Saturday, April 17, 2010

ဖားနည်းကဒီလို..


နေပြည်တော်က ဒီသင်္ကြန်မဏ္ဍပ်မှာ နအဖ ဒု.. မောင်အေးနဲ့  အပေါင်းအပါ ကတော်တွေ
ဒီပုံလေးကိုနစ်ဘလော့မှာတွေ့တော့..ဦးလေးမိန်းမလေတပ်စခန်းထဲမှာဆုံးတုန်းကမြင်ကွင်းလေးသွားသတိရလို့
ပါ။အရာရှိကတော်ဆုံးတာဆိုတော့လေချူပ်နဲ့လေဒုချူပ်ကတော်တို့လာတယ်ပေါ့ဗျာ..ဗိုလ်ကတော်သေးသေး
လေးတွေကဒီပုံမှာလိုပဲ..ကိစ္စမရှိရှိအောင်ရှာကြံပြီးချူပ်ကတော်တွေနားငုတ်တုတ်လေးတွေစကားပြောကြတယ်..
ပေ၃၀အကွာလောက်မှာပြင်ထားတဲ့ရုပ်အလောင်းကိုတော့လာကြည့်တဲ့ဗိုလ်ကတော်မရှိသလောက်ပဲ..ချူပ်က
တော်တွေနားထိုင်ပုံထိုင်နည်းကလည်းဒီလို..
ပနဲ့ဒုကြားခုံကိုနဲနဲခွာထားလေ့ရှိတယ်..ခုံနှစ်ခုကြားရအောင်ထိုင်..ပကိုအရင်ဖား..ဖားနေရင်းဒုကိုလည်းတခွန်း
နှစ်ခွန်းလှည့်ပြစ်ထားရသေးတယ်..ပနားပဲပြုံနေပြီးဒုနားလူမရှိရင်ဒုကတော်မျက်နှာက..လောက်မျက်နှာဟိုဟာ
ကပ်နေသလိုပဲ..လူများလာရင်ဒုဘေးကိုပြောင်းဆက်ဖား..ပပြုတ်ရင်ဒုကတက်လာမှဆိုတော့နေတတ်မှ...
လင်တော်မောင်ဘိုတွေကခပ်လှမ်းလှမ်းလောက်မှာအသုဘရှုဆိုတော့မျက်မှန်အနက်လေးတွေတပ်ပြီးရပ်နေ..
မယားအဖားကောင်းရင်လင်ရာထူးတက်မြန်သတဲ့...
ဒါလူမြင်ကွင်းမှာဖားနည်းပါ..
ပြိုင်ဖက်မရှိပဲတယောက်ထဲဆိုရင်တော့အပေါ်ပုံမှာလိုထိုင်ရပါတယ်..ကြားထဲဝင်စရာမလိုပါ..
တနာရီထိုင်ရင်အရှေ့ကိုလှမ်းကြည့်တာဆယ်မိနစ်မရှိဖူး..သူတို့Business နဲ့ပဲအလုပ်ရှုပ်နေကြတာ..
ဗိုလ်တွေမိန်းမယူရင်ပွဲစားကိုဖားတတ်ရဲ့လားလို့တောင်မေးလေ့ရှိဆိုပဲ..
မြန်မာပြည်မှာနောက်ဆို၃လပြတ်ဖားနည်းသင်တန်းတွေပေါ်လာရင်သင်တန်းဖွင့်မယ့်သူတွေအသုံးတဲ့တန်
ကောင်းပါရဲ့...
(မှတ်ချက်..ဒီထဲကပုံမှာထိုင်နေသူကဧည့်ဝတ်ပြုရတဲ့မိန်းကလေးဖြစ်မှာပါ..ဗိုလ်ကတော်တွေထိုင်တာနဲ့သွားတူနေလို့..
ဟိုး__ဘေးမှာရပ်နေတာတွေလေ..(၀၀ကြီးတွေမပါ)သူတို့ပေါ့..ခဏနေရင်..)


17 April 2010 ဒိုင်ယာရီ

http://ifile.it/ef4givl17 April 2010 Yeyintnge Diary

အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့

အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့

Saturday, April 17, 2010

(၂၀၁၀) ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့။
မြန်မာသင်္ကြန် အကြတ်နေ့။

သင်္ကြန်အခါသမယ ဟူသည် မြန်မာ တမျိုးသားလုံး၏ နေ့ထူးရက်မြတ် အချိန်အခါ သမယ။ ကုသိုလ်ကောင်းမှုများ ပြုကြသည့် ကာလ။ ကုန်ဆုံးခဲ့သော တနှစ်တာကာလ၏ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်ရမှုများ၊ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောကြသည့်ကာလ။ ဒီလို အခါကြီး၊ ရက်ကြီးအချိန်တွင် ပြည်သူအများ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကို ဖြစ်ပွားစေသော ဗုံးပေါက်ကွဲမှုများကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ထင်မြင်ထားကြ လိမ့်မည် မဟုတ်။ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်။ သို့ပေမယ့် ဤအဖြစ်ဆိုးများက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့ပါသည်။ ကြုံတွေ့ခံစားရသူများအတွက်ကား လောကငရဲတွင်းထဲ အရှင်လတ်လတ် ရောက်သွားခဲ့ကြရသည်။ သတင်းကြားသူအပေါင်းကလဲ နာကျင် ကြေကွဲ ခံစားကြရသည်။

“မြန်မာလူမျိုးဖြစ်လာရတာ ၀ဋ္ဋ်ကြွေး ပါလာလို့” ဟု အချို့က ဆိုကြဖူးသည်။ မျိုးဆက်တခုပြီး တခု ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ပြည်တွင်းစစ်မီးနှင့် စစ်အာဏာရှင်စနစ် အစရှိသော စနစ်ဆိုး အဖုံဖုံတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ခံစားခဲ့ကြရသည်။ မွေးဖွားလာသည့် အချိန်မှစ၍ မွေးရာပါ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများကို အပြည့်အ၀ မခံစားခဲ့ကြရ။ အကြောက်တရားနှင့် ဖိနှိပ်မှုများအကြားတွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းခဲ့ကြရသည်။ ဘ၀အနာဂတ်များ ပျောက်ဆုံးခဲ့ကြရသည်။

အခြေအနေအမျိုးမျိုးနှင့် ပြည်ပသို့ ရောက်လာပြန်တော့လဲ နှလုံးသားထဲတွင် မိမိကိုယ်ကို မြန်မာဟု ခံယူထားသည်ဆိုလျှင်၊ ပြည်တွင်းတွင် ကျန်ခဲ့သော မြန်မာပြည်သူလူထုအား သွေးသားရင်းချာ မောင်ရင်းနှမသဖွယ် စိတ်ထဲ ရှိသည်ဆိုလျှင် အိပ်မက်ဆိုးများ၊ စိတ်ဒဏ်ရာများက ပြီးဆုံးသွားမည် မဟုတ်သေး။ နေ့စဉ်နှင့်အမျှ ကြားနေရသော သတင်းဆိုးများက အိပ်စက် နားနေချိန်များကို ခိုးယူသွားတတ်ပြန်သည်။ ဘယ်နေရာမှာ လူတွေကို ဖမ်းသွားပြန်ပြီ၊ ဘယ်မှာတော့ လူကို ရိုက်သတ်လိုက်ပြန်ပြီ၊ ဘယ်မှာတော့ ကလေးငယ်လေးတွေ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် သေဆုံးရပြန်ပြီ၊ ဘယ်မှာတော့ တောင်းစားသူ ကလေးငယ်များ ပိုများလာပြီ၊ ဘယ်ရွာက အမျိုးသမီးတွေ မုဒိမ်းကျင့် သတ်ဖြတ်ခံရပြန်ပြီ၊ ရွာ ဘယ်နှစ်ရွာ ဖျက်ဆီးခံလိုက်ရပြန်ပြီ၊ နိုင်ငံရေး ဒုက္ခသည်တွေ ပိုများလာပြန်ပြီ အစရှိသည့် သတင်းဆိုးများမှသည် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မည်မျှအထိ မြင့်တက်နေပြီ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက မည်မျှအထိ နောက်ကျကျန်ရစ်နေသည်၊ သယံဇာတ အရင်းအမြစ်များက မည်မျှအထိ လက်ဝါးကြီးအုပ် အရင်းရှင်များ၏ လက်ထဲသို့ ရောက်နေသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်မျှအထိ မြင့်မားနေသည် အစရှိသော အစီရင်ခံစာများ အထိ သတင်းဆိုးများက စုံပဲ စုံလွန်းလှသည်။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးစုံ ရှိနေသည် ဆိုသော်လည်း အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုများ၊ အားနည်းချက်များကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံများ အလုံးစုံ ပျက်စီးနေသည့် မြန်မာပြည်လို နိုင်ငံမျိုးက ကမ္ဘာတ၀ှမ်းမှာ နိုင်ငံအနည်းငယ်သာ ကျန်ရစ်ပါတော့သည်။ လူသားတယောက်အဖြစ် တကမ္ဘာလုံးက လူအများ တွေ့ကြုံနေရသည့် ဒုက္ခဆိုးများကို ခံစားနားလည်မိသော်လည်း ကိုယ်ခန္ဓာထဲတွင် လည်ပတ်စီးဆင်းနေသော သွေးများက မြန်မာသွေးဖြစ်သည်မို့ မြန်မာဆိုလျှင်တော့ ပိုမို ခံစားနေရသည်လား မသိ။ သတင်းဆိုးများက “ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ငါဘာလုပ်ပေးရမလဲ” ဆိုသော စဉ်းစားတွေးခေါ်ချက်များကို စိတ်အစဉ်မှာ စွဲမြဲလာအောင် လှုံဆော်လျက်ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။

