Thursday, February 11, 2010

ဒု-ရဲအုပ် စိုးမင်းအား ဂုဏ်ပြုငွေ (ဘတ် ၄၀၀၀) ပေးအပ်

ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် ဘားအံမြို့မှ ဒု-ရဲအုပ် စိုးမင်းအား ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက အားပေးဂုဏ်ပြုငွေ (ဘတ် ၄၀၀၀) ပေးအပ်
ဖရီးဘားမားပရောဂျက်မှ တာဝန်ခံ ကိုစောမူရှေးက ဒု-ရဲအုပ် စိုးမင်းအား ဂုဏ်ပြုငွေပေးအပ်နေစဉ်
http://drlunswe.blogspot.com/

11 Feb ဒိုင်ယာရီ

http://ifile.it/6g3vc4011 Feb Yeyintnge's Diary

အဖွဲ့ချုပ်၊ ပင်လုံလမ်းနှင့် လျှောက်လှမ်းသည့် ခရီး…

အဖွဲ့ချုပ်၊ ပင်လုံလမ်းနှင့် လျှောက်လှမ်းသည့် ခရီး…

မင်းဟန် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၇ မိနစ်

aa


(က)
တနှစ်အတွင်း လွတ်လပ်ရေးရ၊ ရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ အခြေအနေများသည်လည်း တနှစ်အတွင်း လွတ်လပ်ရေးရရန် ပေါင်းဆုံလာသည်။ ဤတွင် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့ အာသံ၊ မဏိပူနယ်သို့ သွား၏။ အာသံ၊ မဏိပူနယ်များက ဘကြီးတော် မင်းတရားကြီးလက်ထက်၌ မြန်မာပြည်ထောင်စုအတွင်း တည်ရှိခဲ့သည့် နယ်မြေများဖြစ်သည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်၊ မြန်မာ ပထမစစ်ပွဲအပြီးတွင် ရခိုင်၊ တနင်္သာရီဒေသနှင့်အတူ ဗြိတိသျှတို့အား စစ်ရှုံး၍ ပေးလိုက်ရသည့်နယ်များ ......။ ယခုလွတ်လပ်ရေးပြန်လည်၍ ရရှိရန် အချိန်၌ ဖဆပလခေါင်းဆောင်တို့သည် အာသံ၊ မဏိပူစော်ဘွားများနှင့် သွားရောက်တွေ့ဆုံပြီး မြန်မာများနှင့်အတူ တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူရန် ဆွေးနွေး၏။ အာသံ၊ မဏိပူစော်ဘွားများက ဖဆပလ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။

ဤအခြေအနေအား ဗြိတိသျှအစိုးရသည် သိ၏။ ထိုကြောင့်ပင် လန်ဒန်၌ အောင်ဆန်း၊ အက်တလီစာချုပ်အား ချုပ်ဆိုသည့်အခါတွင် စာချုပ်၏ အပိုဒ်-၈ အပိုဒ်ခွဲ (ခ) ၌......

`နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထားမေးမြန်းခြင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင်ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့်အချက်က တောင်တန်းဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင်ဖြစ်သည်။´

အဓိပ္ပာယ်ကား .... တောင်တန်းဒေသ တိုင်းရင်းသားများအနေနှင့် မြန်မာတို့နှင့်အတူ လွတ်လပ်ရေးကို ရယူမလား၊ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြားလွတ်လပ်ရေးမျိုး ရယူမလား၊ ဟူ၍ သဘောထားတောင်းခံရန် ဖြစ်၏။

(ခ)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသားသွေးစည်းရေး ညီလာခံတရပ် ကျင်းပ၏။ သမိုင်း၌ ပင်လုံညီလာခံဟူ၍ တွင်သည်။ ပထမပိုင်း အစည်းအဝေးများကို ၆-၇ ရက်များတွင် ပြုလုပ်ခဲ့၏။ ရှမ်း၊ ကချင်၊ ချင်း၊ တိုင်းရင်းသားခေါင်းဆောင်များ တတ်ရောက်ကြသည်။ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြ၏။

.... မြန်မာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်သည်။
.... ဒီမိုကရေစီနည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုးစီးပွားများကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားသည်။
.... ရှမ်း၊ ကချင်၊ ချင်း အမှုဆောင်ဝန်ကြီးများသည် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်း အရေးကိစ္စအဝဝတို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ ... ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည့် အများနှင့်သက်ဆိုင်ရာကိစ္စများကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံ ဆောင်ရွက်လိုသည်။

ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်က အောင်ဆန်း-အက်တလီ စာချုပ် အပိုဒ် ၈- အပိုဒ်ခွဲ (ခ) ကို အဖြေပေးပြီး ဖြစ်သည်။

(ဂ)
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ပင်လုံသို့ ရောက်၏။ ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သိန်းဆွေ၊ သခင်ဝတင်နှင့် ဦးဖေခင်တို့လည်း ပါသည်။ ဗြိတိသျှတို့မှ အတွင်းဝန် မစ္စတာ ဘောတွမ်လေနှင့် အရာရှိကြီးများ ......။ ဗြိတိသျှ နယ်ခြားဒေသ တောင်တန်းမင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တက်ရောက်ကြ၏။ ကရင်နှင့် ကရင်နီ ကိုယ်စားလှယ်တို့က လေ့လာသူများအဖြစ် တက်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးက အခက်အခဲ အကျပ်အတည်းများတော့ ရှိခဲ့၏။ လိပ်ခဲတည်းလည်း အခြေအနေများ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး၌ ပြည်ထောင်စုစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြ၏။ တိုင်းရင်းသား သွေးစည်းညီညွှတ်ရေးစာချုပ် .....။ ပင်လုံစာချုပ်......။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းကိုယ်စားလှယ် ၂၁ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြ၏။

`တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုလက်ရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်၊ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်´။ ဤကား ..... ပင်လုံစာချုပ်၏ အနှစ်သာရပင် .....။

စာချုပ်ကို အနှစ်ချုပ်ကြည့်ပါက .......

