Tuesday, February 16, 2010

The Repression of Ethnic Minority Activists in Burma- Amnesty International

The Repression of Ethnic Minority Activists in Burma- Amnesty International

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်ထောင်စုနေ့ ညစာစားပွဲ ဓာတ်ပုံများ

16 Feb ဒိုင်ယာရီ

http://ifile.it/qpyzgkr 16 Feb Yeyintnge's Diary

အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု

ဒီရက်ပိုင်းတွေမှာ မြန်မာပြန်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ လစာငွေတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲ ဆင်နွဲနေကြတာကို အားလုံးကြားသိကြမယ် ထင်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မြန်မာပြည်က စက်ရုံတွေမှာ ရရှိတဲ့ လစာငွေက သိပ်ကိုနဲပါးကြတာမို့ မကြာခဏဖြစ်လေဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါ ဖြစ်ရပ်ကတော့ လုပ်အားခလစာနဲပါးမှုအပေါ် မကျေနပ်မှု ဆန္ဒပြပွဲဟာ ယခင်ကဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတွေထက် ပိုမိုပြင်းထန်လာတဲ့အသွင်ကို ဆောင်နေပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အင်အားကလည်း နှစ်ထောင်ကျော်ရှိတာမို့ အင်အားတောင့်တင်းမှုကလည်း ယခင်ကဖြစ်လေဖြစ်ထရှိခဲ့တဲ့ စက်ရုံတွင်း ဆန္ဒပြပွဲတွေထက် ပိုပါတယ်။


အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု
ဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။

ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။

ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။

အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။

အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။

အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
× × × × ×

မမခင်
မြန်မာပြည်
(၁၁. ၂. ၂၀၁၀)
http://www.yoma3.org/index.php?option=com_content&view=article&id=492:2010-02-15-04-44-01&catid=42:2008-09-21-07-45-27&Itemid=125

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်


လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ဗြိတိသျှထံမှ အကြွင်းမဲ့ လွတ်လပ်ရေး ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေ့ အနာဂတ် အပေါ် ဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က ဘုရင်ခံ အမှုဆောင် ကောင်စီဟု လူသိများကြသည့် ဗဟိုအစိုးရ ကိုယ်စားလှယ်များက ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားများ တန်းတူရေးကို အာမခံသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံကို အာဏာခွဲဝေမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုအဖြစ် ဖွဲ့စည်းသွား မည်ဟု ကတိပြုခဲ့ပြီး ခွဲထွက်ခွင့်ကိုပင် အာမခံခဲ့သေးသည်။

ထိုအချိန်မှစ၍ ဤနေ့ရက်ကို ပြည်ထောင်စုနေ့ဟု အထိမ်းအမှတ်တခုအဖြစ် သတ်မှတ်ကာ နှစ်စဉ်ဆင်နွှဲကျင်းပလာခဲ့ ကြသည်။ လူများစုဖြစ်သော မြန်မာနှင့် တိုင်းရင်းသား လူမျိုးစု လူနည်းစုများအကြား အပြန်အလှန် ယုံကြည်မှုကြောင့် ရရှိလာသည့် အကျိုးစီးပွားများ ခွဲဝေခံစားနိုင်မှုကို အလေးပေးဖော်ပြသည့် “ပင်လုံစိတ်ဓာတ်” ကို ဤနေ့ဤရက်တွင် ပြန်လည် သတိရစေသည်။

သို့သော်လည်း ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိချိန်မှစ၍ သမိုင်းဝင် ဤစာချုပ်ကို လုံးဝ ပစ်ပယ်ထားခဲ့ ကြသည်။ ရန်ကုန်ရှိ ဗဟိုအစိုးရက အာဏာကို ဗဟိုမှချုပ်ကိုင်ထားရေးနှင့် ပြည်နယ်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များတွင်သာ တည်စေရေးကို အလေးပေးဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားများအဖို့ လုံးဝ အာဏာလက်မဲ့ ဖြစ်ခဲ့ကြရသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင် နေထိုင်သည့် တိုင်းရင်း သားလူမျိုးစုများမဆို “ပြည်ထောင်စုစိတ်ဓာတ်” ကို ကိုင်စွဲကြရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။

“အမိမြေ၏ နယ်မြေတည်တံ့မှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ နောက်တကြိမ် မဆုံးရှုံးရလေအောင် ကာကွယ်ကြပါ” ဟုလည်း ဆိုခဲ့သေးသည်။

