Tuesday, April 13, 2010

13 April 2010 ဒိုင်ယာရီ

http://ifile.it/xhkr3n713 April 2010 Yeyintnge Diary

ALD ရွှေးကောက်ပွဲ မ၀င် ဆုံးဖြတ်ချက် အပေါ် ဦးအေးသာအောင်ရဲ့ ပြောကြားချက်

ALD ရွှေးကောက်ပွဲ မ၀င် ဆုံးဖြတ်ချက် အပေါ် ဦးအေးသာအောင်ရဲ့ ပြောကြားချက်

4/13/2010

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ပါတီ မှတ်ပုံမတင်သလို ရွေးကောက်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ALDရဲ့ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေသာမက မြို့နယ် အဆင့် ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ခုလို ရွှေးကောက်ပွဲ မ၀င်ဖို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဆုံးဖြတ်ရပါသလဲလို့ ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဦးအေးသာအောင်ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းတဲ့ အခါ သူက ခုလို ပြောပါတယ်။

ဖြေ။ အဓိက ကတော့ ၂၀၀၈ ခုနှစ်မှာ တဘက်သတ် အတည်ပြုပေးလိုက်တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို သုံးသပ် လိုက်တဲ့အခါမှာ အဲဒီ ဖွဲ့စည်းပုံထဲမှာ ရခိုင်အမျိုးသားတွေ အတွက် ဘာအခွင့်အရေးမှ မပါဝင်သလို တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးတွေကိုလည်း လျစ်လျူရှု့ ပစ်ပယ် ထားတာကို တွေ့ရတယ်။ ပီးတော့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် တွေကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ် ကန့်သတ် ထားတဲ့ အတွက်ကြောင့် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ် ကြည့်တဲ့အခါ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးများ၊ ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ပတ်သက် လို့ ဖေါ်ပြ ထားတာ တွေမှာလည်း တိုင်းရင်းသား လူမျိုးတွေရဲ့ ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် မရဘဲနဲ့ အဓိက ပြည်နယ် လွှတ်တော်ရဲ့ ၂၅ ရာခိုင်နုန်း ကို စစ်တပ်က စိုးမိုးထားမယ့် အပြင် ဒေသ အသီးသီးရဲ့ ပြည်နယ် ၀န်ကြီးချုပ် နေရာတွေကိုလည်း သမ္မတကပဲ ခန့်အပ်ပေးရ မယ်ဆိုတဲ့ အပိုင်းတွေ ပါဝင်နေပီး ပြည်သူတွေရဲ့ရပိုင်ခွင့်၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ခြယ်လှယ် စိုးမိုးထားတဲ့ အတွက်ကြောင့် တိုင်းရင်းသား အရေးကို ဆောင်ရွက်နေတဲ့ ALD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လက်မခံနိုင်သလို ရွေးကောက်ပွဲကိုလည်း မဝင်ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။ နောက်တချက်က အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသား အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးနိုင်မယ့် အချက် အလက်တွေ မပါဝင်သလို စစ်တပ်ကသာ တဘက်သတ် အုပ်ချုပ်ဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်သလို ပါတီမှတ်ပုံ မတင်ဖို့အတွက် ဆုံးဖြတ် ရခြင်းဖြစ်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီမှတ်ပုံတင်မယ့် ဥပဒေတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲကို ကြီးကြပ်နိုင်ရုံသာမက နိုင်ငံရေး ပါတီတွေကိုလည်း ကော်မရှင် အဖွဲ့ရဲ့ လက်အောက်မှာ ကွပ်ကဲ သွားမယ့် အချက်တွေ ဖေါ်ပြထားတဲ့ အတွက်ကြောင့် ဒါဟာ သဘာဝလည်း မကျဘူး၊ နိုင်ငံရေး ပါတီဆိုတာ လွတ်လွတ်လပ်လပ် နိုင်ငံတော်ကို အုပ်ချုပ်နိုင်တဲ့ ပါတီဖြစ်တဲ့ အတွက်ကြောင့် ကော်မရှင်ရဲ့ ကြီးကြပ်မှု အောက်မှာ နေရမှာဆိုတာကတော့ ဖြစ်လည်း မဖြစ်နိုင် လက်ခံနိုင်စရာ အကြောင်းရင်းလည်း မရှိပါ။ အားလုံးကို ခြုံပြီး သုံးသပ် ရမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံရေး ပါတီများကို အမျိုးမျိုး ချုပ်ကိုင်ခြယ်လှယ်ထားပြီးတော့ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးကို ဖေါ်ဆောင်ပေးမယ့် ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲကိုလည်း ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မေး။ အခုလို
ALD ပါတီရဲ့ ခုဆုံးဖြတ်ချက်ကို ရခိုင်ပြည်သူတွေ အနေနဲ့ လက်ခံကြလိမ့်မယ်လို့ မျှော်လင့် ပါသလား။

