Wednesday, March 10, 2010

10 March 2010 ဒိုင်ယာရီ

http://ifile.it/rvw1nul2010 March 10 Yeyintnge Diary

ကျမသိတဲ့ မစု တို့ဝန်းကျင်-

ဒီလိုနေ့ ရောက်ရင် တာဝါလိန်းလမ်းက အိမ်မှာရော ကုက္ကိုင်းက အိမ်ရော သူ့အဖေ ဗိုလ်ချုပ်အတွက် ဆွမ်းသွပ် အမျှဝေ နေကြပါ၊ ဇိုးကနဲ ဇတ်ကနဲ ရွာတတ်တဲ့ ရန်ကုန်မိုးတွင် မကဖူး တပြည်လုံးမှာ အဲဒီနေ့ဆို သူ့အဖေ ကျမတို့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး နဲ့ သူရဲကောင်း အပေါင်းအပါတွေ အတွက် ပြည်သူတွေတင် မကဖူး ရာသီဥတု ကပါ တနေ့လုံး ညိုမှိုင်းဆိုင်းလို့ ပြိုမလို ငိုမလိုကို ဖြစ်နေတတ်တာ။

မှတ်မိသေးတယ်၊ကျမတို့ ငယ်သေးတဲ့ အချိန် ဒီလို အာဇာနည်နေ့မျိုး တာဝါလိန်းလမ်း အိမ်မှာ ဆွမ်းကပ်လို့ ဧည့်ကောင်းဆောင် ကောင်းတွေ လာကြရင် မစုနဲ့ ကျမက ခလေးတွေဆိုတော့ လာတဲ့ ဧည့်သည် ဖိနပ်တွေ စီပေါ့၊ ဖိနပ်တွေကို အိတ်ကလေးတွေ နဲ့ ထည့် နံပါတ်တွေ ရေးထားပေး တတ်တာ၊ လာကြပါတယ် ဧည့်မျိုးစုံပဲ၊ တခါတော့ ဖိနပ်တွေ စီရင်း ဖိနပ်တဖက်က ရှာမရဖူး၊ မစု ရော ကျမပါ ဒေါင်းတောက်အောင်ကို ရှာတာပဲ မတွေ့ခဲ့ဖူး၊ နောက်ဧည့်သည်တွေ ပြန်တော့ အဲဒီဧည့်သည် တယောက်က စစ်ပြန် ကြီး ခြေတဖက် မရှိဖူးလေ ဖိနပ်တဖက်ပဲ စီးပြီး ပြန်တော့ မစုနဲ့ ကျမတို့ ကိုယ့်အဖြစ်ကိုယ် ငိုအားထက် ရယ်အားသန် ဖြစ်ပျက်ခဲ့ ကြ တာတွေ အခုထိ ခပ်ရေးရေး မှတ်မိ နေပါသေးတယ်။

တခါသား အာဇာနည်နေ့ ဆွမ်းကပ်ယင်း အိမ်နံဘေး လမ်းဟိုဖက် ရွှေကြက်ယက်ကျောင်းက ကိုယ်တော်တွေကို ပင့်ဖိတ်ပါတယ်၊ ရွှေကြက်ယက်က ကိုယ်တော် ဘုန်းကြီး ဝဝကြီးတပါး ဆိုရင် ဒံပေါက်ကပ်တဲ့ နှစ်တိုင်း ဆွမ်းဘုန်းပေးတာ ထမင်းစားပွဲ နံဘေးမှာ ပန်းကန်တွေကို ထပ်လို့ စီထားတာ ၁၀ချပ်လောက်ရှိပြီ ဒီတော့ ဖိနပ် စီရင်း ဆော့ ကစားနေတဲ့ မစုက ကျမကို လက်ကလေး လူမမြင်အောင် မသိမသာ ဝှက်ပြီး ဘုန်းကြီး ဘုန်းပေးတာ ၁၀ ပန်းကန်ရှိပြီလို့ ပြခဲ့ဖူးတာ တရေးရေး ပြန်မြင်ယောင်နေ မိတယ်။

ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်တဲ့ မစုရဲ့ အမေ ဒေါ်ခင်ကြည်နဲ့ ကျမတို့ အမေက ဝမ်းကွဲ ညီအမ တွေပါ၊ ၁၉၅၂ခုနှစ် မြောင်းမြ မြို့ကြီး မီးလောင်တော့ ကျမတို့ အမေက ရန်ကုန်တက်ပြီး သူနာပြု ဆရာမလေး လုပ်မယ် ဆိုထွက်လာခဲ့တယ်၊ ဒီအချိန် ဒေါ်ခင် ကြည်က လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်နေပြီလေ၊ သူတို့တွေ ကုက္ကိုင်း လမ်းဆုံနားက တက္ကသိုလ်ရိပ်သာလမ်း အိမ်ပြောင်းသွားတဲ့ အထိ ဝမ်းကွဲတွေမို့ တာဝါလိန်းက အိမ်ကြီးမှာပဲ ကျမတို့ မိသားစုကို ပေးနေတာပေါ့လို့၊ ဟိုအရင် အနှစ် ၅၀ကျော်က အဖြစ်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က မနီလို့ ခေါ်တဲ့ ကျောင်းဆရာမဟောင်းကြီး အန်တီနီက ကြိမ်ကုလားထိုင်ကြီး တလုံးမှာ ထိုင်လို့ ကိုလံဘီယာ မြစ်ဆီက ခပ်စိမ့်စိမ့် တိုက်ခတ်လာတဲ့ လေစိမ်းတွေနဲ့ အတူ သူစိမ်းနယ် တနယ်ခြားမှာ တခုတ်တရ ပြန်ပြောင်း ပြောပြ နေပါတော့တယ်။

........................................................

တကယ် ပြောရယင် မစုတို့ တက္ကသိုလ်ရိပ်သာလမ်း ပြောင်းသွားပြီး ၅နှစ်လောက် အထိ အခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်း လို့ ခေါ်တဲ့ တာဝါလိန်းလမ်းအိမ် အခုလို ပြတိုက် မဖြစ်ခင် အထိ ကျမတို့ နောက်ဆုံးနေခဲ့ ကြတာပါလို့ ဆက်ဆို ပြန်ပါတယ်။ မစုတို့ အိမ်ပြောင်းသွားတော့ ကုလားလင်မယား ၂ယောက် အဖေါ်ခေါ်ထားပြီး ကျမတို့ ဆက်နေ ကျန်ခဲ့တယ်။ အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က ပြောကြတာ ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို အိမ်နောက်က မီးဖိုချောင် ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။

ကျမတို့ အမေ ပြောပြောနေလို့ မှတ်မိနေတာက တချို့က ပြောကြတယ်၊ ဒေါ်ခင်ကြည်က ခရိယာန်တို့ ဘာတို့ တွေပေါ့လေ၊ မဟုတ်ရပါဖူး ဧရာဝတီတိုင်းက ဗမာစစ်စစ် တွေပါ၊ ဒေါ်ခင်ကြည် တို့က မြောင်းမြ ဇာတိပေါ့၊ သူ့အဖေက ယခင် လွတ်လပ်ရေး မရမီ ကတည်းက လမ်းဗိုလ် ဦးဖိုးညှင်း အမေက ဒေါ်စု မြောင်းမြ ရှမ်းကုန်းပိုင်း အရပ်မှာနေကြတာ သားချင်း ၁၀ယောက် ရှိတယ်၊ အမေက တခါတလေ နောက်ပြီး မှတ်ချက်ပြုတယ် အဖိုးက အဖွားနဲ့ တခါက စကားများ ရန်ဖြစ်ပြီး ၃နှစ် လုံးလုံး စကား မပြောခဲ့ကြ ဖူးတဲ့ ၊ တော်သေးတာပေါ့ ၃နှစ် စိတ်ကောက်နေလို့ တဲ့ မကောက်များနေခဲ့ရင် သားချင်း ၁၃ယောက်တောင် ရှိမတဲ့၊ အမေက မြောင်းမြမှာ ကျောင်းလာနေလို့ ဒေါ်ခင်ကြည်တို့ အိမ်မှာနေတာတဲ့၊ အဖိုးက ဗမာစစ်ပေမဲ့ ဧရာဝတီတိုင်းက ကရင်တွေ သစ္စာရှိတာ ကြည်ညို ရင်းစွဲရှိလို့ ခရိယာန်ဘာသာထဲ ဝင်လိုက် သတဲ့၊ ဒီတော့ ကျမတို့ က အဖိုးရှေ့မှာ အာမင်၊ အဖွားရှေ့မှာ သာဓုပေါ့၊ ဒါပေမဲ့ ဒေါ်ခင်ကြည်က ဗုဒ္ဓဘာသာဝင်ပါ၊ လူတွေ ထင်ကြေးနဲ့ ပြောကြတာ ဖြစ်မယ် ထင်ပါတယ်လို့ ကျောင်း ဆရာမ ဟောင်းကြီး အန်တီနီက ပြောပြပါတယ်။

...................................................................

