Friday, February 19, 2010

19 Feb ဒိုင်ယာရီ

http://ifile.it/1lhpeqy 19 Feb Yeyintnge's Diary

ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးက အသံဖမ်း

ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးက အသံဖမ်း

2/19/2010

မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင် အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးမှ ခိုးဝှက်ပြီး အသံဖမ်းထားလိုက်သည်ဟု အမည် မဖေါ်လိုသူ ထောင်အရာရှိ တဦးက ပြောသည်။

“ခုလို အသံဖမ်းတာကို မောင်တောက ရဲအထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဒုရဲအုပ် အောင်ကျော်ဆန်းနဲ့ စရဖက အမည်မသိ ဗိုလ်ကြီး အဆင့်ရှိသူတဦးမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”

သူတို့နှစ်ဦးအား ကင်တားနား ဘူးသီးတောင်ထောင်သို့ မရောက်ရှိမှီ ကတည်းက အရပ်ဝတ်ဖြင့် ထောင်ထဲသို့ သွင်းထားပြီး ခေတ်မှီ စက်ကရိယာများကို အသုံးပြုပြီး အသံဖမ်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကင်တေးနား မလာမီ တနေ့ကတည်းက သူတို့နှစ်ယောက်ကို ထောင်သား အယောင်ဆောင်ပြီး ထောင်ထဲကို သွင်းထားပါတယ်။ ကင်တားနားနဲ့ ကိုယ်ဌေးကြွယ်တို့ စကားပြောမယ့် အခန်းထဲမှာ အသံဖမ်း စက်တွေကို သူတို့တပ်ထားတာ ဖြစ်ပါတယ်။” ဟု ထောင်အရာရှိက ပြောသည်။

ယခုကဲ့သို့ အသံဖမ်း မှတ်တမ်းတင်ရခြင်းမှာ နေပြည်တော်သို့ မောင်တောခရိုင် ထောက်လှမ်းရေးမှ ဆွေးနွေးသည့် အကြောင်းအရာကို တိုက်ရိုက် အစီရင်ခံရန် ညွှန်ကြားထားသည့် အတွက်ကြောင်း ဖြစ်သည်ဟု သူက ပြောသည်။

အဆိုပါ ထောင်အရာရှိက “ကင်တားနားက မနက် ၁၁ နာရီမှာ ဘူးသီးတောင် ထောင်ကို ရောက် ရှိလာပါတယ်။ ကိုဌေးကြွယ် အပြောအရ ဆိုရင် ကင်တားနားက သူ့ကို မိသားစုတွေ ထောင်ဝင်စာ လာတွေ့တဲ့ အခြေအနေရယ်။ ပီးတော့ စာအုပ်ဖတ်ခွင့်၊ ဆေးကုသခွင့်နဲ့ အစားအသောက် ရရှိမှု အခြေအနေတွေကို မေးသွားတယ်လို့ သိရပါတယ် ”ဟု ပြောသည်။

တခြား အထွေအထူးမေးသွားခြင်း မရှိဟုသိရသည်။

“ဘူးသီးတောင်ထောင်ထဲမှာ ကိုဌေးကြွယ်အတွက် အစားအစာ အခြောက်တွေကိုတော့ ကျွန်တော်တို့ ပုံမှန် သွင်းခွင့် ပေးထားပါတယ်။ အဓိက အားဖြင့် သခွားသီးတို့လို အစာစိမ်းတွေ သွင်းခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ဒါကိုလည်း သူတို့ စကားပြာဖြစ်ခဲ့တယ်လို့ သိရပါတယ်။”

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ဘူးသီးတောင်ထောင်ထဲတွင် ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးမြတ်ထွန်း၊ ကျော်မင်း အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့်တွေ့ဆုံခဲ့ပြီး တခြား ငွေကြေးအလွဲသုံးစားမှုဖြင့် ထောင်ကျ ခံနေရသူများ နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ထောင်တွင်းက လာသော သတင်းများအရ သိရသည်။

ကင်တားနားသည် ကိုဌေးကြွယ်နှင့် တွေ့ဆုံပြီးနောက် မျက်နှာ သိပ်မကောင်းဘဲ ထောင်ထဲကနေ ဘူးသီးတောင် သင်္ဘောဆိပ်သို့ တန်းပြန်သွားခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။
http://www.narinjara.com/detailsbur.asp?id=2338

အလံတော်သစ်ဂျာနယ်

http://ifile.it/9sa0yz3 Newflag (Feb 2010)

မြန်မာ့အရေး တရုတ် ၀င်စွက်သည် ရှိသော်


သံဃာတော်များ ဦးဆောင်သည့် “ရွှေဝါရောင် တော်လှန်ရေး” အပြီး မြန်မာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများဖြင့် ချက်ချင်း တုံ့ပြန် အရေးယူ ပြီးသည့် နောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ ပြေလည်စေရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပို၍ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် လာခဲ့သည်။

ထိုအတောအတွင်း တရုတ်နိုင်ငံက မြန်မာစစ်အစိုးရအပေါ် ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ အယူအဆတရပ် အုပ်ဆိုင်း အားကောင်းလာခဲ့သည်။ ထိုအယူအဆက မြန်မာစစ်ဗိုလ်ချုပ်များအပေါ်တွင် တရုတ်နိုင်ငံအနေဖြင့် အကန့်အသတ်ဖြင့်သာ သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် အနောက်နိုင်ငံများရှိ မြန်မာ့အရေး ထောက်ခံ သူများကလည်း မြန်မာစစ်ဗိုလ်ချုပ်များအပေါ် တရုတ်နိုင်ငံက သြဇာညောင်းနိုင်မှုအပေါ် ပို၍ တွက်ဆထားခဲ့ကြသည် ဟု ဆိုသည်။

ထိုသို့ယူဆချက်မှာ လုံးဝ မှားယွင်းသည်။ ကံအကြောင်း မသင့်လျှင် တရုတ်နိုင်ငံ၏ ၀ါဒဖြန့်ချိရေး အယူအဆပင် ဖြစ်နိုင်သေးသည်။ သေချာသည်မှာ တရုတ်နိုင်ငံက တခြားနိုင်ငံများထက်စာလျှင် မြန်မာ စစ်ဗိုလ်ချုပ်များအပေါ် ပို၍ အာဏာရှိ၊ သြဇာလွှမ်းမိုးနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော်လည်း မေးခွန်းထုတ်စရာ ရှိသည်မှာ တရုတ် ကွန်မျူနစ် အစိုးရက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် သူတို့၏ လုပ်ပိုင်ခွင့် အစွမ်းကိုသုံး၊ မသုံး ဆိုသည့် အချက် ဖြစ်သည်။ သို့ဆိုခြင်းအားဖြင့် တရုတ်နိုင်ငံက နောက်ကွယ်က ကြိုးဆွဲနေသည့် ရုပ်သေးဆရာ၊ လွဲမှားနေသည့် အထီးကျန် မြန်မာစစ်အစိုးရက ရုပ်သေးဟု ဆိုလိုခြင်း မဟုတ်ပါ။

တရုတ်နိုင်ငံက မဟာဗျူဟာအရ မြန်မာနိုင်ငံအပေါ် သိသိသာသာ သြဇာ လွှမ်းမိုးလာနေကြောင်းကို မြန်မာစစ်ဗိုလ်ချုပ်များ က ကောင်းကောင်းသိနေကြပါသည်။ သို့အတွက်ကြောင့် ၁၉၉၀ ခုနှစ်များ၏ အလယ်ပိုင်းမှစ၍ တရုတ်နိုင်ငံအပေါ် လုံးဝ မှီခို အားထားရမှုကို လျှော့ချနိုင်စေရေး၊ တခြားသော အင်အားစုများကို အားကိုးအားထား ရှာနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

စစ်အစိုးရက တရုတ်နိုင်ငံအပေါ် စစ်ရေးအရ၊ စီးပွားရေးအရ အလွန်အကျွံ မှီခိုအားထားရမှု မဖြစ်ရလေအောင် စီမံ လာခဲ့ ကြသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် သံတမန်ရေး ထီးမိုး အကာအကွယ်ပေးမှုကတော့ မြန်မာ စစ်အစိုးရ ၏ ဆက်လက် ရပ်တည်ရှင်သန်ရေးအတွက် အရေးပါနေဆဲ ဖြစ်သည်။ ထိုမျှမက တရုတ်နိုင်ငံ အနောက်တောင်ဘက် ဒေသများနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဒေသများရှိ အပစ်အခတ်ရပ်ထားသည့် တိုင်းရင်းသား အဖွဲ့များ အပေါ်တွင် လည်း တရုတ်နိုင်ငံက သြဇာလွှမ်းနေနိုင်ဆဲ ဖြစ်သကဲ့သို့ ဤကိစ္စအတွက်ကြောင့်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ရှုပ်ထွေး နေကြရဆဲ ဖြစ်သည်။

