Friday, February 12, 2010

12 Feb ဒိုင်ယာရီ

http://ifile.it/piz6owr12 Feb Yeyintnge's Diary

Academy Award used by junta for 2010 poll propaganda

ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့"" အောင်ဆန်း ''''

http://ifile.it/k9pm8hqaung san

န.အ.ဖ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ တနေ့တခြားတိုးပွားလာသည့် တပ်ပြေး ပြဿနာများအပေါ် ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်


၁။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ တနေ့တခြားတိုးပွား လာနေသည့် တပ်ပြေး ပြဿနာများအတွက် “ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” တွင် အဓိကတာဝန်ရှိကြောင်း အောက်ပါအတိုင်း သုံးသပ်ချက်ထုတ် ပြန်အပ်ပါသည်။

၂။တပ်မတော်သားများ၏ စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် န.အ.ဖ စစ်တပ်တွင်းဆန္ဒပြမှုနှင့်စပ်လျဉ်း၍လည်း ဥပဒေကြောင်း အရသုံးသပ်ချက်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာနိုင်ငံရှေ့နေများ ကောင်စီမှထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၃။ ၀မြောက်ဒေသအနီး ဟိုပန်မြို့နယ် အတွင်း တပ်စွဲလျက်ရှိသော မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက် အောက်ခံတပ်များ တွင်လည်း တပ်ပြေးများ တနေ့တခြားများပြားလာကြောင်း၊ တပ်ပြေးများထဲတွင် အရာရှိများ ကိုယ်တိုင်ပါဝင်ကြောင်း၊ ထို့ပြင် (၁၅.၁.၂၀၁၀) ရက်နေ့တွင် ခမရ (၃၁၅) မှ တပ်ပြေးအဖြစ်သတ်မှတ်ခံရသော တပ်သားအောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင် တို့ကို ပြန်လည်ဖမ်းဆီးရမိပြီးနောက်ပိုင်း၊ ပစ်သတ်ခဲ့ကြောင်းသိရှိရ သည်။[1]

၎။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် အမှတ် - ၃၀၂ အမြောက်တပ်မှ အသက်(၂၃) နှစ်အရွယ် အရာရှိ ဗိုလ်ရဲထက် သည် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလအတွင်း၌ ၄င်းတာဝန်ကျဒေသမှ ထိုင်းမြန်မာနယ်စပ်သို့ထွက် ပြေးလာကြောင်းသိရှိရသည်။[2]

၅။ န.အ.ဖ စစ်တပ်အတွင်းမှ “ အရာခံ၊အကြပ်၊ တပ်သား စစ်သည်တို့သည် စားဝတ်နေရေးကျပ်တည်းခြင်း၊ လုပ်ခ-လစာ မ လောက်ငခြင်း၊ န.အ.ဖ ၏ ပြည်သူလူထုကိုဖိနှိပ်သည့်မူဝါဒများကို လိုက်ပါလုပ်ဆောင်အကောင် အထည်ဖေါ်ပေးရခြင်း၊ အငြိမ်း စားလစာနှင့် ဆုကြေးတို့သည် ဘ၀ဇရာပိုင်းအတွက် အာမခံချက်မပေးနိုင်ခြင်း” အကြောင်းအချက်ပေါင်းများစွာကြောင့်၊ စစ် တပ်မှ နှုတ်ထွက်ခွင့်တင်ကြသော်လည်း၊ ထွက်ခွင့်မရကြ ကြောင်း၊ ထို့ကြောင့် တပ်ပြေးများ တနေ့တခြားတိုးပွားလာခြင်း ဖြစ် ကြောင်းသိရှိရသည်။

ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်
၁။ မည်သည့်မြန်မာနိုင်ငံသား (ယောက်ျား) မဆို တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုပါက၊ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥ ပဒေ ပုဒ်မ- ၁၂ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးအရာရှိမျက်မှောက်တွင်လိုက်နာရမည့် နည်းလမ်းကို စနစ်တကျခံယူလျက်၊ ပုဒ်မ - ၁၃ အရ စစ်မှုထမ်းအဖြစ်စာရင်းရေးသွင်းရေးအရာရှိက ကျေနပ်လျှင် စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းရန် ပုံစံကို ဖြည့် စွက်၍ ၄င်းအရာရှိနှင့် စစ်မှုထမ်းဆောင်လိုသူနှစ်ဦးစလုံးလက် မှတ်ရေးထိုးပြီးသည့်နောက်ပိုင်း၊ ပုဒ်မ - ၁၄ အရ စစ်မှု ထမ်းအ ဖြစ် စာရင်းသွင်းခြင်းခိုင်လုံမှုကို ရရှိပြီးဖြစ်သည်။
၂။ တပ်မတော်သားတို့၏ စစ်မှုထမ်းသက်နှင့် နှုတ်ထွက်ခွင့်ပြုခြင်းဆိုင်ရာဥပဒေများကို၊ ၁၉၅၉ ခုနှစ် တပ်မ တော်အက်ဥပဒေ ပုဒ်မ -၂၀ တွင် -
“ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးအား၊ သတ်မှတ်ထားသည့်အာဏာပိုင်က၊ သတ်မှတ်ထားသည့် နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့် သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်းကို၊
ပုဒ်မ - ၂၁ ပြဌာန်းချက်အရ -
(က) ထိုသူ၏ စစ်မှုထမ်းခြင်းကိုရပ်စဲသောအခွင့်အာဏာ။
(ခ) ထိုသို့ရပ်စဲခြင်း၏ အကြောင်းအရင်း။
(ဂ) တပ်မတော်တွင် ထိုသူ၏ စစ်မှုထမ်းခဲ့သည့်အချိန်ကာလ။
စသည်တို့ဖေါ်ပြထားသည့် နှုတ်ထွက်ခွင့်လက်မှတ်ကို ထိုသူ၏ တပ်မှူးကပေးအပ်ရမည် ဟူ၍ အတိအလင်း ပြဌာန်းထားပါသည်။

၃။ ထို့ပြင် ကာကွယ်ရေးကောင်စီညွှန်ကြားလွှာအမှတ် ၆/၇၄ ၊ တပ်မတော်အငြိမ်းစား လစာ နှင့် ဆုကြေး စည်းမျဉ်း ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။
အခန်း(၂) ၊ စစ်မှုထမ်းသက်၊ အငြိမ်းစားလစာနှင့် စစ်မှုထမ်းသက်ဆုကြေး ခေါင်းစဉ်အောက်ရှိ အငြိမ်း စားယူခွင့်ပြုခြင်းဆိုင်ရာ၊ ပုဒ်မ ၂၁-က(၁) “အငြိမ်းစားလစာနှင့် ဆုကြေးအတွက်ရေတွက်ခွင့်ရှိသော စစ်မှုထမ်း သက်နှစ်ပေါင်း ၂၀ ပြည့်သည့်နောက် မည်သည့်အချိန်တွင်မဆို အရာရှိတဦးအား အငြိမ်းစားယူခွင့်ပြုနိုင်သည်။” ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၁ (ခ) အငြိမ်းစား လစာ နှင့် ဆုကြေးအတွက်ရေတွက်ခွင့်ရှိသော စစ်မှုထမ်းသက် (၁၀) နှစ်ပြည့် ပြီးနောက်မည်သည့်အချိန်တွင်မဆို စစ်သည်တဦးအား အငြိမ်းစားယူခွင့်ပြုနိုင်သည် ” ဟူ၍လည်းကောင်း အတိ အလင်းပြဌာန်းထားသည်။