ကျမ တို့နဲ့ မစုတို့က ဝမ်းကွဲတွေပေမဲ့ ငယ်တုန်းကသာ တအိမ်ထဲလို အတူနေခဲ့ကြတာ ဦးနေဝင်း ကန်ထုတ်လို့ သူ့အမေ ဒေါ်ခင် ကြည် အိန္ဒိယသံအမတ်ကြီး အဖြစ်နဲ့လဲ ပြောင်းသွားရော ကျမတို့လဲ ဆွေမျိုးသားခြင်း အဖြစ်က အကြောကို ပြတ်ရောပဲလို့ ဆိုပါ တယ်၊ ကျမက ဒေါ်စုထက် ကြီးပါတယ်၊ ဒေါ်စုက မနီ...လို့ ခေါ်သူပါ၊ အောင်းဆန်းဦးနဲ့က တရွယ်ထဲပေါ့၊ သူတကာတွေ တွေး ထင်နေတဲ့ အောင်ဆန်းလင်း သေတဲ့ ကိစ္စကလည်း သူတို့အဖေ ဗိုလ်ချုပ်ဆုံးပြီးမှ ဖြစ်တာပါ၊ အချို့ကတော့ ဗိုလ်ချုပ် လုပ ကြံ မခံရခင်လို့ ထင်မြင်ပုံရတယ်၊ ဖြစ်ကြောင်းရယ် ကုန်စင်က ဒီလို တာဝါလိန်းအိမ်က ဗိုလ်ချုပ်ရှိစဉ် ကတည်းက စိုက်ထား တဲ့ ခြံ စည်းရိုး အစပ်က ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ပင်တွေ ဝေညွတ်နေအောင် ထွက်လို့ အရိပ်ရတာကိုး၊တရက်တော့ မောင်နှမ ၃ယောက် ဒီအရိပ်ရတဲ့ နေရာလေးမှာ ကစားရင်း ထမင်းစားချိန်မို့ ကုန်းကမူလေးပေါ် ရှိတဲ့ ရဲတိုက် အိမ်ကြီးဆီ အားလုံး ပြန်အတက်မှာ အောင်ဆန်းလင်းက အပင်တွေ ရေလောင်းဖို့ တူးထားတဲ့ ရေကန်လေး ၁၀ပေ ဝန်းကျင် ကျော်ကျော်လေး ကျယ်ပြီး ၁၅ပေနက် တဲ့ ကန်အစပ်မှာ ကစားစရာ သေနတ်ကျန်ခဲ့လို့ ပြန်အယူ ဒီရေကန်ထဲကျ ရေနှစ်ပြီး ဆုံးတာပါပဲ လူကြီးတွေ သိတဲ့ အချိန်မှာ တော့ အသက် မမီတော့ဖူးလေ။

ကျောင်းနေတော့လည်း အောင်ဆန်းဦးက တာမွေ(၄) ခေါ်တဲ့ စိန့်ဖရန့်စစ် မှာ နောက်မှ အ.ထ.က(၆) ဗိုလ်တထောင်(စိန်ပေါလ်) ကို ပြောင်းသွားတာ ကျမလည်း မစုလို စိန်ဖရန်းစစ် မှာပဲ နောက်တော့ သူ အင်္ဂလိပ် မက်သဒစ်( ဒဂုံ-၁ ) ကို ပြောင်းသွားတယ်၊ ကျမတို့ ရန်ကင်းကောလိပ် ရောက်တော့ အောင်းဆန်းဦးက ကျောင်းပေါက်ဝက လာလာစောင့်တယ် အဖြစ်က သူ့မှာ ပါတဲ့ ပေါင် မုန့်တို့ ကြက်ဥတို့ မစားချင်တော့ သူ့ထမင်းဘူး ကျမကိုပေးပြီး ကျမရတဲ့ အိမ်က မုန့်ဖိုးသူ ယူပါတယ်၊ ပြီးတော့ အဲဒီမုန့်ဖိုး ငါးမူးနဲ့ ဇီပေါင်း ခေါ်မလား? ငရုတ်သီးတွေ ဆားတွေနဲ့ နယ်ထားတဲ့ ကတော့ထိုး ဇီးသီးကို ဝယ်,ဝယ်စားတယ်၊ တရက်ကြတော့ သူ ကျမ ကို ထမင်းဘူးပေးပြီး ညနေအပြန် ထမင်းဘူး ပြန်ယူဖို့ မေ့သွားတယ် ကားပေါ်ရောက်မှ ဒေါ်ခင်ကြည်ရဲ့ အမ သူတို့ရဲ့ ဂျီးဒေါ် ဒေါ်ခင်တင့်ကို ပြောတော့ ကားပြန်လှည့်ပြီး ကျမတို့ ရန်ကင်းအိမ်မှာ ထမင်းဘူးလာယူတာ ဒီအဖြစ်ကို ကျမ အဖေ သိသွားတော့ နောက်နေ့က စပြီး ကျောင်းသွားရင် အောင်ဆန်းဦး ငါးမူး၊ ကျမ ငါးမူးရပါတယ် နောက်သူအင်္ဂလန် ကျောင်းသွားတက်တော့ ကျမသူ့အတွက်ရတဲ့ မုန့်ဖိုး သူကိုယ်စား ဆက်ရနေသေးတယ် နောက်မှ အဖေသိပြီး မပေးတော့တာ ဒီကနေ စပြီးအောင်ဆန်းဦး နဲ့ အဆက်အသွယ် ပြတ်သွားတာ သူလည်း ဆန်တီရေးဂိုးမှာ ပြောကြတယ် ကျမက အော်ရီဂန်မှာ မြေပုံအရ အထက်နဲ့ အောက် ဆိုတော့ ခရီးက ဝေးတာရယ် အရွယ် ကလည်းရ ကျန်းမာရေးက ချူချာတော့ ခုထိ မတွေ့နိုင် ကြသေးဖူးလေ။

.....................................................................

ကျမတို့လည်း ဘွဲ့ရ အလုပ်အကိုင် တွေနဲ့ အိမ်ထောင်ရေး ဝန်တာတွေ ထမ်းနေရတော့ ဆွေမျိုးခြင်း ခပ်ကင်းကင်း ဖြစ်သွား တယ်၊ဒေါ်စုဆီနောက်ပိုင်း ညီအမတွေပဲ အဆက်အသွယ် လုပ်မယ်ဆိုတော့ အမေဖြစ်သူက တားတယ်၊နင်တို့က အစိုးရဝန်ထမ်း လုပ်နေကြတာ သူက နိုင်ငံရေး လုပ်နေတာ၊ သွား မဆက်လေနဲ့ ဟိုကောင်တွေက စိတ်ချရတာ မဟုတ်ဖူး၊နင်တို့လို ဝန်ထမ်း ဆို တကယ်လုပ်မှာလို့ ပြောရှာတယ်၊ ဒါနဲ့ မဆက်ဖြစ်ပြန်ဖူး၊ နောက်ဆုံး အမေဆုံးတော့ ဒေါ်အောင်းဆန်းစုကြည်လို့ ခေါ်တဲ့ မစု အိမ် ကျမတို့ ညီအမတွေ သွားအကြောင်း ကြားတယ်၊ကုက္ကိုင်းလမ်းဆုံ ကျော်ပြီး ပြည့်ဝ စားတော်ဆက်နားမရောက်မီ ဂိတ်ကလေးနား က ထမင်းစားမလို့ လုပ်နေတဲ့ ရဲဘော်လေးတွေနဲ့ တွေ့တော့ အကျိုးသင့် အကြောင်းသင့် ပြောပြလို့ နာရေး ဖြစ်နေတာမို့ ခွင့် တောင်းတော့ သွားခွင့်ပြုတယ်

ခြံဝရောက်လို့ တံခါးဖွင့် ထွက်လာတဲ့ စစ်ဗိုလ်တယောက် တွေ့ပါလေရော၊ ကျမတို့ ညီအမတွေ ပြောပြတော့ ဒီစစ်ဗိုလ်လေးက မောက်မောက်မာမာကို ပြောဆိုဆက်ဆံပြီး၊ ခင်ဗျားတို့ ဘယ်သူအမိန့်နဲ့ လာတာလဲ? ခင်ဗျား .. တို့ ညီမ ဒေါ်စုကြည် က ထောင် ကျ နေတာဗျ ! ....သွား....သွား....သွား ... လူမပြောနဲ့ ပုရွက်ဆိတ်တောင် မဝင်ရဖူး! လုံခြုံရေး အရမို့ ခွင့်မပြုနိုင်ဖူး ဆိုပြန်ကာ ရိုင်းပြစွာ ငြင်းလွှတ်ပါတယ်၊ အပြန်ခရီး လမ်းထိပ်က ဂိတ်တဲထဲ ထမင်းစားနေတဲ့ စစ်သားတွေ ခမျာမှာ ကျမတို့ကို ခွင့်ပြုမိလို့ မအေနှမ စုံအောင် ကိုင်တုတ်နေတဲ့ စစ်ဗိုလ်ကြီးကို တွေ့လိုက်ရတယ် ဆိုရင်ပဲ၊ သြော်......ဒီလို ဟီရိသြတ္တပ္ပ တရား နည်းလှတဲ့ လူမျိုးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံမျိုး ပြည်သူတွေ တွင်းဆုံး ကျလေပေါ့လို့ ကြိမ်ခါ အဖန်ဖန် တွေးနေမိတော့တယ်လို့ ရင်ထဲက လာတဲ့အသံနဲ့ အန်တီနီ တဆစ်ဆစ် နာကျင်သလို ပြောပြနေတော့တယ်။

......................................................................

