖြတ်သန်းဖူးတဲ့ ချစ်ခင်နှစ်လိုဘွယ်ရာ လူ့အဖွဲ့အစည်းကို ဒုက္ခသည် တဲစခန်းလေးထဲကနေ ပြန်လည်တမ်းတမိနေရတာ နေ့စဉ်နဲ့အမျှပါ။ ကျမရဲ့ ဘဝအချိုးအကွေ့ တခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်အဖြစ် ဝေးလံခေါင်သီတဲ့ စစ်ကိုင်းတိုင်း ကလေးထောင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့ရတဲ့ ဆယ်စုနှစ်ချီတဲ့ ထောင်ဝင်စာခရီးကို ပြန်တွေးတိုင်း လက်ရှိဘဝကို ရင်ဆိုင်နိုင်ဖို့ ခွန်အားဖြစ်ရပါတယ်။ ကလေးမြို့က ကျမရဲ့ ဒုတိယဘဝကို မွေးဖွားပေးခဲ့တာပါ။ ရန်ကုန်ကနေ ကလေးအကျဉ်းထောင်ကို ထောင်ဝင်စာသွားတွေ့ရတဲ့ ခရီးမှာ တွေ့ကြုံခံစား၊ သိမြင်ရတာတွေက ကျမကို စာရေးသူဖြစ်အောင် တွန်းအားပေးခဲ့ပါတယ်။ ဘာသာတရားနဲ့ နီးစပ်ခွင့်၊ လူလူချင်း လေးစားစောင့်ရှောက်၊ ကူညီအားပေးမှုတွေက ထောင်ဒဏ် ၁၄ နှစ်ဆိုတဲ့ ထောင်ဝင်စာခရီးကို ဖြတ်သန်းနိုင်ဖို့ မြို့လူထုက ကျမကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ်။

ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း၊ ဒေါ်ကြည်ကြည်မြင့်တို့ အိမ်မှာ ကျမတည်းခိုရင်း ထောင်ဝင်စာတွေ့ရပါတယ်။ ဒေါက်တာသိန်းဝင်းက ၂ဝဝ၅ မတ်လ ၁၅ ရက်နေ့မှာ ဆုံးသွားရှာပါပြီ။ ဆရာ့ဇနီးဒေါ်ကြည်ကြည်မြင့်က ကျမကို သူတို့အိမ်မှာ တည်းခိုနိုင်တယ်လို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ ဆရာနဲ့ ဒေါ်ကြည်ကြည်မြင့်က ရတနာပုံထီဆိုင် ဖွင့်ထားပါတယ်။ သဘောကောင်း ဖော်ရွေသူများမို့ သူတို့အိမ်မှာ ရပ်ဝေးရပ်နီး ဧည့်သည်မပြတ်ပါဘူး။ ကျမတို့လို ထောင်ဝင်စာတွေ့တဲ့ ရပ်ဝေးဧည့်တွေအပြင်၊ ကလေးမြို့ပေါ်က အိမ်နီးချင်းဧည့်တွေ၊ ဂန့်ဂေါခရိုင်နယ်တဝိုက်က ထီကိုယ်စားလှယ်ဧည့်တွေ မပြတ်ပါဘူး။ ထမင်းချိန် ထမင်း၊ ကော်ဖီချိန် ကော်ဖီ ဧည့်ခံသလို လက်ဖက် အစိတ်သားထုပ်ကို ပဲဆီစစ်စစ်နဲ့နှပ်ပြီး အကြော်စုံနဲ့ ဧည့်ခံတာ ၂ ရက်ဆို ကုန်တဲ့အထိ ဧည့်များပါတယ်။

ဆရာနဲ့ ဒေါ်ကြည်ကြည်မြင့်တို့ရဲ့ သမီးရတနာတွေထဲက ဗျားစိန် ခေါ် မီမီလွင်က ဗြူတီပါလာ ဖွင့်ထားတာမို့ အသက်အရွယ်စုံတဲ့ မိန်းမပျို၊ မိန်းမကြီးတွေလည်း နေ့စဉ်လာရတဲ့ အိမ်ပါ။ ဒီတော့ သတင်းစကားတွေလည်း အစုံရှိပါတယ်။ ဒါကြောင့်လည်း သတင်းဌာနအသီးသီးက နေ့စဉ် သတင်းယူရတဲ့ အိမ်လည်း ဖြစ်ပါတယ်။ ကျမတို့လို ထောင်ဝင်စာဧည့်သည်ကိုလည်း အိမ်လာတဲ့လူတိုင်းက အားပေးစကားပြောပြီး သူတို့ တတ်နိုင်တာလေးတွေနဲ့ ထောင်ဝင်စာပစ္စည်းကိုလည်း ပံ့ပိုးတတ်ပါတယ်။ ကလေးမြို့လူထုက ဗမာစစ်စစ်တွေနဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့မြို့ပါ။ ထူးခြားတာကတော့ ကလေးမြို့သူ၊ မြို့သားအားလုံး စကားကြွယ်ခြင်းနဲ့ ကြင်နာသနားတတ်ခြင်းပါပဲ။ နောက်ပြီး အနုပညာကို ချစ်ခင်မြတ်နိုးတတ်ကြပါတယ်။ အနုပညာသမားကို တခြားပရိသတ်နည်းတူ ချစ်တာထက် ပိုပါတယ်။

ကလေးမြို့ရဲ့ ထူးခြားချက်တွေထဲမှာ လေယာဉ်ကွင်းက မြို့ထဲမှာဖြစ်နေခြင်းနဲ့ မြို့ကို အနားသတ်ထားတဲ့ မြစ်သာမြစ်က ပြောင်းပြန်စီးသလို၊ တောင်ကဖီလာ ဖြစ်နေပါတယ်။ မြစ်ကပြောင်းပြန်၊ တောင်ကဖီလာ၊ လူကကန့်လန့်လို့ ကလေးမြို့နဲ့ မြို့လူထုကို တင်စားကြပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ လူတွေကလည်း ကန့်လန့်လည်း လုပ်ချင်ကြပါတယ်။ အဲဒီကန့်လန့်ထဲက အနုပညာချစ်စိတ်နဲ့ ဖြစ်ပေါ်လာတဲ့ အကြောင်းလေးတွေ ကျမ ပြောပြချင်ပါတယ်။ အကယ်ဒမီပေးပွဲအကြောင်းလေး အရင်ပြောပြပါမယ်။ ၂ဝ၁ဝ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာနိုင်ငံမှာ အကယ်ဒမီပေးပွဲအကြောင်း ရေဒီယိုသတင်းတွေမှာ ကျမ နားထောင်ရတော့ အကယ်ဒမီပေးပွဲကို တီဗီတွေရှေ့မှာ စောင့်ကြည့်နေမယ့် နိုင်ငံတဝှန်းက ရုပ်ရှင်ချစ် ပရိသတ်တွေကို ကျမ သတိရမိတယ်။ တီဗွီရှေ့မှာ စောင့်မျှော်နေတဲ့ ပရိသတ်ထဲမှာ ကျမ ပါဝင်ခွင့် မရတာကိုတော့ ဝမ်းနည်းရပါတယ်။