- ဒီမိုကရေစီအခွင့်အရေးနှင့် ရပိုင်ခွင့်များ ရှိစေရမည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေရမည်။
ဤသည်ပင်... ပင်လုံ၏ သုံးဖြာသော အသက်သွေးကြော .....။ ဤသည်ပင်... ပင်လုံ၏ လမ်းညွှန်မြေပုံ.....။ ဤသည်ပင်... ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လိုသည့် မြန်မာပြည်ထောင်စုသစ် .....။

(ဃ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ဖဆပလ ကဲ့သို့ပင် ရရှိသည့် အဖွဲု့အစည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ၌ ဖဆပလ သည် ၉၅.၃ % အနိုင်ရရှိခဲ့ပြီး၊ ၁၉၉ဝ ခုနှစ် မေလ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အန်အယ်လ်ဒီက ၈၂.၅ % အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားအရေး၊ ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ အစဉ်တစိုက်ပင် သဘောထားထုတ်ပြန်ခဲ့၏။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ အဖွဲ့ချုပ်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ကြေညာချက်အမှတ် ၉ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ကြေညာချက်ကို ပင်လုံ၌ပင် ဒေါ်အောင်ဆန်းစုကြည်မှ လူထုကို ရှင်းလင်းပြောကြားခဲ့သည်။

ကြေညာချက်အမှတ် ၉ က မည်သို့နည်း .....။ မူသဘောထားအား ကောက်နုတ်၍ ဖော်ပြပါမည်။

`.....ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ်အားလုံး၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်အမှန်ဆုံးသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေးရှုမည်။´

`.... တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကဏ္ဍနယ်ပယ်အသီးသီး၌ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည်ရှေးရှုမည်။´

မူသဘောထားများ အကောင်အထည်ဖော်နိုင်ရန် ယေဘုယျ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့သည်။ ကောက်နုတ်၍ ဖော်ပြရလျှင် .....

`ပင်လုံညီလာခံကြီး ကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ် ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။ ထိုညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုး အားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီးတခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေ၊ ဒေသရှိသော လူမျိုးငယ်တို့ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စသည့်အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများသဘောညီမျှသော ပြဌာန်းချက်များကို ချမှတ်မည်။ ´

ပင်လုံညီလာခံကြီးကဲ့သို့ဟူသည်က ထိုညီလာခံသည် ပြည်ထောင်စုစိတ်ဓာတ် လုံးဝလွှမ်းမိုးသော ညီလာခံကို ဆိုလိုခြင်း ဖြစ်သည်။ အာဏာစက်မရှိရ.... သေနတ်ပြောင်းဝများဖြင့် ချိန်မထားရဟူ၍ ဖြစ်သည်။ ညောင်နှစ်ပင်ကဲ့သို့မဟုတ် ။

၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NLD တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့၏။ ပူးတွဲကြေညာချက်က ......

`တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွှတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွှတ်တည်း သဘောတူကြသည်´

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိစေရမည်ဟူသည်က ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ အနှစ်သာရ သဘောတရားပင် ဖြစ်သည်။

နိဂုံးချုပ်ပါမည်…နိဂုံးကို … ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းဖြင့်ချုပ်ပါရစေ…

''မြန်မာများသည် ဗြိတိသျှ၏ ကျွန်မဖြစ်လို၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ...."
http://www.mizzimaburmese.com/edop/songpa/4775-2010-02-11-07-43-54.html

ခွင့်မဲ့နဲ့ သက်ချောင်

ခွင့်မဲ့နဲ့ သက်ချောင်

Min-Lwin


ယနေ့ တပ်မတော်တွင်း အောက်ခြေတွင် အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ ခွင့်မဲ့ (Awl) များပြားနေခြင်း ဖြစ်သည်။ တပ်မတော်တွင် လေးလပတ် ကာလတခုတွင် ပျမ်းမျှ အမှုပေါင်း ၉ဝဝဝမှ ၁၃ဝဝဝ ကြား ရှိရာ ၉ဝ ရာနှုန်းမှာ ခွင့်မဲ့ ပျက်ကွက်မှုများ ဖြစ်သည်။ သို့ရာတွင် လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် ကွပ်ကဲမှု ဌာနချုပ်များ၏ စွမ်းရည်သုံးရပ် အမှတ်ပေးစနစ်၊ အုပ်ချုပ်မှု လျော့နည်း၍ အပြစ်ပေး အရေးယူသည့်စနစ် စသည့် ဘေးကြပ်နံကြပ် စည်းမျဉ်းစည်းကမ်းများ ကြားတွင် အမှန်တကယ် တိုးပွားလာနေသည့် ခွင့်မဲ့ပျက်ကွက် အရေအတွက်ကို ထိန်ချန်၍ ရာခိုင်နှုန်း အနည်းငယ်မျှကိုသာ တင်ပြလေ့ရှိရာ ဆက်လက်တိုးပွားလာနေသည့် ခွင့်မဲ့ပျက်ကွက်များကြောင့် ပိုမိုဆိုးဝါးသော အခြေအနေတရပ်သို့ တွန်းပို့လျက်ရှိသည်။

