Thursday, May 13, 2010

Help Burma Water Relief (CANADA)

Hello everyone

I think you all know what is going in Burma these days. Weather is too hot and there is no water to drink. Espically, Rangoon Division, Pago Division and Nargis area are the worse area. As we are very generous Burmese Families in Canada, I would like all of you to help people that problem with drinking water problem.

If you want to read in Burmese please follow this link.
http://burmesecommunity.ca/forum/viewtopic.php?f=15&t=55


To donate, please contact:

Ko Zaw Zaw 416-735-4128
ko Htun Myint Kyaw 416-533-1906
Ko Kyaw Zaw Wai 416-358-2318
Ko Si Thu 416-230-0901
Ko Aung Tin 647-343-7871

Thank you so much for your generosity.




13 May 2010 ဒိုင်ယာရီ

13 may 2010 yeyintnge_s diary.pdf 1.810 MB
13 May 2010 Yeyintnge's Diary

မြန်မာ့ နိုင်ငံရေး နှင့် အလုပ်မဖြစ်သော အမေရိကန် မူဝါဒ

May 13, 2010 Freedom News Group

Quantcast

တင်ကျော်ကျော်စိုး

မြန်မာ စစ်အစိုးရသည် ကျွဲပါးစောင်းတီး ၊ နွားပလာတာကျွေးဆိုသည့် အစိုးရ မျိုးမှန်းယခု အချိန် အလောက်ဆိုလျှင် သက်တမ်း ၁၆ လရှိပြီ ဖြစ်သည့် အမေရိကန် သမ္မတ အိုဘာမားတစ်ယောက် သဘောပေါက်မိလောက်ပြီ ထင်သည်။

သမ္မတ ရာထူးလက္ခံ ပြီးနောက် နှစ်လ မပြည့်ခင်မှာ ပင် ယခင်သမ္မတ ဟောင်းလက်ထက်က ဆေးဖော်ကြောဖက် မလုပ်ခဲ့သည့် နိုင်ငံများ ကို သူက မူဝါဒ ရေးရာ အပြောင်းအလဲ များ လုပ်မည် ဟု ကြေညာခဲ့သည်။

သူ၏ မူဝါဒရေးရာ ပြန်လည် သုံးသပ်မည့် နိုင်ငံများ တွင် မြန်မာ နိုင်ငံသည် လည်း တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။

ကတ်ကမ်းဘဲလ် ထွက်ခွားသွားပြီးနောက် ၄၈ နာရီ မပြည့်ခင်မှာပင် စစ်အစိုးရ ၏ ရွေးကောက်ပွဲ ကော်
မရှင် ဥက္ကဌ ဆိုသူက ရွေးကောက်ပွဲ အား စောင့်ကြည့် မည့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ များ မလိုအပ်
ဟု ပြောင်ပြောင်း တင်းတင်း ပင်ငြင်းဆို လိုက်သည်။

ကုလ အထွေထွေ ညီလာခံ တွင် မြန်မာ ၀န်ကြီးချုပ် အား ပြည်ဝင်ခွင့် ပေးခဲ့ပြီး နောက် မြန်မာ ၀န်ကြီးချုပ် အား သွားလာခွင့် ပြုသည့် နေရာထက် ပင် ပို၍ သူ့ အားသွားခွင့် ပြုခဲ့သည်။စစ်အစိုးရ ၀န်ကြီးချုပ်နှင့် အတူ လိုက်ပါလာသည့်အဖွဲ့ ကိုလည်းအထက်လွှတ်တော်အမတ်ဂျင်ဝဘ်မှနယူးယောက်တွင်သွားရောက်တွေ့ ဆုံခြင်းဖြစ် ၁၄ နှစ်ကျော်ကြာ မြန်မာ စစ်ခေါင်းဆောင်များ နှင့် တွေ့ ဆုံမှု မရှိခြင်း ကို အမေရိကန်က ပြန်လည်စတင်ခဲ့သည်။

နောက် နှစ်လ အကြာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲလ် နှင့် အဖွဲ့ ဝင်များ သည် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား အိမ်တိုင်ရာ ရောက် လာရောက်တွေ့ ဆုံခဲ့သည်။

ထိုသို့ တွေ့ ဆုံရာတွင် အမေရိကန် က မြန်မာ စစ်အစိုးရ အား ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည်လွှတ်ပေးရေး ၊ တွေ့ ဆုံဆွေးနွေးရေး နှင့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှ တမှု ရှိရေး တို့ ကို တောင်းဆိုခဲ့သော် လည်း မြန်မာ စစ်အစိုးရသည် ဘာတစ်ခု မျှ ကို လုပ်မပေးခဲ့ သည့် အပြင် ၎င်း တို့ စိတ်ကြိုက်ရေးဆွဲထားသည့် ရွေးကောက် ပွဲ ဥပဒေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကိုပါ
တရားဝင် ရပ်တည် နိုင်ခြင်း မရှိအောင် ပြုလုပ်ခဲ့သည်။

နေပြည်တော် မှ ရုပ်သေး စစ် ဗိုလ်ချုပ် တစ်ချို့ ဖြင့် တွေ့ ဆုံခဲ့သည့် ကတ်ကမ်းဘဲလ် သည် အပြန်တွင်
တရုတ် နိုင်ငံသို့ ဝင်ရောက်ခဲ့သည်။တရုတ် အရာရှိ တစ်ချို့ နှင့် တွေ့ ဆုံချိန် တွင် မြန်မာ့ အရေး ထည့်သွင်း
ဆွေးနွေးလိမ့်မည် ဟု လည်း သံတမန် များ နှင့် အကဲခတ်များက သုံးသပ်ကြသည်။

ဒီမိုကရေစီဖြစ်ထွန်း ရေး အတွက် စိတ်လိုလက်ရ လုံးဝမရှိသော မြန်မာ စစ်ဗိုလ်ချုပ် များ ကို အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန က စေ့စပ် ညှို နှိုင်း မှု များ ပြီးဆုံးသွား မည် မဟုတ် ဟု ကြေညာချက် ထုတ်
ကာ သူ၏ Soft Power ခေါ်သည့် သံခင်းတမန်ခင်းဖြစ် ချဉ်းကပ်သည့် နည်းလမ်း မှ ရာနှုန်းပြည့် ဖယ်ခွာမည်
မဟုတ် ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၏ မြန်မာ ပြည်ခရီးစဉ် ကို အကောင်းမြင်သူ ဦးရေထက် သူ၏ ဒုတိယ
မြောက် ခရီးစဉ် နှင့် ပတ်သက် ပြီး အဆိုးမြင် သူ က ပို များနေ သည်။ ထိုအထဲ တွင် ဘန်ကောက် အခြေစိုက်
မြန်မာ့ အရေး လေ့လာသူ ဦးကျော်လင်းဦးက သူ၏ အမြင် ကို ယခုလိုပြောသည်..