ကျမတို့လို ဆွေမျိုးသားချင်း တော်သူတွေတောင် နာရေးကိစ္စ လာအကြောင်းကြားတာ ဝင်ခွင့် မပေးခဲ့တဲ့ မစုတို့ အိမ်ဝင်ခွင့် .... တလောကပဲ ကြားလိုက်ပါတယ် ရေဒီယိုတွေမှာ ပွက်လော ရိုက်လို့ပေါ့ အမေရိကားက ဂျွန်ဝီလျံ ယက်ထော ( John William Yettaw ) ဆိုသူ တယောက်ကတော့ ဝင်လိုက် ထွက်လိုက်တာမှ လျောကနဲ လျောကနဲ ဆိုပဲ။ ဗိုလ်ချုပ်လှဋ္ဌေးဝင်းလို တပည့်တွေ၊ နာမည်ကျော် စာရေးဆရာ နီကိုရဲလို တပည့်မျိုးတွေ မွေးထုတ်ခဲ့ဖူးတဲ့ ကျောင်းဆရာမဟောင်း အန်တီနီက စစ်ဗိုလ်ကြီးတွေကို မေးချင်စမ်း ပါဘိတဲ့ ... ယက်ထော ... ဘယ် အချိုး၊ ဘယ် တန်ခိုးမျိုးနဲ့ တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄) ကို ဝင်သွား ပါလိမ့်။

Sunday, July 19, 2009 Posted by ဒူကဘာ

ဤ ဆောင်းပါး ဖြစ်မြောက်ရန် အငှါးခံစားမှု အတွက် များစွာကူညီ အမှုပြုခဲ့သူ ဦးမောင်မောင် (ဆေးမှူးကြီး) နှင့် အန်တီနီ (အော်ရီဂန်) တို့အား ကျေးဂျူးကဘာ ပါ။

မျှဝေသူ။။http://chittemanawmyae.blogspot.com/ (ချစ်တဲ့ မနောမြေ-)--ကာတွန်း-သားငယ် အမေရိကန်

http://www.hittai.org/main.htm

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်


စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲအကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံအဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ဥပဒေအကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ်မေးမြန်းထားသည်။

ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ်ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''

ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။

''ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် အားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ အကြမ်းဖျဉ်း သဘောတူထားပါတယ်''

ဒီဥပဒေလမ်းကြောင်းအရ NLD ပါတီအနေနဲ့ အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ ရှေ့ဆက် ဘယ်လိုမျိုး လုပ်ဖို့ ရှိပါသလဲ။

''အကျဉ်းအကျပ်ထဲက ကျော်ဖြတ်ဖို့ လုပ်ရမှာပဲ။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ အစည်းအဝေး မထိုင်သေးဘူး။ စုံညီအစည်းအဝေး မလုပ်နိုင်သေးဘူး။ ဒီအချိန်မှာ ဒါကို မပြောနိုင်သေးပါဘူး''

ဒီဥပဒေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ကျေနပ်မှု ရှိပါသလား။

''ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လုံးဝ မကျေနပ်ပါဘူး''

++++++++++++++++++++++++++++++++++++

ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
ရန်ကုန်

နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံရေးသမားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကတော့ အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဥပဒေကြောင်းလမ်းအရ ဘယ်လို မြင်ပါသလဲ။

''နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ မရှိဘူး။ နိုင်ငံရေး အကျဉ်းသား ဆိုတာကိုတောင် လက်မခံသလို၊ ထောင်ကျ အကျဉ်းသားတောင် ပါတီဝင်ခွင့် မရှိဘူး။ ထောင်ကျနေပေမယ့် ပါတီက တာဝန်ပေးထားတယ်ဆိုရင်လည်း မရဘူး။ အဲဒီလို လူတွေကို ပါတီထဲ ထည့်ထားလို့ မရဘူး။ ထောင်ကျနေတဲ့ အကျဉ်းသားတွေက အယူခံတက်တာတို့ဘာတို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ၃ နှစ်ကနေ၊ ၁ နှစ်ခွဲ ချထားတယ်။ အဲဒါ ၁ နှစ်ခွဲ ချထားသူတယောက်ဟာ သူဘယ်လိုနည်းနဲ့မှ ဝင်ခွင့် မရနိုင်ဘူး။ အယူခံတက်မယ်၊ တက်တဲ့ ကာလအတွင်းမှာ ပါတီထောင်မယ်၊ ပါတီစာရင်းတွေ သွင်းပြီးသွားပြီ၊ ပါတီထောင်ပြီးသွားပြီ၊ ရွေးကောက်ပွဲ ဝင်ပြီးသွားပြီဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်လို့ မရတော့ဘူး။ အယူခံ နိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲဝင်လို့ မရတော့ဘူး။ အဲဒီလို ကန့်သတ်လိုက်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဘယ်လိုမျိုး ကွားခြားချက် ရှိပါသလဲ။

''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတုန်းက ထောင်ကျအကျဉ်းသားတွေ ရွေးကောက်ပွဲ မဝင်ရဆိုတာ မပါဘူး။ ပါတီဝင် မဖြစ်ရဘူးဆိုတာ မပါဘူး။ ထောင်ကျနေတဲ့သူက ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ၂ဝ၁ဝ မှာ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေထဲမှ အယူခံ တင်ထားသူတိုင်း မဝင်ရဘူးဆိုတာက သူ့ရည်ညွှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတဲ့သဘော သက်ရောက်နေတယ်။ ပါတီထောင်လို့ မရဘူး။ နောက်တခါ ပါတီထောင်လို့ ရှိရင်လည်း ၃ မြို့နယ် ပါဝင်ရမယ်။ မြန်မာပြည် တပြည်လုံးဆိုရင် လူ ၁ဝဝဝ လက်မှတ် ရှိရမယ်။ ပြည်နယ်တခုမှာ ဝင်ပြိုင်မယ်ဆိုရင် လူဦးရေ ၅ဝဝ ရှိနေရမယ်ဆိုတဲ့ ဝန်ခံချက်တွေ ပေးရမယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတို့၊ အရင် ကော်မရှင်တို့ထက် စာရင် အခုရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက ပိုပြီးတော့ တင်းကျပ်မှုတွေ ပိုများလာတယ်။ အချက်အလက်တွေ ပိုများလာတာကို တွေ့ရတယ်''

ဥပဒေကြောင်းလမ်းအရ အခုထုတ်ပြန်တဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက တရားမျှတမှု ရှိပါသလား။

''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့ ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့ အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''

ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေထုတ်ပြန်ထားတဲ့ အခန်း၂ ၊ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ ခင်ဗျာ။

''ပုဒ်မ ၆ က ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံသားတယောက်ပဲ သူထောင်ကျနေလို့ ပါတီထဲ မဝင်ရဘူးလို့ ဖော်ပြတဲ့ ဟာကလည်း ဒီပါတီနဲ့ဆိုင်တဲ့ ကိစ္စတရပ်ပဲ။ ဒီဟာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်မှ မဟုတ်ဘဲနဲ့။ သူ့ပါတီမှာ ထောင်ကျနေတဲ့ သူတယောက်ကို ပါတီဝင်အဖြစ် အသိအမှတ် ပြုရင်ပြုထားမှာပေါ့။ အဲဒီလို အသိအမှတ် မပြုရဘူးဆိုတာက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတယ်လို့ ဘယ်လို့ ပြောလို့ ရမှာလဲ''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်တဲ့ အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ် ဆက်ထားမယ်ဆိုရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ အချက်အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

''မတရားအသင်းဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းမှန်သမျှ မတရားအသင်း ထည့်မှာပဲလေ။ လက်နက်ဆွဲကိုင်တဲ့ သူပဲဖြစ်ဖြစ်၊ အစိုးရကို ပုန်ကန်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့။ ထုတ်ပြန်ထားတဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီထောင်ဖို့ စီစဉ်ရင် စီစဉ်၊ မစီစဉ်ဘူးဆိုရင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းပစ်မယ်။ ပါတီဖြစ်အောင် ထောင်ရင်ထောင်၊ ဒါမှမဟုတ် မထောင်ရင်လည်း ထောင်လက်စ ပါတီအဖြစ်ကနေ ပါတီအဖြစ် အကျုံးမဝင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်မှာပေါ့။ ရွေးကောက်ပွဲကိုလည်း အနည်းဆုံး ၃ မြို့နယ်မှာ အမတ်လောင်းအဖြစ် ဝင်ရမယ်။ ၃ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ အဲဒီဟာတွေက တသီးပုဂ္ဂလတောင်မှ ဝင်လုပ်ဖို့၊ သူ့ကို ကြိုက်လို့ ရွေးချင်တောင်မှ ပါတီတရပ်အနေနဲ့ ၃ မြို့နယ် ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အရွေးခံမယ့် သူတွေအနေနဲ့ ဘယ်လို လုပ်မလဲ။ အဲလိုလူတွေအတွက် စဉ်းစာရမယ့် အနေအထား ဖြစ်နေတယ်။ ပါတီအနေနဲ့ ထောင်တားရင်ပဲဖြစ်ဖြစ်၊ ထောင်မယ်ဆိုရင်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့လည်း နိုင်ငံရေးပါတီ ထောင်လို့ မရဘူးဆိုတဲ့ သဘော ဖြစ်နေတယ်''

အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေရတဲ့သူတွေ ပါနေတယ်ဆိုတော့ အကျဉ်းကျခံရတဲ့သူတွေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။

''နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေး လုပ်ဖို့ပဲလေ။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးလုပ်ဖို့ပဲလေ၊ နိုင်ငံရေးပါတီက သူရဲ့ နိုင်ငံရေး လုပ်ဆောင်ရမယ့်သူ၊ သူနဲ့ ပတ်သက်တဲ့သူ၊ သူရွေးချယ်ထားတဲ့သူ၊ သူ ပါတီဝင်အဖြစ်နဲ့ ရပ်တည်သင့်တဲ့သူ ဖြစ်ရင်လည်း၊ ထောင်ကျနေရင်လည်း၊ သူ့ပါတီတွင်းမှာ ရှိနေသကဲ့သို့ တာဝန်ကျေအဖြစ် သတ်မှတ်ပြီးတော့ သူ့သဘောထားတာက သူ့ပါတီတွင်း ရပိုင်ခွင့်ပဲလေ။ ပါတီတွင်း ရပိုင်ခွင့်ဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးကောက်နည်းနဲ့ ရွေးချယ်သတ်မှတ်မယ်ဆိုရင် ဒါ သဘာဝ မကျဘူးလို့ပဲ ပြောချင်ပါတယ်''