၎။ အထက်ဖေါ်ပြပါပြဌာန်းချက်များအရ အရာရှိဖြစ်လျှင် လုပ်သက် (၂၀) ပြည့်ပြီးသည့်အချိန်မှစတင်ကာ နှုတ်ထွက်ရန်တင်ပြ လာပါက အငြိမ်းစား၊လစာ နှင့် ဆုကြေးတို့ပေးအပ်၍ အငြိမ်းစားယူခွင့်ပေးရမည်ဖြစ်ပြီး၊တပ်သားဖြစ်ပါက လုပ်သက် (၁၀) ပြည့်ပြီး သည့်အချိန်မှစတင်ကာ နှုတ်ထွက်ရန်တင်ပြလာပါက အငြိမ်းစား လစာနှင့် ဆုကြေးတို့ကိုပေးအပ်၍ နှုတ်ထွက်ခွင့်ပေး ရမည် ဖြစ်ပါသည်။

၅။ ဥပဒေအရ နှုတ်ထွက်ခွင့်လည်းရှိ၍ နှုတ်ထွက်ခွင့်တင်ပြထားပြီးလည်းဖြစ်သော မည်သည့် တပ်မတော် သားကိုမဆို နှုတ်ထွက် ခွင့်မပေးဘဲ ဆက်လက်တာဝန်ထမ်းဆောင်စေပါက “ မိမိအလိုဆန္ဒနှင့်ဆန့်ကျင်သော အဓမ္မစေခိုင်းမှုကို ကျူးလွန်ခြင်း” ပင် ဖြစ်သည်။

၆။ ထို့ပြင် ပြန်လည်ဖမ်းဆီးရမိသည့် မည်သည့်တပ်ပြေးကိုမဆို တရားနည်းလမ်းကျစွာ စစ်ဆေးခြင်းမရှိဘဲ ပစ်သတ်ခွင့်မရှိပါ။ ပစ်သတ်ပါက ပြစ်မှုဆိုင် ရာဥပဒေ ပြဌာန်းချက်အရ လူသတ်မှုကျူးလွန်ခြင်းဖြစ်သည်။

၇။ အထက်ဖေါ်ပြပါ “မိမိအလိုဆန္ဒနှင့်ဆန့်ကျင်သော အဓမ္မစေခိုင်းမှု ကျူးလွန်ခြင်း” နှင့် ပြန်လည်ဖမ်းဆီးရ မိသည့် တပ်ပြေး နှစ်ဦးကို ပစ်သတ်ခဲ့သည့်အတွက် “ကာကွယ်ရေးဦးစီးချုပ်” တွင်အဓိကတာဝန်ရှိကြောင်း ဥပဒေရေးရာ သုံးသပ်ချက် ထုတ်ပြန်အပ်ပါသည်။

၂၀၁၀၊ ဖေဖေါ်ဝါရီလ (၉) ရက်
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊
ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈

http://www.hittai.org/main.htm

ပြည်ထောင်စုနေ့မိန့်ခွန်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည်ထည့်မပြော

ပြည်ထောင်စုနေ့မိန့်ခွန်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည်ထည့်မပြော


သျှမ်းပြည် ပင်လုံ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တခွန်းတပါဒမျှ မလှစ်ဟသည့် နအဖ အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိန့်ခွန်းသ၀ဏ်လွှာကို ဒေသခံပြည်သူအား ဆင့်ခေါ်ပြီး နားထောင်စေခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

သျှမ်းပြည် ပင်လုံ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တခွန်းတပါဒမျှ မလှစ်ဟသည့် နအဖ အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိန့်ခွန်းသ၀ဏ်လွှာကို ဒေသခံပြည်သူအား ဆင့်ခေါ်ပြီး နားထောင်စေခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“ပင်လုံမှာ ပြည်ထောင်စုနေ့အခမ်းအနားကို သမိုင်းဝင်ပင်လုံကျောက်တိုင်မှာကျင်းပတယ်။ ပြည်ထောင်စု သန္ဓေတည်ရာ ပင်လုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း နာမည်နာမ တခွန်းတပါဒမှမပြောဘူး။ ” - ဟု ပင်လုံသားတဦးက ပြောပြပါသည်။

ဖေဖေါ်ဝါရီ ၁၂ ရက် ယနေ့ကျရောက်သော ၆၃ နှစ် မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို သျှမ်းပြည် မြို့နယ်တိုင်း၌ ဒေသခံ နအဖ အာဏာပိုင်တို့မည်ကာမတ္တ ကျင်းပခဲ့ကြောင်း၊ အခမ်းအနား၌ မြို့နယ်အကြီး အကဲများက နအဖထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးပို့ခဲ့သော ၅ မိနစ်ကြာ မိန့်ခွန်း သ၀ဏ်လွှာ ဖတ်ကြား ရကြောင်း၊ ထိုသ၀ဏ်လွှာတွင် ပုံတောင်ပုံညာ၌တွေ့ရှိသော နှစ်သန်း ၄၀ ခေတ်က ပရိုင်းမိတ် အကြောင်း အစချီပြီး ယခုနှစ်အတွင်း ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအထိ သမိုင်းကြောင်းများ ထုတ်ဖေါ်ခဲ့သော်လည်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တလုံးတပါဒမှ ပါဝင်ခြင်းမရှိဟုဆို၏။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနား


“ဗမာ့သမိုင်းမှာက ကမ္ဘာ့လူသားအစ ပုံတောင်ပုံညာကပေါ့။ ပြီးတော့ ဘုရင့်နောင် အလောင်းဘုရား တိုင်းပြည် ခန်းနားပုံပေါ့၊ နယ်ချဲ့အင်္ဂလိပ်ဝင်လာတော့ တိုင်းရင်းသားပြည်သူ စုပေါင်းဆန့်ကျင်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေး အရယူခဲ့တယ်။ ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်ရွေးချယ်သွားဖို့ စတာတွေပါတယ်။ ၅ မိနစ် လောက်ဖတ်တယ်၊ ထူးချွန်တဲ့ကျောင်းသူ/သား တွေကို ဆုချတယ်။ အားကစား ပြိုင်ပွဲလုပ်တယ်။ ညပွဲတော့ဘာမှမရှိဘူး” - ဟု မူစယ် ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။

ပြည်ထောင်စုနေ့တွင် အိမ်တိုင်းစေ့ နိုင်ငံတော်အလံထူရန်မပြောကြောင်း၊ အစိုးရရုံးနှင့် ဟော်တယ် တည်းခို ခန်းများတွင်သာ အလံထူခိုင်းကြောင်း၊ ပင်လုံတွင် ကြီးကျယ်ခမ်းနားသည့် ပြည်ထောင်စုနေ့မကျင်းပသော်လည်း လောင်းကစားဝိုင်းကိုမူ ၁၅ ရက်တိုင်တိုင် ကျင်းပမည်ဟု ပင်လုံသားက ဤကဲ့သို့ဆက်ပြော၏။