အခု လာတဲ့ ကာ့ ကမ်ဘဲလ် ရဲ့ ခရီးစဉ်က အချက်အလက်ရှာတဲ့ ခရီးစဉ်တစ်ခုအဖြစ်ပဲမြင်တယ်။ နအဖက ဥာဏ်ဝင်း၊ ကျော်ဆန်း အစရှိတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့သွားတယ်။ သူတို့ပြောတာ နားထောင်သွားတယ်။ ပြီးတော့ NLD က ဦးတင်ဦးခေါင်းဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့တွေ့တယ်။ နောက် မှတ်ပုံတင် ပြီးသား ပါတီတွေနဲ့တွေ့တယ်။ သူတို့ပြောတာ နားထောင်သွားတယ်။ ဒါပါပဲ။ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံရေးပဲ လုပ်လုပ်၊ မဆက်ဆံပဲ နဲ့ အယင်လို ပစ်ထားထား မြန်မာ့နိုင်ငံရေးအပေါ် သိပ်ပြီး သက်ရောက်လိမ့်မယ် မထင်ပါဘူး။ အခု ကာ့ ကမ်းဘဲလ် ရဲ့ ခရီးစဉ် အယင် ကုလသမဂ္ဂက လွှတ်တဲ့ အထူးကိုယ်စာလှယ်တွေလိုပဲ၊ လာလိမ့်၊ မြန်မာဘက်က အဖွဲ့စည်းပေါင်းစုံက ရှုထောင့်ပေါင်းစုံနဲ့ပြောတာကို နားထောင်လိုက်၊ ပြီး စေ့စပ်ဆွေးနွေးဖို့တိုက်တွန်း လိုက် နဲ့ပဲ ပြီးသွားမယ့် ကိစ္စပါ။ သိပ်ပြီး မျှော်လင့်ချက်မထားတာ ပိုကောင်းပါတယ်။

ကတ်ကမ်ဘဲလ် သည် မြန်မာ့ နိုင်ငံရေး ၏ ကီးပလေယာ များ ကို ယခု ဒုတိယ အခေါက်ထက် ပထမ အခေါက်
တွင် ပိုမို တွေ့ နိုင်ခဲ့သည်။ သို့ သော် လည်း သူ လာရောက် လည်ပတ်မှု ကြောင့် မြန်မာ့ နိုင်ငံရေး ဆံချဉ်မျှင် တစ်စေ့မျှ တိုးတက် ဖြစ်ထွန်းသော အပြောင်းအလဲ မဖြစ်ခဲ့…ချေ။

မြန်မာ နိုင်ငံ မှ ဒီမိုကရေစီ အင်အားစုများက ကတ်ကမ်းဘဲလ် အား အမှာတော် ပါးလိုက်သည် များကို လည်း
အမေရိကန် အစိုးရ အဖွဲ့ က အကောင်အထည် ဖော် နိုင် မဖော် နိုင် စောင့်ကြည့်ရမည်သာရှိသည်။

ကတ်ကမ်းဘဲလ် ၏ ခရီးစဉ် နှင့် ပတ်သက်ပြီး အကောင်းမြင်သူ များက မူ ‘တရားဝင် မဟုတ် တော့ တဲ့ NLD
ပါတီ ကခေါင်းဆောင် တွေ ကို တောင် လေးလေးစားစား လာတွေ့ တာဘဲ ဟု ဆိုကြသည်။

သို့ ဆိုလျှင် NLD ခေါင်းဆောင် များ အား မတွေ့ လျှင် မည့် သူ့ အား တွေ့ မည် နည်း။သူကတော့ NLD
ခေါင်းဆောင် များ သာ မဟုတ် တော်တော် များများ ကို တွေ့ ဆုံသွားသည်။တွေ့ ရုံ နှင့် ထူးသည် မဟုတ်

မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ထပ်မံတွေ့ ဆုံမည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်
တစ်ဦးမှာ ဂျင်ဝဘ် ဖြစ်နိုင်ပြီး သူသည် မကြာခင် မြန်မာ နိုင်ငံသို့ သူ၏ သံတမန် ခရီးစဉ် ကို စနိုင်သည် ဟု ရန်ကုန် အခြေစိုက် ဥရောပ သံတမန် တစ်ဦး က Freedom News Group သို့ ပြောသည်။

ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပီယာရို ဖက်ဆီနို (Pierro Fassino)
ကလည်း ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လေ့လာသူ တွေ လက်ခံဖို့ မြန်မာ စစ်ခေါင်းဆောင်

ကိုတိုက်တွန်း မည် ဟု ဆိုသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်ဆီက မြန်မာ့ နိုင်ငံရေးသည် အမေရိကန် မှ မကယ်လျှင် သေဖွယ်ရာသာ
ရှိသည် ဟု မြင်ကြသူများ မှာ လည်း ယခု တော့ အသံတိတ်သွားချေလေပြီ။

သေချာသည် ကတော့ အမေရိကန် အစိုးရ အနေဖြင့် မြန်မာစစ်ခေါင်းဆောင် များ ပလွေမှုတ်၍ ပချုပ်ထဲ ၀င်
ခိုင်းသည် ထက် ချွန်းအုပ် ၍ ကျူံးသွင်း မှ သာ ပိုပြီး သင့် လျှော် မည် ထင်သည်။

tp://freedomnewsgroup.com/

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်ပွားပါတီမဟုတ်

ဇင်လင်း / ၁၃ မေလ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးတွင် (အမြင်ကွဲလွဲသူအချို့ရှိသော်လည်း) ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အပေါ် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ပြသလိုက်သည်။ ပြည်တွင်းပြည်ပတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် ပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုထားသည်။

ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားလျက် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ဆင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ သို့သော် စစ်အာဏာရှင်အုပ်စုက လူထုကိုယ်စားပြု NLD ပါတီ၏ တောင်းဆိုမှုကို ကျောခိုင်းထားခဲ့သဖြင့် NLD ကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ NLD ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပ အဓိကနိုင်ငံရေးအင်အားစုများက ကြိုဆိုထောက်ခံခဲ့ကြသည်။ ပြည်သူလူထုအများစုကလည်း ထောက်ခံခဲ့ကြသည်။

စစ်အစိုးရ၏ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေအရ ဆက်လက်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် NLD က ငြင်းဆိုခဲ့သဖြင့် မေလ (၆) ရက်တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်သက်တမ်းကုန်သည်။ မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့သော်လည်း မေလ (၇) ရက်နေ့တွင် NLD နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ‘အမျိုးသားဒီမိုကရေစီအင်အားစု’ အမည်ဖြင့် ပါတီမှတ်ပုံတင်လိုက်သည့်ကိစ္စ ပေါ်လာခဲ့သည်။ ထိုအုပ်စုကို ဦးဆောင်သူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နှင့် ဦးတိုးပို … စသူတို့ အပါအ၀င် (၂၈) ဦးဖြစ်သည်။ ထိုအုပ်စုက မေလ (၆) ရက်နေ့ ကုန်ဆုံးချိန်အထိ ဒေါ်စုနှင့် NLD အပေါ် သစ္စာရှိမည်။ မေလ (၇) ရက်တွင် NLD မရှိတော့သဖြင့် သီးခြားပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်ဟု ဆိုခဲ့ကြသည်။ ထိုအုပ်စု၏ စကားနှင့်လုပ်ရပ်မှာ ရှင်းလင်းမြင်သာပါသည်။ မေလ (၆) ရက်နောက်ပိုင်းတွင် သူတို့အနေဖြင့် NLD အား သစ္စာစောင့်သိတော့မည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

