Wednesday, February 17, 2010

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

17 Feb ဒိုင်ယာရီ

http://ifile.it/umnb3ox 17 Feb Yeyintnge's Diary

မိန်းကလေး ငယ်များအားနည်းအမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင် အလွဲ အသုံးချ မှုများ ရှိနေ

မိန်းကလေး ငယ်များအားနည်းအမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင် အလွဲ အသုံးချ မှုများ ရှိနေ


မိန်းကလေး ငယ်များအား နည်း အမျိုးမျိုးဖြင့် ဆွဲဆောင်၍ လိင် အလွဲ အသုံး ချမှုများ ရှိနေပြီး လိင် အလွဲ အသုံးချ ခံရသည့် ဖြစ်စဉ် အချို့သည် အုပ်ထိန်သူ ပေါ့လျော့ မှုနှင့် ညစ်ညမ်း ခွေများ အလွယ် တကူ ရရှိ နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မိန်းကလေးငယ်များအား နည်း အမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင် အလွဲ အသုံးချ မှုများ ရှိနေသည်ဟု ဆိုရာတွင် ၁၄ နှစ်အောက် မိန်းကလေး အချို့အား မုန့်ကျွေး၍ အဓမ္မ ပြုကျင့်သည့် ဖြစ်ရပ်နှင့် မိန်းကလေးငယ်အား သွေးဆောင် စည်းရုံး၍ ပြည့်တန်ဆာ အဖြစ် ခိုင်းစေရန် ကြံရွယ်မှုတို့ ပါဝင် နေကြောင်း သိရှိ ရပါသည်။

''တာချီလိတ်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုမှာ ဆိုရင် မိန်းကလေးငယ် တစ်ဦးကို အိမ်နီးချင်း တစ်ဦးက မုန့်ဖိုး ပေးပြီး လိင်ကိစ္စ မကြာခဏ ကျူးလွန် နေတာ ရှိခဲ့တယ်။ အုပ်ထိန်းသူ ကိုယ်တိုင်က အတော်ကြာမှ ရိပ်မိပြီး တိုင်ကြေ တာကြနဲ့ အရှက် တကွဲ ဖြစ်ခဲ့ရတဲ့ သာဓက တွေလည်း ရှိခဲ့ ဖူးပါတယ်။ ကြားရတဲ့ ဖြစ်စဉ် တစ်ခု ဆိုရင် သင်တန်း တက်တဲ့ ကလေးငယ် တချို့ကို မုန့်ဖိုးပေး စည်းရုံးပြီး လိင်ကိစ္စ အလွဲ အသုံးချလို့ သင်တန်း တာဝန်ရှိသူ ကို အရေးယူ ခဲ့ရတဲ့ ဖြစ်စဉ်လည်း တောင်ဥက္ကလာပ မြို့နယ်ထဲမှာ ဖြစ်ပွား ခဲ့ပါတယ်။ ဒါကြောင့် မိဘတွေ အနေနဲ့ အရွယ် မရောက် သေးတဲ့ မိမိတို့ ကလေးငယ် တွေကို ဂရုစိုက် စောင့်ရှောက် သင့်ပါတယ်''ဟု ဖြစ်စဉ်အား သိရှိသူ တစ်ဦးက ဆိုပါသည်။

ထို့ပြင် အရွယ် မရောက်သေးသူ မိန်းကလေးငယ် တစ်ဦးအား လူရှင်းသည့် လမ်းကြား၌ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက ၎င်း၏ လက်ဖြင့် လိင်မှုကိစ္စ ကျူးလွန်ရန် ကြံရွယ်သည့် ကိစ္စ ရန်ကင်းမြို့နယ်၊ အတွင်း ဖြစ်ပွား ခဲ့ဖူးကြောင်း ရန်ကင်းမြို့နယ်၊ ရပ်ကွက် တစ်ခုအတွင်း နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးက ဆိုပါသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော အရွယ်မရောက်သေးသူ မိန်းကလေးတစ်ဦးအား မုန့်ကျွေး၍ အဓမ္မ ပြုကျင့် ခဲ့သူအား အရေးယူခဲ့ ရသည့် ဖြစ်ရပ်မှာ ခရမ်းမြို့နယ်၌ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၈ ရက်နံနက်ပိုင်းတွင် ခရမ်းမြို့နယ်နေ အသက် ၃၀ နှစ်ရှိ အမျိုးသမီး တစ်ဦးသည် အသက် ခုနစ်နှစ်ရှိ ၎င်း၏ သမီး ဖြစ်သူနှင့် အတူ ကရင်စု ကျေးရွာ တောင်ဘက်ရှိ ဇမ္ဗူအေး စေတီ ဘုရား ဈေးတန်း အတွင်း လျောက်ကြည့်စဉ် သမီးဖြစ်သူ နှင့် လူချင်း ကွဲသွား ခဲ့ကြောင်း သိရသည်။

ထိုသို့ လူကွဲသွား၍ လိုက်လံရှာဖွေရာ လင်ညီအစ်မ တော်စပ်သူ နှင့် တွေ့သောကြောင့် တစ်ရွာတည်းနေ အသက် ၅၀ နှစ်ရှိ လယ်လုပ်သူ -- က ခေါ်ဆောင် သွားကြောင်း ပြောပြ၍ သိရှိ ခဲ့ရသည်ဟု ဆိုသည်။ တရားလိုမှ သမီး ဖြစ်သူအား လိုက်လံ ရှာဖွေရာ မိနစ် အနည်းငယ်ခန့် အကြာတွင် ပွဲခင်း အတွင်း ငိုလျက် ပြန်တွေ့၍ မေးမြန်းရာ အသက် ၅၀ နှစ်ရှိ လယ်လုပ်သူက ၎င်းအား မုန့်ကျွေးပြီး ရွာအရှေ့တောင်ဘက် လယ်လုပ်သူ၏ ခရမ်း ချဉ်သီး အစောင့် တဲသို့ ခေါ်သွားကာ သားမယား အဖြစ် ပြုကျင့်ကြောင်း ဆိုခဲ့သည်။

သက်ဆိုင်ရာ ခရမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၄၄/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားခံအား အမှုဖွင့် အရေးယူ ခဲ့ရကြောင်း သိရသည်။

'' အခုနောက်ပိုင်းမှာ ညစ်ညမ်း ခွေတွေက ကျယ်ကျယ် ပြန့်ပြန့် ရောင်းချ နေတာကို တွေ့ရပြီး အလွယ် တကူ ၀ယ်ယူ ရရှိနေတာ တွေ့ရ ပါတယ်။ တချို့ အခွေဆိုင် တွေဆို အနော်ရထာလမ်း၊ မဟာဗန္ဓုလလို လမ်းမ မျိုးမှာတောင် ရောင်းချနေတာ တွေ့ရ ပါတယ်။ သက်ဆိုင်ရာကလည်း သိရင် သိချင်း အရေးယူနေတယ်လို့ သိရပါတယ်။ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ညစ်ညမ်း ခွေတွေကို အလွယ် တကူ ၀ယ်ယူ ရရှိနေတာ ပိုတွေ့ လာရတယ်''ဟု မိဘ အုပ်ထိန်းသူ တစ်ဦးက ဆိုပါသည်။

ထို့ပြင် မိန်းကလေးငယ်အား သွေးဆောင်ခေါ်ယူ၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ကြံရွယ်မှုလည်း ရှိခဲ့ကြောင်း သိရသည်။