ခွင့်မဲ့ပျက်ကွက်ဟူသော ဝေါဟာရမှာ တပ်မတော်ဖွဲ့စည်းစဉ်ကပင် ရှိသော်ငြားလည်း ၁၉၉၂-၉၃ ခုနှစ် နောက်ပိုင်းတွင် ပိုမိုခေတ်စားလာခဲ့သည်။ ကိုယ်ပိုင်နံပါတ် ကပ/ ၉ သိန်းကျော် နောက်ပိုင်းတွင် ခွင့်မဲ့နှင့် အတူ ဆွဲစိဟူသော ဝေါဟာရပါ ခေတ်စားလာခဲ့သည်။ မီးရထား၊ ဘူတာရုံ၊ ကားဂိတ်၊ ဈေးများရှိ အခြေမဲ့အနေမဲ့များကို အတင်းအဓမ္မဆွဲ၍ တပ်ထဲသွင်းရာမှ အရွယ်မရောက်သေးသည့် ကလေးသူငယ်နှင့် ကျောင်းသားလေးများကိုပါ ဆွဲစိလာခဲ့သည်။

တ/(ကိုယ်ပိုင်နံပါတ် တသန်းကို ကိုယ်စားပြုသည်) များနှင့်အတူ စစ်ပွဲစားဟူသည့် ဝေါဟာရနှင့်အတူ ကိုယ်ပိုင်နံပတ်၂ ခု၊ ၃ ခု ပိုင်သည့် နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ဝေါဟာရများပါ ပေါ်ပေါက်လာခဲ့သည်။

တပ်မတော်ဖွဲ့စည်းပုံ တိုးချဲ့ခြင်းနှင့်အတူ လိုအပ်လာသည့် စစ်သည်အင်အား ပြည့်မီရေးအတွက် တပ်မတော် တပ်သားသစ် စုဆောင်းရေးတပ်ဖွဲ့များအား ဖိအားပေးဆောင်ရွက်စေရာမှ ယခုအခါ ခြေလျင်/ခြေမြန် တပ်ရင်းတပ်ဖွဲ့များကိုပါ လေးလပတ်ကာလတခုလျှင် တပ်သားသစ် ၅ ဦးနှုန်း မဖြစ်မနေ စုဆောင်းရန် ဖိအားပေးစေခိုင်းလာကြသည်။ အရေအတွက် ပြည့်မီအောင် စုဆောင်းပေးနိုင်ခြင်း မရှိသော ရင်း/ဖွဲ့များအနေဖြင့် ရုံးတင်၍ အပြစ်ဖော်ပြ သတိပေးဆုံးမ ပြုလုပ်ခြင်း၊ တဆင့်မြင့် ရာထူးအတွက် ထောက်ခံမှုမပေးခြင်း၊ ဆုကြေး/ဒဏ်ကြေး ပေးဆောင်စေခြင်း စသော ဖိအားပေးစေခိုင်းခြင်းများ ရှိနေရာ အတင်းအကျပ် စစ်သားစုဆောင်းမှုများ ပိုမိုတိုးပွားလာစေရေး တွန်းအားတခုပမာ ဖြစ်နေသည်။

ဖိအားပေးမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြင့် အရွယ်မရောက်သေးသည့် ကလေး သူငယ်များ (အသက် ၁၈ နှစ် မပြည့်သေးသူများ)၊ အရွယ်လွန်သူများ (အသက် ၃၅ နှစ် ကျော်သူများ)၊ ဥာဏ်ရည် မပြည့်သူများ (ရူးသွပ်နေသူများ)၊ ဒုစရိုက်မှု ကျူးလွန်ထားသူများ (ခိုး၊ ဆိုး၊ နှိုက်) ကိုပါ တပ်မတော်သားအဖြစ် အတင်းအကျပ် စုဆောင်းလာခဲ့သည်။ အခြားတဖက်တွင်လည်း အတင်းအကျပ် စုဆောင်းသူများမှာ ခြေလျင်/ခြေမြန် တပ်ရင်းများမှ တာဝန်ပေးခံရသူ တပ်ကိုယ်စားလှယ်များ ဖြစ်နေပြီး ဆေးအောင်ပြေစာ ထုတ်ပေးသည့် စစ်ဆေးရုံနှင့် တပ်သားသစ် ပြေစာထုတ်ပေးသည့် စုဆောင်းရေး တပ်တို့မှာ စစ်သားချင်း ခေါင်းပုံဖြတ်သည့် စစ်ပွဲစားများ ဖြစ်လာကြသည်။

“အရေအတွက်မှ အရည်အချင်းသို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အရေအတွက် ပြည့်မီရေး ဖိအားပေး စုဆောင်းခဲ့သည်။ သို့ရာတွင် တ/ နောက်ပိုင်း တပ်မတော်၏ စာရင်းရှိ အင်အားမှာ ၄ သိန်းကျော်မျှ တိုးပွားလာသော်လည်း နောက်ဆက်တွဲအနေဖြင့် တနှစ်တာ ပျမ်းမျှပြုန်းတီးမှုမှာ စုဆောင်းရရှိမှု၏ ၇၅ ရာနှုန်းကျော် ရှိနေရာ ၎င်းနှင့် ဆက်စပ်၍ လစာ/ရိက္ခာ ထိန်ချန်မှုများပါ ပေါ်ပေါက်လာခဲ့သည်။