NLD က ရွေးကောက်ပွဲမ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ Splinter Group က ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီ မှတ်ပုံတင်လိုက်သည့်အတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ပစ်ပယ်၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် NLD ၏ နိုင်ငံရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေကြောင်း ထင်ရှားလှသည်။
အထူးသဖြင့် လက်ငင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ဖန်တီးလိုက်သည့် ပြဿနာမှာ လူထုအား အမြင်ရှုပ်ထွေးေ၀၀ါးစေရန် မလျော်မကန် လုပ်သကဲ့သို့ ဖြစ်နေသည်။ အမှန်တော့ ယင်းသို့သော အခြေအနေမျိုး ပေါ်ပေါက်လာဖွယ်ရှိသည်ကို ၂၀၁၀ နှစ်ဆန်းစ ကတည်းက ကြားနေ သိနေရပါသည်။ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု တွင်တွင်ဝါဒဖြန့်ချိနေသည့် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်နေကြပါသည်ဆိုသော NGO အချို့၏ ပယောဂများလည်း မကင်းဟု ဆိုရပါမည်။ ထို NGO အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့တွင် ကိုယ်ပိုင်မီဒီယာလုပ်ငန်းများ ရှိသည့်အလျောက် နအဖ၏ အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေရန် တက်ကြွစွာ ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုထိုသော ပုဂ္ဂိုလ်တို့အနက်မှ တဦးကဆိုလျှင် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံသည် ‘အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ’ ကို စံနမူနာယူ ရေးဆွဲထားသည်ဟု မရှက်မရွံ့ ၀ါဒဖြန့်ခဲ့ပုံကို ကိုယ်တိုင်ကြားခဲ့ရဖူးသည်။ ထို NGO အဖွဲ့များမှ တာဝန်ရှိသူအချို့ကပင် NLD မှ တွေဝေယိမ်းယိုင်သူများအား မက်လုံးပေး ဖဲ့ထုတ်စည်းရုံးခဲ့ကြသည်။ NLD အစိတ်အပိုင်းတရပ် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါခဲ့လျှင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိမည်။ ထိုသို့ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲ အလှည့်အပြောင်းသည် နိုင်ငံနှင့်ပြည်သူ အတိုင်းအဆမရှိ နစ်နာမည်ဖြစ်သော်လည်း စစ်တပ်ကျောထောက်နောက်ခံဖြင့် NGO လုပ်စားနေသူများ (အရိုးခံ NGO များကို မဆိုလို) အဖို့ စားပေါက်ပိုချောင်လာမည်ဟု တွက်ဆကာ စစ်အစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု ကျယ်ကျယ်လောင်လောင် ၀ါဒဖြန့်နေကြခြင်းလားဟု ထင်မြင်စရာဖြစ်သည်။

ဤနေရာ၌ ဧပြီလ (၇) ရက်စွဲဖြင့် ဒေါက်တာခင်ဇော်ဝင်းထံမှ ထွက်ပေါ်လာသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာတစောင်ပါ အချက်အလက်များကို ကိုးကားလိုပါသည်။ စာတမ်းခေါင်းစဉ်က “NLD အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” ဟု ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မှတ်ပုံမတင်ရေးသဘောထားကို ဦးဉာဏ်ဝင်းက သတင်းမီဒီယာမှတဆင့် ဖော်ထုတ်လိုက်ခြင်းကြောင့် မတ်လ (၂၉) NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပေါ် သြဇာသက်ရောက်မှုဖြစ်စေခဲ့သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် ဝေဖန်ထားသည်။

ထိုနေ့က အစည်းအဝေးဆုံးဖြတ်ချက်အား ဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်စုသဘောထားကို မဆန့်ကျင်လို၍ ထောက်ခံခဲ့သည်။ လူငယ်အဖွဲ့ကလည်း မဲမခွဲဘဲ ညှိနှိုင်းဆုံးဖြတ်ရန် စုပေါင်းလက်မှတ်ရေးထိုးထားသော စာတစောင်တင်ခဲ့သည်ဟု ဆွေးနွေးချက်စာတမ်းတွင် ဖော်ပြသည်။ ထို့ကြောင့် NLD ခေါင်းဆောင်ပိုင်းသည် လက်တွေ့ကျကျ အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကို၊ စိတ်လှုပ်ရှားခံစားမှု ဦးစားပေး၍ ဆုံးဖြတ်ခဲ့ကြသည်ဟု ဝေဖန်ထားသည်။ နှစ်ပေါင်း (၂၀) ကျော် ဆင်းရဲဒုက္ခကြီးစွာခံလုပ်ခဲ့ကြရပြီးနောက် ယခုအခါ ခေါင်းဆောင်မှု ကင်းမဲ့သွားခဲ့ပြီ။ ဤသို့ဖြစ်ရခြင်းမှာ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ (လေးဦးဂိုဏ်း) က (ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည်ဟု ကြွေးကြော်ကာ) အထက်စီး ရယူခဲ့သောကြောင့် ဖြစ်သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် သုံးသပ်ထားသည်။

ထို့ပြင် ဒေါ်စုသည် ဦးဉာဏ်ဝင်း၏ ခြယ်လှယ်အမြတ်ထုတ်မှုကို ခံနေသည်။ ဒေါ်စု၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်သည် မိမိတို့ (အဖွဲ့ချုပ်ဝင်များ) အား ပစ်ပယ်လိုက်သည့်သဘောလည်းဖြစ်သည်။ ယခုအခါ ဒေါ်စုတွင် ရပ်တည်စရာ စင်မြင့် လုံးဝမရှိ ဖြစ်သွားပြီ။ မိမိတို့အနေဖြင့် ယခုအခါ ရေစီးကြောင်းကို ဆန်တက်ကြရမည်။ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသားများအား လူရင်းများအဖြစ် သဘောထားနေသည်။ ဒေါ်စုသည် နအဖ၏ ထောင်ချောက်အတွင်း ပြန်ဝင်နေသည် … စသည်ဖြင့် ထိုဆွေးနွေးချက်စာတမ်းတွင် ဖော်ပြထားသည်။

ဒေါက်တာခင်ဇော်ဝင်း၏ ကိုယ်ပိုင်ဝေဖန်ချက်တွင် အသစ်ပေါ်လာမည့် ပါတီ သို့မဟုတ် ပြုပြင်ပြောင်းလဲထားသည့် NLD ပါတီသည် နိုင်ငံရေးဘ၀ဖြစ်စဉ်၌ တနေရာ ရသင့်ရထိုက်သည်။ ထိုပါတီသည် NLD အမည်ကို သုံးဖြစ်ကောင်းမှ သုံးဖြစ်မည်ဖြစ်သော်လည်း စင်စစ် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” ဖြစ်လာမည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆန္ဒသဘောထားများကို လေးစားကြသကဲ့သို့ အသစ်ပေါ်လာမည့် ပါတီ၏ ဆန္ဒသဘောထားများကိုလည်း လေးစားအသိအမှတ်ပြုသင့်သည်။ မည်သည့်အကြောင်းကြောင့်မျှ ပါတီအသစ်တွင် ပါဝင်သူများအား NLD ကို သစ္စာဖောက်သူများဟု တံဆိပ်မကပ်သင့်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးအချိုးအကွေ့တခုနှင့် ကြုံတွေ့တိုင်း သဘောထားအယူအဆ ကွဲလွဲတတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တခုဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီတခု၏ ထီးရိပ်အောက်တွင် ရှိနေကြသူတို့အနေဖြင့် သဘောကွဲလွဲခွင့်ရှိခြင်းမှာ ဒီမိုကရေစီပိုင်ခွင့်ဖြစ်သည်။ သို့သော် ပါတီဝင်တဦးချင်းသည် ပါတီတွင်း၌ အကျေအလည် ဆွေးနွေး ငြင်းခုန်ပြီးနောက် အများစု၏ ဆုံးဖြတ်ချက်ကို သဘောမတူသော်လည်း လိုက်နာရန် တာဝန်ရှိသည်။ အများစု သဘောတူဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ရုံမက အများစုက ပြည်သူလူထုနှင့် ပါတီ၏အကျိုး ထိခိုက်နစ်နာမည်ဖြစ်၍ ပယ်ချထားသော လမ်းကြောင်းကို ဖုန်ခါပွဲထုတ်လိုက်လျှင်မူ ပါတီကိုဆန့်ကျင်ခြင်းဖြစ်သည်။ သစ္စာဖောက်ခြင်းဖြစ်သည်။

