Thursday, April 29, 2010

29 April 2010 ဒိုင်ယာရီ

http://ifile.it/5kxz13729 April Yeyintnge Diary

NLD အစိုးရ


နောင်အရှည်မှန်းလို့ အောင်သပြေကမ်းစို့


ဇင်လင်း

၂၉/ ဧပြီ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း ပြီးခဲ့တဲ့ မတ်လ (၂၉) ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ပြည်တွင်းပြည်ပ တနံတလျားအထိ အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်ပြင်ဖို့ ကန့်ကွက်ပြောဆိုနေကြပေမယ့် စစ်အစိုးရက နားမကြားသလို နေပြခဲ့ပါတယ်။ တချိန်တည်းမှာ စစ်တပ်က လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ (၄) ပုံ (၁) ပုံ နေရာယူထားပေမယ့် လက်ရှိစနစ်လောက် ဆိုးမည်မထင် ဆိုသူတွေ၊ ဖွဲ့စည်းပုံ မရှိတာထက် ရှိတာက ပိုကောင်းနိုင်တယ်လို့ မစူးမစမ်း ပြောနေသူတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် လူတချို့က “မတ်လ (၂၉) အန်အယ်လ်ဒီ သမိုင်းဝင် ဆုံးဖြတ်ချက်” ကို ဘ၀င်မကျနိုင် နားမလည်နိုင်ဖြစ်နေကြတာ အံ့သြစရာတော့မဟုတ်ပါ။

သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ဒီနှစ်မှာ (၂၂) နှစ်ပြည့်ပါပြီ။ ဒီအရေးတော်ပုံကို မြန်မာ့မျက်မှောက်သမိုင်းရဲ့ အချိုးအကွေ့ကြီးတခုအဖြစ် မှတ်တမ်းတင်ကြပါတယ်။ ဘာကြောင့်လဲ။ အရေးတော်ပုံကြီးဟာ လူကို လူလို့မမြင်တဲ့ မဆလစစ်အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ခဲ့တယ်။ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ တန်းတူရေးဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိအမြင်တွေကို အရေးတော်ပုံက ရှင်သန်လာစေခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်တဲ့ လူထုခေါင်းဆောင်တယောက်ကိုလည်း အရေးတော်ပုံက မွေးဖွားပေးခဲ့ပါတယ်။ တဆက်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေဟာလည်း အရေးတော်ပုံရဲ့ အောင်သီးအောင်ပွင့်တွေပါပဲ။ ဒီနေရာမှာ ပိုပြီးအရေးပါတဲ့အချက်က အရေးတော်ပုံရဲ့ သက်ရောက်မှုအရှိန်ကြောင့် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အလှည့်အပြောင်း ထူးထူးခြားခြား ဖြစ်ခဲ့ခြင်းပါပဲ။ အဲဒီအလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ‘ပုရိသ ပဓာန၀ါဒ’ လွှမ်းမိုးနေမှုကို တပ်လှန့်စိန်ခေါ်လိုက်တဲ့ အသံလည်းဖြစ်တယ်။ စိန်ခေါ်သူအဖြစ် အရေးတော်ပုံက မွေးထုတ်ပေးလိုက်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။

မြန်မာနိုင်ငံမှာ ‘ပုရိသ ပဓာန၀ါဒ’ ကြီးစိုးနေတာ အတော်ကြာပါပြီ။ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ မိန်းမသားတွေကို နေရာမပေးတာ ကြာလှပါပြီ။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ပါမောက္ခချုပ်လို ရာထူးမျိုးမှာတောင် အမျိုးသမီးတွေကို နေရာပေးခဲ့ဖူးတာ မရှိပါဘူး။ ဒု-၀န်ကြီး၊ ၀န်ကြီးဆိုတဲ့ ရာထူးမျိုးကတော့ ပိုဝေးသေးတာပေါ့။ ဒီလိုဖြစ်ရတာ စစ်အာဏာရှင်တွေရဲ့ ပဒေသရာဇ်ဆန်တဲ့ အတွေးအခေါ်ကြောင့်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူက ‘ဒေါ်အောင်ဆန်းစုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ အရေးကြီးတဲ့ အတွေးအခေါ် အလှည့်အပြောင်းပါပဲ။