တပ်မတော် အကြီးအကဲများအနေဖြင့် ခွင့်မဲ့ပျက်ကွက်များ တိုးပွားလာခြင်းမှာ တပ်တွင်း စားဝတ်နေရေး ကျပ်တည်းခြင်း၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု နည်းပါးခြင်းကြောင့် ဖြစ်ရသည်ဟူသော ယူဆချက်နှင့်အတူ တပ်သားသစ်များ သင်တန်းဆင်း ရောက်ရှိလာပါက တပ်မှူးကိုယ်တိုင် နွေးထွေးစွာ ကြိုဆိုရန်၊ စစ်သည်စားရိပ်သာတွင် ရုပ်သံပြစက်များ တပ်ဆင်ပေးရန်၊ တပ်ရင်းတရင်းလျှင် ဘိလိယက်ခုံ ၂ ခုံ ထားရှိရန်၊ သင်တန်းဆင်း ရောက်ရှိလာသော တပ်သားသစ်များအား စောလျင်စွာ စစ်ဆင်ရေးတာဝန် မပေးရန်၊ စစ်သည်များ၏ လစာများအား ဘဏ်စုစာအုပ် ပြုလုပ်၍ စုဆောင်းစေရန်၊ တပ်နေပျော်ရေး စီမံချက်များ ရေးဆွဲ၍ တပ်တွင်း စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် စသော ညွှန်ကြားချက်အမျိုးမျိုး ထုတ်၍ ဖြေရှင်းရန် ကြိုးစားနေသည်။

အချုပ်အားဖြင့်ဆိုသော် ''မျိုးစေ့မမှန် ပင်မသန်'' ဟူသည့် ရှေးဆိုရိုး ရှိသည်နှင့်အညီ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် တပ်မတော်သားဘဝကို လိုလိုလားလား မခံယူသေးသမျှ၊ တနည်းဆိုသော် မှားယွင်းနေသော လက်ရှိ ဖိအားပေး အတင်းအကျပ် စုဆောင်းသည့် စနစ်ဆိုးကြီး ရှိနေသမျှ ကာလပတ်လုံး မည်သို့သော ''သက်သာချောင်ချိရေး'' မျိုး ဆောင်ရွက်ပေးနေစေကာမူ ''ခွင့်မဲ့'' ဟူသော ပြဿနာမှာ မြန်မာ့တပ်မတော်အတွက် အဖြေမရှိသော ပုဒ်စာတပုဒ်အဖြစ်သာ ဆက်လက်၍ တည်ရှိနေဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတော့သည်။
http://www.mizzimaburmese.com/edop/songpa/4777-2010-02-11-10-15-22.html

ယနေ့ တိုင်းရင်းသားပြည်သူတို့၏ သမိုင်းရေးတာဝန်

ဇင်လင်း (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)

၁၁/ ဖေဖော်ဝါရီ ၂၀၁၀

ပြည်ထောင်စုလသို့ ရောက်ပြန်ပြီ။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့၊ ရှမ်းပြည်နယ် ‘ပင်လုံညီလာခံ’ ၌ ပြည်ထောင်စုခေါင်းဆောင် တိုင်းရင်းသားကိုယ်စားလှယ်တော်များ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် သမိုင်းဝင် အခါသမယဖြစ်ပေသည်။ ‘ပြည်ထောင်စုသွေးစည်းညီညွတ်ရေးစိတ်ဓာတ်’ သို့မဟုတ် ‘ပင်လုံစိတ်ဓာတ်’ ကို အခြေခံ၍ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီး၌ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူခံစားခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး သဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြသည်မှာ (၆၃) နှစ်မြောက်ပေပြီ။

‘ပင်လုံစိတ်ဓာတ်’ ကို အခြေခံ၍ တိုင်းရင်းသားခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရယူခဲ့ကြသည့် ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူခပ်သိမ်းတို့အား လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ စည်းဝေးခွင့်၊ တရားမဲ့ ဖမ်းဆီးချုပ်နှောင်မှုများမှ ကင်းလွတ်ခွင့်၊ တန်းတူအခွင့်အရေး ရပိုင်ခွင့်၊ တန်းတူအလုပ်လုပ်ပိုင်ခွင့်၊ တရားဥပဒေ၏ အကာအကွယ်ပေးမှုကို တပြေးညီ ရပိုင်ခွင့် အစရှိသည့် ဒီမိုကရေစီအခွင့်အရေးများကို တန်းတူညီမျှ ခံစားနိုင်ကြစေရန်ဖြစ်သည်။

သို့သော် မျက်မှောက်တိုင်းရင်းသားများ၏ အခြေအနေအရပ်ရပ်ကို လေ့လာလျှင် ဗြိတိသျှလက်အောက်မှာထက် ပိုမိုခါးသီးစွာ အဖိနှိပ်ခံနေရပေသည်။ ၂၀၀၅ ဖေဖော်ဝါရီလ (၅၈) နှစ်မြောက် ပြည်ထောင်စုနေ့ဝန်းကျင်တွင် ရှမ်းခေါင်းဆောင်များကို ‘ရှမ်းပြည်နယ် အတိုင်ပင်ခံအဖွဲ့’ ဖွဲ့စည်းရန် ကြိုးပမ်း၍ စစ်အစိုးရက ဖမ်းဆီးပြီး ထိုနှစ် နိုဝင်ဘာတွင် နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် စွဲချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ထောင်ဒဏ် (၉၃) နှစ် အပြစ်ပေးခံရသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုထောင်တွင် အကျဉ်းကျခံနေရပြီး ကျန်ရှမ်းခေါင်းဆောင်များသည်လည်း နိုင်ငံအစွန်အဖျားရှိ အကျဉ်းထောင်များတွင် အသီးသီး အကျဉ်းကျခံနေရသည်။ ခွန်ထွန်းဦးနှင့်အတူ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည့် ရှမ်းခေါင်းဆောင်များမှာ ‘ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ’ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင် (၁၀၆) နှစ်၊ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် (၈၅) နှစ်၊ ရှမ်းပြည်မျိုးဆက်သစ်ကျောင်းသားလူငယ်များအဖွဲ့မှ ဦးမြင့်သန်း (၇၉) နှစ်၊ ဦးညီညီမိုး (၇၉) နှစ်၊ စိုင်းမျိုးဝင်းထွန်း (၇၉) နှစ်၊ ဦးထွန်းညို (၇၉) နှစ်၊ စိုင်းလှအောင် (၇၉) နှစ်နှင့် စပ်သာဦး (၁၂) နှစ်တို့ဖြစ်သည်။

လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပနေစဉ်က အလားတူ ‘တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ (Supreme Council of United Hill Peoples) ရှိခဲ့ဖူးသည်။ တောင်တန်းသားများအရေးကို တောင်တန်းသားများ ကိုယ်တိုင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအဖွဲ့တွင် ဥက္ကဋ္ဌ စ၀်ရွှေသိုက်၊ ဒုတိယဥက္ကဋ္ဌ ဆမားဒူးဝါးဆင်ဝါးနောင်တို့ ဦးဆောင်ပြီး စ၀်ဟုန်ဖ (ရှမ်း)၊ စ၀်စံထွန်း (ရှမ်း)၊ စ၀်ဘွန်ဝှပ် (ရှမ်း)၊ ဦးထွန်းမြင့် (ရှမ်း)၊ ဦးကြာပု (ရှမ်း)၊ ဒူးဝါးဇော်ရစ် (ကချင်)၊ ဦးဒိန်ရတန် (ကချင်)၊ ဒူးဝါးဇော်လွန်း (ကချင်)၊ ဒူးဝါးဇော်လ (ကချင်)၊ ပဒစ်လတောင် (ကချင်)၊ ဦးပွန်ဇမန်း (ချင်း)၊ ဦးထောင်ကျင်ထန်း (ချင်း)၊ ဦးကီယိုမန်း (ချင်း)၊ ဦးစိန်လျံ (ချင်း)၊ ဦးလွှာမှုန်း (ချင်း)၊ ဦးမန်းလင်း (ချင်း) အစရှိသည့် ကိုယ်စားလှယ် (၁၈) ဦး ပါဝင်သည်။ လက်ရှိစစ်အစိုးရက အလားတူ အဖွဲ့မျိုးဖွဲ့ရန် ကြိုးစားသည့် ရှမ်းခေါင်းဆောင်များအား ကြီးလေးပြင်းထန်သော ထောင်ဒဏ်များ ချမှတ်သည်ကိုထောက်လျှင် စစ်အုပ်စုသည် တိုင်းရင်းသားတို့အား တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် လုံးဝသဘောထားမရှိကြောင်း ထင်ရှားသည်။

ပင်လုံစာချုပ်တွင် ̏ တောင်တန်းဒေသများအတွက် အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့် သဘောတူကြသည်˝ ဟုလည်းကောင်း၊ ̏ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် သတ်မှတ်ထားသည့် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များအတိုင်း ရရှိခံစားစေရန်˝ ဟုလည်းကောင်း ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုးခဲ့သည့် ပင်လုံစာချုပ်၌ အထူးအရေးပါသော အချက်မှာ “တိုင်းရင်းသားတို့၏ နယ်စပ်ဒေသများအုပ်ချုပ်ရေးတွင် ခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျော့ပါးသွားစေရန် မည်သည့်နည်းနှင့်မဆို ဗဟိုအစိုးရက ပြုလုပ်ခြင်းမရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၄၇ ခုနှစ်က သဘောတူထားသည့် တိုင်းရင်းသားဒေသ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ ဆိုသည်မှာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေး။ ထိုအနှစ်သာရသဘောတို့ကို စစ်အာဏာရှင်အဆက်ဆက်သည် အသိအမှတ်မပြုရုံမက သမိုင်းစာမျက်နှာထက်မှ ပျောက်ကွယ်သွားရန်အထိ နည်းမျိုးစုံ ကျင့်သုံးဖျက်ဆီးပစ်လျက်ရှိကြသည်။ စစ်အာဏာရှင်တို့အကြံမှာ နောင်လာနောက်သား မျိုးဆက်သစ်များထံသို့ ‘ပင်လုံစိတ်ဓာတ်’ သက်ဝင်မှုမရှိစေရန်ဖြစ်သည်။

သို့သော် ဤဆိုးညစ်သည့်အကြံမှာ အချည်းနှီးသာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပင်လုံအမွေ၊ ပင်လုံစိတ်ဓာတ်သည် မြန်မာ့သမိုင်းတွင် အထင်ကရ ပင်မကျောက်တိုင်ကြီး ဖြစ်သည့်အလျောက် မတော်မတရား အာဏာရယူထားသူများက မည်သို့ပင် ဖယ်ရှားလိုသော်လည်း ဖယ်ရှား၍မရ၊ ပို၍သာ မားမတ်ခိုင်မြဲလာသည်ကို တွေ့ရသည်။ ၁၉၈၈ လူထုအရေးတော်ပုံကို ပြန်ကြည့်လျှင် လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး တည်းဟူသော ဒီမိုကရေစီရပိုင်ခွင့် တောင်းဆိုသံများနှင့်အတူ ‘ပင်လုံစိတ်ဓာတ်’ ပြန်လည်နိုးထလာသည်ကို တွေ့နိုင်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး၏ သဘောဆန္ဒများကို ခံယူသွားရန်˝ ဟူသည့် မူဝါဒတရပ် ချမှတ်ခဲ့သည်။ ထိုမူဝါဒနှင့်အညီ တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၁) ခု ပေါင်းစုထားသော “ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် ညှိနှိုင်းကာ ၁၉၉၀ သြဂုတ်လ (၂၉) ရက်နေ့တွင် “ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။