လက်ရှိ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထား ရှိလား ခင်ဗျာ။

''ဒီဟာက ချုပ်ချယ်ကန့်သတ်မှု များလွန်းတဲ့ ဥပဒေလို့ ပြောလို့ရှိရင် မမှားပါဘူး။ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ အနေအထားတော့ ပေါ်ပေါက်မယ် မထင်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ နိုင်ငံတကာက ပြောနေတာတွေ ရှိတယ်။ ဘန်ကီမွန်း (ကုလအတွင်းရေးမှူးချုပ်) က ပြောထားတာက အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာ ပါတယ်။ အခုဟာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မှ မလွှတ်ပေးသေးတာ။ လွှတ်ပေးမယ်ဆိုရင်တောင် ကပ်ပြီးလွှတ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် အခြေအနေ ဘယ်လိုမှ မမီနိုင်ဘူး''
http://www.mizzimaburmese.com/interview/5002-2010-03-10-14-06-28.html

အတွင်းကြေ မြန်မာ့တပ်မတော်ထဲက လက်ရှိ တပ်ပြေးပြဿနာများ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး)

၁၀/ မတ် ၂၀၁၀

မနေ့တနေ့ကမှ တပ်ထဲက ထွက်လာတဲ့ ဂျူနီယာအရာရှိ ညီငယ်တယောက်နဲ့ စကားပြောဖြစ်ကြရင်း သူပြောပြတဲ့ လက်ရှိတပ်ထဲက အခြေအနေတွေကို ကြားရတော့ စစ်သားဖြစ်ခဲ့တဲ့ ကိုယ်တောင် ရှော့ခ်ရသွားပါတယ်။ ပြင်ပမီဒီယာက ပြောနေကြတာတွေ မလွန်ဘူးဆိုတာ သူကိုယ်တိုင် ၀န်ခံသွားပါတယ်။ သူ့အမြင်ကို ထပ်ပြီးအကျယ်ဖွင့်တော့မှ ကျနော်တို့တပ်မတော်ကြီး အတွင်းကြေ ကြေနေပါရော့လားလို့ ကိုယ်တိုင်ခံစားမိလာ ခဲ့ရတဲ့အတွက် ကိစ္စလေးအချို့ကို ဆက်ဖောက်သည်ချချင်လာမိပါတယ်။ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုတဲ့ ဆောင်ပုဒ်ကို ရိုက်ချိုးပစ်တော့မယ့် တပ်ပြေးပြဿနာတွေကနေ အစချီပြီး ပြောသွားပါမယ်။

၂၀၀၉ ခုနှစ်အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေက နအဖတပ်တွေထဲမှာ တပ်ပြေးတွေကို တမင်ပစ်သတ်မှုတွေ များလာတာဟာ နောက်ထပ် တပ်ပြေးမှုတွေ ပိုတိုးစေတဲ့ ကိစ္စတခုပါ။ ပုံမှန်အတိုင်း စစ်တရားရုံး၊ ခုံရုံးတွေမှာ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၈ (ခ)၊ ပုဒ်မ (၄၀) တို့နဲ့ ထောင်ဒဏ်ပေး ဖြေရှင်းရမယ့်ကိစ္စကို စစ်ဘက်ဥပဒေအရ မဖြေရှင်းဘဲ ရှေ့တန်းမှာ ကိစ္စပြီးပြတ်အောင် အမြန်နည်းနဲ့ လုပ်ကြဖို့ အထက်က အမိန့်ပေးနေတာမို့ အလွန်အကျွံတွေဖြစ်ကုန်ပြီး ကိုယ့်အချင်းချင်း ပြန်ပစ်သတ်နေကြတာပါ။ ဇာတ်တူသားစားရင်း အားလုံးပျက်စီးသွားကြတဲ့ ဟင်္သာကိုးသောင်းဇာတ်မျိုးခင်းမယ့် ဒီလိုတပ်မတော်ထဲမှာ ဘယ်စစ်သားက ဆက်နေချင်ပါ့တော့မလဲ။

တပ်ပြေးဖြစ်လာရင် ပြေးတဲ့လူ ပြန်မလိုချင်ဘူး၊ ပါသွားတဲ့ ဒုတ်(သေနတ်) ပြန်ရရင်တော်ပြီ။ ပြေးတဲ့ကိစ္စကို အထက်မသိအောင် ဖုံးထားသင့် ဖုံးထားလို့ဖြစ်ပါတယ်။ ပြေးတဲ့လူ ဒါမှမဟုတ် ပြုန်းတီးအင်အားစာရင်းက တလမှာ (၂) ယောက်ထက် ပိုသွားမယ်ဆိုရင် အဲဒီလက ပြေးတဲ့ကောင်တွေကို နောက်တလစာရင်းမှာ ထည့်တင်ကြပါတယ်၊၊ ဒီလိုမျိုးမလုပ်ရင်လည်း (၄) လပတ် ဆွေးနွေးပွဲမှာ တပ်ရင်းမှူးပဲ ထုချေလွှာတင် အပြစ်ပေးခံရမှာ။ အရင်မဆလခေတ် တပ် (ဖွဲ့စည်းပုံအရရှိတာ အင်အား (၅၅၀) အမှန်တကယ် ရှေ့ထွက်အင်အား (၃၇၅-၄၂၀) ဦးနဲ့ အရာရှိ (၁၈-၂၃) ဦးစီ ပါဝင်ပါတယ်) ထဲမှာ ပြေးတဲ့လူရှိခဲ့ရင် စာရင်းမတင်ဘဲ တပ်ပြေးလစာငွေကို တပ်ရင်းမှူး၊ ခွဲမှူးတွေက ဖြတ်ထုတ်စားလေ့ရှိကြပြီး တပ်ပြေးစာရင်းတွေ အမှန်တိုင်း အထက်ကို တင်ပြလေ့မရှိကြပါဘူး။

နအဖတို့ခေတ်မှာလည်း လစာထုတ်စားဖို့ထက်ကို အထက်က အပြစ်ပေးမခံရဖို့က အရေးကြီးတဲ့အတွက် တပ်ရင်းမှူး၊ တပ်ခွဲမှူးတိုင်း တပ်ပြေးစာရင်းတွေ ဆက်လိမ်ညာတင်ပြနေရဆဲလို့ သိရပါတယ်။ ဒါတွေကို အထက်ဌာနက ရိပ်မိသွားလို့လည်း အချုပ်ကျ စစ်သည်တွေကို (၄၈) နာရီကျော်လွန်ပြီး ချုပ်မထားဘဲ စစ်ခုံရုံးတင်ဖို့ အမြဲညွှန်ကြားနေရပါတယ်။ ဒါကြောင့် ရှေ့တန်းမှာ တပ်ပြေးမှုဖြစ်ရင် ပါသွားတဲ့ သေနတ်မဆုံးရင် တော်ပါပြီ။ လူသစ်ကိစ္စက တပ်ရင်းရန်ပုံငွေထဲက စိုက်ခံပြီး လူသစ်ကို လိုက်ရှာဝယ်၊ နောင်မှ အခြေအနေကြည့် ဖြေရှင်းလို့ဖြစ်တယ်ဆိုပြီး တပ်ရင်းမှူးတွေကိုယ်တိုင် ရဲဘော်စိတ်ကင်းမဲ့စွာ ပြေးတဲ့သူတွေကို ပစ်သတ်ဖို့အရေး ဆုံးဖြတ်ချက်တွေပေးနေရတဲ့ အခြေကို ဆိုက်ရောက်နေရပါပြီ။

ဒီလို ကိုယ့်အချင်းချင်း ပစ်သတ်ရတဲ့ကိစ္စကို သာမန် လူသစ် စစ်သားတွေတင်သာမက အရာခံ၊ အကြပ်ကြီးတွေကပါ မကျေနပ်ကြပါဘူး။ ပုံမှန်စစ်ဆင်ရေးကာလထက်ပိုပြီး ရှေ့တန်းမှာ အနေကြာတာ (ရှေ့တန်း ကျဆုံးထိခိုက်မှု တပ်ပြေးမှုစတဲ့ အုပ်ချုပ်မှုဖြစ်စဉ်တွေများခဲ့ရင် အထက်က တမင်ညစ်ပြီး စစ်ဆင်ရေးကာလ ထပ်တိုးတာ) ကြောင့် နောက်တန်းမိသားစု အခက်အခဲ ပိုကြီးစေတာမို့ ရှေ့တန်းရောက် စစ်သားတွေ စိတ်သောကရောက်ပြီး တပ်ပြေးမှု ပိုတိုးစေပါတယ်။ ဒီ့အပြင် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့တိုင်း သတ်မှတ်ဖွဲ့စည်းပုံ အပြည့်မလှုပ်ရှားနိုင်တာကြောင့် လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုဖြစ်စဉ်တွေကလည်း တပ်ပြေးပြဿနာရဲ့ အဓိကသော့ချက်တခုပါပဲ။