ကျမ မှတ်မိနေတဲ့ အကယ်ဒမီပေးပွဲကတော့ “နှလုံးလှလူမိုက်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မင်းမော်ကွန်း အကယ်ဒမီရတဲ့ နှစ်ပါ။ အဲ့ဒီအချိန်က ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင်၊ ဧည့်သည်ပရိသတ် ၂ဝ ကျော် ပါတယ်။ မဗျားစိန်က မင်းမော်ကွန်းကို သိပ်ကြိုက်သူပါ။ ဒီတော့ နှလုံးလှလူမိုက်မှာ မင်းမော်ကွန်း အကယ်ဒမီရမယ်လို့ ခိုင်ခိုင်မာမာ ပြောပါတယ်။ ဖန်သားပြင်မှာ မင်းသား၊ မင်းသမီးတွေကို ပြလိုက်၊ ကြော်ငြာဝင်လိုက်၊ ကြော်ငြာများနေပါတယ်။ အကယ်ဒမီပွဲကိုလာတဲ့ မင်းသားမင်းသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး ဘယ်သူတော့ အကယ်ဒမီရမယ်။ ကြည့်ပါလား၊ အဲဒီမင်းသမီး သဇင်ပန်းတွေ ပန်လာတာလို့ မိန်းမတွေပီပီ ဝေဖန်ရေးတွေလည်း ပေးကြတာပေါ့။

ဒီထဲမှာ အကယ်ဒမီ တစ်ကြိုပေးတဲ့ နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်အရ လူသတ်ရတာ ၃ ယောက်ပါ။ ဒီလို စိတ်မြန်လက်မြန်ရှိပေမယ့် သူ့အကို တရားသူကြီး နေအောင်ကို ကျောက်ကပ်လှူရတဲ့ ညီတယောက်ပါ။ အကိုကြီးကို အသိမပေးဘဲ လှူတဲ့လူ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့နဲ့အတူ အကယ်ဒမီပွဲကို ကြည့်နေတဲ့ ပရိသတ်ထဲက မခင်စန်းထွေးက မင်းမော်ကွန်း အကယ်ဒမီမရနိုင်ဘူးလို့ ပြတ်ပြတ်သားသား ဝေဖန်ပါတယ်။ ဗျားစိန်က သူ့ဘက်လှည့်ပြီး “တကယ်လို့ မင်းမော်ကွန်း အကယ်ဒမီရရင် ခင်ဗျားကို ဘာလုပ်ရမလဲ” လို့ မေးလိုက်ပါတယ်။ ဒီတော့ မခင်စန်းထွေးက “ကြိုက်သလိုလုပ်၊ ဇက်ဖြတ်ခံတယ်။ မင်းမော်ကွန်း မရဘူး။ လူသတ်တဲ့လူကို အကယ်ဒမီ မပေးဘူး” လို့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူ လေသံအတိုင်း ပြောပါတယ်။ သူတို့ ၂ ဦး ငြင်းနေတာကိုကြည့်ပြီး ကျမတို့ပါ ဝိုင်းပြီး ငြင်းကြခုန်ကြတော့တာပေါ့။ ဗျားစိန်ကလည်း သူ့မင်းသားကို လူသတ်သမားလို့ ပြောရပါ့မလားလို့ စိတ်ဆိုး။ မခင်စန်းထွေးကလည်း သူသိထားတဲ့ ရုပ်ရှင်အစည်းအရုံးမူနဲ့ ကိုင်ပေါက်ပေါ့။

အဲဒီ့အချိန်မှာပဲ စကားသံတွေ တိတ်သွားတယ်။ အဲဒါကတော့ မီးပြတ်သွားလို့ပါ။ ဒီအချိန်မှာပဲ “ဒုတ်မီးပေး၊ ဒုတ်မီးပေး မီးစက်သွားမောင်းမယ်” လို့ ဗျားစိန်က ပြောပါတယ်။ “ဒုတ်မီး” ဆိုတာ လက်နှိပ်ဓာတ်မီးကို ပြောတာပါ။ ဗျားစိန် မီးစက်မောင်းတာကို ဒုတ်မီးလိုက်ပြသူက မခင်စန်းထွေးပါ။ မီးစက်မောင်းလို့လာတဲ့ မီးနဲ့ ကျမတို့ အကယ်ဒမီဆုပေးပွဲကို ဆက်ကြည့်ကြပါတယ်။ မင်းသားဆုကို နှလုံးလှလူမိုက် ရုပ်ရှင်ကားမှာ မင်းမော်ကွန်းက ရရှိသွားပါတယ်။ လက်ခုတ်လက်ဝါးတီးပြီး ထအော်တဲ့အထဲမှာ မခင်စန်းထွေးလည်း ပါပါတယ်။

မင်းမော်ကွန်း အကယ်ဒမီရရင် စဥ့်နှီတုံးပေါ် ခေါင်းတင်ပေးမယ်။ ဖြတ်ဆိုတဲ့ မခင်စန်းထွေးကို ဗျားစိန်ကလည်း မဖြတ်ခဲ့ပါဘူး။ မခင်စန်းထွေးလည်း စဥ့်နှီတုံးပေါ် ဇက်တင်မပေးနိုင်ပါဘူး။ အကယ်ဒမီရသွားတဲ့ မင်းမော်ကွန်းရဲ့ အကောင်းဆုံး ပြကွက်တွေကို ပြတော့ တီဗီဖန်သားပြင်ရှေ့ ပရိသတ်ထဲမှာ ဗျားစိန်နဲ့ မခင်စန်းထွေးတို့ ငိုနေကြပါပြီ။ သူတို့နဲ့အတူ ငိုနေတာကတော့ ဒေါ်တုတ်ကြီးပါ။ ဗျားစိန်တို့ အိမ်ရှေ့ မျက်စောင်းထိုးအိမ်မှာနေတဲ့ ဒေါ်တုတ်ကြီးက နာမည်နဲ့လိုက်အောင် ဝဝတုတ်တုတ်၊ ထောင်ထောင်မောင်းမောင်းကြီးပါ။ ခန္ဓာကိုယ် ကြီးသလောက် အသည်းနှလုံးက သိပ်ကို နုနယ်သူပါ။ ငိုတာတောင်သူများလို လူမသိအောင် ခိုးငိုတာ မဟုတ်ပါဘူး။ မျက်ရည်ကျိတ်ပြီး သုတ်တာမဟုတ်ပါဘူး။ ဝတ်ထားတဲ့ လုံချည်ကိုဖြည်ပြီး အထက်ဆင်နဲ့ နှပ်ညှစ်မျက်ရည်သုတ်ပါတယ်။ ဖန်သားပြင်က မင်းမော်ကွန်းကို ဂရုဏာဒေါသောနဲ့ပြောတဲ့ ဗျားစိန်စကားကို သူက ငိုသံနဲ့ချေပပါတယ်။

“မောင်မင်းလည်း အဖမ်းခံရမှာပေါ့ကွယ်။ မင်းကလည်း လူသတ်တာ ၃ ယောက်ကိုးကွယ့်”