“လောင်းကစားဝိုင်းကအခုလ ၂ ရက်နေ့စပြီး ၁၅ ရက် တိုင်တိုင်ကျင်းပမယ်တဲ့၊ လောင်းကစားဝိုင်း ကန်ထရိုက် ဆွဲတာ ရပ်ကွက် (၁) ဦးအောင်စိုးဝင်းတဲ့။ ဗမာပြည်သား ပင်လုံပြောင်းလာတာ နှစ် ၂၀ ကျော်ရှိပြီ။ သူက မယက ဥက္ကဌ ဦးလှမြင့် နဲ့ပေါင်းပြီးလုပ်တယ်။ စစ်တပ်၊ ပုလိပ်၊ ခယက၊ မယက၊ ထွေအုပ်၊ စရဖ တွေအားလုံးကို လာဘ်ထိုးကျွေးပြီးလုပ်တယ်”


ယခုနှစ် ပြည်ထောင်စုအခမ်းအနားများကို သုံးသပ်ကြည့်ပါက ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း၊ စစ်မှန်သည့်ပြည်ထောင်စု အရေးတို့သည် တစ္ဆေသဖွယ် နအဖ ထိပ်သီးကြီးများအား ခြောက်လှန့်နေကြောင်း၊ ပင်လုံကို နအဖလက်ခံလျင်ကချင် တပ်ဖွဲ့ လက်နက်ပင်ချမည်ဟု KIO မှ ပြောကြား ကမ်းလှမ်းခဲ့သော်လည်း မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကပင်လုံခေတ် မဟုတ်တော့ဟုပြန်ပြောကြောင်း - နအဖ က အာဏာလက်ကိုင်ထားရန်ဘမ်းပြ ပြောဆိုခြင်းသာ ဖြစ်ကြောင်းသျှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင် ဥက္ကဌ စ၀်ခင်းဆာယီ က ပြောဆိုသုံးသပ်ပါသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02.html

Open letter to Mon &_NLD MPs

http://ifile.it/pwx08q4Open Letter to Mon &_NLD MPs

ပြည်ထောင်စုနေ့ကို နားလည်ကြည့်ခြင်း

ပြည်ထောင်စုနေ့ကို နားလည်ကြည့်ခြင်း


ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဒီအချိန်မှာ ရှမ်း၊ ကချင်၊ ချင်းဒေသ တွေက ကိုယ်စားလှယ် ၂၃ ဦးဟာ ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ဖို့ အတွက် မြန်မာကြားဖြတ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

လက်ရှိ မြန်မာစစ်အစိုးရက နိုင်ငံရဲ့အမည်ကို Burma ကနေ Myanmarလို့ ၁၉၈၉ ခုနှစ်မှာ ပြောင်းခဲ့တာပါ။ ဒါပေမယ့် မြန်မာ အတိုက်အခံ အင်အားစုတွေနဲ့ အနောက်နိုင်ငံ အတော်များများက Burma လို့ပဲ ဆက်သုံးနေကြပြီး ကမ္ဘာ့အရှေ့နိုင်ငံ အများစု နဲ့ ကုလသမဂ္ဂတို့ကတော့ Myanmar လို့ ပြောင်းလဲ ခေါ်ဝေါ်ကြပါတယ်။

ပင်လုံစာချုပ်ဟာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ သမိုင်းမှာ အချိုးအကွေ့တခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဟာ တောင်တန်းဒေသတွေက တိုင်းရင်းသားခေါင်းဆောင်တွေ အတူတွေ့ဆုံပြီး ညှိနှိုင်းနိုင်အောင် အချက်အချာကျတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့တာပါ။ သူဟာ အသက် ၃၂ နှစ် အရွယ်မှာ လုပ်ကြံ ခံရပါတယ်။

ပြည်ထောင်စုနေ့ဟာ မြန်မာပြည် ဗြိတိသျှ ကိုလိုနီ ထမ်းပိုးအောက်ကနေ ၁၉၄၈ ဇန်န၀ါရီလမှာ လွတ်လပ်ရေးရမယ့် ရှေ့ပြေးနိမိတ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းက တိုင်းရင်းသားနိုင်ငံရေးကိစ္စတွေ အတွက်လည်း သမိုင်းမှတ်တိုင်တခု ဖြစ်စေခဲ့ပါတယ်။ ပြည်ထောင်စုနေ့ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံကို တိုင်းရင်းသားလူမျိုးစုတွေ အများအပြား နေထိုင်ဖို့ အိမ်တဆောင် ဖြစ်လာစေတာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာ့လွတ်လပ်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ လန်ဒန်သွားတုန်းက တောင်တန်း ဒေသတွေက ကိုယ်စားလှယ်တွေ တယောက်မှ မပါဝင်ခဲ့ပါဘူး။ အစည်းအဝေးမှာ ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့်အက်တလီက ဗိုလ်ချုပ်အောင်ဆန်းကို တောင်တန်းဒေသ ခေါင်းဆောင်တွေရဲ့ ဆန္ဒမပါဘဲ အဲဒီ ဒေသတွေကို ပြည်ထောင်စု မြန်မာနိုင်ငံထဲ ပါဝင်လာဖို့ အကျပ်မကိုင်သင့်ဘူးလို့ ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူတွေ အကွဲကွဲ အပြားပြား ဖြစ်အောင်လုပ်တာ ဗြိတိသျှအစိုးရ ဖြစ်တယ်လို့ စောဒက တက်ခဲ့ပါတယ်။ “ကျနော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို သိတဲ့အတွက် ဒီနေရာမှာ ကျနော် ရဲရဲ အာမခံနိုင်တာက လူမျိုးတိုင်း လွတ်လွတ်လပ်လပ် အတူတကွ တွေ့ဆုံနိုင်တဲ့ အခွင့်အလမ်း ရှိမယ့်အပြင် ပြင်ပစွက်ဖက်မှု ကင်းတဲ့၊ အလုပ် လုပ်နိုင်ခွင့်တွေ ရရှိမယ့်၊ စုစည်းတဲ့မြန်မာနိုင်ငံကို ထူထောင်ရေးမှာ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ ကျနော်တို့ဆီမှာ မရှိဘူး ဆိုတာပါပဲ” လို့ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့ထုတ် လန်ဒန်တိုင်းမ် သတင်းစာကြီးထဲမှာ ကိုးကား ဖော်ပြခဲ့ပါတယ်။

အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို မမျှမတ ပြုမူ ဆက်ဆံလေမလား ဆိုတဲ့ ဗြိတိသျှအစိုးရရဲ့ ပူပန်မှုတွေကို ဖြေသိမ့်တဲ့ အနေနဲ့ ဗိုလ်ချုပ်က “ဗမာတွေ တကျပ်ရရင် ခင်ဗျားတို့ တိုင်းရင်းသားတွေ တကျပ် ရလိမ့်မယ်” လို့လည်း သမိုင်းဝင်စကား ပြောခဲ့ပါသေးတယ်။

အဲ့ဒီလို ဗိုလ်ချုပ်အောင်ဆန်းဆီက အာမခံချက်ရပြီးတဲ့နောက်မှာတော့ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်တွေဟာ မြန်မာကြားဖြတ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတော့တယ်။ ကြားဖြတ်အစိုးရနဲ့ လက်ငင်း ပူးပေါင်း ဆောင်ရွက်ရင် လွတ်လပ်ရေး ပိုပြီး မြန်မြန် ရလာနိုင်တယ်လို့ ပင်လုံညီလာခံကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ယုံကြည်ခဲ့ကြတာပါ။