ရည်ရွယ်ချက်မှာ ပြည်သူ့လွှတ်တော် အမြန်ခေါ်ယူပေးရေးဖြစ်သည်။ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းဆိုင်ရာ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ပါဝင်သည့် “အမျိုးသားအတိုင်ပင်ခံညီလာခံ” ခေါ်ယူ၍ တိုင်းရင်းသားလူမျိုးအားလုံး သဘောတူလက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး မူဝါဒများ ချမှတ်ရန်ဖြစ်သည်။ သို့သော် စစ်အာဏာအလွဲသုံးသူတို့က ကလိမ်ဉာဏ်အမျိုးမျိုးသုံးကာ ပိတ်ပင်ဟန့်တားခဲ့သည်။

ဤနေရာတွင် ၁၉၈၉ ပင်လုံခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ကိုးကားလိုသည်။

“ဒီမိုကရေစီအစိုးရတရပ် တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလိုညီလာခံကြီး ထပ်ပြီးတော့ ခေါ်ရမယ်လို့ ယုံကြည်ပါတယ်။ ဒီလို ပင်လုံညီလာခံကြီး ထပ်ခေါ်ပြီးတော့ ကျမတို့ ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်း ထူထောင်မယ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီလိုကိစ္စများဟာ အများပြည်သူလူထုကနေပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှတဆင့် တင်မြှောက်လိုက်တဲ့ အစိုးရများကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ အများပြည်သူက တင်မြှောက်မထားတဲ့ အဖွဲ့အစည်းမျိုးက ဒီလိုညီလာခံမျိုးကို ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ပါဘူး”

ထို့ကြောင့် စစ်အုပ်စုက ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၊ လူထုဆန္ဒခံယူပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ စသည်တို့သည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ တရားဝင်မှုမရှိပေ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူလူထု၏ဆန္ဒကို မျက်နှာလွှဲခဲပစ် ချန်ထားခဲ့ရန် ကြံစည်မှုမျှသာဖြစ်သည်။ ဤနည်းဖြင့် လူထု Mandate ကို ဖျက်ဆီးရန် ဆောင်ရွက်ခဲ့သည့် စစ်အာဏာရှင်တို့သည် မဝေးတော့သော ကာလတွင် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ခံကြရပေလိမ့်မည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ အဓိက အတိုက်အခံခေါင်းဆောင်များကို အကျဉ်းချ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘေးဖယ်လျက် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် လုပ်နေခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ရာကျသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးလမ်းစဉ်မှလည်း သွေဖည်နေပေသည်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ အကြံပြုတိုက်တွန်းချက်များကိုလည်း ဆန့်ကျင်သည့်သဘောဖြစ်သည်။ ပြည်တွင်းပြည်ပမှ တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒသဘောထားကိုလည်း လျစ်လျူပြုခြင်းဖြစ်သည်။

စစ်အုပ်စုသည် “ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး”၊ “တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး” စသည်ဖြင့် ကြွေးကြော်နေသော်လည်း လက်တွေ့လုပ်ရပ်များမှာ ဆန့်ကျင်ဘက်များသာဖြစ်နေသည်။ ၂၀၀၈ ဖေဖော်ဝါရီ (၁၄) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရသည်။ အရင်းခံအားဖြင့် ̏အကျပ်ကိုင် လက်နက်ချခိုင်းခြင်း˝ ကို လုံးဝလက်မခံဘဲ ̏ တွေ့ဆုံဆွေးနွေး အဖြေရှာရေး˝ နည်းလမ်းဖြင့်သာ လက်ရှိနိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟူသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးခံယူချက်ကို ယိုင်နဲ့စေရန်၊ ကရင်အမျိုးသားအချင်းချင်းအကြား ပိုမိုသွေးကွဲစေရန် အကြံပက်စက်မှုဟု ဆိုရမည်။

၂၀၀၉ သြဂုတ်လတွင် စစ်အစိုးရ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်မခံခဲ့သည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ နယ်မြေကို နအဖတပ်များက ထိုးစစ်ဆင်သိမ်းယူလိုက်သည်။ ကိုးကန့်တပ်ဖွဲ့များ (MNDAA) နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ယခင် ဖုန်ကြားရှင်၏ ကိုးကန့်နယ်မြေတွင် စိတ်ကြွမူးယစ်ဆေးပြား (၁) သိန်း (၅) သောင်းကျော်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ နအဖ၏ လိုတမျိုး မလိုတမျိုး လုပ်တတ်သည့် ကောက်ကျစ်မှုကို တိုင်းရင်းသားတို့ သတိထားရန် ဖြစ်သည်။

