Monday, February 22, 2010

22 Feb ဒိုင်ယာရီ

http://ifile.it/4mahf9122 Feb Yeyintnge's Diary

စတုတ္ထကိုယ်စားလှယ်ရဲ့ တတိယခရီးစဉ်


အောင်ကျော်ခင်

၂၂/ ဖေဖော်ဝါရီ ၂၀၁၀

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ၁၉၉၂ မှာ စတင်ခန့်အပ်ခဲ့တာမို့ ကိုယ်စားလှယ်သက်တမ်းဟာ (၁၈) နှစ်ရှိလာပါပြီ။ ပထမကိုယ်စားလှယ်က ဂျပန်ပါမောက္ခ ယိုဇိုယိုကိုတာ ဖြစ်ပြီး (၄) နှစ် အမှုထမ်းတယ်။ ဒုတိယကိုယ်စားလှယ်က မော်ရစ်ရှတရားသူကြီး ရာခ်ျစိုးမားလာလား ဖြစ်ပြီး ပြည်ဝင်ခွင့် မရတာနဲ့ လုပ်သက် (၄) နှစ်မှာ စိတ်ပျက်ပြီး နုတ်ထွက်သွားတယ်။ တတိယကိုယ်စားလှယ်က ဘရာဇီးက ပါမောက္ခ ပီညဲရိုးဖြစ်ပြီး (၇) နှစ်ကျော် အမှုထမ်းတယ်။ အာဂျင်တီးနားနိုင်ငံက ရှေ့နေ တိုးမတ်စ် အိုဟေးရား ကင်တားနားဟာ စတုတ္ထမြောက် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလ (၁) ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်သူဖြစ်လို့ လုပ်သက် (၂၂) လပဲ ရှိသေးတယ်။

ကင်တားနားရဲ့ မိဘတွေဟာ အာဂျင်တီးနား စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တာကြောင့် သူသုံးမယ့်နည်းလမ်းဟာ ထူးခြားနိုင်တယ်လို့ မြင်သူလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်တားနားအရင်က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၃) ဦးကတော့ မအောင်မြင်ပါဘူး။ လုပ်သက်အများဆုံးဖြစ်တဲ့ ပီညဲရိုးရဲ့ အတွေ့အကြုံလေးကို မှတ်မိသေးတယ်။ ၂၀၀၃ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ မြန်မာပြည်ကို (၅) ကြိမ်မြောက် ပီညဲရိုးသွားတယ်။ တွေ့နေကြဖြစ်တဲ့ ခင်ညွန့်၊ ၀င်းအောင်၊ ခင်မောင်ဝင်း၊ တင်လှိုင် (ပြည်ထဲရေး) ကို တွေ့တယ်။ သူတို့ကတော့ ပြောနေကျအတိုင်း အနှောင့်အယှက်မရှိ လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ကြောင်း ပီညဲရိုးကို အာမခံတယ်။ သူနဲ့တွေ့တဲ့ မြန်မာတွေကို ဒုက္ခမပေးဘူးလို့ နအဖ က ကတိပေးတယ်။ ဒီတော့ စိတ်ချလက်ချ ပီညဲရိုးက လုပ်ငန်းစတာပေါ့။

မတ်လ (၂၂) ရက်နေ့က အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံမေးမြန်းနေစဉ် စားပွဲအောက်မှာ လျှို့ဝှက်အသံဖမ်းစက် တတ်ထားတာကို ပီညဲရိုးတွေ့သွားတော့ စိတ်ဆိုးပြီး မတ်လ (၂၄) ရက်နေ့မှာ မြန်မာပြည်က ထွက်သွားတယ်။ နအဖကို အထင်ကြီးပြီး ၀ိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံခဲ့တဲ့ ပီညဲရိုး အလိမ်ခံရတဲ့အတွက် ရှက်ရမ်းရမ်းတာပါပဲ။ ဗြောင်လိမ်မှု၊ အကောက်ကြံမှု၊ ခိုးကြောင်ခိုးဝှက်လုပ်မှု၊ လှည့်စားမှု၊ ပလီစိချောက်ချက်ပြောမှု၊ အလွဲသုံးစားလုပ်မှု၊ အသံကောင်းဟစ်မှု၊ အနိုင်ကျင့်မှု စတာတွေဟာ မြန်မာစစ်အစိုးရရဲ့ အကျင့်တွေပါ။