အကယ်၍ ပေကျင်းအစိုးရက မြန်မာစစ်အစိုးရ၏ တိုင်းရင်းသား အုပ်စုများကို ကိုင်တွယ်သည့်အရေးနှင့် ပတ်သတ်၍ ပူးပေါင်းဆောင်ရွက်ရေး မူကို မကျင့်သုံးပါက စစ်အစိုးရ၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ၌ အကြီးအကျယ် အခက်အခဲ ကြုံကြရဖွယ် ရှိသည်။ သို့အတွက်ကြောင့် (စစ်အစိုးရက တခြားကိစ္စများ မည်သို့ပင် စိတ်ကူးဆောင်ရွက် နေသည်ဖြစ်စေ) ရွေးချယ်စရာ တခြားလမ်းမရှိပေ။ တရုတ်ကိုသာ နိုင်ငံရေးနှင့် သံတမန်ရေး အကာအကွယ်အတွက်၊ ပူးပေါင်း ဆောင်ရွက်မှုအတွက် မှီခိုအားထားရလိမ့်မည်သာ ဖြစ်သည်။ တနည်းဆိုရသော် မြန်မာနိုင်ငံက တရုတ်နိုင်ငံ အပေါ် မှီခိုအားထားနေရသည့် အနေအထားသည် ဘ၀ပေး အခြေအနေအလား ဖြစ်နေသည်။ စစ်အစိုးရက အမျိုး သားရေး ၀ါဒကြောင့်ဖြစ်စေ၊ တရုတ်အပေါ် ကြောက်ရွံ့စိုးရိမ်မှုကြောင့်ဖြစ်စေ မည်သို့ပင် ဆောင်ရွက်နေနေ၊ စစ်အစိုးရ၏ တည်မြဲရပ်တည်ရေး အတွက်ဆိုလျှင် တရုတ်နိုင်ငံသာ အားထားရာ ဖြစ်နေသည်။

သို့အတွက်ကြောင့် တရုတ်နိုင်ငံက သြဇာလွှမ်းနိုင်သည့် အားသာချက် ရှိနေသည်။ စစ်အစိုးရကို မြှူဆွယ်နိုင်မည့် မက်လုံး သာမက၊ စစ်အစိုးရကို ထိခိုက်နစ်နာစေနိုင်သော ကြိမ်လုံးလည်း လက်ဝယ်ရှိနေသည်။ သို့သော်လည်း တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီးများကို ပြုပြင်ပြောင်းလဲမှုများ ပြုလာစေရေးအတွက် ဆုံးမရန် ကြိမ်မသုံးခဲ့သည်မှာ အကြောင်း ၂ ခု ရှိနေ သည်။ ပထမအချက်မှာ တရုတ်နိုင်ငံက သူ၏ အနောက်တောင်ဘက်ကျောတွင် အနောက်နိုင်ငံများပုံစံ ဒီမိုကရေစီ နိုင်ငံများ အဖြစ် ပြောင်းလဲလာမည်ကို မလိုလားနိုင်ခြင်းကြောင့်ဖြစ်ပြီး ဒုတိယတချက်မှာ ပေကျင်းအစိုးရကို အိမ်နီးချင်း နိုင်ငံများက “အန္တရာယ်တရပ်” အဖြစ် မမြင်စေလိုခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တရုတ်နိုင်ငံက မြင်လိုသော်လည်း၊ တရုတ်နိုင်ငံ က မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားနေကြသည့် အဖွဲ့များနှင့် တိုက်တွန်းပြောဆိုနေကြ သူများအပေါ် လုံးလုံး မရှုစိမ့်နိုင်ပါ။ အကွဲအပြဲများလှသော နိုင်ငံတခုတွင် တည်ငြိမ်မှု ထိန်းထားနိုင်မည့်အရေး အတိုက်အခံ အင်အားစု များ၏ စွမ်းဆောင်ရည် အပေါ်တွင် တရုတ်က ယုံကြည်မှုမရှိလှပါ။ ပို၍အရေးကြီးသည့် အချက်မှာ အထီးကျန် နာမည်ဆိုး နေသည့် စစ်အစိုးရအပေါ် ထောက်ခံမှုပေးနေခြင်းဖြင့် သူတို့က စီးပွားရေးအကျိုးအမြတ်ကို ပြိုင်ဖက်မရှိ မြိုးမြိုးမြက်မြက် လည်း ခံစားနေနိုင်သေးသည်။

သူ၏ သြဇာလွှမ်းနိုင်မှုကို မသုံးသည့် ဒုတိယအချက်မှာ တရုတ်နိုင်ငံ၏ ပထ၀ီနိုင်ငံရေး မဟာဗျူဟာနှင့်လည်း သက်ဆိုင် ပြီး အမေရိကန်က သူတို့အပေါ် ချမှတ်ကျင့်သုံးနေသည့် ၀ိုင်းပတ်ရေးမူဝါဒကို ချေဖျက်နိုင်ရန်လည်း ရည်ရွယ်ထားခြင်း ဖြစ် သည်။ အိမ်နီးချင်း နိုင်ငံငယ်များ၊ တခြား အင်အားကြီးနိုင်ငံများနှင့် ခိုင်မာတည်မြဲသော အလုပ်ဖြစ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းဖြင့် အမေရိကန်နိုင်ငံကို ခရီးမပေါက်နိုင်အောင် ဟန့်တားထားနိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံက ၁၉၉၀ ခုနှစ်များတွင် ၎င်း၏ စီးပွားရေးနှင့် စစ်ရေး ခေတ်မီစေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေဆဲ ကာလ၌ တခြားသူများ၊ အထူးသဖြင့် အရှေ့တောင်အာရှ အသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများက ၎င်းအပေါ် အထူး ခြိမ်းခြောက်မှု အန္တရာယ်တခုအဖြစ် မမြင်စေရန် သတိထားကြိုးပမ်းခဲ့သည်။ အန္တရာယ်ခြိမ်းခြောက်မှုတခုအဖြစ် စိုးရိမ် သောကြောင့် ကြိုကန်မည့်အနေအထားကို တရုတ်က မလိုလားပေ။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအရေးတွင် ၁၉၆၀ ခုနှစ်များ၊ ၁၉၇၀ ခုနှစ်များက မြန်မာ ကွန်မြူနစ်သူပုန်များကို ကျောထောက် နောက်ခံပေး ရပ်တည်ခဲ့သည့်အတိုင်း ၁၉၉၀ ခုနှစ်များအတွင်း ၀င်ရောက်စွက်ဖက်ခဲ့ပါလျှင် အာဆီယံအဖွဲ့ အတွင်း အကြီး အကျယ် စိုးရိမ်ပူပန်လာကြလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံကိုလည်း ဗိုလ်ကျစိုးမိုးလိုသည့် နိုင်ငံတခုအဖြစ် မြင်လာ ကြမည်မှာ မလွဲပေ။

တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် တချို့သော အာဆီယံနိုင်ငံများအကြား နယ်မြေနှင့် သဘာဝ ရင်းမြစ် ဆိုင်ရာ အငြင်းပွားမှုများလည်း ဖြစ်ပေါ်နေရာ ဤသို့ စိုးရိမ်ပူပန်မှုများကို ပို၍ လှုံ့ဆော်ပေးသည့်နှယ် ရှိတော့မည်။ တရုတ်နိုင်ငံ ခေါင်းဆောင်များက တိန့်ရှောင်ဖိန်၏ လျှို့ဝှက်သေသပ်လှသည့် လမ်းညွှန်အတိုင်း လိုက်နာကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။

“သင့်ခွန်အားကို ၀ှက်ထားပါ၊ အချိန်ကို စောင့်စားပါ၊ သို့သော်လည်း တခုခု ရနိုင်အောင် လုပ်ပါ” ဟူသည့်နည်းနာအတိုင်း ကျင့်သုံးခဲ့ကြသည်။ တရုတ်နိုင်ငံက အခွင့်အလမ်းကို မျှော်ကြည့်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပြီး တရုတ်နိုင်ငံနှင့် မိတ်ဆွေဖြစ်နိုင်သမျှ အစိုးရအားလုံးကို ထိန်းသိမ်းဆက်ဆံခဲ့ကြသည်။ တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုး စီးပွားကို သယ်ပိုးပေးနိုင်မည့် အစိုးရဟူသမျှကို ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းထားခဲ့ကြသည်။ ထိုအစိုးရများ ပြုပြင်ပြောင်းလဲရေး လိုလားသည်၊ မလိုလားသည် ဆိုသည်က ၎င်းတို့၏ အမှုကိစ္စ မဟုတ်ပေ။

