Monday, March 22, 2010

22 March 2010 ဒိုင်ယာရီ

http://ifile.it/ku1smr022 March2010 Yeyintnge Diary

ပုံစံခွက်ထဲမှ အလွဲများ


ပုံစံခွက်ထဲမှ အလွဲများ

ခင်ငြိမ်းသစ်
Monday, March 22, 2010


ဒီနှစ်တော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မေးခွန်းတွေ အလွန်လွယ်တယ်လို့ ပြောကြပါတယ်၊ အစိုးရက ကျောင်း သားတွေ ဆူဆူပူပူ မဖြစ်အောင်လို့တဲ့။ အဲဒီလို အခြေအ နေက အမှတ်စာရင်းထွက်ချိန်မှာ အမှတ်အလွန်မြင့်တဲ့ ပြသ နာဖြစ်လာပါလိမ့်မယ်။


ဒီလိုမြင့်လာရင် သာမန်ကျောင်းသားတွေခင်မျာ ကိုယ်ဝါသ နာပါတဲ့ ဘာသာက အမှတ်မမီ၊ အမှတ်မီတဲ့ဘာသာက ကိုယ် မကြိုက်နဲ့ ဘွဲ့ရရင်ပြီးရောဆိုတဲ့ အခြေအနေနဲ့ လုံးချာလည် နေကြတာ ဓမ္မတာဖြစ်နေတာ ကြာခဲ့ပါပြီ။


ကျမတို့ အဖေတွေခေတ်က ၁ဝ တန်းအောင်ပြီဆိုရင် တက္ကသိုလ်မှာကိုယ်ကြိုက်တဲ့ ဘာသာ ၃ ခုကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါတယ်၊ ဆေးကျောင်းတက်ချင်တဲ့ လူက Bio တွဲယူရပါတယ်၊ အင်ဂျင်နီယာ ဖြစ်ချင်ရင် သင်္ချာကိုပါ တွဲရပါတယ်၊ ဝိဇ္ဇာဘွဲ့လိုချင်ရင် ကိုယ်ကြိုက်တဲ့ ဘာသာတွေကို တွဲယူရပါတယ်၊ တချို့လည်း 2nd, အောင်ပြီးမှ တခါ ဘာသာတွဲ ပြောင်းချင်ရင်လည်း ရပါသေးတယ်၊ ကျမ အဖေဆိုရင် ဆေးကျောင်း ၂ နှစ် တက်ပြီးမှ ဝိဇ္ဇာဘက်ပြောင်းပြီး ဒဿနိကနဲ့ ဘွဲ့ယူခဲ့ပါတယ်၊ ပြီးတော့မှ ကျောင်းဆရာ လုပ်ခဲ့ ပါတယ်။

ကျမတို့ ခေတ်ကျတော့ ရွေးခွင့်မရပါဘူး၊ တနေ့ကို ၃ နာရီနဲ့ ၆ ရက် အသည်းအသန်ဖြေခဲ့ရတဲ့ စာမေးပွဲရမှတ်ဟာ ကျမတို့ကို ဘာ လုပ်ပါ၊ ဘာဖြစ်ပါစေဆိုပြီး ရွေးချယ်ထားပါတယ်၊ ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ်ရတဲ့အမှတ်နဲ့ ထိုက်တန်တဲ့လိုင်းကိုပဲ ယူခွင့်ရှိပါတယ်။

ကျမတို့ ခေတ်ကတော့ ဆေးတက္ကသိုလ်ဆိုတာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အမှတ်အများဆုံး လူ ၅ဝဝ ကိုရွေးထုတ်ထားတာပါ၊ ဘယ် လောက်ပဲ အမှတ်များများ FRC လို့ခေါ်တဲ့ ဧည့်နိုင်ငံသားတွေ တက်ရောက်သင်ကြားနိုင်ခွင့် မရှိပါဘူး၊ One_FRC လို့ခေါ်တဲ့ မိခင် (သို့) ဖခင်က ဧည့်နိုင်ငံသားဖြစ်ရင်လည်း ဆေးတက္ကသိုလ်တက်ခွင့် မရှိပါဘူး။

ဒုတိယ အမှတ်အများဆုံးကတော့ R.I.T (Rangoon Institute Of Te-Chnology) လို့ခေါ်တဲ့ စက်မှုတက္ကသိုလ် ဖြစ်ပါတယ်၊ ဘယ် လိုဖြစ်တယ် မသိပါဘူး R.I.T ဝင်ခွင့်ရဘို့ မိန်းခလေးနဲ့ယောင်္ကျားလေး သတ်မှတ်တဲ့အမှတ် မတူပါဘူး၊ မိန်းခလေးက သိသိသာသာ အမှတ်ပိုများနေတတ်ပါတယ်၊ ဥပမာ ယောကျာင်္းလေးက အမှတ် ၄၂ဝ ရလို့ R.I.T ဝင်ခွင့်ရရင် မိန်းခလေးက အမှတ် ၄၅ဝ လောက်ရ မှ ဝင်ခွင့်ရပါတယ်၊ ဒါကြောင့် G-Hall သူဖြစ်ဘို့ သိပ်မလွယ်ပါဘူး။

တတိယ အမှတ်အများဆုံးကတော့ စီးပွားရေးတက္ကသိုလ်ပေါ့၊ မိန်းခလေးတွေ များလွန်းလို့ မိန်းမလှကျွန်းလို့တောင် အမည်ရတဲ့ တက္က သိုလ်ပါ၊ Institute လို့ခေါ်တဲ့ အဲဒီ လိုင်း ၃ လိုင်းမှ မရရင် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ တက်ကြရပါတယ်၊

တချို့လဲ ဝ/သ တက္ကသိုလ်မှာ မတက်တော့ဘဲ G.T.I လို့ခေါ်တဲ့ စက်မှုသိပ္ပံမှာတက်ကြပါတယ်၊ စာပေးစာယူလို့ခေါ်တဲ့ စနစ်တခုနဲ့ ညပိုင်းတက်ရတဲ့ လုပ်သားများကောလိပ် ဆိုတာလဲ ရှိပါတယ်။ တချို့နှစ်တွေမှာ G.T.I ကနေ အမှတ်များတဲ့လူတွေ R.I.T ကို join ခွင့် ရပါတယ်၊ လူအများကြီးတော့ မဟုတ်ပါဘူး၊ အများဆုံး ၃ ဦး လောက်ပါ၊ ဒီအခွင့်အရေးကို နှစ်တိုင်းလဲ ပေးတာမဟုတ်ပါဘူး၊ ဘာ ဘဲဖြစ်ဖြစ် Institute တက်ခွင့်မရတဲ့လူဟာ ရပ်ကွက်ထဲမှာရော၊ မိသားစုအသိုင်းအဝိုင်းမှာပါ မျက်နှာပန်း သိပ်မလှပါဘူး။

ဒီတော့ မိဘတွေက စာမေးပွဲ ရာသီကို ရောက်တာနဲ့ သားသမီးတွေကို ဖိအားပေး ပါတော့တယ်၊ “အမှတ် နည်းသွားရင် ဘာဖြစ်မယ် ဆိုတာသိလား စာသေချာကျက်နော်၊” ဘာညာ ဆိုတာမျိုးကို တတွတ်တွတ် ရွတ်နေကြပါတယ်၊ ကာယကံရှင် ကျောင်းသားတွေ က လည်း အမှတ်များများရချင်ကြပါတယ်၊ ဒီတော့ အမှတ်များများရအောင် ဘာလုပ်ရမလဲ၊ ဘယ်ကျုရှင်တက်ရမလဲ၊ ဘယ်အထူးထုတ် ဝယ်ရမလဲဆိုတာတွေက အရေးတကြီးအကြောင်းအရာတွေ ဖြစ်လာပါတယ်၊

ကျမတို့ ၁ဝ တန်းတုန်းက စာမေးပွဲမှာ ၉ တန်း စာတွေကိုပြန်မေးလေ့ ရှိပါတယ်၊ ၉ တန်းမှာ စာမကြေရင် ၁ဝ တန်းမှာ အမှတ်ကောင်း ဘို့ မလွယ်ပါဘူး၊ ဒီတော့ ၉တန်းတက်ပြီဆိုတာနဲ့ ကျုရှင်ကောင်းကောင်းကို ရှာတက်၊ နွေရာသီမှာလဲ ကျုရှင်ဆက်တက်၊ ၁ဝ တန်း စာ မေးပွဲအတွက် တခါတည်း ကြိုပြင်ဆင်ကြ ရပါတယ်။

အမှန်တကယ်က ၁ဝ တန်းအောင်ပြီးတဲ့နောက် ကျမတို့ သင်ကြားခွင့်ရခဲ့တဲ့ ပညာရပ်တွေကို တကယ်ရော အသုံးချဖြစ်ရဲ့လား၊ တချို့ ကတော့ အသုံးမချကြပါဘူး၊ အဲဒါ ဘာကြောင့်လဲ? ဒီပညာရေးစနစ်ဟာ တကယ်ရော လိုအပ်လို့လား၊ အကျိုးရော ရှိပါရဲ့လား? တချို့ ကတော့ အသုံးချပေမဲ့ သူတို့ရဲ့ ဘဝတွေကို အမှန်တကယ် ကျေနပ်နေကြလား၊ ဝါသနာနဲ့ဘဝ ထပ်တူကျတဲ့လူတွေဆိုတာ အင်မတန် ကံကောင်းတဲ့ လူနည်းစုပဲ ဖြစ်ပါတယ်။

ကျမရဲ့ အဖေဟာ ကျောင်းဆရာဖြစ်တဲ့အတွက် သူရဲ့တပည့်တွေဟာ ကျမတို့ရဲ့ သူငယ်ချင်းတွေပါပဲ၊ သူငယ်ချင်း တချို့အကြောင်း ကို နမူနာအနေနဲ့ ပြောပြချင်ပါတယ်။

ကျမသူငယ်ချင်း နေမျိုးးအောင်ဟာ အပြင်စာကို တော်တော်လေးဖတ်ပါတယ်၊ ကျမတို့ အချစ်ဝတ္တုတွေ ဖတ်နေတဲ့အရွယ်မှာ သူက ဘာသာပြန်ဝတ္တုတွေ ဖတ်နေပါပြီ၊ သူက စိန်ကုန်သည်၊ ရွှေကုန်သည်လို ဝတ္တုမျိုးးကို အထူးနှစ်သက်တတ်ပါတယ်၊ တကယ်လည်း သူ က စီးပွားရေးအမြင် ရှိတဲ့လူပါ။

ဒါပေမဲ့ သူ့အမေက တဦးတည်းသောသားဖြစ်တဲ့ သူ့ကို ဆရာဝန်ပဲ ဖြစ်စေချင်ပါတယ်၊ သူ့အမေက ရည်ရွယ်ချက် ကြီးကြီးနဲ့ ၉ တန်း ထဲက ဆရာမြတ်ထိန်လင်းတို့လို ဆရာကြီးတွေရဲ့ဝိုင်းမှာ သေချာသင်ကြားစေပါတယ်၊ နွေရာသီမှာလဲ အနားမပေးပဲ ဝိုင်းတွေဆက် တက်ခိုင်းပြီး ၁ဝ တန်းဖြေချိန်အထိ ကျူရှင်မျိုးစုံနဲ့ ဆေးကျောင်းတက်ခွင့်ရဘို့ အရမ်းကျိုးးစားခဲ့ပါတယ်။

အောင်စာရင်းထွက်တော့ ဂုဏ်ထူး ၄ ခုနဲ့ ဆေးဝင်ခွင့် ရပါတယ်၊ တကယ်က သူ ဆရာဝန် မလုပ်ချင်ပါဘူး၊ မိဘတွေရဲ့ဆန္ဒကို လိုက် လျောဘို့ သူ ဆေးကျောင်းတက်ခဲ့ပါတယ်။ မိဘတွေကတော့ သားလိမ္မာအတွက် ဂုဏ်တက်ခဲ့ပါတယ်၊ ဆေးကျောင်းမှာလည်း အမှတ် ကောင်းကောင်းရပါတယ်။

ကျောင်းပြီးလို့ ဆေးခန်းဖွင့်တော့ သူ့အမေ မျော်လင့်သလို မအောင်မြင်ပါဘူး။ ရပ်ကွက်အခေါ် ဆေးမလိုက်ဘူး ပြောရမှာပေါ့၊ လူသိပ် မလာပါဘူး၊ ဝါသနာကလဲမပါတော့ ၊ ဇွဲကလဲမရှိဘူးပေါ့၊ ဒီတော့ ၅ လလောက်ဖွင့်ပြီး ဆေးခန်းပိတ်လိုက်ပါတယ်၊ အစိုးရအလုပ် လည်း မလျှောက်တော့ပဲ အိမ်ထောင်ပြုပြီး ကားလေးတစီးဝယ်လိုက်ပါတယ်။ ဝယ်လိုက်တဲ့ ကားကို သေချာပြုပြင် ပြီးပြန်ရောင်း လိုက်တာ မြတ်တယ်တဲ့၊ ဒါနဲ့ နောက်တစင်း ထပ်ဝယ်၊ ပြန်ပြင် ပြန်ရောင်းနဲ့ သူအလုပ်ဖြစ်လာပါတယ်၊ ဒီတော့မှ သူ့အမေနဲ့ ယောက္ခမက သူ့ “ဇ” ကို သိလာပြီး အရင်းအနှီးထပ်ထည့်ပေးလို့ အဆင်ပြေသွားတဲ့ သူဟာ ၊ ဒီနေ့မှာတော့ M.B.B.S ဘွဲ့ရ ကားဝယ် ရောင်းတဦး ဖြစ်နေပါတယ်။

နောက်တဦးက ကျမညီမ ဝမ်းကွဲပါ၊ သူက အထက (၂) ဗဟန်း က “S” ခန်းမှာတောင် အဆင့် ၁ ကနေ ၃ အတွင်း အမြဲ ရှိနေပါတယ်၊ သူက ဆရာဝန် ဖြစ်ချင်တာပါ၊ သူ့ရဲ့ အဖေနဲ့အမေက ဆရာဝန်တွေဆိုတော့ သူ့ရဲ့ငယ်ဘဝမှာ လူနာတွေနဲ့ လက်ပွန်းတတီး နေခဲ့ရ တာပါ။ ဒါပေမဲ့ စာမေးပွဲဖြေတဲ့ရက်မှာ သူနေမကောင်းလို့ အမှတ်စာရင်းထွက်တော့ ဆေးဝင်ခွင့်မီဘို့ ၅ မှတ်ဘဲ လိုပါတယ်၊ ဆရာဝန် ဖြစ်ခွင့်မရတော့ ဖွင့်တာသိပ် မကြာသေးတဲ့ ကွန်ပြူတာတက္ကသိုလ်ကို တက်ပါတယ်၊ အဲဒီမှာလဲ သူစာတော်ပါတယ်၊ ဗိုလ်ချုပ် ခင်ညွန့် သမီးပြီး သူပါဘဲ၊ Master တောင် တက်လိုက်ပါသေးတယ်၊ ဒါပေမဲ့ ကျောင်းပြီးတဲ့အချိန်မှာ ကွန်ပြူတာကို ဂိမ်းကစားဘို့ပဲ ကိုင်တာ တွေ့ရပါတယ်၊ သူအဖေရဲ့ ဆေးခန်းမှာတော့ အကူအညီ တော်တော်ပေးနှိုင်ပါတယ်၊ ကျမက သူ့ကို ဘာလို့ ကွန်ပြူတာနဲ့ပတ်သက် တာ မလုပ်တာလဲမေးတော့ သူက “မြန်မာပြည်မှာ ကွန်ပြူတာနဲ့ပတ်သပ်ရင် အရောင်းပြခန်းက အကိုက်ဆုံးပဲ ဒါပေမဲ့ နန္ဒာအေး (ဗိုလ်ချုပ်ကြီး မောင်အေး) ရဲ့ သမီးကို မကျော်နှိုင်လို့၊ သူက အခွန်အတုပ်တွေလွတ်တော့ ဈေးချင်း ယှဉ်လို့မရဘူး၊ အရင်းအနှီးလည်း သူ့လောက်မရှိဘူး။ ဒါကြောင့် ဘာမှမလုပ်တော့ဘူး ”တဲ့။

တချို့မိဘတွေကလည်း သားသမီးကောင်းစားတာပဲမြင်ချင်လို့ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ရွေးချယ်စေချင်တဲ့ အ တိုင်းဖြစ်အောင် ဖိအားပေးကြပါတယ်၊ တကယ်ကတော့ ပညာရေးဈေးကွက်လိုက်ရှာ ကြတာပါ။

အခုနောက်ပိုင်း ခေတ်စားလာတာက ရေကြောင်းတက္ကသိုလ်နဲ့ ရေကြောင်းသိပ္ပံပါ၊ ဒေါ်လာစားတွေဆိုတော့ ဝင်ငွေကောင်းကြတာ ပေါ့။ ကျမ စာသင်ပေးခဲ့တဲ့ ကျမသူငယ်ချင်းရဲ့သားက တက္ကသိုလ်ဝင်တန်းအောင်တော့ အမှတ်ပေါင်း ၃၇ဝ ကျော်ပါတယ်၊ ရေ ကြောင်းတက္ကသိုလ်ကို မမီပေမဲ့ ရေကြောင်းသိပ္ပံကိုတော့ မီပါတယ်၊ ဒါကြောင့် အမေက ရေကြောင်းသိပ္ပံ တက်ခိုင်းပါတယ်၊ ကလေး က “E” မေဂျာယူချင်ပါတယ်၊ ဒီတော့ သားအမိတွေ ငြင်းကြခုံကြနဲ့ စကားများကြပါတယ်၊ အမေကလည်းသားကို သင်္ဘောသားဖြစ်မှ နောင်အရှည် ကောင်းမယ်လို့ မြင်ပါတယ်၊ အခု ကလေးက လက်မခံချင်ပေမဲ့ နောက် ၁ဝ နှစ်လောက်ကြာရင် ကျေးဇူးတင်လိမ့်မယ် လို့ ထင်နေပါတယ်၊ ကလေးက ဝါသနာမပါတဲ့ သင်္ဘောသား မလုပ်ချင်ဘူး၊ ဘယ်လိုမှ ညှိလို့မရပါဘူး၊ ကလေးအဖေကလဲ “မင်း ငါတို့ လို လစာလေးမဖြစ်စလောက်နဲ့ ဒုက္ခ ရောက်ချင်လို့လား၊ မင်းလစာကို ဒေါ်လာနဲ့ရမှ လူယောင်သူယောင်ပြောင်တော့ မပေါ့” တဲ့ ကျမ လည်း သူတို့ လင်မယားရဲ့ ခံစားချက်ကို နားလည်ပါတယ်၊ ဒါကြောင့် ၂ ဘက် စလုံးကို ကိုယ်ချင်းစာမိပါတယ်။