ကာမကို လိမ်လည် ရယူ၍ ပြည့်တန်ဆာ အဖြစ် သိမ်းသွင်းရန် သွေးဆောင်ခြင်း ခံရသည့် ဖြစ်စဉ် တစ်ခုမှာ တာမွေ မြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ ဖူးကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ၎င်းနေထိုင်ရာ ဒဂုံတောင်မြို့နယ်၊ ၂၆ ရပ်ကွက်မှ အဒေါ်ထံသို့ သွားရန် နေအိမ်မှ ထွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်း၊ ပြည်ထောင်စု လမ်းမရှိ သစ်ဆိုင်ကွေ့ ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် အသက် ၄၂ နှစ်အရွယ်နှင့် ၂၄ နှစ် အရွယ်ရှိ ၎င်းနှင့်တစ်လမ်းတည်းနေ အမျိုးသမီး နှစ်ဦးနှင့် တွေ့ဆုံ ခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးက မြို့ထဲ သွားမည် ဖြစ်၍ လမ်းကြုံကြောင်း ပြောကာ အငှားကားဖြင့် တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ နေအိမ် တစ်ခုသို့ ခေါ်သွား ခဲ့ကြောင်း ယင်း နေအိမ်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးထံ အပ်နှံ ထားခဲ့ပြီး မိန်းကလေးငယ်အား ခေါ်ဆောင် လာသူ အိမ်နီးချင်း အမျိုးသမီး နှစ်ဦးက ဗညားဒလလမ်း နေအိမ် အမျိုး သမီးထံမှ ငွေကြေး ရယူပြီး ပြန်သွား ခဲ့ကြောင်း၊ ဗညားဒလလမ်း နေအိမ်မှ အမျိုးသမီးက မိန်းကလေးငယ်အား ယောက်ျားများနှင့် ကာမစပ်ယှက်ရန် သွေးဆောင် စည်းရုံး ခဲ့ကြောင်း သိရသည်။ ၎င်းက မလုပ်လိုကြောင်း ပြောရာ ပြန်ချင်ပြီ ဆိုပါက နားကပ် တစ်ရန် ပေးရမည်ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် သွေးဆောင် ခံရသည့် မိန်းကလေးက နားကပ် တစ်ရန် ချွတ်ပေး ခဲ့ရပြီး အိမ်သို့ ပြန်ရောက်စဉ် ဖခင် ဖြစ်သူကို ပြောကာ သက်ဆိုင်ရာတွင် အမှုဖွင့် ခဲ့ကြောင်း သက်ဆိုင်ရာ တာမွေမြို့နယ်ရဲစခန်းက (ပ)၇၈၇/၂၀၀၉၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ (က) ဖြင့် အမှုဖွင့် အရေးယူ ခဲ့ကြောင်း သိရသည်။

''အခုဟာက မိန်းမကောင်း လေးတွေ ကိုပါ စည်းရုံးပြီး ဘ၀ပျက်အောင် ကြံစည် လာကြတယ်။ ပြည့်တန်ဆာ လုပ်ဖို့ လူရောင်းတဲ့ ပုံစံပါ လုပ်လာတယ်၊ အဲဒီနေရာမှာ စိတ်ဓာတ် ခိုင်မာတဲ့ မိန်းကလေးတွေ ကတော့ အချိန်မီ ထိန်းသိမ်း နိုင်ပေမယ့် ဘ၀ အခက် အခဲတွေနဲ့ ရင်ဆိုင် ရတဲ့ မိန်းကလေးတွေ အတွက်တော့ ပန်းကောင်း အညွန့်ကျိုးဘ၀ ရောက်ဖို့ ပိုလွယ် ကူပါတယ်၊ အခု သက်ဆိုင်ရာကလည်း အဲဒီလို အဖြစ်တွေကို သိရင် သိသိချင်း ထိထိ ရောက်ရောက် အရေးယူ နေပါပြီ။ အုပ်ထိန်း သူတွေ ဘက်ကလည်း မိမိတို့ရဲ့ ကလေးငယ် တွေကို အဲဒီလို အဖြစ်မျိုးနဲ့ မကြုံရဖို့ ပညာပေး မှုတွေ၊ ဂရုစိုက် စောင့်ရှောက် မှုတွေ ပြုလုပ် သင့်ပါတယ်''ဟု ဖြစ်စဉ်များ အပေါ် မိခင် တစ်ဦးက သုံးသပ် ပြောကြား ခဲ့သည်။

ယခုအခါ မုဒိမ်းမှု ကျူးလွန် သူများသည် အရွယ်ရောက် အမျိုးသမီးများ သာမက အရွယ် မရောက် သေးသည့် အမျိုး သမီးငယ် များကိုပါ ကျူးလွန် ကြသည့် အပြင် ဆွေမျိုး အချင်းချင်း ကိုလည်း ကျူးလွန်လျက် ရှိကြောင်း၊ အရက် သေစာ သောက်စား မူးယစ်ပြီး အစိတ် အလို လိုက်မှု၊ အလို ရမ္မက် ထိန်းသိမ်း နိုင်ခြင်း မရှိမှု၊ ကာမရာဂကို အသားပေးသော ဆင်ဆာမဲ့ ရုပ်ရှင်များ ကြည့်ရှု ရာမှ လွဲမှားသော အကျင့်ကို ထိန်းသိမ်းမှု မရှိဘဲ အားကျစိတ်ဖြင့် ကျူးလွန်မှု၊ မူးယစ်ထုံထိုင်း စေသည့် ဆေးဝါးများ အလွဲ သုံးစွဲမှု တို့ကြောင့် မုဒိမ်း မှုများ ဖြစ်ပွား ခဲ့ကြောင်း မြို့နယ် အချို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ၂၀၀၉ ခုနှစ်၌ မုဒိမ်းမှု ၇၅ မှုဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်၌ ၇၄ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


၁၇ . ၂ . ၂၀၁၀ l EM

အမှုကြီး ၁၀ မျိုးဝင် မုဒိမ်းမှုဖြစ်ပွားနှုန်းအနည်းငယ် မြင့်တက် သော်လည်း အမှုကြီး ၁၀ မျိုးပေါင်း ဖြစ်ပွား မှုနှုန်း လျော့ကျ


ရန်ကုန်တိုင်း၌ ဖြစ်ပွား ခဲ့သော အမှုကြီး ၁၀မျိုးတွင် မုဒိမ်းမှု ဖြစ်နှုန်း မြင့်တက် ခဲ့သော်လည်း အမှုကြီး ၁၀ မျိုးပေါင်း ဖြစ်ပွား ခဲ့သည့် စုစုပေါင်း အရေ အတွက်မှာမူ လျော့ကျ ခဲ့ကြောင်း သတင်း ရရှိသည်။ ရန်ကုန်တိုင်း၌ ဖြစ်ပွား ခဲ့သော အမှုကြီး ၁၀ မျိုးမှာ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန် ခိုးမှု၊ သစ္စာဖောက်မှု၊ လက်နက်မှု နှင့် မတရား အသင်း မှုတို့ ဖြစ်ပြီး ယင်းအမှုကြီး ၁၀ မျိုးသည် ၂၀၀၈ ခုနှစ်၌ စုစုပေါင်း အရေအတွက် ၂၅၀ ဖြစ်ပွားခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ၂၁၂ မှုသာ ဖြစ်ပွား ခဲ့သောကြောင့် ဖြစ်ပွားနှုန်း လျော့ကျ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စုစုပေါင်း အမှုကြီး ဖြစ်ပွားနှုန်း လျော့ကျ ခဲ့သော်လည်း တစ်မှုချင်း အနေဖြင့် လုယက်မှု၊ မုဒိမ်းမှုနှင့် ပြန်ပေးမှုတို့သာ ဖြစ်ပွားနှုန်း မြင့်တက် ခဲ့ကြောင်း မုဒိမ်းမှု ဖြစ်ပွားနှုန်း မှာ ၂၀၀၈ ခုနှစ်တွင် ၇၄ မှု ဖြစ်ပွား ရာမှ ၂၀၀၉ ခုနှစ်တွင် ၇၅ မှုဖြစ်ပွား ခဲ့ကြောင်း၊ လုယက်မှုမှာ ၂၀၀၈ ခုနှစ်တွင် ၁၂ မှုဖြစ်ပွား ရာမှ ၂၀၀၉ ခုနှစ်တွင် ၃၂ မှု ဖြစ်ပွား ခဲ့ကြောင်း၊ ပြန်ပေးမှု ဖြစ်ပွား နှုန်းမှာ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားမှု မရှိခဲ့ သော်လည်း ၂၀၀၉ ခုနှစ်တွင် နှစ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

လူသတ်မှုမှာမူ အရေ အတွက်အားဖြင့် ဖြစ်ပွားနှုန်း အမှု ၂၀ ကျော် ကျဆင်း ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ၁၀၂ မှု ရှိနေရာမှ ၂၀၀၉ ခုနှစ်တွင် ၇၅ မှုသာ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထို့အတူ မတရားအသင်း အမှု မှာ ၂၀၀၈ ခုနှစ်တွင် ၄၂ မှုဖြစ်ပွား ခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ၁၉ မှုသို့ ကျဆင်း ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း အမှုကြီး ၁၀ မျိုးဖြစ်ပွားနှုန်း စုစုပေါင်းအား ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့နှင့် နှိုင်းယှဉ် ပါက ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားမှု ၃၈မှု အထိ လျော့ကျ ခဲ့ကြောင်း သိရသည်။