ယခု ဇန်န၀ါရီလ (၂၇) ရက်နေ့က အထူးဒေသ (၄) အပစ်ရပ် မိုင်းလားအဖွဲ့ခေါ် “အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်” NDAA-ESS တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရပြန်သည်။ နောက်ကွယ်တွင် စစ်အုပ်စုလက် ရှိနေသည်မှာ သေချာသလောက်ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံရန် အခြားတိုင်းရင်းသားအဖွဲ့များအား ဖိအားပြင်းပြင်း ပေးလိုက်သည့်သဘောလည်းဖြစ်သည်။ ဤအတောအတွင်း အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး ပြုလုပ်ရန် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ဆက်လက်ဖိအားပေးနေသည်။

လက်ငင်း စစ်အုပ်စုလုပ်ဟန်များအရ မြန်မာစစ်အင်ပါယာက တိုင်းရင်းသားနယ်မြေဒေသများအား အတင်းအကျပ် ကိုလိုနီလက်အောက်ခံပြုရန် စီစဉ်နေကြောင်း ထင်ရှားသည်။ ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် သီးခြားပြည်ထောင် (၄) ခုကို “တန်းတူရည်တူ ပြည်ထောင်စု” ပြုရန် အမြော်အမြင်ရှိရှိ သဘောတူခဲ့ကြပြီးနောက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ထိုသဘောကို ၁၉၄၇ မေလ (၂၄) တွင် “ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ” တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းသော အခြေခံမူများကို ကြည့်လျှင်သိနိုင်သည်။ ယင်းအခြေခံမူများအရ မြန်မာနိုင်ငံအတွင်းရှိ (ဗမာလူမျိုး အပါအ၀င်) တိုင်းရင်းသားလူမျိုးအားလုံးသည် ပင်လုံစိတ်ဓာတ်အရ ‘အဆင့်အတန်းတူ’ ဖြစ်သည်။

ထိုညီလာခံတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတွင် “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေးအဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”

“ဒီမိုကရေစီသစ်အရလုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် တိုင်းသူပြည်သား လူများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေ ထိပ်အထိ တိုင်းပြည်အုပ်ချုပ်ရေး၊ တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ သူတို့ ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို မကြိုက်လို့ရှိရင် ပြန်ခေါ်နိုင်ရမယ်”

“လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစု လူမျိုးတွေက လူနည်းစု လူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရ အခွင့်အရေးခွဲခြားမှု၊ နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလို နှိမ်နင်းတာမျိုးတွေ တွေ့ရင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်”

ယနေ့ ပြည်သူလူထု အဓိကတောင်းဆိုနေသည်မှာ (ကြိုးကိုင် ဒီမိုကရေစီ) မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံတွင် လမ်းညွှန်ခဲ့သည့် “လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး” အနှစ်သာရပါသည့် ဒီမိုကရေစီကို တောင်းဆိုနေခြင်းဖြစ်သည်။ သမိုင်းအတွေ့အကြုံ၊ နိုင်ငံတကာသမိုင်းအတွေ့အကြုံများအရ စစ်တပ်ဦးဆောင် လွှတ်တော်အမျိုးအစားကို လူထုက လုံးဝလိုလားသည်မဟုတ်။ လူထုစိတ်ကြိုက် ရွေးချယ်ထားသည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်စစ်စစ် အမျိုးအစားကို လူထုက လိုလားတောင်းဆိုနေခြင်း ဖြစ်သည်။

နအဖစစ်အုပ်စု၏ လက်ရှိလှမ်းနေသော ခြေလှမ်းများမှာ စစ်တပ်လက်ဝေခံ လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းမည့် “စစ်လွှမ်းမိုးရေးလွှတ်တော်” ဖြစ်နေသည်ကို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ သိမြင်နေကြရပြီဖြစ်သည်။ စစ်တပ်လွှတ်တော်တွင် စစ်တပ်က (၂၅) ရာခိုင်နှုန်း သပိတ်ဝင်အိပ်ဝင် ယူထားပြီးနောက် ကျန်မဲဆန္ဒနယ်များတွင်လည်း စစ်ပြန်နှင့် စစ်တပ်အလိုတော်ရိများ နေရာရရေးအတွက် စစ်တပ်က သေနတ်အားကိုးဖြင့် မလွဲမသွေ ကလိန်ကျဦးမည်ဖြစ်သည်။ ထို့ကြောင့် ပါလီမန်တွင် စစ်တပ်က အနည်းဆုံး (၅၀) ရာခိုင်နှုန်းကျော် ယူထားမည်မလွဲပါ။ ထို့ပြင် စစ်ဗိုလ်သမ္မတ၊ စစ်ဗိုလ်ဝန်ကြီးချုပ်၊ အရေးကြီးဝန်ကြီးဌာနအားလုံး စစ်ဗိုလ်ဝန်ကြီးများ ကြိုးကိုင်မည့် အစိုးရဖြစ်လာမည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမည့် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) ကို ပေါင်းစည်းထားသော စစ်တပ်ကြိုးကိုင် ပြည်ထောင်စုလွှတ်တော်သည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် အချုပ်အခြာအာဏာ (၃) ရပ်ကို ကိုင်တွယ်ကျင့်သုံးရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် ကျင့်သုံးခွင့်မရှိပါ။ စစ်တပ်အရေးအရာ ကိစ္စအ၀၀နှင့် စပ်လျဉ်းသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို စစ်ဦးစီးချုပ်နှင့် စစ်တပ်ကိုယ်စားလှယ်များကသာ စီမံကိုင်တွယ်မည်ဖြစ်သည်။ လိုရင်းကိုပြောရလျှင် စစ်တပ်နှင့် စစ်ဦးစီးချုပ်က အာဏာသုံးရပ် အထက်တွင် ရှိလိမ့်မည်။ စစ်ဦးစီးချုပ်၏ ဆုံးဖြတ်ချက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့က အတည်ပြုပေးရမည်ဖြစ်မည်။ ထို့ကြောင့် Military-Monopolized Rubber-Stamp Parliament သာ ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတကိုလည်း စစ်ဦးစီးချုပ်က အဆိုပြု လက်ခံသူကိုသာ ခန့်ထားလိမ့်မည်။ အစိုးရအဖွဲ့အတွင်း အရေးကြီး ၀န်ကြီးရာထူးများကိုလည်း စစ်တပ်ကိုယ်စားလှယ်များကိုသာ ပေးမည်။ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်ရာထူးများကိုလည်း စစ်တပ်စိတ်တိုင်းကျသူများကိုသာ ခန့်ပေလိမ့်ဦးမည်။ သဘောမှာ စစ်ဦးစီးချုပ်က သမ္မတနှင့် ကက်ဘိနက်အဖွဲ့၏ အထက်တွင် ရှိမည်။ အဖွဲ့ဝင် (၁၁) ဦး ပါသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ဆိုသည်ကလည်း စစ်ဦးစီးချုပ် အလိုကျသူများနှင့် ဖွဲ့စည်းထား၍ အချိန်မရွေး စစ်ဦးစီးချုပ်က အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ အာဏာသိမ်းနိုင်သည်။ စစ်ဦးစီးချုပ်သည် အချုပ်အခြာအာဏာ (၃) ရပ်၊ သမ္မတနှင့် အစိုးရအဖွဲ့တို့၏ အထက်တွင် ရှိနေပေတော့မည်။

