Monday, March 15, 2010

15 March 2010 ဒိုင်ယာရီ

http://ifile.it/9c3hfoj15 March2010 Yeyintnge Diary

ဘီးနံပါတ် OK 0122L


ဘီးနံပါတ် OK 0122L

ခင်ငြိမ်းသစ်
Monday, March 15, 2010


ကျမ တက္ကသိုလ်မှာ ပထမနှစ်စတက်တော့ အ.ထ.က ကျောင်းမှာ အတူတက်ခဲ့တာမဟုတ်တဲ့ သူငယ်ချင်း အသစ် တွေ ရပါတယ်။ အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ သူတွေပေါ့၊ အဲဒီအချိန်က ကျမကိုယ်တိုင်က ၁၇ - ၁၈ နှစ်တွေဆိုတော့ ဘာမှ လေးလေးနက်နက် မရှိပါဘူး၊ ဒါ ကြောင့် လေးလေးနက်နက် တွေးတတ်သူတွေဟာ ကျမတို့ အတွက် ထူးခြားနေတာပေါ့။ ကျမမှာ ထူးခြားတဲ့ သူငယ် ချင်းတယောက် ရှိခဲ့ဖူးပါတယ်၊ သူနာမည်က စိုင်းနေ၀င်းတဲ့၊ သူနဲ့ ကျမက ပရယ်တီကယ်လုပ်ရင် တဖွဲ့ထဲလုပ်ရတော့ ကျမတို့ ခင်နေပါတယ်။


သူက ကျမကို နောက်နောက်ပြောင်ပြောင် နာမည်တခု ပေး ထားပါတယ်၊ အဲဒါက ပိုးဟပ်ဖြူတဲ့၊ အကြောင်းကတော့ ကျမက ပရယ်တီကယ်လုပ်တိုင်း ချောင်တခုခုမှာ ခိုနေတတ်ပါတယ်။ သူတို့ အဖြေရမှ ကျမက လိုက်ကူးတတ်လို့ပါ၊ သူက ကျမတို့ထက် နည်းနည်းအသက် ပိုကြီးပါတယ်။ ဒါပေမဲ့ အသက်နဲ့မလိုက်အောင် အတွေးအခေါ် စာပေတွေကို ဖတ်တတ်ပါတယ်။ သူက ရှမ်းပြည်မှာနေပေမဲ့ ရန်ကုန်မှာပဲ ၁၀ တန်း ဖြေခဲ့တယ်။ ကျမတို့ အုပ်စုက ပရယ်တီကယ်ပြီးတာနဲ့ ကင်တင်းကို ပြေးတတ်ကြပါတယ်။ R.C (3) မှာ ကျောင်းထိပ်က ကင်တင်းက အမြဲ သီချင်းတွေ ဖွင့်တတ်တယ်၊ ဒါကြောင့် ကျမတို့က အမြဲတမ်း ကျောင်းထိပ်က ကင်တင်းမှာပဲ ထိုင်လေ့ရှိပါတယ်။

ကင်တင်းက သီချင်းအစုံဖွင့်ပေမဲ့ တခါတလေ စိုင်းထီးဆိုင် သီးချင်းကိုလဲ ဖွင့်ပါတယ်။ အောင်မြင်မှု သက်တမ်းအရှည်ဆုံး အဆိုတော် တွေထဲမှာ စိုင်းထီးဆိုင်လဲ ပါတယ်လေ၊ ဒါကြောင့် ကျမတို့ ငယ်ငယ်လေးထဲကစပေါ်ခဲ့တာဖြစ်ပေမဲ့ ကြီးတဲ့အထိလဲကြိုက်နေရသေး တာပေါ့ ကျမရဲ့ သူငယ်ချင်းစိုင်းနေ၀င်းက အမြဲလိုလို ထီးဆိုင်သီချင်းတွေကို တောင်းဆိုတတ်ပါတယ်။ ပြီးရင် သူဆက်ပြောနေကြ စ ကားက ထီးဆိုင်ရဲ့သီချင်းတွေက အဓိပ္ပါယ်တွေ အများကြီးရှိနေတဲ့အပြင် သူ့ရဲ့ နူးညံ့ချိုသာတဲ့အသံနဲ့ ခပ်ဝဲ၀ဲလေးဆိုဟန်က ဘယ် သူနဲ့မှမတူဘူးတဲ့ အဲဒါကို ကျမတို့လဲ ထောက်ခံကြပါတယ်။

အဲဒီဆိုင်မှာ စိုင်းထီးဆိုင် လက်ရွေးစင်သီချင်းခွေရှိတယ်၊ သူတို့စိတ်ကြိုက် ရွေးကူးထားတဲ့ သီချင်းခွေပေါ့၊ အဲဒီထဲမှာ ငွေတောင်တန်း အတွက် သီချင်းတပုဒ်ဆိုတာရှိတယ်။ “၁၀ နှစ် နီးပါး စောင့်ခဲ့ရပြီးမှ ဒီအချိန်မှာ တညဖြစ်ဖြစ် နှစ်သိမ့်ဆုလေးလောက်တော့ တသက် လုံးမခွဲကြခင် ကြင်နာခွင့် ရသင့်တယ်” ဒီစာသားရဲ့ အဓိပ္ပါယ်ကို နင်တို့သိလားလို့ စိုင်းနေ၀င်းက မေးခဲ့ဖူးပါတယ်။ ကျမတို့က မ သိဘူးလို့ဖြေတော့ သူပြောပြချင်တယ်တဲ့၊ နင်တို့က ပြည်မကလူတွေဆိုတော့ ပြည်နယ်ကလူတွေရဲ့ ခံစားချက်ကို အများကြီးမသိနိုင် ဘူးတဲ့၊ သူ ပြောပြတာက “တကယ်တော့ ဗမာပြည်ကြီးက အင်္ဂလိပ်တွေရဲ့ ကျွန်အဖြစ်နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ရတယ်။