“သတ်မှာပေါ့ကွယ့်၊ သူက လူဖြောင့်စိတ်တိုကိုး”

ဟုတ်ကဲ့။ အဲဒီလို အကယ်ဒမီပေးပွဲကို ကျမတို့တွေ တရုန်းရုန်းနဲ့ကြည့်ပြီး စိတ်ထဲရှိတဲ့အတိုင်း ပြောကြဆိုကြ၊ ငြင်းကြခုန်ကြနဲ့ ကြည့်ခဲ့ရပါတယ်။ ကျမတို့ မြန်မာလူမျိုးများက သနားကြင်နာတတ်တဲ့ လူမျိုး၊ လူ့အဖွဲ့အစည်းနဲ့ မခွဲမခွာရှိတတ်တဲ့ လူမျိုးပါ။

ဒီထဲကမှ အနုပညာကို ချစ်မြတ်နိုးတဲ့ ကလေးမြို့က ပါဝါ ရေဆေးဆီလိုက်၊ ကားလုပ်ငန်းရှင် ကိုပေါက်စအကြောင်းကို ကျမ နားထောင်ပြီး ရုပ်ရှင်တေးကဗျာမှာ “ဝန်ကြီးရောင်းတဲ့ ပူစီပေါင်း” ဆိုပြီး ဝတ္ထုတို ရေးဖူးတယ်။ ကိုပေါက်စက ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းကို သွားစဉ်အခါက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ အသုံးပြုတဲ့ မော်တော်ယာဉ်တွေကို စနစ်တကျ ပြင်ဆင်ပေးခဲ့တဲ့ ပညာရှင်တဦးလည်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီစာမူရေးပြီး စာပေစိစစ်ရေး တင်ချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဝန်ကြီးရာထူး ရသွားတာမို့ ကျမဝတ္ထုကို စာပေစိစစ်ရေးက ပယ်ချလိုက်ပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်က ရုပ်ရှင်တေးကဗျာအတွက် ဝတ္ထုစာမူတွေ ရွေးချယ်ပေးရတာပါ။ ကျမတို့ စာရေးသူတွေအတွက် အယ်ဒီတာစားပွဲကိုဖြတ်ပြီး အရွေးချယ်ခံရလို့ လွတ်လွတ်ကျွတ်ကျွတ် ဝမ်းသာလို့ မရပါဘူး။ စာပေစိစစ်ရေးက စာရေးသူကို ဓားမိုးထားတာပါ။

ကျမ အဲဒီဝတ္ထုရေးဖြစ်တဲ့ အကြောင်းအရာက ဒီလိုပါ။ ရတနာပုံအိမ်ရဲ့ ဧည့်သည်တွေထဲမှာ ကလေးမြို့သားကို ပေါက်စက အမြဲဝင်ထွက်နေသူတယောက်ပါ။ ကျမနဲ့ သက်တူရွယ်တူလည်း ဖြစ်ပါတယ်။ စကားကို ကတ်ကတ်သတ်သတ် ပြောတတ်ပေမယ့် စိတ်ရင်းကောင်းပါတယ်။ ကျမတို့ အကျဉ်းကျမိသားစုတွေ စာနာနားလည်ပြီး ကူညီသူလည်း ဖြစ်ပါတယ်။ သူ့အကြောင်း ဗျားစိန်တို့က ပြောပြသလို သူကိုယ်တိုင်လည်း သူခံစားရတဲ့ အနုပညာအကြောင်း၊ အနုပညာရှင်တွေအကြောင်း အခုလို ပြောပြဖူးပါတယ်။ ဒါကို အခြေခံပြီး ကျမ ဝတ္ထုရေးခဲ့တာပါ။ သူပြောတဲ့အကြောင်း နားထောင်ကြည့်ပါဦး။

“ကျနော်တို့ ကလေးမြို့ကို မရောက်ဖူးတဲ့သူတွေက တောင်ကြိုတောင်ကြားဆိုပြီး အထင်သေးကြတယ်။ လာတဲ့ဇာတ်ပွဲတွေက ကန့်လန့်ကာဆို အစုတ်၊ ဇာတ်ဝင်ခန်းအတွက် တောကားတောင်ကား နှစ်ခုလောက်ပဲ ယူလာကြတယ်။ ကျနော်တို့မြို့က ပွဲကြိုက်တယ်ဗျ။ စတိတ်ရှိုးဆိုလည်း ကြိုက်တယ်။ ပွဲသွင်းလို့ ဘယ်မြို့မှာပဲ ရှုံးရှုံး ကျနော်တို့မြို့ရောက်ရင် ရုံပြည့်ရုံလျှံပဲ။ တခါတော့ ကျနော်ကြိုက်တဲ့ ကျေးလက်အဆိုတော်ကြီး ဦးစီးတဲ့ပွဲ လာကရောဗျ၊ ကျနော့်မိန်းမက ဒုတိယကလေး မွေးပြီးစအချိန်။ ဒီတော့ ကျနော့်ကို ပွဲမသွားစေချင်ဘူး။ ဒါပေမဲ့ ကျနော် ပွဲကြိုက်တာကိုလည်း သိတော့ ကလေး ဝေယျာဝိစ္စ အကုန်လုပ်ပေးခဲ့။ ကလေးအိပ်မှ သွားလို့ ပြောတယ်။ ကျနော် ပွဲခင်းထဲရောက်တော့ အော်ပဒါ ကနေပြီ။ ဗျတ်ဝိ၊ ဗျတ်တနဲ့ မအိုဇာ ဇတ်လမ်းဗျာ။ လူသတ်ကုန်းရဲ့ ကားစင်မှာ ရောက်နေတဲ့ ဗျတ်ဝိကို မအိုဇာက ကွမ်းတရာ၊ ရေတမှုတ် တိုက်ရတဲ့အခန်း။ ပွဲခင်းထဲမှာ ပရိသတ်က ညို့နေတာပဲ။ ဇာတ်လမ်းအရ သနားပြီး ငိုတဲ့သူက ငိုကြပြီ။ ဇာတ်စင်ပေါ် ကြည့်လိုက်တော့ဗျာ၊ ကားစင်ပေါ်က ဗျတ်ဝိက ဝေါကင်းရှုးစီးပြီး ဂျင်းဝေ့စကုတ် ဝတ်ထားတယ်။ မအိုဇာက စတီးရေခွက်နဲ့ ရေတိုက်နေတယ်။ သတ်မိန့်ပေးတဲ့ ဝန်ကြီးလက်မှာ နာရီနဲ့။ ကျနော့်ရင်ထဲ ဖျဉ်းခနဲ ဖြစ်သွားတယ်။ ဒါ .. ငါတို့မြို့ကို စော်ကားတာ။ ငါတို့ခံစားတတ်တဲ့ အနုပညာကို အထင်သေးတာဆိုတဲ့ မခံချင်စိတ်က ရင်ထဲလှိုက်လာတယ်။ အဲဒီအချိန်မှာ ကျနော် စိတ်မထိန်းနိုင်တော့ဘူး။