ရှမ်း၊ ကချင်နဲ့ ချင်းတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀နဲ့ တိုင်းပြည်ရဲ့ ချမ်းသာကြွယ်ဝမှုကို သာတူညီမျှ ခံစားစေရမယ် ဆိုတဲ့ ကတိတွေကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် ဖွဲ့စည်းမှုကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်တွေကတော့ သူတို့ကို သီးခြား လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ဗြိတိသျှက အသိအမှတ် ပြုလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ပင်လုံညီလာခံမှာ ဆွေးနွေးကြတဲ့ အထူးခြားဆုံး အချက်တခုက တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ပေးမယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကို ဒီနေ့အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ပင်လုံစာချုပ်ရဲ့ အခြေခံက စုစည်းတဲ့ နိုင်ငံတခု တည်ထောင်ဖို့ပါ၊ တောင်တန်းဒေသတွေမှာ ရှိနေပြီးဖြစ်တဲ့ မိရိုးဖလာ လုပ်ပိုင်ခွင့် ဒါမှမဟုတ် ကိုယ်ပိုင် အုပ်ချုပ်မှုတွေကို အဆုံးသတ်စေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။

ပင်လုံစာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ လူများစုဖြစ်တဲ့ ဗမာတွေ ဦးဆောင်တဲ့ ဗဟိုအစိုးရနဲ့ တခြား တိုင်းရင်းသားလူမျိုးတွေ ကြားမှာ သံသယနဲ့ နားလည်မှုလွဲတာတွေ ကြီးထွားလာခဲ့ပါတော့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ ၁၉၄၇ ခုနှစ်ကတည်းက စလို့ လူနည်းစုတွေရဲ့ အဓိက တောင်းဆိုချက် ဖြစ်ခဲ့ပြီး အခုထိလည်း အခရာ ကျတဲ့ကိစ္စတခုအဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေ အပါအ၀င် တိုင်းရင်းသားနိုင်ငံရေး ပဋိပက္ခတွေဟာ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာတွေရဲ့ အဓိကနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီလူနည်းစု ရေးရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းမှု မရှိသရွေ့တော့ မြန်မာပြည်မှာ ဒီမိုကရေစီ ရရင်တောင်မှပဲ ပဋိပက္ခတွေ ဆက်လက် တည်ရှိနိုင်ဖွယ် ရှိပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ တခါက တောင်တန်းဒေသတွေလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဒေသတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးအရ အဖြေတခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ အဲ့ဒီအရာကို ပြည်ထောင်စုကြီး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲဖို့ ဦးတည်စေတဲ့ အရာလို့ မြင်ပါတယ်။

နိုင်ငံရေး ကိုယ်ပိုင် လွတ်လပ်ခွင့်ဟာ ခွဲထွက်ရေးလို့ သဘော မသက်ရောက်ပါဘူး။ မြန်မာပြည်က တိုင်းရင်းသား လူနည်းစုတွေဟာ ခွဲထွက်ရေးသမားတွေ မဟုတ်ကြသလို ခွဲထွက်ရေးကို လိုလားသူတွေလည်း မဟုတ်ကြပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိမှသာ သူတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းနိုင်ဖို့ အခွင့်အလမ်း ရလာလိမ့်မယ်လို့ သူတို့က ယုံကြည်တာပါ။

တိုင်းရင်းသားလူနည်းစုတွေက တနိုင်ငံလုံးရဲ့ မြေဧရိယာ သုံးပုံ တပုံမှာ နေထိုင်ပြီး တနိုင်ငံလုံး လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ သူတို့ဟာ ၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုထားတဲ့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလူမျိုးစုတွေ ကြားမှာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့အတွက် ကာလအတော်ကြာ စည်းရုံး လှုပ်ရှားနေခဲ့ကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကသာ တောင်တန်းဒေသတွေကို နိုင်ငံရေးအရ တန်းတူရည်တူ ရှိမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာတွေနဲ့ ပတ်သက်ပြီး ကတိမပေးခဲ့ဘူးဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာလည်း ပေါ်ပေါက်ချင်မှ ပေါ်ပေါက်လာနိုင်ပါလိမ့်မယ်။

လူဦးရေ အချိုးအစားက ဘယ်လိုပဲ ရှိနေပါစေ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးတွေ တန်းတူ ရှိမှသာ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ပေါင်းစည်းညီညွတ်ပြီး အားမာန်တက်ကြွတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာနိုင်မှာပါ။ အခြားအခွင့်အရေးတွေအပြင် လူမျိုးစုတိုင်းကို သူတို့ကိုယ်ပိုင် ယဉ်ကျေးမှု နဲ့ စာပေတွေ ထွန်းကား ပြန့်ပွားနိုင်ဖို့ အတွက် အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။

ဘယ်တိုင်းရင်းသား လူမျိုးစုကို မဆို အမြစ်ဖြတ် ချေမှုန်းဖို့ စစ်အစိုးရက စစ်ရေးအရဖြစ်စေ ယဉ်ကျေးမှုအရဖြစ်စေ တမင် ရည်ရွယ် ကြိုးစားတယ် ဆိုရင် အဲ့ဒီ လုပ်ရပ်ဟာ ပြည်ထောင်စုနေ့ စိတ်ဓာတ်ကို ဆန့်ကျင်တဲ့လုပ်ရပ်ပါပဲ။ ၆၃ နှစ် ကြာခဲ့ပေမယ့် မြန်မာပြည်က တိုင်းရင်းသား လူနည်းစုတွေကတော့ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရကို အခုထိ ငြင်းပယ်ခံနေရဆဲ ဖြစ်ပါတယ်။

နာဂင်ပေါင် ကစ်ပ်ဂင်၏ Understanding Burma's 'Union Day' ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ နာဂင်ပေါင် ကစ်ပ်ဂင်သည် အမေရိကန်ပြည်ထောင်စုအခြေစိုက် Kuki International Forum အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေး ပဋိပက္ခများကို သုတေသန ပြုနေသူတဦး ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2593-2010-02-12-11-05-12

ပင်လုံစိတ်ဓာတ် ပျောက်ဆုံးနေဟု တိုင်းရင်းသား ခေါင်းဆောင်များပြော

ပင်လုံစိတ်ဓာတ် ပျောက်ဆုံးနေဟု တိုင်းရင်းသား ခေါင်းဆောင်များပြော


ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ၆၃ နှစ် ကြာခဲ့ပြီး ဖြစ်သော်လည်း တိုင်းရင်းသားများ အတွက် အမှန်တကယ် ပြည်ထောင်စု၏ အနှစ် သာရကို ရရှိခံစား ခဲ့ဖူးခြင်း မရှိသေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြသည်။

၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရာ ရန်ကုန်မြို့ NLD ရုံးချုပ် ရှေ့တွင် ပါတီဝင်များက အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများ ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးအား ဗမာ အပါအ၀င် တိုင်းရင်းသား အားလုံး တပြိုင်နက် ရယူရန် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်၍ ပင်လုံ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည့် နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ဆိုလျှင် ၆၃ နှစ်မြောက် ရှိပြီဖြစ်သည်။