ဒီအလှည့်အပြောင်းကို လက်မခံနိုင်တဲ့ စစ်အာဏာရှင် ပုရိသကြီးတစုဟာ ယနေ့ထက်တိုင် ခုခံတိုက်ခိုက်နေတာ တွေ့နေရပါတယ်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာ အမျိုးသမီးများကို ပဓာနကျတဲ့ ခေါင်းဆောင်မှုနေရာတွေ ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားတာဟာ ‘ဒေါ်အောင်ဆန်းစုကြည်’ ကိုသာမက အမျိုးသမီးအားလုံးကိုပါ ခွဲခြားနှိမ့်ချလိုတာကြောင့် ဖြစ်ကြောင်း ထင်ရှားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ ငြင်းဆန်လက်မခံခဲ့တာဟာလည်း ဒီအတွေးအခေါ် အလှည့်အပြောင်းတိုက်ပွဲရဲ့ အဆက်ပါပဲ။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ တောင်းဆိုချက်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) ဖြစ်ပါတယ်။ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ တန်းတူရေးဆိုတဲ့ ဒီမိုကရေစီပိုင်ခွင့်ကို တောင်းတာပါ။ ‘တန်းတူရေး’ လို့ ပြောတဲ့နေရာမှာ လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်နဲ့ ကိုးကွယ်တဲ့ ဘာသာတင်မက ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်း ပါဝင်ပါတယ်။

ဒီမိုကရေစီကျင့်စဉ်ရဲ့ အနှစ်သာရဟာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေသများကို အခြေခံပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အမျိုးသမီးများကို အမျိုးသားများနဲ့ တန်းတူအခွင့်အရေးပေးရမယ်၊ တန်းတူအကာအကွယ်ပေးရမယ်၊ အမျိုးသမီးများကို နှိမ်ချခွဲခြားဆက်ဆံမှုများမှ အကာအကွယ်ပေးမယ့် လူထုလူတန်းစားဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ပေးရမယ်။ လူပုဂ္ဂိုလ် တဦးတယောက်ကဖြစ်စေ၊ ပါတီအသင်းအဖွဲ့တခုခုကဖြစ်စေ၊ စီးပွားရေး လုပ်ငန်းတခုခုကဖြစ်စေ၊ အမျိုးသမီးများကို ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုနိုင်အောင် အခြေခံဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးရမှာဖြစ်တယ်။

အမျိုးသမီးများရဲ့ အတွေ့အကြုံ အသိအမြင် အတွေးအခေါ် အစွမ်းအစတွေကို တန်ဖိုးထား နေရာမပေးတဲ့ လူ့အဖွဲ့အစည်းကို ဒီနေ့ခေတ်မှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်တော့ဘူး။ ဒီနေ့ ကမ္ဘာ့လူဦးရေထက်ဝက်ဟာ အမျိုးသမီးများဖြစ်တယ်။ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ကုန်စည်ထုတ်လုပ်မှုကို စွမ်းဆောင်တဲ့ လူသားရင်းမြစ်ရဲ့ ထက်ဝက်ဟာလည်း အမျိုးသမီးများဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ထက်ဝက်ဟာလည်း အမျိုးသမီးတွေပဲဖြစ်တယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ မူဝါဒချမှတ်သူများ၊ အရေးကြီး ဆုံးဖြတ်ချက် ချမှတ်သူများကို ရွေးချယ်ရာမှာ အမျိုးသမီးတွေကို ချန်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အရေးတော်ပုံက ‘ဒေါ်အောင်ဆန်း စုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ အရေးကြီးတဲ့ အတွေးအခေါ် အလှည့်အပြောင်းဖြစ်တယ်လို့ ပြောနိုင်တာဖြစ်တယ်။