လူသတ်မှုအား အရေးယူသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မမှာ ၃၀၂ ဖြစ် ပြီး သေဒဏ် အထိ ချမှတ် ခံရနိုင်ကြောင်း၊ ၀ရမ်း မပါဘဲ ဖမ်းဆီးခွင့် ရှိသည့် ရဲအရေးပိုင်မှု ဖြစ်ပြီး အာမခံ မပေးနိုင်သော အမှု ဖြစ်ကြောင်း သိရသည်။ ဓားပြမှုအား အရေးယူသည့် ပြစ်မှု ပုဒ်မမှာ ၃၉၅ ဖြစ်ပြီး တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ်အပြင် ငွေဒဏ် ဖြစ်စေ ချမှတ် ခံရနိုင်ကြောင်း ရဲအရေးပိုင်မှု ဖြစ်ပြီး အာမခံ မပေးနိုင်သော အမှုဖြစ်ကြောင်း သိရသည်။ လုယက်မှုအား အရေးယူသည့် ပြစ်မှုပုဒ်မမှာ ၃၉၄ ဖြစ်ပြီး တစ်သက် တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ်အပြင် ငွေဒဏ် ဖြစ်စေ ချမှတ် ခံရ နိုင်ကြောင်း ရဲအရေးပိုင်မှုဖြစ်ပြီး အာမခံမပေးနိုင်သော အမှု ဖြစ်ကြောင်း သိရသည်။

မုဒိမ်းမှုအား အရေးယူသည့် ပြစ်မှုပုဒ်မမှာ ၃၇၆ ဖြစ်ပြီး နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ တစ်သက် တစ်ကျွန်းဒဏ် ဖြစ်စေ ၁၀ နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုး အပြင် ငွေဒဏ် ဖြစ်စေ ချမှတ် ခံရနိုင်ကြောင်း သိရသည်။

၁၇ . ၂ . ၂၀၁၀ l EM

http://www.nfacforburma.info/2010/02/guardian.html

မီးစက်၊ သင်္ဃန်းကျွန်းဈေးမီး၊ ဂျီတော့ခ် ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရန်ကုန်ရှုခင်း