ဖြေ။ အခြေအနေအားလုံးကို သပ်သုံးပြီး ပြောရရင် လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးပါတီ တရပ်ဆိုတာ ခေတ်ကာလ အခြေအနေ၊ နောင်ဖြစ်လာမယ့် အခြေအနေတွေကို သုံးသပ် ဆုံးဖြတ်ချက်ချ လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ ပြည်သူတွေကို အရင်တုန်းကလည်း ရှင်းပြခဲ့တယ်။ ခုလည်း ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ခု ရှင်းလင်း တင်ပြချက် ထွက်ပေါ်လာတဲ့ အခါမှာလည်း
ALD ရပ်တည်ချက်တွေကို ပြည်သူတွေ လက်ခံ ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး။ အခုဆိုရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ ပါတီကြီး ၂ ခုဖြစ်တဲ့
NLD ပါတီနဲ့ ALD ပါတီတို့က ရွေးကောက်ပွဲ မဝင်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် မေလ ၆ ရက်နေ့ နောက်ပိုင်းမှာ ပါတီ တရပ် အနေနဲ့ လူပ်ရှားရင် ဖမ်းဆီးတာတွေ နှိမ်နှင်း တာတွေ လုပ်လာနိုင်ပါတယ်။ ဖိအားပေးပြီး နိုင်ငံရေး မလုပ်ဖို့ တားမြစ်ကောင်း တားဖြစ်လာနိုင်ပါတယ်၊ အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဘယ်လိုပဲ ဖိအားပေးပေး
ALD ပါတီ အနေနဲ့ပဲ ဖြစ်ဖြစ်၊ ရခိုင်အမျိုးသား တယောက် အနေနဲ့ပဲ ဖြစ်ဖြစ် လက်ခံနိုင်စရာ မရှိပါ။ ပီးရင် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ မိမိနိုင်ငံ အတွက် ဘယ်နိုင်ငံသားမဆို နိုင်ငံရေး လုပ်နိုင်ပါတယ်။ ဘယ်လို ဖိအားပေးမူကို မဆို ALD အနေနဲ့ ရှေ့ကလို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ALD အနေနဲ့ ခုဆုံး ဖြတ်ချက်ကလည်း ကိုယ် ဝင်ချင်ရင် ဝင်ပြိုင်မယ်။ မဝင်ချင်ရင် မဝင်တဲ့ သဘော ဖြစ်ပါတယ်။

မေး။
ALD ပါတီအနေနဲ့ ဘယ်လိုရှေ့ဆက် ရပ်တည်သွားမယ်ဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ။
ALD အနေနဲ့ကတော့ ဆက်လက်ပြီး ဖြစ်ပေါ် လာတဲ့ အခြေအနေ အပေါ်မှာ မူတည်ပြီးတော့ တခြားသော တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း အတူတကွ ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် ပြီးတော့ လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်ပါမယ်။

(မင်းဆက်ခိုင် မေးမြန်းသည်)

ALD ရွေးကောက်ပွဲ မ၀င်ရန် ယတိပြတ် ဆုံးဖြတ်ပြီ

4/13/2010

(ထွန်းထွန်း)
ရခိုင်ပြည်တွင် ယခင် ရှိပြီးသား နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့် ယခု အသစ် ထူထောင်မည့် ပါတီများမှ ခေါင်းဆောင်များ အကြား များမကြာမီ ပြုလုပ်မည့် ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ လုပ်ကိုင် ဆောင်ရွက် ရမည်ကို စဉ်းစား နေချိန်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို မ၀င်ရန် ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။

ALD ၏ ဆုံးဖြတ်ချက်ကို ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မှာပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ထိပ်တန်း ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

ALD ရွှေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သော်လည်း တခြား ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီ တပါတီမှ ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည့် အခြေ အနေမရှိဟု စစ်တွေမြို့မှ အမည်မဖေါ်လိုသူ ၀ါရင့် နိုင်ငံရေး သမားတဦးမှ သုံးသပ်ပြောဆိုသည်။

“ ဒီနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တိုင်းပြည် အပြောင်းအလဲ တခု ဖြစ်မလားဆိုပီး ရခိုင်လူထုက စိတ်ဝင်စားမူ ရှိပါတယ်။ ဒါပေမယ့် ရခိုင့် နိုင်ငံရေး သမားတွေက ပါတီဖွဲ့ပီး ရွှေးကောက်ပွဲဝင်ဖို့ထိတော့ ပြောသံ ဆိုသံတွေ မကြားရသေးဘူး။ အဓိကတော့
NLD တို့ ALD တို့ ရွှေးကောက်ပွဲ မ၀င်ဘူးလို့ ဆုံးဖြတ်လိုက်ပီးတဲ့နောက် ပါတီထောင်ဖို့ စဉ်းစားသူတွေလည်း နောက်ဆုတ်ကုန်တာကို တွေ့ရတယ်။ အဓိကတော့ ရွှေးကောက်ပွဲမှာ မနိုင်တဲ့ အပြင် အမျိုးသား သစ္စာဖေါက် အဖြစ် သတ်မှတ်ခံရမယ်ဆိုတော့ နိုင်ငံရေးသမားတွေလည်း စဉ်းစား ကုန်တာပေါ့” ဟု ပြောသည်။

ALD ပါတီသည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ အမတ် ၁၁ နေရာ အနိုင်ရရှိပြီး မြန်မာနိုင်ငံတွင် တတိယ အမတ် အများဆုံးနိုင် ပါတီ ဖြစ်သည်။ ALD ပါတီကို ၁၉၉၂ မတ်လ ၆ ရက်နေ့တွင် ရွှေးကောက်ပွဲ ကော်မရှင်က ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း ALD ပါတီသည် ၁၉၉၀ ခုနှစ်က ရခိုင်ပြည်သူများ အပ်နှင်းလိုက်သော လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး တိုင်းရင်းသားများ တန်းတူရေးနှင့် ဒီမိုကရေစီ ရရှိရေး အတွက် ဆက်လက် တိုက်ပွဲ ၀င်ခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် အပေါ် ပြည်ပရောက်
ANC အဖွဲ့ အထူးနာယက ဆရာတော် ကြီး ဦးသုစိတ္တက သူ့၏ တသီးပုဂ္ဂလ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ခုလို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မှတ်ပုံ မတင်ရန် ဆုံးဖြတ် လိုက်တာဟာ မှန်ပါတယ်။ ဆရာတော် အနေနဲ့ ပြောချင်တာက အထွေ အထူးတော့မရှိဘူး။ ဒီနေ့အချိန်မှာ ရခိုင်ပြည်ထဲမှာ ရှိတဲ့ ရခိုင်ပြည်သူတွေက ကိုယ့်ကံကြမ္မာကို ရွေးချယ် ရမယ့် အချိန်ဖြစ်တဲ့ အတွက် ပြည်သူ လူထုက အဆုံးဖြတ် ပေးတာဟာ အသင့်တော်ဆုံးနဲ့ နည်းလမ်းအကျဆုံးလို့ မြင်ပါတယ်။ နှစ်ပေါင်းမြောက်များစွာ စစ်ဖိနပ်အောက်မှာ စစ်ကျွန် အဖြစ်ခံနေရတာ သက်တမ်းကလည်း ကြာပြီးဆိုတော့ အကောင်းဆုံး နည်းလမ်းတခုကို ရွေးချယ်ပြီး ဆုံးဖြတ်ကြဖို့ကို ပြောချင် ပါတယ်။”

ရခိုင် ပါတီများမှ ရွှေးကောက်ပွဲ မ၀င်ရန် စီစဉ်နေချိန်တွက် နအဖ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော တစည၊ ပြည်ခိုင်ဖြိုး အဖွဲ့များမှာ ရွှေးကောက်ပွဲ အတွက် ရခိုင်ပြည်နယ် အနှံ့အပြားတွင် မဲဆွယ် စည်းရုံးနေသည်ဟု သိရသည်။

ထိုသို့ စည်းရုံးရာတွင် မဲရရှိရေး အတွက် ကျောင်းဆောက်ပေးမည်။ လမ်းဖေါက်လုပ်ပေးမည်။ ဆေးရုံ ဆေးခန်းများ ဆောက်ပေးမည် ဆိုကာ စည်းရုံးမူများ ရှိနေသည်ဟု သိရသည်။