ကျမရဲ့ အဖေဟာ သူ ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကို မညည်းမညူ လုပ်လေ့ရှိပါတယ်၊ ဘယ်လောက်တောင်လဲဆိုရင် ထမင်း မေ့ ဟင်းမေ့ပါ၊ ကျောင်းသားတွေ ထူးချွန်သွားရင် သူရတဲ့ ပီတိဟာ ကျမတို့ မိသားစုကို ကူးစက်လေ့ရှိပါတယ်၊ သူ တကယ်ဝါသနာပါ တဲ့ အလုပ်ကိုး။

ကျမရဲ့ ဦးလေး ဆရာဝန်ဟာ အတော်စေတနာကောင်းပါတယ်၊ လူနာတဦးကိုကြည့်ရင် အသေချာကိုလေ့လာပါတယ်၊ သေချာမေး မြန်းပြီးမှ ဆေးကုပါတယ်၊ ဆေးဘိုးလဲ အများကြီးမယူပါဘူး၊ ဘယ်တော့မှလည်း သဋ္ဌေးမဖြစ်ပါဘူး သဋ္ဌေးဖြစ်နေတဲ့ ဆရာဝန်တွေကို လဲ သူ အားမကျပါဘူး၊ သူလက်ခံတဲ့ ဘဝအဓိပ္ပါယ်က လောကကြီး တခုလုံးကို အကျိုးမပြုနိုင်ရင်တောင်မှ တစိတ်တပိုင်း ထောက် ပံနိုင်ရင် လူ့ဘဝ လာရကျိုးနပ်တယ်တဲ့၊ လူတယောက်ရဲ့အသက်ကို ကယ်လိုက်ရတဲ့ ပီတိက ဘာနဲ့မှ မတူဘူးတဲ့။

သူတို့ ဘာကြောင့် ဒီလို ခံယူနိုင်တာလဲ၊ ဒီလို ခံယူနိုင်ဘို့ အရေးအကြီးဆုံးအချက်က ဝါသနာကို အရင်းခံဘို့ လိုပါတယ်၊ ဝါသနာ မပါဘဲ လုပ်ရတဲ့အလုပ်ဟာ ငြီးငွေ့လွယ်ပါတယ်၊ ပညာတခုကို ငွေရှာဘို့အတွက်ပဲ သင်ကြားတယ်ဆိုရင် အဲဒီလူရဲ့ ရည်ရွယ်ချက်ဟာ လွဲ နေပြီလို့ ထင်ပါတယ်၊ အခြေခံကျတဲ့ ပညာရေးစနစ်ရဲ့ လွဲမှားမှုများကတော့ ကျမတို့ တိုင်းပြည်ရဲ့အဓိကမဏ္ဍိုင် ယိုယွင်းပျက်စီးမှုပဲ မဟုတ်ပါလား။

ခင်ငြိမ်းသစ်
http://www.naytthit.com/articals/2010/mar10/knt-mar22.html

ရွေးကောက်ပွဲ အသက်ကယ်ဆေး မစွမ်းပါ

ရွေးကောက်ပွဲ အသက်ကယ်ဆေး မစွမ်းပါ


မြန်မာနိုင်ငံအား အနှစ် ၂ဝ ကြာ အာဏာသိမ်းအုပ်ချုပ်လာသည့် နအဖစစ်အုပ်စု ၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် တာစူခဲ့သဖြင့် မတ် ၈ ရက်နေ့၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ထုတ်ပြန်ခဲ့သည်။
သို့သော်ကျင်းပမည့် နေ့ရက်အတိအကျကို မထုတ်ပြန်ခဲ့ပေ။ ၄င်းမှာ ၂ဝ၁ဝ အတွင်း ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်မည် မကျင်းပနိုင်မည်ကို နအဖကိုယ်တိုင် အာမခံခြင်းမရှိကြောင်း ပြသလျက်ရှိသည်။

တစ်ဘက်သတ်ရေးဆွဲထားသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသောရွေးကောက်ပွဲအပေါ်ကန့်ကွက် တောင်း ဆိုမှုမျာအပေါ် နအဖက လျစ်လျူရှုထားသောကြောင့် ယခုရွေးကောက်ပွဲမှာ အစမကောင်း သလို အဆုံးလည်း မကောင်းနိုင် ဖြစ်နေသည်။

၁၉၈၈ က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာပြည်သူလူထုကြီးက ဒီမိုကရေစီနှင့်လူ့အခွင့် အတွက် အုံကြွဆန္ဒပြခဲ့ပြီး မဆလတစ်ပါတီ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချလိုက်၏။ ထိုအရေးတော်ပုံကြီး အစပြုခဲ့ ကတည်းက နအဖစစ်အုပ်စုအနှစ် ၂၀ ကြာဖိနှိပ်ထားရာမှတဖန် ပြည်ဖုံးကားချပစ်ရန် မတရားသည့်ဥပဒေအပေါ် အခြေခံသည့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နအဖ ၁၄ နှစ်ကြာအောင် ရေးဆွဲရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခါနီး ၂ဝဝ၈ မေလဆန်းပိုင်း နာဂစ် ဆိုင်ကလုံး မုန်တိုင်းတိုက်ခတ်မှုအတွင်း ဧရာဝတီတိုင်း၌ လူသိန်းချီသေဆုံးရချိန်တွင် အတင်းအဓမ္မဆန္ဒခံ ယူပွဲကျင်းပပြီးအတည်ပြု ခဲ့သဖြင့် အတိုက်အခံများက နာဂစ်ဖွဲ့စည်းပုံဟု သညာပြုထားကြသည်။

ဒီမိုကရေစီလိုလားသူများနှင့် တိုင်းရင်းသားများက နအဖစစ်ဗိုလ်ချုပ်ကြီးများ၏ ဒီမိုကရေစီနည်းလမ်းမကျသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်အခြေခံသော ရွေးကောက်ပွဲကို လက်မခံကြပေ။

စစ်အုပ်စု ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေ၏ ရည်ရွယ်ချက်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD , SNLD နှင့် အခြားတိုင်းရင်းသားနိုင်ငံရေးပါတီများအပါအ၀င် မတရားထောင်ဒဏ် အပြစ်ပေးခံနေရသည့် ခေါင်းဆောင် များအား နိုင်ငံရေးလောကမှ ဖယ်ကြဉ် ပထုတ်လိုသောကြောင့် ဖြစ်သည်။

မိမိ၏ ဆန့်ကျင်ဘက်နိုင်ငံရေးအုပ်စုများအား တမင်ချိန်ရွယ်ပစ်ခတ်လိုက်သည့် စစ်အုပ်စု နောက်ဆုံးကျည်ဆံဖြစ် ဖွယ်ရှိသည်။

စစ်အုပ်စု၏ နိုင်ငံရေးလက်နက်ဖြစ်သည့် ရွေးကောက်ပွဲဥပဒေသည် တိုင်းရင်းသားများနှင့် အတိုက်အခံဒီမိုကရေစီ အင်အားစုများကို ထိရှစေသော်လည်း ယင်းလက်နက်သည်ပင် နအဖ၏အာဏာစက် အိုးစားကွဲမည့် ကိန်းဆိုက် လျက်ရှိသည်။

ရွေးကောက်ပွဲ ဥပဒေကြောင့် အတိုက်အခံဒီမိုကရေစီ အင်အားစုများ အလူးအလဲ ရင်ဆိုင်နေရသည်မှန်သော် လည်း တစ်ဘက်၌ နအဖကိုယ်၌က ဆူးကြားမှဗူးခါး အဖြစ် မလူးသာမလွန့်သာ ရှိနေဆဲဖြစ်သည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဥပဒေကို အတိုက်အခံ အင်အားစုများ ပေါင်းစည်းညီညွတ်စွာ ၀ိုင်းဝန်းဆန့်ကျင် သပိတ်မှောက် ကျောခိုင်းနိုင်ပါက် လက်တစ်ကမ်းအကွာ အခွင့်အလမ်းတစ်ခုကို အမိအရဆုပ်ကိုင်နိုင်မည်ဖြစ် ၏။ နအဖအားလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးစားပွဲဝိုင်းပေါ်အတင်းဆွဲ တွန်းပို့နိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နအဖအဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တွေ့ဆုံဆွေးနွေးရေးမှ တစ်ပါး အခြားရွေးချယ် စရာလမ်းမရှိသောကြောင့် ဖြစ်သည်။

ယခုကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီလိုလား သောပြည်သူများ တခဲ့နက် ၀ိုင်းဝန်းသပိတ်မှောက်လိုက်ချိန်တွင် နိုင်ငံတကာကလည်း အသိအမှတ်မပြု ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် နအဖစိတ်ကြိုက်ရွေးထားသည့် နိုင်ငံရေးပိုက်ကွန်ဖြစ်သည့်တိုင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးလိုလားသော တိုင်းရင်းသားပြည်သူများအဖို့ ငရဲသွားရာလမ်းကဲ့သို့ဖြစ်နေ၏။ နိုင်ငံရေးပြဿနာများပြေလည် အောင် မဖြေရှင်းပါက နအဖကိုယ်တိုင် ရွေးကောက်ပွဲကို ရှောရှောရှူရှူ ကျင်းပနိုင်မည်မဟုတ်ပေ။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမျိုးသားတန်းတူရေးတောင်းဆို တိုက်ပွဲဝင်မှုပြဿနာ မဖြေရှင်းနိုင်လျှင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည့် အလားအလာမှာ မရှိသလောက်ဖြစ်သည်ဟု ဆိုရမည်။ ထိုအချက်သည် ခိုင်လုံသော အကြောင်းတရားဖြစ်သည်။ အပစ်ရပ်အဖွဲ့များနှင့် ထိလွယ်ရှလွယ်ဖြစ်နေသည့် အနေအထားကြောင့် နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်ဝံ့ခြင်း မရှိချေ။

၂ဝဝ၉ ဧပြီလမှစ၍ တိုင်းရင်းသားလက်နက်ကိုင်များအား နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရန်ဖိအားပေးထားခဲ့ သည်မှာ တစ်နှစ်ကြာလာသည့်တိုင် နအဖ၏ အဆိုကို အပစ်ရပ်များ ငြင်းဆန်နေဆဲဖြစ်၏။ ထိုအခြေအနေအရာ အမျိုးသားတန်းတူရေးပြဿနာကို အသေအချာကိုင်တွယ်ဖြေရှင်းလိုလျှင် ဖြေရှင်း၍ရသည့် လမ်းတစ်ခုဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းခြင်းကို လက်မခံပဲ အပစ်ရပ်များ ပုံစံအမျိုးမျိုးဖြင့် တောင်းဆိုကြသည့် အချက်များ အနက် ထားသည့် တကယ့်အနှစ်သာရမှာ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးပင် ဖြစ်သည်။

နအဖ၏ ၂ဝဝဂ ဖွဲ့စည်းပုံအရ ကျင်းပမည့် ရွေးကောက်ပွဲ ဆိုသည်မှာ မြန်မာ့ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင် စွမ်းမရှိသာမက ပို၍ပင် ရှုပ်ထွေးတစ်ဆို့စေမည်ဖြစ်သည်။

လက်နက်ကိုင်အပစ်ရပ်များသည် နအဖသွားမည့်လမ်းကြောင်းအား အဟန့်အတားကြီးဖြစ်နေသော်လည်း စစ်ရေး အရ အင်အားသုံး ချေမှုန်းမည်ဆိုပါက ပေးဆပ်ရမည့် တန်ဖိုးအတွက် ကြိုတင်တွက်ဆပြီး ဖြစ်သဖြင့် နအဖအဖို့အန္ဒရာယ်ကြီး လွန်းသည့် စစ်ရေးနည်းလမ်းကို ရှောင်ရှားလိုပေမည်။

သို့ဖြစှ်ုအန္ဒရာယ်ကင်းပြီး အကျိုးအမြတ်ထွက်နိုင်သည့် နည်းလမ်းကို ရွေးချယ်သည့် အနေဖြင့် တရုတ်မှတဆင့် ဖိအားပေးမည့် နည်းဗျူဟာ ကျင့်သုံးလာခြင်းဖြစ်၏။ လက်နက်ကိုင်အပစ်ရပ်များအား ခြိမ်းခြောက်ခြင်း ဖြိုခွဲခြင်း နည်းများကို လုပ်ဆောင်ခြင်းထက်နောက်ဆုံး အသက်ကယ်ရွေးကောက်ပွဲ ဆေးထိုးဖြင့် အသက်ငင်နေသည့် အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေရန် ကြိုးစားလာခြင်းဖြစ်သည်။

နအဖ၏နည်းမျိုးစုံ ဖိအားကြားမှ လက်နက်ကိုင်တပ်များ ကြံ့ကြံ့ခံလက်ရှိ၏။ အမျိုးသားတန်းတူရေးအတွက်တွေ့ဆုံ ဆွေးနွေးရေးကိုသာ ပြင်းပြစွာလိုလားဆဲရှိသည်။

၂ဝ၁ဝ ကုန်လွန်ရန် ၉ လသာလိုတော့၏။ လာမည့် နိုဝင်ဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန်ရက်စေ့ပြီးဖြစ်၏။ နအဖ ဇိဝိန်ချုပ်မည့်အချိန် သိပ် မဝေးတော့ဟုပင် ဆိုရချိမ့်မည်။

ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို စုပေါင်းအားဖြစ် ၀ိုင်းဝန်းဆန့်ကျင်ပါက နအဖ အတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းမှ တစ်ပါး ရွေးချယ်ရာလမ်း မရှိနိုင်ပေ။

အရေးတော်ပုံကြီးအောင်မြင်စေရန် စည်းလုံးညီညွတ်မှု သစ္စာရှိမှုဖြင့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပြည်သူလူထုနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းကြိုးပမ်းရန်သာ လိုအပ်ပါကြောင်း။
http://www.mongloi.org/burmese/2008-08-01-03-24-54/87-2008-08-01-03-23-29/751-2010-03-22-11-08-34

ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း

ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး
မတ် ၂၂၊ ၂၀၁၀

(၁၆-၁၂-၉၁) ညဘက် ရေဒီယို သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ပြီးဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ကို NLDက အကြောင်းကြားတယ် ဆိုတဲ့ သတင်း ပါလာတယ်။ NLD CEC ရဲ့ ခြေလှမ်းကို ထင်ထင် ရှားရှား မြင်လိုက် ရပါပြီ ။

ဘာလုပ်ကြမလဲ။ ကျနော်တို့ မြို့နယ် အဖွဲ့တွေ ဘယ်လို ရပ်တည်ကြမလဲ။ ကျနော်ကတော့ လုံးဝ လက်မခံနိုင်ပါ၊ ဒေါ်စုကို ဘယ်သူတွေက ထုတ်ကြသလဲ။ ဘယ်လို အစည်းအဝေးမျိုး လုပ်သေးသလဲ။ မဲခွဲ သေးလား၊ မဲ ဘယ်လောက် ကွာခြားချက်နဲ့ ထုတ်သလဲ။ ဒီ NLD ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက ဦးအောင်ကြီးကို ထုတ်တုန်းက ဗဟိုဦးစီး အဖွဲ့မှာ မဲခွဲတော့ ၂၈ မဲ - ၁၃မဲ။ အခုရော ဗဟိုဦးစီးမှာ မဲခွဲကြသေးသလား။ ဒေါ်စုကို ဘယ်လို ပြစ်ချက်နဲ့ ထုတ်ပယ်ဖို့ စွဲချက် တင်ကြသလဲ။ ဒါတွေသိဖို့ တရက် နှစ်ရက် စောင့်ပီး ရန်ကုန်ဆင်းမယ်၊ ဘယ်သူလိုက်ကြဦးမလဲ၊ လိုက်ရင် အဆင်သင့် ပြင်ထား။

ဒီအတွင်း မှာပဲ မြို့နယ် မ၀တ က ကျနော်တို့ ကိုယ်စားလှယ် နှစ်ဦးကို ပဲခူးတိုင်း တ၀တ က (၁၈.၁၂.၉၁) မှာ လုပ်မယ့် အစည်းအဝေးကို တက်ဖို့ အကြောင်း ကြားပါတယ်။ ပဲခူးကို ရောက်တော့ ပဲခူး ဦးမြတ်လှအိမ်မှာ ပဲခူးတိုင်း ကိုယ်စားလှယ် တော်တော် များများကို တွေ့ရပါတယ်။ အဲဒီမှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးကြတယ်။ အဓိက ကတော့ ဒေါ်စုကို NLD က ထုတ်ပယ်တာ ဘယ်လို သဘောထားကြသလဲပေါ့၊

ကျနော်က NLD်ရုံးမှာ လွန်ခဲ့တဲ့ ၄ - ၅ လ လောက် ကတည်းက CEC ဦးမြတ်လေးက တဆင့် ဒေါ်စုနဲ့ ပတ်သက်ပြီး `ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ´ ဆိုတဲ့ သဘောထားမျိုး ရှိနေပုံ၊ အထွေထွေအတွင်းရေးမှူး နေရာကို ဒေါ်စု အစား ဒေါ်မြင့်မြင့်ခင်ကို ကြိတ်ပေးဖို့ ကြိုးစားပုံ၊ ဒေါ်မြင့်မြင့်ခင်က လက်မခံလို့ ဦးလွင်က ယာယီ အတွင်းရေးမှူး အမည်ခံပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင် ဖွဲ့စည်းတဲ့အခါ ဦးတင်ဦးနဲ့ ဒေါ်စုကို ချန်ထားခဲ့ပုံ၊ ဒါတွေကို သိခဲ့ရလို့ ဒေါ်စုကို ဖယ်တော့မယ်လို့ သံသယရှိလို့ ဗဟိုကို တတ်နိုင်သမျှ ပြောခဲ့ ဆိုခဲ့ ဝေဖန်ခဲ့လို့ ဗဟိုရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံရပုံ၊ နောက်ဆုံးတော့ ဒီ ဒုံရင်းပဲ ဆိုက်လာပုံတွေကို သုံးသပ် တင်ပြပါတယ်။