ရှေ့တန်းထွက် စစ်အင်အားစုစုပေါင်း (၁၃၀-၁၄၀) ရှိတဲ့ တပ်ခွဲတခွဲမှာ လူ (၃၀) တောင်မပြည့်လို့ (၂) ခွဲစစ်ကြောင်း (၂) ခုဖွဲ့ပြီး တရင်းကို တပ်ခွဲ (၄) ခွဲ၊ လူအင်အား (၁၂၀) လောက်နဲ့ ထွက်လှုပ်ရှားကြရတာမို့လည်း စစ်ဆင်ရေးတာဝန် ထိထိရောက်ရောက် မထမ်းဆောင်နိုင်တဲ့အပြင် အချိန်ကုန်လူပန်းဖြစ်ပြီး စစ်ရေးစရိတ်တွေတက်တာပဲ တိုင်းပြည်အတွက် အဖတ်တင်ကျန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအတိုင်း လူမပြည့်တော့ ရှေ့တန်းလှုပ်ရှားရာမှာ စစ်သည်တွေ ပိုပြီးပင်ပန်းရသလို အင်အားမပြည့်တဲ့ တပ်ရင်း၊ တပ်ခွဲတွေနဲ့ နယ်မြေအကျယ်ကြီးကို ထိန်းရတာမို့ မနိုင်မနင်းဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့ရင်တောင် ထိထိရောက်ရောက် ပြန်လည်မတိုက်ခိုက် နိုင်လို့လည်း တိုက်ပွဲဖြစ်ပြီဆိုရင် စစ်သည်တွေ သေကြေဒဏ်ရာရမှုတွေက အရင်မဆလခေတ်ထက်ကို ပိုများလို့နေပါတယ်။ ဘယ်စစ်သားမှ ရှေ့တန်းမှာ တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ထွက်မတိုက်ချင်ကြတဲ့အပြင် နအဖခေတ်မှာ မြန်မာ့တပ်မတော်ရဲ့ ကျဆင်းနေတဲ့ စစ်ရေးစွမ်းရည်ကလည်း စစ်သားတွေ စိတ်ဓာတ်ပိုကျပြီး တပ်ပြေးဖြစ်စေတဲ့ ကူးစက်ရောဂါတမျိုးလိုပါပဲ။ စစ်ပညာ၊ လက်နက်အရည်အသွေးနဲ့ နည်းပညာချို့တဲ့မှုတွေကြာင့် စစ်သားတွေကိုယ်တိုင် ကိုယ့်တပ်မတော်အပေါ် အထင်မကြီးလာတော့တဲ့ အကြောင်းကလည်း တနေ့တခြား စစ်ပြေးတွေ ပိုများစေပြန်ပါတယ်။

၁၉၉၀ လွန်နှစ်တွေနောက်ပိုင်း ငြိမ်းချမ်းရေးအဖွဲ့အသီးသီး ပေါ်လာလို့ ဒေသအတော်များများ ငြိမ်းချမ်းသွားပြီး စစ်ဆင်ရေးမရှိလို့ စစ်သားတွေ ပြေးတယ်ဆိုတဲ့ အကျိုးအကြောင်းမျိုးကိုလည်း ပြလို့မရပါဘူး။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေက ဆက်ရှိနေဆဲပါ။ နေ့စဉ် သေနတ်သံတွေ ကြားနေရသလို နှစ်ချုပ်တိုက်ပွဲ စာရင်းတွေမှာလည်း ထောင်ချီ သေကျေဒဏ်ရာတွေ ဖြစ်ပွားနေဆဲပါ။၂၀၀၉ ခုနှစ် ကရင်ပြည်နယ်စစ်ဆင်ရေး နိဂုံးချုပ်မှာ တိုက်ပွဲပေါင်း (၁,၁၈၃) ကြိမ်ဖြစ်ပွားပြီး နအဖဘက်က စစ်သည်အရာရှိ စုစုပေါင်း (၅၄၀)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့က (၁၈၃) ဦး အသီးသီး ကျဆုံးသလို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကလည်း တပ်မတော်ဘက်က အရာရှိ စစ်သည် (၁,၁၄၃) ဦး သေကျေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

နောက်တချက်ကတော့ ပေးထားတဲ့ လစာ ခံစားခွင့် နည်းပါးမှုနဲ့ ကိုယ့်အထက်က အခွင့်ထူးခံ အရာရှိတွေ ကောင်းစားဖို့ပဲ လုပ်ပေးနေရတယ်လို့ ခံစားနေရတဲ့ စိတ်ဓာတ်ကြောင့် ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ချင်စိတ်၊ အသက်စွန့်လိုစိတ် ကင်းမဲ့နေမှုတွေပဲဖြစ်ပါတယ်။ တပ်တွင်းက အထက်နဲ့အောက် ကွားခြားချက်တွေကလည်း မမျှော်မှန်းရဲလောက်အောင်ကို ကြီးမားနေပါတယ်။ အောက်ခြေရဲဘော်တွေသာမက ဗိုလ်ကြီး၊ တပ်ရင်းမှူးအဆင့်အထိတောင် နအဖ ထိပ်သီးခေါင်းဆောင်တွေနဲ့ လူနေမှုဘ၀အဆင့်အတန်း ကွာဟမှုဒဏ်တွေကို မကျေမနပ် ကြိတ်ခံစားနေကြရတာပါ။

သာမန်လစာငွေ (၂၁,၀၀၀) ကျပ်ရလို့ အဆင်မပြေတဲ့ စစ်သည်တွေ လစာတိုးပြီး (၄,၁၀၀၀) ကျပ် ဖြစ်လာသည့်တိုင် စားဝတ်နေရေး အဆင်မပြေဆဲဖြစ်နေသလို (၁၆၀,၀၀၀) ကျော်ရတဲ့ ဗိုလ်ကြီးတွေခမျာလည်း ရတဲ့လစာ မလောက်လို့ အိမ်ကမှာပြီး အိတ်စိုက်သုံးနေရကြောင်း ထုတ်ပြောနေကြပါပြီ။ စစ်သားတိုင်းအတွက် တပ်မတော်က ထောက်ပံ့ပေးနေကျ ပစ္စည်းမျိုးစုံ ထောက် (၂၅) မျိုးကိစ္စတွေမှာလည်း အထက်က မဖြေရှင်းပေးလို့ ကိုယ့်ငွေနဲ့ စိုက်သုံးမှပဲ ရှေ့တန်းမှာ အလုပ်ဖြစ်ပါတယ်။ လတ်တလော စစ်ဆင်ရေးထွက်ဖို့ လိုအပ်တဲ့ ဖိနပ်၊ မိုးကာတွေ မပါရင် ရှေ့တန်းမှာ အခက်ခဲရှိတာမို့ တပ်ခွဲမှူးတွေကပဲ ကိုယ့်အစီစဉ်နဲ့ ကိုယ့်တပ်ခွဲကိစ္စ ဖြေရှင်းပေးနေရပါတယ်။

ဒီ့အပြင် ရာထူးမြဲ၊ တပ်ပြောင်း၊ အဆင့်တိုး ကိစ္စတွေမျိုးစုံအတွက်လည်း အထက်ကို လာဘ်ထိုးနေရပါသေးတယ်။ အလုပ်အကိုင်ရှားပါးလွန်းလို့ မဖြစ်သာလို့ မနှစ်သက်ဘဲ အပြင်မှာ ရတဲ့လစာလောက်နဲ့ တမင်ရွေးချယ်စရာလမ်းမရှိလို့သာ တပ်ထဲမှာ စစ်သားဝင်လုပ်နေရတာ၊ ဒါမှမဟုတ် အဓမ္မသိမ်းသွင်းခံရလို့၊ ပြီးတော့လည်း ပြန်ထွက်ချင်၊ ပြေးချင်ပေမယ့် ပြေးလို့မဖြစ်လို့ဆိုတဲ့ အကြောင်းအမျိုးမျိုးတွေကလည်း ရှိပါသေးတယ်။ စစ်သည်တွေအတွက် ရပိုင်ခွင့်၊ ကိုယ့်လုပ်ငန်းတာဝန်ပေါ် လေးစားမှု၊ တပ်တွင်းနေပျော်စေတဲ့ စစ်သည်ဘ၀အာမခံချက် အဲဒီအချက်တွေ မရှိလို့တော့ တပ်ထဲက တပ်ပြေးတွေ ထပ်တိုးလာနေဦးမှာပါ။

ယခင် နှစ်ပေါင်း (၂၀) ကျော်က မဆလစစ်တပ်တွေမှာ တပ်ခွဲတခွဲ လူ (၄၀-၅၀) လောက် ကျဆုံးဒဏ်ရာရှိခဲ့ရင်တောင် တပ်ရင်းအနေနဲ့ စစ်ဆင်ရေးဆက်ဝင်လို့ ဖြစ်ပါသေးတယ်။ သူတို့ခေတ်တုန်းက တပ်ရင်းတရင်း လူ (၄၅၀) အပြည့် ရှေ့တန်းထွက်နိုင်တာပါ။ စစ်သည် (၄၀၀) ကျော် (၅၀၀) နီးပါး အင်အားမှာ အရာရှိ (၁၈) ယောက်ကနေ (၂၃) ယောက်သာ ရှိခဲ့တာပါ။ အခု လူပေါင်း (၁၄၀) လောက်ရှိတဲ့ နအဖခေတ် တပ်ရင်းတရင်းမှာ လူ (၁၀) ယောက်လောက် ထိခိုက်ဒဏ်ရာဖြစ်ပြီဆိုရင် နောက်တန်းပြန်စုဖွဲ့ လေ့ကျင့်မှပဲ ဖြစ်ပါတော့တယ်။ ဒါမှမဟုတ်ရင် တပ်ပြေးစာရင်းက ရှေ့တန်းမှာ ဆုံးရှုံးသွားတဲ့ အင်အားထက် ပိုပြီးများသွားမှာမို့ပါ။