ဤ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲရောက်မှ ပြင်မည်ဟု စဉ်းစားခြင်းမှာ နုံအလွန်းရာ ကျပေလိမ့်မည်။ တခုခု ပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြင်ဆင်ချက်မူကြမ်း တင်ရမည်ဖြစ်သည်။ စစ်တပ်၏ချော့လုံး၊ ခြောက်လုံးများကြားတွင် လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းရရန် လွယ်မည်ထင်လျှင် မှားပါလိမ့်မည်။ ထိုမျှမက လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်နှင့် လူထု Referendum က (၅၀) ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတရေးဆိုသည့် ဒီမိုကရေစီအခွင့်အရေးများကို အိပ်မက်ပင် မက်ခွင့်ရှိမည်မဟုတ်ပါ။

ထိုအချင်းအရာများကို မြင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စသည် ပြည်သူလူထုအများစု၏ ဆန္ဒအမှန်ဖြစ်သည်။ NLD က ထိုအချက်များ မီးမောင်းထိုးပြရခြင်းမှာ ပြည်တွင်းစစ် နောက်တကျော့ ပြန်လည်မလာစေလို၍ ဖြစ်သည်။ စိတ်ကူးယဉ်ကာ မဖြစ်နိုင်သည်ကို ဈေးဆစ်နေခြင်းမျိုး အလျဉ်းမဟုတ်။ မြော်မြင်ချိန်ဆ၍ ပြောသောစကားဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှုရှိ၍ လူထုကိုယ်စားပြောသော စကားလည်းဖြစ်သည်။

စင်စစ် တိုင်းရင်းသားပြည်သူလူထုဆန္ဒကို ပစ်ပယ်သူများ၊ ‘ပင်လုံကတိ’ ကို ပစ်ပယ်သူများမှာ စစ်ခေါင်းဆောင်များနှင့် သူတို့နောက်လိုက် နိုင်ငံရေးအချောင်လမ်းရှာသူများသာဖြစ်သည်။ ပင်လုံစာချုပ်အရ တိုင်းရင်းသားအားလုံးအား ‘တန်းတူညီမျှ အခွင့်အရေး’ နှင့်တကွ ‘ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကို အာမခံသည့် ‘ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး’ ကို အမှန်တကယ် လိုလားသဘောတူလျှင် Military-Monopolized Rubber-Stamp Parliament (တနည်း) ဒီမိုကရေစီအရေခြုံ စစ်ကောင်စီကို တရားဝင်ဖြစ်အောင် အကွက်ဆင်ထားသည့် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအတုနှင့် ၂၀၁၀ ရွေးကောက်ပွဲအတုတို့ကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုရှိရှိ ဆန့်ကျင်ကြရန်သာရှိသည်။

ထို့ကြောင့် ပင်လုံစိတ်ဓာတ်အရင်းခံဖြင့် ပြည်ထောင်စုစစ်စစ် ထွန်းပေါ်ရေးအတွက် စစ်အာဏာရှင်၏ အလိုတော်ရိများ ကြွေးကြော်နေသော “ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိ” ဟူသော ၀ါဒဖြန့်ချိချက်ကို ညီညီညွတ်ညွတ် ၀ိုင်းဝန်းဆန့်ကျင်ကြရန်မှာ ယနေ့တိုင်းရင်းသားပြည်သူခပ်သိမ်း၏ သမိုင်းရေးတာဝန် ဖြစ်သည်ဟု နှလုံးသွင်းကြပါကုန်။

ကိုးကား ။ ။

(၁) ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန။
(၂) တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ဒုတိယတွဲ)၊ သမိုင်းဌာန (သုတေသန) ရန်ကုန်တက္ကသိုလ်။
(၃) အောင်သန်း၏ အောင်ဆန်း၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၄။

http://www.khitpyaing.org/articles/2010/february/11210.php



မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာအတုပေါ်