Friday, February 26, 2010

26 Feb ဒိုင်ယာရီ

http://ifile.it/omltjds26 Feb 2010 Yeyintnge Diary

အမျိုးသား အကျိုးစီးပွားဆိုရာဝယ်

အမျိုးသား အကျိုးစီးပွားဆိုရာဝယ်


နိဒါန်း
နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသား အကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အလွန်အရေး ကြီးလှပါတယ်။ ဒီသ ဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက သွေးချောင်းစီး စစ်ပွဲတွေ ဆင်နွှဲ ခဲ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို ညှဉ်းပမ်းနှိပ် စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အဝှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီသ ဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့ အကျိုးစီးပွားကို တခြားနိုင်ငံက ထိခိုက် စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။ Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံ တွေအနေနဲ့ ခွဲခြမ်းစိတ်ဖြာထားတာဖြစ်တဲ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျိုး စီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခဲ့ ပါတယ်။ ၁၈၄၈ ခုနှစ်မှာ Lord Palmerston ကလဲ “ငါတို့ဆီမှာ ထာဝရ မိတ် ဆွေဆိုတာ မရှိဘူး။ ရေရှည်တည်တံ့နေတဲ့ ရန်သူ ဆိုတာလဲ မရှိဘူး။ ငါတို့ရဲ့ အ ကျိုးစီးပွားတွေကသာလျှင် ထာဝရရေရှည်တည်တံ့နေတဲ့ အရာတွေ ဖြစ်တဲ့အ တွက် ဒီအကျိုးစီးပွားတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့ကသာ ငါတို့ရဲ့ တာဝန်ဖြစ် တယ်” လို့ အဆိုရှိခဲ့ဖူးပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊ ဒီသဘောတရားကို နိုင်ငံခေါင်း ဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာ အ ပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံးရတဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေး အင်အား၊ စီးပွားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင်မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း သဏ္ဌာန်တွေနဲ့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အနက်အ ဓိပ္ပာယ်တွေနဲ့ တွေးမြင်ယူဆပုံတွေ၊ အမျိုးအစား ကွဲပြားမှုတွေ၊ သဘောတရား နားလည်မှုအပေါ်ကို လွှမ်းမိုးနိုင်တဲ့ အကြောင်းအချက် တွေကို ကွဲကွဲပြားပြား သိမြင်မှသာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ဒီသဘောတရားကို ကောင်းမွန်ထိရောက်စွာ အ သုံးချနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုရာဝယ်

စစ်ဘုရင်နပိုလီယံက ရုရှားကို ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဟစ် တလာကလဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့တာတွေနဲ့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းခဲ့မှုတွေကို ဂျာမဏီရဲ့ အကျိုးစီးပွား အ တွက် ပြုလုပ်တာလို့ ဆိုပြန်ပါတယ်။ စတာလင်ကလဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာခံ အစိုးရတွေကို ပိုလန်နဲ့ ဥရောပ အရှေ့ပိုင်း နိုင်ငံတွေမှာ အာဏာရအောင် ကြိုးပမ်းခဲ့မှုတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာလို့ ဆို ပြန်ပါတယ်။ အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့ တုန်းက အီရတ်အစိုးရကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ စီနီယာ ဘွတ်ခ်ျကလဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်ပွဲဆင်နွှဲခဲ့တာလို့ ဆိုခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Benazir Bhutto ကလဲ အိန္ဒိယ ကက်စ်မီးယားဒေသ နိုင်ငံရေး မတည်ငြိမ်မှုဟာ ပါကစ္စတန်ရဲ့ အမျိုးသားအကျိုးစီးပွားလို့ ယူဆတယ် လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြဲရေးအတွက် သွေးချောင်းစီး လူသတ်ပွဲပြုလုပ် တာ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တာလို့ ဆိုကြပြန်ပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို ဓားတချောင်းဘဝကို ရောက်နေတာနဲ့ တူပါတယ်။ စားဖိုမှူးလက်ထဲ ရောက်ပြီး၊ ဟင်းချက်ဖို့ အသုံးပြုခံရတဲ့အခါကျတော့ အရသာရှိတဲ့ ဟင်းကောင်းတခွက်အတွက် အထောက်အကူပြုပါတယ်။ ထင်း ခုတ်သမားလက်ထဲရောက်ပြီး ညမီးလှုံဖို့ လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ့ အခါကျတော့ လူတွေကို အနွေးဓာတ်ပေး မယ့် မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အဲလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော့ လူတွေရဲ့ စည်းစိမ်ဥစ္စာကို ခြိမ်းချောက်တဲ့ လက် နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော့ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။

ဒါကြောင့် အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရား တခုတည်းနဲ့ ကောင်းမွန်တဲ့ သဘောတရားလား၊ ဆိုးရွားတဲ့ သဘောတရား လားဆိုတာကို ဘယ်သူမှ မဆိုနိုင်ပါဘူး။ ကိုင်စွဲအသုံးပြုသူရယ်၊ အသုံးပြုခံရတဲ့ ပစ္စည်းရယ်၊ အသုံးပြုလိုက်တဲ့ အချိန်၊ နေရာနဲ့ အခြေ အနေတွေရယ်၊ အသုံးပြုပုံနည်းလမ်းရယ်၊ နောက်ဆက်တွဲ သက်ရောက်စေမှုရယ်ကသာ ကောင်းခြင်း၊ ဆိုးခြင်းကို ဖော်ကျူးပေးနိုင် တာ ဖြစ်ပါတယ်။ ဘယ်အရာကိုမှ တရားသေသတ်မှတ်ထားလို့ မရပါ။ အပြည့်အဝ မှန်ကန်တဲ့ အမှန်တရားလို့ သတ်မှတ်လို့ မရပါ။ တိ ကျတဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖော်ဆောင်လို့မရပါ။ အခြေအနေ၊ အချိန်အခါအရ အနက်အဓိပ္ပာယ်များစွာကို လူပေါင်း များ စွာက ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်ဆိုတာကို လေ့လာဖို့ ဆိုသလို၊ ဒီဖွင့်ဆိုခဲ့မှု ဟာလဲ လက်ရှိ အခြေအနေ၊ အချိန်အခါနဲ့ ထင်ဟပ်မှုရှိရဲ့လား ဆိုတာကို စဉ်ဆက်မပြတ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

လေ့လာဆန်းစစ်မှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေမှာ ဘယ်သူက ဒါကို ပြောခဲ့တာမို့ မှန်တယ်ဆိုပြီး ပြောဆိုတတ်တာတွေ ရှိပါတယ်။ ဒါ တွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများပြီး၊ တိုးတက်တဲ့ အတွေးအခေါ် နည်းပါးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖြစ်များပါတယ်။ အဲဒီက နေ အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးငြင်းခုံမှု မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေကြတဲ့ တောင်စဉ်ရေမရ အရက်သမား စ ကားဝိုင်းတွေ ဖြစ်သွားတတ်တာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ ရေးသားခဲ့တဲ့ ကျမ်းဂန်စာပေတွေ၊ ခေါင်းဆောင်တွေရဲ့ အဆိုအမိန့် စ ကားလုံးတွေကို ကိုးကားတဲ့အခါမှာ သူပြောခဲ့တဲ့ ဆိုတာထက် သူပြောခဲ့တဲ့ အကြောင်းအရာဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ သင့်လျော်နိုင်စေမှု၊ အသုံးဝင်မှုတွေကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲ စကားပြောနေရင်း “ဒါကို ဦး တောက်တဲ့က ပြောခဲ့တာ၊ ဒေါ်ဘုမက ပြောခဲ့တာ။ မင်းက သူတို့လောက်ပဲ တတ်ဦးမတဲ့လား။ မင်းကဘာမို့လို့လဲ” ဆိုတာမျိုးတွေ၊ “ငါဆိုတဲ့ ရွှေဇီးကွက်က ပြောတာ။ ငါဘာလဲ ဆိုတာ မင်းတို့ သိတယ်မလား။ ငါပြောတာမှန်တယ်” ဆိုတာမျိုးတွေ ပါလာပြီဆိုရင်တော့ အဲလိုလူမျိုးဟာ အဝေးဆုံးကနေ ရှောင်ရှားသင့်သူတွေ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ရင် မိမိရဲ့ အတွေးအခေါ်တွေကို တိုးတက်မှု မရှိ စေတော့ပဲ သင်းကွပ်ခံရနိုင်လို့ပဲ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ ပညာရှင်ပေါင်းများစွာ၊ ခေါင်းဆောင်ပေါင်းများစွာက အနက်အ ဓိပ္ပာယ်များစွာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln တို့က အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေ ထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံတော်ရဲ့ မြေပြင်ပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် စတာတွေအပေါ်မှာ ဗဟိုပြုတယ်လို့ ဆိုထားခဲ့ပါတယ်။ Robert Osgood ဆိုသူကလဲ အ မျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတွေလို့ ဆို ခဲ့ပါတယ်။ Morgenthau ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး identity နဲ့ ယဉ်ကျေးမှုရေးရာ identity ကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။

ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်နက်၊ အချုပ် အခြာအာဏာ၊ political identity cultural identity စတာတွေနဲ့ ဆက်စပ်ကြောင်း ယေဘုယျ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆက်စပ် မှုတွေမှာမှ ဘယ်လို အချက်တွေကို ဦးစားပေးရမယ်၊ ဘယ်လိုအကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေ ရှည်အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွဲခြားစိတ်ဖြာကြည့်ဖို့ လိုအပ်ပါမယ်။ ဒီလို မစိတ်ဖြာခင်မှာ အမျိုးသားအကျိုး စီးပွားကို ဒဿနိကဗေဒရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲဆိုတာကို ရေးသားတင်ပြလိုပါတယ်။

ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ် တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ့ စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထက် ပိုပြီးအရေးကြီးတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ အဲဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီး နိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တွေး ခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ဝိညာဉ်တွေ ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည်ဆန်းစစ်ခံရမှာ ဖြစ်တဲ့အ တွက် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ် လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာကျတော့ ဝိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်း ကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင် ဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကိုမဆို အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ ခရစ်ယာန်ဘာ သာရေးခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တဲ့ jus ad bellum နဲ့ jus in bello သီအိုရီတွေထဲမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီသဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ realism ဝါဒရဲ့ အ ခြေခံတွေ ဖြစ်လာခဲ့ပါတယ်။

စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျိုးသားအကျိုးစီးပွား သဘောတရားနဲ့ ပတ်သက်ပြီး ဆိုထားခဲ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့် နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေတွေ ရှိ နိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ တခြားဘယ် အကြောင်းအရာကိုမှ ဦးစားပေး မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွဲ၊ အချိန်အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတဲ့ စစ်ပွဲတွေကကျတော့ အမျိုးသားအကျိုးစီးပွားအတွက် ကောင်းကျိုး မဖြစ်စေ တဲ့အတွက် မိုက်မဲရူးသွပ်မှုသာ ဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့ သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။

(၂ဝ) ရာစု ကာလထဲမှာတော့ Hans Morgenthau ရဲ့အတွေးအခေါ်တွေက အမေရိကန်နဲ့ ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံ တွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပဲ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုပဲ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တ ခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော် တော် များမှာတော့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူ လုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင် တော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတွေအတွက် အန္တရာယ်ရှိလာပါပြီ။ နိုင်ငံတွေဟာ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကိုယ် ပိုင်အမျိုးသား အကျိုးစီးပွားကို အကြောင်းပြုပြီး၊ နယ်ချဲ့စနစ်ကို ကျင့်သုံးလာတဲ့အခါ စစ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေအ နေနဲ့ တကမ္ဘာလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေတာတွေထက်စာရင် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားလေ့ ရှိကြပါတယ်လို့ သူက ဆိုခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားဆိုတာက အလွန်အရေးပါတာမှန်ပေမယ့် ပါဝါပေါ်အခြေ တည်ပြီး ထည့်သွင်းစဉ်းစားမှု လုပ်ဖို့ လိုတယ်လို့ သူက အကြံပြုထားခဲ့ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး မူဝါဒတရပ်မချ မှတ်ခင်မှာ ဒီမူဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ National Power ကို တိုးမြင့်စေတာလား၊ အားလျော့ စေတာလားဆိုတာကို ထည့်သွင်းမှုတွေ ပြုလုပ်လို့ရှိရင် နိုင်ငံတော်အနာဂတ်အတွက် ကောင်းမွန်တဲ့ မူဝါဒတွေ ပေါ်ထွက်လာနိုင် တယ်လို့ ဆိုထားခဲ့ပါတယ်။