မြန်မာတယောက်အတွက် ဒီလိုနေ့စဉ် သတင်းဆိုးများနှင့်ကလဲ မပြီးသေး။ မြန်မာ့သမိုင်းကို သွေးနှင့် ရေးခံထားရသော အဖြစ်ဆိုးကြီးများကလဲ ရှိသေးသည်။ စာရေးသူ ပြည်ပသို့ စတင်ရောက်ရှိချိန်က ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းကာလ။ ရောက်ပြီး သိပ်ပင်မကြာလိုက်ပါ။ တုန်လှုပ်ဖွယ် သတင်းဆိုးကြီးတခုက ထွက်ပေါ်လာတော့သည်။ ယဉ်ကျေးသော လူသားမျိုးနွယ်များဆီမှာ ဖြစ်ပွားခဲ့သည်ဆိုခြင်းကို မည်သို့မျှပင် ယုံစားစရာ မရှိ။ လက်နက်ဆို၍ အပ်တစင်းမျှပင် ပါမသွားခဲ့သော တရားဝင် နိုင်ငံရေး ပါတီ တခု၏ ယာဉ်တန်းကို စောင့်ကြို တိုက်ခိုက်ပြီး လူအများကို ရိုက်နှက် သတ်ဖြတ်သည်တဲ့။ အမျိုးသမီးများကို လမ်းမပေါ်တွင်ပင် မုဒိမ်းကျင့် သတ်ဖြတ်သည်တဲ့။ ဒီလို လုပ်ရပ်မျိုးကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး လက်သပ်မွေးထားသော အရိုးအရင်း ကိုက်ရသူများက အကွက်ချ စီမံ ကျူးလွန်ခဲ့ကြသည်တဲ့။ သတ်ဖြတ်သူများကို အရေးမယူပဲ အကြမ်းဖက် သတ်ဖြတ်မှုများ၏ သားကောင်များဘ၀ ကျရောက်ပြီး အသက်မသေ ကျန်ရစ်ခဲ့သူများကို ထောင်ချပစ်သည်တဲ့။ ၂၁ ရာစုသစ်၏ တိုးတက်သော လူ့သမိုင်း ယဉ်ကျေးမှုကို မြန်မာနိုင်ငံက ခေတ်နောက်ပြန်ဆွဲ ပြလိုက်လေတော့သည်။ နိုင်ငံတော် အစိုးရကိုယ်တိုင် ဦးဆောင်ကျူးလွန်ခဲ့သည့် နိုင်ငံတော် အကြမ်းဖက်မှု ပြယုဂ် တခု။ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး၏ နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော စိတ်ဒဏ်ရာကြီး တခု။

ဤမျှနှင့်ကား မပြီးသေး။ ၂၀၀၇ ခုနှစ်ရောက်ပြန်တော့ ဗုဒ္ဓဘာသာ နိုင်ငံဆိုသည့် အချက်ကိုမှ မထောက်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ လှည့်လည်ကြသော ရဟန်းသံဃာတော်များကို လူအများ မြင်ကွင်း လမ်းများပေါ်တွင်ပင် ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်လိုက်ကြပြန်သည်။ မြန်မာပြည်သူများသာမက တကမ္ဘာလုံး တုန်လှုပ်သွားခဲ့ကြရသည်။ ကမ္ဘာ့လူသမိုင်းကို အရုပ်ဆိုး အကျည်းတန်စေခဲ့သည်။ ဒီမြင်ကွင်းများကို ကြည့်ရင်း လက်သီးဆုပ် မျက်ရည်ကျခဲ့ကြရသော မြန်မာလူမျိုးများ တကမ္ဘာလုံးတွင် မည်မျှ ရှိခဲ့လေသနည်း။ မည်မျှ ယူကျုံး မရ ဖြစ်ကြရမည်နည်း။ မည်သို့ပဲဖြစ်စေ ဤမျှကြီးမားသော နိုင်ငံတော်အကြမ်းဖက်မှုကြီးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားခဲ့ပြန်ပါသည်။

ဤမျှနှင့် ပြီးပြီလားဆိုတော့လဲ မပြီးသေးပြန်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် သန်းနှင့်ချီသော ပြည်သူအများ ဒုက္ခရောက်နေကြချိန်တွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ငြင်းဆန်ပြီး လူအများ ပိုမို အတိဒုက္ခရောက်စေသော ရာဇ၀တ်မှုကြီးကို ကမ္ဘာသိပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြလိုက်ပြန်ပါတော့သည်။ အလောင်းများက ပျံ့ကျဲနေသည်။ မနေနိုင်သည့် လူမှုရေး စိတ်ရှိသူများက ကူညီဖို့ ကြိုးစားသည်။ သတင်းသမားများက သတင်းယူသည်။ ဒါကိုပင် မနာလို မရှုစိမ့်နိုင်။ အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးသူများကို ဖမ်းဆီးထောင်ချသည်။ သတင်းသမားများကို ဖမ်းဆီးသည်။ ရပ်သိရွာသိ၊ ကမ္ဘာသိ ကျူးလွန်လိုက်သည့် နိုင်ငံတော်အကြမ်းဖက်မှုများ။

နိုင်ငံတော် အစိုးရဟူသည် ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။ သို့ပေမယ့် နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို စိတ်ပါလက်ပါ ကျူးလွန်နေသည့်အခါ ပြည်သူအများမှာ တောင်ပြေးမြောက်ပြေး ဖြစ်နေကြရတော့သည်။ လူဆိုသည်က သံယောဇဉ်နှောင်ထုံးများနှင့် အသက်ရှင် ရပ်တည်နေကြသူများ။ မွေးဖွားရာ အမိမြေကို မဆိုထားနှင့်။ နေထိုင်ကြီးပြင်းခဲ့ရာ မိသားစု အိမ်လေးကိုပင် သံယောဇဉ်တွယ်တတ်ကြသည်။ ရေမြေရပ်ခြားတွင် “အမေ့အိမ်” ဆိုသော သီချင်းသံလေးကို ကြားလျှင် ငိုင်သွားတတ်သူများကြီးသာ။ ဤမျှအထိ သံယောဇဉ်ကြီးတတ်ကြပါသည်။ အမိမြန်မာပြည်ဆိုလျှင်တော့ ပိုဆိုးသည်ပေါ့။

ပြီးတော့ မြန်မာ့မြေ၊ မြန်မာ့ရေကိုကလဲ သံယောဇဉ်လေးများကို ဖြစ်ထွန်းစေတတ်သည်လား မသိ။ လွန်ခဲ့သော လေးနှစ်ခန့်က သြစတြီးယား မှ ထုတ်ဝေသော မဂ္ဂဇင်းလေးတခုတွင် ရှမ်းမောမြေကို လွမ်းဆွတ်သည့် စာလေး တပုဒ်ရေးခဲ့ဖူးသည်။ ဒါကို ကနေဒါတွင် နေထိုင်သော အသက် ကိုးဆယ်အဖွားအို တယောက်က ဖတ်မိပြီး အယ်ဒီတာမှ တဆင့် စာရေးသူဆီ ဆက်သွယ်လာသည်။ သူက ဆယ့်လေးနှစ်အထိ ကလောတွင် နေခဲ့ဖူးသည်တဲ့။ မိတ်ဆက်လာခြင်းဖြစ်သည်။ နောက်ပိုင်းခင်မင်ရင်းနှီးသွားတော့ မြန်မာပြည်ကို သူမည်မျှ သံယောဇဉ်ရှိကြောင်း၊ စစ်အစိုးရ ပြုတ်ကျမှ သွားလည်မည်ဆိုပြီး စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ သူ့အသက်ရှင်နေတုန်းမှာ ရောက်ချင်သေးကြောင်း ပြောသည်။ မြန်မာလူမျိုးပင် မဆိုထားနှင့်။ မြန်မာပြည်တွင် ခေတ္တ နေခဲ့ဖူးသူတောင်မှ အာဏာရှင်စနစ်ဆိုးအကြောင်းကို နားလည်သည်။ ကန့်ကွက်ဆန့်ကျင်သည် ဆိုသည့်အချက်ကို အသက် ကိုးဆယ်အရွယ် လူမျိုးခြား အဖွားအိုတယောက်ထံမှ ရှင်းရှင်းလင်းလင်း သိခဲ့ရသောအသိ။ ထိုစဉ်က “မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရင် ကိုယ်တိုင်အလည်လာခေါ်မယ်” လို့ ကတိပေးခဲ့ဖူးသည်။ သူစောင့်နေမည်တဲ့။ ပြောသလိုပင် အဖွား “ကက်သရင်း” တယောက် အခုထိ စောင့်နေဆဲပါ။ မြန်မာပြည်ကား ဤမျှအထိ လူ့နှလုံးစိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။

မြန်မာတမျိုးသားလုံးကို အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အနိုင်ကျင့်စော်ကား သတ်ဖြတ်မှုများမှ ကင်းဝေးစေချင်သည်မှာ အဖွားကက်သရင်းတို့လို ကမ္ဘာ့ပြည်သူများအပါအ၀င် မြန်မာလူမျိုးအားလုံး၏ စိတ်ဆန္ဒ။ ဒီစိတ်ဆန္ဒတွေက ပြည်တွင်းတွင် စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်နေပါသည်။ အခြေအနေအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေစိုက် နေထိုင်နေကြရသည့် မြန်မာလူမျိုး အလုပ်သမား၊ ကျောင်းသား၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ နှလုံးသားထဲတွင်လည်း ဖြစ်တည်နေပါသည်။ အာဏာရှင်များ၏ လက်ကိုင်တုတ်များ အန္တရာယ်ကြောင့် ပြေးလွှားပုန်းအောင်းရင်း အနာဂတ်မဲ့နေကြရသော Internally Displaced Persons (IDP) လူဦးရေ တသန်းကျော်၏ ရင်ထဲက ဆန္ဒမှန်လဲ ဖြစ်ပါသည်။

သို့ပေမယ့် ဤဆန္ဒမှန်များ ပြည့်ဝလာမည့် ရွှေရောင်နေ့ရက်များနှင့်ကား ဝေးကွာနေကြရဆဲ။ ဝေးကွာနေရုံတင်မက နိုင်ငံတော်အစိုးရမှ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ အပါအ၀င် အကြမ်းဖက်မှုများ၏ အန္တရာယ်များကလဲ လူထု၏ စိတ်နှလုံးကို ခြောက်လှန့်နေကြဆဲ။