သို့သော်လည်း မိမိအကျိုးကိုသာ ကြည့်သည့် လက်တွေ့ဝါဒက ဆက်လက်ထိန်းသိမ်း ကျင့်သုံးရန် အလားအလာ ပို၍ ပို၍ နည်းလာနေသည်။ အကြောင်း ၂ ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ မြန်မာပြည်တွင်း နိုင်ငံရေးအာဏာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပေါ်လာလျှင် စစ်အစိုးရအဖို့ နစ်နာဆုံးရှုံးရနိုင်သည့် အခြေအနေ ရှိနေပြီး တရုတ်နိုင်ငံက ရှေ့တိုး နောက်ဆုတ်ရ ခက်သည့် အကျဉ်းအကျပ် ကြုံနေရသည်။ ဥပမာပြရလျှင် ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိသည့်အခါ ပေကျင်းအစိုးရအဖို့ မည်သို့ မူဝါဒချရမည်ကို မသိနိုင်ဘဲ တွေဝေနေခဲ့ ကြရဖူးသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်ကလည်း တရုတ်နိုင်ငံအဖို့ ကသိကအောင့် အနေ အထား ကြုံခဲ့ရသည်။ တရုတ်နိုင်ငံက “မြန်မာနိုင်ငံ၏ မူရှာရက်ဖ်” ပါကစ္စတန် စစ်အာဏာသိမ်းခေါင်းဆောင် ဟု မြင်နေ ကြသည့် ယခင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ၂၀၀၄ ခုနှစ်တွင် ဖြုတ်ချဖယ်ရှားခံရသည့် အခါတွင်လည်း စစ်အစိုးရ၏ အာဏာအဆောက်အအုံအပေါ် သူတို့ သြဇာ တစုံတရာ လက်လွှတ်ရတော့မည်ဟု မြင်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ကျင့်သုံးသည့် အမြတ်ထုတ် လူလည်ကျလှသော နိုင်ငံခြားရေး မူဝါဒကြောင့်လည်း ၎င်းတို့ တိုး၍ စိတ်ပျက်ခဲ့ ကြရပြန်သည်။

ဗိုလ်ချုပ်ခင်ညွန့် ကျဆုံးခန်းနှင့် မရှေးမနှောင်းမှာပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယသို့ သွားရောက်လည်ပတ်၍ အိန္ဒိယက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်ကို ထောက်ခံသဘောတူကြောင်း ပြသခဲ့သည်။ နောက်ပိုင်း ဤရပ်တည်ချက်အပေါ် သူက ပြန်၍ ဆုတ်လာခဲ့ပြန်သည်။ စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင်ကြီးက ရုရှားနှင့် မြောက်ကိုရီးယားသို့ လှမ်းမီရန်လည်း လက်ကမ်းခဲ့ပြန်ပြီး ဤအပြုအမူများက တရုတ်နိုင်ငံအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့ရသည်။ ဤကိစ္စများ၏ အမြင့်ဆုံး လုပ်ရပ်အဖြစ် မကြာသေးမီက တရုတ်နိုင်ငံမှ လျှော့ဈေးဖြင့် J-10 နှင့် FC-1 တိုက်လေယာဉ်များ ရောင်းချပေးမည်ဟု ကမ်းလှမ်းနေလျက်ကပင် မြန်မာစစ်အစိုးရက ရုရှားနိုင်ငံမှ MiG - 29 ဂျက် တိုက်လေယာဉ် တအုပ်ကို ၀ယ်ယူခဲ့ပြန်သည်။

ပေကျင်းရှိ ကွန်မျူနစ် ဗျူရိုကရက်များက “ရွှေဝါရောင်တော်လှန်ရေး” အတွင်း ထိခိုက်နစ်နာရမှုများကို မသိကျိုးကျွံပြု၍ နေ နိုင်သော်လည်း ၎င်းတို့နှင့် နယ်စပ်ချင်း ကပ်လျှက်ရှိ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့များကို မြန်မာစစ်တပ်က တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များကိုတော့ လျှော့တွက်၍ မနေနိုင်ကြပါ။ များမကြာမီက မြန်မာစစ် တပ်များက 'ဟန်' မျိုးနွယ်ဝင်ဖြစ်သည့် ကိုးကန့်လူမျိုးစုများနေထိုင်ရာ ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် ဒုက္ခသည် အမြောက်အများ တရုတ်နိုင်ငံတွင်းသို့ ပြေးဝင်ခိုလှုံမှုများလည်း ကြုံတွေ့ခဲ့ကြရသည်။

အမှန်ဆိုရလျှင် မြန်မာနိုင်ငံတွင် "ဘော်လကန်ဒေသကဲ့သို့ ကွဲပြဲထွက်သွားမည့် အခြေအနေကို အရင်းခံကျကျ မဖြေရှင်းဘဲ ထိန်းရုံထိန်းထားသည့် မူဝါဒ" ကြောင့် ဒေသအလိုက် မြန်မာစစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား တချို့ နေရာများတွင် တိုက်ပွဲငယ်များလည်း ပြန်ဖြစ်လာရန် အလားအလာ ရှိနေသည်။ ဝ နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုရာ တရုတ် - မြန်မာနယ်စပ်တွင် အထူး မတည်မငြိမ် ရှိနေသည့် အလျှောက် တရုတ်နိုင်ငံအဖို့ ၎င်း၏ အနောက်တောင်နယ်စပ်တွင် မတည်ငြိမ်မှုများ တိုး၍ ကြုံတွေ့ရရန် အကြောင်းရှိနေပြီး စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများလည်း သိသိသာသာ ပျက်စီးနစ်နာရဖွယ် ရှိနေသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု သတ်မှတ်ကြေညာခဲ့သည့် အချိန် ဤသို့ လက်လွှတ် ဆုံးရှုံးရမည့်အရေးက ပို၍ ထင်ရှားလာသလို၊ ပို၍ အလျှင်စလို ဖြစ်လာနေသည်။ ထို့အပြင် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း မြန်မာ့တပ်မတော်အောက် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ကြရေးအတွက် နောက်ဆုံးရက်ကို သတ်မှတ်ပေးထားပြန်သည်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီ အတိုက်အခံများနှင့် တိုင်းရင်းသား အင်အားစုများအပေါ် ဖိနှိပ်ဗိုလ်ကျသည့် ဆက်ဆံရေး ဆက်လက် ကျင့်သုံးနေသည့် အတွက်ကြောင့်လည်း နိုင်ငံတကာ မျက်နှာစာတွင် မြန်မာစစ်အစိုးရကို ထောက်ခံ ပံ့ပိုး နေသည့် တရုတ်နိုင်ငံအပေါ် ဖိအားများ ကျလာရသည်။ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွားကို ကြည့်၍ ဆက်ဆံနေသည့် တရုတ်နိုင်ငံခြားရေးမူဝါဒကို နိုင်ငံတကာ စင်မြင့်တွင် စိန်ခေါ်မေးခွန်းထုတ်မှုများ ကြုံတွေ့လာကြရသည်။

ဤသည်မှာ ယခုကျင့်သုံးနေသည့် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ကြောင်း တိုး၍ပြသနေသည့် ဒုတိယ အချက်တခုပင် ဖြစ်သည်။ မြန်မာနိုင်ငံအရေးက တရုတ်ခေါင်းဆောင်များ မျက်နှာပျက်ဖွယ် အကြောင်းတခု ဖြစ်နေသကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် တပူးတွဲတွဲ အမြင်ခံရမည့် အရေးမှ ရှောင်လွှဲလိုလာသည်။

တရုတ်နိုင်ငံမှ သတင်းရင်းမြစ်များအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် “ရွှေဝါရောင်တော်လှန်ရေး” အပြီးတွင် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က အမေရိကန်ပြည်ထောင်စု သမ္မတ ဂျော့ ဒဗလျူ ဘုရှ်၊ ဂျပန် ၀န်ကြီးချုပ် ဖူကူဒါ ယာဆူအို၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း တို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး လက်ငင်း အခြေအနေနှင့် မည်သို့ ဆက်လက် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက နောက်ဆုံး ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် ထွက်ပေါ်လာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက် အပေါ်တွင်လည်း လိုက်လျော သဘောတူခဲ့ရသည်။ ဤ ထုတ်ပြန်ချက်အရ “မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အကြမ်းဖက်နည်း သုံးခဲ့သည်ကို ပြင်းထန်စွာ ရှုံ့ချသည်” ဟူသည့် အသုံးအနှုံးများလည်း ပါဝင်ဖော်ပြထားခဲ့သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ပထမ သွားရောက်မည့် ခရီးစဉ်ဖြစ်ပေါ်လာစေရေး အတွက်လည်း တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်း ပေးခဲ့သေးသည်။