“ဟေ့ ….. ငါတို့မြို့ကို မစော်ကားနဲ့။ ဗျတ်ဝိဗျတ်တခေတ်မှာ ဝေါကင်းရှုး မရှိဘူး။ ဂျင်းဝေ့စကုတ် မရှိဘူး။ လက်ပတ်နာရီ မရှိဘူး” လို့ ထအော်လိုက်တယ်။ ဘာပြောကောင်းမလဲ။ ပွဲရုံတခုလုံး မီးတွေလင်းသွားတယ်။ ဝန်ကြီးတို့၊ မအိုဇာတို့၊ ဗျတ်ဝိတို့ ရုံနောက်ပြေးကြရော။ အဲဒီညက ပွဲပျက်သွားတယ်။ ပွဲလုံခြုံရေးက ကျနော့်ကို ဆူပူမူနဲ့ ကလေးမြို့ ရဲစခန်းမှာ တညသိပ်လိုက်တယ်။ မနက်မိုးလင်းတော့ ပြန်လွှတ်ပေးတယ်။ ကျနော် အိမ်ကိုပြန်တဲ့ လမ်းမှာဈေးကို ဖြတ်ရတယ်။ ဈေးရှေ့ရောက်တော့ ပူစီပေါင်းရောင်းတဲ့သူကို မြင်လိုက်တယ်။ ဘယ်သူလို့ ခင်ဗျားထင်လဲ။ ညက ဗျတ်ဝိကိုသတ်ဖို့ အမိန့်ပေးတဲ့ ဝန်ကြီးဗျ''

ကျနော်က သူ့နားသွားပြီး ခင်ဗျားတို့ ညက ဇာတ်ပွဲပျက်သွားတယ်မို့လား။ ဘယ်သူဖျက်တာလဲ၊ ခင်ဗျားသိလားဆိုတော့ မသိဘူးတဲ့။ ကျနော်က ရင်ဘတ်ပုတ်ပြပြီး ကျုပ်ဗျလို့ပြောတော့ ဆိုင်းထမ်းလေး ပုခုံးပေါ်တင်ပြီး ပြေး မယ်လုပ်တယ်။ သူ့ဆိုင်းထမ်းကို ကျနော်က ဆွဲထားလိုက်တယ်။ “မလုပ်ပါနဲ့ဗျာ၊ ကျနော် ညကြေးနဲ့မလောက်လို့ ရောက်တဲ့မြို့မှာ ပွဲကပြီးရင် ပူစီပေါင်းမှုတ်ရောင်းရတာပါ။ ကျနော့်မှာ ကလေး ၃ ယောက် ရှိပါတယ်” လို့ ပြောတယ်။

“ခင်ဗျားတို့ပွဲကရင် တညတည ကြေးဘယ်လောက်ရလဲ” မေးတော့ သူခေါင်းငုံ့သွားတယ်။ ပြီးတော့ တိုးတိုးဖြေတယ်။ တည ၃ဝဝ တဲ့။ ကျနော် သူ့ကို အပြစ်မပြောနိုင်တော့ဘူး။ ခင်ဗျား ချတတ်လားလို့ ပါးစပ်ကို လက်မနဲ့ စိုက်ပြလိုက်တယ်။ ဒီတော့ သူက ခေါင်းညိတ်တယ်။

“နှင်းပုလဲစားသောက်ဆိုင်မှာ ခင်ဗျားကြိုက်တာမှာ၊ ကြိုက်တာစား။ ကိုပေါက်စ ရှင်းမယ်သာ ပြောလိုက်။ ခင်ဗျား ပူစီပေါင်း ကျနော် ရောင်းထားမယ်” ဆိုတော့ အံ့သြသွားတဲ့ သူ့မျက်နှာကို ပြချင်တယ်။ အဲဒီနေ့ဈေးမှာ ကျနော် ပူစီပေါင်းရောင်းနေတာကို မိန်းမကိုသွားပြီး တိုင်တဲ့လူလည်း ရှိတယ်။ကျနော့်ကို ကြည့်မရတဲ့သူတွေ ဝမ်းသာတာလည်း ရှိတယ်။ သနားပြီး ဝယ်တဲ့သူလည်း ရှိတယ်။ ကျနော်တို့ ကလေးမြို့က အဲလိုပါဆို။

ဒီလိုချစ်စရာကောင်းတဲ့ ကလေးမြို့လေးကို ကျမ လွမ်းနေရတယ်ဆို လွန်တယ်လို့ မထင်ပါဘူးနော်။ ၂ဝဝ၈ ခုအတွက် ၂ဝ၁ဝ ဇန်နဝါရီလ ၆ ရက်နေ့မှာပေးတဲ့ အကယ်ဒမီပွဲကို ရုပ်ရှင်ချစ်သူတွေ ဘယ်လိုများ ထင်ကြေးပေးပြီး ငြင်းခုန်ကြမလဲလို့ ကျမ သိချင်လိုက်တာ။

ကျမတို့ မြန်မာနိုင်ငံက ရုပ်ရှင်သဘင် အနုပညာရှင်တွေ ဝမ်းဝလို့ ခါးလှနိုင်ကြပါစေ။
http://www.mizzimaburmese.com/edop/songpa/4749-2010-02-08-09-49-13.html

ဥပဒေ၏ အထက်တွင် ရောက်နေသူများ


ဥပဒေ၏ အထက်တွင် ရောက်နေသူများ

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် တရားစီရင်ရေး စနစ် ခေတ်အမီဆုံး နိုင်ငံ ဖြစ်သည်ကို စစ်အုပ်ချုပ်ရေး လက်အောက် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသော မြန်မာနိုင်ငံသား အများစုက သတိပြုမိခြင်း မရှိတော့ပါ။

အုပ်ချုပ်ရေးပိုင်းက စိန်ခေါ်မှုကို တရားရုံးများက ကြောက်စရာမလိုခဲ့ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေကို “အလယ်အလတ် အတွေးအခေါ်၊ အဘက်ဘက်က သုံးသပ်ဆင်ခြင်သည့် စိတ်ထား” ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုသင့်သည်ဟု ဗဟိုတရားရုံးက ကြေညာခဲ့ဖူးပါသည်။

ရန်ကုန်အစိုးရကို လက်နက်ကိုင် ပုန်ကန်မှုများ ၁၉၄၀ ပြည့်လွန် နှောင်းပိုင်းကာလတွင် ဖြစ်ပွားချိန်တွင်ပင် မည်သူတဦးတယောက်ကိုမျှ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းခြင်း မပြုရဟု ဗဟို တရားရုံးက ရဲတပ်ဖွဲ့ကို အမိန့် ထုတ်ခဲ့သည်။

တရားရေးစနစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့ရာမှ လက်ရှိကာလတွင် စစ်တပ်ကို အကာအကွယ်ပေးနေသည့် အဆင့်သို့ လျောကျသွားမှုသည် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းအပြီး တရားသူကြီးချုပ် ဦးမြင့်သိန်းကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်သည် ၀န်ကြီးချုပ်ဟောင်းဦးနုကို ပေးသော ပြစ်ဒဏ်ထက်ပင် ပို၍ များနေသည်။

၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲစဉ်က ဦးနေ၀င်းသည် အစိုးရနှင့် တရားရေးမဏ္ဍိုင်အကြား ခြားထားသည့် ကျန်ရှိနေသော စည်းမျဉ်းများကို ဖျက်သိမ်းခဲ့သည်။ ဦးနေ၀င်းသည် ပြည်သူ့တရားသူကြီးကောင်စီကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုတရားရုံး၏ နေရာတွင် အစားထိုးခဲ့သည်။ တရားရုံးများက မြန်မာပြည်သူများ၏ အခွင့်အရေးကို အကာအကွယ်ပေးရေးထက် ဆိုရှယ်လစ်စနစ်ကို အကာကွယ်ပေးရန် ထိုအခြေခံဥပဒေတွင် ရေးဆွဲထားသည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဗဟိုတရားရုံးကို ပြန်လည် အသက်သွင်းခဲ့သော်လည်း တရားသူကြီးများသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အကျိုးကိုသာ ထမ်းရွက်ပြီး စစ်တပ်က ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နေရသည်ဟု Human Rights Watch အမည်ရှိ လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

လွန်ခဲ့သည့်နွေရာသီက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စစ်ဆေးစဉ် တရားသူကြီးများက တရားခံပြသက်သေများကို ငြင်းပယ်ခဲ့ကြောင်းကို လေ့လာစောင့်ကြည့်နေသည့် တကမ္ဘာလုံးက တွေ့ရှိခဲ့သည်။

တရားသူကြီးများသည် နိုင်ငံရေးလှုပ်ရှားသူများကို တရားစီရင်ရာတွင် စစ်ထောက်လှမ်းရေး၏အမိန့်ကို နာခံကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ ၃၀၀ ခန့်ကို လွန်ခဲ့သည့် နိုဝင်ဘာလက အင်းစိန်ထောင်ထဲတွင် တရား စီရင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ စီးပွားရေးဆိုင်ရာ တရားစစ်ဆေးမှုများတွင်လည်း တရားသူကြီးများက ငွေများ ငွေနိုင် နည်းလမ်းဖြင့် စီရင်နေကြသည်မှာ လူသိ ထင်ရှားဖြစ်သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ခြစားနေသော မြန်မာနိုင်ငံ တရားရေးစနစ်ကို သိသိသာသာ တိုးတက် ကောင်းမွန်လာစေမည် မဟုတ်ပါ။ ထိုအခြေခံဥပဒေက တရားစီရင်ရေးသည် “ဖြစ်နိုင်သမျှ၊ အတတ်နိုင်ဆုံး” အစိုးရနှင့် ကင်းလွတ်စွာ ရှိစေရမည်ဟု ဆိုထားသည်။ ထို့အပြင် ရာဇ၀တ်မှုများ၊ “လွဲမှားစွာဆောင်ရွက်မှု” ဟု သုံးစွဲထားသော တိတိကျကျ ဖော်ပြမထားသည့် ပြစ်မှုများ၊ “တာဝန်များကို ထိရောက်စွာ ထမ်းဆောင်မှု မပြုနိုင်ခြင်း” တို့အတွက် သမ္မတက ဖြစ်စေ၊ လွှတ်တော်က ဖြစ်စေ တရားသူကြီးများကို အရေးယူရန် ခွင့်ပြုထားသည်။

ထို့အပြင် တရားသူကြီးများကို ထိုသို့အရေးယူဆောင်ရွက်မည်ဆိုပါက လွှတ်တော်တရပ်ရပ်၏ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှု လိုအပ်သည်ဟု အခြေခံဥပဒေက ဆိုထားသည်။ ထို့ကြောင့် စစ်တပ်၏အစီအစဉ်များကို တရားသူကြီးများက သဘော မတူခဲ့လျှင် လွှတ်တော်အတွင်းရှိ စစ်တပ် ကိုယ်စားလှယ် အုပ်စုတခုတည်းနှင့် တရားသူကြီးများကို ခြိမ်းခြောက် အရေးယူနိုင်ပါသည်။

အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဘာသာပြန်ဆိုရန်၊ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဆုံးအဖြတ်ပေးရန်အတွက် အခြေခံဥပဒေဆိုင်ရာတရားရုံးဟူ၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဖန်တီးထားသည်။ ထို တရားရုံးအသစ်သည်လည်း တခြားသော တရားရုံးများကဲ့သို့ပင် လွတ်လပ်မှု ရှိမည် မဟုတ်ပါ။

သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများက အချိုးအစားဖြင့် ခန့်အပ်ထားသော အခြေခံဥပဒေဆိုင်ရာတရားရုံး၏ တရားသူကြီး ၉ ဦးသည် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ သက်တမ်းစေ့၍ ပြန်လည်ခန့်အပ်ခြင်း ခံလိုသည့် တရားသူကြီးများသည် စစ်တပ်၏ဆန္ဒကို လိုက်လျောရပါလိမ့်မည်။

လှည့်စားထားသည့် နောက်ထပ် အချက်တခုမှာ သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ အပါအ၀င် အစိုးရ အရာရှိကြီးများက အခြေခံဥပဒေ၏ အစိတ်အပိုင်း တခုခုကို စီရင် ဆုံးဖြတ်ပေးရန် အခြေခံဥပဒေတရားရုံးကို တိုက်ရိုက် တောင်းဆိုနိုင်ခြင်းဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာတရားရုံးတခု အဘယ်ကြောင့် လိုအပ်သည်ကို အမျိုးသားညီလာခံက ပြည်သူများကို မည်သည့် အခါကမျှ ရှင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါ။ စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း ထိုကဲ့သို့သော တရားရုံးများသည် ဒီမိုကရေစီ ထွန်းကားရေးကို အခိုင်အမာ ဆောင်ရွက်သွားနိုင်ပါသည်။

ဥပမာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း တောင်အာဖရိကနိုင်ငံ၏ အသားအရောင်ခွဲခြင်းရေးမှ အသွင်ပြောင်းကာလ အတောအတွင်း လူနည်းစုများ ဖြစ်သည့် တောင်အာဖရိက နိုင်ငံသား လူဖြူများ၊ ဇူးလူးလူမျိုးများအပေါ် တရားမျှတစွာ ဆက်ဆံရေးကို အာမခံချက်ပေးရန်အတွက် အားကောင်းသည့် အခြေခံဥပဒေဆိုင်ရာ တရားရုံးတခု ထူထောင်ရန် အာဖရိကန် အမျိုးသား ကွန်ဂရက်က သဘောတူခဲ့သည်။

သို့ရာတွင် အတိုက်အခံများနှင့် တိုင်းရင်းသား လူနည်းစုများကို နှိပ်ကွပ်နေသော မြန်မာ့နိုင်ငံရေးတွင် အခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဒီမိုကရေစီထွန်းကားရေးကို အာမခံသည့် လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် အာမခံသည့် တရားရုံးတခု မဖြစ်နိုင်ပါ။