ခုလဲ- ထွက်ပေါ်လာပြန်ပါပြီ။ မြန်မာ့ရိုးရာ အခါသင်္ကြန်ကာလမှာ ပေါ်ထွက်လာသည့် ဗုံးသံများ။ ဗုံးသံများ၏ နောက်မှာ သေနတ်သံများ ပေါ်ထွက်လာဦးမည်လား။ စိုးရိမ်ဖွယ် အလွန်ပင် ကောင်းနေပါပြီ။ ဤ အကြမ်းဖက်မှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲမှုများနှင့် ပြောဆို ငြင်းခုန်မှုများက တောမီးပမာ ပျံ့နှံ့ပေါ်ထွက်နေပါသည်။ ပေါ်ထွက်လာသော အသံများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ ဒါကို စစ်အာဏာရှင်အစိုးရ၏ နိုင်ငံတော် အကြမ်းဖက်မှု ပုံစံသစ် တခုအနေဖြင့် ကောက်ချက်ချ သတ်မှတ်ကြပါသည်။ ကောက်ချက်ချနိုင်ဖွယ် နိုင်ငံရေး အကျပ်အတည်းများကလဲ အာဏာရှင် အစိုးရတွင် ဖြစ်ပေါ်နေပါသည်။

အာဏာရှင် အစိုးရက သူတို့အလိုကျ စိတ်တိုင်းကျရေးဆွဲပြီး အတင်းအကြပ် အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲကာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်သည်။ သို့ရာတွင် ဤ ပြင်ဆင်ချက်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (democratic transitions) ကို ဦးတည်ခြင်း မဟုတ်ပဲ ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ထွန်းကားလာစေရေးကို သာ ဦးတည်နေသည်။ ဒါကို သိမြင်သော တပ်ဦးနိုင်ငံရေးပါတီက ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ထားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သော တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များကလဲ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် စစ်အာဏာရှင်တို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေး စီမံချက်များကို ငြင်းဆန်ထားသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရမှာ အရူးမီးဝိုင်းသလို ဒုက္ခရောက်နေသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လိုချင်၍ ဒီမိုကရေစီ အမည်ခံထားသည့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို မလိမ့်တပတ် အကောင်အထည်ဖော်ရန် ကြိုးပမ်းကာမှ “မခိုးမီက လူမိ” သည့် အခြေအနေကို ဆိုက်နေသည်။

ဤအခြေအနေမျိုးတွင် တပ်ဦးနိုင်ငံ ရေး ပါတီ ခေါင်းဆောင်များကို ဗြောင်သွားဖမ်းလို့ကလဲ မရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သေနတ်သံသွားပေးလို့ကလဲ မရ။ လူထုက လက်ခံမည်မဟုတ်။ ယင်းအတွက် လူထု၏ စိတ်အာရုံကို လှည့်စားရန်နှင့် လူထု လေးစားသော အဖွဲ့အစည်းများကို လူထုနှင့် ခွဲထုတ်ရန် အခြေအနေကြီးတခု ဖန်တီးဖို့ ယင်းတို့အတွက် လိုအပ်နေသည်။ ဒီအတွက် အကြမ်းဖက် တိုက်ခိုက်မှုများကို လူအများစုဝေးသွားလာတတ်သော နေရာများတွင် ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည်။ ယင်းသို့ လုပ်လိုက်ခြင်းဖြင့် ၄င်းတို့ ပစ်မှတ်ထားသော ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြ ဖမ်းဆီးနိုင်သည်။ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများဖြင့် စတင်တိုက်ခိုက်နိုင်လာသည်။ စစ်ရေးလေ့လာသူများက ဤသို့သော မဟာဗျူဟာကို (Winning the Hearts and Minds of People) ဟု ခေါ်တွင် သုံးစွဲလေ့ရှိပြီး၊ ဤမဟာဗျူဟာကို အာဏာရှင် အစိုးရများက တလွဲဆံပင်ကောင်း အသုံးချတတ်လေ့ရှိသည်။ ဤသည်ကား သုံးသပ်ချက်သာဖြစ်သည်။ စွပ်စွဲချက်မဟုတ်။

အချို့ကလည်း ဤဖြစ်ရပ်ကို တော်လှန်ရေးသမားများ လက်ချက်ဟု ဆိုကြသည်။ လူထုတော်လှန်ရေးဆိုသည်မှာ လူထုထဲတွင် တပ်ဖျောက်ပြီး၊ လူထုနှင့် တသားတည်းရှိမှသာ အောင်မြင်သည်။ လူထုနှင့် တော်လှန်ရေး အဆက်ပြတ်လို့ မဖြစ်။ တော်လှန်ရေးသမား တယောက်အတွက် ပြည်သူလူထုသည်သာ အဖ၊ ပြည်သူလူထုသည်သာ အမိဖြစ်သည်။ လူထုက လက်ခံနေသရွေ့ကာလပတ်လုံး အာဏာရှင်အစိုးရက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ တော်လှန်ရေး ရှိနေမည်ဖြစ်သည်။ တော်လှန်ရေးသမားက လူထု၏ ဒုက္ခဆင်းရဲကို တွေ့မြင်ပြီး လူထုကြီးရှေ့က မားမားမတ်မတ်ရပ်တည်ကာ အာဏာရှင်ကို ဆန့်ကျင်သည်။ လူထုကြီးကလဲ တော်လှန်ရေးသမားများကို ငွေအား၊ လူအား၊ စိတ်ဓာတ်အင်အားဖြင့် ပံ့ပိုးသည်။ အပြန်အလှန် အမှီသဟဲ ပြုနေကြသည် ဖြစ်သည်။

အဆိုပါ အမှီသဟဲ ပြုနေသည့် တော်လှန်ရေးသဘောသဘာဝကို စိတ်ပေါ့သွမ်း ရူးသွပ်နေခြင်း မရှိသည့် တော်လှန်ရေးသမား တိုင်း နားလည်သည်။ အာဏာရှင် လက်ကိုင်တုတ်များက အမိအဖနှင့်တူသော ပြည်သူလူထုကြီး၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်တတ်ပေမယ့် စစ်မှန်သော တော်လှန်ရေးသမားများတွင် ဤသို့ ကိုက်လေ့ကိုက်ထ ထုံးစံမရှိ။ သို့ပေမယ့် အထက်တွင် ဆိုထားသလို ပြည်သူလူထုကို အသုံးချ အမြတ်ထုတ်လိုသော စိတ်ပေါ့သွမ်း ရူးသွပ်သူများလဲ မရှိဘူးဟု မဆိုနိုင်။ ဤကား သုံးသပ်ချက်သာ ဖြစ်သည်။ စွပ်စွဲချက် မဟုတ်။

မည်သို့ဆိုစေ အပြန်အလှန် စွပ်စွဲနေရုံနှင့်လဲ ပြီးမည်မဟုတ်။ ဟိုထင်၊ ဒီထင် ထင်ကြေးများ ပေးနေကြရုံနှင့်လဲ ပြီးမည့် အရာ မဟုတ်။ အောက်တန်းကျသော၊ လူမဆန်သော လုပ်ရပ်များကို ပြုလုပ်သူများအတွက်ကတော့ ဘယ်သူသိသိ၊ မသိသိ၊ ကိုယ့်ဘာသာကိုယ် အသိဆုံးပင် ဖြစ်ပေလိမ့်မည်။ သံသရာ အဆက်ဆက်တွင် တူသောအကျိုးကို ခံစားကြရပေလိမ့်မည်။

လက်ရှိတွင် မြန်မာတမျိုးသားလုံးအတွက် အရေးကြီးသည့် စဉ်းစားမှုကား “နိုင်ငံတော် အကြမ်းဖက်မှုအပါအ၀င် ယခု အဖြစ်ဆိုးကဲ့သို့သော အကြမ်းဖက်မှု သတင်းဆိုးများကို မည်မျှအထိ ခံနိုင်ရည်ရှိရှိ ဆက်လက် နားဆင်လိုနေကြသေးသနည်း” ဆိုသည်ပင် ဖြစ်သည်။ ဘယ်သူလုပ်သည်ဆိုသည်ထက် ဘာကြောင့် ဒီလို ဖြစ်ရသည်ဆိုသည်ကို ဖောက်ထွက် တွေးတောကြဖို့ လိုအပ်လာပြီဖြစ်သည်။ ပြဿနာ အရင်းခံမှာ နိုင်ငံရေး မတည်ငြိမ်မှုပင် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော နိုင်ငံရေး မတည်ငြိမ်မှုမှာ ဘာကြောင့် ဖြစ်ရသနည်း။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေရခြင်း ပင်ဖြစ်သည်။ စစ်အာဏာရှင် စနစ် မရှိသည့် နိုင်ငံများတွင်ကော အကြမ်းဖက် တိုက်ခိုက်မှုများ မရှိဖူးလားလို့ မေးလိုသူက မေးလိုပေလိမ့်မည်။ ရှိသည်ဟုပင် ဖြေရပေမည်။