ချုပ်၍ ဆိုရသော် နိုင်ငံတကာ စနစ်တွင် တရုတ်နိုင်ငံက အခန်းကဏ္ဍသစ်မှ ပါဝင်ဆောင်ရွက်တော့မည် ဆိုလျှင် ၎င်း၏ အကျိုးအမြတ်ကိုသာ ကြည့်သည့် နိုင်ငံခြားရေးမူဝါဒကိုလည်း ပြန်လည်သုံးသပ်ရန် တာဝန်ရှိနေပြီ ဖြစ်သည်။

ကိုးကန့်ဒေသ တိုက်ပွဲများကဲ့သို့သော တရုတ်နိုင်ငံနယ်စပ်မှ ကီလိုမီတာ အနည်းငယ်မျှသာ ဝေးသည့်ဒေသတွင် ဖြစ်ပွား နေသည့် အရေးကိစ္စများကို တိုးတိုးတိတ်တိတ် ဆက်ဆံရေး နိုင်ငံခြားရေး မူဝါဒဖြင့် အလုပ်မဖြစ်နိုင်တော့သည့် အခြေ အနေတွင်၊ တရုတ်နိုင်ငံက ၎င်း၏နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်ကာ ဖြေရှင်းရတော့မည် ဖြစ်သည်။

သတင်းရပ်ကွက်များက ဆိုကြရာတွင် ယခုအခါ တရုတ်နိုင်ငံက “အချက်အလက်ရှာဖွေ လေ့လာရေး ကော်မရှင်” တရပ်ကို ဖွဲ့စည်းထားပြီး ပြီးခဲ့သည့်နှစ် ကိုးကန့်အရေးနှင့် တရုတ်နိုင်ငံအပေါ် ရိုက်ခတ်မှုများကို လေ့လာဖော်ထုတ်ကြမည်ဟု သိရသည်။

အကယ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အမှန်တကယ် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာစေရန် ကမကထပြု ဆောင်ရွက်ပေးမည်ဆိုပါက၊ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် ပို၍ အထောက်အကူပြုစေနိုင်လိမ့်မည် ဖြစ်သည်။

တချို့က ဝေဖန်ပြောဆိုကြရာတွင် တရုတ်နိုင်ငံက လက်ရှိမူဝါဒကို ပြင်ဆင်ရန် စိတ်မ၀င်စားစေသည့် အချက် ၂ ချက် ရှိနေသည်ဟုလည်း ဆိုကြသည်။ ပထမအချက်မှာ မြန်မာစစ်အစိုးရက တရုတ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ကမောက်ကမ ဖြစ်စေရန် လက်စားချေနိုင်သေးသည်ဟု ဆိုသည်။ ဥပမာအားဖြင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော ကိစ္စမျိုး ဖြစ်သည်။ ဒုတိယအချက်မှာ ၀ါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ် ကျင့်သုံးလာမည့် မူဝါဒအသစ်နှင့်လည်း ပတ်သက်နေပြန်သည်။

ပထမလမ်းကို ရွေးချယ်ခဲ့မည်ဆိုပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖို့ မိမိကိုယ်ကို သတ်သေသည့်နှယ်သာ ရှိခြိမ့်မည်။ မြန်မာစစ်အစိုးရက ၁၉၆၀ ပြည့်နှစ်များ၏ အခြေအနေအတိုင်း မြန်မာ - တရုတ်ဆက်ဆံရေးသို့ ပြန်သွား၍ မရနိုင်တော့ပါ။ ဒုတိယအချက်မှာ တရုတ်နိုင်ငံရှိ ထိပ်ပိုင်း မူဝါဒချမှတ်သူ အရာရှိများအကြား အမှန်တကယ် စိုးရိမ်ပူပန်နေမှု ဖြစ်သည်။

သြဇာတိက္ကမ ကြီးမားသည့် ရှန်ဟိုင်းမြို့ ဖူဒန်တက္ကသိုလ် နိုင်ငံတကာရေးရာ လေ့လာရေးသိပ္ပံမှ ဒေါက်တာ ဂျီယန် ဂျွန်ဘို က ၂၀၀၉ ခုနှစ်အတွင်း အေရှားတိုင်းမ် သတင်းစာတွင် ဆောင်းပါးရေးသား သတိပေးခဲ့ရာ၌ “တရုတ်နိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် အရေးကြီးသည့်နိုင်ငံတခု ဖြစ်သည်ကို အမေရိကန်ပြည်ထောင်စုက အသိအမှတ် ပြုသင့်သည်။ အကယ်၍သူတို့က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမူဝါဒကို ချမှတ်ကျင့်သုံးမည် ဆိုပါက မြန်မာနိုင်ငံရေးရာ မူဝါဒသစ်၌ တရုတ်ကို ဖယ်ချန်ထားမည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုအဖို့ ကြီးစွာ အခက်အခဲတွေ့ရဖွယ်ရှိသည်” ဟု ရေးသားထားခဲ့သည်။

အကယ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ကမကထပြု ဆောင်ရွက်မည် ဆိုပါကလည်း အာဆီယံအဖွဲ့အနေနှင့် ငြင်းပယ်မည့် အလားအလာ မရှိပါ။ အကြောင်းမှာ ၎င်းအဖွဲ့ ကိုယ်၌က မြန်မာ စစ်အစိုးရကို ယဉ်ကျေးလာစေရန် သိမ်းသွင်းဆက်ဆံမည့် အပြုသဘော ဆက်ဆံရေးမူအပေါ် စိတ်ပျက် တွေဝေ လာနေသောကြောင့် ဖြစ်သည်။ ထိုမျှမက အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကလည်း ၁၉၉၇ ခုနှစ်၊ အာရှငွေကြေး အကျပ်အတည်း နောက်ပိုင်းအချိန်မှစ၍ ပိုမို တိုးတက် ကောင်းမွန်လာနေခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်၏ “တရုတ်နိုင်ငံက ခြိမ်းခြောက်နေမှု” အမြင်နှင့် “တရုတ် နိုင်ငံကို ထိန်းချုပ်ရေး ချည်းကပ်မှု” များကို တရုတ်က စိုးရိမ်နေကြသည်။ အမှန်ဆိုရလျှင် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ထိတ်လန့်တကြား သတိပေးနှိုးဆော်သည့်အမြင်က မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက စီးပွားရေးနှင့် နိုင်ငံရေး သြဇာတိုးတက်ချဲ့ထွင်လာခြင်းကြောင့် "ဒေသအတွင်း အန္တရာယ်ရှိနိုင်သည့် မဟာဗျူဟာအရ ချိန်ခွင်လျှာ ဘက် မညီမှု" ဖြစ်ပေါ်လာနိုင်စေသည်ဟု ယူဆသည်။ ဤအမြင်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းမွန်စွာ အသုံးချ ကစားနိုင်ခဲ့ သည်။ ယခုအခါ သူက အမေရိကန်ဖဲချပ်ကိုသုံး၍ တရုတ်နိုင်ငံကို ပြန်လည် ခြောက်စားနေပြန်ပြီ ဖြစ်သည်။

အကယ်၍ အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအဖွဲ့၏ ထိပ်ပိုင်း အမြင့်ဆုံး ခေါင်းဆောင်များက တရုတ်နိုင်ငံရှိ ခေါင်းဆောင်များထံ ရှင်းလင်းအောင် နားချနိုင်ပါက သူတို့အချင်းချင်း ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် တရုတ်နိုင်ငံက ကမကထပြုရန် တိုက်တွန်းနိုင်ကြလိမ့်မည် ဖြစ်သည်။ နေပြည်တော်ရှိ မြန်မာစစ်ခေါင်းဆောင်များနှင့် ပေကျင်းအစိုးရ ခေါင်းဆောင်များအကြား သူတို့အကျိုးစီးပွားအတွက် အထူးတလည် အနှောက်အယှက် မဖြစ်စေမည့် အငယ်စား ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ကျင့်သုံးနိုင်လျှင် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာစေရေးအတွက် တရုတ်နိုင်ငံက ရှေ့ဆောင်သည့်အခန်းကဏ္ဍ ယူကောင်း ယူလိမ့်မည် ဖြစ်သည် (ပို၍တိတိ ကျကျဆိုရလျှင် ထိုသို့ တရုတ်နိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရေး အားထုတ်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မခံပါက ၎င်းအား ဖြုတ်ချ ဖယ်ရှားရေး ဖြစ်သည်)။