အမျိုးသမီးတွေကို မူဝါဒချမှတ်ခွင့်မရရှိအောင် ပိတ်ပင်ဟန့်တားနေသူများဟာ ပဒေသရာဇ်အတွေးအခေါ်ဟောင်းလက်ခံသူ လက်ရှိစစ်အာဏာရှင်များသာဖြစ်တယ်။ တကယ်တော့ လက်ရှိဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုက အတွေးအခေါ် အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို ခုခံအန်တုနေတာဟာ အချည်းအနှီးအားထုတ်မှုသာဖြစ်တယ်။ ဘာကြောင့်လဲ။ “အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း (၁၃၀) ရဲ့ ထောက်ခံမှုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (၃၄/၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) မှာ အတည်ပြုထားပြီးဖြစ်တယ်။ ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်လို့ လိုက်နာကျင့်သုံးရမယ့် တာဝန်ရှိတယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ အမျိုးသမီးများကို အမျိုးသားများနဲ့တန်းတူ အခြေခံနိုင်ငံသားရပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေ ပေးရမှာဖြစ်တယ်။ နိုင်ငံ့အရေးအရာကိစ္စတွေကို စီမံခန့်ခွဲဆုံးဖြတ်ရာမှာလည်း အမျိုးသမီးတွေကို တန်းတူပါဝင်ခွင့်ပေးရမှာဖြစ်တယ်။

လက်ရှိ ပါလီမန်လွှတ်တော်များသမဂ္ဂ (အိုင်ပီယူ) ရဲ့ သုတေသနပြုချက်အရ နိုင်ငံတကာ ပါလီမန်လွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၈,၀၁၇) ယောက်ရှိပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က (၃၆,၀၀၆) ဦး ရှိတာကြောင့် ပါလီမန်လွှတ်တော်များမှာ အမျိုးသမီးကိုယ်စားပြုမှု (၁၈.၂) ရာခိုင်နှုန်းရှိပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံ (၁၈၉) နိုင်ငံအနက် နိုင်ငံ (၃၀) မှာ အမျိုးသမီးခေါင်းဆောင်တွေ ဦးဆောင်နေတာလည်း တွေ့ရပါတယ်။ ဒါက ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်တယ်။ ဒီသမိုင်းပင်မရေစီးကို ခုခံဆန့်ကျင်နေခြင်းဟာ မိုက်မဲမှုသက်သက်ပါပဲ။

ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ မတ်လ (၂၉) ရက်နေ့ ဆုံးဖြတ်ချက်ကို ပြန်ကောက်ကြည့်ရအောင်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ဘူးလို့ အန်အယ်လ်ဒီက ကြေညာလိုက်တာဟာ ပါတီကို ဖျက်သိမ်းလိုက်ခြင်း အလျဉ်းမဟုတ်ဆိုတာ ဦးစွာသဘောပေါက်ဖို့လိုပါတယ်။ ဒါဟာ တိုက်ပွဲနည်းဗျူဟာ ပြောင်းလိုက်ခြင်းသာ ဖြစ်တယ်။ အန်အယ်လ်ဒီက လူထုနဲ့ပိုပြီး နီးနီးကပ်ကပ် လက်တွဲအလုပ်လုပ်နိုင်ဖို့ လုပ်ဟန်ပြောင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်မဟုတ်တဲ့ ဒီမိုကရေစီအစိုးရများ ပေါ်ပေါက်ရေးအတွက် အကြမ်းမဖက်တဲ့နည်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို မျက်နှာမူ အားထုတ်ခဲ့တာတွေ့နိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ကမ္ဘာမှာ အမြော်အမြင်အမဲ့ဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံး၊ စစ်အာဏာရှင်စနစ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထင်သလောက် ခရီးမပေါက်တာ အမှန်ပါပဲ။ အန်အယ်လ်ဒီကလည်း ၀န်ခံပြီးပါပြီ။ ဒါပေမယ့် စစ်အစိုးရရဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ရဲရဲရင့်ရင့် ငြင်းဆန်လိုက်တာဟာ အန်အယ်လ်ဒီအနေနဲ့ လူထုက လွှဲအပ်ထားတဲ့ အရေးတော်ပုံတိုက်ပွဲအလံကို ပိုမိုမြင့်မြင့်မားမား လွှင့်တင်လိုက်တာသာ ဖြစ်တယ်။ အာဏာရှင် ခြိမ်းခြောက်မှုကြောင့် အညံ့ခံ ဒူးထောက်သွားမှာမဟုတ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ အရေးတော်ပုံအလံ မလှဲသမျှ တိုက်ပွဲဆက်ရှိနေမယ်။ လူထုဆန္ဒကို အခြေခံထားတဲ့ အဖွဲ့ချုပ်မူဝါဒလည်း ဆက်လက်ရှင်သန်နေမှာဖြစ်တယ်။