မီးစက်၊ သင်္ဃန်းကျွန်းဈေးမီး၊ ဂျီတော့ခ် ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရန်ကုန်ရှုခင်း
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀
မီးစက် ၀ါ စစ်အစိုးရ၏ မီးဖြတ်စစ်ဆင်ရေး
လတ်တလော ရန်ကုန်မှာ လူပြောအများဆုံးကိစ္စကတော့ မီးပါပဲ။ သုံးတဲ့လျှပ်စစ်မီးနဲ့ သူမလာပဲ ၀ါယာရှော့ခ် ဖြစ်တယ်ပြီး သူ့ကိုစွပ်စွဲ အပြစ်ဖို့လိုက်တဲ့ လောင်တဲ့မီးကိုပါ လူတွေစိတ်ဝင်စားကြပါတယ်။
ပထမဆုံးကတော့ ရန်ကုန်မြို့ကြီးမှာ လျှပ်စစ်မီး တစ်နာရီမှာ အနည်းဆုံး တကြိမ်မက ဖြတ်တောက် ပေးနေတယ် ဆိုတာပါပဲ။ ညသန်းခေါင်တောင်မှပဲ တောက်လျောက်မပေးနိုင်တော့ ပါဘူး။ မနေ့ညက ဆိုတညလုံးမှ စုစုပေါင်း တနာရီခွဲသာသာ ရပါတယ်။ ကိုယ်ခွဲတမ်း ရမယ့် အေအုပ်စုရောက်နေတဲ့ အချိန်လား၊ ဒုတိယဦးစားပေး ဘီအုပ်စုရောက်နေတဲ့ အချိန်လား မမှတ်ထား နိုင်ကြတော့ပါဘူး။ မှတ်သားပြီး အလုပ်လုပ်ရင်လည်း အရူးခဏခဏ ဖြစ်ရလွန်းလို့ပါ။ ဘာလို့ ၁၅မိနစ် တခါ ဖွင့်လိုက် ပြန်ပိတ်သွားလိုက် ဖြစ်နေတာလဲ။ မီးအားတက်လာရင် ဖွင့်လိုက်၊ တခါ မီးအားကျသွားပြန်ပြီဆို ပြန်ဖြတ်လိုက်လုပ်နေသလား တော့မသိပါ။ အိမ်မှာနေတဲ့သူတွေ စီးပွားရေး လုပ်သူတွေအတွက်တော့ တော်တော်ကို ဆိုးရွားတဲ့ အတွေ့အကြုံပါ။
လျှပ်စစ်မီးလာပြီဆိုတာ သိရအောင် တီ..တီ..တီမြည်သံတွေ၊ လျှပ်စစ်လူခေါ်ဘဲသံတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေ အိမ်တွေမနည်းလှပါဘူး။ မီးလာပြီဆို ပထမဆုံးကြားရတာက လူခေါ်ခေါင်းလောင်းသံပါ။ အဲဒီအသံကြားရင် ညသန်းခေါင်လည်း ထကြရေ စုပ်တင်ကြ၊ ထမင်းအိုးချက်ကြ၊ အ၀တ်လျှော်ကြလိမ့်မယ် ထင်ပါတယ်။
အင်တာနက်ဆိုင် တဆိုင်မှာလည်း မီးလာတာနဲ့ တီ..တီ မြည်သံထွက်လာပါတယ်။ ဆိုင်ဝန်ထမ်းက အဆိုပါမီးခလုပ်ကို သွားပိတ်ပြီး မီးစက်လိုင်းနဲ့ အီးပီစီ လျှပ်စစ်မီးလိုင်း ပြောင်းတဲ့ခလုပ်ကို သွားဆွဲလိုက်ပါတယ်။ အဲဒီနောက်မှ ဆိုင်ရှေ့က မီးစက်ကိုသွားပိတ်ပါတယ်။ အဲလိုလုပ်ပြီး ဆိုင်ထဲမှာ ထိုင်လို့ နာရီဝက်မပြည့်ခင် လျှပ်စစ်မီးက ပြန်ပျက်သွားပြန်ပါရော။ ကွန်ပျူတာတွေမှာ တပ်ဆင်ထားတဲ့ ups တွေက တတီတီနဲ့ ထမြည်လာကြပြန်တယ်။ မီးစက်နှိုးပြီး မီးလာတော့မှ မြည်သံတွေတိတ်ဆိတ် သွားပါတော့တယ်။
တယောက်ကတော့ ပြောပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နအဖ အစိုးရကို အာခံကြတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေကို ရူးသွားအောင် မီးပေးလိုက်ဖြတ်လိုက်နဲ့ တမင်လုပ်နေတာပါလို့ ပြောပါတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပါ။ လူတွေ စိတ်အေးချမ်းသာ၊ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်ကြမယ့် ဘ၀မျိုးကို နအဖအနေနဲ့ မလိုလားဘာဘူး
အခြားတဦးကတော့ လူတွေ အစိုးရကို ပြန်မလှန်နိုင်အောင် မီးပျက်၊ ရေပျက် တခြားဝန်ဆောင်မှု ဖြတ်ပြီး နှိမ်ထားတာ လို့လည်းသူ့ အမြင်ကိုပြောပါတယ်။ ဒါလည်း ဖြစ်နိုင်ခြေရှိပါတယ်။ လူတွေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေ မီးစက်၊ ရေစက်၊ တယ်လီဖုန်း ကိစ္စတွေနဲ့ အလုပ်များနေ၊ ကျောမွေ့ရက်
ရန်ကုန်မြို့ လမ်းတလျှောက်မှာလည်း မီးစက်ကြီးငယ်လတ် သေး အရွယ်စုံဆိုက်စုံ လမ်းဘက်ကို မီးခိုးထွက်ပိုက်လှည့် ကာမောင်းနေကြပါတယ်။ ရန်ကုန်မြို့ လမ်းသွားလမ်းလာတွေ၊ လမ်းဘေး ဈေးသည်တွေဟာ မီးစက်ကထွက်တဲ့ အသံနဲ့ အပူရှိန်၊ မီးခိုးတို့ကို သည်းခံခွင့်လွှတ်ပြီး သွားလာနေထိုင်ကြ ရပါတယ်။
ပြည်တွင်းမှာ နယ်စပ်က ၀င်လာတဲ့ ကားအင်ဂျင်၊ တရုတ်နိုင်ငံက သွင်းလာတဲ့ ဒိုင်နမိုတွေနဲ့ ဆင်ထားတဲ့ ပြည်တွင်းဆင် ဒီဇယ်မီးစက်တွေလည်း လမ်းဘေးတွေမှာ မနည်းလှပါဘူး၊ ယူဒီ၊ မုဒုံမောင်မောင် စသဖြင့် တံဆိပ် အမျိုးမျိးနဲ့ ကားပစ္စည်း တင်သွင်းသူတွေက မီးစက်တပ်ဆင်ရောင်း နေကြပါတယ်။ စက်တလုံးကို ၁၅သိန်း ၂၀သိန်းမှာ သိန်း ၂၀၊ ၃၀ ၀န်းကျင်ထိရှိပါတယ်။ ပြည်ပက၀င်လာတဲ့ဟာဆို ဒိထက်ပိုပြီး ဈေးကြီးပါတယ်။ အနည်းဆုံး သိန်း ၇၀၊ ၈၀မှ သိန်းရာကျော်တွေချည်း ဖြစ်ပါတယ်။
စက်မှုဇုန်က လုပ်ငန်းကြီးတွေ၊ ဟိုတယ်တွေ၊ ရှော့ပင်းမောလ်တွေ၊ ရုပ်ရှင်ရုံကြီးတွေ၊ ကွန်ဒိုမီနီယံကြီးတွေ အနေနဲ့ ကီလိုဝပ် ၄၊ ၅ရာ စက်ကြီးတွေဝယ်ပြီး ၀င်းထဲသို့မဟုတ် လမ်းဘေးတွေမှာ ချထားကြတာပါ အဲဒီစက်ကြီးတွေက သိန်း၂ရာ၊ ၃ရာကနေ ၄၊ ၅ရာထက်ပိုပြီး ပေးကြရတာပါ။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မီးစက်ဖိုးလည်း ရင်းနှီးရ အစိုးရမီးလာတဲ့အချိန်ဆို အစိုးရမီးကို ပြောင်းရနဲ့ ဗျာများနေကြပုံပါပဲ။ လုပ်ငန်းတိုင်း မီးစက်မောင်းသူ တယောက်ငှားထား ကြရပါတယ်။
ရန်ကုန်မြို့ ပလက်ဖောင်းဆိုတာဟာ မီးစက်တွေ ထောင်လိုက်၊ အလျားလိုက်ပိတ်ထားကြ တာနဲ့လမ်းလျှောက်ရ ခက်ခဲလာပြီး လူတွေက ကားသွားတဲ့ လမ်းမပေါ်ကို တက်လျှောက်နေကြရပါပြီ။ တကယ့်ပလက်ဖောင်းပေါ်က လမ်းလျှောက်ရင် ၀င်္ကပါမှာ လမ်းလျှောက်သလို ဖြစ်နေလို့ပါပဲ။ အဲဒါက ရန်ကုန်မြင်ကွင်း တခုပါ။
လျှပ်စစ်မီး အခုလို ဖြစ်ချင်တိုင်း ဖြစ်နေ ပျက်ချင်တိုင်း ပျက်နေတာကို ဘယ်တာဝန်ရှိသူမှ မီဒီယာကို မပြောကြပါဘူး။ မီးလာတော့မယ် ဆိုရင်တယောက်ပြီး တယောက် ပြောချင်ကြပေမယ့် အခုလို ပျက်ချင်တိုင်း ပျက်တဲ့ အချိန်မှာ ဘယ်သူမှ ပြောချင်ပုံမရကြပါဘူး။
ရန်ကုန်မြင်ကွင်းလို့ ပြောရင် လျှပ်စစ်မီး အကြောင်းမပါရင်မပြီးပါဘူး။ ရန်ကုန်ရှုခင်းရဲ့ နောက်ခေါင်းစဉ် တခုကလည်း လျှပ်စစ် နဲ့ရော မီးနဲ့ပါ ဆက်စပ်နေပါတယ်။ အဲဒါကတော့ သင်္ဃန်းကျွန်းဈေးမီးလောင်တာပါ။
သင်္ဃန်းကျွန်းဈေး မီး -
(မလာတဲ့ လျှပ်စစ်ကြောင့် လောင်တဲ့မီး)
ပြည်တောင်စုနေ့ညမှာ လောင်ကျွမ်းခဲ့ရတဲ့ သင်္ဃန်းကျွန်းဈေးမီးလောင်မှုမှာ လျှပ်စစ်မီး ၀ါယာရှော့ခ် ဖြစ်တာက စတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုပါတယ်။ လျှပ်စစ်မီး မလာတဲ့အချိန်မှာ မီးက၀ါယာရှော့ခ် ဖြစ်တယ်ဆိုတာကို အနီးအနားမှာ နေထိုင်သူတွေအနေနဲ့ သံသယဖြစ်နေကြတာပါ။
ညဘက် ၇နာရီဝန်းကျင် လောင်ကျွမ်းတဲ့မီးကြောင့် ဆိုင်ခန်း ၆ရာကျော်နဲ့ ကပ်လျက် ပုဂ္ဂလိက ရေခဲစက်တစ်စက် လောင်ကျွမ်းခဲ့ပါတယ်။ လောင်တဲ့နေရာက မီးသတ်ကလည်း သိပ်မဝေး တော့ မီးသတ်ကား သိပ်မကြာခင်ရောက်လာခဲ့တယ် လို့ရပ်ကွက်နေသူတွေက ပြောပါတယ်။ ဒါပေမယ့် ပထမဆုံး မီးသတ်ကား ရောက်လာပြီး ရေနဲ့ ငြိမ်းသတ်ရာမှာ ခဏနဲ့ ရေကုန်သွားတာ၊ နောက်တော့ ဈေးရဲ့မီးလောင်နေတဲ့ နေရာကို အဓိကထား မငြိမ်းသတ်ပဲနဲ့ ကပ်နေတဲ့ ရဲစခန်း ဘက်ကိုလောင်မှာစိုးလို့ အဲဒီဘက်ကို ရေနဲ့ အားပြုပက်နေခဲ့တာ တွေကြောင့် ရပ်ကွက်နေသူတွေက အားမရခဲ့ဘူး လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ဈေးတွေမီးလောင်ရင် နည်းနည်းပါးပါးနဲ့ ရပ်တန့်ဖို့ မျှော်လင့်ချက် သိပ်မရှိပါဘူး။ အားလုံးနီးပါး လောင်ကျွမ်းပြီးမှ ငြိမ်းသွားတာက များပါတယ်။ ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်တဦးထဲကပဲ သူ့ဆိုင်တဆိုင်ထည်း သိန်း ၁၀၀ ကျော်ဖိုး မီးထဲပါသွားတယ်လို့ ပြောပါတယ်။ အချို့သောဆိုင်တွေအနေနဲ့ ဆုံးရှုံးမှု တန်ဖိုးမများပြားပေမယ့် ဆိုင်ခန်းပေါင်း ၆၀၀ကျော်ဖြစ်လို့ ဆုံးရှုံးမှုဟာ သိန်းပေါင်း ထောင်ဂဏန်းနဲ့ ချီမှာမလွဲပါဘူး။ ဒါ့အပြင် အဲဒီဆိုင်ခန်း ၆၀၀ ကျော်ကို မှီပြီးလုပ်ကိုင် အသက်မွေးနေသူပေါင်း ထောင်နဲ့ချီပြီး ရပ်တည်ဖို့ ခက်ခဲသွားမှာလည်း ဖြစ်ပါတယ်။