ယင်း ပင်လုံစာချုပ်၏ အဓိက အနှစ်သာရမှာ ပြည်ထောင်စု တိုင်းရင်းသား အားလုံး သာတူညီမျှ အကျိုးခံစားခွင့် ရရှိရေး ဖြစ်သည်။

ရခိုင် တိုင်းရင်းသား ခေါင်းဆောင်ဖြစ်သူ ဦးအေးသာအောင်ကမူ ယနေ့ ပြည်ထောင်စုသည် စစ်တပ်က အုပ်ချုပ်နေသည့် အတွက် အသွင်သဏ္ဍာန် အရရော အနှစ်သာရ အရပါ ကင်းမဲ့နေသည်ဟု ပြောဆိုသည်။

“ဖေဖော်ဝါရီလ ၁၂ရက်နေ့ကို ရောက်ရင်ဖြင့် ပြည်ထောင်စုနေ့ အကြောင်းကို ပြောကြမယ်၊ ရေးကြမယ်ပေါ့၊ ဒါပေမယ့် လက်ရှိ အနေအထားအရ မြန်မာနိုင်ငံမှာ ပြည်ထောင်စုရဲ့ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ မရှိဘူးလို့ ကျနော်မြင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတာဟာ စစ်တပ်က အုပ်ချုပ်နေလို့ ပါပဲ”ဟု ဦးအေးသာအောင် က ပြောသည်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ နိုင်ငွေသိန်း ကလည်း စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တိုင်းရင်းသား အားလုံး ချစ်ချစ်ခင်ခင် နေနိုင်သည်ဟု ဆိုသည်။

“လက်ရှိပြည်ထောင်စုဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှမှု မရှိဘူး၊ တဦးနဲ့ တဦး စာနာမှုမရှိဘူး၊ အင် အားကြီးတဲ့သူက အနိုင်ကျင့်တော့ ပြည်တွင်းစစ်တွေ ဖြစ်ကြတာပေါ့၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုဟာ တယောက်နဲ့ တယောက် တိုက်ခိုက်ကြဖို့မလိုပါဘူး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းရင်းသားအားလုံး ချစ်ချစ်ခင်ခင် နေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံဟု ခေါ်ဝေါ်နေသော်လည်း တိုင်းရင်းသားများအတွက် ရသင့်ရထိုက်သော ပြည်နယ် အခွင့်အရေးများ၊ အုပ်ချုပ်ပိုင်ခွင့်များ၊ ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက်လုပ်ကိုင်ခွင့်များ မရရှိသောကြောင့် အနှစ်သာရ ကင်းမဲ့သော ပြည်ထောင်စုသာ ဖြစ်ကြောင်း ကချင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်(Kachin National Congress for Democracy) မှ ဦးဇော်အောင်က ဆိုသည်။

“ကျနော် ကချင် တယောက်အနေနဲ့ ပြောရရင် ပြည်ထောင်စုဆိုတာ စာရွက်ပေါ်မှာပဲရှိတယ်၊ တကယ့်ပြည်ထောင်စုရဲ့ အနှစ်သာရနဲ့
လက်ရှိအနေအထားက မိုးနဲ့ မြေလိုပဲ ကွာခြားတယ်၊ ဘာကြောင့်လဲဆိုရင် ပြည်ထောင်စုတော့ ပြည်ထောင်စုခေါ်တာပဲ၊ ဒါပေမယ့် အားလုံးသိတဲ့ အတိုင်းပဲလေ စစ်တပ်က အုပ်ချုပ်ထားတာပဲ၊ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဘာတခုမှ မရ တော့ကာ ပြည်ထောင်စုက နာမည်ပဲ ကျန်တာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ယနေ့ကျရောက်သော (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့သို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးပို့သည့် သ၀ဏ်လွှာတွင်“နိုင်ငံတော်သစ်ကို တည်ဆောက်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားတို့က တခဲနက် ထောက်ခံအတည်ပြုခဲ့ကြပြီးနောက် နိုင်ငံတော်ရှေ့ ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်အရ ယခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ရရှိတော့မည်ဖြစ်ရာ နိုင်ငံသားတို့ ၏ ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးတို့အား ရွေးကောက်နိုင်ရန် အများဆန္ဒဖြင့် ဆုံးဖြတ်ကြရမည် ဖြစ်ပေသည်”ဟု ပြောဆိုသည်ကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် ကတိပေးနေသော်လည်း ၂၀၀၈ အခြခံဥပဒေသည် ပင်လုံစာချုပ်နှင့် အလှမ်းကွာလွန်းသည်ဟု ဦးအေးသာအောင်က ပြောသည်။

“၂၀၀၈ ခုနှစ်မှာရေးဆွဲပြီး အတင်းအကျပ် အတည်ပြုလိုက်တဲ့ အခြေခံဥပဒေအသစ်အရ ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံကရော ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောနိုင်မလားဆိုတော့ အမည်အားဖြင့်တော့ ပြည်ထောင်စု ရယ်လို့ ခေါ်ထားတာ တွေ့ ရမယ်၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စသည်ဖြင့်တွေ့ ရမယ်၊ အဲသလို အုပ်ချုပ်ပုံ အဆင့်ဆင့်မှာ တပ်မတော် က ၂၅ ရာခိုင်နှုန်း ယူထားမယ်ဆိုတော့ တိုင်းရင်းသားများလိုလားတဲ့ ပြည်ထောင်စုနဲ့ တနည်းအားဖြင့် ပင်လုံစာချုပ်နဲ့ အလှမ်းကွာလွန်း လှပါတယ်၊ ဆီနဲ့ ရေလိုပဲကွာတယ်”ဟု ၎င်းက ဆိုသည်၊

ယနေ့တွင် (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ် အပါအ၀င် ပြည်တွင်းပြည်ပတွင် ကျင်းကြသည်ဟု သိရသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2595-2010-02-12-12-23-31

ပြည်တွင်းစစ်သာ လောင်ကျွမ်းခဲ့သည့် ပြည်ထောင်စု

ပြည်တွင်းစစ်သာ လောင်ကျွမ်းခဲ့သည့် ပြည်ထောင်စု



ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ပေါ်-မြေပြန့် တိုင်းရင်းသားများအကြား တန်းတူ အခွင့်အရေးရှိသည့် ပြည်ထောင်စုတခု တည်ဆောက်ရန် မျှော်မှန်းခဲ့သော ပင်လုံစာချုပ်သက်တမ်းသည် ယနေ့ဆိုလျှင် ၆၃ နှစ်ရှိပြီဖြစ်သည်။

သို့သော် လွတ်လပ်ရေး ခေါင်းဆောင်များ မျှော်မှန်းထားသည့် ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်သေးဘဲ ပြည်တွင်းစစ်မီးသာ လောင်ကျွမ်းခဲ့သည်မှာလည်း ယနေ့အထိ ဖြစ်သကဲ့သို့၊ လက်ရှိ အုပ်ချုပ်နေသည့် စစ်အစိုးရကလည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်၍ ယခုနှစ်တွင် ရွေးကောက်ပွဲပြီးလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိတော့မည်ဟု တိုင်းရင်းသားများကို မက်လုံးပေးနေဆဲဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံဥပဒေပါ အချက်အလက်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် အန်အယ်ဒီက ပြောဆိုသည်။