သူတို့က ဒေါ်စုကို NLD က ထုတ်ပယ်ပြီး သူတို့ပဲ NLDဆိုင်းဘုတ်ကို ဖက်ထားရင် ဒီဆိုင်းဘုတ်ပဲ ရမယ်၊ လူထု ထောက်ခံမှုတော့ ရမှာမဟုတ်ဘူး။ ပြည်သူက ရွေးကောက်ပွဲမှာ ကတည်းက ဒေါ်စုကိုသာ မဲပေးလိုက်တာ ထင်ရှားတယ်။ အခုဆို ကမ္ဘာကတောင် အသိအမှတ် ပြုပီး နိုဘယ်လ်ဆုတောင် ပေးပြီ၊ ကျနော် တယောက်တည်း သဘောကတော့ ဒေါ်စုကိုပဲ ထောက်ခံ နိုင်မယ်၊ ဒေါ်စုကို ထုတ်ပစ်တဲ့ သူတွေကိုတော့ ဆောရီးပဲ၊ ကျနော့်မြို့နယ် အနေအထားကလည်း ချက်ချင်း အစည်းအဝေး မခေါ်နိုင်ခဲ့လို့ အပြတ် မပြောနိုင်ပေမဲ့ ဒီအတိုင်းပဲ ဖြစ်ဖို့ များပါတယ် လို့ ဆွေးနွေး ပါတယ်။

တခြား ကိုယ်စားလှယ်များကလည်း ဒီ သဘောထားမျိုးပဲ ဆွေးနွေးကြတယ်။ ရေတာရှည်က ခပ်ငယ်ငယ် ကိုယ်စားလှယ် တယောက်ကဆို လူငယ်ပီပီ ဒီ သဘောထားကို ထောက်ခံတဲ့အပြင် ဒေါ်စုကို အဖွဲ့ကထုတ်ပယ်သူတွေဟာ သစ္စာဖောက်တွေပဲ လို့တောင် ပြောသွားပါတယ်။


“ခေါင်းဆောင်ဘယ်သူလဲ”

ပဲခူး တ၀တးရုံး ရောက်တော့ အတွင်းရေးမှူး ဆိုတဲ့ ဗိုလ်မှူးတယောက် ၀င်လာပြီး စာရွက်တွေ ဝေပါတယ်။ အဲဒီ စာရွက်တွေမှာ အချက်အလက်တွေ ဖြည့်ခိုင်းပါတယ်။ အခုဖြေတဲ့ အဖြေကိုပဲ အတည် ယူမယ်။ အရင်က မြို့နယ်တွေမှာ ဖြေခ့ တာတွေ ရှိပေမဲ့ ခုဟာကသာ နောက်ဆုံး အတည်ပြုချက်လို့ ပြောပါတယ်။ ဒီတော့မှ ဖတ်ကြည့်တော့ အဓိက ကတော့ ခေါင်းဆောင်ဘယ်သူလဲ ဆိုတာပါပဲ။

ကျနော့် အနားက ကိုယ်စားလှယ်တယောက်က သူ့ဘေးက ကိုယ်စားလှယ် တယောက် `ဦးအောင်ရွှေ´ ဆိုပြီး ရေးနေလို့ လာပြောပါဦးလို့ ဆိုလာပါတယ်။ ကျနော်က ပြန်ပြောလိုက်ပါတယ် “ဒါ သူ့ ယုံကြည်ချက်ပဲ။ ဒါမျိုးတော့ ကျနော် ၀င်မစွက်ချင်ဘူးဗျာ။ ဒီမှာ ကျနော့ဝါဒ သဘောတရား ဆိုတဲ့ နေရာမှာတောင် လစ်ဘရယ်ဝါဒ (liberalism) လို့ ရေးထားတယ်ဗျာ” လို့ ပြောလိုက်ပါတယ်။

ပဲခူးတိုင်း တ.၀.တ ကိစ္စ ပြီးတော့ ရန်ကုန်ကို ပြန်ပါတယ်။ ရန်ကုန်က လွှတ်တော် ကိုယ်စားလှယ် မိတ်ဆွေ တယောက်နဲ့ တွေ့တော့ ပဲခူးမှာ ဘာတွေ ပြောသလဲ မေးပါတယ်။ ကျနော်တို့ မေးခွန်း ပုံစံတွေ ဖြည့်ရကြောင်း ပြောတော့ ရန်ကုန်မှာလည်း ဒီ မေးခွန်းတွေ မေးပြီးပြီလို့ ပြောပါတယ်။ သူ့ဆီက ကြားရတဲ့ သတင်းတခုကတော့ အဓိက ခေါင်းဆောင် ဘယ်သူလဲ မေးခွန်းနဲ့တင် မနေသေးဘူး၊ NLD ရုံးတွေမှာ ဒေါ်စု ဓာတ်ပုံတွေ မချိတ်ရ ဆိုတာအထိ လာဦးမယ်၊ NLD ဗဟိုကလည်း ဒါကို အလျှော့ပေးပြီး အောက်ခြေကို ဆက် ညွှန်ကြားဦးမှာပဲလို့ ပြောပါတယ်။ ကြားရ ကြားရ၊ နားဝ မချမ်းသာ ဆိုသလို ဖြစ်နေပါလား။ ရွှေဂုံတိုင်ရုံးကို သွားခဲ့ပေမဲ့ ဗဟို အလုပ်အမှုဆောင်က ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါ။ ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို လူတွေ့ပြီး တာဝန်ခံ ရှင်းလင်းမဲ့ သူများ မရှိပါ။ ဒီလိုနဲ့ စိတ်မကောင်းစွာနဲ့ ရန်ကုန်က ပြန်ခဲ့ ရပါတယ်။


“ မြို့နယ်စည်းရုံးရေးကော်မတီရဲ့ ဆုံးဖြတ်ချက် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ”

မြို့ကို ပြန်ရောက်တော့ စည်းကော်မတီ အစည်းအဝေး လုပ်ပြီး ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို ဆွေးနွေးကြပါတယ်။ NLDက ထုတ်ပယ်တဲ့ အကြောင်း ကြေညာတဲ့ ကြေညာချက် (၃/၉၁) ကိုလည်း ရပြီမို့လို့ ဒီစာကိုပါ ထည့်သွင်း ဆွေးနွေးပါတယ်။ ဒေါ်စုကို ထုတ်ပယ်ကြောင်း ရှင်းလင်းတဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲ ကော်မရှင်က ဦးအောင်ရွှေနဲ့ ဦးလွင်ကို လူကိုယ်တိုင် ခေါ်ပြီး ပြောတယ်လို့ ဆိုပါတယ်။

သူတို့ ပြောရာမှာ န.၀.တ အတွင်းရေးမှူးက သတင်းစာ ရှင်းလင်းပွဲများတွင် ကြေညာချက်များအရ ဒေါ်စုဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းသူများနဲ့ အဆက် အသွယ် ရှိတာတွေကြောင့် အရေးယူ အပြစ်ပေးနိုင်ကြောင်း ဒေါ်စုကို အပြစ်ပေးရင် NLD ဖျက်သိမ်းပစ်နိုင်ကြောင်း NLD ဆက်လက် တည်ရှိချင်ရင် ဒေါ်စုကို အဖွဲ့မှ ထုတ်ပယ်ရမည်ဟု ခေါ်ယူ သတိပေးကြောင်း၊ ဒါကြောင့် (၁၁. ၁၂. ၉၁)မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ဆွေးနွေး စဉ်းစားကာ ဒေါ်စုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ (၁၂. ၁၂. ၉၁ ) နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားခဲ့တယ်လို့ ပါရှိပါတယ်။

ကျနော် ရန်ကုန်က ကြားခဲ့တာကတော့ ဗဟို အလုပ်အမှုဆောင်ဟာ ဒေါ်စုကို ထုတ်ပယ်ကြောင်း ကော်မရှင်ကို အကြောင်းကြားခဲ့ပေမဲ့ ဘယ်သူ့မှ မပြောဘဲ ကြိတ်နေခဲ့တယ်။ ဗဟိုဦးစီးအဖွဲ့ဝင် (C.C)တွေကိုတောင် တစုံတရာ မသိစေရဘူး၊ တရားဝင် အသိပေးဖို့တော့ ဝေးရော တဲ့။ ကော်မရှင်က ၁၆.၁၂ . ၉၁ မှာ ကြေညာလိုက်မှဘဲ အကုန်သိပြီး ဆူပွက်ကုန်တာ တဲ့။

တကယ်တော့ C.C က ဗဟိုဦးစီးကို ချပြရမယ်၊ ဦးအောင်ကြီး ကိစ္စတုန်းကလည်း C.C အဆင့် မဲခွဲပြီးမှ ဆုံးဖြတ်တယ်။ အခုတော့ C.C တောင် ချမပြပဲ CEC ကပဲ ဆုံးဖြတ်လိုက်တယ် ဆိုတာ လွန်လွန်းတယ်။ စီအီးစီဟာ တာဝန်မဲ့ လွန်းတယ်လို့ အားလုံးက ယူဆကြတယ်။ C.Cကို ချပြရင် ကန့်ကွက်ချက်တွေနဲ့ တွေ့ပြီး မဲခွဲနေရရင် အဆုံးအဖြတ် မကျမှာကို စိုးရိမ်ပုံရတယ်။ ဒီလို ဆိုတော့ ဒေါ်စုကို ထုတ်ပယ်ဖို့ နှောင့်နှေးမှု ရှိနေမှာကို CEC တွေ စိုးရိမ်နေပုံရတယ်။ ဒါဟာ ရုတ်တရက် ကော်မရှင်က ခေါ်ပြောမှ ဖြစ်လာတဲ့ ပြဿနာ မဟုတ်ဘူး။ အောက်ခြေ မြို့နယ်တွေက အမျိုးမျိုး ကန့်ကွက်နေတဲ့ ကြားက CEC မှာ အချိန် တော်တော်ကြာ ကတည်းက ရှိနေတဲ့ ဒေါ်စု ပြစ်ပယ်ရေး လမ်းစဉ်ပဲ။

ဒါကြောင့် ဒီ ဆုံးဖြတ်ချက်ကို ကျနော်တို့ မြို့နယ်က လက်မခံနိုင်ဘူးလို့ အားလုံး သဘောတူကြတယ်။ ဒါပေမဲ့ ကျနော်တို့မြို့နယ်က CEC ဆုံးဖြတ်ချက်ကို လက်မခံဘူး ဆိုတာ ဗဟိုကို ပြန် မတင်ပြတော့ဘူး။ ဒီလို တင်ပြလောက်အောင် CEC ဟာ မထိုက်တန်တော့ဘူး၊ စိတ်လည်း မချရတော့ဘူး၊ ဒီလို တင်ပြရင် ဗဟို ဆန့်ကျင်တဲ့ မြို့နယ်အဖြစ် အာဏာပိုင်တွေကို အကြောင်းကြားပြီး အရေးယူ ခိုင်းတာမျိုးတောင် လုပ်ချင် လုပ်တော့မှာ။ ဒီကိစ္စကို တပြည်လုံး အတိုင်းအတာ အနေနဲ့ ဘယ်လို တုံ့ပြန် ကြဦးမယ် မသိသေးတော့ တခြားမြို့နယ်တွေနဲ့ အဆက်အသွယ်ရအောင် မြို့နယ်NLD ရုံးကိုတော့ ဆက်ဖွင့်ထားမယ်။ ဒေါ်စုရဲ့ NLD အနေနဲ့ပဲ ဆက်ဖွင့်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဦးအောင်ရွှေ ဦးဆောင်တဲ့ NLD မဟုတ်ဘူးလို့ အားလုံး သဘောတူ ဆုံးဖြတ်ကြပါတယ်။ ဒီလို ဆုံးဖြတ်ရပေမဲ့ စိတ်တော့ မကောင်းကြပါ။ ရွေးကောက်ပွဲကြီး အနိုင်ရအောင် စည်းစည်း ရုံးရုံးနဲ့ သည်းခံပြီး လုပ်ခဲ့ကြလို့ ပြည်သူ လူထု တခဲတနက် ထောက်ခံထားတဲ့ အဖွဲ့ကြီးကို လူတသိုက်ကြောင့် နောက်ခိုင်းလိုက် ကြရမှာကို မလိုလားကြပါ။


“မြို့ နယ် စည်းကော်မတီ ဖျက်သိမ်းခြင်းနှင့်အတူ”

ဒီရက်ပိုင်းအတွင်းမှာ ဖိအားတွေ များလာပါတယ်။ ကျနော်တို့ NLDရုံး ဖွင့်ထားတဲ့ အိမ်ပိုင်ရှင်ကို မြို့နယ် မ၀တ ရုံးက ဆင့်ခေါ်ပြီး ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းပါတယ်။ မိမိ အိမ်ငှားထားသော ပါတီ အနေဖြင့် နိုင်ငံတော်အား ဆန့်ကျင်သောကြောင့် လည်းကောင်း၊ မြေပေါ် မြေအောက် ဆက်သွယ်ခြင်း ဥပဒေ စည်းကမ်း ညွှန်ကြားချက်များနှင့် ငြိစွန်းသောကြောင့် လည်းကောင်း ထိုပါတီ အရေးယူ ခံရလျှင် အိမ်နှင့် အိမ်ပိုင်ရှင်ကိုလည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါသည် ဆိုတဲ့ ခံဝန်ချက်ပါ။ ဒါဟာ န.၀.တ ရဲ့ တဖြေးဖြေး ပို အောက်တန်းကျလာတဲ့ ခြိမ်းခြောက်မှု တခုပါဘဲ။ ဒါပေမဲ့ အိမ်ရှင် လင်မယား ၂ ဦး စလုံးက “သူတို့မကြောက်ပါဘူး လက်မှတ်ထိုးဆိုလဲ ထိုးခဲ့တာပေါ့လို့” ခပ်အေးအေးပဲ ပြောပါတယ်။

နောက် တရက် နှစ်ရက် ကြာတော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က စာတစောင် ၀င်လာပါတယ်။ ဒီစာထဲမှာ NLD က ဒေါ်စုကို အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်ပြီး ဖြစ်လို့ မြို့နယ် စည်းကော်မတီရုံးတွေမှာ ဒေါ်စုနဲ့ ပတ်သက်မှု မရှိစေရန်နှင့် ဒေါ်စု၏ ဓာတ်ပုံ၊ သတင်း ဓာတ်ပုံ၊ ဒေါ်စု၏ မိန့်ခွန်း ကောက်နှုတ်ချက်များ ချိတ်ဆွဲထားခြင်း မပြုရန်၊ လက်ရှိတွင် ထိုသို့ ရှိနေပါက ဖယ်ရှားပြစ်ပါမည်ဟု မြို့နယ် စည်းကော်မတီများ အားလုံးက မြို့ယ်ကော်မရှင်ရုံးတွင် နောက်တနေ့ နေ့လယ် ၁ နာရီမှာ လာရောက် လက်မှတ် ရေးထိုးရမည် လို့ ညွှန်ကြား ထားပါတယ်။

နောက်တနေ့ မနက် ၉ နာရီမှာ မြို့နယ် စည်းကော်မတီ အစည်းအဝေး ကျင်းပကြရပြန်ပါပြီ၊။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် ကပဲ ကျနော်တို့ မြို့နယ်ရုံးဟာ ဒေါ်စုရဲ့ ဦးဆောင်မှုကိုပဲ ခံယူဖို့ ဆုံးဖြတ်ထားတဲ့ အတွက် ဒေါ်စုနဲ့ပတ်သက်တာတွေ မဖယ်ရှားနိုင်ဘူး ဆိုတာ ကြိုတင် ဆွေးနွေးခဲ့ပြီးသားပါ။ ဒီလိုမဖယ်ရှားရင် ရုံးကို အရေးယူတာထက် အိမ်ရှင်တွေကို ဖိအားပေး အရေးယူလာနိုင်တယ်။ ကျနော်တို့ စည်းကော်မတီဝင်တွေ အနေနဲ့ ဗဟိုကို အာခံတဲ့အတွက် အရေးယူခံရနိုင်တယ်။ အခုဟာက ဗဟို အလုပ်အမှုဆောင်ဟာ န၀တနဲ့ နီးစပ်သွားတဲ့သဘော ရှိနေတယ်။ သူတို့ကို ဆန့်ကျင်တဲ့ မြို့နယ် တွေကို သူတို့ ခလုပ်နှိပ်လိုက်ရင် အရေးယူ ခံရနိုင်တဲ့ အနေအထား။ စည်းကော်မတီဝင်တွေ အနေနဲ့ အရေးယူခံရမှာကို မမှုကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ဖက်ကိုတော့ ထည့်စဉ်းစားဖို့ လိုမယ်လို့ ဆွေးနွေး ကြပါတယ်။

တချို့လဲ ဒီလောက် ဖောက်ပြန်တဲ့ CEC တွေနဲ့ မဆက်ဆံချင်တော့ဘူး အဖွဲ့က ထွက်မယ် ဒီလို ထွက်ရင်လဲ ကြောက်လို့ ရှောင်တာလို့ ထင်ကြမယ်၊ တချို့ကလည်း စည်းကော်မတီကို ဖျက်မယ် တချို့ကလဲ စည်းကော်မတီ မဖျက်ဘဲ ရုံးကိုပဲ ပိတ်ထားရင်ကော၊ အမျိုးမျိုး ဆွေးနွေး ကြတယ်။ ဆွေးနွေးရင်း မထိန်းနိုင်ကြပဲ မျက်ရည်ကျသူတွေ ရှိသလို ကြမ်းကြမ်း တမ်းတမ်း ရေရွတ် ဆဲဆိုသူတွေ ရှိလာတယ်။

နေ့စဉ် ဆက်ဆံလာတာ ၂နှစ်လောက် ရှိနေပြီး တက်တက် ကြွကြွ လုပ်နေကြတဲ့ လူငယ်တွေ ဒီလို ၀မ်းပမ်းတနည်း ဖြစ်နေတာ ကြားတော့ တဖက်ခန်းက အိမ်ရှင်က ကူးလာပြီး “ ကျနော်တို့ အတွက်တော့ မငဲ့ပါနဲ့ ဖြစ်ချင်တာဖြစ် အတူတူပေါ့” လို့ ပြောပါတယ်။