ဖွဲ့စည်းပုံမပြည့်တဲ့ တပ်ရင်းတွေကို တိုးချဲ့ဖွဲ့စည်း တာဝန်ပေးလာရာကနေ ရာထူးနဲ့ တာဝန် မညီမျှတာတွေလည်း ဖြစ်ပေါ်နေပါပြီ။ တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့် အုပ်ချုပ်သူတွေကလည်း အရင်လို အရည်အချင်းပြည့် ဗိုလ်တွေမဟုတ်ကြသလို နှစ်စဉ် စစ်တက္ကသိုလ်ကနေပြီး ကြက်ဥဖောက်စက်လို မွေးထုတ်ကျောင်းဆင်းလိုက်တဲ့ အရာရှိလောင်း အင်အားကလည်း အလျော့မရှိ (၂,၀၀၀) ကျော် ရှိနေပါတယ်။ သင်တန်းဆင်းဗိုလ်လောင်းတွေကို တပ်ရင်းအသီးသီး ပို့ပြီး နှစ်စဉ် ရာထူးခန့် တာဝန်ပေးနေလေတော့ ဒီကနေ့ မြန်မာ့တပ်မတော် တပ်ရင်းတခုရဲ့ အင်အား (၁၃၀-၁၄၀) မှာ အရာရှိအင်အားစာရင်းက (၄၀) နီးပါးဖြစ်နေပါပြီ။ ဒီအရာရှိ (၄၀) ကျော်မှာလည်း သင်တန်းအမျိုးမျိုး သွားတက်နေတဲ့သူ၊ နောက်တန်း ဗာဟီရလုပ်ငန်းမျိုးစုံအတွက် တာဝန်ချထားရသူ ဒါတွေဖယ်လိုက်ရင် ရှေ့တန်းစစ်ထွက်အရာရှိဟာ အရင်မဆလခေတ်က နှုန်းအတိုင်းပဲ ပြန်ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ မဆီမဆိုင်လုပ်ငန်းတွေအတွက် ရာထူးရှိပြီး တာဝန်အတည် သတ်မှတ်ပေးထားခြင်းမရှိတဲ့ စစ်ဗိုလ်တွေ ဖောင်းပွနေတာကို ကျနော်တို့ မြန်မာနအဖတပ်မတော်မှာပဲ တွေ့ရမှာပါ။

နအဖ တပ်ရင်းတရင်းမှာ လူအင်အား (၁၃၀) အတွက် ရှေ့တန်းထွက် အရာရှိက (၁၅-၁၈) ယောက် ၀န်းကျင်လောက်သာ ပါရှိကြတာပါ။ ဒီတော့ စစ်သား (၈) ယောက် အရာရှိ (၁) ယောက်နှုန်းလောက် သွားကျနေပါတယ်။ ဒီအချိုးအတိုင်း တပ်မတော်ကို ဖွဲ့စည်းထားတာမို့ မကြာခင် စစ်သား (၁) ယောက် ဗိုလ် (၁၀၀) ဆိုတဲ့ ကိန်းကို ဆိုက်တော့မှာမလွဲပါဘူး။ နောက်တမျိုးက တပ်ထဲမှာ ပေါများလာနေတဲ့ အရာရှိတွေရဲ့ အနိုင်ကျင့်မှုအပေါင်းကို အရေအတွက်နည်းတဲ့ စစ်သားတွေ လှိမ့်ခံရတဲ့ကိစ္စပါ။ ရှေ့တန်းက အထက်အရာရှိကို ဖီဆန်ပြဿနာတက်လို့ စစ်ပြေးမှုတွေဖြစ်ပြီး အသတ်ခံရ၊ ထောင်ကျခံရတဲ့ အကြောင်းခံကလည်း ဗိုလ်လုပ်သူတွေ အနိုင်ကျင့်တဲ့အတွက်ကြောင့်ပါပဲ။

အရာရှိတွေတင်မက အရင်ခေတ် ဗိုလ်ကတော်တွေနဲ့ မတူတဲ့ နအဖခေတ် ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကတော် အသီးသီးကလည်း စစ်သည်ရဲမေ အိမ်ထောင်သည်တွေအပေါ် ပိုပြီး အနိုင်ကျင့်တာတွေ ရှိနေပြန်ပါသေးတယ်။ စစ်သည်ကိုသာမက စစ်သားမယားနဲ့ မှီခိုသူအားလုံးကိုပါ လွှမ်းမိုးချုပ်ကိုင် ဗိုလ်ကျအနိုင်ကျင့်လို့ရအောင် တပ်ရင်းနောက်တန်းအသီးသီးမှာ စည်းကော် ကော်မတီဆိုတာကို ဖွဲ့စည်းပေးထားပြန်ပါတယ်။ ဒီစည်းကော်လို့ခေါ်တဲ့ အမျိုးသမီးရေးရာအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်ဟာ တပ်ရင်းမှူးထက် ပိုပြီးလက်ဝါးဇောင်းထက်တယ်လို့ ကြားနေရပြန်ပါတယ်။

တိုင်းမှူး၊ တပ်မမှူးတွေ တပ်ရင်းကို လာစစ်ရင် တခြားကိစ္စတွေထက် သူတို့နဲ့ အတူပါလာကြမယ့် တိုင်းမှူး၊ တပ်မမှူးကတော်တွေရဲ့ စည်းကော်အစီရင်ခံစာမှာ နာမည်ပျက်မပါသွားဖို့ အရေးကြီးနေပါတယ်။ တပ်ရင်းက အရာရှိစစ်သည်တွေ တပ်အစစ်ဆေးခံဖို့ထက် ရဲမေစစ်သည်၊ အိမ်ထောင်သည် မှီခိုတွေပါမကျန် အကုန်လုံး စည်းကော်အစစ်ခံချက်မှာ အမှတ်ကောင်းရဖို့ လိုပါတယ်။ အဆင်မချောရင် တပ်ရင်းမှူးနဲ့ တပ်ရင်းပါ အမှတ်တွေ အလျှော့ခံသွားရနိုင်ပါတယ်။

တပ်အစစ်ဆေးခံတယ်ဆိုတာက သတ်မှတ်ထားတဲ့အတိုင်း ဗဟိုကင်း၊ လက်နက်တိုက် စားဖိုဆောင် စတာတွေမှာ အကုန်ပြင်ဆင်ထားရင်၊ ကျွေးမွေးဧည့်ခံတာကောင်းရင် ဖြစ်ပါပြီ။ ဒါကလည်း ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်တပ်ကို အထက်က တိုင်းမှူး၊ တပ်မမှူးတွေမရောက်ခင် တခြားတပ်ကို စစ်နေကတည်းက ကြိုပြီး ဘယ်လိုဘယ်ပုံ ဖြေရှင်းသလဲဆိုတာ သိထားပြီးသားမို့ တပ်ရင်းတခုနဲ့တခု မထူးမခြား မကွာမလှမ်း အစစ်ဆေးခံနိုင်ကြပါတယ်။ ဘာမှ မခက်ပါဘူး။ အဲ … ခက်တာက တိုင်းမှူး၊ တပ်မမှူးကတော်ရဲ့ စည်းကော် အစစ်ဆေးခံနိုင်ဖို့ရာက တပ်ရင်းမှူးတိုင်းအတွက် အတော်ခေါင်းစားတဲ့ ကိစ္စတခုပါပဲ။ တပ်ဆိုင်ရာ လုပ်ငန်းတွေထဲမှာ စည်းကော်ကိစ္စအတွက် တပ်မမှူးကတော်ကိုယ်တိုင် အပ်ချုပ်စက်တွေ၊ အခမ်းအနား ၀တ်စုံတွေအတွက် ရှော့ပင်းထွက် ဈေးဝယ်တဲ့ အလုပ်မျိုးကိုတောင် အထက်ကို တရားဝင် ကြေးနန်းတင်ပြ ခွင့်ပြုချက်တင်ပြီးမှ လုပ်ကြတာမျိုးတွေ ဖြစ်လာနေပါပြီ။

ပေးပို့ = စည်းကော်၊ လက္ခံ တပ်မ (---) မှူး၊ မိတ္တူ --- ( xxx) တိုင်း … ဆိုတဲ့ ကြေးနန်းမျိုးတွေ ထွက်နေပါပြီ။ တပ်ထဲက အမျိုးသမီးရေးရာတွေရဲ့ စည်းကော်လုပ်ငန်းကော်မတီ စည်းရုံးရေးအစီရင်ခံစာ (ဦး /၅) ကြေးနန်းတွေကိုပဲ ဆသရ စစ်သည်တွေက အထူးအရေးထား (ဆ/င) အဖြစ် အလေးထား ပို့ပေးနေကြရပါတယ်။ စစ်သည်တွေ စိတ်ဓာတ်ပျက်ပြား တပ်ပြေးများရတဲ့ အကြောင်းများစွာထဲမှာ စည်းကော်ကိစ္စတွေလည်း ကြားကတမှောင့်ပါပဲ။ တချို့စစ်သည် အရာရှိတွေက သူတို့ကို ‘တပ်ပျက်မမ’ တွေလို့ ကွယ်ရာမှာ နောက်ပြောင်လေ့ရှိကြပါတယ်။ ရှေ့တန်းစစ်ဆင်ရေး၊ အုပ်ချုပ်ရေးကိစ္စထက်ကို နောက်တန်းကိစ္စမျိုးစုံအပြင် မိန်းမတွေရဲ့ စည်းကော်အလုပ်တွေကိုပါ အပိုထပ်ဆောင်း တာဝန်ထမ်းနေရတာမို့ ဆက်သွယ်ရေးတပ်ဖွဲ့တွေလည်း စိတ်ဓာတ်ကျနေရပါပြီ။

နေ့တိုင်း အရေးမပါတဲ့ (အပလာ) ကြေးနန်းတွေထဲမှာ စည်းကော်ကိစ္စတွေပါ ထည့်ပို့နေရတာကြောင့် စစ်ဆင်ရေးကိစ္စလည်း မဟုတ်တဲ့ နောက်တန်း ကြေးနန်တွေနဲ့ပဲ (၂၄) နာရီလုံး သူတို့ အလုပ်ရှုပ်နေကြရပါတော့တယ်။
ဒါကြောင့်လည်း ရှေ့တန်းမှာ စစ်သားတွေ စိတ်ဓာတ်ပျက် တပ်ပြေးကြသလိုမျိုး နောက်တန်းမှာ စစ်သည်နဲ့ အိမ်ထောင်သည်ကြားမှာလည်း တပ်ပြေးတွေ စပေါ်နေပါပြီ။ မကြာခင် တပ်ကနေ ထွက်ပြေးလာတဲ့သူတွေအထဲမှာ တပ်သားအဆင့်သာမက အရာရှိတွေလည်း ပါဝင်နေတာကို တွေ့ရသလို ပြေးလာသူတွေ ပြောပြချက်အရ နောက်တန်း ဒါမှမဟုတ် သင်တန်းတွေကနေ ပြေးတာက ပိုပြီးလွယ်ကူပါတယ်တဲ့။