အဆက်ဆက်သော စစ် ခေါင်းဆောင်များက ပင်လုံသဘောတူ စာချုပ်အတိုင်း ကတိပြုထားသည့် ဖက်ဒရယ်စနစ်ဖြင့် သွားလျှင် တိုင်းပြည်ပြိုကွဲရလိမ့်မည်ဟု ယူဆထားခဲ့ကြသည်။ အမှန်ဆိုရလျှင် ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာ သိမ်းချိန်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းအရ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် မပြုပြင် မဖွဲ့စည်းနိုင်စေရေးအတွက် ကာကွယ်တားဆီးခဲ့သည်။

"လမ်းပြမြေပုံ" အရ ကျင်းပပေးမည့် ယခု နှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း နိုင်ငံ၏ လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်များ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။ တိုင်းရင်းသားများ၏ လိုအင်ဆန္ဒများကို ဥပဒေကြောင်းအရ ဖြည့်ဆည်း နိုင်လိမ့်မည်ဟု ဆိုသည်။ သို့အတွက်ကြောင့် ရွေးကောက်ပွဲ ကျင်းပပေးမည့်အရေး ထပ်တလဲလဲ ကတိပြုနေပြီး တချိန်တည်းမှာပင် တိုင်းရင်းသား အပစ်ရပ် အင်အားစုများကိုလည်း လက်နက်ဖြုတ်သိမ်းရန်နှင့် မြန်မာစစ်တပ် အုပ်ချုပ်မှုအောက်တွင် နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေး တောင်းဆိုနေသည်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကမူ ဤအစီအစဉ်ကို ငြင်းပယ်နေကြသည်။ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အသစ်အရ အစစ်အမှန် အာဏာသည် စစ်တပ်က ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ်နေရာ ရယူထားပြီးဖြစ် သောကြောင့် သူတို့ အတွက် မည်သို့မျှ အကျိုးအမြတ်ရစရာမရှိဟု ယူဆကြသည်။

တိုင်းရင်းသားခေါင်းဆောင်များက ၂၀၀၈ ခုနှစ်က အတုအယောင် ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အပေါ်တွင် ယုံကြည်မှုမရှိ ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တချိန်တည်းမှာပင် မြန်မာစစ်အစိုးရက အဓိကကျသည့် တိုင်းရင်းသားခေါင်းဆောင် အများအပြားကို နာမည်ဆိုးဖြင့် ကျော် ကြားလှသည့် ထောင်များအတွင်း ထည့်သွင်းထားပြန်သည်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စ၀်ဆေထင်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်တို့လည်း အပါအ၀င် ဖြစ်သည်။ ထိုသူများသည် နိုင်ငံတော်သစ္စာဖောက်မှု အပါအ၀င် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ ၁၀၆ နှစ်တိုင် အပြစ်ပေး ခံထားကြရသူများ ဖြစ်သည်။

ပို၍ဆိုးသည်မှာ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်အစိုးရက အရပ်သားပြည်သူများအပေါ် ဖိနှိပ်ညှဉ်းပမ်းနေမှုများ ရပ် ဆိုင်းသွားခြင်း မရှိဘဲ ဆက်လက်ကျူးလွန်နေကြခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တရားဝင်ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၁၄၀၀၀၀ ကျော် ခိုလှုံနေထိုင်နေကြရသည်။ ပြည်တွင်း၌ ထွက်ပြေးပုန်းအောင်း တိမ်းရှောင်၍ ရှင်သန်ရေး ရုန်းကန်နေ ကြရသည့် ဒုက္ခသည်များလည်း ရှိနေသေးသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လကလည်း ကိုးကန့်တပ်များထံ ထိုးစစ်များ ပြန်လည်စတင်ခဲ့ရာ ဒုက္ခသည် ၃၇၀၀၀ ကျော် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခဲ့ကြရပြန်သည်။ နိုင်ငံ၏ ဒေသ အနှံ့အပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပြန်ဖြစ်ပေါ်ရန် တင်းမာနေမှုကြောင့် နောက်ထပ် အစုအပြုံလိုက် ထွက်ပြေးမှုများ မြင်တွေ့ရရန်လည်း အကြောင်းရှိသည်။

ဤအချက်များကို ကြည့်လျှင် ပြည်ထောင်စုနေ့ကို ၀မ်းမြောက်စွာ ဆင်နွှဲကျင်းပရန်အကြောင်းမရှိလှပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာက ချိုးဖောက်ခဲ့သည့် ကတိက၀တ်များ၏ သမိုင်းကို ပြန်ပြောင်းဆင်ခြင်ရန်သာ ရှိတော့သည်။