သို့ပေမယ့် အကြမ်းဖက်မှု အသွင်သဏ္ဍာန်ပုံစံများက ကွဲပြားခြားနားသည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမျိုးသားညီညွတ်ရေး အပေါ်တွင် အခြေတည်ထားသော ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံတော်အစိုးရမှ ကျူးလွန်သည့် နိုင်ငံတော် အကြမ်းဖက်မှု (state terrorism) အမျိုးအစားများ မရှိသလောက်ရှားသည်။ ပြည်တွင်းစစ်ကြောင့် ပေါ်ထွက်လာနိုင်သော အကြမ်းဖက်မှုများ နည်းပါးသည်။ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက် အဖွဲ့များဖြစ်သော Transnational actors များကြောင့် ဖြစ်ပွားရသော အကြမ်းဖက်မှု အန္တရာယ်မှ လွဲလျှင် အခြားသော အကြမ်းဖက်မှု အမျိုးအစားများ၏ အန္တရာယ်ကို ကြုံတွေ့ရမှု နည်းပါးသည်။ ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်သည့် နည်းလမ်းများက လည်း နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပိုမို ထိရောက်သည်။ လူထုနှင့် အစိုးရအကြားတွင် ရှင်းလင်းသော ဆက်ဆံရေး ရှိခြင်းကြောင့် အမျိုးသားအကျိုးစီးပွားကို ပြည်သူလူထု၊ လုံခြုံရေး တာဝန်ရှိသူများနှင့် အစိုးရ သုံးဦးသုံးဖလှယ် ပူးတွဲ ကာကွယ်စောင့်ရှောက်နိုင်သည်။ မြန်မာနိုင်ငံတွင်ကား နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို ကျူးလွန်နေသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မည်သို့မှ ပူးတွဲအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသကဲ့သို့ အကြမ်းဖက်မှုများ၏ မြစ်ဖျားခံရာသည် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှု ပြဿနာများသာလျှင် ဖြစ်တော့သည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်ကလည်း စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းရန် လုပ်ဆောင်ရုံမှ တပါး အခြားနည်းလမ်းက မရှိ။ အုတ်မြစ် မခိုင်၍ ယိုင်နေသော အဆောက်အအုံကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြုပြင်ပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုလုပ်၍ မရပါ။ လိုအပ်လျှင် အဆောက်အအုံ တခုလုံးကို ဖြိုချပြီး အုတ်မြစ် အသစ် ချတန်လျှင် ချရပေလိမ့်မည်။

သို့ပါ၍ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး အတူတကွ လက်တွဲကာ “နိုင်ငံတော်အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံ အား ဆန့်ကျင်ကန့်ကွက်၍၊ ခြစား ယိုယွင်းနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားကြီးကို ဖြိုလှဲကာ၊ လူသားလုံခြုံရေး (Human Security) နှင့် လူ့အဖွဲ့အစည်း လုံခြုံရေး (Society Security) ကို ဆောင်ကျဉ်းပေးနိုင်သော မြန်မာ့ လူဘောင်သစ်ကို တည်ဆောက်ကြပါစို့” ဟု တိုက်တွန်း ရေးသား လိုက်ရပေသည်။

ခင်မမမျိုး (၁၆၊ ၄၊ ၂၀၁၀)

(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်။ နိုင်ငံတကာ လေ့လာရေးအသင်းကြီး၏ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး (SIG) အဖွဲ့ဝင်ဖြစ်ပြီး၊ လက်ရှိတွင် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အင်စတီကျူတခုမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သုတေသနစာတမ်းများ လေ့လာရေးသားခြင်းနှင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်နေပါသည်။)

မုန်းတယ်

မုန်းတယ်
မာမာအေး
ဧပြီ ၁၆၊ ၂၀၁၀

သင်္ကြန်မှာ လာတိုက်တဲ့
ငမိုက်သား လူယုတ်မာ
ဘယ်က ဟာတွေလဲ။

အမဲဖြစ်ဖြစ်
အဖြူဖြစ်ဖြစ်
မင်း … လူမှ စစ်ရဲ့လား။ ။

အများ … ဒို့ပြည်သူ
ငတ်သူငတ်၊ ပြတ်သူပြတ်
လူဖြစ်ကျိုးမနပ်၊
သံချပ်သံ ရပ်။ ။
ကုတ်ကပ်လို့ အပျော်ရှာ
သင်္ကြန်မှာ အဖော်အသင်းတွေနဲ့
တေးသီရင်း ကလို့ခုန်
ကကြိုးတောင် မစုံသေး
ဗုံးပေါက်လို့ ပြေးရသတဲ့
အောင်မယ်လေး ! ကြုံဘူးပေါင်
ယုန်ကိုထောင် ကြောင်ကိုမိတယ်လေး
ပြည်သူ့ရင်သွေး၊ ဒို့ရင်သွေးတွေမို့
ငါမုန်းတေး သီလိုက်ရဲ့
မဟီသေလာ၊ ၀ဠာတခို
အကြိုအကြား သိစေသား။ ။

လူသတ်သမား သနားမရှိ
ဒုဂ္ဂတိသွား - အခြားမရှိ
မုန်းပါဘိ၊ မုန်းပါဘိ၊ မုန်းပါဘိ။ ။

ဧပြီ ၁၆၊ ၂၀၁၀

http://moemaka.com/index.php?option=com_content&task=view&id=6245&Itemid=1

မာအေးရဲ့နှစ်သစ်မင်္ဂလာဆုတောင်း...

ချစ်ဆွေတို့ရေဘာတွေဖြစ်ဖြစ်နှစ်သစ်တနှစ်ကိုကူးပြောင်းတော့မယ် မာအေးချစ်တဲ့နိုင်ငံနဲ့ချစ်ဆွေတို့အားလုံးအတွက် မာအေးကိုယ်တိုင်ရေးစပ်သီဆိုခဲ့တဲ့ မင်္ဂလာတေးတပုဒ်ကိုမင်္ဂလာနှစ်သစ်လက်ဆောင်အဖြစ်ဝေမျှလိုက်ပါတယ်၊ ဒီသီချင်းလေးက ပြောစရာတွေလည်းတပုံကြီးရှိသေးတယ်မာအေးရဲ့ဘီဘီစီအသံလွှင့် အစီအစဉ်ကနေပြီးခဲ့တဲ့ကြာသာပတေးနေ့မှာအသံလွှင့်ခဲ့ပြီး၊ အခုဗီဒီယိုလိုက်ဖ်ရှိုးကဒိန်းမတ်နိုင်ငံရောက်စဉ် မြန်မာသင်္ကြန်ပွဲမှာသီဆိုခဲ့တာဖြစ်ပါတယ်။
by ပန်းချီ-ဒီဇိုင်း ကိုမျိုး