ဇိုမီး အမျိုးသား ကွန်ဂရက် ZNC ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ပြည်ထောင်စုဆိုတာမျိုးဟာ တိုင်းရင်းသား အားလုံး ခွဲခြားမှု မရှိဘဲ တန်းတူညီတူ ခံစားခွင့်၊ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေပုဒ်မ တခုမှ မရှိဘူးဆိုတော့ ပြည်ထောင်စုလို့ မခေါ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီနိုင်ငံများတွင်မူ နိုင်ငံရေးလုပ်လိုသည့် တပ်မတော်သားများသည် စစ်ဖက်တာဝန်များမှ နုတ်ထွက်လေ့ ရှိသော်လည်း မြန်မာစစ်တပ်ကိုမူ “ယူနီဖောင်း” ဖြင့်ပင် နိုင်ငံရေး၌ ပါဝင်နိုင်ရန် အခွင့်အရေး ပေးထားခြင်းသည် အဆိုးဆုံး ဖြစ်သည်ဟုလည်း သူက ဆိုသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေပါ အခန်း ၆ အရ “အမျိုသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ” တွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဆိုသည့် အချက်ကို ထောက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ ENC တွဲဘက်အတွင်းရေးမှူး ဆလိုင်းရွှေခါးကလည်း တိုင်းရင်းသားများ လိုလားသော ပင်လုံစာချုပ် အပိုဒ် ၅ နှင့် ၇ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခြေခံ တန်းတူ အခွင့်အရေးများသည် ၂ဝဝ၈ အခြေခံ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှု မရှိကြောင်း ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရ ဦးအုန်းကြိုင်ကမူ ဖဆပလခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် နအဖ စစ်အစိုးရ ယနေ့ထိ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း မရှိကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီ နည်းမကျသည့် အချက်များ ပါဝင်နေသဖြင့် ပြန်ပြင်ရမည်ဖြစ်ကြောင်း ပြောသည်။

“ပင်လုံစာချုပ်မှာက အချက် ၉ ချက် ပါတယ်လို့ သိရတယ်။ အဓိက တိုင်းရင်းသားတွေအားလုံး တန်းတူညီမှု ရှိရမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြည်နယ်/တိုင်းတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ အကြမ်းအားဖြင့် သိပါတယ်” ဟု သူက ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များအကြား ပြည်ထောင်စုကြီး တည်ဆောက်ရန် သဘောတူခဲ့ကြပြီး ရှမ်းပြည်နယ် ပင်လုံမြို့တွင် သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ပြည်ထောင်စုနေ့ သဝဏ်လွှာအတွင်း၌ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု ဖော်ပြခြင်းမရှိဘဲ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည့်အကြောင်းသာ အလေးပေး ထည့်သွင်းပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ စစ်တပ်ကြီးစိုးရေး လမ်းစဉ်လည်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ၏ တန်းတူ အခွင့်အရေးကို ဖော်ဆောင်နိုင်စွမ်း မရှိသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအတိုင်း ရွေးကောက်ပွဲ ကျင်းပရုံဖြင့် ပြည်တွင်းစစ်မီး ရပ်စဲမည်ဟု မျှော်လင့်စရာ အကြောင်းမရှိပါ။

တိုင်းရင်းသားလူမျိုးများ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို လူတန်းစားတရပ်က သော်လည်းကောင်း၊ လူတစုကသော်လည်းကောင်း ချုပ်ကိုင်နေဦးမည်ဆိုပါက ပြည်ထောင်စု နိုင်ငံတော်ဟု အမည်ခံထားသည့် နိုင်ငံတော်ကြီးတွင် စစ်မီးလျှံများသာ တဟုန်းဟုန်း တောက်လောင်နေလိမ့်မည် ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တင်ပြလိုက်ရပါသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
http://www.mizzimaburmese.com/edop/songpa/4788-2010-02-12-13-13-34.html

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်မတဲ့လား


၁၂/ ဖေဖော်ဝါရီ ၂၀၁၀

ရွှေဂျိုးတယောက် ‘လေပုပ်ထုတ်ကုန်း’ လက်ဖက်ရည်ဆိုင်ရှေ့ စက်ဘီးဒေါက်ထောက်တုန်းပင် ရှိသေးသည်။ လေအိုးက ရေနွေးအိုးကို မြှောက်လျက် “ဟေ့ ညီလေး ပိုက်ထွေးရေ လုပ်ပါဦးကွ ရေနွေး” ဟု အာပြဲကြီးနှင့် အော်နေသည်။ ဘာတွေ မှာစားပြီးပြီလဲတော့ မသိ။ ရေနွေးတောင် နောက်တအိုး ထပ်တောင်းနေသည်။ လက်ထဲမှာလည်း အလကားရသည့် ဂျာနယ်တစောင် ကိုင်ထားရင်း ရွှေဂျိုးကို လေအိုး ပြုံးဖြီးဖြီး ကြည့်နေသည်။

ရွှေဂျိုး ။ ။ ဘာတွေ ပြုံးဖြီးဖြီး လုပ်နေတာလဲ ကိုလေအိုးရ။ ခင်ဗျားမလဲ လေကန်ရင် ကန်ရ၊ မကန်ရရင် သွားကြီးကို အမြဲဖြဲနေတော့တာပဲ။ တော်ကြာ လေသလပ်ပြီး သွားအအေးပတ်နေဦးမယ်။ ခုလည်းကြည့် စောစောစီးစီးပဲရှိသေးတယ်။ ရေနွေးနောက်တအိုး ထပ်တောင်းနေပြီ။ ဆိုင်က အစားအသောက်ကော မှာစားရဲ့လားဗျာ။ ကျုပ်က အိမ်ကမိန်းမ စီမံတာကို စားလာခဲ့ပြီဗျ ဟဲ ဟဲ။ ဟေ့ … ညီလေး ပိုက်ထွေးရေ လုပ်ပါဦးကွာ လက်ဖက်ရည်တခွက်။

လေအိုး ။ ။ လေအိုးလည်း စားပြီးပါပကော ကိုရွှေဂျိုးရာ။ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဂန္ထ၀င်စကားတခွန်း ရှိတယ်မဟုတ်လားဗျ။ “ကြည်ရေ … ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်” ဆိုတာလေ။ ကျုပ်လည်း အဲဒါကို အားကျပြီး “ညီမငေးရေ ပဲပြုတ်ထမင်းဆီဆမ်းလေး ရရင်စားချင်လိုက်တာ” လို့ အော်ပြောလိုက်တော့ ညီမငေး ပြန်ပြောတဲ့အသံက ဘယ်လောက် သာယာနာပျော်ဖွယ် ကောင်းတယ်မှတ်သလဲ ကိုရွှေဂျိုး၊ “ပိုက်ဆံပေးပြီး စားတာပဲ လုပ်ပေးရမှာပေါ့” တဲ့ ဟား ဟား ဟား၊ ဒီဆိုင်မှာက နံပြားမရှိတော့ ဂန်ဖလား (အဲ …) ပဲပြုတ်ထမင်းဆီဆမ်းပဲ တပွဲဝါးထားရတာပေါ့ဗျာ။ ဒါမှ ခင်ဗျားတို့လာရင် အဆင်သင့် ပိုက်ဆံရှင်းရုံ (အဲ …) လေကန်ဖို့ အားရှိမယ်မဟုတ်လား ဟား ဟား ဟား ဟား။