သူ့ရဲ့ အယူအဆတွေကို ကန့်ကွက်သူတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပေမယ့်၊ ဒီအယူအဆတွေထဲမှာ rational ဖြစ်တဲ့ အချက်အ လက်တွေလဲ အများအပြား ပါဝင်နေပါတယ်။ တိုင်းပြည်တပြည်ရဲ့ National Power ဆိုတာက လူဦးရေ၊ တည်နေရာ အနေအထား၊ ရာသီဥတုအခြေအနေ၊ သဘာဝသယံဇာတ၊ ထုတ်လုပ်မှုစွမ်းအား၊ စီးပွားရေးအင်အား၊ စစ်အင်အားစတဲ့ tangible elements တွေသာ မက ဦးဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရအမျိုးအစား၊ လူ့အဖွဲ့အစည်း ညီညွတ်မှုစတဲ့ intangible elements တွေနဲ့ပါ တိုင်း တာရတာဖြစ်ပါတယ်။ တချို့အစိုးရတွေက အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အသုံးပြုပြီး စစ်အင်အားကြီးထွားလာ အောင် ဦးစားပေးဆောင်ရွက်တတ်ကြပါတယ်။ အဲဒီအခါမှာ စစ်အသုံးစရိတ် ကြီးမားတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက် မှုကို ထိခိုက်စေပါတော့တယ်။ စီးပွားရေးအင်အားမှာ ယုတ်လျော့အားနည်းလာပါတယ်။ ဒါကြောင့် Hans Morgenthau ဆိုထားခဲ့ သလိုပဲ နိုင်ငံတွေဟာ အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်းတွေမှာ အသုံးဝင်တဲ့ အယူအဆတရပ်ဖြစ်ပါတယ်။

စစ်အင်အား ကြီးထွားလာအောင် ပြုလုပ်တာ၊ ခေတ်မီဖွံ့ဖြိုးသော တပ်မတော်တရပ်ပေါ်ထွက်လာအောင် ပြုလုပ်တာတွေဟာ စီးပွား ရေး ခိုင်မာတောင့်တင်းမှ တိုင်းပြည်ရဲ့ ဂျီဒီပီများလာမှ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်လို့ မရပါ။ အိမ်တအိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးဟာ အိမ်တအိမ်လုံးရဲ့ ဝင်ငွေ ဆယ်သိန်းရှိနေချိန်မှာ အိမ်ကို ကာကွယ်ဖို့ဆိုပြီး တသောင်းတန် ဓားတလက်ဝယ်တာက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ဝင်ငွေ နှစ်သောင်းရှိနေချိန်မှာ တသောင်းတန်ဓားဝယ်မယ် ဆိုရင်တော့ အိမ်ကလူတွေ အစာရေစာ မဝပဲ ငတ်ဖို့ များပါတယ်။ ဒီလိုအိမ်ထောင်ဦးစီးမျိုးက အိမ်ရဲ့ အကျိုးစီးပွားအတွက် ဒီဓားကို ဝယ်ရတာပါလို့ ဘယ်လောက်ပဲ လူကြားကောင်းအောင် ဟစ်နေနေ၊ ဒါကို ရူးသွပ်မှု လို့ပဲ လူအများက သုံးသပ်ပါလိမ့်မယ်။ ပိုပြီး ဆိုး တာက အဲဒီဓားကြီးကို ကိုင်ပြီး အိမ်က လူတွေကို ခုတ်မယ်တကဲကဲ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ အိမ်တအိမ်မှာ အဲလိုအရူးက အိမ် ထောင်ဦးစီး လုပ်နေလို့ မရတာကတော့ အသေအချာပါပဲ။ အရူးကို မဖယ်ရှားနိုင်ရင်တော့ အဲဒီအိမ်တအိမ်လုံး ဒုက္ခဆင်းရဲ ကြုံကြရ မှာပါ။

နိုင်ငံတွေမှာလဲ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေတိုင်းမှာ စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ သုံးစွဲကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဂျီဒီပီများလေ စစ်အသုံးစရိတ်ကလဲ ကြီးလာလေလေပါပဲ။ နိုင်ငံရဲ့ National Power ကလဲ တိုးလာလေလေပါပဲ။ ရေမြင့်လို့ ကြာတင့်တာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းပြည်စီးပွားရေးကလဲ ဆုတ် ယုတ်၊ စစ်အသုံးစရိတ်ကလဲ ကြီး၊ စစ်အသုံးစရိတ်ကြီးလာလို့ စီးပွားရေးက ပိုဆုတ်ယုတ်နဲ့ သံသရာလည်နေတဲ့ နိုင်ငံတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပေမယ့်လဲ နိုင်ငံတကာ စစ်အင်အား အဆင့်အတန်းကလဲ မမှီနိုင်၊ စီးပွားရေးအင်အား အဆင့်အတန်းကလဲ ဆုတ်ယုတ်ပျက်စီး၊ အုပ်ချုပ်သူတွေကို အဖိနှိပ်ခံပြည်သူတွေက တော်လှန်လာကြတဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုကလဲ မရ၊ နိုင်ငံ တော်အုပ်ချုပ်သူများ အတွက်ကလဲ ဘယ်အရာကို ဘယ်အချိန်မှာ ဦးစားပေးရမှန်း မသိပဲ ဝမရှိပဲ ဝိလုပ်ချင်တဲ့ မိုက်မဲရူးသွပ်နေသူ များအဖြစ်သာ ကမ္ဘာက သတ်မှတ်ခံရနဲ့ national power လဲ မရ၊ တိုင်းပြည်သိက္ခာကျတာပဲ အဖတ်တင်ကျန်ရစ်တတ်ပါတယ်။ ရေမ မြင့်တဲ့အတွက် ကြာလဲ မတင့်ပါ။ ဖွတ်မရ၊ ဓားမဆုံးပြီး၊ နိုင်ငံသူ၊ နိုင်ငံသားတွေမှာသာ ရေနည်းငါး ဘဝလို မျက်နှာငယ်ကြရပါတော့ တယ်။

အမျိုးအစားကွဲပြားမှုများ

Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွဲခြားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ပထမ အမျိုးအစားကတော့ အရေးကြီးမှုအပေါ်မှာ အခြေခံပြီး အမျိုးသားအကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွဲခြားဖော်ပြပါတယ်။ ဥပမာ စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ့ အမေရိကန်ပြည် ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ့ ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေ ရဆိုတာက အမေရိကန်ရဲ့ secondary interest ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့ permanent interests ဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့ general interests ခွဲခြားသတ် မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အ ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ general interest ပဲ ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ compatibility ပေါ်မှာ အ ခြေခံပြီး complementary interests နဲ့ conflicting interests ဆိုပြီး ခွဲခြားသတ်မှတ်မှု ဖြစ်ပါတယ်။ ဥပမာ ကိုဆိုဗိုအရေးမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုက complementary interest ဖြစ်ပြီး၊ ဆာဗ့်တွေကို ရုရှားတွေက ကူညီမှုကကျတော့ conflicting interest ဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေမှာ ဒီလိုအမျိုးအစား ကွဲပြားမှုတွေက အလွန်အရေးကြီးပါတယ်။ ဥပမာ- တခြားနိုင်ငံတခုရဲ့ လူ့အ ခွင့်အရေးကိစ္စတွေဆိုတာက Permanent, general, secondary interests ဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ လူ့အ ခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံငယ်တွေ အပေါ်မှာသာ အရေးယူမှုတွေ ပြုလုပ်တတ်ပေမယ့် နိုင်ငံကြီးတွေအပေါ်ထားရှိတဲ့ နိုင် ငံခြားရေး မူဝါဒတွေမှာကျတော့ ရှေ့တန်းတင်လေ့ မရှိတတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ အမေ ရိကန်ပြည်ထောင်စု အနေနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ ဒီအချက်ကို ထည့် သွင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ တရုတ်ပြည်ကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်စေနိုင်မှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ ဆိုးဝါးတဲ့ အကျိုးသက်ရောက်စေမှု၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်း ချက်ရှိစေမှု စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေက ရေးသား တင်ပြထားကြပါတယ်။ အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ န ယူးကလီးယားအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လျော့နည်းသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မြောက်ကိုးရီးယားအရေးဟာ အမေရိကန် ပြည်ထောင်စုရဲ့ specific interests ဖြစ်ပြီး၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးးဖောက်မှုကကျ တော့ general interestsပဲ ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိနိုင် ပါတယ်။ ဒီလို competing interests တွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူမကျနိုင်ပါဘူး။ ဥပမာ ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက် က general, temporary and secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျိုးသားအကျိုး စီးပွားသတ်မှတ်ချက် ကကျတော့ specific, permanent and vital interests ဖြစ်သွားပါပြီ။ ဒီလိုပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လဲ တရုတ်နဲ့ အမေရိ ကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေက မတူညီပါဘူး။ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ဆိုင်တဲ့ အတွက် general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ရေးနဲ့ ဆိုင်တာ ဖြစ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ တွဲစပ်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတာက တ ကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမေရိကန် ရေတပ်ထိန်း ချုပ်ထားတဲ့ မလက်ကာရေလက်ကြားကနေတဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေတဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလား အလာ ရှိနေတာ၊ မဟာဗျူဟာ စီမံကိန်းတွေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ တခုဖြစ်နေတာက တကြောင်း စတာတွေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital interests ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိ ကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ထိပ်တိုက် ဖြစ်လာနိုင်စရာ အ ကြောင်း မရှိပါ။ အမျိုးသားအကျိုးစီးပွားနှစ်ခု ထပ်တူ မကျနေတဲ့အတွက် vital interests အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ နယ်မြေဒေသကို secondary interests အဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်က စစ်အင်အားသုံးပြီး ဝင်လာနိုင်စရာ အကြောင်း မရှိ ရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို သတိမမူတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြ ဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ မြန်မာအတိုက်အခံတွေအနေနဲ့ အမေရိကန်တွေကပဲ အီရတ်ကို ဝင်သလို မြန်မာပြည်ကို ဝင်လာလေမလားဆိုပြီး စိတ်ကူးယဉ်မိသွားတတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အီရတ်က အမေရိကန်အတွက် vital interests ဆိုတာ ကို သတိပြုမိဖို့ လိုအပ်လှပါတယ်။ ဒီလို သတိမမူ၊ ဂူမမြင်တာတွေ များလာတဲ့အခါကျရင် “အမောင်၊ တောင်မှန်း၊ မြောက်မှန်း မသိ” ဖြစ်ကိန်း ဆိုက်တတ်တာကြောင့်ပါ။

နာဂစ်ကာလတုန်းက အမေရိကန်တပ်တွေ မြန်မာပြည်ကို ဝင်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Responsibility to Protect ထဲမှာ ပြဌာန်းထားတဲ့ အချက်တွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ စကားလုံး မပါဝင်ပါဘူး။ ဆွဲယူအသုံးပြုမှသာ အကျုံး ဝင်မှာ ဖြစ်ပါတယ်။ ဒီလိုဆွဲယူအသုံးပြုပြီးမှ ပြင်သစ်က ဦးဆောင်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပါတယ်။ လုံခြုံရေးကောင် စီဆိုတာကလဲ log-rolling problem ရှိတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မကျလာပါဘူး။ အဲဒီအခါမှာ ကမ္ဘာ့ကုလသမဂ္ဂ က authorised လုပ်တဲ့ multilateral intervention မဟုတ်တဲ့ coalition အသွင်သဏ္ဍာန်နဲ့ multilateral intervention တွေ၊ unilateral intervention စတာတွေကို ထပ်မံတောင်းဆိုကြပါတယ်။ ဒါပေမယ့် ဝင်ရောက်ခြင်း မပြုခဲ့ကြပါဘူး။ အဓိကကတော့ ဖြစ် တဲ့ ကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ အစိုးရရဲ့ လျစ်လျူရှုမှုဖြစ်တဲ့အတွက် တခြားနိုင်ငံတွေ အတွက် general, temporary, secondary interests ဖြစ်နေရခြင်းကြောင့်ပါပဲ။ နိုင်ငံတကာ ဥပဒေအရမှာလဲ legitimized intervention မဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ အများအပြား ရှိလာနိုင်လို့ဖြစ်ပါတယ်။ ဒီလို အမျိုးသားအကျိုးစီးပွား သဘောတရားကို သတိမမူတဲ့ အတိုက်အခံတွေက ဒါကို နိုင်ငံတကာက ပါးစပ်နဲ့ပဲ ပြောတယ်၊ ဘာရယ်နဲ့ အပြစ်တင်ဝေဖန်ကြပြန်ပါ တယ်။ အာဏာရှင်ဘက်တော်သားတွေကလဲ အမေရိကန်နဲ့ ဥရောပတို့ကပဲ သူတို့ရဲ့ စစ်အင်အားကို ကြောက်လန့်လို့ မဝင်ရဲသလိုလို ဆိုကြပြန်ပါတယ်။ ဒါကို အကြောင်းပြုပြီး တဘက်နဲ့ တဘက် အင်တာနက်ပေါ်မှာ ငြင်းခုန်ရန်ဖြစ်နေကြသူတွေကလဲ ရှိပြန်ပါသေး တယ်။ တောထဲမှာ အလေ့ကျပေါက်တဲ့ အရွက်ကို ခုမှ စမြင်သူအချင်းချင်း တယောက်က အေ အရွက်လို့ပြော၊ နောက်တယောက်က ဘီ အရွက်လို့ ပြောပြီး ငြင်းနေကြတာနဲ့ အတူတူပါပဲ။ အချိန်ကုန်၊ လူပမ်းပြီး ဘာမှလဲ အကျိုးရှိတာ မဟုတ်ပါ။