အမျိုးမျိုး ဆွေးနွေးကြရင်း ကော်မရှင်မှာ လက်မှတ် သွားထိုးရမယ့် အချိန်ကလည်း နီးကပ်လာပါပြီ။ ဖုတ်ပူမီးတိုက် လက်မှတ်ထိုးရမယ့်အတွက် လူငယ်တွေက ဗြုန်းခနဲ မခံချင် ဖြစ်လာပုံရပါတယ်။ လက်မှတ် မထိုးဘူး၊ လက်မှတ်မထိုးဘူးလို့ အော်ကြပြန်တယ်။ သွေးဆူပြီး ဒေါသတွေ ဖြစ်လာကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သွေးဆူလာပါတယ်။ ကော်မရှင်ကို တဖွဲ့လုံး လက်မှတ် သွားထိုးရမယ့် ကိစ္စကြီးဟာ အလွန် ရှက်စရာ ကောင်းပါတယ်။ ဘယ်လို ရှောင်မလဲ။ လက်မှတ် မထိုးဘဲ ဘယ်လို နေမလဲ။ ဒေါ်စု ဖွဲ့ခဲ့တဲ့ NLDကတော့ မထွက်နိုင်ဘူး၊ မထွက်ချင်ဘူး ဒေါ်စုကိုလည်း ဘယ်သူမှ ထုတ်ပိုင်ခွင့် မရှိဘူး၊ ထုတ်ပြန်တော့လည်း အများ ဆန္ဒ မခံယူဘဲ လုပ်တဲ့ CEC ကိုသာ ဆန့်ကျင်တာမို့ ကျန်တဲ့ CC တွေက ရှေ့ ဘယ်လို ခြေလှမ်း လှမ်းကြဦးမယ် ဆိုတာ မသိရသေးတော့ မြို့နယ် ကော်မရှင်မှာ လက်မှတ် မထိုးရအောင်သာ ဘယ်လို ရှောင်တိမ်းရမယ် ဆိုတာ စဉ်းစားတယ်။ နောက်ဆုံးတော့ မြို့နယ်စည်းကော်မတီရုံးကို ဖျက်သိမ်းလိုက်ဖို့ အများ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။

မြို့နယ် စည်းကော်မတီကို ဖျက်သိမ်းကြောင်းစာကို မြို့နယ် ကော်မရှင်ရုံးကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကိုယ်တိုင် သွားပို့ပါတယ်။ ကော်မရှင်က သူ့အဖွဲ့ဝင်တွေကို လူစုံ ဖိတ်ပြီး ကျနော်တို့အဖွဲ့ လက်မှတ်လာအထိုးကို စောင့်နေပါတယ်။ ကျနော်တို့က စည်းကော်မတီ ဖျက်သိမ်းကြောင်း စာကို ပေးလိုက်တော့ “လက်မှတ် ထိုးသွားပါဦး” လို့ ပြောသေးတယ်။ “လက်မှတ် ထိုးစရာ မလိုတော့ဘူး၊ အဲဒီလို အညံ့ခံ လက်မှတ်ထိုးတာ မလုပ်ချင်လို့” ဆိုပြီး ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘ၀တူ ဖြစ်ပြီ”

ကျနော်တို့ မြို့နယ်စည်းကော်မတီ ဖျက်သိမ်းတဲ့ စာကို NLD ကို မိတ္တူ ပေးထားပါတယ်။ (၁၄. ၂. ၉၂ ) နေ့မှာတော့ ကျနော်တို့  မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ၂ဦးကို NLD အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်လိုက်ပြီး NLD လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှပါ ပယ်ဖျက် လိုက်ကြောင်း ထုတ်ပြန် လိုက်ပါတယ်။ အဲဒီနေ့ နေ့စွဲနဲ့ပဲ ကျနော်တို့ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို မိမိဖာသာ ဖျက်သိမ်းပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲကော်မရှင်သို့ လိပ်မူ တင်ပြခြင်းကြောင့် NLD စည်းကမ်းနှင့် အညီ ဆောင်ရွက်ခြင်း မရှိဟု ဆိုကာ ထိုနေ့ အစည်းအဝေး တက်ရောက်သည့် အမှုဆောင် (၁၅) ဦးကိုပါ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ် လိုက်ပါတယ် တဲ့။

ဒီစာထဲက အကြောင်းပြချက် တခုကို ဖတ်ပြီး ကျနော်တို့ ရယ်ကြပါသေးတယ်။ မြို့နယ် စည်းကော်မတီသည် မိမိ ဖာသာ ဖျက်သိမ်းပြီး ဗဟိုသို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တပ်ခြင်းကြောင့် NLD စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိ ဆိုတဲ့ စာသားကြောင့်ပါ။

ဗဟို အလုပ်အမှုဆောင် ကကော ဒေါ်စုကို ထုတ်ပယ်တုန်းက မိမိအဖွဲ့အတွင်း အရင် မကြေညာဘဲ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ကို အရင်အကြောင်းကြားခဲ့တာ မဟုတ်လား။ အဲဒါကကော စည်းကမ်းနဲ့ ညီညွတ် ပါသလား။

ကြေညာချက် (၃/၉၁)မှာ ပြန်ကြည့်ပါ။ (၁၁.၁၂.၉၁) မှာ ဒေါ်စုကို ထုတ်ပစ်တဲ့ CEC အစည်းအဝေး ဆုံးဖြတ်ချက်ကို (၁၂.၁၂. ၉၁) မှာ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြီးမှ (၁၆. ၁၂. ၉၁) မှာမှ အောက်ခြေကို ရှင်းလင်းချက် ထုတ်ခဲ့တာ မဟုတ်လား။ ဒါတောင် ကော်မရှင်က တယ်လီဗေးရှင်း ကနေ (၁၆.၁၂.၉၁) က ကြေညာလိုက်လို့ မဖုံးနိုင် မဖိနိုင် လုပ်ခဲ့ကြတဲ့ သူတို့ကများ ဖက်စိမ်းကတော့ ပြောင်းပြန် လှန်လို့၊ ပုဆိုး မရှိတဲ့သူကများ သူများကို လုံအောင် ထိုင်ဖို့ ပြောနေသေးတော့၊ ရယ်တော့ ရယ်ရသား၊ ရယ်စရာမဟုတ်လို့သာ။

ကျနော်တို့ကို NLDက ထုတ်ပစ်လိုက်တော့ ကျနော်တို့ နည်းနည်းမှ စိတ်မထိခိုက်တော့ပါ။ တို့ခေါင်းဆောင် ဒေါ်စုနဲ့ ခုမှ ဘ၀တူ ဖြစ်သွားတယ်လို့ ရင်ကော့ ထားလိုက်ချင်ပါသေးတယ်။ ဒီအချိန်မှာ ကျနော်တို့ ထိုင်ဦးချသင့်တဲ့သူတဦးရဲ့ သတင်းကို ကြားရပါတယ်။

ဟိုတုံးက တရားဝန်ကြီးချုပ် ဦးသိန်းမောင် (ဖိနပ်ချွတ် ဦးသိန်းမောင်) ရဲ့ညီ ဦးကျော်ကဲ ဆိုသူပါ။ အသက် ၉၀ ကျော် ဦးကျော်ကဲ က သူ့သားရဲ့ သူငယ်ချင်းဖြစ်တဲ့ ၀န်ကြီးဟောင်း ဦးစံဝင်း (NLD ရဲ့ သာယာဝတီ - ၁ လွှတ်တော် ကိုယ်စားလှယ် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ဝင်) ကို တယ်လီဖုန်း ဆက်ပြီး ခေါ်ခိုင်း ပါသတဲ့။ ရောက်လာတော့ ဦးကျော်ကဲက မေးပါသတဲ့။ “မင်းတို့က အောင်ဆန်းစုကြည်ကို အဖွဲ့က ထုတ်ရအောင် ဒီအဖွဲ့က သူဖွဲ့တဲ့ အဖွဲ့လား မင်းတို့ ဖွဲ့တဲ့ အဖွဲ့လား တဲ့။ ဦးစံဝင်း ခမျာ ဘာမှ မပြောနိုင်ဘဲ ပြန်သွားရပါသတဲ့။ ကြားရတဲ့ သတင်း မှန်မမှန်၊ တကယ် မေး- မမေးတော့ မသိပါ။

ဒီလို မေးချင်တဲ့ လူကတော့ များမှာ သေချာပါတယ်၊ ဒါဟာ အများရဲ့  ဆန္ဒပါ။ ။
http://moemaka.com/index.php?option=com_content&task=view&id=6094&Itemid=1

NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်

NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်

1998 Generation Students Criticize On Main Opposition Party Pay Respect To Junta

တင်ကျော်ကျော်စိုး

၁၉၉၈ ခုနှစ်က NLD ပါတီ၏ ရက်ပေါင်း ၆၀ တွင်း လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံ သော အားဖြင့် လှည်းတန်းလမ်းဆုံတွင် ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သော ကျောင်းသား ဟောင်းများက ယခုလက်ရှိအခြေအနေတွင် NLD ပါတီမှ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်မည်ဆိုသော မှန်းဆချက်များအပေါ် ဝေဖန်လိုက်သည်။

၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် ကိုကျော်လင်းဦးက “ NLD က ၉၀ ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ၉၈ မှာလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ အသေအချာ တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက နအဖက ဒီလို တောင်းဆိုယုံနဲ့ လွှတ်တော်ခေါ်ပေးမှာမဟုတ် ဘူးလို့ ကျနော်တို့က တွက်တယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်အောင် လုပ်ပြီး နအဖ ကိုစိန် ခေါ်တဲ့၊ ဖိအားပေးတဲ့ လှုပ်ရှားမှုကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီလှုပ်ရှားမှုကြောင့် ကျောင်းသားပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ တချို့ဆို ခုထက်ထိ မလွတ်သေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက NLD ကအဖျားရှုး သွားပြီး နောက်ဆုံး CRPP လောက်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။ အခုCRPP ရော၊ ရွှေဂုံတိုင် ကြေငြာချက်ကို ရော ဆုတ်ဖြဲပြီး ရွေးကောက်ပွဲ ပြန်ဝင်ဦးမယ်ဆိုယင်တော့ ကျနေုာ်တို့ ပေးဆပ်ရကျိုးမနပ်ဘူးလို့ပဲ ပြောချင် ပါတယ်။ အဲဒီတုန်းကတည်း ထောင်ကျနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ခုထက်ထိ ထောင်ထဲမှာရှိနေပါ သေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူးဗျာ။´´ ဟု ပြောဆိုခဲ့သည်။

မြန်မာပြည်တွင်းမှာ တရားဝင် ထုတ်ဝေသည့် The Voice ဂျာနယ်တွင် အပတ်စဉ် ဆောင်းပါများ ရေးသား ပြီး လက်ရှိရွေးကောက်ပွဲကို ထောက်ခံသည့် ၉၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေသန်မောင်ကလည်း “ ၀င်မယ် မ၀င်ဘူးကို အခုမှ ဆုံးဖြတ်ပြီး နှစ်ပေါက်အောင် ထိုင်စောင့်နေခဲ့တာဟာ နိုင်ငံရေးပါတီ တစ်ရပ် ရဲ့ သရုပ်မှန်မဟုတ်ဘူး။ အစတုန်းကတော့ ဖွဲ့စည်းပုံကို စိတ်မ၀င်စားဘူး၊ ဖတ်စရာမလိုဘူး၊ ရွှေဂုံတိုင်က လွဲပြီး ဘာမှမလုပ်ဘူးလို့ ပြောထားတဲ့အတွက် ဒီချုပ်ဟာ ရှေ့နောက်စကားညီအောင် မ၀င်ဘဲနေမယ်လို့ မဲဆနရှင်တွေက နားလည်ထားလိမ့်မယ်။ အခုကျမှ ၀င်မယ်လို့ အကြောင်းကြောင်းကြောင့် ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ မြန်မာပြည်သူတွေကို လက်တစ်လုံးခြား တစ်လျှောက်လုံး လိမ်ခဲ့တယ်လို့ပဲ ပြောရမှာပဲ။ ဆိုလို တာက နိုင်ငံရေးသိက္ခာပေါ့ဗျာ။ အခုမှ ပြည်သူ့မျက်နှာထောက်ပြီး လုပ်ရမယ်၊ ၀င်ရမယ်ဆိုတာကိုက ဒီပါတီ ဟာ အတော်ကလေးကို နိုင်ငံရေးမှာ လက်တွေ့ကျကျ မစဉ်းစားတတ်ဘူး၊ ပြောချင်တာတွေ လျှောက်ပြော ပြီး အနားကပ်မှ လုပ်ချင်တာ လုပ်တယ်လို့ပဲ ယူဆစရာရှိတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ဒီပါတီကို ဝေဖန်နေ လည်း တိုင်းပြည်အတွက် ဘာမှ ထူးလာမှာ မဟုတ်တဲ့အတွက်တော့ ဒီထက်ပိုပြီး မဝေဖန်ချင်တော့ပါဘူး။ ပြောချင်တာက အနှစ်(၂၀)ဖြတ်သန်းမှုအရ တော်လှန်ရေးလုပ်ချင်တဲ့ပါတီတွေ အပြင်ထွက်ထိုင်နေတာ ပို ကောင်းမယ်လို့ပဲ ပြောချင်ပါတယ်´´ ဟုပြောဆိုလိုက်သည်။ ကိုနေသန်မောင် မှာ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးသိပ္ပံ နှင့်ရုပ်ရှင်ပညာကို အထူးပြုလေ့လာနေသူဖြစ်သည်။

“NLD ဟာ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအလုပ်တွေကို တလျှောက်လုံး မလုပ်လာဘဲနဲ့ ရွှေဂုံတိုင် ကြေ ငြာစာတမ်းကို တရားသေဆုတ်ကိုင်လိုက်ကတည်းက အတော်ကလေးကို စဉ်းစားဥာဏ်နည်းပါးတဲ့ ပါတီ ဆိုတာ ပြောစရာတောင် မလိုဘူး။´´ ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

နအဖ စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အ တည်ပြုပြီးနောက် ၂၀၁၀ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပပေးမည်ဟု ကြေငြာခဲ့ သည်။ ထိုရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်အတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရမည်၊ နိုင်းငံရေးအကျဉ်းသားအားလုံးကို လွှတ်ရမည် စသည့်တောင်းဆိုချက်များဖြင့် ရွှေဂုံတိုင်ကြေငြာချက်ကို NLD ကထုတ်ပြန်ခဲ့သည်။

“လက်ရှိနိုင်ငံရေးအခြေအနေမှာ ရွေးကောက်ပွဲမှ မ၀င်ယင် ပါတီအဖျက်ခံရမယ်ဆိုတဲ့ စိုးရိမ်ချက် NLD မှာ ရှိနေတယ်ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေရောက်လာတာ သူတို့ အနှစ် ၂၀ အတွင်းမှာ ငုတ်တုတ်ထိုင်နေလို့မဟုတ်ဘူးလား၊ အခုမှ တခြားရွေးစရာမရှိတော့ပါဘူးလို့ အကြောင်းပြ ယင် ကျနော်တော့ လက်မခံဘူးဗျ´´ ဟု ကိုကျော်လင်းဦးက ဆက်ပြောသည်။ ကိုကျော်လင်းဦးက ထိုင်း နိုင်ငံတွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံရေးနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံရေးကို အထူးပြုလေ့လာ နေသူတစ်ဦးဖြစ်သည်။

၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားအများစုမှာ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပြီး အများစုမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ အဆိုပါ ကျောင်းသားများကလည်း ထောင်ထဲတွင် ကျန် နေခဲ့သည့် ကိုမျိုးမင်းဇော်၊ ကိုအေးအောင်၊ ကိုလှိုင်ဝင်းဆွေ၊ စသည့်ကျောင်းသားများ၊ ထောင်ကျခံယင်း အ သက်ဆုံးရှုံးခဲ့ရသည့် ကိုသက်ဝင်းအောင် လိုကျောင်းသားများ၏ မျက်နှာကို NLD အနေဖြင့် ကြည့်သင့် ကြောင်းပြောဆိုသွားသည်။

source

လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အလမ်း စစ်အစိုးရ ဆုံးရှုံးခံဟု ကနေဒါ သုံးသပ်

လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အလမ်း စစ်အစိုးရ ဆုံးရှုံးခံဟု ကနေဒါ သုံးသပ်
22 March 2010
လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အခုအချိန်အထိ ဖြစ်မလာတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးက ပြောပါတယ်။ ပြည်တွင်း ဒီမိုကရေစီ အင်အားစုအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တွေ လုပ်ရမယ်ဆိုတာ သူ့အနေနဲ့ နားလည်ကြောင်းလည်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Ron Hoffmann, Canada ambassador to Myanmar-AP
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး မစ္စတာ ရွန်ဟော့ဖ်မန်း။
ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့တော့ အခုလက်ရှိ ရွေးကောက်ပွဲဥပဒေ အပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်ရတယ်ဆိုတာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒါဟာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှုရှိတယ် ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းတရပ် ဆုံးရှုံးရတာပဲလို့ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်း (Ron Hoffmann) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောဆိုချက်အပေါ် သက်သေပြဖို့ အခွင့်အလမ်းတခုကို ထပ်ပြီး လက်လွတ်ဆုံးရှုံးရပြန်ပြီလို့ ကျနော်ထင်ပါတယ်။ ဒီအပေါ်မှာ စိုးရိမ်မှုတွေ ရှိလာပေမဲ့လို့ တိုးတက်မှုတွေ ဖြစ်လာဖို့ အချိန်မနှောင်းသေးဘူးလို့ ထင်ပါတယ်။

“ပြည်တွင်းမှာတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်တယ် ဆိုတာကိုတော့ နားလည်ပါတယ်။ အခုလို တိုးတက်မှုတွေ မရှိတဲ့အပေါ် ဖွဲ့စည်းပုံပါ အားနည်းချက်တွေကိုတော့ ကနေဒါအနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထုတ်ဖော်သွားပါမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ပါဝင်၊ မပါဝင် ပြည်တွင်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဆုံးဖြတ်ချက် အပေါ်မှာတော့ ကနေဒါအနေနဲ့ ပြောဖို့ဆိုဖို့ သတိထားပါတယ်။”

ကနေဒါနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအဆင့်မှာ ဦးဆောင်ဦးရွက်ပြု ဆွေးနွေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကုလသမဂ္ဂ မျက်နှာစာမှာလည်း ကနေဒါဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ရှိသလို အခု စက်မှုထိပ်သီး ၈ နိုင်ငံ အဖွဲ့မှာလည်း မြန်မာ့အရေးကို ဦးစားပေးပြီး နိုင်ငံတကာက တညီတည်း အသံထွက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“ကနေဒါနိုင်ငံ အနေနဲ့တော့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ နိုင်ငံတကာမှာ မြန်မာ့အရေးကို တက်တက်ကြွကြွ ပြင်းပြင်းထန်ထန် ပြောဆို ဆောင်ရွက်နေပါတယ်။ ကနေဒါနိုင်ငံဟာ အခုလက်ရှိ G 8 စက်မှုထိပ်သီး ၈ နိုင်ငံအဖွဲ့ရဲ့ သဘာပတိအဖြစ် ဆောင်ရွက်နေပါတယ်။ အဲဒီတော့ G 8 မှာရှိတဲ့ ထိပ်သီးခေါင်းဆောင်အဆင့်၊ နိုင်ငံခြားရေး ၀န်ကြီးအဆင့် စသဖြင့် အစည်းအဝေးတိုင်းကို ကနေဒါက ဦးဆောင်ဦးရွက် ပြုနေရပါတယ်။

“ဒါကြောင့် ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံဟာ အကြောင်းရပ်တခု အနေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ ညီညွတ်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်သွားဖို့ ဆွေးနွေးသွားလိုတယ်ဆိုတာ ကနေဒါအစိုးရဘက်က အခြားနိုင်ငံတွေကို သဘောထား ပြထားပါတယ်။”

လက်ရှိ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အများက လက်ခံယုံကြည်အောင်၊ အားလုံးပါဝင်နိုင်တဲ့ အခြေအနေဖြစ်အောင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ရမယ်လို့လည်း ကနေဒါ သံအမတ်ကြီးက ပြောသွားပါတယ်။

“လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ မြန်မာအစိုးရဘက်က ပိုင်းဖြတ်ဆောင်ရွက်မှု မရှိတာနဲ့ ပတ်သက်လို့ ယေဘုယျအားဖြင့် ကနေဒါနိုင်ငံ အနေနဲ့ စိတ်ပျက်ရပါတယ်။ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်တင် မဟုတ်ဘူး၊ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ လွတ်မြောက်လာဖို့ မျှော်လင့်ထားတယ် ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ။ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ဖို့ဆိုရင် ဒီအချက်က အခရာ ကျပါတယ်။ အခုတော့ ဒီအခြေအနေကို ဘာမှ မတွေ့ရသေးပါဘူး။”

တဘက်မှာတော့ မြန်မာစစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ အနေနဲ့ အားနည်းချက်တွေ ရှိနေတဲ့ ရွေးကောက်ပွဲကို ၀င်မလား၊ သပိတ်မှောက်မလား ဆိုတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရမယ်ဆိုတာ သူနားလည်တယ်လို့ ပြောပါတယ်။ ကနေဒါနိုင်ငံ အနေနဲ့တော့ မြန်မာပြည်သူလူထုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ သူတို့အနေနဲ့ ရှေ့ဆက် ဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်သွားမယ်လို့ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်းက ပြောဆိုသွားပါတယ်။
http://www.voanews.com/burmese/2010-03-22-voa3.cfm

သန့်ရှင်း - တည်မြဲ ကွဲဖို့မလိုပါ

သန့်ရှင်း - တည်မြဲ ကွဲဖို့မလိုပါ


ကျနော်တို့ မမွေးခင် ၁၉၅၈-ခုနှစ် ဖ-ဆ-ပ-လကြီး ကွဲတုန်းက၊ အဖွဲ့ချုပ်ကြီး သန့်ရှင်းဖို့ လိုသည်ဟု ခံယူသော-နုတင်နှင့်၊ ဘာဘဲဖြစ်ဖြစ် အဖွဲ့ချုပ်ကြီး တည်မြဲရေးသည် အရေးကြီးဆုံးဟု ခံယူသော ဆွေငြိမ်းအုပ်စုများ အာဏာပြိုင်ကြတာ ဖြစ်သည်ဟု လေ့လာ မှတ်သားခဲ့ရပါသည်။

အခုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးတွင်၊ အဖွဲ့ချုပ်၏ လိပ်ပြာ၊ သိက္ခာ၊ သန့်ရှင်းဖို့က အဓိကဟူသော အယူအဆနှင့် အဖွဲ့ချုပ် တည်မြဲဖို့အရေးကြီးသည် ဟူသော အယူအဆ၊ နှစ်မျိုး ကွဲနေတာကို မြင်နေကြားနေရပါသည်။ ထူးဆန်းစွာ တိုက်ဆိုင်နေသည်က တည်မြဲဘို့လို သည်ဟု ယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း ဖြစ်နေခြင်း ဖြစ်ပါသည်။

စစ်အစိုးရက၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်လိုက်သောအခါ၊ မထင်ခဲ့တာတွေ ဖြစ်လာပါသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ ထွက်လာရင်၊ ရွေးကောက်ပွဲ ဝင်မဝင် စဉ်းစားမည်ဟု ဆိုခဲ့သည်။

အခု မှတ်ပုံတင်ခြင်း ဥပဒေ တကယ်ထွက်လာတော့ ပါတီ ဆက်ရှိမည်၊ မရှိမည်ကိုပင် မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေတွေ နည်းဥပဒေတွေအရ ပါတီဆက်ပြီး ရပ်တည်လိုလျှင် ထောင်ဒဏ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမည်၊ ပြီးတော့ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တဦးချင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရဦးမည်။ ထို့ပြင် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရဦးမည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကလည်း ရှင်းပါသည်။ ဤဥပဒေသည် ဥပဒေ အင်္ဂါရပ်နှင့် မညီပါ။ မတရားပါ။ ထို့ကြောင့် ကန့်ကွက်ပါမည်။ ထိုကိစ္စများပြီးမှ ပါတီ မှတ်ပုံတင်ဖို့ စဉ်းစားတာပေါ့ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်ကတော့ ဆက်လက် တိုက်သွားမည်။ ထိုကာလအတွင်း မှတ်ပုံ မတင်လိုက်ရလို့အဖွဲ့ချုပ် အလိုအလျောက် ပျက်ချင်လဲ ပျက်ပါစေဟု ဆိုလိုပါသည်။ အဖွဲ့ဝင်ထု၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု ဆိုခြင်းမှာလဲ ဒီမိုကရေစီ ခေါင်းဆောင်၏ အင်္ဂါရပ်ကို ဖော်ပြခြင်း ဖြစ်သည်။

အဖွဲ့ဝင်ထုက သူ့ကို ဘေးခနဖယ်ထားပြီး ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်မှတော့၊ ထိုအဖွဲ့အစည်း အတွင်းတည်းမှာ တွယ်ကပ်နေပါရ စေဆိုလျှင် ခေါင်းဆောင် ပီသပါ့မလား။

တည်မြဲအုပ်စုကတော့ ဒီလို မစဉ်းစားပါ။ ကောက်ကွေးသော ယုတ္တိကို သုံးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေအတိုင်း ဆက်လက် တိုက်ပွဲဝင်ဘို့၊ တရားဝင် အဖွဲ့အစည်း လိုသည်။ အဖွဲ့အစည်းကို တရားဝင် မှတ်ပုံတင်ဘို့ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ထဲက ထုတ်သင့်လျှင် ထုတ်ရမည်တဲ့။

မှတ်ပုံတင်ဘို ၊့ ၁၉၉၃ ခုနှစ်ကတည်းက လက်မခံနိုင်ပါဟု ဆိုခဲ့သော၊ အခုလည်း လက်မခံဟု ကန့်ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို ‘ထိန်းသိမ်းစောင့်ရှောက်’ ပါမည်ဟု ဝန်ခံလက်မှတ်ထိုးမည်၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းသည် လက်ခံခြင်း၊ လိုက်နာခြင်း မဟုတ်ပါတဲ့။ ဘယ်လို စဉ်း စားကြသလဲ မသိပါ။ နောက်ပြီး ဆိုပါသေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံး စွန့်လွှတ် အနစ်နာခံပြီး အ ဖွဲ့ချုပ်အတွက် လုပ်ကိုင်ခဲ့ကြသူများအတွက် အဖွဲ့ဆက်ရှိရမည်တဲ့။ ထိုအဖွဲ့ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပါလို့တောင်းဆိုဘူးခဲ့ပါလဲ။

ခေါင်းဆောင်တယောက်က ဆိုပြန်ပါသည်။ ၁၉၉၁ ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် တည်မြဲရေးအတွက် ထုတ်ပစ်ခဲ့ဘူးပါသည်။ ၁၉၉၅ ခုနှစ် ပြန်လွတ်တော့လည်း ခေါင်းဆောင်မှု ပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊ ထိုစဉ်က ထုတ်ပစ်တုန်းက အခြေအနေက တမျိုးပါ။ ရွေးကောက်ပွဲပြီးလို့တနှစ်သာ ရှိသေးသည်။ ရလာဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည်လဲ မသိသေး၊ အဖွဲ့ချုပ်ကို အဖျက်ခံရခြင်းသည်၊ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သည်နှင့် အတူတူ ဖြစ်နေသည်။ ပြီးတော့ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် နောက်ထပ် အဖွဲ့စည်းတခုကို ဖွဲ့ဖို့ နေနေသာသာ ရှိသည့် ပါတီတွေကို အတင်းဖျက်ပစ်နေသည့်အချိန် ဖြစ်သည်။ ထိုအချက်များ အားလုံးကို ချိန်ဆပြီး ဦးတင်ဦး၊ ဦးဝင်းတင်စသည့် ခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထုတ်လိုက်ရသည်။

ခုအခြေအနေက လုံးဝ ခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာ အနှစ်နှစ်ဆယ် ရှိတော့မည်။ ရွေးကောက်ပွဲ ရလာဒ်ကို ပူပူနွေးနွေး ဖျက်ပစ်လိုက်ပြီးပြီ။ ပြီးတော့၊ ထို‘ပြီးတော့’ နောက်တခုသည် အရေးကြီးပါသည်။ ပြီးတော့ အခုအချိန်တွင် အဖွဲ့ချုပ်ကို အစိုးရက ဖျက်သိမ်းလိုက်ပါကလည်း အဖွဲ့ဝင်များသည် မိမိကြိုက်ရာ ပါတီဖွဲ့ရန် အချိန်ရှိသေးသည်။

ထို့ကြောင့် တရားဝင် ရပ်တည်မှုကို လိုချင်ပါသည်ဟု ဆိုသူများ အဖွဲ့ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့် နုတ်ထွက်လိုက်ပြီး၊ တူရာတူရာ၊ သန်ရာသန်ရာ ပူးပေါင်းပြီး ကိုယ့်ပါတီကိုယ် ထောင်ကြပါ။ ပြီးတော့ ပါတီနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လက်သစ် တို့ဘာတို့ ခပ်ဆင်ဆင်တပ်ပြီး ရွေးကောက်ပွဲ ဝင်ရင်လဲဝင်ပါ။ မြန်မာပြည်မှာ ရှိနေတဲ့ သံရုံး ဝန်ထမ်းတွေကလည်း ထောက်ခံကြပါလိမ့်မယ်။ စစ်အစိုးရကလည်း ခွင့်ပြုမှာပါ။ ကူတောင် ကူညီလိမ့်ဦးမည်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ် အစစ်ကို မဝေဖန်ဘဲ နေမယ်ဆိုရင် ကွဲတယ်ပြဲတယ်ဆိုတဲ့ ပြဿနာကို တစိတ်တစ်ပိုင်း ကာကွယ်နိုင်ပါလိမ့်မည်။ ပြည်သူကိုတော့ လှည့်ဖြားလို့ ရမှာ မဟုတ်ပါ ။သို့သော် သမိုင်းမှာတော့ ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့တွင်မှာ မဟုတ်ဘူးလို့ထင်ပါသည်။

ဖ-ဆ-ပ-လကြီး ကွဲခဲ့၍ ဦးနေဝင်းနှင့် စစ်ဗိုလ်ချုပ်များက အာဏာအရသာ တွေ့ခဲ့ကြရသည်။ နောက်တော့ ရာစုနှစ်တဝက်ကျော် နိုင်ငံဒုက္ခရောက်ရသည်။ အခု NLD ကွဲလျှင်တော့ ဘယ်တော့ မှ စစ်ကျွန်ဘဝက လွတ်မည်ကို မသိနိုင်တော့ပါ။ အဖွဲ့ချုပ်၏သမိုင်း သန့်ရှင်းစွာ ကျန်ရစ်ပါစေ ...။
http://www.mizzimaburmese.com/edop/songpa/5079-2010-03-21-05-51-02.html

အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ

အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ


htut


အခုလ ၂၉ ရက်နေ့ဆိုရင် ရန်ကုန် ရွှေဂုံတိုင်ဌာနချုပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို ကော်မတီဝင်များ တွေ့ဆုံပြီး သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်တယ်။ မီဒီယာတွေမှာ ပါနေပြီးဖြစ်တဲ့အတိုင်း ဗဟိုအလုပ်အမူဆောင်တွေကြားမှာ “ပါတီမှတ်ပုံတင်ရေး” နဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ကွဲလို့။ “မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်” တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့မယ်လို့ ပါတီက ဆုံးဖြတ်ခဲ့ရင် ပါတီကနေ ထွက်တော့မယ်လို့ ဦးဝင်တင်က ပြောတယ်ဆိုတာလည်း သတင်းဌာနတွေမှာ ကြားနေရတယ်။

အဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ မှတ်ပုံတင်မယ့်ဘက်က မှန်တယ်၊ မှတ်ပုံမတင်မယ့်ဘက်က မှန်တယ်ဆိုပြီး တဖက်ကို လိုက်ကြမယ်ဆိုရင်ဖြင့် လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အမြင်တွေ ရှိတာဖြစ်လို့ ပါတီဟာ နှစ်ခြမ်းကွဲရတော့မယ့် အခြေအနေကို ဦးတည်နေတယ်။

တကယ့်အဖြစ်မှန်ကလည်း မှတ်ပုံတင်တာ မှန်တယ်၊ မှားတယ်ဆိုရုံနဲ့ မှန်ကန်တဲ့ ဖြေရှင်းချက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ တကယ့်အဖြစ်မှန်က ကတ္တီပါပိတ်သားစ တခုလို နူးညံ့သိမ်မွေ့လွန်းလှတယ်။ တပြိုင်တည်းမှာပဲ စစ်အစိုးရက NLD ကို ထောင်ခြောက်ဆင်ထားခဲ့ပြီး ဖြစ်တယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေကိုကြည့်ရင် နအဖဘက်က လူပါးဝလွန်းတာကို ရှင်းရှင်းလင်းလင်း မြင်ရပြီဖြစ်တယ်။ (ဥပမာတခုကို တင်ပြရရင်တောင်၊) မှတ်ပုံတင်မယ့် ပါတီကျတော့ ကျပ် ၃ သိန်းပဲ ကော်မရှင်မှာ တင်ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းကျတော့ ကျပ် ၅ သိန်း တင်ရမယ်။ နအဖဘက်က ကိုယ်စားလှယ်တွေက အစိုးရစရိတ်နဲ့ မလှိမ့်တပတ် တင်ကြမှာ အသေအချာပဲ။ စစ်အစိုးရ အထောက်အပံ့မရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ငွေကုန်ကြေးကျ အလွန်များလိမ့်မယ်။

ဒီကနေ့ NLD ရဲ့ အခြေအနေဟာ မိုင်းထောင်ထားတဲ့ စစ်မြေပြင်တခုကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ ခြေချော်နင်းမိတာနဲ့ မိုင်းထိပြီး အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရတော့မှာဖြစ်တယ်။

အခက်အခဲ၊ အကျပ်အတည်းကြားက ဖောက်ထွက်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရာက မကြာသေးခင်က ဦးဝင်းတင် ပြောခဲ့သလိုပဲ “သွေးစည်းညီညွတ်ရေးလက်နက်” ကို သုံးရမှာဖြစ်တယ်။ အနှစ် ၂ဝ ကျော် ပါတီဝင်တွေကြားမှာ ကျောချင်းကပ်၊ နှလုံးသားချင်း နီးစပ်ခဲ့ကြတဲ့ အစဉ်အလာကို ဒီနေ့ ဆက်လက်စောင့်ထိန်းပြီး မှတ်ကျောက်တင်ရတော့မှာ ဖြစ်တယ်။