အကယ်၍ ဤသို့သော စစ်တပ်အတွက်ပါ အကျိုးရှိနိုင်မည့် အနိမ့်ဆုံး ရည်မှန်းချက်မျိုးကိုပင် တိုက်တွန်း၍ မရနိုင်ပါက တရုတ်နိုင်ငံက 'တုတ်' ကိုလည်း သုံးကောင်းသုံးရန် လိုလိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကြားနေ လိုက်ခြင်းမျိုး၊ သို့မဟုတ် ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ဆက်လက်ထောက်ခံထားခြင်းမျိုး ဖြစ်သည် (ဥပမာအားဖြင့်- တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့များက စစ်အစိုးရကို ဆက်လက် အာခံနေစေရန် တွန်းထိုးပေးခြင်းမျိုး ဖြစ်သည်)။

ဤနည်းအားဖြင့်လည်း မူဝါဒအပြောင်းအလဲ မအောင်မြင်ပါက လုပ်ဆောင်ရန် နည်းလမ်းများ ကျန်ရှိနေပါသေးသည်။ ဤရည်ရွယ်ချက် အထမြောက်စေရေး အတွက် အမေရိကန်ပြည်ထောင်စုက ပထမဦးဆုံး စတင် လှုပ်ရှားရလိမ့်မည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းမှုများ ပြုရမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုံအကျိုးစီးပွားအတွက် အကောင်းဆုံး အကျိုးဆောင်ပေးနိုင်မည် ဖြစ်ပြီး မကြာသေးမီက အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကျွန်းသို့ လက်နက်များ ရောင်းချခဲ့မှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမားကိစ္စ၊ ဆိုင်ဘာ နယ်ပယ်တွင် သူလျှိုလုပ်၊ ထောက်လှမ်းနေသည့် ကိစ္စများအပေါ် ဖြစ်ပေါ်နေသည့် တရုတ် - အမေရိကန် ဆက်ဆံရေး တင်းမာနေမှုမှလည်း အလုပ်ဖြစ်နိုင်သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် အစပျိုးနိုင်လိမ့်မည် ဖြစ်ပေသည်။

မင်းဇင်ရေးသားသည့် The Case for China's Intervention in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

မင်းဇင်သည် ပြည်ပတွင်နေထိုင်သည့် မြန်မာစာနယ်ဇင်းပညာရှင် တဦးဖြစ်ပြီး၊ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ (ဘာကလေ) စာနယ်ဇင်းပညာသင်ကျောင်း၌ စာသင်ကြားပို့ချနေသည့် ဆရာတဦးဖြစ်ပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2645-2010-02-19-12-38-53

စစ်အုပ်စုပြည်ထဲရေးဝန်ကြီး၏ အမိန့်အား… ဖီဆန်ခြင်း…။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၆



(၁၉၉)
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အမျိုးမျိုးအဖုံဖုံ၊ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများ…” အမည်ဖြင့် စာတမ်းတစောင်အား ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှစ၍ ဒေါ်အောန်ဆန်းစုကြည် ပြုစုရေးသားနေခဲ့၏။ စာတမ်းက ….အချောသတ်အဆင့်သို့ပင် ရောက်၍နေပြီ။ ၁၉၉၆… ၁၉၉၇ ၂ နှစ်တာကာလအတွင်း… အာဏာပိုင်စစ်အုပ်စုနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်တို့မှ အဖွဲ့ချုပ်အပေါ် ဥပဒေမဲ့ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်မှုများအား ပြုစုရေးသားထားခြင်း ဖြစ်သည်။

စာတမ်းတွင်ပါရှိသည့် အကြောင်းအရာ၊ အချက်အလက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်နှင့် ဆွေးနွေးရန် ကော်မရှင်သို့ စာတမ်းမိတ္တူအား ပေးပို့၍ အကြောင်းကြားကမ်းလှမ်းခဲ့သည်မှာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက ဖြစ်သည်။ ကော်မရှင်က မည်သို့မျှ အကြောင်းမပြန်….။ ငြိပ်ဝပ်နေ၏။ ကော်မရှင်မှ အကြောင်းမပြန်သော်လည်း …. ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်မူ ….စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်မှူးကြီး တင်လှိုင်က အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များအား ခေါ်ယူတွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေနေသည့် စာရွက်စာတမ်းမှန်သမျှအား မထုတ်ဝေရန် ပိတ်ပင်တားမြစ်၏။ အဖွဲ့ချုပ်အနေဖြင့် ပြည်ထဲရေးဝန်ကြီး၏ တားမြစ်ချက်အား မည်သို့မျှ မလိုက်နာနိုင်။ လက်ခံ၍မရ…။ ဖီဆန်ရပေမည်။

ပါတီစုံဒီမိုကရေစီစနစ်အား ဖော်ဆောင်မည့် နိုင်ငံရေး အဖွဲ့အစည်းတရပ်အနေနှင့်…. လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းပြန်ကြားခွင့်၊ ဝါဒသဘောထားများအား ထုတ်ပြန်ဖြန့်ချိခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်များ ရှိရပေမည်။ ဤသည်တို့မှ မရှိလျှင်….။ ပိတ်ပင်ခြင်းခံနေရလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆီသို့ ဦးတည်ခြင်းသည်လည်း… ဦးတည်ရာ လမ်းလွဲ၍ နေပေလိမ့်မည်။

ပြီးလျှင် ….. နိုင်ငံရေးပါတီတရပ်၏ အခြေခံလွတ်လပ်ခွင့်မျှ မရှိလျှင် … ထိုနိုင်ငံရေးအဖွဲ့အစည်းသည်လည်း သေဆုံးခြင်းနှင့် မည်သို့မျှ မထူးခြားတော့…။

စစ်အုပ်စုက ၁၉၈၉ ခုနှစ်တွင် နိုင်ငံရေးအဖွဲ့အစည်းများအား ၁၉၅ဝ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများ ဥပဒေအရ ပုံနှိပ်ထုတ်ဝေခွင့်အား တင်ခိုင်း၏။ ပုံနှိပ်ထုတ်ဝေခွင့် (န/သ) ရရှိမှသာ ပုံနှိပ်ထုတ်ဝေခွင့်ရှိမည်ဟု ဆို၏။ ဤအတွက် နိုင်ငံရေးပါတီများက အာဏာပိုင်များထံတွင် ပုံနှိပ်ထုတ်ဝေခွင့် (န/သ) အား လျှောက်ကြရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ထိုစဉ်က… အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးချစ်ခိုင်မှ ပုံနှိပ်ထုတ်ဝေခွင့်အား လျှောက်၏။ ကင်းလွတ်ခွင့်အမှတ် န/သ-ဝ၅၂ ဖြင့် အဖွဲ့ချုပ်သည် ‘မှတ်တမ်းလွှာ’ များ၊ စာအုပ်စာတမ်းများ၊ ကြေညာချက်များအား ပုံနှိပ်ထုတ်ဝေခဲ့၏။ နောက်ပိုင်းတွင်မူ စစ်အုပ်စုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကင်းလွတ်ခွင့်အမှတ် န/သ-ဝ၅၂ ကိုပင် ပြန်လည်သိမ်းယူလိုက်ပြီး အဖွဲ့ချုပ်၏ ပုံနှိပ်ထုတ်ဝေခွင့်အား ပိတ်ပစ်လိုက်သည်။ ဤအတွက် အဖွဲ့ချုပ်သည် (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးထံသို့ အိပ်ဖွင့်ပေးစာ၊ ကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့ ပေးစာများနှင့် အဖွဲ့ဝင်များအတွက်သာ ဖြန့်ဝေသည့် ကြေညာချက်များကိုသာ ထုတ်ဝေခဲ့ရ၏။

ယခု….။
ပြည်ထဲရေးဝန်ကြီးက ဤသို့သော ပေးစာများနှင့်၊ ကြေညာချက်များကိုပင် မထုတ်ဝေရန် ပိတ်ပင်လာပြန်၏။ ဤကန့်သတ်ပိတ်ပင်မှုအား လက်ခံ၍က မည်သို့မျှမဖြစ်…။ မတရားသော အမိန့်အာဏာဖြစ်၍… ဖီဆန်ရပေမည်။ ဤအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ….