ဒီကြားထဲ ကိုးကိုးကျွန်းကို အမေရိကန်ရေတပ်ကို နှစ်တရာတပ်စွဲခွင့်ပေးပြီး၊ မြန်မာကို အမေရိကန် ဝင်ပေးပါလို့ ပြောပေးကြပါ ဆိုတဲ့ စာတွေကလဲ ထွက်လာပြန်ပါသေးတယ်။ ဒီထက် ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေပိုင်နက် အငြင်းပွားတာကို စစ်ဖြစ်လာရင် တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အမေရိကန်က ဝင်ကူညီပေးပြီး မြန်မာအာဏာရှင်စစ်တပ်ကို တိုက်လိမ့်မယ် ဆိုတာမျိုးတွေ ပြောပြီး မြန်မာလူထုကို မဆက်စပ်၊ မသက်ဆိုင်တဲ့ အတွေးမှား၊ မျှော်လင့်ချက်မှားတွေ ပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဟာ နိုင်ငံ တော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတနိုင်ငံရဲ့ permanent and vital interests နဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ” ဆိုတာ မရှိနိုင်ကြောင်း ပြောဆိုထားခဲ့ဘူးပါ တယ်။ နိုင်ငံ ခေါင်းဆောင်များစွာကလဲ အမြဲတမ်း မဟာမိတ်၊ အမြဲတမ်း ရန်ဘက် ဆိုတာ မရှိနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ဖြစ် ပါတယ်။

အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ဖို့ လိုအပ်တဲ့ အဓိက အချက်ကတော့ စစ်အာဏာ ရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို မဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ National Power ကို လျော့ကျစေနိုင်တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လို အပ်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ကနေ မြန်မာတမျိုးသားလုံးကို တောင်း ဆိုလာတဲ့ temporary interests ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် permanent and vital interests ဖြစ်တဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ စတာတွေကို ဘယ်သူကမှ ဘာအကြောင်းကြောင့်မှ compromise လုပ်လို့ မရပါဘူး။

ကိုယ့်ရန်သူရဲ့ ရန်သူတိုင်းကို မိတ်ဆွေဖွဲ့လို့ မရပါဘူး။ ကိုယ့်ရန်သူရဲ့ မိတ်ဆွေတိုင်းကို ရန်သူသတ်မှတ်လို့ မရပါဘူး။ အမျိုးသား အ ကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ လက်လွတ်စပယ် လုပ်ကိုင်ဆုံးဖြတ် လို့ မရပါဘူး။ ဒီလိုပါပဲ။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာလဲ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးစနစ် မှန်ကန်ကောင်းမွန် လာချိန်ကျမှ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေ၊ ပြည်သူ့ဆန္ဒခံယူပွဲတွေနဲ့ စဉ်းစားသတ်မှတ်ကြရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ လူမျိုးစုသတ်မှတ်ရေး၊ နယ်မြေပိုင်နက် ခွဲဝေသတ်မှတ်ရေး ကိစ္စရပ်တွေ အားလုံးကို ဘယ်လိုလူတွေက ဘယ်လိုကတိတွေပဲ ပေးထားခဲ့သည်ဖြစ်စေ၊ ဘယ် လိုနိုင်ငံတွေက ထောက်ခံမှုပြုသည်ဖြစ်စေ ဒါတွေဟာ အကျုံးမဝင်ပါဘူး။

ဘာတွေပဲ ပြောနေနေ လက်တွေ့မှာကျတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး မြန်မာတမျိုး သားလုံးရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှု တွေ၊ အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး ခွပ်ခိုင်းမှုတွေ ရှိနေသမျှကာလပတ်လုံး အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ တန်းတူညီမျှရေး ကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေတာက စစ်အာဏာရှင် စနစ်သာ ဖြစ်ပါတယ်။ တပ်မတော်မဟုတ်ဘူး။ ဒါပေမယ့် တပ်မတော်ဟာ စစ်အာဏာရှင်စနစ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့အတွက် ဖျက်ဆီးသူတွေထဲမှာ ပါဝင်နေတယ်။ ရဲတပ်ဖွဲ့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ မတရားတဲ့ ဥပဒေတွေကို ရဲတပ်ဖွဲ့က အ သုံးပြုနေကြရတယ်။ ကြံ့ဖွံ့တွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်ဒေါက်တိုင်အဖြစ် စနစ်ကို ထောက်မထားသလို ဖြစ်နေတယ်။ ဒါ ကြောင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်ထဲ၊ ရဲတပ်ဖွဲ့ထဲ၊ ကြံ့ဖွံ့ထဲ ဝင်ရောက်ခဲ့သူတွေဟာ ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး အာဏာရှင်စနစ်ကို ဖီဆန်ဆန့်ကျင်ဖို့ လိုအပ်လှပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်အာဏာရှင်စနစ် ဆိုး အောက်ကနေ လွတ်မြောက်ရေးအတွက် တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ အပါအဝင် မြန်မာ တမျိုးသားလုံး လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင်ဖို့က လက်တွေ့ကျသော လုပ်ငန်းစဉ် တိုက်ပွဲဝင်လမ်းကြောင်း တရပ်အဖြစ် လိုအပ် နေပြီ ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကို အချို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့နဲ့ ယှဉ်ပြီး ပေါ်ထွက်လာတယ်လို့ ထင်တတ်ကြတယ်။ ဒါတွေဟာ strategy framework သဘောတရားအပေါ်မှာ ကွဲလွဲစွာ နားလည်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းဆောင်တာမှာမဆို ends (အဆုံးသတ် ပန်းတိုင်)၊ ways (သွားမယ်လမ်းကြောင်း) နဲ့ means (resources) သုံးမျိုး ဟန်ချက်ညီမှ အောင်မြင်နိုင်တာ ဖြစ်တယ်။ ကျောင်းသားတယောက်က ဘဝမှာ ဘွဲ့တခုရဖို့ လိုအပ် တယ်လို့ ယူဆတယ်။ အဲဒီအခါမှာ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထားတယ်။ ဘွဲ့ရဖို့ ကြိုးစားမယ်ဆိုပြီးတော့လဲ မိဘဆွေမျိုး အသိုင်း အဝိုင်းကို ကြေညာတယ်။ ဒါက ends ဖြစ်တယ်။ ဒါပေမယ့် ဒါတခုတည်းနဲ့တင် မပြီးသေးဘူး။ ဒီလိုဘွဲ့ရဖို့အတွက် ဆယ်တန်းအောင် ရမယ်၊ တက္ကသိုလ် တက်ရမယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စာမေးပွဲတွေ အဆင့်ဆင့် ဖြေရမယ်။ ဒါက ways ဖြစ်တယ်။ ဒီလို ရှိရုံလောက်နဲ့လဲ မရသေးဘူး။ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်း အဆင့်ဆင့်မှာ အချိန် ကုန်မယ်၊ ငွေကုန်မယ်၊ လူရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိမယ်။ ဒါတွေက means တွေပဲ ဖြစ်တယ်။

မြန်မာပြည်အရေးမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတာတွေက မြန်မာနိုင်ငံ အနာဂတ် အတွက်လိုအပ်တဲ့ အမျိုးသားအကျိုးစီးပွားတွေ ဖြစ်တယ်။ တမျိုးသားလုံး ဦးတည်ရမယ့် ပန်းတိုင် ends ဖြစ်တယ်။ အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုဆိုတာက ဒီပန်းတိုင်ကို ရောက်အောင်သွားဖို့ လမ်းကြောင်းအဆင့်ဆင့်ထဲက အဆင့် တဆင့်သာပဲ ဖြစ်ပါတယ်။ ways တွေထဲက တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းဖော်ဆောင်မှုတွေမှာ strategic picture တခုလုံးကို ခြုံငုံကြည့်ပြီးမှ complementary interests လား၊ competing interests လားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုအပ်လှပါတယ်။ ဒီလို မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေလို့ကတော့ ဟင်္သာကိုးသိန်း ပျက်ကိန်း ကြုံပါလိမ့်မယ်။ ပင်လယ်ထဲ သင်္ဘောပျက်နေချိန်မှာ အ သက်ကယ်လှေတွေပေါ် လူတွေရောက်ဖို့က အရေးကြီးပါတယ်။ သင်္ဘောပျက်နေမှ သင်္ဘောဆောက်ပြီး ကယ်ဖို့ လုပ်နေလို့မရပါဘူး။ သင်္ဘောဆောက်တာကတော့ ရေရှည်အတွက် ဆောက်ဖို့လိုမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီသင်္ဘောနဲ့ပဲ ကယ်မယ်လုပ်နေလို့တော့ မရပါ ဘူး။ ရေတို၊ ရေရှည် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ရေရှည်ပဲ အာရုံစိုက်နေရင် နောက်တွန့်ပါတယ်။ ရေတိုပဲ အာရုံစိုက်နေရင် ရှေ့ကျွံပါတယ်။ ဟန်ချက်မညီရင် အောင်မြင်မှုရမှာလဲ မဟုတ်ပါ။ ပြည်တွင်းပဋ္ဋိပက္ခမှာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပဋ္ဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာက မူဝါဒတွေ၊ မဟာဗျူဟာတွေကို အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။ အမျိုး သားအကျိုးစီးပွားရဲ့ အမျိုးအစားကွဲပြားမှုတွေ အပေါ်မှာ အခြေခံပြီးမှ strategy framework ကို ချမှတ်မယ်ဆိုရင် အောင်မြင်ဖို့ အ လားအလာတွေ ပိုရှိမှာ ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အတိုချုပ်အနေနဲ့ ရေးသားတင်ပြပြီး မြန်မာပြည် နဲ့ ဆက်စပ်တဲ့ အကြောင်းအရာအချို့ကို ယေဘုယျဥပမာအနေနဲ့ ထည့်သွင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျိုး သားအကျိုးစီးပွားကို သီးသန့်ရေးသားထားတဲ့ ဆောင်းပါးမဟုတ်ပါဘူး။ ရေးသားထုတ်ဝေဖို့ လိုအပ်သော အချိန်ကာလ မဟုတ်သေး ပါ။ ကုလားစာ၊ ဘိုစာ၊ တရုတ်စာ ချက်စားဖို့ နေနေသာသာ မီးဖိုထဲ ဝေးလို့ အိမ်ထဲတောင် ရောက်သေးတာ မဟုတ်ပဲ ဘိုစာကောင်း တယ်၊ တရုတ်စာ ကောင်းတယ်နဲ့ ငြင်းခုန်ဆွေးနွေးမှုတွေကိုလဲ စိတ်ပါဝင်စားမှု မရှိလှပါ။ ကုလားစာ ချက်လိုသူက တကယ်ချက်ရမယ့် အချိန်မှာ မှန်မှန်ကန်ကန် ချက်တတ်အောင် ပြင်ဆင်လေ့လာထားဖို့၊ ဘိုစာ ချက်လိုသူက မီးဖိုထဲရောက်မှ ဟိုဟာမသိ၊ ဒီဟာမသိနဲ့ အင်္ဂလန်မှ စားဖိုမှူးများ ပြန်ပင့်နေရတဲ့ ဘဝ မရောက်ဖို့၊ တရုတ်စာ ချက်လိုသူကလဲ မီးဖိုထဲရောက်မှ ရွာရိုးကိုးပေါက် ပြန်ထွက် လျှောက်ပြီး သားလှီးဓား လိုက်ရှာနေရတဲ့ ဘဝမရောက်ဖို့ကိုသာ ကိုယ့်အသိနှင့်ကိုယ် ဝိုင်းဝန်းကြိုးပမ်း ပြင်ဆင်ထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး
(၂၅၊ ၂၊ ၂ဝ၁ဝ)


ရည်ညွှန်းကိုးကား ...

St. Thomas Aquinas, Summa Theologica, 2-2ae, Quest. 40, Art. 1 in Aquinas, Selected Political Writings, trans. J. G. Dawson (Oxford: Blackwell, 1948).

Hans J. Morgenthau, Politics Among Nations (6th ed.; New York: Knopf, 1985).

Niccolo Machiavelli, The Prince and the Discourses (New York: Random House, 1940).

Morgenthau, “Alliances in Theory and Practice,” in Arnold Wolfers, ed., Alliance Policy in the Cold War (Baltimore: Johns Hopkins Univ. Press, 1959).