ကိုယ်လိုနီဘ၀မှာ ပြည်နယ်၊ ပြည်မ သွေးခွဲ အုပ်ချုပ်တာကို ခံခဲ့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာလဲ အင်္ဂလိပ်ကျွန်အဖြစ် မနေ နိုင်တဲ့ လူတွေရှိတယ်။ ဒီတော့ အင်္ဂလိပ်ကို တော်လှန်ခဲ့တယ်။ ပထမတော့ သီးခြားစီပေါ့ဟာ၊ ငါတို့ ရှမ်းတွေမှာ သမိုင်းမတွင်ခဲ့ပေမဲ့ အင်္ဂလိပ်ကိုတော်လှန်လို့ အင်္ဂလိပ်က ခေါင်းဖြတ်သတ်တာကို ခံခဲ့ရတဲ့အာဇာနည်တွေ အတော်များများရှိခဲ့တယ်။ နောက်တော့ ငါတို့ တွေ တဖြည်းဖြည်း နားလည်လာတာက အားလုံးစုပေါင်းတော်လှန်မှ ဖြစ်မယ်ဆိုတာကိုပဲ။ ဒါကြောင့် အားလုံး တစုတစည်းတည်း တော်လှန် ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ လူတွေသိန်းပေါင်းများစွာ သေကုန်ကြတော့ ငါတို့တွေက စစ်ဖြစ်ရမှာကို ကြောက်လာတယ်။ အင်္ဂလိပ် တွေကလည်း နားလည်တယ်။ ပြည်နယ်နဲ့ ပြည်မပေါင်းရင် အင်အားကြီးလာမှာကြောက်တော့ ပြည်နယ်နဲ့ ပြည်မကိုခွဲဖို့ ကြိုးစားခဲ့ ကြတယ်။ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်းကြီးသိထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ညှိုနှိုင်းပြီး ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ချုပ်ခဲ့တယ်။

ဒါပေမဲ့ ဒို့တွေသင်ရတဲ့သမိုင်းစာအုပ်မှာ ပင်လုံစာချုပ်ရဲ့အကြောင်းကို စုံစုံလင်လင်မသင်ခဲ့ရဘူး၊ ဒီတော့ နင်တို့မသိတဲ့အကြောင်းတွေ ပါတယ်။ ငါကသိတယ်ဆိုတာက ငါ့အဖိုးအဖွါးတွေ ငါ့မိဘတွေက တော်လှန်ရေးအဆက်ဆက်မှာ ပါဝင်ခဲ့ဘူးတယ်တဲ့၊ သူဆက်ပြောပြ တာက “ပင်လုံစာချုပ်မှာ မြန်မာပြည်ကြီးကို ဖယ်ဒရယ်မူနဲ့ ၁၀ နှစ်အုပ်ချုပ်မယ်၊ ဒါကိုမှ မကြိုက်ဖူးဆိုရင် ၁၀ နှစ်စောင့်ကြပြီးရင် ကိုယ် ပိုင်အုပ်ချုပ်ခွင့် ပြုမယ်တဲ့။” အဲဒီအချိန်က ကျမတို့ကိုယ်တိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ခွဲထွက်ခွင့်ကိုသေချာနားမလည်ခဲ့ပါဘူး၊ သမိုင်း တွေမှာ သင်ရတာက တိုင်းရင်းသားတွေ ခွဲထွက်ခွင့်တောင်းလို့ စစ်တပ်က အာဏာသိမ်းခဲ့တယ်လို့ ဆိုတာကိုး။

ဒါကို စိုင်းနေ၀င်းက ကျမတို့ကို သေချာရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်ပိုင်းမှာတက်ခဲ့တဲ့ အစိုး ရတွေက ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကို မတည်ထောင်နိုင်ခဲ့ပါဘူး၊ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုတွေကများတော့ ဖယ်ဒရယ်မကျတကျ နိုင်ငံအဖြစ်နဲ့ပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တချို့တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းခဲ့ပေမဲ့၊ ရှမ်းအမျိုးသားတွေက ဦး ဆောင်ပြီး ဖယ်ဒရယ်နိုင်ငံစစ်စစ်ဖြစ်ရေးကို တောင်းဆိုကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၅၈ ခုနှစ်မှာ အချောင်သမား ဗိုလ်နေ၀င်းက အာဏာလွှဲ ပြောင်းယူခဲ့ပါတယ်။

ဗိုလ်နေ၀င်း အာဏာလွှဲပြောင်းယူပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားတွေက ခွဲထွက်ခွင့်တောင်းဆိုတယ်ဆိုပြီး အပြင်းအထန် နှိပ်ကွပ်ခဲ့ ပါတယ်။ အာဏာရဲ့အသုံးဝင်မှုကို ကောင်းကောင်းခံစားဖူးသွားတဲ့ ဗိုလ်နေ၀င်းက တိုးမဲ့စစ် နောက်တလှမ်းဆုတ်တဲ့သဘောနဲ့ ၁၉၆၀ ခုနှစ်မှာ အနိုင်ရပါတီကို အာဏာအပ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာ အာဏာရအစိုးရဟာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ထက်ကို တ နိုင်ငံလုံးမှာဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ကိုတောင် ရပ်တန့်အောင်မလုပ်နိုင်တော့ပါဘူး။ အဲဒီလိုဖြစ်ပျက်နေခဲ့တာဟာ အချောင်သမားအ တွက်တော့ အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့အခြေအနေကို လက်ညှိုးထိုးပြပြီး၊ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ဒီတော့ရှမ်းတိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက် နဲ့ကြိုးစားမှုဟာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းရဲ့နောက်ကွယ်မှာ လုံးဝပြိုကွဲပျက်စီးသွားခဲ့တယ်တဲ့။ အဲဒီသီချင်းနဲ့ ဆက်စပ်လို့ရခဲ့တဲ့ သီ ချင်းက “ဘီးနံပါတ် OK 0122L” ၊ စိုင်းနေ၀င်းကပြောခဲ့တာက အတည့်စီလိုက်ရင် LOOK 12.2 တဲ့လေ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ် ဆိုတဲ့နေ့ကို သတိရကြပါတဲ့။ သူပြောတော့မှ စိုင်းထီးဆိုင်ရဲ့ ရှမ်းသံဝဲ၀ဲနဲ့ဆိုထားတဲ့ သီချင်းဟာ ပိုနားထောင်လို့ ကောင်းလာပါတယ်။ ပြောပြခဲ့တဲ့ စိုင်းနေ၀င်းကိုလဲ ကျမတို့ ငေးမောနေခဲ့မိကြပါတယ်။