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၁၇၊ ၂၀၁၀
ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
မေလဆန်းဖို့ မပြောနဲ့ဦး၊ ဧပြီလတောင် မကုန်သေးခင်၊ သင်္ကြန်ကာလတွင်းမှာတောင် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး အပြင်ကရှုမြင်သုံးသပ်ပုံ မျိုးစုံကြားနေရချိန်မှာ - နိုင်ငံရေးပါတီအဖြစ်ထက် နိုင်ငံရေးပါတီအဖြစ်က လျှောကျသွားတဲ့ အင်န်အယ်ဒီ၊ နိုင်ငံရေး ဆက်မလုပ်နိုင်တော့တဲ့ အင်န်အယ်ဒီ၊ ပြိုကွဲတော့မယ် အင်န်အယ်ဒီလို့ တံဆိပ်ကပ်၊ ကင်ပွန်းမျိုးစုံ တပ်လာကြတာကိုတွေ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။
ဆရာက မိုးမခကို ပြန်လည်ထောက်ပြရာမှာ နံမည်ပေး၊ ကင်ပွန်းမျိုးစုံတပ်ခံရတာဟာ အင်န်အယ်ဒီပါတီအတွက် အထူးအဆန်းမဟုတ်ကြောင်း၊ ယခင်က နှစ်ပေါင်းများစွာမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကတည်းက အင်န်အယ်ဒီကို အများက ကင်ပွန်းတပ်ခဲ့ကြတာက - “ပါတီရှင်သန်ရေးကိုသာ ဦးစားပေးရပ်တည်တဲ့ ပါတီ” ဆိုတာ ဖြစ်ကြောင်း၊ ဒ့ါအပြင် “စစ်အစိုးရရဲ့ အငြိုအငြင်ကို မခံနိုင်တဲ့ ပါတီ” တခုလို့လည်း ပြောကြသေးတဲ့အကြောင်း၊ ယခုလို မတ်လ ၂၉ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူး၊ အဲသည်ဥပဒေအရ ထပ်မံမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ တခဲနက်ဆုံးဖြတ်ချက်ချလိုက်ပြန်တော့လည်း နောက်ထပ် အခုလိုမျိုး တံဆိပ်ပေါင်းစုံ၊ ကင်ပွန်းအမည်စုံ ပေးကြပြန်လို့ အသစ်အဆန်း မဖြစ်ကြောင်း ပြန်လည် ပြောကြားပါတယ်။
ဆရာက ပါတီရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်လည် သုံးသပ်ပြရာမှာ -
“ပါတီရဲ့ ခေါင်းဆောင်မှုဟာ အရင်တုံးက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဟုတ်လား၊ စစ်အုပ်စုနဲ့ ထိပ်တိုက်မရင်ဆိုင်ဘူး၊ အာခံတာမျိုးတွေ၊ ဆန့်ကျင်တာမျိုးတွေကို ထုတ်ဖော်မပြသချင်ဘူး။ စစ်အစိုးရရဲ့ ဥပဒေဘောင်အတွင်းမှာပဲ ငြိမ်ငြိမ်ပဲ နေချင်တယ်ဆိုတာမျိုးတွေ ဖြစ်နေခဲ့တယ်။ ဒီသဘောမျိုးကို ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျင့်သုံးခဲ့တယ်။ ၁၉၉၅ မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်အတွင်းမှာတော့ ပါတီဟာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ နောက်ပြီးတော့ ၂၀၀၀ ကနေ ၂၀၀၂ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ပြန်ကျချိန်မှာ ပါတီမှာ ပြန်ပြီးတော့ ပါတီရှင်သန်ရေးတို့၊ စစ်အစိုးရနဲ့ ပြသနာမဖြစ်စေရေးတို့က အသံပြန်ကျယ်လာတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးနောက်ပိုင်းမှာလည်း ပါတီရဲ့ ရည်တည်ချက်ဟာ ထိုအတိုင်းပဲ ပါတီရှင်သန်ရေးက အရေးကြီးတယ်၊ အစိုးရနဲ့ ပြသနာမဖြစ်စေနဲ့တို့က အဓိကဖြစ်နေခဲ့တာကို တွေ့ရတယ်” လို့ ပြောပြပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အဲသည်လိုမျိုး ကန့်သတ်တဲ့ရပ်တည်ချက်နဲ့ ပါတီက ခေါင်းဆောင်မှုပေးနေချိန်မှာ ပါတီဝင်တွေ၊ တက်ကြွတဲ့ ပါတီခေါင်းဆောင်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေဟာ အဲသည်ချမှတ်ထားတဲ့အတိုင်း မနေခဲ့ကြဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အတိုက်အခံနိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ လှုပ်ရှားခဲ့ကြလို့ သူတို့တတွေကို စစ်အစိုးရက အရေးယူတာအပြင်ကို ပါတီကလည်း အရေးယူခဲ့တာတွေ ရှိတယ်မဟုတ်လား ဆိုတဲ့ အချက် ဖြစ်ပါတယ်။
“ဟုတ်တယ်။ ပါတီက အရေးယူတဲ့နေရာမှာ ပါတီရဲ့ ရပ်တည်ချက်၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းတွေ ဖောက်ဖျက်လို့၊ နားမထောင်လို့ ဆိုပြီးတော့ ပါတီကနေ ဖယ်ရှားတဲ့အထိ အရေးယူတာမျိုးတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာတိုင်းမှာ အဲသည်လိုမျိုး အရေးယူခံရသူတွေကို ပြန်ပြီးတော့ ခေါ်တယ်၊ တွဲခေါ်တယ်။ ဆွေးနွေးညှိနှိုင်း ပြန်လည်တည်ဆောက်တာတွေ လုပ်လေ့ရှိတယ်။ ပါတီထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ - ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်အပြင်၊ တိုင်းကနေစလို့ မြို့နယ် ကျေးလက်အထိ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပါတီစကားနားမထောင်လို့ ဆိုပြီး ဖယ်ရှားခံရတာတွေ၊ အရေးယူခံရတာတွေ ရှိတယ်။ တချို့ဆိုရင် အရေးယူပုံက ပါတီရုံးခန်းကို မလာရဘူးဆိုတာမျိုး အထိတောင် ရှိတယ်။ ဥပမာ - ထင်ရှားတဲ့သူတွေ ပြောရရင် နော်အုံးလှတို့၊ ဗိုလ်မှူးမောင်အေးတို့လို လူမျိုးတွေ ရှိတယ်။ အတော်များများ ရှိတယ်။ အဲသည်တော့ ပါတီမှာ အနည်းနဲ့ အများ စည်းရုံးမှု အားနည်းလာတာပေါ့ကွာ။ အယူအဆတွေ သီးခြားရှိလာတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်လာတယ်။ ပါတီတွင်း ပါတီပြင်ပမှာ တယောက်တပေါက် ပြောသံ ဆိုသံတွေ ထွက်လာရတာပေါ့” လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ ပါတီရဲ့ ခေါင်းဆောင်မှုအောက်ကကင်းကွာလာတဲ့ အင်န်အယ်ဒီပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုတွေဆိုတာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက သံဃာတော်တွေနောက်က လွှတ်တော်ကိုယ်စားလှယ်အလံ ထောင်ပြီး ချီတက်လာတာမျိုးတွေ၊ အင်န်အယ်ဒီ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေက သူတို့အစီအစဉ်နဲ့ သူတို့ သံဃာ့သပိတ်မှာ ပါဝင်အားပေးဆောင်ရွက်မှုတွေကို ပြောနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ဆရာက ဖြေကြားရာမှာ -
“ ဟုတ်တယ်။ ခေါင်းဆောင်ပိုင်းက အကန့်အသတ်တွေ ချမှတ်ထားတဲ့အခါ အင်န်အယ်ဒီပါတီတခုလုံးအနေနဲ့ ၂၀၀၇ မှာ မလှုပ်ရှားနိုင်ခဲ့ဘူး။ တညီတညွတ်တည်း မစဉ်းစားနိုင်ခဲ့ကြဘူး။ ပါတီရဲ့ ဦးဆောင်မှုက အားနည်းတော့ လူထုကလည်း လိုက်ပါသင့်သလောက် မပါလာတော့ဘူး။ အင်န်အယ်ဒီက အမတ်တွေက သီးခြားဝင်ရောက် လှုပ်ရှားလာကြရတယ်။ တော်တော်များများ ရှိတယ်။ သို့သော် မဖြစ်ခဲ့ဘူး။ အံတုဖို့ မလုပ်ချင်ဘူး။ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့တဲ့ သဘောထားတွေက အားကောင်းခဲ့တယ် ပေါ့ကွာ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ သူ ထွက်ပြီး ရပ်တည်ခဲ့တယ်။ ခြံထဲက ထွက်လာပြီး သပိတ်မှောက်သံဃာတော်တွေကို ရှိခိုးတယ်။ သူ့အိမ်ရှေ့ကို ရောက်လာတဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး လိုက်နာမှုပြသခဲ့တယ် လို့ ဆိုနိုင်တယ်။ ဒါကိုလည်း နည်းပညာတွေ ဆက်သွယ်ရေးတွေ ကောင်းလို့ ကမ္ဘာက မျက်မြင်သက်သေဖြစ်သွားရတာလည်း အရေးကြီးတဲ့ အချက်ပဲနော်။ အဲသည်လိုမျိုး လူတွေက မြင်နေရတာတောင်မှ ပါတီက ရှေ့တန်း မထွက်နိုင်ခဲ့ဘူး။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက သူတို့ ဆုပ်ကိုင်ထားတဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲတဲ့ အရေးအခင်းကို လက်မခံနိုင်ခဲ့ဘူး။ အဲလိုပြောချင်တယ်။” လို့ ဆရာက ပြောကြားပါတယ်။
အဲသည်မှာ ဆရာ့ကို ဆက်ပြီး ဆွေးနွေးမိတာက ၂၀၀၇ အရေးအခင်းမှာ စစ်အစိုးရက သံဃာနဲ့ လူထုကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နှင်းပစ်ခဲ့တယ်။ အဲဒါပြီး မကြာဘူး၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတယ်။ အဲသည်မှာ ပြည်သူလူထုနဲ့ အင်န်အယ်ဒီပါတီကြားမှာ ကွာဟချက်က ထင်ရှားနေတဲ့အတွက်၊ ဒါ့အပြင် အင်န်အယ်ဒီပါတီကလည်း ထင်ရှားတဲ့ ဆုံးဖြတ်ချက်တခုချမှတ်ပြီးတော့ ပြည်သူလူထုကို ဦးဆောင်မှုမပေးနိုင်တဲ့အတွက် စစ်အစိုးရက နည်းမျိုးစုံ သုံးပြီးတော့ သူတို့ရဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ပါတီက မထုတ်ပြန်နိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကို ပြောမိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ သူ့အနေနဲ့ ကန့်ကွက်မဲပေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပြမိပါတယ်။
“၂၀၀၈ အခြေခံဥပဒေမှာ အားလုံးက အဓိကအဆုံးအဖြတ်ပေးရမယ့် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်မှုကို ၀ိုင်းကြည့်နေကြတာ၊ ၀ိုင်းပြီးတော့ စောင့်ကြည့်နေကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ခုနင်က ပြောပြီးဖြစ်တဲ့ ပါတီ ရှင်သန်ရေးက အရေးကြီးတယ်၊ စစ်အစိုးရနဲ့လည်း အတိုက်အခံအဖြစ်မခံနိုင်ဘူးဆိုတဲ့ အယူအဆတွေ အားကောင်းနေတာတွေကြောင့် ဒီလိုပဲ ဖြစ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။” လို့ ဆရာ ဦးဝင်းတင်က မှတ်ချက်ပေးပါတယ်။