Donald E. Nuechterlein, America Overcommitted: United States National Interests in the 1980s (Lexington: Univ. of Kentucky Press, 1985)

K. J. Holsti, International Politics: A Framework for Analysis, 5th ed. (Englewood Cliffs, N.J.: Prentice Hall, 1988)

Paul M. Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500-2000 (New York: Random House, 1987)

Barry O’Neill, “Power and Satisfaction in the United Nations Security Council,” Journal of Conflict Resolution, 40 (June 1996), 219-37;

Stephen M. Wait, “The Search for a Science of Strategy, A Review Essay,” International Security, Summer 1987, Vol. 12, No. 1, pp. 142-143

Photos by: http://www.art2bank.com/
http://www.naytthit.com/

ဦးတေဇပိုင်သည်ဆိုသောဗိုလ်တထောင်ဘုရားကမ်းနားက အပျော်စီးမော်တော်ဘုတ်




ပေါက်ယူချန်းနှင့် ဗိုလ်ချုပ်ကြီးရဲမြင့် တန့်ယန်းမြို့တွင် တွေ့ဆုံခြင်းနှင့် ပတ်သက်လို့ ဦးအောင်ကျော်ဇောကို မေးမြန်းခြင်း

http://ifile.it/bajdqnmP.O. Box – (101), Mae Sod, Tak. P.O. Box – (101), Mae Sod, Tak.

လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့် ဆွေးနွေးပွဲ မဖြစ်


(UDP ဥက္ကဋ္ဌ ဦးသုဝေနှင့် တွေ့ဆုံမေးမြန်းချက်)

မဇ္ဈိမသတင်းဌာန
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂ဝ၁ဝ ခုနှစ်။

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်မလာခြင်းသည် စစ်အစိုးရနှင့် အတိုက်အခံအကြား လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့်ဖြစ်သည်ဟု မြန်မာပြည်တွင်းရှိ UDP ခေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်သာ ဆွေးနွေးလိုသော်လည်း NLD ဘက်က (မြန်မာ့ဒီမိုကရေစီခေါင်းဆောင်) ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ဆွေးနွေးမည့်သူအဖြစ် သဘောထားရှိနေသဖြင့် ထိုသို့သော လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့်သာ တွေ့ဆုံဆွေးနွေးရေး အဆင်မပြေဖြစ်ရကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးက ပြောဆိုခြင်း ဖြစ်သည်။

UDP သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ထားသည့်အလျောက် UDP ဖွဲ့စည်းပုံ၊ လှုပ်ရှားမှု၊ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် ရလဒ်၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ အမေရိကန်အစိုးရ၏ မြန်မာပြည်အပေါ် ထားရှိသည့် engagement မူဝါဒအသစ်၊ အိမ်နီးချင်း နိုင်ငံကြီးများ၏ ရပ်တည်ချက် စသည်တို့ကို သိရှိနိုင်ရန် ထိုင်းနိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော UDP ဥက္ကဋ္ဌ ဦးသုဝေကို မဇ္ဈိမသတင်းဌာန မန်းနေးဂျင်း အယ်ဒီတာ စိန်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။


ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိလှုပ်ရှားမှုအခြေအနေကို အကျဉ်းချုံး ရှင်းပြပေးပါခင်ဗျ။

ကျနော်တို့က လာမယ့် အထွေထွေ ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ယူဆတယ်ပေါ့နော်။ အရေးကြီးတယ်လို့ ယူဆပေမယ့်၊ ဒီရွေးကောက်ပွဲ ဥပဒေတွေကလည်း မထွက်သေးဘူး။ တရားဝင် မလုပ်နိုင်သေးဘူးပေါ့နော်။ မလုပ်နိုင်သေးပေမယ့် မလုပ်ရင် ကျနော်တို့က တိုင်းပြည်အတွက်လည်း နာမယ်၊ ကျနော်တို့လည်းပဲ အချိန်နောက်ကျသွားမယ်လို့ ယူဆတဲ့အတွက် ကျနော်တို့က စွန့်စားပြီးတော့ လုပ်နေပါတယ်။

ပါတီဖွဲ့စည်းပုံကို ကျနော်တို့ ဖွဲ့စည်းတဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပြီးတော့ အမျိုးသမီးအဖွဲ့ကို ဖွဲ့တယ်၊ လူငယ်အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့တယ်။ အဲဒါပြီးတဲ့နောက် ကျနော်တို့ မြို့နယ်တွေနဲ့ တိုင်းတွေအချို့ကို စပြီးတော့ ဖွဲ့စည်းပါတယ်။

အခုအခြေအနေမှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမယ်လို့ အန်ကယ့်အနေနဲ့ ထင်သလား။

အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူထုကို ပြောတယ်ပေါ့နော်။ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ သူက ပြောတယ်။ နောက်တခုကတော့ နိုင်ငံခြားရေးဝန်ကြီးကလည်းပဲ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုပ်ပေးပါမယ်လို့ ပြောတယ်။

သူတို့က ဒီလိုအများကို ထုတ်ပြီးတော့ ပြောတာကြတော့ကာ သူတို့ပြောတာကို ကျနော်တို့က ကြိုဆိုတယ်။ ကောင်းတဲ့ ပြောခြင်းပဲ။ သို့သော် လက်တွေကတော့ အဲသလို ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း နေမယ်။ ကျနော်တို့ကတော့ လောလောဆယ်မှာ ယုံလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာတကာမှာ သံသယတွေထားရင် အလုပ်မဖြစ်ဘူး။

အန်အယ်ဒီအနေနဲ့ရော ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့်တယ်လို့ ထင်သလားခင်ဗျ။

ဒီလို ပါတီတခုဆိုသည်မှာကတော့ သူတို့ပါတီရဲ့ အခြေအနေ၊ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို ပါတီဝင်တွေက ဆုံးဖြတ်တာဆိုတော့ သူတို့ရဲ့ အခြေအနေအရ သူတို့ဆုံးဖြတ်တာပေါ့။ ကျနော်တို့ကတော့ သူတို့ကို ဝင်စေချင်တယ်၊ ပါစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါ ကျနော်တို့က ပါဝင်တဲ့ လူတွေများလေလေ၊ လူထုက လူတော်လူကောင်းတွေ ရွေးနိုင်လေလေ ဖြစ်လို့ ပါစေချင်တယ်။ ပါတာ၊ မပါတာကတော့ သက်ဆိုင်ရာ ပါတီရဲ့ ဆုံးဖြတ်ချက်ပေါ့ဗျာ။

ဒီရွေးကောက်ပွဲကနေ ဘယ်လိုတွေ ဖြစ်လာနိုင်မယ်လို့ အန်ကယ် မျှော်လင့်ထားလဲ။ အရပ်သားတွေဘက်က ဘာတွေ ရလာနိုင်မယ်လို့ မျှော်လင့်လဲ။

ဒီရွေးကောက်ပွဲဖြစ်ရင်ပေါ့နော်၊ ရွေးကောက်ပွဲ လာပြီဆိုတာနဲ့ အခု လက်ရှိ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေတာ။ ဒီစစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေရာမှ နေပြီးတော့ ရွေးကောက်ပွဲပြီးသွားတာနဲ့ စစ်အစိုးရစနစ် မဟုတ်တော့ဘူး၊ အရပ်သားအစိုးရ ဖြစ်လာပြီ။ ဒီစနစ်အပြောင်းအလဲဆိုတာကလည်း နည်းတဲ့ အပြောင်းအလဲ မဟုတ်ဘူး။ ဒီအပြောင်းအလဲမျိုးကလည်းပဲ အခွင့်အရေး တခါပဲရတယ်။

ဒါကြောင့်မို့လို့ ဒီအပြောင်းအလဲကို ကျနော်တို့ ပါတီက တကယ့်ကို ဆုပ်ကိုင်ပြီးတော့ အသုံးချမယ်။ အဲဒီအရပ်သား အစိုးရဖြစ်လာရင် အဲဒီအရပ်သားအစိုးရက ဒီမိုကရေစီ အရပ်သားအစိုးရ ဖြစ်လာအောင်ကတော့ လူထုမှာ ရှိတယ်။

အန်ကယ့်ပါတီက မကြာသေးခင်က ပြောထားတာရှိတယ်။ အခုချိန်ထိ ရွေးကောက်ပွဲဥပဒေက ထွက်မလာသေးဘူး။ အဲဒီတော့ ရွေးကောက်ပွဲဝင်ဖို့ကို ပြန်စဉ်းစားရပါမယ်ဆိုတဲ့ဟာ။ အဲဒီအပေါ်မှာရော အန်ကယ့်အနေနဲ့ ဘာများ ထပ်ပြောချင်သေးလဲ။

အမှန်အတိုင်းဆိုရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ဆိုတာ အချိန် အများကြီး လိုပါတယ်။ တနှစ်နဲ့တောင်မှ လူထုဆီကို အပြည့်အဝ ရောက်လိမ့်မယ် မထင်ဘူး။ အများကြီး လိုသေးတယ်။ ဒါက တကယ်လိုတာကို ပြောတာ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို အချိန်မီဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုခဲ့တာပေါ့နော်။

ဒါပေမဲ့ သူတို့ကလည်း ပြန်ကြားချက် မရှိပါဘူး။ အချိန်ကလည်း အဲလောက် မရပါဘူး။ မရပါဘူးဆိုတဲ့အခါကျ သူတို့ မဝင်တော့ဘူးဆိုရင် သူတို့ မူလက ရည်ရွယ်ချက် ဥစ္စာက တိုင်းပြည်အတွက် နစ်နာသွားမှာပေါ့။

ဒါကြောင့်မို့လို့ တရားမဝင် နဂိုကတည်းက လုပ်နေတာပေါ့။ ဟိုဟာကြီးကို စောင့်နေတော့ကြတော့ အကယ်၍များ လုပ်ချိန်မရရင် မဝင်ဘူးပေါ့။ အခုတော့ တရားမဝင် လုပ်နေတဲ့အတွက်ကြောင့် ရတဲ့အချိန်ဟာ တို့အတွက်အမြတ်ပဲ ဆိုပြီးတော့ ဒီလိုလုပ်မှာပါ။

လက်ရှိမြန်မာပြည်ရဲ့ အနေအထားက ရွေးကောက်ပွဲလား ဒါမှမဟုတ် တခြား ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ဘာတွေလဲ။

မြန်မာပြည်မှာက ပြဿနာ စိန်ခေါ်မှုတွေက အများကြီးပဲ။ အခု တွေ့ဆုံဆွေးနွေးရေးဆိုတာ နည်းတဲ့ ပြဿနာမဟုတ်ဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးဆိုတာကလည်း ဒီပြဿနာလည်း အကြီးကြီးပဲ မလွယ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ Reconcile အတူမလုပ်နိုင်တာ ဘာကြောင့်လို့ အန်ကယ်ထင်လဲ။

တွေ့ဆုံဆွေးနွေးရေး လုပ်လာတာ အနှစ် ၂ဝ ရှိပြီ။ နည်းနည်းလေး မဟုတ်ဘူး။ အကြိမ်ကြိမ် တွေ့တာ၊ ဆယ်ပေါင်း ရာပေါင်းနဲ့ချီ တွေ့ဆုံပွဲတွေ သူတို့လုပ်တာ။ မအောင်မြင်ဘူး။ မအောင်မြင်တာက သူတို့ပြောပုံဆိုပုံတွေကို ကျနော်တို့က တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ သူတို့ ဘာတွေပြောကြသလဲဆိုတာ ထုတ်ပြန်ခြင်း မရှိဘူး။ ထုတ်ပြန်ခြင်း မရှိဘူးဆိုတော့ အသေးစိတ်ကို ကျနော်တို့ မသိရဘူး။

မသိရပေမယ့် သူတို့တွေ ပြောပုံဆိုပုံတွေ ဘာတွေကို ကြည့်ရခြင်းအားဖြင့်တော့ ဘာက အထစ်အငေါ့ ဖြစ်နေသလဲလို့ ဆိုလို့ရှိရင် လူပုဂ္ဂိုလ် အထစ်အငေါ့ပဲလို့ ကျနော်တော့ ထင်တယ်။ ဘာဖြစ်လို့လဲလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တော့ တောင်းဆိုတဲ့နေရာမှာ သူတို့က ပြောဆိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုချင်ဘူးပေါ့နော်။

ဒါပေမဲ့ NLD နဲ့ တွေ့ဆုံမယ်ဆိုပြီးတော့ သူတို့ ချဉ်းကပ်တယ်၊ ဒီအစိုးရက။ ဒါပေမဲ့ NLD အဖွဲ့ကလည်းပဲ၊ သူတို့က ဘာပြန်ဖြေလဲဆိုတော့ NLD အဖွဲ့ကို ခေါင်းဆောင်မှာက ဒေါ်စု၊ ခင်ဗျားတို့ ဒေါ်စုနဲ့ပဲ ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ဆွေးနွေးတဲ့ အဖွဲ့မှာ ဒေါ်စုကို ခေါင်းဆောင်ပေးပါ။ သူတို့က ဆွေးနွေးချင်တယ်ပေါ့နော်။ ဟိုကနေပြီးတော့ ကမ်းလှမ်းတဲ့အခါမှာ။ ဒီအစိုးရကလည်း ဘာလဲဆိုတော့ ဒေါ်စုကို မလိုချင်တာ။ သူပါနေလို့ကို မဆွေးနွေးတာ။

ဒါဆိုရင် ဒီတွေ့ဆုံဆွေးနွေးဖို့က ဖြစ်နိုင်ဖို့ အတော်နည်းနေတဲ့ သဘောပေါ့။

ကျနော်တို့ကတော့လေ တွေ့ဆုံဆွေးနွေးရေးက အမှန်တော့ ဖြစ်နိုင်ရင် သိပ်ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ညင်ညင်သာသာနဲ့ အပြောင်းအလဲဖြစ်မှာပါ။ ဒါပေမဲ့ ခုန အတားအဆီးကြောင့် ဖြစ်ဖို့က မလွယ်ဘူးလို့ ယူဆတယ်။ မလွယ်တဲ့ အတွက်ကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို ဝင်ပြီးတော့ ဒီနည်းဟာ တခြားနည်း တနည်းပဲဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်တာ။

ဒီနိုင်ငံရေး အကျပ်အတည်းမှာ ဒီရွေးကောက်ပွဲက ထွက်ပေါက်တခုရယ်လို့ ပြောတာ၊ NLD အနေနဲ့ ရွေးကောက်ပွဲဝင်မယ်၊ တဖက်ကလည်း စစ်အစိုးရအနေနဲ့ သူ့ရဲ့ ပါတီတွေတော့ ရှိလာမှာပေါ့လေ။ အန်ကယ်တို့အနေနဲ့ အဲလိုကြားမှာ ယှဉ်ပြိုင်ရတာ အခက်အခဲ မကြီးနိုင်ဘူးလား။

ဒီလို။ ဒါကတော့ ရွေးကောက်ပွဲဆိုသည်မှာကတော့ အဖြေက ဘယ်လိုလာမှန်း မသိသေးဘူးနော်။ အခြေအနေ ဘယ်လို လာမှန်း မသိသေးဘူးဆိုတော့ ကျနော်တို့ကတော့ နိုင်ငံရေးပါတီတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်စေချင်တယ်။ ဥပမာအားဖြင့် ဖြစ်နိုင်တဲ့ NLD လည်း တပေါင်းတည်း ဖြစ်စေချင်တယ်။ ဟိုးအရင် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ဖြစ်ဖို့ ကြိုးစားတယ်။

ဖြစ်ဖို့ ကြိုးစားတယ်ဆိုတာက ဒေါ်စုကလည်း ဖြစ်စေချင်တယ်။ သူပဲ ကျနော့်ကို အစပေးထားတာ အတူဆွေးနွေးရအောင် ဆိုတော့ ကျနော် သွားတယ်။ ဆွေးနွေးတော့ သူက ချက်ချင်းပဲ ပြောတယ်။ အတူတူလုပ်ကြရအောင် ဆိုတဲ့အကြောင်းကို ပြောတယ်။

ကျနော်ကလည်း သဘောကျပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘာဖြစ်နေလဲလို့ဆိုတော့ ဦးနုကလည်း ရှိတယ်။ ဦးနုက ရှိတော့ ကျနော်က ပြောတယ်။ ကျနော်နဲ့တင် မပေါင်းပါနဲ့ ဦးနုနဲ့ပေါင်းပါ သူက အရေးကြီးတယ်ဆိုတော့ ဒေါ်စုကလည်း ဘာပြန်ပြောသလဲဆိုတော့ ကျမလည်း ပေါင်းချင်တယ်။

ဒါပေမဲ့ သူတို့အဖွဲ့တွေမှာ အဲဒီတုန်းက ဦးအောင်ကြည်ကလည်း ရှိသေးတယ်။ ဦးအောင်ကြည်က ဦးနုက အိမ်ရှေ့ကတက်ရင် သူနောက်ဖေးကဆင်းမယ် ပြောနေတယ်။ အဲဒီတော့ကာ ဒီလိုလုပ်ပါလား ဦးသုဝေရယ်တဲ့၊ ရှင်က ဦးနုကို ဒီထဲပါလာအောင် လုပ်ပါ။ ကျမက ကိုအောင်ကြည်ကို နားလည်မှု ရှိလာအောင် လုပ်ပြီးတော့ ပေါင်းကြရအောင်ဆိုတော့ နားလည်မှု ရှိခဲ့ဖူးတယ်။ အဲဒီနောက်မှာ သူ အဖမ်းခံလိုက်ရတယ်။

အန်ကယ်က သတင်းစာ ဆရာကြီးတယောက်လည်း ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ရွေးကောက်ပွဲမှာ မီဒီယာရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးကြီးလဲ၊ မီဒီယာက ဘာတွေလုပ်နိုင်မယ်လို့ ထင်လဲခင်ဗျ။

မီဒီယာက အများကြီး လုပ်နိုင်တာပေါ့။ ဒီခေတ်မှာဆို ပိုပြီး လုပ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာပဲပြောပြော ဒီတိုင်းပြည်လူထုကို သိအောင် လုပ်ရမှာပေါ့။ နိုင်ငံရေးပါတီတွေက ဘာကြောင့် ရွေးကောက်ပွဲဝင်တယ်၊ သူတို့သဘောထားက ဘာလဲ၊ ဆိုတာတွေ ရှင်းပြနိုင်ဖို့ လိုတာပေါ့နော်။ အစိုးရလုပ်တာ ကောင်းတယ်၊ မကောင်းဘူး။ ဒီပါတီတွေက သူရှင်းပြတဲ့ဟာ ကောင်းတယ်၊ မကောင်းဘူး။ ဒီပါတီတွေက သူရှင်းပြတဲ့ဟာ သဘာဝကျတယ်၊ မကျဘူး။ သူတို့ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိရအောင် မီဒီယာက လုပ်ပေးရမှာ။ မီဒီယာရဲ့ အခန်းကဏ္ဍက အင်မတန်ကို ကြီးတယ်။ လုပ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ လုပ်ခွင့်သာ ရရင်။

စစ်အစိုးရကရော လုပ်ခွင့်ပေးမလား။

လုပ်ခွင့်သာ ရရင်ပေါ့နော်။ အခုတော့ အပြတ်ဖြတ်ထားတယ်။ မီဒီယာတွေ အရင်တုန်းက ရှိတာထက်ကိုတော့ နည်းနည်း ရေးပိုင်ခွင့်လေးတွေ ပေးလာတာကို တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့က ဘာပြင်ဆင်ထားလဲ။ ဒါကတော့ သူတို့ဘက်က ရွေးကောက်ပွဲပြီးမှပဲ သူတို့ဘက်က ပြင်ဆင်တာ ရှိလိမ့်မယ်။ ဥပမာ မြန်မာတိုင်းမ်တို့၊ ဘာတို့ ဆိုလို့ရှိရင် သတင်းစာတွေထိတောင် လုပ်ဖို့၊ ဂျာနယ်တွေ ထပ်ဖွဲ့ဖို့တောင် ရှိတယ်။

ဒီလောလောဆယ်တော့ ကျနော်တို့ အစည်းအဝေးတွေ ဘာတွေ လုပ်တယ်။ ကျနော်တို့ ပြောတဲ့ သဘောထားတွေကို ဖေါ်ပြလို့ မရသေးဘူး။ စာပေစိစစ်ရေးက တားထားတယ်။ ဒါ ဥပဒေ မထွက်သေးလို့ဆိုပြီး သူတို့က ပြောတယ်။

အမေရိကန်ရဲ့ လက်ရှိ ပေါ်လစီ၊ မြန်မာပြည်အပေါ်မှာ ထားရှိတဲ့ engagement ပေါ်လစီကို အန်ကယ့်အနေနဲ့ ဘယ်လိုမြင်လဲ။

အမေရိကန်ကတော့ အစတုန်းက နဝတ နဲ့ ဆန့်ကျင်တယ်ပေါ့နော်။ လွန်ခဲ့တဲ့ အစပိုင်းတုန်းကပေါ့။ အခု အိုဘားမားအစိုးရ တက်လာတဲ့အခါကျတော့ သူ့ပေါ်လစီ အပြောင်းအလဲ ရှိပါတယ်။ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖနဲ့ စကားပြောတယ်။ သူတို့ အဲဒီလိုပြောလာတဲ့အခါမှာ နအဖ အစိုးရလည်းပဲ အမေရိကန်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်လို့ ဖြေတယ်။

ဒီကိုလာလို့ရှိရင် အောင်မြင်လာလိမ့်မယ်လို့ ပထမတုန်းက ကျနော်တို့က တွက်တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ပေါ်လစီက ဟိုတုန်းက ပေါ်လစီတွေကို အပြောင်းအလဲ မလုပ်ဘူး။ မလုပ်ဘူးဆိုတာ ဘာတွေ့လဲဆိုတော့ စပြီးတော့ မဆွေးနွေးခင်မှာ ကတည်းကိုက သူက ဘာတောင်းဆိုလိုက်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ အမေရိကန်နဲ့ ဆက်ဆံရေး အကုန်ပြေလည်သွားပါစေ့မယ်။ ဒါ အရင်ဦးပဲ။ ဒီအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တာ။ အကယ်၍သာ အမေရိကန်က ဒေါ်စု ပြဿနာမှတပါး တခြားဟာတွေ ဆွေးနွေးမယ်ဆိုရင် ပြေလည်နိုင်တယ်။

နောက်ထပ် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံနေတဲ့အပေါ်မှာရော ဘယ်လို သုံးသပ်လဲခင်ဗျ။

ဒါကတော့ နိုင်ငံတိုင်းက သူ့နိုင်ငံအကျိုး ကြည့်ကြတာပဲဗျ။ တရုတ်လည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ အိန္ဒိယလည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ မြန်မာလည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ အကျိုးကြည့်တဲ့အခါကျတော့ ဥပမာ ပြီးခဲ့တဲ့ အချိန်လောက်တုန်းက ဆိုလို့ရှိရင် နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်က အများကြီး အထောက်အပံ့ ပေးခဲ့တယ်။ သူက ကာကွယ်ပေးတာကိုး။

နို့မို့ဆိုရင်လည်း မြန်မာပြည်က နိုင်ငံတကာရဲ့ တံတွေးခွက်ထဲမှာ မျောနိုင်တာပေါ့။ တရုတ်က အကာအကွယ် ပေးထားတော့ တရုတ်ကိုလည်း အများကြီး ကျေးဇူးတင်မှာပေါ့။ ဒါပေမဲ့ တရုတ်နဲ့ကလည်း ပြဿနာတွေ အများကြီး ရှိသေးတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ နယ်စပ်ပြဿနာတွေနဲ့ပေါ့နော်။

တရုတ်က တဖြည်းဖြည်းနဲ့ ဝါးနေတာ ကျနော်တို့ မြန်မာပြည်ကို။ မြန်မာပြည်ကို တရုတ်က တိုက်ခိုက်ဖူးတယ်။ တရုတ်ပြည်ထဲ ဝင်ခဲ့ဖူးတယ်။ တရုတ်ပြည်ထဲ ကျူးကျော်ဖူးတယ်။ တရုတ်ပြဿနာက တရုတ်က စိတ်ချရတဲ့ အိမ်နီးချင်း မဟုတ်ဘူး။ အားကိုးရတဲ့အခါ အားကိုးရတာပေါ့။ ဒါကြောင့်မို့လို့ အိန္ဒိယနဲ့လည်းပဲ အားကိုးလို့ ရအောင်လို့ပေါ့နော်၊ ရင်းနှီးအောင် လုပ်တယ်။ အိန္ဒိယကလည်း သူ့အကျိုးအတွက် ရင်းနှီးအောင် လုပ်တယ်။

ဟိုတုန်းကဆိုရင် အိန္ဒိယက ကျနော်တို့ နိုင်ငံရေးပါတီတွေကို နီးနီးစပ်စပ် သူတို့ဧည့်ခံပွဲတွေ အကုန်ဖိတ်တယ်။ ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သို့သော်လည်း ဒီအစိုးရရဲ့ အငြိုငြင်ကို မခံချင်ဘူးပေါ့ဗျာ။ ဒီအစိုးရနဲ့ ရင်းနှီးအောင် လုပ်ပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ် ဖြတ်တယ်။ လုံးဝကို ဖြတ်ထားလိုက်တယ်။

ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်နှနေရာကို ဝင်ပြိုင်မယ်လို့ မှန်းထားပြီး၊ ဘယ်လောက် အနိုင်ရမယ်လို့ တွက်ထားမျိုး ရှိလားခင်ဗျ။