ALD အရေးပေါ် အစည်းအဝေးသို့ ထိပ်တန်း ခေါင်းဆောင်များသာမက မြို့နယ် အဆင့် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

http://www.narinjara.com/burmese.asp

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၁၃၊ ၂၀၁၀
လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ

အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ - အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို “ဦးလှည့်” သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။
“ဒီနေရာမှာ ပြန်ပြီး ရှင်းပြချင်တဲ့အချက်က၊ မီဒီယာတွေမှာလည်း ပြောပြီးပါပြီ။ မတ်လ ၂၉ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်က ဘာအဓိပ္ပါယ်လဲ ဆိုတဲ့အချက်။ ကျနော်က ဘာပြောခဲ့သလဲဆိုတော့ - ကျနော်တို့က အခုဒီလိုဆုံးဖြတ်လိုက်ကြတာလဲဆိုတော့ နိုင်ငံရေးမှာ ခေါင်းပြတ်မခံနိုင်လို့ ဆိုတာ ဖြစ်တယ်။ ခြေပြတ်၊ လက်ပြတ်တာကို ခံနိုင်မယ်။ ခေါင်းပြတ်သွားတာကို မခံနိုင်ဘူး။ ခြေပြတ် လက်ပြတ်ရင်တောင်မှ အစားထိုးပြီး ရှင်သန်လို့ရတယ်။ ခေါင်းပြတ်သွားရင် ခြေလက်တွေ ကောင်းနေသည့်တိုင် ဘာမှ အသုံးမ၀င်တော့ဘူး။ ဒါကြောင့် မတ် ၂၉ ဆုံးဖြတ်ချက်ဆိုတာ အင်န်အယ်ဒီသည် နိုင်ငံရေးဆက်လုပ်မယ့် ဆုံးဖြတ်ချက်၊ ခေါင်း အပြတ်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ဆိုတာကို ထင်ရှားစေချင်တယ်။ နားလည်ကြစေချင်ပါတယ်။”

အဲသည်မှာ ဆရာ့ကို ထပ်ပြီး မေးခွန်းထပ်ထုတ်တာက - ပါတီတွင်းမှာ အချို့က ပါတီ မရှိတော့ရင်၊ ပါတီအဖြစ် ဆက်လက် မရပ်တည်နိုင်တော့ရင် ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီးတော့ အင်န်အယ်ဒီပါတီက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုလို၊ အင်န်ဂျီအိုတွေလိုမျိုး ရပ်တည်လာမယ် အစရှိသဖြင့် ထင်မြင် ယူဆ မှန်းချက်ထုတ် ပြောဆိုကြတဲ့ အချက်ကို ရှင်းလင်းပေးနိုင်ရန် မေးခွန်းမေးတာ ဖြစ်ပါတယ်။

“ဒီနေရာမှာ ပြောချင်တာက ကျနော်တို့တတွေဟာ နိုင်ငံရေးမပါဘဲနဲ့ လူမှုရေးတွေချည်းပဲ လုပ်နေလို့ မရဘူး ဆိုတာ ဖြစ်ပါတယ်။ လူမှုရေးဆိုတာကလည်း လူထုနှင့် တသားတည်း ရင်းနှီး ထဲဝင်ဖို့ အလွှာတခုအနေနဲ့ ရှိနေရမယ်။ ရှိနေတယ်။ ဒါ့ထက်မကတဲ့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ခုနင်က ပြောခဲ့သလို (ယခင်အင်တာဗျူးဆောင်းပါး - ဒီ/ချုပ်၊ ဒီ/လှုပ် ဆောင်းပါး) အင်န်အယ်ဒီရဲ့ ဂွင် လေး ဂွင်၊ ဒေါက်လေးဒေါက်မှာ ပြည်သူလူထု ဆိုတာက တခု ပါပြီး ဖြစ်နေတယ်။
ပါတီတွင်း တည်ဆောက်ရန်၊ မဟာမိတ်များနှင့် လက်တွဲရန်၊ နိုင်ငံတကာမှာ အားလုံးနှင့် ဆက်သွယ်ရန်၊ ပြည်သူလူထုနှင့် အတူတကွ ရှိရန် ဆိုတဲ့ အတွက် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ကြမယ်။ အဲသည်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး၊ HIV လူနာတွေ၊ ကလေးစစ်သား၊ ရဟန်းသံဃာအရေး စတာတွေ အကုန်လုံး ပါဝင်လာမှာပဲ။ ဒါတွေကိုလည်း ခပ်ခွာခွာမနေဘဲနဲ့ ပါဝင် လက်တွဲ ဆောင်ရွက်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည်လိုမျိုး နားလည်ကြစေချင်တယ်။ နောက်ပြီးတော့ ဒီအလုပ်တွေဟာ အင်န်အယ်ဒီရဲ့အလုပ်၊ အစကတည်းက လုပ်နေတဲ့၊ လုပ်နေရမယ့်အလုပ်တွေ ဖြစ်လို့ ဒါတွေဟာ အကြမ်းဖက်တဲ့အလုပ် မဟုတ်ပါ။ ပြီးတော့ ယူဂျီအလုပ်လည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထပ်ပြောချင်တယ် …”
လို့ ဆရာက ပြန်လည် ဖြေကြားပါတယ်။