အဲသည်နောက် ၂၀၀၈ စက်တင်ဘာမှာ ဆရာဦးဝင်းတင် ထောင်က လွတ်မြောက်လာပါတယ်။ ထောင်က၊ အစိုးရက သူ့ကို လွှတ်ပေးလိုက်တာပါ။ သူကတော့ အဲသည်ကတည်းက နိုင်ငံရေးအကျဉ်းသားတဦး၊ ထောင်သားတဦးလို့ ရပ်တည်နေဆဲပါပဲ။ အဲသည်အတွက် ထောင်ဝတ်စုံ ရှပ်အက်ျီအပြာကြီးကို ဆက်လက် ၀တ်ဆင်နေဆဲပဲ ဖြစ်ပါတယ်။ ဆရာလွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီမှာ ဆရာက မူလအတိုင်း ပါတီဝင်တဦး၊ ခေါင်းဆောင်တဦးအနေနဲ့ ဆက်လက်ရပ်တည် လှုပ်ရှားလာခဲ့တာကြောင့် ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ ဆရာနဲ့ ကြားမှာ ဘယ်လို နားလည်မှုတွေ တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို မေးဖြစ်ပါတယ်။
“ကျနော် ထောင်က ထွက်လာတယ်။ ထွက်ပြီး ၂ ရက် ၃ ရက်အတွင်းမှာ ဦးအောင်ရွှေ ကိုယ်တိုင်က လာရောက်ဖိတ်ခေါ်တယ်။ ပါတီမှာ မူလအတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့။ ကျနော်က စီအီးစီတာဝန်တွေ၊ ရာထူးတွေက အသာထားလိုက်ပါ။ မလိုပါဘူး။ ကျနော်က ပါတီမှာ လုပ်စရာရှိတာနဲ့ နိုင်ငံရေးတွေ ဆက်လုပ်မယ်။ ပါတီအင်အားတောင့်လာအောင် ဆက်လုပ်မယ်။ စီအာရ်ပီပီ - ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ ဆက်လုပ်မယ်။ သည်လိုမျိုး သဘောထားပေးလိုက်တယ်။ နောက်ပြီးတော့ ကျနော်က ဦးအောင်ရွှေတို့ကို မေတ္တာရပ်ခံတာက ပါတီတွင်း အရေးယူတာတွေကို ပြန်ပြီး စဉ်းစားကြပါ။ စည်းကမ်းထိန်းသိမ်းရေးအရ၊ လုပ်ငန်းစဉ်၊ မူဝါဒတွေကို ဆန့်ကျင်လို့ အရေးယူတာတွေကို ယူပါ။ သို့သော် ပါတီဝင်တွေကို ပြင်းပြင်းထန်ထန်ကြီး အရေးယူတယ်ဆိုတာ၊ ဖယ်ရှားတယ်ဆိုတာမျိုးတွေ မလုပ်ကြပါနဲ့။ ရန်သူတယောက်လိုမျိုး အရေးမယူပါနဲ့။ အဲသည်လိုမျိုး မေတ္တာရပ်ခံပါတယ်။”
ဆရာက ဆက်လက်ပြီး ဥပမာ ပေးရာမှာ -
“ ပါတီဝင်တဦးက တာဝန်က ချတယ်။ တနှစ် အရေးယူတယ်။ ရပါတယ်။ ထားပါ။ သို့သော် သူ့ကို ပါတီက ပြန်လည် ထူထောင်ခွင့်၊ ပြန်လည်တည်ဆောက်ခွင့်တွေ ပေးရမယ်။ ပြန်ပြီးတော့ မိတ်ဆွေတွေ အချင်းချင်း လက်တွဲညှိနှိုင်းမှုတွေ ပြုကြရမယ်။ ကျနော်တို့ ပါတီတွင်းမှာ အာဏာရှင်ဆန်တဲ့အရေးယူမှုမျိုးအစား အားလုံးအတူတကွ ညှိညှိနှိုင်းနှိုင်း ဆွေးနွေး သင့်မြတ်မှုတွေနဲ့ တည်ဆောက်ကြဖို့ကို ကျနော်က မေတ္တာရပ်ခံပါတယ်။ နောက်ပိုင်းမှာ အဲသည်လိုမျိုး ပြေပြေလည်လည်တွေ ဖြစ်လာပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာ အရေးယူမှုတွေ မရှိတော့ဘူးလားလို့တော့ မဟုတ်ဘူး။ ရှိတာပါပဲ။ အရေးယူတာတော့ ရှိပါတယ်။ ပါတီက ဖယ်ရှားတာတို့၊ ထုတ်ပယ်တာတို့မျိုးတွေ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။”
၂၀၀၈ နှောင်းပိုင်းက စတင်ပြီး ဆရာဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့နောက် ပါတီတည်ဆောက်ရေးအတွက် ဘယ်လိုခြေလှမ်းတွေ၊ တိုးတက်မှုတွေ ထင်ရှားလာတာတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ -
“ကျနော်လွတ်လာပြီးနောက် နှစ်ကုန်ပိုင်းမှာ အကျဉ်းသား ၆ ထောင်ကျော်ကို စစ်အစိုးရ လွှတ်ပေးပြန်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါတယ်။ အဲသည်မှာ ပါတီဝင်ရဲဘော်တွေကို ပြန်လည် ဖိတ်ခေါ်ခဲ့ကြတယ်။ ပြန်ပြီးလက်တွဲကြဖို့ကို လိုက်လံပြောဆိုကြတယ်။ ပါတီရဲ့ ခေါင်းဆောင်မှုမှာ သဘောထားပြောင်းလာတဲ့သဘောကို ထုတ်ဖော်ပြသ ဆောင်ရွက်ကြပါတယ်။ ယုံကြည်မှုအားနည်းနေသေးတဲ့အတွက် အကုန်အစင် အောင်မြင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပြီးတော့ ပါတီကနေ ခပ်ခွာခွာနေပြီးတော့ သီးခြား စုဖွဲ့ လှုပ်ရှားမှုတွေကလည်း သူ့ဟာနဲသူ အားကောင်းနေတာတွေ ရှိတယ်။ ကျယ်ပြန့်လာတာတွေကိုလည်း အဲသည်တုန်းက တွေ့နေရတယ်။ နော်အုံးလှတို့ အင်္ဂါဆုတောင်းအဖွဲ့ဟာ မြို့နယ်တွေ အနှံ့ပြန့်လာတယ်။ ဗိုလ်မှုးမောင်အေးဆိုရင် နိုင်ငံရေးစာတမ်းတွေ ရေးတယ်၊ တင်သွင်းတာတွေ လုပ်နေတယ်။ ဒါတွေ သူ့ဟာနဲ့သူ ရှိနေတယ်။” လို့ ဆရာက ဖြေပါတယ်။
သို့သော်လည်း အဲသည်လိုမျိုး ပါတီမှာ ယုံကြည်မှုတည်ဆောက်ဖို့ကာလက အေးအေးဆေးဆေးရှိတဲ့ ကာလမဟုတ်သော်ငြား၊ အင်န်အယ်ဒီပါတီက ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ဆွေးနွေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒေါ်စုအပါအ၀င် ပြန်လည် လွှတ်ပေးကြဖို့၊ စစ်အစိုးရနဲ့ အတိုက်အခံအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကို မီးမောင်းထိုး တောင်းဆိုပြနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ အဲသည်ဆောင်ရွက်ချက်တွေကြောင့် အင်န်အယ်ဒီကို ပြည်သူတွေက ယုံကြည်မှုပြန်လည်ရရှိမယ်လို့ မျှော်လင့်ချက် ရောင်ခြည်သန်းမယ် မကြံသေးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို အမေရိကန်နိုင်ငံသား ယက်တော ခိုးဝင် ကျုးကျော်ဖို့ ကြံစည်တဲ့ အမှုအခင်းဖြစ်ပွားပါတော့တယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ပါတီအတွက် ရင်ဆိုင် ဖြေရှင်းကြသလဲဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာပါတယ်။ ဦးဝင်းတင်က ပြန်လည် ဖြေကြားရာမှာ -
“အဲသည်အရေးကိစ္စဖြစ်တဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုက အရင်တုံးကလို ပြန်ဖြစ်သွားတယ်။ ပါတီက စစ်အစိုးရနဲ့ ထိပ်တိုက်မရင်ဆိုင်လိုဘူး။ စစ်အစိုးရခွင့်ပြုထားတဲ့အတိုင်း တရားရုံးထဲမှာ သွားရင်ဆိုင်ကြမယ်။ သည်လို ဖြစ်လာတယ်။ အဲသည်မှာ ကျနော်က အင်းစိန်ထောင်ရှေ့မှာ ကျနော့်သဘောနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အတွက် မိမိဆန္ဒကို ဖော်ထုတ်တဲ့ အနေနဲ့ သွားပြီး ထိုင်တယ်။ အနီးဆုံး လမ်းဘေးမှာ သွားထိုင်တယ်။ ကျနော်နဲ့အတူ မိတ်ဆွေတွေ၊ ပါတီဝင်တွေကလည်း မိမိသဘောနဲ့ မိမိ လိုက်ပါလာကြတယ်။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဘာပြောသလဲဆိုတော့ ပါတီခေါင်းဆောင်တဦးက လမ်းဘေးမှာ သွားပြီး မထိုင်သင့်ဘူး။ နောက်ပြီးတော့ ပါတီရဲ့ အစုအဖွဲ့တွေဖြစ်တဲ့ လူငယ်တို့၊ အမျိုးသမီးတို့ကလည်း မသွားရဘူး။ ဒါမျိုးဖြစ်လာတယ်။”
လို့ ဆရာက ပြောပြပါတယ်။ အဲသည်အချိန်က ပြည်သူလူထုရဲ့ အခမ်းကဏ္ဍကို မေးကြည့်တဲ့အခါမှာ ဆရာက .
“ လူတွေက လာနေတာပဲ။ ပါတီဝင်တွေကလည်း အဝေးကြီးကနေ လာကြတယ်။ ဘုန်းကြီးတွေလည်း လာကြတယ်။ ဈေးထဲကလူတွေက မုန့်တွေ ကျွေးတယ်။ ရေတွေ တိုက်ကြတယ်။ ကြံဖွံ့တွေက ငါတို့နား တံပျက်စည်းတွေ လာလှဲကြတယ်။ မျက်နှာတွေကို သဲတွေနဲ့ ပက်နေတဲ့ အတိုင်းပဲ။ မျက်နှာတွေ ကာထားရတယ်။ ရဲတွေ၊ မီးသတ်တွေက ငါတို့ရှေ့မှာ လာပိတ်တယ်။ နေရာလာလုတယ်။ အဲသည်ကြားထဲက ဆန္ဒထုတ်ဖော်ပြသရတာ ဖြစ်တယ်။ ငါက ပြောတယ်။ ဆန္ဒထုတ်ဖော်ခြင်းဆိုတာဟာ ပြည်သူတွေနဲ့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တသွေးတည်း ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသတာ။ စည်းလုံးညီညွတ်တယ် ဆိုတာကို ထုတ်ဖော်ပြသတာ။ အဲသည်လိုမျိုး။ အဲသည်မှာ ပါတီနဲ့ လူထုဟာ နီးစပ်သွားတာပဲ။ လူထုနဲ့ ထိတွေ့တဲ့ အလေ့အထတခုကို ထုတ်ဖော်ပြသတဲ့ သဘောဖြစ်သွားတယ်။” လို့ ဖြေကြားပါတယ်။
အဲသည် ၂၀၀၉ မေလက စတင်တဲ့ ယက်တောအမှုအခင်းကိစ္စမှာ ဆရာဦးဝင်းတင်က ဆန္ဒပြဖို့ ဆူပူလှုံဆော်ဖို့ ကြံစည်ခဲ့တာ မဟုတ်ဘူးလား။ အဲသလိုမျိုး ပြင်ဆင်ခဲ့တာ မဟုတ်ဘူးလားလို့ မေးမိတော့ ဆရာက သည်လို ဖြေကြားပါတယ်။
“ အဲဒီမှာ ကျနော့်ကို စွတ်စွဲကြတာက ၈၈ အရေးတော်ပုံကာလတုံးက ကျနော်တို့စာနယ်ဇင်းသမားတွေ ထုတ်ခဲ့တဲ့စာစောင် “ဆန္ဒဖော်သံ” ဆိုလား မသိဘူး၊ ရှိဖူးတယ်။ ကျနော်က အရေးတော်ပုံလေသံပစ်တယ်ပေါ့ဗျာ။ အဲသလိုမျိုး ကျနော့်ကို ပြောဆိုကြတယ်။ ဒါကတော့ ပါတီရှင်သန်ရေးဆိုတဲ့ အသံက ကြားရတဲ့သူတွေအတွက် နားဝင်ချိုတယ်ပေါ့ဗျာ။ နောက်ကွယ်က စစ်အစိုးရရဲ့ အငြိုအငြင်မခံနိုင်လို့၊ အာမခံနိုင်လို့ ဆိုတာကို ၀န်ခံလိုက်တာထက် ပါတီရှင်သန်ရေးလို့ ပြောလိုက်တာ၊ ဆင်ခြေပေးလိုက်တာက လူကြားလို့ကောင်း၊ လက်ခံချင်စရာ ကောင်းသလိုဖြစ်နေတယ်။ တကယ်က လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားပစ်လိုက်တဲ့သဘော၊ ကန့်သတ်ပစ်လိုက်တဲ့သဘောဖြစ်သွားတယ်။ နောက်ပြီးတော့ ကိုကျော်ညွန့်ဆိုတဲ့ ပြည်သူတဦးက မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တယ်။ ကျနော်နဲ့ ၂ ခါလောက် ဆုံပါတယ်။ ကျနော်က တားပါတယ်။ ကျနော်တို့ ဆန္ဒဖော်ထုတ်ပြသကြမယ်။ ဒီသဘောကိုပဲ ရှင်းပြတယ်။ မရဘူး။ သူက မခံမရပ်နိုင်ဖြစ်လွန်းတော့ တဦးချင်းထွက်ပြီး ဆန္ဒပြတော့တာပဲ။ ဒါမျိုးတွေ ရှိတယ်” လို့ ပြောပြပါတယ်။