ကျနော် ခုနပြောသလိုပေါ့နော်။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလို့ မရသေးဘူး။ မရသေးဘူးဆိုတော့ ကိုယ်စားလှယ်ကောင်းတွေ ကိုယ်တိုင်ကိုယ်၌က ကိုယ်စားလှယ်ကောင်းကလည်း၊ ပါတီက မကျသေးတဲ့ အခါကျတော့ ကိုယ်စိတ်ကြိုက် ရွေးနိုင်တဲ့အရာ ဘယ်ရှိဦးမလဲ။ ရှာရတာပေါ့။ အဲတော့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးမှာ ပါနိုင်သမျှ ပါအောင် လုပ်မှာပေါ့။

သို့သော် ဘာအဟန့်အတားတွေ၊ ဘာအကန့်အသတ်တွေ ရှိဦးမလဲဆိုတာ မသိသေးဘူး။ ဥပမာအားဖြင့် သိန်း ၅ဝဝ တင်ရမယ်တို့၊ အမတ်တယောက်ကဆိုရင် ၅ သိန်း တင်ရမယ်၊ ၁ဝ သိန်း တင်ရမယ်။ ဒီလိုငွေကြေးတွေနဲ့ ကန့်သတ်တာတွေ ရှိမယ်။ နောက်တချက်က ဒီပါတီတွေမှာ ပါတီဝင် ဘယ်လောက်ရှိရမယ်တို့ အဲလို ကန့်သတ်ချက်တွေ ရှိလာမယ်ပေါ့ဗျာ၊ အဲဒီလို အကန့်အသတ်တွေ။ အဲဒီလို အကန့်အသတ်တွေရှိလာခဲ့ရင် ကျနော်တို့ အခက်တွေ့မှာ။

ပါတီအနေနဲ့ အရပ်သားတွေကြားမှာ၊ နိုင်ငံရေးအဖွဲ့အစည်း အသိုင်းအဝိုင်းတွေကြားမှာ စွပ်စွဲခံရတဲ့ ဟာမျိုးတွေပေါ့။ ပါတီရဲ့ ရန်ပုံငွေက ကနေဒါမှာရှိနေတဲ့ လူတယောက်ဆီကရတယ် ဆိုပြီးတော့ အဲလိုမျိုး ကောလာဟလအပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျာ။

ဦးကျော်မြင့်ဆိုတဲ့ လူပေါ့နော်။ ကျနော်တို့ကတော့ ဟိုတုန်းက သူ့အကြောင်းလည်း သေချာမသိပါဘူး။ ကြားက လူတယောက် မိတ်ဆက်ပေးတဲ့အတွက် ကျနော်တို့ ရွေးကောက်ပွဲတွေ ဘာတွေ ဖြစ်လာရင် အတူတူလုပ်မယ်ဆိုတဲ့ ကမ်းလှမ်းချက် ရှိတာပေါ့နော်။

ကျန်တဲ့လူတွေကို ကမ်းလှမ်းတဲ့ သဘောပါပဲ။ သူတယောက်ထဲကို ကမ်းလှမ်းတာ မဟုတ်ဘူး။ လူအများကြီး ကမ်းလှမ်းတဲ့ အထဲမှာ ပါတာပေါ့နော။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက သီးခြားပါတီ နိုင်ငံခြားမှာ ရှိတယ်လို့ ကြားလိုက်တာပေါ့နော်။ အဲဒီတော့ နိုင်ငံခြားမှာရှိတဲ့ သီးခြားပါတီနဲ့ ကျနော်တို့ ပေါင်းလုပ်လို့ မရဘူး။ ပေါင်းလုပ်လို့ မဖြစ်ဘူး။ အဲဒီလို မဖြစ်တော့ ကျနော်တို့က ဖြတ်လိုက်တာပေါ့နော်။

ဖြတ်ပစ်လိုက်တာက ဒီလို။ အဲဒီ ဦးကျော်မြင့်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ကျနော်နဲ့က တခါမှ စကားမပြောဖူးဘူး။ တွေ့လည်း မတွေ့ဖူးဘူး။ အင်တာနက်တို့၊ ရေဒီယိုတို့ကလည်း စကား မပြောဖူးဘူး။ သူနဲ့ ပတ်သက်တုန်းကလည်း ကျနော်တို့မှာ ဘာမှ အကျိုးမရှိဘူး။

ဒီနေ့ နိုင်ငံရေးမှာ ပြောပြောနေတာ Third Force တတိယလိုင်းပေါ့နော်။ ဒီ ဒီမိုကရက်တစ်ပါတီက မိမိကိုယ်ကို အဲလို Third Force ရယ်လို့ သတ်မှတ်လား။ ဘယ်လို သဘောထားလဲခင်ဗျ။

ကျနော်တို့က ကိုယ့်ကိုကိုယ်တော့ Third Force လို့ မသတ်မှတ်ဘူး။ သို့သော် ကျနော်တို့က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီးတော့ NLD လည်း မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့က သီးခြား လွတ်လပ်တဲ့ပါတီ။ အဲဒါပါပဲ။

အန်ကယ်ဟာ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပါတီအကြီးအကဲ တယောက်အနေနဲ့ပေါ့၊ မြန်မာပြည်သူလူထုကို ဘာပြောချင်လဲခင်ဗျ။

ပြည်သူလူထုအနေနဲ့ လက်တွေ့ကျကျ စဉ်းစားစေချင်ပါတယ်။ လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် ရွေးကေက်ပွဲက ဖြစ်မှာပဲ။ ရွေးကောက်ပွဲဖြစ်ရင် စစ်အစိုးရစနစ်မှ အရပ်သားအစိုးရဖြစ်အောင် ပြောင်းမယ်နော်။ အရပ်သားအစိုးရစနစ်က ခုန ကျနော် ပြောတဲ့အတိုင်း ဒီမိုကရေစီ အရပ်သား အစိုးရဖြစ်အောင် ပြည်သူလူထုမှာ တာဝန်ရှိတယ်။ အရေးကြီးတယ်ပေါ့နော်။

ပြည်သူလူထုဟာ လက်ထဲမှာ တကယ်ကို အရေးကြီးတဲ့ မဲပိုင်ရှင် ဖြစ်တယ်။ သူတို့က လူကောင်းကို ရွေးနိုင်တယ်။ တန်ဖိုးရှိတဲ့ မဲပိုင်ဆိုင်တဲ့ ပြည်သူလူထုဆီကို လူလိမ်တွေလည်း လာလိမ့်မယ်။ အဲဒီလူတွေကို သတိထားပါ။

ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကြွေးကြော်သံက ဘာများဖြစ်မလဲခင်ဗျာ။

ကျနော်တို့ကတော့ ဒီလို မြန်မာနိုင်ငံသားတွေအားလုံး လူဖြစ်ကျိုးနပ်အောင် လုပ်ချင်တယ်။ အဲဒါ အဓိကပေါ့နော်။ လူဖြစ်ကျိုးနပ်အောင် ကျနော်တို့ လုပ်ချင်တယ်။
http://www.mizzimaburmese.com/interview/4914-2010-02-26-07-56-10.html

ရွေးကောက်ပွဲ အတုအစစ် သတိပြုတော်မူကြပါရန်

ရွေးကောက်ပွဲ အတုအစစ် သတိပြုတော်မူကြပါရန်

E-mail Print
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲလုပ်ဖို့ ကတိခံထားတဲ့ ရွေးကောက်ပွဲ ဆိုတာကြီးက ပြောစရာကြီးတခု ဖြစ်နေပါ ပကော။ စစ်အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်လုံး အတွက် မရေမရာ ထွေတလာတွေ ရှိလှတဲ့ ဒီရွေးကောက်ပွဲ ဝင်ရေး လမ်းကြောင်းကြီးကို သမိုင်းအတိတ် မေ့ရောဂါလို့ပဲ နာမည်သစ် ပေးချင်လှပါရဲ့။ သမိုင်းအသိ ခေါင်းပါးလှသူတွေ အတွက်တော့ သမိုင်းဘီးကြီး ထပ်တလဲလဲ လည်တတ်တယ်ဆိုတဲ့ ဆိုရိုးဟောင်းပဲ ပြောနေရပါဦး မယ်။

စပြောရရင်တော့ လွန်ခဲ့တဲ့ ၇ နှစ်က ဒီပဲယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ချောင်းမြောင်း တိုက်ခိုက်လို့ မအောင်မြင်ခဲ့တဲ့ အာဏာရ နအဖ အစိုးရဟာ နိုင်ငံရေးနည်းနဲ့ NLD ကို အလဲထိုးဖို့ ကြံစည်နေခြင်း ပါပဲ။

စစ်အစိုးရလက်သုံး “ဒီမိုကရေစီ လမ်းပြမြေပုံ”မှာလဲ ပြည်တွင်း နိုင်ငံရေးဖိနှိပ်မှုဆိုတဲ့ လမ်းဟောင်းကြီးကနေ သွေဖီလို့ မရသေးပါဘူး။ နိုဝင်ဘာလထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကနေ မြန်မာစစ်အစိုးရရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်မှု၊ စုံစမ်းလို့မရတဲ့ ဖမ်းဆီးပျောက်ဆုံးမှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခြင်း စတဲ့ ကျူးလွန်စော်ကားမှုတွေ၊ လူမဆန် ကြမ်းကြုတ်တဲ့ ညှဉ်းပန်းစစ်ဆေးမှု စတဲ့စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ပြစ်တင် ရှုတ်ချခဲ့ပါပြီ။

ဒီနှစ်ထဲ ကျင်းပမယ်ဆိုပြီး ကတိပေးထားတဲ့ ရွေးကောက်ပွဲတွေမလာခင် လပိုင်းအလိုမှာတောင် လိုအပ်ချက် တွေ တပုံတခေါင်းနဲ့ နိုင်ငံရေး၊ စီးပွားလူမှုရေးဆိုတာတွေမှာ ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အရိပ်အယောင် စစ်စစ် ကို မမြင်ရသေးပါဘူး။ လမ်းပြမြေပုံအတိုင်း ဆက်လျှောက်လို့က ပြည်သူတွေ တောင့်တနေတဲ့ လစ်ဘရယ် အိပ်မက်တွေဝေးလို့ မြန်မာပြည်ကို “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ” တည်ဆောက်ရေး ဆိုတဲ့ စစ်အစိုးရ ကိုယ်တိုင် ကြေညာထားတဲ့ ဦးတည်ချက်ကိုတောင် ရောက်ဖို့လမ်း မရှိပါ။

တကယ်တမ်း စစ်ဗိုလ်ချုပ်များရဲ့ အနှစ် ၅၀နီးပါး လက်ထက်တော်ကြီးအတွင်း စီးပွားရေး၊ လူမျိုးစုများအရေး နဲ့ နိုင်ငံရေး ခေါင်းဆောင်မှုအပိုင်းတွေမှာ ပေးထားတဲ့ ကတိတွေ ဘာတခုမှ ဖြစ်မလာဘဲ အတက်မရှိ ကျ သည်ချည်းမို့ ဆိုတာလို ဖွတ်သထက်ညစ်လာတာမို့ “ကျုပ်တို့ပြည်သူတွေ” ဘဝကတော့ သူတို့လက်ချက် လူဆင်းရဲစက်ထဲမှာ ထောင်းလမောင်းကို ကျေလို့နေပါပြီ။

ကျုပ်တို့ဖြတ်သန်းခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာရှင်ခေတ် ၂၆ နှစ်တုန်းကလည်း “တပါတီအာဏာရှင်ပုံစံ” ဖြစ်မသွားရအောင် ရေးဆွဲထားတာပါလို့ ဗိုလ်ချုပ်ကြီး ကိုယ်တိုင် အာမခံခဲ့တဲ့ ဆိုရှယ်လစ်အခြေခံဥပဒေကို ၁၉၇၃ က မဲဆန္ဒရှင် ၉၂ ရာခိုင်နှုန်းက တခဲနက် ထောက်ခံပါတယ်ဆိုတဲ့ ဆန္ဒခံယူပွဲအတုအယောင်ကြီးနဲ့ အတည်ပြုလိုက်ကြပါသေးတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုကို ခံယူပြီး“ဆိုရှယ်လစ်ဒီမိုကရေစီ” ရွေးကောက်ပွဲဆိုတာတွေ မှာလဲ ကျုပ်တို့ ဝင်မဲပေးခဲ့ကြရသေးပါသော်ကော။

ပြည်သူ့လွှတ်တော်ကြီး ခေါ်ယူလိုက်တဲ့အခါမှာတော့ တိုင်းရင်းသားစုံ လူမှုအလွှာစုံက လွှတ်တော် ကိုယ်စားလှယ်တွေဟာ ထထကြွကြွနဲ့ ဆွေးနွေးငြင်းခုံဖို့ဝေးစွ၊ ဦးနေဝင်း မိန့်ခွန်းပြောနေတုန်း “တပိုတပါး” ထသွားဖို့တောင် မဝံ့ကြတာ တွေ့ရတော့ ကျုပ်တို့ ပိုပြီး ဓာတ်ပျက်ကုန်တာပေါ့။