ဗြိတိသျှကိုလိုနီခေတ်မှသည် ပါလီမန်ဒီမိုကရေစီခေတ်ကို ဖြတ်သန်းပြီး ဆိုရှယ်လစ်နှင့် စစ်အုပ်ချုပ်ရေး လက်အောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတွင် ခေတ်မမီတော့သည့် တခုနှင့် တခု ဆန်ကျင့်မှု ဖြစ်နေသည့် ဥပဒေ အများအပြား တိုးပွားလာခဲ့သည်။ ထိုဥပဒေများအားလုံးသည် ၂၀၀၈ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိနိုင်ပါ။

အခြားဒီမိုကရေစီနိုင်ငံများသည် ခေတ်မမီတော့သည့် ဥပဒေများ၏ အသုံးဝင်မှုကို ဆုံးဖြတ်ရာတွင် တရားဥပဒေစနစ်တခုလုံးကို ပြန်လည် ဆန်းစစ်မှု လုပ်သည်ထက် တရားရုံးများကို အားကိုးအားထားပြုခြင်းက ပိုမို အဆင်ပြေပါသည်။ ဥပမာ သမ္မတ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လွှတ်တော်က ပြဌာန်းခဲ့သော ဥပဒေများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဟောင်းနွမ်းနေသော ဥပဒေများကို ဖယ်ရှားရန် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများကို တည်ထောင်ခဲ့သည်။ ထိုနည်းတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နောက်ပိုင်း အခြေခံဥပဒေတရားရုံး ၏အခန်းကဏ္ဍသည် အခြေခံဥပဒေအသစ်နှင့် ဆန့်ကျင်နေသော ဥပဒေ အဟောင်းများကို ဖယ်ရှားရေးတွင် ပါဝင်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် အခြေခံဥပဒေ တရားရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအုပ်စုများအကြား ဖြစ်ပေါ်လာမည့် ပြဿနာရပ်များကိုလည်း အဆုံးအဖြတ် ပေးပါလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေသည် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ထဲရှိ စစ်တပ်ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များတွင် အာဏာဗဟိုချက်များကို ဖြန့်ခွဲထားပါသည်။

မြန်မာ့တပ်မတော်၏ အဆင့်မြင့် ဗိုလ်ချုပ်များသည် သြဇာအာဏာနှင့် ဦးစီးဦးဆောင်နေရာ ရရှိရေးအတွက် ပြိုင်ဆိုင်နေကြသည်ကို သိရှိရသည့် အတိုင်း အကယ်၍ ထိုအာဏာဗဟိုချက် အားလုံးကို တပ်မတော်၏ မဟာမိတ်များက ထိန်းချုပ်ခဲ့လျှင်ပင် အခြေခံဥပဒေအသစ်အပေါ် သဘောထား ကွဲပြားမှုများ ရှိလာနိုင်သည်။

ခေါင်းဆောင်မှုပိုင်းတွင် အကွဲအပြဲ ဖြစ်သည်ထက် ထိုခေါင်းဆောင်များသည် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို အခြေခံဥပဒေတရားရုံးသို့ လွဲအပ်နိုင်သည်။ ဤသို့ဖြင့် ထိုအငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် ဗဟိုအစိုးရက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တိုက်ရိုက် ကြီးကြပ် အုပ်ချုပ်ရ ခက်ခဲသော တိုင်းရင်းသား လူနည်းစုများကို ထိန်းချုပ်ရာတွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေတရားရုံးက အကူအညီ ပေးပါလိမ့်မည်။ ဥပမာ အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဘေဂျင်းမြို့တော်နှင့် အလှမ်းဝေးသော ပြည်နယ်များ၏ အစိုးရများကို အနီးကပ် စောင့်ကြည့်ရန် အစိုးရတွင် အရင်းအမြစ်များ မရှိသည့်အတွက် နိုင်ငံတော်၏ ဥပဒေများကို ချိုးဖောက်သည့် ဒေသခံ အရာရှိများအား တရားရုံးများတွင် တရားစွဲဆိုသည့် နိုင်ငံသားများကို အားကိုးအားထား ပြုကြသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးစုံ နေထိုင်ကြသည်ကို ထည့်သွင်းစဉ်းစားလျှင် ဖယ်ဒရယ်အုပ်ချုပ်ရေး ပုံစံတခုသည် ရှောင်လွဲ၍ မရသောအချက် ဖြစ်သည်။ အမှန်တကယ်တွင် အခြေခံဥပဒေအသစ်သည် ပုံသဏ္ဌာန်အားဖြင့် ဖယ်ဒရယ် စနစ်ကို တည်ထောင်ထားခြင်း ဖြစ်သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များသည် ဒေသ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ပြဌာန်းနိုင်ခွင့် ရှိပါသည်။

အခြားတဘက်တွင် ဖယ်ဒရယ်စနစ်အယူအဆသည် အမျိုးသားစည်းလုံးမှု ပြိုကွဲမှုဆီသို့ ဦးတည်လိမ့်မည်ဟု စစ်တပ်က စိုးရိမ်ပြီး လက်မခံနိုင်ဖွယ်အရာအဖြစ် ယူဆထားသည်။ ထို့ကြောင့် ဗဟိုအစိုးရက ထိန်းချုပ်ထားသော အခြေခံဥပဒေ တရားရုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်များ အတည်ပြုလိုက်သော ဥပဒေ တခုခုက ဗဟိုအစိုးရ သို့မဟုတ် စစ်တပ်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျှင် ပယ်ဖျက်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ တရားရေးစနစ်သည် အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို တက်တက်ကြွကြွ အကာအကွယ် ပေးခဲ့ရာမှ စစ်တပ်လူတန်းစားတစုကို အကာအကွယ်ပေးသော ရာဘာတံဆိပ်တုံးတခု အဖြစ်သို့ ပြောင်းလဲ ပျက်စီးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်ပါသည်။

စစ်တပ်က အခြေခံဥပဒေဆိုင်ရာ တရားရုံးကို သြဇာလွှမ်းမိုးနိုင်စေရန် အမျိုးသားညီလာခံတွင် ပုံဖော်ခဲ့သည်။ ထိုတရားရုံးသည် မြန်မာနိုင်ငံ၏ ဟောင်းနွမ်းနေသော ဥပဒေများကို ပြန်လည် ပြင်ဆင်ခြင်း၊ နိုင်ငံရေးသမားများအကြား အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ အင်အား ကောင်းကောင်းဖြင့် ပေါ်ပေါက်လာမည့် ဖယ်ဒရယ်ဝါဒကို တားဆီးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ဖွယ်ရှိပါသည်။

အတိုချုပ်အားဖြင့် မြန်မာနိုင်ငံကို “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” နိုင်ငံအဖြစ် ရှိနေစေရန် အခြေခံဥပဒေ တရားရုံးသည် “နောက်ကွယ်ကကြိုးကိုင်မည့်လက်” တခုအဖြစ် လုပ်ဆောင်ပါလိမ့်မည်။

အာနိုကော်ဆိုသည် အရှေ့တောင် အာရှနိုင်ငံများရှိ လူ့အခွင့်အရေး အဖွဲ့အစည်း များအတွက် ဆောင်ရွက် ပေးနေသော ဥပဒေ ပညာရှင်တဦး ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2561-2010-02-08-08-59-24

ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး

ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

၈/ ဖေဖော်ဝါရီ ၂၀၁၀

၂၀၀၆ မှာ အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲခဲ့တဲ့ မြောက်ကိုရီးယားက ကင်ဂျုံအီးအစိုးရနဲ့ ကြပ်ပြေးနအဖဟာ အသွင်တူကြတယ်။ အာဏာရှင်အစိုးရဖြစ်လို့ အတိုက်အခံမှန်သမျှကို အပြတ်ရှင်းပစ်တယ်။ ဆင်းရဲမွဲတေတဲ့ တိုင်းသူပြည်သားကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာကို မရရအောင် အတင်းလုပ်တဲ့နေရာမှာလည်း အသွင်တူကြတယ်။ ငတ်သေတဲ့ မြောက်ကိုရီးယားနိုင်ငံသား (၃) သန်းလောက်ရှိနေပြီ။ လူဦးရေ (၂၂) သန်းမှာ (၆) သန်းဟာ နိုင်ငံခြားထောက်ပံ့တဲ့ ရိက္ခာကို မှီခိုနေရတယ်ဆိုပဲ။ ဆန်ပေါတဲ့ မြန်မာပြည်မှာ ငတ်သေတဲ့ သတင်းတော့ မကြားရသေးဘူး။ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်မှာခိုလှုံတဲ့ ကိုရီးယားတွေ အများကြီး ရှိပေမယ့် မြန်မာပြည်မှ ထွက်ပြေးသူက ပိုများတယ်။ လျှပ်စစ်ဓာတ်အားမရလို့ စက်ရုံတွေ မလည်ပတ်နိုင်သလို ဆေးရုံတွေမှာ ဆေးမရှိလို့ မကုပေးနိုင်တာလည်းတူတယ်။

မြန်မာပြည်သားတွေ ဆင်းရဲမွဲတေနေပေမယ့် နအဖစစ်အုပ်စုဟာ ပျဉ်းမနားကြပ်ပြေးမှာ မြို့တော်တည်ဆောက်ပြီး ရာသက်ပန် စည်းစိမ်ခံဖို့ နည်းမျိုးစုံကြိုးပမ်းနေတယ်။ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ဟာ တရုတ်ရဲ့ အမှုသည်နိုင်ငံတွေပဲ။ အမှုသည် (၃) ဦးထဲမှာ (၂) ဦးဟာ အဏုမြူလက်နက်ပိုက်ရှင် ဖြစ်သွားပါပြီ။ စစ်အာဏာရှင်ကြီးစိုးတဲ့ ပါကစ္စတန်ဟာ အဏုမြူလက်နက်ရှိလို့ ကမ္ဘာမှာ သိက္ခာတက်လာပြီး အင်အားကြီးနိုင်ငံတွေက လေးစားလာတာလို့ ကင်ဂျုံအီးအုပ်စုက ယူဆပုံရတယ်။ အပယ်ခံဖြစ်နေတဲ့ မြန်မာစစ်အုပ်စုကလည်း မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ကို အားကျနိုင်တယ်။ စီးပွားပျက်နေတဲ့ မြောက်ကိုရီးယားဟာ အဏုမြူအတတ်ပညာကို ဈေးပေါပေါနဲ့ ရောင်းစားနိုင်တယ်။ ဒုံးပျံအတတ်ပညာ ရောင်းစားရာမှာ နာမည်ကြီးတဲ့ မြောက်ကိုရီးယားဟာ ရှိသမျှလက်နက်ပစ္စည်းကို ရောင်းစားဖို့ ၀န်လေးမှာမဟုတ်ပါ။ ရုရှ၊ တရုတ်နဲ့ ပုံစံတူတဲ့ မြောက်ကိုရီးယားလက်နက်ကို မြန်မာစစ်တပ်က သုံးနေတာကြာပါပြီ။

နောက်ပြီးတော့ (၁၀) မီဂါဝပ်ရှိတဲ့ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြပ်ပြေးအုပ်စုက ကြိုးပမ်းနေတယ်။ ဒီကိစ္စမှာ ရုရှအကူအညီသာမကဘဲ မြောက်ကိုရီးယားအကူအညီကိုလည်း ရယူနေတယ်လို့ သတင်းထွက်နေတာ ကြာပြီ။ (၁၀) မီဂါဝပ် ဓာတ်ပေါင်းဖိုဟာ အဏုမြူလက်နက် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ plutonium ကို ထုတ်လုပ်နိုင်တာမို့ ရေရှည်မှာ အဏုမြူလက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတောအတွင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားစစ်ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၀၈ နိုဝင်ဘာ (၂၂) ရက်က (၂၉) ရက်အထိ ပြုံယမ်းမှာ လေ့လာခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းဓာတ်ပုံတွေ၊ ဂြိုဟ်တုက ရိုက်ထားတဲ့ မြေပုံတွေ ထွက်လာလို့ ကြပ်ပြေးအုပ်စုမှာ အဏုမြူပစ္စည်းရှိတယ်လို့ သင်္ကာမကင်းဖြစ်လာကြတယ်။ ကင်ဂျုံအီးအုပ်စုကို ဆရာတင်မလို့ ဟန်ပြင်နေတုန်း မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း၊ အဏုမြူပစ္စည်းတွေ အရောင်းအ၀ယ်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို လုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) ကို ၂၀၀၉ မှာ ချမှတ်လိုက်တော့ ကြပ်ပြေးအုပ်စု အခက်တွေ့သွားတာပေါ့။ ဒါကြောင့် လက်နက်ပစ္စည်းတင်ထားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီး မြန်မာပြည်ဘက် ဦးတည်သွားပြီးကာမှ အမေရိကန်ဖျက်သင်္ဘောက စောင့်ကြည့်နေလို့ မြောက်ကိုရီးယားကို ပြန်သွားရတယ်။

အခုတော့ မီဒီယာတွေမှာဖော်ပြတဲ့ ကြပ်ပြေးအဏုမြူသတင်းတွေဟာ မခိုင်လုံဘူးလို့ ၀ါရှင်တန်အခြေစိုက် သိပ္ပံနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံမှုလေ့လာရေးဌာန (ISIS-Institute of Science and International Security) ဇန်န၀ါရီ (၂၈) ရက်ထုတ် စာတမ်းမှာ ကျွမ်းကျင်သူ (၄) ဦးက ရေးသားဖော်ပြတယ်။ ဒါပေမယ့် ကြပ်ပြေးအုပ်စု ၀ယ်ယူနေတဲ့ အဆင့်မြင့် အတတ်ပညာသုံး ပစ္စည်းတွေကိုကြည့်ရင် သင်္ကာမကင်းဖြစ်တာ မဆန်းဘူးလို့ ဆိုတယ်။ အဏုမြူဓာတ်ပေါင်းဖို မတည်ဆောက်ရသေးဘူးလို့ ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီ (IAEA) ညီလာခံတက်တဲ့ ကြပ်ပြေးကိုယ်စားလှယ် ဦးတင်ဝင်းက ၂၀၀၉ စက်တင်ဘာက ပြောသွားတယ်။ အမေရိကန်ဆီးနိတ် လွှတ်တော်အမတ် Jim Webb ၂၀၀၉ သြဂုတ်လ မြန်မာပြည်သွားတုန်းကလည်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ မရည်ရွယ်ကြောင်း မြန်မာစစ်အစိုးရက ပြောတယ်တဲ့။