ဈေးတွေမီးလောင်ပြီး ပြန်ဆောက်ရင် ဆိုင်ခန်းပိုင်ရှင်တွေ အနေနဲ့ နေရာသစ်အတွက် ငွေသိန်းဆယ်ဂဏန်းနဲ့ပြန်လည် ပေးသွင်းကြရပါတယ်။ မော်လမြိုင်ဈေးသစ်ကြီး မီးလောင်ပြီးနောက် ယခုပြန်လည်ဆောက်လုပ်ရာမှာ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်အတွက် အဆောက်အဦအတွက် တခန်းလျင် သိန်း ၅၀ ပေးသွင်းရတာဖြစ်လို့ မော်လမြိုင်မြို့က ဈေးဆိုင်ရှင်တွေရဲ့ သိန်းပေါင်း ၅သောင်းကျော် ဆိုင်ခန်းအတွက် သုံးလိုက်ရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ယခုလည်း သင်္ဃန်းကျွန်းဈေးပြန်လည် တည်ဆောက်ခဲ့မယ် ဆိုရင် ဆိုင်ခန်းရှင်တွေ အနေနဲ့ သိန်းဆယ်ဂဏန်း ရှိတဲ့ ဆိုင်ခန်းကြေး ပေးသွင်းကြရဦးမှာပါ။ ဈေးမီးလောင်တဲ့အခါ ဒုက္ခရောက်ရဆုံးဟာ ဈေးရောင်း အသက်မွေးကြသူတွေပါပဲ။ အကျိုးအမြတ် ရှိသူတွေကတော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ဆောက်လုပ်ဖို့ ကန်ထရိုက်ရသူတွေသာ ဖြစ်ပါတော့တယ်။ နောက်ထပ်ဈေးတွေ မီးမလောင်ရအောင် ဈေးတွေကို ဈေးသူဈေးသားတွေ အနေနဲ့ပိုမိုသတိထား စောင့်ရှောက်ရတော့မှာ ဖြစ်ပါတယ်။
လျှပ်စစ် မီးလိုပဲ အင်တာနက်လည်း ပြတ်လိုက်လာလိုက်
(အင်တာနက်ဆိုတာ ဂျီတော့ခ် လား)
ယမန်နေ့ (၁၆ရက် ဖေဖေါ်ဝါရီ) က ရန်ကုန်နဲ့ မြန်မာနိုင်ငံရှိ အင်တာနက် သုံးစွဲသူတွေ သေလုမျောပါး အင်တာနက် ကွန်နက်ရှင် ကြောင့်ဒုက္ခတွေ ရောက်နေကြပါတယ်။ နံနက်ပိုင်းက စလို့ဘာမှ ဖွင့်လို့မရတဲ့ အင်တာနက် ကွန်နက်ရှင်ဟာ တနေ့လုံး ဆိုင်တွေလည်း ကွန်နက်ရှင် ပြန်ကောင်းလာနိုးနဲ့ စောင့်မျှော်နေလိုက်တာ ညသာမိုးချုပ်သွားရော ပြန်ကောင်းမလာခဲ့ပါဘူး။ သို့ပေမယ့် အင်တာနက် ဆိုင်တွေထဲကို လှမ်းကြည့်လိုက်တဲ့အခါ ကွန်ပျူတာရှေ့မှာ သုံးစွဲသူတွေ ထိုင်နေကြတာပါ။
သူတို့ဆိုင်ပဲ ရသလားဆိုပြီး ၀င်မေးကြည့်တော့ ``ဂျီမေးလ်နဲ့ ၀က်ဆိုက်တွေဖွင့်လို့မရဘူး၊ ဂျီတော့ခ် ချက်တင်ပဲ ရမယ်၊ နိုင်ငံခြားကို ဖုန်းခေါ်တဲ့ ပီဖင်းဂိုးလိုဟာလည်း မရဘူး´´လို့ဆိုင်ဝန်ထမ်း တဦးကပြောပါတယ်။ အဲလိုဂျီတော့ခ် ချက်တင်ကိုသုံးနေကြတဲ့ သူတွေလည်း အထိုက်အလျောက်ရှိသလို အင်တာနက် မဟုတ်ပဲ နက်ဝေါ့ခ် ဂိမ်းကစားဖို့ အင်တာနက်ဆိုင်ကို လာသူတွေလည်း ရှိသေးတာကြောင့် အင်တာနက်ဆိုင်တွေ ဖွင့်ထားကြတယ် ဆိုတာနောက်မှ သဘောပေါက်လိုက်ပါတယ်။
၂၀၀၉ ခုဒီဇင်ဘာလကုန်ရင် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ကနေ နယ်စပ်ဖြတ်ကျော် သွယ်ယူလာတဲ့ အလင်းဖန်မျှင်စနစ် သုံးအင်တာနက် ကျောရိုးလိုင်းတွေကြောင့် အရင်ထက် အဆများစွာ မြန်လာတော့မလို ပြောပေမယ့် ဖေဖေါ်ဝါရီလ ဆန်းတာနဲ့ အင်တာနက်လိုင်း ၄ရက်ကြာပြတ်တာနဲ့ ကြုံခဲ့ရသလို၊ အခုလည်း တဖန်ထပ် ဖြစ်နေပြန်ပါပြီ။
ကျောရိုး အင်တာနက်လိုင်းကြီးက အခုလက်ရှိ 4 GB bit per second မကလို့ ဒိထက်ဒိထက် ပိုမြန်လာပါစေဦး။ မြန်မာပြည်သူတွေကို ရဲ့ သတင်း ကမ္ဘာကို မပေါက်ကြားအောင် အင်တာနက်လိုင်းတွေကို ပိတ်ဆို့ထား၊ နှေးကွေးအောင် လုပ်ထားရမယ်လို့ နအဖ အစိုးရက စဉ်းစားထားပုံရပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်တွေ နယ်မြို့တွေမှာပါ အများအပြား တွေ့မြင်လာနေရပါပြီ။ သို့ပေမယ့် နယ်မြို့က အချို့သုံးစွဲသူတွေဟာ ဂျီတော့ခကလွဲရင် ဂျီမေးလ်ကို တောင် ဖွင့်မတတ် ပို့မတတ်ကြသေးပါဘူး။ အစိုးရက အင်တာနက်လိုင်းရောင်းတာ၊ ကဒ်ရောင်းတာကနေ ၀င်ငွေတွေ အများအပြား လိုချင်ပေမယ့်လည်း တဘက်မှာ ခေတ်မှီတိုးတက်သွားမှာ ကိုကြောက်ရွံ့နေပုံရပါတယ်။
ဒါကြောင့် မြန်မာပြည်က အင်တာနက်ဆိုတာဟာ ဂျီတော့ခ် လားလို့မေးရမလောက်အောင် ပါပဲ။ အင်တာနက် သုံးစွဲသူ အချို့ကတော့ ပညာရေး၊ စီးပွားရေး လုပ်ငန်းနဲ့ အခြားလူမှုရေး ဆက်သွယ်မှုတွေ အတွက်ပါ အင်တာနက်ကို သုံးစွဲနေကြပါပြီ။ သို့ပေမယ့် တပတ်တခါလောက် လိုင်းပျက်နေတဲ့ အတွက် ဂျီတော့ခ ကိုပဲ အင်တာနက် အမှတ်နဲ့ သုံးနေကြရတာလည်း ရန်ကုန်ရှုခင်း တခုပါပဲ။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ကြံ့ဖွံ့ ပြင်တဲ့လမ်းများ
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီလို့ အမည်ခံထားတဲ့ အဖွဲ့အနေနဲ့ မြို့တော်နေထိုင်သူတွေ ၊ စီးပွားရေး လုပ်ငန်းတွေဆီက ကောက်ခံရရှိတဲ့ ငွေတွေကို ကြံ့ဖွံ့စည်းရုံးရေး ရံပုံငွေအဖြစ် သုံးစွဲနေတာဟာ နည်းလမ်းကျလား မကျလားဆိုတာ တကယ့်ကို ဆန်းစစ်ဖို့လိုတဲ့ ကိစ္စတရပ်ပါ။
ယခုသီတင်းပတ်တွေမှာ ရန်ကုန်မြို့ရဲ့ လမ်းတွေအတော်များများမှာ ကွန်ကရစ်ခင်း၊ ကတ္တရာခင်းတဲ့ ကိစ္စတွေအားလုံးမှာ ပြည်သူအများ ရွံ့မုန်းတဲ့ ကြံ့ဖွံ့ရဲ့ ဆိုင်းဘုတ်နဲ့ အလံအောက်ကနေ လုပ်ဆောင်နေပါတယ်။ လူနေအိမ်တွေကြားထဲမှာ အလံစိမ်းတွေထူလို့ လမ်းထိပ်တွေမှာလည်း ကြံ့ဖွံ့နဖူးစည်းတွေ တင်လို့ ကြံ့ဖွံ့အဖွဲ့ကြီးကို အမွန်းတင် နေပါတယ်။
စည်ပင်သာယာဟာ နိုင်ငံရေးနဲ့ မပတ်သက်ပဲ မြို့နေလူထုရဲ့ ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးလုပ်ငန်း ကိစ္စရပ်တွေမှာ ၀န်ဆောင်မှုပေးပြီး ကောက်ယူရရှိထားတဲ့ အခွန်ငွေတွေကို အဲဒီအတွက် မြို့နေ လမ်းများ၊ ဈေးများရဲ့ သန့်ရှင်းရေး ပြုပြင်ထိန်းသိမ်းရေးတို့မှာ ပြန်လည် အသုံးပြုရမှာ ဖြစ်ပါတယ်။ အခုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာကငွေကို ကြံ့ဖွံ့အဖွဲ့ပိုင်ငွေလို သဘောထားပြီး ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ တဦးဖြစ်သူ မြို့တော်ဝန် ဗိုလ်ချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့စည်းရုံးရေး ကိစ္စတွေမှာ သုံးစွဲနေပါတယ်။
တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တွေ မှာအများဆုံး မြင်တွေ့နေရပြီး မင်္ဂလာတောင်ညွန့် ၊ ဗိုလ်တထောင် ပုဇွန်တောင်မြို့နယ်လို မြို့လယ်မှာလည်း အများအပြားတွေ့မြင်နေရပါတယ်။ တောင်ဥက္ကလာ၊ မြောက်ဒဂုံတို့မှာ လမ်းပြင်မယ်ဆို ရှေးဦးစွာ သဘောတူမတူ နာမည်နဲ့ လိပ်စာ မှတ်ပုံတင်အမှတ်တွေ လိုက်ကောက်ယူပြီး ပြင်ဆင်ဖို့ သဘောတူကြောင်း စာရင်းလိုက်လံကောက်ယူတာ မျိုးလည်းရှိပါတယ်။ အမှန်ကတော့ ကြံ့ဖွံ့အဖွဲ့ဝင်သစ် စာရင်း ကောက်ယူလိုတဲ့အတွက် မလိမ့်တပတ်နဲ့ လက်မှတ်ထိုးခိုင်းတာ၊ စာရင်းကောက်ယူတာမျိုးလည်း ဖြစ်ပါတယ်။
ကြံ့ဖွံ့အနေနဲ့ ပြင်မှာကို သဘောမတူလို့ လက်မှတ်မထိုးတဲ့ ရပ်ကွက်နေသူတွေလည်း မြောက်ဒဂုံဘက်မှာ ရှိတယ်လို့ မြောက်ဒဂုံမှာ နေထိုင်သူတဦးက ပြောပါတယ်။ အဆိုပါလမ်းကို လာမပြင်ပဲ ဒီအတိုင်း ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို စည်ပင်သာယာ အသုံးစရိတ်နဲ့ ကြံ့ဖွံ့ စည်းရုံးရေးလုပ်တာကတော့ မသာလက်ဖက်နဲ့ ဧည့်ခံတာထက်ကို ဆိုးဝါးတဲ့ ကိစ္စတခုလည်း ဖြစ်ပြီး ရန်ကုန်ရဲ့ ဒီနေ့ ရှုခင်းတခုလည်း ဖြစ်နေပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=5896&Itemid=1