အန်အယ်လ်ဒီဟာ လူထုတိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ လူထုပါတီဖြစ်ပါတယ်။ စစ်အာဏာဘောင်ထဲမှာ မှတ်ပုံမတင်ရုံနဲ့ အန်အယ်လ်ဒီ ပျက်သုဉ်းသွားပြီလို့ သုံးသပ်နေသူတွေ သတိမူသင့်တဲ့အချက်က အန်အယ်လ်ဒီဟာ ဒီအရေးကြီး ဆုံးဖြတ်ချက်ကို မချမီ အောက်ခြေလူထုထဲမှာ သဘောထားကောက်ခံမှု လုပ်ခဲ့သေးတယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီအချက်ကို အလေးအနက် ထားခဲ့ပုံရပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ ဒေါ်စုတဦးတည်းရဲ့ တင်ကြိုသဘောထားဖော်ပြမှုကြောင့် ဖြစ်လာရတယ်လို့ ဝေဖန်ရင် လုံးဝမှားပါတယ်။ နောက် သတိပြုသင့်တဲ့အချက်က ဒီဆုံးဖြတ်ချက်ဟာ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားတဲ့ သဘောမဟုတ်ဘူးဆိုတာပါပဲ။ ရေရှည်အမြင်နဲ့ ရေဆန်ကို ဆန်တက်လိုက်တာပါ။ ဆင်သေကောင်ကို စီးပြီး လိုက်ပါသွားတဲ့ ကျီးမိုက်မဟုတ်တာ သေချာပါတယ်။

၁၉၉၁ ခုနှစ် စာရေးသူ အင်းစိန်ထောင်အတွင်းရှိစဉ်က စစ်ဗိုလ်ဟောင်း အန်အယ်လ်ဒီအမတ်တဦးရဲ့ ဝေဖန်ချက်ကို အခုထိ မှတ်မိနေပါတယ်။ သူက ဒေါ်စုအနေနဲ့ ခေါင်းမာမနေဘဲ အင်္ဂလန်ပြန်သွားလိုက်ရင် သိပ်ကောင်းမှာပဲတဲ့။ ဒါဆိုရင် အန်အယ်လ်ဒီထဲက စစ်ဗိုလ်ဟောင်း ခေါင်းဆောင်များနဲ့ စစ်အစိုးရခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းလို့ရဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ သူက ဒေါ်စုကို အချောင်လမ်း လိုက်စေချင်တဲ့သဘောပါ။ ဒီအမြင်မျိုးက စိတ်ဓာတ်ကျနေသူတွေ၊ နိုင်ငံရေးအတွေးအခေါ် ချွတ်ခြုံကျနေသူတွေ၊ အချောင်သမားတွေမှာသာ ရှိတတ်တာဖြစ်တယ်။

ဒီနေ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို ကမ္ဘာက အာရုံစိုက်လာတာဟာ အရေးတော်ပုံက မွေးထုတ်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို သန္နိဋ္ဌာန်ခိုင်မာ ရဲရင့်ထက်မြက်တဲ့ ခေါင်းဆောင်ကြောင့်ဖြစ်တယ်ဆိုတာ ငြင်းစရာ မလိုတဲ့ကိစ္စဖြစ်တယ်။ ဒေါ်စုသာ အင်္ဂလန်ပြန်သွားလိုက်ရင် အရေးတော်ပုံဟာ ခေါင်းဆောင်မှု အကျပ်အတည်း မလွဲမသွေ ကြုံရမှာဖြစ်တယ်။ ဒီလိုသာဖြစ်ခဲ့ရင် အမြတ်ထွက်မှာက စစ်အာဏာရှင်ပဲဖြစ်လိမ့်မယ်။ ဒီကနေ့ နှစ်ပေါင်း (၂၀) ကျော်ပေမယ့် အရေးတော်ပုံစိတ်ဓာတ် မှေးမှိန်မသွားသေးတာ အထင်အရှားပါပဲ။

အရေးတော်ပုံ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီနဲ့ ဒေါ်စုကိုပဲ အပြစ်ဖို့ကြမယ်ဆိုရင် အလွန်အမြင်ကျဉ်းရာ ကျပါလိမ့်မယ်။ အလားတူ ဒေါ်စုကို ဝေဖန်သူနောက်တဦးက Living Color မဂ္ဂဇင်းနဲ့ The Voice ဂျာနယ်ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် (ဆောင်းပါးဆရာ အောင်ထွဋ်) ဖြစ်ပါတယ်။ သူက “ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်” လို့ မဇ္ဈိမသတင်းနဲ့ အင်တာဗျူးမှာ ပြောသွားတယ်။ ဒါ့အပြင် သူက အန်အယ်လ်ဒီအနေနဲ့ စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံဖို့၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့၊ ပြိုင်တဲ့အခါ လွှတ်တော်နှစ်ရပ်မှာ တဝက်သာ ဝင်ပြိုင်ဖို့ စသဖြင့်လည်း အကြံပြုထားတယ်။ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားရေး သဘောပါပဲ။

ဒါပေမယ့် ဒေါက်တာနေ၀င်းမောင် သတိလွတ်နေတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအရေးတော်ပုံက မွေးထုတ်လိုက်တဲ့ ကိုယ်ကျိုးစွန့်ခေါင်းဆောင်ဖြစ်ပြီး သူက လူထုအရေးတော်ပုံစည်းဝိုင်းအပြင်ကလူ ဖြစ်တဲ့အချက်ပါပဲ။ ဆိုလိုတာက ဒေါ်စုက ဒီနေ့မြန်မာ့နိုင်ငံရေး လက်တွေ့နယ်ပယ်ထဲမှာ သော့ချက်နေရာ ရောက်ရှိနေသူ၊ လူထုယုံကြည်ကိုးစားမှုကို ဦးထိပ်ရွက်ထားရသူဖြစ်တယ်။ သူကတော့ သူ့အကျိုးစီပွားကို ငဲ့ကွက်ပြီး စစ်အာဏာပိုင်များနဲ့ အလွမ်းသင့်အောင်နေရသူ၊ နိုင်ငံရေးလက်တွေ့နယ်ပယ်ထဲမှာ မရှိသူဖြစ်နေခြင်းပါပဲ။ ဒါကြောင့် ဒေါ်စုရဲ့ စဉ်းစားဆုံးဖြတ်ပုံကို နေ၀င်းမောင် ဉာဏ်မမီနိုင်လို့ဆိုပါရစေ။