မြန်မာနိုင်ငံ၏ ယနေ့အခြေအနေကို ပြန်ကြည့်သည့်အခါ မိမိတို့မြင်တွေ့ရသည်မှာ ညီညွတ်မှု မဟုတ်သကဲ့သို့ အင်အား ကြီးထွားနေသော အခြေအနေလည်း မဟုတ်ပါ။ အချင်းချင်း စစ်ခင်းနေရပြီး အမြဲတစေ ပူဆွေးဝမ်းနည်းနေကြရသည့် နိုင်ငံတခုသာ ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ခံစား ရရှိနိုင်မှသာလျှင် မြန်မာနိုင်ငံအဖို့ တည်ငြိမ်သည့်၊ ညီညွတ်သည့်နိုင်ငံတော်တခုအဖြစ် ပြန်လည်တည်ဆောက်နိုင်ဖွယ် ရှိပေတော့သည်။

Broken Promises and a Broken Nation ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/2607-2010-02-15-11-53-40

ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ဝန်းရံကြ


ရဲဘော်ဖိုးသံချောင်း

၁၆/ ဖေဖော်ဝါရီ ၂၀၁၀

ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှာ အလုပ်သမားသပိတ်တွေ တနေရာပြီးတနေရာ ဆက်ကာဆက်ကာ ပေါ်ထွက်လာနေတယ်။
တန့်သွားမယ့်သဘော မရှိသေးပါဘူး။ ကျယ်ပြန့်လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။

တိုက်ဆိုင်လှပါတယ်။

နအဖစစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာ နေရာအတွက် ခွက်စောင်းခုတ်နေကြချိန်၊ နောက်အစိုးရလက်ကို
ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင်ပစ္စည်းတွေကို တိုက်ရာပါပစ္စည်း ခွဲသလိုခွဲနေကြချိန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် တောမတ်စ်ကင်တားနား မြန်မာပြည်ကိုရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန်လက်ပန်းကျနေချိန်၊
ပြည်သူလူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကို မြင်လိုလှနေချိန်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအသည်းနှလုံး၊ အလုပ်သမားလူတန်းစားရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီးလက်မောင်းတန်း နေကြပါတယ်။

တဆက်တည်းပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ်အလုပ်သမားသပိတ်ကြီးကို ပြန်သတိရစေတယ်
ဆိုတာပါပဲ။ မဆလစစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာလိုက်တော့ ဥပဒေဘောင်အတွင်းမှာ ရှိတဲ့ မဆလအစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲထောက်ခံခဲ့ကြ ပါတယ်။ ဘယ်သူကမှ ဆန့်ကျင်ကြောင်း၊ သဘောမတူညီကြောင်း မပြောနိုင်ကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ်မီးရထားစက်ရုံက စလိုက်တဲ့ အလုပ်သမားသပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြလိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲကတဆင့် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမားလူတန်းစားဟာ တခါထရပ်ပြလိုက်ကြပြန်ပါပြီ။ ပြည်သူလူထုကြီးတရပ်လုံးရဲ့ကိုယ်စားပါ။

တကယ်က မြန်မာပြည်ထဲကို ဒီလို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ အလုပ်
သမားတွေရဲ့အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လိုအကျိုးခံစားရမလဲ ဆိုတာလောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမားအခွင့်အရေး၊ အလုပ်ခွင်သာယာပြည့်စုံရေး၊ အန္တရာယ်ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန်ဝင်ရောက်စစ်ဆေးရေး စတဲ့အချက်တွေကို သာမန်ကာလျှံကာလောက်သာ ထည့်သွင်းလေ့ရှိပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမန်ဟန်ပြ စည်းကမ်းချက်လောက် ထားရှိတာပါ။ မဆလစစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို့ ပြည်သူပိုင် မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီ ဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမားဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေ တလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ (၁)နေ့ အလုပ်ချိန် ဘယ်နှနာရီ၊ (၁) ပတ် ဘယ်နှနာရီထက် မကျော်လွန်ရ ဆိုတာတွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ တောင်းဆိုပါတယ်။ အဲဒီတုန်းက သူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံး သွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစ အခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန်အကန့်အသတ်မရှိ၊ အလုပ်ရက်အကန့်အသတ်မရှိခိုင်း၊ သွေးစုပ်နေတာတွေကိုတော့ လက်ပိုက်ကြည့်နေကြပါတယ်။ မနက် (၇) နာရီကနေ ည (၁၁) နာရီ၊ နေ့လယ် (၁) နာရီနား၊ တနေ့ (၁၅) နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ခေတ်ကမ္ဘာမှာ ရှာမှရှားပါ။ ကျွဲတွေ နွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တရားတခုတောင် ဖြစ်နေပါတယ်။

အခုအခါ ဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်းအတူတူ နအဖနဲ့သူတို့အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများနာမည်တွေနဲ့ထားတာ၊ အများစုက ပြည်ပနဲ့ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန်အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ စီးပွားရေး အခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေအနေ မကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံလုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာမလိုတော့ပါဘူး။

ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖတာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက်ဖျန်ဖြေပေးတယ်ဆိုတာ
လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှ
မဟုတ် နအဖထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင် နအဖက ကြားဝင်ဖျန်ဖြေတယ် ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

သေချာတာက ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူး ဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင်လွှတ်ပေးနေရတယ် မဟုတ်ပါလား။ လာမယ့်ရွေးကောက်ပွဲအတွက် သူတို့တွင်း ခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေ လုပ်နေရတဲ့ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမားသပိတ်တွေက “သခွတ်ပင်က မီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့မတွေ့ချင်ပါဘူး။ ဒါပေမယ့် ဒါကို အကြမ်းဖက်နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူမပြီးဘဲ ယမ်းပုံထဲ မီးပွားချလိုက်သလို ဖြစ်သွားရင် သူတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံး ပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်အခါကောင်းမှာ ပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့အတူ အတိုက်အခံအင်အားစုတွေ (ပြည်
တွင်းပြည်ပအားလုံး) ဝန်းရံကြဖို့လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိမထားမိအောင် လုပ်နေချိန်မှာ အာရုံစိုက်ကြရပါမယ်။ အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆလုပ်ကိုင်ကြရပါမယ်။ ဒါပေမယ့် သူတို့မှာ ဆေးအတွက်ကြောင့် လေးဆိုတာမျိုးတော့ မဖြစ်သင့်ပါ။

http://www.khitpyaingnews.org/articles/2010/february/16210.php


‘‘ပြည်သူတွေမေ၀၀ါးပါစေနဲ့”


ဗိုလ်သူ

(၁)

ပြည်သူတွေဘာ့ကြောင့်ဖိနှိပ်ခံဘ၀က မလွတ်မြောက်ရသေးတာလဲ၊(ဘာကြောင့် တော်လှန်ရေးမအောင်မြင်ရသေးတာလဲ ) ဆိုတာနဲ့ အောင်မြင်အောင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခု ကျွန်တော်တို့ ရင်ဆိုင်နေကြရပါတယ်။

ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလဲ ကိုယ်ဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့ အကြုံတွေကိုအခြေခံပြီး ကိုယ့်အယူအဆနဲ့ ကိုယ် စဉ်းစားကြ အဖြေထုတ်ကြတာလဲ မျိုးစုံပါ။ ပြည်သူတွေ လိုက်ပါမှုလိုနေသေးလို့ ၊ ခိုင်မာတဲ့ ခေါင်းဆောင်မှုမရှိသေးလို့ ၊ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်မှုမရှိသေးလို့ ၊ ဖြတ်သန်းခဲ့တဲ့ သမိုင်းတိုက်ပွဲတွေထဲက အားနည်းခဲ့တာတွေ ၊ ပြန်စဉ်းစား သင်ခန်းစာယူ ၊ အသစ်ပြန်တည်ဆောက်တာမျိုးမလုပ်ကြလို့ ၊ တကယ်ကိုယ်ကျိုးမစွန့် ကြသေးလို့ ၊စသဖြင့် ကိုယ့်ရှုထောင့်ကနေကိုယ် ဘာ့ကြောင့်မအောင်မြင်ရသေးတာလဲဆိုတာ ပြောကြပါတယ်။ ဒါပေမဲ့ အောင်မြင်အောင် ဘာလုပ်ကြမှာလဲဆိုတဲ့ နံပါတ်နှစ်မေးခွန်းကိုတော့ လက်နက်ကိုင် အဖွဲ့ အစည်းတွေရော ၊ လက်နက်မဲ့အဖွဲ့ အစည်းတွေရော ၊ ပြည်တွင်းအဖွဲ့ အစည်းတွေပါ အားလုံးက “နိုင်သလောက်တော့လုပ်နေတာပဲလေ ” ဆိုတာမျိုး ၊ လျော့တိလျော့ရဲ အဖြေကလွဲရင် ပြတ်သားရေရာတဲ့ အဖြေပေးမှုကို မတွေ့ရပါဘူး။

ဒီနေ့ စစ်အစိုးရရဲ့ဒါဏ်ကို ခါးခါးသီးသီးခံနေရတဲ့ ပြည်သူလူထုကြီးက မျှော်လင့်ချက်မဲ့ဖြစ်နေပါပြီ ၊ ဘာလုပ်ရမလဲေ၀၀ါးနေပါပြီ ၊ သူတို့ရင်ဆိုင်နေရတဲ့ ဘ၀ ပြဿနာမျိုးစုံကရုန်းထွက်ဘို့ ၊ အုံကြွတိုက်ပွဲဝင်ဘို့ကလဲ ဦးဆောင်မဲ့ခေါင်းဆောင်နဲ့ အဖွဲ့အစည်းမရှိသေး ၊ (ရှိတဲ့သူတွေကလဲ ထောင်နှစ်ရှည်လများ ကျနေကြပြီ ။)