ဒေါက်တာခင်ဇော်ဝင်း၏ ဧပြီလ (၇) ရက်စွဲဖြင့် “NLD အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” စာတမ်းထွက်ပေါ်လာချိန်သည် NLD တရားဝင်ပါတီအဖြစ် တည်နေဆဲကာလဖြစ်သည်ကို သတိပြုရပါမည်။ ထိုစဉ်က NLD ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့၏ စာတမ်းပါ ဆွေးနွေးချက်သဘောထားများအရ ဂိုဏ်းဂဏစိတ်ဖြင့် ပါတီကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။ “(လေးဦးဂိုဏ်း) ဟူသော အသုံးအနှုန်း” “ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်” စသည့် သဘောထားများက ထိုစဉ်ကပင် ပါတီဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်နေခဲ့ကြောင်း ထင်ရှားနေသည်။

သို့သော် မီဒီယာများအား ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောပုံဆိုပုံမှာ မရိုးသားဟု ဆိုရမလိုဖြစ်နေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟု စကားနှစ်ခွဆိုမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲစည်းပုံဖြင့် စစ်အုပ်စုက သစ္စာခံခိုင်းသည်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ NDF က စစ်အုပ်စု၏ ၂၀၀၈ ဖွဲစည်းပုံကို သစ္စာခံရမည့် (ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး) လမ်းကို လိုက်သွားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များက သစ္စာစောင့်သိမှု ရှိ မရှိ ဆိုသည်ကို ပြသခဲ့ပြီးဖြစ်သည်။

NLD မှ နှုတ်ထွက်၍ သီးခြားပါတီထောင်ခြင်းမှာ ပြဿနာမဟုတ်။ ၁၉၉ဝ ခုနှစ်တွင် ဒီမိုကရေစီနိုင်ငံ တည်ထောင်ပေးမည်ဟု NLD က ပြည်သူကို ကတိပေးခဲ့သည်။ ထိုကတိကို ဆက်လက် အကောင်အထည်ဖော်ရန် တရားဝင်ပါတီအဖြစ် ရပ်တည်ကာ နိုင်ငံရေးကို တရားဝင်လုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောဆိုလာပုံမှာလည်း မရိုးသားရာရောက်သည်။ NLD တာဝန်ကို ဆက်လက်ထမ်းဆောင်နေသယောင် ပြောသလိုဖြစ်နေသည်။

ထိုကိစ္စများနှင့် စပ်လျဉ်း၍ ဆရာဦးဝင်းတင်က သတင်းမီဒီယာများတဆင့် ရှင်းပြခဲ့ပြီးဖြစ်သည်။ ဦးဝင်းတင်က NLD သည် ပြည်သူလူထုကို လှည့်စား၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်ပွားပါတီ ထူထောင်၍သော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်မဟုတ်ဟု အတိအလင်း ပြောပါသည်။ ထို့ပြင် ပါတီပြိုကွဲပျက်စီးစေမည့် အလုပ်မျိုးလည်းမလုပ်၊ ပြည်သူကိုလည်း သစ္စာမဖောက်ဟုဆိုပါသည်။ မိုးမခမီဒီယာ၏ မေးခွန်းများကို ဖြေဆိုရာ၌ ဦးဝင်းတင်က NLD နှင့် NDF ခြားနားပုံကို ယခုကဲ့သို့ ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်းမရှိတာက အဓိက ဖြစ်သွားပြီ။ NLD ပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့အပ်နှံမှု၊ လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် (၂၀) လုံးလုံးအတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် (၂၀) လုံးလုံးတောင် ပြည်သူ့ရဲ့ Mandate နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း ၀န်မခံလိုဘဲ၊ လက်မခံဘဲနဲ့ နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။ NLD ပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ NLD ဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက်ရပ်တည်သွားမယ်။ ဆက်လက်လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။”

NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience) ဖြစ်သည်။ NLD ၏ အမြင့်ဆုံး တိုက်ပွဲပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ (၁၀) ရက် နေ့စွဲဖြင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်၏ သတင်းထုတ်ပြန်ချက်တွင် ဆယ်စုနှစ် (၂) ခုကြာ မြန်မာပြည်သူလူထု၏ လူမှုဘ၀ တိုးတက်ကောင်းမွန်လာရေးအတွက် ရုန်းကန်အားထုတ်ခဲ့သော NLD ၏ အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ စစ်အစိုးရ၏ မတရားသည့် ဥပဒေစည်းမျဉ်းဘောင်အတွင်း၌ NLD အား တရားဝင်အဖွဲ့အစည်းအဖြစ် ငြင်းပယ်ထားသော်လည်း NLD သည် မြန်မာပြည်သူလူထုအား ကိုယ်စားပြုလျက် လူထုအကျိုးကို စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုက NLD အား ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဧရာဝတီနှင့် အင်တာဗျူးတွင် “ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ်အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်” ဟု ကတိပြုခဲ့သည်။ တနည်းအားဖြင့် စစ်အစိုးရက အသိအမှတ် မပြုသော်လည်း NLD သည် လူထုအကြား၌ ဆက်လက်လှုပ်ရှား တည်ရှိနေမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် NDF အစုက NLD မရှိတော့ဟု ယူဆပြောဆိုနေသည်။ တနည်းအားဖြင့် NLD ၏ တိုက်ပွဲခွင်ထဲမှ ထွက်သွားခြင်းဖြစ်သည်။ ထိုမျှမက စစ်အာဏာအောက် ခေါင်းလျှိုဝင်လိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ယူဆသကဲ့သို့ NLD ၏ အခန်းကဏ္ဍ မရှိတော့ဟူသော အမြင်မှာ ပကတိအခြေအနေနှင့် လွဲချော်နေသည်။ ဒေါက်တာခင်ဇော်ဝင်း မျှော်မှန်းသည့် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” (သို့မဟုတ်) NDF ၏ အခန်းကဏ္ဍ ဆိုသည်မှာလည်း စိတ်ကူးယဉ်မှုသက်သက် ဖြစ်သည်။ NDF လျှောက်သောလမ်းမှာ လူထုဆန္ဒနှင့် ကင်းကွာသော၊ ၉၀ ရလဒ်ကို ကျောခိုင်းသော၊ စစ်အာဏာ အဓွန့်ရှည်ရေးကို ထောက်ကူသော လမ်းကြောင်းဖြစ်နေသည်။ ထို့ကြောင့် NDF သည် စစ်အာဏာတည်တံ့ရေးစီမံချက်တွင် နယ်ရုပ်တရုပ် ဖြစ်မှန်းမသိ ဖြစ်ရဖို့သာရှိသည်။