လေအိုးက ပြောလည်းပြော ပါးစပ်ကိုလည်း လက်နှင့်အုပ်ကာ တဟားဟား ရယ်နေသည်။ ဧကန္တ မဟုတ်မှလွဲရော သူ၏ သွားချေးတက်နေသည့် သွားဝါ၀ါများကို လူမြင်မှာစိုး၍ လက်နှင့်အုပ်ကာ ရယ်မောခြင်းဖြစ်ချေမည်။ ဤကား အစဉ်တွေ့သမျှ မြင်မေ့မရ လေအိုး၏ ဟန်ပန်။

ရွှေဂျိုး ။ ။ အေးဗျာ ခက်တာပဲ၊ ကိုယ့်တိုင်းပြည် ဘာတွေဖြစ်နေလဲ ခင်ဗျား စိတ်မ၀င်စားဘူး၊ အလကားနေရင်း တဟီးဟီးတဟားဟားပဲ လုပ်နေတယ်။

လေအိုး ။ ။ ဟာ ဟေ့ ဟေ့ ကိုရွှေဂျိုး ဟီးဟီးဟားဟားလုပ်တာ ကျုပ်မဟုတ်ဘူးဗျ။ ကျုပ်က တဟားဟား ရယ်ရုံပဲရယ်တာ။ ဟီးဟီးဟားဟားဆိုတာ ဆွေးနွေးပွဲခေါင်းစဉ်ဗျ။ ခင်ဗျားမသိဘူးလား။ တယ် … ခေတ်နောက်ကျတာပဲ။ အိတ်တီအိတ် ပီးပဲပါဝါသတင်းစဉ်မှာ ပါတယ်လေဗျာ။ ပြည်ပမှာရှိတဲ့ ၈၈ ဂီးဇောင်ဂျောင်းတွေ စုပြီးတိုင်ပင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ခေါင်းစဉ်နာမည်ဗျ။ အင်တာနက်မှာ ဒီလောက်ပလူပျံနေတာ ခင်ဗျားမသိဘူးလားဗျာ။

ရွှေဂျိုး ။ ။ သိပါသော်ကောဗျာ၊ ခင်ဗျားက ကိုယ့်ခေါင်းဆောင်ကြီးတွေကို “ဂီးဇောင်ဂျောင်း ဂီးဇောင်ဂျောင်း” နဲ့ မလေးမစား ခေါ်ဝေါ်နေရလားဗျ။ ခေါင်းဆောင်ကြီးတွေခမျာ ဟိုး အမေရိကားကတောင် တကူးတကလာပြီး ပြည့်အရေး ဆွေးနွေးကြရတာ။ သူတို့ခမျာ ခရီးစရိတ်ကုန်၊ အချိန်ကုန်၊ အလုပ်ပျက်၊ လူပန်းနဲ့ လာကြရတာ။ ဆွေးနွေးပွဲပြီးတော့ ပင်ပန်းသမျှ အစဉ်ချမ်းမြအောင် ဟန်နီကင်တခွက် သုံးယောက်မျှသောက်ပြီး လွတ်လွတ်လပ်လပ် ရယ်မောနေကြတာ ဖြစ်မှာပါဗျာ။ ဆွေးနွေးကြတာက တိုင်းရေးပြည်ရေး ဟဲဗီးကိစ္စတွေ မဟုတ်လားဗျ၊ အဲဒီတော့ ဒီလောက်လေးလည်း ပေါ့ပေါ့ပါးပါး နေကြပစေဦးပေါ့ဗျာ။ ခေါင်းဆောင်ကြီးတွေကို နောက်ပြောင်ပြီး ဂီးဇောင်ဂျောင်းလို့ မခေါ်ဝေါ်သင့်ပါဘူးဗျ။

လေအိုး ။ ။ ဟား ဟား ဟား ဂီးဇောင်ဂျောင်းလို့ လေအိုးတို့ စခေါ်တာမဟုတ်ပါဘူးဗျာ။ အဲဒီ အိတ်တီအိတ် ပီးပဲပါဝါသတင်းစဉ်မှာ သုံးနှုန်းထားတဲ့အတိုင်း ပြောဆိုမိတာပါ။ ခေါင်းဆောင်ကြီးတွေကို မနောက်ပြောင်ရဲပါဘူးဗျာ။ တကတည်းမှပဲ (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဝါးဖြင့် အုပ်၍ လေအိုး ရယ်)

“လေပုပ်ထုတ်ကုန်း” အမည်ရ ဤလက်ဖက်ရည်ဆိုင်ကလေးသည်ကား လေအိုးနှင့် ရွှေဂျိုးတို့ ဤသို့ဤနှယ် ခြေကန်အငြင်းသန်ကြရာ နေရာလေးဖြစ်သကဲ့သို့ ခန္ဓာထဲ ရှိရှိသမျှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဟိုအရေး ဒီအရေး လေပုပ်လေစပ်တွေကို အိမ်ပြန်မသယ်ဘဲ အကုန်ပွင့်အံချခဲ့ရာ နေရာလေးလည်း ဖြစ်ချေသည်။ လေအိုးက စကားကို ဘရိတ်မဖမ်းဘဲ တရစပ် ပြောဆိုတတ်သကဲ့သို့ ရွှေဂျိုးတယောက်ကတော့ အလကားရသည့် ရေးနွေးကိုသောက်ကာ မကြာမကြာ အောက်ရေတိုးပြီး ခဏခဏ ထထစွန့်တတ်သည်မို့ ရွှေဂျိုးဘွဲ့အမည် တွင်နေခြင်းဖြစ်ပေသည်။

ရွှေဂျိုး ။ ။ အင်း … ဒါနဲ့ လာမယ့် ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်တော့မယ်ဆိုတဲ့ သတင်းကိုရော ကိုလေအိုး ကြားပြီးပြီလားဗျ။