တိုင်းပြည်တပြည်မှာရှိနေတဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ အမှန်တကယ်လိုအပ်ပါလား ဆိုတာကို ပိုပြီးနားလည်လက်ခံမိပါ တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်ဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းလာပါတယ်။ တိုင်းရင်းသားတိုင်းလိုလိုမှာ အာ ဏာရှင်ကို ပုန်ကန်တဲ့အဖွဲ့တွေ ရှိနေခဲ့ပြီး၊ ပြည်မကြီးမှာလဲ စစ်အာဏာရှင်ကို လစ်ရင်လစ်သလိုဆန့်ကျင်ခဲ့တဲ့ လူတွေအတော်များများ ရှိနေခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့အလုပ်ကလည်း ဆန့်ကျင်သူတွေနဲ့ စေ့စပ်ညှိုနှိုင်းတာမျိုးမလုပ်ပဲနဲ့၊ တိုက်မယ် သတ်မယ်ဆိုတဲ့ ၀ါဒနဲ့ အုပ်ချုပ်လာခဲ့တာ မြန်မာပြည်လဲအတော်ကို မွဲတေ စုတ်ပြတ်နေခဲ့ပါတယ်။

စစ်တပ်ကလည်း တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အမြဲတစေ ပစ်ခတ်တိုကခိုက်နေခဲ့ကြပါတယ်။

တိုက်ပွဲတိုင်းမှာ ဟိုဘက်ဒီဘက် အကျအရှုံးရှိခဲ့ကြပါတယ်။ ဒီအချိန်မှာ စိုင်းခမ်းလိတ်က “အိပ်စက်အနားယူပြီိ” ဆိုတဲ့ သီချင်းကိုရေးဖွဲ့ ခဲ့ပါတယ်။

“ချယ်ရီပင်အောက် နောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ရယ်
မလာနိုင်တော့တယ် ကြင်သူသက်ထား သားသမီး ငယ်
ဘယ်လိုရှိမယ် မြင်ခြင်သေးလဲ အချစ်ရေးထက်
ပြည်ရေးရာက ပိုခက်တော့ကွယ် အိပ်စက်အနားယူပြီ”

စိုင်းနေ၀င်းပြောပြခဲ့တာကတော့ S.S.A တယောက်ဖြစ်ချင်လဲ ဖြစ်မယ်၊ အစိုးရစစ်တပ်မှာပါခဲ့တဲ့ ရဲဘော်တဦးလဲဖြစ်ချင်လဲဖြစ်မယ်။ သူ ဟာ သူ့မိသားစုကို နှုတ်ဆက်ဖို့ မဖြစ်နိုင်တော့ဘူး၊ လောကကြီးကို ထာဝရနှုတ်ဆက်သွားခဲ့ပြီ၊ ဇနီးလဲခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီ၊ သား သမီးတွေလဲ သူတို့အဖေကိုသေမင်းလက်ထဲအပ်လိုက်ရပြီ၊ ဒါပေမဲ့ နှုတ်တောင်မဆက်လိုက်ရဘူးတဲ့။ အဆိုတော်ရဲ့အသံသာသာလေး အောက်မှာ နင့်နင့်နဲနဲ ခံစားမိလိုက်ပါတယ်။

လူမလာ စာမပါး သတင်းမကြားတာ ရက်လများရယ်
မရေနိုင်တော့တယ် အိမ်ပြန်မယ့်လမ်း ငြိမ်းချမ်းရင်
ရွှေလက်တွဲမယ် ရည်ရွယ်ရင်းနဲ့ စောင့်မျှော်သူ
ဒီအဖြစ်မှန်ကို ဘယ်သိလိမ့်မလဲ အိပ်စက်အနားယူပြီတဲ့

အိမ်ပြန်ရမဲ့လမ်းမှာ ငြိမ်းချမ်းချင်နေကြတဲ့ စစ်ကို တကယ်ရင်ဆိုင်ခဲ့ရသူတွေရဲ့ ဆန္ဒပါ။ ဘယ်သူမှ စစ်ကိုမကြိုက်နိုင်ပါဘူး၊ အထူးသဖြင့် ကိုယ်တိုင်စစ်မြေပြင်ကို ရင်ဆိုင်နေရသူတွေပေါ့။ အားမငယ်ပါနဲ့တဲ့ စစ်ပွဲကိုဖန်တီးနေတဲ့ အာဏာရှင်က မသနားပေမဲ့ မြတ်စွာဘုရား ကတော့သူတို့ကိုသနားလို့ နောင်ဘ၀ကျရင်ပြန်ဆုံခိုင်းမတဲ့လေ။ နားထောင်နေရင်းနဲ့ ပြည်တွင်းစစ်ရဲ့ဆိုးဝါးမှုတွေကို ပိုမြင်လာရတယ် ကျမတို့လို မြို့ပေါ်နေသူတွေအဖို့ စစ်ဆိုတာကြားဖူးပေမဲ့ မမြင်ဖူးခဲ့ဘူးလေ၊ ဒီသီချင်းကို နားထောင်ရင်းနဲ့ စစ်ဆိုတာ ချစ်သူခင်သူတွေ ကိုကွဲကွာစေတယ်၊ စစ်ကြီးက ချစ်သူခင်သူတွေကို ခွဲခွါပစ်လိုက်တယ်ဆိုတဲ့ အသိကိုပေးခဲ့ပါတယ်။

အခုအချိန်မှာ ကျမ ပြန်စဉ်းစားမိပါတယ်။ ကျမတို့ တိုင်းပြည်ကြီးက မိုင်းဗုံးကြီးတလုံးနဲ့ တူနေတယ်၊ တိုင်းရင်းသားတွေရဲ့ သဘော တူညီမှုမပါပဲနဲ့ အာဏာတခုတည်းနဲ့ ညီညွတ်မှုကိုတည်ဆောက်နေတယ်၊ ပြည်တွင်းစစ်မီးဟာ အချိန်မရွေး တောက်လောင်နိုင်တယ်၊ ကျမတို့ တိုင်းပြည်အတွက် အရေးတကြီးလိုအပ်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းရင်းသား တွေအား လုံးကို စည်းရုံးနိုင်ခဲ့သလိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ စည်းရုံးနိုင်မယ်လို့ ကျမ ယုံပါတယ်၊ ဒါပေမဲ့ အခုထိတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ကြိုးစားခွင့်မပေးခဲ့ပါဘူး၊

ကျမရဲ့အတွေးကို ကျယ်ပြန့်စေခဲ့တဲ့ ကျမ သူငယ်ချင်းဟာ ၁၉၈၈ ခု အရေးအခင်းအပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ သူကျောင်းပြန်မ တက်တော့ပါဘူး၊ ပြန်မလာနိုင်သူတွေထဲမှာ သူပါနေပါတယ်၊ သူ ဘယ်ရောက်သွားလဲဆိုတာကို ကျမတို့ တိတိကျကျ မသိကြရပေမဲ့ သူပြောငါပြောနဲ့ S.S.A ထဲဝင်သွားသလိုလို၊ ဘာလိုလိုနဲ့ ရိုးတိုးရိပ်တိတ် ပြောနေကြပါတယ်။ တချို့ကတော့ သူကိုယ်တိုင် S.S.A ယူ ဂျီလိုလို ဘာလိုလိုနဲ့လဲပြောကြပါတယ်၊ ဘယ်လိုပဲဖြစ်နေနေ သူက ကျမကို အတွေးသစ်တွေတော့ ပေးသွားနိုင်ခဲ့ပါတယ်၊ တိုင်း ရင်းသားတွေ စည်းလုံးညီညွတ်စွာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ဖွဲ့စည်းတည်ထောင်တဲ့ ပြည်ထောင်စုကို ဗိုလ်ချုပ်က ပေး ချင်ခဲ့သလို ကျမတို့လဲ လိုချင်နေကြဆဲပါ။

ခင်ငြိမ်းသစ်

Photo by..http://fineartamerica.com/featured/cherry-blossom-tree--red-yellow-patricia-awapara.html
http://www.naytthit.com/articals/2010/mar10/knt-mar15.html

သင်္ကြန်အမြောက်လုပ်ဟန် နှင့် တရုတ်ထံပေးစာ

မတ်လ ၁ဝ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ်လက်မခံပါက ဝပြည်သွေးစည်းညီညွတ်ရေးပါတီအား အင်အား သုံး တိုက်ခိုက်မည်ဟု ရေးသားထားသော စာအား စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်မှ တဆင့် တရုတ်နိုင်ငံ ခြားရေးဋ္ဌာနသို့ မတ်လ ၃ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။ နအဖ စစ်တပ်ကိုယ်စားလှယ်က မတ်ခ်ျ ၁ဝ ရက်နေ့မတိုင်မီ ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းနှင့် နောက်ထပ်တစ် ကြိမ် တွေ့ဆုံဆွေးနွေးလိုပြီး ၄င်းတွေ့ဆုံစဉ် အတွင်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးလက်မခံပါက ဝ တပ်ဖွဲ့ အား စစ်ရေးအရ တိုက်ခိုက်မည်ဟု ဆိုသည်။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဝတပ်ဖွဲ့တို့ နောက် ဆုံး တွေ့ဆုံသည့် အခြေအနေကို နအဖ က တရုတ်ထံ စာပေးပို့ခြင်းဖြစ်ပြီး ဝ တပ်၏ တောင်း ဆိုမှုများကို ပယ်ချထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုက တစ်ခဲနက် ထောက်ခံပြီးဖြစ်သောကြောင့် ဝ တပ်ဖွဲ့၏ တောင်းဆိုချက် များကို မလိုက်လျောနိုင်ကြောင်း ၄င်းစာတွင်ရေးသားထားကြောင်း သိရသည်။

သို့သော် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ မတ်လ ၁ဝ ရက်နေ့ မတိုင်မီ ဝ ဥက္ကဋ္ဌ ပေါက်ယူချမ်းနှင့် ထပ်မံ ဆွေးနွေးလိုကြောင်း နအဖ ဘက်က တောင်းဆိုထားသည်။

နှစ်ဘက်တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ထားသောရက် ကျော်လွန်လာသည့်တိုင် ဝ ကိုယ်စားလှယ်များအား နအဖ စစ်တပ်က ဖိတ်ခေါ်ခြင်း မရှိသေးကြောင်း သိရသည်။

ယနေ့အထိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အဆိုကို ၀ တပ်ဖွဲ့က ဆက်လက်ငြင်းဆန်နေဆဲဖြစ်ပြီး နအဖ စစ်တပ် က အင်အားသုံးတိုက်မည်ဆိုသည့် အစီအစဉ်မှာလည်း လက်တွေ့ အကောင်အထည် ဖေါ်ခြင်းမရှိပေ။

အပြောင်းအလဲတစ်ခု အနေဖြင့် မတ်လ ၈ ရက်နေ့တွင် နအဖက ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်လိုက် သည်။

လတ်တလောတွင် လက်နက်ကိုင်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် နအဖ စစ်တပ်က စစ်ရေးပြင်ဆင်မှု နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။

တရုတ်ထံပေးပို့ထားသော စာပါ အချက် ၄ ချက်

မတ်လ ၁ဝ ရက်မတိုင်မှီ တွေ့ဆုံဆွေးနွေးပွဲအတွင်း နယ်ခြားစောင့်တပ် လက်မခံလျှင် ဝတပ်ဖွဲ့အား မြန်မာ စစ်တပ် က လုပ်ဆောင်ရန် တရုတ်အား အသိပေးသည့် အချက် ၄ ချက်မှာ

(၁ ) ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ အား မတရားသင်းအဖြစ် ကြေငြာမည်
(၂) လက်နက်ချရန် တောင်းဆိုမည်
(၃) လက်နက်မချပါက ဝ တပ်ဖွဲ့ကို အင်အားသုံး တိုက်ခိုက်ချေမှုန်းမည်
(၄) တရုတ်ပြည်သူ့လက်နက်ကိုင်တပ်များနှင့် ဋ္ဌာနဆိုင်ရာများ နယ်စပ်တစ်လျှောက် အသင့်ပြင်ထားရန်
တို့ဖြစ်ကြောင်း သိရသည်။

စာပေးရခြင်း၏ ရည်ရွယ်ချက်

ယခုစာပေးပို့ရခြင်းနှင့် ပတ်သက်၍ တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ရာတွင် “နယ်စပ် လက်နက်ကိုင်တပ်တွေ တရုတ်နဲ့ပတ်သက်နေတယ်ဆိုတာကို တရုတ်သိအောင် ပြောချင်တဲ့ သဘော ပေါ့။ နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကိုသောကဗျာပါဒ မီးတွေ တောက်လောင်နေအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ဝ ကို တရုတ်ကနေဖိအားပေးလာအောင်ပေါ့ ” ဟု သူက ဆိုသည်။