ဟက်ပီးဘတ်ဒေး အိုပါး



ချိုကုပ်ဒူးကြီးကို စိတ္တဇဆေးရုံ ပို့ပေးလိုက်ရ သောကြောင့် ကိုယ်တိုင် ရူးချင်ချင် ဖြစ်သွားသော ဦးရုက္ခစိုးကြီးမှာ ချင်းမိုင် ပြန်လာပြီး ဒွိုင်ဆူထေ့ တောင်ပေါ်တွင် ၅ ရက်တိတိ တရားထိုင်၍ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေလိုက်ရ လေသည်။ တရားထိုင်ပြီး မျက်စိနှစ်လုံး ဖွင့်လိုက်ချိန်တွင် သူ့ရှေ့၌ အလွန်တရာ ကျက်သရေ မင်္ဂလာ ကင်းမဲ့သူ တဦးကို တွေ့လိုက်ရ၏။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီး ...။ ဒီမှာ ဘာလာလုပ်နေတာလဲ။ ခင်ဗျား စိတ္တဇဆေးရုံမှာ ဆိုလို့ အားလုံး ငြိမ်းချမ်းနေပြီ မှတ်တာ။

ချိုကုပ်။ ။ ဆေးရုံက ဆရာဝန်ကို တံခါး မဖွင့်ပေးရင် ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်ပြီး ထွက်လာတာ၊ သိတယ်မဟုတ်လား၊ ချိုကုပ်ဒူးကြီးတဲ့ တဒူးပဲရှိတယ် … နှစ်ဒူးရှိရင် ဂန်ဒူး လုပ်လိုက်မယ်။

ရုက္ခစိုး။ ။ (“ငါ ဘာအကုသိုလ်တွေများ လုပ်ထားမိပါလိမ့်” ဟု တွေးရင်း) ကျုပ် တရားထိုင်တဲ့ထိ လိုက်လာတာ ဘာလုပ် ဖို့လဲ။

ချိုကုပ်။ ။ ကျုပ်ရဲ့ အိုပါးကို မွေးနေ့ပွဲ ကျင်းပပေးချင်လို့။ မီးပန်းနဲ့ ဗြောက်အိုးကနေ နျူးကလီးယား လက်နက်အထိ ဖောက်လို့ ရတာမှန်သမျှ ထုတ်လုပ်နိုင်အောင် စွမ်းတဲ့ မြောက်ကိုရီးယားက အိုပါးလေ သိတယ် မဟုတ်လား။

ရုက္ခစိုး။ ။ ဟာ … မွေးနေ့ပွဲ ကျင်းပပေးချင်တာများ … ဆီအိုးနား ဟိုတယ်တို့၊ မှောင်ခိုကြီးများ ဟိုတယ်တို့ ရှိသားပဲ။ ဘာကိစ္စ ဒီဒွိုင်ဆူထေ့ တောထဲ လာကျင်းပချင်ရတာလဲ။

ချိုကုပ်။ ။ မြောက်အိုပါးက ရန်သူများတယ်ဆိုတော့ တော်ရုံလူ သူက ယုံတာ မဟုတ်ဘူး။ ကျုပ်ကလည်း သူ့ကို အရမ်း လေးစား၊ ချစ်ခင်၊ ကြောက်ရွံ့၊ ရိုသေ၊ အားကျ၊ ဂုဏ်ယူ လွန်းလို့ ဒီ မွေးနေ့ပွဲကို မကျင်းပပေးဘဲ မနေနိုင်ဘူး။ အဲဒါကြောင့် တခြား ဘယ်သူမှ မရှိတဲ့ ဒီတောထဲမှာ လာကျင်းပတာ။

ရုက္ခစိုး။ ။ ဟာ … ဒီမှာ ကျုပ်က လုံခြုံရေးမယူပေးနိုင်ဘူးနော်။ နောက်ပြီး ဖိုးရှုပ်နဲ့ ကြွက်စုတ်တို့ကလည်း ကျုပ်ဆီကို လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်နေကြတာ။

ချိုကုပ်။ ။ ရတယ်၊ ရတယ် … ဒီ ၃ ယောက်ကိုတော့ ကျုပ်က ရကော်မန်း ပေးထားပြီးသား။ ပေါတောတောတွေ၊ ဘာ အန္တရာယ်မှ မပေးပါဘူးလို့ ပြောထားတယ်။

ရုက္ခစိုး။ ။ (“ဗုဒ္ဓေါ … ငါတော့ လူပေါင်းမှားလို့ ငပေါပါ ဖြစ်ပြီ”) ဒါနဲ့ ရန်ကုန်က သူတို့သံရုံးမှာ ကျင်းပမလို့ဆို။

ချိုကုပ်။ ။ အဲဒါက သတ်သတ်၊ သူတို့ဘာသာ ကျင်းပတာကို ကျုပ်ဆီက တင်ကွေးတို့၊ ဉာဏ်ပျင်းတို့၊ ကြောင်သိန်းပျင်းတို့ လွှတ်လိုက်တယ်။ အခုဟာက ကျုပ်ကိုယ်တိုင် အိုပါးကို ဖိတ်ပြီး ကျင်းပပေးမှာ။

ရုက္ခစိုး။ ။ ဟိုဒင်းလေ … မြောက်ကိုရီးယား သမ္မတ မွေးနေ့ပွဲကို ခုလိုကြီး ကျင်းပပေးတယ်ဆိုတော့ လူပြောစရာကြီး ဖြစ်မနေဘူးလား။

ချိုကုပ်။ ။ ဘာလဲ … အာဏာရှင်ရဲ့ မွေးနေ့ပွဲကို ကျင်းပပေးတယ်လို့ ဆိုချင်တာလား။ ကျုပ်တို့ အာဏာရှင် အချင်းချင်းမှ မစည်းလုံးရင် ဘယ်သူစည်းလုံးမလဲ … ဦးရုက္ခစိုးရဲ့။ ပြီးတော့ ခုလိုလေး မထိတထိ လုပ်ပေးလိုက်ရင် အမေရိကားက နှာခေါင်းရှည် တွေလည်း ကလိကလိဖြစ်မယ်လေ … ။ အိုပါးကလည်း ကျုပ်လက်နက် လိုတဲ့အခါတိုင်း မငြိုငြင်တော့ဘူးပေါ့၊ တချက်ခုတ် နှစ်ချက်ပြတ်ပဲ။ နောက်တော့ ကမ္ဘာမှာ မြန်မာကွဆိုပြီး လုပ်ဖို့က နည်းလမ်း သိပ်မကျန်တော့ဘူး၊ ခုခေတ်က သူများမလုပ်တာ ထ လုပ်မှ ဆရာကြီးဖြစ်တာ မဟုတ်လား။ ကဲ ခေါ်လိုက်တော့မယ်နော်။

ပြောပြောဆိုဆို ချိုကုပ်ဒူးကြီးက “ရွှီ” ခနဲ လက်ခေါက် မှုတ်လိုက်ရာ ဆင်မယဉ်သာဟန်ဖြင့် ကြင်ယာတော် ကွိုင်ကွိုင်က ကိတ်မုန့်ကြီးတလုံးကို ကိုင်ရင်း ရှေ့ဆုံးမှ လျှောက်လာသည်။ သူ့နောက်မှ သမီးတော်များ၊ မြေးတော်များက ဆိုင်ရာ ဆိုင်ရာ များကို ကိုင်ရင်း လိုက်ပါလာသည်။ (ဆိုင်ရာ ဆိုင်ရာ ဆိုသည်မှာ ကိုရီးယားဆိုဂျူး အရက်ပုလင်း၊ စားဖွယ်သောက်ဖွယ်များကို ဆိုလိုသည်)