အန်အယ်လ်ဒီလည်း အလားတူပါပဲ။ လူထုတိုက်ပွဲအရေးတော်ပုံထဲက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တယ်။ ကိုယ်မယုံကြည်တဲ့ အာဏာရှင်အကြိုက် ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုလိုက်ရင် မူမရှိတဲ့ပါတီ၊ အချောင်လမ်းလိုက်တဲ့ ပါတီ၊ ၁၉၉၀ လူထု Mandate ကို စွန့်ပစ်တဲ့ပါတီဖြစ်သွားမယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ လက်ရှိဆုံးဖြတ်ချက်ဟာ နိုင်ငံရေးလက်တွေ့အပေါ် အခြေခံပြီး ရေရှည်တိုက်ပွဲအတွက် နည်းဗျူဟာအသစ် ပြင်ဆင်တာ ဖြစ်တယ်။ လူထုနဲ့ ပိုမိုထိတွေ့ ပေါင်းစပ်နိုင်ဖို့ အားထုတ်တာဖြစ်တယ်။ ပါတီဖျက်သိမ်းတာ လုံးဝမဟုတ်ကြောင်း မြင်ဖို့လိုတယ်။ ဒီနေရာမှာ ၂၀၀၃ ခုနှစ် (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းတပိုဒ်ကို လေ့လာကြည့်စေချင်တယ်။

“နိုင်ငံကို အကျိုးပြုမယ့် အဖွဲ့အစည်းတခုဆိုတာဟာ ပထမဦးဆုံးအားဖြင့် နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများအပေါ်မှာ ထားတဲ့ စေတနာဟာ မှန်ရမယ်။ ဇွဲ၊ လုံ့လ၊ ၀ိရိယရှိရမယ်။ ကိုယ်မှန်ကန်တယ်ထင်တဲ့ ကိစ္စတွေအပေါ်မှာ ရပ်တည်ပြီးတော့ သတ္တိရှိရှိနဲ့ လုပ်ရဲရမယ်။ ကိုယ်ကျိုးမရှာရဘူး။ ဒါ အခုကတည်းက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေအားလုံးကို သတိပေးပါရစေ။ နေရာလိုချင်လို့၊ အခွင့်အရေးလိုချင်လို့ဆိုတဲ့ စိတ်ဓာတ်တွေ မထားပါနဲ့။ ကျမတို့အဖွဲ့အတွင်းမှာတောင်မှ နေရာလိုချင်တဲ့ ဟာလေးတွေ ကျမတို့ တွေ့နေရတယ်။ အခုကတည်းကနေပြီးတော့ ဒီစိတ်တွေ ဖျောက်ပါ။ ဒီစိတ်တွေ မွေးထားလို့ရှိရင် ပိုပြီးတော့ ကြီးထွားလာလို့ရှိရင် တနေ့မှာ ပြဿနာဖြစ်ပါလိမ့်မယ်။ နေရာလိုချင်လို့ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့သူမျိုး မရှိဘူးဆိုတာကို စွဲမှတ်ထားကြပါ။ ကျမတို့အဖွဲ့ချုပ်ထဲမှာ ဒီလိုလူတွေကို ဘယ်တော့မှ ကြာကြာထားမှာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် စေတနာမမှန်ဘူးဆိုတာ ပေါ်လာလို့ရှိရင် ဒီလိုပုဂ္ဂိုလ်တွေကို အဖွဲ့ချုပ်ထဲကနေ ဖယ်ထုတ်လိုက်ရမှာပဲ။ ကျမတို့အဖွဲ့ချုပ်ထဲမှာ ဒီလိုပုဂ္ဂိုလ်တွေ သိပ်များလာပြီဆိုရင် အဖွဲ့ချုပ်တခုလုံးကိုတောင် ဖျက်လိုက်ရမှာပဲ။ နိုင်ငံအကျိုးအတွက် ဒီအဖွဲ့ချုပ်ကို စွန့်ဖို့ရာ ကျမတို့ လုံးလုံးဝန်မလေးပါဘူး။ နိုင်ငံအကျိုးကို ဆက်ပြီးတော့ ထမ်းဆောင်သွားမှသာ ဒီအဖွဲ့ချုပ်ဟာ ရပ်တည်ပိုင်ခွင့်ရှိတာပါ။”

ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်ထားသလို လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ပါဝင်ပတ်သက်နေသူတို့အနေနဲ့ နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများအပေါ်မှာထားတဲ့ မိမိတို့စေတနာ မှန်မမှန် ဆန်းစစ်မိကြပါရဲ့လား။ အကျိုးမျှော်စိတ်၊ အခွင့်အရေးမျှော်စိတ်တွေ ပယ်သတ်နိုင်ခဲ့ကြပါရဲ့လား။ ‘နေရာလိုချင်လို့ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့သူမျိုး မရှိဘူးဆိုတာကို စွဲမှတ်ထားကြပါ’ ဆိုတဲ့ စကားဟာ အလွန်မှန်ပါတယ်။ အရေးတော်ပုံ တပ်သားများအကြားက အဓိက မသင့်မြတ်မှုတွေဟာ နေရာလုတာ အခွင့်အရေးလုတာက အစပျိုးတာပါပဲ။ ဒီနေ့ထက်ထိ အရေးတော်ပုံ ကြန့်ကြာနေရတာဟာ အထွေထွေညီညွတ်ရေး အားနည်းမှုလည်း တကြောင်းဖြစ်ပါတယ်။ နိုင်ငံ့အကျိုးထက် ကိုယ်ကျိုးရှေ့တန်းတင် စဉ်းစားရင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြား စိတ်ဝမ်းကွဲတတ်တာ သဘာဝပါပဲ။ ဒေါ်စုက သူ့မျှော်မှန်းချက်ကို အခုလို ဖော်ပြဖူးပါတယ်။

“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးသာယာချမ်းမြေ့တဲ့၊ ပိုပြီးလုံခြုံမှုရှိတဲ့ လူ့ဘောင်တခုကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းတည်ဆောက်နေကြတာကို ကျမ မြင်တွေ့လိုပါတယ်။” (“လွတ်လပ်မှုကိုပဲ ကျမတို့ လိုချင်တယ်” Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ (၂၂) နှစ်ရှိပါပြီ။ အောင်ပွဲမရသေးတာမှန်ပေမယ့် အရေးတော်ပုံ ရှင်သန်နေဆဲရှိပါတယ်။ အထက်မှာဆိုခဲ့သလို အရေးတော်ပုံက စွမ်းအားတွေ အများအပြား ပေးခဲ့ပါတယ်။ ကြီးမားတဲ့ အတွေးအခေါ်အလှည့်အပြောင်းကို အရေးတော်ပုံက ဖန်တီးနိုင်ခဲ့တယ်။ စစ်အာဏာရှင်တွေကို ကြောက်ဒူးတုန်စေတဲ့ ဒီမိုကရေစီခေါင်းဆောင်ကိုလည်း မွေးဖွားပေးခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင်နဲ့အတူ လူထုကိုယ်စားပြု အရေးတော်ပုံပါတီ အန်အယ်လ်ဒီကိုလည်း ပေါ်ထွန်းစေခဲ့တယ်။ အန်အယ်လ်ဒီနဲ့အတူ လူငယ်မျိုးဆက်သစ်တွေလည်း မွေးထုတ်ပေးခဲ့တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှု၊ လူငယ်မျိုးဆက်သစ်ရဲ့ နိုးကြားတက်ကြွမှုတို့နဲ့အတူ အန်အယ်လ်ဒီဟာ သူ့တာဝန်ကျေပွန်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဦးမှာ အသေအချာဖြစ်ပါတယ်။

လူတယောက်သက်တမ်းနဲ့ ချိန်ထိုးကြည့်ရင်တော့ နှစ်ပေါင်း (၂၀) ဆိုတဲ့ကာလဟာ ကြာပေတာပေါ့။ ဒါပေမယ့် နိုင်ငံတခု လွတ်မြောက်ရေးအတွက်ကျတော့ လုံလောက်တဲ့ ကာလလို့ မဆိုနိုင်ဘူး။ သမိုင်းအလှည့်အပြောင်းနဲ့ တဆက်တစပ်တည်းရှိနေတဲ့ နိုင်ငံရေးတိုက်ပွဲတိုင်းဟာ အချိန်ယူရတတ်ပါတယ်။ ဥပမာ - သမ္မတ ‘အေဗရာဟင် လင်ကွန်း’ လက်ထက် ၁၈၆၅ မှာ ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းတဲ့ ဥပဒေပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း (၁၀၀) ကျော် ကြာပြီး လူမည်း လူ့အခွင့်အရေးခေါင်းဆောင် ‘မာတင်လူသာကင်း’ ခေတ်အထိ လူမည်းအခွင့်အရေး ပြည့်ပြည့်၀၀ရဖို့ သွေးမြေကျခံ တိုက်နေခဲ့ကြရတုန်းပဲ။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးရဲ့ ဦးတည်ချက်က ‘သက်ဦးဆံပိုင်ဘုရင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီသမ္မတနိုင်ငံ ထူထောင်ရေး’ ဖြစ်တယ်။ ဒါပေမယ့် ၁၈၇၀ ပြင်သစ်-ပရပ်ရှားစစ်ပွဲမှာ တတိယ နပိုလျံဘုရင် စစ်ရှုံးပြီးမှ အခက်အခဲတွေကြားက ‘တတိယ ဒီမိုကရေစီသမ္မတနိုင်ငံ’ ထူထောင်နိုင်ခဲ့တယ်။ ကမ္ဘာစစ် (၂) ခုပြီးမှ ၁၉၄၆ မှာ ‘စတုတ္ထ ဒီမိုကရေစီသမ္မတနိုင်ငံ’၊ ၁၉၅၈ ပဉ္စမ ဖွဲ့စည်းပုံရေးဆွဲပြီးမှ ‘ပဉ္စမ ဒီမိုကရေစီသမ္မတနိုင်ငံ’ ထူထောင်နိုင်ခဲ့တာ ယနေ့ခေတ်အထိဖြစ်တယ်။ အဲဒီသမိုင်းတွေနဲ့ နှိုင်းချိန်ကြည့်ရင် မြန်မာနိုင်ငံ ရုန်းကန်အားထုတ်ရတဲ့ အချိန်ကာလခရီးတာကို ကြာလှတယ်လို့ ဆိုဖို့ခက်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) အတွက် အန်အယ်လ်ဒီ ရှေ့ဆက်ရမယ့် ခရီးမှာ လူထုက ဆက်လက်ဝန်းရံပေးဖို့ လိုပါတယ်။ အန်အယ်လ်ဒီဟာ လူထုပါတီဖြစ်လို့ မူလဒီမိုကရေစီရည်မှန်းချက် အောင်သည်အထိ မတွန့်မဆုတ် ဆက်လက်ဝန်းရံကြဖို့လိုပါတယ်။

ကဗျာတပုဒ်နဲ့ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ ကဗျာရှင်က ဆရာ ဟံသာဝတီ ဦးဝင်းတင် ဖြစ်ပါတယ်။ ၁၉၉၅ စစ်ခွေးတိုက်မရောက်မီအချိန်လောက်က အင်းစိန်ထောင်တွင်းထုတ် ဒီလှိုင်းစာစောင်မှာ ပါခဲ့တယ် ထင်ပါတယ်။ အဓိပ္ပာယ်ရော ကာရန်ပါ လှပလို့ မှတ်ဉာဏ်မှာ ကျန်နေတဲ့ ကဗျာပါ။

“အောင်သပြေကမ်းစို့”


• ဒို့အမျိုးသားတွေ
ပေါင်းစည်းစုလို့
ကောင်းချီးပြုစို့
ဒီမိုကရေစီ။

• တိုင်းရင်းသားတွေ
ညီနောင်သင့်လို့
ပြည်ထောင်မြှင့်စို့
ခွင့်တူညီ။

• ဒို့ပြည်သူတွေ
နောင်အရှည်မှန်းလို့
အောင်သပြေကမ်းစို့
အန်အယ်လ်ဒီ။

(ဟံသာဝတီ ဦးဝင်းတင်)

http://www.khitpyaing.org/articles/2010/April/29410.php