သို့ဖြစ်၍ ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့၏ NDF သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် လုံးဝဆက်စပ်ပတ်သက်မှု မရှိသည်မှာ ထင်ရှားပေသည်။ ထို့ပြင် NDF သည် NLD ၏ ကိုယ်ပွားပါတီ သို့မဟုတ် Lifeboat Party သဘောလည်း လုံးဝမဟုတ်။ အဘယ်ကြောင့်ဆိုသော် NLD ၏ မူဝါဒ ဆုံးဖြတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူခဲ့ပြီးမှ NDF က ဆန့်ကျင်ငြင်းဆန်ခဲ့၍ ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က လုံးဝလက်မခံနိုင်သည့် နာဂစ်ဖွဲ့စည်းပုံအောက်၌ NDF ပါတီသစ်ကို ဖွဲ့ခဲ့ခြင်းမှာလည်း စစ်အာဏာလွှမ်းမိုးရေးကို အားပေးရာရောက်နေ၍ ဖြစ်သည်။

ထို့ကြောင် ဒေါ်အောင်ဆန်းစုကြည်သည် NDF ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟုလည်းကောင်း၊ NLD ၏ မပြီးဆုံးသေးသည့် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်းကောင်း၊ NDF က လူထုကိုေ၀၀ါးအောင် မပြောသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထားချင်း ဖြောင့်ဖြောင့်ဆန့်ကျင်နေသည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု’ ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှုကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်မည်မဟုတ်ပါ။ ဖြစ်သင့်သည်မှာ ‘အမျိုးသားဒီမိုကရေစီအင်အားစု’ (NDF) ခေါင်းဆောင်များအနေဖြင့် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် သဘောမတူ၍ သီးခြားပါတီထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ္တိရှိရှိ ရိုးရိုးသားသား ဖြောင့်ချက်ပေးကာ ရှေ့ခရီးကို ဆက်သင့်ပေသည်။ လူထုက ရိုးသားမှုကို အားပေးထောက်ခံလေ့ရှိကြောင်း သတိချပ်သင့်ပါသည်။


ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆိုသုံးနှုန်းနေခြင်းကြောင့် ပြည်သူများအတွင်း ရှုတ်ထွေးမှု ဖြစ်သွားနိုင်ကြောင်း ”ဒေါင်းယောင် ဆောင်သော ကျီးမျာအဖြစ်” NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြစ်တင်ရှုတ်ချလိုက်သည်။

ရွေးကောက်ပွဲဝင်လိုသည့် NLD အကြီးတန်းခေါင်းဆောင်ဟောင်း ၁၁ ဦးက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ တည်ထောင်ပြီး မီဒီယာများမှတဆင့် ပြောဆိုစည်းရုံးရာတွင် NLD အမည်ကို အသုံးချနေသည်ဟု စွပ်စွဲလိုက်ခြင်းလည်း ဖြစ်သည်။

NDF ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့က တာဝန်ယူထားပြီး ၎င်းတို့က မီဒီယာများတွင် NLD ၏ မပြီးဆုံးသေးသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။



ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မည်ဟု ဦးခင်မောင်ဆွေ ပြောကြား

NEJ / ၁၃ မေလ ၂၀၁၀
အန်အယ်လ်ဒီပါတီသည် တရားဝင်ရပ်တည်မှု မရှိတော့သည့်အတွက် အန်အယ်လ်ဒီ၏ မပြီးဆုံးသေးသည့်တာဝန်ကို တာဝန်သိသိ ဆက်လက် ထမ်းဆောင်ပေးခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

၎င်းက “ကျနော်တို့ပါတီက ခွဲထွက်တယ်ဆိုတာ မဟုတ်ဘူး။ ဒေါက်တာစိန်ဝင်းတို့ ဖွဲ့တဲ့ lifeboat ပါတီလိုပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာတော့ ယူဆတယ်။ လက်ခံတာ လက်မခံတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ lifeboat ဆိုတာကတော့ ဒီမိုကရေစီကို သယ်ဆောင်ဖို့အတွက် အဆင်သင့်မရှိတော့တဲ့အချိန်မှာ ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မယ့် သဘောပါ။ အန်အယ်လ်ဒီက မရှိတော့တဲ့အတွက် အန်အယ်လ်ဒီကိုယ်စား လုပ်တာမဟုတ်ဘူး။ မရှိတော့တဲ့အတွက် ကျနော်တို့က ကျနော်တို့တာဝန်တွေကို ဆက်ထမ်းဖို့အတွက် ထမ်းဆောင်တာဖြစ်တယ်။ ခွဲထွက်တာလည်း မဟုတ်ဘူး၊ မရှိတော့တဲ့အတွက် လုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီတခု တည်ထောင်ဖွဲ့စည်းရန် ဦးဆောင်စီစဉ်နေသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့တွင် တဦးအပါအ၀င်ဖြစ်သည်။

၎င်းတို့အဖွဲ့သည် အန်အယ်လ်ဒီပါတီ ဆက်လက်မှတ်ပုံမတင်တော့သည့် ဆုံးဖြတ်ချက်အပေါ် သဘောမတူခဲ့ကြသူများဖြစ်ပြီး ယခုလ မေ (၆) ရက်တွင် အန်အယ်လ်ဒီ မှတ်ပုံတင်ရန် သက်တမ်းကုန်ဆုံးပြီးနောက် ပါတီသစ်ဖွဲ့စည်းရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူများဖြစ်သည်။

“နိုင်ငံရေးတာဝန်တွေ မပြီးဆုံးသေးတဲ့အတွက်ကြောင့်မို့ ပြည်သူတွေကို နိုင်ငံရေးအသက်ကယ်လှေအဖြစ်နဲ့ ကျနော်တို့က စစ်မှန်တဲ့ဒီမိုကရေစီကို သယ်ဆောင်နိုင်မယ့်အုပ်စုလို့ ပြည်သူတွေက စဉ်စားထားတဲ့အတွက်ကြောင့်မို့၊ အန်အယ်လ်ဒီဟာ နှစ်ပေါင်း (၂၀) ကျော်ကြာ ပြည်သူလူထုအကျိုးစီးပွားကို စွမ်းစွမ်းတမံလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူကို တကယ်တမ်း ဒီမိုကရေစီ စွမ်းအားတွေ ပေးနိုင်မှာက ဒီအဖွဲ့ ဒီလူတွေပဲဖြစ်တယ်။ နောက် ဒီအဖွဲ့ ဒီလူတွေကပဲ ပြန်ပြီးတော့ကာ ပါတီနိုင်ငံရေးမသွားချင်တဲ့သူက မသွားဘူးပေါ့ဗျာ။ သူတို့သဘောပေါ့ဗျာ။ သွားချင်တဲ့ကျနော်တို့ကတော့ ပြည်သူတွေအတွက် lifeboat နိုင်ငံရေး အသက်ကယ်ဆိုတဲ့သဘောနဲ့ ကျနော်တို့ ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကမူ စစ်အစိုးရထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အန်အယ်လ်ဒီက ပါတီအဖြစ် ထပ်မံမှတ်ပုံမတင်ရန် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ကြောင်း ပြီးခဲ့သည့်မတ် (၂၉) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အစည်းအဝေးဆုံးဖြတ်ချက်ကို ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင် အစရှိသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့က သဘောမတူဘဲ စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ပါတီသစ် စုစည်းတည်ထောင်နေခြင်းဖြစ်သည်။ ၎င်းတို့ပါတီကို မေ (၂၃) ရက်ထက် နောက်မကျဘဲ မှတ်ပုံတင်မည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယင်းသို့ ဦးခင်မောင်ဆွေက အန်အယ်လ်ဒီပါတီ မရှိသည့်အတွက်ဟု ထည့်သွင်းပြောဆိုသွားချက်အပေါ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အန်အယ်လ်ဒီပါတီမရှိဘူးဟု လက်ခံသူများမှာ ၎င်းတို့အယူအဆသာ ဖြစ်သည်ဟု ပြောဆိုသည်။