မမှန်ဘူး မတရားဘူးဆိုတာသိပါရက် ဘာမှထိထိရောက်ရောက်မလုပ်နိုင်တဲ့အတူ လတ်တလောဘေးကင်းဘို့ကအရေးကြီးပါတယ်ဆိုတာမျိုး ၂၀၀၈ မေ ၁၀ ဆန္ဒခံယူပွဲမှာ အံကြိတ် ခေါင်းညှိမ့်ခဲ့ကြပြီးပြီ ၊ခုလဲ ခြိမ်းခြောက်မှု ၊ဖျားယောင်းမှု မျိုးစုံနဲ့ စစ်အစိုးရလက်ကိုင်ဒုတ်ကြံ့ဖွတ်တွေကြား ၊ တတိယအုပ်စုဆိုပြီး ဟိုကသည်က ပေါ်လာတဲ့ ခါတော်မှီ စစ်အစိုးရအကြိုက် နိုင်ငံရေးလုပ်စားတွေကြား ၊ ရွေးကောက်ပွဲကို ဖြတ်သန်းသင့်တယ် ၊ မဖြတ်သန်းသင့်ဘူး ငြင်းခုန်နေကြတဲ့ လေလှိုင်းထဲက ပေါ်ပင်နိုင်ငံရေး စကားလုံးတွေကြား ကျွန်တော်တို့ပြည်သူတွေေ၀၀ါးနေကြရပြန်ပြီ ၊ ရွေးကောက်ပွဲသာ လုပ်ဖြစ်ရင် ပြည်သူ့ဆန္ဒအမှန်ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲပြည်ဖုံးကားကျပြီး စစ်ကျွန်သက် ရှည်သထက်ရှည်ဘို့ဖြစ်လာမယ်ဆိုတာထက် ခုလဲခံနေရတာပဲ ၊ ရွေးကောက်ပွဲလုပ်ဖြစ်လို့ အပြောင်းအလဲတစ်ခုဖြစ်ရင် နဲနဲတော်သွားမလာဲးဆိုတာမျိုးေ၀၀ါးနေကြပြီ ၊ ဒါကိုကျွန်တော်တို့ဘယ်လိုတည့်မတ်ပေးကြမှာလဲ ။

(၂)

ဆရာတစ်ယောက်က စာမေးပွဲကျတဲ့ကျောင်းသားတွေကို သြ၀ါဒပေးတာ နားထဲ စွဲနေအောင်မှတ်ထားမိပါတယ် ၊ “ မင်းတို့ ဘာကြောင့် စာမေးပွဲမအောင်လဲသိလား ၊ တိုတိုတုတ်တုတ်ပြောရရင် လုံလောက်အောင်မကြိုးစားခဲ့ကြလို ပဲကွ ”တဲ့။

ကျွန်တော်တို့တော်လှန်ရေး ဘာ့ကြောင့်မအောင်မြင်ရသေးတာလဲ ဆိုတာလဲ ဒီလိုပါပဲ ၊ အောင်မြင်ဘို့လုံလောက်အောင် မကြိုးစားအားမထုတ်ခဲ့ကြလို့ မအောင်မြင်ရသေး တာပါ ၊ ကျွန်တော်တို့ (အားလုံး) ကိုယ်ကျိုးစွန့်မှုပမာဏ အများကြီးလိုနေကြသေးတယ် ၊ ကိုယ်ကျိုးကိုကာကွယ်ဘို့ ဟိုလိုသည်လို (ဆင်ခြေတွေ) အကြောင်းအမျိုးမျိုးပြခဲ့ကြတယ် ၊ နိုင်ငံရေးစကားလုံးတွေနဲ့အလှမ်းဝေးတဲ့ပြည်သူတွေက ဟိုလူပြောဟုတ်နိုး သည်လူပြော ဟုတ်နိုး နဲ့ေ၀၀ါးရင်း လက်တွေ့ရင်ဆိုင်နေရတဲ့ ဖိနှိပ်ခံဘ၀နဲ့ လိုက်လျောညီထွေဖြစ်မဲ့ ပုံစံ မှာပဲ ဖြတ်သန်းနေကြရတယ် ။