အဆံမရှိသော သင်္ကြန်အမြောက်

နယ်စပ်ဒေသများရှိ လက်နက်ကိုင်အပစ်ရပ်များအား ထိုးစစ်ဆင်ရန် အတွက် နအဖ စစ်တပ်မှ စစ်ရေးပြင်ဆင်မှုပြု လုပ်နေကြောင်း မတ်လဆန်းမှစ၍သတင်းမျာထွက်နေခြင်း ဖြစ်သည်။

ထိုးစစ်ဆင်ရန် တိုက်ခိုက်ရေး အင်အား ၇ သောင်းဝန်းကျင်ရှိ နအဖစစ်တပ်ကြီး နယ်စပ်ဒေသ များသို့ ပို့လွတ်ထားကြောင်း ဆိုနေသည်။

အဆိုပါ အင်အားမှာလက်ရှိ နအဖ စစ်တပ်ဖွဲ့စည်းပုံအရ တိုက်ခိုက်ရေးတပ်ရင်း ၁ဝ ရင်းပါဝင်သည့် တပ်မ တစ်ခု အင်အား ၂ဝဝဝ ဝန်းကျင်ရှိပါက တပ်မ ၃၅ ခုစာနှင့်ညီမျှသော အင်အားဖြစ်သည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖီဆန်အာခံနေသော လက်နက်ကိုင်သူပုန်များတည်ရှိရာ ကချင်ပြည်နယ် တွင် မြန်မာ စစ်တပ်မှ တိုက်ခိုက်ရေးတပ်ရင်း (၄၅) ရင်းခန့် (လက်ရုံးတပ်မပါ) နှင့် သျှမ်းပြည်တွင် တိုက်ခိုက်ရေး တပ်ရင်း ၁၅၃ ရင်း ခန့်ရှိသည်။

အဆိုပါ တပ်ရင်းများတွင် စုစုပေါင်း တိုက်ခိုက်ရေး အင်အား ၂ သောင်းဝန်းကျင်သာရှိပြီး အခြားစစ်တိုင်းများမှ ကျန် အင်အား ၅ သောင်းအတွက် ထပ်မံဖြည့်တင်းရသည့် အနေအထားဖြစ်သည်။

“သတင်းအရဆို ကချင်ပြည်နယ် ဗန်းမော်မှာ တပ်မ ၆၆ ရောက်နေတယ်၊ ကေအိုင်အိုက တကယ်အချက် အခြာ ထားတဲ့ မြစ်ဆုံဘက်မှာ တပ်မ ၇၇ ရောက်နေတယ်၊ နားဖေါ့စခန်းမှာ ၁ဝ၅ မီလီမီတာ အမြောက်ကြီးတွေ တင် ထားတယ်၊ နောက်ပြီးတော့ တပ်ရင်းတစ်ရင်းကို နှစ်ရင်းဖြစ်အောင် ပေါင်းထားတယ် စသဖြင့်ပေါ့၊ သတင်း တွေလျှောက်ဖြန့်နေတာ တကယ်တိုက်ဖို့ထက် ခြိမ်းခြောက်တဲ့ သဘောပါတယ်လို့ ယူဆတယ်”
ဟု စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

၂ဝဝ၉ သြဂုတ်လကုန်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသော ဦးဖုန်ကျားရှင်းခေါင်းဆောင် သည့် မြန်မာဒီမိုကရက်တစ် မဟာမိတ်တပ်မတော်အား နအဖစစ်တပ်က “ပြည်သာယာစစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

http://www.mongloi.org/burmese/2008-08-01-03-24-54/87-2008-08-01-03-23-29/738-2010-03-15-14-04-03


ဗိုလ်ရာဇာအကြောင်း တစေ့တစောင်း


ရခိုင်ပြည်တပ်မတော် စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ဆိုရင် ဗိုလ်ရာဇာ ကျဆုံးသွားတာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ တိုင်းပြည်နဲ့လူမျိုး လွတ် မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ ခုလို အိန္ဒိယစစ်တပ်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။ ခုလို ခေါင်းဆောင်တဦး ကျဆုံးသွားတာဟာ ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သလို ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးတရပ် လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ရာဇာဟာ ဘယ်လိုခေါင်းဆောင်မျိုးလဲ။ သူရဲ့စိတ်နေသဘောထားတွေက ဘယ်လိုရှိသလဲဆိုတာကို သိရှိနိုင်အောင် ဗိုလ်ရာဇာနဲ့ ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်တဲ့ ကိုလင်းခိုင်ကို ကိုမောင်အေးက တွေ့ဆုံပီး ယခုလို မေးမြန်းထားပါတယ်။

မေး။ ကိုလင်းခိုင်အနေနဲ့ ဗိုလ်ရာဇာရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပေးပါလား။

ဖြေ။ ဗိုလ်ရာဇာဟာ မင်းပြားမြို့နယ် ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါတယ်။ သူရဲ့ဖခင်က ဦးသာမြအောင်၊ မိခင်က ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါတယ်။ သားသမီး ၇ ယောက်အနက် တတိယမြောက် သားဖြစ်ပါတယ်။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါတယ်။ သူ့ကို အသက် ၁၃ နှစ်မှာ ရှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နဲ့ စစ်တွေမြို့က ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပေတွေကို သင်ကြားခဲ့ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ တော်လှန်ရေးနဲ့ ဘယ်လိုစတင် ဆက်စပ်ခဲ့ပါသလဲ။ ဘယ်ပါတီနဲ့ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခဲ့တာပါလဲ။

ဖြေ။ အဲဒီလို စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆ နှစ်အရွယ်ကတည်းက သူဟာ နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ
ALP နဲ့ ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ စစ်တွေကို အသွားအလာလုပ်ပြီးတော့ လျှို့ဝှက်ယူဂျီ လုပ်နေတဲ့အချိန်မှာ အသက် ၂၀ ပြည့်တဲ့အခါ သူတို့ရွာမှာ မိဘတွေက ရဟန်းခံပေးပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ကို ပြန်သွားပီး လျှို့ဝှက်ယူဂျီအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ လူသိများ လာတဲ့အခါ ရန်ကုန်မှာ နေလို့မရတဲ့အတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို ထွက်သွားခဲ့ရပါတယ်။