ပြေးလာသူ စစ်သည်နဲ့ အရာရှိတွေအားလုံး ရာထူးအဆင့်တွေ ကွဲပြားပေမယ့် သွားတူညီနေတဲ့ အချက်တခုက သူတို့အားလုံး ခံစားခွင့် နည်းပါးနေကြတာပါ။ အထက်ဌာနအပေါ် ယုံကြည်မှုနည်းပါးကင်းမဲ့တာ အနာဂတ်မျှော်လင့်ချက် နည်းပါးတာ … စတဲ့ အထွေထွေ နည်းပါးခြင်းကပ်ဆိုက်ရောက်နေတဲ့ မြန်မာနအဖတပ်မတော်တွင်းက တပ်ပြေးတွေ အစုလိုက်အပြုံလိုက် ဆက်ထွက်လာဦးမှာ အသေအချာပါပဲတဲ့။ မြေကြီးကို လက်နဲ့ ခတ်မိလို့ လွဲရင်တောင် လွဲနေပါလိမ့်ဦးမယ် အဲဒီခန့်မှန်းချက်ကတော့ လုံးဝကို မလွဲနိုင်ဘူးလို့ ပြောနေကြပါတယ်။ ။

http://www.khitpyaing.org/articles/2010/March/10310b.php



သူခိုးလက်က သူဝှက်ဆီရောက်

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

၁၀/ မတ် ၂၀၁၀

စစ်တပ်က အစိုးရလုပ်တဲ့ ၁၉၆၂ ကစပြီး နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ် စစ်မှုထမ်းက အလွဲသုံးစားလုပ်ကြတယ်။ ဗိုလ်နေ၀င်းစစ်အုပ်စု အာဏာသိမ်းတော့ ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်ဆိုပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို နိုင်ငံပိုင် လုပ်လိုက်တယ်။ အဲဒီနိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်က ဦးဆောင်တာများတယ်။ နိုင်ငံပိုင်ပြည်သူပိုင်လို့ အမည်ပေးထားပေမယ့် တကယ်ပိုင်တာက စစ်သူခိုးနဲ့ အပေါင်းပါတွေပဲ။ ဒါကြောင့် မဆလဆိုရှယ်လစ်ခေတ်မှာ နိုင်ငံတော်အလံကအစ ပြောင်းလဲလိုက်ပေမယ့် အမျိုးသားသီးချင်းကိုတော့ မပြောင်းဘူး။ ‘တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ’ ဆိုတာလေးကို သဘောကျတယ်ထင်ပါရဲ့။ နိုင်ငံပိုင်ပစ္စည်းကို မိမိရဲ့ ဘိုးဘွားပိုင်ပစ္စည်းလို အသုံးပြုနေတာ စစ်တပ်ပဲ။

အခုတော့ မဆလခေတ်က နိုင်ငံပိုင်လုပ်ထားတဲ့ လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်နဲ့ အသိုင်းအ၀ိုင်းကို လက်သိပ်ထိုးဖြန့်ဝေ ပေးနေတယ်။ ကြပ်ပြေးသန်းရွှေရဲ့ လက်စွဲတော်ကြီး တေဇနဲ့ ငါရရွှေမန်းရဲ့သား အောင်သက်မန်းတို့က ဦးဆောင်ပြီး အစိုးရပိုင် ဓာတ်ဆီ (၂၅၆) ဆိုင်ကို မတ်လကုန်မှာ အားလုံးပုဂ္ဂလိက လက်ထဲရောက်အောင် လုပ်နေကြတယ်။ တေဇက ဥက္ကဋ္ဌလုပ်ပြီး အောင်သက်မန်း အတွင်းရေးမှူးလုပ်တဲ့ လောင်စာဆီတင်သွင်းသူနဲ့ ဖြန့်ဝေသူများအသင်းမှာ အသင်းသား (၁၀၀) ကျော် ရှိတယ်ဆိုပဲ။ စစ်ဗိုလ်အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေဖြစ်ဖို့များတယ်။ ဓာတ်ဆီဓာတ်ငွေ့ကလည်း ဒိုးဘိုးဘွားအမွေအနှစ်ပဲလေ။

ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်း (၃) ခု တည်ဆောက်ခွင့် နီးစပ်သူတွေကို ပေးဖို့စီစဉ်တယ်။ အလုံဆိပ်ကမ်းနဲ့ ကျောက်တန်းမြို့နယ်က သီလ၀ါဆိပ်ကမ်းကို ဘိန်းမှောင်ခိုလော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်ပြီး ပိုင်ဆိုင်ထားတယ်။ ရန်ကုန် ကမ်းနားလမ်းက ဘတ်စ်ကားဂိတ်၊ ကုန်လှောင်ရုံ၊ ဈေး၊ အစိုးရရုံးနဲ့ ဟိုတယ်တွေကို ဖယ်ရှားပြီး ဆိပ်ကမ်းဆောက်မှာကို စိုးရိမ်မကင်း ဖြစ်နေကြတယ်။ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီကပဲ ဆိပ်ကမ်းသစ်တွေဆောက်ဖို့ ကန်ထရိုက်ရထားကြောင်း သိရတယ်။ ကြယ်ငါးပွင့်သင်္ဘောလိုင်းကိုလည်း စစ်တပ်ကုမ္ပဏီ ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလက်ထဲ လွှဲပြောင်းပေးမယ်လို့လည်း သတင်းထွက်နေတယ်။

CDMA တယ်လီဖုန်းကတ် (၅) သိန်း ရောင်းပိုင်ခွင့်ကို ထူးကုမ္ပဏီခွဲတခုဖြစ်တဲ့ အီလိုက်ကုမ္ပဏီက ရရှိသွားတာဟာ ကျပ်ငွေကုဋေ (၃,၀၀၀) ပိုပြီး ချမ်းသာသွားတာပဲ။ ရေအားလျှပ်စစ်စက်ရုံ (၂) ခု တည်ဆောက်ဖို့ ထူးကုမ္ပဏီက ကန်ထရိုက်ရထားတယ်။ လုပ်ငန်းကြီးတွေဟာ တာဝန်ယူတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ပစ္စည်း ဖြစ်သွားပြီး နောင်အခါမှ အစိုးရလက်ထဲ လွှဲပြောင်းပေးမယ်ဆိုတဲ့သဘောပဲ။ ဒါမျိုးကို BOOT-Build-Operate-Own-Transfer စနစ်လို့ ခေါ်တယ်။ ဒီလိုစီမံကိန်းတွေမှာ အရင်းပြန်ရဖို့ အချိန်ကြာတတ်တာမို့ နှစ်ပေါင်းများစွာ ပုဂ္ဂလိကပိုင်ဖြစ်နေတတ်တယ်။ BOOT စနစ်ကို အခြားနိုင်ငံတွေမှာလည်း သုံးပါတယ်။ ကွာခြားတာကတော့ မြန်မာပြည်မှာ ဒီစနစ်ကို စတင်ကျင့်သုံးသူဟာ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီဖြစ်နေတာပါပဲ။

နအဖခေတ်က မွေးထုတ်လိုက်တဲ့ ကုဋေကြွယ်သူဌေးအနည်းငယ်ထဲမှာ ဗိုလ်ချုပ်မောင်အေးနဲ့ ရင်းနှီးတဲ့ အောင်ကိုဝင်း (ခေါ်) ဆရာကျောင်းဆိုသူလည်း ပါဝင်တယ်။ အောင်ကိုဝင်းဟာ ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အနောက်တိုင်းက ဒဏ်ခတ်အရေးယူ ခံရသူဖြစ်တယ်။ နိုင်ငံပိုင် MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်က (၈၀) ရာခိုင်နှုန်း ၀ယ်ယူတဲ့သတင်း မကြာမီက ထွက်လာတယ်။ MAI ဟာ နိုင်ငံပိုင် မြန်မာ့လေကြောင်းနဲ့ စင်ကာပူကုမ္ပဏီတို့ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်။ အခုတော့ နိုင်ငံပိုင်အစုရှယ်ယာကို ကမ္ဘောဇဘဏ်က ယူလိုက်သလို ဖြစ်သွားတယ်။

ပုဂ္ဂလိကပိုင်လုပ်တဲ့နည်းစနစ် (၃) မျိုးရှိတယ်။ ပထမနည်းက လုပ်ငန်းရဲ့ အစုရှယ်ယာကို ၀ယ်ယူတဲ့နည်းဖြစ်တယ်။
SIP---Share Issues Privatization ဖြစ်တယ်။ စတော့ဈေးကွက်မှာ အစုရှယ်ယာတွေကို ချရောင်းပြီး ပုဂ္ဂလိကပိုင်ဖြစ်အောင် လုပ်တာပဲ။ နအဖကတော့ သူပိုင်တဲ့ အစုရှယ်ယာကို မောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းလက်ထဲ ထိုးထည့်လိုက်တာပါပဲ။ ဘယ်လောက်လာဘ်ထိုးရတယ်ဆိုတာကိုတော့ အောင်ကိုဝင်းပဲ သိနိုင်တယ်။ ဒုတိယနည်းကတော့ လုပ်ငန်းတခုလုံးကို ရောင်းပစ်လိုက်တာဖြစ်လို့ Asset Sale Privatization လို့ခေါ်တယ်။ အများပြည်သူသိရအောင် လေလံတင်ပြီး ရောင်းချတာဖြစ်တယ်။