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုးအဖုံဖုံ၊ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများ” စာတမ်းအား ရေး၏။ ပြီးလျှင် …. ပြန်နယ်၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်များ၊ မြို့နယ်၊ ရပ်ကျေးစည်းရုံးရေး အဖွဲ့ဝင်များနှင့် ဗဟိုဌာနချုပ်ရှိ ဌာနများ၊ လုပ်ငန်းအဖွဲ့များအားလုံးသို့ ဖြန့်မည်။

(၂ဝဝ)
စာတမ်းတွင် အပိုဒ်ပေါင်း ၂၄ ပိုဒ် ပါရှိ၏။ စာတမ်းအား ပထမဦးစွာ ….အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် (နဝတ) ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ် - ၄/၈၈) နှင့် အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး အဖွဲ့အစည်း တရပ်အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ကြောင်း ဖော်ပြ၏။ ပြီးလျှင် …. ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအခန်း (၁) ပုဒ်မ - ၂ (က) ’ ၊ ‘အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၂ (ခ) ’ ၁၉၈၉ ခုနှစ် မတ်လ ၂၂ ရက်နေ့၊ ရက်စွဲနှင့် ထုတ်ပြန်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်၏ ‘ထုတ်ပြန်ကြေညာချက်အမှတ် (၂၄၅) အပိုဒ် - ၃ နှင့် အပိုဒ် - ၄ တို့တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များအား ကောက်နုတ်ဖော်ပြ၏။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၁) ၊ ပုဒ်မ - ၂ (က) တွင်… နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်သော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးသော အဖွဲ့အစည်းကို ဆိုသည်” ဟူ၍ သတ်မှတ်ပြဋ္ဌာန်းပြီး…..

“အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ (ခ) တွင်က… နိုင်ငံရေးအသင်းအဖွဲ့ ဆိုသည်မှာ နိုင်ငံရေးအယူဝါဒ တခုခုပေါ်တွင် အခြေခံ၍ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုကို တနည်းနည်းပြုသော အသင်းအဖွဲ့ကို ဆိုသည်”…. ဟု ဖော်ပြထားသည်။ ပြီးလျှင်…..

“ကြေညာချက်အမှတ် - (၂၄၅) အပိုဒ် - ၃ တွင် ‘ယခုမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများသည် ဤကော်မရှင်က ကြီးကြပ်ဖွဲ့စည်းပေးသော အဖွဲ့အစည်းများ မဟုတ်ဘဲ မိမိတို့၏ ဆန္ဒအလျောက် ပါတီဖွဲ့စည်းပုံများ၊ စည်းမျဉ်းများ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရေးဆွဲပြီး၊ နာယကနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်”…. ဟူ၍ ပြဋ္ဌာန်းထား၏။

“ကြေညာချက်အမှတ် -(၂၄၅) ၏ အပိုဒ် - ၄ တွင်မူ… ထိုသို့မှတ်ပုံတင်စဉ်က တင်ပြသော သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ နာယကနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ စာရင်းကိုမူ ကော်မရှင်က မှတ်တမ်းတင်ထားပါသည်။ ထို့ပြင်… အလုပ်အမှုဆောင်အဖွဲ့နှင့် ဖွဲ့စည်းပုံစည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုရှိ၍ ကော်မရှင်သို့ ထပ်မံတင်ပြလာသည့် အခါတွင်လည်း ကော်မရှင်က ဆက်လက်မှတ်တမ်းတင်ထားလျက် ရှိပါသည်”….ဟု ဖော်ပြထားသည်။

ကောက်နုတ်ချက်များအရမူ ….ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်…။ နိုင်ငံရေးအဖွဲ့အစည်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဟူသည်က ရှင်းလင်းလျက်ရှိသည်။ သို့သော် ….လက်ငင်းဖြစ်ပျက်နေသည့် အခြေအနေများက ဤသို့မဟုတ် ….ဤသို့သော် အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် စာတမ်းအပိုဒ် ၁၅ တွင် ပြည့်ပြည့်စုံစုံပင် ထည့်သွင်း၍ ဖော်ပြ၏ …..

“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်၏ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် နောက်ပိုင်း လုပ်ဆောင်ချက်များသည် ပါတီတွင်း ဒီမိုကရေစီကျင့်သုံးခြင်းကို ပယ်ဖျက်သလိုဖြစ်နေပြီး၊ ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကိုပင် ထိခိုက်နေပါသည်” ဟူ၍ ကောက်ချက်အား ဆွဲပြရင်း… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုး အဖုံဖုံ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများကို အပိုဒ်ခွဲ၍ တချက်ခြင်း ဖော်ပြသည်။

(က) နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ဦးဆောင်အဖွဲ့များကို ၂၆၊ ၄၊ ၉၁ နေ့တွင် တည်ရှိသော အင်အားအတိုင်း ထားရှိရန်နှင့် တိုးချဲ့ဖွဲ့စည်းခြင်း မပြုရန်ဟု ၂၈၊ ၈၊ ၉၁ ရက်နေ့တွင်မှ ၄ လခွာ၍ နောက်ကြောင်းပြန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(ခ) ဦးဆောင်အဖွဲ့ဝင် ၅ ဦးထက် လျှော့နည်းသွားပါက ယင်းအဖွဲ့အစည်းများသည် ပျက်ပြယ်ရမည်ဟု ဆိုကာ… အာဏာပိုင်တို့၏ တမင်သက်သက် နည်းအမျိုးမျိုးဖြင့် ဖိအားပေးအကျပ်ကိုင်မှုတို့ကြောင့် ဦးဆောင်အဖွဲ့ဝင် ၅ ဦး မပြည့်တော့သော ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်/ကျေးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်) ကိုပင် အသိမပေးတော့ဘဲ ဖျက်သိမ်းခဲ့ခြင်း။

(ဂ) အပြစ်ရှာပြီး တရားစွဲဆိုခြင်းခံရသော ပြစ်ဒဏ်ကျခံရသည့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ရန် ညွှန်ကြားစာထုတ်ပြန်ခဲ့ခြင်း။

(ဃ) အဖွဲ့ချုပ်အတွင်း ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း စသည့် အဖွဲ့ချုပ်၏ တရားဝင် လုပ်ငန်းများအပေါ် ကန့်သတ်ခြင်း။

(င) အဖွဲ့ဝင်များ စည်းရုံးစုဆောင်းခြင်းကို တားမြစ်ခြင်း။

(စ) အဖွဲ့ချုပ်အစည်းအဝေးများ ကျင်းပခြင်းကို ပိတ်ပင်ခြင်း။

(ဆ) အဖွဲ့ချုပ်ရုံးများဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများကို ခွင့်မပြုခြင်း၊ ဆိုင်းဘုတ်များကို အတင်းအဓမ္မ ဖြုတ်ချခြင်း။

(ဇ) နေ့ထူးနေ့မြတ်များ၌ အခမ်းအနားများ ကျင်းပခြင်းကို တားဆီးခြင်း။

(ဈ) စာရွက်စာတမ်းများ ပုံနှိပ်ထုတ်ဝေခွင့် မပြုခြင်း။

(ည) အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အမျိုးမျိုးအပြစ်ရှာ၍လည်းကောင်း၊ ခြိမ်းခြောက်၍လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်စေခြင်း။

(ဋ) ပြစ်မှုကျူးလွန်ခြင်း မရှိပါဘဲလျက်၊ အဖွဲ့ချုပ်အဖွဲ့ဝင် ခရီးသွားလာခြင်းကို သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ရမှသာ သွားလာနိုင်ခြင်း၊ ကာယကံရှင် အဖွဲ့ချုပ်အဖွဲ့ဝင်များ ခရီးသွားလျှင် ၎င်းတို့၏ ဇနီးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

(ဌ) မိသားစုများ၏ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ခြင်း။

(ဍ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေးများတွင် အပြစ်ကို မတွေ့တွေ့အောင် ပိုက်စိတ်တိုက်ရှာပြီး တရားစွဲဆိုမည်ဟု အကျပ်ကိုင်ခြင်း။

(ဎ) မိသားစုများ၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့၏ အခွင့်အရေးများကို ကန့်သတ်ခြင်း၊ ယင်းကိစ္စများနှင့် သက်ဆိုင်သော သွားလာခွင့်များကိုပင် ကန့်သတ်ခြင်း။ အဖွဲ့ချုပ်အဖွဲ့ဝင် ဆရာဝန်များ၏ ဆ/မ လက်မှတ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင် ရှေ့နေများ၏ မှတ်ပုံတင်ကဒ်ပြားနှင့် လိုင်စင်များကို ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ သက်ဆိုင်ရာ ဆရာဝန်များ၏ အကျင့်စာရိတ္တပျက်ပြားခြင်း၊ ဆရာဝန် တာဝန်လစ်ဟင်းခြင်း၊ ရှေ့နေများတွင် ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာပျက်ပြားခြင်းတို့ မရှိပါဘဲလျက် ၎င်းတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ဘဲ တဖက်သတ် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းများ မပြုလုပ်နိုင်ပါဘဲလျက် လုပ်ဆောင်နေခြင်း။