နောက်ဆုံးတွင် မျက်မှန်အနက်ကြီးတပ်၍ မမြင်မကမ်း တုန်တုန်ချိချိ လိုက်ပါလာသူက အိုပါး ကင်ခြုံတကာအီး ဖြစ်သည်။ ကင်ခြုံတကာအီးက လက်တဘက်ကို မြှောက်ကာ ဟန်အပြည့်ဖြင့် “ဟိုင်း ဟစ်တလာ … အဲ ယောင်လို့ … ဟိုင်း … ဒူးကြီး” ဟု နှုတ်ဆက်လိုက်ရာ … ချိုကုပ်ဒူးကြီးကလည်း “အနယားဆရော” ဟု ကိုရီးယားလေ အပြည့်ဖြင့် ပြန်နှုတ်ဆက် လိုက်သည်။

ချိုကုပ်။ ။ ဆာဒန်းငေး အိုပါး … (“အစ်ကိုကြီးကို အရမ်းချစ်ပါတယ်” ဟု ကိုရီးယားလို ပြောခြင်း ဖြစ်သည်။ ကိုရီးယား ဇာတ်လမ်းတွဲများကို ထုံးလိုခြေ၊ ရေလိုနှောက်ထားသော ချိုကုပ်ဒူးကြီးမှာ ကိုရီးယားလို ရေပက်မဝင် ပြောဆို နေသော်လည်း စာဖတ်သူ နားမလည်မည် စိုးသောကြောင့် မြန်မာဘာသာသို့ တိုက်ရိုက် ပြန်ဆို ရေးသားလိုက်ပါသည်)

ချိုကုပ်ဒူးကြီးက ဆိုဂျူးပုလင်းကို ဖွင့်ကာ ကင်ခြုံတကာအီးကို တခွက်ထည့်ပေးလိုက်ပြီး သူ့ခွက်ထဲလည်း ထည့်ကာ
“ချီးယားစ် အိုပါး သက်တော် သောင်းကျော်ရှည်ပါစေ ...။ အိုပါးရဲ့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ။ ကဲ … အခု အချိန်မှာ အိုပါးက ကျနော့်ကို မွေးနေ့ အထိမ်းအမှတ် စကားလေး ချီးမြှင့်စေချင်ပါတယ်။

ခြုံတကာအီး။ ။ ပြောဆိုလည်း ပြောရတာပေါ့ … ဒီမှာ ... ဒူးကြီး … မင်းအနေနဲ့ ငါ့ကို မီဖို့ အများကြီး လိုသေးတယ်။

ချိုကုပ်။ ။ ဟုတ်ကဲ့ပါ ခညာ။ ဘာတွေလိုသေးလဲဆိုတာ အမိန့်ရှိပါဦး။

ခြုံတကာအီး။ ။ ငါ့လို မီးပန်းနဲ့ ဗြောက်အိုးကနေ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်လား ပြောကြည့်လိုက်။

ချိုကုပ်။ ။ ခြင်ဆေးခွေတော့ ထုတ်နိုင်နေပါပြီခင်ဗျာ။

ခြုံတကာအီး။ ။ မင်းကို မေးမယ်၊ မင်းဆီမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက်ရှိလဲ ...။

ချိုကုပ်။ ။ နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက်မှ မရှိဘူးလေ။

“ညာပြီ၊ ညာပြီ” ဟု ဦးရုက္ခစိုးက စိတ်ထဲက ဝင်ပြောလိုက်သည်။

ခြုံတကာအီး။ ။ လူ့အခွင့်အရေး အဖွဲ့တွေကို ညာသလို ငါ့ကို လာမညာနဲ့လေ … မင်းဆီမှာ ၂၀၀၀ ကျော်ရှိတယ်။

ချိုကုပ်။ ။ အဲဒါက … ပြည်ပအခြေစိုက် ဒေဝါလီတို့၊ အေဘီစီဒီတို့၊ လွှင့်တိုင်းမှား သတင်းဌာနတို့က လျှောက်ပြောတာပါ … တကယ်က နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိဘူး။

ခြုံတကာအီး။ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှိတယ် ဆိုတဲ့ အသံထွက်တယ်လေ … ငါ့တိုင်းပြည်မှာ ဘာသံမှကို မထွက်ဘူး။ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ရှိလဲ … ဘယ်သူမှ မသိစေရဘူး သဘောပေါက်။ ကဲ ကဲ ထားပါတော့ … မင်းဆီမှာက ကျော်သူတို့၊ ဦးဝင်းတင်တို့ … ဟိုအော် ဒီအော်နဲ့ … ဆူဆူပူပူ ဘယ်လောက် နားညည်းဖို့ ကောင်းလဲ။ ငါ့ဆီမှာဆို အဲဒီလို အသံ … တချက် တောင် မထွက်စေ ရဘူး။ ပြီးတော့ ဦးတင်ဦးကိုလည်း လွှတ်ပေးလိုက်သေးတယ်၊ သူကလည်း အသက်သာကြီးတာ အသံကတော့ အကျယ်ကြီးပဲ။

ချိုကုပ်။ ။ ဒါကတော့ ရွေးကောက်ပွဲမလုပ်ခင် ပြည်သူလူထုဆီက မေတ္တာခံယူဖို့ မျက်နှာကောင်းရအောင် လုပ်လိုက်တာပါ။ သူလည်း နေရမယ့်အချိန်မှ သိပ်မကျန်တော့ဘဲ။

ခြုံတကာအီး။ ။ ငါ့ဆီမှာ နိုင်ငံရေးအကျဉ်းသားမပြောနဲ့ နျူကလီးယား စက်ရုံကြီးတောင် ဘယ်သူမှ မမြင်အောင် ဖွက်ထား နိုင်တယ် သဘောပေါက်။

ချိုကုပ်။ ။ အဲဒါတော့ ဟုတ်ပါတယ်လေ။ အဲဒါကြောင့် ကျနော်လည်း အိုပါးကို မီအောင် ကြိုးစားနေပါတယ်။

ရုက္ခစိုး။ ။ ဟုတ်တယ်၊ ဟုတ်တယ် … စက်ရုံတွေ လျှောက်ကြည့်၊ လုပ်ငန်းတွေလျှောက်ကြည့်ပြီး လိုအပ်သည်များကို မှာစားတဲ့ နေရာမှာတော့ တော်တော်လေး မီနေပြီ။

ကင်တကာခြုံအီးက ဖိဟောက်နေသောကြောင့် စိတ်တိုစပြုနေသော ချိုကုပ်ဒူးကြီးမှာ ဦးရုက္ခစိုးကြီးစကားကြောင့် ဒေါသ ထွက်သွားသည်။

ချိုကုပ်။ ။ နေပါဦး အိုပါးရယ်၊ မြောက်ကိုရီးယားမှာ ကုန်ဈေးနှုန်းတွေ တက်တော့ ပြည်သူလူထုကို အိုပါးက တောင်းပန် တယ်နော်။

ခြုံတကာအီး။ ။ ဒါကတော့ ကိုယ်လည်း ဘာမှမတတ်နိုင်တဲ့အတူတူ ပြည်သူလူထုကို စေတနာ ထားသလိုလို ဘာလိုလိုနဲ့ တောင်းပန်တာပါ။

ချိုကုပ်။ ။ အဲဒီမှာ အကွာကြီးကွာသွားပြီ။ ရာဇဝင်ရိုင်းတယ်ဗျ၊ ကျနော်က ဘယ်တော့မှ မတောင်းပန်ဘူး။ အာဏာရှင်မှန်ရင် ပြောင်လိမ် တတ်ရတယ် … ငှဲ ငှဲ ငှဲ။

ခြုံတကာအီး နည်းနည်းနှာတင်းသွားသည်။ လက်သီးလက်မောင်းတန်း၍ ...