ခုတလော လွှတ်တော်ထဲမှာ “နေရာ”ကို ချဲ့ယူမယ်ဆိုတဲ့ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ “လက်တွေ့အလုပ်ဖြစ်ရေး” ၀ါဒီ ရှေ့နေရှေ့ရပ်များရဲ့ အသံတွေကို ကြားတိုင်း လွှတ်တော်ခန်းမထဲမှာ စီတန်းထိုင်နေကြတဲ့ ပိုးလုံချည်ဝတ် အမတ်မင်းများ ဥက္ကဋ္ဌကြီး ဦးနေဝင်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ရဲ့ ဂုဏ်ရည်တွေ အောင်မြင်မှုတွေကို မိန့်ခွန်းချွေနေတာကို စက်ရုပ်လို ခေါင်းတညိတ်ညိတ်နဲ့ တောင့်တောင့်ကြီး ထိုင်နားထောင်နေကြတာကိုပဲ မျက်စိထဲပေါ်လာပါတယ်။

၂၀၁၀အလွန်ခေတ်က ပြည်သူ့လွှတ်တော်မှာလဲ စစ်ဗိုလ်ချုပ်တွေလုပ်တဲ့ ရွေးကောက်ပွဲက တက်လာမယ့် ဒီမိုကရက် အမတ်တွေဟာ ဒီ “နေရာ”ထဲကရော အပြင်မှာပါ ပြည်သူတွေအတွက် ဘာမှ ဦးဆောင်တိုက်ပွဲ ဝင်မယ့်ပုံ မမြင်ပါဘူး။ ပန်းမွေ့ရာ ရွှေကော်ဇောမှာ ရောနှောလို့ထိုင်ဆိုတဲ့ လူစားတွေများပါလိမ့်မယ်။ နအဖရဲ့ “စည်းကမ်းပြည့်ဝသော” ဒီမိုကရေစီမှာ ဇတ်ဇတ်ကြဲ နိုင်ငံရေးသမားမျိုးတွေ မပါနိုင်အောင် ထောင်ထဲ ဆက်ထည့်ထားခြင်း၊ အကျယ်ချုပ်ချခြင်း သို့မဟုတ် ပြည်ပြေးဘဝရောက်အောင် လုပ်ခြင်း၊ ဝင်အရွေးမခံနိုင်အောင် တားမြစ်ခြင်း၊ အနိုင်ရခဲ့ရင်တောင် ဥပဒေကြောင်းအရ ပယ်ဖျက်ပစ်ခြင်းစတဲ့ ကူလီ ကူမာ နည်းမျိုးစုံနဲ့ ပေါင်းသင် ဖယ်ရှားပစ်ပါလိမ့်မယ်။

“အရပ်သားပုံစံ စစ်အစိုးရ” နဲ့ စစ်တပ်ကဖန်တီးတဲ့ “ဆိုရှယ်လစ် ဒီမိုကရေစီ” ဆိုတာတွေကို ဖြတ်သန်းခဲ့ရလို့များ ကျနော် စိတ်အနာတရ ဖြစ်နေ သလား။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ “ဆိုရှယ်လစ် ဒီမိုကရေစီ”ခေတ်ကြီးမှာ စစ်အစိုးရကို “အရပ်ဝတ်လဲခြင်း” နဲ့ အစိုးရယန္တရားကြီးကို စစ်ပုံစံသွင်းပစ်ခြင်းဆိုတာတွေ ကျနော်တို့ တွေ့မြင်လာခဲ့ရတာပါ။

ဒါ ဘာလဲဆိုတော့ တတိုင်းပြည်လုံးကို အုပ်စီးထားမဟဲ့ဆိုတဲ့ ဧရာမ ရည်မှန်းချက်ကြီးနဲ့ အစိုးရ ရုံးတွေမှာ ထောင်နဲ့ချီတဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ ထမ်းဆောင်ဆဲ စစ်အရာရှိတွေကို ဆွဲခန့်ပစ်တာကို ဆိုလိုတာပါ။ ဒီလူအများစုဟာ အစိုးရရုံး လုပ်ထုံးဆောင်တာကို အပါးမဝတဲ့အပြင် စီမံခန့်ခွဲနိုင်တဲ့ အစွမ်းအစ၊ စိတ်နေသဘောထားတွေနဲ့လည်း မပြည့်ဝကြပါဘူး။

ကချော်ကချွတ်နဲ့ လည်ပတ်လာခဲ့တဲ့ စစ်အစိုးရယန္တရားဟာ မဆလတပါတီစံနစ် ပြိုလဲပြီးသွားတာတောင် ဆက် သက်ဆိုးရှည်နေတုန်းပါ။ ဘာအပြောင်းအလဲပဲ လုပ်လုပ်၊ အမြင်မှန်တဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းရယ် သူတို့ ညွှန်ကြားသမျှ စွမ်းဆောင်နိုင်တဲ့ စံချိန်မီ အစိုးရယန္တရားရယ် ရှိထားမှ အောင်မြင်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” စနစ်မှာ ခေတ်မီ ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်း တည်တံ့နိုင်အောင် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးလာအောင် စစ်နိုင်ငံတော်ကြီးကို ဘယ်ပုံဘယ်နည်း အသွင် ပြောင်း ပစ်မယ်ဆိုတဲ့ အစီအစဉ်တခုတလေများ ပါမလား မျှော်မိပါတယ်၊ ခုထိတော့ ဘာအစအနမှ မမြင်ရ သေးပါ။

အခုတော့လည်း အမေရိကန်နဲ့ ဗြိတိန်တို့က လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် ရွေးကောက်ပွဲဟာ “လွတ်လပ် မျှတပြီး အားလုံးပါဝင်နိုင်တယ်” ဆိုရင် “နေပြည်တော်”က စည်းချက်နဲ့အညီ ကလိုကြောင်း လူသိရှင်ကြား ပြောလာပါပြီ။ စစ်အစိုးရကတော့ ဒီမိုကရေစီခရီးကို ပဲ့ကိုင်မယ်ဆိုပြီး “ကလိမ်ကကျစ်”ကျဦးမှာကတော့ မပြောမရှိကြပါနဲ့။

အမေရိကန်အစိုးရရဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး စီမံချက်မှာတော့ “ပွင့်လင်းပြီး တရားမျှတတဲ့ နိုင်ငံရေး အင်အားစုအားလုံး ယှဉ်ပြိုင်ခွင့်ရှိတဲ့” ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာရင် လူမှုဖွံ့ဖြိုးရေးအကူအညီတွေ ဒေါ်လာတွေ များများကြီးပေးမယ်၊ မြန်မာပြည် စစ်အစိုးရ ကို “တကိုယ်တော်” ဂူအောင်း ဘဝကနေ လွတ်မြောက်စေမယ် စသဖြင့် ပိတ်ဆို့မှုတွေ လျော့ကျသွားပြီး တရုတ်ရဲ့သြဇာကို မဲတင်းပေးတဲ့ တွန်းအား ပေးချက်တွေ ပါပါတယ်။ သို့သော် အရန်စီမံချက်တော့ ရှိပုံမပေါ်ပါ။

၂၀၁၀ ရွေးကောက်ပွဲတွေမှာ “မျှတတာတွေ သန့်ရှင်းတာတွေ အကုန်လုံး ဝင်ပြိုင်တာတွေ” ဘာမှဖြစ်မလာ ဘူးဆို အတိုက်အခံအင်အားစုတွေကို ထောက်ခံပေးနေတဲ့ အနောက်နိုင်ငံတွေ ဘယ့်နှယ်လုပ်ပ။

ရွေးကောက်ပွဲသံတွေ ညံလာချိန်မတော့ အရင်ရွေးကောက်ပွဲမှာ နိုင်တုန်းက ဒီဗိုလ်ချုပ်ကြီးတွေ လျစ်လျူရှု တာပဲ ခံထားရဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တက်ရပိမ့်လော ဆုတ်ပိမ့်လောဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ အနေအထား ရောက်နေပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ဒါမှ မဟုတ် သူတို့လက်ခွဲပါတီတွေပဲ ဝင်ပြိုင်စေကာမူ နေရာအတော်များများမှာ ဝင်ပြိုင်လို့မရအောင်ကို ဗိုလ်ချုပ်ကြီးများက စီရင်ပြီးသားပါ။ ပြည်လုံးကျွတ် နောက်တခါ ထပ်နိုင်ဖို့ ဆိုတာကတော့ ဝေးလှပါတယ်။

ဗမာပြည်အရေး တိုးတက်စရာရှိဦးမလားဆိုပြီး ဒီမိုကရေစီစော်မနံတဲ့ အခြေခံဥပဒေကြီး နံဘေးချိတ်၊ အဓိက ထောက်ခံမှုရထားတဲ့ အတိုက်အခံပါတီနဲ့ ခေါင်းဆောင်ကိုပဲ ဝိုင်းမှုမနေဘဲ ဘေးဘီကြည့်ကြပါဦးစို့ရဲ့။

ဒီမိုကရေစီလမ်းကြောင်းကို ကူးပြောင်းဖို့အရေး စစ်အစိုးရဘက်က တခြားဘာများ မယ်မယ်ရရပြင်ဆင် ထားပြီးတုန်း ကြည့်မိပါတယ်။

နမူနာပြောရရင် စာနယ်ဇင်းနဲ့ တခြားမီဒီယာတွေမှာ အင်တာနက်မှာ ချုပ်ချယ်ဖြတ်တောက်မှုတွေကို စလွှတ်ပေး နေပြီလား။ အစိုးရမူဝါဒနဲ့ ဦးဆောင်မှုဘက်မှာ ယိုယွင်းကျဆုံးနေတာတွေကို လူထုကြားချ ဝေဖန်ခွင့်တွေ ရနေပြီ လား။ တည်ဆဲပါတီတွေ ပြန်လည်စည်းရုံးခွင့် ပြည့်ပြည့်ဝဝ ရကြပြီလား။ လူမျိုးစုအတိုက်အခံတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတဲ့အသံတွေ ထွက်လာပြီလား။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအားလုံး မဲဆွယ်ထွက်ဖို့ နိုင်ငံပိုင် ပစ္စည်းတွေကို တန်းတူညီတူသုံးခွင့်၊ အစိုးရပိုင် သတင်းဌာနတွေမှာ သာတူညီမျှ ပြောရေးဆိုခွင့်တွေ ရကြပြီလား။ ကဲ နောက်ဆုံး မြန်မာပြည်သူတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပညာပေးနှိုးဆော်မှုတွေ ရှိလာပြီလား။ ပြီးတော့ ဒီမိုကရေစီတိုင်းပြည် ဖြစ်ခါနီးမှာ လူတွေ အခြေခံနိုင်ငံသားအခွင့် အရေး ဘာတွေများ ရနေကြပြီလဲဆိုတာ တွေ့မိကြပါရဲ့လား။

ပြောကြစို့ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်လာဖို့ဆိုတာ ရွေးကောက်ပွဲလေးလုပ်၊ အခြေခံဥပဒေအတည်ပြု၊ ပါလီမန် တနှစ် နှစ်ခါလောက် ခေါ်တာနဲ့ မပြီး၊ အဆင့်တွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံသားတွေ လူ့အဖွဲ့အစည်းတွေ အတွက် လူမှု ယဉ်ကျေးမှု အရေးအခွင့်တွေ ကာကွယ်စောင့်ရှောက်မယ့် နိုင်ငံရေး စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးမယ့် တရားလမ်းကျ တင်မြှောက်ထားတဲ့ အစိုးရဆိုတာတွေ ခိုင်ခိုင်မာမာ မရှိဘဲနဲ့ ဒီမိုကရေစီဆိုင်းဘုတ် ကောက်တင်လို့ မရသေးပါဘူး။

ဒီမိုကရေစီဇာတ်သွင်းတယ်ဆိုတာ လူမှုရေးပိုင်းကကြည့်ရင် အာဏာပိုင် လူ့မလိုင်များက ကမကထပြုပြီး လူများ စု ကြီးရဲ့ယဉ်ကျေးမှုစံနှုန်းတွေ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆက်ဆံရေး၊ လူမှုထုံးတမ်း အရိုးအစဉ်လာ ယုံကြည်မှုနဲ့ သဘောထားတွေ စတာတွေကို တိုးတက်ပွင့်လင်းလာအောင် ဦးဆောင် ပညာပေး လှုပ်ရှားမှုပါပဲ။ ဒီလိုမှပဲ မြန်မာပြည်လို ရှေးရိုးစွဲ ပဒေသရာဇ်တပိုင်း ယဉ်ကျေးမှုထွန်းကားရာ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီမျိုးစေ့ အမြစ် တွယ်ပြီး ရှင်သန်ကြီးထွားလာနိုင်မှာပါ။