(ဏ) အဖွဲ့ဝင်အချို့ထံ လိုက်လံ၍ အသင့်ပါလာသော ပုံစံတွင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခြင်း။

(တ) အဖွဲ့ဝင်များ ခရီးသွားလာရာတွင် မော်တော်ကား၊ မီးရထား၊ ရေယာဉ်နှင့် လေယာဉ်လက်မှတ်များ ရောင်းချခြင်း မပြုရန် တားမြစ်ခြင်း။

(ထ) အချို့မြို့နယ်များတွင် အာဏာပိုင်အဖွဲ့အစည်းများက အဖွဲ့ချုပ်ရုံးအဖြစ် ငှားရမ်းထားသည့် အိမ်ခန်းပိုင်ရှင်များအား ဆင့်ခေါ်ပြီး အဖွဲ့ချုပ်ကို ပြစ်မှုတစုံတရာဖြင့် အရေးယူခဲ့လျှင် အိမ်ရှင်ကိုပါ အရေးယူခံရမည်ဟု ခြိမ်းခြောက်၍ အကျပ်ကိုင်ပြီး သိရှိကြောင်း ဝန်ခံချက် ရေးထိုးစေခြင်း။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ထိုကဲ့သို့ အရေးယူနိုင်ကြောင်း မည်သို့မျှ ပြဋ္ဌာန်းထားခြင်း မရှိပါ။ ဤသို့သော လုပ်ဆောင်ချက်သည် ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးဟူသော ဦးတည်ချက်နှင့် ဆန့်ကျင်နေပါသည်။

(ဒ) အဖွဲ့ချုပ်သည် တည်ဆဲဥပဒေများကို ကျူးလွန်၍ အရေးယူခံရပါက အဖွဲ့ချုပ်ရုံးခန်းအဖြစ် ငှားရမ်းထားသော အခန်းကိုပါ ပိတ်သိမ်းမည်ကို သိရှိကြောင်းအား အချို့မြို့နယ်များ၏ အာဏာပိုင်တို့က အိမ်ရှင်အား လက်မှတ်ရေးထိုးစေခြင်း။

(ဓ) အချို့မြို့နယ်များတွင် အဖွဲ့ချုပ်၏ အစည်းအဝေးသို့ အာဏာပိုင်များ၏ ကိုယ်စားလှယ်များ စေလွှတ်၍ တတ်ရောက်နားထောင်စေခြင်း၊ သတင်းအချက်အလက်ရယူခြင်း။

(န) အဖွဲ့ချုပ်အဖွဲ့ဝင်များအား ပြစ်မှုကျူးလွန်လေ့ရှိသူများကဲ့သို့ ကိုယ်ရေးရာဇဝင်ယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ပြီး ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အပ်ဥပဒေအရ လက်မှတ်ရေးထိုးစေခြင်းတို့ ဖြစ်ပါသည်။ အကယ်စင်စစ် ဤလုပ်ပိုင်ခွင့်အာဏာကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့အား ဥပဒေ၊ နည်းဥပဒေတို့ဖြင့် အပ်နှင်းထားခြင်း မရှိပါ။” ….ဟူ၍ ပြည့်ပြည့်စုံစုံပင် ထည့်သွင်းရေးသားပြီး …စာတမ်း၏ နောက်ဆက်တွဲအနေနှင့်မူ…. အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အာဏာပိုင် အဖွဲ့အစည်းအသီးသီးမှ တရားဥပဒေမဲ့ လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်များအား ဗဟိုဌာနချုပ်နှင့် ပြည်နယ်တိုင်း ၁၄ ခုအလိုက် ဖော်ပြထား၏။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ…. “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုး ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်ပိတ်ပင်၊ တားမြစ်နေမှုများ” စာတမ်းအား ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အဖွဲ့ဝင်များအတွင်း ဖြန့်ဝေလိုက်၏။

စစ်အုပ်စုပြည်ထဲရေးဝန်ကြီး၏ အမိန့်အား… ဖီဆန်ခြင်း…။

ကိုးကား ……

- ရွှေခမောက် မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ပေးစာ အတွဲ - ၁
- အာဏာရှင်သို့ပေးစာ အတွဲ - ၂
- ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံမှုမှတ်တမ်း
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
http://www.mizzimaburmese.com/edop/songpa/4862-2010-02-19-06-27-50.html

Voice of Burma Issue No. 749, February 14, 2010

http://ifile.it/crz5dn7Voa Voa Voa ?

ရွေးကောက်ပွဲ အနိုင်ရရေး နအဖ၏လှုပ်ရှားမှုအပေါ် သဘောထားထုတ်ပြန်ချက်။

http://ifile.it/mvy2qp7Statement of Over Take Rs[1]

နရသိမ် အခွင့်အရေးနှင့် ဦးကင်ကြီး၏ မှန်ဘီလူး

နရသိမ် အခွင့်အရေးနှင့် ဦးကင်ကြီး၏ မှန်ဘီလူး

ဘာလိုညာလို ဘာစပရို၊ ဘာဖြစ်ညာဖြစ် ဆိုဒါမစ် ဆိုသည့် စကားက အကျဉ်းသား လောကတွင် ပြောစမတ် အတွင်ဆုံး ထောင်တွင်းပျက်လုံးဖြစ်ခဲ့သည်။ထောင်ဆေးရုံတွင် ဆေးမရှိ။ မြန်မာပြည် အကျဉ်းထောင်လောကတွင် အကျဉ်းသားများ ကုသရန် ဆေးခွဲတမ်းမရှိဟု ထင်ဟပ်သည့် စကား ဖြစ်သည်။ အရပ်ဖက် ဆေးရုံတွင်မှာမှ စားရိတ်မျှပေး ကျန်းမာရေး ရှိသည် မဟုတ်။ မည်သည့် ဝင်ငွေမှ မရှိသည့် အကျဉ်းသားတွေမှာ လည်း စားရိတ်မျှပေးကျန်မာရေး စနစ် ရှိနေပါသည်။ ရာဇဝတ်သား အကျဉ်းသား များ အဖို. မိမိ ကျန်းမာရေး မကောင်းသည့် အခါ သက်ဆိုင်ရာ ထောင်ဆရာဝန် ဆေးမှုး တို.ကို ပြင်ပ မိသားစုများက လဒ်လာဘ ထိုးပြီးမှ ဆေးရုံတက်ခွင့် ရကြ သည်။ လိုအပ်သည့် ဆေးကို မိမိ မိသားစုက ဆရာဝန် ဆေးလက်မှတ်ဖြင့် ထောင်ဆေးရုံသို. ပေး ပို. ကုသပေးရသည်။ သေလုမြောပါးဖြစ်သော အကျဉ်းသားများကို ပြင်ပဆေးရုံသို. အသက်မှီယုံ အချိန်မှ ပို.ပေးကြသည်။ ဒါကလည်း လချုပ် ထောင်တွင်း အကျဉ်းသားများ သေဆုံးမှု စာရင်း တွင် ယခုလ ထောင်တွင်း သေဆုံးသည့် အကျဉ်းသား မရှိ ဆိုတာကို ရုံးချုပ်သို. ပေးပို.သည့် လ ချုပ် စာရင်းတွင် ဖြည့်သွင်းနိုင်ရန်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ အတွက်တော့ ခုနက ဆို သလို ဆရာဝန် ထံ လဒ်ပေးပြီး ဆေးရုံတက် စရာ မလို။ တော်ယုံတန်ယုံ ထောင်ဆရာဝန် တွေလည်း ပေးသည့်သူ ရှိသည့်တိုင် သူတို. မယူရဲပါ။သို.ပေမင့် တော်ယုံတန်ယုံလည်း ပြင်ပ ဆေးရုံ မဆိုထားနှင့် ထောင်ဆေးရုံတောင် တင်ဖို. ဝင်လေးကြသည်။ အသည်းအသန် ဖြစ်ပြီ ဆိုသည့်တိုင် ပြင်ပဆေးရုံသို. လွယ်လွယ် တင်လို.မရ။ နယ်ထောင်များတွင် ညွန်ချုပ်ထံ တယ်လီ ဖုန်း ကြေးနန်းပို.ရသည်။ ညွန်ချုပ်ခွင့်ပြုချက် ရမှ ပြင်ပဆေးရုံထုတ်ရသည်။ ထောင်တွင်းပုံမှန် အသုံး ပြုရသည့် ဆေးဝါးများကိုတော့ ထောင်ဆရာဝန်၏ ဆေးလက်မှတ်ဖြင့် ထောင်တခါးကြီးမှ တဆင့် ထောင်ဆေးရုံတွင် အပ်နှံပြီး အသုံးပြုရသည်။ ငါတို.ကို သူတို. ဖမ်းထားတာပဲ။ သူတို. တာဝန်၊ သူတို.ကုပေး ဆိုပြီး တင်းခံရတာ ခက်သည်။ ကိုယ့်အသက်အတွက် ကိုယ့်ဘာသာ ကျိုးစား မွေးမြူရသည်. သဘော။