မေး။ ဗိုလ်ရာဇာရဲ့ ငယ်စဉ်က စိတ်သဘောထား ဘယ်လိုရှိလည်းဆိုတာကို ပြောပေးပါ။

ဖြေ။ သူ့ စိတ်နေသဘောထားကို သိရသလောက်ပြောရရင် သူ ဘယ်နေရာကိုဘဲ ရောက်ရောက်၊ ဘယ်အလုပ်ကိုဘဲ လုပ်လုပ်၊ ဘယ်ပညာကိုဘဲ သင်သင် သူဟာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးတော့ အလေးထားတဲ့စိတ်ရှိတယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက သူဟာ အမျိုးသားရေးအကြောင်းတွေကိုသာ ပြောလေ့ရှိပါတယ်။ နောက်ပြီးတော့ သူ့အဖေကလည်း ရခိုင်တော်လှန်ရေးသမား ပြောက်ကျားတစ်ဦးဖြစ်တဲ့ အတွက် သူဟာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက ပြင်းထန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက် ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်တဲ့အတွက် အရွယ်ရောက် လာတဲ့အခါ မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် သွားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သူ့လက်အောက်မှာရှိတဲ့ ရဲဘော်ရဲဘက်တွေကို သူက ဘယ်လို သဘောထား ဆက်ဆံတတ်ပါလဲ။

ဖြေ။ သူဟာ အမျိုးသားရေးသမားပီပီ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့ ဘယ်သူ့ ကိုမဆို ချစ်မြတ်နိုးတဲ့ စိတ်ရှိပါတယ်။ သူနဲ့အတူ တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပီး စောင့်ရှောက်ပါတယ်။ တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲ့ ရဲဘော်တွေ အတွက်လည်း သူဟာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့ စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာ ဘာကြောင့် ကျဆုံးရသလဲလို့ အစ်ကို့အနေနဲ့ ယူဆပါသလဲ။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရတာဟာ စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့် လဲဆိုရင် ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ရှိသူဖြစ်ပြီး သူ့အောက်က တာဝန်ရှိသူတွေ သွားရောက်ဆောင်ရွက် ရင် ရနိုင်တဲ့ကိစ္စဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင် သွားရောက်လုပ်ကိုင်တဲ့အတွက် အခုလိုဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ ဘယ်အလုပ်မဆို မိမိကိုယ်တိုင် သွားရောက်လုပ်ကိုင်ရမှ ကျေနပ်တဲ့လူစားမျိုးဖြစ်ပါတယ်။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နေကြတဲ့ သူတွေကို အားမလိုအားမရဖြစ်ရာကနေ သူကိုယ်တိုင်ပါဝင်ပီး အိန္ဒိယကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမဆို သူလုပ်မှ ရတယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ အမျိုးသားအတွက် ဖြစ်စေချင်တဲ့ဆန္ဒတွေဟာ လွန်ကဲတဲ့အတွက် အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မေး။ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကြပါတယ်။ ဗိုလ်ရာဇာဟ နိုင်ငံရေးမရှိ၊ မိုက်ရူးရဲဆန်တယ်။ စစ်ဘုရင်ဝါဒကျင့်သုံးတယ်။ စသဖြင့် အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွေရှိပါတယ်။ အဲဒီအပေါ် အစ်ကိုဘယ်လို ထင်ပါသလဲ။

ဖြေ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင် သူဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အပြောကြမ်း ပါတယ်။ ဒါပေမယ့် သူ့နှလုံးသားဟာ အလွန်တရာမှ နုညံ့ပါတယ်။ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအပေါ်မှာ သူ ထားတဲ့သဘောထားဟာ အလွန်ဘဲ နုညံ့လွန်းပါတယ်။ ဘယ်လောက်ဘဲ သူ့ပါးစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောပေမယ့် သူပြောတဲ့ စကားတွေထဲမှာ စေတနာပါတဲ့အတွက် ကြားရတဲ့သူတွေက စကားကြမ်းကြမ်း ပြောပေမယ့် ခွင့်လွှတ်သည်းခံကြပါတယ်။ ဗိုလ်ရာဇာရဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော် အနီးကပ်မြင်လိုက်ရတာက ဘာမှပြောစရာမရှိပါ။ နောက်တခုက သူ့ကို ၀ိုင်းရံပေးကြတဲ့ တချို့ခေါင်းဆောင် တွေက သူ့အမှားတွေကိုတွေ့ရင်လည်း မှားတာကို မှားတယ်လို့မပြောဘဲ မှန်တယ်ဆိုပီး မြှောက်ပင့်လို့ ပေးကြတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့်လည်း ဗိုလ်ရာဇာကို ထိခိုက်မှုတချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း ဗိုလ်ရာဇာဟာ တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် မှားတာတွေ ရှိနိုင်ခဲ့ပေမယ့် သူမှားခဲ့တာတွေဟာ သာမန်အမှားမျိုးတွေသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ ရခိုင်ပြည်တပ်မတော်ကို စတင်တည်ထောင်လာတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီ စတင်လာတဲ့အခါ သူ ဘယ်လိုဖြတ်သန်းကျော်လွှားလာသလဲဆိုတာကို အစ်ကိုသိသလောက် ပြောပြပေးပါလား။

ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး
ALP ကိုဝင်ပါတယ်။ သိရသလောက် ဗိုလ်ရာဇာဟာ ALP က ခေါင်းဆောင်တချို့နဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ သိရပါတယ်။ ဒါကြောင့် သူ့ကို သေဒဏ်ပေးခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။ အဲသလို သေဒဏ်ပေးခံရတဲ့အတွက် သူဟာ ကရင်နယ်မြေ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါသွားပြီး အဲဒီမှာ တော်လှန်ရေးစလုပ်ပီး လက်နက်တွေ စုဆောင်းတယ်။ လူတွေ စုဆောင်းခဲ့ပါတယ်။ လက်နက်နဲ့ငွေအင်အား တောင့်တင်းလာတဲ့အခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တွေနဲ့ ဖြတ်ပီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော် AA ကို လာရောက်ထူထောင်ခဲ့ပါတယ်။ ဗိုလ်ရာဇာဟာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွေ စုဆောင်းပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ ရခိုင်တော်လှန်ရေးမှာ အလွန်နာမည်ကြီးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ။ ဗိုလ်ရာဇာဟာ သူရ သတ္တိနဲ့ ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နောက်ပီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါတယ်။ နေတာထိုင်တာ သွားတာလာတာအစ သတိ ရှိပါတယ်။ စစ်သားကောင်းတစ်ယောက်အနေနဲ့ ဘယ်နေရာမှ သူ့ကိုပြောဖွယ်ရမရှိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ပျော့ပျောင်းပါတယ်။ ပေးကမ်းချီးမြှင့်တဲ့နေရာမှာလည်း မငှဲ့ကွက်တတ်ပါ။ ငယ်သားတွေအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပီးတော့ မဟာမိတ်တွေနဲ့ လည်း ပြေလည်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ လှူဒါန်းစွန့်ကြဲပေးကမ်းမှုတွေကို ရောက်တဲ့နေရာမှာ လုပ်ပါ တယ်။ ဒါ့အပြင် ဗိုလ်ရာဇာဟာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် ဘာမှ လုပ်ကိုင်ခဲ့တာ မရှိဘဲ အမြင့်မြတ်ဆုံး ပေးဆပ်သွားသူတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာဟာ အထူးထင်ရှားသူတစ်ဦးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ရခိုင်လူမျိုးတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ထင်ပါသလား။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ကျွန်တော်တို့ ရခိုင်သားတွေအတွက် အလွန့်အလွန် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ခံစားရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့လိုလူမျိုး နောက်ထပ်ပေါ်ပေါက်မလာတဲ့အတွက် ဖြစ်ပါတယ်။ ဗိုလ်ရာဇာ လုပ်ခဲ့တဲ့လမ်းကြောင်းကို ဆက်လက် လုပ်နိုင်တဲ့သူ မရှိသလို ဗိုလ်ရာဇာ အသက်၊ သွေး၊ ချွေးနဲက ရင်းနှီးပီးရှာဖွေထားခဲ့တဲ့ လက်နက် ခဲယမ်း မီးကျောက်တွေကိုလည်း ထိန်းသိမ်းနိုင်ခဲ့တဲ့သူတွေ မရှိခဲ့ပါဘူး။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတွေ နည်းပါးပြီးတော့ ဗိုလ်ရာဇာလို ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်တွေကို လက်ဆင့်ကမ်း မမွေးထုတ်နိုင်တဲ့အတွက် သူကျဆုံးသွားတာဟာ ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ရခိုင်အမျိုးသားတွေ လွတ် မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျသွားတယ်။ အားနည်းသွားတယ်လို့ ကျွန်တော့် အနေနဲ့ သတ်မှတ်ပါတယ်။

မေး။ တချို့ကပြောပါတယ်။ ဗိုလ်ရာဇာ အသက်ရှင်ရှိသေးတယ်။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တယ်လို့ အမျိုးမျိုးပြောနေကြပါတယ်။ အဲဒီအပေါ် ညီတော်စပ်တဲ့ မိသားစုဝင် တစ်ယောက်အနေနဲ့ ဘယ်လိုထင်ပါသလဲ။

ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သေဆုံးသွားပြီဖြစ်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြဿနာ ဖြစ်တဲ့နေ့ကစပြီး ခုအချိန်ထိ ဘာအစအနမှ ပေါ်မလာဘူးဆိုတော့ ဗိုလ်ရာဇာနဲ့တကွ ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်တာမှန်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ယခု အဖမ်းခံနေရတဲ့ ရဲဘော်တွေလည်း ဗိုလ်ရာဇာနဲ့ ပစ်သတ်ခံရတာကို မမြင်ခဲ့ရပေမယ့် သေနတ်သံတွေကို ကြားခဲ့ရသူတွေလည်း ဖြစ်ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ လုပ်ကြံသတ်ဖြတ်ပစ်တယ်ဆိုတာကို ဧကန်မုချ ယုံကြည်ပါတယ်။ နောက်တချက်က အိန္ဒိယနိုင်ငံမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင် ဖြုတ်ပစ်ရတဲ့အဆင့်ထိ ရှိခဲ့တဲ့အတွက် အမှန်တကယ် သတ်ပစ်တာဟုတ်တယ်လို့ ယုံကြည်ပါတယ်။

ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဆင်နွဲဖို့ဆိုပြီးတော့ ရခိုင်ပြည် တပ်မတော်
AA ကို ထူထောင်ခဲ့တဲ့ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်ပေးမယ် ဆိုပြီး ခေါ်ယူသွားက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနဲ့အတူ ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ယနေ့တိုင် အိန္ဒိယအစိုးရက ချုပ်နှောင်ထားပါတယ်။ ဘင်္ဂလာနယ်စပ်မှာ ရှိနေတဲ့ ရာနဲ့ချီတဲ့ ရဲဘော်တွေနဲ့ ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနဲ့အတူ ပျောက်ဆုံးသွားခဲ့ရပါတယ်။

(မောင်အေးမှ မေးမြန်းထားခြင်း ဖြစ်သည်။)

http://www.narinjara.com/detailsbur.asp?id=2375

ကျော်သူ သရုပ်ဆောင်သင်တန်းဖွင့်ပြီ

Today at 7:10pm


အထက်ပါ ဓါတ်ပုံများကိုကြည့်ပြီး ကျော်သူနှင့် ဆုရွှန်းလဲ့၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး ၊ ဦးချစ်ပြုံး၊ ညီဂျော်တို့အဖွဲ့ ဘာတွေများ ပြဿနာတက်နေပါလိမ့်၊ ဒုတ်ဆွဲ ဓါးဆွဲဖြစ်ကုန်ပြီလား၊ အော်ကြီးဟစ်ကျယ် တွေနှင့် ဘာတွေများဖြစ်ကုန်ပါလိမ့်ဟု . . . မထင်လိုက်ပါနှင့် ။