ပီညဲရိုးနေရာကို ဆက်ခံတဲ့ ကင်တားနားကလည်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချနေရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘဲ လက်တွဲလုပ်ကိုင်နိုင်မှသာလျှင် လူ့အခွင့်အရေးအခြေအနေ ကောင်းမွန်လာမယ်လို့ ယုံကြည်တယ်။ ကင်တားနားရဲ့ ပထမခရီးစဉ် ၂၀၀၈ ခုနှစ် သြဂုတ်လ (၃) ရက်နေ့က (၇) ရက်နေ့အထိ ဖြစ်တယ်။ ရည်ရွယ်ချက်က နအဖရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူဖို့ဖြစ်တဲ့အတွက် ပထမခရီး အောင်မြင်တယ်လို့ဆိုတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က (၁၉) ရက်နေ့အထိ ဒုတိယအကြိမ် မြန်မာပြည်ကိုသွားတယ်။ ဒုတိယခရီးစဉ်မှာ ရွေးကောက်ပွဲမတိုင်မီ ကျင့်သုံးမယ့် လူ့အခွင့်အရေးအခြေခံမူ (၄) ရပ် ကျင့်သုံးဖို့ တင်ပြတာကို နအဖက လက်ခံစဉ်းစားနေလို့ အောင်မြင်တယ်လို့ဆိုတယ်။

ပထမနဲ့ ဒုတိယခရီးစဉ်အောင်မြင်ကြောင်း ၂၀၀၉ ခု မတ်လ (၁၁) ရက်နေ့က အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ (၂၂) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ကင်တားနားတင်ပြတဲ့ လူ့အခွင့်အရေးအခြေခံမူ (၄) ချက်နဲ့ နအဖရဲ့ တုံ့ပြန်ပုံဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့အညီ ပြည်တွင်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့အညီ ပြည်တွင်းဥပဒေ (၃၈၀) ကို ပြန်လည်ပြုပြင်ဖို့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားတယ်လို့ အစိုးရရှေ့နေချုပ်က အကြောင်းကြားတယ်လို့ ကင်တားနားက ဆိုပါတယ်။ ဒုတိယတင်ပြချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်းချင်း လွှတ်ပေးရေးကိုတော့ စဉ်းစားနေတယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။

တတိယအနေနဲ့ ရဲသားနဲ့စစ်သားကို လူ့အခွင့်အရေး သင်တန်းပေးဖို့ အကြံပြုထားတဲ့အတိုင်း သင်တန်းတွေပေးထားပြီမို့ သင်ရိုးညွှန်းတမ်းကို မစ္စတာ ကင်တားနားကို ပြမယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။ စတုတ္ထတင်ပြချက်က တရားဥပဒေစိုးမိုးရေး အာမခံနိုင်ဖို့အတွက် တရားစီရင်ရေးဌာနကို လွတ်လပ်စွာ သီးခြားထားရှိရေးဖြစ်တယ်။ မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်ပြီးသားဖြစ်တယ်လို့ နအဖတရားသူကြီးချုပ်က အကြောင်းပြန်တယ်ဆိုပဲ။

နအဖစစ်အစိုးရဟာ အမြဲတမ်း အပြောတမျိုး အလုပ်တမျိုး လုပ်တတ်တာကိုလည်း ကင်တားနားက သဘောပေါက်ပုံရတယ်။ ပထမခရီးစဉ်အပြီး ၂၀၀၈ သြဂုတ်လမှာ လွှတ်ပေးတဲ့ အကျဉ်းသား (၉,၀၀၀) ကျော်မှာ နိုင်ငံရေးအကျဉ်းသားက (၆) ဦးသာ ပါဝင်တယ်။ ပထမတော့ (၇) ဦး လွှတ်ပေးပြီး စစ်ဗိုလ်ဟောင်း ဦးဝင်းထိန်ကို လွှတ်ပေးပြီးမှ ပြန်ဖမ်းလိုက်လို့ (၆) ဦးသာ ကျန်တာပါ။ ဒီကိစ္စကို ကင်တားနားက မေးကြည့်တော့ မှားလွှတ်လို့ ပြန်ဖမ်းတာလို့ ဆင်ခြေပေးတယ်ဆိုပဲ။ မှားဖမ်းလို့ လွှတ်ပေးတာမျိုးတော့ ကင်တားနား ကြားဖူးမှာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား (၆) ဦးကို လွှတ်ပေးပြီး (၄၀၀) ကျော်ကို ထောင်ဒဏ် (၄) နှစ်က အနှစ် (၁၀၀) ကျော်အထိ ချမှတ်မှု၊ ရှေ့နေကို မလေးစားဘဲ အပြစ်ရှာပြီး ထောင်ချမှု၊ ထောင်ပြောင်းမှု၊ ကျန်းမာရေးဆိုးဝါးမှု စတာတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ ဒုတိယခရီးစဉ်ပြီးတော့ အကျဉ်းသား (၆,၀၀၀) ကျော်လွှတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၉) ဦးသာ ပါတာကိုလည်း ဖော်ပြတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေကိုလည်း ဖော်ပြထားတယ်။