- ၂ဝဝ၈ ဖွဲ့စည်းပုံအကြမ်းကို ရွေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံကို တက်ခဲ့သူ ကိုယ်စားလှယ်အများစုဟာ လက်ညှိးထောင်ခေါင်းညိတ် နအဖလူတွေပဲ။ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ဒီမိုကရေစီနည်းလမ်း မကျဘူး။ ဖွဲ့စည်းပုံကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲမှာ စစ်အစိုးရက တိုင်းသိကမ္ဘာသိ မဲခိုးမဲလိမ်ခဲ့တယ်၊ ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနည်းလမ်း (လုံးဝ) မကျဘူး။
ဒီအချက်တွေကြောင့် NLD ပါတီ မှတ်ပုံမတင်သင့်ဘူး၊ ရွေးကောက်ပွဲ မဝင်သင့်ဘူး။
ဟုတ်ပြီ၊ ပါတီမှတ်ပုံမတင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ရွေးကောက်ပွဲကို ဖျက်မှာလား..၊ လူထုကြားမှာ ဘယ်လောက် ပြင်ဆင်ထားသလဲ၊ ဖျက်နိုင်တဲ့အင်အား ရှိလား။ ပါတီ မြေအောက်သွားမှာလား၊ မြေအောက်ကနေ ဆက်တိုက်မှာလား၊ တောင်အာဖရိက ANC လို လက်နက်ကိုင် တော်လှန်ရေးနဲ့ မြေအောက်တော်လှန်ရေး တပြိုင်နက်တည်း လုပ်မှာလား။ ပါတီခေါင်းဆောင်တွေ တောခိုမလား။ ဒီမေးခွန်းတွေကို အဖွဲ့ဝင်တွေ သေချာဖြေကြည့်ဖို့ လိုတယ်။ ယောင်ဝါးဝါးလုပ်လို့တော့ မရဘူး။
ဒါဖြင့် ဦးအောင်ရွှေတို့ ပြောသလို ပါတီမှတ်ပုံတင်ပြီဆိုပါစို့။ မှတ်ပုံတင်ပြီးရင် လိုအပ်ချက်အရ (၃ နေရာ) သာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ ပါတီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ဝင်မှာလား။ နိုင်မယ်လို့ ထင်လား။ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ NLD က ၇၅ % ရှိရာမှာ ၅ဝ % အထက်တော့ ရနိုင်သေးတယ်လို့ မျှော်လင့်ကြည့်လို့ ရတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကလည်း ဒါကို တွက်ထားပြီးသား၊ သူ့ကိုယ်သူ မယုံကြည်ဘူး။ မယုံကြည်တော့ အစီအမံတွေ လုပ်ထားမယ်ဆိုတာလည်း အသေအချာပဲ။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ လာမယ့် ရွေးကောက်ပွဲဟာလည်း ၂ဝဝ၈ က ဆန္ဒခံယူပွဲလိုပဲ ညစ်ပတ်လိမ်ညာပြီး သူတို့ပါတီတွေပဲ မဲရအောင် စစ်တပ်က လုပ်မှာပဲ။ ဒီရွေးကောက်ပွဲက မျက်လှည့်ပွဲနဲ့ မခြားဘူး။

ဒါ့အပြင် ပါတီမှတ်ပုံတင်လိုက်ပေမယ့်လည်း အကျဉ်းကျနေသူတွေ ပါတီဝင်ဖြစ်ခွင့်မရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ ပါနေတော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေအရ တနည်းမဟုတ်တနည်းနဲ့ နအဖက ညစ်ပြီး အချိန်မရွေး ပါတီကို ဖျက်လိုက်နိုင်သေးတဲ့ အန္တရာယ်လည်း ရှိနေသေးတယ်ဆိုတာ ကြိုတွက်ထားဖို့ လိုတယ်။

ဒီအခြေအနေတွေအောက်မှာ ဘယ်လမ်းကိုရွေးရွေး NLD အတွက် အကောင်းဆုံးဆိုတာ မရှိဘူး။ အဆိုးဆုံး အခြေအနေ မဖြစ်အောင်ပဲ လုပ်ရတော့မယ့် အနေအထား ဖြစ်တယ်။
ကော်မရှင်မှာ မှတ်ပုံမတင်ရင် ပါတီက အလိုအလျောက် မြေအောက်ရောက်မယ်။

နောင်လာနောက်သားတွေ အတွက်တော့ NLD ဟာ ထွေးပြီးသား တံတွေးကို ပြန်မျိုမချခဲ့ဘူး၊ ရွှေဂုံတိုင်ကြေညာချက်ကို ကာကွယ်ခဲ့တယ်၊ ၉ဝ ရွေးကောက်ပွဲရလဒ်ကို စောင့်ထိန်းခဲ့တယ်၊ အသက်သေချင် သေသွားပစေ၊ မူပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်သွားတယ်ဆိုတာတော့ ကျန်ခဲ့မယ်။ သမိုင်းလှမယ်။ ရလဒ်အနေနဲ့တော့ နအဖ ဥပဒေအရ တရားမဝင်တော့တဲ့ ပါတီတရပ်အနေနဲ့ NLD နာမည်နဲ့ လှုပ်ရှားခွင့်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်မယ်။

ဦးအောင်ရွှေတို့ သဘောအတိုင်း မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲမှာ အမတ်နေရာ ၃ နေရာပဲ အဖြစ်သဘော ဝင်ပြိုင်မယ်ဆိုရင်တောင် တရားဝင်ပါတီအဖြစ် ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပဲ။ ဒေါ်စုနဲ့ အခြားအဖွဲ့ဝင်တွေ ပြန်လွတ်လာရင် ရှိပြီးသား တာဝန်တွေအတိုင်း ပြန်တာဝန်ယူနိုင်ဦးမယ်ဆိုတဲ့ သဘောပဲ။ ဘယ်သူ တရားတယ်၊ ဘယ်သူ မတရားဘူး၊ ဘယ်သူ ညစ်ပတ်တယ်၊ ဘယ်သူ မညစ်ပတ်ဘူး ဆိုတာတော့ ကလေးက အစ၊ ခွေးက အစ၊ ကမ္ဘာကြီး အဆုံး သိနေတော့၊ အထူးပြောနေစရာတော့ မလိုပါဘူး။

အနှစ် ၂ဝ အတွင်းမှာ NLD ဟာ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ ပြည်တွင်းပြည်ပ အင်အားစု ဘယ်သူမှ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ သူပြတ်ကိုယ်ပြတ် တိုက်ပွဲမှာ သူမပြတ်ဘဲ ကိုယ်ပြတ်တာမျိုးကတော့ သမိုင်းလှမှာ မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

ဦးအောင်ရွှေတို့၊ ဦးခင်မောင်ဆွေတို့ကလည်း ပါတီကို ချစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာ အကြောင်းမရှိဘူး။ ဦးဝင်းတင်တို့၊ ဦးဥာဏ်ဝင်းတို့ ပါတီကို ချစ်တယ်ဆိုတာလည်း လက်မောင်းသွေးဖောက် သောက်ပြစရာကို မလိုဘူး။

Yes ပဲဖြစ်ဖြစ်၊ No ပဲဖြစ်ဖြစ် ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူနဲ့ လုပ်လို့ မရဘူး။ လာမယ့် ၂၉ ရက်နေ့မှာလုပ်မယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ Yes ဆိုတဲ့ ပါတီမှတ်ပုံတင်ချင်တဲ့ လူတွေကလည်း သူတို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ အနာဂတ်စီမံကိန်း၊ ရေရှည်ရေတို လုပ်ငန်းစဉ်တွေကို အစည်းအဝေးမှာ တင်ပြပြီး အဆိုတင်သွင်းသင့်တယ်။

No ဆိုတဲ့ ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဦးဝင်တင်တို့ကလည်း သူတို့ရဲ့ အနာဂတ်ဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ရေတိုရေရှည် စီမံကိန်းတွေကို အစည်းအဝေးမှာ အဆိုတင်သွင်းသင့်တယ်။ ညီညွတ်ရေးကို ရှေ့တန်းတင် ဆွေးနွေးသင့်တယ်။ ဖြစ်နိုင်ရင် မဲပေးတာမျိုးမဟုတ်ဘဲ၊ ညှိနိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်သင့်တယ်၊ မဲပေးရမယ်ဆိုရင်လည်း ညီညွတ်ရေးကို ရှေးရှုခြင်းအားဖြင့် မိထ္ထိလာ NLD က အဆိုပြုထားသလို ဗြောင်မဲ မပေးသင့်ဘူး။ လျှို့ဝှက်မဲပဲ ပေးသင့်တယ်။ ပြီးရင် ဒီမိုကရေစီပါတီ ဖြစ်တဲ့အတွက် ဦးတင်ဦး သဘောထားသလို အများသဘောအတိုင်း ပါတီနောက်ကို လိုက်သင့်တယ်။ ပါတီက နုတ်ထွက်တာမျိုး မလုပ်သင့်ဘူး။

ဒီကနေ့ အခြေအနေဟာ NLD အတွက် ဆိုးရွားတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ အဆိုးဆုံးတော့ မဟုတ်သေးဘူး။ ၂၉ ရက်နေ့ အစည်းအဝေးမှာ သဘောထား နှစ်မျိုးကွဲပြီး ခေါင်းဆောင်တွေနဲ့ နောက်လိုက် အဖွဲ့ဝင်တွေ နှစ်ခြမ်းကွဲရင်တော့ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ရမှာဖြစ်တယ်။

မှတ်ပုံမတင်ဖို့ဘဲဖြစ်ဖြစ်၊ တင်ဖို့ပဲဖြစ်ဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သင့်တယ်။ တညီတညွတ်တည်း ရင်ဆိုင်သင့်တယ်။ တညီတညွတ်တည်း ဖြတ်သန်းသင့်တယ်။ ပါတီနဲ့အတူ တိုက်ပွဲကို ခရီးဆက်သင့်တယ်။
http://www.mizzimaburmese.com/edop/songpa/5084-2010-03-22-11-24-35.html

ရခိုင်အမျိုးသားသတင်းစာမတ်လ ၂ဝ၁ဝ ခုနှစ် အတွဲ (၄) အမှတ် ( ၃ )

http://ifile.it/sikre2jThe Arakan National Newspaper Vol.4 No.3 March 2010 Colour[1]

နအဖ စစ်အစိုးရမှ ချီးမြင့်သော တပ်မဟာ(၇) တိုက်ခိုက်သိမ်းပိုက်မှု ဆုလက်ဆောင် “ချစ်သူမြိုင်စံအိမ်”

နအဖ စစ်အစိုးရမှ ချီးမြင့်သော တပ်မဟာ(၇) တိုက်ခိုက်သိမ်းပိုက်မှု ဆုလက်ဆောင် “ချစ်သူမြိုင်စံအိမ်”

“ချစ်သူမြိုင်စံအိမ်” အနီးကပ်မြင်ကွင်း



ဗိုလ်မှူးမောင်ချစ်သူ မိသားစုဓါတ်ပုံ



“ချစ်သူမြိုင်စံအိမ်” ဘုရားအနေကဇာတင် နှင့် အိမ်သစ်တက် မင်္ဂလာ အစီအစဉ်



“ချစ်သူမြိုင်စံအိမ်” ဘုရားအနေကဇာတင်နှင့် အိမ်သစ်တက် မင်္ဂလာ ဖိတ်ကြားလွှာ



“ချစ်သူမြိုင်စံအိမ်”



ဒီကေဘီအေ တပ်သားပုံ



တပ်မဟာ(၇) တိုက်ပွဲတွင် ဒီကေဘီအေမှသတ်သွားသော ရွာသား ဖါးမော်ကလိုး၏ ကျန်ရစ်သူ ဇနီးမယားနှင့် ကလေးငယ်များ

တပ်မဟာ(၇)တိုက်ပွဲတွင် ဒီကေဘီအေမှသတ်သွားသော ရွာသား ဖါးအယ်ကလိန်း၏ ကျန်ရစ်သူ ဇနီးမယားနှင့်မွေးကင်းစကလေးငယ်




"ချစ်သူမြိုင်စံအိမ်" နှင့်ပါတ်သက်သော ဓါတ်ပုံများကို ပေးပို့ လာသော ဒီကေဘီအေ ၉၉၉ တပ်နှင့် အထူးနီးစပ်သော လူကြီးမင်းအား အထူးကျေးဇူး တင်ရှိပါသည်။

http://thawthikho.blogspot.com/2010/03/blog-post_21.html

ဝါရင့်နိုင်ငံရေးသမားတစ်ဦး၏ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်

ဝါရင့်နိုင်ငံရေးသမားတစ်ဦး၏ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်မှာ အာဏာလွှဲပြောင်းပေးဖို့ ၂၀၀၈ ခုနှစ်ကတည်းက ကြားရတဲ့အသံတွေပါ။ ၂၀၀၈ ခုနှစ်မှာ ၁၄ နှစ်ကျော်ကြာအောင် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံကို အခြေခံမူတည်ပြီး အခု ၂၀၁၀ မှာ ရွေးကောက်ပွဲဥပဒေတွေ၊ ပါတီဖွဲ့စည်းခွင့်ဥပဒေတွေ ထုတ်ပြန်လာပါတယ်။

ဒီဥပဒေတွေအပေါ်မှာ ဝေဖန်ချက်တွေ၊ ထင်မြင်ချက်တွေ၊ ကြိုတင်တွေးခေါ်မှုတွေ၊ ရှုတ်ချကန့်သတ်မှုတွေ အမျိုးမျိုးထွက်ပေါ်လာပါတယ်။ အကောင်းမြင်ဝါဒီများ ရှိသလို၊ အဆိုးမြင်ဝါဒီတွေလည်း ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ခေတ်အဆက်ဆက်ဝေဖန်မှု၊ လေကန်မှုတွေရှိနေခဲ့တာမို့ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ဆိုတာတွေဟာ တကယ်တော့ အဆန်းမဟုတ်တော့ပါဘူး။

ဒီကနေ့ ကန့်ကွက်နေကြတဲ့သူတွေရဲ့ အနှစ်ချုပ်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးလို့ပါဘဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရပြီး ပြည်ပြေးဖြစ်နေကြတဲ့ ဦးစိန်ဝင်းတို့လို ပုဂ္ဂိုလ်မျိုးတွေ၊ လက်ရှိအစိုးရကို တစိုက်မတ်မတ်ဆန့်ကျင်နေပြီး ပြည်ပနိုင်ငံတွေမှာ အခြေချ နေထိုင်သူတွေ နေရာမရလို့ဘဲ ဖြစ်ပါတယ်။

ကဲ…… ဒီတော့ ကျွန်တော်တို့တစ်တွေ အခြေအနေမှန်တွေ ပြန်သုံးသပ်ကြည့်ကြရအောင်၊ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေချည်း နေကြတာမဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် နေထိုင်ပါတယ်။ လူတန်းစားအလွှာအသီးသီးရှိပြီး အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံဝန်ထမ်းဆိုရာမှာ ချမ်းသာတဲ့သူရှိသလို ဆင်းရဲတဲ့သူတွေလဲ ရှိပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မပါတာနဲ့ဘဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ ရွေးကောက်ပွဲဥပဒေတို့ကို တရားမမျှတဘူးလို့ ပြောလို့မရပါဘူး။ ဥပဒေတစ်ခုကို လူပုဂ္ဂိုလ်တစ်ဦးရဲ့ ရပိုင်ခွင့် စံနှုန်းနှင့် တိုင်းတာနေတာ လုံးဝ သဘာဝမကျပါဘူး။

ဥပဒေမှန်သမျှကို စနစ်တကျလေ့လာ၊ ကမ္ဘာ့နိုင်ငံတွေမှာရှိတဲ့ ဥပဒေတွေနဲ့နှိုင်းယှဉ်ကြည့်၊ သေချာပြီ ဆိုတော့မှ ကန့်ကွက်။ ဒါဆိုရင် သဘာဝကျပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မပါတာနဲ့ဘဲ ကန့်ကွက်မယ်၊ ရှုတ်ချမယ်ဆိုရင် ဒါဟာ နည်းလမ်းမကျလှပါဘူး။

တည်ငြိမ်နေတဲ့ မြန်မာ့နိုင်ငံရေးလမ်းကြောင်းဟာ တစ်ဦးတစ်ယောက်ကြောင့် မုန်တိုင်းထန်သွားမယ်ဆိုရင် မသင့်တော်ပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အခြားနိုင်ငံတော်တော်များများနှင့် နှိုင်းယှဉ်ကြည့်လျင် တည်ငြိမ်အေးချမ်းပါတယ်။ အခုရွေးကောက်ပွဲဥပဒေတွေဟာလည်း တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းရေး ရည်မှန်းချက်နဲ့ထုတ်ပြန်ထားခြင်းပါပဲ။

အနာဂတ်နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းရွက်တာကို မကျေနပ်လို့ ကန့်ကွက်တယ် ဆိုရင်လည်း အမြင်ကျဉ်းမြောင်းသူတွေ တပ်မတော်အစိုးရကို ဆန့်ကျင်သူတွေရဲ့ လွဲမှားတဲ့သတင်းအမှား တွေကြောင့်ပဲ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ မကြိုက်သူတွေရှိသလို လက်ရှိမြန်မာနိုင်ငံရေး ရေချိန်နဲ့ သမိုင်းကြောင်းအရ တပ်မတော်က နိုင်ငံအရေးအရာတွေမှာ အချိန်ကာလတစ်ခုအထိ ပါဝင်နေလိမ့်အုံးမယ်ဆိုတာ လက်ခံသူတွေလဲ အများကြီးရှိပါတယ်။ နိုင်ငံနှင့်လူမျိုးရဲ့ ရေရှည်အကျိုးစီးပွားကို ရှုမြင်ကြည့်ပါ။ လူသားဆိုတာ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲနေတာမို့ တပ်မတော်သားဆိုတာလည်း ပြည်သူတွေကြားက မျိုးဆက်အလိုက် ပေါက်ဖွားလာသူတွေပါ။ တရားသဘောနဲ့ကြည့်ရင် လူသက်တမ်းဟာ နှစ် ၁၀၀ ပဲ ရှိပါတယ်။

အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဘယ်သူဘယ်ဝါ ပါနေလို့ ၊ ဘယ်သူဘယ်ဝါမပါဘဲ ကျန်နေလို့ဆိုတဲ့ အတွေးမျိုးနဲ့ မဖျက်ဆီးပစ်ပါနဲ့။ တရားဥပဒေနဲ့ ညီညွှတ်တဲ့သူတွေ ပါဝင်ထမ်းဆောင်ပြီး ဥပဒေနဲ့ မညီညွှတ်တဲ့သူတွေ ဘေးဖယ်နေကျခြင်းဟာ တရားမျှတပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ရည်မှန်းပြီး နိုင်ငံရေးပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကျတဲ့ တခြားသော ပြည်သူများရဲ့ ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်။

phado aungthein ပေးပို့ပါသည်။

FDB's Suggestion Letter to NLD_Mar 21,2010

http://ifile.it/kfdhq84FDB Suggestion Letter to NLD 21-3-10

(မဃတ+၈၈+ဗကသ)မှဘန်ကီမွန်းထံပေးစာ

http://ifile.it/hz8wafcJoint Open Letter

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၂)






ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၂)

(Choosing Right Path and Real Politics)

နအဖက ဘာ့ကြောင့် ရွေးကောက်ပွဲ လုပ်ပေးတာလဲ။ အာဏာကို သူတို့ဘဲ ဆက်လက် ချုပ်ကိုင်သွားမဲ့အတူတူ ဘာ့ကြောင့် အလုပ်ရှုပ်ခံပြီး ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေပါသလဲ။