တတိယနည်းက ပုဂ္ဂလိကပိုင်လုပ်မယ့်လုပ်ငန်းရဲ့ အစုရှယ်ယာတွေအားလုံးကို နိုင်ငံသူနိုင်ငံသားတွေကို အခမဲ့ (သို့မဟုတ်) ငွေအနည်းငယ်ယူပြီး ဖြန့်ဝေလိုက်တာဖြစ်တယ်။ ဒီနည်းကို ဗောက်ချာစနစ် Voucher Privatization လို့ခေါ်တယ်။ ရုရှအစိုးရပိုင်လုပ်ငန်းတွေကို ၁၉၉၂ နဲ့ ၁၉၉၄ အတွင်း ပုဂ္ဂလိကပိုင်လုပ်ရာမှာ ဗောက်ချာစနစ်ကိုသုံးတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ပိုင်ဆိုင်ခွင့်ရှိကြောင်း သက်သေပြတဲ့ ဘောက်ချာလက်မှတ် ထုတ်ပေးမယ်။ နိုင်ငံပိုင်ပစ္စည်းမှာ တိုင်းသူပြည်သားတိုင်း အစုရှယ်ယာလေးတွေ ပိုင်ဆိုင်ကြောင်းဖော်ပြတဲ့ လက်မှတ်ဖြစ်တယ်။ ဒါပေမယ့် ဆင်းရဲတဲ့ပြည်သူလူထုဟာ သူတို့ပိုင်တဲ့ ဘောက်ချာလက်မှတ်တွေကို ချက်ချင်းရောင်းစားတဲ့အတွက် အုပ်ချုပ်ရေးဌာနက လူတစုလက်ထဲပဲ ပြန်ရောက်သွားတယ်။ ဒီလိုနဲ့ပဲ ကုဋေကြွယ်သူဌေးတစုကို ရုရှအစိုးရက မွေးထုတ်ပေးလိုက်သလိုဖြစ်သွားတယ်။

မြန်မာပြည်မှာတော့ ပြည်သူပိုင်/နိုင်ငံပိုင်လို့ ပြောနေပေမယ့် တကယ်ပိုင်သူက စစ်တပ်ပဲ။ ဒါကြောင့် စစ်တပ်ကို လာဘ်ထိုးနိုင်သူတွေပဲ စစ်တပ်ဆိုရှယ်လစ်ခေတ်မှာ သူဌေးဖြစ်ကြတယ်။ အဲဒီအထဲမှာ ထူးကုမ္ပဏီနဲ့ ဘိန်းမှောင်ခို လောစစ်ဟန်တို့ပါဝင်တယ်။ စစ်တပ်ရဲ့ ဈေးကွက်စနစ်မှာလည်း သူတို့ဟာ အရေးကြီးတဲ့ အခန်းက ပါဝင်လာတယ်။ စစ်ခေါင်းဆောင်တွေလိုချင်တာကို သူတို့က ပေးနိုင်သလို သူတို့အတွက် စစ်ခေါင်းဆောင်က စားပေါက်ထွင်ပေးတယ်။ ကြပ်ပြေးနေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းအရှေ့ဘက်မှာ မဏိရတနာလို့ အမည်ပေးထားတဲ့ ကျောက်စိမ်းရောင်းဝယ်ရေးခန်းမကို ထူးထရေးဒင်း ကုမ္ပဏီက တည်ဆောက်နေတာ တမင်စားပေါက်ထွင်ပေးတာပဲ။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာရင် ဆင်းရဲနွမ်းပါးမှု လျော့နည်းလာမယ်လို့ ဆိုပေမယ့် မြန်မာပြည်မှာတော့ ဆင်းရဲသားလူတန်းစားရဲ့ အခြေအနေဟာ ပိုဆိုးလာတာတွေ့ရတယ်။ လူချမ်းသာတွေ ခံစားရတဲ့ အကျိုးအမြတ်ဟာ အနည်းအကျဉ်းတောင် ဆင်းရဲသားဆီကို ရောက်မသွားတဲ့အတွက် ဆင်းရဲသားတွေ သက်သာချောင်ချိအောင် အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးဖို့ လိုတယ်။ အများအားဖြင့် ပုဂ္ဂလိကပိုင်လုပ်လို့ဖြစ်ပေါ်လာတဲ့ လူမှုရေးအကျိုးဆက်တွေကို လျစ်လျူရှုကြတယ်။

နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးစနိုင်ငံတွေအနေနဲ့ သင်ခန်းစာယူနိုင်အောင် အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ (၅၉) မျက်နှာ အစီရင်ခံစာတစောင် ထုတ်ဝေလိုက်တယ်။ နိုင်ငံပိုင် (သို့မဟုတ်) အစိုးရပိုင်လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီလက်ထဲ လွှဲပြောင်းရာမှာ လိုက်နာရမယ့် မူဝါဒတွေကို ဖော်ပြထားတယ်။ ပုဂ္ဂလိကပိုင်လုပ်တဲ့ စီမံကိန်းဟာ တိုင်းပြည်စီးပွားရေးလမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ရပါလိမ့်မယ်တဲ့။ ဒါဟာ မကြာမီ သက်တမ်းကုန်တော့မယ့် နအဖ အစိုးရအတွက် မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ပုဂ္ဂလိကပိုင်လုပ်ရာမှာ ပြိုင်ဆိုင်မှု၊ စည်းကမ်းရှိမှု၊ သိသာမြင်သာမှု ရှိရပါလိမ့်မယ်။ နအဖကတော့ သူနဲ့နီးစပ်သူတွေကိုသာ လက်သိပ်ထိုးပေးတယ်။ ပုဂ္ဂလိကပိုင်လုပ်မယ့် အစီအစဉ်ကို တပြည်လုံးသိရအောင် လူထုပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုတယ်။ ဒီလိုအပ်ချက်ဟာ မြန်မာပြည်မှာ လုံးဝကင်းမဲ့နေတယ်။ ပုဂ္ဂလိကပိုင်လုပ်ရေး အစီအစဉ်နဲ့အတူ လူမှုဖူလုံရေးအစီအစဉ်ကိုပါ အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကပိုင်လုပ်လိုက်လို့ ဒုက္ခဖြစ်သွားမယ့် အလုပ်သမားတွေကို ကူညီတဲ့ အစီအစဉ်ပါပဲ။ ဒါမျိုးကို နအဖစစ်အစိုးရက စိတ်ကူးထဲထောင် ထည့်တာမဟုတ်ဘူး။ အကြောင်းကတော့ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ နအဖစစ်အစိုးရဲ့ အစီအစဉ်ဟာ သူခိုးလက်က သူဝှက်လက်ထဲ လွှဲပြောင်းလိုက်တဲ့ အစီအစဉ်ဖြစ်နေလို့ပါပဲ။

http://www.khitpyaing.org/articles/2010/March/10310.php



သံဃာ..၈၈...ဗကသ (ကြေငြာချက်)

http://ifile.it/52h0oeaJoint Statement No2-2010_Bur

CFOB welcomes renewed and increased funding to Thai-Burma Border Projects

Ottawa (March 10, 2010) – Canadian Friends of Burma (CFOB) welcomes the renewed and increased funding of the Government of Canada for the Thai-Burma Border Project – from $12.4 million to $15.9 million over five years, a substantial increase from the previous five-year program.

“We are extremely pleased to see both the renewal of this important funding and a significant increase in amount while the government is tightening its budget,” said Tin Maung Htoo, executive director of Canadian Friends of Burma. “This important announcement clearly shows that Canada does care about Burma and is trying to do whatever it can to support the Burmese population,” he added.

Mrs. Kelly Block, Member of Parliament for Saskatoon-Rosetown-Biggar, made the announcement on behalf of the Honourable Beverley J. Oda, Minister of International Cooperation, at the 3rd Burma Forum Canada in Saskatoon last Saturday. Representatives of Burmese-Canadian communities across Canada gathered on the weekend in Saskatoon to discuss the current political situation in Burma.

Currently millions of people, including members of ethnic communities, are living in difficult and often dire conditions all over the country and particularly in its border areas. The much-needed funding will go to a variety of organizations dedicated to providing food, education, and healthcare among these populations. Inter Pares, a well-respected and experienced Canadian relief organization, will oversee distribution of these funds.

“The military dictatorship in Burma has been systematically neglecting the basic needs of the population for many decades,” said Tin Maung Htoo, “and currently we will also see increased needs due to further political tensions inside the country, leading to more families having to seek refuge outside the country or finding themselves displaced within it.”

Recently, the ruling junta announced a number of electoral laws, along with restrictions in the registration process for taking part in the general elections expected in October this year. The military dictatorship has also placed increased pressures on ethnic groups with whom they have ceasefire agreements to transform into Border Guard Forces, despite not meeting the political demands of these groups.

Burma remains one of the poorest countries on the planet despite having rich natural resources. The population is one of the most isolated in the world, with the dictatorship’s spending on health and education one of the lowest per capita among nations. Nobel Peace prize winner Daw Aung San Suu Kyi, who led the first democratic elections in the country, has been kept under house arrest for nearly 20 years. Her sentence was renewed last October and her appeal was denied by the country’s highest court two weeks ago.

Daw Aung San Suu Kyi, hope of Burma and democracy icon around the world, was conferred with the highest honor of Canada - Honorary Canadian Citizenship - in May 2008 by the Government of Canada and all Members of Canadian Parliament.

“Canadians should be proud that Canada continues to be one of the most supported countries for the aspiration of freedom for the people of Burma,” added Tin Maung Htoo.

-30-

Media contact: Tin Maung Htoo or Nisha Toomy at 613-297-6835