ဟာသဆရာ ဇာဂနာကို ထောင်ဒဏ် (၅၉) နှစ်၊ ၈၈ မျိုးဆက်အုပ်စုဝင် (၂၃) ဦးမှာ တဦးကို ထောင်ဒဏ် (၆၅) နှစ်စီ၊ ဦးဂမ္ဘီရကို (၆၈) နှစ်၊ ဦးဂမ္ဘီရရဲ့ ရှေ့နေ (၂) ဦးကို ထောင် (၄) လစီ၊ ခွန်ထွန်းဦးကို ထောင်ဒဏ် (၉၄) နှစ်၊ ဗကသကျောင်းသားသမဂ္ဂ၀င် အသက် (၂၀) ကျော် မင်းယုကို ထောင်ဒဏ် (၁၀၄) နှစ် နအဖတရားရုံးတွေက ချမှတ်တာကို ကင်တားနားအစီရင်ခံစာမှာ ဖော်ပြပါတယ်။ နအဖဟာ ဥပဒေကို အလွဲသုံးစားလုပ်နေတာ ကင်တားနား သဘောပေါက်ပါလိမ့်မယ်။

အတည်ပြုပြီးတဲ့ နအဖအခြေခံဥပဒေကိုသာ အကောင်အထည်ဖော်ဖို့ ကင်တားနားက တိုက်တွန်းထားပါတယ်။ နအဖရဲ့ အခြေခံဥပဒေပုဒ်မ (၃၅၄) မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြခွင့် စတာတွေကို ဖော်ပြထားပေမယ့် သတင်းသမား (၁၆) ဦးကို ထောင်ချထားတာကို ထောက်ပြထားတယ်။ ပုဒ်မ (၄၀၆) မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာစည်းရုံးရေးဆင်းခွင့်ပေးဖို့လည်း တောင်းဆိုထားတယ်။ အကြံပေးတင်ပြချက် (၄) ခုကို အကောင်အထည်ဖော်ဖို့ နအဖအစိုးရက သဘောတူထားပေမယ့် တကယ်တမ်း အကောင်အထည်ဖော်မဖော်ဆိုတာကို မကြာခင် ကင်တားနား သိပါလိမ့်မယ်။

ဖေဖော်ဝါရီလ (၁၅) ရက်က (၁၉) ရက်အထိ စုံစမ်းစစ်ဆေးခဲ့တဲ့ တတိယမြောက် မြန်မာပြည်ခရီးစဉ်အကြောင်း လာမယ့်မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်ပါလိမ့်မယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးချိုးဖျက်တဲ့ အစိုးရတွေရဲ့ ပရိယာယ်မှာ တ၀ဲလည်လည် ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ၂၀၁၀ ဇန်န၀ါရီလထုတ် နှစ်လည်အစီရင်ခံစာမှာ သုံးသပ်ထားတယ်။ အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို ထပ်ခါတလဲ ဝေဖန်ရှုတ်ချနေတဲ့ လူ့အခွင့်အရေးကောင်စီဟာ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီးလ်သူပုန်ကို ပြစ်တင်ရှုတ်ချပြီး သီရိလင်္ကာအစိုးရကို ချီးကျူးတယ်။ ဒါကြောင့် အစိုးရတပ်က အရပ်သားကို သတ်ဖြတ်တာနဲ့ ထိန်းသိမ်းတာကို စုံစမ်းနိုင်ခြင်းမရှိတာလို့ဆိုတယ်။

အစိုးရတွေရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို (၄) နှစ်တကြိမ် စိစစ်တဲ့ကိစ္စမှာလည်း အစိုးရအချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ ဖြစ်နေပါတယ်။ လူ့အခွင့်အရေးကောင်စီက အရေးယူမယ့် အစိုးရတွေဟာ လူ့အခွင့်အရေးကောင်စီကို ကြီးစိုးနေလို့ လုပ်ရကိုင်ရ ခက်တာလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

http://www.khitpyaing.org/articles/2010/february/22210.php


အဟာရစာစောင်(၁၀၈)ဖေဖေါ်ဝါရီလထုတ်

http://ifile.it/rexwyzbAaharasazaung 108

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၃/၂၀၁၀) ထိပ်တိုက်တွေ့မှုတွေ ပေါင်းဆုံစုစည်းရေး”