အရပ်သားတွေကို ဇယားအရှုပ်ခံပြီး အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းထဲမှာ ပါဝင်လာစေတဲ့ (၉၁)ဌာန ကိုလိုအုပ်ချုပ်ရေးလို ရွေးကောက်ပွဲမျိုး ကျင်းပပေးရခြင်းက အနှစ်နှစ်ဆယ်လုံးလုံး သူတို့မရခဲ့တဲ့၊ ဒီအတိုင်းဆက်သွားရင် နောက်အနှစ် (၂၀၀)ကြာလည်း မရနိုင်တဲ့ တရားဝင်မှု(Legitimacy)ကို လိုချင်တဲ့အတွက်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အာဏာနှင့် ငွေတွေ အလျှံပယ်ရှိနေတဲ့ ဗိုလ်ချုပ်တွေအဖို့ ဒေသဆိုင်ရာ အိမ်ကျယ်ဘ၀က တစ်ဆင့်တက်ပြီး နိုင်ငံတကာမှာ တွင်ကျယ်နိုင်ဖို့က လူရိုသေ၊ ရှင်ရိုသေ တရားဝင် အစိုးရဖြစ်ဖို့ လိုအပ်နေပါတယ်။ ဒါကို လူထုကသာ ပေးနိုင်တာမို့ အနှစ်နှစ်ဆယ်ကျော် မျက်ကန်း တစ္ဆေမကြောက် တစ်ကိုယ်ရေ ကောင်းစားရေးအတွက် ထင်ရာစိုင်းနေတဲ့ စစ်ဗိုလ်ချုပ်တွေအဖို့ မလွှဲမရှောင်သာ လူထုရှေ့မှောက် (ဟန်ဆောင်လို့ဘဲဖြစ်ဖြစ်) အဆုံးအဖြတ်ခံဖို့ ဖြစ်လာရတာပါ။

ကောင်းပြီ။ ဒါဆို ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်တွေက လူထုအဆုံးအဖြတ်အတိုင်း နာခံကြတော့မှာလားဆိုရင် ထင်သာထင် မ၀င်ဘူး ကျောင်းအမလို့ ဖြေရပါလိမ့်မယ်။ ဆီးရီးယား၊ အီဂျစ်၊ ကင်ညာ၊ ဇင်္ဘာဘွေ၊ အီရန်၊ အာဖဂန်နစ္စတန်၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေလို အာဏာရှင်နှင့် အာဏာရှင်တစ်ပိုင်းနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ လူထုရဲ့ အဆုံးအဖြတ်မှန်ကို ရယူရေးထက် ရွေးကောက်ပွဲကို မိမိအာဏာ ဆက်လက်တည်တံ့ရေးအတွက် ထင်သလို ခုတုန်းလုပ်ခဲ့တာတွေသာ တွေ့ရပါတယ်။ ရက်စက်တဲ့ အာဏာရှင်တွေအောက်မှာ ပြည်သူတွေရဲ့ မူလ အခွင့်အရေးတွေဟာ ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် အလိုအလျောက် မရောက်လာတတ်ပါဘူး။

နအဖလို အာဏာရှင်မျိုးတွေအတွက် ရွေးကောက်ပွဲဆိုတာ (၁) အမည်ခံ ရွေးကောက်ပွဲ ကျင်းပဖို့ (၂) မဖြစ် ဖြစ်တဲ့နည်းနှင့် အနိုင်ရရှိဖို့သာ ဖြစ်ပါတယ်။ ဖိနှိပ်၊ မဲလိမ်၊ မဲခိုး၊ မဲညစ်တာတွေကို လုပ်တတ်ကြပြီး ပြည်ပက ပြစ်တင်ရှုံ့ချ ကန့်ကွက်မှုတွေဟာ ရက်သတ္တပါတ် အနည်းငယ်က လအနည်းငယ်လောက်သာ ကြာမြင့်တတ်ပါတယ်။ ပြည်တွင်းက မကြေမနပ်သူတွေကိုတော့ တရားဝင် အရွေးကောက်ခံ အစိုးရအဖြစ် ဇွတ်ကြေညာပြီး ပိုလို့တောင် ဖိနှိပ်နိုင်ကြပါတယ်။ နောက်ဆုံးမတော့ ပြည်တွင်း၊ ပြည်ပက အင်အားစုတွေဟာ ဖိနှိပ်မှုတွေ လျော့ပါးလာရေး၊ ဥပဒေတွင်းတိုက်ပွဲ ရင်ဆိုင်ရေး၊ စားဝတ်နေရေး အကြပ်အတည်းတွေ ဖြေရှင်းရေး၊ တိုင်းပြည်ထူထောင်ရေး၊ ဒေသတည်ငြိမ်ရေးတို့အတွက် မတရားတက်လာတဲ့ အစိုးရကိုဘဲ ဦးတည် အဖြေရှာဖို့ ဖြစ်လာရပြန်ပါတယ်။ မုန့်လုံးကို စက္ကူကပ်ပြန်တာ ဖြစ်ပါတယ်။ ဒါကို ခေတ်သစ်အာဏာရှင်တွေ ကောင်းကောင်း သိထားကြပါတယ်။

စစ်အာဏာရှင်တွေဟာ လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အခွင့်အရေးရတိုင်း အစဉ်ခွဲထုတ်ဖို့ ကြိုးစားနေတာ အခုမှ မဟုတ်ပါဘူး။ အနှစ်နှစ်ဆယ်ကျော် ကြာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် NLDသည် ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးဆိုတာကို သိထားတာမို့ အခုလို ပါတီမှတ်ပုံတင်ခြင်း ဥပဒေမျိုးကို တမင်ထုတ်ပြန်ပြီး ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အစီအစဉ်ရှိရှိ ထိုးခွဲလိုက်တာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တစ်ယောက်ကို ထိုးနှက်ဖို့အတွက် ကမ္ဘာမှာ မည်သည့်နိုင်ငံတွင်မှ မရှိသော ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွေကို သိက္ခာကင်းမဲ့စွာ ပြဌာန်းခဲ့ခြင်းအတွက် NLDက ဦးဆောင် ကန့်ကွက်သွားမှာဖြစ်ပါတယ်။ ကန့်ကွက်ဖို့လည်း လိုအပ်ပါတယ်။ အာဏာရှင်တွေ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာကို ပြဖို့ လိုပါတယ်။ သို့သော် ဒီဥပဒေတွေကို ကန့်ကွက်ရင်းနှင့် တစ်ဖက်ကလည်း အဓိကကျတဲ့ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကန့်ကွက်ချက်က တဖြည်းဖြည်းနှင့် နောက်တန်းရောက်သွားတာကိုလည်း သတိမူဖို့ လိုပါတယ်။ ကုလနှင့် နိုင်ငံတကာကလည်း နာဂစ်ဖွဲ့စည်းပုံထက် လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကိုဘဲ ဇောင်းပေး ပြောလာပါပြီ။ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတတ်တဲ့ လက်တွေ့နိုင်ငံရေး(Real Politics) ဖြစ်စဉ်တွေပါ။

၁၉၉၀ရွေးကောက်ပွဲပြီး ဂန္ဒီခမ်းမကြေညာချက်၊ နောက်တစ်ဆင့်လျော့ပြီး အရွေးချယ်ခံ အမတ်များကို ၁/၉၀အရ ဖွဲ့စည်းပုံရေးဆွဲခွင့်ပြုရေး တောင်းဆိုချက်၊ နောက်တစ်ခါ လွှတ်တော်သာခေါ်ပေးပါ၊ De jure အစိုးရအဖြစ် အသိအမှတ်ပြုပေးပါမယ်ဆိုတဲ့ တောင်းဆိုချက်နှင့် နောက်ဆုံး ရွှေဂုံတိုင်ကြေညာချက်အထိ အခြေခံတောင်းဆိုချက်တွေ ရွေ့လျောလာမှုတွေက အရှိတရားတွေပါ။ လက်တွေ့ကျကျ ဆက်စပ် နှိုင်းယှဉ် သင်္ခန်းစာထုတ်နိုင်ကြပါတယ်။

တိုင်းရင်းသားတွေဖက်ကိုလည်း ပြန်ကြည့်ပါ။ လက်နက်ကိုင်တော်လှန်ရေးအားဖြင့်သာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တယ်ကနေပြီး လက်နက်ကိုင်လမ်းစဉ်သည် အဖြေမဟုတ်ဘဲ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးသည်သာ မှန်ကန်တယ်ဆိုတာကို အခြေအနေအရ ပြောင်းလဲတောင်းဆိုရပါတယ်။ တစ်ချိန်က သစ္စာဖေါက်တွေအဖြစ် သတ်မှတ် ရှုံ့ချခံခဲ့ရတဲ့ ငြိမ်းအဖွဲ့တွေကိုလည်း အခု သွေးသောက် မဟာမိတ် ပြန်လုပ်ရပါတယ်။ နိုင်ငံရေးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ကြီး တာမလာဘောဆိုတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြသနာ မဟုတ်သလို၊ NLD၊ စစ်တပ်၊ KNU KIA NMSPစတဲ့ ပါတီအဖွဲ့အစည်း ပြသနာ မဟုတ်ပါဘူး။ လူထုအကျိုးစီးပွါးကို စေတနာမှန်၊ အနစ်နာခံပြီး၊ လက်တွေ့ကျကျ ဘယ်နည်း ဘယ်ပုံ ထမ်းဆောင်နိုင်သလဲက နိုင်ငံရေးလမ်းကြောင်းကို ချမှတ်ပါတယ်။

NLDက ဘယ်လမ်းလိုက်မလဲဆိုတာက မေးခွန်းမှန် မဟုတ်ပါဘူး။ လမ်းကြောင်းမှန်ကို NLD သွား မသွားကသာ မေးခွန်းမှန် ဖြစ်ပါတယ်။ လမ်းကြောင်းမှန်ဆိုတာကို ဘယ်လို သတ်မှတ်မလဲ။ လက်နက်ကိုင် တော်လှန်ရေးမှအပ အခြားမရှိက မနေ့က လမ်းကြောင်းမှန်ပါ။ ယနေ့ လမ်းကြောင်းမှန် မဟုတ်တော့ပါဘူး။ လုပ်နည်းလုပ်ဟန်တွေ၊ လမ်းကြောင်းတွေက အခြေအနေအရ ပြောင်းလဲတတ်သော်လည်း တိုင်းရင်းသားများရဲ့ နိုင်ငံရေး အန္တိမ ရည်မှန်းချက်ဖြစ်သော မိမိအမျိုးသားများ လွတ်မြောက်ရေး ပန်းတိုင်ကတော့ ဘယ်သောအခါမှ မပြောင်းလဲသွားနိုင်ပါဘူး။ ဒီသဘောတရားသည် ငြိမ်းအဖွဲ့တွေ၊ မငြိမ်းအဖွဲ့တွေ၊ အတိုက်အခံအဖွဲ့အားလုံး အပါအ၀င် NLDကိုလည်း သက်ရောက်ပါတယ်။

NLDရဲ့ ယနေ့စိမ်ခေါ်မှုက ပြည်သူလူထုကို အကောင်းဆုံး အလုပ်အကြွေးပြုနိုင်မဲ့ နိုင်ငံရေး လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်မှုလို့ဘဲ ရိုးရိုး ရှင်းရှင်းလေး သတ်မှတ်ပေးကြဖို့ အထူးသဖြင့် ပြည်ပက ခေါင်းဆောင်တွေကို မေတ္တာရပ်လိုပါတယ်။ လမ်းကြောင်းတစ်ခုခုကို မိမိရဲ့ နိုင်ငံရေးယုံကြည်ချက်အပေါ် အခြေခံပြီး ငြင်းခုန်ရွေးချယ်နေကြတဲ့ NLD ခေါင်းဆောင်ပိုင်းမှာ အချောင်သမား တစ်ယောက်မှ မရှိပါဘူး။ ရေနှင့် မီးနှင့် အစမ်းသတ်ခံပြီး မှတ်ကျောက်အတင်ခံတဲ့ ခေါင်းဆောင်တွေပါ။ ပါတီမှတ်ပုံတင် မတင်ကို အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ ခေါင်းဆောင်များကို မိမိအမြင်နှင့် မတူတာကြောင့် လူထုကို သစ္စာဖေါက်တယ်။ လူထုကို စော်ကားတယ်။ စစ်တပ်ကို ဒူးထောက်အညံ့ခံတယ်။ တိုင်းပြည် မျက်နှာ မကြည့်ဖူး။ အချောင်သမားတွေ ဖြစ်တယ်လို့ တာဝန်မဲ့ မစွပ်စွဲခင် အဲဒီပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ နိုင်ငံရေးသိက္ခာ၊ သတ္တိ၊ သမာဓိ၊ သစ္စာတွေကို အရင်မြင်အောင် ကြည့်ပေးစေချင်ပါတယ်။ သူတို့သည် သူတို့ကို ဝေဖန်သူ ခေါင်းဆောင်များနည်းတူ တိုင်းပြည်ကို ချစ်သူ။ သစ္စာရှိသူ၊ သတ္တိရှိသူများ ဖြစ်ကြပါတယ်။ အမြင်မတူတာတွေကို တာဝနှ်ရှိရှိ တာဝန်ခံပြီး ဝေဖန်ကြဖို့ လိုပါတယ်။

အတိုက်အခံတွေဘက်က အခြေအနေ အခွင့်အခါတွေကို ထိရောက်စွာ အသုံးချနိုင်ရင် နအဖက ထုတ်ပြီးသား ဥပဒေတွေကို ပြင်ပေးတာထက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖမ်းခံနိုင်ငံရေး ခေါင်းဆောင်အချို့ကို ပြန်လွှတ်ပေးခြင်းဖြင့် ထွက်ပေါက်ရှာသွားနိုင်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါကလည်း ဖြစ်နိုင်တဲ့ မျှော်လင့်ချက် (Realistic Expectation) တစ်ခုဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ၊ ပါတီမှတ်ပုံမတင်လို့ အာဏာရှင်မပြုတ်ကျသွားသလို၊ NLDက ရွေးကောက်ပွဲ မ၀င်လို့ နအဖက ရွေးကောက်ပွဲ မလုပ်ဘဲနေမယ်လို့ မထင်ပါဘူး။ သို့သော် ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံလာစေရေးအတွက် နအဖက NLDကို ရွေးကောက်ပွဲ ဝင်စေချင်ပါတယ်။ တစ်ဖက်ကလည်း NLDက စည်းလုံးညီညွတ်စွာ ရွေးကောက်ဝင်လာရင် သူတို့အနိုင်ရဖို့ အခက်အခဲ ရှိပြန်တာကြောင့် ဝင်ရင်တောင်မှ အကွဲအပြဲနှင့် ချိနဲ့နဲ့ ဝင်လာရအောင် မတရား ချုပ်ချယ်တဲ့ ဥပဒေတွေကို တမင်ထုတ်ပြန်ပြီး သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာအောင် ဖန်တီးနေတယ်လို့ ယုံကြည်ရပါတယ်။ NLDက မိမိသဘောနှင့် ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ရင် နအဖ သိပ်ကြိုက်သွားမှာပါ။ ကျုပ်က ရွေးကောက်ပွဲဝင်ဖို့ အဆိုပြုနေတာ မဟုတ်ပါဘူး။ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ချက်ပြနေခြင်းသာ ဖြစ်ပါတယ်။ နအဖ သိပ်ကြိုက်တဲ့ ကိစ္စတွေကို အထူး သံသယထားပြီး နှစ်ခါပြန် စဉ်းစားဖို့ လိုပါတယ်။

နိုင်ငံရေးရှိဖို့က ပါတီရှိဖို့ထက် အရေးကြီးတယ်။ နိုင်ငံရေးရှိရင် ပါတီမရှိလည်း ကိစ္စမရှိဘူး။ ပါတီရှိပြီး နိုင်ငံရေး မရှိလျှင် ဝိညာဉ်မရှိ၊ အလကားဘဲလို့ ဆရာဦးဝင်းတင် ပြောတာ အင်မတန် မှန်ကန်ပါတယ်။ ယနေ့ တရားဝင် နိုင်ငံရေးပါတီ (၁၀)ပါတီ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ (၁၀)ပါတီလုံးကို ရည်တွက်ပြနိုင်သူ အင်မတန် နည်းပါးလိမ့်မယ် ထင်ပါတယ်။ သို့သော် ဦးအေးသာအောင်လို၊ ဦးပူကျင်ရှင်းထန်လို ပုဂ္ဂိုလ်မျိုး ရှိနေသရွေ့ ပါတီမရှိလည်း နိုင်ငံရေး ရှိနေပါတယ်။ နိုင်ငံရေး ရှိခြင်း မရှိခြင်းသည် ပါတီဝင်များ၊ ခေါင်းဆောင်များအပေါ်တွင်သာ တည်ပါတယ်။ ပါတီ ရှိခြင်း မရှိခြင်းပေါ်မှာ မတည်ပါဘူး။ မည်သို့သော ဖိနှိပ်ချုပ်ချယ်သော ဥပဒေအောက်တွင်ဖြစ်စေ၊ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ခုမှာ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးရဲ့ ဦးဆောင်မှု ရှိနေသရွေ့ နိုင်ငံရေး မသေပါဘူး။ အမျှော်အမြင်ကြီး၊ စေတနာမှန်၊ သတ္တိရှိတဲ့ခေါင်းဆောင်တွေ ရှိနေသရွေ့ NLDသည် မှတ်ပုံတင်သည် ဖြစ်စေ၊ မတင်သည် ဖြစ်စေ နိုင်ငံရေး ရှိနေမှာကို ကျုပ်တို့ ယုံမှားသံသယ မရှိကြပါဘူး။ မြန်မာ့တပ်မတော်ကို ဖက်ဆစ်ဂျပန်အောက်မှာ အခြေအနေအရ ထားရှိခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်များ ရှိနေခဲ့တာမို့ မြန်မာ့လွတ်လပ်ရေးကို ဘယ်သောအခါမှ မျက်ခြေမပြတ်ခဲ့ဘူးဆိုတာကို သမိုင်းမှာ သက်သေထူပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးမှာ CECနှင့် CC အဆုံးအဖြတ်အတိုင်း လိုက်နာမယ်လို့ ဆိုထားပါတယ်။ အားလုံးသိတော်မူတဲ့အတိုင်း ပါတီထိပ်ပိုင်းမှာ ဖုံးမနိုင် ဖိမရ လူသိရှင်ကြား သဘောထားကွဲနေကြပါပြီ။ မှတ်ပုံတင်ရင် ပါတီက အနားယူမယ်လို့ ပြောသူရှိသလို မှတ်ပုံမတင်လိုသူများ လူထုနိုင်ငံရေး ဆက်လုပ်နိုင်ကြပြီး မှတ်ပုံတင်လိုသူများဖြင့် ပါတီကို မှတ်ပုံတင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည်အထိ၊ ဆက်သယ်ဆောင်သွားမယ်လို့ ပြောသူက ပြောလာပါပြီ။ ခံစားချက်တွေ သိပ်ပြင်းထန်လွန်းနေကြဟန် တူပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနုက “ပြည်သူတွေ စစ်အာဏာရှင်အောက်မှာ ဒုက္ခရောက်လွန်းနေတာကြောင့် အင်္ဂလိပ်ကို တော်လှန်ပြီး လွတ်လပ်ရေးယူမိတာ အပစ်တစ်ခု ကျူးလွန်မိသလိုဘဲ”လို့ ငြီးငြူခဲ့တာကို ပြန်သတိရမိပါတယ်။