“ပါတီမရှိဘူးလို့ လက်ခံတာ သူတို့ရဲ့အယူအဆပဲ။ ကျနော်တို့ကတော့ ဒီနေ့ပါတီရှိနေတယ်။ ဒါကြောင့် ဒီနေ့ကျနော်တို့ နိုင်ငံရေးဆက်လုပ်မယ်လို့ ပြောနေတယ်။ ရပ်တည်နေတယ်။ ပြည်သူကြားမှာ ၀င်ပြီး နိုင်ငံရေးတွေ လုပ်မယ်လို့ ကျနော်တို့ ကြွေးကြော်နေတယ်။ အစိုးရက ဘယ်လိုပဲသဘောထားထား ကျနော်တို့ပါတီက မပျက်ဘူး။ ကျနော်တို့ ထပ်မံ မှတ်ပုံမတင်တာဘဲ ရှိတယ်။ ရှိမြဲရှိနေတယ်လို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားထဲမှာလည်း ပါပါတယ်။ ဥပဒေတွေ ဘာတွေနဲ့ ဖျက်လို့မရဘူး၊ ပါတီတရပ်ဆိုတာ ပြည်သူလူထုရဲ့ထောက်ခံမှု၊ မူဝါဒတွေ၊ ကမ္ဘာ့ထောက်ခံမှုတွေနဲ့ ရပ်တည်နေတာဟု ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ဦးခင်မောင်ဆွေက ၎င်းတို့ဖွဲ့စည်းမည့်ပါတီကို အန်အယ်လ်ဒီ၏ ကိုယ်ပွား (lifeboat) ပါတီဖြစ်သည့် ဒေါက်တာစိန်ဝင်းတို့၏ ပါတီကဲ့သို့ သဘောထားကြောင်း ပြောဆိုခဲ့မှုနှင့်ပတ်သက်၍လည်း ဦးဝင်းတင်က လုံးဝမတူညီကြောင်း ဆက်လက် ရှင်းလင်းပြောဆိုသည်။

၎င်းက “ဘာလို့လဲဆိုတော့ ၁၉၉၀ တုန်းက ကျနော်တို့ lifeboat ပါတီတခု ထောင်ခဲ့တယ်။ ထောင်ရတဲ့အခြေအနေက ကျနော်တို့မှာ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်မချတဲ့အတွက် ကိုယ်ပွားပါတီ သို့မဟုတ် lifeboat ပါတီတခု ထောင်ဖို့လိုတယ်လို့ သဘောရတယ်။ အဲဒီအခါမှာ ဒေါက်တာစိန်ဝင်းတို့ အမျိုးသားဒီမိုကရေစီပါတီကို ပါတီမှတ်ပုံတင်စေခဲ့တယ်။ ရွေးကောက်ပွဲကို ၀င်စေခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်လည်း မှတ်ပုံတင်တယ် ရွေးကောက်ပွဲဝင်ခဲ့တယ်။ ကျနော်တို့ ကိုယ်ပွားပါတီကိုလည်း မှတ်ပုံတင်စေခဲ့တယ်၊ ရွေးကောက်ပွဲ ၀င်စေခဲ့တယ်။ အခုဟာက ကျနော်တို့က ရွေးကောက်ပွဲဥပဒေတွေဟာ လုံးဝမတရားဘူး၊ နောက် ရွေးကောက်ပွဲဝင်ရင် ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ စစ်အစိုးရသက်ဆိုးရှည်ဖို့အတွက်၊ စစ်အစိုးရကို အလုပ်အကျွေးပြုဖို့အတွက် သူတို့ပြောတဲ့ လွှတ်တော်ထဲဝင်ရမယ်။ ခေါင်းလျှိုဝင်ရမယ်။ ဒူးထောက်ဝင်ရမယ်။ လက်မြှောက်ဝင်ရမယ်။ ၀မ်းလျှားမှောက်ဝင်ရမယ့် အနေအထားမျိုး ဖြစ်နေတဲ့အခါ ကျနော်တို့ ဒါတွေ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ကိုယ်တိုင်လည်း မှတ်ပုံမတင်ဘူး။ ကျနော်တို့ကိုယ်တိုင်လည်း ရွေးကောက်ပွဲမ၀င်ဘူး။ အဲလိုဆိုရင် ကျနော်တို့က အခြားအဖွဲ့အစည်း၊ အခြားလူပုဂ္ဂိုလ်တယောက် အခြားပါတီတခုကို ကျနော်တို့က မှတ်ပုံတင်စေမယ်။ ရွေးကောက်ပွဲဝင်စေမယ်ဆိုတာကတော့ အလွန်ရယ်စရာကောင်းတဲ့ အတွေးအခေါ်ပဲ။ အလွန်ရယ်စရာကောင်းတဲ့ အပြောအဆိုပဲ၊ ပိုပြီးအတိအကျပြောရရင် ဒါမရိုးသားတဲ့ အပြောအဆို အပြုအမူ၊ လူထုကို လှည့်စားတာ၊ လူတွေကိုလိမ်ညာပြီးတော့ သိမ်းသွင်းတာ အဲဒီလိုပဲပြောရမှာပဲ။ နိုင်ငံရေးရိုးသားမှု ရှိရဲ့လားဆိုတာ မေးစရာဖြစ်လာမယ်လို့ ကျနော်တော့ အဲလိုထင်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် မတ် (၂၉) ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ မှာကြားချက် (၆) ချက် ပေးပို့ခဲ့ရာတွင် အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“သူတို့ပြောတဲ့အထဲမှာ NLD ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ၊ ပြည်သူကို ပေးထားတဲ့ ကတိတွေကို ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတာမျိုး ပြောနေတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပွားပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD နာမည်ကို သူတို့ ယူသုံးစရာ မလိုပါဘူး” ဟု NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ ပါတီရဲ့ အလံဟာ ဒေါင်းအလံဖြစ်တယ်။ ဒီလူတွေဟာ ကျနော်တို့ကိုယ်ပွား သဏ္ဍာန်လုပ်ရင်တော့ ဒေါင်းယောင်ဆောင်သော ကျီးပဲ ဖြစ်လိမ့်မယ်။ ဘယ်သူက ကျီး၊ ဘယ်သူက ဒေါင်းဆိုတာ ပြည်သူက သိပါတယ်” ဟု ပြောသည်။