http://ifile.it/fpidb1q3 10 Commentary
လေးစားစွာဖြင့်
လူထုဆက်ဆံရေး ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မျက်မမြင် ပညာသင်ကျောင်း စစ်တွေတွင် ဖွင့်လှစ်


img_0618

ရခိုင်ပြည်တွင် မျက်မမြင်ဘ၀ဖြင့် ငယ်စဉ်ကပင် သေသည်အထိ တသက်လုံး သူများအားကိုးကာ နေထိုင်ခဲ့ရသော မျက်မမြင်များ ကလေးငယ်များ၏ ဘ၀သည် တချိန်တခါက အားငယ်စိတ်များဖြင့် တနေ့ထက် တနေ့ အသက်ကြီးလာမည်ကိုပင် စိုးရွံ့နေခဲ့ရသော်လည်း ယခုအခါတွင် ရခိုင်ပြည်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာတော် အရှင်မြတ်များနှင့် လူမှုရေးလုပ်ငန်းများတွင် စိတ်အားထက်သန်သူများ ဖြင့် ကိုယ်ထူကိုယ်ထ မျက်မမြင် ပညာသင်ကျောင်းတခုကို စစ်တွေမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ယင်းမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကလေးသူငယ်များအတွက် စားဝတ်နေရေး အားလုံးကို တာဝန်ယူပြီး မျက်မမြင်လက်စမ်း စူးဖောက်စာပေ၊ အစိုးရအတန်းပညာ (သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်း အထိ)၊ ဗေဒင်ပညာ(နက္ခတ်၊တားရော့စ်)၊ ဂီတ၊ လက်မှု ပညာ၊ လက်နှိပ်အကြောပြင်ပညာ(မြန်မာ၊ ဂျပန်) တို့ကို သင်ကြားပြသွားပေးသွားပြီး နောင်သောအခါ မျက်မမြင်သော်လည်း ကိုယ်စိတ် ကျန်းမာ၊ ကြံ့ခိုင်ပြီး ဥာဏ စွမ်းအားကို အသုံးချတတ်ပြီး ဘ၀ကို ရင်ဆိုင်သွားနိုင်စေရန် အတွက် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရ သည်။

img_0611

အဆိုပါ မျက်မမြင် ပညာသင်ကျောင်းကို စစ်တွေမြို့ မဟာကုသလဘုန်းကြီးကျောင်းဝင်းအတွင်း ဆရာတော်ကြီး၏ ခွင့်ပြု ချက်ဖြင့် ပညာသင်ကျောင်းအတွက် သီးသန့်တစ်ဆောင် ဆောက်ပေးထားကာ ဖွင့်လှစ်ပေးထားပြီး မေတ္တာဝတီ မျက်မမြင် ပညာသင်ကျောင်း ဟူ သော နာမည်ကို ပေးထားကြောင်း သိရှိရသည်။

မေတ္တာဝတီ မျက်မမြင် ပညာသင်ကျောင်း၏ ရည်ရွယ်ချက်များမှာ “(၁) မျက်မမြင်တိုင်း မျက်မမြင်စာ (Braille) တတ်မြောက်ရမည်၊ (၂) မျက်မမြင်တိုင်း ကိုယ်စိတ်ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်ရမည်၊ (၃) မျက်မြင်တိုင်း ကာယာစွမ်းအား၊ဥာဏစွမ်းအား ဖော်ထုတ်မြင့်တင် ပေးရမည်” ဖြစ်ကြောင်း သိရသည်။