အဲသည်လိုမျိုး ၂၀၀၈ နဲ့ ၂၀၀၉ ၂ နှစ် လုံးလုံးမှာ လူထုနဲ့ မနီးစပ်နိုင်၊ ပါတီဝင်အချင်းချင်း နားလည်မှု အင်အားတွေ တောင့်တင်းအောင် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့ ပါတီက ၂၀၁၀ မှာ စစ်အစိုးရရဲ့ ရာဇသံဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံ၊ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လိုက်နာပြီး ပါတီကို မှတ်ပုံတင်ဆိုတဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီက ဘယ်လိုမျိုး အသွင်ပြောင်းလာလို့လဲလို့ မေးခွန်းထုတ်ဖြစ်ပါတယ်။
“ဒါတွေကတော့ စစ်အစိုးရနဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံနမူနာကို ယူပြီးတော့ ပါတီဝင်တွေကော၊ ပြည်သူလူထုကပါ အမြင်ရှင်းလာတယ်လို့ မြင်ပါတယ်။ ၂၀၀၉ နှစ်ကုန်ကနေပြီးတော့ ၂၀၁၀ နှစ်ဆန်းက စပြီးတော့ အင်န်အယ်ဒီပါတီဟာ Reform ကို လုပ်လာခဲ့တယ်။
အဲသည်လို လုပ်ဖြစ်တာကလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အကျယ်ချုပ်ပြန်လည်ကျခံနေရသည့်ကြားက ဦးသန်းရွှေဆီ စာပို့တဲ့ဆီမှာ - တိုင်းပြည်ရဲ့ အကျိုးရှိရာအကြောင်းတွေကိုပဲ ဆွေးနွေးလိုပါတယ်။ ပါတီက အသက်ကြီးနေပြီ ဖြစ်တဲ့ လူကြီးတွေကို ကန်တော့ချင်တယ်။ ပြီးတော့ ပါတီရဲ့ စီအီးစီတွေနဲ့လည်း တွေ့ချင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်။ နောက် စစ်အစိုးရက စီစဉ်ပေးလို့ အင်န်အယ်ဒီက စီအီးစီက လူကြီး ၃ ဦးနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဟာ ပြန်လည် ဖွဲ့စည်းကြဖို့၊ ပြန်လည် ပြုပြင်ကြဖို့ အချိန်ကျပြီလို့ ယူဆတယ်လို့ ထင်မြင်ချက်ပေးပါတယ်။ အဲသည်အချက်ပေါ်မူတည်ပြီးတော့ ပါတီတွင်းမှာလည်း ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်”
လို့ ဆရာက ဖြေပါတယ်။
အဲသည်မှာ မိုးမခက ၀င်ရောက် ဖြည့်စွက်ရာမှာ - အဲသည်တွေ့ဆုံကန်တော့ပွဲမှာ ဒေါ်စုက ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းကြဖို့ မှာကြောင်း ဦးလွင်က ထုတ်ဖော်ပြောဆိုတယ်။ မီဒီယာများက တဆင့်။ သို့သော် ကျန်တဲ့ လူကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့က စီအီးစီကို စာထုတ်ပြန်ပြီးတော့ ငြင်းခဲ့ပါတယ်။ အဲသည်အကြောင်းအရာက အချိန်အနည်းငယ်ကြာ အေးသွားခဲ့ပြီးမှ ၂၀၀၉ ဒီဇင်ဘာမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းတင်ကတဆင့် ပြန်လည် လှုပ်ရှားမှုတွေ ဖြစ်လာတယ်လို့ ထင်တဲ့အကြောင်းကို ဆရာ့ကို မှတ်ချက်ပေးတော့ ဆရာက ပြောကြားရာမှာ -
“ဟုတ်ပါတယ်။ နောက်ပိုင်းမှာ Reform ကိစ္စက ဦးဉာဏ်ဝင်းက တဆင့် ကျနော့်ဆီကို ရောက်လာတယ်။ ကျနော်နားလည်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီကို ဦးဆောင်ရာမှာ၊ သဘောထားပေးရာမှာ အာဏာရှင်မဆန်ဘူး။ ဂရုလည်း စိုက်ပါတယ်။ သူလုပ်ချင်တာကို လူတွေ လိုက်နာခြင်း၊ မလိုက်နာခြင်းကို စောင့်ကြည့်နေပုံရပါတယ်။ အများသဘောကို လေးစား၊ အနည်းစုကိုလည်း နားထောင်ပြီး အစုအဖွဲ့နဲ့အတူ လုပ်ကိုင်တဲ့သဘောပါပဲ။ ဒါကြောင့် ကျနော်ကလည်း စီအီးစီတွေအားလုံး - ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်အပါအ၀င် အားလုံးနဲ့ တင်ပြဆွေးနွေးပြီး အများလက်ခံအောင် ဆွေးနွေးပြီး သဘောတူကြလို့ ၂၀၁၀ နှစ်ဆန်းက စလို့ စီအီးစီတွေ၊ စီစီတွေစတဲ့ အစုအဖွဲ့တွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။”
အဲသည်လိုမျိုး စီအီးစီတွေ၊ စီစီတွေ တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတဲ့နောက်မှာ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ချုပ်ချယ်ကန့်သတ်မှုတွေ အပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီး ၎င်းတို့ရဲ့ ရွေးကောက်ပွဲအသစ်တခုကို ပြန်စဖို့ ခြေလှမ်း တိုးလိုက်ပါတော့တယ်။ အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ပါတီရှင်သန်ရေးနဲ့ စစ်အစိုးရကို အာမခံရေးဖက်က အသံတွေ၊ လှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်တာပါပဲ။
သို့သော်လည်း သည်တကြိမ်မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ သင်္ကေတစကား (ဗူးသီး)၊ ပြီးတော့ ဒေါ်စုရဲ့ အာဏာရှင်မဆန်ဘဲ ဒီမိုကရေစီဆန်တဲ့ အမှာစကား (သူ့အနေနဲ့တော့ ပါတီကို မှတ်ပုံမတင်လို၊ သို့သော်ပါတီ ဆုံးဖြတ်ချက်ကို လိုက်နာမည်)၊ ပါတီဝင် ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြန်ကြားရေးတာဝန်ခံများနဲ့ ပါတီခေါင်းဆောင်အသီးသီးထံက (ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးဉာဏ်ဝင်း တို့အပါအ၀င်) လျို့ဝှက် မျိုသိပ်ခြင်းမရှိတဲ့ ပွင့်လင်းသော သဘောထားပြန်ကြားချက်များကို မြန်မာပြည်သူလူထုကိုယ်တိုင်ကပါ တလေးတစား အားပေးထောက်ခံမှုများပါဝင်လာတဲ့နောက်မှာ ၂၀၁၀ မတ် ၂၉ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း၊ အဲသည်ရဲ့နောက် အင်န်အယ်ဒီပါတီရဲ့ အချိုးအကွေ့ကို ဘယ်လိုမျိုး ဆရာဦးဝင်းတင်အနေနဲ့ မှတ်ချက်ပေးလိုကြောင်း မေးမြန်းပါတယ်။
“အခု တောက်လျောက် ပြောဆိုဆွေးနွေးခဲ့ကြတဲ့ ပါတီရဲ့ လမ်းကြောင်းတလျှောက်လုံးကို ကြည့်ပြီးတော့ အခု အခြေအနေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် - တိုတိုကတော့ ပါတီဟာ အရင်တုံးကလိုမျိုး အာဏာရှင်ဆန်တဲ့ အပြုအမူတွေနဲ့ ကျင့်သားရနေရာကနေပြီး အခုချိန်ကစလို့ ဒီမိုကရေစီဆန်တဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးရပ်တည်လာတာ ဖြစ်တယ်။ ပါတီဝင်နဲ့ ပြည်သူတွေအချင်းချင်းမှာ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားတာမျိုးကနေ မိတ်ဆွေတွေလိုမျိုး ဆက်ဆံမှု၊ အပြုသဘောပို ဖြစ်လာကြတယ်။
ဒီထက် တဆင့်တက်ပြီးပြောရရင် - အခု ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ နဂိုက အရင်ရှိနှင့်နေတဲ့ ခေါင်းဆောင်မှုတွေ၊ ဗဟိုဦးစီးမှုတွေ ပျက်ပြယ်သွားတာမဟုတ်သော်ငြား၊ ဒါတွေက မှေးမှိန်သွားပြီ။ စုဖွဲ့မှုတွေ ပြောင်းလဲသွားပြီ ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ အရင်တုံးကလို ပါတီခေါင်းဆောင်တွေက တပိုင်း၊ ပါတီဘေးရောက်နေတဲ့ အစုအဖွဲ့တွေက တပိုင်း မဟုတ်တော့ဘဲ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းကနေ ဌာနချုပ်အထိ စည်းတွေ ခြားထားတာတွေ လျော့ကျသွားတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ အားလုံးက အတူတကွ စုဝေးပြီး တိုင်ပင်ဆွေးနွေး ဖြေရှင်းလုပ်ကိုင်ကြဖို့ လမ်းတွေ၊ အမြင်တွေ ပွင့်သွားတဲ့ သဘောလို့ မြင်ပါတယ်။
အရင်က ကြွေးကြော်ခဲ့တဲ့ ပါတီရှင်သန်ရေး ကနေပြီးတော့ ကျနော်တို့တတွေက နိုင်ငံရေး ရှင်သန်ရေး၊ အရေးတော်ပုံ ရှင်သန်ရေး နဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုရှင်သန်ရေးကို ရပ်တည်လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတိုင်းရပ်တည်လိုက်တဲ့အတွက် ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်းမှာ အတူ ရှင်သန်နေမှာ ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဆိုတဲ့ ဒီ/ချုပ်မှာ ဆိုရင် မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ အပြင်၊ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အဖိုးတန်တဲ့ သယံဇာတတွေ - ဒီ/လှုပ်တွေ တိုးတက်လာတော့မယ်လို့ မြင်ပါတယ်။ အဲသည်လိုမျိုး ဆက်လက် ချီတက်ကြရမှာ ဖြစ်တယ်” လို့ ဆရာက ဖြေကြားပါတယ်။
နောက်ဆုံးအနေနဲ့ အင်န်အယ်ဒီပါတီနဲ့ ပါတီဝင်များ၊ ခေါင်းဆောင်များရဲ့ အခုလိုမျိုး ဆက်လက်ရပ်တည်ပြီး လျောက်လှမ်းသွားမယ့် လမ်းကြောင်းမှာ မလိုက်ပါလိုသူများ၊ လက်တွဲဖြုတ်လိုသူများနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
“၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေပြီးတော့ ကျနော်တို့ကတော့ မရှင်သန်နိုင်ဘူး။ တချို့ကတော့ အဲသည်ဥပဒေဘောင်အတွင်းကနေ ရှင်သန်မယ်လို့ စဉ်းစားချင် စဉ်းစားကြလိမ့်မယ်။ အဲသည် ဥပဒေဘောင်အတွင်းက ဥပဒေလမ်းကြောင်းက ၀င်ချင်သူတွေလည်း ရှိနိုင်တာပါပဲ။ ဥပမာ ရှိတဲ့ လူ ၁၀ ဦးမှာ ၃ ဦးလောက်က ရွေ့သွားနိုင်ပါတယ်။ ပါတီရဲ့ ရပ်တည်ချက်က အစုအဖွဲ့ပုံစံ ပြောင်းသွားပြီဖြစ်တဲ့အတွက် ဒါမျိုးတွေလည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာ စဉ်းစားထားရပါမယ်” လို့ ဦးဝင်းတင်က ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်နဲ့ အခါအခွင့်သင့်သလို မေးမြန်းမိတဲ့ မေးခွန်းတွေကို ဆက်လက်တင်ပြပါဦးမယ်။
http://moemaka.com/index.php?option=com_content&task=view&id=6250&Itemid=1