ရှစ်လေးလုံးအရေးတော်ပုံ ၊ ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၀၇ စက်တင်ဘာ တွေမှာ ရလာဒ် တစ်စုံတစ်ရာ ရှိပြီးပါလျက် ၊ အောင်မြင်မှုအခြေအနေတစ်ခု ရောက်ပြီးပါလျက် ၊ ပြည်သူတွေကိုေ၀၀ါးစေခဲ့လို့ ပြန်ကျရှုံးခဲ့ရတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ လူထုက မောင်နုထောက်ခံရမလား ၊ အောင်ကြီးထောက်ခံရမလာူး၊ ဒေါ်စု ထောက်ခံရမလား ၊ေ၀၀ါးခဲ့တယ် ၊ အောင်ပွဲရဲ့အဆုံးသတ်အတွက် ဘာလုပ်ရမလဲေ၀၀ါးခဲ့တယ် ၊ အကြမ်းဖက် ပြစ်ခတ် အာဏာသိမ်းခံခဲ့ရတယ် ။ ၁၉၉၀ ရွေးကောက်ပွဲမှာလဲ “ပြီးရင် စစ်တန်းလျားပြန်မယ် ၊ အာဏာလွှဲပေးမယ် ” ဆိုတဲ့ကတိကို စစ်တပ်က ခုလိုချိုးဖေါက်ခဲ့ရင် ၊ ခုလို ပြည်သူ့ဆန္ဒကို စော်ကားခဲ့ရင် ဘာလုပ်မလဲလို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ၊ ဖွဲ့စည်းပုံဥပဒေဆွဲရဦးမယ် ပြောပြိး နားလှည့်ပါးလှည့်လုပ်ခံရချိန်မှာ ပြည်သူလူထုက ဘာလုပ်ရမယ်မသိေ၀၀ါးခဲ့ရပြန်တယ် ၊ ၂၀၀၇ စက်တင်ဘာမှာလဲ သံဃာတော်တွေဦးဆောင်မှုကို အကြမ်းဖက် ဖြိုခွဲခံရရင် ဘာလုပ်မလဲလို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ၊ စစ်အာဏာရှင်တွေရဲ့ ရိုင်းစိုင်းမှုကို လျော့တွက်ခဲ့ကြတယ် ၊ ကျွန်တော်တို့သုံးနှုန်းခဲ့ကြဘူးတဲ့ တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆိုတာလဲ တကယ်တမ်းမှာဖြစ်မလာခဲ့ဘူး ၊ ပြည်သူတွေကတော့ ထုံးစံအတိုင်း ဘာဆက်လုပ် ရမယ်မသိေ၀၀ါးခဲ့ရပြန်တာပါပဲ ။

သေချာတာတစ်ခုက ကျွန်တော်တို့ ဗမာပြည်သူတွေက တိုက်ပွဲမကြောက်ဘူး ၊ တိုက်ပွဲရှိရင်ပါတယ် ၊ နယ်ချဲ့ကျွန်ဘ၀ ၊ ဖက်စစ်ကျွန်ဘ၀ ၊ အမျိုးသားချင်းကျွန်ပြန်ဖြစ်တဲ့ဘ၀ တွေမှာ သက်တမ်းကြာနေခဲ့ရတော့ ၊တော်လှန်တဲ့အတွေးအခေါ် ချိုးနှိမ်ခံထားရသလိုဖြစ်နေပြီး မှန်ကန်တဲ့ဦးဆောင်လမ်းပြမှု လိုနေတာပါ၊ ပြည်သူကိုမေ၀၀ါးစေတဲ့ မှန်ကန်တဲ့ဦးဆောင်မှုနဲ့ တိုက်ပွဲရှိရင် ၊ ကျွန်တော်တို့ပြည်သူတွေ ဘာ့ကြောင့်ဖိနှပ်ခံဘ၀က မလွတ်မြောက် ရသေးတာလဲ ဆိုတဲ့မေးခွန်း ၊ ပြီးဆုံးသွားမှာပါ ။

(၃)

ထိုးသားကျလက်ရည်ဝနေတဲ့ လက်ရှိချန်ပီယံကို စိန်ခေါ်ပွဲတစ်ပွဲတက်ထိုးပြီး အရှုံးနဲ့ ပြန်ဆင်းခဲ့ရချိန်တိုင်း ဒါဏ်ရာဒါဏ်ချက်တွေ အများကြီးရခဲ့တယ်၊ နောက်တစ်ကြိမ် စိန်ခေါ်ထိုးနိုင်ဘို့ ၊ ဒါဏ်ရာတွေပျောက်အောင်စောင့်ရတယ် ၊ ရန်သူ့ သတ်လုံး သတ်ကွက် တွေကို ပြန်သုံးသပ်ရင်း ၊ ခုခံနိုင်ဘို့ ၊ ပြန်တိုက်စစ်ဆင်နိုင်ဘို့ လေ့ကျင့်ရတယ် ၊ အသေအချာ ပြင်ဆင်ပြိး နောက်တစ်ကြိမ် စိန်ခေါ်ထိုးသတ်ပြီးမှ အနိုင်ရမှာဖြစ်တယ် ။

ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်အောင် ဘာလုပ်ကြမှာလဲ ဆိုတဲ့အဖြေက အဲဒါပဲ ၊ တိုက်ပွဲမရှိရင် အောင်ပွဲမရှိဘူး ၊ လေ့ကျင့်ပြင်ဆင်မှုမလုံလောက်ရင် တိုက်ပွဲမနိုင်ဘူး ၊ စစ်အစိုးရကတော့ လက်ရှိရထားတဲ့ အာဏာသရဖူကိုကာကွယ်ဘို့ ဘက်စုံပြင်နေတာ အားလုံးအသိပါပဲ ၊ စင်ပေါ်တက်စိန်ခေါ်မလာရအောင်လဲ အောက်လမ်းနည်းမျိုးစုံနဲ့ ကာကွယ် တားဆီးတယ် ၊ စင်ပေါ်တက်စိန်ခေါ်လာရင်လဲ ခပ်ကြမ်းကြမ်းထိုးသတ်နိုင်အောင် ပြင်ဆင် ထားတယ် ၊ကျွန်တော်တို့ ကသူတို့ထက်သာအောင် လေ့ကျင့်ရမယ် ၊ ပြင်ဆင်ရမယ် ။

ဥက္ကဌ မော် ပြောသလို တော်လှန်ရေးကတော့ ဇာပန်းထိုးသလို ၊ ဧည့်သည်ထမင်းစား ဖိတ်သလို လွယ်တာမျိုးမဟုတ်ဘူး ၊ ကျွန်တော်တို့ ကိုယ်ကျိုးမစွန့် နိုင်ရင် တော်လှန်ရေး အလုပ်တွေ လုပ်နိုင်ဘို့ မလွယ်ဘူး ၊ ခုက ကျွန်တော်တို့ အားလုံး လုံလုံလောက်လောက် ကိုယ်ကျိုးမစွန့် ကြသေးဘူး ၊ မနက်မိုးလင်းအိပ်ယာထတိုင်း ဗမာပြည်လွတ်မြောက်ရေး အတွက် ၊ တော်လှန်ရေးအတွက် ငါ ဒီနေ့ ဘာလုပ်မလဲ ၊ စ စဉ်းစားဖြစ်သလား ၊ ဘာစားမယ် ဘာသောက်မယ် ၊ မိသားစုဘယ်သွားမယ် ၊ ဒီနေ့ ဘာသင်တန်းရှိတယ် ၊ စသဖြင့် ကိုယ်ကျိုး စီးပွားတွေပဲ စ စဉ်းစားဖြစ်သလား ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်မညာတမ်း အဖြေထုတ်ရင် တွေ့ နိုင်ပါတယ် ၊ ကျွန်တော်တို့ ကိုယ်တိုင်က တက်ကြွမှုတွေလျော့နည်း နေတာ တွေ့ ရပါတယ် ၊ “ငါတို့ လုပ်ခဲ့ကြပြီးပြီပဲ ” ဆိုတာထက် ၊ ငါတို့ လုပ်ဘို့ လိုနေသေး တယ်ဆိုတာမျိုးစဉ်းစားမှ ကျွန်တော်တို့ နှစ်ပေါင်းများစွာရင်းနှီးခဲ့တာတွေ အချည်းနှီး မဖြစ်မှာပါ ။ နိစ္စဓူဝ အသေးအမွှားကိစ္စလေးတွေကအစ ကျွန်တော်တို့ ပြန်ပြင်ရင်း တိုက်ပွဲ ၀င်ရေးအားထည့်ကြရအောင် (ကိုယ့်ကိုယ်ကိုယ်ကအစ) အားလုံးကိုတိုက်တွန်းချင်ပါတယ် ။

ဗမာပြည် ပြည်သူလူထုက ဖွဲ့ စည်းပုံဥပဒေမှာ ဘာတွေမမျှတဘူးဆိုတာ မသိဘူး ၊ စစ်အစိုးရအနိုင်ကျင့်အုပ်ချုပ်နေတာပဲသိတယ် ၊ အတိုက်အခံအင်အားစုတွေကထုတ်တဲ့ ကြေငြာချက်တွေမဖတ်ရဘူး ၊ လမ်းပေါ်ထွက်ဦးဆောင်မဲ့သူမရှိတာပဲသိတယ် ၊ ရွေးကောက်ပွဲ လုပ်ပြီးရင် စစ်ကျွန်သက်ပိုရှည်မယ်မရှည်ဘူးမတွေးဘူး ၊ လက်ရှိငတ်မွတ်ဆင်းရဲနေတာပဲ သိတယ် ၊ အားလုံးညီရင်တော့ ချဘို့ အသင့်ပဲဆိုတာမျိုး တိုက်ပွဲမျှော်တဲ့စိတ်ဓါတ်တွေလဲ ရှိကြတယ် ၊ ပြည်သူတွေက ပြည်သူတွေပီသစွာ လက်တွေ့ဘ၀နဲ့ကိုက်ညီအောင် ဖြတ်သန်းနေကြတယ် ။ ပြည်သူကို ဦးဆောင်မဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားးစုတွေက လက်တွေ့ဘ၀နဲ့ ကင်းကွာနေကြတယ် ၊ တော်လှန်ရေးလမ်းကြောင်းပေါ်ကနေ မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်မျိုး သွေဖီနေကြတယ် ၊ တော်လှန်ရေးသမားဘ၀တွေကနေ ကိုယ်ပိုင်ဘ၀တွေဆီကို ပြန်ဦးလှည့်နေကြတယ် ။