အနှစ်နှစ်ဆယ်ကျော် ကြံ့ကြံ့ခံခဲ့တဲ့ NLDသည် လက်ရှိအကြပ်အတည်းကို ကျော်လွှားနိုင်ပါ့မလား။ ပါတီခေါင်းဆောင်များ သဘောထား ကွဲလွဲမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပါတီနှစ်ခြမ်း ကွဲသွားမလား။ ပါတီကွဲရင်တော့ လူထုနစ်နာ၊ တိုင်းပြည်နစ်နာမယ် စသဖြင့် ပူပန်သံတွေက ပြည်တွင်း၊ ပြည်ပမှာ ပိုမိုကျယ်လောင် နေပါပြီ။

ပူပန်သူတွေရဲ့ စိတ်သောက စေတနာကို အလေးအနက်ထားပါသော်လည်း ကျုပ်အမြင်မှာတော့ သိပ်ပူပန်စရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။ ပါတီမှာ နှစ်ခြမ်းကွဲစရာ၊ စည်းလုံးညီညွတ်မှု ပြိုကွဲစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်။ ရှင်းပါမယ်။

ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် NLDပါတီသည် အဓိပ္ပါယ်မရှိပါလို့ ဦးလွင်ပြောခဲ့ပါတယ်။ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ မိမိကိုယ်ကို အင်မတန် နှိမ့်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားတဲ့ ပြောစကားများကိုလည်း ကြားယောင်နေမိပါတယ်။ ဦးအောင်ရွှေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိတဲ့ သစ္စာတရားကလည်း သက်သေထူခဲ့ ပြီးပါပြီ။ တစ်ကယ်တော့ ၁၉၉၀ရွေးကောက်ပွဲ ကာလတုန်းက အခုလိုဘဲ ရွေးကောက်ပွဲဝင်ရေးဆုံးဖြတ်ချက်ကို မကြေနပ်တဲ့ ခေါင်းဆောင်များ အများအပြား ရှိနေခဲ့ပါတယ်။ အဲဒီသဘောထား ကွဲလွဲမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းလိုက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့ဘူးပါတယ်။

ပါတီက မှတ်ပုံတင်ရန် ဆုံးဖြတ်သည်ဖြစ်စေ၊ မတင်ရန် ဆုံးဖြတ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်ဘူးဖြစ်စေ၊ ဒီဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက် မှားမှား မှန်မှန်၊ ဆိုးဆိုး ကောင်းကောင်းကို တစ်နိုင်ငံလုံးက ပါတီဝင်တွေက လူထုနှင့်အတူ ရင်ဆိုင်ကျော်လွှားရမှာ ဖြစ်တဲ့အတွက် ဒီလိုဆုံးဖြတ်ချက်မျိုးကို အလွယ် မဆုံးဖြတ်နိုင်ပါဘူး။ အကြေအလည် ဆွေးနွေးပြီးသည့်နောက်မှ အများသဘောတူညီမှု(unanimity) အရသာ ဆုံးဖြတ်သင့်တယ်။ ဒီလိုအရေးကြီးလှတဲ့ ကိစ္စရပ်မျိုးကို မဲများသူတွေက မဲနဲသူတွေ အပေါ်မှာ မဲအရ အနိုင်ယူ ဆုံးဖြတ်လိုက်ခြင်းဖြင့် ပါတီရဲ့ ရှေ့ခရီးကြမ်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စည်းလုံးညီညွတ်မှု၊ ကြံ့ခိုင်မှုကို တစ်စုံတစ်ရာ ထိခိုက်သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေတာကို ကျုပ်တို့ မမေ့ထားသင့်ပါဘူး။ အများသဘောတူ တညီတညွတ်တည်း တခဲနက် မဆုံးဖြတ်နိုင်ဘူးဆိုလျှင် အကောင်းဆုံးက ပြည်သူလူထုချစ်ခင် ကိုးစား ယုံကြည်မှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကို နာခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးက တိုင်းပြည်အတွက်ကော ပါတီအတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့ လေးလေးနက်နက် အကြံပြုလိုပါတယ်။

နိုင်ငံရေး သေရန် မလို။ ပါတီမှ အနားယူရန် မလို။ ပါတီကွဲရန် မလို။ လူထု အားပျက်ရန် မလို။ လဠ မျက်ရည်ကျရန် မလို။

အချပ်ပို(က)

လူထုဦးစိန်ဝင်းက NLDကို အသုံးမကျတဲ့ ပါတီတစ်ခုအဖြစ် ပစ်ပစ်နှစ်နှစ် ချိုးနှိမ်ဝေဖန်တာကို မတ်လ(၁၉)၊ ၂၀၁၀ထုတ် မိုးမခမှာ ဖတ်လိုက်ရပါတယ်။ အနှစ်နှစ်ဆယ်ကျော် လူထုကို ဒီမိုကရေစီ မဖေါ်ဆောင်ပေးနိုင်တဲ့အတွက် တာဝန်အရှိဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် NLDဖြစ်ပါတာမို့ NLDကို ဝေဖန်နိုင်ပါတယ်။ သို့သော် ဓမ္မဓိဌာန်ကျကျ ဝေဖန်စေချင်ပါတယ်။ NLDသည် နိုင်ငံတနံတလျားမှာ ဘ၀တွေ အပျက်ခံပြီး လူထုအတွက် စွန့်လွှတ်ပေးဆပ်နေဆဲဖြစ်တဲ့ သူရဲကောင်းတွေရဲ့ လူထုပါတီဖြစ်ပါတယ်။ လူထုဦးစိန်ဝင်း စွပ်စွဲသလို အချောင်သမားပါတီ မဟုတ်ပါဘူး။ အချောင်သမားတွေလည်း ပါတီအတွင်းမှာ မရှိတော့ပါဘူး။ စစ်အစိုးရရဲ့ အကျဉ်းထောင်တွေမှာ NLDတွေနှင့် ပြည့်လျှံနေတာကို ဆရာဘာ့ကြောင့် မမြင်နိုင်ရပါသလဲ။ စစ်အစိုးရ ဖိနှိပ်မှုကို တလျှောက်လုံး ခါးစည်းခံနေသည့် NLDကို ဆရာဘာ့ကြောင့် အခုလို ပစ်ပစ်ခါခါ ပြောရက်နိုင်ပါသနည်း။ စစ်အာဏာရှင်စနစ်ကို ကျဉ်းထဲကြပ်ထဲက ဦးဆောင် ခံတိုက်နေရတဲ့ NLDလို အဖွဲ့အစည်းတစ်ခုရဲ့ နေရာမှာ အစားထိုးဝင်ယူနိုင်တဲ့ အဖွဲ့အစည်းမျိုး မပေါ်ပေါက်သေးခင် ပါတီတစ်ခုလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းရိုက်ချလိုက်ခြင်းသည် တာဝန်မမဲ့လွန်း ပေဘူးလား။

NLDရဲ့ အမှားတွေကို သိထားရင်တောင် စေတနာကောင်းထား ထောက်ပြပြီး ခုနေခါမျိုးမှာ မိတ်ဖက်သဘောအနေနှင့် လက်တွဲခေါ်ယူသင့်ပါတယ်။ ဘ၀တွေ အစတေးခံပြီး အနှစ်နှစ်ဆယ်လုံးလုံး စစ်အာဏာရှင် အထုအထောင်းခံနေရတဲ့ NLDပါတီကို တစညတို့၊ ကြံ့ဖွတ်တို့နှင့် အတူတူဘဲလို့ အခြေအမြစ်မဲ့ စွပ်စွဲလိုက်ခြင်း၊ လူထုထင်ယောင် ထင်မှားဖြစ်အောင် ဗြောင်ကျကျ သပ်လျှို ထိုးနှက်လိုက်ခြင်း၊ ခေါင်းဆောင်ပိုင်းကို အားမရတာနဲ့ ပါတီတစ်ခုလုံးကို အချောင်သမားပါတီသဘော သိမ်းကြုံးစွပ်စွဲလိုက်ခြင်း၊ အခုလို မိုးထဲ ရေထဲမှာ ပါတီစည်းလုံးမှုပြိုကွဲပြီး ဖရိုဖရဲဖြစ်သွားအောင် ဌာနချုပ်ကို အမြောက်နဲ့ ပစ်ခိုင်းလိုက်ခြင်းတို့အတွက် စစ်အာဏာရှင် နအဖက အတော် ကျေနပ်အားရသွားမှာပါ ဆရာ။ ဆရာဦးစိန်ဝင်းတစ်ယောက် ယုံမှားကင်းစွာ ဘယ်လိုများ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပါစ။

အချပ်ပို(ခ)

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖကြားမှာ လူပုဂ္ဂိုလ်ရေး အထစ်အငေါ့ပြသနာရှိလို့ ဖြစ်တယ်ဆိုပြီး ဦးသုဝေက မဇ္ဈိမသတင်းဌာနကို ဖေဖေါ်ဝါရီ(၂၆)မှာ ပြောလာပြန်တော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီအချိန်မှာ မပြောကြတော့ဘူးလို့ ထင်ခဲ့မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တင်းမာလို့ (သဘောထားပျော့ပြောင်းတဲ့)နအဖက မဆွေးနွေးတာဆိုတဲ့ စွပ်စွဲချက်တွေ ထပ်လာအုန်းမလား မသိပါဘူး။

ကျုပ်မမှားဘူးဆိုလျှင် ဦးသုဝေ၊ ဦးရွှေအုန်းနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့သည် မြန်မာ့နိုင်ငံရေး ပြသနာတွေကို ကူညီဖြေရှင်းနိုင်ဖို့ န၀တ၊ နအဖ စစ်ဗိုလ်ချုပ်တွေနှင့် တွေ့ဆုံဆွေးနွေးရန် တစ်ကြိမ်မက တောင်းဆိုခဲ့ဖူးတယ်လို့ သိထားပါတယ်။ နအဖက ထုံးစံအတိုင်း လက်ခံတွေ့ဆုံဖို့ နေနေသာ အကြောင်းတောင် မပြန်ဘူးလို့ ယုံကြည်ရပါတယ်။ ဦးသုဝေ သုံးသပ်တဲ့အတိုင်း သုံးသပ်ရမယ်ဆိုရင် ဦးသုဝေ၊ ဦးရွှေအုန်း၊ အမျိုးသားရေး ဦးဝင်းနိုင်တို့နှင့် န၀တ၊ နအဖကြားမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူပုဂ္ဂိုလ်ရေး အထစ်အငေါ့ ပြသနာရှိလို့ ဗိုလ်ချုပ်တွေက ညင်းခဲ့တာလား။ သို့မဟုတ် ဦးသုဝေတို့တွေက သဘောထားတင်းမာလို့ ခြောက်ပြစ်ကင်း သဲခဲစင်တဲ့ ရွှေမင်းသား စစ်ဗိုလ်ချုပ်တွေက ညင်းပယ်နေတာလားလို့ မေးခွန်းထုတ်လိုပါတယ်။ ဦးသုဝေလို ရှေ့မှီ နောက်မှီ ထိပ်တန်းခေါင်းဆောင်တစ်ဦးက စစ်ဗိုလ်ချုပ်တွေရဲ့ သဘောသဘာဝကို အချိန်ကိုက် မေ့လျော့သွားတာကို အံ့သြမိပါတယ်။ တိုက်ပွဲမစခင်ပင် ကျုပ်တို့ခေါင်းဆောင်များ ရန်သူပျောက်နေပါပြီ။ ရွေးကောက်ပွဲတောင် မရောက်သေးဘူး မီးလျှံကို ရွှေတောင်မှတ်၊ သားမက်ကို သူခိုးထင်နဲ့ အခုလို ရုတ်ပျက်ဆင်းပျက် ဖြစ်နေကြပုံမျိုးနှင့်ဆိုရင် ရွေးကောက်ပွဲရောက်ရင်တော့ မတွေးဝံ့စရာတွေ ဖြစ်လာနေမလားလို့ စိုးရိမ်မိပါတယ်။

အသတ်ခံ၊ အထုခံပြီး လူထုအတွက် စဉ်ဆက်မပြတ် အနစ်နာခံ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေကိုမှ မတိုက်ခိုက်ခဲ့ပါဘူး။ လူထုကို ဖွတ်ကြောပြာစု၊ ခရုဆံကျွတ်၊ ထမင်းရက်ချန်၊ ရေရက်မှန်ဖြစ်အောင် နှိပ်စက်ပြီး ကြိကြိတက်ချမ်းသာသွားသူကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါဘူး။

ဒီမိုကရေစီတိုက်ပွဲမှာ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ဖေါ်တိုက်ဖက် မဟာမိတ်အဖြစ် မြင်သင့်ကြပါတယ်။ ရန်ဖက်အဖြစ် မမြင်သင့်ကြပါဘူး။ ရွေးကောက်ပွဲ ၀င်ဝင်၊ မ၀င်ဝင်၊ နိုင်နိုင်၊ မနိုင်နိုင် စစ်အာဏာရှင် မပြုတ်ကျသွားပါဘူး။ ဦးသုဝေအပါအ၀င် ပါတီအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်လုပ်သူများသည် စစ်အာဏာရှင် ထာဝရ ချုပ်ငြိမ်းရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော လူထုတစ်ရပ်လုံး ပါဝင်သည့် အမျိုးသားနိုင်ငံရေး လမ်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ငန်းစဉ်အဆင့်တိုင်းမှာ အစီအစဉ်ရှိရှိ သတိထား လမ်းဖွင့်ထားပေးဖို့ သမိုင်းပေးတာဝန် ကိုယ်စီ ရှိကြပါတယ်။

စစ်တပ်က နိုင်ငံရေးနယ်ပယ်က စနစ်တကျ ဆုတ်ခွါပေးဖို့ ရွေးကောက်ပွဲ လုပ်ပေးတာလို့ ဦးသုဝေကဘဲ ဆိုပြန်ပါတယ်။ စစ်တပ်ကို စိတ်နှင့်တောင် မပစ်မှားနဲ့ဆိုပြီး ပဒုမ္မာကွင်းမှာ ကျည်ကာအင်္ကျီဝတ် အသံဗြဲကြီးနဲ့အော်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ကြီးကို ပြေးသတိရလိုက်မိပါတယ်။ ဗိုလ်ချုပ်တွေက အင်္ဂုလိမာလလို အကျွတ်တရားရပြီး နိုင်ငံရေးနယ်ပယ်က စနစ်တကျ ဆုတ်ခွါဖို့အတွက် ရွေးကောက်ပွဲ လုပ်ပေးတယ်တယ်ဆိုတဲ့ ဦးသုဝေရဲ့ အမြင်အရဆိုရင် အထုခံ လူထုကဘဲ ဗိုလ်ချုပ်တွေကို သံဃာစင်ပေါ်တင်ပြီး ထိုင်ရှိခိုးပေးရမလို ဖြစ်နေပါတယ်။ အနှစ်နှစ်ဆယ်လုံးလုံး လူထုကို စိတ်ရှိတိုင်း နှိပ်စက်နေတဲ့ ဗိုလ်ချုပ်တွေကို အကျွတ်တရားရသွားတဲ့ သူတော်စင်တွေအဖြစ် အခြေအမြစ်မဲ့ အတင်းကာရော ပုံဖေါ်မှုမျိုးက ရုတ်ပျက် ဆင်းပျက်နိုင်လှပါတယ်။ တစ်ကယ် အကျွတ်တရားရသွားတဲ့ပုံ၊ လူထုပေါ် စေတနာထားလာပုံမျိုးကို ဗိုလ်ချုပ်တစ်ယောက်လောက်မှာတောင် ရှားရှားပါးပါး တွေ့မိပါသလားလို့ မေးလိုပါတယ်။ လက်ငင်းတွေ့နေရတာကတော့ ၂၅ရာခိုင်နှုံး အမည်တပ်ပြီး ရှိသမျှအာဏာကို သိမ်းကြုံးယူထားရုံနှင့်တင် လောဘမသတ်နိုင်သေးဘဲ လူထုခွဲတမ်း ၇၅ရာခိုင်နှုံးထဲ အတင်းဝင်နှိုက်ဖို့ အရှိန်အ၀ါသုံး အရှက်မရှိ မျက်နှာပြောင်တိုက် မဲဆွယ်နေတာသာ ဖြစ်ပါတယ်။ လွှတ်တော်တစ်ခုလုံးကို စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်တွေသာ၊ အလုံးအရင်းနဲ့ လွှမ်းမိုးချုပ်ကိုင်ပြီး လူထုကို ဆက်နှိပ်စက်၊ အောင်သေ အောင်သားစားဖို့ စစ်ဗိုလ်တွေ သူရဲ မင်းရဲ ကြိုးစားနေတာကို ဆရာဦးသုဝေ မမြင်မိပေဘူးလား။ စစ်ဗိုလ်တွေကို ပစ်ဖါးတဲ့ ဒီလိုပြောလုံးမျိုးကို လူထုက သိပ်သတိထားတတ်တာမို့ ခေါင်းဆောင်လုပ်သူများ ဆင်ခြင်သင့်ကြပါတယ်။

အောင်ထီ

မတ်လ (၂၁)၊ ၂၀၁၀