ဒါပေသိ “ နေပြည်တော်က မင်းဘုရားများ ”ဟာ အာဏာတွေ ဘဏ္ဍာတွေ အခွင့်ထူး အရာထူးတွေနဲ့ မိန့်မိန့်ကြီး နေသားကျ ဖြစ်နေရုံမက လူထုကို ဖိနှိပ် ချုပ်ကိုင် အာဏာပြရမှာလည်းကောင်း၊ တိုင်းပြည်ကြီး တခုလုံးနဲ့ ငွေရ ပေါက် ဟူသမျှကို ကျားနာခဲ ခဲရာမှာလည်းကောင်း ဧတဒဂ်ရနေကြတာဟာဖြင့် လူထုကြီးအတွက် အလွန်ကံဆိုး တယ် ပြောရပါမယ်။ ဒီလိုပုံနဲ့တော့ သိကြားမင်းကြီး နားကင်းနဲ့ဆင်း ရင်ကြားစေ့ပြီး ရွှေလမ်းငွေလမ်းတွေ ဖွင့်ဖွင့်၊ ပေယျာလကန်လုပ်ပြီး ဒီထက်ပိုပိတ်တာ ဆို့တာတွေပဲ ထပ်လုပ်လုပ် ဒီမောင်တွေဟာ အပြောင်းအလဲကို ရှေ့ဆောင်မယ့်ပုံမပေါက်လှပါဘူး။

တိုင်းရင်းသား လူမျိုးစုတွေ၊ ဘာသာရေးဥသျှောင်တွေနဲ့ အသင်းအပင်းတွေ၊ အသက်မွေးဝမ်းကျောင်းပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရေးလောကသားတွေ၊ အနုပညာသည်နဲ့ ပညာတတ်တွေ၊ နိုးကြားတဲ့ စစ်အရာရှိအုပ်စု ကလေးတွေ၊ နောက်ပြီး ရွက်ပုန်းသီး အစုလေးတွေ စတဲ့ ပြည်သူတွေကိုယ်နှိုက်ကိုပဲ သမိုင်းအသစ်ဖွင့်မယ့် ဇာတ်ဆောင်တွေအဖြစ် ရှုမြင် အားပေးကြရပါမယ်။

အနောက်အုပ်စုက ဗိုလ်ချုပ်တွေနဲ့ နှစ်ပါးသွားဖို့ ကြိုးစားတာကို ကြိုဆိုနေရတဲ့ အချိန်မှာ အပြောင်းအလဲ စစ်စစ် ကတော့ မြန်မာပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းကိုယ်တိုင်က ပြောင်းယူမှ ရမှာပါပဲ။

မြန်မာပြည်ရဲ့ သမာသမတ်မကျတဲ့ ရွေးကောက်ပွဲ ရာဇဝင်ရယ်၊ အာဏာရ စစ်အုပ်စု အသိုင်းအဝိုင်းတွေရဲ့ အလွန် လစ်ဘရယ်မကျတဲ့ သဘောသရုပ်နဲ့ မှန်းရခက်တဲ့ ကစားကွက်တွေရယ်ကြောင့် (ဥပမာ- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘာမှမသိရတဲ့ တွေ့ဆုံမှုတွေပေါ့) နိုင်ငံရေးပဏ္ဍိတ်တွေအဖို့တော့ ရွေးကောက်ပွဲဝင်ဖို့ ဆွယ်တဲ့ ရွှေကြိုတွေရဲ့ သမိုင်းယုတ္တိမဲ့ပြီး အနှစ်မဲ့တဲ့ လမ်းကြောင်းတွေကို နားကြားပြင်းကတ်လှပါတယ်။

မြန်မာပြည်မှာ တကယ်တမ်း အပြောင်းအလဲဆိုတာတွေ ဖြစ်လာခဲ့ရင်တော့ လက်သည်က ဗိုလ်ချုပ်ကြီးများရဲ့ ရွေးကောက်ပွဲဆိုတာတွေ မဟုတ်တာက ကျိန်းသေလှပါသဗျား။

Beware of the Generals’ Election By Dr Zarni ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဒေါက်တာ ဇာနည် သည် လန်ဒန်တက္ကသိုလ် ဓနဗေဒနှင့် နိုင်ငံရေး သိပ္ပံကျောင်း (LSE) က မြန်မာပြည်ဆိုင်ရာ သုတေသန ပညာရှင် ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2683-2010-02-26-08-55-44

ကတိများ သက်သက်ဖြင့် နှစ်တနှစ်လော

ကတိများ သက်သက်ဖြင့် နှစ်တနှစ်လော

E-mail Print
မြန်မာ့စီးပွားရေး မည်သို့ ဖြစ်မည်ကို နိမိတ်ဖတ်ရသည်မှာ အန္တရာယ်များသော အလုပ် ဖြစ်သည်။ ဤလုပ်ငန်းကို ၂ ပိုင်း ခွဲလိုက်မည် ဆိုလျှင်တော့ အန္တရာယ် နည်းသွားဖွယ် ရှိသည်။ တပိုင်းက ယခုနှစ်တွင် မည်သို့ ဖြစ်မည်ဟု မိမိတို့ မျှော်လင့်ချက်ကို မှန်းဆခြင်း ဖြစ်ပြီး၊ အခြား တပိုင်းမှာ စိတ်ရှုပ်ထွေးဖွယ် အတွေ့အကြုံ များအရ မည်သို့ ဖြစ်ပျက်ခြိမ့်မည်ဟု ပြောရခြင်း ဖြစ်သည်။

သို့သော်လည်း မျှော်လင့် ထားသည့်အတိုင်း ပြောရလျှင်ဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကိစ္စများစွာသည် ရွေးကောက်ပွဲအပေါ် မူတည်နေသည်။ အခြေ အနေအရ အဆိုးထဲမှ အကောင်းကို ရွေးပြောရမည် ဆိုလျှင် မြန်မာနိုင်ငံအတွက် အစိုးရအသစ် ရှိလာလိမ့်မည်။ ဤအစိုးရက မြန်မာ ပြည်သူများအတွက် စီးပွားရေးအရ လုံခြုံမှုကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်သည် ဆိုပါက မြန်မာ နိုင်ငံ၏ ကံကြမ္မာကို လှည့်ပြောင်းစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည် ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ၀င်ငွေကို အရင်းအနှီး အထူး လိုအပ်နေသည့် ကျေးလက် စီးပွားရေးကဏ္ဍ အတွက် ဖြည့်သွင်းခြင်းဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရက စတင်နိုင်ပါသည်။ အစိုးရက တပ်မတော် နှင့် လုံခြုံရေး ယန္တရားများအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်သည်။ တိုင်းပြည်၏ စုဆောင်းထားငွေကို အသုံးချ၍ ကျန်းမာ ရေး၊ ပညာရေးနှင့် အရေးပါလှသည့် အခြေခံ အဆောက်အဦ လမ်းပန်းကဏ္ဍများတွင် အသုံးစရိတ်ကို မြှင့်တင်ရပါလိမ့် မည်။

ဤလုပ်ဆောင်ချက်များ၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် အခွင့်အရေးများကို လေးစား အသိအမှတ်ပြုခြင်း၊ မြန်မာနိုင်ငံတွင် ဥပဒေ နည်းကျ အုပ်ချုပ်ရေး တည်စေခြင်း အစရှိသကဲ့သို့သော အခြား လုပ်ဆောင်ချက်များနှင့် ကတိက၀တ် ပြုမှုများဖြင့် အစိုးရသစ်က ယုံကြည်မှု တိုးတက်လာစေရန် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို ခိုင်မာစေ ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည်ဟူသော တိုင်းရင်းသား လူနည်းစုတို့၏ စိုးရိမ်နေမှုကို လျော့ကျစေခြင်းတို့ဖြင့် ဘေးထွက် အကျိုး အာနိသင်များကိုလည်း ကြုံတွေ့ ခံစားရဖွယ် ရှိပါသေးသည်။

ဤဆောင်ရွက်မှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက နှစ်ထောင်းအားရဖြစ်ပြီး၊ မြန်မာပြည်သစ်ကို ကြိုဆိုရန် စိတ်အားထက်သန်ကာ နိုင်ငံအတွင်း ရင်းနှီးမှုများ တိုး၍ ပြုလာကြမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ သဘာဝ သယံဇာတများကို ရယူလိုကြပြီး ဈေးချိုနေသေးသည့် မြန်မာနိုင်ငံ၏ လုပ်အားကို အကျိုးရှိစွာ အသုံးချလိုကြသည်။ ထိုမျှမက ရေရှည်တွင် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အလား အလာ ကောင်းများကိုလည်း မြင်တွေ့ထားကြသေးသည်။

သို့သော်လည်း ယခုပြောသည့်ကိစ္စများ တခုမျှ မဖြစ်လာပါက ယခုနှစ် မြန်မာ့စီးပွားရေး အခြေအနေက မည်သည့်နေရာသို့ ဦးတည်နေပါသနည်း။ အဖြေက ၀မ်းမြောက်စရာ မရှိလှပါ။ အနည်းနှင့်အများဆိုသလို လက်ရှိ လွန်ခဲ့သည့် နှစ် ၅၀ ကာလ ဖြတ်ခဲ့သည့်အတိုင်း ဆက်၍ထိုးကျသွားမည့်ကိန်းကို မြင်တွေ့နေရသည်။

အထက်က ဖော်ပြထားသည့် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ဘဏ္ဍာဝင်ငွေကို နိုင်ငံ၏ ထုတ်ကုန် တန်ဖိုး (GDP) စွမ်းဆောင်မှုတွင် အကြီးအကျယ် လိမ်ညာ ဖော်ပြနေပါက၊ အခြေအနေကို လှည့်ဖျား သုံးသပ်နေပါက နိုင်ငံ၏ စီးပွားရေး အခြေအနေသည် ဒုတိကမ္ဘာစစ်ပြီးချိန်မှစ၍ အဆိုးရွားဆုံး အခြေအနေသို့ ကျသွားဖွယ်ရာ အကြောင်း ရှိနေသည်။ နိုင်ငံတော်ကို ကာကွယ်နေကြသူများ၊ အချုပ်အခြာအာဏာကို ခုခံကာကွယ်နေကြသူ များဟု ဂုဏ်ယူဝင့်ကြွားနေကြစေကာမူ မြန်မာစစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် ရေရှည်စီးပွားရေး မြော်မြင်ချက်မှာမူ တိုင်းပြည်ကို သတ္တုမိုင်းတွင်းကြီး၊ သဘာဝဓာတ်ငွေ့သိုက်ကြီး တခုမျှထက် မပိုကြောင်း ပြသနေပြီး ဤအတိုင်းလည်း ဆက်လက်ဖြစ်နေရန် ရှိသည်။

ဤသဘောထားဖြင့် လောင်စာစွမ်းအင် ဆာလောင်မွတ်သိပ်နေကြသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ လက်သို့ ဤ အရင်းအမြစ်များ ခေါင်းပုံဖြတ်ရန် ထိုးအပ်နေကြမည်ဆိုလျှင်ဖြင့်၊ မြန်မာနိုင်ငံ၏ ၂၀၁၀ သည် ကမ္ဘာကြီး၏ မိုးသက် မုန်တိုင်း ထန်နေသော ပင်လယ်သဖွယ် ဖြစ်နေသည့် လူသုံးကုန် ဈေးကွက်အတွင်း ပဲ့မပါ၊ ဦးတည်ချက်မရှိ၊ မြင့်ချီနိမ့်ချီ ခုန်ပေါက် လွင့်မျောနေရတော့မည် ဖြစ်သည်။ လိုရာပန်းတိုင်ကိုလည်း လှမ်းနိုင်ရန် အလျဉ်း မရှိပါချေ။

ရှောင်တာနဲ (Sean Turnell) ရေးသားသည့် A Year of Promise, or Tempest-tossed Again? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

ရှောင်တာနဲသည် သြစတြေးလျနိုင်ငံ မကွိုင်းယားတက္ကသိုလ် (Macquarie University) မှ တွဲဖက်ပါမောက္ခဖြစ်ပြီး၊ စီးပွားရေးရာများနှင့် ပတ်သက်၍ စာအများအပြား ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/special/2010-02-13-10-48-38/2685-2010-02-26-10-59-14

International Tribunal on Crimes Against Women of Burma

2010-02-25 15:55:39 by Nobel Women's Initiative Staff Mia Farrow on the women of Burma
On March 2nd twelve Burmese women will bravely tell their stories at the International Tribunal on Crimes Against Women of Burma. In the days leading up to the tribunal we will post portions of the stories of some of these courageous women here. Today Mia Farrow introduces the women and shares her experiences of meeting some of them when she visited the Thai-Burma border in 2008.

LEARN MORE about the tribunal.


March 2nd, 2010 New York City