ဒါပေမယ့် ကြပ်ပြေးအုပ်စုဟာ မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူနေတဲ့အတွက် ဒီအထဲမှာ အဏုမြူစွမ်းအား ထုတ်လုပ်မှုနဲ့ပတ်သက်နေတဲ့ပစ္စည်းများ ပါနေသလားဆိုပြီး သံသယဖြစ်ကြတယ်။ လုံခြုံရေးကောင်စီက မဆက်ဆံဖို့ ပိတ်ပင် ထားတဲ့ မြောက်ကိုရီးယား နမ်ချုံဂိုဏ်းကုမ္ပဏီ (Namchongang) နဲ့ ကြပ်ပြေးတွေ အဆက်အသွယ်ရှိနေတာဟာလည်း မသင်္ကာစရာပါပဲ။ ဆီးရီးယားရဲ့ အဏုမြူဓာတ်ပေါင်းဖို လျှို့ဝှက်တည်ဆောက်ရာမှာ နမ်ချုံဂိုဏ်းကုမ္ပဏီဟာ အဓိကအခန်းက ပါဝင်ခဲ့တာမို့ နေရာတကာမှာ လျှို့ဝှက်တတ်တဲ့ ကြပ်ပြေးအုပ်စုကို မသင်္ကာကြတာပါပဲ။

အဏုမြူလက်နက်ဆောင်ထားဖို့ မရည်ရွယ်ဘူးလို့ ပြောတဲ့ ကြပ်ပြေးအုပ်စုဟာ ခေတ်မီအဆင့်မြင့် သိပ္ပနဲ့ အင်ဂျင်နီယာဆိုင်ရာ ပစ္စည်းတွေကို ၀ယ်ယူစုဆောင်းနေတာ တွေ့ရတယ်တဲ့။ ဒါပေမယ့် ကြပ်ပြေးအစိုးရဟာ တဦးတည်း အဏုမြူစီမံကိန်းကို အကောင်အထည် မဖော်နိုင်ပါဘူး။ လိုအပ်တဲ့ အဏုမြူအတတ်ပညာ၊ ပစ္စည်းကိရိယာနဲ့ အခြေခံအဆောက်အအုံအားလုံး နိုင်ငံခြားကို မှီခိုနေရပါတယ်။ ဒါကြောင့် အဆင့်မြင့်ပစ္စည်းတွေ ၀ယ်ယူတာဟာ မြောက်ကိုရီးယားအတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ဥပမာ ဂျပန်အစိုးရခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ Magnetometer ကို ခွင့်ပြုချက်မယူဘဲ မြန်မာပြည်ကို တင်ပို့ဖို့ ကြိုးစားတဲ့ ဂျပန် (၂) ဦးနဲ့ မြောက်ကိုရီးယား (၁) ဦး ၂၀၀၉ ဇွန်လ ဂျပန်မှာ အဖမ်းခံရတယ်။ ဒီစက်ပစ္စည်းဟာ ရှေးဟောင်းသုတေသနလုပ်ငန်းနဲ့ ဘူမိရူပလုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို ဒုံးလက်နက် ပစ်ခတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ကြောင်း သိရတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံသားကို ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်နဲ့ ဒေါ်လာ (၆၇,၀၀၀) ဒဏ်ရိုက်တယ်။ အဏုမြူလက်နက်နဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ တင်ပို့ဖို့ ကြိုးပမ်းတာပဲလို့ တရားသူကြီးက စီရင်ချက်ချတယ်။

ဒီလိုအရပ်ဘက်ရော စစ်ဘက်ပါသုံးလို့ရတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို မြန်မာအစိုးရ သိပ္ပံနဲ့ အတတ်ပညာဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာနတခုက ဂျာမဏီနဲ့ ဆွစ်ဇာလန်မှာ ၀ယ်ယူနေတယ်။ ဒီဌာနကို ခေါင်းဆောင်သူဟာ နအဖအဏုမြူ စွမ်းအင်ဌာနရဲ့ အကြီးအကဲ ဒေါက်တာ ကိုကိုဦးဆိုသူဖြစ်တယ်။ ဒီဌာန (၂) ခုစလုံး ကြပ်ပြေးကို ပြောင်းသွားပြီ။ မြန်မာပြည်လို အဆင့်နိမ့်လွန်းတဲ့ နိုင်ငံတခုက အဆင့်မြင့်အတတ်ပညာသုံး အဖိုးတန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ၀ယ်ယူနေတာ ဘာသဘောလဲလို့ မေးစရာရှိလာတယ်။ ဒါကြောင့် ကင်ဂျုံအီးတို့လိုချင်တဲ့ အဆင့်မြင့်အတတ်ပညာ ပစ္စည်းတွေကို ကြပ်ပြေးအုပ်စုက ဥရောပမှာ ၀ယ်ယူနေတာလည်း ဖြစ်နိုင်တယ်လို့ သင်္ကာမကင်းဖြစ်လာကြတာပါပဲ။

ISIS လေ့လာရေးဌာနက ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်တဲ့အဆင့်ကို ရောက်နေပြီဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ဆိုတယ်။ ၀ယ်ယူထားတဲ့ ပစ္စည်းတွေဟာ အမျိုးမျိုးသုံးလို့ရတဲ့အတွက် အဏုမြူစီမံကိန်းအတွက်လား လျှို့ဝှက်ဒုံးလက်နက်စနစ်အတွက်လားဆိုတာ ကံသေကံမ မပြောနိုင်သေးဘူးလို့ ဆိုတယ်။ ကြပ်ပြေးသန်းရွှေက အဏုမြူဂျုံအီးကို ကူညီနေတာလား ဒါမှမဟုတ်လည်း ဂျုံအီးက သန်းရွှေကို ကူညီနေတာလား ဆိုတာကိုလည်း မသိနိုင်ဘူးလို့ဆိုတယ်။

ဒါကြောင့်မို့ တရုတ်ရော ရုရှပါ ထောက်ခံသဘောတူထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) ကို ကျပ်ကျပ်တင်းတင်း အကောင်အထည်ဖော်တဲ့နည်းနဲ့သာ ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီးတို့ရဲ့ ဆက်ဆံရေးကို စောင့်ကြည့်ဖို့လိုအပ်ကြောင်း ၀ါရှင်တန်အခြေစိုက် ISIS လေ့လာရေးဌာနက အဏုမြူရေးရာ ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ နိဂုံးကမ္ပတ် အဆုံးသတ်ထားပါတယ်။

http://www.khitpyaing.org/articles/2010/february/8210.php


မြန်မာပြည်သားစာစောင် (အတွဲ ၆ - အမှတ် ၈၊ ဖေဖော်ဝါရီလ - ၂၀၁၀ ခုနှစ်)

http://ifile.it/fgtj53eThe Burmese Journal