NLD ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းကလည်း NDF သည် NLD ၏ ကိုယ်ပွားပါတီသဖွယ် ပြောဆိုနေခြင်းသည် ပါတီဝင်များနှင့် ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေသည်ဟု ပြောသည်။

“ပါတီက ရွေးကောက်ပွဲကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ထားတာကို ပါတီဝင်တိုင်း လိုက်နာဖို့ တာဝန်ရှိပါတယ်။ အဲဒီတာဝန်တွေကို ချိုးဖောက်ပြီးတော့ ပါတီထောင်သွားတဲ့အပေါ်မှာ ဘာမှမပြောလိုပေမယ့် သူတို့ဘာသာ သီးသန့်လုပ်စေချင်တယ်။ NLD ရဲ့ ကိုယ်ပွားပါတီလိုလို ပြောဆိုသုံးနှုန်းနေတာကို လုံးဝ လက်မခံနိုင်ပါဘူး” ဟု သူက ပြောသည်။

NDF ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မိမိတို့ပါတီသည် NLD ၏ ကိုယ်ပွားပါတီမဟုတ်ဘဲ NLD နှင့် မတူညီသော မူဝါဒများဖြင့် တည်ထောင်ထားသည်ဟု ပြောသည်။

NDF က လူထုထောက်ခံမှုဖြင့် ဥပဒေများ ပြန်လည်တည်ဆောက် ပြုပြင်သွားမည့် လူထုအခြေပြု လွတ်လပ်ခွင့်ဝါဒ (Social Liberalism) စနစ်ကို ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်းနှင့် စီးပွားရေးစနစ်တွင် ဈေးကွက်ကို အစိုးရက ဥပဒေများဖြင့် ဝင်ရောက်ထိန်းမတ် ပေးနိုင်သည့် ဈေးကွက်အခြေပြု ရောပြွမ်းစီးပွားရေးစနစ် ဖော်ဆောင်ရန် ရည်ရွယ်ထားသည်ဟု သူက ပြောသည်။

“NLD ဟာ ၉ဝ ခုနှစ်တုန်းက ပြည်သူလူထုကို ပေးထားခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့် အဲဒီမပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်သယ်ဖို့ ဘယ်သူတွေက ခိုင်းခိုင်း၊ မခိုင်းခိုင်း ဒီနိုင်ငံရေးတာဝန်ကို ဆက်သယ်မယ်လို့ ပြောဆိုတာပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

NDF ကော်မတီဝင် ၁၇ ဦးရှိရာ NLD ပါတီ ဗဟိုအလုပ်မှုဆောင် CEC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်၊ ဗဟိုဦးစီး CC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်၊ ဦးတင်အောင်အောင်၊ ဦးတိုးဘို၊ ဦးစိန်လှဦး၊ ဦးစောနန်သီ၊ တို့ပါဝင်ပြီး ကျန်သူများမှာလည်း NLD ပါတီဝင်ဟောင်းများဖြစ်ကြသည်
http://www.mizzimaburmese.com/

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စတင်ထွန်းကားခြင်း

ရဲဘော်ဖိုးသံချောင်း / ၁၃ မေလ ၂၀၁၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ဘယ်လိုလုပ်မယ်ဆိုတာကို ပြည်တွင်းပြည်ပရှိ မြန်မာပြည်အရေးစိတ်ဝင်စား
နေသူတိုင်းက စူးစူးစိုက်စိုက် စောင့်ကြည့်နေကြပါတယ်။ ဒီအထဲမှာ ဒီချုပ်ဇာတ်သိမ်းခန်းကို ကြည့်ရတော့မဟဲ့လို့ အားခဲထား
သူတွေပါသလို နာကျည်းစိတ်မကောင်းစွာနဲ့ စောင့်ကြည့်နေကြသူတွေလည်းပါပါတယ်။ ရေဒီယိုအင်တာဗျူးတွေမှာ ပါတီ
သစ်ထောင်လိုက်ကြောင်း အားပါးတရပြောနေတာ ကြားရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ “ကမ္ဘာ
မကြေဘူး”သီချင်းကို မျက်ရည်တွေနဲ့ဆိုနေကြတယ်ဆိုတာလည်း ကြားရပါတယ်။

ဘာပဲပြောပြော ဒီဆောင်းပါးရေးနေတဲ့အချိန်အထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကိုလည်း ဖြုတ်
မချသေး၊ မတရာသင်းလည်းမကြေညာသေးပါဘူး။ စိတ်ဝင်စားစရာမကောင်းဘူးလား။ ဒီနေရာမှာ အားလုံးစဉ်းစားလို့
ရအောင် သမိုင်းဖြစ်ရပ်တခုကို တင်ပြချင်ပါတယ်။ မှီငြမ်းစဉ်းစားဖို့ပါ၊ ထပ်တူဆွဲ နှိုင်းယှဉ်ဖို့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်တုန်းက
အဖြစ်အပျက်-။

မတ်လ (၂၈) ရက်ညမှာ ဖဆ-ဆိုရှယ်လစ်တွေက ကွန်မြူနစ်တွေကို တပြည်လုံးအနှံ့ ဖမ်းဆီးပွဲကြီးလုပ်ပေမယ့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလုပ်သလိုပဲ ဆိုင်းဘုတ်ဖြုတ်တာ၊ ပါတီမတရားသင်းကြေညာတာတွေ မလုပ်ပါဘူး။ သူတို့ရဲ့စာရင်းထဲမှာ ရှိနေသူတွေကိုပဲ အတင်းတွန်းဖမ်းနေခဲ့တာပါ။ နောက်ပြီး ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပြီး အဲဒီအခါတုန်းက ပါတီအပြင်ဘက်ရောက်နေတဲ့ ဦးသိန်းဖေမြင့်ကိုတော့ လက်ဖျားနဲ့မတို့ပါဘူး။ ဘေးမဲ့ပေးထားပါတယ်။ ဒါပေမယ့် ဖမ်းလို့မမိဘဲ လွတ်သွားတဲ့ ကွန်မြူနစ်တွေကို ဝရမ်းပြေးတွေအဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ပုလိပ်တပ်နဲ့ တောနင်းရှာပါတယ်။
အချုပ်ကားကြီးတွေ တဝီဝီနဲ့လည်း နယ်အနှံ့ဆင်းပြီးဖမ်းပါတယ်။ ဖမ်းမိတဲ့သူကို ထွက်ပြေးလို့ဆိုပြီး ပစ်သတ်တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့မှ ဝရမ်းပြေး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ သတင်းစာမှာ ထုတ်ပြန်ပါတယ်။

ဒါနဲ့ဆက်ပြီးစဉ်းစားရမှာက (ဦး) သိန်းဖေမြင့်ရေးတဲ့ “သိန်းဖေမြင့်၏ကျော်ငြိမ်း”စာအုပ်ပါ။ အဲဒီစာအုပ်မှာ ဦးကျော်
ငြိမ်းက နိဒါန်းရေးတော့ ဒီလိုပါတာတွေ့ရပါတယ်။ “စတာလင်သာ (၁၀) နှစ်လောက်စောပြီးသေရင်၊ ကရုရှော့ဖ်သာ (၁၀)
နှစ်စောပြီး ရုရှခေါင်းဆောင်ဖြစ်ရင် ကွန်မြူနစ်အထွေထွေအတွင်းရေးမှူးဟာ ဦးသိန်းဖေမြင့်သာ ဆက်ဖြစ်နေမယ်-တဲ့။”
ပြောင်ဝန်ခံထားတယ်လို့ ဆိုရမလားပါပဲ။