သရုပ်ဆောင်သင်တန်းပို့ချနေခြင်းပင် ဖြစ်တော့သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် သရုပ် ဆောင်သင်တန်း မည်ကဲ့သို့ပတ်သက်သနည်း၊ မည်သို့မျှမဆိုင်ဟု ပြောဆိုကြမည်ဟု မျှော်လင့်ပါသည်။ ရှင်းပါအံ့ . . . လူမှုရေးလုပ်ကိုင်ရာ၌ အထူးသဖြင့် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ လုပ်ကိုင်ရာတွင် နာရေးရှင်တို့၏ အပူမီးကို တတ်နိုင်သမျှ ငြိမ်းသပ်ပေးရန်၊ လူနာတို့၏ ဝေဒနာကို လျော့ပါးသက်သာစေရန် အလွန်အရေးကြီးပါသည်။ သို့ကြောင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ နာရေးကူညီပံ့ပိုးပေး သော လူမှုရေးကုသိုလ်ဖြစ်လုပ်အားေ
ပးများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လုပ်အားပေးကြသော လူမှုရေး သမားများအဖို့ ဆက်ဆံရေး (လူမှုဆက်ဆံရေး)သည် အလွန်အရေးကြီးသည်။ ကျွန်တော်တို့အသင်း၏ အလုံးစုံ သော နာရေး၊ ဆေးကူညီမှုတို့သည် အခမဲ့ကူညီပံ့ပိုးမှုဖြစ်သည်နှင့်အညီ တဖက်မှ ကျွန်တော်တို့အား ကျေးဇူးတင်စွာ၊ ၀မ်းမြောက်စွာ တုံပြန်မှုများကို ရရှိသလို . . . အချို့သောသူတို့သည် အခမဲ့ကူညီမှုကို တန်ဖိုးမထားမှု၊ ရိုင်းစိုင်းစွာတုန့်ပြန်မှု၊ မူးရူးကာဆက်ဆံမှုစသည်တို့ကို ကြုံတွေ့မှုများရှိခဲ့သည်။

သို့အတွက် . . . မိမိတို့ မည်သို့တုန့်ပြန်ရမည်နည်း . . . ။

မေးခွန်းများပေါ်ထွက်လာတော့သည်။ ထို့ကြောင့် . . . လူတစ်ယောက်၏ ဆက်ဆံရေးဆိုရာ၌ မျက်နှာပေး အမူအရာ၊ စကားအပြောအဆိုညင်သာမှု၊ တစ်ဖက်လူကို နွေးထွေးစေမှု စသည့် . . . လူမှုဆက်ဆံရေး ယဉ်ကျေးမှု များသည် အဓိကဖြစ်တော့သည်ဟု ကျွန်တော်မြင်မိသည်။

ဤသို့ မြင်မိသည်နှင့်အညီ ကျွန်တော်တတ်စွမ်းသော သရုပ်ဆောင်အနုပညာကို ခုတုံးလုပ်၍ ဤသင်တန်းကို ပို့ချ ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်၏ အနုပညာအသိုင်းအ၀န်းထဲမှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသော ၀ါရင့်သရုပ် ဆောင်များဖြစ်ကြသော မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ညီဂျော်နှင့် ဆုရွှန်းလဲ့ (အသင်းသူ) တို့၏ အကူ အညီနှင့် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့၏ အသင်းသူ မတင်တင်ဦးမှလည်း ပံ့ပိုးကူညီခဲ့ရာ ၀ါရင်သရုပ်ဆောင်များကိုယ်တိုင် အထူးသဘောကျအားပေးမှုကို ရရှိခဲ့သည်။ Professional သရုပ်ဆောင်လုပ်ပါက အကယ်ဒမီမြောက်များစွာ၊ အော်စကာဆုမြောက်များစွာ ရရှိမည်ဟု ထော်ပနာပြုကြ၍ အသင်းသူ/အသင်းသားများအားလုံး ၀မ်းမြောက် ပျော်ရွှင်မှု၊ အားပေးမှုတို့ကိုဖြစ်စေခဲ့သည်။

လူမှုရေးလုပ်ရာ၌
- မိမိကိုယ်ကို နှိမ့်ချဆက်ဆံရေး၊
- ကာယံကံရှင်ကို ညင်သာရိုသေနွေးထွေးစွာဆက်ဆံရေး၊
- တစ်ဖက်လူ၏ဆက်ဆံရေးသည် မချေမငံဆက်ဆံလာပါက ဒေါသ ရှေ့မထားရေး၊
- မိမိတို့အသင်း၏ လုပ်ဆောင်ပေးမှု အတိုင်းအတာကို ကာယကံရှင် တို့ သဘောပေါက်နားလည်မှု ရှိသည်အထိ ပြောဆိုဆက်ဆံရေး၊
- ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို မြေ၀ယ်မကျလက်ကိုင်ကျင့်သုံးရေး၊


စသည့်အချက်များအပြင် ကိုယ်နုတ်အမူအရာ အလွန်အရေးကြီးကြောင်း မျိုးဆက်သစ်လူငယ်တို့ သဘော ပေါက်လာပြီဖြစ်၍ ရှေ့ဆက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး၊ မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း မင်္ဂလာစကားလက် ဆင့်ကမ်းလိုက်ရပါကြောင်း . . .
ဤသတင်းဆောင်းပါးနှင့်အတူ ပံ့ပိုးကူညီကုသိုလ်ယူခဲ့ကြသော မသန်းသန်းစိုး၊ ဦးချစ်ပြုံး၊ မဂွမ်းပုံကြီး၊ ဦးညီဂျော်၊ ဆုရွှန်းလဲ့၊ မတင်တင်ဦးတို့အား အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်းနှင့် နောက်ပို့ချမည့် သင်တန်းများကိုလည်း စိတ်ဝင်စားသူ၊ ကုသိုလ်ပြုလိုသူ၊ သရုပ်ဆောင်များအား ကြိုဆိုပါကြောင်း . . . .

ကျော်သူ

2010 = No - TBM



ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် အတွင်းရှိ ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်စာသင်ခန်း ဘလက်ဘုတ် များ ၊ ကျောင်း ဆောင် စင်္ကြန် များပေါ်တွင် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ မှ ကွန်ပျုတာ တက္ကသိုလ် ကျောင်းသူ/သား များမှ နအဖ ပြုလုပ်မည့် 2010 = No - TBM ဟု ရေးသားသည့်လှုတ်ရှားမှုများ ပြုလုပ်ခဲ့ကြပါသည်။

ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ Sign Campaign ပြုလုပ်..

Click to play this Smilebox slideshow:

ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှလူ့ အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ်
(၁၄.၀၃.၂၀၁၀)နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌ဒေါ်အောင်ဆန်စုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်
မြောက်ရေးအတွက် Sign Campaign အားပြုလုပ်ခဲ့ရာဂျပန်လူမျိုးများကပါတက်ကြွစွာပါဝင်ဆင်နွဲခဲ့ကြပါသည်။
မှတ်ချက်..(လက်မှတ်ရေးထိုးရရှိထားသည်များကိုဂျပန်အစိုးရနှင့်(U.N)သို့ ဆက်လက်ပေးပို့ မည်ဖြစ်ပါသည်..)