img_0608

အဆိုပါ မျက်မမြင် ပညာသင်ကျောင်းတခု ရခိုင်ပြည်တွင် ပေါ်ထွန်းဖြစ်မြောက်လာစေရန်အတွက် ပထမဦးဆုံး အကြံအဥာဏ် ပေးခဲ့သူ မှာ ကိုကျော်ကျော်ဝင်း(L.L.B. 1st year)ဖြစ်ကြောင်း၊ ကိုကျော်ကျော်ဝင်းသည် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာက ဖြစ်ပြီး ၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ မသန်မစွမ်း သင်တန်း ကျောင်းများအားလုံးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/ သူ စုစုပေါင်း (၃၄) ရှိရာ ယင်းအထဲတွင် ကိုကျော်ကျော်ဝင်းလည်း တယောက်အပါအ၀င်ဖြစ်ကြောင်း၊ ကိုကျော်ကျော်ဝင်း၏ အကြံပြု ချက်ကြောင့်ပင် မဟာကုသလ ဆရာတော် (ဒေသအခေါ်-ကိုးဆယ့်ကိုးပေါက်ကျောင်း)က လက်ခံအတည်ပြုပြီး မျက်မမြင် ပညာသင် ကျောင်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်းတွင် အသက်(၆) နှစ်မှ (၂၀) အထိ မျက်မမြင်များကို လက်ခံသင်ကြားသွားမည်ဖြစ်ပြီး၊ မျက်မမြင် ဆရာ/မ (၃) ယောက် သင်ကြားမည်ဖြစ်ဖြစ်သည်။ ပထမနှစ်မှ ကျောင်းသား/သူ (၁၀) ဦးခန့်ကို လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူ (၁၀) သည် ကျောင်းအိပ် ကျောင်းစား ပညာသင်ကြားရမည်ဖြစ်သည့်အပြင် စားဝတ်နေရေး၊ ကျန်းမာရေးအားလုံးကို မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်းမှ တာဝန်ယူရမည်ဖြစ်သောကြောင့် ရန်ပုံငွေများစွာလိုအပ်နေကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ပြည်တွင်း ပြည်ပစေတနာရှင်၊ အလှူရှင်များအနေဖြင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို ဆက်သွယ်ပြီး ပါရမီဖြည့် လှူဒန်းနိုင်ကြောင်း၊ အဆိုပါ မေတ္တာဝတီ မျက်မမြင် ပညာသင်ကျောင်းတော်ကြီး အဓွန့်ရှည်စေရေးအတွက် ကျောင်းအကျိုး တော်ဆောင် ကော်မတီ တရပ်ဖွဲ့စည်းထားကြောင်း၊ အလှူရှင်များအနေနှင့်လည်း ဆက်သွယ်လှူဒန်းနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

မေတ္တာဝတီ မျက်မမြင် ပညာသင်ကျောင်း အကျိုးတော်ဆောင် ကော်မတီ

နာယကအဖွဲ့-
ဦးဝဏ္ဏိတ - ဗုဒ္ဓပြတိုက်ဆရာတော်
ဦးခေမာစာရ - မဟာကုသလကျောင်း(စစ်တွေမြို့)
ဦးဥာဏ - စာချဆရာတော်၊မဏိရတနာကျောင်း
ဦးမောင်ထွန်းကျော် - အင်းပေါက်ဝကုမ္ပဏီ
ဦးသန်းရွေ - ရွှေသဇင်ဟိုတယ်ပိုင်ရှင်
ဦးအောင်ကျော်ဇံ - အောင်ဇေကမ္ဘာကုမ္ပဏီ
ဦးရွှေထွန်းအောင် - ရခိုင်ဆန်စပါးကုမ္ပဏီ
ဦးမောင်မောင်သန်း - ဆိုင်သည်
ဦးလှရွှေ - ကုန်သည်

ကျောင်းအကျိုးတော်ဆောင်အဖွဲ့
၁။ဦးအောင်ကျော်သာ - ဥက္ကဌ(ပညာရေးမှူး-ငြိမ်း) -ဖုံး-၀၄၃.၂၃၄၀၃
၂။ဦးမောင်မောင်စော - ဒုဥက္ကဌ(ရခိုင်ညွန့်ဖူးစာပီ)
၃။ဦးရွှေကျော်သာ - အတွင်းရေးမှူး(ဗျူးပွိုင့်) ` -ဖုန်း-၀၉၈၅၀၀၅၀၅
၎။ဦးကျော်ဇံ - တွဲဖက်အတွင်းရေးမှူး(ပြတိုက်မှူး)
၅။ဦးမောင်စောသိန်း - ဘဏ္ဍာရေးမှူး (စိန်စတားအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)
-ဖုန်း-၀၉၈၅၀၀၈၃၄
၆။ဦးအေးသိန်း - တွဲဖက်ဘဏ္ဍာရေးမှူး
၇။ဦးကျော်ကျော်ဝင်း - မျက်မမြင်ဆရာ (ကျောင်းအုပ်)

မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်းသည် ပညာသင်စရိတ် လုံးဝမယူပဲ အခမဲ့ ဖွင့်လှစ်ထားသော မျက်မမြင်များအတွက် ပညာသင်ကျောင်းတခုဖြစ်ပြီး အဆိုပါ ပညာသင်ကျောင်းကို ရခိုင်ပြည်၊ စစ်တွေမြို့၊ တရားသီးစုရပ်ကွက်၊ မဟာကုသလ (ဒေသအခေါ် - ကိုးဆယ့်ကိုးပေါက် ) ကျောင်းတွင် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

http://arakanreview.22web.net/?p=3202


8888 democracy uprising in Burma


http://www.shwemedia.com/