လူမှုရေးနဲ့ နိုင်ငံရေးအကြောင်းကို အဓိကထားတဲ့ စကားပြောဝိုင်းဖြစ်နေတော့ မိုးမခကနေပြီးတော့ ဆရာ့ကို တင်ပြမိကြတာက ပြည်ပက၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုတွေရဲ့ မြို့နယ်အလိုက် စုစည်းပြီး ဆောင်ရွက်လာတဲ့ ပြည်သူ့ဂုဏ်ရည်လို့ အမည်ပေးထားတဲ့ စေတနာဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူတွေကို ဂုဏ်ပြုရန် စီစဉ်နေတဲ့ အကြောင်း ဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကလည်း မျက်မှောက်ခေတ်ကို မျက်ခြေပြတ်မခံသူပီပီ အဲသည် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အကြောင်း ကြားပြီးပြီ ဖြစ်တဲ့အကြောင်း၊ သဘောကျ အားပေး ထောက်ခံပါကြောင်း မှတ်ချက်ပေးသွားပါတယ်။

“အဲသည်မှာ လူမှုရေးလုပ်တဲ့နေရာမှာ သတ္တိရှိရှိနဲ့၊ ရဲရဲဝံ့ဝံ့နဲ့ စွန့်စားပြီး၊ စွန့်လွှတ်ပြီးတော့ အနစ်နာခံပြီး လုပ်ကြရတာကို ပြောချင်ပါတယ်။ အဲသည်လို လုပ်ကြတဲ့သူတွေ ရှိလာ များလာတဲ့အခါမှာ ပြည်သူတွေက အားတက်လာတယ်။ အားရှိလာတယ်။ ဥပမာဆိုရင် - ကိုဇာဂနာလိုမျိုး ဆောင်ရွက်သွားတာမျိုးတွေကို ကျနော်တို့က အသိအမှတ်ပြုရမယ်။”
လို့ ဆရာက သူ့အမြင်ကို ပြောပါတယ်။

ဆရာ့ကို ဆက်ပြောဖြစ်ပြန်တာက အဲသည်ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ မြန်မာအမျိုးသားအချင်းချင်း ကြိုးစားဆောင်ရွက်ကြတဲ့နေရာမယ် ဂုဏ်ပြုရန်အမည်စာရင်း တင်သွင်းခံရသူ ၂၄ ဦး ရရှိတယ်လို့ ဆိုတဲ့အကြောင်း၊ အဲသည်ထဲမှာ ကိုဇာဂနာအပါအ၀င် ကိုကျော်သူတို့လို အနုပညာသမားတွေအပြင် နိုင်ငံရေးနဲ့ အင်န်အယ်ဒီနယ်ပယ်ထဲက မဖြူဖြူသင်း၊ ဦးမြင့်အေး၊ ဦးအေးမြင့်၊ ဦးအောင်သိန်း စတဲ့ရှေ့နေအစုအဖွဲ့တွေ ပါဝင်လာကြသလို လူမှုရေးအသင်းကြီးတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ဆရာတော်တွေရဲ့ အမည်တွေ ပါဝင်လာတဲ့အကြောင်း တွေ့ရသည်များကို တင်ပြမိပါသေးတယ်။ ဆရာကလည်း သူနေထိုင်မကောင်းစဉ်က မိတ်ဆွေများက ပေးပို့ကူညီကြတဲ့ ငွေကြေးတွေကို ခွဲဝေပြီးတော့ အဲသည်က လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတွေထံ ပေးပို့ လှူဒါန်းတဲ့အကြောင်း၊ မိမိနဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေကို ကူညီအားပေးရန် သုံးစွဲတဲ့အကြောင်းတွေ ၀မ်းသာရအောင် ပြန်ပြောင်း ပြောပြပါတယ်။
“ခုနင်ကလို ဖြူဖြူသင်းတို့ စောင့်ရှောက်နေတဲ့ လူနာတွေရဲ့ လုပ်ငန်းတွေက မနည်းဘူးပဲ။ အများကြီး။ အစက ကိုယ်က အဲသလောက်လို့တောင် မထင်မိဘူး။ နောက်ကျတော့မှ သိလာရတာလေ။ လူတွေက ဘယ်လောက် အားကိုးတကြီး ဖြစ်ကြသလဲဆိုတာ သိသာပါတယ်။ ဥပဒေအထောက်အကူအဖွဲ့တွေ ဆိုတာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ လူတွေက ဥပဒေကြောင်းအရ ကူရာမဲ့၊ ကယ်ရာမဲ့ ဖြစ်နေရတာတွေ အများကြီး ရှိတယ်။ ဒါတွေကို သူတို့တတွေ လုပ်နိုင်ကြဖို့ လိုအပ်ပါတယ်။ နာရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ လိုအပ်နေတာတွေ ရှိပါတယ်။”

အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ အင်န်အယ်ဒီကသာ ဒီနေရာတွေမှာ အင်န်ဂျီအိုတွေလိုသာ ၀င်ရောက်လုပ်ကိုင်လာမယ်သာဆိုရင် ဘယ်လိုမျိုး တုန့်ပြန်ချက်တွေ ရလာနိုင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲသည်မှာ ဆရာဦးဝင်းတင်ရဲ့ ပြောပြချက်အရ အင်န်အယ်ဒီကသာ အဲသည်လိုရပ်တည်မယ်သာဆိုရင် ဘယ်လိုမျိုး အကူအညီတွေ၊ အထောက်အပံ့တွေ ပေးရမလဲလို့ ကမ်းလှမ်းလာကြတာတွေ ရှိတဲ့အကြောင်း၊ ဆရာအနေနဲ့ကတော့ ဒါမျိုးတွေကို စိတ်မ၀င်စားတဲ့အကြောင်း၊ မိမိတို့မူလ ရပ်တည်ချက်များ၊ ဆောင်ရွက်စရာများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်ရဲ့ သဘောထားများအရ နိုင်ငံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ဖို့ ဒီ/ချုပ်နဲ့ ဒီ/လှုပ်တွေမှာ ခိုင်မာညီညွတ်တဲ့ ရပ်တည်ချက်တွေ ရှိတယ် ဆိုတဲ့အတွက် မေးမိတဲ့ မေးခွန်းနောက်တခုကတော့ မြန်မာပြည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ မရှိဘဲနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုကို ကောက်နုတ်ပြဖို့ဖြစ်ပါတယ်။
“၁၉၅၀ ခုနှစ်တွေတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၀န်းရံပြီး လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို သာဓကပြချင်ပါတယ်။ အဲသည်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ လူငယ်တွေ၊ တသီးပုဂ္ဂလတွေ၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာစုံက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၀ိုင်းရံဆောင်ရွက်ကြတာတွေကို တွေ့နိုင်ပါတယ်။ အဲသည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ၊ ရာထူးတွေ ဆိုတာမျိုး အကန့်အသတ်တွေ မရှိကြဘူး။ အားလုံးမှာ လုပ်စရာ အလုပ်တွေပဲ ရှိတယ်။ ခုချိန်မှာလည်း အဲသည်လိုမျိုး အားလုံးဝိုင်းရံကြရမယ့် မဏ္ဍိုင်ကို အားလုံးက ၀ိုင်းရံပြီး လုပ်ကြရမယ့် သဘောမျိုးလို့ ပြောချင်ပါတယ်။”

ဒီစကားဝိုင်းမှာ ပြောမိကြတဲ့ ခေါင်းစဉ်ဖြစ်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ အတိုင်းအတာများအကြောင်းကတော့ ဒီလောက်ပါပဲ။ မေးစရာ ကျန်သေးတဲ့ မေးခွန်းတွေနဲ့ စီစဉ်နိုင်သေးရင် စီစဉ်တင်ဆက်ပါဦးမယ်။
http://moemaka.com/index.php?option=com_content&task=view&id=6224&Itemid=1

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ထွန်းစိန်မှ မဲဆန္ဒရှင်ပြည်သူများသို့ပန်ကြားလွှာ

U Aung Tun Sein-2