လိပ်ပတ်လည်သွားတယ်လို့ ဆိုရမှာပါ။ ကွန်မြူနစ်ပါတီဆိုင်းဘုတ်တွေ မဖြုတ်သေးဘဲထားတာ၊ မတရားသင်းမကြေညာ
သေးဘဲထားတာတို့ဟာ ဦးသိန်းဖေမြင့်နဲ့ သူတစင်ထောင်လာမယ့်သူ့ရဲ့“ကွန်မြူနစ်ပါတီသစ်” အတွက် အခွင့်အလမ်းဖွင့်
ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်နောက်မှာက သူ့မိန်းမတယောက်သာရှိလေတော့ ဖဆပလ အစိုးရလည်း မစောင့်နိုင်တော့ဘဲ ၁၉၅၃ ခုနှစ်ထဲလောက်ရောက်တော့မှပဲ ကွန်မြူနစ်ပါတီကှို မတရားသင်းကြေညာခဲ့ပါတယ်။

ဒါနဲ့တဆက်တည်းမှာ ဆိုရှယ်လစ်တွေနဲ့ဗိုလ်နေ၀င်းတို့စစ်တပ်က သခင်စိုးနဲ့အလံနီပါတီကို တမင်မွေးသလိုချန်ထားတဲ့
အကြောင်းကိုလည်း ထောက်ပြလိုပါတယ်။ သခင်စိုးက ဗကပကို တိုက်ခိုက်နေသရွေ့ သူတို့ကို ထိထိရောက်ရောက် ထိုးစစ် မဆင်ဘဲ မွေးထားပါတယ်။ လက်ဝဲသမားတွေအထဲမှာ အရှုပ်အထွေးတွေဖြစ်အောင်၊ အလံနီပါတီရဲ့“ကွဲအက်ရေးမှ ခွဲထွက်ရေးသို့” ဆိုတဲ့ပေါ်လစီအတိုင်း အတိုက်အခံတွေထဲမှာ ကွဲပြဲအောင်လုပ်နေသရွေ့ဖဆပလနဲ့မဆလတို့က ဘေးမဲ့
ပေးထားပါတယ်။ မြို့ပေါ်ကိုလည်းတက်မလာ၊ တောတွင်းကပဲ လုပ်နေတာဆိုတော့ အစိုးရတွေက အသာလွှတ်ထား
ပါတယ်။ မြို့ပေါ်တက်လှုပ်ရှားတဲ့ အလံနီယူဂျီတွေကိုသာ ဖမ်းပါတယ်။ နောက်ဆုံးမှာ သခင်စိုးကိုယ်တိုင်က ဘယ်သူမှ မယုံကြည်တဲ့ ဆင်ခြေပေးပြီး လက်နက်ချလာတော့မှ ဖမ်းလိုက်ပြီး မဆလတရားရုံးနဲ့ သတင်းစာတွေကနေ သိက္ခာ
နှစ်ပြားဖိုးမှမကျန်အောင် သိက္ခာချတော့တာဖြစ်ပါတယ်။

အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီချုပ်ခေါင်းဆောင်တွေကို တိုက်ခိုက်နေ၊ ဆဲရေးနေသရွေ့ နအဖက ဘေးမဲ့ပေးထားမယ့် သဘောရှိပါတယ်။ ပြည်တွင်းမီဒီယာတွေမှာ ပြောစရာ၊ ရေးစရာနေရာတွေ ရနေမှာပါ။ ဒါပေမယ့်လည်း အဲဒီလို အသုံးချတန်ဖိုးကုန်သွားပြီဆိုရင်တော့ ကိုယ့်ခေါင်းကိုယ်စမ်းနေပေရော့ ဖြစ်နိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ဗိုလ်အောင်ကြီးနဲ့ ‘တတ်သိ’ တွေ ပြဿနာဖြစ်ကြတော့ စစ်အစိုးရက “တတ်သိ” တွေကို အားလုံးလိုလိုဆွဲစေ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဒေါ်စုကို ရာသက်ပန်ဆဲနေမယ့် ဗိုလ်အောင်ကြီးကိုတော့ စမူဆာလောပန်းဖြစ်စေခဲ့တာကိုလည်း သတိရသင့်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားအတိုက်အခံတွေကိုသာ တိုက်ခိုက်နေမယ်ဆိုရင် နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီက စပေ့စ်တွေ အများကြီးပေးထားမှာ သေချာပါတယ်။ ဒီလိုနဲ့ သူတို့လက်ကိုင် အလံရှူးတွေအတွက် ဒီမိုကရေစီပေးလိုက်တာ ခွပ်ဒေါင်းအလံဆွဲအသုံးချတဲ့ ကိစ္စပေါ်လာတော့ နအဖစစ်အစိုးရအဖို့ အတော်အကြပ်ရိုက်သွားပါတယ်။ ဒီလိုနဲ့ ကိုယ့်လူကိုယ် ကြိတ်ဆုံးမရတာတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် နအဖဟာ အချိန်တန်ပြီထင်လို့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ကို ပါတီအဖြစ် ပွဲထုတ်လိုက်တာဟာလည်း သူတို့ထင်
မထားတဲ့ ဆန့်ကျင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကြံ့ဖွံ့ဟာ စပေ့စ်မှ အဆောက်အဦတွေ၊ ရုံးခန်းတွေ၊
ရုံးပစ္စည်းတွေသာမကာ လူရိုက်ခွင့်၊ လူသတ်ခွင့်တွေတောင် ရခဲ့ဖူးပါပြီ။ ဒီတော့ ရှေ့မှာ မြင်းချို (ဂျို) တပ်တာထက် ဆိုးတာတွေ ပေါ်ပေါက်ဖို့ အကြောင်းတွေ ရှိနေပါတယ်။

မြန်မာပြည်သမိုင်းမှာ စစ်အာဏာရှင်တွေဟာ သူတို့ကို အတိုက်အခံပြုသူတွေနဲ့အတူ တရားဝင်အတူတည်ရှိနေထိုင်တာ၊ သူတို့ကို ဝေဖန်ပြောဆိုခွင့်ပြုတာရယ်လို့ တခါမှမရှိခဲ့ဖူးပါဘူး။ ဒီအစဉ်အလာလို ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့လိုလူတွေက ချိုးဖောက်ပြုပြင်မယ်လို့ တွက်တာဟာ စိတ်ကူးယဉ်တာထက် အများကြီးပိုဆိုးတဲ့ အမှားဖြစ်ပါလိမ့်မယ်။ အာဏာဆုပ်ကိုင်ထားသူတွေဘက်ကကြည့်ရင် တခါ-တခါမှာ ကိုယ်နဲ့မတူသူတွေကို အပြင်ဘက်ထားပြီး ချုပ်ကိုင်ရတာထက်၊ အတွင်းထဲထားပြီး ချုပ်ကိုင်ရတာဟာ ပိုမီးသေ၊ ပိရိတာကို တွေ့ရပါတယ်။ နံရံကို ခေါင်းနဲ့တိုက်မယ်ဆိုရင် ကြားမှာကွက်လပ်လေး-စပေ့စ်လေး ရှိမှပိုနာတယ်၊ ကွဲနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။
http://www.khitpyaing.org/index.php?route=detail&id=713