ခြုံတကာအီး။ ။ ဒီမှာ ဒူးကြီး … ဖားတုလို့ ခရုခုန် … ဖင်ကျိုးရုံပဲ ရှိတော့မပေါ့ကွယ် … မတူရင် လာမတုနဲ့ ကြားလား ...။ မင်း ပြည်သူတွေနဲ့ ငါ့ပြည်သူတွေ ဘယ်သူပို ဆင်းရဲလဲ … ယှဉ်ကြည့်လိုက်စမ်း ...။

ခြုံတကာအီးစကားကြောင့် ချိုကုပ်ဒူးကြီး ငိုင်သွားသည်။

ချိုကုပ်။ ။ သြော် … ဒါကြောင့်လည်း … ခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကြီး ဆိုပြီး နာမည်ကြီးနေတာကိုး … ခုတော့ ကျနော် သိပါပြီ။ ကျနော့် တိုင်းသူပြည်သားတွေ ဒီထက်မက ဆင်းရဲတွင်းထဲ ရောက်အောင် ကြိုးစားပါတော့မယ် ခညာ။

ခြုံတကာအီးက လက်ဆယ်ချောင်းထောင်၍ “ဆယ်နှစ် … ဆယ်နှစ်” ဟု ပြောလိုက်သည်။ ချိုကုပ်ဒူးကြီးက ခြုံတကာအီးကို လေးစားသည့် အကြည့်ဖြင့် ကြည့်ရင်း အကြိမ်ကြိမ် အလေးပြုကာ ကြင်ယာတော်နှင့် သမီးတော်၊ မြေးတော်များကို မျက်စ ပစ်ပြလိုက်သည် …။ ကွိုင်ကွိုင်နှင့် အဖွဲ့က တယောက်တပေါက် ကီးကြောင်သံများဖြင့် “ဟက်ပီးဘတ်ဒေး” သီချင်းအစား ဘယ်သူ ရေးစပ်ပေးမှန်းမသိသော “နျူကလီးယားရှိမှ တို့ တင့်တယ်မည်” ဆိုသည့် သီချင်းကို သီဆိုကြပြီး ကင်ခြုံတကာအီးက ဖရောင်းတိုင်မီးကို “ဖူး” ခနဲ မှုတ်၍ မွေးနေ့ပွဲကို အဆုံးသတ်လိုက် လေတော့သည်။
http://www.irrawaddy.org/bur/index.php/ching-mai-nat/6-ching-mai-nat/2623-2010-02-17-11-34-59

နယ်ခြားစောင့်ပေါ်လစီ လက်နက်ကိုင် ပဋိပက္ခသို့ ပြန်သွားနိုင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်

ဘန်ကောက် ။ ။ မြန်မာစစ်အစိုးရအနေဖြင့် ငြိမ်းအဖွဲ့များ၏ စစ်တပ်များကို မြန်မာ့ တပ်မတော် အောက်သို့ အဓမ္မ သွတ်သွင်းနေမှု မအောင်မြင်လျှင် ပြည်တွင်းစစ် တကျော့ပြန် ဖြစ်ပွားလာနိုင်ဖွယ် ရှိနေကြောင်း ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောဆိုလိုက်သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ကြိုးပမ်းနေမှုမှာ ခရီးမတွင်ဘဲ ရှိနေစဉ် အင်အားသုံး လုပ်ဆောင်လာလျှင် ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Benjamin Zawacki က ''သိပ်ဖြစ်နိုင်တာပေါ့။ ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအနေနဲ့ရော၊ လူ့အခွင့်အရေးရှု့ထောင့်ကအနေနဲ့ရော အာရုံပြုသင့်တယ်'' ဟု ဖြေကြားခဲ့သည်။

တပ်မတော်မှ ဦးစီးပြီး အင်အားချုံ့ကာ နယ်ခြားစောင့်တပ်အဖြစ် ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အသွင်ပြောင်းရန် ကြိုးစားနေသော်လည်း ဝ၊ ကချင်၊ ရှမ်းနှင့် မွန်၊ ကိုးကန့် တိုင်းရင်းသားများထဲမှ ငြိမ်းအဖွဲ့များက လက်မခံဘဲ ပယ်ချထားသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်စဉ်က နောင်တက်လာသော အရပ်သား အစိုးရလက်ထက်တွင် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဟု ကတိစကား ရှိထားခဲ့သော်လည်း ကိုးကန့်အဖွဲ့တခုဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က နယ်ခြားစောင့်အဖြစ် တပ်ကို မဖျက်သိမ်းလိုသောအခါ တိုက်ခိုက်ချေမှုန်းခြင်း ခံခဲ့ရသည်။

''ဒီပေါ်လစီက အပစ်ရပ်အဖွဲ့တွေကို အခက်တွေ့စေတယ်။ အစိုးရတောင်းဆိုသလို လိုက်လုပ်ရမှာလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲအကြိုကာလ ဖိနှိပ်ရမ်းကားမှု အဆိုးဆုံးတခုအပေါ်ကနေ အခွင့်လမ်းကောင်း ဖြစ်နိုင်မလားပေါ့။ တကယ်လို့များ သိပ်ပြီးတွန်းလာရင်တော့ စစ်ပွဲပဋိပက္ခတွေကို ပြန်ဖြစ်လာစေဖို့ ဖြစ်လာနိုင်တယ်'' ဟု Benjamin Zawacki က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစု တက်ကြွလှုပ်ရှားသူများအပေါ် ဖိနှိပ်ရမ်းကားမှု ဆိုသော စာမျက်နှာ ၆၆ ရှိ အစီရင်ခံစာတခု ယနေ့ ဖြန့်ချိလိုက်သည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လကတည်းက စတင်ခဲ့သော ၂ နှစ်တာ သုတေသနပြုလုပ်ပြီး တက်ကြွလှုပ်ရှားသူ ၇ဝဝ ကျော် တွေ့ဆုံမေးမြန်း ပြုစုထားသည်ဆိုသော AI ၏ အစီရင်ခံစာထဲတွင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှု၊ တရားမျှတမှု ကင်းမဲ့သော တရားခွင်များ၊ ထောင်သွင်းအကျဉ်းချ နှိပ်စက်မှုပြုလုပ်မှုများအကြောင်း ပါရှိသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ တိုင်းရင်းသားအဖွဲ့ အတော်များများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်နေခဲ့ကြသလို ၁၉၆၂ ခုနှစ်ကတည်းက ပုံစံအမျိုးမျိုးဖြင့် စစ်တပ်အုပ်ချုပ်သော နိုင်ငံတွင် နိုင်ငံရေးသမား လှုပ်ရှားတက်ကြွသူ အများအပြား ပေါ်ထွက်လာသည်။

''တိုင်းရင်းသားအဖွဲ့တွေကို သောင်းကျန်းသူတွေ သို့မဟုတ် ဘိန်းကုန်ကူးသူတွေအဖြစ်ပဲ သမုတ်နေခဲ့ကြတာ'' ဟု AI အစီရင်ခံစာတွင် ရေးသားပါရှိသည်။

''တိုင်းရင်းသား လူနည်းစုတွေဟာ အရေးပါပေမယ့် မြန်မာအတိုက်အခံ နိုင်ငံရေးမှာ တခါတခါမှ အသိမှတ်ပြုကြတာ'' ဟု Benjamin Zawacki က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့ အပစ်ခတ်ရပ်စဲခဲ့သည်ဟု စစ်အစိုးရက ကြေညာထားသော်လည်း အဖွဲ့အချို့မှာ အမည်ခံသာဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

ထိုအနက်မှ အဓိကကျသော အင်အား ၂ သောင်းရှိ ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-North)၊ မိုင်းလားအဖွဲ့ ခေါ် ရှမ်းပြည်အရှေ့ပိုင်းရှိ အထူးဒေသ ၄ ၊ မွန်ပြည်သစ်ပါတီတို့က နိုင်ငံရေးအာမခံချက် မရှိမချင်း လက်နက်ကိုင်တပ်ကိုစွန့်ရန် ငြင်းပယ်ထားကြသည်။

တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်စလုံးတွင် စစ်အစိုးရ၏ အတိုက်အခံများနှင့် တက်ကြွ လှုပ်ရှားသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေသော်လည်း အဖွဲ့အနေဖြင့် အများဆုံး စာရင်းကောက်ယူရရှိမှုမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် အမှုကိစ္စဖြစ်သည်ဟု Benjamin Zawacki က မဇ္ဈိမကို ဖြေကြားသည်။

AI က အစီရင်ခံစာ ထုတ်ပြန်ချိန်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနားက မြန်မာပြည်အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ စစ်အစိုးရက ဖိနှိပ်ရမ်းကားမှုခံရသော ရိုဟင်ဂျာများ နေထိုင်ရာဒေသကို သွားရောက်နေချိန်လည်း ဖြစ်သည်။

''နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိနေတဲ့၊ အတိုက်အခံတွေကို ဖိနှိပ်ရမ်းကားနေတဲ့ မြန်မာနိုင်ငံမှာ ကျင်းပလုပ်မယ့် ရွေးကောက်ပွဲကတော့ ယုံကြည်ကိုးစားမှုရမှာတော့ မဟုတ်ဘူး'' ဟု Benjamin Zawacki က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/4825-2010-02-16-10-37-50.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၄.၀၂.၁၀