လေအိုး ။ ။ ဟာ … သတင်းဦး သတင်းထူးဆိုရင် လေအိုးတို့ မသိဘဲ နေမလားဗျ။ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကို ပြောတာမဟုတ်လား။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ကျောက်ပန်းတောင်းမှာ လျှောက်တောင်း (အဲ …) မိန်းခွန်းခြွေတဲ့အထဲမှာ ပြောခဲ့တဲ့စကားကို ခြေရာခံပြီး ခင်ဗျားလာပြောနေတာ မဟုတ်လား။ အပြော မစောစမ်းပါနဲ့ ကိုရွှေဂျိုးရာ စောင့်ကြည့်စမ်းပါဦး။ တော်နေကြာ လွတ်ရက်နီးခါကျမှ ယက်တောထက် ရုပ်ဆိုးတဲ့ သွားခေါခေါ ဘိုမကြီးတယောက် ပစ်ထည့်ပြီး ထပ်ဖမ်းနေပါဦးမယ်ဗျာ။ သန်းရွှေတို့က တိုင်းပြည်ကောင်းအောင်သာ မလုပ်တတ်တာ။ ဖမ်းနည်းမျိုးစုံ၊ ညစ်နည်းမျိုးစုံတော့ ကျွမ်းကျင်ပြီးသားဗျ။ ဟိုတနေ့ကပဲ မတွေ့ဘူးလား၊ အပစ်ရပ် မိုင်းလားအဖွဲ့က ဦးမင်းအိမ်ကို သေနတ်နဲ့ ပစ်ဖမ်းလိုက်လို့ မာလကဈာန်ကြွသွားတာ။ ဒါ နအဖ လက်ချက်ကလွဲ ဘယ်သူရှိမှာလဲဗျ။ ဒီကောင်တွေမှာ ဖမ်းနည်းပေါင်းစုံ ညစ်နည်းမျိုးစုံရှိတယ်။ ဘုန်းကြီးဆို ထမီထုပ် ပစ်ဖမ်းမယ်၊ နိုင်ငံရေးလုပ်တဲ့သူဆို ချဲဘောက်ချာတို့၊ ဘိန်းတို့ ပစ်ဖမ်းတာဗျ။ ရှက်ကြောနဲ့ ယက်တော ရောထွေးနေတဲ့ ကောင်တွေပါဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အေးပါဗျာ၊ အဲဒါတွေ ကျုပ်လည်း သိပါတယ်။ ဒါပေမယ့်တော့ ဒါပေမယ့်ပေါ့ဗျာ၊ ဦးတင်ဦးကို လွှတ်ရမှာ သူတို့ ကြောက်ရင်လည်း ဘယ်လိုထပ်လိမ် ထပ်ညစ်မလဲဆိုတာ စောင့်ကြည့်ရမယ်မဟုတ်လားဗျ။ တော်ကြာ ‘သန်းရွှေလိမ်နည်း’ ဆိုပြီး စာအုပ်ရေးထုတ်လိုက်လို့ ‘နေဧလိမ်နည်း’ စာအုပ်တွေ မြောင်းထဲရောက်ကုန်ဦးမယ်။ ဦးတင်ဦးကို လွှတ်လိုက်တော့လည်းဗျာ၊ ဒု-ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး မရှိလို့ အားငယ်နေတဲ့ အန်အယ်လ်ဒီ စီအီးစီတွေအတွက် တအားပဲပေါ့ဗျ။ အဲဒီတော့ ခင်ဗျားနဲ့ကျုပ် အလောင်းအစားလုပ်ရင် ကောင်းမယ်ဗျာ။ ကျုပ်က လွှတ်မယ်ဆိုတဲ့ဘက်က နေမယ်။ ခင်ဗျားက မလွှတ်ဘူးဆိုတဲ့ဘက်ကနေပြီး လောင်းမလားဗျ။ ဘယ်လိုလဲ ကိုလေအိုး။

လေအိုး ။ ။ စိန်လိုက်လေ ကြာသလားလို့၊ လေအိုးတို့က အနေရိုးပေမယ့် ဒီမအေ (အဲ …) သန်းရွှေတို့ကိုတော့ လုံးဝ လုံးဝ မယုံရေးချ မယုံဘူးပဲ။ ကဲ … ဘာကြေးလောင်းမလဲပြော ကိုရွှေဂျိုး။

ရွှေဂျိုး ။ ။ ဒီလိုလုပ်ဗျာ။ သိပ်များများစားစားကြီးလည်း မကောင်းပါဘူး။ အချင်းချင်း မျက်နှာပျက်စရာဖြစ်မယ်။ ဒီတော့ ပိုက်ထွေးရဲ့ ခပ်ညံ့ညံ့ လက်ဖက်ရည်တခွက်ကြေးလောက်ပဲ လောင်းတာ ကောင်းပါတယ်ဗျာ။ ညီလေး ပိုက်ထွေးရေ ကြားတယ်နော်။ အကြွေးမှတ်ဖို့ ပြင်ပေတော့။

လေအိုး ။ ။ အိုး အိုး ဟိုးထား ဟိုးထား ဒီလောက်နဲ့ မရဘူး ကိုရွှေဂျိုး။ လေအိုးတို့က စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်တဲ့ကောင်၊ လောင်းပြီးဆို အိမ်တိုင်ချွတ်ရလောက်တဲ့အထိ ကြမ်းချင်ရမ်းချင်တာ။ လက်ဖက်ရည်အပြင် ကျုပ်က လောင်းကြေးတခု အဆစ်ထည့်ချင်သေးတယ်ဗျ။ ဒီလိုဗျာ …

ထိုစဉ် နံဘေးတွင် လာရပ်နေသည့် အဖျော်ဆရာလေး ကိုပိုက်ထွေးက ကြားဝင်၍ …

ပိုက်ထွေး ။ ။ ဒီလိုလုပ်ပါလား အစ်ကိုလေအိုးနဲ့ အစ်ကိုရွှေဂျိုးတို့ …

လေအိုးက သူပြောလက်စ စကားကို ဖြတ်ပြောသည့်အတွက် အလွန်စိတ်ဆိုးသည့် ဟန်ပန်ဖြင့် မျက်မှောင်တချက်ကြုတ်ကာ …

လေအိုး ။ ။ ဘယ်လိုလုပ်ရမှာလဲကွ မင်းကလည်း …

ပိုက်ထွေး ။ ။ ဒီလိုလေ အစ်ကိုလေအိုး၊ ရှုံးတဲ့သူက လက်ဖက်ရည်တိုက်ကြေးအပြင် အစ်ကိုလေအိုး ရှုံးရင် နာရီဝက်တိတိ စကားမပြောဘဲ အောင့်အည်းနေ။ အစ်ကိုရွှေဂျိုး ရှုံးရင် အောက်ရေ ထထမသွန်ဘဲ အောင့်ထား မကောင်းဘူးလား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဟား ဟား ဟား မင်းအကြံ ကောင်းသားပဲ ပိုက်ထွေး။ ဒါပေမယ့်ကွာ ရွှေဂျိုးတို့က အောင့်နိုင်ပေမယ့် လေအိုးပါးစပ်က စက္ကန့်ဝက်တောင် ရပ်လို့ရတာမှ မဟုတ်တာ။ လောင်းရတာ အားနာစရာကွာ ဟား ဟား။

လေအိုး ။ ။ ကဲ ဒါဆိုလည်း စိန်လိုက်လေ ကြာသလားလို့၊ လေအိုးတဲ့နော် တအိုးတည်းရှိတယ် ဘာမှတ်လဲ။

ပြောရင်းဆိုရင်း လေအိုးနှင့် ရွှေဂျိုးတို့ လက်ဝါးချင်း ရိုက်လိုက်ပြီးသကာလ လေအိုးက ပါးစပ်ကို လက်နှင့်အုပ်ကာ တဟားဟား ထရယ်နေသကဲ့သို့ ရွှေဂျိုးကလည်း ခဏလေးဗျာဆိုပြီး အပေါ့အပါးသွားရန် နောက်ဖေးသို့ ပြေးဝင်သွားလေသည်တကား။
http://www.khitpyaing.org/LSmeeting/12210.php

EU Parliament Resolution on Burma Feb 10

http://ifile.it/8k2udljEU Parliament Resolution Feb 10

(၆၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင်ကျင်းပ ပြုလုပ်သောဓာတ်ပုံမှတ်တမ်း