ကျွန်တော်တို့ ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေငြာချက်တွေထုတ်ယုံ ၊ မီဒီယာတွေ ကနေ့ ၀ါဒဖြန့်ချီရေးတွေလုပ်ယုံ ဟာ ထိရောက်တဲ့တိုက်ပွဲ ပုံသဏ္တာန်မဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်၊ “ ဘာမှမလုပ်တာထက်စာရင် ဒါလဲတော်လှန်ရေးအလုပ်ပဲ ” ဆိုပြီး အာသာပြေ လုပ်နေတာမျိုးထက် ၊ တကယ်တိုက်ပွဲဝင်ဘို့ နီးစပ်ရာညှိနှိုင်း ပြင်ဆင် တည်ဆောက်ကြတာ ပိုကောင်းမယ်ထင်ပါတယ် ၊ စစ်အစိုးရက ဖွဲ့စည်းပုံအတည်ပြုခဲ့တာ ၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတာတွေဟာ သူ့အာဏာတည်မြဲရေး သူ့အလုပ်သူလုပ်နေတာပါ ၊ ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး ၊ သူတို့လုပ်တဲ့အမှားတွေပဲထောက်ပြပြီး “ဒါမဖြစ်သင့်ဘူး ၊ ဒါကိုဆန့်ကျင်ရမယ်”ဆိုတာမျိုးပဲ ၀ိုင်းအော်နေတာ ၊ အကယ်တမ်းက ပြည်သူ့အာဏာကို လက်နက်နဲ့ အကြမ်းဖက်သိမ်းပိုက်ပြီးကထဲက သူတို့ကမှားနေပြီးသားပါ ကျွန်တော် တို့ရဲ့ မူလတာဝန်ကိုက စစ်အစိုးရဖြုတ်ချနိုင်ရေးလုပ်ဘို့ပါ ၊ သူတို့လုပ်တာကို ကန့်ကွက်နေယုံ မဟုတ်ပါဘူး ၊ စစ်အစိုးရက ကျွန်တော်တို့ရဲ့ အတိုက်အခံ မဟုတ်ပါဘူး ၊ ရန်သူသာဖြစ်ပါတယ် ၊ အဲဒီတော့ ပြည်သူကိုမေ၀၀ါးစေပဲ စစ်အစိုးရကို ဘယ်လိုတိုက်ပွဲဝင် ဖြုတ်ချမလဲဆိုတဲ့ ကိုယ်ပိုင်တိုက်ပွဲလမ်းကြောင်းပဲ စဉ်းစားကြစေချင်ပါတယ် ။

လက်နက်ကိုင်အင်အားစုတွေကလဲ တပ်တည်ဆောက်ရေးတွေပြန်လုပ် ၊ တောတွင်း မြို့ တွင်း ထိုးစစ်ဆင်နွှဲနိုင်အောင်ကြိုးစား ၊ လက်နက်မဲ့အဖွဲ့ အစည်းတွေကလဲ ရေရာတဲ့အချိန် တစ်ခုသတ်မှတ်ပြီး လူထုအုံကြွမှုဖေါ်နိုင်အောင် ပြည်တွင်းအင်အားစုတွေတည်ဆောက်၊တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆိုတာမျိုးဖြစ်အောင် ပြင်ဆိုတာမျိုး (ဟန်ရေးပြနေတာ မျိုးမဟုတ်ပ)ဲတကယ်လုပ်ကြသင့်ပါပြီ ၊ ဟန်ချက်ညီလှုပ်ရှားမှုအတွက် ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်ဘို့ တကယ်တမ်းက နောက်တောင်ကျနေပါပြီ ။

ပြည်သူတွေမေ၀၀ါးစေပဲ တိုက်ပွဲဆီဦးတည်ကြပါစို့

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။

ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ။

ယုံကြည်ချက်ဖြင့်----

ရဲဘော် ဗိုလ်သူ

၁၅.၂.၂၀၁၀

8888peoplepower


ပြည်တွင်းမြေအောက်ကျောင်းသားအစုအဖွဲ့ မှပေးပို့ သည်။