'ကိုယ်လိုနီ စနစ်ဆိုးကိုဖျောက်၊ အမျိုးသား အကျိုးကို စောင့်ရှောက်' ဆိုသည့် ဆိုင်းဘုတ်ကတော့ အကျဉ်းထောင်၏ ဗူးဝ တွင် ခန်.ခန်.ညားညား ချိုတ်ဆွဲထားသည်။ သို.သော် ယခု အကျဉ်းဦးစီး ဌာနတွင် တော့ ကိုလိုနီ ခောတ်က အသုံးပြုခဲ့သည့် အကျဉ်းထောင် လက်စွဲ ဥပဒေကို အသုံး ပြုနေကြ ဆဲဖြစ်သည်။ အသုံးပြု သည့်ဆိုပေမင့် လိုအပ်သည့် အချိန်လောက် သာ လိုအပ်သလို ထုတ်နုတ် အသုံးပြုခြင်းဖြစ်သည်။ အကျဉ်းသားများကို ရစ်ဖို.၊ ကျစ်ဖို. ကတော့ ဒီဥပဒေ အတိုင်း သုံသည်။ အကျဉ်းသား အခွင့်အရေးကို ပြန်ပေးဖို.ကတော့ ဒီဥပေဒေကို ဖျောက်ပြစ်သည်။ အကျဉ်းထောင် လက်စွဲ ဥပဒေ အရ အကျဉ်းသားတိုင်း တပါတ်လျှင် တခါကျ အသား (၇) အောင်စ ခွဲ ကြွေးရမည်။နေ.စဉ် ပဲကုလားဟင်း နှင့် ငပိကျော် ကြွေးရမည်။ ညနေ စာကို ဟင်းရွက်ချဉ်ရေ ဟင်းနှင့် ငပိကျော်ကြွေးရမည်။ တပါတ်တခါ ဆပ်ပြာပေးရမည်။ တင်္နဂနွေနေ. တိုင်း ခေါင်းလိမ်းဖို. အုန်းဆီ ပေးရမည်။ ကျန်းမာရေး မကောင်းသည့် အကျဉ်းသားများကို ထောင်တွင် ထောင်ဆေးရုံတွင် မည်သို. မည်ပုံဆေးကုသရမည်။ နာမကျန်း အကျဉ်းသားများ အတွက် နေ.စဉ် အသား ဘယ်လောက် ကြွေးရမည် ဟု အတိအကျ ပါသည်။ သည်အခွင့် အရေးများက တော့ ဘယ်သူ ကမှမပေး။ တရားမဝင် စာရွတ်စာတမ်း (နအဖ သတင်းစာ) ခဲတံ တွေ.ရင်ဖြင့် အကျဉ်းထောင် ဥပဒေကို ချိုးဖေါက်သည် ဆိုပြီး။ တိုက်ပိတ်သည်။ ခြေကျင်း ခောတ်သည်။ ထောင်ဝင် စာ ပိတ်သည် ဆိုပြီး ညစ်ပါတ်ကြသည်။ ကျနော့်ဆိုလိုရင်းကလည်း ထောင်စကားပြောရလျှင် ထောင်ဆိုတာ ဟော်တယ်လည်း မဟုတ်၊ မိုတယ်လည်း မဟုတ်၊ ထောင်ဆိုတာ ထောင်ပါပဲ၊ သို.သော် လူတစ်ယောက် အတွက် ကျန်းမာရေးနှင့် သင်တော်ပြီး အဟာရ ရှိသော အစားအသောက်၊ လုံလောက် သော ကျန်းမာရေး ကုသမှု တို. ရရှိဖို. လိုသည်ကို ဆိုလိုပါသည်။

ကဘာ့ သူကြီး၏ အမိန်. တော်ရ ဦးကင်တာနား တယောက် တော့ ခဲလေသမျှ သဲရေကျ အခြေအနေဖြင့် ပြည်တော်ပြန်သွား ပါပြီ။ ဦးကင်တားနား တယောက် အင်းစိန်ထောင် အပါအဝင် လက်သုံးချောင်း လောက် သာ ချိုးနိုင်သည့် အရည်အတွက် သာသာ ထောင် အရည်အတွက်တွင် အကျဉ်းသား စုစုပေါင်း၏ ဝ ဒသမ သုံည၊ သုံည၊ သုံည ခုနှစ်ခါ၏နောက်ကပ်ရေးထားသည့် တစ် ရာခိုင်နူန်းကို တွေ.ဆုံခွင့် ရသွားပါသည်။ ဦးကင် တယောက်တော့ ထောင်တွေ ထဲလာစစ် တော့မယ်ဟေ့ ဆိုသည့် စကားက တော့ တနိုင်ငံလုံးက ထောင်များတွင် တိုးတိုးကြိတ်ကြိတ် ပြောခဲ့ကြလိမ့်မည်။ နောက်ဆက် တွဲ အဖြစ် အကျဉ်းသားတို. ထောင်ကို ထုံးသုတ်ရမည်။ ဆေးသုတ် ရမည်။ သံတိုင်တွေ လက် အောင် တိုက်ရမည်။ ကြမ်းတိုက်ကြရမည်။ မြောင်းပုတ် ရည်ထိုးရမည်။ မိလာ ခြောင်ကို ပြောင်နေအောင် ရှင်းရမည်။ ဒါကလည်း အကျဉ်းဦးစီး ဌာန၏ ရသုံးငွေ စာရင်း ခေါင်းစဉ်အောက်က မဟုတ်။ ကိုယ့် ငရဲကို ကိုယ့်ပိုက်ဆံဖြင့် ကိုယ်ထူကိုယ်ထ အလှဆင်ရခြင်းဖြစ်သည်။ ကိုယ်ထူကိုယ်ထ တိုင်းပြည်ကို စီမံခန်.ခွဲဖို.ကလွဲပြီး ကိုယ်ထူကိုယ်ထ လမ်း၊ ဆေးရုံ၊ စာကြည့်တိုက်က အစ ကိုယ်ထူကိုယ်ထ သင်းချိုင်း အပြင် ကိုယ်ထူကိုယ်ထ အကျဉ်းထောင်လည်း ရှိသည်။ သက်ဆိုင်ရာ တန်းစီး ဘာယာ တွေက ရာဇဝတ် အကျဉ်းသား များထံ ပိုက်ဆံကောက်ပြီး ထောင်ကို အခုလို အလှဆင်ရခြင်းဖြစ်သည်။ သို.ပေမင့် ကျန်သည့် အချိန်မှာ အကျဉ်းသားထံမှ ပိုက်ဆံတွေ.လျှင် လက်စွဲဥပဒေအရ ထောင်ဝါဒက ပိုက်ဆံသိမ်းမည်။အခြေမငံဖြစ်လျှင်ထောင်တွင်း အပြစ်ဒဏ် အဖြစ် ခြေကျင်းခောတ်၊ တိုက်ပိတ်၊ လျော့ရက် ဖြတ်မည်။ ဦးကင် တို. လာလို. ပိုက်ဆံကောက်တာကတော့ ပြသနာ မဖြစ်နိုင်။

ဦးကင် တယောက်တော့ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွန်မှုအောက်မှာ မဟာ ဂနိုင်တော်ရှိ ဝန်မင်းတို.ထံ၏ သံစကား၊ တမံ စကား ကြားနာသွားလေပြီ။့  မပြန်မှီ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိမ်မှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်၊ အကျဉ်းသားလည်း လွတ်ပေးမှာ မဟုတ်၊ တရားစီရင်လည်း မမျှ တ ဆိုသည့် တပ်မတော်၏ သဘောထား အမှန်ကို ပြသသည့် သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့သေးသည်တဲ့။

အော်... ကျနော် မောင်မောင်ခောတ်ကလည်း သတင်းသမား တယောက်ဖြစ်လျှင် ဦးကင် ကြီး ကို မေးစရာ မေးခွန်းတစ်ခုရှိပါသည်။ ဒါကတော့ ဆင်ပြောင်ကြီးမှန်းသိရက်နဲ. သေခြာအောင် မှန်ဘီလူးနဲ. လာကြည့်တာလားလို.။

မောင်ခောတ်။(မြန်မာကျူ့ပစ်)
အီးမေးလ်မှတဆင့်ဖေါ်ပြပါသည်။