မြန်မာ့နိုင်ငံရေးသံုးသပ်ချက်နှင့်၂၀၁၀ခုနှစ်အတွင်းအခြေအနေ


http://www.youtube.com/watch?v=UiUd4a89YG8

သင်္ကြန်အကျနေ့က ခမောက်လှုပ်ရှားမှု







ဝေတဲ့ခမောက်ပုံ
သင်္ကြန်အကျနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြတုန်းက ဓာတ်ပုံအချို့ပါ။

အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းမတင်ပြနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝေတဲ့သူတွေ လုံခြုံရေးနဲ့ လက်ခံရယူသူတွေ လုံခြုံရေးအတွက်ပါ။ နတ်မောက်မှာဝေတဲ့ သံဃာလေးပါးကို နောက်တနေ့မှာ မဝတက လာရောက်စုံစမ်းတဲ့ အတွက် တိမ်းရှောင်နေရပါတယ်။

မျိုးချစ်တပ်မတော်သား၊ရဲဘော်များ၊ အမှုထမ်းများသို့ နှစ်သစ်ကူး အထူးပန်ကြားတောင်းဆိုချက်

http://ifile.it/drkf1hmNew Year Special Request to All Military Personals and s

တသီးပုဂ္ဂလ အမျိုးသားနိုင်ငံရေးသမားများ၏ ထုတ်ပြန်ကြေညာချက်။

တသီးပုဂ္ဂလ အမျိုးသားနိုင်ငံရေးသမားများ၏ ထုတ်ပြန်ကြေညာချက်။
နေ့စွဲ အေပြီလ ၁၆ ၂၀၁၀

ကန်တော်ကြီး ဗုံးပေါက်ကွဲမှုအပေါ်

မြန်မာတို့အတွက် နေ့ထူးနေ့မြတ် အချိန်ဖြစ်သည့် အေပြီလ ၁၅ ၂၀၁၀ သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပါတ်လမ်း ရေးကစားမဏ္ဍပ်၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူအများအပြား ထိခိုက် သေဆုံးဒါဏ်ရာရခဲ့ခြင်းအတွက်၊ ကျွန်ုပ်တို့ အထူးကြေကွဲ ၀မ်းနည်းမိပါကြောင်း။
သေကြေဒါဏ်ရာရရှိခဲ့ကြသူများနှင့်တကွ၊ မိသားစုဝင်များကိုလည်း စာနာသနား ကိုယ်ချင်းစာစိတ်ထားဖြင့် တရားဖြင့် ဖြေနိုင်ကြပါစေရန်၊ မေတ္တာပို့သလိုက်ပါသည်။
မြန်မာနိုင်ငံတွင်ယခုကဲ့သို့ မလိုလားအပ်သော အကြမ်းဘက်မှုမျိုးအား၊ မည်သည့်အဖွဲ့အစည်းကဖြစ်စေ၊ မည်သို့သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြသည်ဖြစ်စေ၊ ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလိုက်ပါကြောင်း။
ကိုယ်လိုခြင်သည့်အရာကိုရရှိစေရန်သော်လည်းကောင်း၊ ကိုယ်လိုခြင်သော ပန်းတိုင်ကို ရောက်ရှိစေရန်ကို သော်လည်းကောင်း ယခုလို အကြမ်းဘက်နည်းလမ်းများ အသုံးပြုခြင်းသည် လုံးဝ လက်မခံနိုင်သည့် လုပ်ရပ်မျိုးဖြစ်သည့်အတွက် အားလုံးက ရျှောင်ရှားကြရန် တိုက်တွန်းလိုက်သည်။
သက်ဆိုင်ရာ လူပုဂ္ဂိုလ်တဦးချင်းအနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ ဖြစ်ပေါ်နေသော အကြပ်အတည်း များမှ လွတ်မြောက်နိုင်ရေးအတွက်၊ အေးချမ်းသောနည်းများကိုသာ သုံးပြီး ဖြေရှင်းကြပါရန်၊ ကျွန်ုပ်တို့ အလေးအနက် တိုက်တွန်းပါသည်။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအနေဖြင့်လည်း၊ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို မေတ္တာအရင်းခံပြီး သုံးသပ်ကာ တိုင်းပြည်အေးချမ်းသာယာရေးကို ဆောင်ရွက်ပေးပါဟု အလေးအနက် တိုက်တွန်းလိုက်ပါကြောင်း။


အမျိုးသားရေးဦးဝင်းနိုင်၊ဦးရဲကျော်စွာနှင့် တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ။

မန္တလေး သင်္ကြန် မဏ္ဍပ်ပြိုလဲ

သင်္ကြန်အတက်နေ့ နံနက်အစောပိုင်း အရုဏ်မတက်မီအချိန် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မန္တလေးမြို့ကျုံးအရှေ့ဘက်ခြမ်းရှိ အလုပ်သမားဆေးရုံရှေ့မှ ကျန်းမာရေး ရေကစားမဏ္ဍပ်မှာ ပြိုလဲသွားပြီး အနည်းဆုံး အခြားမဏ္ဍပ်တစ်ခုမက ပျက်စီးသွားကြောင်း သိရ။ ကျန်းမာရေး ရေကစားမဏ္ဍပ်ပေါ်ရှိ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးမှာလည်း ပြိုလဲသည့်အထဲ ပါဝင်သွားကြောင်းသိရ။ ကျန်းမာရေးမဏ္ဍပ်မှာ အသုံးပြု၍ မရတော့လောက်အောင် လဲပြိုသွားသော်လည်း အခြားမဏ္ဍပ်များမှာမူ ပြင်ဆင်ပြီး ဆက်လက် ရေကစား၍ ရသေးကြောင်း သိရ။
မန္တလေးမြို့မှ ကျန်းမာရေး ရေကစားမဏ္ဍပ်မှာ ယမန်နှစ်များအတွင်း မန္တလေးမြို့တော်ဝန် ရေကစားမဏ္ဍပ်အလှပြိုင်ပွဲများတွင် ပထမဆု မကြာခဏ ရလေ့ရှိသော မဏ္ဍပ်ဖြစ်သည်။

ရန်ကုန် သင်္ကြန် ဗုံးကွဲ မှု မျက်မြင်သက်သေတဦး၏ ဗီဒီယို


ပေးပို့ သူ ကင်ဒိုပါ